Tuesday, December 30, 2008

အားလုံးအသင့်ပြင်

အားလုံးအသင့်ပြင်

ငွေကြေးပြဿနာပေါ်ပြီး ဘဏ်တွေပြိုတာကနေ ကူးသန်းရောင်းဝယ်ရေးတွေ အီထိုင်းလာကာ ထုတ်လုပ်ရေးတွေ ကျဆင်းလာတယ်။ စီးပွားရေး ကျဆင်းလာတယ်လို့ပြောနေကြပါတယ်။ စီးပွားရေး အကြပ်အတည်းတခုဖြစ်ပေါ်လာပြီး စီးပွားရေးကပ်ဆိုက်နိုင်တဲ့အခြေအနေလို့ဆိုနေကြပါတယ်။ဒီလိုဖြစ်လာရင် လူမှုရေး၊ နိုင်ငံရေးစတဲ့ လူ့ကိစ္စ နယ်ပယ်အသီးသီးမှာလည်း မတည်မငြိမ်ဖြစ်တတ်ပါတယ်။ နယ်ပယ်အား လုံးက ကျဆင်းမှု၊ ကမောက္ကမဖြစ်မှုတွေဟာ ဆုံချက်တခုကို ရောက်ရင်ပေါက်ကွဲတတ်ပါတယ်။ ၀ုန်းဒိုင်းကျဲပြီး ပြောင်းလဲဖြစ်ပေါ်တတ်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့ စီးပွားရေး အကျပ်အတည်းဟာ အရင်းရှင် နယ်ချဲ့နိုင်ငံတွေရဲ့ ထိပ်သီး နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက စဖြစ်တာပါ။ ၂၁ ရာ စုရဲ့ ပဌမ ဆယ်စုနှစ်အကုန်ပိုင်းမှာဖြစ်တာပါ။ ၂၁ရာစု အရင်းရှင်စနစ် အကြပ်အတည်း အစကာလလို့ ပြောရင်ရပါတယ်။ ၂၀ ရာစုနှစ် အလယ်ပိုင်းက စပြီး အမေရိကန်နိုင်ငံဟာ အရင်းရှင် နယ်ချဲ့ စနစ်ရဲ့ ရှေ့ ဆောင်ကြီး ဖြစ်လာပါတယ်။ ၂၀ ရာစုအစပိုင်းမှာ ရုရှ အောက်တိုဘာ တော်လှန်ရေး အောင်မြင်ပြီးတဲ့နောက် ကမ္ဘာမှာ အရင်းရှင်စနစ်အပြင် ဆိုရှယ်လစ်စနစ်ဟာ တည်ရှိလာပါတယ်။ ဒါပေမဲ့လူ့လောက ကြီးတခုလုံးကို အဆုံးအဖြတ်ပေးနေတာ အရင်းရှင်စနစ် ဖြစ်နေဆဲပဲ ဖြစ်တယ်။ ဆိုရှယ်လစ်စနစ်ဟာ အဆုံးအဖြတ်ပေးတဲ့ အခန်းကို မရောက်သေးပါ။ အမေရိကန်နယ်ချဲ့နိုင်ငံဟာ အရင်းရှင်စနစ်ရဲ့ ရှေ့ ဆောင်နိုင်ငံဖြစ်တော့ အမေရိကန် နိုင်ငံမှာ တခုခုဖြစ်ရင် တကမ္ဘာလုံးကို ဂယက်ရိုက်ခတ်ပါတယ်။ သိပ္ပံနည်းပညာတွေ ပေါက်ကွဲထွက်လာပြီး ဂလိုဘယ် လိုက်ဇေးရှင်းဖြစ်လာတော့လဲ အရင်းရှင်စနစ်ရဲ့ဂလိုဘယ် လိုက်ဇေးရှင်းပဲ ဖြစ်လာတယ်။ တနည်းပြောရရင် အမေရိကန် ဗိုလ်ကျစိုးမိုးရေးရဲ့ဂလိုဘယ် လိုက်ဇေးရှင်းပဲ ဖြစ်လာပါတယ်။ ဒါကြောင့် အရင်းရှင်စနစ် လွှမ်းမိုးနေတဲ့ ကမ္ဘာကြီးမှာ အရင်းရှင်နိုင်ငံတွေမှာ ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ ဆိုပြီး ကွဲသွားပါတယ်။ ဆင်းရဲ ချမ်းသာ ကွာဟမှုကြီးတယ်လို့ပြောကြပါတယ်။ ဆိုရှယ်လစ်နိုင်ငံတွေဟာ ဆင်းရဲ မွဲတေတဲ့ နိုင်ငံကနေ ဆိုရှယ်လစ် နိုင်ငံကို ထူထောင်ရတာကြောင့် စီးပွားရေး အဆင့်ဘယ်လောက်မှ မတက်လာသေးပါဘူး။ အဲ့ဒီအပြင် ပီပြင်တဲ့ ဆိုရှယ်လစ် စီးပွားရေးကို မထူထောင်နိုင်သေးဘဲ အရင်းရှင် အစိပ်အပိုင်းတွေကို ခွင့်ပြုထားရသေးတဲ့ ကာလဖြစ်တော့ ကမ္ဘာ့စီးပွားရေးပျက်မှုဒဏ်ကို သူတို့လည်းအနည်းနဲ့အများတော့ ခံစားရပါလိမ့်မယ်။ အခုဖြစ်နေတဲ့ အရင်းရှင်စီးပွားရေးကျဆင်းမှု အကြပ်အတည်းဟာ အရင်းရှင် ဂလိုဘယ် လိုက်ဇေးရှင်း ကာလကြီးမှာဖြစ်တာကြောင့် သမိုင်းမှာပေါ်ခဲ့တဲ့ အရင်းရှင်စနစ် အကြပ်အတည်းတွေနဲ့မတူဘဲ ပိုအန္တရာယ်ကြီးပါတယ်။ စစ်အေးလွန်ကာလ ကုန်ဆုံးချိန် ကမ္ဘာ့စည်း စနစ်ဟောင်းကလည်း တည်ငြိမ်မှုကိုမပေးနိုင်၊ စည်းစနစ်သစ်ကလည်း မပေါ်ပေါက်သေးတဲ့ ကာလဖြစ်တာကြောင့်ရယ်၊ တကမ္ဘာလုံးပျက်သုဉ်းနိုင်တဲ့ လက်နက်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေကလည်း ရှိနေပြန်တယ်ဆိုတော့ အန္တရာယ်က မတွေးဝံ့စရာပါပဲ။

၁၉၃၀ ကဖြစ်ပေါ်တဲ့ အရင်းရှင်စနစ် စီးပွားရေးကပ်နဲ့ မတူဘူးလို့ ပြောနေကြပါတယ်။ ၁၉၃၀ ခုနှစ်တွေတုန်းက ကမ္ဘာ့အရင်းရှင်စနစ်ကို ဦးဆောင် ဦးရွက်ပြုနေတဲ့ နိုင်ငံတွေက အနောက်ဥရောပ နယ်ချဲ့နိုင်ငံတွေပါ။ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ စတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ သူ့ဖာသာသူ သီးခြားအားမွေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းလည်းမဟုတ်သေးပါ။ ဒါပေမဲ့လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကနယ်ချဲ့စနစ် အဖြစ်နဲ့ကမ္ဘာပတ်နေပါပြီ။ ဒါကြောင့် ဥရောပနယ်ချဲ့နိုင်ငံတွေမှာ စီးပွားရေး အကြပ်အတည်း ပေါ်လာတော့ အမေရိကန်တို့ ဂျပန်တို့မှာလည်း အနှေးနဲ့အ မြန်တော့ ဂယက်ရိုက်ပါတယ်။ အဲ့ဒီတုန်းက အရင်းရှင်စနစ်အောက်မှာ အရင်းရှင် စနစ်အကြပ်အတည်းကို အရင်းရှင်နည်းနဲ့ ကြိုးစားဖြေရှင်း ကြပါတယ်။ ကြိုးစားကုစား ကြပါတယ်။ နောက်ဆုံးတခြား နည်းလမ်းတွေနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့ အဆုံးမှာ စစ်ပွဲဆိုတာနဲ့ ဖြေရှင်းလိုက် ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတာပါပဲ။ အဲ့ဒီတုန်းက ဆိုရှယ်လစ်နိုင်ငံဟာ ဆိုဗီယက်တနိုင်ငံထဲပဲ ရှိပါတယ်။ ဒါပေမဲ့ဆိုဗီယက်နိုင်ငံဟာ လီနင်ရဲ့ စီးပွားရေး ပေါ်လစီသစ်အရ နိုင်ငံကို စီးပွားရေးအရ အောင်မြင်စွာထူထောင်နိုင်ပြီး တည်ငြိမ် တိုးတက်လာပါတယ်။ ၁၉၃၀ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အပီအပြင် ထူထောင်နိုင်တာကြောင့် အရင်းရှင်ကမ္ဘာမှာ စီးပွားရေးကပ်ဆိုက်ပေမဲ့ ဆိုဗီယက်မှာ စီးပွားရေးတည်ငြိမ်ပြီး မှန်မှန်ပဲ တိုးတက်ဖွံ့ဖြိုး နေပါတယ်။ အဲ့ဒီတုန်းက အရင်းရှင်စနစ်အကျပ်အတည်းနဲ့ ဆိုရှယ်လစ်စနစ်ရဲ့အားသာချက်ကို ဒီလိုပြတ်ပြတ်သားသား ရှင်းရှင်း လင်းလင်း မြင်နိုင်ပါတယ်။ ဒီကနေ့ ၂၁ ရာစုအစပိုင်း အရင်းရှင်နယ်ချဲ့စနစ်ရဲ့ဂလိုဘယ် လိုက်ဇေးရှင်း အခြေအနေမှာ ပေါ်ပေါက်တဲ့ စီးပွားရေး အကြပ်အတည်း ကာလမှာ ဆိုရှယ်လစ်နိုင်ငံတွေ ၁၉၃၀ ခုနှစ်ကထက်များပေမဲ့ ဆိုရှယ်လစ် စနစ်ရဲ့အားသာချက်ကို ဘယ်လောက်မှထုတ်ဖေါ်နိုင်ဦးမယ်မဟုတ်ပါ။

၁၉၃၀ ခုနှစ်မှာပေါ်ပေါက်တဲ့ အရင်းရှင်စီးပွားရေးအကြပ်အတည်းဟာ နောက်ဆုံးမှာ ဒုတိယကမ္ဘာစစ် (၁၉၃၈-၁၉၄၅)နဲ့ ဖြေရှင်းလိုက်ကြတဲ့အခါမှာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အသွင်အပြင်ဟာ အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ အရင်းရှင်စနစ်ကြီးကို အနောက်ဥရောပနယ်ချဲ့နိုင်ငံတွေက ခေါင်းဆောင်မှုပေးနေရာက အမေရိကန်အရင်းရှင်နယ်ချဲ့က ဦးဆောင်မှုနေရာကို ရရှိလာပြီး ခေတ်သစ်ကိုလိုနီစနစ်ကို ထူထောင်လိုက်နိုင်ပါတယ်။ အရှေ့ဥရောပတခုလုံးနဲ့ အာရှကုန်းမကြီး မြောက်ခြမ်းနဲ့အလယ်ပိုင်းတခုလုံး ဆိုရှယ်လစ်နိုင်ငံတွေ ဖြစ်ကုန်တယ်။ ကရစ်ဘီယံပင်လယ်ထဲကကျူးဗားနိုင်ငံလည်း ဆိုရှယ်လစ်နိုင်ငံဖြစ်လာတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကို အရင်းရှင်စနစ်ကပဲ အဆုံးအဖြတ်ပေးမြဲဖြစ်ပြီး ဆိုရှယ်လစ်စနစ်က အဆုံးအဖြတ်အခန်းကို ရောက်ဖို့လုံးပမ်းဆဲကာလပဲ ဖြစ်ပါတယ်။ နိုင်ငံရေးစကားနဲ့ပြောရင်တော့ အရင်းရှင်နယ်ချဲ့စနစ်နဲ့ ဆိုရှယ်လစ် တော်လှန်ရေး ခေတ်ကြီးထဲမှာပဲဖြစ်ပါတယ်။ ဒီခေတ်ကာလရဲ့ထူးခြားချက်က အရင်းရှင်နယ်ချဲ့စနစ်ကို ခေါင်းဆောင်တာ အမေရိကန်နယ်ချဲ့သမားဖြစ်ပြီး ဆိုရှယ်လစ်နိုင်ငံ အများအပြားပေါ်ထွက်လာသလို ကိုလိုနီကျွန်ဘ၀က ရုန်းထွက်လာနိုင်တဲ့ လွတ်လပ်တဲ့အမျိုးသားနိုင်ငံတွေ အများအပြာပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ ဆိုရှယ်လစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ ဆက်စပ်ပေါင်းကူးသွားကြတာပါပဲ။ ဗမာပြည်ဟာ အဲ့ဒီ ကမ္ဘာ့အခြေအနေနဲ့အညီ မိမိ ထူးခြားချက်ကို ဆုပ်ကိုင်ပြီး ဒုတိယ ကမ္ဘာစစ်ကိုဖြတ်သန်းလိုက်နိုင်တာကြောင့် ဒုတိယကမ္ဘာစစ်အပြီးမှာ လွတ်လပ်တဲ့နိုင်ငံတခုဖြစ်လာတယ်။ မိမိ အမျိုးသားဂုဏ်သိက္ခာကို မြှင့်တင်လိုက်နိုင်တယ်။ အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်လာနိုင်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် အမေရိကန်ခေါင်းဆောင်တဲ့ အရင်းရှင်ကမ္ဘာမှာလည်း အရင်းရှင်စနစ်အရ ပြန်လည်ထူထောင်ရေးတွေ လုပ်ပါတယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ ဘဏ္ဍာအရင်းအနှီးလက်ဝါးကြီးအုပ်မှုကို ပြန်လည်ခွဲဝေ နေရာယူရတာဖြစ်ပါတယ်။တကယ်တော့ အရာရာကို အမေရိကန်နယ်ချဲ့သမားက လက်ဝါးကြီးအုပ်စီးမိသွားပြီး ကျန်တဲ့အရင်းရှင်နိုင်ငံတွေဟာ အမေရိကန်ရဲ့ထီးရိပ်အောက်က နေထိုင်လုပ်ကိုင်ရတာဖြစ်သွားပါတယ်။
ဆိုရှယ်လစ် နိုင်ငံတွေဟာလည်း ဆိုဗီယက်အမှူးပြုတဲ့ အုပ်စုတခုအဖြစ်နဲ့ရပ်တည်လှုပ်ရှားလာပါတယ်။ အဲ့ဒီလိုအမေရိကန်နယ်ချဲ့ ခေါင်းဆောင်တဲ့ အရင်းရှင်ကမ္ဘာနဲ့ ဆိုဗီယက်အမှူးပြုတဲ့ကမ္ဘာဆိုပြီး ပေါ်လာပါတယ်။ အဲ့ဒီအုပ်စုနှစ်ခုရဲ့ ပဋိပက္ခဟာ ကမ္ဘာမှာ စစ်အေးဆိုတဲ့ ကာလကြီးကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ လွတ်လပ်ခါစ နိုင်ငံတွေကလည်း ဘက်မလိုက်ကြားနေရေး အုပ်စုကို ထူထောင်လိုက်ကြပြီး စနစ်ချင်းမတူတဲ့နိုင်ငံတွေအချင်းချင်း ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို အဆိုပြုချမှတ်ကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း နောင်မှာ ဒီမူ ၅ ချက်ကို ကျင့်သုံးလာပါတယ်။ ဒါပေမဲ့ အမေရိကန် ခေါင်းဆောင်တဲ့ အရင်းရှင်နယ်ချဲ့အုပ်စုက ခေတ်သစ် ကိုလိုနီစနစ်ကို ကျင့်သုံးတာကြောင့် ကမ္ဘာစစ်ကြီး ထ မဖြစ်ပေမဲ့ ဒေသစစ်ပွဲတွေ၊ အာဏာသိမ်းပွဲတွေ၊ နိုင်ငံရေးလုပ်ကြံမှုတွေ ကမ္ဘာ့နေရာအနှံ့မှာဖြစ်လာပါတယ်။

၁၉၆၀ ခုနှစ်တွေရောက်တဲ့အခါမှာ ဆိုရှယ်လစ်အုပ်စုထဲမှာ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာပါတယ်။ အရင်းခံကတော့ မာ့က်စ်ဝါဒမူတွေကို ဆုပ်ကိုင်ရေးနဲ့ မာ့က်စ်ဝါဒမူတွေကို စွန့်လွှတ်ရေးဖြစ်တယ်။ မာ့က်စ်ဝါဒမူတွေ စွန့်လွှတ်တာကို ခေတ်သစ်ပြန်လည်ပြင်ဆင်ရေးဝါဒလို့ခေါ်ပါတယ်။ခရုရှော့အမှူးပြုတဲ့ ဆိုဗီယက်ကွန်မြူနစ်ပါတီမှာ ပေါ်ပေါက်တာဖြစ်ပါတယ်။ အဲ့ဒီဝါဒအရ ဆိုရှယ်လစ်စနစ်ကိုစွန့်လွှတ်ပြီး အရင်းရှင်ဝါဒကို ပြန်လည် ကျင့်သုံးတာ ဖြစ်တယ်။ ဒါကြောင့် ဆိုရှယ်လစ်အုပ်စုမှာ ဆိုဗီယက်လိုင်းနဲ့ တရုတ်လိုင်းဆိုပြီး ကွဲသွားပါတယ်။ အဲ့ဒီကနေ ၁၉၇၀ ခုနှစ် အစပိုင်းကိုရောက်တော့ဆိုရှယ်လစ်ဂိုဏ်းဆိုတာ မရှိတော့ပါ။ အမေရိကန်ခေါင်းဆောင်တဲ့ နယ်ချဲ့အုပ်စုနဲ့ ဆိုဗီယက် ခေါင်းဆောင်တဲ့ ပြန်လည် ပြင်ဆင်ရေးအုပ်စုတို့ ထိပ်တိုက်တိုးတဲ့ စစ်အေးကာလဖြစ်သွားပါတော့တယ်။ ကမ္ဘာမှာ အမေရိကန်ခေါင်းဆောင်တဲ့ အရင်းရှင်အုပ်စုက၀င်စွက်တ ဒေသမတည်မငြိမ်မှုတွေနဲ့ ဒေသစစ်ပွဲတွေ ဖြစ်သလို ဆိုဗီယက် ပြန်လည် ပြင်ဆင်ရေးအုပ်စုက ၀င်စွက်တဲ့ ဒေသမတည်မငြိမ်မှုနဲ့ ဒေသစစ်ပွဲတွေ ဖြစ်လေ့ရှိလာပါတယ်။

၁၉၈၀ ခုနှစ် အကုန်ပိုင်းရောက်တဲ့အခါမှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆိုဗီယက်အုပ်စုပြိုကွဲသွားပါတယ်။ စစ်အေးကာလ ပြီးဆုံးသွားတယ်လို့ပြောပါတယ်။ အမေရိကန်နယ်ချဲ့သမားဟာ အရင်းရှင်နယ်ချဲ့နိုင်ငံဟောင်းတွေအပေါ် သြဇာညောင်းသလို ဆိုဗီယက် ပြန်လည် ပြင်ဆင်ရေးအုပ်စုဝင်အားလုံးအပေါ်လည်း သြဇာလွှမ်းလာနိုင်ခဲ့ပါတော့တယ်။ အမေရိကန်နဲ့ ဆိုဗီယက်ထိပ်တိုက်ဖြစ်မှုဟာ မရှိတော့ပါ။ ဥရောပ၊ အာရှ မြေပုံမှာ အပြောင်းအလဲတွေ အကြီးအကျယ် ဖြစ်ကုန်ပါတယ်။ အဲ့ဒီကာလမှာတက်လာတဲ့ အမေရိကန်သမ္မတတိုင်းဟာ အမေရိကန်ရာစုနှစ်၊ အမေရိကန် ခေါင်းဆောင်မှု ဆိုတာကို ပြောဆိုတဲ့ အခြေအနေဖြစ်လာပါတယ်။

စစ်အေးလွန်ကာလတလျှောက်မှာ အမေရိကန်နယ်ချဲ့သမားထင်တိုင်းကြဲတဲ့ကာလလို့ ပြောလို့ရပါတယ်။ သိပ္ပံနည်းပညာ ပေါက်ကွဲမှုတွေ ဖြစ်လာပြီး အမေရိကန်အရင်းရှင်စနစ်ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကာလ ဖြစ်လာလို့ပါပဲ။ ဒီကာလအတွင်း ကမ္ဘာ့ဘယ်ထောင့်ကြားက ဘယ်ပြဿနာမဆိုအမေရိကန်မပါတာမရှိပါ။ ဒေသစစ်ပွဲဆိုလည်း အမေရိကန်ပါတာပဲ။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအကြောင်းပြပြီး ဘယ်ပြည်တွင်းရေးမဆို ဘယ်ဒေသကိုမဆို တနည်း မဟုတ်တနည်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းနဲ့ အမေရိကန်ပါဝင်ပတ်သက်ရတာချည်းပဲဖြစ်တယ်။

ငွေရေး ကြေးရေး ဘဏ္ဍာရေး ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေး၊ ထုတ်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး စတဲ့ နယ်ပယ်အားလုံးကို အမေရိကန် လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေကပဲ လက်ဝါးကြီးအုပ်ထားနိုင်တာဖြစ်ပါတယ်။ အမေရိကန်ဟာ စီးပွားရေးအင်အားအကြီးဆုံးပါ။ စစ်ရေးမှာလည်းအင်အားအကြီးဆုံးပါ။ ဒါကြောင့်အမေရိကန်မှာ ပေါ်ပေါက်တဲ့ စီးပွားရေးအကြပ်အတည်းဟာ ဘယ်ခေတ်ကာလတွေနဲ့မှမတူတဲ့ အန္တရာယ်ကြီးကို ကမ္ဘာသူ ကမ္ဘာသား တွေဆီ သယ်ဆောင်လာပါလိမ့်မယ်။

အရင်းရှင်နယ်ချဲ့စနစ်ဟာ ဘယ်လောက်ပဲအသွင်တွေပြောင်းပြောင်း ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုးတက်ပါတယ် ဆိုဆို သူ့ရဲ့ကျဆုံးရမယ့် အရင်းခံအကြောင်းအချက်တွေဟာ သူ့ရဲ့သန္ဓေပါအကြောင်းအချက်တွေ ဖြစ်နေပါတယ်။ ဒါကို ဘယ်လိုမှ ရှောင်လွဲလို့မရပါ။ ရာစုနှစ် ၂ ခု ကျော်လောက် ရှင်သန် တည်တန့်လာတဲ့ အရင်းရှင်စနစ်ဟာ အခုအချိန်မှာ မီးစာကုန် ဆီခန်း ဘ၀ကိုရောက်လာနေပြီ ဖြစ်တယ်။ ဒါကို လီနင်က အစောကြီးကတည်းကတွေ့မြင်ခဲ့တယ်။ ဒါကြောင့် လီနင်က နယ်ချဲ့စနစ်ဟာ သေပန်းပွင့်နေတဲ့ အရင်းရှင်စနစ်လို့ပြောခဲ့တာပဲ။ ဆိုရှယ်လစ်ဂိုဏ်းပြိုကွဲသွားတာတို့ သိပ္ပံနည်းပညာ ပေါက်ကွဲလာတာတို့ဆိုတဲ့ အကြောင်းအချက်တွေဟာ အမေရိကန်နယ်ချဲ့စနစ်ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်ပေါ်စေလိုက်တာအမှန်ပဲ။ အဲ့ဒါကြောင့်လည်း တချို့က အရင်းရှင်စနစ်သာတည်ရှိလိမ့်မယ်၊ အရင်းရှင်စနစ်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်ပြီး အရင်းရှင်စနစ်ပဲ ဆက်လက်ရှင်သန်တည်ရှိလိမ့်မယ်လို့ မြင်ကြတာပဲ။ ဆိုရှယ်လစ်စနစ်ဆိုတာ လက်တွေ့မဖြစ်နိုင်တဲ့စနစ်လို့တောင် တချို့ကပြောနေကြပါတယ်။ တကယ်ကအရင်းရှင်စနစ်ဟာ သွေးစုတ်မှု ကပ်ပါးစနစ်ကို အခြေခံရတယ်။ အစွန်းထွက်တန်ဘိုးနဲ့ လှီးယူရတဲ့စနစ်ဖြစ်တယ်။ ဘဏ္ဍာ အရင်းအနှီးကို လက်ဝါးကြီး အုပ်ရတဲ့စနစ်ဖြစ်တယ်။
ဘဏ္ဍာ အရင်းအနှီးကို အကြွေးစနစ်နဲ့လည်ပတ်ရတာဖြစ်တယ်။ စတော့ရှယ်ယာ ငွေချေး စာချုပ်၊ ချေးငွေဆိုတာတွေဟာ အကြွေးစနစ်တွေပဲ။ ငွေကြေးဈေးကွက်ဆိုတာကတော့ လောင်းကစားဝိုင်းကြီးပါ။ ဈေးကွက်လွှတ်ထားတယ်ဆိုပြီး ဈေးကွက်စီးပွားရေးလို့ပြောကာ ထုတ်လုပ်ရေးကို စည်းမဲ့ကမ်းမဲ့ထုတ်လုပ်တယ်။ အရင်းရှင်စနစ်ဟာ အဲ့ဒါတွေကို မလွဲမသွေလုပ်ရတာဖြစ်ပါတယ်။ အဲ့ဒါတွေမလုပ်ရင် အရင်းရှင်စနစ်မဟုတ်တော့ပါ။ အဲ့ဒါတွေလုပ်ရတာကြောင့်လည်း အရင်းရှင်စနစ်မှာမလွဲမသွေအကြပ်အတည်းပေါ်ရပါတယ်။ အခုအမေရိကန် ဘဏ် တွေပြိုတာ အကြွေးစနစ်နဲ့လည်ပတ်ထားတာကြောင့်ပဲ။ဘဏ်တွေမှာ ငွေမရှိဘူး။ အခွံပဲဖြစ်တယ်။ အဲ့ဒီတော့ တနွယ် ငင်တစင်ပါဆိုသလိုဆက်စပ်တဲ့ အရင်းရှင်စီးပွားရေးအစိပ်အပိုင်းအားလုံးထိခိုက်တော့တာပဲ၊
လောလောဆယ် အလုပ် လက်မဲ့ဦးရေတိုးပွားလာတယ်။ အငတ်ဘေးနီးကပ်လာတဲ့ဒေသတွေများလာတယ်။ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး နယ်ပယ် အားလုံးမှာ မတည်မငြိမ်မှုတွေတိုးပွားလာတယ်။ ဒါတွေအားလုံးမှာမတည်ငြိမ်မှုတွေ တိုးပွားလာတယ်။ ဒါတွေအားလုံးဟာ အရင်းရင်စနစ်ထဲက အရင်းရှင်စနစ်ကို သေတွင်းပို့မဲ့ အရင်းရှင်စနစ်ရဲ့ သန္ဓေပါအကြောင်းအချက်တွေပဲ။

အရင်းရှင်စနစ်မှာ အကြပ်အတည်းတွေ့လာရင် ထွက်ပေါက်အဖြစ် နှစ်နည်း နဲ့ပဲ ဖြေရှင်းတာတွေ့ရပါတယ်။ တနည်း က ၀ယ်လိုအားမြှင့်တင်တဲ့နည်းနဲ့ ဖြေရှင်းပါတယ်။ အဲ့ဒီနည်းဟာ စားသုံးသူတွေကို သုံးစွဲစရာငွေကြေးရှိလာအောင် အလုပ်အကိုင် ဖန်တီးပေးတာလုပ်တယ်။ အဲဒီနည်းနဲ့ ၀ယ်လိုအားတက်လာတာနဲ့အမျှ အရင်းအနှီးလည်ပတ်မှု တွေပုံမှန်ဖြစ်လာပြီး သွေးစုပ်မှုကိုလည်း မှန်တန်းဖြစ်အောင် ထိန်းလိုက်ခြင်းဖြင့် လက်ဝါးကြီးအုပ်မှု နယ်ပယ်နဲ့ အတိုင်းအတာကို ထပ်မံတိုးချဲ့ ကြီးထွားစေလိုက်ကာ ဈေးကွက်ကိုလည်း တိုးချုံ့စေလိုက်တဲ့နည်းပဲဖြစ်ပါတယ်။ ဒါဟာ လည်ပတ်နေတဲ့ အရင်းရှင်စနစ်ယန္တယားကြီး တနေရာမှာပိတ်ဆို့သွားတဲ့အခါ အဲ့ဒီပိတ်ဆို့နေတာကို ဖယ်ရှားလိုက်ခြင်း အားဖြင့် ယန္တယားကို ပုံမှန်ပြန်လည်ပတ်အောင်လုပ်တဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် တနေရာမဟုတ်တနေရာမှာ ပြန်ပိတ်ဆို့တတ်ပြီး မရင်းရှင်စနစ်ဟာလည်း တချိန်မဟုတ်တချိန်မှာ ပြန်ပြီးအကြပ်အတည်းနဲ့ရင်ဆိုင်ရပါတယ်။

အဲဒီလို ၀ယ်အားမြှင့်တင်တဲ့နည်းနဲ့ ဖြေရှင်းလို့မရရင် စစ်ထတိုက်တဲ့နည်း ကိုသုံးတာပဲ။ စစ်တိုက်တဲ့နည်းနဲ့ ဖြေရှင်းတာကတော့ စစ်ရှုံးသွားသူတွေ ဆီမှာရှိတဲ့ အရင်းရှင်ယန္တယားအဟောင်းနေရာမှာ အရင်းရှင်ယန္တယားအသစ်နဲ့ အစားထိုးပစ်တာလုပ်တာပဲ။ ဒီနည်းနဲ့စစ်နိုင်သူတွေက သူတို့ရဲ့လက်ဝါးကြီးအုပ်အရင်းအနှီးကို တိုးချဲ့နိုင်ပြီး၊ စစ်ရှုံးသူတွေက အကန့်အသတ်နဲ့ လက်ဝါးကြီးအုပ် အရင်းအနှီးကို ထိန်းသိမ်းခွင့် ရသွားစေတဲ့ နည်းတွေပဲဖြစ်တယ်။ ဒီနည်းနဲ့ အရင်းရှင်စနစ်ကို အသက်ဆက်ကြတယ်။

၁၉၃၀ ခုနှစ် အမေရိကန်စီးပွားရေးအကြပ်အတည်းကို ဖြေရှင်းပုံနဲ့ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ မာရှယ်စီမံကိန်းကိုလေ့လာရင် ဒီကိစ္စတွေ အတော်ထင်သာမြင်သာဖြစ်ပါတယ်။ ၁၉၂၉ - ၃၀ မှာ အမေရိကန်မှာ စီးပွား ရေးကပ်ဆိုက်တော့ ၀ယ်လိုအားမြှင့်တင်တဲ့နည်းနဲ့အမေရိကန်ဟာသူ့စီးပွားရေး အကြပ်အတည်းကို သူကျော်နင်းပါတယ်။ စစ်လက်နက်ပစ္စည်းစက်ရုံတွေထောင်ပြီး အလုပ်လက်မဲ့ပြဿနာတွေဖြေရှင်းတယ်။ ဥရောပကိုစစ်လက်နက် ရောင်းချတဲ့ ဈေးကွက်အဖြစ် ဖန်တီးလိုက်တယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်လာတော့ အမေရိကန်ဟာ လက်နက်ရောင်းချသူ ငွေချေးစားသူ ဖြစ်လာတယ်။ ဂျပန်က အမေရိကန်ကိုဝင်တိုက်လို့ အမေရိကန်စစ်ထဲ ၀င်လာပေမဲ့ အမေရိကန်ဟာ စစ်တလင်း မဖြစ်တာကြောင့် ထုတ်လုပ်ရေးတွေ (လယ်ယာ၊ စက်မှုအားလုံး) ပုံမှန်ပဲလုပ်နိုင်တယ်။ ပို့ကုန်တွေ ပိုလျှံတာ ခေတ္တဖြစ်တယ်။ ဥရောပစစ်မြေပြင်မှာ အပြင်းအထန် တိုက်ခိုက်နေကြတုန်း ၀ယ်လိုအားကျသွားလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်အပြီးမှာ မာရှယ်စီမံကိန်းအရ ဥရောပနိုင်ငံတွေကို အကူအညီ အထောက်အပံ့တွေပေးတဲ့နည်းနဲ့ ၀ယ်လိုအားမြှင့်တင်လိုက်တဲ့အခါမှာ ပိုလျှံနေတဲ့ ပို့ကုန်ပြဿနာဟာ နေ့ချင်းညချင်းဖြေရှင်းပြီးရုံမက ထုတ်လုပ်ရေးတွေ အများကြီးတိုးချဲ့နိုင်လာတယ်။
ဒီနည်းနဲ့ အရင်းရှင်စနစ်နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီတို့လက်ပမ်းကျသွား ချိန်မှာ အမေရိကန်အရင်းရှင်စနစ်က လက်ခံမောင်း ထ ခတ်တော့တာပဲ။

တဘက်မှာ အရင်းရှင်စနစ်အကြပ်အတည်းတွေ့လေလေ အဖိနှိပ်ခံပြည်သူတွေ အဖိနှိပ်ခံအမျိုးသားတွေဟာ နိုးကြားမှုရှိပြီး စည်းလုံးမှုရှိကြရင်တော်လှန်ရေးတွေ ပေါက်ကွဲဖို့အလားအလာရှိလေပါပဲ။ ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈)ဖြစ်တော့ ရုရှမှာဆိုရှယ်လစ်တော်လှန်ရေးအောင်မြင်သွားတယ်။
အဖိနှိပ်ခံ အမျိုးသားပြည်သူတွေ နိုးကြားလာ တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တော့ အရှေ့ဥရောပတခုလုံး အာရှအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတခုလုံး ဆိုရှယ်လစ်နိုင်ငံတွေ ဖြစ်လာတယ်။ ကာရစ်ဘီယံပင်လယ်က ကျူးဗားနိုင်ငံလည်း ဆိုရှယ်လစ်နိုင်ငံဖြစ်လာတယ်။ ကိုလိုနီနိုင်ငံအများအပြား လွတ်လပ်ရေး ရလာတယ်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး စိတ်ဓာတ်တကမ္ဘာလုံးမှာ မြင့်မားလာတယ်။ ကွန်မြူနစ် လှုပ်ရှားအရှိန်အဟုန်မြင့်တက်လာခဲ့ပါတယ်။

စစ်ရေးကာလမှာ ဆိုရှယ်လစ်လှုပ်ရှားမှုအတွင်းမှာ ပြန်လည်ပြင်ဆင်ရေးဝါဒပေါ်ပေါက်လာပြီး ဆိုဗီယက်အမှူးပြုတဲ့ အုပ်စုတခုလုံး အဲ့ဒီ ပြန်လည် ပြင်ဆင်ရေးဝါဒ ဒါမှမဟုတ် အရင်းရှင်လမ်းကြောင်း ပြန်လိုက်ခဲ့တာကြောင့် ဆိုရှယ်လစ်လှုပ်ရှားမှုဟာ အကြီးအကျယ် အားနည်း ယုတ်လျှော့ သွားခဲ့ရတယ်။ တော်လှန်ရေးတွေလည်း ကသောင်းကနင်းဖြစ် လာပီး တော်လှန်ရေးတွေ ပေါက်ကွဲ အောင်ပွဲခံတာ မရှိတော့ပါ။ စစ်အေးကာလ ကုန်ဆုံးတော့ဆိုဗီယက်အုပ်စုလည်း ပြိုကွဲပြီး အမေရိကန်နယ်ချဲ့သမားလည်း ကမ္ဘာမှာ တဦးတည်းသော ဗိုလ်ဖြစ်လာတယ်။ ဒါကို အရင်းရှင်စံနစ်အောင်ပွဲခံပြီး ဆိုရှယ်လစ်စနစ် နောက်ဆုတ်ရတယ်လို့ ပြောကြတာဖြစ်ပါတယ်။

အခုအချိန်အခါမှာ ဆိုရှယ်လစ်အင်အားစုတွေဘက်က လုံလောက်တဲ့ ပြင်ဆင်မှုတွေ ရှိမယ်ဆိုရင် အမေရိကန် နယ်ချဲ့စနစ်ရဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကာလမှာ ပေါ်ပေါက်တဲ့ အကြပ်အတည်းဟာ တမ္ဘာလုံးတော်လှန်ရေးတွေ ပေါက်ကွဲဘို့ အလားအလာအရှိဆုံး အချိန်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆိုရှယ်လစ် အင်အားစုတွေ တော်လှန်တဲ့ ကမ္ဘာ့ပြည် သူတွေ ကိုလိုနီစနစ်ကို ဆန့်ကျင်တဲ့ မျိုးချစ်တွေဘက်က လုံးဝ ပြင်ဆင်မှု မရှိတော့ မဟုတ်ပါ။
သူ့နည်းနဲ့သူ၊ သူ့အတိုင်း အတာနဲ့သူ၊ သူ့ကဏ္ဍနဲ့သူတော့ လုံးပမ်းနေကြတာပါပဲ။ ကနေ့ အမေရိကန်ကစလိုက်တဲ့ အရင်းရှင်စံနစ် အကြပ်အတည်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းကြသလဲ အပေါ်မှာ မူတည်ပြီး လှုပ်ရှားမှုတွေကလည်း ပုံစံအသစ်တွေနဲ့ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ တော်လှန်ရေးပုံစံသစ်တွေကို မြင်တွေ့ရဖို့အလားအလာရှိနေပါတယ်။ နိပေါ နိုင်ငံကတော့ ဈေးဦးပေါက်သွားပြီ။

ဗမာပြည်ဟာ စစ်ဗျူရိုကရက် အရင်းရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ဆင်းရဲမွဲတွေနေတဲ့ အရင်းရှင်စနစ်နိုင်ငံ တနိုင်ငံပါ။ အရင်းရှင်စီးပွားရေး အကြပ်အတည်း ဒဏ်ကို မလွဲမသွေခံရပါလိမ့်မယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ ဆုံးရှုံးစရာများပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆုံးရှုံးစရာမရှိလို့ ကမ္ဘာ့စီးပွားပျက်လည်းဆင်းရဲတဲ့နိုင်ငံတွေကတော့ မဆုံးရှုံးပါဘူးလို့ပြောချင် ရင်တော့ပြောလို့ရပါတယ်။ ကနေ့ ဗမာပြည်မှာ ဖြစ်နေတာက ဆင်းရဲတဲ့ ဗမာပြည်ဟာ ခရုဆံ ကျွတ်ကိန်း ဆိုက်နေပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက အမျိုးသားစည်းလုံးမှုပြိုကွဲပြီး ပြည်တွင်းစစ် တောက်လျှောက်ဖြစ်လာတဲ့ တိုင်းပြည်ဟာ ၂၁ ရာစုကမ္ဘာ့အရင်းရှင်စနစ် စီးပွားရေးကပ်ကြီးကို ဘယ်လိုကျော်နင်းမလဲ။ တိုင်းပြည်မှာ ဘာမဏ္ဍိုင်မှမရှိ တော့ဘူး။ အကုန်လုံးဟာ ဖရိုဖရဲ ဖြစ်ချင်တိုင်းဖြစ်နေပြီ။တကယ်တော့ ကျဆုံးနိုင်ငံဖြစ်နေပြီ။ တိုင်းပြည်တပြည် မှာရှိအပ်တဲ့ မဏ္ဍိုင်တွေ ဗမာပြည်မှာပြိုလဲကုန်ပြီ။ ဗမာပြည်ကို တကယ် ကယ်တင်နိုင်မှာက စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပစ်ဖို့ပဲ ဖြစ်တယ်။ စစ်အုပ်စုကိုဖျက်သိမ်းပစ်ဖို့ပဲဖြစ်တယ်။

ကနေ့စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေတာတွေဟာ အားရစရာကောင်းပါတယ်။ ဒီမိုကရေစီအင်အားစုတွေကိုမကြုံဖူး၊ မကြားဖူးတဲ့ ထောင်ဒဏ်တွေချ ဖမ်းဆီးနှိပ်စက် ညှဉ်းပမ်းသတ်ဖြတ်နေတဲ့ကြားက ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားပဲ လှုပ်ရှားတိုက်ပွဲဝင်နေကြပါတယ်။ ဒါပေမဲ့ မအောင်မြင်သေးပါ။ နည်းနာသစ်တွေရှာ ကြံကြပြီးဆက်လက်တိုက်ပွဲဝင်ရပါဦးမယ်။

လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်မရှိတာကြောင့် လျို့ဝှက်ပြီးကျစ်လစ်တဲ့ အစုအဖွဲ့လေးတွေဖွဲ့ကြပြီး အချိန်ကောင်း အခါကောင်းကိုစောင့်ရင်း အသင့်ပြင်ထားသင့်ကြပါတယ်။ အင်အားစုတိုင်းဟာ ကိုယ်ပိုင်နိုင်ရာ နယ်ပယ်တွေမှာ ကိုယ်သန်ရာတိုက်ပွဲသဏ္ဍာန်တွေအတွက် အသင့်ပြင်သင့်ပါတယ် နအဖ လက်နက်ကိုင်တပ် အသီးသီးမှာရှိတဲ့ တပ်မှူးတပ်သားတွေဟာလည်း နအဖ ထိပ်သီးတွေနဲ့လမ်းခွဲပြီး ပြည်သူလူထုဘက်ကိုရပ်ဖို့အသင့်ပြင်ရင်း အချိန် စောင့်သင့်ပါတယ်။ နအဖ ထိပ်သီးတွေဟာလည်း ဗိုလ်သန်းရွှေရဲ့အတွင်းစည်းထဲနေရတာ ကမ်းနားသစ်ပင်ဘ၀ပဲ ဆိုတာ လက်တွေ့ပေါင်းများလှပါပြီ။ သူတို့လည်း ဒီဘ၀အသိတော့ရှိသင့်ပြီ။

လူထုလူတန်းစား လူ့အလွှာ အသီးသီး အင်အားစုအသီးသီးဟာ မိမိပိုင်နိုင်ရာနယ်ပယ်မှာ မိမိ သန်ရာတိုက်ပွဲ သဏ္ဍာန်တွေအတွက် လျှို့ဝှက်ကျစ်လစ်စွာ စုစည်းကြပြီး အသင့်ပြင်ထားရသလို အစိုးရအမှုထမ်းတွေကလည်း အစိုးရ ယန္တယားထဲက ဘယ်နည်းနဲ့ဘယ်အစိတ်အပိုင်းကို ဖျက်ဆီးပစ်မယ်ဆိုတာ အသင့်ပြင်ထားရမှာ ဖြစ်ပါတယ်။ လက်နက် ကိုင်တပ်တွေလည်း ဒီလိုပါပဲ။ နအဖ ရဲ့အမိန့်ကိုဘယ်တော့ ဘယ်အချိန်မှာ ဖီဆန်ပြီး လူထုဘက်ရပ်တည်နိုင်မယ်ဆို တာ အသင့်ပြင်ရမယ်။ တနေရာရာက သဏ္ဍာန်တခုခုနဲ့ စတင်ပေါက်ကွဲတာနဲ့ နေရာအနှံ့က နည်းသဏ္ဍာန်ပေါင်းစုံနဲ့ နအဖ ကိုဦးတည်ဆန့်ကျင်တာဖြစ်ရင် ပါတီစုံဒီမိုကရေစီတံခါးဟာ ပွင့်သွားမှာမလွဲပါ။

၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးဦးတည်ချက်ထားပြီး လှုပ်ရှားရင်မတူတဲ့နယ်ပယ်၊ မတူတဲ့အင်အားစု၊ မတူတဲ့တိုက်ပွဲသဏ္ဍာန်နဲ့ လှုပ်ရှားရပေမဲ့ ခြေလှမ်းညီညီ ဟန်ချက်ညီညီလှုပ်ရှားတာဖြစ်သွားမှာ သေချာပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ တကယ်တော့ စစ်ဗိုလ်တမတ်သားပါတဲ့ ပါလီမန်မဟုတ်ပါ။ ဘောင်းဘီဝတ်ထားတဲ့ စစ်ဗိုလ် တမတ်သားပါပြီး ဘောင်းဘီချွတ်တဲ့ စစ်ဗိုလ်တွေနဲ့ စစ်အုပ်စုအလိုတော်ရိတွေ ၇၅ % ပါမယ့် ပါလီမန် ဖြစ်မှာဖြစ်တယ်။ ဒါကြောင့် စစ်အုပ်စုရဲ့လူတွေ ရာခိုင်နှုန်းပြည့်ပါတဲ့ ပါလီမန်ဖြစ်မှာပါ။ တကယ့်လူထုကိုယ်စားလှယ် တဦးတလေတောင် မပါနိုင်အောင် လုပ်ထားတာပါ။ ဒါကြောင့် ဒီအခြေခံဥပဒေဖျက်ပစ်ဖို့ တိုက်ပွဲကအစချီပြီး စစ်အုပ်စုတခုလုံးဖျက်သိမ်း ပစ်တဲ့ တိုက်ပွဲကိုလုပ်ရမှာပါ။ အရင်းရှင်စနစ်ရဲ့စီးပွားရေးပျက်ကပ်ဟာ ဒီတိုက်ပွဲအတွက် အခွင့်ကောင်းအခါကောင်း ဖြစ်နိုင်ပါတယ်။


အားလုံး အသင့်ပြင် သင့်ပြီ။

မောင်မိုးဦး
၂၅ ၊ ၁၂ ၊၂၀၀၈

မျှဝေသူ ။ ။ နော်မန်

မှတ်ချက် ။ ။ http://www.nguyinpyin.net မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Saturday, December 27, 2008

မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်


မြေအောက်ရဲဘော် ဆောင်ရန် ရှောင်ရန်


နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှား ဆောင်ရွက်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေထဲက မြေအောက်ယူဂျီနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အချက် တချို့ ကို လေ့လာထားမိသမျှလေး တင်ပြပေးပါမယ်။ အဖွဲ့စည်းတိုင်းမှာ သူ့အုပ်စုနဲ့ သူ သီးခြားညွှန်ကြားချက်တွေ ရှိပါတယ်။ အခုဆောင်းပါးလေးမှာကတော့ ယေဘုယျအချက်လေးများကို အကြံပြုပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ

ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေး၊ မိမိရဲဘော်လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာများ ကိုယ်နဲ့ မကွာပါနေရင် သွားမယ့်လမ်းကြောင်းကို သေချာရွေးပါ။ လမ်းကြောင်းတခုတည်း အစဉ်အမြဲသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

စိတ်နေစိတ်ထား

ဘယ်လောက်အရေးကြိးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန်လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ တွေးထားပါ။ မတော်တဆ အာဏာပိုင်ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် စကားပြောတဲ့အခါမှာ မျက်လုံးကို လုံးဝမကစားပါနဲ့။ ပြေပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတိုအပေါ်တွင် ခံပြင်းနေသည့် မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့်ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော လုပ်ငန်းတာဝန်ဖြစ်ပါက ကြိုတင်ဇာတ်တိုက်ထားပါ။


အ၀တ်အစား

လှုပ်ရှားမယ့်နေရာရဲ့ အ၀တ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ သတိထားမိစေနိုင်တဲ့ အ၀တ်အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအ၀တ်များတဲ့နေရာမှာ ဘောင်းဘီမ၀တ်သွားပါနဲ့။ ဘောင်းဘီဝတ်များသော နေရာမှာ ပုဆိုးဝတ်မသွားပါနဲ့။ ထင်ရှားတဲ့ တံဆိပ်ပါတဲ့ အကျီင်္တွေ၊ မြင်သာမှတ်မိလွယ်သော အရောင်တွေကို မ၀တ်ဆင်ပါနဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့ ၀တ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။ ရှပ်အကျီင်္အဖြူနဲ့ ကချင်ပုဆိုး တွဲစပ်ဝတ်ဆင်ခြင်းကို သိပ်မလုပ်ပါနဲ့။

လှုပ်ရှားမှု

စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင်တဆိုင်ဆိုင်မှာ တစုံတယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို တသမတ်မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက်အမြဲလုပ်ပါ။

နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက်ခြေလှမ်းမြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ မြှင့်ပါ။ လူအုပ်နှင့်ရောပါ။ ချိန်းထားတယ်ဆိုပြီး၊ စိတ်မလောပါနဲ့။ အခြေအနေမကောင်းပါက ချိန်းဆိုထားမှုကို ပျက်ကွက်လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး ဟိုကြည့်ဒီကြည့်မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။

မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် နံပါတ်ပြားများ သယ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင်ကတည်းက မှောင်ချိန်တွေမှာ ပြောင်းတပ်တာလုပ်ပါ။

အစည်းအဝေး

တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာဘ်စည်းနှင့် မိမိသီးခြားဆက်သွယ်မှုသာ လုပ်ပါ။ အိုဂျီလုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့ အစည်းအဝေးများ၊ အခမ်းအနားများကို လုံးဝသွားမတက်ပါနဲ့။

မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့။ လူတွေကို သီးသန့်နေရာတွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့။ ရက်တွေအများကြီး ကြိုပြီး အချိန်ကို အသိမပေးထားပါနဲ့။

ဆက်သွယ်ရေး

“လိုင်းလုံးဝ၊ လုံးဝ မပူးပါနဲ့”။ မြေအောက်ရဲဘော်တယောက်အတွက် ဒီအချက်ဟာ အသက်တမျှ အရေးကြီးလှပါတယ်။ အိုဂျီအသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး နောက်ယောင်ခံလိုက်ခံနေရတဲ့ လိုင်းတွေနဲ့ သွားပူးမိလို့၊ အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်းမဟုတ်ရင် အချင်းချင်းဖွင့်ဟ မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းတယောက်က တယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ လိုင်းလုံးဝမပူးပါနဲ့။

ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့အခါ သူတို့ရဲ့ ဂျီတော့ခ်တွေကို စောင့်ကြည့်ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွားနိုင်ပါတယ်။ မီဒီယာများနဲ့ ဆက်သွယ်တဲ့အခါမှာလဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီမဟုတ်ပဲ၊ ကလာဘ်စည်းတည်ဆောက်ရေး၊ ရေရှည်မြှုပ်နှံရေးဆိုရင် မီဒီယာများနဲ့ လုံးဝလိုင်းမပူးပါနဲ့။

ပြည်ပနဲ့၊ မီဒီယာနဲ့၊ အိုဂျီတွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူရတယ်ဆိုရင် သီးခြားအီးမေးလ်ကိုသုံးပါ။ ကိုယ့်ပြည်တွင်းကလာဘ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေးအီးမေးလ်ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ်လိပ်စာရှေ့မှာ နာမည်တွေ ထည့်ထားတာမလုပ်ပါနဲ့။ အီးမေးလ်လိပ်စာပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရတယ်လို့ သံသယရှိရင် ဒီအီးမေးလ်လိပ်စာကို တခါတည်း ဖျက်ချပစ်လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့လူများက ဆက်သွယ်မိရင် သတင်းပေါက်ကြားသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့ရှိသူများ ဘလော့ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို ပြည်တွင်းပြည်ပဆက်သွယ်ရေးမှာ မသုံးပါနဲ့။

ပည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။ လူပုံရိပ်တွေပါရင်တောင် ထင်ရှားတဲ့အမှတ်အသားတွေပါတဲ့အထိ အနီးကပ်ဓာတ်ပုံရိုက်ပို့တာတွေ မလုပ်ပါနဲ့။
ကိုယ့်ရဲဘော်လုံခြုံရေးကို အမြဲဂရုပြုပါ။ သတင်းတပုဒ်လေးအတွက် ကိုယ့်ရဲဘော်ကိုယ် စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့။

စာရွက်စာတမ်း

တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါ၊ မလွတ်နိုင်တော့ဘူးထင်ရင် USB ကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ပါ။ စာရွက်စာတမ်းတွေနဲ့ အမိမခံပါနဲ့။

စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့ ပိုစတာဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ကွန်ပျူတာသုံးတယ်ဆိုရင် ကွန်ပျူတာထဲမှာ သိမ်းမထားပါနဲ့။ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။ အထူးသဖြင့် ပြည်ပနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့ စာရွက်စာတမ်းတွေကို သိမ်းထားဖို့လိုတယ်ဆိုရင် တခြားကျောင်းမှတ်စုတွေ၊ အလုပ်မှတ်စုတွေနဲ့ ရောထားလိုက်ပါ။ ဖိုင်သီးသန့်ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။

မိတ်ဆွေများအတွက် တစုံတရာ အကျိုးရှိမယ် ယူဆပြီး၊ စေတနာနဲ့ အကြံပြုချက်များသာ ဖြစ်ပါတယ်။

တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၂၆၊ ၁၂၊ ၂၀၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Friday, December 26, 2008

ကျောင်းသားလုပ်တဲ့ နိုင်ငံရေး



ဗသြ

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com ( အမှတ်တရ ဒေါင်းအိုးဝေ ) မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 25, 2008

ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ဦးမှတ်ကြီး (ခ) ဦးလှသွင် ကွယ်လွန်လေပြီ


ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၆တွင် တာဝန် ထမ်းဆောင်ခဲ့သော ဦးမှတ်ကြီး (ခ) ဦးလှသွင်မှာ အဆုတ်ကင်ဆာ ရောဂါဖြင့် ယမန်နေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက် ညနေ ၄နာရီ ၅၈မိနစ်တွင် အမေရိကန်နိုင်ငံ၊ အော်ရီဂွန် ပြည်နယ်၊ ပို့တ်လန်းမြို့တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။


သားဖြစ်သူ ဇော်မင်းထွေးမှာ ယခုနှစ် မတ်ခ်ျလတွင် မြန်မာ့အရေးအတွက် အော်ရီဂန်ပြည်နယ်မှ နယူးယောက်အထိ မိုင်၃၀၀၀ ခရီးရှည်လျှောက်ခဲ့သူ ဖြစ်သည်။


ကျန်ရစ်သူ မိသားစုအား ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ ဆက်သွယ်နိုင်ရန်
ဆက်သွယ်ရန် ။ ။ (၅၀၃) ၂၃၉ - ၄၂၂၂


မှတ်ချက် ။ ။ http://chittemanawmyae.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်



နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ အဖွဲ့အစည်းများ တချို့ က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အလက်များကို ပြည်တွင်းသို့ အချိန်မီ သတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။

နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င်ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှု သတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။သန်းထွန်း
၂။ဇော်မင်းထွန်း
၃။တင်ထွန်းအောင်
၎။ထွန်းထွန်းဝင်း
၅။စောကျော်ထွေး
၆။ညီမင်းသူ
၇။မောင်ထွေး
၈။အောင်ထွေး
၉။နေလင်း
၁၀။သူရအောင်
၁၁။ကျော်နိုင်
၁၂။စိုးစိုးထွေး
၁၃။မိုးပပအောင်
၁၄။မိအေးမာ
၁၅။ဆွေဆွေဝင်း
၁၆။သီသီအောင်
၁၇။မသန်းအေး
၁၈။နိုင်နိုင်ဇော်
၁၉။သက်မာ
၂၀။ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။

အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး မှော်ဘီ ရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်း ရှိခဲ့သူ ဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူ ဖြစ်သည်။ ရဲမှူး သန်းထွန်းနှင့် အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။

၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး
၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး
၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး
၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး

မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့  တ၀ိုက်တွင် အခြေပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါ သည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နာမည်ဝှက်များကို အောက်ပါ အတိုင်း အသီးသီးပေး ထားသည်။

အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်း အား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေးအား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင်ထွေးအား (မယက)၊ အောင်ထွေးအား (ကိုရှုတ်)၊ နေလင်းအား (ဂျော်နီ)၊ သူရအောင်အား (သိန်းသိန်း)၊ ကျော်နိုင်အား (ကောက်ကောက်)၊ စိုးစိုးထွေးအား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာအား (မမွန်)၊ ဆွေဆွေဝင်းအား (ဒေါ်ကြီး)၊ သီသီအောင်အား (ဒေါက်တို)၊ မသန်းအေးအား (ဒွေးလေး)၊ နိုင်နိုင်ဇော်အား (မိဇော်)၊ သက်မာအား (ငကြောက်)၊ ဆင့်ဆင့်အေး အား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာကြားထားသည်။

သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင် ရှိသော တိုင်းရင်းသား လူမျိုးစုထဲထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာ ကောင်းသည့်အချက်တခုက မိန်းကလေး အင်အားစု တ၀က်နီးပါး ပါဝင်နေ၍ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အလွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး မှာထားချက်က အခု လွှတ်ထားသည့် ထောက်လှမ်းရေး အဖွဲ့အား အတိုက်အခံ အဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်း ပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။

ယခုအခါမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။

ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံ သတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုး လုပ်နေရသည့် အနေအထား ရှိပါသည်။ လက်ရှိ လွှတ်လိုက်သည့် ထောက်လှမ်းရေး အဖွဲ့၏ အားထားရာ အမာခံ သတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့ အခြေစိုက် နေရာများကို အမှီပြုပြီး လှုပ်ရှားကြမည့် အနေအထားမျိုး ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေး တပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီ မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြား တိုက်တွန်းထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီး ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲ အား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါ အဖွဲ့ဝင်များကို ဖော်ထုတ် ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်း ရေးသားလိုက်ရပါသည်။


ပြည်ထဲရေး အရာရှိတဦး (၂၄-၁၂-၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 21, 2008

မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ “မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ” ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့တပ်ရင်းတွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေမှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်းဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို ခေါ်ယူပြီး ရန်သူ့သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသားတွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက်ဆိုသလို ခေါ်ယူစစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အသေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်းက ရွာရော၊ လူတွေပါ မီးရှို့ ဖျက်ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်းက ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။

ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်းအချုပ်ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေတတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်းဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေမရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။

အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော်ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်းရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင်ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ်ဝတ်လဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။

ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေ အကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ ဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံးရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။

မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဘိုဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာအကွယ်ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်းစစ်ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူလူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်းချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာအထမမြောက်တော့ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်းအား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ်တင်ပြ ပေးပို့လိုက်ပါတယ်။


တပ်မတော်အရာရှိတဦး (၁၉-၁၂-၂၀၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Saturday, December 20, 2008

ကျောင်းသားနဲ့ နိုင်ငံရေး

ကျောင်းသားတွေ နိုင်ငံရေး “လုပ်ရ”၊ “မလုပ်ရ” ဆိုတဲ့ ပြဿနာဟာ သံဃာတွေ နိုင်ငံရေး လုပ်ရ၊ မလုပ်ရဆိုတဲ့ ပြဿနာလိုပဲ မြန်မာ့ခေတ်သစ်သမိုင်းတလျှောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။ ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက တင်ပြဖူးတယ်။ ခေါင်းစဉ်ကတော့ “ကျောင်းသား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” လို့ တိုက်ရိုက် တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ ထည့်သွင်းဆွေးနွေးထားတာက မျိုးဆက်သစ်တွေ တိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ။ ဒီအချက်တခု ငြိနေပေမယ့် “ကျောင်းသားနိုင်ငံရေး လုပ်သင့်တာပေါ့” လို့ ဘယ်သူမှ ပြန်မရေးကြပါဘူး။ ရေးရင် ဖမ်းမှာကိုး။

“စစ်သား နိုင်ငံရေး လုပ်သင့် မလုပ်သင့်” ဆိုတာတော့ စဉ်းစားခွင့်ကို ပေးမှာမဟုတ်ဘူး။ “လုပ်သင့်တယ်” ဆိုရင် အောက်ခြေစစ်သားတွေက နိုင်ငံရေးထလုပ်ရင် ဒုက္ခ။ “မလုပ်သင့်ဘူး” ဆိုရင်လည်း သူတို့ စစ်တပ်အကြီးအကဲတွေက လုပ်နေပြန်တော့ ဒုက္ခ။ သူတို့က နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ကယ်တင်နေတာတဲ့။ ဒါလည်း ဟုတ်သလိုပဲ။ သူတို့က နိုင်ငံရေးမလုပ်ဘူး၊ စီးပွားရေးပဲလုပ်တာကိုး။ ကယ်တင်တာကတော့ ဗိုလ်ချုပ်တွေကိုပဲ ကယ်တင်နေတာလေ။ နိုင်ငံရေးမလုပ်ပါ “နိုင်ငံရေးလုပ်စား” ကြတာပါ။

တကယ်တော့ မြန်မာ့ခေတ်သစ်သမိုင်းဟာ ကျောင်းသားသမိုင်းပဲ။ ကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းပဲ။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုက ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်ပဲ။ ဒါဟာ ပထမဆုံး ပညာရေးတိုက်ပွဲ၊ ကျောင်းသားအခွင့်အရေးတိုက်ပွဲဖြစ်တဲ့အပြင် ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေး တိုက်ပွဲလည်း ဖြစ်ပါတယ်။

၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တလောက မဂ္ဂဇင်း အယ်ဒီတာ၊ ဘာသာပြန်ဆရာ လုပ်နေရာက ထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တော့လည်း သခင်လေးမောင်၊ သခင်သိမ်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း စတင်ခဲ့တာပဲမဟုတ်လား။

ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ ခေါင်းဆောင် “လူကြီးလူကောင်း” တွေ ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြရတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊ မအမာတို့ရဲ့ ဒုတိယကောလိပ်သပိတ်၊ ၁၉၃၈ ခုနှစ် ဗိုလ်အောင်ကျော်တို့ရဲ့ တတိယကောလိပ်သပိတ်တို့ဟာလည်း ကျောင်းသားတွေ အသက်ပေးမြှင့်တင်ခဲ့ကြတဲ့ လွတ်လပ်ရေးတိုက်ပွဲပဲမဟုတ်ပါလား။

ကိုနု၊ ကိုလှဖေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ စတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်အပြီးမှာ သခင်တွေ ဖြစ်လာကြတယ်။ ဒို့ဗမာအစည်းအရုံးကို သခင်အောင်ဆန်းတို့ ဆက်လက်ဦးဆောင်တယ်။ ၁၉၂၀ ခုနှစ်ကတည်းက “ထီမထင်ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ် ခေါင်းပေါ်ဖျားမှာ၊ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့” လို့ ကြွေးကြော်ပါဝင်လာခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှာ ကျောင်းသားတွေက ဆက်လက်ပြီး ဦးဆောင်မှုကို ခံယူခဲ့ကြတယ်။

ဗမာ့တပ်မတော်သမိုင်းဆိုပြီး ရေးကြရင်လည်း ဗိုလ်နေ၀င်းတို့၊ ဗိုလ်အောင်ကြီးတို့ စစ်အာဏာရှင်သားအဖ မိုင်းဗုံးနဲ့ ဖြိုခွဲခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံက စတင်ရမှာပဲ ဖြစ်ပါတယ်။ ဗိုလ်လက်ျာ (သခင်လှဖေ)၊ ဗိုလ်အောင်ဆန်း၊ ဗိုလ်ဇေယျ (တကသဥက္ကဋ္ဌ ကိုလှမောင်)၊ ဗိုလ်ရန်နိုင် (ကိုထွန်းရှိန်) တို့ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြဖို့ကို သမဂ္ဂအဆောက်အအုံမှာပဲ ဆွေးနွေးစတင်ခဲ့ကြတာဟာ သမိုင်းပါပဲ။ ဒါကြောင့် “တပ်မတော်အစ ကျောင်းသားသမဂ္ဂ” လို့ ဆောင်ပုဒ်လုပ်ပြီး ကျောင်းတွေမှာ သင်ရပါအုံးမယ်။ ဒီဆောင်ပုဒ်မှာ ကန့်ကွက်ငြင်းဆို ပြင်ဆင်စရာ ဘာမှ မရှိပါဘူး။

လွတ်လပ်ရေးရပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အထူးအရေးကြီးတယ်။ ဒါလည်း ကျောင်းသားတွေက ရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။ “မှိုင်းရာပြည့်” တို့၊ “ဦးသန့်အရေးအခင်း”တို့၊ “ရှစ်လေးလုံး အရေးတော်ပုံ” တို့ဟာ ကျောင်းသားခေါင်းဆောင်မှုတွေပါပဲ။ ပေါ်ပေါက်ရတဲ့အကြောင်းရင်းက စစ်အစိုးရရဲ့ အာဏာရှင် လုပ်ရပ်တွေကြောင့်ဆိုတာ ငြင်းမရပါဘူး။ ရှစ်လေးလုံးဆိုတာ တနိုင်ငံလုံးက မခံမရပ်နိုင်ဖြစ်နေတဲ့ ငွေစက္ကူကိစ္စ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ လတ်တလောကိစ္စတွေကြောင့် ပေါ်ပေါက်လာခဲ့ရတာပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ဖရိုဖရဲဖြစ်ရတာတွေဟာ အရင်းခံပါပဲ။ ဒါတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ရတာကို ဗကပယူဂျီတွေကြောင့်လို့ တရားခံရှာရင် ဗကပပဲ ဂုဏ်တက်မှာပါ။ ဒီနေ့လည်း “မျိုးဆက်သစ်” လူငယ်လေးတွေဟာ ကျောင်းသားလေးတွေပါ။ သူတို့ရဲ့ ဘ၀အသိနဲ့ သူတို့ ထွက်လာခဲ့ကြတာပါ။

အထက်မှာ ကျနော်ဖော်ပြခဲ့တဲ့ ကျောင်းသား နိုင်ငံရေးမလုပ်သင့်ကြောင်း ဆောင်းပါးရှင်ကို ကျောင်သားတယောက်က “လုပ်ရင် ဘာဖြစ်မလဲ” ဆိုတော့ “လုပ်စမ်းကြည့်ပေါ့၊ မင့်ဘ၀အညွန့်ကျိုးမှာပဲ” တဲ့။ ခုခေတ်မှာ ကျောင်းသားတွေ နိုင်ငံရေးလုပ်ကြလို့ တဦးချင်းအရ ပြောရရင် ထောင်ကျ၊ နှိပ်စက်ခံ၊ အသတ်ခံရတဲ့အထိ နစ်နာကြရပါတယ်။ တရားခံက စစ်အစိုးရပါ။ ဒါကို ကျောင်းသားတွေ “အညွန့်ကျိုးတယ်” ဆိုတော့ ထမေးတဲ့ ကျောင်းသားက ကျနော့်ကို ဒီကိစ္စ ပြန်ပြောတယ်။ ဆောင်းပါးရှင် ကျောင်းဆရာ သူပြောတာ စေတနာနဲ့ပဲ ထားပါတော့ကွာ။ ဒါပေမယ့် “ကိုအောင်ဆန်းတို့လို ကျောင်းသားတွေ နိုင်ငံရေး မလုပ်ခဲ့ရင် ငါတို့မှာ ကျိုးစရာ အညွန့်တောင် ရှိမှာမဟုတ်ဘူး” လို့ ပြောလိုက်ရပါတယ်။

ပီနန်ဆရာတော်ကြီးက “အိမ်” ထဲမှာ နေသူတိုင်းဟာ “အိမ်” မိုးယိုတာ၊ ကြမ်းပေါက်တာတွေအတွက် တာဝန်ရှိသလိုပဲ “နိုင်ငံ” ထဲမှာ နေကြတဲ့ နိုင်ငံသားတိုင်းဟာလည်း “နိုင်ငံ” နင်းကျိုးနင်းကျွံဖြစ်နေတာတွေ အတွက် တာဝန်ရှိကြပါတယ်။ နိုင်ငံတော်အတွင်းမှာ အများပြည်သူတွေနဲ့ အတူနေကြရတဲ့ ငါတို့ ရဟန်းသံဃာတွေမှာလည်း တာဝန်ရှိတာပဲဆိုတဲ့ သဘောထားကို အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ ဒီသဘောနဲ့ ထပ်တူပဲ အမေလူထု ဒေါ်အမာက ကျောင်းသားနဲ့ နိုင်ငံရေးကိစ္စကို အဖြေပေးခဲ့ဖူးပါတယ်။

“အမေကတော့ ကျောင်းသားလည်း နိုင်ငံရေးလုပ်သင့်တယ်လို့ မြင်တာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ ကျောင်းသားလည်း တိုင်းသူပြည်သားတယောက်ပဲမဟုတ်လား။ သူတနေ့ လူကြီးဖြစ်လာအုံးမှာပဲ။ အဲဒီတော့ နိုင်ငံရေးမလုပ်ရင် “အ”တယ်။ ပြည်သူလူထုနဲ့အတူရောပြီး တက်ကြွရမှာပဲ၊ လှုပ်ရှားရမှာပဲလို့ မြင်တာပဲကွဲ့။ ကျောင်းသားတွေကို အကုန်လုံး ဟိုရွှေ့ဒီရွှေ့ တခါတည်း ဖရိုဖရဲဖြစ်အောင် အစွမ်းကုန် သူတို့ဘက်က လုပ်တော့တာပဲ။ ကျောင်းသားကို သူတို့က သိပ်ကြောက်နေတာ။ အဲဒါပဲ အမေမြင်တာ” တဲ့။ (လူထုဒေါ်အမာ)

ဒါကြောင့် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ အညွန့်တလူလူထွက်ဖို့ရာမှာ ကျောင်းသားတွေ နိုင်ငံရေးမလုပ်လို့ ဖြစ်ကို မဖြစ်ပါဘူး။ ဒီသံသရာ ဘယ်တော့ ဆုံးမှာလဲဆိုရင် စစ်တပ်က နိုင်ငံရေးမလုပ်တော့တဲ့အခါ ဆုံးမှာပါပဲ။ ဖိရင်တော့ ကြွမှာပဲ။ ကျောင်းသားရော၊ သံဃာရော၊ သီလရှင်ရော၊ အိမ်ရှင်မတွေရော နိုင်ငံရေးထဲပါအုံးမှာပဲဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ နိုင်ငံသားတိုင်း နိုင်ငံရေးနဲ့ ရှောင်လို့မရဘူး။


မောင်စွမ်းရည် (၁၅-၁၂-၀၈)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

2009 Burma Freedom Calendar

2009 Burma Freedom Calendar


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 18, 2008

သူငယ်ချင်းသို့

သူငယ်ချင်းရေ _


အကယ်၍

မင်းရဲ့သားသမီးတွေ

စားစရာမရှိ

ဝတ်စရာမဲ့ဘ၀နဲ့

စစ်ကျွန်ဘဝ

ကျရောက်နေတာကို

မမြင်ချင်ဘူးဆိုရင်------။

အကယ်၍

မင်းရဲ့မိသားစုတွေ

ဆင်းရဲတွင်း

သံသရာမှာ

စုန်းစုန်းမြှုပ်ကာ

ယောက်ယက်ခတ်နေတာကို

မမြင်ချင်ဘူးဆိုရင်-----။

အကယ်၍

မင်းရဲ့အမိအဖတွေ

အိုကြီးအိုမဘ၀နဲ့

ဆေးဖိုးဝါးခမဲ့

ဒုက္ခပင်လယ်ဝေနေတာကို

မမြင်ချင်ဘူးဆိုရင်-----၊

အကယ်၍

မင်းရဲ့နှမငယ်တွေ

အသပြာအတွက်

ဘ၀တသက်ပေးရတာကို

မမြင်ချင်ဘူးဆိုရင်-------။

အကယ်၍

မင်းရဲ့ဆွေမျိုးသားချင်းတွေ

ကြုံရာကျပန်းဘ၀နဲ့

ညစာခက်နေရတာကို

မမြင်ချင်ဘူးဆိုရင်----၊

စစ်ဝါဒီတွေရဲ့

ဆန္ဒခံယူပွဲနဲ့

ရွေးကောက်ပွဲကို

ကန့်ကွက်မှ

ဖြစ်တော့မယ်

သူငယ်ချင်း။

ငါတို့ကလေးများရဲ့

အနာဂတ်အတွက်၊

ငါတို့မိသားစုတွေရဲ့

ရှေ့ခရီးအတွက်၊

ငါတို့နှမငယ်တွေရဲ့

ဘ၀ရေးအတွက်၊

ငါတို့မိဘတွေရဲ့

အိုဇာတာကောင်းဖို့အတွက်

ကန့်ကွက်ရေးလမ်းစဉ်ကို

ပြတ်ပြတ်သားသား

ရွေးလိုက်ကြစို့လား။


ခင်မမမျိုး (၅၊ ၄၊ ၂၀၀၈)

မျှဝေသူ ။ ။ နော်မန်


မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါ၏ ။


အပြည့်အစုံ ဖတ်ရန် ...

Wednesday, December 17, 2008

ဝဋ်ကြွေးရှိသမျှ လည်ပါစေ



မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://hittaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, December 16, 2008

စစ်မီးလျှံထဲက ပြည်သူ




မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com (အမှတ်တရ ဒေါင်းအိုးဝေ) မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, December 15, 2008

နအဖကို ကာကွယ်ပေးမနေစမ်းပါနဲ့

" မြန်မာစစ်တပ်က နိုင်ငံ့အရှေ့ပိုင်းတွင် တိုင်းရင်းသား လူမျိုးများအပေါ် ထိုးစစ် ဆက်လက်ဆင်နွှဲနေရာ နောက်ထပ် လူသားချင်းစာနာရေး ဘေးဒုက္ခများ ပေါ်ပေါက်နေစေသည်။ ၁၉၉၆ ခုနောက်ပိုင်းတွင် ကျေးရွာပေါင်း ၃၂ဝဝ မက ဖျက်ဆီးခံခဲ့ရပြီး လူတသန်း အိုးအိမ်စွန့်ခွာခဲ့ရသည်။ "




(နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG အိုင်စီဂျီ၏ ၂ဝဝ၈ အောက်တိုဘာ ၂ဝ ရက် ထုတ် 'နာဂစ်အလွန် မြန်မာပြည်-ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ အချိန်ကျပြီ' အစီရင်ခံစာ သို့ ချေပချက်)


မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်စက်အကြမ်းကြုတ်ဆုံး စစ်အစိုးရတခုက အုပ်ချုပ်ထားသည်။ ၎င်းအစိုးရသည် ဒီမိုကရေစီ ကို ချိုးနှိမ်ထားရုံသာမကဘဲ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာရေးအကျပ်အတည်းကို ဖန်တီးပေါ်ပေါက်စေသည့် ပြစ်မှုပါ ကျူးလွန်ထားသည်။ ဤဖြစ်ရပ်ကိုတုံ့ပြန်ရာ၌ အိုင်စီဂျီသည် မူလနောက်ခံဇာတ်ကြောင်းကို မေ့လျော့သွေဖီသွားခဲ့လေသည်။

ယခုနှစ်အစောပိုင်းက နာဂစ်ဆိုင်ကလုံးမုန်တိုင်း မြန်မာပြည်ကို တိုက်ခတ်ခဲ့သည်။ သဘာဝကပ်ဘေးကို တုံ့ပြန်ရာတွင် အခြား မည်သည့်အစိုးရနှင့်မှမတူဘဲ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာမှကူညီရေးကြိုးပမ်းချက်များကို အစပထမ၌ ငြင်းပယ်ခဲ့သည်၊ ထို့နောက်တွင် အကန့်အသတ်ဖြင့်ခွင့်ပြုခဲ့ပြီး လမ်းလွှဲအလွဲသုံးစားလုပ်ပစ်ခဲ့သည်။ စစ်အစိုးရသည် အကူအညီများကို ခိုးယူခဲ့ သည်။ အကူအညီဖြန့်ဝေပေးရန် ကြိုးစားခဲ့သော မြန်မာပြည်သူများကို ဖမ်းဆီးခဲ့သည်။ တရားဝင်ဖြန့်ဖြူးသည့် အကူအညီ အနည်းအကျဉ်းမှာလည်း ဝါဒဖြန့်ချီရေးအတွက်သာဖြစ်ပြီး ဓာတ်ပုံနှင့်ဗွီဒီယိုများ ရိုက်ကူးပြီးပါက ပြန်သိမ်းယူသွားသည်။ စစ်အစိုးရ၏ တမင်တကာ ဥပေက္ခာပြုမှုနောက်ကွယ်တွင် အနည်းဆုံး လူ ၁၄ဝ,ဝဝဝ သေဆုံးပြီး လူနှစ်သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

မုန်တိုင်းပြီးသည့်အခါ နောက်ထပ်လူသားချင်းစာနာရေးအကျပ်အတည်းတခု ပေါ်ထွက်လာပြန်ပါသည်။ ယခုတကြိမ်မှာ မြန်မာ နိုင်ငံအနောက်ပိုင်း ချင်းပြည်တွင်ဖြစ်ပြီး သဘာဝအလျောက် နှစ် ၅ဝ တကြိမ် ဝါး သုဉ်းမှုကြောင့် ကြွက်ထရာမှ အငတ်ဘေး ဆိုက်ခြင်းဖြစ်သည်။ ထုံးစံအတိုင်း စစ်အစိုးရသည် မျှော်လင့်တွက်ဆထားကြသည့် အငတ်ဘေးအတွက် ဘာတခုမှကြိုတင် ပြင် ဆင်ခြင်းမရှိဘဲ၊ ကူညီကယ်ဆယ်ရေးကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ပိတ်ဆို့ဟန့်တားခဲ့သည်။ စစ်အစိုးရတာဝန်ရှိသူ များက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကို နေရာလွှဲ ခေါ်ပြခဲ့ပြီး အငတ်ဘေးမရှိကြောင်း ကြေညာစေခဲ့သည်။ ထိုနောက်ပိုင်းတွင် ကုလရိက္ခာအဖွဲ့က မိမိတို့ရပ်တည်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း အငတ်ဘေးဆိုက် ချင်းပြည်သူ များအား ကူညီပေးရေးကြိုးပမ်းချက်များကို စစ်အစိုးရက ဆက်လက်ဟန့်တားနေသည်။

မြန်မာစစ်တပ်က နိုင်ငံ့အရှေ့ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအပေါ် ထိုးစစ်ဆက်လက်ဆင်နွှဲနေရာ နောက်ထပ်လူသားချင်း စာနာရေးဘေးဒုက္ခများ ပေါ်ပေါက်နေစေသည်။ ၁၉၉၆ ခုနောက်ပိုင်းတွင် ကျေးရွာပေါင်း ၃၂ဝဝ မက ဖျက်ဆီးခံခဲ့ရပြီး လူတသန်း အိုးအိမ်စွန့်ခွာခဲ့ရသည်။ အရပ်သားများကိုအနီးကပ် တည့်တည့်ချိန်ပစ်သတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အဓမ္မလုပ်အား ပေးခိုင်းခြင်း၊ လူသားမိုင်းရှင်းကရိယာများအဖြစ် အသုံးပြုခြင်းများကျူးလွန်နေသည်။ ကလေးသူငယ်များကို လမ်းပေါ်မှ ဖမ်းဆီးခေါ်သွားပြီး မြန်မာစစ်တပ်ထဲ အတင်းအကြပ်သွတ်သွင်း စစ်မှုထမ်းခိုင်းနေသည်။ ဗမာ့တပ်မတော်မှာ ကမ္ဘာပေါ်တွင် ကလေးစစ်သားအများဆုံးဖြစ်နေသည်။ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝကျော် အကျဉ်းထောင်များအတွင်း ပင်ပန်းဆင်းရဲစွာ ဒုက္ခခံနေရရာ ယခင်နှစ်ကထက် အရေအတွက်နှစ်ဆရှိနေပြီး ကြောက်လန့်တုန်လှုပ်ဖွယ် နှိပ်စက်ညှဉ်းပန်းမှုကိုခံကြရသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံခဲ့ရသည်မှာလည်း ၁၃ နှစ်ပြည့်သွားပြီ ဖြစ်သည်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကမူ ဤအရာအားလုံး ကျနော်တို့အပြစ်ဖြစ်သည်ဟု ဆိုနေပါသည်။ ယခု အချိန်မတိုင်မီ အထိ အများလေးစားခံရပြီး ဂုဏ်သိက္ခာရှိခဲ့သော အိုင်စီဂျီအဖွဲ့ကြီးက ထူးဆန်းအံ့ သြဖွယ်အကောင်းဆုံး အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ရာတွင် စစ်အုပ်စုကို မသိမသာဖြင့် သိမ်မွေ့စွာကာကွယ်ပေးထားပြီး 'နိုင်ငံရေးတိုက်ပွဲ'ကို အလွန်အကျူး အလေးပေးရကောင်းလားဟု နိုင်ငံတကာအသိုင်းအဝိုင်းကို အပြစ်ဆိုထားပါသည်။ စစ်အစိုးရသည် 'ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည်ဟု ပြောလာသူတိုင်းကို လုံးဝအဟန့်အတားမရှိခွင့်ပြုဖို့ တွန့်ဆုတ်ခြင်း'ကို နားလည်ပေးနိုင်သည်၊ အဘယ့် ကြောင့်ဆိုသော် အနောက်နိုင်ငံများက စစ်အုပ်စုအပေါ် မိမိပြည်သူများကို သတ်ဖြတ်ခြင်းရပ်စဲဖို့ အလွန်အမင်းဖိအားပေး နေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု အိုင်စီဂျီကဆင်ခြေပေးထားသည်။ အိုင်စီဂျီအဆိုအရ အနောက်တိုင်းမီဒီယာများမှာလည်း အပြစ် မကင်းဟုဆိုသည်၊ အကြောင်းမူ စစ်အစိုးရတာဝန်ရှိသူများ မြစ်ချောင်းထဲပစ်ချထားသည့် အလောင်းကောင်တို့ဓာတ်ပုံများကို ဖော်ပြပေးသောကြောင့် သနားစရာ ဗိုလ်ချုပ်များ 'အလွန်တရာ နေရထိုင်ရခက်' ဖြစ်စေခဲ့သည်ဟုဆို၏။

အကျပ်အတည်း၏အကြောင်းရင်းခံမှာ နိုင်ငံရေးဖြစ်သည်ဟု အိုင်စီဂျီက စိတ်မပါလက်မပါနှင့် ဝန်ခံထားသော်လည်း ယင်း အကျိုးဆက်အရ ဖြေရှင်းချက်များမှာလည်း နိုင်ငံရေးပင်ဖြစ်သည်ဟူသော အယူအဆကိုမူ အိုင်စီဂျီက ငြင်းဆိုထားပုံရသည်။ အိုင်စီဂျီအစီရင်ခံစာက မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေး၊ အရပ်ဖက်လူထုအသင်းအဖွဲ့ စီမံချက်များကို ထောက်ခံအားပေး ရေးတို့ကိုမူ မှန်ကန်သင့်လျော်စွာ တောင်းဆိုထားပြီး မြန်မာပြည်တွင် လူသားချင်းစာနာရေး မဟာအကျပ်အတည်းကြီး ဆိုက်လု နီးနေပြီဟု သတိပေးထားသည်။ ဤသည်တို့ကို ကျနော် သဘောတူထောက်ခံပါသည်။ ဖြစ်ရပ်များနှင့် ကိန်းဂဏန်းများ ကလည်း အတိအလင်းပြဆိုနေပြီဖြစ်ပါသည်။ သို့ရာတွင် အိုင်စီဂျီက ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများသည် အကူအညီ ပေးရေးကိုဆန့်ကျင်နေသည်ဟူသော မုသားစကားကိုဖြန့်ချိဖို့ လုပ်ဆောင်နေသည်။ အမှန်အားဖြင့်ဆိုရလျှင် အကူအညီပိုပေး ရေးကို တောင်းဆိုခဲ့ကြသည်မှာ ကမ်ပိန်းအဖွဲ့များပင် ဖြစ်လေသည်။

ဥပမာအားဖြင့် ဗြိတိန်အစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေးကို ယမန်နှစ်က ဗြိတိန်နိုင်ငံတွင် အောင်မြင်စွာဦးဆောင် လုံးပမ်းခဲ့သူများမှာ ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ BCUK နှင့် ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့ CSW တို့ဖြစ်သည်။ ယင်းအဖွဲ့များသည် အရပ်ဖက်လူမှုအသင်းအဖွဲ့များနှင့် ဒီမိုကရေစီအဖွဲ့များကို ရန်ပုံငွေပိုပေးရေး၊ နယ်စပ် ကျော် လူသားချင်းစာနာရေးကယ်ဆယ်မှု ပိုမိုပြုလုပ်ရေးနှင့် ကုလသမဂ္ဂမှ ပိုမိုထိတွေ့ဆက်ဆံရေးကို နှစ်ပေါင်းများစွာတောင်း ဆိုခဲ့ကြသည်၊ တောင်းဆိုနေကြဆဲဖြစ်သည်။ ယင်းအဖွဲ့များသည် ဗိုလ်ချုပ်ကြီးများကို ကုလသမဂ္ဂ၊ ဒီမိုကရေစီလှုပ်ရှားမှုနှင့် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာအကုန်ခံ တွန်းဆော်ပေးနေခဲ့ကြသည်။ ယင်းအဖွဲ့များက ဆန့်ကျင်ခဲ့ ကြသည်မှာ စစ်အစိုးရအိတ်ထောင်များထဲသို့ ပိုက်ဆံထည့်ပေးရန် အိုင်စီဂျီ၏တောင်းဆိုမှုကိုသာဖြစ်သည်။ ဤသို့ ဆန့်ကျင်ရ ခြင်းမှာ စစ်အုပ်စုသည် ၎င်းတို့၏စစ်တပ်တိုးချဲ့ရေး၊ လက်နက်များပိုမိုဝယ်ယူနိုင်ရေးနှင့် ပြည်သူလူထုကို ပိုမိုသတ်ဖြတ်နိုင်ရေး အတွက် အဆိုပါ ဘဏ္ဍာငွေကို အသုံးချလိမ့်မည်ဟူသည့် ရိုးရိုးစင်းစင်းအကြောင်းတရားကြောင့်သာ ဖြစ်ပါသည်။

ကျနော်တို့ထင်ခဲ့သည်မှာ အိုင်စီဂျီသည် ပဋိပက္ခတားဆီးဖြေရှင်းရေးနှင့် သက်ဆိုင်သည်ဟု ထင်မိခဲ့သည်။ သို့ရာတွင် ယခုမူ ၎င်းတို့သည် စစ်အစိုးရအားကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်ပုံရနေပါသည်။

ဘဲနဒစ်ရောဂျား
(ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့)
ဂါးဒီးယန်းသတင်းစာ အောက်တိုဘာ ၂၇၊ ၂ဝဝ၈ ခုနှစ် ဂါမဏိ ဘာသာပြန်သည်။

မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 14, 2008

ငိုနေရစ်တော့ မဲနယ်တောင်

သားချစ် (ဟစ်တိုင်)

ကျနော်တို့ လမ်းလျှောက်သည်မှာ တနေကုန်၊ ညနေစောင်းလျှက်ရှိနေပြီ၊ လိုရာအရပ်ကို မရောက်သေးဘူးသေးဘူး ထင်၍ စစ်ကြောင်းမှူး ဗိုလ်မှူးကိုင်ဖကို မရဲတရဲ မေးမိသည်၊ သိပ်မဝေးတော့ပါဘူး ရှေ့က လွင်ပြင်ကို ဖြတ်ပြီးရင်ရောက်ပြီဟု ဆိုသည်၊ သူ့စကားကြားရသဖြင့် နားရမည်ဆိုသော အသိဝင်လာကာ စိတ်က အားတက်သွားသည်၊ တနေကုန်တနေကန်း လမ်းလျှောက်ရသဖြင့် အားများက ကုန်ခမ်းနွမ်းရိလျှက်။

လွင်ပြင်ကြီးကို ကြည့်လိုက်မိသည်၊ . . . . ဟိုက် …လို့ တခွန်းသာ ပြောနိုင်သည် ကြီးမားကျယ်ပြန့်သော လွင်ပြင်၊ မြေနီလွင်ပြင်ကြီး၊ ဘော်လုံးကွင်း အကွင်း(၂၀)ခန့်မျှလောက်ရှိနိုင်မလားပဲ၊ ထိုလွင်ပြင်ကြီးကို ထွန်ယက် လိုက်ရယင်ဖြင့် လူဦးရေတသောင်းခန့် လူထုအတွက် ၀မ်းစာရေး ဖူလုံနိုင်မည်ဟု စိတ်ထဲက ဂယောက် ဂယက် တွေးမိလိုက်သေးသည်။

ပြီးမှ ဆက်တွေးမိသည်က ကျောထဲ နဲနဲစိမ့် သွားပြန်သည်၊ မြေနီလွင်ပြင်ကြီး၌ ကျည်ကွယ် မျက်ကွယ် ၀ပ်ခိုစရာ နေရာမရှိ၊ ဇီးဖြူပင်ပျိုလေးများသာ ပေါက်နေသည်၊ ထိုဇီးပင်ဖြူပျိုလေးများက ရှမ်းပြည်တခွင်၌ နေရာအနှံ့အပြား ပေါက်လေ့ရှိသည်၊ ကျောထဲစိမ့်မိသည့် အကြောင်းက ရန်သူက မြေပြန့်လွင်ပြင်များ၌ လေ့ကျင့်ထားသောသူများ၊ ကျနော်တို့ ပျောက်ကျားစစ်သည်တော်များက တောတောင်ကို အခြေခံ၍ ကျင့်သားရထားသူများ၊ ဒီလိုတော့ ရှိသည်။

ခြေလှမ်းကို ခပ်သွက်သွက်လှမ်းကြရသည်၊ ဒီနေရာမှ အမြန်ဆုံး ကျော်ဖြတ်ထွက်ခွာ နိုင်မှသာ တော်ကာကြမည်၊ ကျနော်၏ ရှေ့၌ရှိနေသော စစ်ကြောင်းမှူးက လမ်းလျှောက်ရင်း ကိုသားချစ် ဒီနေရာမှာ ခဏခဏရင်ဆိုင် တိုက်ပွဲဖြစ်လေ့ရှိတယ်၊ ဟုတ်သည် … ဖြစ်မည် ပြန့်၍ ကျယ်သဖြင့် သတ်ကွင်းပမာ ဖြစ်နေကာ ရန်သူက မည်သည့်နေရာမှ ထွက်လာမည် ဆိုသည်ကို မည်သူကမျှ ခန့်မှန်းတွက်ချက်လို့ မရနိုင် ထို့ကြောင့်ခြေလှမ်းကို ပို၍ပို၍ မြန်နိုင်အောင် ကြိုးစားရပေတော့သည်၊ သေနတ်၊ ကျောပိုးအိတ်၊ ဆန်ကြိုး(ဆန်ထည့်ထားသော အိပ်ရှည်) က ကျနော်၏ ပုခုံးပေါ်၌ ရင်ခုန်စွာနှင့် လိုက်ပါလျှက် ထိုညက ကျနော်တို့ ထိုနေရာမှ အန္တရာယ်ကင်းစွာ ဖြတ်ကျော် ထွက်ခွာလာနိုင်ခဲ့သည်။

ဒကာမဲ့အလှူ
ထွက်လာကာစက စောင်၊ခြင်ထောင်များ၊ အ၀တ်အစားများကို လောဘတကြီးဖြင့် မနိုင်မနင်း သယ်လာခဲ့သည်၊ ထားခဲ့ရမည်ကို နှမျှောမိသဖြင့် သယ်လာခြင်းသာ၊ တောင်ကုန်း တကုန်းကို ကျော်ခဲ့သည်၊ နောက် ခပ်မို့မို့ တောင်တကုန်းကို ပြန်တက်ရတော့မည်၊ လူက မခံနိုင်တော့ ပါလာသည့် စောင်များကို နီးစပ်ရာ တောင်ယာတဲများတွေ့လျှင် ၀ိတ်လျှော့တဲ့ အနေဖြင့် လက်ခံသူမရှိတဲ့ ဒကါမဲ့အလှူ လုပ်ရလေတော့သည်၊ လမ်းလျှောက်သည့် အကျင့်မရှိသဖြင့် သက်လုံမကောင်း အမောဖေါက်လာသည်၊ ဤသို့ဖြင့် ၈-နာရီကျော်ခရီးကို မနက်မိုးလင်းမှ မိုးချုပ်သည်အထိ လျှောက်ကြရလေ တော့သည်၊ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ(၄)နယ်မြေသို့ ည (၈)နာရီခန့်မှ ရောက်လာကြသည်၊ အချိန်ကား ၁၉၈၉-ဇန်န၀ါရီလပိုင်း အတွင်း …. ထိုစဉ်က နိုင်ငံရေးအရှိန်မြင့် နေသည့်အချိန် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြသည်၊ ဤသို့ဖြင့် ရှေ့ဆက်ခရီးဆက်ရန် အားမွေးကြရပြန်သည်၊ စခန်း၌ခေတ္တနေစဉ် ဘော်လီဘောပုတ် ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ငါးဖမ်းခြင်းဖြင့် ရက်များကို တိုက်စား ကုန်လွန်စေခဲ့သည်။

ထိုဒေသတွင် ထူးခြားသည်မှာ ညနေထမင်းစားပြီးလျှင် အားကစားကစားကြခြင်းပင်၊ အူထဲ၌ အစာအမာရှိနေစဉ် အားကစားလုပ်လို့ မရဟုသိထားသော ကျနော်က တပ်မဟာမှူးကို စောဒကတက်၍ မေးမြန်းတော့ ရန်သူဆိုတာ အချိန်မရွေးရောက်လာနိုင်တယ် ဗိုက်တင်းနေတယ်ဆိုပြီး နေလို့မရဘူး၊ ထမင်းမစားခင် ရော စားပြီးတဲ့အချိန်မှာရော အချိန်မရွေးရောက်လာနိုင်လို့ ပြင်ဆင်လေ့ကျင်ထားကြ ရတာပါ။ ဒီလိုဆိုတော့လည်း သူ၏ ဖြေရှင်းချက်ကို ကျနော်သဘောကျ လက်ခံသွားသည်။။ ပျောက်ကျားစစ်သား၏ ဘေး၌ရန်စွယ်များက ၀ိုင်းရံလျှက် လေဒါဏ်၊ မိုးဒါဏ်၊ ရာသီဥတုဒါဏ်၊ ရောဂါဘယ ဒါဏ်၊ အစားအသောက်ဒါဏ်၊ အသက်ကိုဖက်နှင့်ထုပ်ထားရသည့်ဒါဏ် …….စ သဖြင့် စသဖြင့် သို့ပါ၍ ထမင်းစားပြီးသည်နှင့် ရှေ့ခရီးအတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ပြင်ဆင်မှုများ လုပ်ကြရ လေတော့သည်၊ ပြင်ဆင်ထားလျှင် လုပ်ငန်းတ၀က် အောင်မြင်ပြီးစီးနိုင်သည် မဟုတ်ပါလား။

လမ်းလျှောက်ခါစ ဘ၀များ
ကျနော်သည် စစ်ကြောင်းထွက်ခါစက ထိုတပ်မဟာ(၄)ဌာနချုပ်သို့ ရောက်နိုင်ရန် သေလုအောင် အသက်လုလျှောက်ခဲ့ရသည်၊ ခရီးဝေးဆို၍ ငယ်စဉ်က ကျောင်းပြေးပြီး ဧရာဝတီမြစ်ကြောင်း အတိုင်း သဲသောင်ပြင်တွေပေါ် (၂)နာရီ ခန့်မျှသာ လျှောက်ဖူးသောသူ်၊ ထို(၂)နာရီ လေးကိုပင်လျှင် ကိုယ့်ကိုကိုယ် သွေးနထင်ရောက်မိသည်၊ ယခုကဲ့သို့ ရက်နဲ့ချီသော ခရီးဆိုလျှင်ဖြင့် ထိုချိန်က လက်ခမောင်းထခတ်မိ မည်လားမသိ၊ စစ်ကြောင်းထွက်ကာ လမ်းလျှောက်တိုင်း သွေးမုန်တိုင်းထန်သော ၁၉၈၈က ကိုယ်တော်များ၏ ပုံရိပ်များက မျက်စိကမထွက်၊ ကျည်ဆံထိမှန်ထားသဖြင့် ခန္ဓာကိုယ်အနှံ့သွေးစိမ်းရှင်ရှင်နှင့် မန္တလေးမှ ကိုယ်တော် သုံးပါး၏ ရုပ်ကလပ်များ၊ ထိုရုပ်ကလပ်ကို ထမ်းထားသော ကျောင်းသားများ ကျောင်းအင်္ကျီအဖြူများပေါ် ပေကျံနေသော သွေးကွက်များ မမေ့ … မမေ့ …ဘယ်တော့မှ မမေ့ ….. ဘယ်လိုမှ မမေ့ မရ၊ ရတနာသုံးပါးဖြင့် ကြီးပြင်းလူဖြစ်ခဲ့ရသော ကျနော်၊ မိဘ၊ ဆရာ၊ ဘိုးဘွားများ၏ အဆုံးအမသြ၀ါဒအောက်၌ ရှင်သန်ခဲ့ရသောကျနော်၊ ဘယ်လို စိတ်ဓါတ်မျိုးတွေဖြင့် ရတနာသုံးပါး၌ တပါးအပါအ၀င်ဖြင့်သော ရဟန်းသံဃာတော် အရှင်မြတ်များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကို မြင်ခဲ့ရသော ကျနော် စစ်အာဏာရှင်စနစ်၏ ဆိုးဝါးရိုင်းစိုင်းမှုများကိုသာ အစဉ်စွဲထင်လျှက် ခွင့်လွှတ်ခံစားမှုမျိုး မပေးနိုင်၊ ထိုစဉ်ကတည်းမှစ၍ ယခုအချိန်အထိ မတရားဗိုလ်ကျအနိုင်ကျင့်မှုများ ကြံ့ကြံ့ခံ တွန်းလှန်ဖယ်ရှားမည့် ဘယ်ခရီးမဆို လျှောက်မည်ဟူသော စိတ်ဓါတ်များဖြင့် တော်လှန်သူများ အဖြစ်သို့ခိုင်ကျည်စွာ လျှောက်လှမ်းနိုင်ခဲ့သည်။

တောခိုသည့် ….. ထိုတရက်
ထိုညက အချိန်က ၁၉၈၈ ကာလများ … ကျနော်တို့ ပုန်းအောင်းနေသော နောက်ဘက်အိမ်၌ တညလုံး စစ်ခွေးများ ဘီလူးဆိုင်းတီးကာ ကသွားသည်၊ ကျနော်တို့ လက်ချင်းယှက်၍ ညတွင်းချင်းတညလုံးပြီးအောင် အိပ်ရေးပျက်ခံ၍ ဆောက်ခဲ့သော မြစ်ကြီးနားမြို့ ဒီမိုကရေစီကျောက်တိုင်ကြီးကို ဘူဒိုဇာဖြင့် လုံးဝရစရာမရှိအောင် ချေဖျက်သွားလေပြီ၊ သူတို့ ကျနော်တို့ကို သားသတ်ရန် အမဲလိုက်တော့မည်၊ ကျနော်က တောခိုရန် အစစအရာအရာ တိုင်ပင်ထားပြီးသား၊ ဆုံးဖြတ်ပြီးသား သို့ဖြင့် ထိုခရီးကို ရထားနှင့်သွားရန်စီစဉ်ကြသည်၊ ချီတုံချတုံဖြစ်နေရခြင်း အကြောင်းရှိသည်မှာ အရေးထဲ ပေါင်ခြံ ကြားနှစ်ဘက်၌ အနာစိမ်းဖုများ (၁၀)လုံးခန့်မျှ ပေါက်နေခြင်းပင်ဖြစ်သည်၊ ပုန်းအောင်း နေရသဖြင့် အစားအသောက်အနေအထိုင် ချို့်ယွင်းလာကာ ခန္ဓာကိုယ်က ဖေါက်ပြန် လာသည်ဟုထင်သည်၊ ရထားက ဥသြဆွဲနေလေပြီ၊ ကျနော့်စိတ်က ချီတုံချတုံဖြစ်နေဆဲ၊ သွားရင်ကောင်းမလား၊ ဆက်နေရင်ကောင်းမလား ဝေခွဲ၍မရ၊ ဆက်နေနေယင် ငါခံရမှာ လို့တော့ တွေးနေမိတယ်၊ ရထားထွက်တော့မည်၊ ဆုံးဖြတ်ချက်ကို ဒုံးဒုံးချလိုက်သည်၊ လက်နက်ကိုင် တော်လှန်ရေးမှတပါး အခြားမရှိ၊ ရထားပေါ်မှ ဆင်းတော့ ကျနော့ လမ်းလျှောက်ပုံမှာ ၀က်ဝံကြီးခြေကားယား လက်ကားယား လမ်းလျှောက်သကဲ့သို့ ရှိနေလေစွ၊ ထိုကဲ့သို့ လျှောက်ရင်း အချိန်ကြာလာသည်နှင့် ပွတ်တိုက်မှုများကြောင့်သော်၎င်း၊ သွေးလည်ပါတ် မှုမှန်လာသောကြောင့်၎င်း ကျနော်၏ အနာစိမ်းအဖုတ၀က်ခန့် ပြည်ပေါက်သွားလေပြီ၊ လမ်းလျှောက်အကျင့်မရှိသော ကျနော့ ခြေသလုံးသည်စခန်း ရောက်သည်နှင့် သိပ်မကြာမှီ သာမန်ထက် ငါးဆခန်မျှယောင်ကိုင်းလာလေတော့သည်၊ ထိုနေရာသို့ နဲနဲလေးမျှပင် ထိ၍ မရတော့၊ ထိမိလျှင် မျက်ရည်ပေါက်ပေါက် ကျရလောက်အောင် နာကျင်ခံစားရသည်၊ ငါတော့ ဆက်၍ဆက်၍ လျှောက်နိုင်ပါတော့မလား၊ ခရီးကလဲ အဝေးကြီးကျန်နေသေး၊ တွေးရင်း တွေးရင်းဝမ်းနဲမိလာသည်။

လမ်းလျှောက်ကျင့်ပြီ
တွေးရင်းတွေးရင်း ထိုအဖြစ်ကို နိဂုံးချုပ်ကြည့်သည်၊ စိတ်ဓါတ်သာအရေးကြီးသည်၊ ငါ လျှောက်ကိုလျှောက်နိုင်ရမည် ဤသို့ဖြင့် ယောင်ကိုင်း၍ ဖေါင်းကားနေသော စိမ်ခေါ်နေသည့် ထိုခြေသလုံးကြီးကို ဆားဖြင့်ကျပ်ထုပ်ထိုးကာ နေ့တိုင်းနာနာတိုက် ပေးရတော့သည်၊ ဆားရေဖြင့် မကြာခဏဆေးကြောပေးသည်၊ ရေနွေးနွေးပူပူဖြင့် မကြာမကြာ လောင်းပေးလိုက်သည့်အခါ ယောင်ကိုင်းမှုများ အလျဉ်းမရှိ ကျကုန်လေတော့သည်၊ ဒီအတိုင်းနေလို့တော့ မဖြစ် ဒီလိုနှင့် ကျနော်သည် အသွားအပြန် နှစ်နာရီခန့်ဝေးသော ရှမ်းပြည်တပ်မတော် ရှိရာသို့ လမ်းလျှောက်ကျင့်ရင်း မကြာမကြာသွားလည်ဖြစ်ခဲ့သည်၊ ထိုစဉ်က တာဝန်ခံမှာ ခွန်ဆာစခန်း၌ ကျဆုံးခဲ့ရသူ ဗိုလ်မှူးကြီးစိုင်းလိတ် ဖြစ်သည်၊ ဗိုလ်မှူးကြီးသည် တိုက်ခိုက်ရေးတွင် နာမည်ကြီးသကဲ့သို့ လူထုစည်းရုံးရေးတွင်လည်း လူထုနှင့်တသားတည်းရှိသူ၊ လူထုအထက်မှာ နေလေ့မရှိသူ၊ စကားပြောရာတွင်လည်း လေပြေအေးအေးလေးနှင့် သူအမြဲတမ်း ပြောနေကြ စကားလေးနှစ်ခုက နားထဲမှာ ကြားယောင်ဆဲ အမှတ်ရဆဲ…. “ရန်သူကို မျက်ချေမပြတ်နဲ့ တော်လှန်ရေးကို ဆုံးခန်းတိုင်အောင်လုပ်” “လူထုဘ၀ကိုမမေ့နဲ့ အမြင်ကျယ်ကျယ်ထား” တဲ့လေ။

ခယောင်းလမ်း ဖြတ်သန်းခြင်း
ထိုမြောက်ပိုင်းဒေသ၌ တလခန့် ပြင်ဆင်ပြီးနောက် ခရီးရှည်ထွက်ရန် တာစူကြရလေပြီ၊ စထွက်ပြီ … ထွက်သည်နှင့် တရက်မျှပင်မကြာ သေနတ်ပေါက်ပြီး တိုက်ပွဲ တပွဲနွဲလိုက်ရသည်၊ စစ်မြေပြင်ကို စတွေ့ဖူးပြီပေါ့၊ မြန်မာပြည်ရဲ့ တောတောင်လျှိုမြောင်၊ မြေပြန့်လွင်ပြင်များသည် စစ်တလင်းများသာ အတိပြီး၏၊ ကျနော်တို့က စစ်ကိုမုန်း၍ စစ်ကိုတိုက်ရသည်၊ အာဏာရှင် နအဖက စစ်ကိုချစ်၍ စစ်ကိုမွေးမြူသုတ်သင်ရင်း ယူနီဖေါင်းမချွတ်ရန် အာဏာယဇ္ဇ်ပလ္လင်ပေါ်က မဆင်းရန်ကြံဆောင် နေဆဲ။

ထိုရက်က စစ်ကြောင်းမှူးက နောက်စစ်ကြောင်း အသစ်တကြောင်းသို့ လွှဲပေးလိုက်သည်၊ အင်အားက ၂၀ခန့်မျှသာ၊ တိုက်ပွဲဖြစ်တုန်းက အားရစရာပင် အင်အားက (၅၀၀)လောက်ရှိမည်၊ အခုအင်အား၂၀ခန့်ဆိုတော့ အားငယ်မိသည်၊ တာဝန်ယူမည့် ရှမ်းပျောက်ကျား ခေါင်းဆောင်ကိုကြည့်မိသည်၊ အသက်က (၂၈)နှစ်ခန့် ထိုစဉ်က ကျနော့်ထက် ၈နှစ်ခန့်ကြီးနိုင်သည်၊ သူကတော့ မိမိကိုယ်ကို ယုံကြည်မှုရှိပုံရသည်၊ သူ့ကိုကြည့် ရင်းအားတက်မိသည်၊ လူအင်အားနည်းသဖြင့် ခရီးတွင်ရမည့်အစား ခရီးကမတွင်လှ၊ ကျနော်တို့ သတင်းပေါက်သွားခဲ့သည်၊ ရန်သူသည် ကျနော်တို့စစ်ကြောင်းကိုသာ သဲကြီးမဲကြီးထိုးလိုက်သည်၊ ပိတ်သည်၊ ဆို့သည်၊ ဖြတ်သည်၊ တောက်သည်။

ကျနော်တို့က တိမ်းသည်၊ ရှောင်သည်၊ ပုန်းသည်၊ ကိုယ်ယောင်ဖျောက်သည်၊ ရက်ကြာ လာတော့ ရှမ်းပျောက်ကျားများ စိတ်မရှည်ကြတော့၊ တခါလာလဲ “မန်မားယောက်”(ဗမာလာပြီ) တခါလာလဲ “မန်မားယောက်”၊ ဒီတခါတော့ မပြေးတော့ဘူးခံချတော့မယ်ဟု အားလုံးက တောင်းဆိုလာသည်၊ စစ်ကြောင်းမှူးက ဧည့်သည်တွေပါလို့ ပါဟု နှစ်သိမ့်သည်၊ ထိုအခါမှ စိတ်လျှော့ကြသည်၊ သူတို့က တိုက်ချင်နေသည်၊ ကျနော်တို့ကလည်း လက်ယားနေသည်၊ မြေအနေအထားက ကျနော်တို့ဘက်မှာရှိသည်၊ ကျနော်တို့၏ ရှမ်းပျောက်ကျားများက တောကျွမ်းသည်၊ သို့သော် စစ်ကြောင်းမှူးက လုံးဝကို တိုက်ခွင့်မပေး၊ ဤသို့နှင့် ကျနော်တို့သည် သီပေါဂွင်ကြီးထဲ၌ ပိတ်မိနေတော့သည်။

ညှင်းရက်သည့် မောဝ်ရှမ်းပြည်
ရာသီဥတုက နေ့တွင်ပူပြင်းပြီး ညတွင် အရိုးခိုက်အောင် ချမ်းလှသည်၊ အချိန်က ဇန်န၀ါရီလကုန်ခန့်အချိန် …. ထိုအချိန်သည် အအေးလွန်သောအချိန်၊ တနေကုန် လမ်းလျှောက်ရသဖြင့် စစ်အကျီများတွင် ဆားပွင့်များက အကြောင်းလိုက် အကြောင်း လိုက်ကပ်နေသည်၊ ရေချိုးသည့်အချိန်ပင်မရ၊ ထိုဂွင်ထဲ၌ လှည့်ပါတ်ပြီးရှောင်တိမ်း နေကြရသည်၊ မြောက်ပိုင်းရှမ်းပြည်၌ အအေးက အစွမ်းပြလှသည်၊ ပါလာသည်က စောင်ပါးလေးတထည် ထိုစောင်ပါးသည် မည်သို့မျှအအေးဓါတ်ကို မခုခံအံမတုနိုင် ပါလာသည့်မိုးကားစကို အပေါ်က ထပ်၍ပြန်ခြုံသည် အနွေးဓါတ်မရသေး မီးဖိုချင်သည် မရ မီးရောင်ကိုမြင်လျှင်ရန်သူကို အလှူပေးနေပါသည်ဟု ပြောရာရောက်သွားမည် မီးကို မဖိုရဲ၊ သေနတ်ကို ပေါင်ကြားထဲထိုးထည့်ရင်း ကြက်အိပ်ကြက်နိုးရုံမျှသာ အိပ်နိုင်ကြ သည်၊ အိပ်မပျော်သည့် ညပေါင်းများစွာကို ကျော်ဖြတ်ရသည်၊ စိတ်တွေကတော့ တောင်ရောက်မြောက်ရောက်….. “အိပ်မရတဲ့ … ညများစွာလည်း … ရထားဥသြသံလေးများ … ကြားရင် … အိမ်ပြန်ချင်တဲ့ စိတ်ကလေး … တားမရဘူး” ထူးအိမ်သင်သီချင်းက စိတ်အစဉ်အတွေးထဲမှာ ငြီးခဲ့မိသည်၊ ခိုင်ထူး၏ ဆောင်းသီချင်း တွေ “ ဆောင်း … ချစ်မိတဲ့ဆောင်း … ဝေးခဲ့တဲ့ဆောင်း … စိတ်ကူးအကြင်နာဆောင်းရဲ့အဆုံး” ….။ စိုင်မော့ဝ်ရဲ့ “အိုမေရယ် … ဘာကြောင့်များ ညင်းရက်နိုင်တာလဲကွယ် … ဒီမောင်မှာ … ညတိုင်းပဲ အိပ်မရနိုင်ပါတော့တယ်” သီချင်းစာသားများက သေနတ်ကိုဖက်ရင်း အသံတိုးညှင်းစွာ ထွက်ပေါ်လာသည်၊ သို့သော် အိမ်ကိုတော့ လုံးဝမပြန်နိုင်တော့၊ တော်လှန်ရေးသည် “ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်၊ ငါတို့၏ အမိအိမ်” ဒီဆောင်းသည် ငါတို့ လူထုအတွက် တိုက်ပွဲရဲ့အစ၊ မေ .. ကညှင်းတာမဟုတ် စစ်ခွေးဝဲစားတွေက ဒို့ကိုညှင်းနေတာလို့ အသံကုန်ဟစ်၍ အော်ပြောချင်သည်။

အိပ်မပျော်တချက်၊ ပျော်တချက်များဖြင့် ရှမ်းပြည်မြောက်ပိုင်း၏ အအေး ရက်များကို ကျော်ဖြတ် ရသည်၊ မနက်(၄)နာရီခန့် အဆင်သင့်နိုးလျှက်ရှိနေပြီ၊ အအေးဓါတ်က ၀ိရိယပိုကောင်း စေသလိုပင်၊ ပုံမှန်လုပ်နေကြ ဟန်ကောထဲ ဆန်ထည့်၍ မီမွေးပြီးထမင်းချက်ရန် ပြင်ဆင်ကြသည်၊ ငပိတတို့၊ ထမင်းတလုပ် မိနစ် (၃၀)အတွင်းအပြီးစား စစ်ကြောင်းထွက်ရန် အဆင်သင့်ပြင်ရသည်၊ ပြင်ဆင်စရာ များများစားစားမရှိ၊ ကိုယ်ပိုင်ပိုင်ဆိုင်မှုများကို ကျောပိုးအိတ်ထဲ ထည့်ရုံသာ၊ ကိုယ်ပိုင်ဆိုင်မှုဆို၍ အင်္ကျီတထည်၊ ပုဆိုးတထည်၊ စောင်တထည်၊ စာအုပ်တအုပ်၊ သေနတ်တလက်၊ ရေဘူးတလုံး၊ ဟန်ကောချိုင့်၊ ရေခွက်၊ ထိုအရာများသည် တောတွင်း၌ မည်သည့် အရာနှင့်မျှမလဲနိုင်သော အရာများသာ၊ ပိုင်ဆိုင်မှုများလျှင်မကောင်း ထိမ်းသိမ်းရခက်ခဲသည်၊ ပစ္စည်းများလျှင် စွဲလမ်းမှုများသည်၊ ထိုစဉ်ကတည်းက ယနေ့အချိန် အထိပိုင်ဆိုင်မှုဆို၍ ကျနော်၏ အသုံးအဆောင်များက အိပ်ဆောင်ကျောပိုးအိတ် တလုံးခန့်သာ၊ ဆရာကြီးဗန်းမော်တင်အောင်၏ စကားလေးကလည်း ကျနော့်ရင်ထဲတွင်ညှိတွယ်နေဆဲ …. “ကျနော့်မှာ ပိုင်ဆိုင်မှု အတ္တဆိုလို့ မခင်ဦးနဲ့ သားသမီးတွေပဲ ရှိပါတယ်ဗျာ”ဟု ရင်ဖွင့်သံကိုမှတ်သားခဲ့ရဖူးသည်၊ အိမ်တွင်နေဖင်ထိုးအောင်အိပ်လေ့ရှိသော ကျနော့်ကို အမေက ကာလနဂါး ဟုခေါ်သည်၊ ဒီနဂါးကြီးက နှစ်ထောင်ပေါင်းများစွာ အိပ်လေ့ရှိသည်ဟု အမေက ကျနော့်ကို ညွှန်ပြပြောရင်း ထိုနဂါးကြီးနှင့်နှိုင်းသည်၊ မြန်မာပြည် လွတ်မြောက်မှုတော်လှန်ရေးအတွက် ကျနော် အကျင့်ဆိုးများသည် တောတွင်းသင်ခန်းစာများကြောင့် လုံးဝပျောက်ကွယ်သွားချေပြီ။

ဗိုလ်မှူးကိုင်ဖက ရှေ့ခရီးဆက်ရန်အတွက် နောက်စစ်ကြောင်းတကြောင်းကို လွဲပေးသည်၊ ကျနော်တို့ သွားရမည့်ဒေသကား ပအို့ဝ်ဒေသ ထိုစစ်ကြောင်းမှူး ရှမ်းပျောက်ကျား ခေါင်းဆောင်က ကျနော်တို့အား ခြေဆုံးခေါင်းဆုံး ကြည့်နေသည်ကို သတိထားမိလိုက်သည် ဖြူဖြူလျလျ၊ သေးသေးသွယ်သွယ်၊ ပိန်ပိန်ရှည်ရှည်၊ပုပုကွကွ နှင့် လူဗလံလေးတွေဟု ထင်နေပုံရသည် ဤွှခရီးကြမ်းကြီးကို ဒီလူတွေ လိုက်နိုင်မည့်ပုံမပေါ်ဟု သံသယရှိနေပုံရသည်၊ စထွက်လိုက်ပြီ ဆိုတာနှင့် တာက လွတ်လိုက်သည့် တာတိုသမားတဦး ကဲ့သို့ပင် ရန်ကုန်က ကျောင်းသားတဦးက ဘောက်ဆတ်ဘောက်ဆတ်နှင့် လျှောက်နေသည်၊ မန္တလေးကျောင်းသားကတော့ ဖင်ကလှုပ်ပြီး မိုးကြိုးဌက်ငယ်လေးများ ကပွဲသဘင်က သကဲ့သို့ အခြောက်ကဲ့သို့ လှမ်းလျှောက်သကဲ့သို့ ကျနော်က ကွတတလမ်းလျှောက်သည်၊ နောက်တ ယောက်ကတော့ ဆတ်တောက် ဆတ်တောက်နှင့်လျှောက်နေသည်၊ ရှမ်းပျောက်ကြား ခေါင်းဆောင်ကတော့ ကျနော်တို့အုပ်စုကို ကြည့်၍ ခေါင်းခါလည်ခါ။

ရာသီဥတုက ပို၍ပို၍ ပူပြင်းလာနေသည်၊ ဥသြတွန်သံလေးများကို တချက်ချက်ကြားနေရပြီး ရော်ရွက်ဝါများ ၀ါတာတာ ၀ဲကာဝိုက်ကာ ကြွေကျနေပြီ မကြာမှီရွက်နုများ ထွက်တော့မည်၊ ကျနော်တို့လမ်းလျှောက်နေသည်ကား အမြန်လမ်းလျှောက်ပြိုင်ပွဲဝင် သကဲ့သို့ ဖြစ်နေသည်၊ မပြေးရုံတမယ်မျှသာ၊ ကျနော်တို့ စစ်ကြောင်းမှူးကတော့ ထိပ်မှနေ၍ ဦးဆောင်နေသည်၊ ကျနော်တို့ကို စမ်းသပ်နေသည့် သဘောလား၊ မကြာမကြာ ပြတ်ကျန်လေ့ ရှိသောကျနော်တို့ကိုတော့ စောင့်ခေါ်လေ့ရှိသည်၊ သူမြန်နေခြင်းက ရှေ့ပွိုင့်ပြေးနေခြင်း ဖြစ်ကြောင်းသိလိုက်ရသည်၊ ကျနော်တို့၏ လုံခြုံရေးအတွက် သူနှင့်တပ်စိပ်တစိတ်က ရှေ့မှနေ၍ ပွိုင့်ပြေးနေခြင်းပင်၊ ကျနော်တို့က သူတို့နှင့် ပြတ်သွား၍ မဖြစ်၊ သူတို့နည်းတူ အသား ကုန်ကျိတ်ရသည်၊ နေက မွန်းတည့်ပြီ မနက်ကတည်းကစ၍ လျှောက်ခဲ့ရသဖြင့် လမ်း လျှောက်ချိန် (၆)နာရီကျော်နေပေပြီ၊ ယခုထက်ထိမနားသေး၊ အားက ကုန်လုနေပြီ၊ စိတ်အလိုလို တိုလာသည်၊ မနားသေးဘူး ထင်ရဲ့ ရေကဆာပြီ၊ ထိုနေရာသည် ရေအင်မတန် ရှားပါးသောဒေသ၊ ပအို့ဝ်ဂွင် နှင့် ရှမ်းဂွင်စပ်ကြားဒေသ၊ ရှမ်းဒေသက ပြန့်ပြူးသောဒေသ ဖြစ်သဖြစ် တောင်ပေါ်ကဲ့သို့ ရေကိုနေရာ အနှံ့ရှာဖွေတွေ့ရှိဖို့ မလွယ်၊ ရှေ့ကစစ်ကြောင်းမှူးကို ကြည့်ရင်း ရေကို အာစွတ်ရုံမျှသာ သောက်လိုက်ရသည်။

အချိန်ကားနေ့လည် နှစ်နာရီ၊ ရှေ့က ၁၀ဧကခန့်ကျယ်သော လွင်ပြင်တခုကို ဖြတ်ရတော့မည်၊ လွင်ပြင်၏ ဘေး၌ တောင်တလုံးကပ်ရပ် တည်ရှိနေသည်၊ ကျနော်တို့ စစ်ကြောင်းသည် ထိုတောင်အောက်ခြေ၊ တောင်နှင့်ကပ်ရပ် လမ်းကျောလေး ချီတက် နေကြသည်၊ ထိုလွင်ပြင်၏ ကိုင်းပင်အပုလေးများ ပေါက်နေကြသည်၊ အ၀ါရောင် ကိုင်းပင်လေးများဖြင့် လွင်ပြင်ကြီးတခုလုံးကို ချယ်သထားသည်၊ တောရိုင်း ခရမ်းရောင် ပန်းပွင့်လေးများက လွင်ပြင်ကို အလှဆင်နေသည်၊ လေနုအေးလေး တချက်ချက် လာ ရောက်ကြည်ဆယ်သဖြင့် လူက လန်းဆန်းသွားသည်၊ ခရီးရှည်လမ်းလျှောက်ရာတွင် ဖေါ်မပြနိုင်သော အရသာသည်ကား လေနုအေးအေးလေးကို ထိတွေ့လိုက်ရခြင်းပင်၊ ထိုအရသာသည် မည်သည့်အရာသာနှင့်မျှမတူ၊ သဘာဝပါတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်၊ ဘယ်ပုခုံးပေါ်ရောက်နေသော သေနတ်ကို ညာဘက်ပုခုံးသို့ရွှေ့ လိုက်သည်၊ လမ်း၊ လျှောက်လိုက်ရသည့်လမ်း၊ လမ်းရှည်၊ လမ်းသွယ်၊ လမ်းမြောင်၊ လမ်းမတောလမ်း၊ တောင်လမ်း၊ ပြန့်လမ်း၊ လှိုမြောင်လမ်း၊ ကားလမ်း၊ ရွာလမ်း၊ လယ်ကန်သင်းလမ်း၊ လူက ပျော့အိနုံးချိခွေ နေလျှက်ရှိနေသည်၊ ခြေထောက်များကိုပင် မသယ်ချင်တော့၊ လမ်းလျှောက်လျှင် အသက်ရှည်သည်ဟုဆိုသည်၊ ကျနော်တို့ပျောက်ကျားများသည် သူများထက်ပိုပြီး အသက်ရှည်မှာတော့ သေချာနေပြီ၊ မနက်က စားလာသော ထမင်းတနပ်သည် လည်း ဘယ်နံကြားကို ရောက်သွားသည်မသိ၊ မောပန်းနွမ်းနယ်သည့်ဒါဏ်ပေါ်၌ ဆာလောင်မွတ်သိပ်သည့် ဒါဏ်က ဂုတ်ပေါ်ခွစီးလျှက်။

အန္တရာယ်ရနှံ့
ရှေ့တခေါ်ခန့်ရောက်နေသော စစ်ကြောင်းမှူး၏လှုပ်ရှားမှုကို ရိပ်ကနဲမြင်တွေ့လိုက် ရသည်၊ သူ၏လည်ပင်းမှ လည်စီးအနီကို ချွတ်၍ ဝှေ့ယမ်းပြနေသည်၊ ရှေ့ရောက်နေသော ကျနော်နောက်မှ ကျောင်းသားတစုအား သူအနေအထားကိုကြည့်ရန် ပြောလိုက်သည်၊ ဟေ့ ဘာအဓိပ္ပါယ်လည်းမသိဘူး၊ ထူးတော့ ထူးခြားနေတယ်၊ အန္တရာယ် အနံရတာပဲဖြစ်မှာ၊ ဘယ်ဖက်တောင်ကုန်း ဘက်ကို ညွှန်ပြနေတယ်၊ မကြာမှီ သူနှင့် တပ်စိပ်တစိတ်သည် ဘယ်ဘက်တောင် ကုန်းပေါ်သို့ ဖြေးညင်းစွာပြေးပုန်း တက်နေသည်ကို မြင်တွေ့လိုက်ရသည်၊ တောင်မြင်လိုက်သဖြင့်လူကပို၍ နုံးချိသွားသည်၊ မြေပြန့်ကိုမလျှောက်ရဘဲ တောင်တက်ရတော့ မည်ဖြစ်သဖြင့် စိတ်ထဲ၌ အလွန်ငြီးညူးသွားသည်၊ ရေဗူးကို လှုပ်ကြည့်သည်၊ ဖင်ကပ် သာသာကျန်တော့သည်၊ တောင်ကုန်းကို ကျနော်တို့စစ်ကြောင်းမှူးစတက်သည်နှင့် ကျနော်တို့က လည်းသူတို့နှင့် ရင်ဘောင်တန်းကုန်း၍ ကုန်း၍ တက်ကြရသည်၊ နောက်ကိုလှည့်မကြည့်မိ ၁၅မိနစ်ခန့် တက်အပြီး တောင်ခါးပန်းပေါ်၌ ဗိုက်ကိုနှိပ်၍ သမင်လည်ပြန် ကြည့်မိလိုက်တော့ “ဟိုက်” “ရှားဘား” ……… ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်လိုက်ရသည့် မြင်ကွင်း၊ တောင်ထိပ်ရောက်ခါနီး အပေါ်စီးမှမိုး၍ ကြည့်ရသဖြင့် ထိုမြင်ကွင်းကို အ၀ါရောင်သန်းနေသော လွင်ပြင်ကြီး၌ စိမ်းပုပ်ပုပ်အရောင်များ၊ န.အ.ဖ ကြေးစားတွေ ဖက်ဆက်မျိုးဖျက်တပ်များ၊ ကမ္ဘာ့အမိုက်ရိုင်းဆုံးလူသားများ၊ လူ့အန္ဓ၊လူ့ငနွားများ၊ ခွေးဝဲစားများ၊ အပေါ်စီးမှနေ၍ ကြည့်လိုက်ရသဖြင့် စစ်ခွေးဝဲစား များ၏လှုပ်ရှားမှုများကို အသေးစိတ်မြင်နေရသည်၊ တန်းစီ၍ ကျနော်တို့ရှိရာ တောင်ခြေ ဘက်သို့ တဟုန်ထိုးပြေးလာနေသည်၊ အင်အား(၆၀)ခန့်ဟု တွက်ချက်မိသည်၊ တောင်ခြေနှင့် မော်တော်ကားလမ်း လက်တကမ်းအရောက်တွင် ရန်သူသည် ဘယ်ညာ ရင်ဘောင်တန်းဖြန့်လိုက်ပြီး ပြေးတက် တက်၍ လာနေသည်ကို ကျနောတို့မြင်န်ေရသည်၊ စိမ်းပုပ်ပုပ် မဲညစ်ညစ်များ လူညစ်များ၊ လူရိုင်း၊ လူဆိုးများ၊ လက်နက်အားကိုး မိုက်ရမ်းဆိုး သွမ်းသူနေများသာ။

သေနတ်ပေါက်ပြီ
တပ်မှ ချုပ်ပေးလိုက်သော ဦးထုပ်၏သိုင်းကြိုးပါသည်၊ ကျနော်သည် ထိုသိုင်းကြိုးကို ဖြတ်၍လည်ပင်း၌ စွပ်လိုက်သည်၊ အမ်၁၆သေနတ်ကို မထမ်းတော့ လက်၌ မြဲမြန်စွာ ကိုင်လိုက်သည်၊ အင်အားခြင်းမမျှ ဒါပေမဲ့ နည်းပရိရာယ်နှင့် စိတ်ဓါတ်၊ တောင်ပေါ်သို့ မနှေးမမြန် ခြေလှမ်းဖြင့် အရောက် တက်ကြသည်၊ တက်ရင်းလှည့်ကြည့် လှည့်ကြည့်ရင်းတက်၊ မကြာမှီ ….. တုံ၊.. တုံ၊.. တုံ ဆိုသည့် မော်တာကျည်ထွက်သည့် အသံကိုကြားလိုက်ရသည်၊ ထိုအသံနှင့် တပြိုင်နက် အုန်း၊ ဂျိမ်း၊ ၀ုန်းအသံများ ဆူညံပွက်လောရိုက် သွားတော့သည်၊ လက်နက်ကြီးကျည်များ ကျနော်တို့ဘေးသို့ မကြာခဏ တဂျိမ်းဂျိမ်းကျနေသည်၊ စပန်နာစများ အပေါ်သို့ ထောင်၍ ထောင်၍ တက်နေသည်ကို မြင်နေရသည်၊ မီးခိုးလုံးများ၊ မီးခိုးမှိုင်းများက နေရာအနှံ့ ကျနော်တို့ ပြေးလမ်းကို ရန်သူက မော်တာဖြင့် အဆက်မပြတ်ထုနေသည်၊ မော်တာ ကျည်မှထွက်လာသော သံတိုသံစများက ခေါင်းပေါ်၌ ပလူပျံအောင် ၀ဲနေသည်၊ တ၀ုန်းဝုန်းဖြင့် လက်နက်ကြီးသံများက ပါတ်ဝန်းကျင်တခုလုံးကို ဆူညံနေသည်၊ ၀ပ်ချိန်နေရာ ယူချိန်နတ္တိ ယူမည့်နေရာလည်းမရှိ၊ တောင်ထိပ်သည် ပြန့်လွင်ပြင်ကြီး၊ ဂျာမနီပင်များက စိပ်စိပ်ပေါက်နေကြသည်၊ အဲဒီဂျာမဏီပင်ခေါ် ခွေးသေးပန်းပင်များက မြက်ပင်သာသာ ဘယ်လိုမှဝပ်လို့မရ လက်နက်ကြီးကျည်ဆံများ ပို၍ပို၍ စိပ်လာနေသည်၊ လူသံ၊ အော်သံ၊ ပြေးလွှားသံများ၊ ဆဲသံဆိုသံများ မိုးမွန်းအောင်ကြားရသည် ကျနော်က ပြေရင်းကျနော်တို့၏ လုံခြုံရေးမှူး တပ်ကြပ်ကြီး(ဆမ်ဒူ)ကို ကြည့်လိုက်သည်၊ သူသည်တောင်ထိပ်မှဆင်း၍ ရန်သူရှိရာဘက်သို့ သူ၏ အမ် ၁၆သေနတ်ဖြင့် မတ်တတ်ရပ်၍ ပစ်နေသည်ကို မြင်တွေ့လိုက် ရသည်။

ကျနော့်ဘက်သို့လည်း လှည့်ကြည့်ရင်း အမြန်ဆုံးဆုတ်ခွာရန် လက်ဟန်ခြေဟန် ပြနေသည်၊ ယခင်တိုက်ပွဲတုံးကလည်း မတ်တပ်၍ ပစ်သည်၊ ယခု လည်းမတ်တတ် ရပ်၍ရန်သူကို ဟန့်ပစ် ပစ်နေသည်၊ ကျနော်တို့တပ်ကြပ်ကြီးသည် ပလောင်လူမျိုး၊ အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး စကားအရမ်းနည်းသည်၊ ဗမာစကားကို လေးလုံးကွဲအောင် မပြောတတ်ရှာ၊ သို့သော် တိုက်ခိုက်ရေးတွင်မူ သတ္တိ၊ဗျတ္တိအပြည့်အ၀ ကျနော်၏ ပထမဦးဆုံးတိုက်ခိုက်ရေး ဆရာသည် … သူ၊ ကျနော်က သူ့ကို ပုဂ္ဂိုလ်စွဲနှင့် စိုးရိမ်မိသည်၊ သူဟန့်ပစ် ပစ်သဖြင့် ကျနော်တို့ ဆုတ်ခွာချိန်ရလိုက်သည်၊ မိနစ်သုံးဆယ်ခန့် ခံစစ်တိုက်ပွဲ တပွဲမျှသာ၊ တနာရီခန့် ဆုတ်ခွာ လိုက်သဖြင့် ရန်သူနှင့် ဘေးကင်းရာလုံခြုံသည့် နေရာသို့ ရောက်ခဲ့ချေပြီ၊ နောက်တနာရီခန့်တွင် ကျနော်တို့ တပ်ကြပ်ကြီးသည် ရီကျဲကျဲနှင့် ရောက်လာသည်၊ ကျနော်တလက်ထဲခံပစ်နေတာ အတောင့် (၂၀၀)လောက်ကုန် သွားတယ်ဟု ပြောရင်း ကျနော်တို့၏ ထိခိုက်ဒါဏ်ရာ ရမှုများကို မေးမြန်းသည်၊ တယောက်မျှ ထိခိုက်ဒါဏ် ရာရမှုမရှိ၊ သေနတ်တလက်အားကြောင့် လူ အယောက် (၆၀)ခန့်ကို ဟန့်နိုင်ခဲ့သည်၊ သေနတ်(ရ)လက်ဆိုလျှင် ရန်သူသည် ထိုတောင်ကုန်းသို့ တက်၍ပင် မရနိုင်၊ ထို့ကြောင့်သူက လက်နက်ကြီးဖြင့် ကျနော်တို့အား ပထမဦးစွာ လွှမ်းမိုးဖြိုခွဲခြင်းဖြစ်သည်၊ ကျနော့်၏ တပ်ကြပ်ကြီးဆမ်ဒူကြောင့် ကျနော်တို့ လွတ်မြောက်ခဲ့ရသည်၊ သူ၏ သေနတ်တလက်အစွမ်းကို ကျနော်ရဲရဲကြီးမြင်လိုက်ရသည်၊ ဂျိုရှိသော သတ္တ၀ါသည် ဂျိုကိုသာ အားကိုးလေ့ရှိသည်၊ လက်သည်းရှိသော တိရိစ္ဆာာန်သည် လက်သည်းကိုသာ အားကိုးလေ့ရှိသည်၊ နအဖတိရိစ္ဆာန်သည် လက်နက်ကိုသာ အားကိုး တတ်သော သတ္တ၀ါဖြစ်သည်၊ သေနတ်တလက်၏ စွမ်းပကားသည် သတ္တိ၊ ဗျတ္တိ အသေခံရဲသော လူတယောက်၏ လက်ထဲသို့ ရောက်လျှင် န.အ.ဖ စစ်ခွေး(၆၀)ကို အသာလေးဟန့်နိုင်သည်၊ သေနတ်အလက်တထောင်ဆိုလျှင်ဖြင့် …………။

ယနေ့သေနတ်တွေ အများကြီးရှိနေကြသည်၊ ထိုသေနတ်များကား အလှအပ၊ ဂုဏ်ပကာ သန အတွက်သာဖြစ်နေကြသည်၊ ထိုသေနတ်များသည် ဦးတည်ချက် ယုံကြည်ချက်ပြောပြလို့ မရအောင် လွဲမှားလို့နေသည်၊ သေနတ်ပြောင်းဝတွေက ပြည်သူတွေ ဖက်ဦးလှည့်လို့နေသည်၊ ဒုတ်လောက်ပင် တန်ဖိုးမရှိကြ သေနတ်ကို ကိုင်၍ အလက်လိုက်ပစ်လိုက်ဖို့သာ ရှိတော့သည်၊ အဓိပ္ပါယ်မဲ့လွန်းလို့လေ န.အ.ဖသည် မည်သူကိုမျှအလေးမထား၊ ဂရုမစိုက်၊ သူအလေးထားသည်က လက်နက်ကိုင်ထားသည့် တော်လှန်သည့် အတွေးအခေါ်ရှိသည့် လူများ၏ လက်ထဲ၌ ကိုင်ထားသည့် သေနတ်ကိုသာ ထိုသေနတ်များကို လူထုလက်ထဲရောက်အောင် ပို့ဆောင်ကြ ရပေလိမ့်မည်၊ ကျနော်တို့သည် လူထုတိုက်ပွဲနှင့် လက်နက်ကိုင် တော်လှန်ရေးပေါင်းစပ် ရုံမှတပါး အခြားမရှိ၊ ထို့ကြောင်း မြန်မာပြည်တနံတလျား မိစ္ဆာများကြောင့် ငိုကြွေးနေရသော သူတွေ၊ သားသည်အမေတွေ၊ ပြည်သူတွေ နေ့တဓူဝ ရတက်မအေးကြရ၊ လွတ်လပ်ရေးရပြီသာ ပြောသည် ပြည်တွင်းဖြစ် စစ်ကျွန်ဘ၀က မလွတ်မြောက်နိုင်သေး နှစ်ပေါင်းရာစုဝက်မျှရှိလေပြီ၊ လူတွေပင်မက တောတွေ တောင်တွေပါ ငိုကြွေးနေကြမှာ သေချာပါတယ်လေ ကျနော်ဖြတ်သန်းခဲ့သော မောဝ်ရှမ်းတို့ဒေသ မဲနယ်တောင်လည်း ငိုကြွေးနေမှာ သူတို့ …….. သိပါလေစ ……… သိလေစ။

သားချစ် (ဟစ်တိုင်)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://hittaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Saturday, December 13, 2008

ဦးဆောင်ပါတီက လူထုလှုပ်ရှားမှုဖော်ဆောင်ပြီး တိုက်ပွဲအဆုံးသတ်ရေး

တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၃)

ဦးဆောင်ပါတီက လူထုလှုပ်ရှားမှုဖော်ဆောင်ပြီး တိုက်ပွဲအဆုံးသတ်ရေး



ဒေါက်တာလွဏ်းဆွေ

(၂၀၀၇ ခုနှစ် ဧပြီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ရေးသားခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပထမအကျော့ တိုက်ပွဲနိုင်ငံရေးကာလ (လွတ်လပ်ရေးတိုက် ပွဲ ကာလ)နဲ့ ဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလ (ဒီမိုကရေစီရေး တိုက်ပွဲကာလ)တွေမှာ ခပ်ဆင်ဆင်တူ တဲ့ သမိုင်းဖြစ်စဉ်တွေကို ထူးထူးခြားခြား တွေ့ရပါတယ်။

ပထမအကျော့ တိုက်ပွဲနိုင်ငံရေးကာလကို ပြန်ကြည့်ရင် …
(၁) ၁၉၂၀ ပြည့်နှစ်မှာ ပထမကျောင်းသားသပိတ် ဖြစ်တယ်။
(၂) ၁၉၃၆ ခုနှစ်မှာ ဒုတိယကျောင်းသားသပိတ် ဖြစ်တယ်။
(၃) ၁၉၃၈ ခုနှစ်မှာ တတိယကျောင်းသားသပိတ် ဖြစ်တယ် (ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျ ဆုံးတယ်)။ ရေနံမြေသပိတ်၊ ဒုတိယကုလား-ဗမာအဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပေါ်ပြီး ၁၃၀၀ပြည့်အရေး တော်ပုံကြီး ဖြစ်ပွားတယ်။
(၄) ကျောင်းသားသခင်တွေ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ဂျပန်ကိုသွားပြီး စစ်ပညာသင်တယ်။ ဘီဒီအေ၊ ဘီအိုင်အေတွေဖွဲ့ပြီး အင်္ဂလိပ်နဲ့ ဂျပန်ကိုတော်လှန်တယ်။
(၅) ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး(ဖဆပလ)အဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာတယ်။
(၆) ဖဆပလအဖွဲ့ချုပ်ကြီးက တိုက်ပွဲခေါ်ပြီး အင်္ဂလိပ်အစိုးရကို တိုက်တယ်။
(၇) ၁၉၄၇ခုနှစ် ဇူလိုင်လ(၁၉)ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေ လုပ်ကြံခံရပြီး ကွယ်လွန်အနိစ္စ ရောက်ခဲ့တယ်။
(၈) ကျန်ရစ်ခဲ့တဲ့ ဖဆပလခေါင်းဆောင်များက ဆက်လက်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို အရယူခဲ့တယ်။
(၉) ပထမအကျော့တိုက်ပွဲကာလအတွင်း အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ်အုပ်ချုပ်မှုတွေကို တွန်းလှန်ခဲ့ရတယ်။

အခုတိုက်ပွဲဝင်နေဆဲ ဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလကို ပြန်ကြည့်ရင်လည်း …

(၁) ၁၉၆၂ခုနှစ် ဇူလိုင်(၇)ရက်မှာ ကျောင်းသားအရေးအခင်းဖြစ်တယ်။
(၂) ၁၉၇၄-၇၆မှာ ဦးသန့်၊ မှိုင်းရာပြည့် ကျောင်းသားအရေးအခင်းတွေဖြစ်တယ်။
(၃) ၁၉၈၈ခုနှစ် မတ်လမှာ အာအိုင်တီကျောင်းသားအရေးအခင်း ဖြစ်တယ် (ကျောင်းသားအာဇာနည် ကိုဖုန်း မော် ကျဆုံးတယ်။ ဇွန်-ကျောင်းသားအရေးအခင်း၊ ကုလား-ဗမာအဓိကရုဏ်းတွေ (ကုလား-ဗမာအဓိကရုဏ်း လို လူမျိုးရေးအဓိကရုဏ်းတွေကတော့ အုပ်စိုးသူတွေက သူတို့အပေါ်ကျရောက်နေတဲ့ လူထုရဲ့ဒေါသကို လမ်း လွှဲဖို့ ကြံရာမရတဲ့အခါ လုပ်ကြံဖန်တီးတာဖြစ်ပါတယ်) ဆက်တိုက်ဖြစ်ပေါ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားတယ်။
(၄) စစ်တပ်က အာဏာပြန်သိမ်းပြီးနောက် ကျောင်းသားတွေ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောခို တယ်။ အေဘီအက်စ်ဒီအက်ဖ်(ကျောင်းသားတပ်မတော်)ကို ဖွဲ့စည်းတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့အတူ ဒီကနေ့အထိ န၀တနဲ့ နအဖစစ်အုပ်စုတွေကို လက်နက်ကိုင်တော်လှန်ဆဲဖြစ်တယ်။
(၅) ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာတယ်။
(၆) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ပြည့်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် အာဏာလွှဲပြောင်း မှု ဖြစ်ပေါ်ရေးအတွက် အကြမ်းမဖက်ဘဲ တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေရှာဖို့ ကြိုးစားတယ်။
(၇) ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေကို ဒီပဲယင်းလူသတ်ပွဲကြီးနဲ့ နအဖက လုပ်ကြံတယ် (ကံ ကောင်းထောက်မပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေ အသက်ရှင်ကျန်ရစ်ပေမယ့် အကျယ်ချုပ်နဲ့ အဖမ်းခံနေရဆဲဖြစ်တယ်)။
(၈) အပြင်မှာကျန်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ (မျိုးချစ်ရဲဘော်ဟောင်းတွေ) က ကြေညာချက်တွေ အမျိုးမျိုးထုတ်ပြီး ပြည်သူ့လွှတ်တော်ခေါ်ယူရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေဆဲ ဖြစ်တယ်။
(၉) ဒုတိယအကျော့ တိုက်ပွဲကာလအတွင်း တော်လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ နအဖစစ်အုပ်စုတွေရဲ့ ဖိ နှိပ်အုပ်ချုပ်မှုတွေကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့၊ ၀င်နေရဆဲဖြစ်တယ်။

အမှတ်စဉ်(၁)ကနေ (၉)အထိ တူညီတဲ့ အမှတ်စဉ်တခုချင်းကို ယှဉ်ကြည့်ရင် တိုက်ပွဲဖြစ်စဉ်တွေဟာ ခပ်ဆင် ဆင်တူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီတော့ ပထမအကျော့တိုက်ပွဲကာလ ပွဲသိမ်းခါနီး(လွတ်လပ်ရေးရခါ နီး)မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုနဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေက အခရာ ကျခဲ့သလို အခုဒုတိယအကျော့တိုက်ပွဲကာလ ပွဲသိမ်းခါနီး (ဒီမိုကရေစီအောင်ပွဲရခါနီး) မှာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက လုံးဝအခရာကျ နေတယ်ဆိုတာ ငြင်းမရတဲ့ အချက်ပါ။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက (၁၈)နှစ်ကျော်လာတဲ့အခါမှာတော့ မေး ခွန်းထုတ်စရာတွေ တသီကြီးဖြစ်လာခဲ့ပါတယ်။ အတိုက်အခံအင်အားစုတွေအနေနဲ့ ၁၉၉၀ပြည့်ရွေးကောက်ပွဲ ပြီးကတည်းက NLD ဦးဆောင်မှုကို ဝေဖန်ဆန့်ကျင်မှုမရှိဘဲ တလျှောက်လုံး တညီတညွတ်တည်း ထောက်ခံ အားပေးခဲ့ကြတာပါ။ ရှင်းရှင်းပြောရရင် ရန်သူနအဖ ၀မ်းသာအားရဖြစ်မှာစိုးလို့ မှားတယ်ထင်လည်း ထောက်ခံ၊ မှန်လည်း ထောက်ခံခဲ့ကြတာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အားမလိုအားမရဖြစ်ရမှုတွေ များလာတာ ရယ်၊ အကျပ်အတည်းကို သည်းမခံနိုင်တော့တာရယ်ကြောင့် NLD ရဲ့ဦးဆောင်မှုအပေါ် ဝေဖန်ပြောကြားမှုတွေ တော်တော်များများ လုပ်လာကြတာကို တွေ့ရပါတယ်။

NLD ရဲ့ ဦးဆောင်မှုကို ဝေဖန်တယ်ဆိုရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦးဝင်းတင်တို့လို တတ်သိ ပညာရှင်အုပ်စုတွေက အချိန်ပြည့်နီးပါး ထောင်ကျသူကျ၊ သေသူသေဖြစ်နေကြတော့ အပြင်မှာ (၁၈)နှစ်လုံးလို လိုရှိပြီး ဦးဆောင်နေတဲ့ (မျိုးချစ်ရဲဘော်ဟောင်းအုပ်စုဝင်တွေဖြစ်ကြတဲ့) ဦးကြည်မောင်(ကွယ်လွန်)၊ ဦးအောင် ရွှေနဲ့ ဦးလွင်တို့ရဲ့ ဦးဆောင်မှုတွေကို အဓိကဝေဖန်ပြောကြားတာဆိုရင် ပိုမှန်မယ်ထင်တယ်။ မျိုးချစ်ရဲဘော် ဟောင်းတွေဟာ အာဏာရှင်ဦးနေ၀င်းရဲ့ ရင်းရင်းနှီးနှီး ဆက်နွယ်ပတ်သက်ခဲ့ကြသူတွေပါ။ တနည်းအားဖြင့် ဦးနေ၀င်းနဲ့ စစ်တပ်ရဲ့ကျေးဇူးနဲ့ ကင်းကြသူတွေမဟုတ်တော့ နအဖစစ်အုပ်စုနဲ့ လက်ဝါးရိုက်ပြီး ပွဲကြာအောင် အချိန်ဆွဲထားလေသလားဆိုတဲ့ သံသယမေးခွန်းတွေနဲ့ ဝေဖန်လာကြပါပြီ။ သံသယဖြစ်စရာ အကြောင်းတရား တွေကလည်း ရှိနေလေတော့ မေးခွန်းထုတ်သူတွေကို အဆိုးလို့ မဆိုသာပါဘူး။

ဒါ့အပြင် နအဖအနေနဲ့ (၁၈)နှစ်လုံးလုံးနီးပါး ဒေါ်အောင်ဆန်းစုကြည်နဲ့ တတ်သိပညာရှင်အုပ်စုဝင်တွေကို ဖမ်း ဆီးထောင်ချခဲ့ပြီး NLD အဖွဲ့ကနေ အမျိုးမျိုးပထုတ်ထားပေမယ့် မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ကိုတော့ အပြင်မှာ တလျှောက်လုံး ဦးဆောင်ခွင့်ပြုခဲ့ခြင်းဟာ ထူးခြားတဲ့အချက်ပါ။ နအဖဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦး ၀င်းတင်တို့လို ခေါင်းဆောင်တွေ အပြင်မှာရှိနေရင် သူတို့ကို တနည်းနည်းနဲ့ တိုက်ပွဲခေါ်လာမှာကို သိတဲ့အ တွက် ဘာတိုက်ပွဲမှမခေါ်ဘဲ လူကြားကောင်းအောင် တောင်းရုံတောင်းပြီး ထိုင်စောင့်နေတဲ့ မျိုးချစ်ရဲဘော် ဟောင်းတွေကို အပြင်မှာ ဦးဆောင်ခွင့်ပေးထားခြင်းဖြစ်တယ်လို့ ယူဆရင် ဖြစ်နိုင်စရာ အကြောင်းအများကြီး ရှိပါတယ်။ တနည်းအားဖြင့် မျိုးချစ်ရဲဘော်ဟောင်းတွေဟာ နအဖကို အန္တရာယ်ပေးမယ့်သူတွေ မဟုတ်ဘူးဆို တာ သေချာလို့ အပြင်မှာ ဦးဆောင်ခွင့် ပေးထားခြင်းပါပဲ။

မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ ဦးဆောင်မှုကို အမှတ်ပေးတဲ့ ဝေဖန်မှုတွေကိုလည်း ကြားရပါတယ်။ ဘာလဲဆို တော့ သူတို့ဦးဆောင်နေလို့သာ NLD ပါတီ ဒီကနေ့အထိ ရပ်တည်နေနိုင်တာတဲ့။ အဲဒါဆိုရင် မေးခွန်းပြန်ထုတ် ချင်တာက NLD ပါတီရှိနေရုံလေးနဲ့ပဲ ကျေနပ်နေပြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဆရာဦးဝင်းတင်တို့လည်း အ ဖမ်းခံဘ၀နဲ့ အသက်တွေကြီးပြီးသေ၊ နောက်နှစ်ပေါင်းရာချီတဲ့အထိလည်း ပြည်သူတွေက အငတ်ငတ်အပြတ် ပြတ်နဲ့ ဒီအတိုင်း ဆက်စောင့်နေရမှာလားဆိုတာပါပဲ။

လွတ်လပ်ရေးတိုက်ပွဲတုန်းက ဖဆပလခေါင်းဆောင်တွေဟာ အင်္ဂလိပ်အစိုးရကို ‘ရရင်ရ မရရင်ချ’ဆိုတဲ့ တိုက် ပွဲခေါ်သံနဲ့ တိုက်ခဲ့လို့ အင်္ဂလိပ်က လွတ်လပ်ရေးပေးခဲ့ရတာပါ။ မပေးရင် တကယ်ချတော့မယ့်ဆိုတာကို အင်္ဂ လိပ်က သိလို့လည်း မပေးချင် ပေးချင်နဲ့ လွတ်လပ်ရေးပေးခဲ့ရတာပါ။ သေချာတာက ဖဆပလအနေနဲ့ နအဖ လောက် ဖိနှိပ်ရက်စက်မှုမရှိတဲ့ အင်္ဂလိပ်အစိုးရကိုတောင် တိုက်ပွဲအဆင့်ဆင့်ခေါ်ပြီး တိုက်ခဲ့ရသေးရင် ဒီကနေ့ လို လူထုအုံ ကြွမှု ဖြစ်လုဆဲဆဲအခြေအနေမှာ ဖိနှိပ်ရက်စက်နေတဲ့ နအဖစစ်အုပ်စုကို NLD ခေါင်းဆောင်တွေ အနေနဲ့ တိုက်ပွဲခေါ်ပြီးတိုက်ဖို့ လိုအပ်နေပြီဆိုတာ ဗေဒင်မေးစရာတောင်မလိုတဲ့ ကိစ္စပါ။ လူထုကလည်း တိုက် ပွဲခေါ်စေချင်နေပြီး ခေါ်တာနဲ့ လိုက်ပါဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားတွေပါ။ ဒါကို တောင်းရုံထိုင်တောင်း နေပြီး ‘မရရင်လည်း နေကွာ’ ဆိုတာမျိုးတွေ အကြိမ်များလာလို့ အခုလို မျိုးချစ်ရဲဘော်ဟောင်းတွေကို ဝေဖန်မှု တွေ လုပ်လာကြတာ ဖြစ်ပါတယ်။

အဲဒီတော့ တိုက်ပွဲကာလ ကြာနေရခြင်းဟာ အပြင်မှာရှိတဲ့ NLD ခေါင်းဆောင်တွေ (မျိုးချစ်ရဲဘော်ဟောင်း တွေ) အနေနဲ့ တိုက်ပွဲမခေါ်ဘဲ တောင်းပွဲတွေ အဆင့်ဆင့်နဲ့ ထိုင်စောင့်နေတာကလည်း အဓိကအကြောင်းတ ရားတခုပါ။ အလျှော့ပေးတောင်းဆိုရင်းနဲ့ ပုဆိုးတင်မက အတွင်းခံပါ မကျန်တော့တဲ့ အနေအထားကို ရောက် ရတော့တာပါပဲ။ အပြင်မှာရှိတဲ့ NLD ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးကို အဆုတ်အတက်မကစားဘဲ ဆုတ် ချည်းပေးနေရင်း NLD ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှုခွင်(Space) ပိုပိုပြီး ကျဉ်းလာရတာပါ။ ကိုယ်က တိုက်မယူတဲ့ အတွက် ကိုယ့်နေရာတွေကို တဖြေးဖြေး ဖယ်ပေးလိုက်ရတဲ့ သဘောပါပဲ။

အဲဒီတော့ ပြည်သူလူထုက Mandate ပေးပြီးသား NLD ပါတီအနေနဲ့ ဒီကနေ့ကာလမှာ လူထုတိုက်ပွဲကို စခေါ် ဖို့ ဝေဖန်သုံးသပ်သူတွေ ပြောဆိုနေကြတာဟာ မလွန်ဘူးလို့ ထင်ပါတယ်။ ဒါကို နိုင်ငံရေးပုရောဟိတ်တဦးက NLD ကို အဆင်းဘီးတပ် ဆီထည့်ပြီး တွန်းချတယ်လို့ မြင်တဲ့အမြင်မျိုး စွပ်စွဲရေးသားမှုကိုလည်း ဖတ်ရပါသေး တယ်။ တိုက်ပွဲမစခင်မှာ ခေါင်းဆောင်ရွေးနေတာ တော်တော်လေး ရယ်ဖို့ကောင်းတယ်တဲ့။ ဒါက သူရဲ့ နိုင်ငံ ရေးအမြင်မို့ အငြင်းပွားနေစရာ အကြောင်းမရှိပါဘူး။

သေချာတာတခုကတော့ တိုက်ပွဲက ၁၉၈၈မှာ လူထုတိုက်ပွဲနဲ့ စခဲ့ပြီးဖြစ်တယ်။ အဲဒီတိုက်ပွဲထဲကနေ လူထု ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဆောင်ပါတီ NLD တို့ ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ကာလက ပေါ်ထွက်ပြီးသား ခေါင်းဆောင်တွေနဲ့ ဦးဆောင်ပါတီက လူထုတိုက်ပွဲခေါ်ပြီး တိုက်ပွဲကို အဆုံးသတ်ရမယ့် အ ချိန်ပါ။ ဒါကို အဆိုပါပုရောဟိတ် မျက်စိလည်နေတာ အံ့သြစရာပဲ။

နိဂုံးချုပ်အနေနဲ့ ပြောရရင် လက်ရှိအပြင်မှာရှိတဲ့ ခေါင်းဆောင်တွေ(မျိုးချစ်ရဲဘော်ဟောင်းတွေ)အနေနဲ့ ရှေ့က လည်းမသွား၊ ဘေးကိုလည်းမဖယ်၊ နောက်ကလည်းမလိုက်ဆိုသလို ဖြစ်နေတဲ့အပေါ် အတိုက်အခံအင်အားစု တွေထဲက ဝေဖန်ပြောကြားမှုတွေ များများလာတာကို ကျနော့်အနေနဲ့ကတော့ အဆင်းဘီးတပ်ပေးတယ်လို့ မမြင်မိပါဘူး။ NLD ခေါင်းဆောင်တွေက တိုက်ပွဲကို ဦးမဆောင်ဘဲ လူထုဆိုတဲ့ ဘီးကြီး တခြားအကြောင်းတ ရားတွေကြောင့် လိမ့်လာတဲ့အခါ NLD ကို ဖြတ်နင်းသွားမှာစိုးလို့ အမုန်းတော်ခံပြီး သတိပေးနေကြတယ်လို့သာ ထင်မြင်မိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Friday, December 12, 2008

KNU အောင်ပွဲသတင်း

၂၀၀၈ နိုဝင်ဘာ ၁၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၈ က ညောင်လေးပင်ခရိုင် မုံးမြို့နယ် စောမီလူကားလမ်းတွင် နအဖတပ် စကခ ၂၁ လက်အောက်ခံစစ်ကြောင်း တကြောင်းကို ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ၁ ဦးသေသွားသည်။ နိုဝင်ဘာ ၂၉ ရက်တွင်လည်း မုံးမြို့နယ် ခလယ်ခိုကားလမ်းပေါ်တွင် ရင်း ၈ က နအဖတပ် ခမရ ၃၅၁ ကို ပြောက် ကျားပစ်ရာ ရန်သူ ၂ ဦးသေသွားသည်။

၂၀၀၈ ဒီဇင်ဘာ ၂ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ ရင်း ၁၈ က ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁၊ တပ်သား ၁ သေပြီး ကြားဖြတ်ဖမ်းစက် ၁၊ ဆက်သွယ်ရေးစက်ကြီး ၁၊ လမ်းလျှောက်စကားပြောစက် ၁၊ တယ်လီဖုံးအထိုင်စက်ကြီး ၁၊ မိုဘိုင်းဖုံး ၁ တို့ကို သိမ်းပိုက်ရမိခဲ့သည်။

ဒီဇင်ဘာ ၄ ရက်ညနေက နအဖတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦး နှင့် တပ်သားခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။ ဒီဇင်ဘာ ၆ ရက်မနက်က DKBA ဗိုလ်ကျော်သက်တပ်နှင့် နအဖတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားသည်။ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်။



KNU victory news

On 2008, November 11, Battalion 8 under the command of Karen National Liberation Army (KNLA) Brigade 3 attacked an army column under the command of SPDC MOC 21 on Saw-mi-lu road in Nyaunglaybin District Mone Township, killing one enemy soldier.

Also on November 29th, KNLA Battalion 8 made a hit-and-run attack on SPDC LIR 351 on Kha-lekho road in Mone Township, killing two men.

On December 2, in the morning, Battalion 18 under the command of KNLA Brigade 6 assaulted a DKBA outpost at Maw-lor-e-pho in Kawkareik Township, killing one DKBA sergeant and one DKBA private. The KNLA troops seized one radio interceptor receiver, one radio transceiver, one walkie-talkie, one telephone exchange switch and one mobile phone from the DKBA camp.

On December 4, in the evening, Corporal Saw Myint Oo and Pvt. Khalayarpor of SPDC LIR 583 surrendered to KNLA Brigade 1 in Thaton District, bringing along one MA-1 automatic rifle, one MA-4 automatic rifle coupled with 40 mm grenade launcher, eight magazines, 195 5.56 mm bullet rounds and eleven M-79 grenades.

On December 6, in the morning, KNLA Battalion 18 ambushed a joint force of DKBA Bo Kyaw Thet's unit and SPDC LIR 548 between Mae-pleh and Panwehpu, killing three SPDC soldiers and wounding six of which three were in grave condition.

NCGUB - Border Office
PO Box 70
Mae Sot, Tak
63110
Thailand
Ph: (+66)(0)55-532847
Fax: (+66)(0)55-532847
www.ncgub.net


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...