
လာမယ့် တနင်္လာနေ့မှာ ကျရောက်မယ့် ရှစ်လေလုံး မြန်မာ့ဒီမိုကရေစီအရေး  လှုပ်ရှားမှု ၂၃ နှစ်ပြည့် အခမ်းအနားမှာ ပြည်သူလူထု တရပ်လုံး  ပါဝင်ဆောင်ကြဖို့ ဒီအခမ်းအနား ဖြစ်မြောက်ရေး ဆောင်ရွက်နေကြတဲ့ ဒီမိုကရေစီ  လိုလားသူတွေက တိုက်တွန်း လိုက်ပါတယ်။
၈ လေးလုံး  မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု ၂၃ နှစ်ပြည့် နှစ်ပတ်လည်  အထိမ်းအမှတ်အနေနဲ့ ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ၈၈ မျိုးဆက်  ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးအင်အားစု အသီးသီးက ပုဂ္ဂိုလ်တွေ ပါဝင်တဲ့  မြန်မာနိုင်ငံ ဒီမိုကရေစီ လိုလားသူတွေက ကျင်းပဖို့ရှိနေပြီး ဒီအခမ်းအနားကို  ပြည်သူလူထု တရပ်လုံး ပါဝင်ကြဖို့ တိုက်တွန်း ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ 
ဒီအခမ်းအနားကို  လာမယ့် တနင်္လာနေ့မှာ နတ်စင်လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ရှိတဲ့  သာဓု ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပပြုလုပ်ဖြစ်ပြီး ပြည်သူတွေအားလုံး  တက်ရောက်ဖို့ အခမ်းအနား ဖြစ်မြောက်ရေး ပါဝင် ဆောင်ရွက်နေတဲ့  ကိုမျိုးရန်နောင်သိန်းက အခုလို ပြောပါတယ်။
 
“၈.၈.၈၈ ၂၃  နှစ်ပြည့် အထိမ်းအမှတ်ပေါ့နော်၊ ဝါဆိုသင်္ကန်းကပ်လှူပွဲကို ကျနော်တို့ အားလုံးက  ဒါ အမျိုးသားရေး ပွဲတခုအဖြစ်အနေနဲ့ ကြည်လင်တဲ့ အမျိုးသားရေး အမြင်နဲ့  ကျင်းပမယ်လို့ ဆုံးဖြတ်တဲ့အခါမှာ ၈၈ မျိုးဆက် ကျောင်းသားတွေရော၊  ကွန်ရက်အဖွဲ့တွေရော အားလုံးပဲပေါ့နော် ဘယ်သူ ဘယ်ဝါရယ် မဟုတ်ဘဲနဲ့ အားလုံးနဲ့  သက်ဆိုင်တဲ့ ပွဲအဖြစ်နဲ့။
ကျန်တဲ့အခါမှာလည်း ငြိမ်းချမ်းရေးကို ကျနော်တို့  ဦးတည်တယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်တယ်။ ပြီးတော့  အပြူသဘောဆောင်တဲ့ ဦးတည်ချက်နဲ့ သွားကြမှာဖြစ်တယ်။ ကျနော်တို့နဲ့ နိုင်ငံရေး  အယူအဆ တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဘယ်ဘက်မှာ ဘယ်လို ရှိနေသည်ဖြစ်စေ  အားလုံးကို ဖိတ်ကြားမှာ ဖြစ်တယ်။ နိုင်ငံသားအားလုံးကို ဖိတ်ကြားတဲ့  ပွဲဖြစ်ပါတယ်။”
 
ဒီဝါဆိုသင်္ကန်း  ကပ်လှူပူဇော်ပွဲကို  မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အာင်ဆန်းစုကြည်  အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ  ခေါင်းဆောင်တွေကိုပါ ဖိတ်ကြားထားသလို ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး  ပါတီစုံစနစ် ခွင့်ပြုခဲ့ချိန်ကနေ ဒီကနေ့ထိ မှတ်ပုံတင် ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားထားတာလည်း ဖြစ်ပါတယ်။
 ဒါ့အပြင်  ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံတကာ သံရုံးတွေကိုလည်း  ဖိတ်ကြားထားတယ် လို့လည်း အခြား ရှစ်လေးလုံး ၂၃ နှစ်ပြည့် နှစ်ပတ်လည်  အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့ဝင်တွေက ပြောပြကြပါတယ်။
 
အခမ်းအနား အစီအစဉ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုမျိုးရန်နောင်သိန်း ကပဲ အခုလို ဆက်ပြောပြပါတယ်။
 
“ကျနော်တို့ အဲ့ဒီနေ့ အခမ်းအနားမှာ ဆုတောင်း ၂ ချက်တော့ လုပ်မယ်။
ဆုတောင်းမယ်။
 နိုင်ငံရေးအကျဉ်းသားများပေါ့ အမြန်ဆုံး လွှတ်မြောက်ပါစေ။ ပြည်တွင်းစစ်  ရပ်စဲရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အမြန်ဆုံး  ဖြစ်မြောက်ပါစေ ဆိုတဲ့ ဆုတောင်း ၂ ချက်။
ဒီ ဆုတောင်း ၂ ချက်ကို ကျနော်တို့  ဆုတောင်းမယ်။ ဆုတောင်းတာကလည်းပဲ ဒီ အခမ်းအနားကို တက်ရောက်သည် ဖြစ်စေ၊  မတက်ရောက်သည်ဖြစ်စေ ဒီ အချက်တွေက တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အချက်တွေ  ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံသားတိုင်းက မလာဖြစ်ခဲ့ရင်တောင်မှ ကိုယ့်အိမ်မှာ  နေပြီးတော့ အဲဒီနေ့ရက်မှာ ဆုတောင်းပေးပါ။
 ဖြစ်နိုင်လို့ရှိရင် တော့  နတ်စဉ်လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ ရှိတဲ့ ဓာတုပရိယတ္တိစာသင်တိုက်  ဆရာတော်ကြီး ကျောင်းကို ၉ နာရီနဲ့ ၁၂ နာရီအတွင်း လာခဲ့ကြပါလို့ ကျနော်  ဖိတ်ကြားလိုပါတယ်။”
 
မြန်မာနိုင်ငံမှာ  လွန်ခဲ့တဲ့ ၂၃ နှစ်က တပါတီ အာဏာရှင်စနစ်အောက်မှာ ၂၆ နှစ်ကြာ  အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ အုပ်ချုပ်သူတွေ  အပေါ် သည်းမခံနိုင်ကြတော့တာကြောင့် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က စတင်ပြီး  ဒီမိုကရေစီရေးအတွက် စတင် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
 
ဒီတောင်းဆိုမှုတွေကို  မြန်မာ့တပ်မတော်က ပစ်ခတ်နှိမ်နင်းခဲ့ရာက ပြည်သူ သုံးထောင်ခန့်  သေဆုံးခဲ့ရပါတယ်။
ဒီအဖြစ်တွေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်  ကျောင်းသားတွေ အပါအ၀င် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ်  အခမ်းအနားတွေကို ကျင်းပ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။
 
အရင်ကတော့  စစ်အုပ်ချုပ်ရေးအောက်မှာ ၈ လေးလုံးအောက်မေ့ဖွယ် အခမ်းအနားတွေကို  အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေကြားက ကျင်းပ ပြုလုပ်ခဲ့ကြရပြီး  ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ့် အရပ်သားတပိုင်း အစိုးရသစ် လက်ထက် ပထမဆုံး  တွေ့မြင်ရမှာမယ့် အခမ်းအနားတခု ဖြစ်ပါတယ်။
 
ဒီနှစ် နှစ်ပတ်လည် အခမ်းအနားမှာရော အစိုးရဘက်က ဘယ် အတိုင်းအတာ အထိ ကျင်းပပြုလုပ်ခွင့် ပေးလာမယ် ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 
source by : http://burmese.dvb.no
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...