Sunday, February 28, 2010

ရွှေပြည်သာစက်ရုံ နောက်ထပ်တရုံက အလုပ်သမားတွေ ထပ်မံဆန္ဒပြ

2010-02-27 ( RFA )

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာရှိတဲ့ Good Family အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဖေဖော်ဝါရီ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ ရပိုင်ခွင့် ရရှိရေး အတွက် ဆန္ဒပြခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲဒီဆန္ဒပြမှုမှာ အလုပ်သမား နှစ်ရာကျော်လောက်ပါဝင်ပြီး၊ တောင်းဆိုချက် ၈ ချက် တင်ပြကြတယ်လို့ သူတို့နဲ့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။

"အဓိကကျတဲ့ အချက်ကတော့ တနင်္ဂနွေနေ့ကို အလုပ်ပိတ်ပေးဖို့ နောက်တခါ အလုပ်သမားတွေအပေါ်မှာ ရိုင်းပျစွာ ဆက်ဆံမှုတွေကို ရုတ်သိမ်းပေးဖို့၊ နောက်တခုက OT ကြေးပိုပေးဖို့၊ နောက်တခုက တရားဝင် ဖူလုံရေးကဒ်လေးတွေ ထုတ်ပေးဖို့၊ အရွယ်မရောက်သေးတဲ့ ၁၄ - ၁၅ နှစ် ကလေးတွေ လုပ်နေကြတယ်လေ၊ အဲဒါလေးတွေကျတော့ ဖူလုံရေးကဒ်တွေ ထုတ်ပေးမထားဘူး။"

အဲဒီ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ ဒီတောင်းဆိုမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက မေးမြန်းစုံစမ်းပြီး ဓာတ်ပုံတွေ ရိုက်ယူသွားတယ်လို့ ဆိုပါတယ်၊ ဒီတောင်းဆိုချက်တွေ လိုက်လျောနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ ကတိပေးသွားတယ်လို့ သိရကြောင်းလည်း စောစောက အမျိုးသမီးကပြောပါတယ်။

အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေဟာ ဒီလထဲမှာ မကြာခဏ ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ လှိုင်သာယာ စက်မှုဇုန်က အိုပယ်ဝမ်း၊ အိုပယ် တူး၊ ခင်ချို စတဲ့ အထည်ချုပ်စက်ရုံတွေ အပါအဝင် တိုင်ရီ၊ ကျားလေး၊ မြန်မာစန္ဒီ ဖိနပ်စက်ရုံတွေက အလုပ်သမားတွေ ဆန္ဒပြခဲ့ကြသလို၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက် ဖန်ချက်လမ်းမှာ ရှိတဲ့ Lion City အထည်ချုပ်စက်ရုံက အလုပ်သမား ၈ဝ လောက် ဆန္ဒပြခဲ့ကြပြီး၊ တောင်းဆိုချက်တွေ အတန်အသင့် ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း အာအက်ဖ်အေကတင်ပြခဲ့ပါတယ်။

အလုပ်သမားတွေ မနေ့က ဆန္ဒပြခဲ့တဲ့ Good Family အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြမှုဖြစ်ခဲ့တဲ့ Yes Two အထည်ချုပ် စက်ရုံအနီးကဖြစ်ပြီး၊ ဒီကနေ့ အခြေအနေ ပြန်လည်ငြိမ်သက် နေတယ်လို့သိရပါတယ်။

source by : http://www.rfa.org