Friday, October 3, 2008

သွေးစက်တွေ


သမိုင်းမှာ
စာတိုတပုဒ် ၊ မှတ်တိုင်တရပ်
ဓါတ်ပုံတပြ ၊ မချန်ရနိုင်
မပိုင်ဆိုင်လဲ
နိုင်ငံကိုချစ် ၊ ပြည်သူချစ်တဲ့
တကယ့်ဇာနည် ၊ အာဇာနည်တွေ
အမိမြေတွက် ၊ အသက်ကိုစွန့် 
ဘဝစွန့် ကြ ၊ ပြသွားကြပြီ
ကြည့်ကြ ကြည့်ကြ ကြည့်ကြပါ ။

ပေတရာပေါ် ၊ လမ်းမပေါ်မှာ
အာဇာနည်တွေ သွေးစက်ဝေလျက် ။

အကျဉ်းထောင်ထဲ ၊ အချုပ်ထဲမှာ
ဂတ်ထဲ ရုံးထဲ ၊ ငရဲစခန်း
ညှင်းပန်းပေါင်းစုံ ၊ အဖုံဖုံထဲ
နှောင်အိမ်ထဲမှာ
အာဇာနည်တွေ သွေးစက်ဝေလျက် ။

တောထဲ တောင်ထဲ ၊ လျှိုမြောင်ထဲမှာ
မိုးထဲ ရေထဲ မုန်တိုင်းထဲမှာ
အာဇာနည်တွေ သွေးစက်ဝေလျက် ။

အာဇာနည်တွေ ၊ အာဇာနည်တွေ
သွေးစက်ဝေလျက် ၊ တိုက်ပွဲဆက်ရင်း
အသက်ကိုပေး ၊ ဘဝပေးခဲ့ 
မငဲ့ ကိုယ်ကျိုး ၊ မမျှော်ကိုးပဲ
အသေရဲလှ ၊ ပြသွားကြတဲ့
အညတြဇာနည် ၊ ပြည်သူ့  သူရဲကောင်း
အပေါင်းပေါင်းကို
ပြန်ပြောင်းတသ ဦးညွတ်ကြပါ ။

သစ္စာမဖောက် ၊ လမ်းမပျောက်နဲ့ 
လမ်းဖျောက်သူကို ၊ ကျိန်စာဆိုလိမ့် 
ဟိုမှာ ဒီမှာ သွေးစက်တွေ ။ ။

အောင်ဝေ


အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 1, 2008

တိမ်ကိုစီး၍ သစ္စာရှာသူ


ရဲဘော်ကြီး ညိုထွန်းအောင် ( အမှတ်တရ )



ဒီနေရာက ကျနော်တို့ရဲ့လှုပ်ရှားဂွင် “အထူးဒေသ” ရဲ့ အခြေအစပ်၊ ပြောက်ကြားတပ်ဖွဲ့များ စစ်ကစား ကောင်းသည့်နေရာတော့ မဟုတ်၊ ဒေသအနေအထားအရကိုကလည်း စစ်ရေးအခေါ်အရ “ရန်ဝင်။ ငါဝင်ဒေသ”၊ ရန်သူ့စိုးမိုးဂွင် မြေပြန့်နှင့် မိမိတို့ခြေကုတ်ဒေသတို့ ထိစပ်နယ်မြေ၊ ဤနေရာကို ရောက်လာခဲ့ကြသည်က အလုပ်အဖွဲ့ငယ်တခုဖြစ်သည့် ရဲဘော်ထူးအောင်နှင့် ကျနော်၊ ထို့အပြင် ရွာသားတချို့၊ ကျနော်တို့အဖွဲ့တွင် ထူးထူးခြားခြား မှတ်တိုင်တခုကို ထမ်းထားသည်၊ ထိုမှတ်တိုင်တွင် ရေးထားသည်က …

ရဲဘော်ညိုထွန်းအောင်
အသက် (၃၈) နှစ်
၃၀ – ၉ – ၉၅

(၁)
ချောင်းကလေးက သာမိတိုက်ရွာဖြစ်သည့် သာစည်ရွာကလေးကို ၀ိုက်ခွေပြီး စီးဆင်းနေသည်၊ ကျနော်တို့ ရွာထဲသို့မ၀င်၊ ကွင်းကွေ့ပြီး ချောင်းကိုဖြတ်ကျော်ကြမည်၊ ချောင်းဖြတ်၍ပြီးသည်နှင့် တွေ့ရမည့်လမ်းက အရေးကြီးသည်၊ ၆ ပေလမ်း၊ ထိုလမ်းမျိုးက စစ်သုံးမြေပုံတွင်ပါသောကြောင့် ရန်သူ့ စစ်ကြောင်းများ အသုံးပြုလေ့ရှိသည့် လမ်း၊ လက်ဆင့်ကမ်း သတင်းစနစ်အရတော့ ရန်သူရှင်းသည်၊ သို့သော် ပေါ့၍မရ၊ ရှေ့မှာရှိနေသည့်ဒေသက ကိုယ့်ဒေသမဟုတ်၊ ရုတ်ချည်းရောက်လာလျင် တုန့်ပြန်နိုင်ရန် ပြင်ဆင်ထားရမည်၊ လမ်းကိုတွေ့နေရပြီ၊ သတိနှင့်ရှေ့ကို မျှော်ကြည့်သည်၊ ထူးခြားမှုမရှိ၊ လမ်းကို အပြေးဖြတ်ပြီး တောစပ်သို့ တိုးဝင်လိုက်ကြသည်၊ ရွာသားတယောက်ရှေ့တက်လာသည်၊ သူက နေရာသိသူ၊

သွားနေရသည်က တောထဲတောင်ထဲကိုပင် နောက်ဖေးပေါက်က ၀င်နေရသလိုမျိုး၊ တောကိုတိုး။ တောင်ကိုဖြတ်၊ ခြုံနွယ်ပိတ်ပေါင်းကြားမှာ၊ ရောက်ပြီ၊
သူရဲကောင်း၊ တော်လှန်တဲ့သူရဲကောင်းဝိဥာာဉ် ကိန်းဝပ်ရာမြေပုံမို့မို့၊ တောင်ဆင်ခြေလျောမှစီးဆင်းသော ရေစီးကြောင်းများကြောင့် မြေပုံအနေအထားပင် ပျက်လု့ပျက်ခင်၊ မနည်းရှာယူရသည်၊ ကြေကွဲစရာ၊ တော်လှန်သော အညတရ သူရဲကောင်း. မခမ်းနားသော အာဇာနည်ဗျွိာန်၊ ဟုတ်သည်၊ မခမ်းနား၊ အမြင်မခမ်းနား၊ လုံးဝကို အမြင်မခမ်းနား၊ သို့သော် မဟာပထ၀ီမြေသားထုလို သိပ်သည်းသည့်ကြီးမြတ်မှုတွေကတော့ ထည်ဝါခမ်းနားလွန်းလှသည့် တောကြိုအုံကြားကမြေပုံ၊ ဆို့နစ်သောခံစားမှုက ကျနော့်တကိုယ်လုံးကို ဖြစ်ညှစ်ပြစ်နေသလို၊
ဦးစွာ မြေပုံကို ပြုပြင်ရဦးမည်၊ ပါလာသည့် ပေါက်တူးဖြင့် မြေပုံကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်ကြသည်၊ ထို့နောက် မှတ်တိုင်ကို ခေါင်းရင်းဘတ်နေရာတွင် အသေအချာစိုက်ထူပေးသည်၊ ၀ါးခုတ်ပြီး မြေပုံကို ကာရန်ပေးလိုက်ကြသည်၊ တိရိစာန်များ မဖြတ်ဆီးမိစေရန်၊ စည်းရိုးအပြင်မှနေပြီး ရေဆင်း ကောင်းအောင် မြောင်းပေါက်ပေးလိုက်ကြသည်၊ ဒေသခံရွာသားများကလည်း သူ့မြေပုံပြုပြင်ရာတွင် စိတ်အားထက်သန်စွာ လုပ်ပေးခဲ့သည်၊ မှန်သည်၊ သူသည် လူထုအကျိုးအတွက် ရန်သူ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သက်ဖြတ်မှုကို ရင်စီးခံခဲ့သူ၊ နီးစပ်ရာ တောပန်းများကိုဆွတ်ခူးပြီး မဟာသူရဲကောင်း. မြေပုံပေါ်မှာ ခင်းဖြန့်ပေးကြသည်၊
လေးပင်သော အလေးပြုရန် အမိန့်ပေးသံ၊ လေးပင်သော လက်တင်အလေးပြု လှုပ်ရှားမှုများ၊ လေးပင်သော သက်ပြင်းချသံများ၊

(၂)
သူနှင့် ကျနော် စတင်တွေ့ဆုံဖြစ်ကြသည်က ဆရာဒဂုန်တာရာ ကဗျာဖြင့် ပန်းချီရေးခဲ့သည့် မဲနယ်တောင်မှာ၊ ထိုအချိန်က မဲနယ်တောင်တွင် ကျောင်းသားတပ်မတော်က အလုပ်အဖွဲ့တဖွဲ့ ရှိနေသည်၊ ထိုအထဲတွင် သူလည်းပါသည်၊ မကြာသေးခင်က ဖြစ်ခဲ့သည့် ထိတွေ့မှုတွင် ဒဏ်ရာရထားသော ရဲဘော် (၂)ဦးလည်း ရှိနေသည်၊ ရဲဘော်အောင်ဒင်နှင့် ရဲဘော်မိုးကျော်၊ ကျနော်တို့ရဲ့ တောအ၀င်ခရီးကို လှိုက်လှဲမှုဖြင့် နွေးထွေးစွာ ကြိုဆိုကြသည်၊ သူထိုအချိန်က တပ်စိတ်မှုးတာဝန်နှင့်အတူ ဆက်သွယ်ရေးတာဝန်ကိုပါ တွဲယူနေသည့် အချိန်၊ ကျနော်တို့ရောက်သည့်နေ့မှာပင် နောက်တန်းသို့ သတင်းပို့သည်၊

“ညီနောင်အားသစ် ကျောင်းသားနှစ်ဦး ရောက်ရှိ”
ထိုအချိန်ကတည်းက စတင်ခဲ့သော သူနှင့် ကျနော့်ကြားက ဆက်ဆံရေးတွင် အဖုအထစ်မရှိခဲ့၊ ကျနော်တို့ကြားတွင် ရိုးရှင်းသော တကြောင်းသွားဆက်ဆံရေးသာ ရှိခဲ့သည်၊ သူနှင့် ကျနော်က ညီရင်းအကိုတွေလို နေခဲ့ကြသူတွေ၊ ကျနော်က အင်မတန် အမေးအမြန်းထူသည်၊ မသိတာ။ မရှင်းတာ။ မကြေညက်တာရှိလျင် နှေးနေ။ တွေနေတာတွေမရှိ၊ ချက်ချင်းပင် တဲ့တိုးမေးလေ့ ရှိသည်၊ ထို့ကြောင့်ပင် သူက ကျနော့်ကို “မောင်လူမွှေး”ဟု ခေါ်ခဲ့သည်၊ သူကတော့ သူ့ကိုယ်သူ “မောင်လူအေး” ယခုတော့ ကျနော့်ရဲ့ မောင်လူအေးလည်း မရှိတော့ပြီ၊ ကျနော်တွင်လည်း မသိတာ။ မရှင်းတာ။ မကြေညတ်တာရှိလျင် ယခင်ကလို တဲ့တိုးမေးတက်တဲ့ အလေ့က ပျောက်သလောက်ပင်၊ နိုင်ငံရေးလောကဓံတွေကြားမှာ “ဗေဒါပျံ အံခဲ”ခဲ့ရတာတွေက တနင့်တပိုးရှိခဲ့ပြီ မဟုတ်လား၊

သူက လူချစ်။ လူခင်အင်မတန် များသည့်လူဖြစ်သည်၊ သူရဲ့ရိုးရှင်းပြီး မာန်မာနကင်းစင်သည့်ပုံရိပ်နှင့် စိတ်ရှည်သည်းခံတက်သည့် အရိပ်သြဇာတို့က ကျနော်တို့အပေါ် လွမ်းမိုးခဲ့ပုံရသည်၊ တပ်ရင်းတွင် အဆိုးဆုံးရဲဘော်များပင် သူ့တပ်စိတ်ရောက်လျင် ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားလေ့ရှိသည်၊ ရဲဘော်များက သူ့ကိုကြောက်၍မဟုတ်၊ သူက အာဏာပြ၍ ရဲဘော်ထိမ်းသည့်နည်းကို ဘယ်တော့မှ မသုံး၊ စိတ်ရှည်လက်ရှည် ပညာပေးလေ့ရှိသည်၊
သူ့မျက်နှာက သုန်သုန်မှုန်မှုန် ရှူတည်တည် မရှိ၊ အင်မတန်လည်း စိတ်ဆိုး စိတ်တိုခဲသည့်လူ၊ စံပြရဲဘော်ဖြစ်ရေးအတွက် ကိုယ့်ကိုယ်ကိုတောင်းဆိုခဲ့သလို။ အခြားရဲဘော်များကိုလည်း တောင်းဆိုသူ၊ အားပေးကူညီ ထိမ်းကြောင်းပေးလေ့ရှိသည့်သူ၊ အနစ်နာခံရေးမူကို လက်တွေ့ကျင့်သုံးသူ၊ ဝေဖန်ရေးလည်း ညင်သာသူ၊

သူ အရက်သောက်သည်ကို ကျနော်တကြိမ်သာ တွေ့ဖူးသည်၊ ထိုတကြိမ်သည်လည်း မှတ်မှတ်ရရ၊ ၁၉၉၄၊ အတာသင်္ကြန်ပွဲ၊ တောခိုပြီးကတည်းက သင်္ကြန်ကို နောင်ကောင်ကီမှာညကံလိုက်။ ပွန်ချောင်းမှာ ညကံလိုက်။ လွယ်ဖီမှာ ညကံလိုက်။ မဲနယ်တောင်ခြေမှာ ညကံလိုက်၊ ရန်သူနှင့် စစ်ကစားနေရသည့် နေရာများတွင်သာ ဆုံဖြစ်ကြသည်၊ လွတ်လပ်သော မိမိနယ်မြေ နောက်တန်းစခန်းမှာ ညကံရသည်ကွှအကြိမ် ပထမ၊ ဖြစ်ချင်တော့ ဗဟိုဒေသ၊ ပွဲလည်းရှိနေသည်၊ ပြဇာတ်။ သံချပ်။ သီချင်းသီဆိုမှု။ ယိမ်းအက...စသည်၊ ထိုပွဲတွင် ရဲဘော်များသုံးစွဲရန် တပ်ရင်းမှူးက မုန့်ဖိုးပေးသည်၊ တယောက် ၅ ဘတ်၊ ၅ ဘတ်ရသည်ကိုပင် ကျနော်တို့မှာ ပျော်မဆုံး၊ ညနေရောက်တော့ အလျှိုလျှို၊ သောက်တက်သူများရော။ မသောက်တက်သူများပါ သံလွင်ကမ်းဘေးက ကျောက်ဆောင်တွေပေါ်မှာ၊ ထိုအချိန်က ကျနော်ရောသူပါ မသောက်သူများစာရင်းဝင်၊ ကျနော်တို့ မသောက်တက်သူများချည်း ၀ိုင်းဖွဲ့သည်၊ ပြီးတော့ သင်္ကြန်ပွဲသို့ ချီတတ်ကြသည်၊ ထို့နောက် ကျနော်တို့ ကကြသည်၊ ကွေးနေအောင် ကကြသည်၊ ကကြရင်း ပို၍မူးလာပြီး နှစ်ယောက်စလုံး ထိုးအန်လိုက်ကြတော့သည်၊ ပြီးတော့ ချာချာလည်၊ ရဲဘော်များကတွေ့ပြီး ၀ိုင်းဝန်းပြုစုကြ၍သာ တော်တော့သည်၊ နောက်နေ့မှသိရတာက ကျနော်တို့နှစ်ယောက် “We are the World” ကို ကဗျာလွတ်ဆိုရင်း ထိုးအန်သွားကြတာ ဆိုပဲ၊

(၃)

သူ့ကို ရဲဘော်များက “အမေကြည်”ဟု ချစ်စနိုး ခေါ်ကြသည်၊ ဟုတ်လည်း ဟုတ်သည်၊ သူက လှုပ်ရှားပဲဖြစ်ဖြစ်။ အထိုင်ပဲဖြစ်ဖြစ် အိပ်ရာစောစောထပြီး တပ်စစ်ဆေးမှုလုပ်သည်၊ ပြီးလျင် တပ်စိတ် ရဲဘော်များကို လိုက်နှိုးပြီး stand by အနေအထားပြင်ခိုင်းသည်၊ သူနှင့် ရဲဘော်တချို့က မီးမွှေးပြီး ထမင်းချက်ဖို့ပြင်တော့သည်၊ ပါးစပ်ကြီးဟပြီး ထမင်းကို စိတ်ဝင်တစားချက်နေသည့် သူပုံက ရယ်လည်း ရယ်ချင်စရာ၊ ပြီး...သူ့ကို ၀ိုင်းကူချက်ပြုပ်နေသူများထဲတွင် ကျနော်တို့လို ရဲဘော်ငယ်များပါလာလျင် စစ်ရေး။ နိုင်ငံရေး ဆုံးမမှုများကို ပြောနေလိုက်သေးသည်၊ ထိုမြင်ကွင်းကို တွေ့ရဖန်များလာသောအခါ ထိုအမည်တွင်သွားတော့သည်၊

သူ့အမည်ရင်းက “ကိုကြည်ဆန်း”၊ ပြည်မြို့သား၊ ငယ်စဉ်က စစ်တပ်အ၀န်းအ၀ိုင်းထဲတွင် နေခဲ့ဖူးသည်၊ မှော်ဘီ တပ်ဝင်းထဲတွင်၊ သူ့အဖေက မေမြို့စစ်တက္ကသိုလ် အပတ်စဉ် (၁) ကျောင်းဆင်း၊ မဆလခေတ်တွင် နှစ်တချို့သာတာဝန်ယူခဲ့ပြီး နှုတ်ထွက်ကာ ပြည်မှာအခြေချခဲ့သည်၊ မဆလ အညှိုးသိုခံရသူ စစ်အရာရှိ၊ သူ၏ အကိုသည်လည်း ရှစ်လေးလုံးအရေးတော်ပုံ မတိုင်မီလေးမှာတင် မဆလမှ ဖမ်းဆီးခေါ်ဆောင်သွားသည်မှ သတင်းအစအနမရ၊ နောက်နှစ်တချို့ကြာမှ သိရသည်က ထောင်အနှစ် ၂၀ ချလိုက်သည်ဟူ၍။ ထပ်သိရသည်က သူတို့၏ မိသားစုစီးပွားရေးလုပ်ငန်းများကိုပင် စစ်အုပ်စု နှောက်ယှက်မှုကြောင့် အခြေရိုင်နေရသောအနေအထား၊ လူထုအတွင်းမှာကတော့ သူရဲကောင်းမိသားစုဝင်များ၊

သူက လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်၊ ပြည်မြို့ကိုရောက်ဖူးသော လူ့ဘောင်သစ်ပါတီဝင်တိုင်း သူ့အိမ်တွင် စားဖူး။ သောက်ဖူး။ နေဖူးကြသူချည်းပင်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို ခေါင်းအေးအေးဖြင့် ပါဝင်နိုင်ခဲ့သူ၊ ရှစ်လေးလုံး တိုက်ပွဲ။ စက်တင်ဘာ သဘောတူညီချက်။ ၁၉၈၉ ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ အာဇာနည်နေ့ လွမ်းသူပန်းခွေချပွဲ။ ဒီချုပ် – တစည စီးချင်းထိုးမူ။ မေ – ၉၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး။ ၂/၉၀ ဖီဆန်ရေး။ သာဓုကန်အစည်းအဝေး။ လက်နက်ကိုင် တော်လှန်ရေး၊

ပြည်မြို့သားတို့ထုံးစံအတိုင်း ခင်ဝမ်း။ မောင်ချောနွယ်နှင့် ကိုဆွေတို့အတွက် အလွန်ဂုဏ်ယူတက်ပြီး ပြည်မြို့၏ ဂုဏ်ထူးဆောင်တွေအဖြစ် ပြောလေ့ရှိသူ၊ ယခုတော့ သူကိုယ်တိုင်သည်ပင် ပြည်မြို့ရဲ့ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ဖြစ်ခဲ့သည်ကို သိမသွားခဲ့သူ။ အနုပညာကိုမြတ်နိုးသူ။ ကိုယ်တိုင်လည်း ရံခါကဗျာဖန်တီးတက်ပြီး တပ်ရင်းမှထုတ်ဝေသော ကဗျာစာအုပ်များတွင် ရေးသားခဲ့သူ။ တော်လှန်ရေးကို ထွက်ခါနီး စက်မှုကျေးလတ်တွင် ဆရာဒဂုန်တာရာအား ၀င်ရောက်ဂါရ၀ပြုခွင့်ရခဲ့သည်ကို တသသပြောတက်သူ၊

(၄)
ကျနော်တို့တပ်ဦး နုစဉ်ဘ၀က ကိစ္စလေးတခုရှိခဲ့ဖူးသည်၊ ၁၉၈၈ ကတည်းက လက်နက်ကိုင် တော်လှန်ရေးကို ရောက်နေသူများနှင့် နိုင်ငံရေးပါတီ (လဘသ၊ ဗကသ...စသည်)မှ လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းလာသူများကြား စစ်ရေးသက်သက်။ နိုင်ငံရေးသက်သက်ဟူ၍ အချင်းပွားခဲ့ကြသည့် ကာလတခု ရှိခဲ့ဖူးသည်၊ ထိုကာလကို ကျော်လွားရန်ကြိုးစားသည့် ဖြစ်စဉ်တွင် သူ၏ တရားပြည့်မှုနှင့် နိုင်ငံရေး စိတ်ရှည်မှုများက တပ်ရင်းအတွင်း အရေးပါအရာရောက်ခဲ့သည်၊

သူက ကျနော်တို့တပ်ရင်းရှိ နိုင်ငံရေးပါတီမှလာသူများထဲတွင် ထူးခြားစွာ စစ်ရေးကိုစိတ်ဝင်တစားရှိသူ။ တပ်ကိုင်ကောင်းသူအဖြစ် တပ်ရင်းက အသိအမှတ်ပြုကြသည်၊ ထို့ကြောင့်လည်းပဲ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးကို ၀င်ရောက်ကြသည့်အခါတွင် သူက စစ်သင်တန်းမှူးပင်ဖြစ်နေပြီ၊ ထို့ကြောင့် သူက ကျနော်၏ ရဲဘော် ရဲဘက်သာလျင်မက ဆရာလည်း ဖြစ်သည်၊ သူ သင်တန်းပေးခဲ့သည်က တပ်ရင်းတွင်း သင်တန်းသာလျင်မဟုတ်၊ လ ပ ဒ တ(လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု) မှပေးသော ကေဒါ သင်တန်းတွင်လည်း စစ်သင်တန်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊
သူက ထင်းခွေ၊ ရေခပ်၊ ထမင်းချက်။ ရိက္ခာရှာသည့် အသေးစိတ်လုပ်ငန်းမှသည် ပေါ်လစီရေးရာဆွေးနွေးမှုအထိ စိတ်အားထက်သန်စွာလုပ်လေ့ရှိသည်၊ ကျနော်တို့တပ်များ လှုပ်ရှားစစ်ထွက်လျင် ကိုယ့်ရက္ခာ ကိုယ်သယ်ကြ ရသည်၊ အခြေခံရျှိာများဖြစ်သည့် ဆန်။ ဆီ။ ဆား။ ဟင်းချိုမှုန့်...စသည့်၊ ထိုအထဲတွင် အလေးဆုံးက ဆန်၊ ကျနော်တို့ အီကွေးမန့်ခါးပတ်တွင် လုံချည်ကို ဖြတ်ချုပ်ထားသော ဆန်ကြိုးရှိသည်၊ ခရီးဝေးလျင် ဝေးသလို ၂၄ ဗူးအထိလွယ်ရသည်၊ စစ်ကြောင်းနားသည့်နေရာရောက်လျင် ထိုဆန်ကြိုးထဲမှ ဆန်ယူပြီးချက်သည်၊ ခရီးကဝေး။ တောင်တွေကိုတတ်ရနှင့် ဆန်ကြိုးက လေးသောအခါ အတော်မလွယ်သည့်ကိစ္စ၊ ထိုအခြေအနေမျိုးတွင် သူက အခြားရဲဘော်များ၏ ဆန်ကို အရင်ယူသည်၊ နောက်ဆုံးမှ သူ့ဆန်ကြိုးကို အသုံးပြုသည်၊ ထိုသို့ အသေးစိတ်မှ စပြီး စည်းရုံးရေးမူကို ကျင့်သုံးသည့်သူ၊

၁၉၉၃ - ရလလဖနယ်မြေတွင် မကဒတ၏ နိုင်ငံရေးလမ်းစဉ်မိတ်ဆက်နှင့် လူထုစည်းရုံးရေးခရီးအဖြစ် ပအို့ဝ် ကျေးရွာများကို လှည့်လည်ကြစဉ်ကလည်း တပ်ရင်းမှချမှတ်ထားသော လူထုအား အကူအညီပေးရေးလုပ်ဟန်ကို မောပန်းနေသည့်ကြားမှ ရဲဘော်တိုင်းနှင့် ရင်ဘောင်တန်းလုပ်နိုင်ရန် ကြိုးစားခဲ့သည်၊ လုပ်လည်း လုပ်နိုင်ခဲ့သည်၊ ထိုသို့ဖြင့် ကျနော်တို့အကြား နားလည်မှု တည်ဆောက်နိုင်ခဲ့ကြသည်၊
သူနှင့် ကျနော် နောက်ဆုံးသွားခဲ့ရသည့်စစ်ကြောင်းခရီးက ဗဟိုလုံခြုံရေးတိုက်ကင်းထွက်သည့် ခရီးပင်၊ သိပ်မကြာ သူနှင့် ရဲဘော်ဆေး အလယ်ပိုင်းဒေသ အခြေခံဒေသထိုးဖေါက်ရေးတပ်ဖွဲနှင့်အတူ လိုက်ပါရန် တာဝန်ပေးအပ်ခံရသည်၊

(၅)
အဖြစ်အပျက်များက မယုံကြည်နိုင်စရာကောင်းလောက်အောင် ဇယ်ဆက်နေသည်၊ မာနယ်ပလော ကျသည်၊ ကျနော်တို့ဗဟိုလည်း ဆုတ်ပေးလိုက်ရသည်၊ ကျနော်တို့ရဲ့ ပင်မတပ်ရင်းအင်အား အများစုက KNPP (ကရင်နီပြည် တိုးတတ်ရေးပါတီ) ဒေသဘက်ကို ပြောင်းရွှေ့သွားရပြီ၊ ကိုတိုက်မောင်းနှင့် အပါအ၀င်ကျနော်တို့ တပ်စိတ်တစိတ်ကျန်ခဲ့သည်၊ အလယ်ပိုင်းဒေသကို ထွက်ခွာရန်၊ ကျနော်တို့မသွားဖြစ်၊ ကိုတိုက်မောင်း ကွယ်လွန်သည်၊ (၂၆ – ၄ – ၉၅) နှမြောတသမှုတွေမှ အနည်မထိုင်သေး အလယ်ပိုင်းအလုပ်အဖွဲမှ ကြေးနန်စာရောက်လာသည်၊ “ရဲဘော် ကြည်ဆန်းအား ရန်သူမှ လက်ရဖမ်းမိ” (၂၈ - ၉ – ၉၅) နှစ်ရက်သာကြာသည်၊ နောက်ထပ်ကြေးနန်း၊ “ရဲဘော်ကြည်ဆန်း ယနေ့ပင် ကျဆုံး” (၃၀ – ၉ – ၉၅) သွားပြီ၊ ကျနော့်အချစ်တွေ အဆုပ်လိုက်ကြွေ၊ လွတ်မြောက်ရေးဗဟို။ တော်လှန်ရေးဆုံရပ်။ တော်လှန်စစ်ရဲ့ ကွပ်ကဲရေးဌာန။ မိမိဗဟို။ မိမိတပ်ရင်း။ လေးစားအားထားရသည့် တပ်မှုး။ ညီရင်းအကိုလို ချစ်ခဲ့ရသော နောင်တော်ရဲဘော်ကြီး၊

ကျနော့်ရဲဘော်ကြီး ရန်သူ့လက်အတွင်း အသက်ရှင်လျက်ဆင်းသက်ခဲ့ရသည့် နှစ်ရက်တာခရီး၊ ဖြစ်ကာစမှာတော့ သိုးသိုးသန့်သန့်၊ စက်လိုင်းပေါ်မှ စကားများ၊ သိပ်တော့ဖြင့် ရုပ်လုံးမကြွ၊ မပီပြင်သေး၊
နောက်တော့ အလယ်ပိုင်းအလုပ်အဖွဲ့မှ ဗဟိုသို့ပြန်လာကြသူများ ရောက်လာသည်၊ ကျနော် ကိုယ်တိုင်လဲ ထိုဒေသကိုရောက်သွားဖြစ်ခဲ့သည်၊ ပီပြင်လာပြီ၊ ရုပ်လုံးကြွလာပြီ၊ ကြားရသည့်သတင်းများက ကြက်သီးပင်ထမိသည်၊

“သူရဲကောင်းဆန်ခဲ့တယ်” “တော်လှန်ရေးသမားပီသတယ်” “ဒေသခံလူထုအားလုံးက စုပ်တသပ်သပ်နဲ့ ချီးကျူးဂုဏ်ပြုကြတယ်” “ရန်သူတွေ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရတယ်” သူနဲ့ပတ်သက်တဲ့ အနှစ်ချုပ်၊ ကြည့်စမ်း၊ တော်လှန်တဲ့သူရဲကောင်းတယောက် ကိုယ်အနီးအနားမှာ ကိုယ်နဲ့အတူတူရှိနေခဲ့တာ၊ ဂုဏ်ရောင်ပြောင်ခဲ့ပါတယ် ရဲဘော်ကြီး၊
ရန်သူက သူ့ကို ကျွဲကျအောက်ရွာနှင် လှည်းစခန်းရွာအကြားတွင် ဖမ်းမိသွားခြင်းဖြစ်သည်၊ သူနဲ့အတူ ရဲဘော်ရဲထိုက် (အဘ)လည်းပါသည်၊ ရဲဘော် ရဲထိုက်ကထိုနေရာတွင်ပင် ကျဆုံးသွားသည်၊ သူ့ကိုတော့ အရှင်မိသွားသည်၊ ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်ပြီး တုတ်နှောင်ခေါ်ဆောင်သွားကြသည်၊ ပြောခဲ့ပြီးသလို ထိုဒေသက ရန်ဝင်။ ငါဝင်ဒေသ၊ တဖက်နှင့် တဖက် အပြီးတိုင်ဖယ်ရှားရေးအတွက် လူထုအားကို ထူထောင်ရသည်၊ တော်လှန်ရေးအပေါ် ထောက်ခံသည့် လူထုကို အခိုင်အမာအင်အားစုဖြစ်အောင် တည်ဆောက်ရသည်၊ ထိုကိစ္စကို အရပ်ဝတ်ဖြင့် လှုပ်ရှားသွားလာနေသည့် သူအပါအ၀င် အလုပ်အဖွဲ့များက အသိဆုံး၊

သူ့ကို ရန်သူက အရှင်မိသွားတော့ အကြီးအကျယ် စစ်ဆေးတော့သည်၊ အတွင်းခံဘောင်းဘီတိုကလွဲပြီး အ၀တ်အားလုံးကို ချွတ်သည်၊ ကြိုးနဲ့တုတ်ပြီး ထိုးကြိတ်ကန်ကျောက်ကြသည်၊ ခါးပတ်နှင့် ရိုက်သည်၊ သေနက်ဒင်နှင့် ထုကြပြီး လူထုနှင့် တော်လှန်ရေးကို သစ္စာဖေါက်အောင်လုပ်ကြသည်၊ မရ၊ ရွာစဉ်လှည့်ပြီး ရွာထဲက တော်လှန်ရေးသစ္စာခံ လူထုအမာခံများကို ဖေါ်ထုတ်ခိုင်းသည်၊ သူလုံးဝမပြော၊ သူ့ကို ဓါးဖြင့်မွှမ်းသည်ဟုပင်သိရသည်၊ အံကြိတ်ခံခဲ့သည်၊ ရန်သူကို သူပြောတဲ့စကားတွေက “မသိဘူး” “မရှိဘူး” “ငါကိုသတ် ဘာမှမပြောဘူး” လူထုနှင့် တော်လှန်ရေးသစ္စာကို အသက်ထက်တန်ဖိုးထားခဲ့သည်၊ ဖြစ်သမျှကိစ္စမှန်သမျှကို သူတဦးတည်း ခါးစီးခံခဲ့သည်၊ တော်လှန်သော တာဝန်ခံစိတ်ဓါတ်။ မှန်ကန်သော လူထုအတွေးအခေါ်။ နောက်ဆုံးအချိန်အထိ လူထုကို အလုပ်အကြွေးပြုရေး လမ်းစဉ်၊
ကြည့်နေကြရသည့် လူထုထဲမှာ သူ့ရဲ့မိတ်ဆွေတွေရှိနေသည်၊ သူလည်းသိသည်၊ သို့သော် ဘယ်လိုပင်နှိပ်စက်ပါစေ သူတို့ကို ယောင်လို့တောင်မှ လှည့်မကြည့်၊ တကိုယ်လုံး ယောင်ကိုင်း။ ညိုမည်း။ သွေးအလိမ်းလိမ်း၊ မြင်ရသူတိုင်း နှလုံးသည်းပွတ် ဆွဲယူလွှင့်ပစ်ခံရသည့်ပမာ နာကျင်ကြေမွ၊ သူကို မြင်မိသူတိုင်း ငိုမိကြ၊ လူစိတ်မရှိတဲ့ စစ်ဝါဒီတွေကို အသည်းနာမိကြ၊ “တော်တော့်ကို လူမဆန်အောင် နှိပ်စက်လိုက်ကြတာဗျာ။ အဲဒီကောင်တွေ လူမှဟုတ်သေးရဲ့လားလို့တောင် စဉ်းစားကြည့်မိတယ်၊ ကျနော်ဆိုရင် သူ့ကိုကြည့်ရင်း တော်တော်စိတ်ထိခိုက်လာလို့ ဖေါ်ချင်လည်းဖေါ်ပါစေဆိုပြီး သူနဲ့တည့်တည့်မှာသွားရပ်နေတာ၊ ကျနော့်ကိုလည်း တွေ့တယ်၊ လုံးဝကို ဖေါ်မသွားဘူးဗျာ၊ ဒီလောက်သစ္စာရှိပြီး သတ္တိရှိတဲ့လူမျိုး လုံးဝမတွေ့ဖူးသေးဘူး၊” ဟူ၍ သူ့မိတ်ဆွေတဦးက ကျနော့်ကို ပြောပြသည်၊
အဆုံးတွင်တော့ ရန်သူလက်လျော့သွားရသည်၊ လူထုကိုသစ္စာခံပြီး ရန်သူကို ထီမထင်ခဲ့သူ။ သံဓိဌာန် ပြတ်သားသူ။ အခက်အခဲကို စိန်ခေါ်ရဲသူ။ အသက်စွန့်ရန် ၀န်မလေးသူကို ရန်သူ အရှုံးပေးလိုက်ရသည်၊ သေမိန့်၊ သေခြင်းကိုတောင်းခံနေသူအတွက် သေမိန့်သည် တုန်လှုပ်စရာမဟုတ်၊ ဆုလာဒ်၊ ရန်သူတောင်းဆိုသည့် သတင်းကိုသူကမပေး၊ သူတောင်းဆိုသည့် သေမိန့်ကိုသာ ရန်သူက ပေးလိုက်ရသည်၊

ရန်သူက သူ့ကို လက်ခုတ်ထဲက ရေလို့ထင်ခဲ့သည်၊ ထိုထင်မြင်ချက်ကို သူ၏ ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ရဲသည့် သတ္တိက တော်လှန်ပြောင်းလဲပြစ်နိုင်ခဲ့သည်၊ ရန်သူတို့ ကြောက်ဒူးတုန်ခဲ့ရပြီ၊ နောက်ဆက်တွဲအဖြစ် သူ့ကို တာဝန်ခံနှိပ်စက်ခဲ့သူ တပ်ကြပ်ကြီးမှာ စိတ်ချောက်ခြားပြီး စိတ္တဇဆေးရုံသို့ ပို့လိုက်ရသည့်သတင်းက ဖုံးမရအောင် ပွင့်ထွက်လာသည်၊

(၆)
ရဲဘော် ညိုထွန်းအောင်က ရန်သူ၏ လူမဆန်သော ရက်စက်မှုကြားမှ ယုံကြည်ချက်ကို အလံထူရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီ၊ သို့သော် တန်ဖိုးရှိသော...၊ သူ၏တန်ဖိုးနှင့် ဂုဏ်ပုဒ်တွေကို ပြန်ပြောင်းတသ ဂုဏ်ယူမိဖြစ်ရင်းမှ သူကိုယ်တိုင်ရေးခဲ့သည့် ကဗျာတပုဒ်က ကျနော့်ရင်ထဲ တလှပ်လှပ်တိုးဝင်လာတော့သည်၊

“တိမ်ကိုစီး၍”
တောင်တန်းတွေဆီကနေ
ဧရာဝတီနှင့် ချင်းတွင်းကို
လွမ်းမောရင်း
ဆရာကြည်အောင်က
သစ္စာရှာဖို့ “ငါ” မြင်းစီးတယ်တဲ့၊

ကျနော်တို့လေ
သေနတ်ထမ်း၍
ရှမ်းတောင်တန်းရဲ့
အမြင့်ဆုံးတနေရာမှာ
သစ္စာရှာဖို့
တိမ်စီးနေတယ်။
ဟုတ်ပါတယ် ကိုညိုထွန်းအောင်၊ ရဲဘော်ကြီးဟာ မြင့်မြတ်စွာတိမ်ကိုစီးပြီး သစ္စာခရီးထွက်နိုင်ခဲ့ပါပြီ၊ ဒါဟာ သစ္စာတရားက တိမ်သားတိမ်ဆိုင်တွေအဖြစ် ပြောင်းလဲပြီး ရဲဘော်ကြီးကို သူရဲကောင်းဗိမ္မာန်ဆီ ခရီးနှင်နေတာပါ၊ အဖိနှိပ်ခံတို့ရဲ့ သူရဲကောင်းမှတ်တမ်းမှာ ရဲဘော်ကြီးဟာ ပြန်တမ်းဝင်ခဲ့ပါပြီ၊ အဆိုးဆုံးအခြေအနေမှာပင် တော်လှန်ရေးကို သစ္စာခံ။ လူထုကို အလုပ်ကြွေးပြု။ ရန်သူအပေါ်ပြတ်သား ဆန့်ကျင်တော်လှန်ရဲတဲ့စိတ်ဓါတ်၊ အဲဒီစိတ်ဓါတ်ဟာ ဦးညွှတ်အပ်တဲ့ “ညိုထွန်းအောင် စိတ်ဓါတ်”


ညိုထက် (လမ်းသစ်ဦး)



မှတ်ချက် ။ ။ ဆုံဆည်းရာ မှ ... ကူးယူ တင်ပြပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

‘ သစ္စာသေသော် ’...

သစ္စာ သေသော်
သေတဲ့ သစ္စာ
ထို ဈာပန
ပြာချပစ်တာ အကောင်းဆုံး ၊၊

မြေပုံ နေရာ
မမှတ်ပါ နဲ့
ထိုနေရာ ၌
ပန်းမစိုက် နဲ့
စိုက်တဲ့ပန်းပင် ဂုဏ်ပျက်နိုင် - ၊၊

ထူးခြားတာက
ထို ဈာပန...
ရောက်လာကြသူ ရှုကြသူနဲ့
ဝိုင်းဝန်းကြသူ ပို့ကြသူကား
ရန်သူဖြစ်ခဲ့ နာကျည်းခဲ့သူ
ခါးသည်းခဲ့ကြ တိုက်ခဲ့ကြသူ
မုန်းတီးသူတွေ...

မုန်းသူတွေက ပန်းခွေ ချ ပြီး
ရန်သူတွေက ဈာပနစကား
မြွက်ကြားသီဟ ဂုဏ်ပြု ကြ ပေါ့...

တရံခါက
သံယောဇဉ်ဖြစ် ချစ်ခဲ့ကြသူ
ချစ်ဦးသူတွေ... မိတ်ဆွေတွေ ကား
စကားထဲပင် မထည့်ချင်တော့
ရင်မှာမေ့လိုက် ဖျောက်ပစ်လိုက်တာ
ကာလကြာပြီ
လာဖို့ဝေးစွ နှုတ်မဟချင်
ပန်းခွေချဖို့ ဝေလာဝေး ၊၊ ၊၊

( ဝင်းတင့်ထွန်း )

၁၉၈၃၊ အင်းစိန်ထောင်တွင်း

အပြည့်အစုံ ဖတ်ရန် ...

Sunday, September 28, 2008

ပင်လယ်ချစ်သူ....


ရုပ်မြင်သံကြားမှာ မှုန်တိုင်းသတင်းတွေ ဆက်တိုက်ပါလာပြီး တနေ့ထူးထူးခြားခြား တနေရာ မှာ ပတ်ဝန်းကျင်တခုလုံး ပြိုပျက်လဲကျကုန်ပေမဲ့ အိမ်တလုံးက ထီးထီးကြီး ကျန်နေ ခဲ့တာ တွေ့မိတယ်။ ဒါပေမဲ့ လူအားလုံးကလုံခြုံတဲ့နေရာတွေမှာ။ မှုန်တိုင်းလာတော့မယ် ဆိုရင်ပဲ လုံခြုံတဲ့ နေရာတွေကိုရွေ့ဖို့ အစိုးရကစီစဉ်တော့ မရွေ့ချင်တဲ့သူကရှိသေးတယ်။ ပတ်ဝန်းကျင်တခုလုံး ပျက်စီးကြေမွနေပေမဲ့ သေဆုံးတဲ့စာရင်းက ဆယ်ဂဏန်းထက်မပို။ ရွေးကောက်ပွဲအတွက် မဲဆွယ်မယ့်သမ္မတလောင်းတွေကလည်း စာနာစိတ်တွေနဲ့ သူတို့ကိစ္စကိုဦးစား မပေး။ အကျိုးစီးပွားအတွက်ဆိုပေမဲ့ သူ့ဘက်၊ ကိုယ့်ဘက် မျှမျှတတ။ သြော်.. လူလူခြင်း အတူတူတောင် လူဖြစ်ရတဲ့ ဘဝခြင်းကမတူ။ အင်း… တူအောင်ညှိဖို့ကလည်း သကြားမင်း တောင်မတတ်နိုင်ဘူးထင်ပါတယ်။

တို့ဗမာပြည်မယ်လေ… သူများနိုင်ငံလို လေမှုန်တိုင်းခဏခဏတိုက်လို့ကတော့ အခု လောက်ဆို လူတွေ ( ပြည်သူ ) တောင်ကျန်ပါ့တော့မလားပဲ။ မေလဆန္ဒခံယူပွဲကိုဖျက်ဖို့ အချိန်ကိုက်ရောက်လာတဲ့ မှုန်တိုင်းကိုတောင် န.အ.ဖက ဂရုမစိုက်။ သူမိုက်ချင်သလို မိုက်ရဖို့ အတွက် လိုင်စင်ရရေးကို ဦးစားပေးလုပ်သွားလိုက်တာ ကမ္ဘာကတောင်တုန်လှုပ်ရတဲ့အထိ။ အဲ့ဒီအချိန်က ရင်ထဲမှာမခံချိမခံသာနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိနိုင်အောင် အင်တာနက် စာမျက်နှာတွေပေါ်က အတုံးအရုံးသေဆုံးနေကြတဲ့ ဓါတ်ပုံတွေကြည်ရင်း တချိန်လုံးငိုနေ မိတာ။ ကိုယ်ချစ်တဲ့ ကောင်လေးတယောက်လည်း ဒီအထဲပါသွားပြီလား။

၁၉၉၂- ၁၉၉၃ ကိုယ်အဝေးသင် တက်တုန်းကပါ။ ကျောင်းက စာပေးပွဲဖြေကာနီးမှ ၁၀ ရက်လောက်ကျောင်းတက်ရတာဆိုတော့ မူလတန်းကျောင်းလေးတခုမှာ အလုပ်ဝင်လုပ်နေခဲ့ တယ်။ ကိုယ်လုပ်ခဲ့တဲ့ကျောင်းက ဧရာဝတီမြစ်ချောင်းနားက မြစ်ကျိုး ဆိုတဲ့ရွာကလေး။

ရေပတ်လည်ဝိုင်းထားတဲ့ ကုန်းလို့ဆိုရပေမဲ့ ကုန်းပေါ်မှာလည်း ရေတွေ။ လယ်ကွင်း တွေရဲ့ဘေးမှာ ကျမသင်ရတဲ့စာသင်ကျောင်း။ လမ်းဆိုလို့ ကျောက်တုံးကလေးတွေ ခင်းထား ပေမဲ့ မြေနီစေးစေးတွေကြောင့် လမ်းလျှောက်ရအတော်ခက်တဲ့နေရာ။ မနက်ဆို ကျောင်းရှေ့ မြစ်လက်တက်လေးမှာ မုန်းဟင်းခါးသည်က လှေလေးတစင်းနဲ့။ ကိုယ့်နေရာက ကျောင်း ထောင့်မှာ အခန်းငယ်လေးဖွဲ့ပေးထားတယ်။ ရန်ကုန်ကနေလာတဲ့ ဆရာမနဲ့ နှစ်ယောက်အ တူတူ။

ကလေးတွေက ပညာလိုချင်ရှာကြလို့သာ။ ကျောင်းကိုလာရတဲ့လမ်းက ဗွက်တတန်၊ ရေတတန်။ လယ်ကွင်းတွေကိုဖြတ်ပြီး လာလိုက်ကြတာ၊ ကျောင်းရောက်ရင် တကိုယ်လုံးဗွက် တွေလူးလို့။ ကျောင်းရှေ့ကရေကန်မှာ ပေနေတာတွေကိုဆေးပြီး အပိုယူလာတဲ့အဝတ်နဲ့လဲ ကြရတယ်။ လက်တွေ့ဘဝကပေးတဲ့ သင်ခန်းစာတွေက သူတို့နေရာနဲ့သူတို့ အသုံးချတတ် ကြတယ်။ စာသင်ခန်းဆိုတာကလည်း အမိုးနဲ့အကာသာရှိပြီး ကြမ်းခင်းကမရှိ။ တခါတခါ မိုကြီးလာရင် စာသင်ခန်းထဲအထိ ရေဝင်တတ်လို့ ခြေတံရှည်ခုံကလေးတွေနဲ့ သင်ကြရတာ။

ကျောင်းဖွင့်ရင်စာသင်ကြ၊ ကျောင်းပိတ်ချိန်မှာ ကလေးတွေရဲ့မိဘတွေကဖိတ်လို့ သူတို့အိမ်တွေကိုအလည်သွား။ ထမင်းစားသောက်ပြီးမှပြန်ကြတာ။ အိမ်အတည်တကျမရှိ။ ကျောင်းထောင့်ကအခန်းကျဉ်းလေးထဲမှာ ကြပ်ကြပ်တည်းတည်းနေကြရလို့ ရပ်မိရပ်ဖတွေက သနားကြတယ်ထင်ပါရဲ့။ ဟိုအိမ်ကဖိတ်၊ ဒီအိမ်ကဖိတ်နဲ့ ။ တခါတလေဗွက်တောထဲသွားလာ ရပျင်းတာနဲ့ အတင်းကိုငြင်းရတယ်။ နောက်ပိုင်းကြတော့ ငြင်းတဲ့အကြောင်းကိုရိပ်မိပြီး ကလေးတွေနဲ့ဟင်းပို့ခိုင်းတဲ့အထိ။ တခါတလေ သူတို့အိမ်မှာ ဟင်းကောင်းလေးစားရတဲ့ အချိန်တွေမှာပေါ့။ ရိုးသားတဲ့ ရွာသူရွာသားတွေက ဆရာမတွေအပေါ် အဲ့ဒီလောက်ချစ်ကြ တာပါ။

ကိုယ်တွေကလည်း ကလေးတွေကိုသံယောဇဉ်တွေဖြစ်လို့။ အဲ့ဒီမှာ ဇော်ဆိုတဲ့ကောင် လေးကို ကိုယ်ကပိုတယ်။ ပုတက်တက်ကလေးနဲ့ အရမ်းသွက်တဲ့ကလေး။ ဒုတိယတန်းမှာ စာသင်နေပေမဲ့ သူ့အသက်က လေးတန်းလောက်တက်လို့ရနေပြီ။ စာဆိုရင်အရမ်းတတ် ချင်တဲ့စိတ်ရှိပေမဲ့၊ သူကျောင်းမှန်မှန်မတက်နိုင်ဘူး။ မိဘတွေရဲ့အလုပ်ပေါ်မူတည်ပြီး အလုပ် များရင်ဝိုင်းကူရလို့လေ။ သူ့လိုကလေးတွေက အများကြီးပါပဲ။ ခိုင်းမကောင်းသေးတဲ့ အရွယ် လေးတွေဘဲ ကျောင်းမှန်မှန်တက်ကြရတာ။ ကျောင်းမတက်နိုင်တဲ့ရက်တွေဆို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်နဲ့ အစားထိုးသင်ပေးရတယ်။ ဒါလည်းသူတို့အားတဲ့အခါမှပါ။ တခါတလေ သူတို့ကိုကြိုးစားသင်ထားပေးပေမဲ့ စာမေးပွဲဖြေချိန်မှာ ပေါ်မလာကြလို့လည်း ရင်မောရသေး တယ်။ ကျမတို့လည်း စာတတ်ဖို့အတွက် ရုံးကန်ခဲ့ရပေမဲ့ သူတို့လောက် မခက်ခဲခဲ့။ ဘဝတွေက တဖြည်းဖြည်း ကြပ်ကြပ်လာလိုက်တာ ကြာရင်အသက်ရူရပ်သွားကြမလားပဲ။

အဲ့ဒီရွာလေးမှာ ကျမပျော်ရွင်ခဲ့ပေမဲ့ မနေချင်အောင်ဖြစ်လာတဲ့တနေ့။ အဲ့ဒီနေ့က ရွာထဲကို စစ်သားစုဆောင်းရေးက တပ်ကြပ်တဦီးခေါင်းဆောင်တဲ့ စစ်သားတွေရောက်လာ တယ်။ ရွာလေးဆိုတော့ ရွာသားအားလုံးစုရုံးဖို့ ကျယ်ကျယ်ဝန်းဝန်းဆိုလို့ ကျမတို့နေတဲ့ စာသင်ကျောင်းလေးဘဲရှိတာကိုး။ သူတို့ကျောင်းမှာစုကြမဲ့အကြောင်း မိဘတယောက်ကလာ ပြောပြီး၊ ကျောင်းမှာလူစုကြတဲ့အချိန် သူ့အိမ်မှာနေချင်လျှင်နေနိုင်ကြောင်း ကျမတို့ကိုခေါ် ပါတယ်။ သူတို့မျက်နှာတွေကိုမမြင်ချင်လို့ ကျောင်းသားအိမ်မှာသွားနေပေမဲ့၊ သေးငယ်တဲ့ ရွာလေးမှာ သတင်းကချက်ခြင်းရတယ်။ ဒီရွာက လူနှစ်ယောက် စစ်တပ်ထဲကိုဝင်ရမယ်။ လိုလိုချင်ချင်နဲ့ ဝင်မဲ့သူမရှိရင် မဲနှိုက်ရမယ်တဲ့။ မဲပေါက်တဲ့လူနှစ်ယောက်ကိုထောက်ပံ့ဖို့ တရွာလုံးက ငွေထည့်ရမယ်တဲ့။ ရတဲ့ငွေရဲ့တဝက်ကို သူတို့နှစ်ယောက်ကိုခွဲပေးမယ်တဲ့။ ကျန်တဲ့ငွေက သူတို့အတွက် လိုအပ်တဲ့နေရာမှာသုံးဖို့ တပ်ကြပ်ကြီးက သိမ်းထားရမယ်လို့ ဆိုပါတယ်။ သူတို့ကိုပေးမဲ့ငွေက ကျန်ခဲ့တဲ့မိသားစုအတွက်တဲ့။

အဲ့ဒီနေ့ကတယောက်က သူ့သဘောနဲ့သူဝင်သွားတယ်။ ရွာတောင်စွန်းက သားအမိ နှစ်ယောက်တည်းရှိတဲ့ ကိုရှည်ကြီး။ ရှာစားရခက်ခဲလွန်းလို့ အငတ်ငတ်အပြတ်ပြတ်ဖြစ်ရှာတဲ့ အမေအိုကို ကျေးဇူးဆပ်ချင်လို့တဲ့။ နောက်တယောက်ကတော့ မဲပေါက်သွားတဲ့ ၁၆နှစ်သာရှိ သေးတဲ့ မောင်သိန်းဦး။ အားကိုးနေရပြီဖြစ်တဲ့ သားကြီးအတွက် မိဘတွေမှာမျက်ရည်တွေနဲ့။ ကျောင်းတောင်မတက်တော့ပဲ မိသားစုအတွက်အလုပ်လုပ်နေရရှာတဲ့ မောင်သိန်းဦးက သူ့ ဝေစုရတဲ့ ငွေလေး ကျပ် ၇၅၀ နဲ့ မိဘတွေကိုကန်တော့ခဲ့ရတယ်။ မိုးချုပ်ခါနီးနေပေမဲ့ သူတို့ ကမပြန်သေး။ လမ်းမမြင်ရရင် ပြန်လို့မတတ်မှာစိုးလို့ ကျောင်းနောက်ပေါက်ကနေ အခန်း ကျဉ်းလေးထဲဝင်လိုက်တော့ ဝေစုခွဲနေတဲ့ တပ်ကြပ်ဖြစ်သူရဲ့အသံကို ကြားရတယ်။ ရွာကနေ စုစုပေါင်းရတာက အဲ့ဒီအချိန်က ကျပ်ငွေသုံးထောင်။ အိမ်အရေအတွက်ကိုမေးပြီး ဒီလောက်ရ အောင်ခွဲကောက်လိုက်တာလေ။ ကျပ် ၁၅၀၀ ကိုစစ်ထဲဝင်ရမဲ့သူတွေကို ခွဲပေးပြီး၊ ကျန်တာကို အဆင့်အလိုက်ဝေယူကြတာ။ တော်သေးတာပေါ့ ဒီတခါလာတာ တပ်ကြပ်ကအကြီးဆုံးမို့လို့ ဒီလောက်နဲ့ပြီိးသွားတာတဲ့။ လူခံတွေကပြောကြတယ်။ သြော်.. သူတို့က ခံနေကျလူတွေကိုး။

ကျောင်းပိတ်လို့ အိမ်ပြန်တော့မယ်ဆိုတော့ ကိုယ်ချစ်တဲ့ကောင်လေးကို ဒီဒုက္ခတွေ ကလွတ်အောင် မြို့မှာလိုက်နေချင်ရင် ကျောင်းထားပေးမယ်ဆိုတော့၊ ရေမရှိတဲ့နေရာမို့ မလိုက်ချင်ပါဘူးတဲ့။ ကျမနေတဲ့မြို့လေးရဲ့ အလှဘွဲ့ကို သူတို့ကိုစာသင်ရင်း ပြောပြဖူးတာကိုး ကုန်းမြေမြင့်မြင့် မှာ ဘုရားစေတီတွေနဲ့ လှပတဲ့ငါတို့မြို့လေးက ဒီမှာလို ရေတွေ၊ ဗွက်တွေ မရှိဘဲ အိမ်ရှေ့လမ်းလေးကို တံမျက်စည်းနဲ့လှည်းလိုက်ရင် ချောပြောင်နေတာ သံမံတလင်း ကျနေတာဘဲလို့။ ပင်လယ်ပျော်တဲ့ ဇော်လေးက မလိုက်ချင်ပါဘူးတဲ့။ အဲ့ဒီအချိန်တုန်းက ဇော်လေးက အခုကျမသမီးကြီးအရွယ်ဘဲရှိအုန်းမှာပေါ့။ အခု ကျမသမီးကြီး ၁၀ နှစ်က တောက်တိုမယ်ရလေးခိုင်းရင်တောင် ပင်ပန်းနေတတ်တာ။ သူတို့ဘဝလေးတွေနဲ့တော့ တခြားစီပါဘဲလေ။

မေလတုန်းက တိုက်ခတ်ခဲ့တဲ့မှုန်တိုင်းက ပင်လယ်ပျော်လေးတွေကို သိမ်းကြုံးဆွဲငင် သွားလိုက်တာ ရေပြင်တွေ၊ မြေပြင်တွေ၊ သစ်ပင်တွေမှာ ကြည်လို့မကောင်းအောင် အတုန်း အရုံးပါဘဲလား။ ကျမချစ်တဲ့ကလေး အသက်ရှင်လျှက်မှ ရှိနိုင်ပါတော့မလား။ သူလည်း ကလေးမှ မဟုတ်တော့ပဲလေ။ ဘဝအပြောင်းအလဲတွေရဲ့ကြားမှာ ဝမ်းစာရေးအတွက် တခြား နေရာတွေလဲ ရောက်ချင်ရောက်နေနိုင်တာပဲ။ ပင်လယ်ပျော်လေးတွေ သက်တမ်းစေ့စေ့ နေနိုင်ကြပါစေ။


ချွန်း


(၂၈. ၉. ၂၀၀၈)

အိမ်လွမ်းသူ မှ ..... ကူးယူတင်ပြပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

အဲ့ဒီနေ့က နေကြတ်ခဲ့တာပါ


အလုပ်ကပြန်ရောက်လို့ နည်းနည်းပါးပါးနားချိန်ရသလောက် ဘလော့တွေလိုက်ဖတ် ရင်း စီဘောက်တွေထဲမှာ ကွီနိုင်းကို ခဏခဏတွေ့တွေ့နေရလို့ တချိန်က မလေးနဲ့ ကွီနိုင်း ပေါင်းပြီး ကျမကိုနှိပ်စက်ခဲ့တဲ့အကြောင်း ရေးချင်စိတ်ပေါက်လာရပါတယ်။

လွန်လေပြီးသော ဆယ်စုနှစ်တခုကျော်ကပါ။ စိမ့်ကြီး၊ မြိုင်ကြီး၊ ရိပ်ကြီးတောတောင် နေရာင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး…… အစရှိတဲ့ သဇင်ပန်းအကြောင်း စပ်ဆိုထားတဲ့ ဝန်ကြီးပဒေသရာဇာရဲ့ ကဗျာကိုမှတ်မှတ်ရရ ရှိစေတဲ့ နေရာလေးမှာပါ။ သစ်ပင်ကြီးတွေက ကြီးမားလှပါတယ်။ သဇင်ပန်း ရှိမရှိဆိုတာ လှမ်းမမြင်နိုင် ပါဘူး။ သစ်ခွပန်းတွေကတော့ ပေါများပါတယ်။ ကျမသွားရမဲ့ ပစ္စည်းမဲ့လေးတွေဆီ မရောက်ခင် ခရီးတထောက်မှာပါ။ စိမ့်စမ်းရေတသွင်သွင်စီးဆင်းနေတဲ့ မြှောင်ကလေးထဲက တဲစုမှာ ကျမနေရစဉ်။

မြို့ကနေ တောထဲသွားရပါမယ်ဆိုမှ ဘဝင်မြင့်သွားသလားမသိ၊ ကျမမှာ ထမိန်မပါ သွားဘူး။ စမ်းချောင်းမှာ ရေချိုးရတော့မယ်ဆိုမှ ဒုက္ခရောက်တော့တယ်။ ရေချိုးရတဲ့နေရာက လူသူဝေးတဲ့နေရာဖြစ်ပေမဲ့ ကိုယ့်ဖာသာရှက်နေလို့ ဝတ်ထားတဲ့အဝတ်နဲ့ဘဲရေချိုးရတယ်။ အဝတ်လဲတော့မယ်ဆိုမှ ပြန်ဝတ်မဲ့အဝတ်ရေမစိုအောင် ခြုံနက်နက်ထဲ တိုးဝင်ပြီးလဲရပါရော။ အဲဒီမှာ ကိုယ့်ကိုနှိပ်စက်မဲ့ မလေးနဲ့တွေဖို့စတာ။

ရောက်ပြီးတလလောက်မှာ ကျမဆီကို မလေး စရောက်လာတယ်။ စမ်းချောင်းကနေ ရေချိုးပြီးအပြန် ချမ်းလာလို့ စောင်ခြုံပြီးကွေးပါတယ်ဆိုမှ အနွေးဓါတ်ကဘယ်လိုမှမရနိုင်ဘူး။ အတွင်းထဲကနေ စိမ့်ပြီးချမ်းလာလိုက်တာက ကလီဇာတွေလှိုင်းထနေသလား ထင်ရအောင် တုန်ခါလာပြီး၊ တော်တော်ကြာတော့မှ အပူဓါတ်ပြန်ရလာတော့တယ်။ အတွေ့အကြုံမရှိတော့ ဘာဖြစ်လို့ဖြစ်မှန်းမသိဘဲ အတူနေတဲ့အမတယောက်ကိုပြောပြမှ မလေးလက်ချက်ဆိုတာ သိရတော့တယ်။ အဲဒီမှာ မလေးလာရင်တွေ့ဖို့ဆိုပြီး အရန်သင့်စောင့်နေတဲ့ ကွီနိုင်းက သူ့အ ပေါင်းအသင်းတွေဖြစ်တဲ့ တထွာတို့ ပါရာတို့ကိုခေါ်ပြီး အင်အား အလုံးအရင်းနဲ့ ရောက်ချ လာပါရော။

မလေးကအချိန်မှန်တယ်။ သူ့အချိန်ကျမှ သူကနှိပ်စက်တာ။ သူနားတဲ့အချိန်မှာ ကိုယ်အေးအေးဆေးဆေး နေနိုင်တယ်။ အစားလည်းမပျက်ပါဘူး။ ကွီနိုင်းတို့အုပ်စုရောက်လာ မှ ပိုပြီးဒုက္ခရောက်တော့တာ။ လားလား..နားတွေက တစီစီအော်နေပြီး ခေါင်းတွေကမထူနိုင် တော့ဘူး။ ပါးစပ်ကခါးပြီး၊ စားထားတာတွေကပြန်ထွက်.. အတော့ကိုရက်စက်တဲ့ ကွီနိုင်းပါ။ သူကနှိပ်စက်နေပေမဲ့ တနေ့သုံးကြိမ် သူအတွက်အားဖြည့်ပေးရတယ်။ မလေးကဘယ်လိုနေ လဲမသိပေမဲ့ ကျမကတော့ မထနိုင်တော့ဘူး။

အတူနေတဲ့ အမကအတွေ့အကြုံရှိတော့ အစားဝင်အောင်ကြိုးစားပေးရှာပါတယ်။ စမ်းချောင်းတိမ်တဲ့နေရာကို ရေစီးရပ်အောင် ပိတ်လိုက်ပြီး ကျောက်တုံးလေးတွေကြားမှာ ပုန်းခိုနေကြတဲ့ ငါးကလေး၊ ပုဇွန်ဆိတ်နဲ့ ဂဏန်းငယ်လေးတွေကိုဖမ်းပြီး တဲဘေးနားမှာ စိုက်ထားတဲ ချဉ်ပေါင်ရွက်နဲ့ ခပ်ပြစ် ပြစ်ချက်၊ မိုးမျှော်ငရုတ်သီးထောင်းစပ်စပ်ကို ထမင်းနဲ့ စားခိုင်းတော့မှ စားလို့ရတယ်။ အစားဝင် လိုက်မှ ကွီနိုင်းနှိပ်စက်သမျှ ခံနိုင်တော့တာ။

ခေါင်းထောင်နိုင်လာတော့မှ ကိုယ့်ရဲ့ပါတ်ဝန်း ကျင်ကိုသတိထားမိတော့တယ်။ သူတို့ နှိပ်စက်ထားလို့ အားငယ်စိတ်တွေဝင်နေရတဲ့ကြားထဲ အုံ့မှိုင်းနေလိုက်တာ ငိုချင်စရာပါ ဖြစ်လာ တယ်။ ခလုတ်ထိမှ အမိတ ဆိုသလိုဘဲ အမေ့ကိုလည်း သတိရလိုက်တာ။ အစက တည်းက ရည်ရွယ်ချက် ကြီးကြီးမားမားမရှိဘဲ ကိုယ့်ရဲ့မတောက်တခေါက် ပညာလေးကို ပညာချို့တဲ့ မိဘမဲ့လေး တွေကို ဝေမျှချင်တာ တခုတည်းနဲ့လာခဲ့တဲ့ကျမ လာမိတာ မှားပြီလားဆိုတဲ့ နောင်တလေး နည်းနည်းရမိပါတယ်။ အမေရယ် ကျမကိုလာကြည့်လှည့် ပါအုံး။ အုံ့မှိုင်း၊ ညို့ဆိုင်းနေတဲ့ လူသူဝေးတဲ့ တောတောင်ထဲမှာ ကျမတယောက်တည်း။ ဒီအချိန်မှာ သေသွား လို့ကတော့ ကိုယ်ဘယ်ကိုသွားလို့သွားမှန်းမသိတဲ့ မိသားစုက သိခွင့် တောင်ရ လိုက်မှာမဟုတ်ဘူး။ တွေးရင်း ဆို့ဆို့နင့်နင့်ဖြစ်လာ၊ နေ့ခင်းကြောင်တောင် ပတ် ဝန်းကျင်က ပိုမှောင်လာလို့ မိုးနတ်မင်းကများ ငါ့ကိုအပြစ်ပေးတော့မလား။ ဆို့နင့်မှုတွေက ရင်ထဲမှာပြည့်ကြပ် လာလို့ သက်သာရာရအောင် အမေ ဆိုပြီးအော်ငိုပစ်လိုက်တာ တောင် နံရံတွေမှာပါ ပဲ့တင်ထပ် သွားခဲ့တယ်။

အော်ပစ်လိုက်တော့ ဆို့ကြပ်မှုတွေက နည်းနည်းသက်သာသွားတယ်။ ကျမကိုအား ပေးဖို့ လူတချို့ရောက်လာကြတယ်။ ပတ်ဝန်းကျင်ကလည်း လင်းလင်းချင်းချင်း နဂိုအတိုင်း။ မလေး နဲ့ ကွီနိုင်းတို့ပေးတဲ့ဒုက္ခက ခဏလွတ်မြောက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့နဲ့ ရင်းနှီးလာခဲ့တာ။ မလေးလာရင် စောင်ခြုံပြီး ဧည့်ခံလိုက်၊ ကွီနိုင်းလာရင် ချဉ်ပေါင်ဟင်းနဲ့ ဧည့်ခံရင်း ရင်းရင်းနှီးနှီး ရှိခဲ့ကြပါတယ်။ သူတို့ပေးတဲ့ဒုက္ခကိုလည်း ကျမခံနိုင်ရည်ရှိလာပြီ။ နောက် ပိုင်းကျ တော့ မလေးကညင်ညင်သာသာ။ သူလာတာတောင် ကိုယ်ကသတိ မထားမိ လို့ သွေးကစကား ပြောရတဲ့အထိ။ ကွီနိုင်းကလည်း မလေးကိုမနိုင်လို့ မဟာမိတ်လုပ်ထား သလား ထင်ရတယ်။ အချိန်တန်ရင် မလေးကလာမြဲ။

ကွီနိုင်းက အရှုံးပေးလက်နက်ချလိုက်လို့ အာတီစနိတ်နဲ့မက်ဖလိုကွင်းတို့ကို ပူးတွဲ တာဝန်ပေး လိုက်တော့မှ မလေးကထွက်သွားတော့တာ။ အခုချိန်အထိ ပြန်မလာတော့ပါဘူး။ တခါတလေတော့လည်း သတိရမိပါတယ် မလေးရယ်။ တို့တတွေက သုံးနှစ်ကျော်လောက် ရင်းနှီးခဲ့ကြတာမဟုတ်လား။

ချွန်း

( ၂၅. ၉. ၂၀၀၈)

(မှတ်ချက်။ ။ မလေးကို မ’လေးဟုမဖတ်ဘဲ မလေးရှားနိုင်ငံကိုခေါ်သလို မလေးဟုဖတ်ပေးကြပါရန် စာဖတ်သူတို့ကို တောင်းပန်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူကွီနိုင်းက ကျမကို ပြဿနာရှာမည်စိုးသောကြောင့် ဖြစ်ပါတယ်။ မ’လေးဆိုတာ လူကွီနိုင်းရဲ့ ကြင်သူသက်ထား ဇနီးမယား ဖြစ်နေလို့ပါ။ ကျမရေးခဲ့တဲ့ မလေးက မလေးရီးယားလို့ခေါ်တဲ့ ငှက်ဖျားပိုးသာဖြစ်ပါသည်။)

မှတ်ချက် ။ ။ အိမ်လွမ်းသူ မှ ..............ကူးယူ တင်ပြပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...