Showing posts with label နိုင်ငံရေးရာ. Show all posts
Showing posts with label နိုင်ငံရေးရာ. Show all posts

Saturday, November 19, 2011

မြန်မာ့နိုင်ငံရေးရဲ့ သမိုင်းဝင် ဖြစ်ပေါ်တိုးတက်မှုများ



source by : http://burmatoday.net

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 13, 2011

မြစ်ဆုံအတွက် လက်မှတ်ရေးထိုးခြင်း

အင်တာနက် သုံးစွဲသူ မြန်မာပြည်သူလူထု တရပ်လုံးထံမှ သဘောထား လက်မှတ်များကို ကောက်ခံကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး မှတဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ CPI ကုမ္ပဏီ နှင့် တရုတ် ပြည်သူတို့ ထံသို့ ပေးပို့မည် ဖြစ်သည်။

This petition is for Myitsone Dam project from all Myanmar internet users to Republic of China, CPI company via Chinese embassy.




http://simpleviewsonmyland.blogspot.com မှ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, August 17, 2011

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း - ၆)

အပိုင်း (၅) ကို ဒီမှာ ဖတ်နိုင်ပါတယ်...

နိဂုံး


နိဂုံးချုပ်ဆိုရသော် ယနေ့ လက်ရှိ ကာလသည် အတွေးအခေါ်များ အလွန် ရှုပ်ထွေးနေသည့် ကာလတခု ဟု ဆိုရပေမည်။ အာဏာရှင်များဘက်မှ political liberalization ကို အကောင်အထည် စတင်ဖော်လိုက်သည်ဖြစ်ရာ အဆိုပါ political liberalization ကို လက်ခံမည်လား၊ လက်မခံဘူးလား၊ အဆိုပါ အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ရနိုင်သည်လား၊ မရနိုင်ဘူးလား၊ အစဉ်အဆက် ကျင့်သုံးခဲ့ကြသော အာဏာရှင်စနစ်ဖြိုချရေး အတွေးအခေါ်ကို ဆုပ်ကိုင်ထားမည်လား၊ မဆုပ်ကိုင်ထား ဘူးလား၊ ဆုပ်ကိုင်ထားလျှင်ကော အောင်မြင်မည်လား၊ မအောင်မြင်ဖူးလား စသည်တို့ကို တွေးတော ငြင်းခုန်နေကြရုံသာမက အတွေးအခေါ် နှစ်ခုကို ရောသမ မွှေထားသည့် အတွေးအခေါ်သစ်များပင် ထွန်းကားလာသည့် ကာလတခုဖြစ်ပါသည်။ လက်ရှိနိုင်ငံရေးကို လွှမ်းမိုးထားသည့် အတွေးအခေါ်များနှင့် အုပ်စုများကို ခွဲခြားလိုက်ပါက အုပ်စုကြီး ခြောက်ခု ထွက်ပေါ်လာပါသည်။

(၁) Initial Transition အတွေးအခေါ်ကို လက်ခံ၍၊ အဆိုပါ အတွေးအခေါ်က ဦးဆောင်သည့် လမ်းစဉ်များဖြစ်သော လူထုလှုပ်ရှားမှုများ၊ လူထုတိုက်ပွဲများကို ဖော်ဆောင်ကာ ရေတိုပန်းတိုင်အနေဖြင့် ကြားဖြတ်အစိုးရ (၀ါ) ပြည်သူ့အစိုးရ အသွင်သဏ္ဍာန် တမျိုးမျိုး ပေါ်ထွက်ရမည်ဟု စဉ်းစားသူများ။

(၂) Political Liberalization အတွေးအခေါ်ကို လက်ခံ၍၊ အာဏာရှင်တို့ဘက်မှ ဖွင့်ပေးလိုက်သော political space များကို အသုံးချကာ နိုင်ငံရေးစည်းဝိုင်းအတွင်းသို့ ၀င်ရောက်ပြီး၊ တစတစ ပြောင်းလဲတိုးတက်မှုများမှတဆင့် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းမည်ဟု စဉ်းစားသူများ။

(၃) Political Liberalization မှ democratic consolidation ဖြစ်အောင် ပြောင်းလဲ တည်ဆောက်ရာတွင်ဖြစ်စေ၊ initial transition မှ democratic consolidation ဖြစ်အောင် တည်ဆောက်ရာတွင်ဖြစ်စေ၊ civil society မှာ အဓိကကျသဖြင့် နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်ခြင်း မရှိပဲ civil society အားကောင်းလာစေရန် ကြိုးပမ်းမည်ဟု စဉ်းစားသူများ။

(၄) ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုသည့် သဘောပိုက်ကာ ဖြစ်လာသည့် အခြေအနေတွင် အာဏာ၊ ရာထူး၊ နေရာ၊ အမည်ကောင်း၊ ကိုယ်ကျိုးစီးပွား စသည့် အကျိုးအမြတ်များအား မည်သို့ ရှာမည်နည်း ဆိုသည်ကို စဉ်းစားသူများ။

(၅) Initial transition အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်းမရှိ၊ political liberalization အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်း မရှိသော ရောသမမွှေများ

(၆) political liberalization အတွေးအခေါ်ကို အသုံးပြု၍ အာဏာကို တတ်နိုင်သမျှ ဆွဲဆန့်ထားရန် ကြိုးပမ်းနေသော အာဏာရှင်များနှင့် အပေါင်းအပါများ။

အဆိုပါ အုပ်စုခြောက်မျိုးတွင် နိုင်ငံတော်၏ အနာဂတ်ကံကြမ္မာအတွက် အာဏာရှင်နှင့် အပေါင်းအပါများ နည်းတူ ကြောက်မက်ဖွယ်ကောင်းသော အုပ်စုမှာ ရောသမမွှေများ ဖြစ်ပါသည်။ political liberalization အတွေးအခေါ်ကို လက်ခံပြီး၊ political space ကို အသုံးပြုလိုသူများမှာ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်လေမည်လားဟု စမ်းလိုသော စေတနာပါသဖြင့် ရောသမမွှေများလောက် ကြောက်ဖို့မကောင်းလှပါ။ အာဏာရူးအခွင့်အရေးသမားများမှာလဲ ၄င်းတို့ ရူးကြောင်းကို လူထုက သိနေပြီး ဖြစ်သဖြင့် နိုင်ငံတော်ကံကြမ္မာအတွက် အန္တရာယ် မရှိလှပါ။

ရောသမမွှေများမှာကား Initial transition အတွေးအခေါ်ကို ဆုပ်ကိုင်ထားသူများဟု လူအများက မြင်ထားလေ့ရှိသော်လည်း ထိုသူများသည် initial transition ၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို လက်ခံခြင်းမရှိကြ။ လူထုလှုပ်ရှားမှု လမ်းစဉ်များ၊ တော်လှန်ရေး လမ်းစဉ်များကိုလဲ လက်ခံယုံကြည် ဖော်ဆောင်ခြင်း မရှိကြ။ political liberalization အတွေးအခေါ်အရ ပေါ်ထွက်လာသော political space တွင်လည်း ပါဝင်ခြင်း မရှိကြ။ သို့ရာတွင် political liberalization အရ ချဲ့ထွင်လာသော public space အခွင့်အရေးကို ယူရန် ကြိုးပမ်းကြသည်။ ယင်းသို့ ကြိုးပမ်း၍ တော်လှန်ရေးပေါ်ပေါက်လာစေပြီး initial transition အတွေးအခေါ်၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို ဆက်လက်ကြိုးပမ်းမည်လားဆိုတော့လဲ မဟုတ်ပြန်။ civil society အားကောင်းလာရေးကိုပဲ ဦးစားပေး လုပ်တော့မည် ဖြစ်လာပြန်သည်။

ယင်းသို့ဆိုလျှင် မည်သို့သော Civil Society ကို တည်ဆောက်ရမည်လဲဆိုသည်က မေးစရာရှိလာသည်။ အင်အားစုတိုင်း အင်အားဖြစ်သည် မဟုတ်ပါ။ တိုက်ခိုက်ရေးအင်အားနှင့် ထူထောင်ရေး အင်အားအတွက် တည်ဆောက်မှုသဏ္ဍာန်၊ ပြင်ဆင်မှု သဏ္ဍာန် မတူညီနိုင်ပါ။ evolution အတွေးအခေါ်အရ ပေါ်ထွက်လာသော အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု (collaboration) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် လူ့အဖွဲ့အစည်းအကြားတွင် စေ့စပ်ညှိနှိုင်းပေးမှု (Mediation) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် ပတ်သက်ခြင်း မရှိသော autonomous model ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ သို့တည်းမဟုတ် နောင်ချိန်ခါ revolution တရပ်အတွက် ကြိုတင်ပြင်ဆင်ရေးအတွက် ဆန့်ကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု (confrontational model) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား ဆိုသည်ကို ကွဲပြားစွာ သိဖို့ လိုအပ်လာပါသည်။

သို့မဟုတ်လျှင် အတွေးအခေါ်ရှုပ်ထွေးမှုများဖြစ်၍ အင်အားစုသော်လည်း အင်အား မဖြစ်ထွန်းပဲ ဖြစ်သွားတတ်သည်။ အခြေအနေအရ လိုသလို ပြောင်းယူလို့ရသည့် အင်အားဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ဖောင်တိန်ကိုင်သူများကို ချက်ချင်း သေနတ်ကိုင်ခိုင်းလို့ မရ။ သေနတ်ကိုင်နေသူများကို ချက်ချင်း ဖောင်တိန်ကိုင်ခိုင်းလို့မရ။ တူကိုင်နေသူများကို ချက်ချင်းဓားကိုင်ခိုင်းလို့မရ။ ဓားရေး ကျွမ်းနေသူများကို ချက်ချင်း တူကိုင်ခိုင်းလို့မရ။ ပြန်လည်ပြင်ဆင်လေ့ကျင့်ယူရပြန်သည်။ လေ့ကျင့်နေဆဲမှာပဲ အင်အားက ပြန်ကွဲထွက်သွားပြီး၊ အခြေအနေနှင့် သဟဇာတ မတည့်ပဲ ပြန်ဖြစ်သွားတတ်ပြန်သည်။

အလုပ်နှင့် အတွေးအခေါ်များကို ရောသမမွှေလိုက်လျှင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ပါသည်။ ပမာဆိုရလျှင် မြစ်ကမ်းတဘက်ဆီတွင် လမ်းလျှောက်ရင်း၊ ရှေ့ဆက်မသွားပဲ ဟိုဘက်ကမ်းသို့ လှေနှင့် ကူးလိုက်၊ ဒီဘက်ကမ်းသို့ လှေနှင့် ကူးလိုက် လုပ်နေသည်နှင့် တူလှသည်။ လှေရှိသူများက ကူးချည်သန်းချည် လုပ်ရန် မခက်ခဲသော်လည်း နောက်က တကောက်ကောက် လိုက်သူများမှာကား ရေထဲ ကျလိုကျ၊ မောပြီး ကမ်းပါးမှာ ငုတ်တုပ်ထိုင်သူက ထိုင်နှင့် ဘာလုပ်ရမည်မှန်းလဲ မသိ၊ ခရီးမတွင်ပဲ ဖြစ်ကြရတော့သည်။ ပိုဆိုးသည်က revolution နှင့် evolution အတွေးအခေါ် နှစ်ရပ်လုံးကို ရောသမမွှေထားလိုက်လျှင် Initial Transition အတွေးအခေါ်က ဦးဆောင်သည့် လမ်းများမှာလဲ ဖြောင့်ဖြောင့်တန်းတန်းမရှိ၊ political liberalization အတွေးအခေါ်က ဦးဆောင်သည့် လမ်းများပေါ်တွင်လည်း ကန့်လန့်ကန့်လန့်သဏ္ဍာန် ဖြစ်လာတတ်ပါသည်။

အိမ်ကို ဖြိုချပြီး ပြန်ဆောက်ရမည်လား၊ ဖြိုမချပဲ ဆေးသုတ်ပြင်ဆင်မှု လုပ်ရမည်လား ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်ကြရာတွင် တခုတည်းကိုပဲ ရွေးချယ်ရမည် ဖြစ်ပါသည်။ ဖြိုချပြီး ပြန်ဆောက်ရမည် ဆိုလျှင် ဆေးသုတ်ပြင်ဆင်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များ ဖြစ်သကဲ့သို့၊ ဆေးသုတ်ပြင်ဆင်မည်ဆိုလျှင်လဲ ဖြိုချရန် အားထုတ်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များသာ ဖြစ်သည်။ ဆောက်လုပ်ရေးပရောဂျက်တခုတွင် ခေါင်းဆောင် တယောက်က ဖြိုချရမည် ပြောလိုက်၊ နောက်ခေါင်းဆောင်တယောက်က ပြင်ဆင်ရမည် ပြောလိုက် လုပ်နေကြလျှင် နောက်မှ အလုပ်သမားများက ဘယ်လို ကိရိယာတန်ဆာပလာကို ကောက်ကိုင်ကြရမည်နည်း။

အဆိုပါ အတွေးအခေါ် ရှုပ်ထွေးမှု အခြေအနေများသည် နိုင်ငံတော်အနာဂတ် ကံကြမ္မာအတွက် အန္တရာယ်ကြီးပါသည်။ မည်သည့် အတွေးအခေါ်ကို ကျင့်သုံးသင့်သည် ဆိုသည်မှာ လူတယောက်၊ အဖွဲ့အစည်းတခု၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါသည်။ လူ့သဘာဝအရ အမြင်မတူလျှင် အပြန်အလှန် စွပ်စွဲမှုကတော့ ပေါ်ထွက်နေမည်သာ ဖြစ်သည်။ initial transitionအတွေးအခေါ် ရှုထောင့်မှ ကြည့်လျှင် political liberalization အတွေးအခေါ်ကို ကိုင်စွဲကာ political space တွင်းသို့ ၀င်သွားသူများသည် အရှုံးပေး၊ အညံ့ခံသူများ ဖြစ်ပြီး၊ political liberalization အတွေးအခေါ်မှ ကြည့်လျှင် initial transition ကို လက်ခံသူများသည် compromise မလုပ်လိုသော နိုင်ငံရေးအစွန်းရောက်များ ဖြစ်ပါသည်။ ယင်းသို့ အပြန်အလှန်ရှုမြင်ပြီး၊ အပြန်အလှန် စွပ်စွဲပိုင်ခွင့် ရှိသော်ငြား ထိုသို့ စွပ်စွဲရင်းဖြင့် အချိန်မကုန်ကြစေလိုပါ။ initial transition လက်ခံသူများကလဲ ပါးစပ်ဖြင့် အာနေခြင်းများကို လျှော့ချ၍ ကြားဖြတ်အစိုးရ အသွင်သဏ္ဍာန်တမျိုးမျိုး ပေါ်လာရေးကို ကြိုးပမ်းသင့်ကြပါသည်။ political liberalization လက်ခံသူများကလဲ ချဲ့ထားသည့် political space လေးတွင်းသို့ ဘယ်လိုနည်းဖြင့် ၀င်ရ၀င်ရ၊ ရအောင်ဝင်ပြီး ဒီမိုကရေစီ ပန်းတိုင်ကို အပြောမဟုတ်ပဲ လက်တွေ့ချီတက်နိုင်အောင် ကြိုးပမ်းသင့်ကြပေသည်။

ပန်းတိုင်မရောက်ခင် တက်မထောင်ချင်သော မြန်မာလူမျိုးတို့၏ အစဉ်အလာဆိုးကြီးကို အလုပ်ဖြင့် သက်သေပြ၍ ဖျောက်ဖျက်ကြဖို့ အချိန်တန်နေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပန်းတိုင်သို့ initial transition က ဆောင်ကျဉ်းပေးနိုင်မည်လား၊ political liberalization က ဆောင်ကျဉ်းပေးနိုင်မည်လား ဆိုသည်မှာကား မူအရဆိုလျှင် အဖြေထွက်သော်လည်း လူအရဆိုလျှင် အဖြေမရှိပါ။ မည်သူမျှ တပ်အပ်သေချာ ပြောနိုင်မည်လည်း မဟုတ်သဖြင့် ငြင်းခုန်ရင်း အချိန်မဖြုန်းသင့်ကြတော့ပါ။ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲများကို ဖယ်ရှား၍ အတွေးအခေါ် တခုကို ရွေးကြရမည့် အချိန်ဖြစ်ပါသည်။

ယင်းသို့ ရွေးချယ်ရာတွင် အခြေအနေနှင့် လားရာကို သဘောပေါက်ပြီးမှ၊ ပန်းတိုင်ကို သိပြီးမှသာ ရွေးချယ်မှုများ ပြုလုပ်သင့်ပါသည်။ ရွေးချယ်ပြီးလျှင်လည်း ရှင်းလင်းသည့် အတွေးအခေါ်က ဦးဆောင်သော ပြတ်သားသည့် လမ်းစဉ်များကို ချမှတ်ရပါမည်။ လမ်းကြောင်းများကို လျှောက်လှမ်းရပါမည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များေ၀၀ါးနေတတ်သဖြင့် ပန်းတိုင်နှင့်လဲ အစဉ်အမြဲ ဝေးနေဦးမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။


ခင်မမမျိုး


(စာကြွင်း (၁)- ဤစာကို ရေးသားရာတွင် ကော်ဖီနှင့် လက်ဖရည် ဘယ်အရာက ပိုကောင်းသလဲ ဆိုသော မေးခွန်းသဏ္ဍာန်ကို ဖြေရာ၌ ကော်ဖီ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် လက်ဖရည်၏ ကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးစလုံးကို ယှဉ်တွဲဖြေဆိုသော ရှုထောင့် မှ ရေးသားထားသည်။ ကော်ဖီနှင့် လက်ဖရည် ဘယ်အရာကို ပိုကြိုက်သလဲ ဆိုသော ပုဂ္ဂိုလ်ရေး မေးခွန်းသဏ္ဍာန်ကို စာဖတ်သူတဦးဦးမှ မေးလာပါလျှင်ကား initial transition နှင့် political liberalization အတွေးအခေါ် နှစ်ရပ်တွင် စာရေးသူ ယနေ့အချိန်အထိ လက်ခံကျင့်သုံးနေသော အတွေးအခေါ်မှာ initial transition အတွေးအခေါ် ဖြစ်ပြီး၊ လမ်းစဉ်မှာ လူထုတိုက်ပွဲလမ်းစဉ်ဖြစ်သည်။ ရေတိုပန်းတိုင်မှာ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့မဟုတ်) လူထုတိုက်ပွဲတွင် ပြည်သူများနှင့် ပူးပေါင်းလာသော မျိုးချစ် တပ်မှူးများနှင့် အတိုက်အခံများ ပူးတွဲဖွဲ့စည်းသော ကြားဖြတ်အစိုးရဖြစ်ပါသည်။


စာကြွင်း (၂)- မူရင်းဆောင်းပါး၏ နိဂုံးအား စာနှစ်ပိုဒ် ထပ်မံ ဖြည့်စွက်ထားပြီး (၂၅၊ ၇၊ ၂၀၁၁) တွင် ပြန်လည်ဖြန့်ဝေပါသည်။)


ရည်ညွှန်းကိုးကား

ABDELNASSER, Gamal. (2004): “Egypt: Succession Politics,” Volker Perthes (ed.), Arab Elites: Negotiating the Politics of Change, (ed.), Boulder: Lynne Rienner Publishers.


Alesina, Alberto, and Allan Drazen (1991), “Why Are Stabilizations Delayed?” American Economic Review 81 (5), 1170-1188.


Anderson, Lisa. (1999). Transitions to Democracy. New York: Columbia University Press.


Avant, Deborah. (1994) Political Institutions and Military Change: Lessons from Peripheral Wars. Ithaca, NY: Cornell University Press


Brownlee, Jason. (2007). Authoritarianism in an Age of Democratization. New York, NY:

Cambridge University Press.


Barro, Robert J. (1996), “Democracy and Growth,” Journal of Economic Growth 1 (1), 1-27.


Campos, Nauro (1999), Back to the Future: The Growth Prospects of Transition Economies

Reconsidered, William Davidson Institute Working Paper No. 229, Ann Arbor, MI.


Denizer, Cevdet (1997), Stabilization, Adjustment and Growth Prospects in Transition Economies, Policy Research Working Paper No. 1855, The World Bank, Washington, DC.


CHASE, Robert S.; HILL, Emily B. ve KENNEDY, Paul (1996): “Pivotal States and U.S. Strategy,” Foreign Affairs, 75: 33-51.


Finer, Samuel. (1962). The Man on Horseback: The Role of the Military in Politics. New York, NY: Penguin Books.


Fitch, J. Samuel. (1998). The Armed Forces and Democracy in Latin America. Baltimore: Johns Hopkins University Press.


GALA, Amin A. (1995): Egypt's Economic Predicament: A Study in the Interaction of External Pressure, Political Folly and Social Tension in Egypt. 1960-1990. New York, E. J. Brill.


Heybey, Berta, and Peter Murrel (1999), “The Relationship between Economic Growth and the Speed of Liberalization During Transition,” Journal of Policy Reform 3 (2), 121-137.


Halpern, Manfred. 1963. The Politics of Social Change in the Middle East and North Africa. Princeton: Princeton University Press.


KRAMER, Gudrun (1996): “The Integration of the Integrists,” Ghassan Salame (ed.), Democracy without Democrats, London, New York, I.B. Tauris.


LINZ, Juan J. ve STEPAN, Alfred (1996): Problems of Democratic Transition and Consolidation, Southern Europe, South America, and Post-Communist Europe, Baltimore, The Johns Hopkins University Press.


Lipset, S.M. (1959), “Some Social Requisites of Democracy: Economic Development and Political Legitimacy,” American Political Science Review 53, 69-105.


Monshipouri, Mahmood. (1995) Democratization, Liberalization and Human Rights in the Third World. London: Lynne Rienner Publishers


Parry, Geraint and Moran, Micheal, eds. (1994) Democracy and Democratization. New York: Routledge


Przeworski, Adam, and Fernando Limongi (1993), “Political Regimes and Economic Growth,” Journal of Economic Perspectives 7 (3), 51-69.


Rodrik, Dani (1995), “The Dynamics of Political Support for Reforms in Economies in Transition,” Journal of the Japanese and International Economies 9 (4), 403-425.


Shleifer, Andrei (1998), “Government in Transition,” European Economic Review 41 (3-5),

385-410.


Wolff, Holger C. (1999), Transition Strategies: Choices and Outcomes, Princeton Studies in International Finance No. 85 (June), Department of Economics, Princeton University, Princeton, NJ.

အပြည့်အစုံ ဖတ်ရန် ...

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း - ၅)

အပိုင်း (၄) ကို ဒီမှာ ဖတ်နိုင်ပါတယ်...

(၁) Civil Society ဆိုင်ရာ အခက်အခဲများ


political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်သို့ သွားရန် ကြိုးပမ်းမှုတွင် civil society ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ နိုင်ငံတော်မှ ကြိုးကိုင်ခြယ်လှယ်မှု ကင်းရှင်းသည့် အစုအဖွဲ့များ၊ လူထုလှုပ်ရှားမှုများနှင့် ပညာတတ်လူပုဂ္ဂိုလ်များ ပါဝင်သော active civil society ရှင်သန်လာရေးသည် အရေးကြီးလှသော လိုအပ်ချက်တရပ်ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းမှ ဒီမိုကရေစီ စံများကို နားလည်ကျင့်သုံးလာစေရေး၊ ကွဲပြားခြားနားမှုများအကြားမှ ညီညွတ်မှုကို နားလည်လက်ခံလာစေရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာစေရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ ၀င်ရောက်စွက်ဖက် ကြိုးကိုင် ချယ်လှယ်မှုများနှင့် တတ်နိုင်သမျှ ကင်းရှင်းရမည် ဖြစ်လေသည်။ သို့မှသာ နိုင်ငံတော်၏ ပါဝါချိန်ခွင်လျှာကို တဘက်တလမ်းမှ ထိန်းကျောင်းနိုင်မည်ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအား နိုင်ငံတော်မှ ထိန်းချုပ်ထားမှုကို အားပျော့စေမည် ဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အန်ဂျီအို) များသည် state နှင့် society တို့ အကြားတွင် buffer zone အဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။

political liberalization ကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံအများစုတွင် civil society အဖွဲ့ အများစုကို အာဏာရှင်တို့က ကြိုတင်ဖွဲ့စည်း ထိန်းချုပ်ထားသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် civil society အားကောင်းလာစေရန် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ ထိုးဖောက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ပုံမှန် စောင့်ကြည့်လေ့ရှိပြီး၊ အဆိုပါ အဖွဲ့များနှင့် လူပုဂ္ဂိုလ်များသည် အာဏာရှင်တို့နှင့် ကြိုးကိုင်အဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်လာမည့် အခြေအနေရှိမရှိကို အကဲဖြတ်လေ့ရှိသည်။ အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံတကာရေးရာတွင် international legitimacy ရစေရန် ကြိုးပမ်းထားသော ကြိုးကိုင်အစိုးရများ၏ ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ယူဆပါက public space ကို ပြန်လည်ကန့်သတ်သည်။ လိုအပ်လာပါက အမျိုးသားလုံခြုံရေး (national security concerns) ကို အကြောင်းပြ၍ civil society ကို ဖိနှိပ်ရန်နှင့် အာဏာပြန်သိမ်းနိုင်ရန် ဥပဒေများ သတ်မှတ်ပြဌာန်းထားသည်။ သို့ဖြစ်ရာ အာဏာရှင်တို့၏ political liberalization ကို အခွင့်အရေးဟု သတ်မှတ်၍ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရန် ကြိုးပမ်းလိုသူများသည် အဆိုပါ obstacles များကို မည်သို့ ကျော်လွှားမည်နည်းဟူသော လမ်းစဉ်များကို စဉ်းစားထားကြရန် လိုအပ်သည်။

(၂) နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ


နိုင်ငံတနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ် တည်တံ့ခိုင်မြဲနေရခြင်း အကြောင်းတရား များတွင် နိုင်ငံရေး ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက် များလည်း ပါဝင် လေ့ရှိသည်။ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုသည် ဒီမိုကရေစီ စနစ်၏ အခြေခံသဘောတရားများနှင့် ကွဲပြားခြားနားပြီး၊ အာဏာရှင်ဆန်သော လူ့အဖွဲ့အစည်းသဏ္ဍာန် ဖြစ်တည်နေပါက ဒီမိုကရေစီ စနစ် ရှင်သန် ခိုင်မာရေးကို အတားအဆီး ဖြစ်စေနိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံရေးယဉ်ကျေးမှုကို ရှေးနှစ်ပေါင်းများစွာကပင် "patrimonialism" ဆိုသော သဘောတရားက လွှမ်းမိုးထားပါသည်။

"patrimonialism" ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင်များသည် အလုပ်အတူ တွဲလုပ်ရမည့် နိုင်ငံရေးခေါင်းဆောင်ငယ်များ၊ အုပ်ချုပ်ရေး ၀န်ထမ်းများကို သူတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းအတွင်းမှ မိသားစုဝင်များနှင့် ပုဂ္ဂိုလ်ရေးအရ သစ္စာရှိသူဟု ယူဆထားသူ များကိုသာ ရွေးချယ်တာဝန် ပေးအပ်ခြင်း ဖြစ်သည်။ အာဏာရှင် အသိုင်းအ၀ိုင်းတွင်သာမက အတိုက်အခံတို့၏ နိုင်ငံရေး အ၀န်းအ၀ိုင်းတွင်ပါ ယင်းသို့ ပြုလုပ်ကြသည့်အခါ နိုင်ငံရေးခေါင်းဆောင်များ၏ အနီးတွင် ရှိနေသူများသည် လိုအပ်လျှင် ခေါင်းဆောင်များကို ဝေဖန်အကြံပြုချက်များ ပေးနိုင်မည့် အရည်အချင်းရှိ ပုဂ္ဂိုလ်များ မဟုတ်ပဲ ခေါင်းဆောင်များ အလိုကျ ခေါင်းညိမ့်လက်ခံပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လုပ်နေသူများသာ ရှိလာသည်။

နိုင်ငံရေးရာများတွင် အရည်အသွေးက အဓိကမကျပဲ မည်သူ့သားသမီး၊ မည်သူ့ဆွေမျိုးသားချင်း ဆိုသည်က အရေးပါလာသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများကသာ များပြီး၊ ဝေဖန် ပိုင်းခြားဥာဏ်ဖြင့် သတိပေးနိုင်သူများက အနီးတွင် မရှိသည့်အခါ ခေါင်းဆောင်များ၏ ငါတကော ကောကာ လုပ်ဆောင်မှုများ ပေါ်ထွက်လာတတ်သည်။ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်များပင်ဖြစ်စေကာမူ ဤသဘောတရား၏ လွှမ်းမိုးမှုများကို ခံရပါက အာဏာရှင်ဆန်ဆန် ပြုမူမှုများ ရှိလာတတ်သည်။ "patrimonialism" သဘောတရား လွှမ်းမိုးခံရသည့် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအခွင့်အလမ်းနှင့် စီးပွားရေး အခွင့်အလမ်းမှာ ယှဉ်တွဲနေတတ်သည်။

လူ့အဖွဲ့အစည်းမှာလည်း ကိုယ်ပိုင်အရည်အချင်းနှင့် တက်လမ်းရှာဖွေခြင်းကို အားပေးလေ့မရှိ။ နိုင်ငံရေးအရ အခွင့်အလမ်း ရှိနေသော အုပ်ချုပ်သူများ၏ အသိုင်းအ၀ိုင်းများအား မှီခိုမှုများကို အားပေးလေ့ရှိသည်။ ဥပမာ- စစ်အာဏာရှင်စနစ် ဖြစ်လျှင် နိုင်ငံရေးအခွင့်အာဏာရှိနေသော စစ်တပ်တွင်း၌ အရေးပါသော ရာထူးများ ရရှိစေရန် အားပေးချီးမြှောက်သည့် လူအများ ပေါ်ထွက်လာမည်။ ဒီမိုကရေစီ ဘက်တော်သားများက နိုင်ငံရေးအာဏာ ရပြန်လျှင်လည်း အဆိုပါ လူအများသည်ပင် ဒီမိုကရေစီ ခေါင်းဆောင်များအား ထောက်ခံအားပေးကြမည်ဖြစ်သည်။ "patrimonialism" သဘောတရား လွှမ်းမိုးခံရသော လူ့အဖွဲ့အစည်းတွင် ယင်းသို့သော လူများ အများအပြား ပါဝင်လေ့ရှိသည်။

အဆိုပါ သဘောတရားသည် နိုင်ငံရေးအာဏာကို မှီတွယ်ခြင်း စိတ်သဘောနှင့် ဆက်စပ်နေလေရာ နိုင်ငံရေးအာဏာကို ပြန်လည် ထိန်းညှိမည့် inherent logic of strong civil society ကို ထောက်ခံ အားပေးခြင်း မရှိ။ သို့ဖြစ်ရာ civil society အဖွဲ့အစည်းများ အများအပြား လိုအပ်သည့် political liberalization ကို နှောင့်နှေး ကြန့်ကြာစေမှုများ ဖြစ်လာစေနိုင်သည်။ အဆိုပါ သဘောတရား၏ လွှမ်းမိုးမှု လျော့နည်းလာသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှသာ political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားနိုင်မည်ဖြစ်သည်။


(၃) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခက်အခဲများ

အာဏာရှင်များဘက်မှ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံရေး ပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေးလာခြင်း စသည်တို့တွင် နိုင်ငံစီးပွားရေး အခြေအနေနှင့် ပတ်သက်သော အခြေအနေများ ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများပြီး၊ အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်မားနေပါက အရပ်သားပြည်သူလူထုကို နိုင်ငံရေးပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေး၍ စိတ်ဝင်စားမှု အာရုံပြောင်းပေးရသည်။ ယင်းသို့ မဟုတ်လျှင် စီးပွားရေး ဆုပ်ယုတ်မှု အခြေအနေပေါ်မူတည်၍ အာဏာရှင်ဆန့်ကျင်ရေး စနစ် လှုပ်ရှားမှုများ ပေါ်ထွက်လာနိုင်သည်။


အချို့က ဆိုတတ်ကြသည်။ အာဏာရှင်များက ရွေးကောက်ပွဲ မလုပ်ပေးပဲ အာဏာဆက်သိမ်းလျှင်လဲ ရပါလျက် ရွေးကောက်ပွဲပြုလုပ်ပေးသည်မှာ အာဏာရှင်ဘက်က သဘောထား ပျော့ပျောင်းလာခြင်းဖြစ်သည် ဟု ဆိုတတ်ကြသည်။ အာဏာရှင်တို့ဘက်မှ စတင်သည့် political liberalization ဖြစ်ရပ်အချို့အတွက် ဤအဆိုမှာ မှန်ကောင်းမှန်မည် ဖြစ်သော်လည်း ဖြစ်ရပ်တိုင်း တွင်ကား မဟုတ်ချေ။ ခွေးတကောင်ကို အပြင်သို့ ခေါ်၍ လမ်းလျှောက်ထွက်ပါက လက်ထဲတွင် အတင်းဆုပ်ပြီး ကိုင်ထား၍ မရ။ မထင်မှတ်ချိန်တွင် လွတ်ထွက်သွားနိုင်သည်။ လမ်းလျှောက်ခွင့်၊ ပြေးခွင့် အနည်းငယ်ကိုတော့ ပေးရသည်။ ကိုင်ထားသော ကြိုးကို လိုသလို အဆွဲအဆန့် လုပ်နိုင်ဖို့သာ လိုသည်။ political liberalization ဆိုသည်မှာလည်း ဤနည်းနှယ်နှယ်ပင်။ လွတ်ထွက်သွားမည်စိုး၍ ကြိုးတန်းလန်းဖြင့် လွတ်လပ်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်။

၁၉၇၃ ခုနှစ်က အီဂျစ်နိုင်ငံတွင် Sadet က တံခါးဖွင့် စီးပွားရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ တံခါးဖွင့် စီးပွားရေး မူဝါဒ ကျင့်သုံးချိန်တွင် ပြုလုပ်ရန် လိုအပ်သည့် အခြားသော macro-economic arrangements များကို မပြုလုပ်သောကြောင့် လက်တဆုပ်စာ လုပ်ငန်းရှင် တစုသာ ပေါ်ထွက်လာပြီး၊ တိုင်းပြည်တွင် ဆင်းရဲချမ်းသာ ကွာဟနှုန်းက မတရား ထိုးတက်သွားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများက တရဟော ထိုးတက်သွားပြန်ရာ နိုင်ငံနှင့် အ၀ှမ်း ဆန္ဒပြပွဲများ ပေါ်လာတော့သည်။ အဆိုပါ အခြေအနေများ ထပ်မံ ပေါ်ပေါက်လာခြင်း မရှိစေရန် အီဂျစ်အစိုးရက အတိုက်အခံပါတီများကို ပါတီထောင်ခွင့် ပေးလိုက်သည်။ လူအများကို လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့် အနည်းငယ် ပေးလိုက်သည်။

စိတ်ပညာသဘောအရ လူတယောက်၏ စိတ်ထဲတွင် ပိတ်လှောင်မွန်းကြပ်နေမှုကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ပေးလိုက်သည့်အခါ ထိုလူ၏ စိတ်ထဲတွင် ပေါ့ပါးသွားလေ့ရှိရာ အာဏာရှင်အစိုးရသို့ စုပြုံလာသော မကျေနပ်မှုများကို ဖော်ထုတ်ခွင့်ပြု လိုက်ခြင်းဖြင့် မကျေနပ်မှုများ ပေါက်ကွဲထွက်သွားပြီး ဆန့်ကျင်သည့် အဆင့်သို့ မတက်လှမ်းတော့ပဲ ပြီးသွားတတ်သည်။ အီဂျစ်နိုင်ငံအပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံအများစုတွင် တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနှင့် မျောမပါပဲ အာဏာရှင်အစိုးရများ ရပ်တည်နေနိုင်သည့် အကြောင်းအချက်များတွင် ဤအချက်ကလဲ တချက် အပါအ၀င်ပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများတွင် political liberalization အတွေးအခေါ် လွှမ်းမိုးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ တက်လှမ်းခြင်း မရှိပဲ ရပ်တန့်နေခဲ့သည်မှာလဲ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ဆိုစေ political liberalization အတွေးအခေါ်သည် အာဏာရှင် အစိုးရများမှ အာဏာကို အသွင်သဏ္ဍာန်တမျိုးဖြင့် ဆက်လက်ချုပ်ကိုင်ထားနိုင်စေရေးအတွက် ဆေးကောင်းတခွက်ပင် ဖြစ်သည်။ စီးပွားရေး အကျပ်အတည်း ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အာရုံပြောင်းပေးနိုင်သည့် မျက်လှည့် ဆရာ တပါး ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။

သို့ရာတွင် political liberalization နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် လုံးဝ ဆက်စပ်ခြင်း မရှိသည်ကား မဟုတ်။ political liberalization လုပ်ချိန်နှင့် တပြိုင်နက်တည်းတွင် economic liberalization ကိုပါ ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည်။ အသွင်ပြောင်းကာလ စီးပွားရေး အခြေအနေကို မှန်ကန်သော မူဝါဒများ ချမှတ်၍ ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် လိုအပ်သည်။ Transition-induced contraction ကြောင့် ဖြစ်လာနိုင်သော ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်းကို ကြိုတင်ကာကွယ်ထားနိုင်မည့် မူများ ချရမည်။ supplier-buyer relationship ကို ဖရိုမရဲ မဖြစ်စေရန် ထိန်းကျောင်းပေးရမည်။


အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသော ဧရိယာ သုံးမျိုးဖြစ်သော liberalization of internal markets, liberalization of external markets, privatization and restructuring စသည်တို့တွင် သင့်လျော်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ နှစ်မျိုးဖြစ်သည့် shock therapy နှင့် gradual reform strategy တို့အနက် အချိန်ကာလနှင့် ကိုင်ညီသည့် မဟာဗျူဟာကို ရွေးချယ်နိုင်မှုကလည်း အရေးကြီးလေသည်။

စီးပွားရေးအခြေအနေဆိုးရွားမှုကြောင့် political liberalization စတင်လာခြင်း ဖြစ်သော်လည်း၊ တက်လာသည့် အစိုးရသစ်မှ အခြေအနေနှင့် ကိုက်ညီမည့် စီးပွားရေးမူဝါဒများကို မှန်မှန်ကန်ကန် အသုံးချနိုင်လျှင် liberalization နှင့် economic growth တို့အကြားတွင် positive relationship ဖြစ်လာနိုင်သည်ဖြစ်ရာ economic reform များ၏ adverse effects များကို ထိန်းချုပ်ရန် နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် economic growth တို့အကြားမှ ဆက်စပ်မှုမှာ positive တခုတည်း မဟုတ်ကြောင်းကိုလည်း သတိပြုကြရန် လိုအပ်သည်။ political liberalization နှင့် economic liberalization တို့ တပြိုင်တည်း ဖြစ်မလာပါက negative marginal effects များ ပေါ်ထွက်လာတတ်ပါသည်။

အရေးကြီးဆုံးအချက်မှာ ဒီမိုကရေစီသည် နိုင်ငံရေး မသေချာမှုနှင့် ဆက်စပ်နေခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရများသည် ရွေးကောက်ပွဲများဖြင့် မူဝါဒ ချမှတ်နိုင်ရေးကို ကြိုးပမ်းကြရသည်ဖြစ်ရာ စီးပွားရေး မူဝါဒ သက်တမ်းများသည် ရွေးကောက်ပွဲသက်တမ်းဖြင့် အချိန်မတူညီပဲ economic reform ၏ ရေတို adverse effects များ နောက်တကြိမ် ရွေးကောက်ပွဲမတိုင်မီ ပေါ်ထွက်လာပြီး၊ ရွေးကောက်ပွဲသစ်တွင် နိုင်ငံရေးအရ backlash ဖြစ်မည်ကို အာဏာရပါတီများက စိုးရိမ်လေ့ရှိကြပါသည်။ သို့ဖြစ်ရာ ရေတိုတွင် နှောင့်နှေးသော်လည်း ရေရှည် အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မည့် မူဝါဒများကို ရှောင်ကြဉ်၍ ရေတိုအကျိုးစီးပွားကိုသာ ကြည့်တတ်ကြလေရာ ဒီမိုကရေစီ အခြေခံသဘောတရားဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ခြင်းကပင်လျှင် ရေရှည်စီးပွားရေး တိုးတက်မှုကို ပြန်လည် ထိခိုက်လာသည်များလည်း ရှိတတ်ပါသည်။

အထက်ပါ အချက်များအပြင် political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရေးတွင် အခက်အခဲဖြစ်စေနိုင်မည့် ပထ၀ီဝင် နိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံခြားရေး အခြေအနေများနှင့် လူမှုရေး အခြေအနေများစွာလဲ ရှိပါသေးသည်။ Political liberalization ဆိုင်ရာ ကျမ်းတစောင် မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။ Political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်ချီရန် ရည်ရွယ်သူများအနေဖြင့် အဆိုပါ အခြေအနေများကို နားလည်သိရှိထားကြရန် လိုအပ်ပေလိမ့်မည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

Saturday, July 30, 2011

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း - ၄)

Political Liberalization အတွေးအခေါ်

Political Liberalization ဆိုသည်မှာ အာဏာရှင်တို့ဘက်မှ civil liberties များ ဖန်တီးပေးခြင်းနှင့် ဖိနှိပ်မှုများ လျှော့ချခြင်း (ease of repression) လုပ်ခြင်းများကို ဆိုလိုပါသည်။ အဆိုပါ အတွေးအခေါ်အား အာဏာရှင်တို့ဘက်က ကျင့်သုံးလာချိန်တွင် အာဏာရှင် ရွေးကောက်ပွဲ (authoritarian elections) များ ပေါ်ထွက် လာလေ့ရှိပါသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်၏ နောက်ဆုံးပန်းတိုင်ဖြစ်သော democratic consolidation ကို ဖော်ဆောင်ပေးနိုင်သည့် အတွေးအခေါ် တရပ်ဖြစ်သော်လည်း political liberalization နှင့် initial transition မှာ ကွဲပြားခြားနားပါသည်။ Initial transition ကို ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် (Democratization)၏ ကနဦးအစိတ်အပိုင်း အဖြစ်သတ်မှတ်ထားသော်လည်း political liberalization ကျင့်သုံးအကောင်အထည်ဖော်မှု ဖြစ်ရပ်တိုင်းအား ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ ကနဦးအစိတ်အပိုင်း အဖြစ် သတ်မှတ်ထားခြင်း မရှိပါ။

နိုင်ငံရေးပညာရှင်များက အဆိုပါ ကွဲပြားခြားနားမှုကို ရှင်းရှင်းလင်းလင်း မီးမောင်း ထိုးပြလေ့ရှိကြပါသည်။ Holger နှင့် Schlumberger တို့က political liberalization နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တို့မှာ နောက်ဆုံးရလဒ်အဖြေ (end result) ပေါ် မူတူ၍ ကွဲပြားကြောင်း ရေးသားခဲ့ကြပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ ဒီမိုကရေစီ စနစ် အမြစ်တွယ် ခိုင်မာရှင်သန်မှုရှိရန် ဦးတည်သည့် ရှင်းလင်းသော နောက်ဆုံးရလဒ် ရှိသော်လည်း၊ political liberalization မှာကား ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာရှင်သန်မှု (Democratic consolidation) သို့ ဦးတည်ခြင်းမရှိပဲ လမ်းတ၀က်တွင်ပင် အာဏာရှင်တို့ဘက်မှ liberalization ကို ရပ်ဆိုင်းကာ အာဏာပြန်သိမ်းပြီး၊ authoritarian စနစ်ကို အသက်ပြန်သွင်းခြင်းလည်း ဖြစ်နိုင်သည်။ တပိုင်းတစ ရပ်ဆိုင်းထားခြင်းများလဲ ဖြစ်နိုင်သည့်အတွက် တိကျသော end result ကို သတ်မှတ်၍ မရနိုင်ကြောင်း သုတေသနပြုချက်များအရ တွေ့ရှိခဲ့ကြပါသည်။

နိုင်ငံရေးပညာရှင် Pool ကလဲ Political Liberalization ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံ သဘောတရားများကို မိတ်ဆက်ခြင်းမျှသာ ဖြစ်ပြီး၊ ဒီမိုကရေစီပန်းတိုင်ကို ဦးတည်ဖော်ဆောင်သည်ဟု မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ နိုင်ငံရေးပညာရှင် Monshipouri က Political Liberalization ဖြစ်ရပ်တိုင်းတွင် ဒီမိုကရေစီစနစ် တည်ဆောက်မှု ဖြစ်မလာနိုင်သော်လည်း political liberalization ပြုလုပ်ခြင်းအားဖြင့် အာဏာရှင်တို့၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ကြောင်းနှင့် အာဏာရှင်တို့ ရင်ဆိုင်ရတတ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းများကို ရေတို ဖြေရှင်းခြင်း အတွေးအခေါ်တခုအဖြစ် အသုံးချနိုင်ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပေါ်နေတတ်သည့် နိုင်ငံရေးမတည်ငြိမ်မှုများ၊ စစ်ပွဲများ၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို political liberalization အတွေးအခေါ်ဖြင့် ဖြေရှင်းပါက ညင်သာသော ပြောင်းလဲတိုးတက်မှုများ ရှိနိုင်ကြောင်းနှင့် အဆိုပါနိုင်ငံများရှိ လူ့အဖွဲ့အစည်းများကို ဒီမိုကရေစီ စနစ်အတွက် ကြိုတင်မိတ်ဆက်ပြင်ဆင်ပေးရာ ရောက်ကြောင်း Monshipouri က ဆိုထားခဲ့ပါသည်။

Political Liberalization နှင့် ကနဦးဒီမိုကရေစီ အသွင်ကူးပြောင်းမှုတို့သည် ဤသို့ ကွဲပြားခြားနားနေသော်ငြား political liberalization သည် civil liberties အချို့ကို အကာအကွယ် ပေးနိုင်လာသဖြင့် expansion of public space ဖြစ်ကြောင်းကိုကား ပညာရှင်အများစုက တညီတညွတ်တည်း လက်ခံထားခဲ့ကြပါသည်။ ခြုံငုံကြည့်ပါက political liberalization ဆိုသည်မှာ အာဏာရှင်တို့မှ ပိတ်ဆို့ထားသည့် တံခါးအား အနည်းငယ် ဟပေးခြင်းဖြင့် လူတဦးချင်း၏ အတွေးအမြင်ဖော်ပြချက်၊ လူ့အဖွဲ့အစည်းအတွင်း လှုပ်ရှားမှုနှင့် နိုင်ငံရေးပါဝင်ပတ်သက်မှုတို့ကို အကန့်အသတ်ဖြင့် ခွင့်ပေးခြင်း ဖြစ်ပေသည်။ သို့ရာတွင် အာဏာရှင်တို့ ဖွင့်ပေးသော အပေါက်မှ အာဏာရှင်တို့ ချုပ်ကိုင်ထားသော အိမ်အတွင်းသို့ ၀င်ရောက်နေထိုင်ရမည်ဖြစ်ရာ ဧည့်သည်တို့၏ ထုံးစံအတိုင်း အိမ်ရှင်များ ချမှတ်ထားသော စည်းကမ်းကိုတော့ လိုက်နာရန် လိုအပ်ပေသည်။ ဧည့်သည်များမှ စည်းကမ်းကို မလိုက်နာလျှင်ကား အိမ်ပေါ်မှ နှင်ချ၍ ဖွင့်ထားသော တံခါးကို အာဏာရှင်တို့ဘက်မှ အချိန်မရွေး ပြန်လည် ပိတ်ပိုင်ခွင့်လည်း ရှိလေသည်။ ယင်းမှာ political liberalization အတွေးအခေါ်၏ အခြေခံ သဘောတရား ဖြစ်လေသည်။

political liberalization သည် စစ်မှန်သော ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်လှမ်းရေးကို ဆောင်ကျဉ်းပေးနိုင်သည်လား (၀ါ) political liberalization အတွေးအခေါ်ကို ကိုင်စွဲခြင်းဖြင့် ဒီမိုကရေစီ ရနိုင်သလား ဆိုသည်နှင့် ပတ်သက်၍မူ အယူအဆနှစ်မျိုး ပေါ်ထွက်လာပါသည်။ တမျိုးက political actors များပေါ်တွင် မူတည်သည့် အတွေးအမြင် ဖြစ်ပါသည်။ အဆိုပါ အယူအဆအရ ဒီမိုကရေစီအရေးတွင် အာဏာရှင်များဘက်၌ hardliners နှင့် softliners ဆိုသော နိုင်ငံရေးဇာတ်ကောင်နှစ်မျိုး ပေါ်ထွက်လာပြီး၊ အတိုက်အခံများဘက်၌ opportunists, moderates နှင့် radicals ဆိုသော နိုင်ငံရေးဇာတ်ကောင် သုံးမျိုး ပေါ်ထွက်လာနိုင်ပါသည်။

Hardliners ဆိုသူများမှာ အာဏာရှင်စနစ်ကိုပင် ရေရှည်တည်တံ့ခိုင်မြဲလိုသူများဖြစ်ပြီး၊ softliners ဆိုသူများမှာ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အတိုက်အခံများနှင့် ပူးပေါင်းဆောင်ရွက်ရေး စေ့စပ်ညှိနှိုင်းရေးကို လိုလားသူများဖြစ်သည်။ opportunists ဆိုသူများကား ဒီမိုကရေစီစနစ် တည်ဆောက်ရေးကို စိတ်ဝင်စားသူများ မဟုတ်ပဲ ဒီမိုကရေစီ အရေးကို အကြောင်းပြု၍ ကိုယ်ကျိုးရှာလိုသူများဖြစ်သည်။ moderates ဆိုသူများကား ဒီမိုကရေစီစနစ် ခိုင်မာရှင်သန်ရေးကို လိုလားသူများဖြစ်ပြီး၊ မည်သို့သော ပြောင်းလဲမှုများကိုဖြစ်စေ လက်ခံနိုင်သူများ ဖြစ်သည်။ radicals ဆိုသူများကား အာဏာရှင်တို့နှင့် compromise မလုပ်ရသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဖော်ဆောင်လိုသူများ ဖြစ်သည်။ လက်တင်အမေရိက ဒီမိုကရေစီအသွင်ကူးပြောင်းမှု သင်ခန်းစာများအရ political liberalization ကို အာဏာရှင်ဘက်မှ softliners များနှင့် အတိုက်အခံဘက်မှ moderates များက ထိန်းကျောင်းပေးနိုင်လျှင် ဒီမိုကရေစီ ခိုင်မာရှင်သန်ရေး လမ်းကြောင်းပေါ်သို့ ရောက်သွားနိုင်ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြလေသည်။

အခြားအယူအဆ တခုမှာကား အာဏာရှင်တို့တွင် အာဏာရှင်စနစ်ကို ထိန်းသိမ်းထားလိုသော အုပ်စုနှင့် အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံး၍ မဖြစ်နိုင်ဟု ယူဆသော အုပ်စုနှစ်စု ကွဲပြားသွားသဖြင့် အာဏာရှင်တို့အကြား အကွဲအပြဲ (intra-regime factionalism) နှင့် စစ်တပ်မှ ခေါင်းဆောင်အချို့ခွဲထွက်ပြီး အတိုက်အခံတို့နှင့် ပေါင်းသွားသည့်အခါ ဖြစ်လာလေ့ရှိသော intra-military factionalism များ၊ degradation of military institution ဖြစ်ခြင်းများကို ထိန်းချုပ်ရန် political liberalization ကို အာဏာရှင် ခေါင်းဆောင်များက အကောင်အထည် ဖော်လာသည်ဆိုသော အယူအဆ ဖြစ်လေသည်။ ဤအယူအဆအရ political liberalization ကို အကောင်အထည်ဖော်ရာတွင် အာဏာရှင်တို့ဘက်မှ paradox of success ကို သေချာစေရန် ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲများတွင် အာဏာရှင်တို့ ကြိုးကိုင်နိုင်သည့် ပါတီများ ဖွဲ့စည်းခြင်း၊ အာဏာရှင်တို့၏ ရပ်တည်မှုကို မထိပါးစေသော ဥပဒေများ ပြဌာန်းသတ်မှတ်ခြင်း၊ ကြိုးကိုင်နိုင်သည့် ပါတီများသာ အနိုင်ရနိုင်မည့် ရွေးကောက်ပွဲဥပဒေများ ပြဌာန်းခြင်း စသည်တို့မှာ political liberalization ၏ လိုအပ်ချက်တရပ်ဖြစ်သော အဆိုပါ paradox of success စည်းမျဉ်းကို ဖော်ဆောင်ခြင်း ဖြစ်လေသည်။ paradox of success မသေချာပဲနှင့် political liberalization ကို မည်သည့် အာဏာရှင်ကမှ ဖော်ဆောင်ခြင်း မရှိပါ။

အထက်ဖော်ပြပါ အယူအဆနှစ်မျိုးအနက် ပထမအယူအဆမှ ကြည့်လျှင် political liberalization သည် ဒီမိုကရေစီ ပန်းတိုင်အရောက်လှမ်းရေးကို ဦးတည်သည့် အတွေးအခေါ် ဖြစ်ပြီး၊ ဒုတိယအယူအဆမှ ကြည့်လျှင်ကား political liberalization သည် အာဏာရှင်စနစ်ကို ပုံစံတမျိုးဖြင့် ရေရှည် ရှင်သန်နေစေနိုင်သည့် dead end ဖြစ်နေသော အတွေးအခေါ် ဖြစ်လေသည်။ လက်တင်အမေရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအရ ပထမအယူအဆက မှန်ကန်ပြီး၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များအရ ဒုတိယအယူအဆက မှန်ကန်နေသည်ဖြစ်ရာ နိုင်ငံတနိုင်ငံ ကြုံတွေ့လာမည့် political realities အခြေအနေကိုကား ခန့်မှန်းရ အလွန်ပင် ခက်နိုင်ပါသည်။

မည်သို့ဆိုစေ အာဏာရှင်တို့၏ political liberalization ဖော်ဆောင်မှုများကို public space ချဲ့ပေးခြင်းဟု ရှုမြင်၍ ပထမအယူအဆကို လက်ခံကျင့်သုံးလိုသော moderates များအနေဖြင့် ရလိုရငြား စမ်းသပ်ကြည့်လိုသည်ဆိုလျှင် political liberalization မှ democratic consolidation သို့ ပြောင်းလဲရန် ကြိုးပမ်းမှုများတွင် တွေ့ကြုံနိုင်သည့် obstacles များကို အာရုံစိုက်ရန် လိုအပ်ပေသည်။ အဆိုပါ obstacles များကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ကြံဆရှာဖွေသင့်လေသည်။ Political liberalization စတင်လာပြီးမှ ပြောင်းပြန်ဦးတည်သွားသော political deliberalization မဖြစ်စေရန် ကြိုးပမ်းကြရန် လိုအပ်သည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

Friday, July 29, 2011

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း -၃)

Initial Transition အတွေးအခေါ် (သို့မဟုတ်) အာဏာရှင်စနစ်အားဖြိုချခြင်း (authoritarian breakdown) အတွေးအခေါ်

Initial transition ဖြစ်လာစေရန်အတွက် အရေးကြီးဆုံးမှာ ကြားဖြတ်အစိုးရပင်ဖြစ်လေသည်။ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်၏ အဓိကသော့ချက်မှာ interim period တွင် မည်သူများက အုပ်ချုပ်၍ အာဏာကို မည်သို့ ခွဲဝေသုံးစွဲမည်နည်းဆိုသည့် အချက်အပေါ်တွင် မူတည်သည်။ ထိုအချက်ကို သေချာစွာဖော်ထုတ်ပြီးမှသာ ဒီမိုကရေစီလှုပ်ရှားမှု လမ်းကြောင်းမှာ တည့်တည့် မတ်မတ်နှင့် ထိထိရောက်ရောက် ရှိသည်။

နှစ်ဆယ်ရာစုနှောင်းပိုင်း ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်များအား လေ့လာ၍ ပညာရှင် Shain နှင့် Lintz ဆိုသူတို့က အဆိုပါပြောင်းလဲမှုဖြစ်စဉ်များတွင် ပါဝင်သော ကြားဖြတ်အစိုးရ ပုံစံလေးမျိုးကို ထုတ်ဖော် ခဲ့ကြသည်။

(၁) အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (Opposition-led interim government)

လူထုတိုက်ပွဲ ပုံစံဖြင့်ဖြစ်စေ၊ လက်နက်ကိုင် တော်လှန်ရေးအသွင်ဖြင့်ဖြစ်စေ အာဏာရှင် အစိုးရအား ဖြုတ်ချ တော်လှန်၍ ကြားဖြတ်အစိုးရအဖြစ်ကြေငြာကာ၊ ရွေးကောက်ပွဲ ကျင်းပခြင်းနည်းလမ်းဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် အချိန်တိုအတွင်း ဖြစ်ပေါ်လာစေရန် ဦးဆောင်ဦးရွက်ပြုသည့် အစိုးရ တရပ် ဖြစ်သည်။

အာဏာရှင်အစိုးရ၏ ဥပဒေစိုးမိုးမှု၊ အာဏာသက်ရောက်မှုကို total rejections လုပ်ရမည်ဖြစ်၍ အသွင်ကူးစဉ်ကာလတွင် လူထုအပေါ်၌ တာဝန်ခံမှု ရှိရမည်။ တာဝန်ယူရမည်။ (၁၉၇၄)ခုနှစ်မှ (၁၉၇၆)ခုနှစ် ပေါ်တူဂီနိုင်ငံ ကနဦးဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်သည် ဤပုံစံမျိုးဖြစ်သည်။

ထိုသို့သော ပြောင်းလဲမှုကို လုပ်ရန်ရည်ရွယ်ပါက အတိုက်အခံအုပ်စုများ စုစည်းကျစ်လစ်မှုရှိရန် လိုအပ်သည်။ ဥာဏ်အမြော်အမြင်ရှိရန် လိုအပ်သည်။ နိုင်ငံရေးသုံးသပ်မှု မှန်ကန်ရန် လိုအပ်သည်။

အချိန်အခါကို မှန်မှန်ကန်ကန် တွက်ချက်တတ်ရန် လိုအပ်သည်။ လူထုစည်းရုံးရေး ကောင်းမွန်ရန် လိုအပ်သည်။ ပြုတ်ကျသွားသော အာဏာရှင်များမှ ပုန်ကန်ခြားနားမှု ရှိလာနိုင်သည် ဖြစ်သဖြင့် အချိန်မှီ ထိန်းကွပ်နိုင်ရန် စစ်ရေးသတိ၊ နိုင်ငံရေးသတိရှိရန်လိုအပ်သည်။ မူလအာဏာရှင်သည် စစ်အာဏာရှင်ဖြစ်ပါက လက်နက်ကိုင် အင်အားစုများ ပြန့်ကျဲသွားနိုင်သည်ဖြစ်သောကြောင့် အဆိုပါ အင်အားစုများကို ပြန်လည် စုစည်း၍ နိုင်ငံတနိုင်ငံအတွက် လိုအပ်သော ကျစ်လျစ်သည့် တပ်မတော်တရပ် ပြန်လည်ဖွဲ့စည်းနိုင်ရန် အတိုက်အခံ ခေါင်းဆောင်များတွင် အုပ်ချုပ်မှု စွမ်းရည်ရှိရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏ (၁၉၈၈) လူထုအရေးတော်ပုံကြီးသည် ဤသို့သော ပြောင်းလဲမှုလမ်းကြောင်းကို ဦးတည်ခဲ့သော်လည်း အားနည်းချက်အချို့ကြောင့် အသက်သွေးချွေးများရင်းပြီးမှ ပေးဆပ်ခဲ့ရသည်နှင့် မတန်စွာပင် အောင်ပွဲနှင့် လွဲခဲ့ရသည်။ သမိုင်းသင်ခန်းစာ ယူတတ်ရန် လိုပေသည်။ ထပ်ခါတလဲလဲ မှားနေသည်ဆိုလျှင်တော့ မှားသူများ၏ အသုံးမကျမှုပင် ဖြစ်ပေတော့မည်။

အရေးကြီးဆုံးအချက်မှာကား ထိုပြောင်းလဲမှုကို ဦးတည်သည်ဆိုပါက လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းတခုခုကိုဖြစ်စေ၊ နှစ်ခုလုံးကိုပေါင်းစပ်၍ တစိုက်မတ်မတ် လုပ်ကိုင် ရမည်။ စုစည်းမှုအားများ၏ လားရာသည် ထိုပြောင်းလဲမှုကိုသာ ဦးတည်ထွက်သွားရမည်။ ကြိုတင်ပြင်ဆင်သင့် သည်များကို “ ဖြစ်လာရင် လုပ်ဖို့နည်းရှိပါတယ်“ ဆိုသော မီဒီယာကြားကောင်းရုံ စကားလုံးများ ပြောနေခြင်းဖြင့် မဟုတ်ပဲ လက်တွေ့ လုပ်ဆောင် ထားရမည်။ ခင်းစရာ လမ်းကြောင်းကို ခင်းကျင်း ထားရမည်။ လိုအပ်ချက် များကို ဖြည့်စွက်ထားရမည်။


(၂) ပါဝါခွဲဝေသုံးစွဲသောကြားဖြတ်အစိုးရများ (power-sharing interim governments)

ပါဝါခွဲဝေသုံးစွဲသော ကြားဖြတ်အစိုးရများဆိုသည်မှာ အာဏာရှင်အစိုးရမှ အချို့သော အဖွဲ့ဝင်များနှင့် အတိုက်အခံများမှ အချို့သော အဖွဲ့ဝင်များတို့ နားလည်မှုယူ၍ ရွေးကောက်ပွဲများ မကျင်းပမီ ယာယီ ကြားဖြတ်အစိုးရအဖြစ် ဖွဲ့စည်းကာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ ထိုသို့သော ပြောင်းလဲမှု လမ်းကြောင်းမှာ နိုင်ငံရေးအရ ပဋ္ဋိပက္ခ မများလှပဲ တည်ငြိမ်သည်။ ပြောင်းလဲမှုမှာ ညင်သာသည်။ အတိုက်အခံများ၏ ပညာသားပါပါ ဆောင်ရွက်နိုင်မှု အထူးလိုအပ်သည်။ (၁၉၈၉) မှ (၁၉၉၁)ခုနှစ်အထိ ပိုလန်နိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်မှာ ထိုသို့သော ပုံစံမျိုးဖြစ်သည်။

ထိုပြောင်းလဲမှုမျိုးကို ဦးတည်ပါက အာဏာရှင်ဘက်မှ ဘက်ပြောင်းလာသူများရှိလာစေရန် စည်းရုံးလှုံ့ဆော်မှု အားကောင်းရမည်။ ထိုစည်းရုံးရေးစွမ်းရည်တွင်လည်း လျှို့ဝှက်နိုင်မှု စွမ်းရည်ပါ လိုအပ်သည်။ မည်သူနှင့် ပူးပေါင်း ဆောင်ရွက်ရန် အတိုက်အခံများမှ nominate လုပ်နေသည်ကို အာဏာရှင်ဘက်သို့ သတင်းပေါက်ကြားခြင်း မရှိစေရ။ မဟုတ်လျှင် ပွဲမပြီးခင် အချိန်မှာပင် အတိုက်အခံနှင့် ပူးပေါင်းချင်သူများ လုပ်ကြံခံလိုက်ရခြင်း၊ အဖမ်းခံလိုက်ရခြင်း၊ ထိုသူမှ စိတ်ပြောင်း သွားခြင်းများဖြစ်နိုင်သည်။ လုံခြုံရေးသည် အရေးပါလှသည်။ ထိုသူများနှင့် အချိတ်အဆက်ရှိ ထားပြီးမှသာ လူထုတိုက်ပွဲကို ပုံစံဖော်ရမည်။ လူထုတိုက်ပွဲအချိန်တွင်မှ ပေါ်လာလိမ့်မည်ဆိုပြီး စောင့်စားခြင်း၊ လိုက်လံစည်းရုံးခြင်းများသည် မိမိ၏အင်အားကို ဖြုန်းတီး လိုက်သကဲ့သို့ပင် ရှိသည်။ မည်သို့မျှ အကျိုးမထူးပါ။ ရန်သူ့ထက် ခြေတလှမ်းနောက်ကျနေသည်ကို သတိပြုသင့်သည်။ တွေ့ဆုံဆွေးနွေးရေးခေါ်ခြင်း သည်လည်း ဤပြောင်းလဲမှု လမ်းကြောင်းပေါ်မှာပင်ရှိသည်။ သို့ပေမယ့် ထိုသို့ခေါ်ချိန်သည် နှစ်ဘက်ဘက်မျှနေသည့် အချိန်မျိုးတွင်သာ ဖြစ်သင့်သည်။ ပိုလန်နိုင်ငံတွင် ထိုပြောင်းလဲမှု လမ်းကြောင်းပေါ် တက်သွားနိုင်ခဲ့သည်က ပိုလန်နိုင်ငံ people power movement အားကောင်း၍ဖြစ်သည်။

(၃) အာဏာရှင်များမှဦးဆောင်သော အိမ်စောင့်အစိုးရများ (incumbent- led caretaker governments)

အချို့သောအခြေအနေများတွင် အာဏာရှင် အစိုးရကိုယ်တိုင်မှ နိုင်ငံ၏စီးပွားရေးယိုယွင်းမှုကို မည်သို့မျှ မထိန်းနိုင်တော့၍ဖြစ်စေ၊ အုပ်စိုးသူများ အချင်းချင်းသဘောထား ကွဲလွဲမှုကြောင့် ဖြစ်စေ၊ အတိုက်အခံများ၏ ခြိမ်းချောက်နိုင်စွမ်းကြောင့်ဖြစ်စေ၊ ဆက်လက်ထိန်းထားလျှင် တိုင်းပြည်တခုလုံး ဖရိုဖရဲဖြစ်လာနိုင်ချေ ရှိသောကြောင့်ဖြစ်စေ၊ ကနဦးဒီမိုကရေစီအသွင် ကူးပြောင်းမှု ဖြစ်စဉ်ကို စတင် လိုက်ရသည်များရှိသည်။ တောင်အာဖရိကဒီမိုကရေစီအသွင် ကူးပြောင်းမှုဖြစ်စဉ်သည် ထိုသို့သောပြောင်းလဲမှုနှင့် စတင်ခဲ့သည်။ incumbent de Klerk government သည် အိမ်စောင့်အစိုးရအဖြစ်စတင်ခဲ့ပြီး၊ (၁၉၉၃) စက်တင်ဘာတွင်မှ power-sharing coalition အနေဖြင့် ပြောင်းလဲကာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စတင်ခဲ့ခြင်းဖြစ်သည်။

ထိုပြောင်းလဲမှုဖြစ်စေရန်အတွက် ထိရောက်သော နိုင်ငံတကာဖိအားမှာ အရေးပါလှသည်။ ထိရောက်သောဟူသော စကားလုံးကို ဆိုထားပါသည်။ မစို့မပို့ ဟိုစပ်စပ် ဒီစပ်စပ်၊ ရှေ့ကဖုံးနောက်ကပေါ် နိုင်ငံတကာ ဖိအားကို ဆိုလိုခြင်းမဟုတ်ပါ။ ထို့ထက်ပို၍ အရေးကြီးသည်ကား လူထုအား ပင်ဖြစ်ပါသည်။ လူထုအားသည် စုစုစည်းစည်း ပြတ်ပြတ်သားသားရှိနေရပါမည်။ အာဏာရှင်တို့အား မပြောင်းလဲလျှင် လုံးဝမရနိုင်သည့် အခြေအနေသို့ ရောက်အောင် တွန်းပို့ ထားနိုင်ရပါမည်။

(၄) အပြည်ပြည်ဆိုင်ရာကြားဖြတ်အစိုးရများ (international interim governments)

အကယ်၍ အာဏာခွဲဝေသုံးစွဲသည့် ကြားဖြတ်အစိုးရ ဖြစ်လာနိုင်ချေများ လုံးဝမရှိသည့်အခါ (သိုမဟုတ်) နှစ်ဘက်စလုံးတွင် သမိုင်းကြောင်းအရ ကြမ်းကြုတ်သော ယှဉ်ပြိုင်မှုများနှင့် တဦးပေါ်တဦးယုံကြည်မှု လုံးဝဥဿုံ ကင်းမဲ့နေသည့်အခါ (သို့) နှစ်ဘက်စလုံး မည်သူမျှ အောင်ပွဲရတော့မည် မဟုတ်ကြောင်း သေချာလာသည့်အခါတွင် ကုလသမဂ္ဂကြီးကြပ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ ကြားဖြတ်အစိုးရများကို ဖွဲ့စည်းရလေသည်။

နာမီးဘီးယား (၁၉၈၉-၁၉၉၀)နှင့် ကမ်ဘောဒီးယား (၁၉၈၃-၉၃) အခြေအနေများသည် အဆိုပါပြောင်းလဲမှုဖြစ်စဉ်၏ ဥပမာများပင်ဖြစ်သည်။ သို့ရာတွင် ထိုသို့သော ပြောင်းလဲမှုဖြစ်စဉ်များတိုင်း အောင်မြင်သည်ကား မဟုတ်ပါ။ အာဖဂန်နစ္စတန်နိုင်ငံ၏ (၁၉၉၀)ပြည့်နှစ် အစောပိုင်းကာလများ အခြေအနေသည် မအောင်မြင်သော အပြည်ပြည်ဆိုင်ရာ ကြားဖြတ်အစိုးရကနဦး ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို မီးမောင်းထိုးပြနေသည်။ ထို့အပြင် အခြားအရေးကြီးသော အချက်မှာကား သူတပါးနှာခေါင်းဖြင့် အသက်ရှူသူများသည် ကိုယ့်နှာခေါင်းဖြင့် အသက်ရှူရန် ခဲယဉ်းသည့် နောက်ဆက်တွဲ ဖြစ်ရပ်များပင်ဖြစ်သည်။

မည်သို့ဆိုစေ ထိုပြောင်းလဲမှုဖြစ်စဉ်ကို ဦးတည်သည်ဆိုလျှင်ကား Humanitarian intervention ဖြစ်လာစေရန် ဦးစားပေး ဆောင်ရွက်ရမည်။ သတိပြုရန်အချက်ကား ထိုဖြစ်စဉ်စတင်ရန် အချိန်သည် နှစ်ပေါင်းများစွာ ကြာတတ်သည်။ ဖြစ်လာပြီးလျှင်လည်း နောက်ဆက်တွဲပြဿနာများ အလွန်ပင် ကြီးမားသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ ပန်းတိုင်ဖြစ်သော democratic consolidation ဖြစ်ရန် ပိုမိုခက်ခဲသည်။ Long-term effects များပြားသည်။ autonomous development တည်ဆောက်ရန် political and economic challenges များသည်။ ထို costs များကို benefits များဖြင့် weighted လုပ်ကြည့်ပြီး benefits က costs ထက် exceed ဖြစ်မှသာ ထိုလမ်းကြောင်းကို ဦးတည်သင့်သည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်သည့် ထူးခြားသော အချက်တခုမှာကား ၁၉၈၈ လူထု အရေးတော်ပုံကြီးနောက်ပိုင်းကာလ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းခဲ့ကြသည့် အနှစ်နှစ်ဆယ်ခရီးတွင် အတိုက်အခံများ အားလုံးသည် ကနဦးဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်စတင်ရန် အထက်တွင်ဖော်ပြကဲ့သို့ နည်းလမ်းပေါင်းများစွာကို ခုန်ပြန်ကျော်လွှား အသုံးပြုခဲ့ကြပြီးသားပင် ဖြစ်ပါသည်။ ထိရောက်မှုရသင့်သလောက် မရခဲ့သည့် အချက်မှာကား မည်သည့်လမ်းကြောင်းကိုမှ တစိုက်မတ်မတ် ဦးတည်ခြင်းမရှိပဲ ဟိုကွေ့ဟိုတက်နှင့် လှော်၊ ဒီကွေ့ဒီတက်နှင့် လှော်နေကြခြင်းကြောင့်သာ ဖြစ်ပါသည်။
သို့ဖြစ်ရာ လှိုင်းထန်လှသော ပင်လယ်ပြင်မှ ဒီမိုကရေစီ လှေငယ်ကား လက်နက်ကိုင် တော်လှန်ရေးဆီ ရောက်လိုက်၊ နိုင်ငံတကာဖိအားဆီ ရောက်လိုက်၊ လူထုတိုက်ပွဲဆီ ရောက်လိုက်၊ စီးပွားရေးပိတ်ဆို့မှုဆီ ရောက်လိုက်၊ ယူအင်ဆီ ရောက်လိုက်၊ အမေရိကန်ဆီ ရောက်လိုက်၊ အာဆီယံဆီ ရောက်လိုက်၊ Humanitarian Intervention ဆီ ရောက်လိုက်၊ တပ်မတော်အားခွဲ၍ မျိုးချစ်ခေါင်းဆောင်များ ပြည်သူနှင့် ပူးပေါင်းရေးဆီ ရောက်လိုက်ဖြစ်ကာ ပင်လယ်ပြင်ထဲတွင် ၀ိုင်းကြီးပတ်ပတ်လည်နေသကဲ့သို့ ဖြစ်လာပါတော့သည်။

ပို၍ ဆိုးသည့်အချက်မှာကား Initial Transition အတွေးအခေါ်ပေါ်တွင် အခြေခံထားသည့် လမ်းကြောင်းများကို အကောင်အထည် ဖော်နေသော်လည်း အဆိုပါအတွေးအခေါ်၏ အရေးကြီးဆုံး အချက်ဖြစ်သည့် ကြားဖြတ်အစိုးရဖွဲ့စည်းရေး ရေတိုရည်မှန်းချက် ပန်းတိုင်က ပျောက်ကွယ် နေခြင်းသာ ဖြစ်လေသည်။ ကြားဖြတ်အစိုးရ အသွင်ဆောင်သည့် တောင်းဆိုချက်များ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နိုင်ငံရေးစစ်မျက်နှာသည် မေရီချက်ပလင်း ဆွံ့အနားမကြားကျောင်း အသွင်သို့ ပြောင်းလဲသွားခြင်းများ (သို့မဟုတ်) ခါးပိုက်နှိုက်များ နယ်လုသည့် အသွင်သို့ ပြောင်းလဲသွားခြင်းများ ဖြစ်လာလေတော့သည်။

ပြည်သူလူထုက ရွေးချယ်တာဝန်ပေးထားသည့် အရေးပါသော နိုင်ငံရေးခေါင်းဆောင်များက ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးဆိုသည့်အချက်ကို တတ်နိုင်သမျှ ရှောင်လွှဲပြောဆိုလေ့ရှိကြပြီး၊ မလွဲသာ မရှောင်သာ အခြေအနေများ ပေါ်လာလျှင်လဲ ရေငုံနှုတ်ပိတ် နေလိုက်ကြလေ့ရှိပါသည်။ ပြည်သူလူထုက မရွေးချယ်ထားပဲ တာဝန်သိသည့် နိုင်ငံရေး ခေါင်းဆောင်များက ကြိုးပမ်းတောင်းဆိုမှု စတင်လိုက်ပါလျှင်လဲ ခါးပိုက်နှိုက်များ ကုန်းလမ်း၊ ရေလမ်း သူ့နယ်၊ ကိုယ့်နယ် လုသကဲ့သို့ ပွဲပျက်လျှင်ပြီးရော သဘောထားကား ထိုးနှက် တိုက်ခိုက်ကြပါတော့သည်။

အဖြေကားရှင်းပါသည်။ တက္ကသိုလ်က ဘွဲ့ရချင်လျှင် အထက်တန်းစာမေးပွဲကို အရင်အောင်ရပါမည်။ အထက်တန်းစာမေးပွဲကို ကျော်ခွသွားလို၍ မရပါ။ မဖြစ်မနေ ဖြတ်သန်းရပါမည်။ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်ခိုင်မာစေလိုသည့် ရှေရည်ပန်းတိုင်ကို Initial Transition အတွေးအခေါ်ပေါ်တွင် အခြေခံသည့် လမ်းကြောင်းများဖြင့် သွားလိုလျှင် အထက်တွင်ဖော်ပြထားခဲ့သော ကြားဖြတ်အစိုးရ အသွင်သဏ္ဍာန်တမျိုးမျိုးကို ရေတိုပန်းတိုင်အဖြစ် ဦးတည်သတ်မှတ် ရတော့မည်ဖြစ်သည်။ ယင်းအချက်ကို လက်မခံလိုလျှင် Initial Transition အတွေးအခေါ်ကို လက်ခံကျင့်သုံးခြင်း မပြုပဲ Political liberalization အတွေးအခေါ်ကို လက်ခံလိုက်သည်က ပို၍ ကောင်းမွန်သည်။ အတွေးအခေါ်က လမ်းစဉ်များကို ဦးဆောင်သည်ဖြစ်ရာ အတွေးအခေါ် မရှင်းလင်းပဲ နိုင်ငံရေးကို ဦးဆောင်နေလျှင် မပြတ်သားသော လမ်းစဉ်များကြောင့် ရှင်းလင်းသည့် အတွေးအခေါ် ရှိနေသော နိုင်ငံရေးသမားများသာမက ပြည်သူလူထု တရပ်လုံးကိုပါ ထိခိုက်စေနိုင်သည်။

ကြားဖြတ်အစိုးရ အသွင်ဆောင်သည့် အစိုးရတရပ် ပေါ်ထွက်လာရေးဆိုသော အခြေခံ ပန်းတိုင်ကို လက်ခံရုံနှင့် ပြီးသေးသည်ကား မဟုတ်ပဲ ဦးတည်သော ကြားဖြတ်အစိုးရအသွင်ပေါ်မူတည်၍ ပိုမိုအာရုံစိုက်လုပ်ရမည့် လမ်းကြောင်းများ၊ လျှော့ရမည့် လမ်းကြောင်းများလည်း ရှိလာတတ်သည်။ ဥပမာ- လူထုတိုက်ပွဲနှင့် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို အာရုံစိုက်သည်ဆိုလျှင် တော်လှန်ရေးကို လူထုနှင့် တသားတည်းဖြစ်အောင် ပြုလုပ်ရပါမည်။ ပြည်သူအများအား ကိုယ့်အားကိုယ်ကိုးစိတ် ဖြစ်လာစေရန် တွန်းအား ပေးရပါမည်။ မျှော်တော်ယောင်ဖြစ်အောင် အခုပဲ နိုင်ငံတကာ ၀င်လာတော့မည် ဆိုလိုက်၊ အခုပဲ လူထုနည်းနဲ့မှ အောင်မြင်တော့မည် ဆိုလိုက် လုပ်နေခြင်းမှာ တိုက်ပွဲအတွင်း တွေဝေမှုကို ဖြစ်စေနိုင်ပါသည်။

တိုက်ပွဲတခုတွင် စစ်ကူလာမည်ဟု ယုံကြည်ထားသော တပ်မှူး၏ ဆုံးဖြတ်ချက်၊ တပ်သားများ၏ခံယူချက်နှင့် စစ်ကူမလာနိုင်၊ မိမိဘာသာတိုက်ရမည်ဟု သိထားသော တပ်မှူးတယောက်၏ ဆုံးဖြတ်ချက်၊ တပ်သားများ၏ ခံယူချက်တို့ မည်မျှကွာခြားလှသည်ကို ဂရုပြုပြီး လူထု၏ နိုင်ငံရေးရေချိန်၊ အတွေးအခေါ် ရေချိန်နှင့် အကိုက်ညီဆုံးသော လမ်းစဉ်များကို အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ အတွေးအခေါ် ရှင်းလင်းမှသာ ထိရောက်သော အလုပ်များကို လုပ်နိုင်မည်ဖြစ်လေသည်။

အခြားသော အတွေးအခေါ် တခုဖြစ်သည့် Political liberalization သို့ ပြောင်းလဲ လက်ခံကျင့်သုံးသူများက Initial Transition အတွေးအခေါ်ကို လက်ခံကျင့်သုံးခဲ့ကြသည်မှာ အနှစ်နှစ်ဆယ် ကျော်လာပြီး ထူးခြားမှု မရှိတော့၍ (၀ါ) Initial Transition အတွေးအခေါ်မှ ဦးဆောင်ထားသော လမ်းကြောင်းများသည် အောင်မြင်နိုင်ခြင်း မရှိတော့၍ အတွေးအခေါ် ပြောင်းလဲသွားခြင်းဟု ဆိုတတ်ကြပါသည်။ သို့ပေမယ့် မြန်မာ့ဒီမိုကရေစီ အရေး အနှစ်နှစ်ဆယ်ခရီးတွင် Initial Transition အတွေးအခေါ်က ဦးဆောင်ခဲ့သည် ဟူ၍ကား တပ်အပ်သေချာ ပြောဆို၍ မရပါ။ Initial Transition အတွေးအခေါ်၏ လမ်းကြောင်းများဖြစ်သော လူထုတိုက်ပွဲ၊ လက်နက်ကိုင် တော်လှန်ရေး၊ နိုင်ငံတကာ ဖိအားပေးရေး စသည်တို့ကို ကိုင်စွဲ ခဲ့ကြသော်လည်း အဆိုပါအတွေးအခေါ်၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ပေါက်လာရေးကို ဦးတည်ခြင်း မရှိခဲ့ကြပါ။

ရေတိုပန်းတိုင်ရောက်ပြီးမှ ရေရှည်ပန်းတိုင်သို့ သွားရသည့် လမ်းကြောင်းပေါ်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး စသည်တို့ကို ဦးတည်ရင်း အချိန်ကုန် ခဲ့ကြသည်က များပါသည်။

ဆယ်တန်းကျောင်းသားက တက္ကသိုလ် နောက်ဆုံးနှစ် စာများကိုပဲ ဖတ်နေသည့်အခါ ဆယ်တန်း စာမေးပွဲလဲ မအောင်နိုင်၊ တက္ကသိုလ်က ဘွဲ့လဲ မရပဲ ကန့်လန့် ကန့်လန့် ဖြစ်နေသည့် အခြေအနေမျိုးသို့ ရောက်နေခြင်းသာ ဖြစ်ရာ Initial Transition အတွေးအခေါ် (သို့မဟုတ်) အာဏာရှင် စနစ်အား ဖြိုချ ခြင်း (authoritarian breakdown) အတွေးအခေါ်မှာ လုံးဝ ကျဆင်းသွားပြီဟုကား မည်သူမျှ တပ်အပ်သေချာ ပြောပိုင်ခွင့်မရှိ။ အင်အားများစုစည်းပြီး၊ လူထုနှင့်အတူ လက်တွဲ၍ ရေတိုပန်းတိုင်ကို ဦးတည်နိုင်သည့် အချိန်တွင် အောင်မြင်နိုင်ပေလိမ့်မည်။

အလားတူပင် အာဏာရှင်တို့ဘက်မှ civil liberties များ ဖန်တီးခြင်း၊ ဖိနှိပ်မှု ဖြေလျှော့ခြင်းများဖြင့် စတင်ပြုလုပ်လေ့ရှိသည့် Political liberalization အတွေးအခေါ်က ဦးဆောင်သည့် လမ်းကြောင်းများမှာ အောင်မြင်မည်၊ ကျဆုံးမည်ကိုလည်း မည်သူမျှ တပ်အပ်သေချာ ပြောပိုင်ခွင့် မရှိ။ အောင်မြင်ပြီး democratic consolidation ပန်းတိုင်သို့ ရောက်သွားသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် သက်သေသာဓက များရှိသကဲ့သို့၊ လမ်းတ၀က်မှာတင် partial democracy အဖြစ် ကန့်လန့်ဖြစ်နေသည် များလဲ ရှိပါသည်။ ရွေးကောက်ပွဲများတွင် အာဏာရှင်တို့ ဘက်မှ သော်လည်းကောင်း၊ နောက်ကွယ်မှ ကြိုးကိုင်ထားသည့် အဖွဲ့အစည်းများမှသော် လည်းကောင်း အရေးမလှသဖြင့် liberalization ကို abort လုပ်လိုက်ပြီး အာဏာရှင်စနစ်ကို အသက်ပြန်သွင်းသွား သည်များ ရှိသကဲ့သို့၊ တပိုင်းတစ အခြေအနေကျမှ အာဏာရှင်တို့ စိတ်ပြောင်းကာ အာဏာပြန်သိမ်းသွား သည်လဲ ရှိပါသည်။

ယခုဆက်လက်ပြီး Political liberalization အတွေးအခေါ်က ဦးဆောင်သည့် နိုင်ငံရေး သဘောတရားများကို တင်ပြပါမည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

Wednesday, July 27, 2011

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း -၂)

ဒီမိုကရေစီ ပန်းတိုင်

ဂရိဘာသာဖြင့် demokratia ၊ အဓိပ္ပာယ်အားဖြင့် demos (people) kratos (rule) စသည့် စကားလုံးသည် ပြင်သစ်ဘာသာဖြင့် democratie သို့ ပြောင်းလဲ သွားခဲ့ပြီး၊ ဆယ့်ခြောက်ရာစုတွင် အင်္ဂလိပ်ဘာသာဖြင့် democracy ဟု ထပ်ဆင့် ပြောင်းလဲသွားပြီး နောက်ပိုင်းကာလတလျှောက် ဒီမိုကရေစီဆိုသော စကားလုံးသည် ကမ္ဘာ့လူ့အဖွဲ့အစည်းကြီးအတွင်းသို့ တစထက်တစ တိုးဝင်လာခဲ့လေသည်။

ဒီမိုကရေစီ ဟူသော အတွေးအခေါ်တွင် မူကွဲများ၊ များစွာ ရှိပါသည်။ classical democracy, developmental republicanism, protective republicanism, protective democracy, legal democracy, developmental democracy, liberal democracy, direct democracy, participatory democracy, cosmopolitan democracy, competitive elitist democracy, social democracy စသည်ဖြင့် ဒီမိုကရေစီ အမျိုးအစားများကလဲ ကွဲပြားခြားနားကြသည်။ ဒီမိုကရေစီနှင့် ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဖြစ်ပေါ် တိုးတက်မှုအဆင့်များကလဲ ရှုပ်ထွေးနက်နဲလှသည်။

ဒီမိုကရေစီရေးရာ အတွေးအခေါ်များဖြင့် ကမ္ဘာတ၀ှမ်းတွင် ကြွေလွင့်သွားခဲ့သော အသက်များစွာ ရှိသကဲ့သို့ ရှင်သန်သွားခဲ့သော အသက်များစွာလဲ ရှိခဲ့သည်။ ပေးဆပ်ခဲ့ရသော ဘ၀များစွာ ရှိသကဲ့သို့ ထွန်းတောက်လာသော ဘ၀များစွာလဲ ရှိခဲ့သည်။ အဆိုပါ အတွေးအခေါ်များနှင့် ပတ်သက်၍ အမှန်၊ အမှားများကိုလဲ ယနေ့အချိန်ထိ ငြင်းခုန်နေကြဆဲ။ ငြင်းခုန်မှုများအကြားတွင် ယနေ့ခေတ်ကာလ၌ မှန်ကန်နေသော အချက်နှစ်ခုကတော့ ရှိသည်။ တခုကား ကမ္ဘာပေါ်ရှိ နိုင်ငံရေးအဆောက်အအုံ အများအပြားသည် မိမိတို့ကိုယ်ကို ဒီမိုကရေစီ အသွင်သဏ္ဍာန် တမျိုးမျိုး၏ အဆောက်အအုံတခုဟု သတ်မှတ်ပြောဆိုလေ့ ရှိကြပြီး၊ နိုင်ငံရေးသမားအများစုသည် မိမိတို့ကိုယ်ကို democrat ဟု သတ်မှတ်ထားကြခြင်းဖြစ်သည်။ အခြားတခုမှာကား မည်သို့သော အတွေးအခေါ် မူကွဲများဖြင့် တည်ဆောက်သည့် ဒီမိုကရေစနစ်ပင်ဖြစ်စေ၊ နေ့ချင်းညချင်း ပေါ်ထွက်လာသည် မဟုတ်ပဲ တည်ဆောက်မှု ဖြစ်စဉ်တရပ် ရှိနေခြင်းပင်ဖြစ်သည်။

၂၀ ရာစုနှောင်းပိုင်းတွင် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် (၀ါ) အသွင်ကူးပြောင်းမှု ဖြစ်စဉ် (democratization) ဆိုသော အတွေးအခေါ်တရပ်က ကမ္ဘာကို စိုးမိုးလာခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအများစုတွင် ကျင့်သုံးသော နိုင်ငံရေးစနစ်များ၏ ခြောက်ဆယ့်ရှစ်ရာခိုင်နှုန်းမှာ အာဏာရှင်စနစ် ဖြစ်ခဲ့ရာမှ၊ နောင်အနှစ်နှစ်ဆယ်ကြာ ၁၉၉၅ ခုနှစ်တွင်ကား အာဏာရှင်စနစ် ကျင့်သုံးသော နိုင်ငံ ၂၆ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ ထိုမှ တဆင့် တဖြည်းဖြည်း လျော့ကျသွားခဲ့ရာ နှစ်ဆယ့်တစ်ရာစုကာလတွင် အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံအရေအတွက်မှာ လက်ချိုးရေတွက်လို့ ရလာခဲ့ပြီး၊ ယင်းတို့အထဲတွင် စစ်အာဏာရှင်စနစ် ကျင့်သုံးနေသော မြန်မာနိုင်ငံလဲ ပါဝင်နေခဲ့သည်။

အဆိုပါ အခြေအနေမျိုးတွင် မိုးကြိုးပစ်ချိန်၌ ကွင်းလယ်ခေါင်တွင် ထီးထီးကြီး ရပ်နေရန် မ၀ံ့မရဲ ဖြစ်၍ ပုန်းအောင်းရာ အရိပ်ကို ရှာကြသည့် ထုံးစံအတိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆိုသော အတွေးအခေါ် အောက်သို့ ၀င်ရောက်ပုန်းအောင်းနိုင်ရန် စစ်အုပ်စုတို့မှ ကြိုးပမ်းရပါတော့သည်။ ယင်းသို့ကြိုးပမ်းရာတွင် တပိုင်းတစ ဒီမိုကရေစီ (partial democracy) နှင့် အာဏာရှင်စနစ် (authoritarianism) တို့ အကြားတွင် တည်ရှိနေသော Political liberalization လမ်းကြောင်းကို အာဏာရှင်တို့ ရှာဖွေ တွေ့ရှိသွားကြဟန် တူပါသည်။ အဆိုပါ လမ်းကြောင်းအရ ဖိနှိပ်မှု ဖြေလျှော့ခြင်း (ease of repression) မှာ အာဏာရှင်တို့ မှ စတင် ပြုလုပ်ရခြင်းဖြစ်ပြီး၊ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ခိုင်မာမှု (democratic consolidation) ပန်းတိုင်သို့ ဦးတည်သွားရာတွင်လည်း အာဏာရှင်တို့၏ ဦးဆောင်မှု အခန်းကဏ္ဍက မပါမဖြစ် ပါဝင်သည်ဖြစ်ရာ မြန်မာစစ်အာဏာရှင်တို့သာမက မည်သည့်အာဏာရှင်အတွက်မဆို နှစ်ခြိုက်ဖွယ် လမ်းကြောင်းပင်ဖြစ်သည်။ အာဏာရှင်တို့အတွက် ပိုမို နှစ်ခြိုက်ဖွယ်ရာ အချက်ကား political liberalization မှတဆင့် democratic consolidation သို့ အသွင်ကူးပြောင်းမှု လမ်းကြောင်းသည် အာဏာရှင်တို့ လက်ထဲတွင် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်သည့် လမ်းကြောင်း ဖြစ်သဖြင့် ရွေးကောက်ပွဲများတွင် အာဏာရှင်တို့ ဘက်မှ သော်လည်းကောင်း၊ နောက်ကွယ်မှ ကြိုးကိုင်ထားသည့် အဖွဲ့အစည်းများမှသော် လည်းကောင်း အရေးမလှပါက liberalization ကို abort လုပ်လိုက်ပြီး အာဏာရှင်စနစ်ကို အသက်ပြန်သွင်းရန် (၀ါ) အာဏာပြန်သိမ်းရန် လွယ်ကူခြင်းပင် ဖြစ်သည်။

အာဏာရှင်များဘက်က မည်သို့သော ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ political liberalization ကို စတင်သည်နှင့်တပြိုင်နက် political space ကို အနည်းငယ် ဟပေးရစမြဲဖြစ်ရာ၊ အဆိုပါ ဟပေးသည့် အပေါက်ငယ်လေးမှတဆင့် တစတစ ချဲ့ထွင်ယူ၍ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်၏ ပန်းတိုင်ဖြစ်သော ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်ခိုင်မာမှု (Democratic Consolidation) ကို အရောက်သွားရန် ရည်ရွယ်ချက်ဖြင့် political liberalization အတွေးအခေါ်ကို လက်ခံကျင့်သုံးသူများလဲ ပေါ်ထွက်လာခဲ့ပါသည်။ အချို့ကလဲ ဤအတွေးအခေါ်တွင် အခြေခံ၍ ပေါ်ထွက်လာသည့် လမ်းကြောင်းကို evolution လမ်းစဉ်ဟု ခေါ်ဝေါ် သမုတ်ကြပါသည်။

ဤအတွေးအခေါ်နှင့် လမ်းစဉ် ပေါ်ထွက်လာသည်နှင့် ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Transition) အတွေးအခေါ်တွင် အခြေခံ၍ ပေါ်ထွက် လာသော နှစ် နှစ်ဆယ်ကြာ မြန်မာ့နိုင်ငံရေးကို လွှမ်းမိုး ထားခဲ့သည့် လမ်းကြောင်းများနှင့် ထိပ်တိုက် ထိခတ်မှုများ ဖြစ်ပေါ် လာပါတော့သည်။

Initial Transition ဆိုသည်ကား ဒီမိုကရေစီအတိုက်အခံများမှ ဦးဆောင်၍ ဖြစ်စေ၊ စစ်မှန်သော ဒီမိုကရေစနစ်ကို လိုလားလာသည့် အာဏာရှင်များမှ ဦးဆောင်၍ ဖြစ်စေ၊ နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများမှ ဦးဆောင်၍ ဖြစ်စေ၊ ဒီမိုကရေစီအတိုက်အခံများနှင့် အာဏာရှင်များ ပူးပေါင်း၍ ဖြစ်စေ၊ ကြားဖြတ်အစိုးရ (interim government) များ ဖွဲ့စည်း၍ democratic consolidation ပန်းတိုင်ကို အရောက် သွားစေမည့် အသွင် ကူးပြောင်းမှုများကို ပြုလုပ်ခြင်း ဖြစ်ပါသည်။

အချို့က ဤလမ်းကြောင်းများကို revolution လမ်းစဉ်ဟု ခေါ်ဝေါ် သမုတ်ကြပါသည်။ သို့ရာတွင် တော်လှန်ရေး (revolution) ဆိုသည်ကား အလွန်တရာပင် နက်နဲသိမ်မွေ့လှသော အကြောင်းအရာ တခုဖြစ်ပြီး၊ ၄င်းကိုယ်တိုင်ကပင် ဒီမိုကရေစီ ဆိုသော အတွေးအခေါ်ကြီး တရပ်ကဲ့သို့သော အတွေးအခေါ်ကြီး တရပ်ဖြစ်လေရာ ဒီမိုကရေစီရေးရာ တစိတ်တပိုင်း အတွေးအခေါ် လေးတခုဖြစ်သည့် Initial Transition အတွေးအခေါ်ဖြင့် မရောထွေးမိစေရန် သတိပြုစေလိုပါသည်။

Initial Transition အတွေးအခေါ်ပေါ်တွင် အခြေခံ၍ ပေါ်ပေါက်လာခဲ့သည့် လမ်းကြောင်း လေးခုကို ဆက်လက်တင်ပြပါမည်။


(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

V.I.P Protection လက်စွဲ



ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

Foot Protection အကြောင်း သိကောင်းစရာ

အရေးပါပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တာဝန်ယူသူများအနေဖြင့် Foot Protection ဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ လုပ်နည်း လုပ်ဟန်များကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာ သိရှိထားရန် လိုအပ်ပါသည်။

အနီးကပ်လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများသည် အရေးပါ ပုဂ္ဂိုလ်၏ အသက်အန္တရာယ်လုံခြုံရေးကို အများပြည်သူရှေ့တွင် ကာကွယ် စောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် public image ကို မထိခိုက်စေရန် သတိပြုရမည် ဖြစ်သကဲ့သို့၊ အခြေအနေများ ရှုပ်ထွေးလာချိန်တွင် သင့်လျော်သော ဆုံးဖြတ်ချက်များကို မြန်မြန် ဆန်ဆန် ချမှတ် လုပ်ဆောင် နိုင်သူများလည်း ဖြစ်ရပါမည်။


အခြေခံစည်းမျဉ်းများ

လုံခြုံရေးတာဝန်ယူပေးရမည့်သူ (principal) နှင့် အသက်အန္တရာယ်ကို ခြိမ်းချောက်သူ (threat) အကြားတွင် ကြားခံအဖြစ် တာဝန်ယူရန်။

အဖွဲ့ဝင်များအချင်းချင်း တာဝန်ခွဲဝေ၍ ပတ်ဝန်းကျင်ကို (၃၆၀ ဒီဂရီ) စဉ်ဆက် မပြတ် စောင့်ကြည့်ရန်။

Team parameter သတ်မှတ်၍ အရေးပါပုဂ္ဂိုလ်အနီးသို့ မည်သူမျှ ရုတ်ခြည်း ချဉ်းကပ်ခြင်း မပြုနိုင်အောင် တာဝန်ယူရန်။

အရေးပါပုဂ္ဂိုလ်အား အန္တရာယ်ပြုနိုင်ချေရှိသည်ဟု သံသယဖြစ်ဖွယ် လူတွေ့ပါက အဖွဲ့ဝင်များအား alert လုပ်ရန်။

မည်သည့်နေရာသို့သွားသွား အ၀င်လမ်း၊ အထွက်လမ်းများကို လေ့လာရန်၊ အရေးပေါ် ပစ္စည်းများ (ရှေးဦးသူနာပြု၊ မီးသတ်ဆေးဗူးများ) ထားရှိသည့် နေရာများအား လေ့လာရန်။

အခြေအနေ ရှုပ်ထွေးမှုများ (ဥပမာ- ရန်ပွဲများ၊ ပစ်ခတ်မှုများ) ဖြစ်ပွားလာပါက အခင်းဖြစ်ပွားရာနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်။

လုံခြုံရေးအဖွဲ့ခေါင်းဆောင်၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်။

အရေးပါပုဂ္ဂိုလ်အား အချို့လုံခြုံရေး အဖွဲ့ဝင်များမှ ဘေးကင်းရာသို့ ဆွဲထုတ်သွားချိန်တွင် အချို့လုံခြုံရေး အဖွဲ့ဝင်များက တိုက်ခိုက်လာသူအား အချိန်ဆွဲထားရန်။

သံသယဖြစ်ဖွယ်ရာများ

ကုပ်အင်္ကျီရှည်ကြီးများအား အချိန်အခါနှင့် မကိုက်ညီပဲ ၀တ်ဆင်ထားသူများ။

ပူအိုက်သောနေ့များတွင် အနွေးထည် ၀တ်ဆင်ထားသူများ။

ပါဆယ်ထုပ် ကိုင်ဆောင်ထားသူများ။

ပတ်ဝန်းကျင်တ၀ိုက်တွင် လမ်းသလားနေသူများ။

သဘာဝမကျသော လှုပ်ရှားမှုများနှင့် အနေအထားများ။

လက်များကို ၀ှက်ထားသူများ။


အန္တရာယ်ကို ရှောင်ရှားရန် နည်းလမ်းများ


ပတ်ဝန်းကျင်တွင် သဘာဝမကျသော လှုပ်ရှားမှုများ၊ အနေအထားများနှင့် သံသယဖြစ်ဖွယ် လူများ ရှိနေပါက လုံခြုံရေးအဖွဲ့ ခေါင်းဆောင်သည် မူလအစီအစဉ်မှ သွေဖည်သော second split decision ချမှတ်ပြီး၊ လုံခြုံရေးအဖွဲ့ဝင်များအား လိုအပ်သော ညွှန်ကြားချက်များ ပေးအပ်ရန် လိုသည်။

(၁) အရှိန်မြှင့်ရန်

လမ်းလျှောက်သည့် အရှိန်ကိုမြှင့်ပြီး သတ်မှတ်နေရာ (သို့မဟုတ်) လုံခြုံရာနေရာသို့ အမြန်ဆုံးရောက်အောင်သွားရမည်။ ယင်းသို့ သွားရာ လမ်းတလျှောက်တွင် ပစ္စည်းသယ်ယူ လာသူများ၊ မျက်နှာချင်းဆိုင်မှ လမ်းလျှောက် လာသူများ၊ ကြားမှ ဖြတ်ဝင်လာ သူများနှင့် တိုးတိုက်မိခြင်း မရှိစေရန် ဂရုစိုက်ရမည်။
Team parameter အတွင်းသို့ အပြင်လူရောက်လာပြီး၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် အရေးပါပုဂ္ဂိုလ်အကြားသို့ မရောက်သွားစေရန် အထူးဂရုစိုက်ရမည်။

(၂) လမ်းကြောင်းပြောင်းရန်

မူလ လျှောက်နေသော လမ်းကြောင်းအတိုင်းဆက်မသွားပဲ လမ်းကြောင်းပြောင်းပြီး၊ သံသယဖြစ်ဖွယ်ရာရှိသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ရမည်။

(၃) ပုန်းအောင်းနေရာယူရန်၊ ၀ပ်နေရန်

ထွက်ပေါက်ပိတ်နေခြင်း၊ ပစ်ခတ်နေခြင်း၊ ကျည်ဆံများ မည်သည့်နေရာမှ ပေါ်ထွက်လာသည်ကို မသိနိုင်သည့် အခြေအနေများတွင် အရေးပါပုဂ္ဂိုလ်အား ထိခိုက်မှု ဖြစ်နိုင်ချေ အနည်းဆုံးဖြစ်စေရန်အတွက် ပုန်းအောင်ရမည့် နေရာများ၊ အကာအကွယ်များ ကို ရှာဖွေရမည်။ သတ်ကွင်းဖြစ်နိုင်မည့် နေရာများကို သတိပြုရမည်။

(၄) ထွက်ခွာရန်

အနီးဝန်းကျင်တွင် ယာဉ်၊ အဆောက်အဦးနှင့် လုံခြုံရေးအစီအမံကောင်းသော နေရာများ ရှိနေပါက အဆိုပါနေရာများသို့ အမြန်ဆုံး ထွက်ခွာသွားနိုင်ရန် ကြိုးပမ်းရမည်။


လုပ်နည်းလုပ်ဟန်များ

အရေးပါပုဂ္ဂိုလ်၏ လုံခြုံရေးအဖွဲ့တွင် အဖွဲ့ဝင်နှစ်ဦး ပါဝင်ပါက (သို့မဟုတ်) အဖွဲ့ဝင်နှစ်ဦးသာ ခေါ်ဆောင်သွားရန် အခြေအနေဖြစ်ပါက

အဆိုပါ အဖွဲ့ဝင်နှစ်ဦးသည် အရေးပါပုဂ္ဂိုလ်၏ ရှေ့ မှ နေသည့် (point) တာဝန် နှင့် နောက်မှ နေသည့် (tail) တာဝန်များကို ယူရမည်ဖြစ်ပြီး၊ လိုအပ်လာပါက ဘယ်ဘက်နှင့် ညာဘက်တွင် နေရမည်။ လူအုပ်ထဲတွင် ဖြစ်ပါက အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တဦးနေ၍၊ နောက်ညာဘက်ခြမ်းတွင် တဦးနေရမည်ဖြစ်သည်။

လုံခြုံရေးအဖွဲ့တွင် အဖွဲ့ဝင်သုံးဦး ပါဝင်ပါက (သို့မဟုတ်) အဖွဲ့ဝင်သုံးဦးသာ ခေါ်ဆောင်သွားရန် အခြေအနေဖြစ်ပါက တြိဂံသဏ္ဍာန် (Triangle Formation)

(အရေးပါပုဂ္ဂိုလ်၏ ရှေ့တွင် တယောက်၊ နောက်ဗယ်ဘက်ခြမ်းတွင် တယောက်၊ နောက်ညာဘက်ခြမ်းတွင် တယောက်) နှင့် ပြောင်းပြန်တြိဂံသဏ္ဍာန် (Inverse Triangle Formation) (အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တယောက်၊ ရှေ့ညာဘက်ခြမ်းတွင် တယောက်၊ နောက်ဘက်တွင် တယောက်) စသည့် သဏ္ဍာန်များကို ပတ်ဝန်းကျင် အနေအထားပေါ် မူတည်၍ နေရာယူရမည်။

အဖွဲ့ဝင်သုံးဦးပါဝင်သော လုံခြုံရေး အဖွဲ့သည် ပုံမှန် လှုပ်ရှားသွားလာမှုများ (ဥပမာ- ဈေးဝယ်ထွက်ခြင်း၊ စားသောက်ဆိုင် သွားခြင်း၊ ချိန်းဆိုထားသော နေရာများသို့ သွားခြင်း) စသည်များအတွက် သင့်လျော်သော အရေအတွက် ဖြစ်သည်။ အဆိုပါအဖွဲ့တွင် အဓိကလူ၊ ဒုတိယလူနှင့် တတိယလူ ဟူသည့် တာဝန်သတ်မှတ်ချက် သုံးရပ်ရှိရမည်။

အဓိကလူသည် အရေးပါပုဂ္ဂိုလ်အနီးတွင် အချိန်ပြည့်နေရမည်။ အရေးပေါ်အခြေအနေတွင် လှုပ်ရှားရန် လိုအပ်ပါက ဒုတိယလူနှင့် တတိယလူက တိုက်ခိုက်လာသူများကို အချိန်ဆွဲထားရမည်ဖြစ်ပြီး၊ အဓိကလူက အရေးပါပုဂ္ဂိုလ်အား ခေါ်ထုတ်သွားရမည်။

လုံခြုံရေးအဖွဲ့တွင် အဖွဲ့ဝင်လေးဦးပါဝင်ပါက diamond formation

(အရေးပါပုဂ္ဂိုလ်၏ ရှေ့တွင် တယောက်၊ နောက်တွင် တယောက်၊ ညာဘက်ခြမ်းတွင် တယောက်၊ ဗယ်ဘက်တွင် တယောက်) သဏ္ဍာန်ဖြင့် အရေးပါပုဂ္ဂိုလ်အား စောင့်ရှောက်ရမည်။

လိုအပ်လာပါက အဆိုပါ diamond formation မှ Box formation
(အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက် ခြမ်းတွင် တယောက်၊ ရှေ့ညာဘက်ခြမ်းတွင် တယောက်၊ နောက်ဗယ်ဘက်ခြမ်းတွင် တယောက်၊ နောက်ညာဘက် ခြမ်းတွင် တယောက်) သဏ္ဍာန်သို့ ပြောင်းလဲရမည်။

လုံခြုံရေးအဖွဲ့ခေါင်းဆောင်သည် နောက်ဗယ်ဘက်ခြမ်း (သို့မဟုတ်) နောက်ညာဘက်ခြမ်း တာဝန်ကို ယူရမည်ဖြစ်သည်။ သို့မှသာ အဖွဲ့နှင့် အရေးပါပုဂ္ဂိုလ်ကို မျက်ချေမပြတ် စောင့်ကြည့်နိုင် မည်ဖြစ်ပြီး၊ ပတ်ဝန်းကျင်အခြေအနေ၊ အနေအထားကို အကဲဖြတ်နိုင်မည်။

ဧည့်သည်တဦးတယောက်နှင့် တွေ့ဆုံရမည့်အခြေအနေ (သို့မဟုတ်) သတင်းထောက်များနှင့် စကားပြောရမည့် အခြေအနေတွင်မူ ရှေ့ဗယ်ဘက်ခြမ်းတွင်တယောက်၊ ရှေ့ညာဘက်ခြမ်းတွင်တယောက်၊
နောက်ညာဘက်ခြမ်းတွင် တယောက်၊ နောက်ဘက် ခပ်လှမ်းလှမ်းတွင်တယောက် (အဖွဲ့ခေါင်းဆောင်) က တာဝန်ယူစောင့်ရှောက်ရမည်။

လုံခြုံရေးအဖွဲ့တွင် ငါးဦး ပါဝင်ပါက

အရေးပေါ်အခြေအနေများအတွက် ပိုမိုစိတ်ချရသည်။ Box Formation (ရှေ့ဗယ်ဘက် ခြမ်းတွင် တယောက်၊ ရှေ့ညာဘက်ခြမ်းတွင် တယောက်၊ အနီးကပ်နောက်ညာဘက်ခြမ်းတွင် တယောက်၊ ခပ်လှမ်းလှမ်းမှ နောက်ဗက်ဘက်ခြမ်းတွင် တယောက်၊ နောက်ညာဘက်ခြမ်းတွင် တယောက်) သဏ္ဍာန်ဖြင့် တာဝန်ယူရမည်။

လိုအပ်လာပါက Diamond Formation (ရှေ့တွင် တယောက်၊ နောက် တယောက်၊ ညာဘက်တွင် တယောက်၊ ဗယ်ဘက်တွင် တယောက်နှင့် အနီးကပ် နောက်ညာဘက်ခြမ်းတွင် တယောက်) သဏ္ဍာန်ဖြင့် တာဝန်ယူရမည်။

တံခါးပေါက်တခုထဲသို့ ၀င်ပါက အဖွဲ့ဝင်နှစ်ယောက်မှ ကြိုတင်ဝင်ပြီး ဗယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း အခြေအနေကို စောင့်ကြည့်ရမည်။ ပြီးမှ အရေးပါပုဂ္ဂိုလ်နှင့် အနီးကပ်နောက်ညာဘက်ခြမ်းမှ တယောက် ပူးတွဲဝင်၍ နောက်တွင် ကျန်ခဲ့သူနှစ်ယောက်မှ အပြင်ဘက် ဗယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်း အခြေအနေကို စောင့်ကြည့်ရမည်။

အခြေအနေ၊ အချိန်အခါအရ လိုအပ်လာပါက လုံခြုံရေးအဖွဲ့ဝင် ခုနစ်ဦးအထိ တိုးမြှင့်ပြီး Circle Formation (အရေးပါပုဂ္ဂိုလ်နှင့် အနီးကပ် နောက်ညာဘက်ခြမ်းတွင် တယောက်ရှိပြီး၊ ကျန်လူခြောက်ဦးမှ ၀န်းရံပေးထားမှု) သဏ္ဍာန်ဖြင့် တာဝန်ယူရမည်။

အဆောက်အဦးနှစ်ခုအကြား (သို့မဟုတ်) လူသွားလမ်းကြားတခုအတွင်းသို့ သွားရမည်ဆိုပါက တဘက်ထိပ်တွင် နောက်ချန်အဖွဲ့ဝင်တယောက် ရှိရန်လိုအပ်ပြီး၊ အခြားတဘက်ထိပ်သို့ အဖွဲ့ဝင်တယောက်မှ ကြိုသွားကာ နေရာယူရမည်။
ပြီးလျှင် အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တယောက်၊ နောက်ညာဘက်ခြမ်းတွင် တယောက်၊ နောက်ဘက် ခပ်လှမ်းလှမ်းမှ ဗယ်ဘက်ခြမ်းတွင် တယောက် (အဖွဲ့ခေါင်းဆောင်)က တာဝန်ယူ၍ သွားရမည်။

ရွေ့လျားစက်လှေကား (escalators) ဖြင့် သွားရမည်ဆိုပါက ရှေ့ဆုံးမှ အဖွဲ့ဝင်သည် စက်လှေကားဗယ်ဘက်ခြမ်း၊ သူ့နောက်မှ အဖွဲ့ဝင်က စက်လှေကား၏ ညာဘက်ခြမ်း၊ ပြီးလျှင် အရေးပါပုဂ္ဂိုလ်အားကြားညှပ်၍ နောက်ညာဘက်ခြမ်းမှ အဖွဲ့ဝင်က ညာဘက်ခြမ်း၊ သူ့နောက်မှ ဗယ်ဘက်ခြမ်းတွင် ရပ်နေသော အဖွဲ့ဝင်က နောက်ဘက်အခြေအနေ စသည်ဖြင့် မျက်ချေမပြတ် တာဝန်ယူစောင့်ရှောက်ရမည်။

လှေကား အတက်အဆင်းများတွင်လည်း ရှေ့ဆုံးမှ တယောက်၊ သူ့နောက်မှ အဖွဲ့ဝင် တယောက်၊ ပြီးလျှင် အရေးပါ ပုဂ္ဂိုလ်အား ကြားညှပ်၍ နောက်ညာဘက်ခြမ်းမှ တယောက်၊ နောက်တွင်နှစ်ယောက် တာဝန်ယူစောင့်ရှောက်ရမည်။

ဓာတ်လှေကားစီးပါက လုံခြုံရေးအဖွဲ့ဝင်တဦးက ဓာတ်လှေကားဖြင့် အရေးပါပုဂ္ဂိုလ်သွားမည့် အထပ် (ပထမထပ်၊ ဒုတိယထပ်----------) ကို အရင်သွားရမည်။ ကျန်သူများက စောင့်ကြည့်ပြီး အခြေအနေကောင်းမှသာ ဓာတ်လှေကားတွင်းသို့ ပြန်ဝင်ရမည်။

ဓာတ်လှေကားအတွင်းတွင် အရေးပါပုဂ္ဂိုလ်၏ ရှေ့ဗယ်ဘက်ခြမ်းတွင် တယောက်၊ ရှေ့ညာဘက်ခြမ်းတွင် တယောက်၊ အနီးကပ် ရှေ့ဗယ်ဘက်ခြမ်းတွင် တယောက်၊ နောက်ညာဘက်ခြမ်းတွင် တယောက်၊ နောက်ဗယ်ဘက်ခြမ်းတွင် တယောက် တာဝန်ယူ စောင့်ရှောက်ရမည်။

လုပ်ကြံရန်ကြိုးစားသူများ၏ ပစ်ကွင်းသို့ ရောက်သွားသည့် အခြေအနေများတွင် ပထမဆုံးသေနတ်သံ ထွက်ပေါ်လာသည်နှင့် အနီးကပ်တာဝန်ယူရသူသည် အရေးပါပုဂ္ဂိုလ်အား တွန်းလှဲချ၍ ကိုယ်ခန္ဓာဖြင့် အကာအကွယ်ပေးထားပြီး ခြေထောက်ဖြင့် တွန်းရွှေ့ကာ တရွေ့ရွေ့ ရွှေ့သွားပြီး ပစ်ကွင်းမှ လွတ်မြောက်ရန် ကြိုးပမ်းရမည်။ ရှေ့ဆုံးမှ တာဝန်ယူရသည့် လုံခြုံရေးအဖွဲ့ဝင်သည် ကားဆီသို့ အမြန် ပြေးရမည်ဖြစ်ပြီး၊ ကျန်လူများမှာ အရေးပါပုဂ္ဂိုလ်အနီးတွင် မုဆိုးဒူးထောက်ထိုင်၍ အကာအကွယ်ပေးရမည်။

နိဂုံး

လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိရေးသည် နိုင်ငံရေးရာ၊ စီးပွားရေးရာ အရေးပါပုဂ္ဂိုလ်များ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် အလွန်ပင် အရေးကြီးပါသည်။ အန္တရာယ်ကို သတိမမူ၍ မရပါ။ မည်သည့်နည်းနှင့်မျှ ဆုံးရှုံး၍ မဖြစ်နိုင်သော အစားထိုးမရနိုင်သည့် အရေးပါပုဂ္ဂိုလ်များ၏ အသက်အန္တရာယ်အတွက် လုံခြံရေးအသိ၊ လုံခြုံရေး သတိသည် အစဉ်မပြတ် ရှိနေရမည့် အရာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။


ခင်မမမျိုး (၂၆၊ ၇၊ ၂၀၁၁)

အပြည့်အစုံ ဖတ်ရန် ...

Tuesday, July 26, 2011

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း - ၁)

နိဒါန်း

လူတယောက်၏ ဘ၀လမ်းကြောင်းတွင်ဖြစ်စေ၊ နိုင်ငံရေးလမ်းစဉ်များတွင်ဖြစ်စေ အတွေးအခေါ်က အဓိကကျလေသည်။ အတွေးအခေါ် ရှင်းလင်းမှသာ လုပ်ဆောင်ရမည့် လမ်းကြောင်းကို သတ်မှတ်ရွေးချယ်နိုင်သည်။ တိကျစွာ အကောင်အထည်ဖော်နိုင်သည်။

အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များကလည်းေ၀၀ါးနေတတ်သည်။ အကောင်အထည်ဖော်ဆောင်ရာတွင်လဲ တိကျပြတ်သားမှု မရှိဖြစ်တတ်သည်။ ကြံတိုင်းမမြောက်ပဲ လုပ်တိုင်း မအောင် ဖြစ်လေ့ရှိသည်။ အချို့က လမ်းစဉ်ကို ရွေးချယ်ပြီးမှ အတွေးအခေါ်ကို လိုက်လံ စဉ်းစားတတ်သည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုသော စကားလုံးကား ဤသို့သော အခြေအနေကို ဆိုလိုရင်း ရှိဟန်တူသည်။ လမ်းစဉ်ကို အရင် ရွေးချယ် ထားခြင်း မရှိပဲ လေးစားရင်းစွဲရှိနေသော လူပုဂ္ဂိုလ်တဦးတယောက် (သို့မဟုတ်) အဖွဲ့အစည်း တခု၏ ဦးဆောင်မှုနောက်ကို လိုက်ပါခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများနှင့် ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲ စိတ်ဓာတ် များ ပေါ်ပေါက်လာရခြင်းမှာ အဆိုပါ အခြေအနေကြောင့် ဖြစ်သည်။

အချို့ကကျတော့ အခြေအနေ တရပ်၏ လှုံဆော်မှုကြောင့် လမ်းစဉ်တခုကို ကိုင်စွဲလာခြင်းဖြစ်ပြီး၊ ထိုလမ်းစဉ် အခြေခံထားသည့် အတွေးအခေါ်ပိုင်းတွင်မူ ရှင်းလင်းပြတ်သားမှု မရှိ ဖြစ်နေတတ်သည်။

သာကူးလုပ်တတ်သူများ၊ ခွကျော်စားတတ်သူများ၊ နှစ်ဖက်ချွန်လုပ်တတ်သူများ၊ စမူဆာ လုပ်တတ်သူများမှာ ဤအမျိုးအစားမှ ထွက်ပေါ် လာလေ့ရှိသည်။ လမ်းစဉ်တခုကို ကိုင်စွဲပြီးမှ လမ်းဆုံးသည် အထိ ပြီးဆုံးအောင် မလျှောက်သူများမှာလဲ ဤအမျိုးအစားထဲမှ ပေါ်ထွက် လာတတ်သည်။ သို့ရာတွင် လမ်းဆုံးသည်အထိ မလျှောက်သူတိုင်းကိုကား အတွေးအခေါ် မရှိပဲ အခြေအနေ တရပ်၏ လှုံ့ဆော်မှုကြောင့် လမ်းစဉ်တခုကို ကိုင်စွဲလာသူများဟု တရားသေ သတ်မှတ်၍ ကား မရ။ အတွေးအခေါ်တရပ် ရှိပြီးမှ အဆိုပါအတွေးအခေါ် ဖောက်ပြန်သွားခြင်း (သို့မဟုတ်) လူမှုရေး၊ စီးပွားရေး အခြေအနေများကြောင့် အဆိုပါ အတွေးအခေါ်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်မည့် ခိုင်မာသော စိတ်ဓာတ် ပျက်ပြယ်သွားခြင်း (သို့မဟုတ်) အတွေးအခေါ်သစ်တရပ်၏ ဆွဲဆောင်ရာသို့ လိုက်ပါသွားခြင်း (သို့မဟုတ်) လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတရပ်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါသွားခြင်း စသည်များကြောင့်လဲ မူလဆုပ်ကိုင် ထားသော လမ်းစဉ်ကို စွန့်ခွာသွားခြင်းများ ရှိလာတတ်ပါသည်။

မည်သို့ဆိုစေ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ၏ နောက်ကွယ်တွင် အတွေးအခေါ်များ ပါဝင်နေစမြဲပင်ဖြစ်ရာ လမ်းစဉ်တခုကို မရွေးချယ်ခင် အဆိုပါလမ်းစဉ်နှင့် ဆက်စပ်နေသော အတွေးအခေါ်ကို ကနဦးကြိုတင် လေ့လာသင့်ကြပေသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးရာများတွင် ရွေးချယ်စရာ လမ်းစဉ်များ၊ လမ်းကြောင်းများနှင့် လုပ်ငန်းစဉ်များ အများအပြား ရှိနေတတ်ပါသည်။ ထိုလမ်းစဉ်များကို အတွေးအခေါ်များက ဦးဆောင်ထားခြင်း ဖြစ်ပြီး၊ တခါတရံတွင် ၀ိရောဓိများ၊ အငြင်းပွားဖွယ်ရာများ၊ ထိပ်တိုက်ထိခတ်နေခြင်းများ၊ တိုက်ရိုက်ဆက်စပ်နေခြင်းများ၊ သွယ်ဝိုက် ဆက်စပ်နေခြင်းများ ဖြစ်တည်နေတတ်ပါသည်။ ဆက်စပ်နေသော အတွေးအခေါ်များ ပေါင်းစပ်သွားပြီး လမ်းစဉ်သစ်များ ပေါ်ထွန်းလာခြင်းများ ရှိသကဲ့သို့၊ ထိပ်တိုက်ထိခတ်နေသော သဘောတရားနှင့် အတွေးအခေါ်များကြောင့် ပဋိပက္ခများ၊ စစ်ပွဲများ ဖြစ်ပွားလာခြင်းများလဲ ရှိပါသည်။

ကမ္ဘာ့နိုင်ငံရေးသမိုင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဤသို့သော အဖြစ်အပျက်များမှာလည်း များခဲ့ပြီ ဖြစ်သည်။ သမိုင်း တပတ်ပြန်လည်နေသော အဖြစ်အပျက်များမှာလည်း ဒုနဲ့ဒေး။ အတွေးအခေါ် တိုက်ပွဲများမှ စတင်လိုက်သော လမ်းစဉ်တိုက်ပွဲများ၊ နိုင်ငံများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ဦးတည်ချက် လမ်းကြောင်းတိုက်ပွဲများ၊ ယင်းမှ တဖန် ဆက်လက်ပေါ်ထွက်လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူတန်းစားအရေး၊ ကုန်ထုတ်လုပ်ရေးထဲက တိုက်ပွဲများကား စာဖွဲ့လို့ပင် မမှီနိုင်သည်မို့ သုတေသန နယ်ပယ်အသီးသီးတွေ လေ့လာဆန်းစစ် မှတ်တမ်းပြုနေကြရဆဲပင် ဖြစ်သည်။ ယခု ဆောင်းပါးသည်ကား အဆိုပါ သမိုင်းကြောင်းများကို ဆန်းစစ်လေ့လာထားသည့် ကျမ်းတခု မဟုတ်ပါ။ ယနေ့ မြန်မာ့နိုင်ငံရေးလောကကို လွှမ်းမိုးနေသော ဒီမိုကရေစီရေးရာ အတွေးအခေါ် နှစ်ရပ်ကို တင်ပြလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

Wednesday, July 13, 2011

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၄)

(၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး

အချုပ်အခြာအာဏာ ဆိုတဲ့ သဘောတရားကို ဥရောပမှာ ဖြစ်ပွားခဲ့တဲ့ နှစ်သုံးဆယ်စစ်ပွဲအပြီး (၁၆၄၈) ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ Westphalia Treaty မှာ စတင်ပြီး အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါတယ်။ (၁၉၃၃) ခုနှစ်မှာ ကျင်းပခဲ့တဲ့ Montevideo Convention on Rights and Duties of States of 1933, Article 1) မှာ နိုင်ငံတနိုင်ငံမှာ နယ်မြေ၊ လူဦးရေနဲ့ အချုပ်အခြာအာဏာရှိသော အစိုးရ၊ အခြားသော နိုင်ငံများနှင့် နိုင်ငံတကာ ဆက်ဆံရေး ထူထောင်နိုင်သော စွမ်းရည် စတဲ့ လိုအပ်ချက်တွေ ရှိဖို့ လိုအပ်ကြောင်း ကြေငြာပြီး အချုပ်အခြာအာဏာ သဘော တရားကို ထပ်မံအတည်ပြုခဲ့ပါတယ်။ ၂၁ ရာစုမှာ အချုပ်အခြာအာဏာ သဘောတရားနဲ့ သွေဖည်ဆန့်ကျင်တဲ့ သဘောတရားသစ်တွေ ထပ်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။ ထင်ရှားတဲ့ သဘောတရားတွေကတော့ လူသားလုံခြုံရေး (human security)၊ လူသားချင်းစာနာမှုဖြင့် ၀င်ရောက် စွက်ဖက်ခြင်း (humanitarian intervention)၊ နိုင်ငံတကာ အရပ်ဘက် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ တိုးချဲ့ခြင်း (expansion of the role of global civil society) စတာတွေ ဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အချုပ်အခြာအာဏာဆိုတာကို realist paradigm ကနေ သုံးသပ် လေ့လာကြပါတယ်။ ဒီရှုထောင့်အရ ကမ္ဘာပေါ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ အချုပ်အခြာအာဏာရှိသော တိုင်းပြည်များ စုဖွဲ့ဖြစ်တည်နေပြီး၊ ဒီတိုင်းပြည်တွေဟာ သက်ဆိုင်ရာဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေအပေါ်မှာ အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သော စွမ်းရည်ရှိပါတယ်။ ဒါကို ပြည်တွင်း အချုပ်အခြာအာဏာ (internal sovereignty) လို့ ခေါ်ဆိုကြပါတယ်။ သို့ပေမယ့် တိုင်းနိုင်ငံတခုဟာ သက်ဆိုင်ရာနယ်မြေနှင့် လူထုကို ထိန်းချုပ်နိုင်ရုံနဲ့ အချုပ်အခြာအာဏာ အပြည့်အ၀ရှိပြီလို့ မဆိုနိုင်ပါဘူး။ အချုပ်အခြာအာဏာရှိသော နိုင်ငံအဖြစ် နိုင်ငံတကာစနစ် အတွင်းမှာရှိတဲ့ အခြားနိုင်ငံများက အသိအမှတ်ပြုမှသာ အချုပ်အခြာအာဏာ အပြည့်အ၀ရှိပြီလို့ ဆိုနိုင်ပါတယ်။ ဒါကို ပြည်ပအချုပ်အခြာအာဏာ (external sovereignty) လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

ပြည်တွင်းအချုပ်အခြာအာဏာဟာ domestic order နဲ့ ဆက်စပ်နေပါတယ်။ ရှေးပဝေသဏီကာလများက အစပြုလို့ ၁၉ရာစု ခေတ်ကာလအထိ အချုပ်အခြာအာဏာဟာ အာဏာကျင့်သုံးမှုဆိုင်ရာ အမျိုးအစားတမျိုးပဲ ဖြစ်ပါတယ်။ တိုင်းနိုင်ငံ တခုအတွင်းမှာ အုပ်ချုပ်ရေး ခိုင်မာတည်တံ့ဖို့အတွက် အုပ်ချုပ်ရေးအာဏာ ကျင့်သုံးဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်သူနဲ့ ပြည်သူအကြားက ဆက်နွယ်မှုဟာ အာဏာကျင့်သုံးမှု ဖြစ်ပြီး၊ ဒီမိုကရေစီ အခြေခံသဘောတရားများအရ ဒီအာဏာက ပြည်သူဆီက သက်ဆင်းပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအာဏာဟာ (၁၆၄၈) ခုနှစ်ကတည်းက နိုင်ငံတကာဆက်ဆံရေးရဲ့ pillar တခု ဖြစ်လာခဲ့ပါတယ်။

နောက်တချက်ကတော့ နယ်မြေပိုင်နက် ဖြစ်ပါတယ်။ အချုပ်အခြာအာဏာ သဘောတရားအရ တိုင်းနိုင်ငံတခု (nation-state) အဖြစ် သတ်မှတ်ကြေငြာမှုမှာ နယ်မြေပိုင်နက်ရှိဖို့ လိုအပ်ပါတယ်။ ပါလက်စတိုင်း လူမျိုးတွေရဲ့ နှစ်ပေါင်းများစွာ ပဋိပက္ခအရေးဟာ နယ်မြေပိုင်နက်နဲ့ ပတ်သက်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂထဲမှာ အစိတ်အပိုင်းတခုအနေနဲ့ ကိုယ်စားပြု နေပေမယ့် ပါလက်စတိုင်းလူမျိုးတွေမှာ နယ်မြေပိုင်နက် မရှိတဲ့အတွက် နိုင်ငံတကာစနစ်အတွင်းမှာ အချုပ်အခြာ အာဏာ ရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင်ခွင့် မရှိသေးပါဘူး။

ပြည်ပအချုပ်အခြာအာဏာ သဘောတရားအရ အချုပ်အခြာအာဏာရှိတဲ့ နိုင်ငံတွေအကြားမှာ တန်းတူညီမျှမှု ရှိပါတယ်။ တန်းတူညီမျှမှုရှိတဲ့အတွက် ဘယ်နိုင်ငံကမှ တခြားနိုင်ငံကို အမိန့်ပေးဖို့ မလိုအပ်သလို၊ ဘယ်နိုင်ငံကမှ အမိန့်ပေးမှုတွေကို လိုက်နာစရာ မလိုအပ်ကြောင်း Kenneth Waltz က အဆိုရှိခဲ့ပါတယ်။ ဒီအဆိုဟာ မင်းမဲ့သဘောတရား (concept of anarchy) နဲ့ ဆက်စပ်နေပါတယ်။ ဒီသဘောတရားအရ နိုင်ငံတကာစနစ်မှာ ပါဝင်တဲ့ နိုင်ငံတွေအားလုံးဟာ ကိုယ်ပိုင် အကျိုးစီးပွားအတွက် ပြိုင်ဆိုင်နေကြပြီး၊ ဘယ်နိုင်ငံကမှ အခြားနိုင်ငံတခုအပေါ်မှာ သူရဲ့ အကျိုးစီးပွားနဲ့ အမြင်တွေကို တရားဝင် သွတ်သွင်းပိုင်ခွင့် မရှိပါဘူး။ နိုင်ငံတော်အထက်မှာ အခြားဘာမှ မရှိရဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ကျဉ်းပါတယ်။

စစ်အေးတိုက်ပွဲကာလအတွင်းမှာ ဒီလို ပြည်ပအချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ သဘောတရားတွေ စတင် ပြောင်းလဲ လာပါတယ်။ အနောက်နိုင်ငံအများစုမှာ နိုင်ငံတကာ စံနှုန်းတွေ၊ တန်ဖိုးထားမှုတွေ၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေကို လက်ခံကျင့်သုံးလာကြပြီး၊ စစ်အေးတိုက်ပွဲမှာ မပါဝင်တဲ့ တတိယကမ္ဘာ နိုင်ငံတွေမှာကျတော့ ပြည်ပကျူးကျော် စွက်ဖက်မှု တွေကို ကာကွယ်ရေး၊ ကိုယ်ပိုင်နိုင်ငံရေးစနစ်ကို မိမိတို့ဘာသာ ကျင့်သုံးနိုင်ရေး စတာတွေကို လက်ခံ ကျင့်သုံးလာ ကြပါတယ်။ စစ်အေးတိုက်ပွဲလွန်ကာလရောက်တော့ new world order ဖြစ်လာပြီး၊ ဘုံရန်သူ (common enemy) ပျောက်ကွယ်သွားချိန်မှာ ပေါ်ထွက်လာတတ်တဲ့ နိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ပြန်လည်ရှင်သန်လာပြီး တိုင်းနိုင်ငံပြိုကွဲမှုတွေပါ ဖြစ်လာခဲ့ပါတယ်။

၂၁ ရာစုမှာ ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲမှုနဲ့ ပြည်တွင်း ပဋိပက္ခတွေဟာ အချုပ်အခြာ အာဏာသဘောတရားရဲ့ challenges တွေ ဖြစ်လာခဲ့ပါတယ်။ ဒါတွင်မကပဲ ဂလိုဘယ်လိုင်ဇေးရှင်းနဲ့ လူသားလုံခြုံရေး သဘောတရားတွေကလဲ ရှေးယခင်က ရှိခဲ့တဲ့ အချုပ်အခြာ အာဏာ သဘောတရားတွေကို challenges လုပ်လာခဲ့ပါတယ်။ International Governmental Organizations (IGO) အဖွဲ့အစည်းတွေက ဂလိုဘယ်လိုင်ဇေးရှင်းကို လက်ခံကျင့်သုံးလာကြတာနဲ့အမျှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စတာတွေဟာ ရှေးယခင်က ရှိခဲ့တဲ့ ပြည်ပအချုပ်အခြာအာဏာ သဘောတရားနဲ့ ကိုက်ညီမှု မရှိတော့ပဲ ဖြစ်လာပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေကနေ public goods တွေကို ထောက်ပံ့ကူညီမှုတွေ ရှိလာပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက နိုင်ငံတော် ဆုံးဖြတ်ချက် (state decisions) တွေကို လွှမ်းမိုးမှုတွေ ရှိလာပါတယ်။ နိုင်ငံတကာ ကုန်သွယ်ရေး တိုးတက်ကောင်းမွန်လာတာနဲ့အမျှ ပရိုက်ဗစ် အင်တာပရိုက်စ်များ၊ ကုမ္ပဏီများရဲ့ အခြေစိုက်မှု၊ ဘဏ္ဍာရေး ၀န်ဆောင်မှုများ၊ ဆက်သွယ်ရေးစနစ်များနဲ့ migration patterns များအနေနဲ့ အချုပ်အခြာအာဏာ သဘောတရားနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ခဲယဉ်းလာပါတယ်။ ရှေးအစဉ်အဆက် ကာလတွေတုန်းက public goods တွေကို နိုင်ငံတော်က ၀န်ဆောင်မှုပေးတာဖြစ်ပေမယ့် ၂၀ရာစု နှောင်းပိုင်းကာလက အစပြုပြီး၊ နိုင်ငံတော်သာမက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကပါ ၀င်ရောက်မှုပေးလာကြပါပြီ။

လုံခြုံရေးရာမှာလဲ နိုင်ငံတော်လုံခြုံရေး (state security) သာမကပဲ လူသားလုံခြုံရေး (Human Security) ဆိုတာကလဲ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး အရေးပါတဲ့ သဘောတရား တရပ် ဖြစ်လာပါတယ်။ ရှေးယခင်က လုံခြုံရေးဆိုတဲ့ သဘောတရားကို ရှုမြင်သုံးသပ်ကြရာမှာ နယ်မြေပိုင်နက်ကို ကျူးကျော်ခြင်းမခံရအောင် ကာကွယ် စောင့်ရှောက်ရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး စတာတွေကိုပဲ အဓိကထားခဲ့ကြပါတယ်။ နိုင်ငံတွင်းမှာ မှီတင်း နေထိုင်သူတွေထက် တိုင်းနိုင်ငံလုံခြုံရေးဆိုတာကိုပဲ ဦးစားပေးခဲ့ကြပါတယ်။ သို့ပေမယ့် ၂၁ ရာစုမှာ ကမ္ဘာ့အရပ်ဘက် လူ့အဖွဲ့အစည်း (Global Civil Society) ကျယ်ပြန့်လာတာနဲ့အမျှ နိုင်ငံတွေအနေနဲ့ နိုင်ငံတော် လုံခြုံရေးသာမကပဲ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ လိုအပ်ဆန္ဒနဲ့ အကျိုးစီးပွားတွေကိုလဲ အာရုံစိုက်ဖို့ လိုအပ်လာပါတယ်။

နိုင်ငံတော်ဟာ ပြည်သူလူထုရဲ့ အကြောက်တရားမှ လွတ်ကင်းရေး (freedom from fear) နဲ့ တန်းတူညီမျှစွာ ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့် ရရေးတို့ကို ကာကွယ်စောင့်ရှောက်ရပါမယ်။ လူသားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင် တားဆီးခံရမှုမှ လွတ်ကင်းရေး၊ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိဘူး ဆိုရင် (သို့မဟုတ်) နိုင်ငံတော်ကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခြိမ်းချောက် နေပြီဆိုရင် ဒီနိုင်ငံမှာ အချုပ်အခြာအာဏာ failure ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ လူသားလုံခြုံရေး မရှိတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာနဲ့ အကြောက်တရားနဲ့ ဖိနှိပ်ခံရတာတွေဟာ အချုပ်အခြာအာဏာကို ထိပါးတာတွေပဲ ဖြစ်ပါတယ်။

အချုပ်အခြာအာဏာ သဘောတရားအရ နိုင်ငံတော်အထက်မှာ ဘာမှ မရှိရဘူးလို့ရှေးယခင်က ရှုမြင် သုံးသပ် ခဲ့ကြပေမယ့်နိုင်ငံတော်ကိုယ်တိုင်က လူသားလုံခြုံရေးကို ခြိမ်းချောက်လာတဲ့အခါ လိုအပ်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ နိုင်ငံတကာ ဥပဒေတွေ၊ စာချုပ်စာတမ်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေလဲ ပေါ်ပေါက်လာခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ တိုင်းသူ ပြည်သားတွေကို ဘယ်လိုဆက်ဆံရမယ်၊ ဘယ်လိုဝန်ဆောင်မှုပေးရမယ်ဆိုတဲ့ နိုင်ငံတကာတန်ဖိုးတွေလဲ ပေါ်ထွက် လာခဲ့ပါတယ်။ လူသားလုံခြုံရေးကို ခြိမ်းချောက်တဲ့ နိုင်ငံတွေက တာဝန်ရှိသူတွေကို အရေးယူဖို့အတွက် International Criminal Court ၊ လူသားချင်းစာနာမှုကင်းမဲ့စွာ ကျူးလွန်သော ရာဇ၀တ်မှုများကို ကျူးလွန်ခံနေရတဲ့ ပြည်သူလူထုကို ကယ်တင်ရေးအတွက် Responsibility to Protect (R2P) စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီလို ပေါ်ထွက် လာမှုတွေကြောင့် အချုပ်အခြာအာဏာဆိုရာမှာ ပြည်တွင်းအချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာ တင်မကပဲ တဦးချင်း အချုပ်အခြာ အာဏာ (individual sovereignty) ပါရှိကြောင်း ပညာရှင်များက ထောက်ပြပြောဆို လာကြပါတယ်။

တဦးချင်းအချုပ်အခြာအာဏာဟာ ပြည်တွင်းအချုပ်အခြာအာဏာနဲ့ ပြည်ပအချုပ်အခြာအာဏာတွေအတွက် အရေးပါတဲ့ သဘောတရား ဖြစ်လာပါတယ်။ လူ့အခွင့်အရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်တိုင်စီရင်ခွင့်ရရေး၊ အကြောက်တရားကင်းဝေးရေး၊ လူသားလုံခြုံရေးတို့ပေါ်မှာ အခြေခံတဲ့ တဦးချင်း အချုပ်အခြာအာဏာကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးခြင်း မရှိတဲ့အခါ နိုင်ငံတကာက ဝေဖန်မှုတွေ၊ အပြစ်တင်မှုတွေ၊ စိုးရိမ်မကင်းမှုတွေ ပေါ်ပေါက်လာတာကြောင့် ပြည်ပ အချုပ်အခြာအာဏာကို ထိခိုက်မှုရှိစေပါတယ်။ လိုအပ်လာတဲ့အခါမှာ ပြည်သူတွေရဲ့ တဦးချင်း အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံတကာက ၀င်ရောက် ကျူးကျော်စွက်ဖက်ပြီး အရေးယူမှု ပြုလုပ်လာနိုင်တာကြောင့် ပြည်ပအချုပ်အခြာအာဏာကို ထိပါးစေမယ့် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ပြည်ပအချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ဖို့အတွက် နိုင်ငံတော်အနေနဲ့ တဦးချင်းအချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတော်က တဦးချင်း အချုပ်အခြာအာဏာကို စောင့်ရှောက်ခြင်း မရှိတဲ့အခါ ပြည်တွင်း အချုပ်အခြာအာဏာကိုလဲ ထိခိုက်မှု ရှိစေပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့လာပြီး၊ အတိုက်အခံ ပါတီတွေကနေ လွှတ်တော်တွင်းမှာ အစိုးရအယုံအကြည်မဲ့မှု အဆိုတွေ တင်သွင်းလာတာအထိ ဖြစ်သွားနိုင်ပါတယ်။ စစ်အာဏာရှင်နဲ့ ရွေးကောက်ခံ အာဏာရှင် နိုင်ငံတွေမှာ ဆိုရင်တော့ ပုန်ကန်ခြားနားမှုတွေ ဖြစ်လာနိုင်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း အားကောင်းလာတာနဲ့အမျှ တဦးချင်းအချုပ်အခြာအာဏာကို လေးစားမှုတွေ ရှင်သန်လာပြီး၊ system of checks and balance ပေါ်ထွက်လာပြီး ပြည်တွင်းအချုပ်အခြာအာဏာအပေါ်မှာ သက်ရောက်မှုတွေ ရှိလာပါတယ်။ အချို့နိုင်ငံတွေမှာ ဆိုရင် တဦးချင်းအချုပ်အခြာအာဏာကို နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ခြင်း မရှိတဲ့အတွက် state collapse အထိ ဖြစ်သွားတတ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလဲ အချုပ်အခြာအာဏာ သဘောတရားတွေကို သက်ရောက်မှု ရှိပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတဲ့အခါ ပြည်တွင်း အချုပ်အခြာအာဏာ ထိန်းသိမ်း စောင့်ရှောက်မှုစွမ်းရည် ပိုမိုမြင့်တက် လာနိုင်သလို၊ နိုင်ငံတကာစနစ်မှာလဲ အခြားနိုင်ငံများက လေးစားအသိအမှတ်ပြုရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ တိုင်းပြည်တွေမှာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းကြားက ဆက်နွယ်မှု (state-society relationship) ကို ထိခိုက်စေပြီး၊ ပြည်တွင်းအချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု စွမ်းရည် လျော့နည်းလာတတ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းနဲ့ state-society relationship အားနည်းချက် တွေဟာ collapsed or failed states ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလဲ အရေးကြီးပါတယ်။

ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance) ဟာလဲ အချုပ်အခြာအာဏာ သဘောတရားတွေကို သက်ရောက်မှုရှိပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိပဲ အာဏာအလွဲသုံးစားမှုတွေ။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုတွေ၊ ပြစ်တင်ရှုံ့ချမှုတွေကို ခံရတတ်ပါတယ်။ ပြည်သူလူထုရဲ့ လူနေမှုဘ၀ကို မြှင့်တင်ပေးနိုင်ခြင်း မရှိတဲ့ နိုင်ငံတနိုင်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ လူထုအပေါ် တာဝန်ယူနိုင်တဲ့ စွမ်းရည်ရှိတဲ့ အုပ်ချုပ်ရေးစနစ် မဟုတ်ပါဘူး။ ဒါကြောင့် တဦးချင်း အချုပ်အခြာအာဏာ ရှုထောင့်ကကြည့်ရင် ဒီလိုအုပ်ချုပ်ရေးစနစ် ရှိနေတဲ့ နိုင်ငံဟာ အချုပ်အခြာအာဏာ အပြည့်အ၀ရှိတဲ့ နိုင်ငံတနိုင်ငံလို့ မသတ်မှတ်နိုင်ပါဘူး။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိသမျှ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ အခြားနိုင်ငံများရဲ့ လေးစားမှုကို မရနိုင်တဲ့အတွက် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရေရှည် ထိန်းသိမ်းဖို့ မလွယ်ကူပါဘူး။

United Nations Secretary General Kofi Annan က အချုပ်အခြာအာဏာရဲ့ သဘောသဘာဝဟာ ၂၁ ရာစုမှာ ပြောင်းလဲသွားပြီလို့ ဆိုခဲ့ပြီး၊ အချုပ်အခြာအာဏာဆိုတာ ပါဝါနဲ့တင် မဆိုင်ပဲ တာဝန်ယူမှု သဘောတရားပါ ဆက်နွယ် ပါဝင်ကြောင်း တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ (sovereignty as a responsibility) ကို မီးမောင်း ထိုးပြခဲ့ပါတယ်။ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ သဘောတရားအရ နိုင်ငံတော်ဟာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက် ဖို့အတွက် လိုအပ်တဲ့ သင့်လျော်သော နိုင်ငံရေးဆိုင်ရာ ၀န်ဆောင်မှုကို ပေးအပ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံရေးဝန်ဆောင်မှု ဆိုရာမှာ တိုင်းသူပြည်သားတွေအတွက် လုံခြုံအေးချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ တရားမ၀င် နယ်စပ်ဖြတ်ကျော် မှုများကို တားဆီးနိုင်ခြင်း၊ မြေပိုင်နက်ကို ထိန်းသိမ်းခြင်း၊ ရာဇ၀တ်မှုများကို လျော့နည်းအောင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်ခြင်း၊ အုပ်ချုပ်ရေးယန္တရားခိုင်မာတည်တံ့မှုရှိခြင်း၊ နိုင်ငံရေးပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေး စောင့်ရှောက်မှု အားကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ဘဏ်စနစ် ခိုင်မာ တောင့်တင်းစေရန် ဆောင်ရွက်ခြင်း စတာတွေ ပါဝင်ပါတယ်။

နိုင်ငံတော်က ဒီလို ၀န်ဆောင်မှုကို မပေးအပ်တဲ့အခါ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ၀င်ရောက်စွက်ဖက်ဖို့ တာဝန်ရှိပါတယ်။ ဒီသဘောတရားဟာ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး သွင်ပြင်လက္ခဏာ နှစ်မျိုးကို ဖန်တီးပေးပါတယ်။ ပထမ သွင်ပြင်လက္ခဏာက နိုင်ငံတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးဆိုင်ရာ internal component ဖြစ်ပြီး၊ ဒုတိယ သွင်ပြင်လက္ခဏာကတော့ နိုင်ငံအချင်းချင်းဆက်ဆံရေးဆိုင်ရာ external component ဖြစ်ပါတယ်။

Robert Jackson ဆိုသူက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် ရပ်တည်နေပေမယ့် ပြည်သူလူထုအတွက် တာဝန်မယူနိုင်တဲ့ နိုင်ငံတွေ၊ ပြည်ပကူညီထောက်ပံ့မှုကို မှီခိုနေရတဲ့ နိုင်ငံတွေနဲ့ international order ကို ဘာမှ အထောက်အကူ မပြုနိုင်ပဲ ကမ္ဘာ့ငြိမ်းချမ်းရေးကို အနှောင့်အယှက်ပြုနေတဲ့ နိုင်ငံတွေ ရှိနေပြီး၊ ဒီလိုနိုင်ငံတွေမှာ နိုင်ငံတခု ရှိသင့်တဲ့ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ မရှိတဲ့အတွက် "quasi-states" အဖြစ်သာ သတ်မှတ် နိုင်ကြောင်း ဖော်ထုတ် ရေးသားခဲ့ပါတယ်။ ဒီလိုနိုင်ငံတွေမှာ ရာဇ၀တ်မှု ထူပြောခြင်း၊ နိုင်ငံရေးအကြမ်းဖက်မှု များရှိခြင်း၊ နယ်စပ် ဒေသ ထိန်းချုပ်နိုင်မှု လျော့နည်းခြင်း၊ လူမျိုးရေး ပဋိပက္ခများရှိခြင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခများ ရှိခြင်း၊ ဆက်သွယ်ရေးစနစ် အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်း၊ လာဘ်ပေးလာဘ်ယူမှု များရှိခြင်း၊ ကျန်းမာရေးစနစ် ချို့ယွင်းမှုများရှိခြင်း၊ ပညာရေးအခွင့်အလမ်းများ နည်းပါးခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းချက် စတာတွေ ဖြစ်ပွားနေတတ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အုပ်စုနဲ့ စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရတွေဟာ ၂၁ ရာစု ကမ္ဘာမှာ ပြောင်းလဲလာတဲ့ အချုပ်အခြာအာဏာ သဘောသဘာဝ တွေကို လိုက်နာ ကျင့်သုံးခြင်း မရှိကြပါဘူး။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာကို ဒို့တာဝန် အရေးသုံးပါးမှာ ထည့်သွင်းထားပေမယ့် ၁၇ ရာစုနှစ်က ကျင့်သုံးတဲ့ အချုပ်အခြာအာဏာ သဘောတရားတွေနဲ့ စစ်အေးတိုက်ပွဲကာလ နိုင်ငံရေး scenario အယူအဆတွေကိုပဲ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်၊ စစ်ဦးစီး တက္ကသိုလ်၊ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ၊ စစ်ကျောင်းများနဲ့ ကြံ့ဖွံ့ပါတီ တဖြစ်လဲ ကြံ့ဖွံ့အသင်းက သင်တန်းတွေမှာ သင်ကြား ပို့ချမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အကျိုးဆက်ကတော့ ခေတ်မမှီတော့တဲ့ အတွေးအခေါ်သဘောတရားတွေကို ဦးနှောက်ထဲ ရိုက်သွင်းခံထားရသူ များပြား လာပြီး ပြည်ပကျူးကျော် စွက်ဖက်မှု တွေကို ကာကွယ်ရေး၊ ကိုယ်ပိုင်နိုင်ငံရေးစနစ်ကို မိမိတို့ဘာသာ ကျင့်သုံးနိုင်ရေး စတာတွေကသာ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ခြင်းလို့ ထင်မှတ်နေကြသူတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလို ထင်မှတ်နေကြသူတွေဟာ လူသားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင် တားဆီးခံရမှုမှ လွတ်ကင်းရေး၊ လုံခြုံအေးချမ်းစွာ နေထိုင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတော်က ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း မရှိဘူး ဆိုရင် (သို့မဟုတ်) နိုင်ငံတော် ကိုယ်တိုင်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ခြိမ်းချောက် နေပြီဆိုရင် ဒီနိုင်ငံမှာ အချုပ်အခြာအာဏာ failure ဖြစ်နေပြီဆိုတာကို နားမလည်ပဲ စစ်အုပ်စုတွေ အမိန့်ပေးမှုအောက်မှာ လူသားလုံခြုံရေး (Human Security) ကို ခြိမ်းချောက်မှုတွေ ပြုလုပ်ပြီး အချုပ်အခြာအာဏာကို ကိုယ်တိုင် ထိပါးနေကြပါတယ်။

တဦးချင်းအချုပ်အခြာအာဏာ (individual sovereignty) ကို ကာကွယ်စောင့်ရှောက်ခြင်း မရှိတာကြောင့် ပြည်တွင်းအချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာတို့အပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နေတာကို နားလည်ခြင်း မရှိပဲ ဒီလိုဆိုးကျိုးတွေဟာ ပြည်ပနိုင်ငံတွေရဲ့ ၀င်ရောက်စွက်ဖက်မှုကြောင့်လို့ အမြင်လွဲနေကြပါတယ်။ တကယ်တော့ နိုင်ငံတော်ကသာ တဦးချင်း အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်မယ်ဆိုရင် ဒီလိုဆိုးကျိုးတွေ သက်ရောက်မှု ရှိလာမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်ခြင်း မရှိတဲ့ နိုင်ငံ၊ လူသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ နိုင်ငံတွေကို အခြားနိုင်ငံများက ဖိအားပေးတာတွေ၊ ပြစ်တင်ရှံ့ချခြင်း မပြုနိုင်ကြပါဘူး။ ၀င်ရောက်စွက်ဖက်ခြင်း မပြုနိုင် ကြပါဘူး။ နိုင်ငံတော်က တဦးချင်း အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်လာတဲ့အခါ ပြည်တွင်း အချုပ်အခြာ အာဏာနဲ့ ပြည်ပအချုပ်အခြာ အာဏာတို့ရဲ့ တည်တံ့ခိုင်မြဲရေးကို ပိုပြီး ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက် လက်ထက်တွေနဲ့ ရုပ်သေးအစိုးရ လက်ထက်တွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခဲ့ရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကိုလဲ မကျင့်သုံးနိုင်ခဲ့ပါဘူး။ စစ်အုပ်စုနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ဝါးကြီးအုပ်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ စစ်အုပ်စုဝင်တွေရဲ့ သားသမီးဆွေမျိုးများကသာ အခွင့်အရေးများကို မောင်ပိုင် စီးထားမှု၊ မတရားသော အမိန့်အာဏာများ ကျင့်သုံးမှု၊ အထက်ဖား အောက်ဖိမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှု စတာတွေကြောင့် စစ်အုပ်စု အာဏာတည်မြဲရေးကို ပခုံးပေါ်ထမ်းထားပေးရတဲ့ မြန်မာ့တပ်မတော်တွင်းက တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ မိသားစုဝင်တွေ အပါအ၀င် ပြည်သူတရပ်လုံးမှာ စားဝတ်နေရေး ဒုက္ခတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ သောကတွေ ပင်လယ်ဝေခဲ့ကြရပါတယ်။

၂၁ ရာစုရဲ့ အချုပ်အခြာအာဏာ သဘောတရား တွေအရ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် မရှိတဲ့ နိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ နိုင်ငံတွေမှာ အချုပ်အခြာအာဏာ အပြည့်အ၀ ရှိတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အချုပ်အခြာအာဏာ ရေရှည်တည်တံ့ခိုင်မြဲရေး ရှိဖို့ ဆိုတာလဲ မလွယ်ကူပါဘူး။ ဒီလို ဖြစ်ရတာဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဆောင်ကျဉ်းပေးနိုင်ခြင်း မရှိတဲ့ စစ်အုပ်ချုပ်ရေးစနစ်နဲ့ ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တို့ကြောင့်ပဲ ဖြစ်ပါတယ်။


ဒီလိုစနစ်ဆိုးတွေကြောင့် မြန်မာနိုင်ငံမှာ ရာဇ၀တ်မှုထူပြောခြင်း၊ နိုင်ငံရေးအကြမ်းဖက်မှုများရှိခြင်း၊ နယ်စပ် ဒေသ ထိန်းချုပ်နိုင်မှု လျော့နည်းခြင်း၊ လူမျိုးရေးပဋိပက္ခများရှိခြင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခများ ရှိခြင်း၊ ဆက်သွယ်ရေးစနစ် အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်း၊ လာဘ်ပေးလာဘ်ယူမှုများရှိခြင်း၊ ကျန်းမာရေးစနစ် ချို့ယွင်းမှုများရှိခြင်း၊ ပညာရေးအခွင့်အလမ်းများ နည်းပါးခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းချက် စတာတွေ ဖြစ်ပွားနေပြီး၊ တိုင်းနိုင်ငံမှာ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာ မရှိတာကြောင့် နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ "quasi-states" အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ခရီးသွားသူများ နိုင်ငံတကာမှာ မျက်နှာငယ် ကြရပါတယ်။ မြန်မာလူမျိုးဆိုလိုက်တာနဲ့ နိုင်ငံတကာပြည်သူတွေက သနားစရာကောင်းသော လူတွေအဖြစ် ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံက ပေးအပ်ထားတဲ့ ပညာရေး အောင်လက်မှတ်များကို ကိုင်ဆောင်ထားသူများ ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်မှာ အနှိမ်ခံရပါတယ်။ လူမျိုးရဲ့ စရိုက် လက္ခဏာနဲ့ ပတ်သက်ပြီး ဝေဖန်ရှုံ့ချမှုတွေ ခံကြရပါတယ်။ စစ်ဘေးစစ်ဒဏ်သင့်လို့ တဘက်နိုင်ငံတွေကို ပြေးလွှား သွားကြရတဲ့ ဒုက္ခသည်များ မျက်နှာငယ်ကြရပါတယ်။

နိုင်ငံက ထွက်ပြေးလာရတဲ့ စစ်ပြေးဒုက္ခသည်များ၊ နိုင်ငံရေး ဒုက္ခသည်များ ကမ္ဘာတ၀ှမ်းမှာ ပြည့်နှက်နေတဲ့ နိုင်ငံ၊ လူသားချင်းစာနာမှု မရှိသော အစိုးရ အုပ်ချုပ်နေတဲ့ နိုင်ငံ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ရမယ့် စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်၊ ရွာများကို ဖျက်ဆီး၊ အမျိုးသမီးငယ်များကို မုဒိမ်းကျင့်မှုတွေ လုပ်နေတဲ့ နိုင်ငံ၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရမယ့် ရဲတပ်ဖွဲ့က အာဏာရှင် လက်ကိုင်ဒုတ်ဖြစ်ပြီး ပြည်သူလူထုကို ရန်မူနေတဲ့ နိုင်ငံ၊ နိုင်ငံရေးအကြမ်းဖက်မှုများ ပြည့်လျှံနေတဲ့ နိုင်ငံ၊ လူမျိုးတုန်းသတ်ဖြတ်မှုများနဲ့ ကမ္ဘာကျော်နေတဲ့ နိုင်ငံ၊ ကျန်းမာရေး- ပညာရေး စောင့်ရှောက်မှုတွေ အားနည်းပြီး တိုင်းပြည်ဘဏ္ဍာငွေတွေကို စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရေးမှာသာ အသုံးပြုနေတဲ့ နိုင်ငံ၊ မဆုံးနိုင်သော ရေရှည်ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံ၊ ဘိန်းစိုက်ပျိုးထုတ်လုပ်နေတဲ့ နိုင်ငံ၊ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းချောက်နေတဲ့နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများကို ဒုက္ခသည်တွေ တွန်းပို့နေတဲ့ နိုင်ငံ၊ ရာဇ၀တ်မှုများ ထူပြောနေတဲ့ နိုင်ငံ၊ ဆင်းရဲနွမ်းပါးမှုသံသရာ ရှည်ကြာနေတဲ့ နိုင်ငံ၊ လူသားလုံခြုံရေး မရှိတဲ့ နိုင်ငံ စတဲ့ ပုံရိပ်ဆိုးတွေဟာ နိုင်ငံတော်ရဲ့ တာဝန်ယူမှုဆိုင်ရာ အချုပ်အခြာအာဏာကို ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်း မရှိတဲ့ ပြယုဂ်တွေပါပဲ။

ဒါကြောင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ အချက်ဟာ ဒို့တာဝန် အရေးသုံးပါးမှာ ပါဝင်နေပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုကြိုးကိုင် ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေ ထွန်းကားနေသမျှ ကာလပတ်လုံး တဦးချင်း အချုပ်အခြာ အာဏာ၊ ပြည်တွင်း အချုပ်အခြာအာဏာ၊ ပြည်ပအချုပ်အခြာအာဏာ တွေဟာ တည်တံ့ခိုင်မြဲမှု မရှိပဲ ဖြစ်နေမှာပါပဲ။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးရဲ့ အဓိက အတားအဆီး၊ အနှောင့်အယှက် ရန်သူဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ကြိုးကိုင် ရွှေရည်စိမ် ဒီမိုကရေစီ စနစ်တွေပဲ ဖြစ်ပါတယ်။


ခင်မမမျိုး

(ဆက်လက်ဖော်ပြပါမည်)

အပြည့်အစုံ ဖတ်ရန် ...

Sunday, July 3, 2011

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း – ၃)

(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး

တိုင်းရင်းသားလူမျိုးစုတွေ စုဝေးနေထိုင်တဲ့ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှု ရှိရေးက အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး လေ့လာသူတွေက တိုင်းရင်းသားလူမျိုးအရေးနဲ့ ပတ်သက်ပြီး ကဏ္ဍနှစ်ခု ခွဲခြားလေ့လာကြပါတယ်။ ပထမ ကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများနဲ့ ပဋိပက္ခဖြေရှင်းနည်းများကို လေ့လာခြင်းဖြစ်ပြီး၊ ဒုတိယကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတွေမှာ တရားမျှတ တဲ့ နိုင်ငံရေးစနစ်တွေကို ဖော်ဆောင်မှုတွေကို လေ့လာဖြင်းဖြစ်ပါတယ်။ ပထမကဏ္ဍဟာ နိုင်ငံရေးအဆောက်အုံ (political institutions) ဆိုင်ရာ နိုင်ငံရေးသိပ္ပံပညာက မြစ်ဖျားခံလာပြီး၊ ဒုတိယကဏ္ဍကတော့ လူမျိုးစု၊ တရားမျှတမှု နှင့် ဒီမိုကရေစီရေးရာ နိုင်ငံရေး သီအိုရီများ၊ နိုင်ငံရေးဒဿနိက အတွေးအခေါ်များကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများမှာ ရှေးပဝေသဏီ အစဉ်အဆက်ကနေ အမြစ် တွယ် နေခဲ့တဲ့ ဘိုးစဉ်ဘောင်ဆက်အမုန်းတရားတွေ ပါဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီ ကိုလို နီနယ်ချဲ့ ၀ါဒတွေ မကြီးစိုးခဲ့စဉ်က အင်အားကြီး စစ်ဘုရင်များရဲ့ စစ်အင်အားသုံးပြီး နယ်မြေဒေသ သိမ်းသွင်းမှုတွေ၊ တိုင်းနိုင်ငံ တည်ထောင်ရန် ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ နယ်မြေဒေသ နီးစပ်ရာမှာ အခြေချနေထိုင်ကြတဲ့ လူမျိုးစုတွေ အကြား စစ်ပွဲတွေ ရှိခဲ့ပါတယ်။ ဒီစစ်ပွဲတွေကနေ အမုန်းတရားတွေ၊ မယုံကြည်မှုတွေနဲ့ အာဃာတ တရားတွေ ပေါ် ထွက်ခဲ့ပါတယ်။

ဒီလို ဘိုးစဉ်ဘောင်ဆက် အမုန်းတရားတွေဟာ ဖိနှိပ်မှု တစုံတရာအောက်မှာ ခေတ္တပျောက်ကွယ်နေပြီး၊ ဖိနှိပ်မှုကနေ လွတ်လပ်လာစဉ်မှာ အသွင်တမျိုးနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပါတယ်။ ဒါတွေကို အသွင်ကူးပြောင်းကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပဋိပက္ခရေးရာ လေ့လာသူတွေက သေချာ နားလည်သိရှိ ထားဖို့ လိုပါတယ်။ ဒီလိုနားလည်သိရှိမှလဲ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို အင် အားသုံးဖြေရှင်းမှု နည်းလမ်းတွေထက် ပိုပြီး အလေးထားစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစုများအကြား သွေးစည်းမှုမှာ သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအား အရင်းအမြစ်များနဲ့ ပတ် သက်ပြီး ရိုးသားပွင့်လင်းစွာ သတင်းအချက်အလက် ဖလှယ်မှု၊ စီးပွားရေးပြိုင်ဆိုင်မှုများ အကြားမှာ တရားမျှတစွာ ပြိုင်ဆိုင်မှု စတာတွေကလဲ အရေးကြီးပါတယ်။ လူမျိုးစုပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ လူမျိုးစုတွေ အကြား ဆက်ဆံရေး အားနည်းမှုနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ စီးပွားရေးအရ အင်အားကြီးပြီး၊ သ ယံဇာတ အမြောက်အမြားကို နယ်မြေထဲမှာ ပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသားလူမျိုးစုတွေက စီးပွားရေးအရ အင်အား နည်းပြီး၊ သယံဇာတ ပိုင်ဆိုင်မှုနည်းတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဖြင့် ဘဏ္ဍာရေး အရ ခွဲဝေသုံးစွဲရတာကြောင့် နစ်နာတယ်လို့ ယူဆတာတွေ ရှိတတ်ပါတယ်။ စီးပွားရေးအရ ဈေးကွက်ကို အပြိုင်အ ဆိုင်လုကြရင်း၊ သယံဇာတတွေရှိတဲ့ နယ်မြေတွေကို လုကြရင်း ဖြစ်လာတဲ့ ပဋိပက္ခတွေလဲ ရှိပါတယ်။

ဒီလို စီးပွားရေးအကြောင်းအရာတွေအပြင် လုံခြုံရေးအကြောင်းအရာတွေလဲ ရှိပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုး ရဟာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း မရှိတဲ့အခါ တိုင်းရင်းသားလူမျိုး စု ခေါင်းဆောင်အချို့က သူတို့ရဲ့ဒေသ လုံခြုံရေးအတွက် လက်နက်ကိုင်ထားဖို့ လိုအပ်တယ်လို့ ယူဆလာပြီး လက် ကိုင်ကိုင်အင်အားစုတွေ ဖွဲ့စည်းလာကြပါတယ်။ ဒီအခါမှာ လက်နက်ကိုင်အင်အားစု မရှိတဲ့ တခြားလူမျိုးစုတွေကလဲ လက်နက်ကိုင်အင်အားစုတွေ ထပ်မံ ဖွဲ့စည်းလာကြပါတယ်။ နိုင်ငံအစိုးရကလဲ ဒီလို လက်နက်ကိုင်အင်အားစုတွေ စုဖွဲ့လာမှုအပေါ်တွေမှာ ပုန်ကန်ထကြွဖို့ ပြင်ဆင်တယ်လို့ ယူဆပြီး စစ်အင်အားသုံး နှိမ်နင်းဖို့ ကြိုးပမ်းပြန်ပါတယ်။

ဒီလိုအခြေအနေကို နိုင်ငံရေးလေ့လာသူတွေကတော့ တိုင်းပြည်ရဲ့ security dilemma လို့ သတ်မှတ်ပါတယ်။ တခါ တရံမှာ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ တပ်မတော်ကိုယ် တိုင်က လူတစုရဲ့ ခြယ်လှယ်မှုကို ခံနေရပြီး တိုင်းရင်းသားလူမျိုးစုများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးကို ခြိမ်းချောက်နေသလို ပြန်ဖြစ်နေတာတွေလဲ ရှိပါတယ်။ ဒီလိုတိုင်းပြည်တွေဟာ ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲနွမ်းပါးမှု ပြဿနာနဲ့ နိုင်ငံရေး မတည်ငြိမ်မှု ပြဿနာတွေအကြားမှာ နွံနစ်နေတတ်ပါတယ်။

နောက်ထပ်အကြောင်းရင်းတခုကတော့ multi-ethnic societies တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခကတော့ ဘိုး ဘွားအမွေ နယ်မြေပိုင်ဆိုင်မှု ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေမှာ သူတို့ရဲ့ ethno-symbolism ကို ကာကွယ် စောင့်ရှောက်ဖို့အတွက် ရှေးအစဉ်အဆက်ကနေ သူတို့ရဲ့ နယ်မြေလို့ သတ်မှတ်ထားတဲ့ နယ်မြေဒေသတွေ ရှိပါတယ်။ ဒါတွေကို ဘိုးဘွားအမွေ နယ်မြေတွေလို့ သတ်မှတ်ယူဆကြပါတယ်။ ဒီနယ်မြေတွေဟာ တခါတရံမှာ အ ခြားလူမျိုးစုတွေက ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားကြတဲ့ နယ်မြေတွေလဲ ဖြစ်နေတတ်ပြန်ပါတယ်။ ဒီလို နယ်မြေတွေ သီးခြားသတ်မှတ် ထားနိုင်ခြင်း မရှိတဲ့အခါ နယ်မြေလုရာကနေ ဖြစ်ပွားလာတတ်တဲ့ လူမျိုးစုပဋိပက္ခတွေလဲ ရှိတတ် ပါတယ်။

အချို့သော နိုင်ငံရေးပညာရှင်တွေကတော့ လူမျိုးစုပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ခေါင်းဆောင်တွေ ရဲ့ အတွေးအခေါ်၊ အယူအဆတွေကလဲ အကြောင်းရင်းတရပ်အနေနဲက ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။ သူတို့ ရဲ့အယူအဆ အရ ethnic identity တွေဟာ သူ့ဘာသာသူ ရှိနေပြီးသား ဖြစ်နေတဲ့ အပေါ်မှာ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ သမိုင်းဆရာတွေက အမျိုးသားရေးအမြင်တွေနဲ့ ထပ်လောင်းပုံဖော်ပြီး မျက်ကန်းမျိုးချစ်စိတ်တွေ၊ လူမျိုးကြီး ၀ါ ဒတွေ၊ လူနည်းစု သိမ်ငယ်စိတ် တွေကို ရိုက်သွင်းရာကနေ လူမျိုးစုပဋိပက္ခတွေ ပေါ်ထွက်လာတာလို့ ရှုမြင်ကြပါ တယ်။

ethnic identity တွေကို လိုသလို ဖြည့်ဆည်းထည့်သွင်းသတ်မှတ်လို့တော့ မရနိုင်ပါဘူး။ နိုင်ငံသား (citizenship) နဲ့ လူမျိုးဆိုတာ ကွဲပြားခြားနားပါတယ်။ သို့ပေမယ့် ရှိပြီးသား ethnic identity ကို ထပ်လောင်းပုံဖော်ပြီး နိုင်ငံရေးအရ manipulate လုပ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ- အသွင်ကူးပြောင်းကာလတွေမှာ တာဝန်ယူရတဲ့ အစိုးရခေါင်း ဆောင်တွေက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် လူမျိုးစုတခုရဲ့ အတိတ်သမိုင်းတွေကို အသုံးချပြီး လူမျိုးကြီး ၀ါဒကို ရိုက်သွင်းလာတဲ့အခါ၊ အခြားလူမျိုးစုတွေကို အနှိမ်ခံရတယ်ဆိုတဲ့ သိမ်ငယ်စိတ်တွေ ၀င်လာအောင် ပြုလုပ် လိုက်သလို ဖြစ်နိုင်ပါတယ်။

လူမျိုးရေးမှာမှ ဘာသာရေးအရပါ ကွဲပြားမှုတွေ ဖြစ်နေရင် အခြေအနေတွေက ပိုပြီး ဆိုးဝါးသွားတတ်ပါတယ်။ မျိုးချစ် စိတ်ဟာ ကောင်းမွန်ပါတယ်။ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တာကလဲ ကောင်းမွန်ပါတယ်။ သို့ပေ မယ့် လွန်ကဲသွားပြီး မျိုးချစ်စိတ်ကနေ မျက်ကန်းမျိုးချစ်ဝါဒကို ကိုင်စွဲလာတဲ့ အခါ၊ ဒါမှ မဟုတ် ကိုးကွယ်ရာဘာသာ၊ သာသနာကိုပဲ ဦးထိပ်တင်ပြီး အခြား ဘာသာ၊ သာသနာကို ခွဲခြားမှု ရှိလာတဲ့အခါ တိုင်းရင်းသားလူမျိုးစု အများအ ပြားနေထိုင်ရာ တိုင်းပြည်တခုမှာ ပဋိပက္ခနဲ့ စစ်ပွဲတွေကို ဦးတည်သွားစေတော့တာပါပဲ။ ဒီအချက်ဟာ အသွင်ကူး ပြောင်းကာလတွေမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာရယူထားသူများရဲ့ အမြော်အမြင်နဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ မူတည်တတ်ပါတယ်။

ဒီလို အကြောင်းရင်းတွေကြောင့် လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ ကိုင်တွယ် ဖြေရှင်းပုံတွေပေါ် မူတည်ပြီး ပြည် တွင်းစစ်မီးတောက်တွေ ကြီးထွားလာခြင်း၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်းဆိုတဲ့ ရလဒ်တွေ ထွက် ပေါ်လာနိုင်ပါတယ်။ တိုင်းရင်းသား လူမျိုးစု ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ Hegemonic Control နည်းလမ်းကို သုံးပြီး၊ လူမျိုးစုများ နေထိုင်ရာ ဒေသတွေကို အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာမှုကင်းသော လုပ်ရပ် များဖြင့် ခြိမ်းချောက်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊နယ်မြေသိမ်းပိုက်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ကျေးရွာများနဲ့ မြို့များကို ပြောင်းရွှေ့ နေရာချထားခြင်း၊ အတင်းအဓမ္မ လက်နက်ချခိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း စတာတွေကို အချို့အ စိုးရတွေက ကျင့်သုံးလေ့ရှိကြပါတယ်။

ဒီနည်းလမ်းဟာ လူမျိုးစု ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပဲ လူမျိုးစုများအကြား အာဃာတ တရားတွေ၊ အမုန်းတရားတွေ ကိုသာ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် လူမျိုးကြီးဝါဒကို ကျင့်သုံးသူများက စစ်တပ်ကို ကြိုးကိုင်ခြယ်လှယ်ထားခဲ့ရင် စစ်တပ်ထဲမှာ ပါဝင်တာကလဲ လူမျိုးစု မျိုးစုံ ဖြစ်ပေမယ့် လူမျိုးကြီး တခုရဲ့ လုပ်ရပ်လို့ပဲ ထင်သွားတတ်ပါတယ်။ ဥပ မာ- ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ တပ်မတော်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။ ကရင်ဒေသကို ထိုးစစ်ဆင် နေတဲ့ တပ်ရင်းရဲ့ တပ်ရင်းမှူးဟာလဲ ချင်းအမျိုးသား ဖြစ်နေနိုင်ပါတယ်။

ကချင်ဒေသကို ထိုးစစ်ဆင်တဲ့ တပ်များရဲ့ အကြီးအကဲဟာလဲ မွန်အမျိုးသား ဖြစ်နေနိုင်ပါတယ်။ ရှမ်းဒေသကို ထိုးစစ် ဆင်တဲ့ တပ်များရဲ့ အကြီးအကဲဟာလဲ ရခိုင်အမျိုးသား ဖြစ်နေနိုင်ပါတယ်။ ဗဟိုအစိုးရထဲမှာလဲ တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်နိုင်ပါတယ်။ သို့ပေမယ့်လဲ ပဋိပက္ခတွေကို စစ်အင်အားသုံး ဖြေရှင်းနေတဲ့ ဗဟိုအစိုးရဟာ ဗမာနယ်မြေ ထဲမှာ အခြေစိုက်ထားတာကြောင့် ဗမာစစ်တပ်၊ ဗမာနဲ့ တိုင်းရင်းသားများအကြားက ပဋိပက္ခအနေနဲ့ ထင်မြင်ယူဆ သွားမှု ဆိုတဲ့ အထင်အမြင် လွဲမှုတွေ၊ သံသယဖြစ်ထွန်းမှုတွေ၊ မုန်းတီးမှုတွေ ဖြစ်သွားစေတတ်ပါတယ်။

အင်အားသုံး ဖြေရှင်းမှုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မည်သည့်အခါမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ညီအစ်ကိုချင်းမှာတောင် အင်အားသုံးပြီး ပြဿနာဖြေရှင်းမှုတွေ ရှိလာတဲ့အခါ သွေးကွဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ တ ဘက်ကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားမှုကြောင့် ပြဿနာဖြေရှင်းနိုင်မယ်လို့ ယူဆမှုတွေဟာ မှားယွင်းတဲ့ အယူ အဆတွေပါပဲ။ ဖိနှိပ်လေ၊ ပြဿနာ ပိုပြီး ကြီးထွားလေ ဖြစ်လာတတ်ပါတယ်။ (၁၉၉၄) ခုနှစ်တုန်းက ကမ္ဘာတ၀ှမ်းလုံး ကို တုန်လှုပ်ချောက်ချား စေခဲ့တဲ့ ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။

လူသန်းပေါင်းများစွာ အချိန်အနည်းငယ်အတွင်းမှာလဲ တဦးနဲ့ တဦးသတ်ဖြတ်မှုတွေ ဖြစ်ပွားစေအောင် ဘာတွေက လှုံ့ဆော်ပေးခဲ့ပါသလဲ။ အဓိကကတော့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအ တွင်းမှာ Tutsi ဆိုရင် ပါဝါပိုရှိပြီး၊ Hutu ဆိုပြီး ဖိနှိပ်ခံ လို့ သတ်မှတ်ပြီး အမြစ်တွယ်ခဲ့တဲ့ ဖိနှိပ်မှုဟာ ကြောက်မက်ဖွယ် ရာ လူသတ်ပွဲကြီးကို ဖြစ်ပွားစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ပြန်ပြောင်းပြောမိကြတဲ့အခါတိုင်း အချို့ပညာရှင်တွေက When Victims become Killers လို့ စိတ်မကောင်စွာ မှတ်ချက်ပြုကြပါတယ်။ အင်အားသုံးမှု၊ အကြောက်တရားနဲ့ ဖိနှိပ်မှုတွေဟာ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ပါဘူး။ ပဋိပက္ခတွေကိုသာ ပိုပြီး ကြီးထွားစေတတ်ပါတယ်။ Hegemonic Control ဟာ ရေရှည်နိုင်ငံရေးတည်ငြိမ်မှုကို ဘယ်လိုမှ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး။

နောက်ထပ် အင်အားသုံး ဖြေရှင်းမှုတခုကတော့ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ တိုင်းပြည်ရဲ့ နယ်နိမိတ်အတွင်း မှာ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်တွေကို ပိတ်ပင်တားဆီးတာပဲ ဖြစ်ပါတယ်။ လူမျိုးစုတွေကို သူတို့ရဲ့ သက် ဆိုင်ရာ နယ်မြေဒေသတွေမှာ နေထိုင်ဖို့ အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာတွေ၊ အခြားဒေသမှာ ရောက်ရှိနေထိုင် သူတွေကို သက်ဆိုင်ရာ ဒေသတွေကို အတင်းအကြပ် ပြန်ခိုင်းတာတွေ၊ သက်ဆိုင်ရာ ဒေသမဟုတ်ပဲ ရောက်နေတဲ့ လူမျိုးတွေ အချင်းအချင်း အလဲအလှယ်ပြုပြီး ရွှေ့ပြောင်းနေရာချထားတာတွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးကို ပြိုကွဲစေတဲ့ အင်အားသုံးမှုတွေပဲ ဖြစ်ပါတယ်။

လူမျိုးရေးပဋိပက္ခတွေကို transcendent identity တခုကို သတ်မှတ်ပြီး ဖြေရှင်းကြတာတွေလဲ ရှိပါတယ်။ ဒီလို သတ် မှတ်ရာမှာ သက်ဆိုင်ရာ နိုင်ငံတွင်းမှာ ရှိတဲ့ လူမျိုးစုများ တွေ့ဆုံဆွေးနွေးပြီး၊ အားလုံးရဲ့ ethnic identity ကို ရှေ့တန်း မတင်တော့ဘဲ နိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတရပ်လုံးဟာ လူမျိုးတခုတည်းအဖြစ် လက်ခံသတ်မှတ်ခြင်း ဖြစ် ပါတယ်။ ဒီလို ပြုလုပ်ရာမှာ လူမျိုးစုများ အားလုံးက တွေ့ဆုံဆွေးနွေးပြီးမှ ညီညီညွတ်ညွတ် စုပေါင်းသတ်မှတ်ကြဖို့ လိုအပ်ပါတယ်။ အစိုးရတရပ်တည်းကပဲ အတင်းအကြပ် အမည်နာမပေး သတ်မှတ်လို့ မရနိုင်ပါဘူး။

ဒီနည်းလမ်းဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ဆင်တူတဲ့ လူမျိုးစုများ ရှိနေတဲ့ နိုင်ငံ (သို့မဟုတ်) နေရာဒေသတခုမှာ နိုင် ငံပေါင်းစုံက လူများ အခြေချနေထိုင်လာကြပြီး နိုင်ငံတည်ထောင်မှု ပြုလုပ်တဲ့ အခြေအနေမျိုးတွေ အတွက်သာ ပိုမို သင့်လျော်ပြီး စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်စာ ကွဲပြားတဲ့ လူမျိုးစုများ ရှိနေတဲ့ နိုင်ငံတွေမှာတော့ အလွန်သ တိထားပြီး စဉ်းစားပြုလုပ်ကြရမယ့် နည်းလမ်းတခု ဖြစ်ပါတယ်။ အတင်းအကြပ်ပြုလုပ်မှုတွေ ရှိလာခဲ့ရင် ပဋိပက္ခကို ပိုမိုကြီးသွားစေတတ်ပါတယ်။

လူမျိုးစု ပဋိပက္ခတွေကို နိုင်ငံတကာအဖွဲ့အစည်းများ (သို့မဟုတ်) အင်အားကြီးနိုင်ငံများက ၀င်ရောက်ပြီး ထိန်းချုပ်ဖြေ ရှင်းရန် ကြိုးပမ်းမှုတွေလဲ ရှိပါတယ်။ ဒီလို ထိန်းချုပ်ဖြေရှင်းရန် ကြိုးပမ်းမှုတွေမှာ third party ဖြစ်တဲ့ နိုင်ငံတကာ အ ဖွဲ့အစည်း (သို့မဟုတ်) ဒေသတွင်းအင်အားကြီးနိုင်ငံများဟာ လူမျိုးစုအားလုံးက ယုံကြည်လက်ခံပေးနိုင်တဲ့ အဖွဲ့အ စည်း (သို့မဟုတ်) နိုင်ငံ ဖြစ်ဖို့ အရေးကြီးသလို သက်ဆိုင်ရာ အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံကလဲ လူမျိုးစုတွေအ ကြားမှာ neutral ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ အကျိုးစီးပွားတွေပါ ပါဝင်လာပြီး ပါဝါဂိမ်းတွေ ကစားလာခဲ့ရင် လူ မျိုးစုပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံအတွက် ပိုပြီး ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

လူမျိုးစုပဋိပက္ခနဲ့ ပတ်သက်ပြီး နောက်ထပ်ဖြေရှင်းနည်းတခုကတော့ federal arrangements ပဲ ဖြစ်ပါတယ်။ federal arrangements ဆိုရာမှာ quasi-federal arrangements, constitutional federal arrangements စတာတွေအပြင် autonomy နဲ့ cantonisation စတာတွေပါ ပါဝင်ပါတယ်။ cantonisation ဆိုတာကတော့ အာဏာခွဲဝေမှုကို လူမျိုးစု၊ လူမျိုးစုကနေ မျိုးနွယ်စုလေးတွေအထိ အဆင့်ဆင့် ခွဲခြားပြီး homogeneous units လေးတွေအထိ ခွဲခြမ်းစိတ်ဖြာ ပြီးမှာ အာဏာခွဲဝေတာ ဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ ဒါဟာ လက်တွေ့မှာ ဖြစ်နိုင်ချေနည်းပါးတဲ့ နိုင်ငံရေး အစီအမံလို့ သတ်မှတ်ထားကြပါတယ်။

constitutional federal arrangements မှာ ဖယ်ဒရယ် ယူနစ်တွေ အားလုံးဆီမှာ တူညီတဲ့ အာဏာတွေ ရှိပြီး၊ ဖယ်ဒ ရယ်အစိုးရနဲ့ ပြည်နယ်အစိုးရကြားမှာ အာဏာခွဲဝေမှုသဏ္ဍန်တွေ စနစ်တကျ ရှိပါတယ်။ အာဏာကို အလွဲသုံးစား ပြု လို့ မရပါဘူး။ သက်ဆိုင်ရာ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (self- determination) နဲ့ တန်းတူညီမျှခွင့် ရှိတဲ့အတွက် ရေရှည်နိုင်ငံရေး တည်ငြိမ်မှုအတွက် သင့်လျော်တဲ့ နိုင်ငံရေးအစီ အမံ တခုအဖြစ် ပညာရှင်များက သတ်မှတ်ကြပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) ဆိုတာမှာကျတော့ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (territorial autonomy) နဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (cultural autonomy) ဆိုပြီး ရှိပါတယ်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကတော့ တိုင်းရင်းသားလူမျိုးတွေကို သူ့သက်ဆိုင်ရာ ဒေသအလိုက် နယ်မြေခွဲဝေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးအပ် ခြင်း ဖြစ်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကတော့ သက်ဆိုင်ရာ ဒေသအလိုက် cultural institutions များကို ကိုယ်ပိုင်ဖန်တီးစီမံခွင့်ပေးအပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ် ချုပ်ခွင့်နဲ့ လူနည်းစု အခွင့်အရေးပေးတာနဲ့ မတူပါဘူး။ ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကတော့ သက် ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုများက သူတို့ဘာသာ cultural institutions များကို တည်ဆောက်ယူခြင်းဖြစ်ပြီး၊ လူ နည်းစုအခွင့်အရေး (minority rights) ကို ပေးတာမှာကျတော့ နိုင်ငံတော်က cultural institutions များကို တည် ဆောက်ပေးတာ ဖြစ်ပါတယ်။

လူမျိုးစု ပဋိပက္ခများကို ဖြေရှင်းတဲ့ နောက်ထပ် နည်းလမ်းတခုကတော့ consociationalism ဖြစ်ပါတယ်။ consociationalism ဆိုတာကို ပါဝါရှယ်ယာပြုလုပ်ခြင်းလို့ ဆိုကြပါတယ်။ consociationalism နည်းလမ်းကို အသုံး ပြုပြီး ပဋိပက္ခတွေကို ဖြေရှင်းခြင်းမှာ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များအားလုံး ပူးပေါင်းပြီး အာဏာခွဲဝေခြင်း ဖြစ်ပါတယ်။ federalism မှာ အာဏာခွဲဝေမှုက (vertical division between different levels) ဖြစ်ပြီး၊ consociationalism မှာ အာဏာခွဲဝေမှုက (horizontal division between different pillars) ဖြစ်ပါတယ်။

consociationalism နိုင်ငံရေး အစီအမံမှာ ထင်ရှားတဲ့ နိုင်ငံရေး သွင်ပြင်လက္ခဏာ လေးမျိုး ရှိပါတယ်။ ပထမသွင်ပြင် လက္ခဏာကတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ခေါင်းဆောင်များ အားလုံးဟာ အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။ အစိုးရ အဖွဲ့ဟာ ညွန့်ပေါင်းအစိုးရဖြစ်ပြီး၊ လူမျိုးစု ခေါင်းဆောင်များ (သို့မဟုတ်) ကိုယ်စားလှယ်များအားလုံးက အစိုးရအဖွဲ့မှာ ပါဝင်ပါတယ်။ ဒုတိယ သွင်ပြင်လက္ခဏာ ကတော့ လူမျိုးစုအားလုံးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိခြင်းဖြစ်ပါတယ်။ တတိ ယ သွင်ပြင်လက္ခဏာကတော့ နိုင်ငံရေးကိုယ်စားပြုမှုဟာ proportionality ပေါ်မှာ မူတည်ပါတယ်။ စတုတ္ထ သွင်ပြင် လက္ခဏာကတော့ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ အခြေခံ အကျိုးစီးပွားတွေကို ထိခိုက်လာခဲ့ရင် ဗီတို အာဏာ အသုံးပြုခွင့် ရှိပါတယ်။ ဒီ နည်းလမ်းဟာ လူမျိုးစုအရေအတွက် နည်းပါးတဲ့ နိုင်ငံတွေအတွက် ပိုပြီး သင့်လျော် ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတာမှာ လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး၊ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒီလို ရှာဖွေရာမှာလဲ ပိုမိုဆိုးဝါးသွားစေနိုင်တဲ့ Hegemonic Control လို နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပြီး၊ transcendent identity, federal arrangements (including autonomy), consociationalism နည်းလမ်းတွေထဲက အသင့်လျော်ဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကို ငြင်းခုန်မှု၊ အပြန်အလှန် စွပ်စွဲမှု မဟုတ်သော အဖြေရှာခြင်း အသွင်နဲ့ ငြိမ်းချမ်းစွာ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ ဒါမှလဲ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။ လူမျိုးစု ပဋိပက္ခများ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ နိုင်ငံတွေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ဆိုတာ မလွဲမသွေ အကောင်အထည်ဖော်ကြရမယ့် ဖြစ်စဉ်တခုပါ။

ဒီလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရာမှာ တရားမျှတမှု ရှိရေးဟာ စံထားကြရမယ့် တန်ဖိုးတခု ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်းကာလတွေမှာ ကမ္ဘာတ၀ှမ်းမှာ ကြီးထွားလာခဲ့တဲ့ လူမျိုးရေး အခြေခံ ပဋိပက္ခတွေ ကြောင့် ethno-cultural justice ဆိုတဲ့ သဘောတရား ပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားကို ဖော်ထုတ်ခဲ့တဲ့ Kymlicka ဆိုသူက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဟာ လူမျိုးနဲ့ ယဉ်ကျေးမှုရေးရာ ကွဲပြားမှုတွေကို မျက်ကွယ်ပြုထားလို့ မရနိုင်ကြောင်း၊ ယဉ်ကျေးမှုဆိုတာ လူတဦးချင်းစီ ရှင်သန်နေထိုင်တဲ့ လူမှုဘ၀ (social life) တွေပေါ်မှာ သက်ရောက် မှုရှိတဲ့ framework တခု ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး civic republicanism နဲ့ liberal multi-culturalism ကို လက်ခံသူ တို့အကြားမှာ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ civic republicanism ကို လက်ခံသူများက နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ လူ့အဖွဲ့အစည်းရေးရာ အကန့်အသတ်တွေကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ ဆိုကြပြီး၊ liberal multi-culturalism ကို လက်ခံသူများကတော့ နိုင်ငံရေးပါဝင်ပတ်သက်မှုဟာ ရှိနေပြီးသား လူ့အဖွဲ့အစည်း အပေါ်မှာ အခြေခံတယ်လို့ ဆိုခဲ့ကြပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေးမှာ ဘာသာစကားဆိုင်ရာ အခွင့်အရေးအရေးများ (language rights) ကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုတွေကို ပြည်သူတွေက အပြည့်အ၀ အသုံးပြု နိုင်ရေးအတွက် သင့်လျော်တဲ့ ဘာသာစကားဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာသာစကားဆိုင်ရာ မူ ၀ါဒတွေမှာ linguistic affairs နဲ့ ပတ်သက်ပြီး နိုင်ငံတော်က လုံးဝ ၀င်ရောက်စွက်ဖက်ခြင်း မရှိတဲ့ benign- neglect policy၊ လူအများသုံးတဲ့ ဘာသာစကားကို official language အဖြစ်သတ်မှတ်တဲ့ nation-building policy စသည် ဖြင့် မူဝါဒများစွာ ရှိပြီး၊ ဒီအရေးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများမှာ ထည့်သွင်း ဆွေးနွေးဖို့ လိုအပ်တဲ့ အရေးတခု ဖြစ်ပါတယ်။ multi-bilingualism ကို အသုံးပြုခြင်းဖြင့် မည်သည့်အချိန်၊ မည်သည့် နေရာမှာ မည်သို့ အသုံးပြုမည်နည်း စတဲ့ procedures တွေဟာ ညီညွတ်မှု တည်ဆောက်ရေးအတွက် အရေးကြီးပါ တယ်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရတွေက တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးလို့ အစဉ် အဆက် ကြွေးကြော်ခဲ့ကြပါတယ်။ သို့ပေမယ့်လဲ လူမျိုးစု ပဋိပက္ခဖြစ်ပွားစေတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ ဘိုးစဉ် ဘောင်ဆက် အမုန်းတရား၊ အာဃာတ တရားတွေကို မရှိရင်တောင် ရှိလာအောင် လုပ်ပြီး သွေးခွဲမှုတွေ ရှိခဲ့ပါတယ်။ သမိုင်းထဲက ဗမာသူရဲကောင်းတွေရဲ့ အခန်းကဏ္ဍတွေကို အလွန်အမင်း မြှင့်တင်မှုဟာ ရှေးက ဖြစ်ပွားခဲ့တဲ့ အခြား လူမျိုးစုများနဲ့ စစ်ပွဲတွေကို ပြန်ပြောင်းသတိရစရာတွေ ဖြစ်စေပါတယ်။ အစိုးရတရပ်အနေနဲ့ conflict accommodation လုပ်နိုင်ပါရက် ကြီးထွားလာအောင် လုပ်နေတာတွေနဲ့ အတူတူပါပဲ။ ဥပမာ- မွန်-မြန်မာစစ်ပွဲ စတာ တွေဟာ သမိုင်းသင်ရိုးညွှန်းတန်းမှာ အသေးစိတ် ထည့်သွင်းရေးဆွဲဖို့ မသင့်လျော်တဲ့အရာ တွေဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရအဆက်ဆက်ရဲ့ လူမျိုးကြီးဝါဒ ဆန်ဆန် ပြုမူမှုတွေဟာလဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိ ခိုက်စေခဲ့ပါတယ်။ တော်လှန်ရေး စစ်မျက်နှာတွေမှာ လူမျိုးစုတွေ နေထိုင်တဲ့ ရွာတွေကို မီးရှို့ပြီး ” ဒါ- ဗမာကွ” လို့ ကြွေးကြော်ခဲ့မှုတွေ အမြောက်အများ ရှိခဲ့ဖူးပါတယ်။ တပ်မတော်မှာ တိုင်းရင်းသားလူမျိုးစုံ ပါဝင်နေပါရက်နဲ့ ဗမာစစ် တပ်လာပြီ ဆိုတာနဲ့ ရွာသားတွေ ပုန်းကြရှောင်ကြ ဖြစ်ရတဲ့ အခြေအနေတွေ၊ ဗမာစစ်သားဆိုတာနဲ့ ကလေးအငိုတိတ် သွားတဲ့ အဖြစ်အပျက်တွေ မြန်မာပြည်က စစ်မျက်နှာတွေမှာ ဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်တွင်းနဲ့ ၀န်ထမ်းတာဝန် ထမ်း ဆောင်မှုတွေမှာ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေကို ရာထူးတိုးတက်ခွင့် နှောင့်နှေးစေတာတွေ၊ နှိမ့်ချဆက်ဆံတာ တွေ မြန်မာပြည်ရဲ့ ၀န်ထမ်းလောကမှာ ရှိနေခဲ့ပါတယ်။ ဘာသာတရား ကိုးကွယ်မှုပေါ်မှာ မူတည်ပြီး ခွဲခြား ဆက်ဆံမှု တွေဟာလဲ မြန်မာပြည်မှာ ဖြစ်ပွားနေခဲ့ပါတယ်။

လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှုတွေကို ထိန်းချုပ်ရာမှာလဲ Hegemonic Control ကို အသုံးပြုပြီး စစ်အင်အားနဲ့ ထိုးစစ် ဆင် တိုက်ခိုက်ခြင်း၊ လူသားချင်း စာနာမှုကင်းသော လုပ်ရပ်များဖြင့် ခြိမ်းချောက်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ နယ်မြေသိမ်း ပိုက်ခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ကျေးရွာများနဲ့ မြို့များကို ပြောင်းရွှေ့ နေရာချထားခြင်း၊ အတင်းအဓမ္မ လက်နက် ချခိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း၊ လူမျိုးစု ခေါင်းဆောင်များအား သတ်ဖြတ်ခြင်း၊ အဖွဲ့အစည်းများ ပြိုကွဲစေရန် သွေးထိုးလှုံ့ဆော်ခြင်း စတဲ့ ဖိနှိပ်မှု နည်းပေါင်းစုံကို အသုံးပြုခဲ့ကြပါတယ်။ ယနေ့လက်ရှိ အရပ်သားအစိုးရလို့ ကြေ ညာတဲ့ ဗိုလ်သိန်းစိန် အစိုးရလက်ထက်မှာ အစိုးရအာဏာလွှဲပြောင်းရယူထားတဲ့ လ အနည်းငယ်အတွင်းမှာတင် ရှမ်း၊ ကချင်၊ ကရင် စတဲ့ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ပါတော့တယ်။

တိုင်းရင်းသား လူမျိုးများ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတွေအ တွက် ကြိုးပမ်းဆောင်ရွက်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို အသိအမှတ်မပြုပဲ ဖျက်ဆီးနှောင့်ယှက်မှုတွေကို ၁၉၆၂ ခုနှစ်ကတည်းက တစိုက်မိုက်မိုက် ပြုလုပ်လာခဲ့တာဟာ နောက်ဆုံး သမိုင်းကတောင်းဆိုထားတဲ့ ၂၁ ရာစု ပင်လုံ နိုင်ငံ ရေး ပလက်ဖောင်းအထိ အသိအမှတ်ပြုပြီး ပူးပေါင်းပါဝင်မှု မရှိခဲ့ပါဘူး။ ၁၉၉၀ အလွန်ကာလတွေမှာ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ရယူထားသော်လည်း ရေရှည်ခံ ငြိမ်းချမ်းရေး တည်ဆောက်ရန် အား ထုတ်ကြိုးပမ်းမှု မရှိဘဲ နယ်မြေစိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး၊ လက် နက်ဖြုတ်သိမ်းရေး၊ တပ်များဖြင့် ပိတ်ဆို့ဝန်းရံခြိမ်းချောက်ရေး၊ ထိုးစစ်ဆင်ရေး စတာတွေကိုပဲ ကြိုးပမ်းမှုတွေ ရှိလာပါ တယ်။

ဒီလို Hegemonic Control နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ပါဘူး။ အပြန်အလှန် လေး စားမှု၊ ယုံကြည်မှုပေါ်မှာ အခြေခံတဲ့ စစ်မှန်သော အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သော ညီလာခံကြီး ကျင်းပရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်အတွက် ဆွေးနွေးပွဲများ ကျင်းပရေး စတာတွေနဲ့သာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီ၊ မလဆ၊ န၀တ၊ နအဖ၊ ဗိုလ်သိန်းစိန် ကြံ့ဖွတ် အစိုးရ လက်ထက်တွေမှာ တိုင်းရင်းသား စည်း လုံး ညီညွတ်ရေး မပြိုကွဲရေးကို ဦးထိပ်ထားတယ်လို့ ဘယ်လိုပဲ ဆိုဆို လက်တွေ့လုပ်ရပ်များကတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပြိုကွဲစေမယ့် လုပ်ရပ်များသာ ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ပြဿနာတွေဟာ ရေရှည်ဖြစ်ပွား နေခြင်းဟာ နောင်မျိုးဆက်တွေ လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တည်တံ့ခိုင်မြဲရေးအတွက် ဆိုး ကျိုးများစွာ ပေါ်ထွန်း စေနိုင်ပါတယ်။ ရေရှည်ပြည်တွင်းစစ် ပြဿနာဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမွန် သော လက္ခဏာ မဟုတ်ပါ။

ဆက်လက်ဖော်ပြပါမည်။

ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...