Saturday, November 19, 2011

ရေဘေးဒုက္ခသည်များထံ “ဒွေး” ရောက်ပြီ


နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကိစ္စရပ်များ၊ ဆေးဝါးကုသမှုများ၊ ပညာရေး ကိစ္စရပ်များအား နေ့စဉ်မပျက် (အခမဲ့) ပေး ဆပ်လျှက်ရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသော အများပြည်သူတို့ထံ သွားရောက်၍လည်း ကူညီဖေးမမှုများ ပြုလုပ်ပေး လျှက်ရှိရာ ၁၆.၁၁.၂၀၁၁ ရက်နေ့တွင် ပေါက်မြို့နယ်ရှိ အင်းတော၊ မြောက်စုနှင့် တောင်စုကျေးရွာရှိ အိမ်ခြေ (၁၅၀)ခန့် နေထိုင်သော ရေဘေးဒုက္ခသည်များထံသို့၎င်း၊ ၁၇.၁၁.၂၀၁၁ ရက်နေ့တွင် လနယ်လမ်း၊ သရဖီ၊ ရွာသာအေး၊ မြေချား၊ သရက်လေးပင်၊ သပွတ်စု၊ တောင်ချို၊ ဒေါင်းသာ အစရှိသည့် ကျေးရွာများရှိ အိမ်ခြေ (၁၀၀၀) ကျော်နေထိုင်ကြသော ရေဘေးဒုက္ခသည်များ ထံသို့၎င်း၊ ၁၈.၁၁.၂၀၁၁ ရက်နေ့တွင် ရှားတော၊ ထန်းတစ်ပင်၊ သရက်တောကျေးရွာများသို့၎င်း၊ ၁၉.၁၁.၂၀၁၁ ရက်နေ့တွင် ပေါက်ချောင်း၊ စမ်းရေခုန်၊ ဆူးပုတ် ခုန်ကျေးရွာများသို့လည်းကောင်း ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်များ၊ စောင်၊ အ၀တ် အထည်၊ ခြင်ထောင် အစရှိသော အသုံးအ ဆောင်ပစ္စည်းများကို ကားတစ်တန်၊ လှေတစ်တန်၊ နွားလှည်းတစ်တန်ဖြင့် ခဲရာခဲဆစ်သွားရောက်၍ ကူညီဖေးမမှုများကို ဒေသခံ ပေါက်မြို့ နယ်ရှိ လူမှုရေးသမားများနှင့် ပူးပေါင်းကာ လှူဒါန်းလျှက်ရှိသည်။

၁၉.၁၁.၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်သော နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဒွေး ရုပ်ပုံပါ တီရှပ်အင်္ကျီအား ဒေသခံ ရေဘေး ဒုက္ခသည် ရွာသူရွာသားများထံသို့ ဝေငှလှူဒါန်းမှုကိုပါ ပူးတွဲ၍ လှူဒါန်းကူညီ ထောက်ပံ့မှုကို ပြုလုပ်ခဲ့သည်။ ဒွေး ရုပ်ပုံပါ တီရှပ်အား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဒွေး၏ဇနီးဖြစ်သူ မမိုးမိုးမှ တဆင့်လူကြုံပါး၍ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရေဘေးဒုက္ခသည် ရွာသူ/သားများအနေဖြင့် မိမိတို့ ကြုံတွေ့ နေရသော အပူသောကများကို ရုပ်ရှင်သရုပ်ဆောင် ဒွေးမှ ငြိမ်းအေး ပေးလိုက်သကဲ့သို့ ပျော်ရွှင်ကြည် နူးစွာဖြင့် တွေ့ကြုံခဲ့ရသည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဘေးကယ်ဆယ်ရေးသို့ လိုက်ပါသွားသည့် အသင်းသား များထံမှ သိရှိခဲ့ရသည်။

ထို့ကြောင့် ပခုက္ကူရေဘေး ဒုက္ခသည်များအား လူသားချင်း စာနာစိတ်ဖြင့် လှူဒါန်း ကူညီ ပံ့ပိုးကြသော မြန်မာပြည်သူလူထု အလှူရှင်များနှင့် တကွ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် ဒွေး တစ်ယောက် သည်လည်း ရောက်ရာဘုံဘ၀မှ ကျေနပ်စွာဖြင့် သာဓု … သာဓု … သာဓု ဟုခေါ် ဆိုလိုက်ပါတော့ . .. . ။









source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

အာဏာရ အစိုးရပါတီ ရွေးကောက်ခံ အမတ်တချို့ မူးယစ်ဆေးလုပ်ငန်းတွင် ပါဝင်ပတ်သက်နေ (ရုပ်/သံ)

အာဏာရ အစိုးရပါတီ ရွေးကောက်ခံ အမတ်တချို့ မူးယစ်ဆေး လုပ်ငန်းတွင် ပါဝင်ပတ်သက် နေကြောင်း မူးယစ် ဆေးဝါး စောင့်ကြည့်အဖွဲ့က စွတ်စွဲလိုက်ပါတယ်။


source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

သမ္မတဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)





အမေရိကန်သမ္မတ ဘရက်အိုဘားမား (၀ဲ)၊ မြန်မာသမ္မတ ဦးသိန်းစိန် (လယ်)၊ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (ယာ) အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ အုပ်စုဓါတ်ပုံရိုက်နေစဉ်။ (နိုဝင်ဘာလ ၁၉၊ ၂၀၁၁)
ဓာတ်ပုံ ASSOCIATED PRESS

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ ညပိုင်းမှာတော့ မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို တွေ့ပြီးတော့ ဘာတွေ ရှင်းပြခဲ့သလဲ ဆိုတာကိုတော့ ဘာလီကျွန်းမှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။

မသင်းသီရိ။ ။ သမ္မတဦးသိန်းစိန်က ဒီနေ့ညပိုင်း သတင်းထောက်တွေနဲ့ တွေ့တဲ့အခါမှာ ဘယ်လို အချက်တွေ ပြောကြားခဲ့သလဲဆိုတာ ရှင်းပြပါဦးရှင့်။ -

ဒေါ်ခင်စိုးဝင်း။ ။ “အနှစ် ၅၀ နီးပါးအတွင်း မြန်မာသမ္မတတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် သတင်းသမားတွေကို ထူးထူးခြားခြား တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တာလို့ပဲ ပြောရမှာပါ။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကြီး ပြီးဆုံးတဲ့နေ့မှာ မြန်မာသတင်းသမားတွေကို စုဝေးပြီး တွေ့ဆုံခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုပါတယ်။”

ဦးသိန်းစိန်။ ။ “တိုက်တိုက်ဆိုင်ဆိုင် ဒီအစည်းအဝေးမှာ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သူ ဖော်ထုတ်ပြီးတော့ ပြောကြားသွားတာ ရှိပါတယ်။

အကုန်လုံး ပကတိ အကောင်းချည်းပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ ဆက်ပြီးတော့ ကျနော်တို့ လုပ်ရမယ့် ဟာတွေ၊ ဆက်ပြီးတော့ သူ့အနေနဲ့ ဒါကို စောင့်ကြည့်ရမယ့် ဟာတွေကိုလည်း ကျနော်တို့ကို ပြောပါတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဒီ ဖြစ်ပေါ် တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ဒါ အများကြီး ကောင်းတယ် ပြောရမှာပေါ့။

နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာမယ် ဆိုတဲ့ဟာက ကျနော် ထင်ပါတယ်၊ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ မရှိခဲ့တဲ့ ဟာပါ။ ဒါလည်း ကျနော်တို့ နိုင်ငံအတွက်တော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ အခြေအနေတရပ်လို့ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားပေးကြတဲ့နေရာမှာ ဒီမိုကရေစီ ထွန်းကားပြီးသား၊ ရင့်ကျက်ပြီးသား အနောက်နိုင်ငံတွေက လိုချင်တဲ့ပုံစံမျိုးလို တထပ်တည်း ဖြစ်အောင် လုပ်လို့မရပေမဲ့ အံဝင်ခွင်ကျဖြစ်အောင်တော့ ရနိုင်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ ဒီမိုကရေစီ ရှင်သန်အောင်လုပ်ဖို့ ဆိုတဲ့နေရာမှာ အဓိကကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့ လိုတယ်။ တိုင်းပြည်အေးချမ်းဖို့ဆိုတာမှာ ၂ ပိုင်းပေါ့။ ပြည်တွင်းက သဘောထားအမြင် အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်း တူညီအောင် ညှိကြတဲ့အပိုင်းပေါ့။ တခါ ဒီသဘောထားအမြင် အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ သဘောထား အမြင်ချင်းတူပြီဆိုလို့ရှိရင် ပြည်ပကလည်း ဘာပဲဖြစ်ဖြစ် ဖိအားတွေ လျှော့နည်းလာတယ်။ အခုလိုပဲပေါ့ ဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ တွေ့ကြပြုကြ။ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပြီးတော့ တွေ့တယ်။ တွေ့တော့ ကျနော်တို့ရဲ့ စိတ်စေတနာတွေ လည်း နားလည်သွားတယ်။ ကျနော်တို့နဲ့တွေ့ပြီး နောက်ပိုင်းမှာဆိုရင် အပြုအမူတွေ အပြောအဆိုတွေ ဒါတွေကလည်း ကျနော်တို့ အများကြီးပြောင်းလဲသွားတယ်။ ဒီပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြည်ပကနေပြီးတော့လည်း လိုက်ပြီးတော့ ပြောင်းတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါလှတဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးရေးနဲ့ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့သဘောထားကို အခုလို ပြောပြပါတယ်။”

ဦးသိန်းစိန်။ ။ “ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာ ခက်တယ်။ ကျနော်တို့ကတော့ ယုံကြည်ချက် ဆိုတာကိုတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူ ထားတာ။ အဲဒီတော့ သူ့လိုပဲ ဥပဒေတစ်ခုခုတွေ ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့ အဖွဲ့အတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျတယ်။

ကျနော်တို့ကတော့ အားလုံးအတွက် စဉ်းစားပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံကလည်း သမ္မတကို လုပ်ပိုင်ခွင့်အပ်နှင်းထားတာက ခုနကလို pardon ပေးလို့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် amnesty ကျနော်တို့က ပေးလို့ရတယ်။ အဲဒီတော့ အချိန်မရွေး အချိန်အခါအပေါ်မှာ ကြည့်ပြီးတော့ပဲ ကျနော်တို့ ဒါကို လုပ်သွားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “ဆက်လက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာတွေ ရပ်စဲသွားအောင်၊ ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေတဲ့အကြောင်းကိုလည်း ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ “ထာဝရ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲကို ကျနော်တို့အားလုံး ၀င်ရောက်ပြီးတော့မှ ဥပဒေတခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးက နေထိုင်လုပ်ကိုင် စားသောက်၊ သွားစရာရှိတဲ့နေရာတွေ သွားပြုပြီးတော့ ဒီလိုဖြစ်ရေးဟာ ခုနကလို ကျနော်တို့အတွက် ထာဝရ ငြိမ်းချမ်းရေးဖြစ်တယ်။

သို့သော်လည်း အချိန်တော့ ယူရမယ်။ ဒီအထဲမှာလည်း ကျနော်တို့ ညှိရပြုရတာ ခေါင်းဆောင်ပိုင်းတွေမှာလည်း စာတတ်တဲ့ ပေတတ်တဲ့သူတွေ ပါသလို စာမတတ်ပေမတတ်တွေကလည်း ပါနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုလည်း တဘက်က ကျနော်တို့က သူတို့နဲ့ တည်ဆောက်၊ သူတို့ကိုလည်း နားလည်အောင် ပြောထားတယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာတော့ ဥပဒေဘောင်ထဲကို အားလုံးဝင်ရောက်လာပြီးတော့မှ ဒီဥပဒေတခုတည်းရဲ့ အောက်မှာ ပါတီဖွဲ့ချင်တဲ့ သူတွေက ဖွဲ့။ စီးပွားရေးလုပ်ချင်တဲ့ သူက လုပ်။ ပြီးရင် ခုနကလို လွှတ်တော်ထဲရောက်လာရင်တော့ အကုန်လုံး တို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ ဆိုပြီး ရည်ရွယ်ထားတာကတော့ အဲဒီလို ရည်ရွယ်ထားတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “သမ္မတ ဦးသိန်းစိန်က အာဆီယံ မိသားစုဝင်ဖြစ်တာနဲ့အညီ အလှည့်ကျဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို မဖြစ်မနေ လုပ်သွားရမယ့် ၀တ္တရားရှိတယ်လို့ ပြောရင်း လုပ်စရာ အလုပ်တွေလည်း အများကြီး ရှိသေးကြောင်း ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းသမားတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ အမျိုးသား စီမံကိန်းဌာန၀န်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ် နဲ့ ဦးစစ်အေး တို့လည်း တက်ရောက် ခဲ့ကြပါတယ်။

ဒီကနေ့ ထူးထူးခြားခြား မြန်မာသတင်းသမားတွေကို တွေ့ဆုံတယ်ဆိုတာဟာလည်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေထဲက ရှေ့ဆက်လှမ်းတဲ့ ခြေလှမ်း လို့ပဲ ကောက်ချက်ချ ရမလား စဉ်းစားစရာပါပဲ။”

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးပွဲ(ရုပ်/သံ) ၁၁-၁၈-၂၀၁၁



source by : http://www.youtube.com/user/peacerunning

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့နိုင်ငံရေးရဲ့ သမိုင်းဝင် ဖြစ်ပေါ်တိုးတက်မှုများ



source by : http://burmatoday.net

အပြည့်အစုံ ဖတ်ရန် ...

ဤခရီး မနီးသေးပါ


ချော်နေတဲ့လမ်း မာန်တင်းပြီးလှမ်းသူကို
နဖူးကွဲမယ် ဒူးပြဲမယ်လို့
ဘေးကနေ၀ူးဝဲ အော်နေတာထက်စာ
ချော်လဲမှာ တကယ်စိုးရင်
ရိုးရိုးလေးပဲ ဘေးကနေတွဲလျှောက်
ငါတို့ ဘယ်တော့မှ နောက်ကောက်မကျဘူး။

ပုထုဇဉ်လူသားပေမို့
အမှားကင်းသူရယ်လို့
လောကတခွင် ရှိမည်မထင်
ရိုးသားစွာ ကျင့်ကြံမှုနဲ့
စေတနာမှန်ကန်မှုတွေက
သမိုင်းမှာမှတ်ကျောက်တင်
ဘယ်သူတွေ ဘာနဲ့နှိုင်းနှိုင်း
ရာဇ၀င်မှာ ဘယ်တော့မှမရိုင်း။

အငြိုးတရားတွေကို
အတိုးထပ်ထပ်ပွားလို့တော့
တိုင်းပြည် အကျိုးများဖို့မမြင်
အဆိုးကျော့ သံသရာမှာတော့
တကယ်ပဲ မလည်စေချင်….
အာဃာတဓားကိုပစ်
ငြိမ်းချမ်းရေးကိုချစ်ရင်
အဲဒါ…… ဘယ်သူ့ဆန္ဒဖြစ်ဖြစ်
ပြည်သူတွေဘ၀နဲ့ တထပ်တည်းကျတယ်။

ဤခရီး မနီးသေးသော်လည်း
လှေလှော်ရင်း တက်ကျိုး
ဘေးထွက်လို့ ထိုင်သူထိုင်
ငါတကော ကောသူကော
အငြိုးတရားတွေကို ချစ်လိုချစ်
လေသေနတ်နဲ့ ပစ်လိုပစ်
တိုင်းပြည်ကတော့ နစ်သထက်နစ်မယ့်ဟန်
အဲဒါ…. မင်းတို့ ငါတို့နဲ့ ထိုက်တန်တဲ့
ဒီမိုကရေစီအမှန်လား။

၂၀၀၇၊ ၉၆၊ ၈၈၊ ၇၄
မျိုးဆက်သွေး တကယ်မှန်ရင်
အာဏာရှင် ငမိုက်သားတွေကို
တိုက်ခဲ့တဲ့ ရည်ရွယ်ချက်
အမြတ်အစွန်း ထိုင်တွက်နေဖို့မဟုတ်
ဆုတ်ယုတ်နေတဲ့ တိုင်းပြည်နဲ့
ငတ်ပြတ်နေတဲ့ ပြည်သူအတွက်
အသက်တွေ ပေး
ဘ၀တွေ စတေး
သွေးခင်းလမ်းတွေ လျှောက်ခဲ့ကြတယ်ဆိုရင်…

အခင်းအကျင်းတမျိုးနဲ့
တိုက်ပွဲက ခုမှအစပျိုးတယ်
မလိုက်ချင်သူတွေအတွက်တော့ မပြောလို….။ ။


မောင်ပါလ
၁၉.၁၁.၂၀၁၁

အပြည့်အစုံ ဖတ်ရန် ...

Friday, November 18, 2011

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက် ချမှတ်ခြင်း အပေါ် ကျောင်းသားတပ်မတော်၏ အမြင်သဘောထား

အပြည့်အစုံ ဖတ်ရန် ...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) အထူးကြေညာချက် အမှတ် - ၁/၁၁/ ၁၁

အပြည့်အစုံ ဖတ်ရန် ...

လာမည့် ရွေးကောက်ပွဲများ NLD ဝင်ပြိုင်မည်

ချင်းမိုင် (မဇ္ဈိမ)| အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သောကြာနေ့တွင် ကျင်းပသော ဗဟိုဦးစီးကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

တိုင်းနှင့်ပြည်နယ် ရုံးခွဲများမှ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးလုံးက ကန့်ကွက်သူ မရှိ ထောက်ခံဆွေးနွေးကြပြီး အသံဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီ မှတ်ပုံတင်မယ်။

နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်။ အဲဒါကို ကန့်ကွက်သူ မရှိ တညီတညွတ်တည်း ဆုံးဖြတ်ကြောင်း ကြေညာလိုက်ပါတယ်။” ဟု ဦးအုန်းကြိုင်က ပြောသည်။

nldmetting

ဆွေးနွေးပွဲရပ်နားချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့ရသည့် ဧရာဝတီတိုင်း ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် ဦးမန်းဂျော်နီ။ ဓာတ်ပုံ- မဇ္ဈိမ


ပါတီအနေဖြင့် ယတိပြတ် မပြောနိုင်သေးသော်လည်း လစ်လပ်နေသော မဲဆန္ဒနယ် အကုန်လုံး သို့မဟုတ် အများစု ကို ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။

ပြည်နယ်/တိုင်း တခုကို နှစ်ဦးကျ ဆွေးနွေးခွင့် ပြုထားသော်လည်း သဘောထားတူသဖြင့် တဦးစီသာ ဆွေးနွေးပြီး အားလုံးက မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆွေးနွေးကြပြီး ကန့်ကွက်သူ မရှိဟု ဆိုသည်။

“နောက်ဆုံးကျတော့ စီအီးစီ (ဗဟိုဦးစီးကော်မတီ) ကနေပြီးတော့ အများသဘောတူ ဒီဆုံးဖြတ်ချက် နှစ်ခုကို ချမှတ်ကြောင်း မူကြမ်း ရေးလိုက်တာပေါ့ဗျာ။ ပြီးတော့ အများသဘောဆန္ဒ ယူလိုက်တာပေါ့။ အားလုံးက အသံနဲ့ပဲ သဘောတူကြောင်း ဆုံးဖြတ်လိုက်ကြတယ်။”ဟု ပြောသည်။

တက်ရောက်ခွင့်ရှိသူ ဗဟိုဦးစီးအဖွဲ့ဝင် ၁၁၆ ဦးမှ ၁၀၆ ဦးတက်ရောက်ပြီး ကျန်းမာရေး မကောင်းသူ သုံးဦး၊ ထောင်ကျ ခံရဆဲဖြစ်သော ဒေါ်ဝင်းမြမြ၊ ဦးညီပု၊ ဒေါက်တာတင်မင်းထွဋ် အပါအဝင် ခြောက်ဦး၊ ခရီးလွန်နေသူ တဦး စုစုပေါင်း ၁၀ ဦး ပျက်ကွက်သည်ဟု ဆိုသည်။

ကျန်းမာရေး မကောင်းသူ သုံးဦးမှ မန္တလေးတိုင်းမှ ဒေါက်တာသိန်းလွင်သည် ကြာသာပတေးနေ့၌ လေဖြတ်သွားခြင်း ဖြစ်သည်။

ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်းတို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ကယား ပြည်နယ် NLD မှ ဆက်သွယ်ရေး ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။

“ကယားကလည်း ထူးထူးခြားခြား ဒီတခါ ဆက်သွယ်ရေး ကိုယ်စားလှယ် အဖြစ်နဲ့ တက်တယ်။ ကယားမှာ ကျနော် တို့ ရုံး မရှိသေးဘူး။ ပြည်နယ်စည်း မဖွဲ့နိုင်သေးဘူး။ ကြာပြီ။” ဟု ဦးအုန်းကြိုင်က ပြောသည်။

အထုတ်ပယ်ခံရသူ၊ ကွယ်လွန်သွားသူ အမတ်များနှင့် ဗဟိုအစိုးရနှင့် ပြည်ထောင်စု အဆင့်အဖွဲ့များအတွင်း ရာထူး လက်ခံရယူလိုက်သော အမတ်များ၏ မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပလိမ့်မည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပြောကြားတဲ့ မိန့်ခွန်းများ

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) ရုံးတွင် ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပတဲ့ ဗဟိုဦးစီး အဖွဲ့ အစည်းအဝေး၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ပြောကြားတဲ့ မိန့်ခွန်းများ ဖြစ်ပါတယ်။

ဦးတင်ဦး ပြောကြားတဲ့ နှုတ်ခွန်းဆက်မိန့်ခွန်း အသံဖိုင်


ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ နှုတ်ခွန်းဆက်မိန့်ခွန်း အသံဖိုင်


ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ နိဂုံးချုပ်မိန့်ခွန်း အသံဖိုင်



source by : http://burmatoday.net

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 17, 2011

ကိုမင်းကိုနိုင် ကို ရန်ကုန်ရွှေ့

ရှမ်းပြည်နယ်၊ ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကို ဒီကနေ့ နေ့ခင်းက ကျိုင်းတုံကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် ဘယ်ထောင်ကို ပို့မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဗုဒ္ဓဟူးနေ့ကစပြီး နယ်ဝေးထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုနဲ့နီးစပ်ရာထောင်တွေဆီ စတင်ပြောင်းရွှေ့ပေးနေတာ ဖြစ်ပါတယ်။ တခြား ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့အခြေအနေတွေကိုတော့ မကြားသိရသေးပါဘူး။ ဒီအကြောင်းကို မိသားစုဝင်တွေ၊ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ကစတင်ပြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရွှေဝါရောင်လှုပ်ရှားမှု ဦးဆောင်ကိုယ်တော် ဦးဂဘမ္ဘီရ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်မနီလာသိန်းတို့ကို နယ်ဝေး ထောင်တွေကနေ စတင်ပြောင်းရွှေ့ခဲ့ရာက ဒီကနေ့မှာတော ကျိုင်းတုံထောင်က ကိုမင်းကိုနိုင်ကို ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ကိုမင်းကိုနိုင်ကို ဒီကနေ့ ကျိုင်းတုံထောင်က ပြောင်းရွှေ့လိုက်တယ်ဆိုတာကိုတော့ သူရဲ့အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က အခုလို ပြောပါတယ်။

“ကျိုင်းတုံက မိတ်ဆွေတဦးပြောတာကတော့ လေယာဉ်နဲ့ ပါသွားပြီလို့တော့ ပြောတယ်။ လေယာဉ်က ၁၂ ခွဲထွက် တယ်တဲ့။ သူကိုပို့တာ လေဆိပ်လည်းအရောက် လေယာဉ်လည်းအရောက် ချိန်ကိုက်ပဲတဲ့။ တန်းတင်တယ်တဲ့ အဲလိုပြောတာ။ ရန်ကုန်လေယာဉ်ပဲပေါ့။ ဟဲဟိုးဝင်အုံးမယ်တော့ ပြောတယ်။ ဒီလေယာဉ်က။ လေယာဉ်က ရန်ကုန်လာမယ့် လေယာဉ်ပဲပေါ့။ သူ့ကြည်လိုက်တာ တယောက်တည်းပဲ တွေ့တယ်တဲ့။ Leather ဂျာကင်လေး ၀တ်သွားတာ တွေ့တယ်တဲ့။ လက်ထိပ်တွေဘာတွေတော့ မခတ်ထားပါဘူးတဲ့။ မိတ်ဆွေက လှမ်းမြင်လိုက်တာပြောတာ”

ဒီလိုထောင်ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက မိသားစုတွေကို တစုံတရာအကြောင်းကြားတာ မရှိဘူးလို့လည်း ပြောပါတယ်။

ကိုမင်းကိုနိုင်ကို ရန်ကုန်ကနေ သရက်ထောင်ကို ပြောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ကျိုင်းတုံထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အခြားအကျဉ်းသား ၄ ဦးကို မနေ့က ဆေးစစ်ချက် ယူတာ ရှိခဲ့ပေမဲ့ ဒီကနေ့တော့ ကိုမင်းကိုနိုင် တယောက်တည်းကိုပဲ ထောင်ပြောင်းတာ ရှိတယ်။ ထောင်အာဏာပိုင်တွေက ကိုမင်းကိုနိုင်အတွက် လိုအပ်တဲ့ ဆေးဝါးတချို့ကိုလည်း ထည့်ပေးလိုက်တယ်လို့ ကျိုင်းတုံထောင်က ဝန်ထမ်းတဦးက ပြောပါတယ်။

မိုင်းဆတ်ထောင်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုကိုကြီးကို ထောင်အပြောင်းအရွှေ့ရှိမရှိ နဲ့ပတ်သက်ပြီး ညီဖြစ်သူ ကိုအောင်ထွန်းက အခုလို ပြောပါတယ်။

“မိုင်းဆတ်ကို ကျနော်တို့ ဖုန်းဆက်တုန်းကတော့ ကိုင်တာမရှိဘူး။ အိမ်ကိုတော့ အကြောင်းကြားတာမျိုး မရှိဘူးပေါ့။ ကျနော်တို့လည်း ဘာမှ မကြားရသေးဘူး။ စောင့်ကြည့်နေတာပဲ။ တချို့လူတွေတော့ ကြားနေတာပေါ့။ မနီလာသိန်းတို့ ဘာတို့ ပြောင်းတယ်ဆိုတာတော့ ကြားနေတာပေါ့”

VOA က မိုင်းဆတ်ထောင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ကိုကိုကြီးနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေဟာ အဲဒီမှာပဲ ရှိနေဆဲဖြစ်ကြောင်း တာဝန်ကျ ဝန်ထမ်းတဦး ပြောပါတယ်။

ကသာထောင်မှာကျခံနေရတဲ့ ကိုအံ့ဘွယ်ကျော်သတင်းနဲ့ပ တ်သက်လို့တော့ ဘာမှ မကြားရသေးကြောင်း အသက် ၇၈ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်တင်တင်ဝင်းက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလွတ်မယ်ဆို သတင်းတွေ ထွက်ပေါ်နေပြီး မလွတ်လာသေးတဲ့အပေါ်မှာတော့ ဒေါ်တင်တင်ဝင်းက သူ့ခံစားချက်ကို အခုလို ပြောပါတယ်။

“ကျမကတော့ လွှတ်မယ်ဆိုလည်း တခါတည်းလွှတ်လိုက်တာ ကြိုက်တယ်ပေါ့။ ဟိုတနေရာပြောင်း ဟိုတနေရာပြောင်း ပြောင်းပြီးတော့ကော လွှတ်ဖို့ဆိုတာက ဘယ်လောက်ကြာအုံးမှာလဲ။ အဲဒါက ရှိသေးတယ်။ ၁၀ ရက်နေ့တို့၊ ၁၄ ရက်နေ့တို့ ပြောနေကြတာ။ လူတွေကလည်း လွှတ်စေချင်တော့ ကိုယ်ဖြစ်ချင်တာ ပြောကြသလားတော့ မသိပါဘူး။ မိသားစုတွေကလည်း မျှော်လင့်-မျှော်လင့်၊ မပါ- မပါဆိုတော့ အဲလိုပဲ မျှော်ရ မျှော်ရတာနဲ့ပဲ အားကုန်တယ်ပေါ့နော်။ အသက်ကလည်းကြီးဆိုတော အားလျော့တာပေါ့"

အခြား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေးနဲ့ အခြားသူတွေရဲ့ ထောင်အပြောင်းအရွှေ့သတင်းတော့ မကြားသိရသေးပါဘူး။

၈၈မျိုးဆက် ကျောင်းသားတွေဟာ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်းက လောင်စာဆီ ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ ခဲ့တာကြောင့် ထောင်ဒဏ် နှစ်ရှည်ချမှတ် ခံခဲ့ရပြီး ဝေးလံတဲ့ ထောင်တွေဆီ အပို့ခံထားရသူတွေဖြစ်ပါတယ်။

ဒီလို ဝေးလံတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ နီးရာထောင်တွေကို ပြောင်းရွှေ့နေတဲ့ တချိန်တည်းမှာတော့ ၂၀၁၀ ခုနှစ် ရန်ကုန်မြို့က X20 ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲတာကို ဓာတ်ပုံရိုက်တာကြောင့် အဖမ်းခံရတဲ့ ကိုစည်သူဇေယျကိုတော့ မနေ့က မိသားစုနဲ့ ဝေးလံတဲ့ ဟင်္သာတ ထောင်ကို ပို့လိုက်ပါတယ်။ ဖခင်ဖြစ်သူ ဦးဇေယျကိုလည်း သီပေါထောင်ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။

ဒီလ ၁၂ ရက်နေ့ကတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ထပ်မံလွှတ်ပေးဖို့အတွက် နိုင်ငံတော်သမ္မတဆီကို အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ လိုအပ်ချက်အရ လွတ်ငြိမ်းခွင့် မပေးနိုင်ရင်လည်း မိသားစုနဲ့နီးရာ အကျဉ်းထောင်တွေကို ရွှေ့ပေးဖို့ အတွက်လည်း တောင်းဆိုထားပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, November 16, 2011

မိုးအေး (DVB) တင်ဆက်သည့် “အနုပညာနဲ့ နိုင်ငံရေး” (ရုပ်/သံ)

ဖခင်ဖြစ်သူနဲ့အတူ ဖမ်းဆီးခံ သတ်ဖြတ်ခံခဲ့ရတဲ့ ဂဒါဖီရဲ့သားဖြစ်သူ မိုတာဆမ်နဲ့ ချစ်ရည်လူးခဲ့ကြတဲ့ ဥရောပက ဖက်ရှင်မယ်လေးတွေရဲ့ ချစ်ဒုက္ခတွေကို ကြည့်ရင်း ဒီတပတ်အစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။

အာဏာရှင်မိသားစုဝင်တွေနဲ့ ပေါင်းသင်းပြီး လောကစည်းစိမ်ခံစားလိုတဲ့ အနုပညာသည်တွေ၊ အာဏာရှင်မိသားစု တွေဆီက မက်မောစရာကောင်းတဲ့ ဖျော်ဖြေခတွေကြောင့် သွားရောက်ဖျော်ဖြေမိခဲတဲ့ အနုပညာရှင်တွေနဲ့ အာဏာရှင်ဆို ဘယ်လိုအာဏာရှင်မှ လက်မခံချင်တဲ့ အာဏာရှင်လက်အောက်မှာ ပိပြားနေရတဲ့ ပြည်သူတွေ ဘက်က ရပ်တည်လိုတဲ့ အနုပညာရှင်တွေအကြောင်း တစေ့တစောင်း တင်ပြလိုတာကြောင့် ဒီအစီအစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။

အထူးသဖြင့်တော့ တော်လှန်ဂီတသမားတယောက်လို့ လူသိများတဲ့ ယူတူးတီးဝိုင်းက ဘိုနိုရဲ့ အနုပညာခံယူချက် တစိတ်တဒေသဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာမယ်ဆိုတဲ့ သ တင်းတွေနဲ့အတူ ဘိုနိုရဲ့ “သားပျောက်မိခင်များ” ဆိုတဲ့ တေးသီချင်းကို မိတ်ဆက်လိုတဲ့ဆန္ဒနဲ့ ဒီတပတ်အစီ အစဉ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ (မိုးအေး)




source by : http://drlunswe.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းအောင်လုပ်ဖို့ မြန်မာကို အိုဘားမားတိုက်တွန်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေဆဲဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ဆက်ဆံရေးပိုပြီး ကောင်းမွန်အောင် မြန်မာနိုင်ငံဘက်က ရှေ့ဆက် လုပ်ဆောင်ရမှာတွေကို ရှင်းရှင်း လင်းလင်း ဆက်ပြောမှာ ဖြစ်တဲ့အကြောင်း အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက ပြောဆိုသွားပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ပြီးခဲ့တဲ့ မိနစ်ပိုင်းက သြစတေးလျနိုင်ငံ လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံအရေးကို ထည့်သွင်း ပြောဆိုသွားတာပါ။ ဦးသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

ဒီလို ဒီမိုကရေစီပေါ်ထွန်းစ နိုင်ငံတွေမှာ လူထုအဓိက လူ့အဖွဲ့အစည်းတွေ၊ လူထုအကျိုးပြု အဖွဲ့အစည်းတွေကနေ နိုင်ငံသားတွေကို တာဝန်ပေးနိုင်အောင်၊ ကောင်းမွန်တဲ့ အစိုးရတွေ ပေါ်လာအောင် စွမ်းဆောင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း အခုလို ထည့်သွင်းပြီးတော့ ပြောဆိုသွားပါတယ်။

“လွတ်လပ်ခွင့ိကို ခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေမှာ ကျနော်တို့က လွတ်လပ်ခွင့်အတွက် ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့ကြပါတယ်။ အင်ဒိုနီးရှားလို ထွန်းသစ်စ ဒီမိုကရေစီ နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့အစိုးရ အုပ်ချုပ်ရေးတွေပေါ်လာအောင်၊ အစိုးရအုပ်ချုပ်ရေး ယန္တယားတွေ ခိုင်မာအောင် ကျနော်တို့ လက်တွဲ ကူညီခဲ့ကြတယ်။

လွတ်လပ်ပွင့်လင်းတဲ့ အစိုးရတွေ ပေါ်လာရေးကို ကျနော်တို့က အားပေးတာက ဒီမိုကရေစီ ဆိုတာ သတင်းအချက်အလက်တွေကို နားလည်ပြီး တက်ကြွလှုပ်ရှားနေတဲ့ နိုင်ငံသားတွေအပေါ်မှာ မှီတည်နေလို့ပါ။ လူမှုအဓိက လူ့အဖွဲ့အစည်းတွေ ပိုပြီး ခိုင်မာအောင် ကျနော်တို့ က ကူညီပေးပါတယ်။ ဘာလိုလဲဆိုတော့ လူထု အဓိက လူ့အဖွဲ့အစည်းတွေဟာ သူတို့အစိုးရတွေ တာဝန်ယူမှု ရှိလာအောင် ပြည်သူတွေကို တာဝန်အပ်နှင်းပေး၊ ကူညီပေးတဲ့ အဖွဲ့အစည်းတွေမို့ပါ။

ပြည်သူတွေရဲ့ အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ လူမျိုးစုတွေနဲ့ ဌာနေတိုင်းရင်းသားတွေ အရေးကို ကျနော်တို့က တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ဒီလို လူထုအကျိုးပြု အဖွဲ့အစည်းတွေကပဲ ပြည်သူတွေအားလုံး သူတို့ရဲ အခွင့်အလမ်းတွေ ပိုင်ဆိုင်နိုင်အောင် ထောက်ပံ့ကူညီပြီ ပိုပြီး အောင်မြင်တဲ့ ပိုပြီးချမ်းသာကြွယ်ဝတဲ့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းတွေပေါ်ပေါက်လာအောင် ကူညီဆောင်ရွက်ပေးနေတာပါ”

-ဆိုပြီး သမ္မတ အိုဘားမားက ပြောသွားတာပါ။ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ သမ္မတအိုဘားမား တိတိကျကျ ပြောသွားတာက-

“မြန်မာနိုင်ငံကို ချဉ်းကပ်မှု မူဝါဒတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ်မှာ အရေးယူပိတ်ဆို့မှုနဲ့ ထိတွေ့ ဆက်ဆံရေးမှုကို ပူးတွဲ ကျင့်သုံးနေပါတယ်။ ဒီနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။

နိုင်ငံရေးအကျဉ်းသား တချို့လည်း လွတ်မြောက်ခဲ့ပါပြီ။ အစိုးရဘက်ကလည်း တွေ့ဆုံဆွေးနွေး စကားပြောလာတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကတော့ မြန်မာနိုင်ငံမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ပိုပြီးတော့ ကောင်းမွန်အောင် ရှေ့ဆက် လုပ်ရမှာတွေကို ကျနော်တို့ ရှင်းရှင်းလင်းလင်း ဆက်ပြောရပါလိမ့်မယ် - ဆိုပြီး ပြောဆို သွားခဲ့တာပါ ခင်ဗျာ။

နားဆင်ရန်


source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ဟောင်း၌ ဆန္ဒပြ သံဃာတော်များ ငြိမ်းချမ်းရေးတရားဟော (၁၆ - ၁၁ -၂၀၁၁) ရုပ်/သံ




source by : http://www.youtube.com/user/mgbamar1969

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနီးရာထောင်ရွေ့

မြန်မာနိုင်ငံထဲက နိုင်ငံရေးအကျဉ်းသားတချို့ကို ဝေးလံခေါင်သီတဲ့ ထောင်တွေကနေ မိသားစုနဲ့ နီးရာ ဒေသတွေမှာ ရှိတဲ့ အကျဉ်းထောင်တွေကို စတင် ပြောင်းရွေ့ နေပါတယ်။ နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်တဲ့ မိသားစုဝင်တွေ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေနဲ့အတူ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူ တချို့လည်း နို်င်ငံရေးအကျဉ်းသားများ ထောင်ပြောင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောပြ ထားပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

သရက်ထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းကို မိသားစုနဲ့ နီးတဲ့ သာယာဝတီထောင်ကို ဒီကနေ့ ရွေ့လိုက်ပါတယ်။ အာဏာပိုင်တွေက မိသားစုဆီကို တရားဝင် အကြောင်းကြားတာ မဟုတ်ပေမယ့် ထောင်ပြောင်း ထောင်ရွေ့တွေ ဒီရက်ပိုင်းအတွင်း ဖြစ်လာနိုင်တယ်ဆိုလို့ စုံစမ်း မေးမြန်းရာကနေ မနီလာသိန်းဟာ ဒီကနေ့ မနက် ၁၀ နာရီက သာယာဝတီထောင်ကို ရောက်နေပြီလို့ မနီလာသိန်းရဲ့ ခင်ပွန်း ဖြစ်တဲ့ ကိုဂျင်မီခေါ် ကိုကျော်မင်းယုရဲ့အကို ကိုမျိုးမင်းယုက ပြောပါတယ်။

"ဖုန်းဆက် လှမ်းမေးလိုက်တော့ သူတို့ကလည်း ရောက်ရှိကြောင်း အတည်ပြုပါတယ်။ ဒီနေ့မနက် ၁၀ နာရီလောက် ရောက်တယ် ပြောပါတယ်။ ဟုတ်တဲ့အကြောင်း အတည်ပြုတဲ့အတွက် လာတွေ့ချင်ရင် တွေ့လို့ ရပါပြီတဲ့။

ကျနော်တို့ မနက်ဖြန် သွားတွေ့ဖို့ စီစဉ်နေပါတယ်။ နီးသွားတာပေါ့။ ကျနော်တို့ ဒီကသွားရင် ၂ နာရီလောက်ပဲ ကြာတယ်လေ။ သရက်တုန်းကကျတော့ ကျနော်တို့က ညကားသွား၊ မနက်ရောက်။ ည ၇ နာနရီလောက်သွား၊ ဟိုကို မနက် ၄ နာရီ၊ ၅ နာရီရောက်။ နဲနဲ ကသီလင်တ နိုင်တာပေါ့ဗျာ သရက်ကတော့။ ဒီမှာ သာယာဝတီကတော့ ဒီကသွားရင် ၂ နာရီပဲ ကြာတာကို။ နဲနဲတော့ တော်သွားသေးတာပေါ့။"


မနီလာသိန်းရဲ့ ခင်ပွန်းဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ ဟာလည်း တောင်ကြီး ထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတာ ဖြစ်ပေမယ့် ကိုဂျင်မီနဲ့ ပတ်သက်လို့တော့ ဒီနေ့ထိ အပြောင်းအရွေ့ သတင်းမသိရသေးဘူလို့ အကို ဖြစ်တဲ့ ကိုမျိုးမင်းယုက ပြောပါတယ်။

တခါ SNLD ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဌ ခွန်ထွန်းဦး ကိုလည်း ဒီကနေ့ နေ့လည်က ပူတာအို လေယဉ်ကွင်းကနေ ခေါ်ဆောင်သွားပြီး သူ့ကို လက်ရှိ ပူတာအိုကနေ တောင်ငူထောင်ကို ရွေ့ပြောင်းဖို့ ဖြစ်တယ်လို့ စုံစမ်း သိရှိရတဲ့အကြောင်း SNLD ပါတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"လောလောဆယ်တော့ ဥက္ကဌ ခွန်ထွန်းဦး တယောက်ထဲကိုပဲ ရွေ့တယ်လို့ ကြားရပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်လောက်မှာ ပူတာအို လေယာဉ်ကွင်းကနေ လှမ်းမြင်လိုက်ရတဲ့ ပုဂ္ဂိုလ်က ကျနော့်ကို လှမ်း ဆက်တာပေါ့နော်။ ပူတာအိုထောင်ကနေ ခေါ်ထုတ်လာတာတော့ ဥက္ကဌ ခွန်ထွန်းဦး တယောက်ထဲဘဲ။ မနက်ကတည်းက လေယာဉ်ကွင်းကို ရောက်နေတယ်။ တစ်နာရီ ၃၅ မိနစ်လောက်မှာ လေယာဉ်ပေါ် ပါသွားတယ်။ ကြားသိရတဲ့ သတင်းအရ ဆိုရင်တော့ တောင်ငူထောင်ကို ပြောင်းပေးမယ်လို့ ပြောတယ်။

လောလောဆယ်တော့ ဒီကနေ့တော့ မြစ်ကြီးနားကိုပဲ ပို့ပြီး၊ မနက်ဖြန်ကျမှ မန္တလေးကို ဆက်ပို့မယ်။ မန္တလေးကနေ တောင်ငူကိုတော့ ဘယ်လို အခြေအနေ၊ ဘယ်လို ပုံစံနဲ့ ပို့မယ်ဆိုတာတော့ မသိရသေးပါဘူး ခင်ဗျ။"


ဒါပေမယ့် SNLD ပါတီက အတွင်းရေးမှူး စိုင်းညွန့်လွင်ကလည်း ကလေးထောင်မှာပဲ ရှိနေသေးတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

တခါ ကလေးထောင်မှာ အကျဉ်းကျနေတဲ့ အရှင် ဂမ္ဘီရနဲ့ ဂွမြို့နယ် NLD ပါတီအမတ် ဦးညီပုတို့ ၂ ဦးကိုတော့ ဒီကနေ့ ကလေးကနေ ရန်ကုန်ကိုသွားတဲ့ လေယာဉ် ခရီးသည် စာရင်းမှာ တွေ့ရတယ်လို့ ကလေးမြို့ကို ရောက်နေတဲ့ အရှင်ဂမ္ဘီရရဲ့ မိခင် ဒေါ်ရေးက ပြောပါတယ်။ အရှင်ဂမ္ဘီရနဲ့ ဦးညီပုတို့ ၂ ဦးကို ကလေးကနေ အင်းစိန်ထောင်ကို ရွေ့မယ်လို့ သိရပြီးတော့ မနက်ဖြန်မှာ အင်းစိန်ထောင်မှာ သွားပြီးတော့ စုံစမ်းမယ်လို့လည်း ပြောပါတယ်။

"သတင်း သိုးသိုး သန့်သန့် ကြားတာလေ။ ပါများ ပါနိုင်မလားဆိုပြီးမှ လေဆိပ်ကို သွားကြည့်တာ။ ခရီးသည် စာရင်းထဲမှာ ဦးညီညီလွင်နဲ့ ဦးညီပုတဲ့။ အဲဒီလို ပါတာ။ ဦးညီညီလွင်ဆိုတာက ဦးပဇင်း လူနာမည်လေ။

ဒီ လေဆိပ် ဂိတ်ပေါက်နားမှာ အကျဉ်းဦးစီးဌာနဆိုပြီး ယူနီဖောင်း ၀တ်စုံတွေ ၀တ်ထားတဲ့ ထောင်ဝါဒါတွေပါတဲ့
ပစ္စည်းတင်တဲ့ ကားလေးသွားတယ်လို့။ ဟုတ်ဘက် ပေ ၁၅၀ လောက်ဝေးတဲ့ အဲဒီ ဂိတ်ပေါက်ကမှ ဦးပဇင်းတို့ ပါမယ်ထင်တဲ့ ကားလေးတစ်စင်း ၀င်သွားတာ တွေ့တယ်။ ဦးပဇင်းကို သွားကြည့်လိုက်စမ်းပါ ဆိုပြီးမှ ရန်ကုန် လေဆိပ်ကို ခိုင်းလိုက်သေးတယ်။ ရန်ကုန်မှာလည်း အဲဒီလိုပဲတဲ့ လုံခြုံရေးအပြည့်။ တင်းတင်း ကျပ်ကျပ်ပေါ့။ အဲဒါနဲ့ အမေရယ် မတွေ့ခဲ့ရပါဘူးတဲ့။ ရောက်လောက်ပြီ။ မနက်ဖြန်ခါ မခင်သူဌေး သွားစုံစမ်းမှာ။"

အရှင် ဂမ္ဘီရရဲ့မိခင် ဒေါ်ရေး ပြောပြခဲ့တာပါ။

ဒီလိုသတင်းတွေအပြင် ကျိုင်းတုံထောင်မှာ နှစ်ရှည် အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကတော့ ဒီကနေ့ ညနေထိ ကျိုင်းတုံထောင်မှာပဲ ရှိနေပါသေးတယ်။

အထက်အရာရှိတွေရဲ့ ညွန်ကြားချက် တစုံတရာ မသိရသေးပေမယ့် ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးမှုတွေနဲ့ အကျဉ်းကျနေတဲ့ ကိုမျိုးဟန်၊ ကိုညီညီဇော်၊ မောင်သိန်းဇော်တို့ ၄ ဦးရဲ့ ဆေးမှတ်တမ်းတွေကို အထက် အရာရှိတွေဆီကို ပေးရပြီးတော့ ကိုမင်းကိုနိုင်ထောင်ထဲမှာ ဆွဲတဲ့ ပန်းချီကားတွေကိုလည်း သိမ်းဆည်း ထုတ်ပိုးတာတွေ လုပ်နေတာရှိတယ်လို့ ကျိုင်းတုံထောင် အရာရှိတဦးက VOA မြန်မာပိုင်းကို ပြောပါတယ်။

"တရားဝင် ကျနော်တို့ကို အထက်က ညွန်ကြားလာတာလဲပဲ ဒီအချိန်ထိတော့ ဘာမှ မရှိသေးဘူးပေါ့နော်။ ဒါပေမယ့် အခုရှိနေတဲ့ အကျဉ်းသား ၄ ယောက်ပေါ့၊ သီးသန့် အကျဉ်းသား ၄ ယောက်ရဲ့ ကျန်းမာရေး စစ်ဆေးထားတဲ့၊ ကျန်းမာရေး ပြန်တမ်း၊ ကျန်းမာရေး စစ်ဆေးမှု အနှစ်ချုပ်ကို ကျနော့်ဆီမှာတောင်းလို့ ကျနော် ဒီကနေ့ အဲဒါလေးတော့ လုပ်ပေးလိုက်ရပါတယ်။ နောက်ပြီးလို့ရှိရင် သူအထဲမှာနေတုန်းက ပန်းချီတွေ ဘာတွေ ဆွဲတယ်လေ။ ပန်းချီဆွဲထားတာတွေကို သူ့ရဲ့ ပန်းချီကားတွေ ဘာတွေကို အကုန်လုံး စုစည်းပြီးတော့ ကျနော်တို့ ဒီကနေ့ ပြင်ဆင်နေတာတော့ ကျနော် တွေ့မိတယ်။ လေယာဉ် ခရီးစဉ်က မနက်ဖြန် ရှိတယ် ဆိုတဲ့အခါကျတော့ တကယ်လို့ ပြောင်းမယ်ဆိုရင်တော့ မနက်ဖြန် ဖြစ်ဖို့များတာပေါ့နော်။"

ကျိုင်းတုံထောင်က အရာရှိ ပြောပြခဲ့တာပါ။

ဒါ့အပြင် အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တချို့ရဲ့ မိသားစုဝင်တွေနဲ့ ဖားအံထောင်က ဘလော့ဂါ (Blogger) ကိုနေဖုန်းလတ် မိသားစုဝင်တွေကို မေးကြည့်တဲ့အခါမှာတော့ သူတို့ဟာ လက်ရှိ သူတို့ရှိနေတဲ့ အကျဉ်းထောင်တွေ အတွင်းမှာဘဲ ရှိနေပြီးတော့ သူတို့အကြောင်းသတင်း မသိရသေးဘူးလို့ ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အကျဉ်းသားတွေကို မိသားစုနဲ့ နီးတဲ့ ထောင်တွေဆီကို ရွေ့ပြောင်း ပေးဖို့အတွက် စီစဉ်နေတယ်လို့ ဗီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံခန်းမှာ ပြောခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကလည်း ဝေးလံ ခေါင်သီလှတဲ့ နေရာတွေကနေ မြို့ပြ ထောင်တွေ ဆီကို ရွေ့ပြောင်းပေးဖို့ တောင်းဆိုတဲ့စာ ထွက်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး ထောင်အပြောင်း အရွေ့တွေ စပြီးတော့ ဖြစ်ခဲ့တာပါ။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ငြိမ်း​ချမ်း​ရေး​တရား​ပွဲ ဆက်လုပ်ခွင့်​ ပိတ်ပင်ခံရ

မန္တ​လေး​မြို့က မစိုး​ရိမ်တိုက်မှာ ငြိမ်း​ချမ်း​ရေး​ တရား​ပွဲ​တွေ ဆက်လုပ်ခွင့်​ ပိတ်ပင်လိုက်ပြီး​ တရား​ဟောတဲ့​ သံဃာ ၅ပါး​လည်း​ ​နောက်ထပ် တ​နေရာမှာ ​ပြောင်း​ရွှေ့​သီတင်း​သုံး​နေပါတယ်။

ကျောင်းပြောင်းရွှေ့နေသည့် ဆန္ဒပြသံဃာများ

ငြိမ်း​ချမ်း​ရေး​တရား​ပွဲရဲ့ ဦး​ဆောင်ကိုယ်​တော်တပါး​ဖြစ်တဲ့​ ဦး​သောပါက “​လော​လောဆယ် သူတို့​ကျောင်း​တိုက်ထဲမှာ လုပ်ရင် စာသင်စာချ သံဃာ​တော်​တွေလည်း​ ရှိ​တော့​ အဲ့​ဒီဆရာ​တော်​တွေကို အ​နှောင့်​အယှက်ဖြစ်မှာစိုး​လို့ ဒီ​နေ့တရက်​တော့​ ခွင့်​ပြုတယ်။ ပထမ သုံး​ရက် ခွင့်​ပြုတယ်။

ကျောင်း​တိုက်က ဒီမိုက​ရေစီစနစ်ကျင့်​သုံး​တော့​ အများ​ရဲ့​ဆန္ဒကိုခံယူရတာ။ အများ​ဆန္ဒက ရွတ်ကြလို့​ရှိရင် စာသင်စာချ​တွေကို ​နှောင့်​ယှက်လို့​ဆိုပြီး​ သံဃာတဦး​က ဒီ​နေ့​တရက်ပဲ ခွင့်​ပြုလိုက်တယ်။ ခွင့်​ပြုတော့​ အစက နာရီ​ပေါင်း​ ၃ နာရီ၊​ ၄ နာရီလုပ်ခွင့်​ပေး​မလို့​။ ဒီ​နေ့​တော့​ ၁ နာရီ​လောက်နဲ့​ပဲ ဖြတ်လိုက်ရတယ်။ ဒါ​ပေမယ့်​ ​ကောင်း​ပါတယ်။ ၁ နာရီလည်း​ ၁ နာရီ​လောက် အကျိုး​ရှိတယ်။ သံဃာ​တွေက အများ​ကြီး​ တိုက်​ပေါင်း​စုံက ကြွလာကြတာ။ အား​ပေး​ကြတယ်။ နှုတ်ဆက်ကြတယ်။ ဝမ်း​သာစရာကြီး​ပေါ့​။

နောက် ဆရာ​တော်​တွေက လက်မှတ်ထိုး​ပြီး​တော့​ ဦး​ဇင်း​တို့ ​တောင်း​ဆိုတဲ့​ အချက် သုံး​ချက်ကို သူတို့ကိုယ်တိုင် ပါဝင်တယ်​ပေါ့​။ ​တောင်း​ဆိုမှု​တွေကို သူတို့​ကိုယ်တိုင် သ​ဘောတူတဲ့​သ​ဘော​ပေါ့​ဗျာ။ တရား​ဝင် လမ်း​ကြောင်း​က​နေသွား​မယ်​ပေါ့​။ ဆရာ​တော်​တွေ ကိုယ်တိုင်ကကို ဒီကိစ္စကို လိုလိုလား​လား​ရှိတယ်ဆိုတဲ့​ ပုံစံနဲ့ ​သွား​မယ်​ပေါ့​” လို့ မိန့်ပါတယ်။

မ​နေ့ မနက်ပိုင်း​က မန္တ​လေး​ မဟာမြတ်မုနိဘုရား​ကြီး​ ဝင်း​က​နေ ငြိမ်း​ချမ်း​ရေး​တရား​ပွဲစခဲ့​ပြီး​ မ​နေ့ ​နေ့ခင်း​ပိုင်း​မှာ တိုင်း​သံဃာမဟာနာယက ဆရာ​တော်​တွေရဲ့​ ​မေတ္တာရပ်ခံချက်နဲ့ မစိုး​ရိမ်တိုက်ကို ​ပြောင်း​ရွှေ့​ပြီး​ အဲဒီ​ကျောင်း​တိုက်မှာ ဒီ​နေ့​ ​နေ့လယ်ပိုင်း​မှာ ​နောက်ဆုံး​ တရား​ပွဲပြုလုပ်ခဲ့​တာပါ။



နဂိုက တရား​ပွဲ​တွေကို ရက်ဆက်တိုက်ပြုလုပ်သွား​ဖို့​ စီစဉ်ထား​ပေမယ့်​ အခု ​နောက်ဆုံး​ သီတင်း​သုံး​နေတဲ့​ ရေတော်တိုက် ပိဋက ပါလ​ကျောင်း​တိုက်မှာ​တော့​ သံဃာ့​နာယကဆရာ​တော်​တွေရဲ့​ ​မေတ္တာရပ်ခံချက် အရ တရား​ပွဲ​တွေ ဆက်လုပ်ဖို့ ခွင့်​မပြုတော့​ဘူး​လို့ ​ကျောင်း​ထိုင်ဆရာ​တော်က အခုလို မိန့်ကြား​ပါတယ်။

“မန္တ​လေး​ တိုက်အုပ်က ငါနဲ့လည်း​ ရင်း​နှီး​တယ်။ ရင်း​နှီး​တော့​ သူတို့ ဆန္ဒပြတဲ့​ ကိုယ်​တော်​တွေကို မေတ္တာရပ်ခံပြီး​တော့​ ဒီပစ္စည်း​တွေကို ငါ့​ကျောင်း​လာပို့​တာ၊ ဒီကိုယ်​တော်​တွေက​တော့​ ငါနဲ့ မသိဘူး​ပေါ့​ကွာ။ ငါတ​ယောက်တည်း​ ခွင့်​ပြုလို့ မဖြစ်ဘူး​လေကွာ။ အဲဒီလို ​နောက်ထပ် ထပ်မလုပ်ပါနဲ့​လို့ တိုင်း​သံဃာ့​နာယက ဥက္ကဋ္ဌဆရာ​တော်က ​မေတ္တာရပ်ခံထား​တယ်။”

နိုင်ငံ​ရေး​ အကျဉ်း​သား​ လွတ်​မြောက်​ရေး​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​နှင့်​ လွတ်လပ်စွာ ဆန္ဒထုတ်​ဖော်ခွင့် ​ရ​ရေး​တောင်း​ဆိုတဲ့​ သံဃာ ၅ ပါး​ရဲ့ တရား​ပွဲကို ဒီ​နေ့မှာလည်း​ လူရာနဲ့​ချီပြီး​ လာ​ရောက်ခဲ့​တယ်လို့ ပရိသတ် တယောက် က ​ပြောပါတယ်။

မစိုး​ရိမ်တိုက်တွင် ငြိမ်း​ချမ်း​ရေး​တရား​ပွဲ ပြုလုပ်​နေသည့်​ သံဃာများ







source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

Tuesday, November 15, 2011

သံဃာတော်တွေဆန္ဒပြရာ လူတွေ ရာနဲ့ချီ စုဝေး (ဆက်သွယ် မေးမြန်းချက်)


ဆက်သွယ် မေးမြန်းချက် နားဆင်ရန်


မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့ဘက်မုဒ်ဦးမှာရှိတဲ့ မဟာဗုဒ္ဓဝင် ပြတိုက်ကြီး အပေါ်ထပ်မှာ ဒီကနေ့ သံဃာ ၅ ပါး ဆန္ဒပြခဲ့ကြရာမှာ ရာဂဏန်းရှိတဲ့သူတွေ လာရောက် စုဝေးခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို သံဃာ့မဟာနာယက ဆရာတော်ကြီးတွေက ရပ်ဖို့ နားချညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး အခုတော့ ဆန္ဒပြကိုယ်တော်တွေကို မစိုးရိမ်တိုက်ဟောင်းကို ခေါ်သွားတယ်လို့ သိရပါတယ်။

ဆန္ဒပြသံဃာတွေကတော့ သူတို့ တောင်းဆိုမှုတွေ မရမချင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသွားမယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။ ဆန္ဒပြသံဃာတော်တပါးကို ဘန်ကောက်ရုံးကနေ ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က အပြည့်အစုံ ဆက်ပြောပြပါမယ်။

“ငြိမ်းချမ်းရေးလုပ်နေတဲ့သူတွေအားလုံးဟာ အကြမ်းဖက်တဲ့ဝါဒ၊ တယောက်နဲ့ တယောက် ညှင်းပန်းနှိပ်စက်တဲ့ ၀ါဒ၊ တယောက်နဲ့တယောက်မနာလို ၀န်တိုတဲ့ဝါဒ၊ တယောက်ကိုတယောက် အနှောင့်အယှက်ဖြစ်စေတဲ့ဝါဒ အဲဒီဝါဒတွေကို လုံးဝ မကျင့်သုံးကြဖို့……”

မန္တလေးမြို့ကျောင်းတိုက်တွေမှာ သီတင်းသုံးနေကြတဲ့ သံဃာ ၅ ပါးက ဒီကနေ့ အင်္ဂါနေ့ မနက် ၅ နာရီခွဲလောက်ထဲကစပြီးတော့ မဟာဗုဒ္ဓဝင် ပြတိုက်ကြီးရဲ့ အပေါ်ထပ်မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးစတဲ့ တောင်းဆိုမှုတွေကို အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ ပိတ်စတွေပေါ်မှာ ရေးသားပြီး ဝရန်တာမှာ ချိတ်ဆွဲထားခဲ့ကြပါတယ်။

အခုနောက်ဆုံး သိရတာကတော့ ဆန္ဒပြသံဃာတော်တွေကို တိုင်းသံဃာ့ မဟာနာယက ဆရာတော်ကြီးတွေ လာရောက် နားချခဲ့ပါတယ်။ အဲဒီနောက်မှာ သိပ်မကြာခင်ပဲ မစိုးရိမ် တိုက်ဟောင်းကို ခေါ်သွားတယ်လို့ လူအုပ်ထဲမှာရှိတဲ့သူ တယောက်က VOA မြန်မာပိုင်းကို ခုလို ပြောပါတယ်။

“ကျနော်လည်း အခု ကျောင်းဝန်းထဲမှာ ရှိနေပါတယ်။ ကိုယ်တော်တွေကို ဗိမာန်ကနေ ခေါ်လာပြီးတော့ မစိုးရိမ်ကျောင်းတိုက်မှာ လွတ်လွတ် လပ်လပ် ဟောပြောလို့ ရပါတယ် ဆိုပြီးတော့ ခေါ်လာတယ်။ ခေါ်လာပြီးတော့ နာယုပဒေသ ကျောင်းတိုက်မှာ ခဏထားတယ်။ ပြီးတော့ ဆရာတော်ကြီးရှိတဲ့ မဟာပဌာန နာယုပဒေသဗိမာန်ဆီ ဆရာတော်တွေကို ခေါ်သွားတယ်။

အနေအထားကတော့သံဃာတော်တွေရော ပြည်သူတွေရော ကျောင်းဝန်းထဲမှာ ပြည့်နေတယ်။ ဟောပြောဖို့ အနေအထားတွေကတော့ နည်းနည်းတော့ ခက်ခဲသွားတာပေါ့။ ရှေ့ဆက်ပြီး ဘယ်လို သွားမလဲ ဆိုတာကိုတော့ ကွဲကွဲပြားပြား ဘာမှလည်း မသိရသေးဘူး။ ဘာအဖြေများ ထွက်လာမလဲ ဆိုပြီး စောင့်နေကြတာပဲ”

လက်ရှိနောက်ဆုံးဖြစ်နေတဲ့ အခြေအနေကို လူအုပ်ထဲမှာရှိတဲ့ သူတယောက် ပြောပြတာဖြစ်ပါတယ်။ အစောပိုင်းကတော့ ဆန္ဒပြနေကြတဲ့ သံဃာ​တွေထဲက တပါးဖြစ်တဲ့ ဆရာတော် ဦးသောပါကနဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ ဆရာတော်က သူတို့ ဘာကြောင့် ဆန္ဒပြရတယ်ဆိုတာကို VOA မြန်မာပိုင်းကို ခုလို မိန့်ပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ဦးဇင်းတို့ ၃ ချက်ရှိတယ်။ နံပါတ် ၁ က နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့၊ နံပါတ် ၂ က ပြည်တွင်းစစ် ရပ်စဲဖို့၊ နံပါတ် ၃ က လွတ်လပ်စွာ ဟောပြောခွင့်နဲ့ လွတ်လပ်စွာရေးသားခွင့် စသည်အားဖြင့် အဲဒီလွတ်လပ်ခွင့်တွေရဖို့အတွက် ရည်ရွယ်ချက် ၃ ချက်နဲ့ ဒီကနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို လှုပ်ရှားဖြစ်တာပါ။

သံဃာတွေကိုရော နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုရော အမြန်ဆုံး လွတ်မြောက်လိမ့်မယ်လို့ ဦးဇင်းတို့က အစောကြီးက တွက်ထားတာ။

ဒါပေမဲ့ ဦးဇင်းတို့ ထင်ထားသလို၊ တွက်ထားသလို မဖြစ်လာတဲ့အခါကျတော့ ငါတို့ရဲ့ ညီတော်၊ နောင်တော်၊ သံဃာတော်တွေရော၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ စသည်အားဖြင့် အားလုံးလွတ်မြောက်ဖို့တော့ ငါတို့ လုပ်ဖို့ အချိန်တန်ပြီ- ဆိုပြီးတော့ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ဦးဇင်းတို့ သံဃာတွေကနေပြီးတော့ လုပ်လိုက်တာပါ။

ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှသာလျှင် ဦးဇင်းတို့ တိုင်းပြည်ဟာ စီးပွားရေးရော၊ ဘာရော ဘက်ပေါင်းစုံကတိုးတက်လာမှာကိုး။ အဲဒါကြောင့် သူတို့လွတ်ရင်တော့ တိုင်းပြည်က အများကြီး တိုးတက်လာစရာ အကြောင်းရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးဇင်းတို့လုပ်တာ။

နောက်တချက်ကတော့ ပြည်တွင်းစစ်ပေါ့။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်စေချင်တာပေါ့။ အဲဒါကြောင့်မို့လို့ ဦးဇင်းတို့က Peace movement ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ပြည်တွင်းစစ် ရပ်စဲရေး ဆိုတဲ့ ပုံစံမျိုးနဲ့ ဦးဇင်းတို့က လုပ်ထားတာပါ။

ဒီနေ့ဆိုလို့ရှိရင် အားပေးတဲ့ ပရိတ်သတ်က အများကြီးပဲ။ လေးငါးရာလောက် အောက်မှာ ရှိတယ်။ အင်မတန် ၀မ်းသာစရာကောင်းပါတယ်”

“အရှင်ဘုရားတို့ အခုလိုမျိုး လုပ်တဲ့အခါမှာ အရှင်ဘုရားတို့အတွက် အန္တရာယ်ရှိနိုင်တယ် ဆိုတာကိုရော ထည့်တွက်မိပါရဲ့လားဘုရား ”

“တွက်တာပေါ့။ ဒီအန္တရာယ်ဟာ ဘယ်လောက်ထိ ရှိလဲဆိုရင် အင်းစိန်အထိတောင် သွားရနိုင်တယ်ဆိုတဲ့ဟာက တွက်ထားပြီးသားပါ”

ဆန္ဒပြသံဃာတော် ဆရာတော် ဦးသောပါက အစောပိုင်းက မိန့်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ကို ထပ်ပြီး ဆက်သွယ်လို့ မရသေးတဲ့အတွက် သူတို့ ဘယ်လို ညှိနှိုင်း အဖြေရသလဲ ဆိုတာကိုတော့ ပြောဖို့ လောလောဆယ် ခက်နေပါတယ်။

မန္တလေးမြို့မှာ လူသိများထင်ရှားတဲ့ မဟာမြတ်မုနိ ဘုရားကြီး အရှေ့ဘက်က မဟာဗုဒ္ဓဝင် နိဗ္ဗာန်တော် အဆောက်အဦးမှာ သံဃာတော် ၅ ပါး ဆန္ဒပြကြတယ် ဆိုတဲ့သတင်းကြောင့် လာပြီး စုဝေး ရောက်လာကြတဲ့ ပရိတ်သတ်ကလည်း ပထမ ဆန္ဒပြကြတဲ့ နေရာကနေပြီးတော့ အခု မစိုးရိမ်တိုက်ဟောင်းအထိကို လိုက်လာခဲ့ကြတာပါ။

အဲဒီထဲမှာ အမရပူရကနေတောင် လာခဲ့တယ်ဆိုတဲ့ သံဃာတပါးက ဘာကြောင့် လာတယ်ဆိုတာကို ခုလို မိန့်ပါတယ်။

“သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အ၀ထောက်ခံတဲ့အတွက် ဒီထိအောင် လိုက်လာခဲ့တာပါ။ ဦးဇင်းက အမရပူရကနေ ဒီကို လာရတာလေ။ သတင်းကြားတာနဲ့ ဒီကိုလာ၊ လာတဲ့အချိန်မှာကျမနက်အစောကြီးရောက်ပြီးတော့ တောက်လျှောက်ပဲ ထောက်ခံခဲ့တယ်။

နောက်ပြီး ရေတွေ ဘာတွေ၊ လိုအပ်တဲ့ ဆွမ်း၊ ကွမ်း တွေ ဖြည့်ဆည်းပေးနိုင်တာ ဖြည့်ဆည်းပေး ပေါ့နော်။ ဒီဘက်ရွှေ့တဲ့အခါမှာလည်း အထက်နဲ့​အောက် ညှိနှိုင်းစရာတွေ ညှိနှိုင်းပြီးမှ ဦးဇင်းကိုယ်တိုင် ပရိတ်သတ်တွေနဲ့အတူတူ လာပြီးတော့ ၀ိုင်းရံတယ်ပေါ့နော်၊ ထောက်ခံတယ်။ အားပေးတယ်ပေါ့”

လက်ရှိမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်နေကြတဲ့ လူအုပ်ကြီးက မစိုးရိမ် တိုက်ဟောင်း ရှေ့မှာ စောင့်နေကြပါတယ်။

အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေအရကတော့ ဒီဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားပြီ ဖြစ်ပြီးတော့ အခုချိန်ထိတော့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သံဃာတွေ တစုံတရာ အရေးယူခံရတာမျိုးတွေ မကြားရသေးပါဘူးရှင်။


source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ဆန္ဒပြသံဃာများ​ မစိုး​ရိမ်တိုက်​ဟောင်း​ကို ​ရွှေ့​ပြောင်း



အခုည​နေ ​နောက်ဆုံး​ထပ်ရတဲ့​ သတင်း​အရ ဆန္ဒပြ​နေတဲ့​ သံဃာ​တော်​တွေဟာ မဟာမြတ်မုနိဘုရား​ကြီး​ဝင်း​က​နေ မစိုး​ရိမ်တိုက်​ဟောင်း​ကို ဒီည​နေ ၄ နာရီ​လောက်မှာ ​ရွှေ့သွား​ကြပြီ ဖြစ်ပါတယ်။

မစိုး​ရိမ်ဆရာ​တော်ရဲ့ ​မေတ္တာရပ်ခံချက်အရ ​ရွှေ့သွား​တာလို့ ဆန္ဒပြ သံဃာ​တော်​တွေကို အား​ပေး​တဲ့​ ပရိသတ်ထဲက တ​ယောက်က ​ပြောပါတယ်။

သံဃာ​တော်​တွေက ပရိသတ်ကို ​ရွှေ့​ရတဲ့​အ​ကြောင်း​ ရှင်း​ပြသွား​ပါတယ်။ “မစိုး​ရိမ်တိုက် ​ရောက်ရင် ကြိုက်သ​လောက် ​ဟော​ပြောပါ၊​ အခု​နေရာက မသင့်​တော်ဘူး​”လို့​ ဆရာ​တော်က ​မေတ္တာရပ်ခံတာ​ကြောင့်​လို့​ ဆိုပါတယ်။

ဆန္ဒပြသံဃာ​တော်​တွေကို အား​ပေး​တဲ့​ ပရိသတ်က မနက်ကထက် ပိုများ​လာပြီး​ ​ထောင်ချီရှိတယ်လို့​ ခန့်​မှန်း​တယ်လို့​လည်း​ မန္တ​လေး​ဒေသခံက ​ပြောပါတယ်။

သံဃာ​တော်​တွေ မစိုး​ရိမ်တိုက်ဘက်ကို ကား​နဲ့​ပြောင်း​ရွှေ့တဲ့​အခါ ပရိသတ်က လည်း​ လိုက်သွား​ကြပါတယ်။

ဒီည​နေ ၃ နာရီမှာ လာမယ်ဆိုတဲ့​ တိုင်း​ဝန်ကြီး​ချုပ် ​ရောက်လာတယ်လို့​တော့​ မကြား​ရ​သေး​ပါဘူး​။


source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

ဆန္ဒပြမှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ရဟန်းများ မိန့်ကြား

ချင်းမိုင် (မဇ္ဈိမ) | နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးအတွက် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြတ်မုနိ ဘုရားကြီးဝင်းအတွင်း ဆန္ဒပြနေသော ရဟန်းများက ဆန္ဒပြမှု ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိန့်ကြားသည်။

"ဦးဇင်းတို့ကို ဒီည မစိုးရိမ် တိုက်ဟောင်းမှာလာပြီး ဟောပြောပွဲ လုပ်ဖို့အတွက် ဆရာတော်ကြီးက ဖိတ်ခေါ်နေ တယ်။ အာဏာပိုင်တွေကနေ ဦးဇင်းတို့ကို ဒီမှာမလုပ်ဖို့ ပြောတာပေါ့ဗျာ။ ဦးဇင်းတို့က အဲဒါကို လက်မခံသေးဘူး။ ဦးဇင်းတို့က ဒီည ဒီမှာပဲ ဆက်လုပ်မယ်လို့ ပြောထားတယ်။"ဟု ဆန္ဒပြရာတွင် ပါဝင်သော ဦးဇင်းတပါးက မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် မိန့်ကြားသည်။

သပိတ်စခန်းအဖြစ် ဖွင့်လှစ်ထားသော အဆောက်အဦးအတွင်း ဦးသောပါက၊ ဦးမာဃ၊ ဦးစန္ဒိမာ၊ ဦးဘိန္ဓောလ၊ ဦးဇောတိပါလတို့ ရှိနေသည်ဟု ဆိုသည်။

အင်္ဂါနေ့နံနက် ၅ နာရီခန့်က စတင်၍ ဘုရားကြီးဝင်းအတွင်းရှိ မဟာဗုဒ္ဓဝင် ဗိမာန်တော် အပြင်ဘက်နံရံတွင် “နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်” “ပြည်တွင်းစစ် ချက်ချင်းရပ်” “လွတ်လပ်မှုကို ပေးပါ” ဆိုသော စာတမ်း များ ချိတ်ဆွဲကာ ဗိမာန်တော်အတွင်း ဝင်ရောက် သီတင်းသုံး ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ဆန္ဒပြမှု အဆုံးသတ်ရေးအတွက် မန္တလေးတိုင်း သံဃာ့နာယက ဆရာတော်များဖြစ်သည့် မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ဦးရာဇဓမ္မာဘိဝံသနှင့် ရွှေကိန္နရီကျောင်းမှ ဆရာတော်တို့က သုံးကြိမ်မြောက် ကြွရောက်ဆွေးနွေးပြီး ဖြစ်သော်လည်း သဘောတူညီချက် မရသေးဟု သိရသည်။

ဆန္ဒပြသံဃာတော်တို့က ရန်ကုန်ရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှတဆင့် စကားပြောလိုသည်ဟု တောင်းခံထားသော်လည်း ဒေသစံတော်ချိန် ညနေ နှစ်နာရီကျော် အထိ အဆက်သွယ် မရှိသေးကြောင်းလည်း ဆန္ဒပြကိုယ်တော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။

“ ဦးဇင်းတို့က ဖုံးနံပတ်ပေးထားတယ်။ (မွန်းလွဲ) ၁ နာရီ ၁၅ မိနစ်မှာခေါ်မယ်လို့လည်း ပြောတယ်။ ခုချိန်ထိလည်း မခေါ်သေးဘူး။ ဦးဇင်းတို့လည်း ဆွေးနွေးပွဲ လုပ်နေတယ် မပြီးသေးဘူး။” ဟု အဆိုပါ ရဟန်းက မိန့်သည်။

ဆန္ဒပြပွဲ သို့ သွားရောက်ကြည့်ရှု့သူ တဦးက မဇ္ဈိမသို့ တယ်လီဖုန်းမှတဆင့် ပြောကြားရာတွင် “သူတို့လုပ်နေတာက မဟာဗုဒ္ဓဝင် စင်္ကြန်ပေါ်မှာ၊ အဲဒီဝရန်တာကို သော့ခတ်ပြီးတော့ သူတို့ယူထားလိုက်တယ်။ အဲဒီနေရာက အကျယ် ငါးပေပေါ့။ အရှည်ကတော့ ပေ ၃၀ လောက်ရှိမယ် အဲဒီမှာနေ နေတာ။ ဘုရားကြီးရဲ့ အရှေ့မြောက်ထောင့် မဟာဗုဒ္ဓဝင် ပြခန်း မှာရှိတယ်။ သူတို့သုံးတာက အသံချဲ့စက်ရယ်၊ Sound Box ရယ် မီးစက်လေးလည်း ပါတယ်ဗျ။” ဟု ဆိုသည်။

“လုံခြုံရေး အခြေအနေကတော့ ခုချိန်ထိ အေးဆေးပဲ၊ ခုချိန်ထိ ဘာမှ မတွေ့ရသေးဘူး။ လာကြည့်တဲ့လူတွေ ကတော့ ၅၀၀ တော့ ကျော်မယ်ဗျ၊ အားလုံး စိတ်ဝင်တစားနဲ့ ကြည့်နေကြတယ်။ ကျနော်တို့ကိုလည်း ညှိလို့ရပြီ ဆိုပြီးတော့ ပြန်လွှတ်နေတယ်။ ဒါပေမယ့် ဘာကို ညှိလို့ရတယ်ဆိုတာ ကျနော်တို့ မသိရဘူး။” ဟု အဆိုပါ ဆန္ဒပြပွဲသို့ သွားကြည့် သူက ပြောသည်။

မန္တလေးရှိ သံဃာတော်များ အဆိုအရ ဦးသောပါကမှာ ဂျာမဏီနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ဖြင့် သီတင်းသုံးခဲ့သော ရဟန်းတပါးဖြစ်ပြီး ၂၀၀၇ ခုနှစ် မတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ နယ်စပ်မြို့ မဲဆောက်အထိ လမ်းလျှောက် ဆန္ဒပြခဲ့သူ ဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း အစာငတ်ခံ ဆန္ဒပြရာ ထိုင်းရဲများက တားဆီးခြင်း ခံရဖူးသည်။

သမ္မတ ဦးသိန်းစိန်က မေလအတွင်း ထောင်ဒဏ် လျှော့ပေးရာတွင် သုံးပါး၊ အောက်တိုဘာလ လွတ်ငြိမ်းချမ်းသာ ခွင့်တွင် ၂၉ ပါး လွတ်မြောက်လာသော်လည်း မြန်မာနိုင်ငံအနှံ့ ထောင်များတွင် သံဃာတော် ၁၇၆ ပါး ဆက်လျက် အကျဉ်းကျနေသေးသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောသည်။


source by :
http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

မန္တလေးသံဃာတော်များ သပိတ်မှောက် (ရုပ်/သံ)




source by : http://www.youtube.com/user/MrKhunone

အပြည့်အစုံ ဖတ်ရန် ...