Saturday, September 19, 2009

အကျဉ်းထောင်အသီးသီးက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ အား RFA မှ ဆက်သွယ်မေးမြန်းချက်

အကျဉ်းထောင်အသီးသီးက လွတ်လာတဲ့
နိုင်ငံရေးအကျဉ်းသားအချို့ အား RFA မှ ဆက်သွယ်မေးမြန်းချက်


2009-09-19 (RFA)


မနေ့က အကျဉ်းထောင်အသီးသီးက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။


စစ်အစိုးရက စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကျဉ်းသားအချို့ကို
လွှတ်ပေးသည့်အတွက် အင်းစိန်ထောင်ရှေ့မှာ မိသားစု ဆွေမျိုးများ
လာရောက် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။(Photo: AFP)


သာယာဝတီအကျဉ်းထောင်ကနေ လွတ်လာတဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၂ဝ-၁၉၉၈) စာအုပ် ပြုစုရေးသားခဲ့သူ ဒုတိယအကြိမ် ထောင်ဒဏ် ၁၇ နှစ် ကျခံခဲ့ရတဲ့ ကိုအောင်ထွန်း၊ ကသာအကျဉ်းထောင်ကနေ လွတ်လာတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့က အန်အယ်ဒီ အဖွဲ့ဝင် ဦးဌေးနိုင်လင်းနဲ့ ဦးချမ်းအောင်၊ သရက်ထောင်က လွတ်လာတဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအတွင်းရေးမှူး ဦးမြင့်ဦး၊ ကလေးအကျဉ်းထောင်က လွတ်လာတဲ့ ကိုမိုက်ကယ်ဝင်းကျော်၊ မန္တလေးထောင်က လွတ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုအောင်နိုင် ခေါ် ဘကြီးအောင်နဲ့ ကိုမြင့်ဦး၊ ကော့သောင်းအကျဉ်းထောင်က လွတ်လာတဲ့ ကျောင်းသား ကိုထွန်းမင်းအောင်တို့ကို RFA အဖွဲ့သူ အဖွဲ့သားတွေဖြစ်တဲ့ မအင်ကြင်းနိုင်၊ ကိုကျော်ကျော်အောင်၊ ကိုနေလင်း၊ ကိုရဲထက်နဲ့ ကိုအောင်မိုးမြင့်တို့က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အသံဖိုင် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းနိုင်၊ ရဲချုပ် ခင်ရီနဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့၏ အရှုပ်တော်ပုံ

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးဝင်းနိုင်၊ ရဲချုပ် ခင်ရီနဲ့
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့၏ အရှုပ်တော်ပုံ

19/09/2009

ယခုလပိုင်းအတွင်း၊ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့(စစစ)မှ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၏ဇနီး၊ “ဒေါ်မွှေးမွှေး” ကို ခေါ်ယူစစ် ဆေးခဲ့ပါတယ်။ ဒေါ်မွှေးမွှေးဟာရန်ကုန်မြို့တွင်း နေရာ(၅)နေရာမှာ၊ အလှပြင်ဆိုင် အမည်ခံ၍ ဝန်ထမ်းအမျိုးသမီးငယ် လေးများစွာဖြင့် အနှိပ်ခန်းများဖွင့်လှစ်ခါ၊ စီးပွားရေးလမ်းဖြောင့်ဖြူးနေသူတဦးပါ။အဆိုပါ အနှိပ်ခန်းများမှ၊ အမျိုးသမီးငယ်အချို့မှာ၊ အနှိပ်လုပ်ငန်းအပြင်၊ အခကြေးငွေယူပြီး၊ ကာမ အပျော်မယ်များအ ဖြစ်၊ အသုံးတော်ခံ နေကြရပါတယ်။ ဧည့်သည် အဝင်နည်းတဲ့ ရက်များမှာတော့၊ ဒေါ်မွှေးမွှေးက ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများမှ၊ မြို့နယ်မှူး၊ စခန်းမှူးနဲ့ ရဲအရာရှိတို့၏ ဇနီးများကို၊ ဖုန်းဆက်ခေါ် အလှပြင်ခိုင်းလေ့ရှိပါတယ်။

ဆံပင်ညှပ်၊ ပေါင်းတင်၊ မျက်နှာချေးချွတ်စသဖြင့်၊ ဖိအားပေး လုပ်ဆောင်စေပါတယ်။ အထက်အရာရှိရဲ့ ဇနီးကို ကြောက်ရတဲ့အတွက်၊ အမြဲသွားရောက် အားပေးနေရတာကြောင့်၊ ငွေကြေး ထိခိုက်စေတဲ့အပြင်၊ ကျန်းမာရေးလည်း ထိခိုက်နေကြရပါတယ်။ သူတို့အချင်းချင်း တွေ့ဆုံပါက၊ အအေးမိကုန်ပြီ၊ H1N1 ဖြစ်တော့မယ် ထင်တယ်… စသဖြင့် နောက်ပြောင် ပြောဆိုလေ့ ရှိကြပါတယ်။

အဲဒီလိုဖြစ်စဉ်တွေကို မခံနိုင်တဲ့အဆုံး၊ အထက်အာဏာပိုင်တွေဆီ၊ တိုင်ကြားမှုဖြစ်ပွားရာက၊ အခုလို ဒေါ်မွှေးမွှေးကို၊ (စစစ)မှ ခေါ်ယူစစ်ဆေးခဲ့တာပါ။ အလားတူ အနှိပ်သမ အမျိုးသမီးငယ်အချို့ကိုလည်း၊ (စစစ)မှ ခေါ်ယူ စစ်ဆေးခဲ့ပါ တယ်။

အဲဒီလို စစ်ဆေးစဉ် ကာလအတွင်း၊ အဆိုပါ အမျိုးသမီးငယ်များကို၊ (စစစ)မှ၊ ညှင်းပန်းနှိပ်စက်ပြီး၊ မတရားဖြောင့်ချက်ရ ယူခဲ့ပါတယ်ဆိုခါ၊ သက်ဆိုင်ရာ ရဲစခန်းမှာ၊ နာကျင်စေမှုဖြင့်၊ အမှုဖွင့် တိုင်ကြားခဲ့ကြပါတယ်။ (ခင်ပွန်းဖြစ်သူ ရဲမှူးကြီး ဝင်းနိုင်၏ အရှိန်အဝါကို အသုံးပြုပြီး၊ ဇနီးဒေါ်မွှေးမွှေးမှ အကြံပေးခဲ့တာလို့ပြောပါတယ်)

ဒီဖြစ်စဉ်ကို၊ ပြည်ထဲရေး ဝန်ကြီးဗိုလ်ချုပ်မောင်ဦး သိရှိသွားခါ၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့အား၊ ချက်ခြင်းဖမ်း ချုပ်ရန်၊ ရဲချုပ်ခင်ရီအား အမိန့်ပေးခဲ့ပါတယ်။ ရဲချုပ်ခင်ရီမှ ရဲမှူးကြီးဝင်းနိုင်အား၊ နေပြည်တော်သို့ ခေါ်ယူအမှုစစ်ဆေးခဲ့ ပြီး၊ ဇနီးဒေါ်မွှေးမွှေးအား ရန်ကုန်မှာ ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ပါတယ်။

ဒါပေမဲ့လွန်ခဲ့တဲ့၊ ၄ရက်ခန့်က၊ ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဒေါ်မွှေးမွှေးတို့၊ ဖမ်းဆီးချုပ်နှောင်ထားရာမှ၊ အသီးသီးထွက်ပြေး လွှတ်မြောက်သွားကြပါတယ်။ ဒီလို ထူးဆန်းစွာ ထွက်ပြေး လွှတ်မြောက်သွားရတာဟာ၊ ရဲချုပ်ခင်ရီရဲ့ စီစဉ်ပေးမှု မပါဘဲ မဖြစ်နိုင်ဘူးလို့၊ အတွင်းသိ ရဲအရာရှိများမှ သုံးသပ်ပြောဆိုနေကြပါတယ်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီရဲ့၊ အကျင့်ဖောက်ပြန်မှု၊ အလွဲသုံးစားမှု၊ နိုင်ငံတော်အကြီး အကဲများအား၊ နောက်ကွယ် မှာပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုထားမှုတွေကို၊ ရဲမှူးကြီးဝင်းနိုင်မှ ဖေါ်ထုတ်ထွက်ဆိုမည်ကို၊ စိုးရိမ်တာကြောင့်၊ ရဲချုပ်ကိုယ်တိုင် ထွက်ပြေးခိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ယခုကိစ္စနှင့်ပါတ်သက်ပြီး၊ ဝန်ကြီးဗိုလ်ချုပ်မောင်ဦးမှ၊ ၎င်းအားအပြစ် ပုံချအရေးယူပါက၊ ရဲချုပ် ခင်ရီအနေဖြင့်၊ ဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ အတွင်းရေးများ၊ လဘ်စားမှုများ၊ ဖေါက်ပြန်မှုများကို၊ အထောက်အထား ခိုင်လုံစွာဖြင့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ၊ တင်ပြတိုင်ကြားမယ်လို့ ၎င်းနှင့် နီးစပ်သူများထံမှ ကြားသိရပါတယ်။

နိုင်ငံတော်ရဲ့ မှုခင်းကြဆင်းရေးကို၊ အဓိက တာဝန်ယူထားကြသူတွေ ကိုယ်တိုင်၊ ၎င်းတို့အချင်းချင်း၊ မာဖီးယားဂိုဏ်း ခေါင်းဆောင်များသဖွယ်၊ ပြုမူကျင့်ကြံနေကြပြီး၊ အာဏာ အလွဲသုံးစား ပြုလုပ်နေကြတာတွေကို၊ ကြည့်ခြင်းအားဖြင့်၊ သာမာန် ပြည်သူပြည်သားများအပေါ်၊ ဘယ့်လောက် ကောက်ကျစ် ယုတ်မာနိုင်မလဲဆိုတာ၊ ပြည်သူပြည်သားတွေသိရှိ ကြမှာပါ။ ဒီမိုကရေစီ ဘက်တော်သားတွေ အတွက်တော့၊ အထူးပြောဘို့ မလိုတော့ပါ။ တကမ္ဘာလုံးက သိရှိနေပြီးသားပါ။

ယခုကဲ့သို့ အာဏာအလွဲသုံးစားပြုပြီး၊ အမှန်တကယ် အရေးယူရမဲ့ကိစ္စများကို၊ မသိချင်ယောင် ဆောင်၍နေပါက၊ နောင် တချိန်မှာ ဖြစ်ပေါ်လာမဲ့တာဝန်ဟာ၊ နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တာဝန်သာဖြစ်တယ်လို့၊ ပြည်ထဲရေးဝန်ကြီးဌာနမှ၊ အရာရှိကြီးများက ဝေဖန်ပြောဆိုလျှက်ရှိနေပါတယ်။

လေးစားစွာဖြင့်၊
သူရဲကောင်း။

မှတ်ချက် ။ ။ http://www.ko-htike.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၈၇ ဦး လွတ်ဟု AAPP ပြော

နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၈၇ ဦး လွတ်ဟု AAPP ပြော

Saturday, 19 September 2009 19:13 ကိုစိုး

စစ်အစိုးရက ယမန်နေ့မှ စတင်၍ အကျဉ်းသား ၇၁၁၄ ဦးကို လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၈၇ ဦး ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP)က ယနေ့ ထုတ်ပြန်သည်။

၎င်း ၈၇ ဦး ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အဖွဲ့ဝင် ၃၆ ဦး၊ လွှတ်တော်အမတ် ၃ ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ၆ ဦး၊ သတင်းထောက် ၄ ဦး၊ ရှေ့နေ ၁ ဦး၊ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၁ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် သံဃာ ၄ ပါး ပါဝင်သည်ဟု AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ယခုပြန်လွှတ်ပေးခြင်းသည် စစ်မှန်သည့် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းမဟုတ်၊ လက်ရှိ ကျင်းပနေသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံတကာဖိအား လျော့ကျစေရန်ဖြစ်ကြောင်း ပြောဆိုသည်။

အကျဉ်းသားများလွှတ်မည်ဆို၍ မိသားစုဝင်များက အင်းစိန်ထောင် ဂိတ် အဝင်ဝမှ
စောင့်မျှော်နေကြ (ဓာတ်ပုံ - ဧရာဝတီ)

“အဓိကကတော့ အခု ကုလသမဂ္ဂ အထွေထွေညီလာခံ စပြီ၊ လုံခြုံရေးကောင်စီမှာ မြန်မာပြည် အကြောင်း ဆွေးနွေးမယ်၊ စစ်အစိုးရကလည်း လွှတ်ပေးမယ်လို့ ကတိပေးထားတဲ့အတွက် အလွှတ်ပြတာပဲ၊ နိုင်ငံတကာ ဖိအားတွေ လျော့ကျအောင်လုပ်တဲ့ ကိစ္စ၊ လုပ်ရိုးလုပ်စဉ်ပဲ၊ စစ်မှန်တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပုံမျိုး မဟုတ်သေးဘူး၊ အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့လို အဓိက ကျတဲ့လူတွေမပါသေးဘူး၊ အဲဒီ အဓိကကျတဲ့လူတွေပါမှ အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးတည်ပြီး လွှတ်တာလို့ ပြောနိုင်မယ်”ဟု ဦးဘိုကြည်က ဆိုသည်။

လွန်ခဲ့သည့် ဇူလိုင်လတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ စစ်အစိုးရ သံအမတ်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင် နိုင်ရေး အတွက်လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ပြောကြားထားသည်။

လက်ရှိကျင်းပနေသော ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တက်ရောက်ရန်ရှိကြောင်း သိရသည်။

ယနေ့အထိ ပြန်လွတ်သူများတွင် ထင်ရှားသူများအနေနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ် ခံထားရသော NLD လွှတ်တော်အမတ် ဦးနိုင်းနိုင်း၊ NLD အဖွဲ့ဝင် ကဗျာဆရာ မုံရွာအောင်ရှင် (ခ) ဦးအေးကြူ၊ စာနယ်ဇင်းသမား များဖြစ်သည့် မြန်မာနေးရှင်း အယ်ဒီတာချုပ် ဦးသက်ဇင်၊ အီကိုဗီးရှင်း ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦး၊ သတင်း ထောက် ကိုကျော်ကျော်သန့်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့မှ အရှင်စန္ဒောဘာသ စသည်တို့သာ ပါဝင်သေးသည်။

ယမန်နေ့ကပြန်လွတ်လာသော မြန်မာနေးရှင်း အယ်ဒီတာချုပ် ဦးသက်ဇင်သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်အာဏာပိုင်များက အစိုးရဆန့်ကျင်သည့် ကဗျာစာမူများနှင့် ဗီစီဒီ တွေ့ရှိမှုဖြင့် ၂၀၀၈ ခု နိုဝင်ဘာလအတွင်းက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီး ကလေးမြို့အကျဉ်းထောင်သို့ ပို့ဆောင် ခံထားရခြင်းဖြစ်သည်။၎င်းသည် ယခု အပြန်လမ်းခုလတ်တွင်ပင် ရှိသေးကြောင်းသိရသည်။

ဦးသက်ဇင်၏မိသားစုဝင် တဦးက“သူအခုလို ပြန်လွတ်လာတယ်လို့ ကြားရတော့ ကျမတို့ အများကြီးဝမ်းသာ ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ဦးသက်ဇင်တွင် သားတယောက်၊ သမီးတယောက် ရှိသည်ဟု ဆိုသည်။

မန္တလေးမြို့ အကျဉ်းထောင်မှ ပြန်လွတ်လာသည့် တခြားသော နိုင်ငံရေး အကျဉ်းသား ကိုမိုးကျော်သူ ခေါ် ဘိုဘို၏ မိသားစုဝင် တဦးကလည်း“သူပြန်လွတ်ပြီလို့ ကြားလိုက်တဲ့ အချိန်မှာ ဝမ်းသာလို့ တအိမ်လုံး ဆူညံ နေတာပဲ၊ သူ့သားလေးကဆို အဖေလွတ်ပြီဆိုလို့ အရမ်းဝမ်းသာနေတာ”ဟု ပြောပြသည်။

၎င်း ကိုမိုးကျော်သူသည် ထောင်ဒဏ် အနှစ် ၂၀ ချခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ယခု နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ခြင်းနှင့် ပတ်သက်ပြီး NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ယခင်အကြိမ် များကဲ့သို့ လိုအပ်သည့် အချိန်တွင် နှစ်သိမ့်မှုပေးသည့် အနေဖြင့် လွှတ်ခြင်းဖြစ်ပြီး တိုင်းပြည်၏ နိုင်ငံရေး ပြဿနာ ပြေလည်စေရန် မဟုတ်ဟု ပြောဆိုသည်။

“ဘာပဲဖြစ်ဖြစ် လွှတ်တာတော့ ကောင်းပါတယ်၊ နိုင်ငံရေး အကျဉ်းသားတွေက အများကြီးကျန်သေးတာပဲ၊ အမျိုးသားရင်ကြားစေ့ရေးအတွက် လိုအပ်တဲ့ခေါင်းဆောင်တွေအများကြီးကျန်သေးတယ်၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင်ပေါ့၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒါတွေ အားလုံးပါမှပဲ ကျေနပ်ရမှာပါ”ဟု ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

အင်းစိန် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ပုဒ်မ ၁၇/၁ နှင့် အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ည)တို့ဖြင့် ဖမ်း ဆီးထားသူ စုစုပေါင်း ၂၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဟု သတင်းထောက်များကို ယမန်နေ့က ပြောကြားထားသည်။

စစ်အစိုးရ သတင်းစာတွင် ယခုကဲ့သို့ အကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းသည် နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူများအား လူသားချင်းစာနာ ထောက်ထားမှု၊ သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့် လည်းကောင်း ၊ ဒေသ အကျိုးနှင့် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်ရန်အတွက် နိုင်ငံသား အကျဉ်းသား ၇၁၁၄ ဦးတို့ကို ကျခံရန် ကျန်ရှိသော ပြစ်ဒဏ် အစိတ်အပိုင်းကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ထုတ် ဖော်ပြထားသည်။

သို့သော် မကြာခင် ရက်ပိုင်းကပင် စစ်အာဏာပိုင်များက ယခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ကာလအတွင်း မန္တလေးတိုင်း မြင်းခြံမြို့မှ သံဃာတော်တပါး အပါအ၀င် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက် ကြောင်းသိရသည်။

အဆိုပါ ၈ ဦးကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့မှ အကြောင်းပြချက် တစုံတရာမရှိဘဲ လာရောက်ခေါ်ဆောင် သွား ခြင်း ဖြစ်ကြောင်း ဒေသခံများအဆိုရ သိရခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ဝိပုလရာမ ပါဠိတက္ကသိုလ် ကျောင်း တိုက်သို့ သွားရောက်ခဲ့သော ရန်ကုန်မြို့ သာကေတမြို့နယ်မှ မလှလှဝင်း အမည်ရှိ အမျိုးသမီး တဦးအပါ အဝင် ပခုက္ကူမှ ကိုစောလင်းနိုင်နှင့် ကိုမြင့်နိုင်တို့ ၃ ဦးကို ဒေသခံ အာဏာပိုင်များ၏ ဖမ်းဆီးခဲ့သေးသည်။
သြဂုတ်လအတွင်းကလည်း ၎င်း သာသနာ့ဝိပုလရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုဒ္ဓ ထိန်းသိမ်းခံရသည်ဟု သိရသည်။

မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၃၇ ဦး ရှိကြောင်း AAPP က ထုတ်ပြန် ထားသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, September 18, 2009

မြင်းခြံတွင် သံဃာတော်များ ဖမ်းဆီးခံရ

မြင်းခြံတွင် သံဃာတော်များ ဖမ်းဆီးခံရ

Friday, 18 September 2009 19:00 ဉာဏ်မောင်

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် သံဃာ့နာယကအဖွဲ့ဝင်များ ပါဝင်သည့် အာဏာပိုင်အဖွဲ့များက သံဃာ ၄ ပါးကို မနေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ အဖမ်းခံရသည့် သံဃာ ၄ ပါးအနက် ၂ ပါး၏ ဘွဲ့အမည်ကို သိရှိရပြီး ကျန် ၂ ပါးမှာ မည်သည့်ကျောင်းတိုက်က ဖြစ်သည်ကို မသိရှိရသေးကြောင်း မြို့ခံက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသည့် သံဃာများမှာ စွန်းလွန်းဂူကျောင်းမှ အရှင်နန္ဒဝံသ၊ သဲပင်တိုက်ကျောင်းမှ အရှင်စာဂရ တို့ဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးသွားကြောင်း အတိကျမသိရသေးကြောင်း မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့တွင် သံဃာတော်များကို ဆက်တိုက် ဖမ်းဆီးနေလျှက်ရှိပြီး တမြို့လုံးအနှံ့ လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ၎င်းက ဆက်ပြောသည်။

“တမြို့လုံး လုံခြုံရေးတွေ ချထားတာ၊ အင်းအားပြတဲ့ သဘောနဲ့ပါ၊ သူတို့တွေ အဲလိုလုပ်တော့ အခမဲ့ ဆေးကုတာ၊ ပညာသင်ကြားရေးလုပ်ငန်းတွေ ရပ်ဆိုင်းကုန်တော့ မြို့ခံလူထုတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

စက်တင်ဘာသံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးလာချိန်တွင် အာဏာပိုင်များဘက်မှ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေပြီး ထပ်မံဖမ်းဆီးမည့် သတင်းများလည်း မြင်းခြံမြို့တွင် ထွက်ပေါ်နေလျှက်ရှိသည်ဟု ပြောသည်။

ထို့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းက မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများတွင် သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် သံဃာများနှင့် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေလျက်ရှိသည်။

အာဏာပိုင်များဘက်မှ သံဃာတော်များကို ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို လာမည့် သတင်းကျွတ်လပြည့်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။


မှတ်ချက် ။ ။ http://www.yoma3.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အယူခံ အောက်တိုဘာ ၂ ရက် အမိန့်ချမည်

ဒေါ်အောင်ဆန်းစုကြည် အယူခံ
အောက်တိုဘာ ၂ ရက် အမိန့်ချမည်


မဇ္မျိမ သတင်းဌာန

သောကြာနေ့၊ စက်တင်ဘာလ 18 ရက် 2009 ခုနှစ် 17 နာရီ 01 မိနစ်

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းဆုကြည်၏ အမှု အယူခံကို ရန်ကုန်တိုင်း တရားရုံး၌ နှစ်ဖက်လျှောက်လဲချက် ပေးရာ ယနေ့ ပြီးဆုံးပြီ ဖြစ်သဖြင့် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် အမိန့်ချမည်ဟူ၍ ရုံးတော်က ချိန်းဆို လိုက်သည်။

“ကျနော်တို့ဒီနေ့ နှစ်ဖက်လျှောက်လဲချက်တွေ အားလုံးပြီးသွားပါပြီ။ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီမှာ အမိန့်ချဖို့ ချိန်းပါတယ်” ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယနေ့တရားခွင်တွင် အယူခံ အကြောင်းပြချက် ၁၁ ချက်စလုံး လျှောက်လဲခဲ့ပြီး ပြစ်ဒဏ်စီရင်ချက်ချခဲ့သည့် ၇၄ အခြေခံ ဥပဒေမှာ မတည်ရှိတော့ကြောင်း အတိုက်အခံ ပါတီဝင် ရှေ့နေများက အဓိက လျှောက်လဲခဲ့သည်။

“ဒီဥပဒေထဲက ပုဒ်မတွေယူသုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တာလေ။ အဲတော့ ဒီဥပဒေမရှိဘူးဆိုရင် ကန့်သတ်ထားတဲ့ အမိန့်တွေက ပျက်တာပေါ့။ ဒါတွေပျက်လို့ရှိရင် ဒီပြစ်မှုလည်း မရှိတော့ဘူးပေါ့” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သူက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ ၄ ဦးစလုံး တိုင်းတရားရုံး သို့ တက်ရောက်ကြပြီး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲခန့်အထိ တရားခွင် ကျင်းပခဲ့သည်။

နံနက်ပိုင်းတရားခွင်သို့ အန်အယ်ဒီ ပါတီဝင်များနှင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အား ထောက်ခံအားပေးသူ စုစုပေါင်း ဦးရေ ၁၀၀ ကျော် တက်ရောက်ခွင့် ရရှိခဲ့ပြီး၊ နေ့လည်ပိုင်း ခေတ္တရပ်နားပြီးနောက် လုံခြုံရေးအကြောင်းပြချက်ဖြင့် တခါးပိတ်ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အယူခံခွင့်ရရေးအတွက် ယခုလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားခဲ့ရာ တိုင်းတရားရုံးက လက်ခံရာမှ ယခုလို နှစ်ဖက်ရှေ့နေများ လျှောက်လဲခဲ့ကြခြင်း ဖြစ်သည်။

သူမ၏ အယူခံကြားနာရာ တရားခွင်သို့ တက်ရောက်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၁ ရက်နေ့က ရန်ကုန်တိုင်း အထူးရဲသတင်းတပ်ဖွဲ့ထံ စာရေး တောင်းဆို ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို အခြေခံ၍ စစ်အစိုးရက နေအိမ် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို မြောက်ပိုင်းခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။

သို့သော် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြားဖြတ် ညွှန်ကြားချက်ဖြင့် ထောင်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်၌ ဆိုင်းငံ့ပြစ်ဒဏ် ကျခံရန် ဆုံးဖြတ်ခဲ့သည်။

မစ္စတာယက်တောကိုမူ လူသားချင်း စာနာထောက်ထားမှုဖြင့် သြဂုတ်လ ၁၆ ရက်နေ့ကတည်းက ပြန်လွှတ်ပေးလိုက်ရာ အမေရိကန်သို့ ပြန်သွားပြီဖြစ်သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ ၌ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခု အခြေခံဥပဒေ ရပ်ဆိုင်းခဲ့ကြောင်း ရေးသားထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ပျက်ပြယ်ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ခရိုင်တရားရုံးတွင် ချေပခဲ့ သော်လည်း ပြစ်ဒဏ်ချခံခဲ့ရခြင်း ဖြစ်သည်။

ထိုစဉ်တွင် နိုင်ငံတည်ဆောက် ပြုပြင်ရာတွင် ပါဝင်နိုင်ရန်ဆိုကာ အကျဉ်းသား ၇၁၁၄ ယောက်ကို စစ်အစိုးရက နိုင်ငံတဝှမ်း အကျဉ်းထောင် များထဲမှ ပြန်လွှတ်ပေးလိုက်သည်။

သို့သော် နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော်သာ ပါရှိမည်ဟု အတိုက်အခံ သတင်းရပ်ကွက်နှင့် ရန်ကုန်ရှိ အကဲခတ်များက ပြောသည်။

နာဂစ်မုန်တိုင်းသင့် သူများကို ကူညီပေးခဲ့သူ သတင်းထောက် မအိမ့်ခိုင်ဦး၊ ပြည်သူ့လွှတ်အမတ် ဦးနိုင်းနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော် အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွှတ်ပေးသည့် အကျဉ်းသား ငါးရာကျော်တွင် ပါရှိသည်။

လွတ်ပေးသည့် အခမ်းအနားအပြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဝင်းက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိဟု ပါရှိသည်။

(ဆလိုင်းဟံသာစန်း သတင်းပေးပို့သည်။)


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အကျဉ်းသား လွှတ်ပေးမှု (Live Update)

အကျဉ်းသား လွှတ်ပေးမှု (Live Update)

မဇ္ဈိမသတင်းဌာန

လွှင့်တင်ချိန် - သောကြာနေ့၊ စက်တင်ဘာလ 18 ရက် 2009 ခုနှစ် 16 နာရီ 23 မိနစ်




(၁) မအိမ့်ခိုင်ဦး (အီကိုဗီးရှင်း သတင်းထောက်)
(၂) ကိုကျော်ကျော်သန့် (သတင်းစာဆရာ)
(၃) ဦးနိုင်းနိုင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄)ဘိုးတော်သန်းလှ ( ယခင်ဝန်ကြီးချုပ်နှင့် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် အကြံပေး)
(၅) ဒေါ်သန်းသန်းဌေး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၆) ကိုညီညီမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- တောင်ဒဂုံ)
(၇) မုံရွာအောင်ရှင် (ကဗျာဆရာ)
(၈) မတင်တင်မြင့်
(၉) မသန်းသန်းဆင့်
(၁ဝ) မတင်မင်းစိုး
(၁၁) မကြည်ကြည်မင်း
(၁၂) ကိုဇော်ထွဋ်အောင်
(၁၃) ဦးတင်မျိုးထွဋ် (ခေါ်) ဦးကျော်ဦး
(၁၄) ဦးဝင်းမြင့်
(၁၅) ဦးကျော်မောင်
(၁၆) ဦးနေဝင်း
(၁၇) ဦးကြည်လင်း
(၁၈) ဦးစိုးဝေ (ခေါ်) ဦးသန်းဇော်
(၁၉) အရှင် စန္ဒောဘာသ
(၂၀) ဦးဘမင်း
(၂၁) ဦးညိုမြ
(၂၂) ဦးမိုက်ကယ်ဝင်းကျော်

မှတ်ချက် ။ ။ ၂၀ -၂၂ အထိမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်ပြီး ကလေး အကျဉ်းထောင်မှ လွတ်မြောက်ခြင်း ဖြစ်သည်။
----------------------------------------

လွှင့်တင်ချိန် - သောကြာနေ့၊ စက်တင်ဘာလ 18 ရက် 2009 ခုနှစ် 14 နာရီ 47 မိနစ်

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၅၀၀ ကျော် ယနေ့ လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား တဒါဇင်ကျော်သာ ပါသည်။

ယခုအချိန်အထိ အတည်ပြုနိုင်သော အင်းစိန်ထောင်မှ လွှတ်မည့် နိုင်ငံရေး အကျဉ်းသားများတွင် အီကိုဗေးရှင်း ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦး ပါဝင်သည်ဟု သိရသည်။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ မရှိဟု သတင်းစာ ဆရာများကို ပြောလိုက်သည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း လုံခြုံရေးထူထပ်စွာချ

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်း လုံခြုံရေးထူထပ်စွာချ


အောင်ကျော်မိုး / ၁၈ စက်တင်ဘာ ၂၀၀၉


စက်တင်ဘာ (၁၈) ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့သည့် (၂၁) နှစ်မြောက်နေ့နှင့် တိုက်ဆိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ရန်ကုန်တိုင်းတရားရုံးအတွင်း ယနေ့ စစ်ဆေးကြားနာနေချိန်တွင် တရားရုံးပြင်ပ၌ လုံခြုံရေး ထူထပ်စွာချထားကြောင်း မြို့ခံများက ပြောသည်။

မျက်မြင်တဦးက “ရန်ကုန်တိုင်း တရားရုံးအနားက မြို့တော်ခန်းမရှေ့မှာ လုံထိန်းကား (၁၂) စီး၊ ကွပ်ကဲရေးကား (၂) စီး တန်းစီပြီး အဆင်သင့်စောင့်နေတယ်။ လုံထိန်းတပ်ဖွဲ့ဝင်တွေက ဒိုင်းတွေ တင်ထားတဲ့ကားတွေပေါ်မှာ တချို့ ထိုင်စောင့်နေတယ်။ တချို့ကတော့ တရားရုံးနဲ့ မဟာဗန္ဓုလပန်းခြံဘက် ကားလမ်းတွေဘက် မျက်နှာမူပြီး လက်နက်တွေနဲ့ အဆင်သင့်ရပ်နေကြတယ်။ တိုင်းတရားရုံး အရှေ့တည့်တည့်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သိပ်မတွေ့ရဘူး။ အရပ်ဝတ်နဲ့ စကားပြောစက်ကိုင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပဲ တွေ့ရတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းတရားရုံးသို့ အမှုရုံးချိန်းတခုအတွက် သွားသည့် ရှေ့နေတဦးကလည်း တိုင်းတရားရုံးသို့ဝင်သည့် စိစစ်ရေးကတ်ပြား ပုံစံအသစ်လုပ်ထားခြင်းကြောင့် ဝင်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရကြောင်း ပြောသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှု ကြားနာစစ်ဆေးမှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခွင့် မရသကဲ့သို့ သာမန်ပြည်သူများလည်း သွားရောက်နားထောင်ခွင့် မရဘူးကြောင်း ကိုယ်တိုင်သွားရောက်နားထောင်ရန် ကြိုးစားခဲ့သူ ပြည်တွင်းသတင်းအယ်ဒီတာတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရက အကျယ်ချုပ်ချထားစဉ်ကာလအတွင်း သူမ၏ နေအိမ်ကို အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံယက်တော ကျူးကျော်ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဆိုသည့်အမှုဖြင့် စစ်အစိုးရက ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့သည်။ ထောင်ဒဏ်အမိန့် မချမှတ်ခင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် ပြစ်ဒဏ်ကို တဝက်လျှော့ချပေးခဲ့ပြီး ကျန်သည့် ထောင်ဒဏ်ကိုလည်း ဆိုင်းငံ့ထားလိုက်ကာ နေအိမ်တွင် အကျယ်ချုပ်ဘဝဖြင့် ပြန်လည်နေထိုင်စေခဲ့ခြင်းဖြစ်သည်။

ယခု အဆိုပါ ထောင်ဒဏ် (၃) နှစ်ချလိုက်သည့် အောက်ရုံး၏အမှုကို တိုင်းတရားရုံးက အယူခံအမှုအဖြစ် လက်ခံစစ်ဆေးနေ ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏အယူခံအမှု စစ်ဆေးကြားနာရာ ရန်ကုန်တိုင်းတရားရုံးတဝိုက်တွင် လုံခြုံရေးများ ပိုမိုချထားသော်လည်း အခြားနေရာများတွင်မူ ပုံမှန်ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

တက္ကစီသမားတဦးက “ခါတိုင်း အရင်ရက်တွေကဆိုရင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ တောင်ဘက်မုခ် စတဲ့နေရာတွေမှာ လုံထိန်းကားတွေ၊ ကွပ်ကဲရေးကားတွေ ချထားပေမယ့် ဒီနေ့မတွေ့ရဘူး” ဟု ပြောသည်။

မြို့ခံအချို့ကမူ လုံထိန်းကားများသည် နေ့ခင်းနှင့် ညနေပိုင်းတို့တွင် ပိုပြီး အင်အားပြတတ်ကြောင်း ပြောသည်။

အာဏာသိမ်း (၂၁) နှစ်ပြည့် ယနေ့ထုတ် သတင်းစာများတွင် စစ်အစိုးရက အကျဉ်းသား (၇,၁၁၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ကြေညာထားသည်။

ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ သတင်းတပ်ဖွဲ့ အရာရှိတဦးကမူ ယခု လွှတ်ပေးလိုက်သူများထဲတွင် ယခင် ထောင်နှစ်ရှည်ချထားသည့် ထောက်လှမ်းရေးအရာရှိများနှင့် အကောက်ခွန်ဦးစီးဌာန အရာရှိများ အများဆုံးပါဝင်ကြောင်း၊ နိုင်ငံရေးသမားအနည်းငယ်သာ ပါမည်ဖြစ်ကြောင်း ပြောသော်လည်း မည်သူ ပါဝင်မည်ဆိုသည်ကိုမူ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိချေ။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, September 17, 2009

ကုလရုံးချုပ်မှာ ရွှေဝါရောင်တော်လှန်ရေး နှစ်လည်အဖြစ် ဆန္ဒပြပွဲများ ကျင်းပမည်

စက်တင်ဘာ ၂၃ ၊ ၂၀၀၉ တွင်
အမေရိကန်ပြည်၊ နယူးယောက်မြို့၊
ကုလရုံးချုပ်မှာ ရွှေဝါရောင်တော်လှန်ရေး
နှစ်လည်အဖြစ် ဆန္ဒပြပွဲများ ကျင်းပမည်။



မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌ ကျန်းမာရေးဆိုးရွားနေ

နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌
ကျန်းမာရေးဆိုးရွားနေ

Thursday, 17 September 2009 17:51 သန်းထိုက်ဦး

မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၁၄၀ ခန့်သည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုရ သိရသည်။

အဆိုပါ ကျန်းမာရေး ဆိုးရွားသူများသည် နှလုံး ၊ သွေးတိုး ၊ အသည်းရောင်အသားဝါ၊ အစာအိမ်၊ငှက်ဖျား၊ ကင်ဆာ၊ မျက်စိ အာရုံကြောအားနည်းခြင်း စသည့် ရောဂါ ဝေဒနာများကို ခံစားနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောဆိုသည်။

AAPP ၏ စာရင်းများအရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၃၇ ဦး ရှိကြောင်း သိရသည်။

အကျဉ်းထောင်များတွင် ဆေးဝါးများကို ထောင်အာဏာပိုင်များက ထောက်ပံ့မှုများ မလုံလောက်သည့်အတွက် ယခုကဲ့သို့ ကျန်းမာရေး ဆိုးရွားကြခြင်းဖြစ်သည်ဟု AAPP တွဲဖက်အတွင်း ရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။

“လိုအပ်တဲ့ ဆေးဝါးတွေကို ထောင်တွေကနေ မထောက်ပံ့နိုင်ဘူး၊ မိသားစုတွေက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆေးကု နေရတယ်၊ ကုန်ကျတဲ့ စရိတ်က လိုအပ်တာထက် ပိုပြီးတော့ကြီးတယ်၊နောက် အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့ အခါကျတော့ အဲဒါက ရောဂါကို ပိုပြီးတော့ ဆိုးရွားစေတဲ့အချက်တွေပဲ”ဟု ၎င်းက ပြောသည်။

အလားတူ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နှင့် ပတ်သက်ပြီး ဖမ်းဆီး၍ ဧရာဝတီတိုင်း ဖျာပုံထောင်တွင် ထောင်ချခံထားရသော ဦးရွှေမောင်းသည် ကျန်းမာရေး ဆိုးရွားနေပြီး အသက် အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်း၏ ဇနီး ဒေါ်သန်းသန်းဝင်းက ဧရာဝတီသို့ ပြောသည်။

“၀မ်းလျှော၊၀မ်းပျက် ဖြစ်နေတယ်၊ အားနည်းနေတယ်၊ သူ ကျမနဲ့ စကားပြောနေတာ တကိုယ်လုံး တုန်နေတာပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဦးရွှေမောင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးကုသခွင့်ပေးရန် ထောင်အာဏာကပိုင်များထံသို့ စာရေး တောင်းဆိုမည်ဟုလည်း ဒေါ်သန်းသန်းဝင်းက ဆိုသည်။

ဦးရွှေမောင်းသည် မန္တလေးမြို့တွင် အဖမ်းခံရပြီး ရန်ကုန် အင်းစိန်ထောင်မှ ထောင်ဒဏ် ၈ နှစ် ချခံရကာ ဖျာပုံ ထောင်သို့ ပြောင်းရွှေ့ခံထားရခြင်းဖြစ်သည်။ ၎င်း ဦးရွှေမောင်းကို ဒေါ်သန်းသန်းဝင်းက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းဇေယျာ နှင့် ကိုလှမျိုးနောင်၊ ကိုမြအေး၊ မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးတင်ယု ၊ ဦးကြည်သန်း တို့သည် ကျန်း မာရေး ဆိုးရွား နေကြောင်း သိရှိရသည်။

ထို့အပြင် နိုင်ငံရေးမှုဖြင့် ထောင်ဒဏ် ၁၀၄ နှစ် ကျခံနေရသော ကိုဗိုလ်မင်းယုကိုနှင့် မကေသီအောင် တို့သည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်းလည်း သိရသည်။

ကိုဗိုလ်မင်းယုကိုသည် မန္တလေးအိုးဘိုထောင်မှ သရက်ထောင်သို့ ပြောင်းရွှေ့ခံထားရပြီး ထောင်တွင်း၌ ၎င်း၏ ဦးခေါင်းတွင် ရိုက်နှက်ခံရမှု၊ အစာအာဟာရ ကောင်းစွာမရခြင်း စသည့် ဒဏ်များကြောင့် မကြာခဏ မူးလဲ ကြောင်း ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောပြသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား

ရန်ကုန်မြို့၌ အချိန် (၂) နာရီအတွင်း ဗုံးပေါက်ကွဲမှု (၆) ခုဖြစ်ပွား


မျိုးချစ်သူ/ ၁၇ စက်တင်ဘာ ၂၀၀၉



ရန်ကုန်မြို့တွင် အချိန် (၂) နာရီခန့်အတွင်း ဗုံးပေါက်ကွဲမှု (၆) ခု ဆက်တိုက်ဖြစ်ပွားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားရာနေရာများမှာ လှိုင်သာယာမြို့နယ်နှင့် ရွှေပေါက်ကံမြို့နယ်တို့ရှိ စက်မှုဇုန်များတွင်ဖြစ်ကြောင်း စက်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

ဖြစ်ပွားမှုနှင့် ပတ်သက်၍ လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတဦးက ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ပေါက်ကွဲမှုတွေ ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ချိန်ကိုက်အသေးစားဗုံးလေးတွေပါပဲ။ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး” ဟု အဆိုပါရဲအရာရှိက ပြောသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃) ရှိ ပုဂ္ဂလိက ကားဝင်းနှင့် ကားနှင့်ဆက်စပ်ပစ္စည်းများ သိုလှေင်ရာဝင်းတို့တွင် စက်တင်ဘာ (၁၆) ရက်နေ့ (၁၁) နာရီ (၅၀) မိနစ်ခန့်နှင့် ည (၁၂) နာရီခန့်တို့တွင် ဆက်တိုက်ပေါက်ကွဲကြောင်း၊ ယင်းအချိန်၌ပင် ရွှေပေါက်ကံ စက်မှုဇုန်ရှိ ဂျိုနာအထည်ချုပ်စက်ရုံ ၀င်းအတွင်းတွင်လည်း စက်တင်ဘာ (၁၇) ရက်နေ့အကူး ည (၁၂) နာရီခွဲကျော်တွင် ပေါက်ကွဲမှုဖြစ်ကြောင်း လှိုင်သာယာ ရဲစခန်းနှင့် ရွှေပေါက်ကံ ရဲစခန်းမှတ်တမ်းများအရ သိရသည်။

“ပေါက်ကွဲမှုကြောင့် ကျနော်တို့စက်ရုံက ဘယ်သူမှ ထိခိုက်မှုဖြစ်တာ မရှိဘူး။ ကျနော်တို့ထင်တာက ထရန်စဖော်မာ ပေါက်တာထင်လို့ လျှပ်စစ်ကို အကြောင်းကြားတာ။ သူတို့တွေလာမှ ဗုံးပေါက်မှန်း သိရတာပါ။ ပေါက်ကွဲတဲ့နေရာအနီးမှာတော့ စက်ရုံနံရံကို ထိသွားတယ်၊ ပြိုကျသွားတယ်” ဟု ရွှေပေါက်ကံ စက်မှုဇုန် ဂျိုနာအထည်စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

ထို့အပြင် လှိုင်သာယာ စက်မှုဇုန်ရှိ ပုဂ္ဂလိက သစ်အချောထည်စက်ရုံ ဘေးလမ်းနှင့် အမှတ် (၅) ရဲကင်းဘေးလမ်းတို့တွင်လည်း ပေါက်ကွဲမှု တချိန်တည်းဖြစ်ခဲ့ကြောင်း၊ နောက်ဆုံးပေါက်ကွဲသောဗုံးမှာ စက်တင်ဘာ (၁၇) ရက် (ယနေ့) နံနက် (၁) နာရီခွဲ၌ အိုင်အန်ဂျီအိုတခု၏ ရုံးခန်းဘေးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန်၏ တာဝန်ရှိသူက အဆိုပါ ဗုံးပေါက်ကွဲမှုများအပေါ် အစိုးရက သံသယဖြစ်ဖွယ်လူများကို လိုက်လံ စစ်ဆေးနေပြီဖြစ်ကြောင်း ပြောသည်။

“ဘယ်သူ့ လက်ချက်လဲဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ စက်မှုဇုန်တွေကိုမှ ဘာလို့ အဲဒီလိုလုပ်တယ်ဆိုတာကို ကျနော်တို့လည်း စဉ်းစားနေတယ်” ဟု စက်မှုဇုန်၊ စီမံခန့်ခွဲရေးလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်သူ အကြီးအကဲတဦးက ပြောသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, September 16, 2009

စစ်တပ်က နိုင်ငံရေးပါတီ ဖွဲ့တော့မည်

စစ်တပ်က နိုင်ငံရေးပါတီ ဖွဲ့တော့မည်

Wednesday, 16 September 2009 17:04 ရန်ပိုင်

နေပြည်တော်ရှိ စစ်အစိုးရ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ လက်ရှိ တက်ရောက်နေသော စစ်အရာရှိကြီး ၈၆ ဦးကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက် တပ်မတော်နေ့ အခမ်းအနားတွင်
ချီတက်လာသော မြန်မာစစ်တပ်ကို

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဆေးအလေးပြုခံနေစဉ် (ဓာတ်ပုံ - Getty Images)

ပြီးခဲ့သည့် မတ်လ ၂၇ ရက် တပ်မတော်နေ့ အခမ်းအနားတွင် ချီတက်လာသော မြန်မာစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဆေးအလေးပြုခံနေစဉ် (ဓာတ်ပုံ - Getty Images)
သင်တန်းတက်ရောက်နေသော အဆိုပါ ဗိုလ်မှူးကြီးအဆင့်ရှိ ဗျူဟာမှူးကြီးများအပါအဝင် စစ်တပ်အတွင်း လက်ရှိတာဝန် ထမ်းဆောင်နေသည့် စစ်အရာရှိကြီးများ စုစုပေါင်း ၃၀၀ ကျော်ကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ရန် ရွေးချယ်ထားသည်ဟု စစ်တပ်အသိုင်းအဝိုင်း ကပြောသည်။

“အခု ကာကွယ်ရေးတက္ကသိုလ်မှာ တက်နေတဲ့ ဗျူဟာမှူးတွေ ထဲက ၈၆ယောက်ကို ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ အမတ် လောင်းအနေနဲ့ ရွေးထားတယ်”ဟု နေပြည်တော်စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ထို့အပြင် စစ်တပ်အတွင်းမှ လက်ရှိဗျူဟာမှူး တာဝန်ကို ထမ်းဆောင်နေသည့်ဗိုလ်မှူးကြီး အဆင့်ရှိသူ စုစုပေါင်း ဦးရေ ၂၀၀ ကျော်ကိုလည်း ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ထားကြောင်း အဆိုပါ သတင်းရပ်ကွက်မှ သိရသည်။

“လက်ရှိ တပ်ထဲမှာ ဗျူဟာမှူးလည်းလုပ်နေတယ်၊ ရာထူးလည်း ဆက်မတက်တော့တဲ့ သူတွေပါမယ်၊ အားလုံးကို စုပြီး ရွေးကောက်ပွဲ အတွက် သင်တန်းသုံးပတ်ပေးမယ်လို့ပြောတယ်”ဟု စစ်တပ်နှင့် နီးစပ်သူက ဆိုသည်။

လက်ရှိတက်ရောက်နေသည့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်တန်းသည် ယခုလ ၁၇ ရက်နေ့တွင် သင်တန်း ဆင်းမည်ဖြစ်ကြောင်း၊ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ၏ ညှိနှိုင်းအစည်းအဝေး(လေးလပတ်)ကိုလည်း ၁၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုအစည်းအဝေးအပြီးတွင် ထုတ်ပြန်လိမ့်မည်ဟု သိရသည်။

“၁၇ ရက်နေ့ သင်တန်းဆင်း၊ ၁၈ရက်နေ့ ညစာစားပွဲလုပ်ပြီးရင် တန်းပြီး တပ်ကိုပြန်ရမယ်၊ ရွေးထားတဲ့အထဲမှာ ပါရင်တော့ သင်တန်းနောက်ထပ် တက်ရဦးမယ်၊ ခရီးစရိတ်တွေကုန်ရ ဦးမှာပေါ့”ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောဆိုသည်။

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ပါတီတခုအနေဖြင့် ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားပြီး “အမျိုးသားနိုင်ငံရေးပါတီ” ဟု အမည်ပေးထားကြောင်း သိရသည်။

ထိုပါတီတွင် ယခုလက်ရှိ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အရာရှိကြီးများနှင့် လက်ရှိ ၀န်ကြီးဌာနများမှ နုတ် ထွက်မည့် ၀န်ကြီးများ၊ စစ်အစိုးရကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်း (ကြံ့ဖွံ့)နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေး အဖွဲ့ဝင် တချို့ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောသည်။

၎င်းကြံ့ဖွံ့အဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များသည် လူမှုရေးအဖွဲ့အစည်းများအဖြစ် ဆက်လက်ကျန်ရှိ နေဦးမည်ဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားသော်လည်း ကျင်းပမည့်အချိန်ကာလ နှင့် ရွေးကောက်ပွဲ ဥပဒေတို့ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

သို့သော် မကြာသေးခင်က ဦးသုဝေ ဦးဆောင်ပြီးလွတ်လပ်ရေး ခေတ်ဝန်ကြီးချုပ်ဟောင်း ၃ ဦး ၏ သမီးများနှင့် ဖွဲ့စည်း သည့် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းပြည်နယ်မှ ၀ါရင့် ရှမ်းနိုင်ငံရေး သမားကြီး ဦးရွှေအုန်း နှင့် တတိယအင်အားစုအဖြစ် လှုပ် ရှားနေသူ ကိုနေမျိုးဝေ တို့ ပူးပေါင်းပြီး မဟာမိတ် နိုင်ငံရေး အဖွဲ့ကိုဖွဲ့စည်းခြင်းများရှိကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲ ၀င်ရောက်မည့် ပါတီအဖွဲ့အစည်းများ အနေဖြင့် ငွေကြေးအခက်အခဲရှိပါက စစ်အစိုးရ အနေဖြင့် ကူညီမှုများပေးမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် စစ်တပ်မှ ကိုယ်စားလှယ်တဦးကို ထည့်သွင်းပေးရမည် ဟု အတည်မပြု နိုင်သော သတင်းများအရသိရသည်။

၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဟု လွှတ်တော် နှစ်ရပ်ပါဝင်ပြီး၊ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၄၄၀ သတ်မှတ်ထားသည့်အနက် စစ်တပ် ၏ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၁၀ ပါဝင်မည်ဖြစ်ပြီး၊ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၂၂၄ ဦး သတ်မှတ်ထားသည့်အနက် စစ်တပ်ကိုယ်စားလှယ် ၅၆ ဦးပါဝင်မည်ဖြစ်သည်၊ ထိုကြောင့် လွှတ်တော်နှစ်ရပ်တွင် စစ်အစိုးရ ၏ လွှတ်တော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်မည်ဖြစ်သည်။

၁၉၉၀ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၄၉၂ နေရာ သတ် မှတ်ခဲ့ပြီး၊ ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီအဖွဲ့အစည်းပေါင်း ၂၃၆ ဖွဲ့မှတ်ပုံတင်ခဲ့သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား

ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ အထမြောက်စေရမည်ဟု
သံဃာ့အဖွဲ့ချုပ်မှ မိန့်ကြား

မင်းနိုင်သူ / ၁၆ စက်တင်ဘာ ၂၀၀၉


ယခုရက်ပိုင်းများအတွင်း သံဃာတော်များအား ဖမ်းဆီးစစ်မေးခြင်း၊ ဘုန်းကြီးကျောင်းတိုက်များအား လုံခြုံရေးချ စောင့်ကြည့်ခြင်းများ လုပ်နေသော်လည်း လာမည့်သီတင်းကျွတ်လပြည့်နေ့မှစကာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားမည်ဟု သံဃာ့အဖွဲ့ချုပ် (မြန်မာနိုင်ငံ) နိုင်ငံခြားရေးရာတာဝန်ခံ ဆရာတော် အရှင်ပါရမီခန္တီက ခေတ်ပြိုင်သို့ မိန့်ကြားသည်။

“စစ်အစိုးရရဲ့ ထင်ရာလုပ်နေတဲ့ လုပ်ရပ်တွေကို ဦးဇင်းတို့ သံဃာအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြင်းထန်စွာကန့်ကွက်ပြီး၊ သံဃာတော်တွေကို ဆက်လက်စော်ကားပြီး သံဃာတော်တွေ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် စစ်အစိုးရအနေနဲ့ ကြီးစွာသော ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်ရမယ်လို့ အသိပေးချင်ပါတယ်” ဟု အထက်ပါ သံဃာတော်က မိန့်သည်။

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ကြေညာချက် ထွက်လာပြီးနောက် နအဖစစ်အစိုးရက သံဃာတော်များအား မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“တခြားမြို့ကြီးတွေမှာ မပြောနဲ့၊ ကျနော်တို့လို နယ်မြို့တွေမှာတောင် ကျေးရွာတွေကနေ မီးသတ် (၃) ယောက် မြို့ပေါ် ပို့ပေးရမယ်ဆိုပြီး မြို့နယ်မီးသတ်စခန်းမှာ လူစုပြီး စစ်သင်တန်းပေးတယ်။ နောက် ဘုန်းကြီးကျောင်းတွေ၊ သံဃာတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခိုင်းနေတယ်။ သူတို့ရဲ့ စားဝတ်နေရေးကို မြို့နယ် မယက က တာဝန်ယူထားတယ်”ဟု တောင်တွင်းကြီးမြို့ခံတဦးက ပြောသည်။

ရေနံချောင်းမြို့ ရွှေစေတီကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးဝါယမကို နအဖစစ်အစိုးရက သြဂုတ် (၂၇) ရက်တွင် ဖမ်းဆီးခဲ့ပြီး ရန်ကုန် ငါးထပ်ကြီးဘုရားမှ ဆရာတော်အရှင်ဃောသိတကိုလည်း ထိုင်ဝမ်နိုင်ငံမှ ပြန်လာစဉ် လေဆိပ်၌ပင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ဆရာတော်များအပါအ၀င် ယခုလပိုင်းအတွင်း ခေါ်ယူစစ်မေးခံရသော သံဃာတော် (၈) ပါးရှိနေပြီဟု သတင်းရထား ကြောင်း သံဃာ့အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်သည်။

အရှင်ပါရမီခန္တီက “ဒီလုပ်ရပ်တွေဟာ စစ်အစိုးရအနေနဲ့ ဘုရားသားတော် အရှင်သူမြတ်တွေကို စော်ကားနေတဲ့ လုပ်ရပ်တွေပါပဲ။ ဘုရားသားတော်တွေကို စော်ကားနေတာဟာ မြတ်စွာဘုရားရှင်ကို စော်ကားနေတာနဲ့ အတူတူပါပဲ။ ဒါ့အပြင် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစနစ်ကြီးဟာလည်း ကိုယ်ထင်ရာစိုင်းပြီး လုပ်နေတဲ့အတွက် တရားမျှတမှု မရှိကြောင်း သက်သေပြနေတာပါပဲ” ဟု မိန့်သည်။

မြို့နယ်သံဃာ့နာယက၊ မယက၊ ရဲမြို့နယ်မှူး၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်သတင်းတပ်ဖွဲ့မှူး၊ စရဖ၊ နယ်ထိန်းနှင့် ကျောင်းထိုင် ဆရာတော်အချို့ပါဝင်သော သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို နအဖစစ်အစိုးရက ဖွဲ့စည်းနေကြောင်းလည်း အရှင်ပါရမီခန္တီက မိန့်သည်။

ယခုရက်ပိုင်းများအတွင်း သံဃာ့လှုပ်ရှားမှုများအားစောင့်ကြည့်ရန် နအဖစစ်အစိုးရက စွမ်းအားရှင်များ စုဆောင်းနေပြီး ၎င်းတို့အတွက် ကုန်ကျစရိတ်ကို တရားမ၀င်လုပ်ငန်းရှင်များထံမှ တောင်းယူနေသည်ဟု မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက ပြောသည်။

၎င်းက “လုံခြုံရေးကို ကျွေးဖို့ ရန်ပုံငွေကို ပြင်ဦးလွင်အတက်လမ်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ချဲဒိုင်တွေ၊ ရဲသိပ္ပံ နားမှာရှိတဲ့ အနှိပ်ခန်းတွေဆီကနေ တဆိုင်ကို အနည်းဆုံး (၅) သောင်းကနေ (၃) သိန်းအထိ တောင်းနေတယ်” ဟု ပြောသည်။

မန္တလေးမြို့ရှိ တောင်ခွင်မင်းကြီးကျောင်းတိုက်၊ မိုးတားတိုက်၊ မန္တလေးတောင်ခြေ၊ မန္တလေးတက္ကသိုလ်အနီးတ၀ိုက်နှင့် သံဃာ့တက္ကသိုလ်တို့အနီးတွင် လုံခြုံရေးများ ချထားကြောင်း သိရသည်။

ထိုကဲ့သို့ လုံခြုံရေးတင်းကျပ်မှုများရှိသော်လည်း သံဃာတော်များအနေဖြင့် ဆောင်ရွက်ရန်ရှိသည်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အရှင်ပါရမီခန္တီက မိန့်ကြားသည်။

“ဦးဇင်းတို့ ရှေ့ဆောင်ဆရာတော်တွေဖြစ်တဲ့ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ၊ ဦးတိလောကဉာဏ-ပီ-ကေ၊ အရှင်ဂမ္ဘီရတို့လို သံဃာအာဇာနည်တွေ ဆောင်ရွက်သွားတဲ့ လမ်းစဉ်တွေအတိုင်း မြန်မာပြည်ကြီး စစ်ဘီလူးများလက်မှ လွတ်မြောက်အောင် ဘုရားသားတော် သံဃာတော်တွေမှ ဆောင်ရွက်နေတာကို မြန်မာပြည်အတွင်းရှိ တိုင်ရင်းသားပြည်သူများအားလုံးမှ သံဃာ့ကံဆောင်သပိတ်ကို အမျိုးသားရေးလှုပ်ရှားမှုကြီးအသွင်ဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းကြောင်း ပြည်တွင်းရှိ သံဃာတွေကိုယ်စား မိန့်ကြားအပ်ပါတယ်” ဟု အရှင်ပါရမီခန္တီက မိန့်သည်။

၂၀၀၇ ခု စက်တင်ဘာ ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွင် သံဃာတော်များအား စစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ပြီး သံဃာတော်နှင့် သီလရှင်များအား ဖမ်းဆီးထောင်ချခဲ့သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။


အပြည့်အစုံ ဖတ်ရန် ...

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့၏ ပြည်တွင်း လှုပ်ရှားမှု

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့၏
ပြည်တွင်း လှုပ်ရှားမှု

သံဃာ့တပ်ပေါင်းစုမှ ထုတ်ပြန်သော ထုတ်ပြန်ကြေငြာချက်နှင့်သစ္စာအဓိဌာန် စာရွက်များအား ကျနော်များ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့မှ လူငယ်များသည် သာကေတ ဇိနမာန်အောင်ဘုရားဝင်း၊ ဗဟန်း (၅) ထပ်ကြီးဘုရားဝင်းများအတွင်း တွင်လိုက်လံ ကပ်ခဲ့ကြပါသည်။





ကပ်ခဲ့ရသော ရည်ရွယ်ချက်မှာ သံဃာထု၏ မည်သည့်လှုပ်ရှားမှုများကိုမဆို၊ အဖွဲ့အစည်းအသီးသီး၏ မည်သည့်လှုပ်ရှားမှုများကိုမဆို တာဝန်သိသိဖြင့် လူထုတရပ်လုံးသိရှိစေရေး၊သံဃာထုတရပ်လုံး သိရှိစေရေး၊ လှုပ်ရှားမှုတိုင်းအတွက် အဆင်သင့်ဖြစ်နေစေရေးတို့အတွက် ဖြစ်သည်။


လေးစားစွာဖြင့်

လူထုတရပ်လုံးအတွက် စတေးခံ
အကောင်းဆုံး မြေသြဇာ

အပြည့်အစုံ ဖတ်ရန် ...

Tuesday, September 15, 2009

ရန်ကုန်တမြို့လုံး နေရာမလပ် လုံခြုံရေးများ တိုးမြှင့်ချထား

ရန်ကုန်တမြို့လုံး နေရာမလပ် လုံခြုံရေးများ တိုးမြှင့်ချထား


မျိုးချစ်သူ/ ၁၄ စက်တင်ဘာ ၂၀၀၉



စက်တင်ဘာတလလုံးကို အရေးပေါ်ကာလဟု သတ်မှတ်ထားပြီးဖြစ်ကာ ယခုအခါ နအဖအာဏာပိုင်များက လုံခြုံရေးများကို နေရာမလပ် ချထားလျက်ရှိကြောင်း ရန်ကုန်မြိုခံများက ပြောသည်။

ပြီးခဲ့သည့် သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တို့၌ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံနှင့် တက္ကသိုလ်ရိပ်သာလမ်း အပါအ၀င် အခြားအိမ်ရာများတွင် လျှပ်စစ်မီးများ ဖြတ်တောက်အမှောင်ချကာ လုံခြုံရေးရဲများ ကင်းပုန်းလှည့်နေကြကြောင်း ကမာရွတ်မြို့နယ်တွင်း နေထိုင်သူတဦးက ပြောသည်။

၎င်းက “ဘာတွေလုပ်မှန်းကို မသိတော့ဘူး။ မီးတွေကိုလည်း ဖြတ်တယ်၊ လုံခြုံရေးတွေ အများကြီးပဲ။ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားကန်စောင်းတွေမှာ၊ ဘာတွေ သတင်းရတာလဲတော့ မသိဘူး။ သူတို့က ကင်းတွေလှည့်တာ အရေးမကြီးဘူး၊ လှည်းတန်းတ၀ိုက်ကို အမှောင်ချထားတာ ဆိုးတယ်” ဟု ပြောသည်။

ရန်ကုန်ရှိ အထင်ကရနေရာများဖြစ်သော ဘူတာကြီးဝန်းကျင်၊ ဆူးလေလမ်းမ၊ ကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်း၊ အင်းစိန်လမ်း စသည်တို့တွင် လုံခြုံရေးချထားမှုများ အရေအတွက် ပိုများလာကြောင်း မျက်မြင်များက ပြောသည်။

“ကမ္ဘာအေးစေတီလမ်းမပေါ်က ကုက္ကိုင်းလမ်းဆုံဆိုရင် ညမှာ လုံခြုံရေးတွေ တအားများတယ်။ စစ်ဆေးမှုတွေ လုပ်တယ်။ ကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည် အိမ်နဲ့နီးတာလည်း ပါမယ်ထင်တယ်” ဟု ညဘက်မောင်းသော တက္ကစီသမားတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လ လလယ်ပိုင်း၌ စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်ခဲ့ပြီး ဘတ်စ်ကားခများကို တရားဝင်တိုးမြှင့် သတ်မှတ်လိုက်ပြီးသည့်နောက်ပိုင်း လူထုဆန္ဒပြ လမ်းလျှောက်ခြင်းများ ဖြစ်ပေါ်လာခဲ့ရာမှ စက်တင်ဘာလတွင် တနိုင်ငံလုံး သံဃာတော်များအပါအ၀င် လူထုဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

“အဲဒီလို ဖြစ်ပေါ်မှုတွေ နောက်ထပ်ဖြစ်ရင် သူတို့လုပ်မှာက ဖမ်းမယ်၊ ပြောမရရင် ပစ်သတ်မယ်။ ဒီလိုမျိုး စိတ်ဓာတ်ရှိတဲ့အတွက် ကျမတို့ ပြည်သူတွေက ဘာကိုမှ ပြောရေးဆိုခွင့် မရှိတော့ဘူးလေ။ မကောင်းတာဘဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ် ငြိမ်နေရုံပဲ။ ကျမတို့ ကိုယ်တွေ့ကတော့ သံဃာတွေကိုတောင် ပစ်သတ်ခဲ့တာပဲ။ ကျမတို့ မျက်စိထဲက မထွက်ဘူး။ သာမန်အရပ်သား တွေကိုတော့ ပိုဆိုးမှာပေါ့” ဟု ရန်ကုန်မြို့လယ်၌ ပြီးခဲ့သည့်စက်တင်ဘာအရေးအခင်းတွင် ကိုယ်တွေ့ကြုံခဲ့သူတဦးက ပြောသည်။

ယခုရက်ပိုင်းတွင် လုံခြုံရေး ပိုမိုချထားသည်ကို ရန်ကုန်ပြည်သူတို့က အထူးအဆန်းပုံစံဖြင့် မမြင်ကြတော့ကြောင်း မဟာဗန္ဓုလ လမ်းပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တဆိုင်၏ မန်နေဂျာက ပြောသည်။

“ပြီးခဲ့တဲ့ ၂၀၀၇ က ဈေးရောင်းမကောင်းခဲ့ဘူး။ ဒီလိုမျိုးလပေါ့။ ပြေးကြ၊ လွှားကြပေါ့လေ။ ဒီနှစ်တော့ လုံခြုံရေးသာချတာ ဘာမှ မဖြစ်လောက်ပါဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇ စက်တင်ဘာတွင် မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ် သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့် သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်ထုတ်ပြန်ထားသည်။

မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, September 14, 2009

ချင်းမိုင်အခြေစိုက် မြန်မာအရေး လှုပ်ရှားသည့် အဖွဲ့အချို့အား ထိုင်းအာဏာပိုင်များ ၀င်ရောက် စစ်ဆေး

ချင်းမိုင်အခြေစိုက် မြန်မာအရေး လှုပ်ရှားသည့် အဖွဲ့အချို့အား
ထိုင်းအာဏာပိုင်များ ၀င်ရောက် စစ်ဆေး


Monday, 14 September 2009 19:40


ယမန်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့အစည်း (၄)ခု၏ ရုံးခန်းများအား ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်စီနင်းပြီး ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ကာ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဖွဲ့အစည်းတစ်ခုမှ သင်တန်းဖွင့်လှစ်ထားသော အဆောင်တွင်ရှိသည့် သင်တန်းသား ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရကြောင်း သိရသည်။

ရုံးနေရာ အပြောင်းအလဲကြောင့် ၀င်ရောက်စစ်ဆေးခြင်း မခံခဲ့ရသော်လည်း ရုံးခန်း တည်နေရာမြေပုံနှင့် ရုံးခန်းဓါတ်ပုံများဖြင့် တိုက်ရိုက်ဦးတည်လာခဲ့သော တိုင်းရင်းသား လူငယ်များ အင်အားစုအဖွဲ့မှ အတွင်းရေးမှူး ကိုအောင်နိုင်စိုးက “ဘာကြောင့် အခုလိုလာပြီး စစ်ဆေးတယ်ဆိုတာကို တိတိကျကျပြောဖို့တော့ ခက်တယ်။ ကျနော်တို့ ချင်းမိုင်မှာ အခုလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အများအားဖြင့် ထင်ကြေးပေးနေကြတာကတော့ မကြာခင်ကပဲ နအဖ ဖက်ကို ပူးပေါင်းသွားသူ အချို့ရဲ့ညွှန်းပြမှု ဖြစ်နိုင်တယ်။ အခြားအကြောင်းတွေလည်း ဖြစ်နိုင်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုက ထိုင်းအစိုးရကို ချင်းမိုင်မှာ မြန်မာအရေး လှုပ်ရှားတဲ့အဖွဲ့ ဘယ်လောက်ရှိတယ်ဆိုတာကို တရားဝင် အသိပေးလိုက်သလိုမျိုး ဖြစ်သွားနိုင်ပါတယ်” ဟုပြောသည်။

ဤကဲ့သို့ ချင်းမိုင်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများအား ၀င်ရောက်ရှာဖွေသည့် ကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံလူထု လူ့အခွင့်အရေး ပညာရေးဌာနမှ ဒါရိုက်တာ ဦးထူးချစ်က “ဖြစ်နိုင်တာတစ်ခုက နအဖရဲ့ ဖိအားတစ်စုံတစ်ရာ ပေးမှုကြောင့်လည်း ဖြစ်နိုင်တယ်။ မကြာခင်က နအဖဖက်ကို ပူးပေါင်းသွားတဲ့ လူတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အခုလို စစ်ဆေးခံရတာက ထိုင်းတွေနဲ့ ပြဿနာ တစ်ခုခုရှိလို့ ထိုင်းတွေ မကျေနပ်လို့ အတိုင်အတော ခံရတာလား မသိဘူး။ ကျနော်တို့ဆိုရင် ထိုင်းမှာ အဖွဲ့အစည်း တည်ထောင်ပြီးတော့ လုပ်လာတာ ကြာပြီ။ ထိုင်းမှာ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ထိုင်းမှာ ဘယ်နေရာမှာပဲလုပ်လုပ် ဒေသခံတွေနဲ့ အဆင်ပြေအောင် နေထိုင်ပေါင်းသင်းတတ်ဖို့ လိုပါတယ်။ ဒေသခံ ထိုင်းလူမျိုးတွေရဲ့ သနားကြင်နာမှုတွေ၊ နားလည်မှုတွေ၊ ခင်မင်မှုတွေ၊ အပြန်အလှန်ရှိမှ ကျနော်တို့ အရှည်သဖြင့် ကိုယ်လုပ်လိုတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လို့ရမှာ ဖြစ်ပါတယ်” ဟုပြောသည်။

နိုင်ငံရေး အပြောင်းအလဲအတွက် လူထုနှင့် ထိစပ်နေသင့်သည်ဟုလည်း ၎င်းကအခုလို ဆက်ပြောသည်။

“နိုင်ငံရေး အပြောင်းအလဲ ကာလမှာ အခြေခံကျတဲ့ လူထုတွေနဲ့ ထိစပ်နေရမယ်။ ဘယ်လိုပဲ တော်လှန်ရေး အဖွဲ့အစည်းပဲ ပြောပြော နိုင်ငံရေးအဖွဲ့လိုပဲ ပြောပြော ကျနော်တို့ မြန်မာ့ဒီမိုကရေစီရေး အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ပါးစပ်ကပြောရုံ၊ စတိတ်မင့် ထုတ်ရုံနဲ့တော့ မရတော့ဘူးဆိုတာ သိသင့်တယ်။ လူထုတွေ ကိုယ့်ဘက်မှာ ရှိနေအောင် လူထုတွေရဲ့ လိုအပ်ချက်တွေကို ဒီနေ့ကစပြီး ဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဖို့လိုတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်နေမှ လူထုတွေရဲ့ ထောက်ခံမှုတွေကို ရရှိနေအောင် လုပ်ပေးရမယ်။ လုပ်ပေးသင့်တယ်လို့ ကျနော်ပြောချင်တယ်”

နအဖက လာမည့်၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေစဉ် နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် အခြားတက်ကြွလှုပ်ရှားသူ အချို့တို့မှာ စစ်အစိုးရဘက်သို့ ဘက်ပြောင်းသွားခြင်းများ ရှိနေပြီး ထိုသို့ ဘက်ပြောင်း သူများကြောင့် နယ်စပ်တွင် ဆက်လက်လှုပ်ရှားနေသူ တချို့မှာ အဆိုပါ လူများနှင့် ပါသွားသော ဓါတ်ပုံနှင့် ကိုယ်ရေး အချက်အလက်များကြောင့် နေရပ်ရင်းတွင်ရှိသော မိသားစုများအတွက် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။


မှတ်ချက် ။ ။ http://ghre.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, September 13, 2009

ရွေးကောက်ပွဲဝင်ရေး မဝင်ရေး NLD မဆုံးဖြတ်သေး၊ စစ်အစိုးရဘက်က အစိုးရသစ်၊ ပါတီသစ် ကြေညာနိုင်

ရွေးကောက်ပွဲဝင်ရေး မဝင်ရေး NLD မဆုံးဖြတ်သေး၊
စစ်အစိုးရဘက်က အစိုးရသစ်၊ ပါတီသစ် ကြေညာနိုင်

အာအက်ဖ်အေ 2009-09-13

မြန်မာစစ်အစိုးရက ရှေ့လာမယ့် ၂ဝ၁ဝ ခုနှစ်မှာရွေးကောက်ပွဲ ကျင်းပမယ်လို့ အတည်ပြု ပြောဆိုနေပေမယ့် တိကျရေရာတဲ့ အနေအထားတွေ မတွေ့ရသေးတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဆိုတာ တိတိကျကျ မဆုံးဖြတ်သေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုဌာနချုပ်တွင် ဧပြီ ၂၈ နှင့် ၂၉ရက်က ကျင်းပပြုလုပ်သော ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်သော ပါတီ ခေါင်းဆောင်များ ဖြစ်ပါသည်။ (Photo: AFP)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တင်ပြထားတဲ့ ရွေဂုံတိုင်ကြေညာချက်ပါ ကမ်းလှမ်းချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရက အကြောင်းပြန်ကြားတာမျိုး မရှိသလို လာမယ့် ရွေးကောက်ပွဲဟာလည်း ဘယ်အချိန်ကျင်းပမယ်၊ ဘယ်လိုဥပဒေတွေနဲ့ ကျင်းပမယ်ဆိုတာ ဒီကနေ့အထိ ထုတ်ပြန်ထားတာလည်း မရှိသေးတဲ့အတွက် မဆုံးဖြတ်သေးဘူးလို့ ဆိုပါတယ်။

ဦးဥာဏ်ဝင်း။ ။'ကျနော်တို့ လုံးဝ မဆုံးဖြတ်ရသေးပါဘူး။ ရွေးကောက်ပွဲဟာ ဘယ်တော့ ကျင်းပမှာလဲ၊ ဘယ်ဥပဒေနဲ့ ကျင်းပမှာလဲ၊ ဘာစည်းကမ်းတွေ ရှိသလဲ။ ကျနော်တို့ မသိဘူး၊ ဘယ်သူမှလည်း မသိဘူး။ အဲဒီအခြေအနေမှာ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကို ကျနော်တို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး'

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေဂုံတိုင်ကြေညာစာတမ်းအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရင်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းထဲက အချက်အလက်တချို့ကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရင်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်ဆိုတာမျိုး ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိတာကြောင့် ပြည်သူတွေအတွက် မလိုအပ်တဲ့ ရွေးကောက်ပွဲပါပဲလို့ ရေးသားခဲ့ပါတယ်။

ဒီအတောအတွင်း နေပြည်တော် သတင်းရပ်ကွက်ကလာတဲ့ သတင်းအချို့အရ စစ်အစိုးရက နိုင်ငံရေးပါတီထောင်ဖို့ ပြင်ဆင်နေပြီး အဲဒီ ပါတီရဲ့အမည်ဟာ အမျိုးသားနိုင်ငံရေးပါတီ (မနပ) လို့ အမည်ရကြောင်း၊ ဒီပါတီမှာ ပါဝင်မယ့် ခေါင်းဆောင်တွေ စာရင်းကိုလည်း ပြုစုထားပြီးဖြစ်ကြောင်း၊ အဲဒီစာရင်းမှာ လက်ရှိအစိုးရထဲက ဝန်ကြီးတချို့နဲ့ ခေါင်းဆောင်တချို့ပါဝင်ကြောင်း၊ မကြာခင် ၂ဝ၁ဝ နှစ်ဆန်းပိုင်းလောက်မှာ ကြားဖြတ်အစိုးရ သဘောမျိုးဆန်တဲ့ အစိုးရသစ်ကို ကြေညာနိုင်ကြောင်း၊ ကြံခိုင်ဖွံ့ဖြိုးရေး အသင်းကိုတော့ စစ်အစိုးရ ရဲ့(မနပ) ပါတီ အနိုင်ရရေး ဆောင်ရွက်ပေးရမယ့် အင်အားစုအဖြစ်နဲ့ ဆက်လက် ထားရှိမှာ ဖြစ်ကြောင်း၊ နေပြည်တော်မှာ တည်ဆောက်နေတဲ့ လွှတ်တော် အဆောက်အဦဟာလည်း ၂ဝ၁ဝ နှစ်ကုန်ပိုင်းလောက်မှ ပြီးစီးနိုင်မှာဖြစ်ကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာအက်ဖ်အေ အနေနဲ့ ဒီသတင်းကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မဝင်နဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင် နားထောင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒီနေ့ အဓိက ဦးတည်လုပ်သင့်တဲ့ လုပ်ငန်း

ဒီနေ့ အဓိက ဦးတည်လုပ်သင့်တဲ့ လုပ်ငန်း

(ရဲဘော်ဖိုးသံချောင်း)

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ စစ်အစိုးရဆန့်ကျင်သူတွေဟာ လုပ်ငန်းစဉ်တွေ အမျိုးမျိုး ချမှတ်ကြပါတယ်။ ပါတီအဖွဲ့အစည်းတွေအနေနဲ့ ရော၊ တပ်ပေါင်းစုတွေအနေနဲ့ပါ လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာတာ မကြာခဏ တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီနေ့အခြေအနေ၊ အထူးသဖြင့် သူ့ဖက်ကိုယ့်ဖက် အခြေအနေကို သုံးသပ်တာ အတော်လေး တွေ့ရခဲပါတယ်။ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ တင်ပြနေတာတွေက ပိုများသလားလို့။

သူ့ဖက်ကိုယ့်ဖက် အနေအထား၊ အင်အားကိုတွက်တာ အင်မတန်မှ အရေးကြီးပါ တယ်။ ဒါကို အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို အမှန်အတိုင်း ချမှတ်နိုင် မှာဖြစ်ပါတယ်။ အင်အားချိန်ခွင်လျှာကို တွက်ရာမှာ ရေရှည်သမိုင်းအမြင်နဲ့ လက်ငင်း လက်တွေ့အမြင်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ရေရှည်သမိုင်းအမြင်သဘော ပြောရရင် ပြည်သူလူထုဟာ မုချအောင်ပွဲခံမှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေဟာ မုချကျဆုံး မှာပါ။ ဒါကြောင့်မို့ ကျနော်တို့ဟာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ ပြည်သူလူထုကြီးနဲ့ လက်တွဲ တာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့လက်ငင်းအခြေအနေမှာ ပြည်သူလူထုဟာ အောင်ပွဲမခံနိုင်သေး ပါဘူး။ ဒါ့အပြင် အင်အားလည်း သေးငယ်ပါသေးတယ်။ ကိုယ့်ဖက်က ထိုးစစ်မဆင်နိုင်ဘဲ စစ်အာဏာရှင်တွေက သူတို့ရဲ့လမ်းပြမြေပုံ ကို တောက်လျှောက် အကောင်အထည်ဖော်နေနိုင်တာဟာ ဒီလက္ခဏာပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုမြင်သာအောင် ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ကာလကို ယှဉ်ပြောပါ့မယ်။ ရှစ်လေးလုံးအရေးတော်ပုံကနေ ၉ဝ ခုနှစ် ရွေးကောက်ပွဲအထိကာလဟာ စစ်အစိုးရနဲ့ကိုယ်နဲ့ အင်အား ဆတူလောက်လို့ ပြောနိုင်လိုက်တဲ့ ကာလဖြစ်ပါတယ်။ လှုံ့ဆော်ပြီးဖြစ်နေတဲ့ လူထု၊ လှုပ်ရှားမှုအတွေ့အကြုံရှိနေတဲ့ လူထုနဲ့ ရှေ့တန်းက ပါဝင်ခဲ့သူတွေ အသင့်ရှိနေပါတယ်။ စစ်အစိုးရရဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာလည်း အရေးတော်ပုံရဲ့ ဂယက်ဟာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုရောကိုပါ ထည့်တွက်လိုက်ရင် စစ်ရေးမပါ၊ အတွေးအခေါ်ရေး၊ နိုင်ငံရေးမှာ ကိုယ့်ဖက်က သာနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဗကပ ပြိုကွဲတဲ့အတွက် ဒီချုပ်ကို မထိခိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဗကပ ပြိုကွဲတဲ့ အတွက် စစ်အစိုးရမှာ စစ်ရေး အချိုးအစားအရ အများကြီး သာသွားပါတယ်။ တပ်တွေလည်း အများကြီး အားသွားပါတယ်။ ထိုင်း နယ်စပ်မှာ သူတို့ရဲ့တပ်တွေ အများကြီး တိုးချဲ့နိုင်သွားပါတယ်။

ဗကပပြိုကွဲပေမယ့် နိုင်ငံရေးအရ ပြည်သူတွေဖက်က အသာစီးရနေပါသေးတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက အထင်ရှားဆုံး သက်သေပြခဲ့ပါတယ်။ ပြည်သူလူထုကြီးက မဲပုံအောထည့်ခဲ့တာကိုကြည့်ရင် ပြည်သူလူထုထဲမှာ တိုက်ပွဲစိတ်ဓာတ်တွေ လွှမ်းမိုးဖြိုးဝေ နေဆဲဆိုတာကို ပြနေပါတယ်။ နောက်တပွဲ စမ်းချင်သေးလားဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် အခုအခါမှာ အခြေအနေက အဲဒီလိုမဟုတ်ပါဘူး။ အချိုးအစားအရ သူ့ဖက်က အများကြီး သာနေပါတယ်။ နိုင်ငံရေးခေါင်း ဆောင်တွေကို ထောင်ထဲထည့်ပစ်တာ၊ သစ္စာဖောက်တွေ မွေးထုတ်တာ၊ ခွဲထုတ်တာ၊ ကိုယ့်အတွင်းက ကွဲပြဲတာ၊ တယောက်တပေါက် ပြောနေတာတွေဟာ နအဖအဖို့ အကျိုးရှိသလောက် ရှိနေတယ်ဆိုတာ ဝန်ခံရမှာပါ။ နအဖအဖို့ ချောချောမွေ့မွေ့ မဟုတ်တောင်မှ သူတို့လုပ်ချင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒါဟာ ကိုယ့်ဖက်က အားမရှိလို့ဆိုတာ အထူးပြောစရာမလိုပါဘူး။

ဒီလို အင်အားချိန်ခွင်လျှာကို ပြောင်းလဲမပစ်နိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သတိပြုရပါမယ်။ ကိုယ့်ဖက်က သိသိသာသာကြီး အားနည်းနေရင် လူထုကိုလည်း လှုပ်နှိုးနိုင်မှာမဟုတ်ပါဘူး။ ထိရောက်တဲ့ လှုပ်ရှားမှုကြီးတွေလည်း ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အခုလို အနေအထားမှာ နအဖကို အပြတ်အလဲ ထိုးနိုင်မယ့် တိုက်ပွဲကြီး သူ့အလိုလို ပေါ်လာမယ်လို့ မျှော်လင့်လို့မရပါဘူး။ စက်တင်ဘာ သံဃာ့အရေးအခင်းဟာ မထင်တဲ့နေရာက မထင်ဘဲ ပေါ်ထွက်လာတာဆိုတော့ နအဖရော အတိုက်အခံတွေပါ ပြင်ဆင်မှုမရှိ၊ အလစ် အငိုက် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အတိုက်အခံတွေအဖို့ တိုက်ပွဲကို တခြားနယ်ပယ်တွေထဲ မတိုးချဲ့နိုင်ခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ သံဃာတော်တွေဟာ အထီးကျန် တိုက်ပွဲဝင်ရသလို ဖြစ်သွားခဲ့ပါတယ်။ တန်ဖိုးမသေးတဲ့ သင်ခန်းစာပါ။

ပြည်သူလူထုက စားဝတ်နေရေးထဲ နစ်နေတယ်၊ ကြောက်နေတယ်ဆိုတာဟာ ယာယီကိစ္စ ဖြစ်ပါတယ်။ ၁၉၈၇-၈၈ ကာလတွေ တုန်းကလည်း ပြည်သူလူထုရဲ့ စီးပွားရေးအခြေအနေဟာ မကောင်းပါဘူး။ ငွေစက္ကူတွေ အလဟဿဖြစ်ကုန်ရတဲ့ အမှောင့်ကြောင့် ပိုဆိုးနေတဲ့အချိန်ပါ။ ဒီလို ပြောနည်းရဲ့ လောဂျစ်အတိုင်းဆိုရင် လူတွေဟာ စားဝတ်နေရေးပြေလည်မှ နိုင်ငံရေးလုပ်ကြမှာလိုလို၊ လမ်းပေါ်ထွက် ဆန္ဒပြကြမှာလိုလို ဖြစ်နေပါတယ်။ မဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်မယ့် လူတွေကသာ ပြည်သူလူထုကို တကယ်တမ်း သဘောပေါက်အောင်၊ တကယ်ယုံကြည်လာအောင် ရှေ့ဆောင်လမ်းပြလုပ်နိုင်မယ်ဆိုရင် အိမ်ရှင်မတွေတောင်မှ ငြုတ်ဆုံနဲ့ တံမြက် စည်းကို အောက်ချပြီး လမ်းပေါ်ကို ထွက်လာကြမှာပါ။ ကိုယ့်ဖက်က ပြင်ဆင်တာ၊ လုပ်ကိုင်တာမကောင်းတာကို ပြည်သူလူထုအပေါ် ပုံချလို့ အဖြေမထွက်ပါဘူး။ ပြည်သူလူထု နားလည်သဘောပေါက်အောင်၊ ပါဝင်ချင်အောင် ကိုယ်က လုပ်မပြ၊ ပြောမပြနိုင်တာဟာ ကိုယ့်ရဲ့ ပြဿနာ ဖြစ်ပါတယ်။ ရှစ်လေးလုံးတုန်းက လူထုကြီးပါလာတာဟာ ရှေ့ကလုပ်ပြတဲ့ လူတွေ များလို့ဖြစ်ပါတယ်။ ပြောတာ သက်သက်နဲ့ မဖြစ်ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို မလိုလားသူတွေအဖို့ ဒီနေ့ အဓိကလုပ်ရမယ့် လုပ်ငန်းဟာ အင်အား အချိုးအစား ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ အင်အားအချိုးအစား ပြောင်းလဲရေးဆိုတာမှာ ပြည်တွင်းမှာ အင်အားအချိုးအစား ပြောင်းလဲ ရေးကို ပြောတာပါ။ ပြည်ပမှာကတော့ အခုတောင်မှ ကိုယ့်ဖက်က အရေအတွက်အရရော၊ နိုင်ငံရေးအရရော အများကြီး သာလွန်နေ တာပဲ။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူး မဟုတ်ပါလား။

ကိုယ့်တိုင်းပြည်ကြမ္မာကို ကိုယ့်လက်ထဲမှာထား၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဖန်တီးဖို့ သိပ်အရေးကြီးပါတယ်။ သူတပါးနိုင်ငံက၊ ပြည်ပက ပါဝင်ဖြေရှင်းတာဟာ အကျင့်ပါတတ်ပါတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့လို့ အခုအထိ ကိုယ့်ပြည်တွင်းရေးကိစ္စတွေ ဖြေရှင်း၊ လုပ်ကိုင် ရာမှာ ပြည်ပနိုင်ငံတွေ ကန့်လန့်ပါနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြား တွေ့နေရဆဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ကြာတော့ ပိုရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။

ပြည်ပအကူအညီဆိုတာ မလိုအပ်ဘူးမဟုတ်၊ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီနေ့ ကာလလိုအခါမှာ ကိုယ့်အတွက်အကျိုးရှိရင် လက်ခံရ မှာပါ။ ဒါပေမယ့် ဒါကို အဓိကအခန်း မပို့မိဖို့ သိပ်သတိထားရပါမယ်။ နောက်ပြီး ပြည်ပအကူအညီဆိုတာဟာ ကိုယ်က တောင်းချင်တိုင်း တောင်းလို့ရတာမဟုတ်၊ သူတို့က သူတို့နိုင်ငံအတွက် အကျိုးရှိတယ်ထင်မှ ပေးတယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ တဆက်ထဲမှာ ပြည်ပ အကူအညီ လျော့နည်းသွားလို့ စိတ်ပျက်တာ၊ များလာလို့ အားတက်တာ စသဖြင့် မဖြစ်သင့်ပါဘူး။ ဒီတကွေ့မှာ နိုင်ငံတကာ အခြေ အနေဟာ ဘာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကိုယ့်တပ်ကိုယ် ပြင်ဆင်ထားဖို့လိုသလို ရှေ့ခြေလှမ်းကို ပြည်တွင်းဖက် သေချာ ဦးတည်ထားဖို့ လိုပါတယ်။

ပြည်တွင်းမှာ ကိုယ့်အင်အားတွေ တိုးပွားသလား၊ ဆုတ်ယုတ်သလားဆိုတာသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အရေးတော် ပုံကို ဒီအချက်က အဆုံးအဖြတ်ပေးမှာပါ။ ဒါကြောင့် အခြေအနေကို ရဲရဲကြည့်ပါ။ အမှန်ကို ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။ အခြေအနေ မှန်ပေါ် ကနေ လုပ်ငန်းချမှတ်ပါ။ လက်တွေ့လည်းလုပ်ပါ။

ရဲဘော် ဖိုးသံချောင်း

မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါသည်။


အပြည့်အစုံ ဖတ်ရန် ...