Saturday, December 26, 2009

နိုင်ငံရေးလှုပ်ရှားသူ လူငယ်များအား နှစ်ရှည်ထောင်ဒဏ်ချမှတ်


2009-12-26 ( RFA )

လွန်ခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းက ဖမ်းဆီးထားတဲ့ မန္တလေးတိုင်းအတွင်းက လူငယ် ၁၅ ဦးထဲက ၉ ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက မကြာသေးခင် ရက်ပိုင်းအတွင်း ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ရာမှာ ထောင်ဒဏ် ၅၂ နှစ်အထိ ပြစ်ဒဏ်ချခံရသူ ၂ ဦးရှိတယ်လို့ သိရပါတယ်။


မန္တလေးထောင်ကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ (Photo: RFA)

ဒီလူငယ်တွေထဲက တချို့ကိုတော့ အခုအချိန်အထိ ဆက်လက် စစ်ဆေးနေဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ သူတို့ရဲ့အမှုတွေကို လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမြင့်သွင်ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

ရှေ့နေဦးမြင့်သွင်။ ။'၂၃ ရက်နေ့က အမိန့်ချရာမှာ ကိုကျော်ထွန်းလင်းက အားလုံးပေါင်း ၅၂ နှစ်၊ နောက် ကိုမျိုးမင်းသန်းက အမှုတွေ အားလုံးပေါင်းလိုက်တော့ သူကလည်း ၅၂ နှစ်ပဲ။ ကိုရဲခေါင်က အမှုတွေ အားလုံးပေါင်းလိုက်တော့ ၁၉ နှစ်၊ ကိုကိုနိုင်က ၅ နှစ်၊ ကိုဝေဖြိုးက ၈ နှစ်၊ ဒေါက်တာဝင့်သူက တမှုပဲ ချသေးတော့ ၃ နှစ်၊ ကိုမျိုးဟန်ကလည်း တမှုပဲ ချသေးတယ်။ သူလည်း ၃ နှစ်ပဲ။ နောက် ဒေါ်ချိုချိုသန်းက ၈ နှစ် ခင်ဗျ။ အဲဒီ ၉ ယောက်ကတော့ ၂၃ ရက်နေ့က အမိန့်ချပြီးပြီခင်ဗျ'

ထောင်ဒဏ် ၅၂ နှစ် ချခံရတဲ့ ကိုကျော်ထွန်းလင်းနဲ့ ကိုမျိုးမင်းသန်းတို့ကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က)၊ မတရားသင်းဥပဒေပုဒ်မ ၁၇ (၁) နဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) တို့နဲ့ တယောက်ကို ၂ မှု ၃ မှု စွဲဆိုပြီး ထောင်ချထားတာ ဖြစ်ပါတယ်။ မြင်းခြံက ဒေါက်တာဝင့်သူနဲ့ ကိုမျိုးဟန် တို့ကိုတော့ ကျန်တဲ့အမှုတွေကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ကျန်တဲ့ ၆ ဦးဖြစ်တဲ့ ဦးနန္ဒဝံသ၊ ကိုသန်းထိုက်အောင်၊ ကိုကြည်စိုး၊ ကိုစိုးရာဇာဖြူ၊ ကိုလှမျိုးကျော် တို့ကိုတော့ ထောင်ဒဏ် မချမှတ်သေးပဲ ဆက်လက် စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နအဖ၏ ဓါတုလက်နက်ဘေး ကာကွယ်ရန် အပစ်ရပ်များပြင်ဆင်



သောကြာနေ့၊ 25 ဒီဇင်ဘာလ 2009 သျှမ်းသံတော်ဆင့်


အပစ်ရပ်တပ်ဖွဲ့များနှင့် တိုက်ပွဲဆင်နွှဲပါက နအဖ ဓါတုလက်နက် အသုံးပြုမည်ဟု သတင်းထွက်ပေါ်လာသဖြင့် တရုတ်နယ်စပ်အပစ်ရပ်များ ထိုအန္တရာယ် ကာကွယ်နိုင်သည့် စစ်ဝတ်စုံ ထောင်ချီဝယ်ယူ စုဆောင်းနေကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆို၏။

“ဓါတုလက်နက်ရန် ကာကွယ်နိုင်တဲ့စစ်ဝတ်စုံမျိုး မိုင်းလား နဲ့ ၀ တပ်ဖွဲ့တို့ဝယ်တာ။ အစုံပေါင်းထောင်နဲ့ချီတယ်တဲ့” - ဟု အပစ်ရပ်အသိုင်းအ၀ိုင်း နီးစပ်သူ တဦးက ပြောပါသည်။

နားဂစ်ဖွဲ့စည်းပုံအရ လက်နက်ကိုင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ခေါင်းခါငြင်းဆန်သည့် တရုတ်နယ်စပ်အခြေစိုက် ကချင်တပ် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် UWSA ၀ တပ်ဖွဲ့တို့အား ပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းရန် စစ်အစိုးရက တိုက်လေယာဉ်၊ လက်နက်ကြီး နှင့် အခြားဓါတုလက်နက်များ အသုံးပြုမည့် သတင်းကြောင့် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

စစ်အစိုးရ အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက -“၀ တပ်၊ KIA နဲ့ မိုင်းလားတပ်ဖွဲ့တွေ ခံတပ်ကောင်းတွေ လုပ်ထားတယ်။ သာမာန်အင်အားနဲ့ဝင်တိုက်လို့ရမှာမဟုတ်ဘူးဆိုတာ သူတို့သိတယ်။ အဲဒါကြောင့် လေယာဉ် ဗုံးတွေ၊ အမြောက်ကျည်တွေ အပြင် မော်ထာ လောင်ချာထိပ်ဖူးတွေမှာ လူကိုအဆိပ်ဖြစ်စေတဲ့ ဓါတုလက်နက်နဲ့တိုက်မှာ၊ မြောက်ကိုးရီးယားက ရလာတာလို့ ဗမာစစ်အရာရှိတဦး ကိုယ်တိုင်ပြောတာ” - ဟု သျှမ်းသံတော် ဆင့်သို့ပြော ပြ၏။

ထို့အတူ ကချင်သတင်းဌာန ထုတ်ပြန်ချက်အရ အဆိုပါဓါတုပစ္စည်းပါ ဗုံးပေါက်ကွဲလျှင် -
၁။ မူးဝေအော့အန်၊
၂။ အသက်ရှူ ကြပ်၊
၃။ မျက်လုံး/အမြင်အာရုံ မှောင်မိုက်သည့် လက္ခဏာများဖြစ်မည်။
ဓါတုလက်နက် တပ်ဆင်ထားသည့် လောင်ချာ ထိပ်ဖူး ၀ါ ၊ စိမ်း ၊ နီ အရောင်သုံးမျိုးရှိသည်ဟု ဆိုသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က - ၁၉၉၄ ဒီဇင်ဘာ ကော်မူးရာ KNU ကရင်တပ်စခန်းကို နအဖစစ်တပ် ချီတက် တိုက်ခိုက်စဉ် ဓါတုလက်နက်သုံးခဲ့ဖူးကြောင်း၊ ၁၉၉၅ ဖေဖေါ်ဝါရီက ထိုင်းဘုရင့်တပ်မတော် လက်ထောက် စစ်သေနာပတိချုပ် ဗိုလ်ချုပ် ချိတ်ထာ ဓနကျားရိုး က ဗိုလ်ချုပ်ကြီးတင်ဦး ပြောခဲ့ဖူးသည့်စကားများကိုကိုးကား၍ -

“အဲဒီတိုက်ပွဲတုန်းက နအဖ အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ကိုယ်တိုင် ‘ဓါတုလက်နက်အသုံးပြုရင် မသင့်လျော်ဘူး၊ နိုင်ငံတကာဥပဒေနဲ့ ညှိစွန်းတယ်ဆိုတာ ကျနော်တို့နားလည်တယ်။ ဒါပေမယ့် မသုံးမဖြစ်လွန်းလို့ အသုံးပြုခဲ့ရတာ’ လို့ပြောဖူးတယ်” ဟု ထိုင်းနိုင်ငံထုတ် 28/2/95 Daily News နေ့ထုတ်သတင်းစာတွင် ဖေါ်ပြခဲ့ကြောင်း အစီရင်ခံခဲ့သည်။

ထိုနည်းတူ ၂၀၀၆ ကရင်နီ KNPP ဌာနချုပ် ညာမို (ဉာဏ်မိုးတောင်) တိုက်ပွဲတွင်လည်း နအဖတို့ ဓါတုလက်နက် အသုံးပြုခဲ့ဖူးသည့် သတင်းများထွက်ခဲ့ပါသည်။


မှတ်ချက် ။ ။ http://www.mongloi.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

စာစောင်များတွင် မော်ဒယ်တို့ “ဖော်”သလောက် သတင်းများ လွတ်လပ်စွာ ဖော်ပြခွင့်မရကြ


မိုးမခ အထောက်တော်၊
ရန်ကုန်
ဒီဇင်ဘာ ၂၆၊ ၂၀၀၉

ပြည်တွင်းတွင် ထုတ်ဝေသည့် အပတ်စဉ် သတင်းဂျာနယ်များတွင် အမျိုးသမီးများ ၀တ်စားဆင်ယင်မှု ဓါတ်ပုံများကို ယခင်ကနှင့် မတူပဲ ပိုမိုလွတ်လပ်စွာ ဖေါ်ပြခွင့် ရရှိလာသော်လည်း သတင်းအချက်အလက်များ စီးပွားရေး၊ နိုင်ငံရေး သတင်းများတွင်မူ စိစစ်ရေးက တင်းကြပ်စွာ ထိန်းချုပ်နေဆြဲဖစ်သည်ဟု ပြည်တွင်း ဂျာနယ်အယ်ဒီတာများက ဆိုသည်။

ဓါတ်ပုံ- ယခုထွက်ရှိနေသည့် အပတ်စဉ်ထုတ်ဂျာနယ် များတွင်မြင်တွေ့ရသည့် သရုပ်ဆောင်၊ အဆိုတော်နှင့် မော်ဒယ် အချို့၏ ၀တ်စားဆင်ယင်မှုများ။

ယခင်နှစ်များအထိ ဂျာနယ်သတင်းများတွင် ပြည်တွင်းသို့ မဟုတ်ပြည်ပမှ မင်းသမီး၊ အဆိုတော်၊ မော်ဒယ်တို့၏ ရုပ်ပုံများတွင် စကတ်တိုလျင် ဖိုတိုရှော့ပ်ဖြင့် ဖုံးကွယ်ပေးရခြင်း၊ အကျီ ရင်သားဟိုက်လျင် ဖြည့်ပေးရခြင်း ဆံပင်ပုံသဏ္ဍန်ကို မကြိုက်လျင် အရောင်ရင့်ဖြင့် ကာပေးရခြင်းစသဖြင့် စိစစ်ရေးမှ ညွှန်ကြားသည့် အတိုင်းဂျာနယ် မဂ္ဂဇင်းတိုက်မှ ပြင်ဆင်ပြီးမှ ပုံနှိပ်ပေးကြရသည်။
ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ပြည်တွင်းထုတ်ဂျာနယ်များတွင် အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင်နှင့် မော်ဒယ် အမျိုးသမီး တို့၏ ဓါတ်ပုံများတွင် ထိုသို့လုပ်ပေးစရာ သိပ်မလိုအပ်တော့ပဲ အတိုင်းအတာတခုထိ လွတ်လပ်စွာ ဖေါ်ပြခွင့်ပြုနေသည်ကို တွေ့ရသည်။ သို့ရာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး သတင်းများတွင်မူ ယခင်ကဲ့သို့ပင် တင်းကြပ်စွာစိစစ်ပြီး ဖြတ်တောက်မှုများ ရှိနေဆဲပင်ဖြစ်သည်ဟုလည်း အပတ်စဉ် ထုတ်ဂျာနယ်တစောင်မှ တာဝန်ခံအယ်ဒီတာကပြောသည်။
၂၀၀၄ ခုနှစ်ကုန်တွင် စစ်ထောက်လှမ်းရေး ဖြုတ်ချခံရပြီးနောက် ယခင် ပြည်ထဲရေး ၀န်ကြီးဌါနလက်အောက်မှ ပြန်ကြားရေး ၀န်ကြီးဌါနလက်အောက်သို့ စာပေစိစစ်နှင့် မှတ်ပုံတင်ဌါနကို ပြောင်းရွှေ့ပြီးနောက်တွင် အပေါ်ယံဆန်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်ဟု ဂျာနယ် အယ်ဒီတာများက သုံးသပ်ပြောဆိုသည်။ ဥပမာအားဖြင့် ဂျာနယ် ထုတ်ဝေခွင့် အသစ်များထပ်မံချပေးခြင်း၊ နအဖ အစိုးရက ယုံကြည်စိတ်ချသည့် ဂျာနယ်တိုက်များ၊ လုပ်ငန်းရှင်များကို ထုတ်ဝေခွင့် အသစ်များ ထပ်မံချပေးခြင်း၊ ပုဂ္ဂလိက မီဒီယာကို အသုံးချပြီး နအဖ အစိုးရ၏ ၀ါဒဖြန့်ချိရေး သတင်းဆောင်းပါးများကို ထည့်သွင်းဖေါ်ပြစေခြင်း တို့ ဖြစ်သည်။
ယခုလက်ရှိ အနေအထားနှင့် ပတ်သက်ပြီး ဂျာနယ်သတင်းထောက် တဦးက “အခုစာပေစိစစ်ရေးက ဂျာနယ်တွေကို ကိုင်တွယ်ပုံက စစ်ထောက်လှမ်းရေး လက်ထက်ကလို အားလုံးအတွက် တကြောင်းထည်း တားထားတဲ့ စည်းမဟုတ်တော့ဘူး။ အစိုးရနဲ့နီးစပ်သူ အစိုးရအတွက် ၀ါဒဖြန့်ပေးနေသူတွေ၊ ငွေကြေးပုံပြီး လာဘ်ထိုးနိုင်သူတွေအတွက် စည်းကို ရှေ့တိုးထားပေးပြီး အဲလိုမဟုတ်ပဲ အစိုးရနဲ့လွတ်လွတ်ကင်းကင်း နေပြီး မြင်တာကို ရေးသားတဲ့ ဂျာနယ်တွေအတွက်က ``မကျော်ရစည်း´´ က နောက် ပိုဆုတ် ထားတယ်။ ဒါကြောင့် အရင်ကလိုပဲ လုပ်ရကိုင်ရ ခက်ခဲနေဆဲပဲ” ဟုပြောဆိုသည်။
လွန်ခဲ့သည့် နှစ်ပိုင်းနှင့် ယှဉ်လျင် အပတ်စဉ် ထုတ်သတင်းဂျာနယ် များတွင် လောင်စာဆီ၏ ပြင်ပပေါက်ဈေးနှုန်း၊ ဒေါ်လာနှင့် မြန်မာငွေလဲနှုန်း၊ တယ်လီဖုန်း ပြင်ပဈေးကွက်ပေါက်ဈေး များကို ရေးသားဖေါ်ပြလာခွင့် ရလာခြင်း ကဲ့သို့သော အပေါ်ယံ အပြောင်းအလဲများ ရှိသော်လည်း လျှပ်စစ်မီးပျက်ခြင်း အောက်ခြေ၀န်ထမ်းများ၏ အကျင့်ပျက်လာဘ်စားခြင်း စသည့် အကြောင်းအရာများမှာ ဖေါ်ပြခွင့် မရရှိသေးသည့် အခြေအနေဖြစ်သည်။


မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, December 25, 2009

ဒေါ်အောင်ဆန်းစုကြည် က စိတ်ရင်းစေတနာ မှန်ပြီးသားပါ


ဒေါ်အောင်ဆန်းစုကြည် က စိတ်ရင်းစေတနာ မှန်ပြီးသားပါ

မောင်သြ
၂၅ ဒီဇင်ဘာ ၂၀၀၉

၉-၁၂-၀၉ နေ့က ထုတ်ဝေတဲ့ နိုင်ငံပိုင် နအဖအသုံးတော်ခံ စည်းရုံးရေးသတင်းစာကြီးတွေမှာ ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆောင်းပါးကို ဖတ်ရတော့ ဒီဆောင်းပါးအပေါ် သတင်းစာဆရာကြီး ဦးဝင်းတင် (အန်အယ်လ်ဒီ၊ ဗဟိုအလုပ်အမှုဆောင်) က စိတ်ပျက်မိပါတယ်လို့ ပြောသွားတာ ကြားလိုက်ရပါတယ်။

ကျနော်ကတော့ အဲဒီလိုစိတ်ပျက်မိတာထက် နွားခြေရာခွက်ထဲမှာရှိတဲ့ ဖြုတ်တကောင်ရဲ့ ဦးနှောက်နဲ့ ဒီလောက်အတွေးတိမ်တိမ် အောက်တန်းကျလှချည်လားဆိုပြီး စုပ်တသပ်သပ်နဲ့ သနားမိတာပါပဲ။ ငါ့အစိုးရ၊ ငါ့သတင်းစာ၊ ငါ့ပလက်ဖောင်းဆိုပြီး ထင်ရာစိုင်း လက်သရမ်းလိုက်တာဟာ စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်သမျှ၊ ငါအခွင့်ထူးခံ ရနေမှာပဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြောင့်ဆိုတာ ချမ်းမြအေးရဲ့ အဖားကမ်းကုန် ဆောင်းပါးမှာ ဘွင်းဘွင်းကြီးပေါ်နေတာ တွေ့ရတယ်။

စိတ်ရင်းစေတနာ မမှန်ပြီး မရိုးသားတာ ဘယ်သူတွေလဲ …
ပေးထားပြောထားတဲ့ ကတိစကားတွေကို ပယ်ဖျက်တာ ဘယ်သူတွေလဲ …
မိမိထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာတွေကို မလိုက်နာတာဘယ်သူတွေလဲ …
ပြည်သူလူထုအကျိုးစီးပွားထက် မိမိနဲ့ မိမိဆွေမျိုးအသိုင်းအ၀န်းအကျိုးစီးပွားကို ၀ိသမလောဘတက် အမြတ်ထုတ် စီးပွားရေးလက်ဝါးကြီးအုပ်နေကြတာ ဘယ်သူတွေလဲ …
၂၀၀၃ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဘယ်သူခိုင်းတာလဲ …
ကြံ့ဖွံ့/စွမ်းအားရှင်တွေနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်နှိမ်နင်းခိုင်းတာ ဘယ်သူတွေလဲ …
ဒီထဲမှာ ချမ်းမြအေးတဦးကော ပါဝင်နေသလား …
ဒါလေးတော့ ချမ်းမြအေး စဉ်းစားတတ်ရင် ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆိုတဲ့ ဆောင်းပါးက ရှက်စရာကြီးပါ။

နအဖအစိုးရထံမှ နာမည်ကောင်းလက်မှတ်ရဖို့ ဖားဆောင်းပါး ရေးချင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို အပုပ်ချ၊ တဖက်သတ်ရေးနေတာဟာ ယိုသူမရှက် မြင်သူရှက်၊ ရေးသူမရှက် ဖတ်သူရှက် ဖြစ်နေပါပြီ။ သူခိုးက လူပြန်ဟစ် ဆိုတာမျိုး။ သူများမျက်ချေးမြင်ပြီး၊ ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်လိုမျိုး ဖြစ်နေပြီလား။ နအဖ ဆောင်းပါးရှင်တွေ သံဝေဂရဖို့ ကောင်းနေပြီ။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု (Sanction) ဟာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာပါဆိုတဲ့ ပြည်တွင်းက ဆောင်းပါးရှင် ကိုရွှေငဖား အတော်များများက စွပ်စွဲရေးသားခဲ့ကြတာဟာ ယုတ္တိမတန်တဲ့ မြန်မာရုပ်ရှင်ဟာသကားတွေ ကြည့်နေရသလိုပါပဲ။ အပေါစားဆန်လှပါတယ်။

အမေရိကန်၊ အီးယူနိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် (Sanction) ပိတ်ဆို့မှုဟာ နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ဆန္ဒပြကြတဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေကို အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးထောင်ချ ခဲ့တာကြောင့်ဖြစ်တယ် ဆိုတာ ဆောင်းပါးရှင် ချမ်းမြအေးက ဘာကြောင့် ရေငုံနှုတ်ပိတ်နေရပါသလဲ။

အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစတဲ့ အာဏာကြီးသုံးရပ်အထက်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ ဘယ်သူက အာဏာရှိပြီး ဘယ်သူက လုပ်ပိုင်ခွင့်ရှိတာပါလဲ။ အာဏာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူခိုင်းတာနဲ့ အမေရိကန်လို၊ အီးယူလို နိုင်ငံခေါင်းဆောင်ကြီးတွေက လိုက်နာရတယ်ဆိုတာ ဖြစ်နိုင်ပါလား၊ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ မေးလိုက်ချင် ပါတယ်။

မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် လူ့အခွင့်အရေးတွေ ကျူးလွန်နေကြတဲ့ စစ်အာဏာရှင်အစိုးရကို ယခုလို ပိတ်ဆို့ အရေးယူမှုတွေဟာ ဘယ်သူမပြုမိမိမှုဆိုတာ နားလည်ဖို့ကောင်းပါပြီ။

ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာတွေက မီဒီယာတွေမှာ ပြန့်နေအောင် ကြိုပြီးဖွတာမျိုးကတော့ မဖြစ်သင့်ပါဘူးတဲ့။ ကြိုဖွတာဖြစ်စေ၊ မဖြစ်စေ စာပါအကြောင်းအရာက အဓိက ကျပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပေးစာများနဲ့ ပတ်သက်ပြီး …

နိုင်ငံတော်ကို သစ္စာဖောက်တဲ့အကြောင်းအရာလား …
နအဖအစိုးရကို အကြည်ညိုပျက်စေတဲ့ အကြောင်းအရာလား …
ပြည်ထောင်စုသား တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာပျက်စီးစေတဲ့ အကြောင်းအရာလား …
ဆိုတဲ့ အချက်တွေအပေါ်မှာ သုံးသပ်ကြည့်ရပါမယ်။

၂၅-၁၂-၀၉ နေ့က ပထမပေးစာမှာ… မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ။
၁၁-၁၁-၀၉ နေ့က ဒုတိယပေးစာမှာ… မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲတင်ပြခြင်း…

အဲဒီစာ (၂) စောင်ကို ကြည့်ရင် ဘာမှလျှို့ဝှက်ထိန်ချန်ထားရမယ့် ကိစ္စမဟုတ်ပါ။ မီဒီယာကနေ အများပြည်သူ ကြိုတင်သိရှိခြင်းနဲ့ နောက်ကျမှသိရှိခြင်းသာ ကွာခြားမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရအတွက် အကျိုးရှိစေမယ့် ကိစ္စများသာဖြစ်ပါတယ်။

ကောင်းပြီ။ ၈-၁၁-၀၇ နေ့စွဲနဲ့ မစ္စတာဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ (စင်ကာပူမှာ ထုတ်ပြန်တဲ့) ကြေညာချက်ကကော၊ တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စသာဖြစ်တယ်။

“ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းခိုင်မာမှုနှင့် အမျိုးသားညီညွတ်ရေး အရေးတကြီးလိုအပ်နေသော ယခုအချိန်မျိုးတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ အထူးသဖြင့် ကျမတို့၏ တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဆန္ဒသဘောထားများနှင့် အကျိုးစီးပွားများကို အခိုင်အမာ အဆက်မပြတ် အလေးအနက်ထားကာ စဉ်းစားပေးရမည်မှာ ကျမအပေါ် ကျရောက်လာသော တာဝန်ဖြစ်နေပါပြီ …” တဲ့။ ဆောင်းပါးရှင် ချမ်းမြအေးရေ … ဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားတည်ကြည်ဖြောင့်မတ်တဲ့ စာတွေထဲမှာ နအဖစစ်အစိုးရကို ထိခိုက်ပုတ်ခတ်တဲ့ စာတလုံးမှမပါဘူးဆိုတာ၊ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတာ မပါဘူးဆိုတာတော့ အသင် ချမ်းမြအေးသည် ဂဏှာဟိ မှတ်သားလေလော့လို့ပဲ ပြောလိုက်ချင်ပါတယ်။

ဒီနေ့ နအဖစစ်အစိုးရကို အမေရိကန်နဲ့ အီးယူနိုင်ငံတွေက တိုက်ရိုက် ထိတွေ့ဆက်ဆံမှုတွေရှိနေသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့လည်း ယခုရက်ပိုင်း လပိုင်းအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ အခြေအနေကို တိတိကျကျမသိနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာအရ ထူးခြားမှုများရှိလာနိုင်မလားလို့တော့ စဉ်းစားစရာ ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ချမ်းမြအေးရဲ့ ဆောင်းပါးထဲက …

“မိဘဖြစ်တဲ့ အစိုးရအနေနဲ့ကတော့ သဘောထားကြီးကြီး ထားပြီး လုပ်သင့်တာလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဆိုတဲ့ စကားအရ စဉ်းစားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ ရိုးရိုးသားသား သဘောထားနဲ့ တပ်မတော်စစ်အစိုးရကို အပြုသဘောဆောင်ပြီး ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့တာ ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကတည်းကပါ။ အနှစ် (၂၀) ရှိခဲ့ပြီ။ အဲဒီထဲကသာ တပ်မတော်စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပူးပေါင်း ညှိနှိုင်းစိတ်ရင်း စေတနာမှန်မှန် ရိုးသားစွာ ဆောင်ရွက်သွားကြမယ်ဆိုရင်…

မြန်မာစစ်အစိုးရဟာ ဟိုလူလာလိုက် … မျက်နှာချိုသွေးရ၊ ဒီလူလာလိုက် … မျက်နှာချိုသွေးရ ဘ၀မျိုး မရောက်ဘူးပေါ့ဗျာ။ ခုတော့ ကျနော်တို့နိုင်ငံဟာ အာဆီယံအစည်းအဝေးမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးရနဲ့ ငပွနိုင်ငံကြီးဖြစ်နေပြီ။ ပြီးတော့ ကမ္ဘာ့အလယ်မှာလည်း အမေရိကန် လာလိုက်၊ အီးယူက လာလိုက်၊ ကုလသမဂ္ဂက လာလိုက်၊ အာဆီယံက လာလိုက်၊ တရုတ်၊ ရုရှ၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျက လာလိုက်၊ လူ့အခွင့်အရေးပြဿနာ ဒိုင်ခံရှင်းနေရတာနဲ့ မြန်မာနိုင်ငံကြီးလည်း ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကြာရင် ဖာနိုင်ငံကြီးဖြစ်တော့မှာ စိုးရိမ်နေရပါတယ်။

ပြည်ပမီဒီယာတွေ ဖွတာထက်၊ ပြည်တွင်းက ဖွနေတဲ့ သတင်းစာဆောင်းပါးရှင်တွေဟာ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားမှာ ဆေးရိုးသည်တွေက ကန့်လန့်ကန့်လန့်လုပ်သလို လုပ်နေဖို့ မသင့်လှကြောင်း တင်ပြလိုက်ရပါတယ်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင် ထောင်တွင်း နှိပ်စက်ခံရမှု ပြည်တွင်းရှေ့နေများ တင်ပြခွင့်မရ


ကိုညီညီအောင် ထောင်တွင်း နှိပ်စက်ခံရမှု ပြည်တွင်းရှေ့နေများ
တင်ပြခွင့်မရ

2009-12-25 ( RFA )

အင်းစိန်ထောင်မှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ထိန်းသိမ်းအကျဉ်းချထားတဲ့ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို အာဏာပိုင်တွေက နှိပ်စက်ညဉ်းပန်းမှုတွေ ရှိနေတယ်လို့ မိသားစုနဲ့ဝါရှင်တန်အခြေစိုက် ရှေ့နေတွေက ကုလသမဂ္ဂကိုတိုင်ကြားထားပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို ပြည်တွင်းရှေ့နေတွေအနေနဲ့ အရေးဆို တင်ပြခွင့်မရဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက အာအက်ဖ်အေနဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ ပြောပါတယ်။

နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

ဦးဥာဏ်ဝင်း။ ။'အခုဆိုရင် ကိုညီညီအောင် Hunger Strike လုပ်တဲ့ သတင်းတွေကြားလာတယ်။ ကိုယ်တိုင် ကျနော်တို့ မသိဘူး။ ဒါပေမယ့် ဒါကို သိအောင်အတွက် ကျနော်တို့ တရားဝင် စာတင်ပြီးတော့ အကျဉ်းဦးစီးဌာနကို စာတင်တယ်။ ကျနော်တို့ ပြန်ကြားမှု မရဘူး။ အဲဒီတော့ အခြေအနေက ဘာပြောချင်တာလဲဆိုတော့ တကယ်တမ်း Torture ရှိမရှိဆိုတာ ကျနော်တို့မှာ သိခွင့်မရှိတဲ့ အခြေအနေမျိုးရှိတယ်ဆိုတာ ကျနော် ပြောချင်တယ်'

ဒီအမှုအတွက် ကာယကံရှင် ကိုညီညီအောင်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေက ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အင်းစိန်အကျဉ်းဦးစီးဌာနကို တင်ပြတောင်းဆိုမယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ ကိုညီညီအောင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမေရိကန်သံရုံးက အရာရှိတဦးနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က သူတို့ရှေ့နေအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

တချိန်ထဲမှာလည်း အမေရိကန်ပြည်ထောင်စုမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ဝေတဲ့ The Washington Post သတင်းစာကြီးမှာ ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံရေး ထူထောင်ထားတဲ့ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတွေဘက်က နှုတ်ဆိတ်နေတာကို ဝေဖန်ထောက်ပြထားပါတယ်။

ကိုညီညီအောင်ဟာ ထောင်ကျ အကျဉ်းသားတွေအပေါ် အကျဉ်းထောင်ဝန်ထမ်းတွေက လူမဆန်တဲ့ ဆက်ဆံမှုတွေကို ဆန်ကျင် ကန့်ကွက်တဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။ ဒီလို အစာငတ်ခံ ဆန္ဒပြတဲ့အတွက် အာဏာပိုင်တွေက ပြစ်ဒဏ်ခတ်တဲ့ အနေနဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က စပြီး ၈ ပေ ၁ဝ ပေ ပတ်လည် စစ်ခွေးတိုက်မှာ တိုက်ပိတ် အရေးယူခဲ့တယ်လို့ မိသားစုတွေက ဆိုပါတယ်။

ဒီလို အပြစ်ပေးမှုမျိုးကို ကန့်ကွက်တဲ့အနေနဲ့ ဝါရှင်တန် ရှေ့နေအဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး လက်အောက်ခံ နှိပ်စက်ညဉ်းပမ်းမှုနဲ့ လူမဆန်တဲ့ ပြုကျင့်မှုများဆိုင်ရာ အဖွဲ့ရဲ့ အထူးကိုယ်စားလှယ် Mr. Manfred Nowak ထံကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 24, 2009

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၏ အကြမ်းဖက်မှုများကို ရှေ့နေများကောင်စီ ကန့်ကွက်


ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၏ အကြမ်းဖက်မှုများကို
ရှေ့နေများကောင်စီ ကန့်ကွက်


2009-12-24 ( RFA )


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဟာ ဥပဒေမဲ့ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကို ဆက်လက် ကျူးလွန်နေတဲ့အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥပဒေရေးရာ သုံးသပ်ရေးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဆန္ဒပြသူများကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း၊ စွမ်းအားရှင်အဖွဲ့ စသော စစ်အစိုးရ ဖွဲ့စည်းပေးထားသည့် အသင်းအဖွဲ့များက အတင်းအဓမ္မဖမ်းဆီးပြီး ကားများပေါ်သို့ ဆွဲတင်နေပုံ။ (Photo: AFP)

ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဟာ ၂ဝဝ၄ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကစလို့ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်လာခဲ့ပြီး၊ အခုလ ၁၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အတွင်း ဦးရဲထွန်း ဦးဆောင်တဲ့ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အင်အား ၂ဝဝ လောက် ပါဝင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေက အင်အားသုံး ရိုက်နှက်ခဲ့တဲ့အတွက် ဆက်လက် ကျူးလွန်တဲ့ အကြမ်းဖက်မှုတခုအဖြစ် မှတ်တမ်းတင်ထားတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ ဥပဒေရေးရာ သုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးက ပြောပါတယ်။

ဦးမျိုး။ ။ 'ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘ ဦးတင်ဦးတို့ သွားတဲ့ ယာဉ်တန်းတွေကို ကားတွေကို လိုက်ပြီးတော့ ကြံ့ဖွံ့တွေက ဝိုင်းပြီး အုပ်စုနဲ့ ချတယ်။ အဲဒီက စပြီးတော့ ဒီပဲယင်းမှာလည်း သူတို့ သတ်တယ်၊ ဖြတ်တယ်၊ ပြီးတော့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ လူတွေကိုလည်း ညှဉ်းဆဲတယ်၊ သတ်ဖြတ်တယ်။'

'အဲဒီ record တွေ၊ သူတို့ရဲ့ ကျူးလွန်တဲ့ ပြစ်မှုတွေ အားလုံးကို ကျွန်တော်တို့ မှတ်တမ်းရှိပါတယ်။ အခုကိစ္စကိုလည်း ကျွန်တော်တို့ မှတ်တမ်းမှတ်ရာတွေနဲ့ သူတို့ တောက်လျှောက် ဆက်လက် ကျူးလွန်နေတယ်ဆိုတဲ့ အကြောင်းကို မှတ်တမ်းတင်ပြီး ဥပဒေရေးရာ သုံးသပ်ချက် ထုတ်ရတာ ဖြစ်ပါတယ်။'

အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို ဦးမြင့်လွင် ဦးဆောင်တဲ့ မြို့နယ် ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေက ရိုက်နှက်ခဲ့မှုဟာ ကြိုတင် ကြံရွယ်ချက်နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပြဌာန်းချက်ပါ နာကျင်စေမှုကို ကျူးလွန်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများ ကောင်စီရဲ့ ဒီဇင်ဘာလ ၂၃ရက် ဥပဒေ ရေးရာ သုံးသပ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သက်ဆိုင်ရာက ဟန့်တားမှု မရှိတဲ့အတွက် အသင်းရဲ့ နာယက ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမှာ လုံးဝ တာဝန်ရှိတယ်လို့ ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဟာ စတင်ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်နဲ့ သွေဖြီ ပြီး အကြမ်းဖက် လှုပ်ရှားနေမှု၊ နိုင်ငံရေးပါတီအခုအသွင် မဲဆွယ်လှုပ်ရှားနေမှုတွေကြောင့် ဒီအသင်းကို ဖျက်သိမ်းသင့်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အခုနှစ် မတ်လ ၃ဝ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံး လူမှုရေး အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထူထောင်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို အကြမ်းဖက်မှုတွေ တခုပြီးတခု ဆက်လက် ကျူးလွန်နိုင်အောင် အာဏာပိုင်တွေ ခွင့်ပြုထားတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ ဥပဒေရေးရာ သုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဆက်သွယ် မေးမြန်းချက် အပြည့်အစုံ နားဆင်ရန် >>> ဒီမှာ ကလစ် ပါခင်ဗျား ။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ဆုံဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ဆုံဆွေးနွေး

2009-12-24 ( RFA )

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့အကျိုးဆောင် ရှေ့နေလေးဦးက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဗဟိုတရားရုံးက လက်ခံလိုက်တဲ့ ပြင်ဆင်မှု လျှောက်လဲချက်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၄ ရက် ဒီကနေ့ နေ့လည်ပိုင်းက တွေ့ခွင့်ရခဲ့တယ်လို့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေကြီးများ ဖြစ်သော ဦးကြည်ဝင်း (ဝဲ) နှင့် ဦးဉာဏ်ဝင်း (ယာ) တို့ကို တိုင်းတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအယူခံတင်သော စက်တင်ဘာ ၃ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

တွေ့ဆုံခဲ့တဲ့ ရှေ့နေ ၄ ဦးထဲက တဦးဖြစ်သူ ဦးကြည်ဝင်းက RFA ကို အခုလို ပြောပြပါတယ်။

ဦးကြည်ဝင်း။ ။ 'အဓိက ဆွေးနွေးတာတော့ အန်ကယ်တို့ အခု အဲဒီ အစိုးရက တက်တဲ့ ပြင်ဆင်မှုအတွက် အန်ကယ်တို့ လိုက်ပါဖို့ရာ အသီးသီး၊ အသီးသီး ရှေ့နေ ကိုယ်စားလှယ် စာ လိုတာပေါ့ဗျာ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို ရှေ့နေ ကိုယ်စားလှယ် စာ ပေးတယ်။ ခင်ခင်ဝင်းတို့ကလည်း ကိုလှမျိုးတို့၊ ဒေါ်ခင်ဌေးကြွယ် တို့ကို ရှေ့နေကိုယ်စားလှယ် စာ ပေးတယ်။'

ဒီလိုတွေ့ဆုံရာမှာ အစိုးရဖက်က ပြင်ဆင်မှု လျှောက်လဲခဲ့တဲ့အချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေပါဝါေ ပးခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ကန့်သတ်ထားတဲ့အမိန့်ကို ရုပ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်သူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းပပတို့ရဲ့ ပြင်ဆင်မှုလျှောက်လဲချက်တွေနဲ့ တရားလို စစ်အစိုးရဖက်က ပြင်ဆင်မှုလျှောက်လဲချက် သုံးခုစလုံးကို ဗဟိုတရားရုံးက ဒီဇင်ဘာလ ၂၁ ရက်နေ့က လက်ခံခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာကို ရန်ကုန်တိုင်းတရားရုံးကနေ ပယ်ချခဲ့ပေမဲ့ စီရင်ချက်မှာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသုံးပြုခွင့် မရတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ပါရှိနေပါတယ်။ ဒါကို တရားလိုဖက်က မကျေနပ်တဲ့အတွက် ပြင်ဆင်လျှောက်လဲချက်အနေနဲ့ ဗဟိုတရားရုံးမှာ တင်သွင်းတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေကလည်း ၁၉၇၄ ဖွဲ့စည်းပုံဥပဒေအရ ထိန်းသိမ်းတာ ဖြစ်တယ်လို့ စစ်အစိုးရရဲ့ လျှောက်လဲချက်ကို ရုပ်သိမ်းပေးဖို့ အဓိက တင်ပြနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ပြန်လည် ပြုပြင်နေတာကို စည်ပင်သာယာ က ပြင်ဆင်ခွင့် ပေးထားပြီး ဖြစ်ပေမဲ့ အမွေဆိုင်ဖြစ်သူ အစ်ကို ဦးအောင်ဆန်းဦးက ကန့်ကွက်တာကြောင့် ဆက်လက် မပြုပြင်ဖို့ ဒီဇင်ဘာ ၂၃ ရက် မနေ့က လာရောက် တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းက ခုလိုပြောပါတယ်။

ဦးကြည်ဝင်း။ ။ 'သူ့အစ်ကို အောင်ဆန်းဦးရဲ့ ကိုယ်စားလှယ်၊ ရှေ့နေ ဟန်တိုးက သွားပြီး စည်ပင်မှာ ကန့်ကွက်တယ် ပြောတယ်။ အခုတော့ ရပ်ဆိုင်းထားတယ်။'

ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ရောက်တဲ့အခါမှာလည်း ဗိသုကာနဲ့ လက်သမားတွေ လာရောက် ပြုပြင်နေတာ မတွေ့ခဲ့ရဘူးလို့ ဦးကြည်ဝင်းက ပြောပါတယ်။

၂ဝဝ၈ မေလက တိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ပျက်စီးမှုအများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် ပြန်လည်ပြင်ဆင်ခွင့်ရဖို့ လွန်ခဲ့တဲ့ လတွေကတည်းက သက်ဆိုင်ရာကို ဒေါ်အောင်ဆန်းစုကြည်က အကျိုးဆောင် ရှေ့နေတွေကတဆင့် တင်ပြခဲ့တာပါ။

ခုလိုအိမ်ပြင်ဆင်ရခြင်းဟာ နေအိမ်ပျက်စီးနေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးအရ လိုအပ်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၃ ရက်နေ့မှာ မြို့တော် စည်ပင်သာယာကနေ ပြန်လည်ပြုပြင်ခွင့် ပေးခဲ့တာကြောင့် အပေါ်ထပ်ရှိ ဝရန်တာမှာ အုတ်စီ၊ အခန်းဖွဲ့တာတွေ စတင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်အမိုးအကာ ပေါက်ပြဲနေတဲ့အတွက် မိုးရေယိုတာကနေ သိရပါတယ်။

အခုလို အိမ်ပြင်ဆင်နေတာကို စည်ပင်သာယာက လာရောက် တားမြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ရုပ်သိမ်းပေးဖို့ အကျိုးဆောင် ရှေ့နေတွေဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေထံ တင်ပြမယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, December 23, 2009

စစ်အစိုးရအပေါ် အမေရိကန်အစိုးရက ပြင်းထန်သည့် ဖိအားပေးနိုင်


စစ်အစိုးရအပေါ် အမေရိကန်အစိုးရက ပြင်းထန်သည့်
ဖိအားပေးနိုင်

2009-12-23 (RFA )

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ တိုက်တွန်းချက်တွေကို မြန်မာစစ်အစိုးရအနေနဲ့ မလုပ်ဆောင်ဘူးဆိုရင် သမ္မတ အိုဘားမား အစိုးရအနေနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတခု ဆောင်ရွက်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဘာရက် အိုဘားမား။ (Photo: AFP)

အဲဒီ ဖိအားပေးမှုကတော့ မြန်မာစစ်အစိုးရ ရရှိမဲ့ သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေကို နိုင်ငံတကာ ဘဏ်တွေကနေ ထုတ်ယူလွှဲပြောင်းလို့ မရအောင် ချုပ်ကိုင်မဲ့ နည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့ အစိုးရအနေနဲ့ ဒီလိုထပ်ပြီး အရေးယူမဲ့ စဉ်းစားချက်မျိုး ရှိတယ်၊ အခုတော့ စောင့်ကြည့်နေတယ်လို့ အတည်ပြု ပြောဆိုပါတယ်။

ဘဏ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒီလိုအရေးယူ ဆောင်ရွက်မှုမျိုး သမ္မတအိုဘားမားကို လုပ်စေချင်တဲ့အပေါ် အထက်လွှတ်တော်ကလည်း အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့် ပြုထားပြီးပြီးလို့ ဆိုပါတယ်။

ဒီအစီအစဉ်တွေ အမေရိကန်အစိုးရမှာ ရှိပြီးသား ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် US Campaign for Burma အဖွဲ့ရဲ့မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလိုပြောပါတယ်။

ဦးအောင်ဒင်။ ။ 'ဒီ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးမှုတွေက အောင်မြင်မှု မရခဲ့ဘူး၊ နအဖ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုပြီးတော့ ပြင်းထန်လာမယ်ဆိုလို့ရှိရင် ဒီလက်ရှိ စီးပွားရေး ပိတ်ဆို့မှုတွေကိုပဲ ခိုင်မာအားကောင်းအောင် လုပ်ဖို့ဆိုတာ စီမံချက် ရှိပါတယ်။ အဲဒီ အဓိက စီမံချက်ကတော့ ဒီ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဆက်ပြီးတော့ ဒီ နအဖရဲ့ အလိုတော်ရိ စီးပွားရေးသမားတွေကို ဆက်ပြီးတော့ ရှာဖွေဖော်ထုတ်နေတယ်၊ သူတို့ရဲ့ ပြည်ပမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပြည်ပမှာ အပ်နှံထားတဲ့ ငွေကြေး၊ ဘယ်နိုင်ငံခြားဘဏ်တွေမှာ ဘယ်လောက် ငွေကြေးပမာဏကို ဘယ်လို account နဲ့ အပ်နှံထားတယ်ဆိုတာကို ဆက်ပြီးတော့ စုံစမ်းဖော်ထုတ်နေဆဲပါ။ တချိန်မှာ တကယ်လို့ တွေ့ဆုံဆွေးနွေးမှုတွေ အောင်မြင်မှု၊ တိုးတက်မှု မရှိဘူးဆိုလို့ရှိရင်တော့ လိုအပ်သလို ဆက်ပြီး အရေးယူဖို့ အစီအစဉ် ရှိပါတယ်။'

အမေရိကန်အစိုးရက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆက်ဆံညှိနှိုင်းခဲ့သလို စစ်အစိုးရအနေနဲ့ လိုက်လျောမှုတွေ လုပ်လာဖို့ အချိန်ပေးလိုတယ်ဆိုတာလည်း ပြသထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရကို နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံမှုမှာ ဘဏ်စနစ်နဲ့ပတ်သက်ပြီး အရေးယူ ပိတ်ဆို့တဲ့ကိစ္စဟာ အချိန်ကြာမြင့်တတ်သလို တန်ဖိုးကြီးကြီးလည်း ပေးရတတ်ပြီး၊ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာဖဂန်နဲ့ အီရန်အရေးကို ဦးစားပေးနေရတဲ့အတွက် မြန်မာ့အရေးကတော့ ထိပ်ဆုံးမှာ ရှိမနေဘူးလို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန် ဘဏ္ဍာရေးဌာနကတော့ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အစိုးရက ကိုယ့်ပြည်သူကို အကြမ်းဖက် သတ်ဖြတ် ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်အစိုးရနဲ့ တိုက်ရိုက်ပတ်သက်သူ စီးပွားရေးသမား အယောက် ၄ဝ နဲ့ သူတို့နဲ့ အပေါင်းပါ ၄၄ ဦးကို အရေးယူပိတ်ဆို့ထားသလို ၂ဝဝ၈ ခုနှစ်မှာလည်း ဘဏ်စနစ်ဆိုင်ရာ အရေးယူပိတ်ဆို့မှု ဥပဒေ ထပ်မံ သက်တမ်းတိုးထားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းနှင့် မိသားစု ပိုင်ဆိုင်မှုများအကြောင်း


စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းနှင့် မိသားစု
ပိုင်ဆိုင်မှုများအကြောင်း

2009-12-22 ( RFA )

ဝန်ကြီး ဦးအောင်သောင်းနဲ့ မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက ဒေါ်လာသန်းပေါင်းများစွာ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတလွှား မိသားစုနာမည်မျိုးစုံနဲ့ ထားတဲ့ စက်ရုံတွေ၊ ခြံမြေတွေ၊ အပန်းဖြေ ဥယျာဉ်တွေ၊ ကိုယ်ပိုင်တိုက်တာတွေ အများအပြား ဖြစ်ပါတယ်၊


စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် လူယုံအဖြစ် သတင်းကြီးသော အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းကို အခမ်းအနားတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo from blogspot.com)

ဒီအကြောင်းတွေကို ဝန်ကြီးဦးအောင်သောင်းရဲ့အဂတိလိုက်စားမှုများ နောက်ဆက်တွဲ အစီအစဉ်အဖြစ် ဦးစိန်ကျော်လှိုင်က သုံးသပ်ထားပါတယ်။

နောက်ဆက်တွဲ အစီအစဉ် သုံးသပ်ချက်အားနားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, December 21, 2009

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မစိုးရိမ်ဖို့ ထိုင်းဝန်ကြီးဌာနပြောဆို


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မစိုးရိမ်ဖို့
ထိုင်းဝန်ကြီးဌာနပြောဆို

2009-12-20 (RFA )

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီ နေထိုင်ခွင့်လက်မှတ် လျှောက်ထားရေးနဲ့ ပတ်သက်ပြီး မစိုးရိမ်ကြဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဒီကနေ့ ပြောလိုက်ပါတယ်။


ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)

ထိုင်းနိုင်ငံမှာ တရားဝင် စာရင်းတွေအရ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား ၁၁ သိန်းခန့် ရှိရာမှာ ၁ဝ သိန်း နီးပါးက မြန်မာအလုပ်သမားတွေ ဖြစ်ကြပါတယ်။ ရွှေ့ပြောင်း အလုပ်သမားတွေကို လာမယ့် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက် နောက်ဆုံးထားပြီး ယာယီ နေထိုင်ခွင့်လက်မှတ် လျှောက်ထားဖို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် လျှောက်ထားသူ ၈ သောင်းလောက်သာ ရှိနေသေးပြီး အခုအချိန်အထိ ယာယီ နိုင်ငံကူးလက်မှတ် ရရှိပြီးသူ ၃ ထောင်လောက်သာ ရှိသေးတယ်လို့ သိရပါတယ်။ လက်ရှိ အနေအထားအရ ဖေဖော်ဝါရီ လကုန်အထိ ဒီကိစ္စ ဘယ်လိုမှ မပြီးပြတ်နိုင်တာမို့ သတ်မှတ်ရက် ကျော်လွန်သွားရင် ထိုင်းအစိုးရက ဖမ်းဆီးမှာလား၊ မြန်မာပြည်ပြန်ပို့မှာလား ဆိုပြီး မြန်မာအလုပ်သမားတွေ စိုးရိမ်နေကြတာပါ။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်တဲ့ မစ္စတာ ပေါင်ဆက် ပလန်ဆိုင်းကို အာအက်ဖ်အေက မေးမြန်းရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေ မစိုးရိမ်ကြဖို့နဲ့ အလုပ်လုပ်ခွင့်လက်မှတ် လုပ်ထားတဲ့သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်နိုင်ပြီး အရင်ကလို အဖမ်းအဆီးတွေ ရှိတော့မှာမဟုတ်ကြောင်းနဲ့ လက်မှတ် မလုပ်ရသေးသူတွေအတွက် အလုပ်လုပ်ခွင့် လက်မှတ် သွားလုပ်ဖို့လိုအပ်ပြီး လက်မှတ် လျှောက်ထားနိုင်မယ့် ကာလကိုလည်း ထပ်တိုးပေးဖို့ရှိကြောင်း ပြောဆိုသွားပါတယ်။

အခုအခါ ယာယီ နေထိုင်ခွင့်လက်မှတ် လျှောက်ထားသူစာရင်းကို မြန်မာနိုင်ငံဘက်ကို ပို့ပြီး အတည်ပြုချက် ယူရာမှာ ဒေသအာဏာပိုင်တွေက လျှောက်ထားသူရဲ့မိသားစုတွေအပေါ် အလှူငွေ အနေနဲ့ ငွေကြေးတောင်းခံ၊ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြန်မာ အလုပ်သမား အများစုက မလျှောက်ရဲဘဲ ဖြစ်နေကြပါတယ်။ ဒါ့အပြင် လျှောက်ထားရာမှာ နိုင်ငံသား သက်သေခံ လက်မှတ်ကိုပါ တင်ပြရမယ်ဆိုတာကြောင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံသားကဒ်ပြား လက်ဝယ် မရှိသူတွေက အများစုဖြစ်နေတဲ့အတွက် ယာယီနိုင်ငံကူး လက်မှတ်လျှောက်ထားဖို့ ခက်ခဲနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 20, 2009

ဗိုလ်အောင်ကျော်အမှတ်တရ ဆွမ်းကျွေးအမျှဝေ


ဗိုလ်အောင်ကျော်အမှတ်တရ ဆွမ်းကျွေးအမျှဝေ

2009-12-20 ( RFA )

ဒီဇင်ဘာလ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရွှေဝါရောင် မြန်မာကျောင်းတိုက်မှာ ဆွမ်းကပ်အမျှဝေပွဲ ပြုလုပ်ခဲ့ပါတယ်။

ရွှေဝါရောင်ကျောင်းတိုက် ဆရာတော် ဦးပညာဇောတက အခုလို မိန့်ကြားသွားပါတယ်။

ဦးပညာဇောတ။ ။'ဒီနေ့ခေတ် အခြေအနေအရ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အသက်ပေးခဲ့တဲ့သူတွေကို ယနေ့ခေတ် အုပ်ချုပ်သူတွေက ဒါတွေကို ဖော်ထုတ်မှု မရှိတဲ့အခါကျတော့ ယနေ့ခေတ် လူငယ်တွေမှာ အမျိုးကိုချစ်တဲ့စိတ်၊ နိုင်ငံကိုချစ်တဲ့စိတ် ကိုယ့်ဘာသာသနာကို ချစ်တဲ့စိတ်တွေ အားနည်းလာတယ်။ ဒါမျိုးတွေ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ တကယ့် မွန်မြတ်တဲ့စိတ်တွေနဲ့ အနစ်နာခံပြီး ထောင်ထဲကို ရောက်နေကြတဲ့ မင်းကိုနိုင်တို့၊ မင်းဇေယျတို့၊ ကိုဂျင်မီတို့ မမီးမီးတို့ပေါ့ဗျာ။ သူတို့ရဲ့ စိတ်ဓာတ်တွေကိုလည်း ဒီလို အခမ်းအနားနဲ့ ဂုဏ်ပြုရတာပေါ့ဗျာ။ ဒီလို စွန့်လွှတ် အနစ်နာခံတဲ့သူတွေကို အခမ်းအနားနဲ့ လုပ်ပေးမှသာလျှင် နောင်မျိုးဆက် လူငယ်တွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ချင်စိတ်တွေ စွန့်လွှတ် အနစ်နာခံတဲ့ စိတ်တွေ ဖြစ်လာကြမယ်ပေါ့နော်'

သံဃာတော်တွေကို ဆွမ်း ဆက်ကပ်လှူဒါန်းအပြီးမှာ ဗိုလ်အောင်ကျော်အတွက် အမှတ်တရ စကားတွေကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက ပြောကြားခဲ့ကြပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်သန်းက အခုလို ပြောပါတယ်။

ကိုကျော်သန်း။ ။'ဗိုလ်အောင်ကျော် ဆိုတာက ရဲဘော်ကိုဗဟိန်းနဲ့အတူ ၁၃ဝဝ ပြည့် အရေးတော်ပုံရဲ့ ပြယုဂ်ဖြစ်တယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံ ဆိုတာကလည်း ယနေ့ခေတ် မြန်မာပြည်ရဲ့နိုင်ငံရေးကို အတိအကျ ပြဋ္ဌာန်းပေးလိုက်တဲ့ မြန်မာပြည်ရဲ့အလှည့်အပြောင်းကို ဆုံးဖြတ်ပေးလိုက်တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်။ ဗိုလ်အောင်ကျော်တို့လို ကိုလိုနီခေတ်မှာ ပထမဆုံး ကျဆုံးခဲ့တဲ့ ရဲဘော်ဆိုတာကြောင့်လည်း လွတ်လပ်ရေးစိတ်ဓာတ်တွေ၊ အများအတွက် အသက်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ တော်လှန်ရေးစိတ်ဓာတ်တွေ ပေါ်လာခဲ့ရတယ်။ ဒီကနေ့ ကျနော်တို့လုပ်နေတဲ့ တော်လှန်ရေး ဆိုတာကလည်း တော်လှန်ရေးကို တော်လှန်ရေးလို တွေးပြီး လုပ်ရမယ့် အခြေအနေရောက်ပြီ။ ဗိုလ်အောင်ကျော်တို့လို စိတ်ဓာတ်တွေ မွေးပြီးတော့၊ ဗိုလ်အောင်ကျော်လို ရဲဘော်တွေ အများဆုံး စုစည်းပြီးတော့ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့ လိုပြီလို့ ကျနော် ပြောချင်ပါတယ်'

ဒီနေ့ပြုလုပ်တဲ့ ဆွမ်းကပ် အမျှဝေပွဲကို သံဃာတော် ၁၃ ပါးနဲ့အတူ ဧည့်ပရိသတ် ၃ဝ ကျော် တက်ရောက်ခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...