Sunday, September 13, 2009

ရွေးကောက်ပွဲဝင်ရေး မဝင်ရေး NLD မဆုံးဖြတ်သေး၊ စစ်အစိုးရဘက်က အစိုးရသစ်၊ ပါတီသစ် ကြေညာနိုင်

ရွေးကောက်ပွဲဝင်ရေး မဝင်ရေး NLD မဆုံးဖြတ်သေး၊
စစ်အစိုးရဘက်က အစိုးရသစ်၊ ပါတီသစ် ကြေညာနိုင်

အာအက်ဖ်အေ 2009-09-13

မြန်မာစစ်အစိုးရက ရှေ့လာမယ့် ၂ဝ၁ဝ ခုနှစ်မှာရွေးကောက်ပွဲ ကျင်းပမယ်လို့ အတည်ပြု ပြောဆိုနေပေမယ့် တိကျရေရာတဲ့ အနေအထားတွေ မတွေ့ရသေးတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူးဆိုတာ တိတိကျကျ မဆုံးဖြတ်သေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုဌာနချုပ်တွင် ဧပြီ ၂၈ နှင့် ၂၉ရက်က ကျင်းပပြုလုပ်သော ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်သော ပါတီ ခေါင်းဆောင်များ ဖြစ်ပါသည်။ (Photo: AFP)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တင်ပြထားတဲ့ ရွေဂုံတိုင်ကြေညာချက်ပါ ကမ်းလှမ်းချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရက အကြောင်းပြန်ကြားတာမျိုး မရှိသလို လာမယ့် ရွေးကောက်ပွဲဟာလည်း ဘယ်အချိန်ကျင်းပမယ်၊ ဘယ်လိုဥပဒေတွေနဲ့ ကျင်းပမယ်ဆိုတာ ဒီကနေ့အထိ ထုတ်ပြန်ထားတာလည်း မရှိသေးတဲ့အတွက် မဆုံးဖြတ်သေးဘူးလို့ ဆိုပါတယ်။

ဦးဥာဏ်ဝင်း။ ။'ကျနော်တို့ လုံးဝ မဆုံးဖြတ်ရသေးပါဘူး။ ရွေးကောက်ပွဲဟာ ဘယ်တော့ ကျင်းပမှာလဲ၊ ဘယ်ဥပဒေနဲ့ ကျင်းပမှာလဲ၊ ဘာစည်းကမ်းတွေ ရှိသလဲ။ ကျနော်တို့ မသိဘူး၊ ဘယ်သူမှလည်း မသိဘူး။ အဲဒီအခြေအနေမှာ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကို ကျနော်တို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး'

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေဂုံတိုင်ကြေညာစာတမ်းအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရင်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းထဲက အချက်အလက်တချို့ကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရင်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်ဆိုတာမျိုး ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိတာကြောင့် ပြည်သူတွေအတွက် မလိုအပ်တဲ့ ရွေးကောက်ပွဲပါပဲလို့ ရေးသားခဲ့ပါတယ်။

ဒီအတောအတွင်း နေပြည်တော် သတင်းရပ်ကွက်ကလာတဲ့ သတင်းအချို့အရ စစ်အစိုးရက နိုင်ငံရေးပါတီထောင်ဖို့ ပြင်ဆင်နေပြီး အဲဒီ ပါတီရဲ့အမည်ဟာ အမျိုးသားနိုင်ငံရေးပါတီ (မနပ) လို့ အမည်ရကြောင်း၊ ဒီပါတီမှာ ပါဝင်မယ့် ခေါင်းဆောင်တွေ စာရင်းကိုလည်း ပြုစုထားပြီးဖြစ်ကြောင်း၊ အဲဒီစာရင်းမှာ လက်ရှိအစိုးရထဲက ဝန်ကြီးတချို့နဲ့ ခေါင်းဆောင်တချို့ပါဝင်ကြောင်း၊ မကြာခင် ၂ဝ၁ဝ နှစ်ဆန်းပိုင်းလောက်မှာ ကြားဖြတ်အစိုးရ သဘောမျိုးဆန်တဲ့ အစိုးရသစ်ကို ကြေညာနိုင်ကြောင်း၊ ကြံခိုင်ဖွံ့ဖြိုးရေး အသင်းကိုတော့ စစ်အစိုးရ ရဲ့(မနပ) ပါတီ အနိုင်ရရေး ဆောင်ရွက်ပေးရမယ့် အင်အားစုအဖြစ်နဲ့ ဆက်လက် ထားရှိမှာ ဖြစ်ကြောင်း၊ နေပြည်တော်မှာ တည်ဆောက်နေတဲ့ လွှတ်တော် အဆောက်အဦဟာလည်း ၂ဝ၁ဝ နှစ်ကုန်ပိုင်းလောက်မှ ပြီးစီးနိုင်မှာဖြစ်ကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာအက်ဖ်အေ အနေနဲ့ ဒီသတင်းကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မဝင်နဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ကိုဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင် နားထောင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။