မမခင်| စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ညီလာခံအတုကလာတဲ့ ဖွဲ့စည်းပုံ အတုကြီးဆိုတာတော့ လူတိုင်းသိနေပြီးသားပါ။ လူတိုင်းသိပြီးသားဆိုပေမဲ့ သမာဒိဌိ – အမြင်ကြည်လင်သူတိုင်း သိတာကို ဆိုလိုပါတယ်။ အမြင်မှား အာရုဏ်မှား အတွေးမှားများနဲ့ မောဟတိမ်သလ္လာဖုံးနေသူများကတော့ အတုကို အစစ်ထင်နေချင် နေကြမှာပါဘဲ။
တကယ်တော့ စစ်အစိုးက အာဏာလွဲမပေးချင်လို့ လုပ်နေတဲ့ လမ်းပြမြေပုံတခုလုံးက လမ်းလွဲပြ မြေပုံအတုကြီးပါဘဲ။ ပြည်သူလူထု သွားချင်တာက လွတ်လပ်ပွင့်လင်းပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ ခရီးလမ်း၊ စစ်အစိုးရက ဖေါ်ဆောင် ခေါ်ဆောင်နေတာက အာဏာကို အကြွင်းမဲ့ ထိန်းချုပ်တဲ့ စစ်ကျွန်ပြုရေးလမ်း၊ လမ်း (၂) လမ်းက လားရာမတူ၊ ဦးတည်ရာမတူ၊ direction မတူ၊ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်၊ ထက်အောက်ဖီလာ ဆန့်ကျင်နေတာ သေချာပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်ဦးစီးချုပ် (ခ) ကာကွယ်ရေးဦးစီးချုပ်ဟာ တိုင်းပြည်ရဲ့အဖွဲ့အစည်းအားလုံးရဲ့ ထိပ်ဆုံးမှာ ရှိပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ လုံခြုံရေး စစ်ကောင်စီ အားလုံးရဲ့အချုပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ဘဲ။
အခုရွေးကောက်ပွဲက ပေါ်ထွက်လာမဲ့ ကိုယ်စားလှယ် လွှတ်တော်အမတ်ဆိုတာ လုံခြုံရေးကောင်စီအောက်က တောက်တိုမယ်ရ ရုံးဝန်ထမ်း စားရေးစာချီအဆင့်ဘဲရှိတယ်။ စစ်တပ်ကထွက်ပြီး ခေါင်းပေါင်းစ တလူလူ၊ အလကားရထားတဲ့ ချိတ်ပုဆိုး တပြောင်ပြောင်နဲ့ လူယောင်ဆောင်နေတဲ့ လူပျက် (လူရွှင်တော် မဟုတ်ပါ။ လူရွှင်တော်များ သီးခံပါ)။ အဲဒီ လူအပျက်တွေကြားမှာ လင်းတတွေကြား စာသူငယ်နားသလို စကားတောင် ကျယ်ကျယ်ပြောရဲဘို့ လွယ်မှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ သတ္တ၀ါက တိုင်းပြည်ရဲ့ အရာရာကိုချုပ်ကိုင်နိုင်တယ်။ သူ့ကိုတော့ ဘယ်သူကမှ မချုပ်ထိန်းနိုင်ဘူး။ အပြန်အလှန်ထိန်းကြောင်းမှု စနစ် (checks and balances systems) က လွတ်နေတဲ့ ဒီသတ္တ၀ါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆိုရင် သက်ဦးဆံပိုင် ဘုရင်တယောက်လိုပါဘဲ။
ဒီနေ့ခေတ် ၂၁ ရာစုကို ရာစုဘယ်နှစ်ခုလောက် နောက်ပြန်ဆွဲပြီး စစ်အာဏာရှင်တွေ စဉ်းစားတွေးခေါ်နေသလဲ မသိပါဘူး။ ဒင်းတို့ ဉာဏ်တထွာ တမိုက်နဲ့ ငြင်းဘို့သန်ရတာလဲ မိုက်ရာကျနေလေမလား။ ကမ္ဘာ့အခြေအနေနဲ့ မပြောဘဲ မြန်မာ့အခြေအနေနဲ့ ပြောရရင် ကုန်းဘောင်ခေတ်က ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ ခေတ်ပြိုင်ရေးခဲ့တာဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေက လက်ခံကောင်းလက်ခံမယ်။
အခု ၂၁ ရာစုမှာတော့ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်ကျယ်နေပြီဖြစ်တဲ့ ပြည်သူလူထု တခုလုံးက လက်မခံနိုင်ကြတော့ဘူး။
၁၉၄၈ ခု (၂၀ ရာစုအလယ်) သူ့ကျွန်ခေတ်လွန် အတွေးအခေါ်နဲ့ ဒီကနေ့ ၂၁ ရာစုခေတ် အတွေးအခေါ်နဲ့လဲ မတူနိုင်တော့ဘူး။ စစ်အာဏာရှင်တွေရဲ့ အိုသော မင်းသော ဟောင်းသော မတိုးတက်သော တိမ်သော တုံးသော အတ္တကြီးသော အတွေးအမြင်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို (တာ့တာ့ ဘိုင့်ဘိုင် ဖွဲ့စည်းပုံ) လို့ နာမည်ပေးရမလား။ ဂက်အောက် (get out) ဖွဲ့စည်းပုံလို့ ကင်ပွန်းတပ်ရမလား။ ပြည်သူလူထုက ဒီဖွဲ့စည်းပုံအကြောင်း လာမပြောနဲ့။ နားကြားမြင်ကပ်တယ်။ ကြားလဲ မကြားချင်ဘူး။ နာဂစ်မုန်တိုင်းကာလ ပြည်သူ့မျက်ရည် ပင်လယ်ဝေနေချိန် အညှာအတာ ကင်းမဲ့စွာ မဲလိမ်ပြီး လုပ်သွားတာလဲ စိတ်ပေါက် ဒေါသဖြစ်တယ်။ သူတို့ပြောသလို၊ သူတို့ဆိုတာ စစ်အစိုးရ၊ စစ်အစိုးရပြောသလို၊ ဘာတဲ့၊ ဘာတဲ့၊ ဘယ်လို ဘယ်လောက်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂.၄၈% ထောက်ခံတယ်။
ဒီလိုသာ လူထုက ထောက်ခံခဲ့ရိုးအမှန်သာဆိုရင် အခုလုပ်နေတဲ့ တပ်ချုပ်ကြီး ဦးသန်းရွှေဟာ ပြည်သူတွေအားလုံး ငါ့လူတွေချည်းဘဲဆိုပြီး ကျပ်ပြေးနေပြည်တော်မှာ သွားပုန်းအောင်းနေစရာတောင် မလိုတော့ဘူး။ လက်ဖြောင့်တပ်သား ကိုယ်ရံတော်အစောင့်လဲ ထားစရာမလိုတော့ဘူး။ တခြားပြည်သူတွေလိုဘဲ စိတ်အေးလက်အေး လမ်းဘေးမှာ လက်ဖက်ရည်ထိုင်သောက် ဆေးလိပ်ထိုင်ဖွာ ကွမ်းမြုံ့နေလို့တောင် ရနိုင်တယ်။ အခုလို ကျပ်ပြေးသူပုန်စခန်းမှာ သွားပုန်းရတာကိုက ထောက်ခံမှု ရာခိုင်းနှုန်းနဲ့ ကန့်ကွက်မှု ရာခိုင်နှုန်းက ပြောင်းပြန်ဖြစ်နေပြီးဆိုတာ သေချာတယ်။ ကန့်ကွက်သူက ၉၂.၄၈%၊ ထောက်ခံသူက ၇.၅၂% ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ယုတ္တိတန်တယ်။ အဲဒီလို မဲပြောင်းပြန်ရေးထားတဲ့ ဖွဲ့စည်းပုံနဲ့ ကမ္ဘာကို လှည့်ချင်လှည့်၊ မြန်မာအချင်းချင်းလှည့်တာတော့ ဘယ်ပြည်သူကမှ မကြည်ဖြူဘူး။
ဒီဖွဲ့စည်းပုံကို ကြည်ကြည်ဖြူဖြူလက်ခံကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားကြည့်သူတွေသာ ရှိကြတာပါ။ ပြည်တွင်းပြည်ပမှာ ၂၀၀၈ ကို လက်ခံ၊ ရွေးကောက်ပွဲသာ တကြောင်းတည်းသော နည်းလမ်းဆိုပြီး ပါးစပ်ပါလို့ လေရှိတိုင်း အပ်ကြောင်းထပ်အောင် အော်နေသူတွေဟာ န.အ.ဖ လက်ဝေခံ အရိုးကိုက်နေသူနဲ့ အရိုးကိုက်ဘို့ ကြံရွယ်နေသူတွေသာ ဖြစ်နိုင်တယ်။ အခုတလောဆိုရင် အရိုးကိုက်ချင်လို့ အမိုက်ခံပြီး ပါတီထောင်၊ ငွေရလို့ ပါတီထောင်၊ မမြင်ဘူးတဲ့ ငွေမကိုင်ဘူးတဲ့ ပိုက်ဆံကိုင်ရလို့ ရွေးကောက်ပွဲကို ထောက်ခံ။ ပါတီထောင်တော့လဲ ရိုးရိုးမထောင်ဘူး။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ခွပ်ဒေါင်းပုံကို အလွဲသုံစားပြုပြီး လူထုလေးစားတဲ့ ကျောင်းသားပါတီလိုလို အင်ထု၊ အတုလုပ်သူက လုပ်။
အမယ်။ လာ လာသေး။ တချိန်တုံးက ကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးကို အားပေးယုံလေးနဲ့တင် စစ်ဆေးမေးမြန်းတာခံကြရတယ်။ ထောင်သွင်းအကျဉ်းကျခံကြရတယ်။ ဒါပေမဲ့ အခုကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာလို့ အစစ်ဆေးအမေးမြန်းခံစရာလဲ မလို၊ သွေးမြေကျစရာလဲ မလို၊ အသက်အသေ အကြေခံစရာလဲ မလို၊ လွတ်လပ်မှုနဲ့ လုံခြုံမှု မပျောက်ဆုံးဘဲ ပါဝင်လာလို့ရနိုင်တဲ့ (ရွေးကောက်ပွဲ) ဥပဒေတွေ ရှိလာခဲ့ပြီတဲ့၊ ခွပ်ဒေါင်းသင်္ကေတသုံး ကျောင်းသားအတုပါတီတခုရဲ့ လက်ကမ်းကြော်ငြာမှာ ဖတ်လိုက်ရတာ။ တော်တော်ရယ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ တော်တော် ဒေါသဖြစ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ (၈၈) ကျောင်းသားမျိုးဆက်အစစ် သံမဏိကျောင်းသားတွေ တပြည်လုံးက အကျဉ်းထောင်တွေထဲမှာ ရှိတယ်။ ခွပ်ဒေါင်းစစ်စစ်တွေ ထောင်ကျနေတယ်။ နောက်ဖေးလမ်းကြားက အကြွင်းအကျန်စား ကျီးကန်းတွေ မအာကြနဲ့။
တချို့ကလဲ ၁၉၉၀ အနိုင်ရပါတီ အဖွဲ့ချုပ် အမှတ်အသား ခမောက်သင်္ကေတကို အလွဲသုံးစား အတုသုံး စည်းရုံးသူက စည်းရုံး။ ခမောက်တံဆိပ်မြင်လို့ ထပြီး က သတဲ့၊ ဘယ် ခမောက်ထင်လို့ ထပြီး ကသလဲ သိသင့်တယ်။ ခမောက်က ခိုးရာပါ ခမောက်မှန်းသိရင် မလွယ်ဘူး။ တကယ့်အခြေအနေမှန်က ခမောက်သူခိုးတွေကို ဆိုက္ကားဆရာတွေကတောင် မတင်ချင်တော့ဘူး။ လက်ဖက်ရည်ဆိုင်စားပွဲထိုးတွေကလဲ ခမောက်အတုတွေ လမ်းသလားတာမြင်ရင် ထွက်ရိုက်ချင်လို့ လက်ယားနေကြတယ်ဆိုတာ မပြောရင်မသိမှာ စိုးလို့ ပြောလိုက်ပါတယ်။
နောက်တမျိုးရှိသေးတယ်။ မသိနားမလည်တဲ့ ပြည်သူတွေ၊ စားဝတ်နေရေးရုန်းကန်နေရလို့ နိုင်ငံရေး မလေ့လာအားတဲ့ ပြည်သူတွေကို ရပ်ထဲရွာထဲလည်ပြီး ရွေးကောက်ပွဲအတု အောင်မြင်ရေး သင်္ကေတ အတုတွေသုံးပြီး ပုံမှားရိုက်သလို (ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူဘဲ။ သူက အပြင်က တိုက်မယ်။ ကျွန်တော်/မတို့က လွှတ်တော်အတွင်းက တိုက်မယ်) ဆိုပြီး စကားလုံးအတုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်အတု လုပ်ပြီး စည်းရုံးရေးဆင်းသူက ဆင်း၊ ၁၉၈၈ အရေးတော်ပုံမတိုင်ခင်က မြန်မာပြည်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ် နှိပ်စက်လို့ ပစ္စည်းရှားပါးတဲ့ ခေတ်မှာ သာမန်အိမ်သုံးဆေးဝါးလေးတွေတောင် အတုလုပ်ကြတယ်။ ပါရာစီတမော အတု၊ ဗိုက်တာမင်စီ အတု၊ ဘားပလက် အတု၊ ဖျူရာမင်ဘီစီ အတု စသဖြင့် ဆေးအတုတွေ စားမိပြီး အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိခဲ့ဘူးတယ်။ အခုခေတ်မှာလည်း စံရည်စံသွေး မပြည့်မှီတဲ့ ဆေးဝါးအတုတွေ ရှိတယ်။ ငွေစက္ကူ တထောင်တန် ငါးထောင်တန် အတုတွေ မကြာခဏ ပေါ်တတ်တယ်။
ပစ္စည်းကောင်းလို့ တန်ဘိုးရှိရင် အတုလိုက်လာတတ်တာ ထုံးစံလိုတောင်ဖြစ်နေပြီ။ ဆေးအတုမိတာက တယောက်စ နှစ်ယောက်စ အကန့်အသတ်နဲ့ ဒုက္ခရောက်မယ်။ ငွေအတုမိတာက တရွက်၊ နှစ်ရွက်လောက်ဘဲ ဆုံးရှုံးမယ်။
နိုင်ငံရေးအတု မိရင်တော့ တမျိုးသားလုံး တပြည်လုံး နှစ်ပေါင်း ဆယ်နဲ့ ရာနဲ့ချီပြီး မျိုးဆက်နဲ့ ချီပြီး ဒုက္ခရောက်သွားနိုင်တယ်။
ဘုန်းကြီးရိုက်တဲ့ ကြံ့ဖွတ်လည်း မဲမပေးချင်ဘူး။ တိုင်းပြည်ကို လူမွဲဇာတ်သွင်းသွားတဲ့ မ.ဆ.လအဟောင်း တစညလည်း မဲ မပေးချင်ဘူး။ အခု ခမောက်ဆိုတာ ဘာလဲ။ ခွပ်ဒေါင်းကရော၊ ၀ံသာနုဆိုတာက ရော။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတဖွဲ့ထဲဘဲ ဆိုတာကရော——။
မေးခွန်းလေးတွေ ရှိနေတယ်။ မတွေဝေနဲ့၊ မေ၀၀ါးနဲ့၊ အညာမခံနဲ့၊ အလိမ်မမိစေနဲ့။
အခြေခံဥပဒေ အတု၊ ရွေးကောက်ပွဲ အတု၊ ခွပ်ဒေါင်း အတု၊ ခမောက် အတု၊ ဒေါ်စုကိုယ်စား ရွေးကောက်ပွဲဝင်သူ အတုအပများ ရှိနေတယ်။
အတုဆိုရင် ဘယ်အတုမှ မကောင်းပါ။
ပြည်သူတွေအားလုံး အတုမိမယ် သတိထား။
source by : http://www.yoma3.org
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...