Saturday, December 26, 2009

စာစောင်များတွင် မော်ဒယ်တို့ “ဖော်”သလောက် သတင်းများ လွတ်လပ်စွာ ဖော်ပြခွင့်မရကြ


မိုးမခ အထောက်တော်၊
ရန်ကုန်
ဒီဇင်ဘာ ၂၆၊ ၂၀၀၉

ပြည်တွင်းတွင် ထုတ်ဝေသည့် အပတ်စဉ် သတင်းဂျာနယ်များတွင် အမျိုးသမီးများ ၀တ်စားဆင်ယင်မှု ဓါတ်ပုံများကို ယခင်ကနှင့် မတူပဲ ပိုမိုလွတ်လပ်စွာ ဖေါ်ပြခွင့် ရရှိလာသော်လည်း သတင်းအချက်အလက်များ စီးပွားရေး၊ နိုင်ငံရေး သတင်းများတွင်မူ စိစစ်ရေးက တင်းကြပ်စွာ ထိန်းချုပ်နေဆြဲဖစ်သည်ဟု ပြည်တွင်း ဂျာနယ်အယ်ဒီတာများက ဆိုသည်။

ဓါတ်ပုံ- ယခုထွက်ရှိနေသည့် အပတ်စဉ်ထုတ်ဂျာနယ် များတွင်မြင်တွေ့ရသည့် သရုပ်ဆောင်၊ အဆိုတော်နှင့် မော်ဒယ် အချို့၏ ၀တ်စားဆင်ယင်မှုများ။

ယခင်နှစ်များအထိ ဂျာနယ်သတင်းများတွင် ပြည်တွင်းသို့ မဟုတ်ပြည်ပမှ မင်းသမီး၊ အဆိုတော်၊ မော်ဒယ်တို့၏ ရုပ်ပုံများတွင် စကတ်တိုလျင် ဖိုတိုရှော့ပ်ဖြင့် ဖုံးကွယ်ပေးရခြင်း၊ အကျီ ရင်သားဟိုက်လျင် ဖြည့်ပေးရခြင်း ဆံပင်ပုံသဏ္ဍန်ကို မကြိုက်လျင် အရောင်ရင့်ဖြင့် ကာပေးရခြင်းစသဖြင့် စိစစ်ရေးမှ ညွှန်ကြားသည့် အတိုင်းဂျာနယ် မဂ္ဂဇင်းတိုက်မှ ပြင်ဆင်ပြီးမှ ပုံနှိပ်ပေးကြရသည်။
ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ပြည်တွင်းထုတ်ဂျာနယ်များတွင် အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင်နှင့် မော်ဒယ် အမျိုးသမီး တို့၏ ဓါတ်ပုံများတွင် ထိုသို့လုပ်ပေးစရာ သိပ်မလိုအပ်တော့ပဲ အတိုင်းအတာတခုထိ လွတ်လပ်စွာ ဖေါ်ပြခွင့်ပြုနေသည်ကို တွေ့ရသည်။ သို့ရာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး သတင်းများတွင်မူ ယခင်ကဲ့သို့ပင် တင်းကြပ်စွာစိစစ်ပြီး ဖြတ်တောက်မှုများ ရှိနေဆဲပင်ဖြစ်သည်ဟုလည်း အပတ်စဉ် ထုတ်ဂျာနယ်တစောင်မှ တာဝန်ခံအယ်ဒီတာကပြောသည်။
၂၀၀၄ ခုနှစ်ကုန်တွင် စစ်ထောက်လှမ်းရေး ဖြုတ်ချခံရပြီးနောက် ယခင် ပြည်ထဲရေး ၀န်ကြီးဌါနလက်အောက်မှ ပြန်ကြားရေး ၀န်ကြီးဌါနလက်အောက်သို့ စာပေစိစစ်နှင့် မှတ်ပုံတင်ဌါနကို ပြောင်းရွှေ့ပြီးနောက်တွင် အပေါ်ယံဆန်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည်ဟု ဂျာနယ် အယ်ဒီတာများက သုံးသပ်ပြောဆိုသည်။ ဥပမာအားဖြင့် ဂျာနယ် ထုတ်ဝေခွင့် အသစ်များထပ်မံချပေးခြင်း၊ နအဖ အစိုးရက ယုံကြည်စိတ်ချသည့် ဂျာနယ်တိုက်များ၊ လုပ်ငန်းရှင်များကို ထုတ်ဝေခွင့် အသစ်များ ထပ်မံချပေးခြင်း၊ ပုဂ္ဂလိက မီဒီယာကို အသုံးချပြီး နအဖ အစိုးရ၏ ၀ါဒဖြန့်ချိရေး သတင်းဆောင်းပါးများကို ထည့်သွင်းဖေါ်ပြစေခြင်း တို့ ဖြစ်သည်။
ယခုလက်ရှိ အနေအထားနှင့် ပတ်သက်ပြီး ဂျာနယ်သတင်းထောက် တဦးက “အခုစာပေစိစစ်ရေးက ဂျာနယ်တွေကို ကိုင်တွယ်ပုံက စစ်ထောက်လှမ်းရေး လက်ထက်ကလို အားလုံးအတွက် တကြောင်းထည်း တားထားတဲ့ စည်းမဟုတ်တော့ဘူး။ အစိုးရနဲ့နီးစပ်သူ အစိုးရအတွက် ၀ါဒဖြန့်ပေးနေသူတွေ၊ ငွေကြေးပုံပြီး လာဘ်ထိုးနိုင်သူတွေအတွက် စည်းကို ရှေ့တိုးထားပေးပြီး အဲလိုမဟုတ်ပဲ အစိုးရနဲ့လွတ်လွတ်ကင်းကင်း နေပြီး မြင်တာကို ရေးသားတဲ့ ဂျာနယ်တွေအတွက်က ``မကျော်ရစည်း´´ က နောက် ပိုဆုတ် ထားတယ်။ ဒါကြောင့် အရင်ကလိုပဲ လုပ်ရကိုင်ရ ခက်ခဲနေဆဲပဲ” ဟုပြောဆိုသည်။
လွန်ခဲ့သည့် နှစ်ပိုင်းနှင့် ယှဉ်လျင် အပတ်စဉ် ထုတ်သတင်းဂျာနယ် များတွင် လောင်စာဆီ၏ ပြင်ပပေါက်ဈေးနှုန်း၊ ဒေါ်လာနှင့် မြန်မာငွေလဲနှုန်း၊ တယ်လီဖုန်း ပြင်ပဈေးကွက်ပေါက်ဈေး များကို ရေးသားဖေါ်ပြလာခွင့် ရလာခြင်း ကဲ့သို့သော အပေါ်ယံ အပြောင်းအလဲများ ရှိသော်လည်း လျှပ်စစ်မီးပျက်ခြင်း အောက်ခြေ၀န်ထမ်းများ၏ အကျင့်ပျက်လာဘ်စားခြင်း စသည့် အကြောင်းအရာများမှာ ဖေါ်ပြခွင့် မရရှိသေးသည့် အခြေအနေဖြစ်သည်။


မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။