Saturday, October 30, 2010

တပ်တွင်းမိသားစုနဲ့ ကျောင်းသားများ ဆန္ဒပြ

BBC | ဒီကနေ့ မနက်၆နာရီ လောက်မှာ တောင်ဥက္ကလာ အခြေစိုက် ခမရ(၄၃၅) နဲ့ (၄၃၆) က တပ်ရင်းမိသားစုနဲ့ ကျောင်းသား/ကျောင်းသူ ၂၀၀ လောက်ဟာ တပ်ရင်းမှုးရုံးကို သွားပြီး သူတို့ရဲ့ စားဝတ်နေရေး ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အဲ့ဒီတောင်းဆိုပွဲမှာ ပါဝင်တဲ့ ကျောင်းသူတဦးက ပြောပါတယ်။

စစ်သားများ စားဝတ်နေရေး ပြဿနာ ကြုံနေရ

တပ်တွင်းမှာရှိတဲ့ ရဲမေတွေနဲ့ ကျောင်းသူ ကျောင်းသားတွေက မနက်၆နာရီ တန်းစီတဲ့ အချိန်လောက်မှာ တပ်ရင်းရုံးကို လာပြီး ဆန္ဒပြတောင်းဆိုရာမှာ စားနပ်ရိက္ခာ အလုံအလောက် ချပေးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း၊တပ်ရင်းမှုးကတော့ စဉ်းစားပေးမယ်လို့ ပြောတဲ့အကြောင်း ခမရ(၄၃၅)က တပ်သားတဦးက ပြောပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်တဲ့ ကျောင်းသူတဦးကလည်း အခုဆိုရင် သူတို့ဟာ ကျူရှင်တက်ချင်ပေမဲ့ ဖခင်ရဲ့လစာနဲ့ မလုံလောက်လို့ ကျူရှင် မတက်ရတဲ့အကြောင်း ဘီဘီစီ ကိုပြောပါတယ်။
တကယ်လို့ ပြေလည်အောင် မဖြေရှင်းပေးဘူးဆိုရင် ဆက်လက် ဆန္ဒပြတောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း အဲ့ဒီ ကျောင်းသူကပဲ ပြောပါတယ်။

တကယ်တော့ တပ်ရင်းမိသားစုတွေ အခုလို စားဝတ်နေရေး ကြပ်တည်းလာနေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ အထက်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပေမဲ့ တာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်း မပေးနိုင်ခဲ့ပါဘူး။ အခုတော့ စားဝတ်နေရေး မပြေလည်လို့ သားသမီးတွေရဲ့ ပညာရေးကိုပါ ထိခိုက်လာပြီဖြစ်လို့ အခုလို တပ်ရင်း မိသားစုတွေတွင်မက တပ်တွင်း ကျောင်းသားတွေပါ စုပေါင်းပြီး တောင်းဆိုဆန္ဒပြလာတာ ဖြစ်တယ်လို့ သိရပါတယ်။

source by : http://www.bbc.co.uk

အပြည့်အစုံ ဖတ်ရန် ...

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူထုကို ခြိမ်းခြောက်

RFA | ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူတွေကို ငွေပေး စည်းရုံးနေသလို သူတို့ ပါတီကို မဲမထည့်မနေရ ဆိုပြီး ခြိမ်းခြောက် စည်းရုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံအနှံ့မှာ နည်းအမျိုးမျိုးနဲ့ စည်းရုံး လုပ်ဆောင်နေရာမှာ ဆွမ်ပရာဘွမ်မြို့မှာတော့ ငွေပေး စည်းရုံးနေတယ်လို့ ကချင်ပြည်နယ်အရေးကို လေ့လာ စောင့်ကြည့်နေတဲ့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောပါတယ်။

“ဒေသတခုလုံး လိုလိုမှာပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ မဲဆွယ် စည်းရုံးတယ်၊ တချို့ဟာတွေကျတော့ ခန်မိုက်တန် ဟာ ဆိုရင် လူထုကို ငွေပေးစည်းရုံးပြီးမှ သူ့ဆီကို ထည့်ဖို့ ပြောနေတယ်ပေါ့။ ငွေကတော့ ဒီအတိုင်းပေးတယ်။ တချို့ သောင်းချီပြီးမှ ပေးတယ်၊ တသောင်း နှစ်သောင်း စသည်ဖြင့်။ တချို့ဟာတွေက ထောင်ဂဏန်း နီးပါး ပေးတဲ့ဟာမျိုးတွေ ရှိပါတယ်”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခန်မိုက်တန် ဆိုသူဟာ ဟူးကောင်းချိုင့်ဝှမ်းမှာ Season Star ကုမ္ပဏီအမည်နဲ့ ရွှေတူးဖော်နေသူဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမှာဖြစ်ပါတယ်။ ဖောင်ယန်ဘောက်ဂျာ အမည်ရှိ အမျိုးသမီးကတော့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အနေနဲ့ အဲဒီမြို့နယ်ကပဲ ဝင်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးရဲ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တွေမှာ အာဏာပိုင်တွေက ရဟတ်ယာဉ်တွေပါ အသုံးပြုခွင့် ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂ ရက်လောက်က ဆွမ်ပရာဘွမ်မြို့မှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ သူတို့ပါတီကို မဲမထည့်ရင် ဖမ်းဆီး အရေးယူမယ် ဆိုတဲ့အထိ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းနေတယ် လို့လည်း သိရပါတယ်။ ဒါပေမယ့် ပြည်သူအများစုကတော့ လာမယ့် ရွေးကောက်ပွဲကိစ္စကို စိတ်မဝင်စားကြဘူးလို့ ဦးအောင်ဝါက ပြောပါတယ်။

မြစ်ကြီးနားမြို့ အောင်မြေ (၁)၊ အောင်မြေ (၂) ရပ်ကွက်နဲ့ ဝိုင်းမော်မြို့နယ် အတွင်းမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အလားတူ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဦးအောင်ဝါက ပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း ဝင်ရောက် အရွေးခံမယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

inter-pyet and ICT exhibitin 2010

ရန်ကုန်က အင်တာနက် သုံးသူတွေ ရေရေလည်လည် ဆဲနေကြပြီ။
အင်တာနက် နှေးလို့ မဟုတ်ဘူး။
အင်တာနက် ရပ်နေလို့။

တချို့က အင်တာပျက် လို့တောင် အမည် ပေးထားတယ်။
ဒီလိုအခြေအနေမှာ ဟောဒီသတင်း ဒီနေ့ သတင်းစာမှာ ပါလာတာပဲ။

(အင်တာပျက်ကြောင့် အက်တာနက်ဆိုင်တွေ ပိတ်ထားရတယ် ဆိုတဲ့ အချိန်မှာ ဒီလို ပြပွဲ လုပ်တာ ဟာသရသ မမြောက်ဘူးလား။)

အင်တာနက် သုံးတဲ့သူ တော်တော်များများက ဖုန်းဆက်ပြီး ပြောကြ ဆိုကြ ဆူကြတဲ့အခါ ဆာဗာအတိုက်ခံရတယ်၊ ပြည်ပက တိုက်တယ် ဒါကြောင့် အင်တာနက် ပျက်ရတယ် ဆိုတဲ့ အဖြေကို ရကြပါသတဲ့။

ဒီကနေ့ပဲ အင်တာပျက်သတင်းကို Eleven Media Group ၀က်ဆိုက်မှာ ရေးထား တင်ထားတာ ဖတ်လိုက်ရပါတယ်။ သတင်းမှာ ပါတဲ့ အသံ တခုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ အသံပါ။

သူပြောတာက - "Cyber Attack ဖြစ်လို့ပါလို့ ခဏခဏအကြောင်းပြချက် မပေးပါနဲ့။ IT နားလည်တဲ့ Common Sense အသိဥာဏ်ရှိတဲ့သူတိုင်း သိပါတယ်။ မဖြစ်နိုင်ပါဘူး။ အင်တာနက်ကို Monopoly လုပ်ပြီး Freedom of Press ကို ထိပါးတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်ကို ထိပါးရာ ရောက်ပါတယ်" တဲ့။

source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

ဧရာဝတီ ရွေးကောက်ပွဲ ဂျာနယ် အထူးထုတ်

ဧရာဝတီ ရွေးကောက်ပွဲ ဂျာနယ် ထွက်ပါပြီ။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ပါတီများရဲ့ လှုပ်ရှားမှု၊ စစ်အစိုးရရဲ့ လုပ်ဆောင်နေမှုများ၊ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ၊ ကာတွန်း၊ ဟာသ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ သုံးသပ်ချက်များကို စုစည်းဖော်ပြထားပါတယ်။

ဘလော့ဂ်မှာ တိုက်ရိုက်ဖတ်နိုင်တဲ့ ဖိုင်၊ ဒေါင်းလုဒ်လုပ်ရန် လင့်ခ်တွေ ပေးထားပါတယ်။ အဲဒီနှစ်ခုလုံးနဲ့ ဖတ်လို့ အဆင်မပြေရင် theirrawaddynews@gmail.com ကို မေးလ်ပို့ တောင်းယူနိုင်ပါတယ်။

ပုံနှိပ် ဂျာနယ်ကတော့ လောလောဆယ် မထွက်သေးပါဘူး။ စက္ကူနဲ့မှ သေချာကိုင်ဖတ်ချင်တယ်၊ သိမ်းထားချင်တယ် ဆိုသူများအတွက်တော့ ပုံနှိပ်ဂျာတယ် ထွက်ရင် ထပ်မံ ကြေညာပေးပါမယ်။

ဒေါင်းလုဒ် ရယူရန် http://www.scribd.com/doc/40402599

Irrawaddy Election Journal


source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

Friday, October 29, 2010

မြန်မာရွေးကောက်ပွဲ ဟီလာရီ ကလင်တန် ပြင်းပြင်းထန်ထန် ဝေဖန်

VOA | မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာ အခြေအနေတွေ မရှိတဲ့အပြင် ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင် ပြောဆိုလိုက်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေ တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ အာရှခရီးစဉ် အစနေ့အဖြစ် ကြာသပတေးနေ့ကပဲ ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်တာပါ။ မြန်မာစစ်အစိုးရရဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပက ဝေဖန်မှုတွေထဲက အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက သဘောထား မှတ်ချက် ပေးခဲ့တာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ်စ် ဟီလာရီ ကလင်တန်။ အောက်တိုဘာ ၂၈၊ ၂၀၁၀။
(ဓါတ်ပုံ AP
)

ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲဟာ အပြစ်အနာအဆာတွေနဲ့ လက်ခံနိုင်စရာရှိမှာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ရှုမြင်တဲ့အကြောင်း အာရှ၊ ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒ သဘောထားတွေကို ရှင်းပြရာမှာ ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုလိုက်တာပါ။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုမယ်လို့ မျှော်လင့်ထားတဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ အာရှ၊ ပစိဖိတ်ဒေသကို သွားရောက်မယ့် ခရီးစဉ်အစအဖြစ် ဟာဝိုင်အီကျွန်းမှာ ကြာသပတေးနေ့က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အင်မတန်မှကို အပြစ်အနာအဆာတွေ များလှတဲ့ ရွေးကောက်ပွဲ တခုကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျမတို့ သိနားလည်ထားတာကတော့ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲ ဆိုတာထက် ပိုတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံက ခေါင်းဆောင်တွေ၊ အသစ်ရော အဟောင်းတွေကိုရော ကျမတို့ ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ အရင်က မူဝါဒတွေကနေ လမ်းခွဲထွက်ရမယ် ဆိုတာပါပဲ။”

မြန်မာစစ်အစိုးရကတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ် ဆိုပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက်ကို ဖမ်းဆီးထားဆဲ ဖြစ်တဲ့အတွက် နိုင်ငံရေး လွတ်လပ်ခွင့် အခြေအနေတွေ မရှိဘူးလို့ အများက မြင်နေကြတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ထိပ်သီး အစည်းအဝေးပွဲ အတွက် ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုနဲ့ အများက လက်ခံနိုင်မယ့် အခြေအနေတွေ ကင်းမဲ့စေလိမ့်မယ်လို့ AP သတင်းဌာနနဲ့ ကြာသပတေးနေ့က မေးမြန်းခန်းအတွင်း ပြောဆိုခဲ့တာပါ။

ဒါပေမဲ့လည်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးပွဲ အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အပြီးလောက်မှာ ပြန်လွှတ်ကောင်း လွှတ်ပေးမယ့် သဘောထားမျိုး မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောဆိုတဲ့အကြောင်း အသင်းရဲ့ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က ပြောဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ သူ့ကို ဖမ်းဆီးမှုတွေ အဆုံးသတ်ဖို့ ကျမတို့ တောင်းဆိုပါတယ်။ ကမ္ဘာပေါ်မှာ အာရှတိုက်ဟာ ထင်ရှားတဲ့ နိုဘယ်လ်ဆုရှင် ၃ ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒလိုင်းလားမား (Dalai Lama) နဲ့ လျူရှောင်ဘို (Liu Xiaobo) တို့ကို နေအိမ်အကျယ်ချုပ် ချထားတာ၊ ထောင်ထဲထည့်ထားတာ ဒါမှမဟုတ်ရင်လည်း ပြည်ပမှာ တိမ်းရှောင်နေကြရတာ၊ တခုမဟုတ်တခု ဖြစ်နေရတဲ့ ဒေသတခု ဖြစ်နေတုန်းမို့ စိတ်မကောင်းစရာလည်း ဖြစ်ရပါတယ်။

“ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ မိတ်ဘက် တိုင်းပြည်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်လာတာနဲ့အမျှ အုပ်ချုပ်ရေးမှာ ပြုပြင်ပြောင်းလဲဖို့၊ လူ့အခွင့်အရေး အကာအကွယ် ပေးသွားဖို့နဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ တိုးတက်အောင် လုပ်ဖို့လည်း တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကုလသမဂ္ဂထဲက မဟာမိတ်တွေ၊ မိတ်ဆွေတွေ၊ တခြား လုပ်ဖော်ကိုင်ဘက် နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း ဆောင်ရွက်တာကိုလည်း မြင်တွေ့လိုတဲ့အကြောင်း ၀န်ကြီး ကလင်တန်က ပြောဆိုခဲ့တာပါ။

ရှေ့လာမယ့် နိုဝင်ဘာလကျရင် အာရှဒေသ ၄ နိုင်ငံကို ၁၀ ရက်ကြာ သွားရောက်ဖို့ရှိတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ ခရီးစဉ် အတွင်းမှာလည်း ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာ့အရေး ဆွေးနွေးဖွယ် ရှိတဲ့အကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ဒီတပတ်ထဲမှာပဲ ပြောဆိုထားတာ ဖြစ်ပါတယ်။


နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

၈၈ မျိုးဆက် ကျောင်းသားများ ( ပြည်ပ ) ၏ သဘောထား ထုတ်ပြန်ကြေညာချက်

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 28, 2010

နအဖ စစ်အုပ်စု၏ (၂၆၊၁၀၊၂၀၁၀ ) ရက်နေ့ သတင်းထုတ်ပြန်မှုအပေါ် မကဒတ(ကျောင်းသားတပ်မတော်)၏ သဘောထားထုတ်ပြန်ကြေညာချက်

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 27, 2010

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ မနက်ဖြန်မှစ၍ ပိတ်မည်

ရဲရင့် | လာမည့်နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေး ကြိုတင်ပြင်ဆင်မှု အဖြစ် မနက်ဖြန်မှ စတင်ကာ မြန်မာနှင့်ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအား လုံးကို ရွေးကောက်ပွဲပြီးချိန်အထိ ပိတ်ထားရန် နေပြည်တော်မှ အမိန့်ပေးထားသည်ဟု မြ၀တီခရိုင် တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ဒီလ (၂၈) ရက်နေ့ကစပြီး ထိုင်းနဲ့ဆက်စပ်တဲ့ ဂိတ်တွေအားလုံးပိတ်ဖို့ နေပြည်တော်က အမိန့်ရရှိထားပြီးဖြစ်တယ်၊ ထိုင်းနဲ့မြန်မာ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်အားလုံး (၁၀) နေရာကျော် ရှိတယ်။ ထိုင်းဖက်ကနေ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဓိက ထိန်းချုပ်ဖို့ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုကဲ့သို့ ထိုင်းနှင့် ဆက်စပ်သည့်ဂိတ်များကို ပိတ်ရခြင်းမှာ မဲဆောက်၌ အခြေစိုက်သည့် စစ်အစိုးရ ဆန့်ကျင်သည့်အဖွဲ့တခုက ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း၌ ဖောက်ခွဲမှုပြုလုပ်ရန် ပေးပို့သည့် ဖောက်ခွဲရေးပစ္စည်းများကို ယခုလလယ်ပိုင်း၌ ပဲခူးမြို့တွင် ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်သည်ဟုလည်း ၎င်းက ပြောသည်။

“ပြည်တွင်းမှာဖမ်းမိတဲ့ လက်နက်ခဲယမ်းအားလုံး နီးပါးက ထိုင်းနယ်စပ်ကနေ ၀င်လာတာများတယ်။ အထူးသဖြင့် မဲဆောက်-မြ၀တီနယ်စပ်က ဖြစ်တယ်၊ ဒီဂိတ်တွေအားလုံး ရွေးကောက်ပွဲပြီးရင်တော့ ပြန်ဖွင့်နိုင်ချေရှိပါတယ်” ဟုလည်း အဆိုပါ ခရိုင်တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိသည့်သတင်းကို ယမန်နေ့ညက မြန်မာ့ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ကိုဝေလင်းဇင်နှင့် ကိုခင်ကျော်တို့က စေလွတ်လိုက်သည့် လူများဖြစ်သည်ဟု သတင်းထုတ်လွှင့်ခဲ့သည်။

နအဖ၏စွပ်စွဲခြင်းခံရသူ (ABSDF) အဖွဲ့မှ ကိုခင်ကျော်က “ဒီလိုကိစ္စတွေဖြစ်တိုင်း စွပ်စွဲတာတွေက ထူးခြားဖြစ်စဉ်တော့ မဟုတ်ပါဘူး၊ ကျနော်တို့နဲ့ကတော့ လုံးဝဆက်စပ် ပတ်သက်မှု မရှိဘူး။ ဒီလိုဖြစ်ရပ်တွေမှာ နအဖကိုယ်တိုင်က ပွင့်လင်းမြင်သာမှု မရှိဘူး။ အခုအဖမ်းခံရတဲ့လူတွေ အထဲက မင်းမင်းထွန်းဆိုရင် လက်ရှိ စရဖက တပ်ကြပ်တဦး ဖြစ်တယ်။ အောင်မျိုးသူဆိုရင်လည်း လက်ရှိ အင်းတိုင်ပင်မ စစ်လက်နက်ပစ္စည်းစက်ရုံက တပ်ကြပ်ကြီးဖြစ်တယ်။ ဒီကိစ္စမှာ သူတို့လူတွေကိုယ်၌က ပါတယ်ဆိုတော့ တပ်နဲ့ပြည်သူပေါင်းပြီး လုပ်တဲ့ကိစ္စလို့တောင် သုံးသပ်လို့ရတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တခုတည်းကိုသာ ပိတ်ရန် နေပြည်တော်က အမိန့်ပေးခြင်းဖြစ်ပြီး အခြား နယ်စပ်ဂိတ်များဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျ နယ်စပ်များ ပါရှိခြင်း မရှိကြောင်း မြန်မာကုန်သည်များက ပြောသည်။

မြန်မာကုန်သည်ကြီး တဦးဖြစ်သူ ဦးဟာမက်က “ထိုင်းဖက်ကိုတော့ မနက်ဖြန်ကစပြီး အကုန်ပိတ်မယ်လို့ သိရတယ်။ ကျန်တဲ့နယ်စပ်တွေတော့ မပိတ်ဘူးလို့ သိရတယ်။ ဒါပေမယ့် ပိတ်ပိတ် မပိတ်ပိတ် ဒီရွေးကောက်ပွဲ ကာလမှာကတော့ ဘာမှလုပ်လို့မရဘူးဆိုတာ ကုန်သည်တွေသိကြပါတယ်”ဟု ပြောသည်။

ထိုင်းနယ်စပ်ဂိတ်များ အားလုံး မနက်ဖြန်တွင် ပိတ်မည်ဟုသိရသော်လည်း ထိုင်း-မြန်မာ အဓိက ကုန်သွယ်ရေး လမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်ကိုမူ မြန်မာဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ထားသည်မှာ (၃) လခန့်ရှိပြီ ဖြစ်သည်။

ယခုလ (၂၈) ရက်နေ့တွင် စတင်ပိတ်မည့် ထိုင်း-မြန်မာနယ်စပ် ဂိတ်များမှာ မယ်ဆိုင်-တာချီလိပ်၊ ရနောင်း-ကော့သောင်း၊ မဲဆောက်-မြ၀တီ၊ မဲဟောင်ဆောင်ဂိတ်၊ ဘုရားသုံးဆူဂိတ်များ အပါအ၀င် ဂိတ်အကြီးအသေး (၁၀) ခုခန့်ရှိသည်ဟု သိရသည်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ သဘောထားထုတ်ပြန်ချက်နှင့် နအဖအလံသစ်အား ဆန့်ကျင်မီးရှို့ပွဲ




source by : http://ahtunhtun2.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFB NC)၏ ထုတ်ပြန်ကြေညာချက်

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးမည်

VOA | ဒီကနေ့ အာရှနိုင်ငံတွေကို ခရီးထွက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ရော၊ ရှေ့လထဲ အာရှသွားမယ့် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တို့ကပါ မြန်မာ့အရေးကိစ္စကို အာရုံစိုက် ဆွေးနွေးမှုတွေ လုပ်လိမ့်မယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ ရွေးကောက်ပွဲတွေက လွတ်လွတ်လပ်လပ်၊ တရားမျှမျှတတ ဖြစ်ပါ့မလား ဆိုတာကို အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအ၀န်းက ပိုပြီး အာရုံစိုက်လာနေကြတာကို တွေ့ရပါတယ်။ သူတို့အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ မြန်မာ့အရေး ကိစ္စတွေကို လုပ်သွားဖို့ ရှိနေသလဲ ဆိုတာကို ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးထားပါတယ်။

ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲ အပါအ၀င် မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ အာရှက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အမေရိကန် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ အခုဆိုရင်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၈ ရက်နေ့အထိ အာရှ၊ ပစိဖိတ် ဒေသကို သွားရောက်မယ့် ခရီးစဉ်အတွင်း မြန်မာ့အရေး အာရုံစိုက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုပဲ နိုင်ငံခြားရေးဝန်ကြီး သာမက အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားရဲ့ နိုဝင်ဘာလထဲ အာရှခရီးစဉ်မှာပါ အလားတူ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်က ၀ါရှင်တန်မြို့တော် နိုင်ငံခြားရေးဌာနမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်။ မေ ၁၀၊ ၂၀၁၀။ AP

“ကျနော်တို့ရဲ့ တွေ့ဆုံမှုတွေတိုင်း လိုလိုမှာ မြန်မာ့အရေးကို ပြောဆိုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့် ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ အပါအ၀င် နိုင်ငံရေးအရ တိုးတက်မှုတွေ မြန်မာနိုင်ငံထဲမှာ ထွက်ပေါ်မှာကို ကျနော်တို့ အနေနဲ့ အလေးအနက် အာရုံစိုက်ထားတယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ အခုခရီးစဉ်နဲ့ မကြာခင် သွားဖို့ရှိနေတဲ့ သမ္မတရဲ့ အာရှခရီးစဉ်တွေ အတွင်းမှာ ထုတ်ပြန်ကြေညာချက်တွေ၊ တုံ့ပြန်ချက်တွေ ထွက်ပေါ်လာမယ်လို့လည်း မျှော်လင့်နိုင်ပါတယ်။”

ဒေသတွင်းမှာ လတ်တလော ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း မြန်မာစစ်အစိုးရရဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့နဲ့ အားလုံး ပါဝင်နိုင်ခွင့်ရှိပြီး အများက လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖြစ်ဖို့ လိုမယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့နေတယ်၊ တရားမျှတမှု မရှိဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအ၀င် အဓိက နိုင်ငံရေး အင်အားစု တချို့က မှတ်ပုံတင်ပြီး ပါဝင်ယှဉ်ပြိုင်တာတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီအတွက် စစ်အစိုးရ ခေါင်းဆောင်တွေ ဦးဆောင်ပါဝင်ပြီး အဖွဲ့ဝင် အများဆုံးနဲ့ မဲဆန္ဒနယ်မြေ အများအပြားမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် မပါဝင်နိုင်ဘဲ ဖြစ်နေတဲ့ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် သူတွေအတွက် ရွေးချယ်ခွင့်ကတော့ ရှိနေမြဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားတဲ့အကြောင်း အင်္ဂါနေ့တုန်းကပဲ နေအိမ်အကျယ်ချုပ် ကျခံနေရာမှာ သူနဲ့တွေ့ဆုံခဲ့တဲ့ ဥပဒေ အကျိုးဆောင်တွေကို ပြောပြခဲ့တယ်လို့ ဒီအထဲက ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အချို့ ပြောနေကြတယ်၊ သူတို့မှာ NLD မ၀င်တဲ့အတွက် ရွေးချယ်စရာမရှိ ဖြစ်နေတယ်။ အဲဒီစကားနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါ မမှန်ဘူး၊ ရွေးချယ်ခွင့်ဟာ အခုလည်း ရှိနေတယ်၊ နောင်လည်း ရှိမှာပဲ၊ ဘယ်သူမဆို မိမိကိုယ်တိုင် ရွေးချယ်ခွင့်တွေ၊ ကိုယ့်ကိုယ်ကို ရွေးချယ်ခွင့်တွေ ရှိပါတယ်။ မဲပေးခြင်းဟာလည်း မိမိကိုယ်တိုင် ရွေးချယ်ခွင့်ပဲ။ မဲမပေးဘဲ နေတာလည်း ရွေးချယ်ခွင့်ပဲ။ ဒါ ကိုယ်တိုင် ရွေးချယ်ခွင့် ရှိပါတယ်လို့ အဲဒီလို ဆွေးနွေးပါတယ်။”

မြန်မာစစ်အစိုးရကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာဖြစ်ပြီး နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီက ၀င်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀န်းက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မဖြစ်ဆိုတာ စစ်အစိုးရကို စမ်းသပ်မှုတခု ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲကို အများက လက်ခံနိုင်တဲ့ အခြေအနေမျိုး ဖန်တီးဖို့အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ အပါအ၀င် မြန်မာအာဏာပိုင်တွေ အနေနဲ့ ဆောင်ရွက်သွားဖို့ အချိန်မနှောင်းသေးဘူးလို့လည်း သူက သတိပေးခဲ့ပါတယ်။

နားဆင်ရန်

Photobucket

source by :http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ဗိုလ်ချုပ်ဟောင်းများ ဖြစ်သော်လည်း ကြံ့ခိုင်ရေးနှင့်မတူကြောင်း တစည ပြောကြား

ို RFA | အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ဦးဆောင်နေတဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အတူတူပဲလို့ အများပြည်သူတွေအကြား ထင်မြင်ယူဆနေတာဟာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်တယ်လို့ ပါတီ ခေါင်းဆောင်တဦးဖြစ်သူ အငြိမ်းစား တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးချစ်လှိုင်က ပြောပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီ ဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပါတီ ၂၂ နှစ်မြောက် အခမ်းအနား ကျင်းပစဉ် တက်ရောက်လာသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)

ဒါ့ပြင် တစည ပါတီဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဘယ်တုန်းကမှ ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း၊ တစညဟာ ဣနြေ္ဒရှိ လူကြီးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ လုံးဝမတူကြောင်း သူက ပြောပါတယ်။

ဦးချစ်လှိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် တင်ပြထားပါတယ်။


ဆက်သွယ်မေးမြန်းချက် နားဆင်ရန်

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 26, 2010

ကြံ့ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စကားစစ်ထိုးပွဲ


ကြံ့ဖွံ့ နှင့် တစည ပါတီတို့၏ ပြည်သူအပေါ်ထားတဲ့ ရင်ဘက်ထဲက လာတဲ့ အလိမ်အညာ အကောက်အကျစ်များကို ပြည်သူလူထု တရပ်လုံးသိရှိစေရန်အတွက်
ဘလော့ဂါများ၊မီဒီယာများမှ ဆက်လက် တင်ဆက် ဖြန့်ဝေပေးစေချင်ပါတယ်။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မထိခိုက်စေရ။


လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံးမြေသြဇာအဖွဲ့

အပြည့်အစုံ ဖတ်ရန် ...

မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြုတ်ခိုင်း


ဝီရ | ပါတီ တရားဝင်ခြင်း မရှိတော့ဟု အကြောင်းပြ၍ မြို့များ၌ ချိတ်ဆွဲထားသော မွန်ပြည်သစ်ပါတီရုံး ဆိုင်းဘုတ်များကို သက်ဆိုင်ရာ အာဏာပိုင်တို့က ဖြုတ်ခိုင်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “မွန်ပြည်သစ်ဟာ တရားဝင်ပါတီ၊ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘူး။ ဒါကြောင့် ရုံးတွေကို သာမန်နေအိမ်တွေလိုပဲ အာဏာပိုင်တွေက သဘောထားတယ်တဲ့။ မြို့ပေါ်က ရုံးဆိုင်းဘုတ်တွေ ဖြုတ်ပေးပါလို့ လာပြောတယ်။ ရုံးစောင့်တွေကလည်း အဲဒါကို ဖြုတ်ပေးလိုက်တယ်။ ဒါက မွန်ပြည်သစ်ရဲ့ မြို့ပေါ်ရုံးတွေ၊ လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို အသိအမှတ်မပြုတော့ဘူးဆိုတာ ပြလိုက်တာပါပဲ” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်၏ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံး ဆိုင်းဘုတ်များမှလွဲ၍ ပြည်တွင်း မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးမြို့တို့ရှိ ပါတီရုံးဆိုင်းဘုတ်များကို စစ်အစိုးရ အာဏာပိုင်တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် ဖြုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြရန် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးသည့်နောက် ပါတီအပေါ် ယခုကဲ့သို့ ဖိအားပေးလာခြင်း ဖြစ်သည်။

“မွန်ပြည်သစ်ကို မတရားအသင်းလို့ အတိအလင်း ကြေညာတာ မရှိသေးပါဘူး။ ကျန်ခဲ့တဲ့ ရုံးတွေကို သိမ်းတာလည်း မရှိသေးပါဘူး။ စစ်ရေးအရ နှစ်ဖက်အခြေအနေ တင်းမာလာတာမျိုးလည်း မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ရုံးတွေရဲ့ ဆိုင်းဘုတ်တွေကို အခုလို ဖြုတ်ဖို့ ပြောလာတော့ အခြေအနေက အဆိုးဘက်ကို ဦးတည်သွားတယ်လို့ မြင်ပါတယ်” ဟု အထက်ပါ ဗဟိုကော်မတီဝင်က ခေတ်ပြိုင်သို့ ပြောသည်။

မြို့ပေါ်ရုံးများကို စောင့်ရှောက်နေသူများအား ခြိမ်းခြောက်ခြင်း၊ နှင်ထုတ်ခြင်း မရှိသော်လည်း အဆိုပါ ရုံးများသို့ လာရောက်တည်းခိုသူများအား ဧည့်စာရင်းတိုင်ကြားရန် သက်ဆိုင်ရာ အာဏာပိုင်တို့က ပြောကြားထားကြောင်းလည်း သိရသည်။

မွန်ပြည်သစ် ခရိုင်ကော်မတီဝင်တဦးက “တိုက်ဆိုင်တာ တခုက မဲရုံကိုမသွားဘဲ သပိတ်မှောက်ဖို့၊ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ပယ်မဲတွေ ဖြစ်အောင် လုပ်ပြီး ဒီရွေးကောက်ပွဲကို ဆန့်ကျင်သွားဖို့ ပါတီက ကြေညာချက် ထုတ်ခဲ့တယ်။ အဲဒီနောက်ပိုင်း အာဏာပိုင်တွေက ဒီလိုလုပ်လာတာပဲ” ဟု ပြောသည်။

မွန်ပြည်သစ် ထိန်းချုပ်နယ်မြေရှိ ပြည်သူများသည် လာမည့် နိုဝင်ဘာ (၃) ရက်နေ့မှစ၍ ကြိုတင်မဲထည့်နိုင်ကြောင်း၊ မဲထည့်နိုင်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း စစ်အစိုးရ အာဏာပိုင်တို့၏ ကမ်းလှမ်းမှုကို ပါတီက အဆိုပါ ကြေညာချက်ဖြင့် တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ယင်း ခရိုင်ကော်မတီဝင်က ပြောသည်။

ကြေညာချက်တွင် “မိမိတို့အခွင့်အရေးဟု ယူဆ၍ မိမိတို့စိတ်ကြိုက် မဲပေးခြင်းကိုမူ မွန်ပြည်သစ်ပါတီအနေဖြင့် ဟန့်တားခြင်း ပြုမည်မဟုတ်ကြောင်း” ပါရှိသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ဌာနေပြည်သူ့စစ် လက်ခံ မခံဆိုသည်ကို စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ရန်၊ ထိုသို့လက်မခံပါက နဂိုမူလအတိုင်း လက်နက်ကိုင်သောင်းကျန်းသူအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း စစ်အစိုးရဘက်က သတိပေးခဲ့သည်။

ထို့နောက် မွန်ပြည်သစ်ပါတီက ၎င်းတို့၏ မြို့ပေါ်ရုံးတာဝန်ခံများကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ထိန်းချုပ်နယ်မြေအတွင်း၌သာ နေထိုင်ကြရန် ၎င်းတို့၏ ပါတီဝင်များကို အမိန့်ထုတ်ထားသည်။ ရန်ကုန်မြို့ရှိ မွန်ပြည်သစ်ရုံးများကိုမူ နှစ်ဖက်အခြေအနေ တင်းမာခဲ့သည့် ယခုနှစ် ဧပြီလကုန်ပိုင်းကတည်းက ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက်မှ တခုဖြစ်သည့် ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကိုလည်း ယခုလ (၁၃) ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အစိုးရသတင်းစာများက သတင်းဖော်ပြရာတွင် “ကေအိုင်အေ သောင်းကျန်းသူ” ဟု သုံးနှုန်းရေးသားခဲ့သည်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

မလေးရှားမှ မြန်မာအလုပ်သမားများအရေး ကုမ္ပဏီက ညှိနှိုင်းဆွေးနွေး

မြတ်ခိုင်ဦး|မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော JVC ကုမ္ပဏီ၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုကို မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၃) ဦးက တိုင်တန်းလိုက်သောကြောင့် အမည်ပျက်စာရင်း မဝင်ရန် ကုမ္ပဏီက အလုပ်သမားရေးအဖွဲ့များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုဖြင့် မပပအေး ဦးဆောင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဆူဘန်းဂျာယား အလုပ်သမားရုံးသို့ ပြီးခဲ့သည့် ဇူလိုင် (၂၁) ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းတိုင်ကြားချက်တွင် လုပ်ငန်းရှင်မှ ပေးဆောင်ရမည့် နိုင်ငံခြားသားလုပ်သား ငှားရမ်းခအခွန်ကို အလုပ်သမားများ လစာငွေမှ နုတ်ယူခြင်း၊ အလုပ်လွှဲပြောင်းခကြေး၊ ရင်းဂစ် (၃,၅၀၀) ခန့်ရှိ စုငွေနှင့် အလုပ်သမားတို့၏ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းထားခြင်း၊ အလုပ်သမားတိုင်း နေ့စဉ်အနည်းဆုံး (၅၀) ရင်းဂစ် ရရှိရမည့် လုပ်အားခကို (၂၃) ရင်းဂစ်သာပေးအပ်ခြင်း စသည့်အချက်များ ပါဝင်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီပေးနေသည့် ဘားမားကန်မ်ပိန်း (မလေးရှား) မှ ကိုထွန်းထွန်းက “ကျနော်တို့အနေနဲ့ ဒီပြဿနာကို နှစ်ဖက်ညှိနှိုင်းတဲ့အဆင့်မှာ ရောက်နေပါပြီ။ ပြီးခဲ့တဲ့ လကစပြီး နှစ်ဖက် ညှိနှိုင်းနေတာပါ။ ကျနော်တို့ ဆွေးနွေးတာကတော့ လဲဗီးငွေ အပြည့်အ၀ပြန်ရရေး၊ တချို့အလုပ်သမားတွေ ဆီကနေ အကြောင်းအမျိုးမျိုးပြပြီး ဖြတ်ထားတဲ့ ငွေပြန်ပေးရေး၊ ကုန်ဆုံးတော့မယ့် အလုပ်လုပ်ခွင့် ပါမစ်သက်တန်းတွေ တိုးပေးရေးတို့ ပါပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုသို့ဆွေးနွေးရာတွင် အလုပ်သမားများ၊ မလေးရှားအလုပ်သမားများကွန်ကရက် (MTUC)၊ Fast Link Trans ဟုခေါ်သည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ၊ ဘားမားကန်မ်ပိန်း (မလေးရှား) နှင့် JVC လျှပ်စစ်ကုမ္ပဏီတို့ ပါဝင်ဆွေးနွေးကြခြင်း ဖြစ်သည်။

ဆွေးနွေးမှုအခြေအနေနှင့်ပတ်သက်၍ “လျော်ကြေးပေးဖို့ ကျနော်တို့က အထောက်အထားနဲ့JVC နဲ့ Fast Link Trans ကို တင်ပြတယ်။ ပြီးတော့ ဒီလ (၈) ရက်နေ့ကလည်း ဒီကိစ္စကို good electronic ဆိုတဲ့ အလုပ်သမား အခွင့်အရေးအဖွဲ့က ကြေညာချက်ထုတ်တဲ့အပေါ်မှာ လန့်ပြီး အခုလို လေးလေးစားစား လုပ်လာတာဖြစ်တယ်” ဟု ကိုထွန်းထွန်းက ရှင်းပြသည်။

ထိုသို့ ဆွေးနွေးညှိနှိုင်းမှုများ မအောင်မြင်ပါက တရားရုံးသို့ လျှောက်ထား တိုင်တန်းမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

အကယ်၍ တရားရုံးတင်ကာ အမှုရှုံးပါက အဆိုပါကုမ္ပဏီသည် လျှော်ကြေးငွေအဖြစ် အလုပ်သမားတဦးလျှင် ရင်းဂစ်ငွေ (၁၀,၀၀၀) စီ ပေးရမည်ဖြစ်ကာ၊ မတရားပြန်ပို့ခံရသော အလုပ်သမားတဦးအတွက် ကန်ထရိုက် စာချုပ်တွင် ကျန်ရှိနေသေးသည့် တနှစ်စာ လစာအား ထပ်ဆောင်း ပေးရမည်ဖြစ်သဖြင့် အလုပ်သမားတဦးအနေဖြင့် လစာ ရင်းဂစ် (၆၀၀) ရလျှင်၊ တနှစ်စာ (၇,၂၀၀) ရင်းဂစ်ကို လျော်ကြေးအဖြစ် ရရှိမည်ဖြစ်သည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့ရွေးကောက်ပွဲ အများလက်ခံနိုင်အောင် လုပ်ဖို့ အချိန်မနှောင်းသေး

ဦးသိန်းထိုက်ဦး| မြန်မာစစ်အစိုးရ အနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက မျှော်မှန်းထားချက်တွေနဲ့ အညီ လူအများ လက်ခံယုံကြည်အောင် ပြသဖို့ အချိန် နောက်မကျသေးတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ထပ်မံ ပြောဆိုပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင် ရက်ပိုင်းအလို မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်လာပြီး ဒီနေ့ ဘန်ကောက်မြို့ ထိုင်းအစိုးရရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကလည်း မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မှာ မဟုတ်တဲ့အကြောင်း ထပ်မံ အာမခံ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(၀ဲ) နှင့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်ပြီး ထင်သာမြင်သာရှိအောင် ကျင်းပဖို့ အခွင့်အလမ်းတွေ နောက်မကျသေးတဲ့ အကြောင်း ပြောဆိုတဲ့ တချိန်တည်းမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဗီယက်နမ်မှာ ကျင်းပမယ့် ကုလသမဂ္ဂနဲ့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးမှာလည်း စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်ကို သီးခြားတွေ့ဆုံပြီး ဒီကိစ္စ ထပ်ပြီး နားချ တိုက်တွန်းဦးမယ်လို့ ပြောပါတယ်။ ဒီနေ့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝနဲ့ အတူ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပေးခြင်းအားဖြင့် ဒီရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်ဆိုတာ ပြသဖို့ စစ်အစိုးရဘက်က အချိန်မနှောင်းသေးပါဘူး။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ပြီးသွားရင်ဆိုတဲ့ အတွေးအခါ် ရှုမြင်ချက်တွေ ပိုပြီး အလေးသာလာပါလိမ့်မယ်။ ဒါကြောင့်လည်း နိုင်ငံတကာရဲ့ သဘောတူညီချက်၊ သတ်မှတ်ချက်တွေကို လေးစားလိုက်နာလာမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။” ဆိုပြီး ပြောဆိုသွားပါတယ်။
ဒီရွေးကောက်ပွဲ လွတ်လပ်မျှတနိုင်ခြေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ကုလသမဂ္ဂဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်းတွေသာ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး တကယ်တမ်း စစ်အစိုးရဘက်က ပြောင်းလဲလာအောင် ဖိအားပေးနိုင်ခြင်း မရှိဘူးဆိုပြီး ဝေဖန်တာတွေလည်း ကြားနေရပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ ပြောနေပေမဲ့ ပြည်ပ သတင်းထောက်တွေကို လာရောက်ခွင့် မပေးသလို ကုလသမဂ္ဂနဲ့ အာဆီယံ နိုင်ငံတွေက လေ့လာ စောင့်ကြည့်တာမျိုးတွေကို စစ်အစိုးရဘက်က လက်မခံပါဘူး။

ဒါကြောင့် ဒီရွေးကောက်ပွဲ ရလဒ်က ပေါ်ထွက်လာမယ့် အစိုးရသစ်ကို ကုလသမဂ္ဂ အနေနဲ့ ဘယ်လို သဘောထားမလဲ၊ ရွေးကောက်ပွဲအပြီး ပေါ်လာမယ့် အစိုးရနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဘက်က ဘယ်လို ကိုင်တွယ်ဆက်ဆံဖို့ အစီအစဉ် ရှိပါသလဲဆိုပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဗွီအိုအေက မေးခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲက လွတ်လပ်မျှတပြီး အားလုံး ပါဝင်ခွင့်ရှိမယ့် ရွေးကောက်ပွဲတခု ဖြစ်မယ်လို့ ကျနော် မျှော်လင့်တဲ့အကြောင်း ပြောထားပြီးသားပါ။ ဒီ့ထက်ပိုပြီး အရေးကြီးတာက ရွေးကောက်ပွဲ အပြီးမှာ ဘယ်လောက်အထိ အားလုံး ပါဝင်ခွင့်ရှိမယ့် အစိုးရကို သူတို့ ဖွဲ့စည်းမလဲ ဆိုတာပါပဲ။ ရွေးကောက်ပွဲ ရလဒ်အရ လူထုဆန္ဒကို ထင်ဟပ်ပြီး နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေအတိုင်း ဘယ်လောက်အထိ လုပ်နိုင်မလဲ၊ ဒါဟာ မြန်မာအစိုးရကို စမ်းသပ်မယ့်အချက် ဖြစ်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့တော့ မြန်မာနိုင်ငံနဲ့ ရေရှည် ဆက်ဆံရေးကို လိုလားပါတယ်။” ဆိုပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသွားတာပါ။

ဒီရွေးကောက်ပွဲ လွတ်လပ်မျှတဖို့၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ထင်သာမြင်သာ ရှိဖို့ဆိုတာ နိုင်ငံတကာရဲ့ မျှော်မှန်းထားချက် ဖြစ်ပါတယ်။ နိုင်ငံတကာ မျှော်မှန်းချက်တွေနဲ့ အညီ ရွေးကောက်ပွဲကို ကျင်းပဖို့ လိုတဲ့အကြောင်းကိုသာ အတွင်းရေးမှူးချုပ်က အလေးအနက် ထပ်ပြောသွားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်တစားမေးတဲ့ အခြား အကြောင်းအရာ တခုကတော့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ မြန်မာဒုက္ခသည်တွေအရေး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမား စိစစ်ရေး ကိစ္စတွေဟာ တရားမ၀င် အလုပ်သမားတွေကို လူကုန်ကူးတဲ့ လူတွေလက်ထဲ ရောင်းစားခံရအောင် တွန်းပို့နေသလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က ဒီကိစ္စတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးရင် ထိုင်းမှာရောက်နေတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ပြောဆိုခဲ့တာကြောင့် ထိုင်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး မြန်မာနိုင်ငံ အခြေအနေ ငြိမ်းချမ်းသာယာမှ ဒုက္ခသည်တွေကို ပြန်ပို့မှာ ဖြစ်တဲ့အကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝကလည်း ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကိစ္စကို အခုလို ထပ်ပြောခဲ့ပါတယ်။

“ကျနော်တို့က ပြည်ပက အလုပ်လာလုပ်တဲ့ ရွှေ့ပြောင်း အလုပ်သမား အရေးတင် မဟုတ်ပါဘူး၊ အိုးမဲ့အိမ်မဲ့ ခိုကိုးရာမဲ့တဲ့ သူတွေရဲ့ အရေးကိစ္စတွေကိုလည်း ကိုင်တွယ် ဖြေရှင်းနေရပါတယ်။ ဒီလူတွေကို အန္တရာယ်များတဲ့ အခြေအနေမှာ မပို့ဘူးလို့ ကျနော်တို့ အာမခံပါတယ်။ သူတို့အနေနဲ့ ဘေးကင်းလုံခြုံတယ်လို့ ကျနော်တို့ အပြည့်အ၀ ယုံကြည်မှ နေရပ်ပြန်ပို့မှာပါ။” ဆိုပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

နားဆင်ရန်-Click
source by :VOA

အပြည့်အစုံ ဖတ်ရန် ...

မကဒတ ( ABSDF ) ၏ ၂၂ နှစ်မြာက် နှစ်ပတ်လည် ဆွမ်းကျွေးတရားနာ ဖိတ်ကြားလွှာ

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်နိုင်ငံတဝှမ်း နိုးဆော်ချက်

အပြည့်အစုံ ဖတ်ရန် ...

Monday, October 25, 2010

ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

VOA | ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အကြား ကျောင်းရွာအနီးမှာ ဒေသခံ တိုင်းရင်းသားတွေ စုပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီမနက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။

“တိုက်ပွဲကို ဘာကြောင့် ကျနော်တို့ တိုက်ခဲ့ရသလဲ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ပြည်သူ့တာဝန် ဘယ်လိုရှိတယ်ဆိုတာ ကျနော် ဆွေးနွေး တင်ပြသွားပြီ။ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ အပေါ်မှာ မသိတာရှိလား၊ အားလုံး သဘောပေါက်လား။”

ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်မှာ ရှိတဲ့ ကျေးရွာသား ၅ဝဝ လောက် ဆန္ဒပြခဲ့တယ်လို့လည်း ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ဆန္ဒပြ ခေါင်းဆောင်တဦးက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ သံဖြူဇရပ်နဲ့ ရေးရထားလမ်း အနီးအနား တပ်နဲ့ ၂ မိုင်အကွာမှာ ကျနော်တို့ တိုင်းရင်းသား အားလုံးက ဆန္ဒပြတယ်ခင်ဗျာ့။ ကျနော်တို့မှာ လူအင်အား ၅ဝဝ ကျော် ရှိပါတယ်ခင်ဗျာ့။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို မပြုလုပ်ပေးဘဲ တဖက်သတ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ အတင်းအဓမ္မ ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုတာရယ်၊ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာကတောင် လက်မခံဘဲ တရားမျှတမှု မရှိတဲ့ နအဖ စစ်အာဏာရှင်တို့ ကျင်းပသွားမယ့် ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ လူထုအနေနဲ့ ဆန့်ကျင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီကိစ္စကို ဒီနေရာတင် မကဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်ခင်ဗျ။”

ဒီဆန္ဒပြပွဲကို မနက် ၇ နာရီကနေ စတင်ပြီး ၁ဝ နာရီခွဲမှာ ပြီးဆုံးသွားပါတယ်။ အမြန်စု အမြန်ခွဲစနစ်နဲ့ ဆန္ဒပြခဲ့ရတယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁ဝ ရွာကျော်က ရွာသားတွေနဲ့ သံဖြူဇရပ်မြို့နယ်က ကျေးရွာသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒေသခံ ရွာသူတဦးကတော့ ဆန္ဒပြပွဲ တက်ရောက်ခဲ့ခြင်း အကြောင်းကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ ကျမတို့ လူထုရဲ့ ဆန္ဒကတော့၊ ဒီနေ့ ဆန္ဒလာပြရေး အကြောင်းအရင်းက ဒီစစ်အာဏာရှင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတဲ့ အတွက်ကြောင့်မို့ စစ်အာဏာရှင်အတွက် သက်ဆိုးရှည်ရေးဖြစ်အောင် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့က လာရောက်ပြီးတော့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။”

လက်ရှိအချိန်အထိတော့ စစ်အာဏာပိုင်တွေကနေ အရေးယူ ဖမ်းဆီးခြင်း မပြုသေးပေမဲ့ အရေးကြီးတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ လုံခြုံရေးအရ ယာယီ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေမှာ ဆန္ဒပြတာ မဟုတ်ဘဲ စစ်အာဏာပိုင်တွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသမှာလည်း လူဦးရေ ၇ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ကြာအင်းဆိပ်ကြီးမှာ ပြီးသွားပြီ။ အဲဒီ ဖာတလယ်ရွာမှာ။ ဖာတလယ်ရွာကျတော့ လူအင်အား ၇ဝဝ၊ ၈ဝဝ လောက်တော့ ရှိတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ပြီးလို့ရှိရင် သူတို့ နယ်ဘက်မှာ အဲဒါ အပိတ်ခံရတယ်။ အပိတ်ခံရတဲ့ အတွက်ကြောင့် သူတို့က ထပြီးတော့ အော်တယ်။”

ကရင်ပြည်နယ် ၇ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တာကြောင့် ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကနေ တတိုင်းပြည်လုံး ပျံ့နှံ့သွားမယ်လို့လည်း အမည်မဖော်လိုသူ ပြည်တွင်း နိုင်ငံရေးသမား တဦးက သုံးသပ်ထားပါတယ်။ ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပြီး ပြုလုပ်သွားမယ်လို့လည်း ရေးမြို့နယ်မှာရှိတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်

VOA | ရန်ကုန်မြို့က ရွှေတိဂုံဘုရားအနီးနဲ့ ရန်ကုန်ဆေးရုံကြီးနား အပါအ၀င် တခြားနေရာတချို့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားသလို လူစည်ကားရာ ကုန်တိုက်တွေမှာလည်း အရင်ရက်တွေကထက် ပိုပြီး လုံခြုံရေးတွေ ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါဟာ ရွေးကောက်ပွဲရက် နီးလာတာမို့ အခုလို လုံခြုံရေး အခြေအနေတွေ တင်းကျပ်လာတာလို့လည်း ခန့်မှန်းကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်က သမိုင်းအစဉ်အဆက် တော်လှန်ရေး အစဉ်အလာ ရှိခဲ့တဲ့ အထင်ကရ နေရာတွေ၊ လူစည်ကားရာ ကုန်တိုက်လို နေရာတွေမှာ မနေ့လောက်ကစလို့ လုံခြုံရေးတွေကို အတော်လေး တိုးမြှင့်ချထားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပြပါတယ်။

“ရန်ကုန်မြို့မှာ လုံခြုံရေး ထူထူထဲထဲ ချထားတဲ့နေရာက အခု ဆူးလေတ၀ိုက်ရယ်၊ ကျောက်တံတားမြို့နယ်ဘက်ရယ်၊ နောက် ရန်ကုန်ဆေးရုံကြီး အနီးတ၀ိုက်ပေါ့၊ အဲဒီဘက်တွေမှာ။ ရွှေတိဂုံဘုရား တ၀ိုက်ရယ်၊ ဘုရားဝန်းကျင် တောင်ဘက်မုခ်၊ အရှေ့ဘက်မုခ်ဘက်၊ ဗဟန်းဘက်မုခ်ပေါ့၊ အဲဒီဘက်မှာတော့ လက်နက်ကိုင် စစ်သားတွေ အခုချိန်ထိ ရှိနေတုန်းပဲ။

“ကုန်တိုက်တွေမှာတော့ သူတို့ ပုံမှန် စစ်ဆေးနေတဲ့ဟာ ရှိတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ မြေနီကုန်းဘက်မှာကျတော့ ကုန်တိုက်တွေ ရှေ့မှာ လက်နက်ကိုင် စစ်သားတွေရော၊ ရဲတွေရော ရှိတယ်။ အထဲမှာရှိတဲ့ လုံခြုံရေး ၀န်ထမ်းတွေကလည်း ထူးထူးခြားခြားကို ပိုပြီး စစ်တယ်။ အဲဒါကတော့ ဒီဘက် လမ်းမတော် တ၀ိုက်မှာလည်း ပိုပြီးတော့ စစ်ဆေးတာ တွေ့ရတယ်။”

အရင်က လုံထိန်းဝတ်တွေနဲ့လောက်သာ လုံခြုံရေး စောင့်ကြပ်မှုကနေ ဒီရက်တွေအတွင်း စစ်ကားတွေနဲ့ စစ်သားတွေကိုပါ တွေ့ရတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ သတိထားမိတာကတော့ စနေနေ့မှာ ပိုပြီး သိသိသာသာကြီး ပြောင်းလဲလာတာပေါ့။ ညဘက်ကျရင်လည်း လုံခြုံရေးကားတွေ၊ လုံထိန်းကားတွေက မီးရောင်စုံတွေ၊ ၀ါယာလက်တွေ ထွန်းပြီးတော့ ပတ်တာတို့၊ လမ်းတွေမှာ အတားအဆီးတွေ ချတာတို့၊ တွေ့လာရတယ်။

“ခါတိုင်းကတော့ ရဲလုံထိန်းကားတွေ အမြဲတမ်း ပတ်နေတာပေါ့။ တနာရီခွဲ၊ နှစ်နာရီ တစီးလောက်တော့ ပတ်တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ရဲလုံထိန်းကားတွေလည်း သုံးစီးတွဲ၊ လေးစီးတွဲ ပတ်လာတာ တွေ့ရတယ်။ ပြီးတော့ လက်နက်ကိုင် စစ်သားတွေလည်း နေရာ ခပ်စိတ်စိတ် ချထားတာ တွေ့ရတယ်၊ ငါးယောက်တတွဲ၊ ခြောက်ယောက်တတွဲပေါ့။ အထူးသဖြင့် မြေနီကုန်း တ၀ိုက်မှာပေါ့။”

နောက်တခါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ နေပြည်တော်ကနေ ရန်ကုန်ကို ရောက်နေပြီး မနေ့ကစလို့ ရန်ကုန်ဆိပ်ကမ်း တိုးချဲ့ရေး အပါအ၀င် အခြားနေရာတွေကို သွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို လုံခြုံရေးတွေ တိုးချထားတာလို့ ပြောကြတာ ရှိပေမဲ့ အများစုကတော့ ၁၀ ရက်သာ လိုတော့တဲ့ ရွေးကောက်ပွဲကြောင့်သာ ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။

“ရန်ကုန်မှာ လုံခြုံရေး တိုးချတာကတော့ အလံအပြောင်းအလဲ လုပ်တာရယ်၊ နိုင်ငံရေးပါတီတွေ မဲဆွယ်နေတာတွေရယ် ဖြစ်နေတဲ့ အခါကြတော့ လူတွေစိတ်ထဲမှာ နိုင်ငံရေးကလည်း အရင်တုန်းကထက် စာရင် ပိုပြီးတော့ နိုးနိုးကြားကြား ရှိနေတဲ့ အချိန်ဆိုတော့ ပိုပြီးတော့ သတိထားပြီး ချထားတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ သတိထားမိတာကတော့ စနေနေ့မှာ ပိုပြီးတော့ သိသိသာသာကြီး ပြောင်းလဲလာတာပေါ့။”

ရန်ကုန်မြို့ခံ လူငယ်တဦးက သူမြင်တွေ့ခဲ့တဲ့ လုံခြုံရေး အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း ပိုပြီး တွေ့လာရတာမို့ လုံခြုံရေး အခြေအနေတွေဟာ ဒီ့ထက်ပိုပြီး တင်းကျပ်လာမယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။


နားဆင်ရန်
Photobucket

source by :
http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ပခုက္ကူအနီး ရေနံပိုက်လိုင်းပေါက်၊ အနည်းဆုံး ၁၄ ဦး သေဆုံး

ဇာနည်မာန်| မကွေးတိုင်း ပခုက္ကူမြို့အနီးတွင် ရေနံပိုက်လိုင်းပေါက်ပြီး မီးလောင်သောကြောင့် အနည်းဆုံး ဒေသခံ ၁၄ ဦး သေဆုံး၍ ၁၀၀ ကျော် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အနည်းဆုံး လူ ၁၄ ဦး သေဆုံး၍ ၁၀၀ ကျော်ဒဏ်ရာ ရသည့် ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားစဉ်(ဓာတ်ပုံ - AFP)

ယခု သေဆုံး ဒဏ်ရာရသူများမှာ ရေနံပိုက်လိုင်းမှ ယိုစိမ့်နေသော ရေနံများကို ခံယူနေသည့် ဒေသခံ ရွာသားများဖြစ်ပြီး တနင်္ဂနွေနေ့က မတော်တဆ ပိုက်လိုင်းပေါက် မီးလောင်မှုကြောင့် ဖြစ်ကြောင်း အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ယနေ့ ဖော်ပြထားသည်။

ရေနံပိုက်လိုင်းပေါက်သည့်နေရာမှာ ပခုက္ကူခရိုင် မြစ်ခြေတိုက်နယ် ညောင်လှရွာနှင့် ၄ မိုင်အကွာရှိ ကျောက်ခွက်နှင့်အရာတော် ကို ဆက်သွယ်ထားသော ပိုက်လိုင်းတွင် ဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

“မနေ့ညက ဖြစ်တာ။ ပိုက်ကပေါက်ပြီး ရေနံတွေထွက်လာတယ် အဲဒါတွေကို သွားခပ်တာကနေ မီးလောင်ပြီး ဖြစ်တာ။ ၈ ယောက် သေတယ်။ အယောက် ၇၀ ဒဏ်ရာရတယ်။ အခုတော့ သက်ဆိုင်ရာက ပိုက်ကို ပိတ်ထားပြီးပြီ။ အဲ့ဒီနား ဘယ်သူ မှ မသွားရဘူး”ဟု ဒေသခံတဦးက ပြောဆိုသည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အများစုမှာ ကျွန်းချောင်းနှင့် မြစ်ခြေကြားရှိ ရွာများမှ ဒေသခံများဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

ရေနံပိုက်လိုင်း ဖြတ်သန်းသွားရာ ဒေသများရှိ ဒေသခံများသည် ပိုက်လိုင်းများကို ဖောက်ယူ၍ ရေနံထုတ်ယူခြင်းများပြုလုပ် လေ့ရှိရာ ယခုဖြစ်ရပ်သည်လည်း ရေနံ ဖောက်ယူခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

သေဆုံးသူ၏ မိသားစုများနှင့် ဒဏ်ရာရသူအများစုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် သက်ဆိုင်ရာသို့လည်း အကြောင်းမကြားရဲကြသကဲ့သို့ ဆေးရုံသို့ သွားရောက်ကုသရန်လည်း မ၀ံ့ရဲဖြစ်နေကြကြောင်း ဒေသခံ တဦးက ဆိုသည်။

၎င်းက“ရေနံသွားခပ်တာကနေ ဖြစ်တာဆိုတော့ သွားကုရင်၊ သွားပြောရင် တမှုက နှစ်မှုဖြစ်မှာ စိုးရိမ်နေကြတော့ မသွားရဲ ကြဘူး။ ဒီအတိုင်း ကြိတ်ပြီး နေကြတယ်”ဟု ပြောသည်။

မြစ်ခြေဆေးရုံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မီးလောင်ဒဏ်ရာရသူ ၂၁ ဦးနှင့် သေဆုံးသူ ၂ ဦး ဆေးရုံသို့ ရောက်ရှိလာပြီး တချို့မှာ ပခုက္ကူဆေးရုံသို့ သွားကြကြောင်း တာဝန်ကျ ဆရာဝန်တဦးက ပြောဆိုသည်။

ပခုက္ကူမြို့နယ်ရဲစခန်းမှ အရာရှိတဦးကလည်း မီးလောင်မှုဖြစ်သည်မှာ ဟုတ်မှန်ကြောင်းနှင့် အသေးစိတ် အချက်အလက် များကို စုံစမ်းဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ပိုက်လိုင်းဖောက်ယူရာတွင် အိမ်သုံးရန်အတွက် တနိုင်တပိုင် ဖောက်ယူခြင်းများ ရှိသကဲ့သို့ တခါတရံ ရေနံ ပေပါ တ၀က်မှ တပေပါ အထိ ဖောက်ယူတတ်ကြပြီး စီးပွားဖြစ် ဒီဇယ်ဆီ ချက်ယူခြင်း၊ ရေနံစိမ်းလိုက် ပြန်လည်ရောင်းချခြင်းများ ပြုတတ် ကြသည်ဟု ဒေသခံများက ဆိုသည်။

“တထမ်းစာလောက်ကနေ ပေပါလိုက်ယူတာတွေရှိတယ်။ တချို့ဆို ကမ်းနားကပိုက်တွေကို လှေတွေနဲ့လာပြီးဖောက်သယ် ကြတာ။ ရေနံစိမ်းချည်းတိုင်းဆိုရင် ပေပါလိုက်ကို ကျပ် သိန်းနဲ့ချီ ရတတ်ကြတယ်”ဟု မြစ်ခြေဒေသခံ တဦးက ပြောသည်။

၎င်းကဆက်၍ “အရင်တခါ ကမ္မ နားမှာ ဒီလို ပေါက်သေးတယ်။ ဒါပေမယ့် မီးလောင်တာ ဘာညာမဖြစ်ဖူးဘူး။ ဒီလိုပဲ သွား ခပ်ကြတာ။ အခုက ဂက်စ်ပါလို့ မီးလောင်သွားတာထင်တယ်”ဟု ဆိုသည်။

သတင်းပေးပို့ချိန်အထိ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ဒဏ်ရာပြင်းထန်သူများလည်း ရှိနေသည်ဟု သိရသည်။

နောက်ဆုံး အခြေအနေအရ ပခုက္ကူ ဆေးရုံသို့ ရေနံပိုက်လိုင်းပေါက်၍ မီးလောင်သည့် လူနာ ၇၀ ခန့် ရောက်ရှိလာပြီး သေဆုံးသူများလည်း ရှိကြောင်း သတင်းရရှိသည်။

ယခင်က ရေနံခိုးထုတ်သူ၊ ခပ်ယူသူများ၏ ဆေးလိပ်မီးကဲ့သို့ ပေါ့ဆမီးများကြောင့် မီးလောင်မှုများ ဖြစ်ပွားဖူးသော်လည်း ယခုကဲ့သို့ ထိခိုက်မှု အများဆုံးဖြစ်ပွားမှုမျိုး မကြုံဖူးသေးကြောင်း ဒေသခံများကဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အရာတော်ရေနံမြေ၊ မန်းရေနံမြေ၊ ချောက်ရေနံမြေ စသည့်ဒေသများမှ ရေနံပိုက်လိုင်းများကို ဒေသခံများက ဖောက်၍ ရေနံခိုးယူခြင်း၊ ပိုက်လိုင်းပေါက်သည့်နေရာများမှ ရေနံများကို ခပ်ယူခြင်းများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး ရေနံခိုးယူခြင်း၊ ရေနံခပ်ယူခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရမည်ဖြစ်ကြောင်း အာဏာပိုင် များက ထုတ်ပြန်ထားသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ဒီနေရာတွေမှာ လှူဒါန်းပါ



source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ် ကျောက်ဖြူ မြို့နယ် မြင်ကွင်းများ

source by : http://www.deyea.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 24, 2010

တို့ပြည်ထောင်စု အလံတော်သည်.. ပြည်သူအကျိုးအတွက် မပါ ပါသည်.. ငတက်ပြားတို့ ယတြာချေသည် အားလုံးကန့်ကွက်ကြပါမည်..

အရင်အလံဟောင်းကို ခေါင်းပေါင်း မြို့တော်ဝန် ဝါးတီးဝတ်စုံနဲ့ ကျကျနနတွေ့ရပြီး..


ကျွန်တော်တို့ ငယ်ငယ်က မဆလ ခေတ်လက်ထက်မှာ ပြည်ထောင်စုနေ့တိုင်း ကျိက္ကဆံကွင်းကို တစ်အိမ်တစ်ယောက် မတက်မနေရ ချီတက်ရပါတယ်..။ ခမောက်တွေ ကိုယ်စီနဲ့ နေပူကျဲတဲထဲမှာ ခမောက်ကိုယ်စီနဲ့ ကိုယ့်ထမင်းထုတ်ကိုယ် ယူပြီး တက်ကြရပါတယ်.. လူတိုင်းမတက်ချင် တက်ချင်နဲ့ပေါ့ .. လူပေါင်းများစွာ တက်ရောက်တဲ့ ကျိုက္ကဆံကွင်းမှာ ခေါင်းညိတ် လက်ညှိုးထောင် ကြွေးကြော်သံတိုင်ပြီး ပြန်လာကြရပါတယ်..။ ပြန်လာတဲ့ ဦးလေးတွေ အဒေါ်တွေ မျောက်ဖြူတွေ အတိုင်း ဖုန်တလုံးလုံး ပင်ပန်းနွမ်းနယ်ပြီး တောက်တခေါက်ခေါက်နဲ့ပေါ့...။ တစ်ချို့လည်း ကျိုက္ကဆံကွင်း မရောက်ခင် ဘတ်စ်ကားစီးပြီး ပြန်လစ်လာကြတယ်လေ ။ မဆလခေတ် ပြည်ထောင်စုနေ့တိုင်း ပင်လုံမြို့ကနေ နိုင်ငံတော် အလံကို တိုင်းနဲ့ပြည်နယ်တွေကို ဖြတ်သန်း သယ်ဆောင်တဲ့ အခါမှာတော့ ပြည်နယ်နဲ့တိုင်းတွေက ကြိုဆိုကြ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကြပေါ့.. မဆလခေတ် ပါတီကောင်စီတွေလည်း ကြိုဆိုရေးစားရိတ် ဘာစားရိတ် ညာစားရိတ် ဆိုပြီး ရိတ်ခတွေ ရကြပေါ့..။ ပြည်တွေကတော့ တိုင်းနဲ့ပြည်နယ် အလံရောက်တဲ့ မြို့တိုင်းမှာ နေပူကျဲတဲအောက်မှာ ဒုက္ခရောက်ကြပေါ့..။ အဲ့ဒါမဆလခေတ်လေ...

နောက်ပိုင်း နဝတခေတ်မှာတော့ မြို့တော်ခန်းမမှာထားပြီး မြို့တော်ဝန်က အလံတော်ကို ဖလားပေါ်မှာပဲ စိုက်ထူရုံပဲ ပြုလုပ်ပါတော့တယ်..။

ထိုမဆလခေတ် ရုပ်မြင်သံကြားနဲ့ ရေဒီယိုက ထုတ်လွှင့်နေကြ သီချင်းဖြစ်တဲ့

တို့ပြည်ထောင်စု အလံတော်သည်
တလူလူလွှင့်လို့ ချီလာပြီ
ပြည်သူအပေါင်းတို့ ပျော်ရွှင်သည်
အားလုံးအလေးပြုကြပါမည်...

ဆိုလား သေချာတော့ မမှတ်မိတော့ပါ..

အခုခေတ် လူငယ်တွေကတော့ ကြားဘူးချင်မှ ကြားဘူးပါလိမ့်မယ်...။

မဆလခေတ် အဲ့ဒီသီချင်းကို လူငယ်တွေဖျက်ဆို ခဲ့တာကတော့

တို့ပြည်ထောင်စု အလံတော်သည်
ဗိုလ်ချုပ်ဈေးက ဝယ်လာသည်
တစ်ထည် ၅ကျပ်တန်ပါသည် ..
ဆေးဆိုးပန်းရိုက် ဖြစ်ပါသည်..

ဆိုပြီး ဖျက်ဆိုကြပါတယ်..။

ပြီးခဲ့တဲ့(၂၁)ရက်နေ့က မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက အံ့သြရလောက်တဲ့ ၂၁ရက်နေ့ နေ့လည် ၃နာရီ ၃၃မိနစ်မှာ ယတြာမျိုးစုံနဲ့ တင်ခဲ့တဲ့ အလံကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့အလံနဲ့ ထပ်တူ တူနေသလို ရှမ်းပြည်နယ်ရဲ့အလံ၊ ခွပ်ဒေါင်းအလံတွေနဲ့ အရောင်တွေ အကုန်တူနေတာပါပဲ..။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အလံနဲ့ တူနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာပြည်က နိုင်ငံရေးသမားကြီးတစ်ဦးအား မေးမြန်းကြည့်ရာမှာတော့ NCGUBမှ ထိုအလံကိစ္စကို အမြဲကန့်ကွက်နေကြောင်းနဲ့၊ ဘာလို့. စစ်အာဏာရှင်တွေက ယူသုံးရတာလဲလို့ မေးမြန်းကြည့်ရမှာတော့ စစ်အစိုးရလည်း NCGUB ဖြစ်ချင်လို့နေမှာပေါ့ကွာလို့ ပြန်ဖြေဆိုသွားပါတယ်။


ယတြာအလံတင်ပွဲမှာတော့ တိုက်ပုံအဖြူ၊ ရတာခိုင်ရအောင် ရခိုင်ပုဆိုး၊ စင်ကြယ်ဖိနပ်နဲ့ ခေါင်းပေါင်းမပါ အလှူအိမ်က ဖိနပ်မှားစီးလာတဲ့ ပုံစံလိုလို အိပ်ယာက ကမန်းကတန်းထလာတဲ့ ပုံစံလိုလို နိုင်ငံတော် အလံတင်အခမ်းအနား ဝတ်စုံတဲ့...။ ဓာတ်ပုံ ဧရာဝတီဘလော့(ဂ်)

လာမယ့်ပြည်ထောင်စုနေ့မှာတော့ ဒီအလံ ဒီအရောင်နဲ့ ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေ ဘယ်လိုများ ဇာတ်ကကြဦးမလဲ ဆိုတာတော့ စဉ်းစားစရာ ဖြစ်နေပါတယ်..။ အလံတင်တဲ့နေ့မှာလည်း မစင်ကြယ်တဲ့ မြို့တော်ဝန်အောင်သိန်းလင်းက စင်ကြယ်ဖိနပ်စီးပြီး ဝတ်ထားတဲ့ တိုက်ပုံ၊ တောင်ရှည်ပုဆိုးတွေနဲ့ မအပ်စပ်ပဲ လူပျက်ယောင်ယောင် ယတြာချေသွားပါတယ်။ လောလောဆယ်မှာတော့ အလံတင်ပြီး ကြပ်ပြေးကို နေ့လည် ၃နာရီ ၃၀ မိနစ်မှာ ဆင်ဖြူရောက်ပြီး နောက်နေ့မှာပဲ .. မြန်မာပြည်အနောက်ပိုင်းနဲ့ အလယ်ပိုင်းကို ဂီရီမုန်တိုင်းက ဝင်မွှေသွားတာဟာ.. ဒဿဂီရိလို ဘီလူးခေါင်းဆောင်းထားတဲ့ ဗိုလ်ချုပ်တွေအတွက် နိမိတ်ပြလိုက်တာပါပဲ.. မီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ နာမည်ကြီး ဝေဒပညာရှင် စံဇာဏီဘိုက ပြောကြားရာမှာတော့ ထိုနေ့မှာ ပြုလုပ်တဲ့ အလံတင် အခမ်းအနားဟာ ကောင်းရင်လည်း အရမ်းကောင်း သွားနိုင်တယ်။ ဆိုးရင်လည်း အရမ်းဆိုးသွားနိုင်တဲ့ တုန့်ပြန်မှုတွေ ရှိတယ်လေ။ ဟုပြောဆိုသွားပါတယ်.. လက်ရှိအနေအထားရ ကောင်းနိုင်မယ့် အနေအထား တစ်ခုမှ မမြင်ရသေးပါဘူး..။

အလံသစ်ဟာ နအဖအတွက် နောက်ဆုံး ကျဆုံးခန်းဖြစ်ပြီး အလံပေါ်မှာ ကြယ်ဖြူဖောက် အာဏာရှုးတွေပျောက် ဆိုတဲ့နေ့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း....။

source by : http://ahtunhtun2.blogspot.com

အပြည့်အစုံ ဖတ်ရန် ...