Saturday, October 30, 2010

တပ်တွင်းမိသားစုနဲ့ ကျောင်းသားများ ဆန္ဒပြ

BBC | ဒီကနေ့ မနက်၆နာရီ လောက်မှာ တောင်ဥက္ကလာ အခြေစိုက် ခမရ(၄၃၅) နဲ့ (၄၃၆) က တပ်ရင်းမိသားစုနဲ့ ကျောင်းသား/ကျောင်းသူ ၂၀၀ လောက်ဟာ တပ်ရင်းမှုးရုံးကို သွားပြီး သူတို့ရဲ့ စားဝတ်နေရေး ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အဲ့ဒီတောင်းဆိုပွဲမှာ ပါဝင်တဲ့ ကျောင်းသူတဦးက ပြောပါတယ်။

စစ်သားများ စားဝတ်နေရေး ပြဿနာ ကြုံနေရ

တပ်တွင်းမှာရှိတဲ့ ရဲမေတွေနဲ့ ကျောင်းသူ ကျောင်းသားတွေက မနက်၆နာရီ တန်းစီတဲ့ အချိန်လောက်မှာ တပ်ရင်းရုံးကို လာပြီး ဆန္ဒပြတောင်းဆိုရာမှာ စားနပ်ရိက္ခာ အလုံအလောက် ချပေးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း၊တပ်ရင်းမှုးကတော့ စဉ်းစားပေးမယ်လို့ ပြောတဲ့အကြောင်း ခမရ(၄၃၅)က တပ်သားတဦးက ပြောပါတယ်။

ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်တဲ့ ကျောင်းသူတဦးကလည်း အခုဆိုရင် သူတို့ဟာ ကျူရှင်တက်ချင်ပေမဲ့ ဖခင်ရဲ့လစာနဲ့ မလုံလောက်လို့ ကျူရှင် မတက်ရတဲ့အကြောင်း ဘီဘီစီ ကိုပြောပါတယ်။
တကယ်လို့ ပြေလည်အောင် မဖြေရှင်းပေးဘူးဆိုရင် ဆက်လက် ဆန္ဒပြတောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း အဲ့ဒီ ကျောင်းသူကပဲ ပြောပါတယ်။

တကယ်တော့ တပ်ရင်းမိသားစုတွေ အခုလို စားဝတ်နေရေး ကြပ်တည်းလာနေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ အထက်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပေမဲ့ တာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်း မပေးနိုင်ခဲ့ပါဘူး။ အခုတော့ စားဝတ်နေရေး မပြေလည်လို့ သားသမီးတွေရဲ့ ပညာရေးကိုပါ ထိခိုက်လာပြီဖြစ်လို့ အခုလို တပ်ရင်း မိသားစုတွေတွင်မက တပ်တွင်း ကျောင်းသားတွေပါ စုပေါင်းပြီး တောင်းဆိုဆန္ဒပြလာတာ ဖြစ်တယ်လို့ သိရပါတယ်။

source by : http://www.bbc.co.uk