မှတ်ပုံတင်အတုဖြင့် ဒဂုန်ဆိပ်ကမ်းတွင် မဲထည့်နေ၍ တိုင်ကြားထား
 ဖနိဒါ | ချင်းမိုင် (မဇ္စျိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၁ မိနစ်
ရန်ကုန်တိုင်း၊  ဒဂုံဆိပ်ကမ်းမြို့နယ် ၇၆ ရပ်ကွက် မဲရုံ ၁ တွင် ကြံ့ခိုင်ရေးပါတီမှ  မှတ်ပုံတင်အတု၊ အိမ်ထောင်စုဝင် အတုတို့ဖြင့် မဲထည့်နေသဖြင့်  တိုင်းကော်မရှင်ထံ တိုင်ကြားထားသည်ဟု ဗကသ ကျောင်းသား ခေါင်းဆောင်  ဒီငြိမ်းလင်းက မဇ္ဈိမကို ပြောသည်။
“သံလျင်ကနေ မဲရုံလည်း ရောက်ရော  အတုတွေနဲ့ မဲထည့်ခိုင်းတယ်။ ကြံ့ခိုင်ရေးက ထည့်ခိုင်းတာပါ။ ကတ်ပြား အသစ်တွေ  လဲပေးတာတို့ ရှိနေပါတယ်။ ဓါတ်ပုံ မှတ်တမ်းတွေ ရှိပါတယ်။ ကော်မရှင်ကို  အကြောင်းကြား ထားတယ်။ ကော်မရှင်က ပြန်ပြီး စိစစ်ပေးမယ်လို့ ပြောပါတယ်”ဟု  ကိုဒီငြိမ်းလင်းက မဇ္ဈိမကို ပြောသည်။
သံလျင်မြို့နယ်အတွင်းမှ ရွာသားအချို့ကို ကြံ့ခိုင်ရေးပါတီက ခေါ်လာပြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မဲထည့်ခိုင်းခြင်း
ဖြစ်ပြီး  ၎င်းတို့ကို သံလျင်မြို့မှ ဦးဌေးဝင်း ဆိုသူထံ ယနေ့ ညနေ ၆ နာရီတွင် ကျပ် ၃,ဝဝဝ  လာရောက် ထုတ်ယူရန် ကြံ့ခိုင်ရေးဘက်မှ ပြောဆိုထားသည်ဟု ဒီငြိမ်းလင်း က  ဆိုသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွတ်တော် မဲဆန္ဒနယ်တွင် NLD မှ  ဒေါက်တာမျိုးအောင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးအောင်ဝင်း၊ တစည ပါတီမှ  ဦးကြီးမြင့်နှင့် ဒီမိုကရေစီပါတီသစ်ပါတီမှ ဦးဝင်းရွှေ တို့ ယှဉ်ပြိုင်နေသည်။
 ကော့မှူးမြို့ မကျီးကန်ရွာ မဲရုံ
 မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၆ မိနစ်
   ကော့မှူး မဲရုံ ထက်ဝက်ကျော်တွင် NLD က ၆၅% ရရှိနေ
 မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၀ မိနစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  NLD ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ရှိသူများအဆိုအရ  ကော့မှူးမြို့နယ်ရှိ မဲရုံပေါင်း ၁၂၉  ရုံအနက် ယခုအချိန်အထိ ၈၂ ရုံမှ  ရရှိသော စာရင်းအရ ၆၅ ရာခိုင်နှုန်းဖြင့် NLD အနိုင် ရရှိနေ
ကြောင်း  သိရသည်။ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အတွက် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊  ကြံ့ခိုင်ရေး ပါတီမှ ဒေါက်တာစိုးမင်းနှင့်  ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီ တို့  ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။
   မဲလက်မှတ် ဖျက်ဆီးမှုကိစ္စ NLD ကန့်ကွက်စာပို့
 ကိုပေါက်| နယူးဒေလီ (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၃၃ မိနစ်
မဲရုံမှူးများက  ဖယောင်းသုတ်လူးထားသော မဲလက်မှတ်များကို မဲဆန္ဒရှင်များအား ထုတ်ပေးကာ  စောဒကတက် ပါသော်လည်း ပြန်လည် လဲလှယ်မပေးခြင်းနှင့် ပတ်သက်၍ အရေးယူပေးပါရန်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်သို့ ဧပြီလ ၁ ရက်နေ့စွဲဖြင့် စာရေးသား  တောင်းဆိုလိုက်သည်။
 ထိုကဲ့သို့ ဆန္ဒမဲလက်မှတ်များ ဖျက်ဆီးနေမှုမှာ စစ်ကိုင်းတိုင်း၊
ပုလဲမြို့နယ်အတွင်းမှ ကျေးရွာများဖြစ်ကြသည့် ညောင်ပင်သာ၊
ဆင်ရှင်၊ တနယ်၊ အလယ်ပုံ၊ ချောင်းနားနှင့် ကျေးသများရွာ
တို့အပြင် အခြားမဲဆန္ဒနယ်များဖြစ်ကြသည့် မော်လမြိုင်၊
မြန်အောင်၊ မကွေး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊
ဒဂုန်ဆိပ်ကမ်း၊ တောင်တွင်းကြီးနှင့် ကလော (အောင်ပန်း)
မြို့တို့တွင် အလားတူဖြစ်ရပ်များ ဖြစ်ပွားနေကြောင်း NLD
အောင်နိုင်ရေး အတွင်းရေးမှူး၏ စာတွင် ဖော်ပြပါရှိသည်။
ထိုသို့ မဲဖယောင်းသုတ်ခြင်းကိစ္စများ တပြည်လုံးအတိုင်း
အတာဖြင့် ဖြစ်ပေါ်နေပြီး ပုလဲနီခြံရွာတွင် မဲရုံမှူး ဆရာမ
ဒေါ်တင်မာဝင်း မဲလက်မှတ်များတွင် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်တိုင်ရေးခြစ်ပေးခဲ့ကြောင်း ဖော်ပြပါရှိသည်။
   ဒေါ်ဖြူဖြူသင်း မဲရုံအမှတ် ၂ သို့ လေ့လာ
 
ဒေါ်ဖြူဖြူသင်း ဝင်ရောက်ယှဉ်ပြိုင်သည့် မင်္ဂလာတောင်ညွန် မဲဆန္ဒနယ်တွင် မဲရေတွက်မှု စတင်နေပြီ ဖြစ်သည်။
   ဖျာပုံတွင် အများအားဖြင့် လွတ်လပ်သန့်ရှင်းဟု NLD ပြော
 မျိုးသန့် | ချင်းမိုင် (မဇ္ဈိမ)တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၃၉ မိနစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖျာပုံမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက ယနေ့
ရွေးကောက်ပွဲသည် အများအားဖြင့် လွတ်လပ်သန့်ရှင်းသည်ဟု မဇ္ဈိမကို ပြောသည်။
၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ ရွာပေါင်း ၂ဝ ကျော်မှ မဲရုံပေါင်း ၃ဝ ကျော်ကို သွားရောက်လေ့လာခဲ့ပြီး “ယေဘူယျ
ပြောရရင်တော့  အများစုကတော့ လွတ်လွတ်လပ်လပ် သန့်သန့်ရှင်းရှင်း အနေအထားမှာ ရှိပါတယ်။  တချို့ကျေးရွာ သုံးရွာလောက်တော့ မဲညစ်တဲ့ပုံတော့ တွေ့ရတယ်ပေါ့။  အဲဒါတွေကလည်း သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး” ဟု ဦးသိန်းဆွေ က မဇ္ဈိမကို  ပြောသည်။
NLD ၏ ကိုယ်စားလှယ်လောင်းအမည်ဘေး ဆန္ဒမဲပေးနိုင်သည့်  ကွက်လပ်တွင် ဖယောင်းသုတ်ထားမှုများနှင့် ပတ်သက်၍လည်း ဖျာပုံမြို့နယ် NLD  အောင်နိုင်ရေး ကော်မတီဝင် ကိုဇေယျာက “ကျနော်တို့ဆီိကိုလည်း သတင်းပို့တာ  ရှိပါတယ်။ ဒါပေမယ့် သတင်းအရင်းအမြစ်က သိပ်မခိုင်လုံဘူး ဖြစ်နေတယ်။  ကျနော်တို့က ဒီစာရွက်လည်း ရမထားတော့ အတည်ပြုနိုင်ဖို့က သက်သေအထောက်အထားလည်း  မရှိဘူး။ ဒါပေမယ့် မြို့ပေါ်ရပ်ကွက် တခုနှစ်ခုလောက်နဲ့ ရွာ  တရွာနှစ်ရွာလောက်မှာတော့ အဲဒီအနေအထား ရှိတယ်လို့ ပြောဆိုတာ
တွေရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
သို့သော်  NLD ၏ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးကော်မတီဝင်လည်းသူ ဦးဉာဏ်ဝင်းက အဆိုပါ  မဲမသမာမှုများ လစ်လပ် မဲဆန္ဒနယ် တော်တော်များများတွင် ဖြစ်ပေါ်နေသည်ဟု  မဇ္ဈိမကို ပြောဆိုထားသည်။
ဖျာပုံမဲဆန္ဒနယ်တွင် အထက်လွှတ်တော်နေရာအတွက်  NLD မှ ဦးသိန်းဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးကျော်လင်း (ခေါ်) ဦးသန်းဌေး၊  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးမင်းသိန်းလှ၊ ကြံ့ခိုင်ရေးပါတီမှ  ဦးအေးကြိုင်တို့ ယှဉ်ပြိုင်နေသည်။
   ပုလဲမြို့နယ် ရွာလေးရွာ NLD နိုင်နေ
 လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၃၀ မိနစ်
စစ်ကိုင်းတိုင်း၊  ပုလဲမြို့နယ်ရှိ မဲဆန္ဒနယ် အများအပြားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  NLD အနိုင်ရနေကြောင်း NLD ရုံးက ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ပဲမင်းမ၊  ကန်ယာယာ၊ ကန်သစ်၊ ဇီးယင်း စသည့် ကျေးရွာများတွင် ရေတွက်ပြီး မဲစာရင်းအရ  NLD က ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီကို မဲအပြတ်အသတ် အသာရနေသည်ကို တွေ့ရသည်။
ပုလဲမဲဆန္ဒနယ်၏  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် NLD မှ ဒေါ်ခင်စန်းလှိုင်၏  အဓိကပြိုင်ဘက်မှာ ကြံ့ခိုင်ရေးပါတီမှ ဦးဌေးနိုင်ဖြစ်ပြီး ပြည်သူ့  ဒီမိုကရေစီပါတီမှ ဦးဟိန်းထက်အောင်လည်း ပါဝင်ယှဉ်ပြိုင်သည်။
လက်ရှိ NLD မှ ရရှိထားသည့် ပုလဲမြို့နယ်အတွင်းမှ မဲရေတွက်ပြီး ကျေးရွာများ၏ ရွေးကောက်ပွဲရလာဒ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(ပဲမင်းမ ကျေးရွာ)NLD ၂၉၃ မဲ ၊ 
ကြံခိုင်ရေးပါတီ ၁၈၇ မဲ၊
 ပြည်သူ့ ဒီမိုကရေစီပါတီ ၂၅ မဲ၊ 
ပယ်မဲ ၁၆ မဲ
(ကန်သာယာကျေးရွာ)NLD ၁၆၃ မဲ၊
 ကြံခိုင်ရေးပါတီ ၁ မဲ၊ 
ပယ်မဲ ၁ မဲ
(ကန်သစ်ကျေးရွာ)NLD ၂၅၄ မဲ၊
 ကြံ့ခိုင်ရေးပါတီ ၂၄ မဲ၊
 ပြည်သူ့ဒီမိုကရေစီပါတီ ၃ မဲ၊ 
ပယ်မဲ ၄၁ မဲ
(ဇီးယင်းကျေးရွာ)NLD ၂၈၂ မဲ၊
 ကြံခိုင်ရေးပါတီ ၁၆၁ မဲ၊ 
ပယ်မဲ ၁ မဲ
   ကလောတွင် NLD တရွာ၊ ပအိုးဝ်ပါတီ တရွာနိုင်
 ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၄၀ မိနစ်
ရှမ်းပြည်နယ်တောင်ပိုင်း  ကလောမြို့နယ် ဖောင်းသင်ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  အနိုင်ရရှိသွားသည်ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
ဖောင်သင်ကျေးရွာရှိ အမက ကျောင်း မဲရုံတွင် လာရောက်မဲပေးသည့် ၃၄၃ မဲထဲမှ NLD အမတ်လောင်း
ဒေါ်သန်းငွေက  ၁၇၆ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးမြဝင်း က ၅၅ မဲ၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး  က ၅ မဲ၊ တစညပါတီမှ ဦးခင်မောင်လှ က ၉ မဲ ရရှိကြပြီး ပယ်မဲ ၇၆  မဲဖြစ်ကြောင်း သိရသည်။
ကလောမြို့နယ်၊ နန်ရွတ်ခွေလဲ ကျေးရွာတွင်  မဲပေးသူ ၃၂၂ ဦးထဲမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ဦးခွန်သန်းမောင် ၂၂၉  မဲဖြင့် အနိုင်ရခဲ့သည်ဟု အဆိုပါ သတင်းထောက်တဦးက ပြောသည်။
“အမက ကျောင်းထဲက မဲရုံမှာ ပအိုးဝ်ပါတီက အနိုင်ရသွားတယ်၊ တခြားတော့ မသိသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
ထို နန်ရွတ်ခွေလဲရွာမှ ကျန်မဲများကို NLD မှ ၁၄ မဲ၊ ကြံ့ခိုင်ရေးမှ ၉ မဲ၊ ပယ်မဲ ၇ မဲဖြစ်ပြီး တစည ပါတီမှ မဲမရှိခဲ့ပေ။
ကလောမြို့နယ်  ပြည်သူ့လွတ်တော် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၁၃၁ ရုံတွင် မဲရုံ ၂၅၆  ပုံးထားရှိပြီး မဲပေးနိုင်သူ စုစုပေါင်း ၉၈,၃၉၃ ရှိသည်။
   မဲဖယောင်းသုတ်မှုများ နယ်တိုင်းမှာဖြစ်ဟု NLD ဆို
 မျိုးသန့် | ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၀၄ မိနစ်
မြန်မာတနိုင်ငံလုံးရှိ  မဲဆန္ဒနယ်မြေများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏  ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲ မပေးနိုင်ရန် ဖယောင်းသုတ်မှုများ  ဖြစ်ပေါ်နေသည်ဟု NLD ၏ ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်း က  မဇ္ဈိမကို ပြောသည်။
“ဖယောင်း သုတ်တဲ့ကိစ္စက မြန်မာတပြည်လုံး  မြို့နယ်တိုင်းမှာ ဖြစ်တယ်။ တော်တော် ဆိုးရွားနေတယ်။ အဲဒါနဲ့  ပတ်သက်ပြီးတော့ ကျနော် ပြည်ထောင်စု ကော်မရှင်ကို တင်ပြထားတယ်။ လစ်လပ်  မဲဆန္ဒနယ်တိုင်းက အဲဒီ Report တွေ တက်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဖယောင်းသုတ်ပုံမှာ  NLD ကိုယ်စားလှယ်လောင်းများ၏ အမည်နံဘေး အမှန်ခြစ်၍ ဆန္ဒမဲပေးနိုင်မည့်  လေးထောင့် ကွက်တွင် သုတ်လိမ်းထားခြင်းကြောင့် ဘောလ်ပင်ဖြင့် အမှန်ခြစ်  မဲဆန္ဒပေးသော်လည်း အရာထင်မထင်သည့်
ဖြစ်ရပ်များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ဦးဉာဏ်ဝင်းက အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ “မဲပေးတဲ့လူတွေက သက်သေပဲ၊ သူတို့ပြောလို့ သိရတာ။ ဒီလူတွေက သက်သေပဲ” ဟု မဇ္ဈိမကို ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နယ်မြေ ၄၅ နေရာရှိသည့်အနက် NLD ၏ ကိုယ်စားလှယ်လောင်းများ ၄၄ နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
   ပုလဲမြို့နယ် ကန်သာရွာ NLD အနိုင်ရ
 နေမျိုး | ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၀၁ မိနစ်
စစ်ကိုင်းတိုင်း၊  ပုလဲမြို့နယ်၊ ကန်သာရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ  မဲအပြတ်ဖြင့် အနိုင်ရ သွားကြောင်း NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင် က  ပြောသည်။
ကန်သာရွာတွင် မဲလာရောက်ပေးသူ ၁၆၅ ဦးရှိပြီး နေ့လည် ၁ နာရီတွင် မဲပေးမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း ပြောသည်။
“တရွာကတော့  ဝင်လာပြီ။ ၁၆၅ မဲ အဲဒီ ကန်သာယာရွာမှာ ပေးရမှာ။ အဲဒီမှာ အန်တီ ၁၆၃ မဲ  ရပြီးတော့ ပယ်မဲ ၁ မဲနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၁ မဲ ရတယ်။ လောလောဆယ်တော့  ဒီတရုံပဲ ဝင်သေးတယ်။ ကျန်တာတွေတော့ စာရင်း မရသေးဘူး” ဟု NLD  ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင် က ပြောသည်။
ပုလဲမြို့နယ်  ပြည်သူ့လွှတ်တော်အတွက် NLD မှ ဒေါ်ခင်စန်းလှိုင်၊ ကြံ့ခိုင်ရေးပါတီမှ  ဦးဌေးနိုင်နှင့် ပြည်သူ့ ဒီမိုကရေစီပါတီမှ ဦးဟိန်းထက်အောင် တို့  ဆက်လက်ယှဉ်ပြိုင်နေကြသည်။
   မြောင်းမြမြို့ မဲဆန္ဒရှင်အချို့ အမှောင်ထဲ မဲပေးခဲ့ရဟုဆို
 မျိုးသန့်| ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၃၅ မိနစ်
မြောင်းမြမြို့  အမှတ် ၁ ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် ပြုလုပ်ထားသည့် မဲရုံအမှတ် ၂ ရှိ  ပြတင်းပေါက်များ ဖွင့်မပေးခြင်းကြောင့် အလင်းရောင်ရရှိမှုအားနည်းပြီး  နံနက်စောစော မဲသွားရောက်ပေးကြသည့် မဲဆန္ဒရှင်တို့ အခက်အခဲရှိခဲ့သည်ဟု  သွားရောက်မဲပေးခဲ့သူ မြောင်းမြမြို့မှ မသီရိ က မဇ္ဈိမကို ပြောသည်။
“သမီးက  ၆:၃ဝ လောက်မဲသွားပေးတယ် မဲသွားပေးတော့ မဲရုံက တံခါးတွေ တခုမှ  ဖွင့်မထားဘူး။ ဖွင့်မထားတော့ ဪ ဘာဖြစ်လို့ တံခါးမဖွင့်တာလဲလို့  မေးကြည့်တော့ မဲရုံမှူးက ပြောတယ်။ ခရိုင်ကော်မရှင်က မဖွင့်ခိုင်းလို့တဲ့။  ရမ်းသမ်းပြီး ခြစ်ခဲ့တယ်” ဟု ပြောသည်။
ကျောင်းသား တရာခန့် ဆံ့သည့်  အဆိုပါ မူလတန်းကျောင်းတွင် ပြတင်းပေါက် ရှစ်ပေါက် ရှိပြီး ပြတင်းပေါက်  အားလုံး ပိတ်ထားကာ “သူတို့ (မဲရုံမှူး) ပြောတော့ ပတ်ဝန်းကျင် အနှောက်အယှက်  ပေးမှာစိုးလို့တဲ့။ ပြတင်းပေါက်
တွေ မဖွင့်ရဘူးလို့ ပြောတာပဲ။  အခုချိန်ထိလည်း မဖွင့်သေးဘူး မဖွင့်ရဘူးလို့ ပြောထားတော့  တနေကုန်ဖွင့်မယ့်ပုံ မရှိဘူး” ဟု မသီရိက မဇ္ဈိမကို ပြောသည်။
အဆိုပါ  ဖြစ်ရပ်နှင့်ပတ်သက်၍ မြောင်းမြမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးဝင်းရွှေသို့ ဆက်သွယ်မေးမြန်းရာတွင်  ကိုကိစ္စနှင့် ပတ်သက်၍ မဲဆန္ဒရှင်များမှ သူ့ထံ ဆက်သွယ် အကြောင်းကြား လာသည်ဟု  ဆိုကာ “အလင်းရောင် နည်းနည်းရလာတော့မှ အဆင်ပြေသွားတယ်” ဟု မဇ္ဈိမကို ပြောသည်။
လစ်လပ်လျှက်ရှိသည့်  အထက်လွှတ်တော် မြောင်းမြမြို့နယ် မဲဆန္ဒနယ်တွင် NLD မှ မန်းဂျော်နီ၊  ကြံ့ခိုင်ရေးမှ ဦးဖြိုးကိုကိုတင့်ဆန်း၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ  ဦးအောင်မျိုးလှိုင်တို့ ယှဉ်ပြိုင်နေသည်။
   ကော့မှူးမြို့နယ်၊ ရေကျော်ရွာတွင် NLD နိုင်
 လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၀၆ မိနစ်
ကော့မှူးမြို့နယ်  ရေကျော်ကျေးရွာတွင် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပြီးဖြစ်၍  မဲရုံတာဝန်ရှိသူများက မဲရေတွက်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ၂၁၇ မဲရရှိခဲ့ပြီး ကြံခိုင်ရေးပါတီမှ ဒေါက်တာစိုးမင်းက  ၃၇ မဲရရှိခဲ့ပြီး ပယ်မဲ ၂ မဲရှိကြောင်း NLD ရုံးချုပ်(ဗဟို) က  ထုတ်ပြန်သည်။
   အများကြိုက်ပါတီကို မဲပေးဟု ဦးခင်ညွှန့်ပြော
 လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၀၀ မိနစ်
စစ်ထောက်လှမ်းရေး  ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က  ကြားဖြတ်ရွေးကောက်ပွဲတွင် အများပြည်သူ ကြိုက်နှစ်သက်သည့် ပါတီကို  မဲပေးခဲ့သည်ဟု ပြောဆိုသည်။

စစ်ထောက်လှမ်းရေး  ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က  ကြားဖြတ်ရွေးကောက်ပွဲတွင် အများပြည်သူ ကြိုက်နှစ်သက်သည့် ပါတီကို မဲပေးခဲ့  (ဓါတ်ပုံ မဇ္ဈိမ) 
မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်အတွင်းရှိ  အမှတ် ၁-၂ မဲရုံသို့ ဇနီးသည်၊ သားဖြစ်သူ တို့နှင့်အတူ နံနက် ၉ နာရီ  ဝန်းကျင်တွင် လာရောက် မဲထည့်ခဲ့သည့် ဦးခင်ညွှန့်အား မီဒီယာများက  မည်သည့်ပါတီကို မဲပေးခဲ့သနည်းဟု
မေးမြန်းရာ အများ ကြိုက်နှစ်သက်သည့် ပါတီကို မဲပေးခဲ့သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
“အများကြိုက်ပါတီကို  မဲပေးသည်” ဟုသာ ဦးခင်ညွှန့်က ပြောဆိုခဲ့သော်လည်း သားဖြစ်သူ  ကိုဇော်နိုင်ဦးကမူ “ခွပ်ဒေါင်းပါတီ” ကို မဲပေးခဲ့သည်ဟု တရားဝင်  ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
   သိန္နီမြို့နယ်တွင် ၃၀၀ ကျော် မဲထည့်ခွင့်မရ
 ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၅၆ မိနစ်
ချင်းမိုင်(မဇ္စျိမ)  ။      ။ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် မဲဆန္ဒနယ်မှ ကုန်းကောက်ကျေးရွာ  အုပ်စုတွင် မဲဆန္ဒရှင် ၃၀၀ ကျော် မဲပေးပိုင်ခွင့်ရှိသော်လည်း မဲစာရင်းတွင်  မပါဝင်သဖြင့် မဲမထည့်ခဲ့ရဘဲ ပြန်သွားရသည်ဟု ရှမ်းအမျိုးသားများ  ဒီမိုကရက်တစ်ပါတီ -ကျားဖြူ ပါတီမှ ၂၀၁၀ ကိုယ်စားလှယ် ပြည်သူ့လွတ်တော်  ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်က ပြောသည်။
“အခုဒီနေ့က ထူးခြားတာတခုက  မဲပေးချင်တဲ့ ဆန္ဒတွေ ပြင်းပြနေတာ တွေ့ရတယ်။ မဲထည့်ချင်ပေမယ့်လည်း မဲစာရင်း  မပါတဲ့ ကိစ္စတွေ ပေါ်လာတဲ့ မဲမပေးနိုင်တာတွေ ရှိနေတာရှိတာ၊  အဲဒါနည်းနည်းစောင့်ကြည့်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။
“မဲစာရင်းကပ်တုန်ကတော့ လူထုက မသိဘူး။ မလေ့လာကြဘူး။ ရပ်/ကျေးကော်မရှင်က ပညာပေးခြင်း ကြေငြာပေး
ခြင်း မရှိတဲ့အတွက် မဲစာရင်းတိုးရမှာကို မတိုးနိုင်ကြဘူး။ အခုကျတော့ မဲထည့်ချင်ပေမယ့် မထည့်နိုင်ဘူး။
ပြည်သူလူထုရဲ့ အပြစ်လည်းပါတယ်။ ကော်မရှင်၊ ပါတီတွေရဲ့ အပြစ်လည်း ပါတယ်”ဟု ပြောသည်။
မြို့နယ်  ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ပေးသော်လည်း ဥပဒေအရ ပြန်လည်  ပြင်ဆင်ပေးရန် မဖြစ်နိုင်တော့ သဖြင့် နောက်တကြိမ်ကျင်းပမည့်  ရွေးကောက်ပွဲမှသာ ထည့်ရန်သာ နှစ်သိမ့်ပေးခဲ့ရသည်ဟု ဦးစိုင်းဝင်းခိုင်က
ပြောသည်။
“ကျနော်တို့ပါတီက နောက်ရွေးကောက်ပွဲကျမှ ထည့်ရအောင်ဆိုပြီး နှစ်သိမ့်ပေးရတာပေါ့။ ကျနော်တို့ မြို့နယ်
ကော်မရှင် ဥက္ကဋ္ဌနဲ့ပဲ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ဥပဒေနဲ့ နည်းဥပဒေအတိုင်း သွားမယ်ဆိုရင်
ပြန်တိုးဖို့ မဖြစ်သွားဘူး”ဟု ပြောသည်။
သိန္နီမြို့တွင် ရပ်ကွက်ပေါင်း ၄ ရပ်ကွက်ရှိပြီး မဲရုံပေါင်း ၆၀ ရုံတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉၃,၁၀၀ ဦးရှိသည်ဟု ဆိုသည်။
သိန္နီမြို့နယ်တွင်  ပြီးခဲ့သည့် အပတ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း သိန္နီမြို့နယ်မှ  မဲရုံများတွင် ရွေးကောက်ပွဲ ဆက်လက် ကျင်းပနေသည်ဟု လားရှိုးခရိုင် ကော်မရှင်  ဥက္ကဋ္ဌ ဦးစိုင်းတင်မောင်ရွှေက မဇ္စျိမကို ပြောသည်။
“သိန္နီမှာ  အေးအေးချမ်းချမ်း မဲထည့်နေကြပါတယ်။ တန့်ယန်းဘက်က ခုထိ ဆက်သွယ်လို့  မရသေးဘူး၊ ပုံမှန် ထားတယ်။ ဘာသတင်းမှ မရသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့်  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကြိုတင်မဲ မသမာမှုများနှင့် ဖိအားပေးမှုများ  ရှိခဲ့သော်လည်း လက်ရှိ ကြားဖြတ် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှု  ရှိသည်ဟု ၂၀၁၀ ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်က ပြောသည်။
သိန္နီမြို့နယ်တွင် စစ်တပ်မှ ကြိုတင်မဲပေါင်း ၁,၀၀၄ မဲ၊ ရပ်ကွက် ၄ ခုတွင် ၁၈၉ မဲ ရရှိထားပြီး ဖြစ်ပြီး အုပ်စုပေါင်း
၃၆ စုမှ ကြိုတင်မဲများကိုမူ မရသိရသေးကြောင်း သူက မဇ္စျိမကို ပြောသည်။
   NLD ရုံးရှေ့တွင် ရွေးကောက်ပွဲသတင်းများ လာရောက်ကြည့်ရှု
 လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၂၄ မိနစ်
ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် တပ်ဆင်ထားသည့် LED ဆိုင်းဘုတ်မှ ထုတ်ပြန်ပေးနေသည့်
ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို လာရောက်ကြည့်ရှုသူ တစတစ များပြားလာသည်ကို တွေ့ရသည်။
မြို့နယ်အသီးသီးရှိ  အန်အယ်လ်ဒီ အဖွဲ့ဝင်များမှ ပေးပို့သည့် ရွေးကောက်ပွဲဆိုင်ရာ မတရားမှုများ၊  ပြဿနာများနှင့် အခြေအနေသတင်းများ၊ ပြည်တွင်းပြည်ပ သတင်းဌာနများမှ  တင်ဆက်ထားသည့် သတင်းများကို နံနက် ၁၁ နာရီခန့်မှ စ၍ အဆိုပါ LED ဘုတ်တွင်  စတင် ဖော်ပြပေးနေရာ သက်ကြီးရွယ်အိုများ၊ လူငယ်များ၊ ပြည်တွင်းပြည်ပ  သတင်းသမားများ တရာကျော်ခန့် လာရောက် စောင့်ဆိုင်းကြည့်ရှုနေကြသည်ကို  တွေ့ရသည်။

ဗဟန်းမြို့နယ်၊  ရွှေဂုန်တိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင်  ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို ထုတ်ပြန်ပေးနေသည့် LED ဆိုင်းဘုတ်အား  လူအများ လာရောက်ကြည့်ရှုနေကြစဉ်။ (ဓါတ်ပုံ - လင်းဘိုဘို၊ မဇ္ဈိမ)
ရွေးကောက်ပွဲ  မတရားမှုများကို အာဆီယံလေ့လာရေးအဖွဲ့များက ဖြေရှင်းခြင်း၊  မဲစာရင်းကွာဟမှုကို အန်အယ်လ်ဒီမှ ဝင်ရောက်ဖြေရှင်း၍ အောင်မြင်မှုရသွားခြင်း  စသည့် သတင်းအချက်အလက်များ တင်ဆက်ချိန်တွင် လာရောက်
ကြည့်ရှုနေသူများက လက်ခုပ်လက်ဝါးတီး၍ အားပေးမှုများပြုလုပ်သည်ကိုလည်း တွေ့မြင်ရသည်။
NLD အဖွဲ့ချုပ်ရုံးမှ ထုတ်ပြန်သည့် ရွေးကောက်ပွဲ သတင်းတို အချို့ပယ်မဲဖြစ်ရန် ကြံ့ခိုင်ရေးကြိုးပမ်းကော့မှူးမြို့နယ် တာလမ်းထိပ်ရပ်ကွက် အပိုင်ကွင်းထဲတွင် ကြံ့ခိုင်ရေးမဲရုံကိုယ်စားလှယ်က ရပ်ကွက်လူထုအား
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံလျှင် အမှန်ခြစ်သလို ကြံ့ခိုင်ရေးကို ကန့်ကွက်လျှင်လည်း ကြက်ခြေခတ်
ခြစ်ပါဟု ပြောဆိုခဲ့သည်ဟု ကျေးရွာသားများက ပြန်လည်ပြောဆိုကြောင်း သိရသည်။
မဲစာရွက်ပြန်မလဲပေးရန် မြို့နယ်ကော်မရှင် ဥက္ကဌပြောဧရာဝတီတိုင်း  ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံအချို့တွင် မဲရုံတာဝန်ရှိသူများနှင့်  ကြံခိုင်ရေးပါတီဝင်များက လာရောက် မဲပေးသူများကို အနှောင့်အယှက်များ  ပေးနေပြီး အမှတ် ၁၈ ရပ်ကွက် မဲရုံ ၂ တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌက မဲပေးသူ၏ အမှားကြောင့် မဲစာရွက်တွင် အပေါက်အပြဲ အစွန်းအထင်း ဖြစ်ပါက  ပြန်လဲမပေးရန် အမိန့် ထုတ်ထားကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး  ကွန်ယက်အဖွဲ့ဝင် တဦးက ဆိုသည်။ 
(Burma VJ)   မဲဖယောင်းသုတ်ကိစ္စ မရမ်းကုန်းမှာ မရှိဟု ကော်မရှင်ပြော
 ကိုပေါက် | နယူးဒေလီ (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၂၄ မိနစ်
အချို့မဲဆန္ဒနယ်များကဲ့သို့  မဲစာရွက်များပေါ် ဖယောင်းသုတ်လိမ်းထားသည့်ကိစ္စ စောဒကတက်မှုများ  မရမ်းကုန်းတွင် မရှိသေးကြောင်း ကော်မရှင် က ပြောသည်။
“အကယ်၍  ရှိလာရင် ဘယ်မဲရုံ၊ ဘယ်ရပ်ကွက်၊ မဲရုံအမှတ်နဲ့အတူ ကျနော်တို့ဆီ  တရားဝင်တင်ရင် ကျနော်တို့ ကိုယ်တိုင် ဆင်းပြီး ကြည့်ရှုပြီး  ရှင်းလင်းပေးပါ့မယ်” ဟု ခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးတင်မြင့် က မဇ္ဈိမကို  ပြောသည်။
တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရွက်များကို  ခရိုင်ကော်မရှင်မှ မြို့နယ်နှင့် ရပ်/ကျေး ကော်မရှင် များထံသို့ လနှင့်ချီ၍  ကြိုတင် ဖြန့်ဝေပေးထားခြင်းကြောင်း “မဲစာရွက် ပုံစံတွေက အစောကြီး  ကြိုပေးထားတယ် ခင်ဗျ။ နှစ်လလောက် ကတည်းကပေါ့။ အနည်းဆုံး တလ နှစ်လလောက်ကို  ကြိုတင်ပြီးတော့ ရပ်ကွက်အလိုက်၊ မဲရုံအလိုက်ကို ပေးထားပါတယ်ခင်ဗျ။  ပိုပြီးတော့လည်း ဆောင်းပေးထားပါတယ်။ မဲစာရွက်ကတော့ အလိုမရှိဘူး။  ပိုပေးတယ်”ဟု ဦးတင်မြင့် က ပြောသည်။
ထိုသို့ မဲစာရွက်အား  ဖယောင်းသုတ်သည့် စောဒကတက်မှုများ မကြုံရသော်လည်း မဲစာရင်းကွာဟမှုမှာ ယနေ့အထိ  အခက်အခဲတခုအဖြစ် ဖြေရှင်းပေးနေရကြောင်း “သန်းခေါင်စာရင်းနဲ့  ဒီရပ်ကွက်ထဲမှာနေတယ်၊ လူရှိတယ်၊ ကြာလည်းကြာပြီ။ ဒါပေမယ့် မဲစာရင်းထဲ  မပါလို့၊ အဲဒီအပိုင်းက ခက်ခဲနေတယ်ခင်ဗျ။ အဲဒီအနေအထားတွေကို ကျနော်တို့က  တော်တော်လေး ဆွေးနွေးပေးနေရပါတယ်။ ရာဂဏန်းလောက်ထိ ရှိကြတယ်ပြောတယ်” ဟု  ဦးတင်မြင့် က ပြောသည်။
တနင်္ဂနွေနေ့တွင် မရမ်းကုန်း  ရွေးကောက်ပွဲကော်မရှင်ထံသို့ သံတမန်တချို့နှင့် တခြားလေ့လာသူတွေ၊  စိတ်ပါဝင်စားသူများ လာရောက်လေ့လာနေကြကြောင်းလည်း သိရသည်။
   မရမ်းကုန်း ဦးရသ ကိစ္စ ကော်မရှင်ဖြေရှင်းပြီး
 ကိုပေါက် | နယူးဒေလီ (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၁၆ မိနစ်
အမျိုးသားဒီမိုကရေစီ  ပါတီသစ် မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း (ခေါ်) ရသ အား  မရမ်းကုန်း မြို့နယ်တွင်းရှိ ရပ်ကွက် ၇ မဲရုံအမှတ် ၁၊ ၂၊ ၃ မဲရုံများသို့  ဝင်ခွင့်မရဟု ၎င်းတို့ပါတီမှ စောဒက တက်လာခြင်းကို သက်ဆိုင်ရာ ကော်မရှင်မှ  ဖြေရှင်းဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်  ဦးတင်မြင့် က ပြောသည်။
“အဲဒီ အမျိုးသားဒီမိုကရေစီပါတီသစ်  အတွင်းရေးမှူးကနေ ကျနော်တို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌဆီကို ဖုန်းဆက်ပြီး  အကြောင်းကြားလာပါတယ်။ အဲလို ဖုန်းသတင်း ရရချင်း မြို့နယ်ကော်မရှင် ဥက္ကဋ္ဌရယ်၊  ကျနော်တို့ ခရိုင်ကော်မရှင် အဖွဲ့ဝင်တွေရယ် ချက်ချင်းပဲ အဲဒီမဲရုံကို  ကိုယ်တိုင်သွားကြပြီး ဖြေရှင်းပြီးပါပြီ” ဟု ကိုယ်တိုင်လိုက်ပါဆောင်ရွက်
ပေးခဲ့သူ ဦးတင်မြင့် က မဇ္ဈိမကို ပြောသည်။
“မဲရုံတာဝန်ရှိသူက  ‘ခဏ နေပါဦးခင်ဗျ’ လို့ ပြောတာကို ဒီဘက်က ဦးရသ ဘက်က ကြားတာက မဲရုံထဲ  မဝင်ရဘူး လို့။ ကျနော်တို့လည်း မေးပါတယ်။ ‘မင်းတို့  မဝင်ရဘူးလို့ပြောသလား’လို့ ကျနော်တို့မေးတယ်။ ‘အဲလို မပြောပါဘူး’ လို့  မဲရုံတာဝန်ခံတွေက ပြောတယ်ဗျာ။ ကာယကံရှင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရသ  နဲ့ ကျနော်တို့
ကော်မရှင်ဥက္ကဋ္ဌနဲ့ကလည်း တယ်လီဖုန်းနဲ့  ဆက်သွယ်စကားပြောပြီးပါပြီ။ ပြေပြေလည်လည်ပါပဲ။ ကျနော်တို့  ခရိုင်ကော်မရှင်ဝင်တွေပါ အဲဒီမှာ တနာရီလောက် ထိုင်ပြီး ပြေပြေလည်လည်  ညှိနှိုင်းဆောင်ရွက်ပြီးခဲ့ပါပြီခင်ဗျ။ မဲရုံဝန်ထမ်းတွေကိုလည်း စကားပြောကအစ  မမာပါနဲ့လို့ သေချာပြောထားခဲ့ပါတယ်” ဟု ဆက်လက်ပြောဆိုသည်။
ကိုယ်စားလှယ်လောင်း ဦးရသ ကိုယ်တိုင်မှာမူ ညနေကျမှ မဲလာထည့်မည်ဟု ပြောဆိုထားကြောင်း ဦးတင်မြင့် က ပြောသည်။
    ဆရာကြီး ဒဂုန်တာရာ NLD ကိုမဲထည့်
 မျိုးသန့်| ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၁ နာရီ ၄၂ မိနစ်
အသက်  ၉၄ နှစ်ရှိပြီဖြစ်သည့် စာရေးဆရာကြီး ဒဂုန်တာရာသည် အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ် NLD သို့ မဲပေးခဲ့သည်ဟု NLD မဲရုံကိုယ်စားလှယ် ဒေါ်ခင်မိုးမိုးက  မဇ္ဈိမကို ပြောသည်။
“မဲလာထည့်တော့ ဆရာကြီးက မျက်စိမမြင်လည်း  မမြင်ဘူး။ ဆရာကြီးရဲ့ အိမ်က မိသားစုတွေက ဆရာကြီးကို တွဲခေါ်သွာပေးပါတယ်။  လျှို့ဝှက် ဆန္ဒပြုခန်းမှာ မဲရုံမှူး ကိုယ်တိုင်က ကျမလည်း ကြည့်နေပါတယ်။  ဆရာကြီး ပါတီ ငါးခုရှိတယ်။ ဘယ်ပါတီကို ဆန္ဒပြုချင်သလဲဆိုတာ ကျမတို့ရှေ့မှာ  မေးပါတယ်။ ဆရာကြီးက ‘NLD ကို ပေးပါ’ ဆိုတော့ မဲရုံမှူးကိုယ်တိုင် NLDကို  အမှန်ခြစ်ပေးပါတယ်” ဟု မဲရုံအတွင်း ဝင်ရောက်ကြည့်ရှု့ခွင့်ရသူ  ဒေါ်ခင်မိုးမိုးက
ပြောသည်။
လွှတ်တော်များ ရွေးကောက်ပွဲ ဥပဒေပုဒ်မ  ၄၂ တွင်လည်း ဆရာကြီးကဲ့သို့သော မဲဆန္ဒရှင်များနှင့် ပတ်သက်၍ “ဆန္ဒမဲပေးသူသည်  ဆန္ဒမဲလက်မှတ်ရှိ အမည်များကို မဖတ်တတ်လျှင် သို့မဟုတ်  ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင် လည်းကောင်း၊  မျက်မမြင်ဖြစ်လျှင်လည်းကောင်း သက်ဆိုင်ရာ မဲစာရင်း၌ ပါရှိသော မဲဆန္ဒရှင်၏  ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမအရင်း တဦးဦးသည်  ဆန္ဒမဲပေးသူက
ညွှန်ကြားသည့်အတိုင်း သတ်မှတ်ထားသည့် နေရာတွင် ဆန္ဒမဲလက်မှတ်၌  လျှို့ဝှက်ဆန္ဒပြုရမည်။ ယင်းပုဂ္ဂိုလ် မရှိလျှင် မဲရုံမှူးသည်  ယင်းပုဂ္ဂိုလ်များကိုယ်စား ဆောင်ရွက်ပေးရမည်။ ထို့နောက် ဆန္ဒမဲပေးသူအား  ထိုဆန္ဒမဲ လက်မှတ်ကိုခေါက်၍ မဲပုံးထဲသို့ ကိုယ်တိုင်ထည့်စေရမည်” ဟု  ပြဋ္ဌာန်းထားသည်။
ဆရာကြီးဒဂုန်တာရာသည် ကလောမြို့နယ် ရွာငံစုရပ်ကွက်  အခြေခံပညာ မူလတန်းကျောင်း အမှတ် ၁၄ တွင်ဖွင့်လှစ်ထားသည့် မဲရုံတွင် လာရောက်  မဲပေးသွားခြင်းဖြစ်သည်။
ကလောမြို့နယ်လစ်လပ်မဲဆန္ဒနယ်တွင်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးလှ (ခေါ်) ဦးခင်မောင်လှ၊  ကြံ့ခိုင်ရေးပါတီမှ ဦးမြဝင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ  ဦးခွန်သန်းမောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဦးစဝ်သာဦး၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ဒေါ်သန်းငွေ တို့ ဝင်ရောက်  ယှဉ်ပြိုင်လျက်ရှိသည်။
 ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်ပြီ
 လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၁ နာရီ ၀၆ မိနစ်
ကော့မှူးမြို့နယ်မှ  ပြန်လည်ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့ နံနက် ၁ဝ နာရီခွဲ  ဝန်းကျင်ခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း  ခရီးစဉ်တွင် လိုက်ပါသည့် ရှေ့ပြေး လုံခြုံရေးအဖွဲ့မှ သိရသည်။
ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာ မဲရုံသို့ တနင်္ဂနွေနေ့ နံနက် ၇ နာရီအချိန်တွင် သွားရောက်ကြည့်ရှုပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်သည် အနီးဝန်းကျင် ကျေးရွာများရှိ မဲရုံများသို့ သွားရောက်ခဲ့သေးကြောင်း သိရသည်။
ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့
ပြန်လည်အနားယူမည်ဟု သိရသည်။
   အမျိုးသားဒီမိုကရေစီပါတီသစ် ကိုယ်စားလှယ်လောင်း မဲရုံတွင်း ဝင်ခွင့်မရ
 မျိုးသန့် |ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၅၀ မိနစ်
ရန်ကုန်တိုင်း၊  မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီပါတီသစ်၏  ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း (ခေါ်) ရသ ကို မဲရုံတွင်း  ဝင်ရောက်ကြည့်ရှု့ခွင့် မဲရုံမှူးများမှာ ခွင့်မပြုဟု ပါတီခေါင်းဆောင်  ဦးသိန်းညွှန့်က မဇ္ဈိမကို ပြောသည်။
မရမ်းကုန်းမြို့နယ် ရပ်ကွက် ၇  မဲရုံအမှတ် ၁၊ ၂၊ ၃ မဲရုံများသို့ ကိုယ်စားလှယ်လောင်း ဝင်ခွင့်မရခြင်းကို  “ကျနော်တို့ ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း ကို မဲရုံထဲဝင်ခွင့်မပြုလို့  မြို့နယ်ကော်မရှင်ကို ကျနော် အကြောင်းကြားထား ပါတယ်” ဟု ဦးသိန်းညွန့်က  ပြောသည်။
သို့သော် လွှတ်တော်များ နည်းဥပဒေ အခန်း ၄၈ ပုဒ်မခွဲ ၆ တွင်  မဲရုံအတွင်း ဝင်ရောက် ကြည့်ရှု့နိုင်သူများမှာ “သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက်  ရွေးကောက် တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ယင်းတို့၏  ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့်အတူ  ကိုယ်စားလှယ်များ” ဟု ပြဋ္ဌာန်း ထားခြင်းကြောင့် ထိုမဲရုံမှူးများ၏ လုပ်ရပ်သည်  ဥပဒေနှင့် ဆန့်ကျင်နေသည်ဟုလည်း ဦးသိန်းညွန့်က ပြောသည်။
မရမ်းကုန်းမြို့နယ်  ပြည်သူ့လွှတ်တော်လစ်လပ် မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးခင်လှိုင်၊  ကြံ့ခိုင်ရေးပါတီမှ ဦးရဲထွဋ်၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီမှ ဒေါ်ဟေမာထိန်၊  NLD မှ ဒေါ်မေဝင်းမြင့်၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ  ဒေါ်ခင်ဖြူဖြူငြိမ်း၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ ဦးရဲမင်းသိန်း (ခေါ်)  ရသ တို့ ဝင်ရောက်ယှဉ်ပြိုင်နေသည်။
အချို့မဲဆန္ဒနယ်များတွင် မဲပြားများတွင် ဖယောင်း သုတ်လိမ်းထားမှုများ ရှိနေသည်ဟု NLD ပါတီဝင်များမှ စွပ်စွဲပြောဆိုမှုများ ရှိနေသည်။
ဤသို့သောဖြစ်ရပ်များနှင့်ပတ်သက်၍  ဆန္ဒမဲပြားများတွင် မှားယွင်းမှု တစုံတရဖြစ်ပေါ်လာပါက ဆန္ဒရှင်များအနေဖြင့်  မဲရုံမှူးများသို့တင်ပြကာ ဆန္ဒမဲပြားအသစ်များရယူနိုင်ကြောင်း  ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် မဲရုံမှူးညွှန်ကြားချက်တွင်  ဖေါ်ပြပါရှိသည်ဟု ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ  ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။
   မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်ရှိ မဲရုံအမှတ် ၂ တွင်
  တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၄၀ မိနစ်

မင်္ဂလာတောင်ညွှန့်မြို့နယ်  ပုသိမ်ညွှန့်ရပ်ကွက်ရှိ မဲရုံအမှတ် ၂ တွင် မဲပေးနေသူတဦးကို ဧပြီလ ၁ ရက်  ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)
   လားရှိုးမှာ ခုချိန်ထိ အဆင်ပြေ
 ဖနိဒါ |ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၃၈ မိနစ်
လားရှိုးမြို့ NLD ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်က မြို့ပေါ် ရပ်ကွက်များရှိ မဲရုံများကို လိုက်လံ ကြည့်ရှုနေသည်။
“ကျနော်က  အခု မဲရုံအခြေအနေတွေ လျှောက်ကြည့်နေတာ။ အခြေအနေကောင်းတယ်။ မဲပေးနေကြတယ်။  မဲရုံ အထက ၁ အမှတ် ၁ မှာ ကြည့်တာ လူပိုများတယ်။ ခုချိန်ထိတော့ ဘာမှ  ပြောမရဘူး။ မဲရုံမှူးတွေကို ဆွေးနွေး
မေးကြည့်တာ အဆင်ပြေတယ်။ ကျနော် ကြည့်သလောက် ရပ်ကွက် ၁ မှာ လူများတယ်”
မဲရုံများတွင် အရပ်ဝတ်စုံဖြင့် လုံခြုံရေးချထားပြီး မဲရုံမှူးများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ ရှိနေသည်ဟု သိရသည်။
“ကျနော်  နောက်ဆုံးသိတာက တန့်ယန်းဘက်က ကျေးရွာအုပ်စု ၁၁ ခုကို မဲပုံး  မထောင်နိုင်ဘူးလို့ ပြောတာ။ ဒါပေမယ့် ကော်မရှင်ကတော့ အဲဒီနေရာမှာ  သွားပြီးတော့ မဲပုံးထောင်မယ်။ နောက်ပိုင်း မဲပေးဖြစ်တာ မဖြစ်ဘူး ဆိုတာကတော့  နောက်အခြေအနေပဲ။ ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ ပြောတယ်”ဟု  ဦးစိုင်းမြင့်မောင်က ပြောသည်။
ယနေ့ နံနက်ပိုင်းက  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ရပ်ကွက် ၁ တွင်  မဲထည့်ပေးခဲ့ရသည့်အတွက် ဝမ်းသာကြောင်း အသက် ၆ဝ ကျော်အရွယ် ဦးစန်းအောင်က  ပြောသည်။
“အခုနလေးတင်ပဲ မဲထည့်လိုက်တာ။ တနိုင်ငံလုံး  ဟိုးလေးတကျော်ကျော် ခွပ်ဒေါင်းပေါ့။ မဲထည့်တာ အဆင်ပြေ ပါတယ်။  ကိုယ်ကြိုက်တဲ့ ပါတီကို မဲထည့်ရတော့ ပျော်တာပေါ့”ဟု သူက ပြောသည်။
လားရှိုး၊  တန့်ယန်း၊ မိုင်ယယ်၊ သိန္နီ၊ ကွမ်းလုံမြို့နယ် အမျိုးသားလွှတ်တော်  မဲဆန္ဒနယ်မြေတွင် လုံခြုံရေးအရ တန့်ယန်းမြို့နယ်ရှိ ကျေးရွာမှ မဲရုံပေါင်း  ၁၁ ခုကို ပယ်ဖျက်ရန် သတင်းများထွက်ပေါ်ခဲ့သော်လည်း လားရှိုး
ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံး ဆက်လက် ကျင်းပမည်ဟု ပြောကြားခဲ့သည်ဟု NLD ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်က ပြောသည်။
လားရှိုးမြို့နယ်  မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်များအတွက် အမျိုးသားလွှတ်တော်  မဲဆန္ဒနယ်မြေတွင် ကြံ့ခိုင်ရေး ပါတီမှ ဒေါက်တာ နန်းကိန်ဖောင်းတစ်၊ NLD  ပါတီမှ ဦးစိုင်းမြင့်မောင်နှင့် တစည ပါတီမှ ဦးစိုင်းစံမင်း၊ လားဟူ  အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးရောဘတ်နှင့် ကိုးကန့်ဒီမိုကရေစီနှင့်  ညီညွတ်ရေးပါတီမှ ဦးလော်ကျွန်ကွမ်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေကြသည်။
   လားရှိုးမှာ မဲပေးနေပြီ
 ဖနိဒါ |ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၃၁ မိနစ်
ရှမ်းပြည်နယ်မြောက်ပိုင်း  လားရှိုးမြို့ပေါ် ရပ်ကွက် ၁ဝ ရှိ မဲရုံတွင် ဒေသခံ လူဦးရေ ၃၀ ခန့်  တနင်္ဂနွေနေ့ နံနက် ၆ နာရီတွင် စတင်မဲပေးနေပြီ ဖြစ်ကြောင်း 7 day ဂျာနယ်မှ  သတင်းထောက် ဥက္ကာကိုကို အွန်လိုင်းမှတဆင့် ပြောပြ သည်။
“မြို့ပေါ်  လောလောဆယ်တော့ ရပ်ကွက် ၁ဝ မှာ ရောက်နေတယ်။ ထည့်နေပြီ။ မဲရုံ  မဖွင့်ခင်ကတည်းက လမ်းလျှောက်လာပြီး စောင့်နေကြတယ်။ အခု အယောက် ၃ဝ ကျော်ပြီ”  လားရှိုးမြို့တွင် ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်တွင် မဲရုံပေါင်း ၄၃ ရုံရှိသည်။
   ကြံ့ခိုင်ရေးတွက်ဆို မဲစာရွက် လဲပေးမယ်
 လင်းဘိုဘို| ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၂၇ မိနစ်
ရန်ကုန်တိုင်း၊  ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ် ၈ဝ ရပ်ကွက်တွင် မဲစာရွက်တွင် ဖယောင်းသုတ်ထားသဖြင့်  မဲဆန္ဒရှင်က အခြား မဲစာရွက်ဖြင့် လဲလှယ်ပေးရန် တောင်းဆိုခဲ့ရာ  မဲရုံတာဝန်ရှိသူများက ကြံခိုင်ရေးပါတီကို မဲပေးပါက မဲစာရွက် လဲလှယ်ပေးမည်ဟု  ပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း  ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့က ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးသို့  သတင်းပေးပို့သည်။
   မဲပေးခွင့်ဆုံးရှုံးနေသူ သုံးဦး မဲပေးခွင့်ပြန်ရ
 လင်းဘိုဘို| ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၂၇ မိနစ်
မရမ်းကုန်းမြို့နယ်  အောင်သိဒ္ဓိရပ်ကွက်နေ မိသားစုတခုတွင် မဲပေးပိုင်ခွင့်ရှိသူ ၅ ဦးရှိသည့်  အနက် ၂ ဦးကိုသာ မဲပေးခွင့်ပြုခဲ့သည့်အတွက် ကာယကံရှင်မိသားစုက မြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ တိုင်ကြားခဲ့သဖြင့်  ပါတီတာဝန်ရှိသူများက လိုက်လံပြောဆိုခဲ့မေးမြန်းခဲ့ရာ  မဲစာရင်းအထောက်အထားများ ပြန်လည် တွေ့ရှိပြီးနောက် ကျန်မိသားစုဝင် ၃ ဦး  မဲပေးခွင့် ရခဲ့ကြောင်း သိရသည်။
   ကြံ့ခိုင်ရေးများ မဲရုံတွင်း ဝင်ထွက်သွားလာနေ
 လင်းဘိုဘို| ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၂၄ မိနစ်
ရန်ကုန်တိုင်း  တောင်ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ၆၈ ရပ်ကွက်ရှိ မဲရုံတခုအတွင်းသို့  မဲရုံကိုယ်စားလှယ်များ မဟုတ်သူ ကြံခိုင်ရေးပါတီမှ ကျော်ကျော်ဦးနှင့်  မြတ်သူတို့ အဆီးအတားမရှိ ဝင်ထွက်သွားလာနေကြောင်း အန်အယ်လ်ဒီ  မဲရုံကိုယ်စားလှယ်များက ရန်ကုန်တိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့မှ  တဆင့် အဖွဲ့ချုပ်ရုံးသို့ သတင်းပေးပို့ခဲ့ရာ ပါတီရွေးကောက်ပွဲအောင်နိုင်ရေး  ကော်မတီအတွင်းရေးမှူး ဦးဉာဏ်ဝင်းက ရဲအဖွဲ့သို့ တိုင်ကြားရန်
ပြန်လည်ညွှန်ကြားထားကြောင်း သိရသည်။
   ပုလဲမြို့နယ်တွင်လည်း မဲပြားများကို ဖယောင်းသုတ်ထားဟုဆို
 မျိုးသန့်| ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၀၁ မိနစ်
စစ်ကိုင်းတိုင်း၊  ပုလဲမြို့နယ်ရှိ ဆင်ရှင်ရွာနှင့် အလယ်ဘုံရွာတို့တွင် အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းကို မဲပေးရန် အမှန် ခြစ်ရမည့် အကွက်တွင်  ဖယောင်းများ သုတ်ထားပြီး မဲဆန္ဒရှင်များ ဆန္ဒမဲပေးလိုသော်လည်း အမှန်ခြစ်၍  မရနိုင်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်နေသည်ဟု ပုလဲမြို့နယ် NLD  ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်က မဇ္ဈိမကို ပြောသည်။
“အန်တီတို့ပါတီကို  အမှန်ခြစ်ရမယ့် အကွက်မှာ ဖယောင်းတွေ သုတ်ထားတယ်လို့ မဲဆန္ဒရှင်တွေက  သတင်းပို့ပါ တယ်။ ဖယောင်းသုတ်ထားတော့ အရာမထင်ဘူးပေါ့။ အန်တီတို့ဆီ  မဲသွားပေးတဲ့လူတွေ တယောက်ပြီးတယောက် ဖုန်းဆက်လာပါတယ်” ဟု  အောက်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။
အဆိုပါ ကိစ္စကို ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများသို့ မဲဆန္ဒရှင်များမှ တင်ပြကာ မဲပြားများ လဲလှယ်ပေးရန် တောင်းဆို
သော်လည်း လဲပေးမပေးကြောင်း “မဲစာရွက် လဲပေးဖို့ ပြောတော့လည်း သူတို့က လဲမပေးဘူးပြောတယ်။ ပေးလာတဲ့
ဘောလ်ပင်ကလည်း  အရမ်းစူးတဲ့အတွက် ဖိခြစ်လိုက်ရင်လည်း ပြဲသွားသလိုဖြစ်တယ်။  ခြစ်လို့မရတဲ့အတွက် အထပ်ထပ်ခြစ်တော့ စာရွက်ပြဲတယ်ပေါ့။ အဲဒါမျိုးတွေ  ဖြစ်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က မဇ္ဈိမကို ပြောသည်။
အထက်ပါ  ဖြစ်ရပ်များနှင့်ပတ်သက်၍ ပုလဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့  မဇ္ဈိမက ဆက်သွယ်မေးမြန်း ရာတွင် “အဲဒါတွေကို ကျနော်တို့က ဘာမှ ပြန်လည်  ဖြေကြားတာ မဟုတ်ဘူး၊ ကျနော်တို့ ကော်မရှင်ရုံးမှာ
ကော်မရှင်ကိစ္စပဲ ဆွေးနွေးပါတယ်။ အဲဒီပြဿနာတွေ ကျနော်တို့ ကော်မရှင်မှာ လာမတက်ပါဘူး။ ပြဿနာ မရှိပါဘူး။ ဆောရီးပဲခင်ဗျာ့” ဟု ဆိုသည်။
ပုလဲမြို့နယ်  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း  ဦးဌေးနိုင်၊ ပြည်သူ့ ဒီမိုကရေစီပါတီမှ ဦးဟိန်းထက်အောင်နှင့် NLD မှ  ဒေါ်ခင်စန်းလှိုင်တို့ ဝင်ရောက်အရွေးခံနေကြသည်။
   NLD အမှန်ခြစ်နေရာတွင် ဖယောင်းများသုတ်ထား
 လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ)တနင်္ဂနွေနေ့  မနက်ပိုင်းတွင် စတင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင်  မဲဆန္ဒနယ်အများအပြား၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အတွက်  အမှန်ခြစ်ရန် နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားသည်ကို တွေ့ရ
ကြောင်း မဲရုံကိုယ်စားလှယ် တာဝန်ကျသူ ပါတီဝင်များက ဆိုသည်။
တောင်ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက် မဲရုံအမှတ် ၁ တွင် မဲစက္ကူစာရွက်ပေါ်ရှိ NLD အား မဲပေးရန်
နေရာတွင် ဖယောင်းများ သုတ်လိမ်းထားသဖြင့် မဲပေး၍ မရကြောင်း မဲဆန္ဒရှင်များက ပြောဆိုခဲ့သည်ဟု NLD မဲရုံကိုယ်စားလှယ်က ဆိုသည်။
“ကျနော်တို့ပါတီ  ဘေးက အမှန်ခြစ်ရမယ့် နေရာမှာ ဖယောင်း သုတ်ထားတယ်။ သဘောကတော့ စက္ကူပေါ်မှာ  ဖယောင်းသုတ်ထားတော့ ရေးလို့ ခြစ်လို့ မရဘူးပေါ့ဗျာ။ မဲရုံ တာဝန်ရှိသူတွေကို  ပြောတော့ မဲပြား ၃ ခုလောက်ကို လဲပေးတယ်” ဟု အဖွဲ့ချုပ်  မဲရုံကိုယ်စားလှယ်ဖြစ်သူက မဇ္ဈိမကို ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍  တောင်ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အခြားမဲရုံများသို့  သတင်းပေးပို့ထားပြီး အဖွဲ့ချုပ်ရုံး (ဗဟို) သို့လည်း သတင်းပေးပို့ထားပြီး  ဖြစ်ကြောင်း သူကပြောသည်။
တောင်ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ်မျိုး  ပြည်နယ်နှင့်တိုင်းအသီးသီး မဲရုံအများအပြားတွင် ဖြစ်ပွားနေကြောင်း  သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်များက သတင်းပေးပို့ကြောင်း NLD  ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
“ပြည်နယ်နဲ့ တိုင်းတွေကလဲ ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သတင်းပို့လာတယ်။ ဒီကိစ္စအတွက် သက်ဆိုင်ရာ တိုင်းနဲ့
ပြည်နယ်  ကော်မရှင်၊ မြို့နယ်ကော်မရှင်တွေနဲ့ ရဲစခန်းတွေကို တိုင်ကြားသွားဖို့  လုပ်နေတယ်။ ဒါ ရွေးကောက်ပွဲကို ပျက်စီးအောင် အနှောင့်အယှက်ပေးတာ  ဖျက်ဆီးတာပဲ။ ရဲဘက်က အရေးယူပေးဖို့ တာဝန်ရှိတယ်။" ဟု သူက မဇ္ဈိမကို  ပြောသည်။
   ဒေါ်အောင်ဆန်းစုကြည် ဝါးသိင်္ခသို့ ရောက်ပြီ
 လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ)ရန်ကုန်မြို့မှ ကော့မှူးမြို့နယ်သို့ စနေနေ့ ညနေပိုင်းက ထွက်ခွာသွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည်
ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာသို့ ည ၇ နာရီ ဝန်းကျင်ခန့် အချိန်တွင် ချောမောစွာ ရောက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စည်းရုံးရေးခရီးစဉ်များကဲ့သို့ပင် မိုင် ၄ဝ ကျော်ခန့် ကွာဝေးသည့် ခရီးစဉ်တလျှောက်
ဒေါ်အောင်ဆန်းစုကြည်  ပါဝင်သည့် ယာဉ်တန်းကို ကြိုဆိုနှုတ်ဆက်သူ အများအပြားတွေ့မြင်ရကြောင်း  ခရီးစဉ်တွင် လိုက်ပါသတင်းယူသည့် မဇ္ဈိမ သတင်းထောက်က ဆိုသည်။
“ကလေးတွေရော၊  လူကြီးတွေရော လမ်းတလျှောက်လုံး လိုလိုပဲ။ ည မှောင်တဲ့အထိ  အိုးစည်ဗုံမောင်းတွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက် ကြိုကြတယ်” ဟု သတင်းထောက်က  ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား  ကော့မှူးမြို့အဝင်မှ ကြိုဆိုနေကြသော ဒေသခံ ရဟန်းရှင်လူ ပြည်သူများအား  ရွေးကောက်ပွဲမတိုင်မီ တရက်အလို မတ်လ ၃၁ ရက် ညနေက တွေ့ရစဉ်။ (ဓါတ်ပုံ -  မင်းမင်းဦး၊ မဇ္ဈိမ
ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိလာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် တည်းခိုသည့် အိမ် အနီးတွင် သတင်းမီဒီယာများ
စောင့်ဆိုင်းလျက် ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများမှလည်း ပရိသတ် အများအပြား လာရောက်ကြောင်း သိရသည်။
“အန်တီတည်းတဲ့ အိမ်ရှေ့မှာ ဗီဒီယိုကင်မရာတွေ ဆင်ပြီး စောင့်နေကြတယ်။ သတင်းထောက်တွေက ရွာထဲမှာ
နေရာအနှံ့ပဲ။  ရွာထဲက အိမ်တွေမှာ လိုက်တည်းတဲ့သူတွေလည်း ရှိတယ်။ ကားပေါ်မှာပဲ အိပ်မယ်  ဆိုတဲ့ အဖွဲ့တွေ လည်း ရှိတယ်။ သတင်းထောက်မှာ ပြည်တွင်း သတင်းထောက်တွေထက်  နိုင်ငံခြားသား သတင်းထောက်တွေ ပိုများတယ်လို့ ထင်ရတယ်။ နိုင်ငံခြားသား  သတင်းထောက် မရှိဘူးဆို ၇ဝ-၈ဝ လောက် အောက်ထစ်ရှိမယ်” ဟု မဇ္ဈိမ သတင်းထောက်က  ပြောသည်။
ဝါးသိင်္ခကျေးရွာသို့ ရောက်ရှိပြီး ကြိုဆိုစောင့်ဆိုင်းနေသူများကို ခေတ္တ နှုတ်ခွန်းဆက်ပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်သည်  တည်းခိုသည့်အိမ်၌ အနားယူနေကြောင်း လုံခြုံရေးနှင့် ပတ်သတ်၍ အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနှင့် ကျေးရွာခံများ  ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ရန်ဆုံးဖြတ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်
ရွေးကောက်ပွဲတွင်  ကိုယ်တိုင်မဲပေးရန်အတွက် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင်  သန်းခေါင်စာရင်းဝင်ရန် ဆုံးဖြတ်ခဲ့သေးသည်။ တိုင်းရင်းသားအရေးအတွက်  ကရင်လူမျိုးအများအပြား နေထိုင်သည့် ဝါးသိင်္ခကျေးရွာကို
ရွေးချယ်ခဲ့ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် သန်းခေါင်စာရင်း  ပြောင်းလဲ မည့် အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။
source by : http://www.mizzimaburmese.com