Friday, June 26, 2009

လှိုဏ်ခေါင်းသတင်းကြောင့် ထောက်လှမ်းရေးများ၊ သတင်းများကို စစ်ဆေးနေ

လှိုဏ်ခေါင်း သတင်းကြောင့် ထောက်လှမ်းရေးများ၊ သတင်းများကို စစ်ဆေးနေ

အပြည့်အစုံ ဖတ်ရန် ...

ရဲချုပ် ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ

ရဲချုပ် ရှင်းလင်းချက် ဥပဒေနှင့်မညီဟု သုံးသပ်နေကြ

Friday, 26 June 2009 16:52
အောင်သက်ဝိုင်း


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီအနေနှင့် ဒေါ်အောင်ဆန်းစုကြည် တရားခွင်နှင့် ပတ်သက်ပြီး တဖက်သတ် ပြောဆို၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ရန်ကုန်အထက်တန်း ရှေ့နေတဦးက သုံးသပ်သည်။

မစ္စတာဂျွန်ယက်ထော ယူလာသည့် ဝတ်စုံကို သတင်းစာရှင်းလင်းပွဲ၌ သရုပ်ပြ ဝတ်ဆင်ထားစဉ်

“တရားလို စစ်အစိုးရအနေနဲ့ တရားပြိုင် ဒေါ်အောင်ဆန်းစုကြည် ပြစ်မှုကျူးလွန်တယ် ဆိုပြီး တရားရုံးက မဆုံးဖြတ်ရသေးခင် လူအများကို ခင်းကျင်းပြသ ရှင်းလင်းတာဟာ တရားဥပဒေနဲ့ မညီဘူး။ တဖက်သတ် ပြောကြားချက်တွေ ဖြစ်နေတယ်” ဟု ထိုရှေ့နေက ဆိုသည်။

အမှုအပြီးသတ် အမိန့်မချခင်တွင် တရားပြိုင်ကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲ၍ မရနိုင်ကြောင်းလည်း ထိုရှေ့နေက ပြောသည်။

ယမန်နေ့က ရန်ကုန်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ ဂျွန် ဝီလျံ ယက်ထောက ဒေါ်အောင်ဆန်း စုကြည်ကို လက်ဆောင်ပေးသည်ဆိုသော အစ္စလာမ် အမျိုးသမီးဝတ် ၀တ်စုံကို ရဲမေတစ်ဦးက ၀တ်ဆင်ပြပြီး ထိုဝတ်စုံကို ဗုဒ္ဓဘာသာဝင် ဒေါ်အောင်ဆန်းစုကြည်က အဘယ်ကြောင့် လက်ခံခဲ့သနည်းဟူ၍ မေးခွန်းထုတ် ခဲ့သည်။

မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို နေအိမ်တွင် လက်ခံကျွေးမွေးခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည့်ပုံစံမျိုးဖြင့် စုံစမ်းစစ်ဆေး ဖော်ထုတ်ချက်များကို ကိုးကားပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ၀င်ရောက်ပြီးနောက် လက်ဆောင်အဖြစ် ပေးခဲ့သော အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသည့် အနက်ရောင်အင်္ကျီ ၂ ထည်၊ စကတ် ၂ ထည်၊ မျက်နှာအုပ်ပုဝါ ၂ ထည်၊ မျက်မှန် ၃ လက် တို့ကို မိမိတို့ကောင်းမွန်စွာ သိရှိပြီးဖြစ်သည့် အမျိုးသမီးနှစ်ဦးအား
ဝတ်ဆင်ခိုင်းခဲ့ရာ လုံးဝမမှတ်မိကြောင်း ရဲချုပ်ခင်ရီက သတင်းစာ ရှင်းလင်းပွဲတွင် ဆက်လက် ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင်ပြသထားသော ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်း ဂျွန်ယက်ထော အိပ်သည်ဆိုသည့် အိပ်ရာ ဓာတ်ပုံ


မစ္စတာယက်ထောသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကြောင်း၊ သာမန်အားဖြင့် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ လက်ဆောင်ပေး ကြမည်ဆိုပါက ခရစ်ယာန်ဘာသာကိုယ်စားပြု သမ္မာကျမ်းစာအုပ်၊ ယေရှုလက်ဝါးကပ်တိုင် သို့မဟုတ် တခြား ဆီလျော်ရာ ပစ္စည်းတစ်ခုခုကိုဖြစ်စေ၊ ဗုဒ္ဓရုပ်ပွားတော်၊ စိတ်ပုတီး သို့မဟုတ် တခြားဆီလျော်ရာ ပစ္စည်း တခုကို ဖြစ်စေ အမှတ်တရ အပြန်အလှန် ပေးအပ်ရမည်ဖြစ်သော်လည်း အစ္စလာမ်ဝတ်စုံကို လက်ဆောင်အဖြစ် ပေးခြင်း မှာ စဉ်းစားဖွယ် ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ မစ္စတာ ၀ီလျံ ယက်ထောက ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ဦးနှစ်ဘက်အကြား ဘာမှပတ်သက်ဆက်စပ်ခြင်းမရှိတဲ့ အစ္စလာမ် အမျိုးသမီးဝတ်စုံကို လက်ဆောင် ပေးခဲ့တယ်။ ဒါဟာ ဘာရည်ရွယ်ချက်နဲ့ ပေးခဲ့တယ်ဆိုတာ စဉ်းစားစရာပါပဲ” ဟု ရဲချုပ်ခင်ရီက မေးခွန်းထုတ် သည်။

ယခုကဲ့သို့ စစ်အစိုးရက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပြစ်ရှိကြောင်း ပြောဆိုခြင်းကို ကြည့်လျှင် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ် အရေးယူမည်ဆိုသည့်အချက်ကို ထင်ရှားစေ ပြီး မြန်မာနိုင်ငံတွင် ဥပဒေ၏အထက်၌် စစ်ဗိုလ်ချူပ်ကြီးများ ရှိနေသည်ကို ပြသနေသည်ဟု အထက်တန်း ရှေ့နေက ဆိုသည်။

ထို့ပြင် မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်နေအိမ် မ၀င်ရောက်မီ NCGUB မှ ဒေါက်တာ နိုင်အောင်၊ AAPP မှဘိုကြည်၊ ဇော်ထွန်း နှင့် တိတ်နိုင်၊ လူ့ဘောင်သစ်ပါတီမှ ဝေလင်း၊ ABSFU - AFC မှ မင်းနိုင်တို့အပြင် ဇင်မောင်၊ ကျော်ဝင်း အောင်ဒင်တို့နှင့် တွေ့ဆုံခဲ့ပြီး မယ်တော်ဆေးခန်းသို့လည်း ၁၀ ကြိမ် သွားရောက် ဖူးကြောင်း၊ ထို့ကြောင့် မစ္စတာယက်ထောကို ငွေပုံအောပေးပြီး ကြိုးကိုင်ခိုင်းစေသူ များရှိနေသည်ဟု ဆိုနိုင်ပြီး ကြိုးကိုင်ခိုင်းစေသူများနှင့် အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက ပြောသည်။
မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ၀င်ရောက်ခဲ့သည့် လမ်းကြောင်းများကို စစ်ဆေး ကြည့်သောအခါ တက္ကသိုလ်ရိပ်သာလမ်း၊ ကိုရီးယားသံရုံးအနီးရှိ အင်းလျားကန်အတွင်းသို့ ရေထုတ်သည့် မြောင်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ညတွင် ၀င်ထွက်ခဲ့ခြင်းနှင့် ၂၀၀၉ ခုနှစ် မေလ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ၀င်ရောက်ရာတွင် အသုံးပြုခဲ့သော်လည်း မေလ ၅ ရက်နေ့ ဒေါ်အောင်ဆန်း စုကြည်အိမ်မှ အပြန်ခရီးတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ဖမ်းမိနိုင်သော ကိုက် ၃၀၀၀ ကျော် အင်းလျားကန် ရေပြင်ကို အလျားလိုက် ဖြတ်ကူးအသုံးပြုခဲ့ခြင်းမှာလည်း သံသယဖြစ်ဖွယ်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက သုံးသပ်သည်။

မစ္စတာယက်ထော ရုပ်ဖျက်ထားပုံကို သတင်းစာရှင်းလင်းပွဲ၌ ဤသို့ ပြသထားသည်


“မစ္စတာယက်ထောက သူ ၃ ကြိမ်လုံးအသုံးပြုခဲ့တဲ့ အန္တရာယ်ကင်းရှင်းတဲ့ လမ်းကြောင်းက ပြန်မထွက်ဘဲ လုံခြုံရေးအတွက် စိတ်မချရတဲ့ ရေပြင်အကွာအဝေးအားဖြင့် ကိုက် ၃၀၀၀ ကျော် ရှည်လျားတဲ့၊ ကူးခတ်ဖို့ ခက်ခဲတဲ့ အင်းလျားရေပြင်ကို အလျားလိုက်ဖြတ်ကူးတယ်။ ဒါဟာ မထူးဆန်းဘူးလား။ ဒီပြဿနာ မပေါ်ပေါ်အောင် တမင်လုပ်တာ ဖြစ်တယ်လိုများ မထင်ဘူးလား” ဟု ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။

မစ္စတာ ယက်ထောက အင်းစိန်ထောင် အထူးတရားရုံးတွင် ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည် အိမ် ၀င်ရောက်စဉ်က ရဲများနှင့်တွေ့ရှိပြီး ၎င်းကို ခဲများဖြင့် ပစ်ပေါက်သည်ဟု ထွက်ဆိုထားခြင်းနှင့် ပတ်သက်သည့် မေးမြန်းမှုကိုမူ ရဲချုပ်က ပြန်လည်ဖြေကြားခြင်းမပြုဘဲ နေခဲ့သည်ဟု သိရှိရသည်။

“မစ္စတာယက်ထောက သူဒေါ်အောင်ဆန်းစုကြည်အိမ် သွားတုန်းက ရဲတွေနဲ့ တွေ့ခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုပေခဲ့မယ့် ဒီထွက်ဆိုချက်အပေါ် သတင်းထောက်တွေက မေးတော့ ရဲချုပ်က ဘာမှပြန်မဖြေဘူး” ဟု သတင်းထောက် တဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် တရားခွင်အမှုနှင့်စပ်လျဉ်း၍ သံတမန်များ၊ သတင်းထောက်များက အသေးစိတ် အချက်အလက်များ ရဲချုပ်ကို မေးမြန်းသော်လည်း ရဲချုပ်က ထိုမေးမြန်းချက် အများစုသည် တရားရုံးနှင့်သာ သက်ဆိုင်ပြီး မဖြေနိုင်ကြောင်း ပြောဆိုသည်ဟုလည်း သိရှိရသည်။

“ဗိုလ်မှူးချုပ်ခင်ရီက သူပြောချင်ရာကို ခေါ်ပြောတဲ့သဘောပဲ။ ဘာမှထူးထူးခြားခြား သိပ်မေးလို့ မရဘူး” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည် နိုင်ငံခြားသံရုံးမှ မြန်မာဝန်ထမ်းတဦးက ပြောသည်။

မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, June 25, 2009

ရန်ကုန်တွင် A/H1 N1 တုပ်ကွေး ဖြစ်ပွားနေဟု သတင်းများပျံ့နှံ့

ရန်ကုန်တွင် A/H1 N1 တုပ်ကွေး ဖြစ်ပွားနေဟု သတင်းများပျံ့နှံ့

NEJ / ၂၅ ဇွန် ၂၀၀၉


မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားနေသည်ဟူသော သတင်းများ ယမန်နေ့ကစ၍ ပျံ့နှံ့လျက်ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

A/H1 N1 တုပ်ကွေးရောဂါ သံသယဖြစ်ဖွယ် ဝေဒနာရှင်တဦးကို တွေ့ရှိရပြီးသည့်နောက် သတင်းစတင်ပေါက်ကြား ရာမှ ပြည်သူများကြား ယင်းသို့ သတင်းများ ပျံ့နှံ့နေခြင်းဖြစ်သည်။

အဆိုပါဝေဒနာရှင်သည် ရန်ကုန်ဆေးရုံကြီး၊ ရောဂါထိန်းချုပ်ရေးသီးသန့် လူနာခန်းတွင် ဇွန် (၂၂) ရက်၌ ဆေးကုသမှု ခံယူခဲ့ကြောင်း ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။

ရောဂါဖြစ်သည်ဟု သံသယဖြစ်ခံရသူမှာ အိန္ဒိယနိုင်ငံသား အမျိုးသားတဦးဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူထားသော ပညာရှင်တဦးဖြစ်ကာ မြန်မာနိုင်ငံသို့ မလာရောက်မီ A/H1 N1 တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိသော ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှ နေထိုင်ခဲ့သူဖြစ်ကြောင်း ဇွန်(၂၆) ရက်နေ့စွဲဖြင့် ယနေ့
ကြာသပတေးနေ့တွင် ဖြန့်ချိသည့် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တခုမှ အယ်ဒီတာတဦးကမူ “ကျနော်တို့လည်းကြားတာပဲ။ ဆေးရုံကြီးကို ဖုန်းနဲ့မေးတော့ ဆေးရုံတက်တယ်ဆိုတာ ဟုတ်တယ်တဲ့။ ဆေးရုံက ဆင်းသွားပြီလား၊ မဆင်းသေးဘူးလားဆိုတာ မေးတော့ မပြောတတ်ဘူးလို့ ပြောတယ်ဗျ” ဟု ပြောသည်။

ယင်းသတင်းကြောင့် လူအများကြောက်ရွံ့နေကြပြီး အဆိုပါရောဂါဖြစ်ပွားပါက ကူးစက်မှုနှုန်းမြန်သည်ဟူ၍ ရောဂါလက္ခဏာများအကြောင်း ရေးသားဖော်ပြချက်များကြောင့် တဦးနှင့်တဦး သတင်းများလက်ဆင့်ကမ်း ပြောဆိုနေကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းနေ အိမ်ရှင်မတဦးက “ကျမတို့နေတာက ဒဂုံဆိုတော့ ဘာမှမသိရဘူး။ ဘာဖြစ်လို့ဖြစ်နေမှန်း ကို မသိတာ။ ဒါကြောင့် ရန်ကုန်မြို့ထဲမှာ ဆေးခန်းဖွင့်ထားတဲ့ အသိအိမ်ကို သွားမေးရတယ်။ ဒါနဲ့ သူတို့က ပြောတယ်။ ရန်ကုန်မှာ ၀က်တုပ်ကွေးဖြစ်ပြီတဲ့လေ။ ကြားကြားချင်းတော့ လန့်သွားတာပဲ။ အမလေး ကျမတို့အိမ်က ၀က်သားဆိုရင် အလွန်ကြိုက်ပဲ” ဟု ပြောသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, June 24, 2009

မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ

မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးလျှို့ဝှက်ချက်များ

Wednesday, 24 June 2009 17:08 အောင်ဇော်

ခေတ်သစ် ဒုံးပျံ ဆိုင်ရာ နည်းပညာများ ရရှိရန် နှင့် သမားရိုးကျ လက်နက်များကို အဆင့်မြှင့်ရန် အသည်း အသန် ကြိုးပမ်းနေသည့် မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်ချက်များမှာ လျှို့ဝှက် ကိစ္စ တခု မဟုတ်တော့ပါ။ သို့သော်လည်း သည်အတိုင်း လွှတ်ထားပါက ဒေသဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက်လာဖွယ် ရှိနေသည်ဟု သုံးသပ်ရပေလိမ့်မည်။


ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ ပြုံယမ်းရှိ ကာကွယ်ရေး ဝန်ကြီးဌာန ရုံးတွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေကြပုံ


သမိုင်းကြောင်းအရ အဓိက ရန်သူ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံမှ တပ်မတော် ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံတွင် တာတို နှင့် တာလတ်ပစ် ဒုံးပျံများ ပိုင်ဆိုင်လာသည်ကို မြင်လိုဖွယ် မရှိကြပေ။ သို့ဆိုလျှင်တော့ သူတင်း၊ ကိုယ်တင်း ဒေသတွင်း လက်နက် အင်အား ဖြည့်တင်း ပြိုင်ဆိုင်ပွဲများလည်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ထို့အပြင် မြန်မာစစ်ဗိုလ်ချုပ်များက အနောက်နိုင်ငံများကို စိုးရိမ် ကြောက်ရွံ့နေစိတ်ကလည်း နာတာရှည် ရောဂါသဖွယ် ရှိနေရာ၊ ပြီးခဲ့သည့်နှစ်က ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် လေဘေးသင့် ဒုက္ခသည်များကို အကူ အညီများ ပေးပို့နိုင်ရေးအတွက် မြန်မာ့ ရေပိုင်နက်အနီးတွင် နိုင်ငံခြား ရေတပ် စစ်သင်္ဘောများ ဆိုက်ရောက်လာသည်မှ စ၍ ပို၍ အဖြစ်သည်းလာခဲ့သည်။

ထိုအချိန်မှ စ၍ မြန်မာ စစ်ခေါင်းဆောင်များက ပြင်ပ ခြိမ်းခြောက်မှု ရန်ကို ကာကွယ်နိုင်ရေးအတွက် တာလတ်ပစ် ဒုံးပျံများ၊ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ၊ ရေဒါစနစ်များ ရရှိရန် ကြိုးပမ်းလာခဲ့ကြသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည်ပင် မြောက်ကိုရီးယား နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလတွင် လျှို့ဝှက် ခရီး သွားရောက်ခဲ့သည်။ အထက်ဖော်ပြပါ ခေတ်ပေါ် လက်နက်များသည် သူ၏ ဝယ်ယူရမည့် ပစ္စည်း စာရင်းတွင် ပါဝင်နေမည်ကတော့ အသေအချာပင်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်းက တရုတ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာခရီး သွားရောက်ခဲ့သည်။

မြောက်ကိုရီးယား နှင့် မြန်မာစစ်ခေါင်းဆောင်များ

အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး၊ တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အဏုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြသည်။

ဗိုလ်ချုပ်ရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ အခြား အဆင့်မြင့် အရာရှိများ ပါဝင်ကြသည်။ သေချာသည်မှာ ဤကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပို၍ ခိုင်မာစွာ ဆက်ဆံပြီး မဟာမိတ်ဖွဲ့ရန်ပင် ဖြစ်သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြပြီး၊ မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့တည်းမဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးပျံများ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်။

အနာဂတ်တွင် မြန်မာ့တပ်မတော်ကို ဆက်လက် ဦးဆောင်မည့်သူဟု သတင်း ထွက်နေသည့် ဗိုလ်ချုပ်ရွှေမန်းက ၇ ရက်ကြာ ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။

ဤကိုယ်စားလှယ်အဖွဲ့က ပြုံးယမ်းမြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ ဒုံးကျည် ထုတ်လုပ်နေမှုများကိုလည်း လေ့လာကြသေးသည်။ ၁၉၈ဝ ပြည့်နှစ်များ နှောင်းပိုင်းမှစ၍ မြောက်ကိုရီးယားက အီရန်၊ ဆီးရီးယားနှင့် အီဂျစ်နိုင်ငံများသို့ စကဒ် ဒုံးကျည်များ၊ ဒုံးကျည် ထုတ်လုပ်သည့် နည်းပညာများကို ပေးပို့ရောင်းချခဲ့သည်ဟု ယူဆရပေသည်။

D အမျိုးအစား စကဒ်ဒုံးကျည် (SCUD-D) က ကီလိုမီတာ ၇ဝဝ အကွာအဝေးသို့ ပစ်ခတ်နိုင်ပြီး၊ E အမျိုးအစား စကဒ်ဒုံး (SCUD-E) က ကီလိုမီတာ ၁၅ဝဝ အထိ ပစ်ခတ်နိုင်သည်။ သို့ဆိုလျှင် ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို မြန်မာစစ်အစိုးရက ကောင်းစွာ ခြိမ်းခြောက်ထားနိုင်လိမ့်မည် ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ယခုအခါ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်း အနည်းဆုံး ၆ ခု တပ်ဆင် နေရာချထားပြီး ဖြစ်သည် ဟုလည်း ယုံကြည်ရသည်။

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်များက တာတိုပစ် ၁ဝ၇ မမ နှင့် ၂၄ဝ မမ ဒုံး အများအပြားကို တပြိုင်နက် ပစ်လွှတ်နိုင်သည့် ပစ်စင်များ၊ နိုင်ငံရပ်ခြားမှ ကျူးကျော်လာပါက ခုခံနိုင်မည့် အထွေထွေသုံး ဒုံးကာကွယ်ရေး စနစ်များကိုလည်း စိတ်ဝင်တစား လေ့လာမှု ပြုခဲ့ကြသည်ဟု လေ့လာ သုံးသပ်သူများက ဆိုကြသည်။

ထို့အပြင် ၎င်းတို့ အထူး စိတ်ဝင်စားခဲ့ကြသည်မှာ ခြေလျင်တပ်ရင်းများတွင် တွဲဖက်သုံးနိုင်သော တင့်ကားဖျက် လေဆာ ပဲ့ထိန်း နည်းပညာသုံး နောက်ဆုံးပေါ် ဒုံးကျည်များ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို ကုန်ဖလှယ်သည့်စနစ်ဖြင့် ဝယ်ယူခဲ့ကြပြီး ဖြစ်သည်ဟုလည်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဆိုင်ရာ လေ့လာသုံးသပ်သူများက ဆိုနေကြသည်။

စစ်အစိုးရခေါင်းဆောင်များက D အမျိုးအစား စကဒ် ဒုံးကျည်များ၊ သို့မဟုတ် ၎င်းထက် ပြင်းအား များပြီး ကီလိုမီတာ ၃ဝဝဝ မျှ ပြေးနိုင်သည့် F အမျိုးအစား စကဒ် ဒုံးကျည်(SCUD-F) များ မှာယူထားခြင်း ရှိမရှိကိုမူ အတိအကျ မသိနိုင်ပါ။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် ဆိုပါက ဤမျှ အဆင့်မြင့်သည့် လက်နက်များ မလိုအပ်ပါ။ သို့သော်လည်း မြန်မာနိုင်ငံက ဒုံးကျည်များ၊ ရေဒါများ၊ လေကြောင်း ကာကွယ်ရေး အေဝက် AWAC စနစ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး ဟန့်တား နှောင့်ယှက်သည့် စက်များ (GPS communication jammers)၊ ရှာဖွေ ရေး ရေဒါများ ရလိုသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက ခံစစ်အတွက်ရော၊ ထိုးစစ်အတွက်ပါ ပြင်ဆင်နေသည်မှာ သိသာပါသည်။

သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် မြန်မာနိုင်ငံက အနောက်နိုင်ငံများမှ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဟော်လန် အပါအဝင် ဥရောပနိုင်ငံ တချို့ ထံမှ လက်နက်ငယ်များ၊ ဂျက်တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ ဝယ်ယူ ဖြည့်တင်းခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုအပေါ် အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရပြီး၊ စစ်တပ်ကို ခေတ်မီစေရန် ပြုပြင်ရေးအတွက် လက်နက်၊ ခဲယမ်းများကို တခြား ရနိုင်သည့် နေရာများမှ အငမ်းမရ ရှာဖွေ စုဆောင်းခဲ့သည်။ တရုတ်နိုင်ငံမှ ဂျက်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူခဲ့သော်လည်း၊ အရည် အသွေး နိမ့်ခြင်း နှင့် ဝယ်ယူပြီး နောက်ပိုင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်း တို့ကြောင့် အခြား လက်နက်များ ဝယ်ရန် ဈေးကွက်ကိုလည်း ရှာဖွေနေခဲ့သည်။

ယခင်က ရုရှားနိုင်ငံလုပ် "ပီချိုရာ" (Pechora) လေကြောင်းရန် ကာကွယ်ရေးစနစ်မျိုး ဝယ်ယူခဲ့ဖူးပြီး၊ မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်များလည်း ဝယ်ယူခဲ့သည်။ လေ့လာသူများအဆိုအရ ရုရှားနိုင်ငံက မြန်မာစက်မှု ပညာရှင်များကို နည်းပညာဆိုင်ရာ လေ့ကျင့်ပေးမှုများ၊ ဘာသာစကား သင်တန်းများ ပို့ချခဲ့သည်။

စစ်အစိုးရက ၎င်း၏ စစ်ရေးစွမ်းရည် ပိုမို တိုးတက်လာစေရန် ဆက်လက် ဖြည့်တင်းနေပြီး၊ နိုင်ငံ၏ အဖိုးတန်သည့် နိုင်ငံခြား အရံငွေများကို သုံးပြီး တပ်မတော်ကို ခေတ်မီ တိုးတက်စေရန် ကြံဆောင်နေသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ခေတ်ပေါ်လက်နက် အသစ် အဆန်းများကို ပို၍ ဝယ်ယူ ဖြည့်တင်းနေသည်။

ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက ၂ဝဝ၆ ခုနှစ်၊ ဧပြီလအတွင်း မော်စကိုသို့ သွားခဲ့ရာတွင် သူက ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် မစ်ခေးလ် ဖရက်ကော့ဖ် (Mikhail Fradkov) ကို ရုရှားလုပ် မစ်၂၉ (MiG-29) ဂျက်တိုက်လေယာဉ်များ ပိုမို ဝယ်ယူရန် ဆန္ဒရှိနေကြောင်း ပြောခဲ့သေးသည်။ (ယခင်ဝယ်ယူပြီး မစ် ၂၉ လေယာဉ် ၁၂ စီးအပြင် ထပ်၍ ဝယ်ရန် စိုင်းပြင်းနေခြင်း ဖြစ်သည်။) ထို့အပြင် တပတ်ရစ် အမ်အိုင် ၁၇ (MI-17) ရဟတ်ယာဉ်များလည်း ဝယ်ယူလိုသည်ဟု ပြောခဲ့သေးသည်။

မော်စကို ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးမောင်အေးက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တာတိုပစ် ပဲ့ထိန်းဒုံးစနစ်ကို ရုရှားနိုင်ငံ၏ အကူအညီနှင့် တည်ဆောက်လိုသည်ဟု ဆိုခဲ့သည်။

စိတ်ဝင်စားဖွယ်အချက်မှာ တချို့သော လေ့လာသူများ အဆို အရ ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်ရှိ မြေအောက်ရထားစနစ်ကိုလည်း လေ့လာခဲ့သည်။ သဘောတရားအရ ပြောမည်ဆိုလျှင် မြေအောက်ရထား စနစ်က မြို့ပြဒေသများတွင် ပဋိပက္ခ စစ်ပွဲ ကာလအတွင်း တပ်များကို ထိထိရောက်ရောက် ရွှေ့ပြောင်း နေရာချနိုင်သော စနစ်လည်း ဖြစ်သည်။

၂ဝဝ၂-၂ဝဝ၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံက မြေအောက်ဥမင်များ နှင့် ဂူများ စတင်ဖောက်လုပ်ခဲ့ပြီး၊ လေယာဉ်များနှင့် လက်နက်များကို ဖုန်းကွယ် သိမ်းဆည်းထားခဲ့သည်။ ထိုမျှမက ဗဟိုစစ်ရုံး အမိန့်ပေးနှင့် ထိန်းချုပ်ရေးစနစ်များကို ဖုံးကွယ် ထားရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံရပ်ခြား လေ့လာသူများ၏ အဆိုအရမူ ၂ဝဝ၁-၂ဝဝ၂ ခုနှစ် ကာလများအတွင်းက ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ် ပဋိပက္ခများတွင် ရှက်ဖွယ်လိလိ အရေးနိမ့်ခဲ့ရသည့်အပေါ် စစ်အစိုးရက အခဲမကျေ ဖြစ်နေသည်ဟုလည်း ဆိုသည်။ ထိုင်းနိုင်ငံက ဤ တိုက်ပွဲများတွင် အက်ဖ် ၁၆ ဂျက်တိုက်လေယာဉ်များကို နယ်စပ် တလျှောက် အသုံးပြုခဲ့ပြီး၊ မြန်မာ စစ်တပ်များ၏ ရှေ့တန်း တပ်ဖွဲ့များနှင့် ဗဟိုထိန်းချုပ်မှုစနစ် အကြား ဆက်သွယ်ရေးကို ကောင်းစွာ ဟန့်တား နှောင့်ယှက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

နောက်တကြိမ် ကြုံရလျှင် ပို၍ သာလွန်သောတပ် မဟုတ်လျှင်သော်မှ အင်အားတူ ဆင်နွှဲနိုင်ရန် မြန်မာ စစ်ဗိုလ်ချုပ်များက ကြံစည်ထားကြဟန် ရှိနေသည်။

အောင်ဇော် ရေးသားသည့် Asia’s ‘Axis of Evil’ Flexes Its Muscles ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နေပြည်တော်မှ မြောက်ကိုရီးယား ဥမင်လိုဏ်ခေါင်းများအကြောင်း

နေပြည်တော်မှ မြောက်ကိုရီးယား ဥမင်လိုဏ်ခေါင်းများအကြောင်း

Tuesday, 23 June 2009 18:43 ဧရာဝတီ



မြောက်ကိုရီးယားနိုင်ငံက မြန်မာစစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ်အတွင်း မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်ရန် ကူညီပေးလျက် ရှိနေကြောင်း၊ အမည်မတပ်နိုင်သော ကိစ္စများ အတွက်နှင့် စစ်အစိုးရ ပုန်းခိုစရာကျင်း အဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူ၊ သတင်းစာဆရာ ဘာတေးလ် လင့်တနာက ဆိုသည်။

၎င်းလျှို့ဝှက်စီမံကိန်းတွင် မြောက်ကိုရီးယား ကျွမ်းကျင်သူများ ပါဝင်လုပ်ကိုင်နေကြသည်ဟု ယုံကြည်ရပြီး ဓာတ်ပုံများကို ဘာတေးလ် လင့်တနာက ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ Yale Global Online မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘာတေးလ် လင့်တနာက မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရအကြား နီးကပ်လာသော ဆက်ဆံရေးကို ဆွေးနွေးထောက်ပြထားသည်။

မေး။ ။ Yale Global Online မဂ္ဂဇင်းမှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့ ခင်ဗျားရဲ့ ဆောင်းပါးထဲက မြေအောက် ဥမင်တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ မြောက်ကိုရီးယားတွေ ပါဝင်ပတ်သက်နေပုံကို တွေ့ရပါတယ်။ နေပြည်တော်နဲ့ ရှမ်းပြည်နယ်အတွင်း တည်ဆောက်နေတဲ့ ဥမင်တွေကိစ္စ ခင်ဗျား ဘာတွေ သိထားပါသလဲ။ မြန်မာစစ်အစိုးရ အများစုက ပြည်ပ ကျူးကျော်မှုတွေ ဖြစ်လာမှာ ကြောက်နေတယ်လို့ ထင်ပါသလား။ ဒါမှမဟုတ် မြန်မာစစ်ဗိုလ်ချုပ်တွေက အစိုးရိမ် လွန်နေတာ သက်သက်လား။

ဖြေ။ ။ စစ်အစိုးရက မြို့တော်ကို နေပြည်တော်ဆီ ရွှေ့ဖို့ ဆုံးဖြတ်ပြီးတဲ့ကာလမှာ မြေအောက်ဥမင်တွေ ဖောက်နေ တာ အများကြီးပါပဲ။ သူ့ကို ချောင်းနေကြတဲ့ မျက်လုံးတွေ မမြင်သာအောင် အစိုးရက အဲဒီလို အကဲ ဆတ်တဲ့ လုပ်ငန်းတွေ လုပ်နေတတ်တာက အံ့သြစရာတော့ မဟုတ်ပါဘူး။ အမေရိကန် အစိုးရကိုယ်တိုင်တောင် ဒီလို လုပ်ငန်းတွေ လုပ်တတ် ပါသေးတယ်။

တချို့ဥမင်တူးနေတဲ့ ကိစ္စကတော့ ရိုးရိုးသားသား ဖြစ်နိုင်ပါတယ်။ ရေအားလျှပ်စစ်လုပ်ငန်း တည်ဆောက်ရေးကိစ္စ တွေမှာပါ။ အဲဒါအပြင် မြေအောက် အစည်းအဝေးခန်းမတွေ၊ ပစ္စည်းသိုလှောင်သိမ်းဆည်းမယ့် နေရာတွေလည်း ရှိနိုင် ပါသေးတယ်။

အခုလို ဖြစ်နေတာကတော့ စစ်အစိုးရ အစိုးရိမ်လွန်နေမှန်း သိသာပါတယ်။ သူတို့က လေ ကြောင်းကနေ အမေရိကန်ပြည်ထောင်စုက အီရတ်မှာ ဆဒမ်ဟူစိန်ကို တိုက်ခိုက်သလို၊ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ခိုက်သလို တိုက်ခိုက်လာမှာကို စိုးရိမ်နေပါတယ်။ ဒီလို စိုးရိမ်နေမှုကတော့ ကျိုးကြောင်းမဆီလျော်လှပါဘူး။ ဒါပေမယ့် စိုးရိမ်နေတာပါပဲ။

နောက်တခုက စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုဆိုတာကလည်း အမြဲဆိုသလို ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက လည်း အစိုးရအဆောက်အဦးတွေကို ဆန္ဒပြသူတွေက သိမ်းပိုက်ခဲ့ကြတာ စစ်အစိုးရက မမေ့နိုင်ပါဘူး။ အခုတော့ စစ်အစိုးရက သူတို့မြို့တော်သစ်မှာ ပိုပြီး လုံခြုံနေပုံရပါတယ်။ မြေပေါ်မှာရော - မြေအောက်မှာရောပေါ့။


မေး။ ။ လေ့လာသုံးသပ်သူတွေကတော့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား ဆက်ဆံရေးနီးစပ်လာတဲ့ ကိစ္စကို စိုးရိမ်ပူပန်စရာလို့ ယူဆနေပါတယ်။ သူတို့ဆက်ဆံရေး ပိုမို နွေးထွေးနီးကပ်လာရင် အကျိုးဆက်အနေနဲ့ ဘယ်လိုဖြစ်နိုင် ပါသလဲ။

ဖြေ။ ။ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ မြေအောက်ဥမင်တွေ၊ အဆောက်အဦးတွေ၊ ဒီဇိုင်းပုံစံထုတ်ပေးတာ၊ တည်ဆောက် ပေးနေတာ စတဲ့ စွပ်စွဲချက်တွေကတော့ သိပ်ကို အရေးပါပါတယ်။ မြောက်ကိုရီးယားတွေက မြေအောက် ဥမင်ဖောက်ရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင်ကြသူတွေပါ။ သူတို့ နိုင်ငံတွင်းက ကာကွယ်ရေး အဆောက်အဦးတွေရယ်၊ မြောက်နဲ့ တောင်ကိုရီးယားကို ခြားထားတဲ့ စစ်မဲ့ဇုန်အတွင်း ဥမင်ဖောက်ခဲ့တဲ့ သာဓကတွေရယ်ကို ကြည့်ပြီး ပြောတာပါ။

စစ်အစိုးရနဲ့ စီးပွားရေးလုပ်နေကြတဲ့ သူတွေနဲ့ မတူတဲ့အချက်က သူတို့က ငွေသားနဲ့ပေးချေတာကို လိုချင်ပါတယ်။ မြောက်ကိုရီးယားတွေက ပုံမှန်အားဖြင့် ဘာတာစနစ်သဘော ကုန် - ကုန်ချင်း ပေးချေတာကို လိုလားကြပါတယ်။ နအဖ ဘက်ကလည်း ဒီစနစ်ကို ကြိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တခြား ပုံစံမျိုးစုံနဲ့ ဖိနှိပ် အုပ်ချုပ်တာတွေ ကြောင့် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှု ခံနေကြရပါတယ်။ အဲဒီလို သူတော်ချင်းချင်း သီတင်း လွေ့လွေ့ ပေါင်းဖက်တွေ့ ကြတာတော့ သဘာဝပါပဲ။ ၁၉၈၃ ခုနှစ်က ရန်ကုန်မှာ မြောက်ကိုရီးယားတွေက ဗုံးခွဲခဲ့တာကို မေ့ပစ်နိုင် လိုက်ကြတာနဲ့ တပြိုင်နက်၊ မြန်မာနဲ့ မြောက်ကိုရီးယားအကြား ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးတွေ တွေ့ကြရလိမ့်မယ်လို့ ယူဆထား နိုင်ပါတယ်။

ဒါပေမယ့် ဒေသတွင်းက ကျန်တဲ့နိုင်ငံတွေကတော့ ဒီအခြေအနေကို သဘောကျမှာ မဟုတ်ပါဘူး။ အာဆီယံက ဘယ်လိုအရေးယူ ဆောင်ရွက်မှုတွေ လုပ်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ကြရပါလိမ့်မယ်။ တကယ်လို့ အရေးယူဆောင်ရွက်မှုတွေ ရှိလာရင် သူတို့က မြန်မာနိုင်ငံကို မြောက်ကိုရီးယားနဲ့ ခွဲထုတ်ဖို့ ကြိုးစားကြပါလိမ့်မယ်။

မေး။ ။ မြန်မာနိုင်ငံက ရုရှားနိုင်ငံကနေ အဏုမြူဓာတ်ပေါင်းဖို ၀ယ်ယူခဲ့တယ်။ ဒါပေမယ့် အဲဒီစီမံကိန်းအကြောင်း နောက်ပိုင်းမှာ မကြားကြရတော့ပါဘူး။ စစ်အစိုးရကတော့ အဲသည်စီမံချက်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ဖို့ လို့ ပြောပါတယ်။ ရုရှားရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံရဲ့ အစပျိုး အဏုမြူအစီအစဉ်ကို အခုလို မြောက်ကိုရီးယားက ပါဝင် ပတ်သက်မှုတွေ ရှိလာတဲ့အခါ ဒေသအတွင်း စိုးရိမ်ပူပန်မှုတွေ ရှိလာကြပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ပြည်ပရောက် မြန်မာ အဖွဲ့အစည်းတွေရဲ့ အဆိုအရ ရုရှားနဲ့ မြောက်ကိုရီးယားက မြန်မာစစ်အစိုးရ အဏုမြူထုတ်နိုင်အောင် ကူညီနေကြ တယ်လို့ ဆိုပါတယ်။ အဲသည် စိုးရိမ်မှု၊ သံသယတွေကို ဘယ်လို ယူဆပါသလဲ။

ဖြေ။ ။ မြောက်ကိုရီးယားနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်နေမှု ကိစ္စအားလုံးအတွက် ပြင်ပက လူတွေက အရမ်းကို စိုးရိမ်နေကြတယ်လို့ ထင်ပါတယ်။ အကယ်၍သာ အဏုမြူလုပ်ငန်းကဏ္ဍမှာ ကူညီနေတာ ဖြစ်ရင်တော့ ဒေသတွင်း နိုင်ငံတွေရော၊ ပြင်ပက နိုင်ငံတွေပါ အလန့်တကြား ခေါင်းထောင်လာကြမှာပဲလို့ ကျနော်ထင်ပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။ ကောလာဟလတွေလည်း အများကြီး ရှိပါတယ်။ ကျနော်တို့က တခုခု ကောက်ချက် မဆွဲခင် အတည်ပြုလို့ ရနိုင်တဲ့ သတင်းတွေ စောင့်ကြည့်သင့်ပါသေးတယ်။

မေး။ ။ လွန်ခဲ့တဲ့ ၃ - နှစ်အတွင်း မြောက်ကိုရီးယား သင်္ဘောတွေက မြန်မာဆိပ်ကမ်းကို မသင်္ကာဖွယ် အကြိမ်ကြိမ် ဆိုက်ကပ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်တွေ အပါအ၀င် သမားရိုးကျ လက်နက်တွေကို နေပြည်တော်က စစ်အစိုးရဆီ ထောက်ပံ့ပေးနေတယ်လို့ ယူဆပါတယ်။ ၂၀၀၇ ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ မြန်မာ သံအဆက်အသွယ် ပြန်လည်စတင် ပြီးတဲ့အခါမှာတော့ မြန်မာအရာရှိတွေရဲ့ တရားဝင်ရော၊ တရားမ၀င်ရော မြောက်ကိုရီးယား ခရီးစဉ်တွေ သွားခဲ့ကြတာ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ အခုလို ဆိပ်ကမ်းကပ်လာတဲ့သင်္ဘောတွေ၊ ခရီးစဉ်တွေကို ခင်ဗျား ဘယ်လို သုံးသပ်ပါ သလဲ။

ဖြေ။ ။ ဘယ်လိုကုန်မျိုးတွေ တင်လာတဲ့ သင်္ဘောဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်တို့ မျက်မြင်သက် သေတွေရဲ့ ခန့်မှန်းချက်အရတော့ အလွန်လေးလံတဲ့ ပစ္စည်းတွေလို့ ပြောပါတယ်။ အစိုးရက တရားဝင်ရှင်းပြသလို ဘင်္ဂလား ပင်လယ်အော်ထဲ ရာသီဥတုမကောင်းလို့ လာရောက်ခိုနားရတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ မြောက်ကိုရီးယား သင်္ဘော မြန်မာဆိပ်ကမ်းကို မရောက်ခင်၊ ရောက်နေဆဲကာလနဲ့ နောက်ပိုင်း ရာသီဥတု ခန့်မှန်းချက်သတင်းတွေကို ကျနော်လေ့လာကြည့်ပါတယ်။ ရာသီဥတုက ကောင်းနေပါတယ်။ အာဏာပိုင်တွေ ခုလို လိမ်ပြောတာကိုက တခုခု ဖုံးကွယ်စရာ ရှိနေလို့ပါပဲ။ သင်္ဘောက အလွန်လေးတဲ့ လက်နက်တွေလည်း သယ်လာ နိုင်ပါတယ်။ စက်ပစ္စည်းတခုခု၊ ဒါမှမဟုတ် တခြား တခုခုလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ မသိနိုင်ပါဘူး။

Mystery Surrounds North Korean Tunnel-building in Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, June 22, 2009

Oregon မှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ...

Oregon မှ ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့်

မွေးနေ့ဆုတောင်းပွဲ...



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ်ပြည့်မွေးနေ့ဆုတောင်းပွဲကို Oregon ရောက်မြန်မာ့ဒီိမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့စုပေါင်း၍ ဘာသာပေါင်းစုံစုပေါင်း ဆုတောင်းပွဲကို ဇွန်လ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ် လျူဒါန်းခဲ့ကြပြီး နေ့လည် ၁-နာရီတွင် ဘာသာပေါင်းစုံမှ လူမျိုးအသီးသီး စုပေါင်း၍ ဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။ ဤမေတ္တာပို့သပွဲသို့ Burma Campaign မှ Edit နှင့် Burma Action Committee မှ Tara တို့လည်း တက်ရောက်အားပေးခဲ့ကြပါသည်။ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော သီရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးသီရိန္ဒ၊ အစ္စလာမ် တရားပြဆရာဦးစိုးဝင်းနှင့် ခရစ်ယာန်သာသနာမှ ကိုပေါ့မာန်လ် တို့မှ ဦးဆောင်ကာ ဆုတောင်းမေတ္တာများကို အသီးသီး ပို့သခဲ့ကြပါတယ်။ ဆုတောင်းပွဲလာရောက်ကြသူများကို မုန့်ဟင်းခါးနှင့် ဧည့်ခံကြွေးမွေးပြီး ညနေ ၄-နာရီတွင် အောင်မြင်စွာပြီးဆုံးသွားပါသည်။


အပြည့်အစုံ ဖတ်ရန် ...

Sunday, June 21, 2009

သံသယရှိဖွယ် မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံသို့ ဦးတည်

သံသယရှိဖွယ် မြောက်ကိုရီးယားသင်္ဘော မြန်မာနိုင်ငံသို့ ဦးတည်

NEJ / ၂၂ ဇွန် ၂၀၀၉


ကုလသမဂ္ဂက ကန့်သတ်တားမြစ်ထားမှုကို ချိုးဖောက်ပြီး စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသည်ဟု သံသယရှိနိုင်သော မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားနေပုံရကြောင်း တောင်ကိုရီးယား YTN ရုပ်မြင်သံကြားသတင်းတွင် ယမန်နေ့က ဖော်ပြသည်။


မြောက်ကိုရီးယားမှ Kang Nam ကုန်တင်သင်္ဘောသည် ဒုံးလက်နက်နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည်ဟု ယူဆရကြောင်း အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain ၏ သတင်းပေးပို့ချက်ကို ကိုးကားပြီး တောင်ကိုရီးယားနှင့် အမေရိကန်သတင်းမီဒီယာများတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းခံရသည့် မြန်မာစစ် အစိုးရသည် မြောက်ကိုရီးယားမှ လက်နက်များဝယ်ယူသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain ၏ ထောက်လှမ်းချက်များအရ Kang Nam မြောက်ကိုရီးယားသင်္ဘောသည် စင်ကာပူနိုင်ငံမှတဆင့် မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားမည့်ပုံရကြောင်း YTN သတင်းတွင် ဖော်ပြသည်။ အကယ်၍ အဆိုပါသင်္ဘော စင်ကာပူသို့ ဆိုက်ကပ်လာပါက စစ်ဆေးမှုများပြုလုပ်သွား မည်ဟု စင်ကာပူနိုင်ငံက ပြောကြားသည်။

အထက်ဖော်ပြပါ YTN ရုပ်မြင်သံကြားသတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ အတည်ပြုခြင်း မရှိသေးပေ။

အဆိုပါ Kang Nam သင်္ဘောသည် ဇွန် (၁၇) ရက်တွင် မြောက်ကိုရီးယားဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် မည်သည့်ပစ္စည်းများ ပါသည်ကို အတိအကျမသိရသေးသော်လည်း ယခင်က နျူကလီးယား ပစ္စည်းများ တင်ဆောင်ခဲ့ဖူးကြောင်း အမေရိကန်အရာရှိနှစ်ဦးကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂက တားမြစ်ထားသည့်ကြားမှ ပြီးခဲ့သည့်မေ (၂၅) တွင် မြောက်ကိုရီးယားက ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုပြုလုပ်ခဲ့ပြီး တာဝေးပစ် နျူကလီးယားဒုံးကျည်များ ပိုင်ဆိုင်နေပြီဟုလည်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...