Saturday, June 20, 2009

ဒေါ်အောင်ဆန်းစုကြည် သာ ယုံကြည်မျှော်လင့်ချက်

ဒေါ်အောင်ဆန်းစုကြည် သာ ယုံကြည်မျှော်လင့်ချက်


Saturday, 20 June 2009 14:11 ကြည်ဝေ


ရန်ကုန်မြို့၊ကြည်မြင်တိုင်မြို့နယ် ဘောဂလမ်းထဲမှ ထရံကာတဲအိမ်ကလေးရှေ့သို့ ဆလွန်းကား ဖြူဖြူလေးတစီး ထိုးစိုက်လာခဲ့သည်ကို သူက ထူးဆန်းသလို ကြည့်လိုက်မိရာ ထိုကားထဲမှစပယ်ပန်းများ ဝေဆာစွာ ပန်ထားသော အသားဖြူဖြူ ခပ်သွယ်သွယ်အမျိုးသမီးတဦးထွက်လာသည်ကို သူ စတင်မြင်တွေ့လိုက်ရသည်။

၁၉၈၉ ခုနှစ်က ဖြစ်သည်။
အင်္ကျီ အဖြူနှင့် အနီ ရောစပ်ထားသော ချိတ်လုံခြည်ကို ၀တ်ဆင်ထားသည့် ထိုအမျိုးသမီး ကားထဲက ထွက်လိုက်သည်နှင့်ပင် ဘေးပတ်ဝန်းကျင်မှ လူများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး“ဒေါ်အောင်ဆန်းစုကြည်လာတယ်…ဒေါ်အောင်ဆန်းစုကြည်လာတယ်”ဟူသော စကားသံများလည်းထွက်ပေါ်လာခဲ့ကာ တခဏတွင်းမှာပင် ထိုလမ်းသွယ်လေးအပြည့် ဖြစ်သွားလေသည်။

“အဲဒီတုန်းက ကျနော်က ကလေးသာသာပဲ ရှိသေးတယ်၊ ကားပေါ်က ဆင်းဆင်းချင်းဘယ်သူလဲ ဆိုတာ ကျနော် မသိသေးဘူး၊ နောက်မှ လူတွေပြောလို့ သိလိုက်ရတာ၊ သူက NLD က လူတယောက်ရဲ့ အိမ်ကိုလာကြည့် တာ တဲ့။ အဲဒီအိမ်က အရမ်းဆင်းရဲတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရောက်လာတာကို အံ့သြနေကြတာ၊ လာကြည့်တဲ့သူတွေလည်း တော်တော်များတယ်”ဟု အစိုးရ ၀န်ထမ်းတဦးက ဆိုသည်။

ထိုစဉ်က အသက် ၄၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်၏ လန်းဆန်းသွတ်လက်သော အသွင်သဏ္ဍန် ကို သူ့အနေနှင့် ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိကြောင်း သတင်း ၊ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ဆုရရှိသောသတင်းများကို ကြားသိရ ကြောင်းပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယအကြိမ်ပြန်မြင်တွေ့ခွင့်ရခဲ့သည်မှာ ၂၀၀၉ ခုနှစ် မေလ ၂၀ ရက်နေ့ အင်းစိန် ထောင် အတွင်းတွင်ဖြစ်သည်ဟု သူက ပြောသည်။

ထိုမေလ ၂၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွဲချက်တင်ခံရသည့် လေးဦးကိုရုံးတင် စစ်ဆေးသည့် တတိယ မြောက်နေ့ ဖြစ်ပြီး သံတမန် ၃၀ နှင့် သတင်းထောက် ၁၀ ဦးတို့ကိုစစ်အစိုးရ က တက်ရောက်ခွင့် ပေးခဲ့ သည့်အတွက် တရားခွင်တွင် လူ ၆၀ ကျော်ခန့် တက်ရောက်ကြရာ သူလည်း အပါအ၀င် ဖြစ်သည်ဟု ပြောသည်။

အင်္ကျီ ပန်းသွေးနီရောင်ဖျော့ဖျော့ဝတ်ထားပြီး၊ နောက်တွဲ ဆံထုံးလေးထုံးထားကာ၊ မိတ်ကပ် ပါးပါးလိမ်း နှုတ်ခမ်း နီ ပြေပြေ ဆိုးထားသော အသက် ၆၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော နှစ် ၂၀ ၀န်းကျင် ကထက်ပိုပြီး ရင့်ကျက်တည်ငြိမ် ပြတ်သားကြောင်းသူက ဆိုသည်။

“အံ့သြစရာကောင်းလောက်အောင်ကို အသက်အရွယ်နဲ့စာရင် နုပျိုတယ်၊ အရင်ကထက်ပိုပြီး ရင့်ကျက်လာတာ ကလွဲလို့ လမ်းလျှောက်ပုံကအစ အရင်တုန်းက အတိုင်းပါပဲ”ဟု သူက ဆိုသည်။

တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တည်တည်ငြိမ်ငြိမ်နှင့် ရိုးဖြောင့်စွာပြောဆိုကြောင်း၊ ထို့အပြင် လူ အများအပေါ် ကာကွယ်လိုသည့် စိတ်သဘောထားကိုလည်းမြင်တွေ့ရကြောင်း သူက ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးသားဖြောင့်မတ်တယ်ဆိုတာ သိပါတယ်၊ တိုင်းပြည်အတွက် ကောင်းအောင် လုပ်နိုင်မယ်ဆိုတာလည်း ကျနော် ယုံပါတယ်”ဟု သူက ဆိုသည်။

မေလ ၂၀ ရက်နေ့ တရားခွင်တွင် တက်ရောက်ခွင့်ရခဲ့သော ပြည်တွင်းသတင်းထောက်တဦးကလည်း“ကျနော် တို့တင် မကဘူး၊ သူတို့ဝန်ထမ်းတွေက အစ အန်တီ့ကို မေတ္တာရှိတဲ့အရိပ်အယောင်တွေ ပေါ်နေတယ်၊ သူတို့တချိန်လုံး အန်တီ့ကိုပဲငေးစိုက်ကြည့်နေကြတာတွေ့ရတယ်” ဟု အစိုးရ၀န်ထမ်းများအနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားသည့် သဘောထားနှင့်ပတ်သက်ပြီး သူမြင်တွေ့ခဲ့ရသည်တို့ကို ပြောပြခဲ့သည်။

သူ၏ ပြောပြချက်အရ တရားခွင်အတွင်းနှင့် အနီးတ၀ိုက်တွင် တာဝန်ကျ ရဲဝန်ထမ်းများသည်လည်းကောင်း၊ တရားခွင်မှ တရားရေးဝန်ထမ်းများသည်လည်းကောင်း၊ ထိုနေ့က တက်ရောက်လာကြသော နိုင်ငံခြားရေးဝန်ကြီးဌာမှ ၀န်ထမ်းများသည်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်အား ချစ်ခင်သောအရိပ်အယောင်များပါဝင် သည့် မျက်ဝန်းတို့ဖြင့် ငေးစိုက်ကြည့်နေကြသည်ကိုမြင်တွေ့ရကြောင်း၊ တချို့မှာစိတ်မကောင်းဖြစ်နေဟန်တွေ့ မြင် နေရကြောင်း သူကပြောပြသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦးကလည်း မေ၂၀ ရက်နေ့ ည ၈ နာရီ မြန်မာ့ ရုပ်မြင်သံကြား သတင်း တွင် မထင်မှတ်ဘဲနှင့် ဒေါ်အောင်ဆန်းစုကြည်အားတွေ့မြင်လိုက်ရသည့်အတွက် ၀မ်းသာဝမ်းနည်း ခံစားခဲ့ရ ကြောင်း ပြောဆိုသည်။

“မထင်မှတ်ဘဲ မြင်လိုက်ရတော့ စိတ်ထဲမှာ အံ့သြ၀မ်းသာသွားတယ်၊၀မ်းသာတယ်ဆိုတာက သူ့ကို အရင်တုန်း ကလိုပဲ ဖျတ်ဖျတ်လတ်လတ်နဲ့တွေ့လိုက်ရလို့ အားတက်ပြီး ၀မ်းသာသွားတာပါ၊ တိုင်းပြည်ကိုကယ်တင်နိုင်မယ့် သူဆိုပြီး ကျမတို့ အရမ်းမျှော်လင့်ပါတယ်၊ ခုလို အစိုးရကထပ်ပြီး ထောင်ချဖို့ လုပ်နေတာ တွေ့ရတော့လည်း သူ့အတွက်ကော တိုင်းပြည်အတွက်ပါ စိတ်မကောင်းဖြစ်ရတယ်”ဟု ယင်း ၀န်ထမ်း အမျိုးသမီးက ဆိုသည်။

သူမသည် ၁၉၈၈ ခုနှစ်က အဒေါ်၊ အစ်မများနှင့်အတူရွှေတိဂုံစေတီအနောက်ဘက်မုခ်သို့ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းကို နားထောင်ခဲ့ဖူးကြောင်းလည်း ပြောပြသည်။

“အဲဒီတုန်းက သူပြောတာက ကျမဟာလည်း ဖေဖေရဲ့ သမီးဖြစ်နေတော့ခေါင်းရှောင်ပြီး နေလို့ မဖြစ်တော့ဘူးတဲ့၊ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်းဖြစ်တယ်လို့ သူပြောခဲ့တယ်၊ ခုတော့ ဒီတိုက်ပွဲကို နှစ်၂၀ ကြာအောင် တိုက်နေရတာပေါ့နော်”ဟု သူမကပြောပြသည်။

၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ပါတီကိုသာ မဲပေးခဲ့ကြောင်း၊ ၂၀၀၈ မေလ ပြည်သူ့ဆန္ဒခံယူပွဲတွင်လည်း သူတို့ဌာနမှ လူကြီးဆိုပြောနေသည့်ကြားကပင် ကန့်ကွက်မဲ ထည့်ခဲ့ကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း NLD ကိုပဲ မဲပေးမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို အမြန်လွတ်စေချင်ကြောင်းလည်း ၎င်းက ပြောသည်။

ပြည်တွင်းဂျာနယ် သတင်းထောက် တဦးကလည်း အစိုးရ၀န်ထမ်းအများစုကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်မျှော်လင့်ချက်ထားကြသည်ကို တွေ့မြင်ရ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထု၏ အားကိုးယုံကြည်မှုကိုယနေ့တိုင် ရရှိနေဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်း ပြောဆိုသည်။

“လူတွေမှာ စားဝတ်နေရေးကျပ်တည်းလို့ တိုင်းပြည်အရေးဘာမှမတွေးနိုင်တဲ့သူတွေရှိပေမယ့် နိုင်ငံရေးအခြေခံ ဗဟုသုတရှိတဲ့သူတွေကတော့ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ထောက်ခံတယ် ၊ ယုံကြည်တယ်၊ သူဦး ဆောင်ရင် တိုင်းပြည်ကောင်းလိမ့်မယ်လို့ လက်ခံတဲ့သူတွေရှိတာ တွေ့ရတယ်၊ လူထု အားပေးမှုကတော့ အပြည့်ရှိတယ်” ဟု ရန်ကုန်မြို့မှ ၀ါရင့်သတင်းသမားတဦးက သုံးသပ် ပြောဆိုသည်။

အစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး အများပြည်သူက မနှစ်သက်သည်ကိုတွေ့မြင်ရပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အပေါ်တရားစွဲဆိုခြင်းကိုလည်း ပြစ်တင်လျက်ရှိကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား တွဲဖက်ပါမောက္ခတဦးကပြောဆိုဝေဖန်သည်။

“အားလုံးက သိတယ်၊ မတရားလုပ်တယ်ဆိုတာ၊ တရားမျှတမှု မရှိဘူးဆိုတာ၊ အဲဒါလည်း ခုမှ မဟုတ်ဘူး၊ လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက သူတို့လုပ်ချင်ရာလုပ်ခဲ့တာပဲ၊ အခုဆို ဒေါ်စုတောင် အသက် ၆၀ ကျော်ပြီပဲ ဟုတ် လား၊ ဒါ လူတွေအတွက်ကော တိုင်းပြည်အတွက်ပါ တကယ်နစ်နာပါတယ်”ဟု သူက ဆိုသည်။

ရန်ကုန်မြို့မှ ဂျီတီစီ ကျောင်းသား တဦးက ယမန်နေ့က ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သူငယ်ချင်းများစုပြီး ရွှေတိဂုံဘုရား အင်္ဂါထောင့်ကိုသွားပြီး ဆုတောင်းခဲ့ ကြောင်း ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာတော့ တခါမှ မတွေ့ဖူးပါဘူး၊ သူ့ဓာတ်ပုံကိုပဲ မြင်ဖူးပါတယ်၊ သူ့အကြောင်း တွေ ကိုတော့ အင်တာနက်ကနေ သိရပါတယ်၊ ကျနော်တို့အတွက်တော့ သူဟာ သူရဲကောင်းပါပဲ”ဟု အဆိုပါ ဂျီတီစီကျောင်းသားက ဆိုသည်။

ထိုသို့သော လူထုယုံကြည်လေးစားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလအတွင်း မြန်မာနိုင်ငံရေးလောကသို့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး NLD ပါတီကို စတင်တည်ထောင်ခဲ့သော ခေါင်းဆောင်တဦးဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, June 19, 2009

ဒေါ်အောင်ဆန်းစုကြည် တရားခွင်နှင့် ပတ်သက်၍ ဆွေးနွေးခန်း (ဗီဒီယို)

ဒေါ်အောင်ဆန်းစုကြည် တရားခွင်နှင့် ပတ်သက်၍ ဆွေးနွေးခန်း (ဗီဒီယို)

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 19 2009 14:02 - မြန်မာစံတော်ချိန်




မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အခက်အခဲများကြားမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ NLD ကျင်းပ

အခက်အခဲများကြားမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ
NLD ကျင်းပ


Friday, 19 June 2009 14:26 ကြည်ဝေ


“မင်း အသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး … ဒါတွေ မင်းကြောင့်လို့ ၀ိုင်းပြီး အပြစ်တင်တဲ့အခါ … မင်းဟာ ခေါင်းအေးအေးနဲ့ … ရင်ဆိုင်နိုင်မယ်ဆိုရင်…” ဟူသည့် သီချင်းသံနှင့် တေးသွားသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခန်းမအတွင်း ပျံ့လွင့်လျက်ရှိသည်။


အကယ်၍သာ “ if ”သီချင်း ကို NLD မှ လူငယ်အမျိုးသမီးလေးတဦးကသီဆိုပြီး အမျိုးသား ၃ ဦးက ဂစ်တာနှင့် အော်ဂင်ကို တီးခတ်၍ ၆၄ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ပင်နီအင်္ကျီ၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါ အ၀ါရောင် တီရှပ်အင်္ကျီများ ၀တ်ဆင်ထားကြသောလူ ၅၀၀ ခန့်ဖြင့် ပြည့်နေသည့် ခန်းမအတွင်း သတင်းဓာတ်ပုံ ရိုက်ကူးနေကြသော သတင်းသမားများမှအပ ကျန်လူများ အားလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုသီချင်းကို ခံစားနားထောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။

သူတို့ကို မြင်ရသည်မှာ တေးသွားထဲတွင် နစ်မျောနေဟန်ရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်သော ၆၄ နှစ်ပြည့် မွေးနေ့ ကျင်းပရခြင်းအပေါ်လည်း စိတ်မကောင်းဖြစ်နေကြဟန်တူသည်။

ထိုအခမ်းနားမစခင်တုန်းကတော့ ဗဟိုအမျိုးသမီးအဖွဲ့ဝင်တဦးဖြစ်သော ဒေါ်အေးအေးမာက “ဒေါ်အောင်ဆန်းစုကြည် မပါဘဲနဲ့ အခုလို မွေးနေ့ပွဲ ကျင်းပရတိုင်း ကျမတို့စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အခမ်းအနားမစတင်မီက မွေးနေ့ ကိတ်ကို ဗဟိုအမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူ တဦးက လှီးပေးခဲ့ပြီး
“ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပါစေ…ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ…” ဟူသော ဆုတောင်းသံတို့ဖြင့် လှိုက်လှိုက်လှဲလှဲ ရွတ်ဆိုရင်း ဆုတောင်းပေးခဲ့ကြသေးသည်။

နံနက် ၉ နာရီ မိနစ် ၄၀ အချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ရည်စူးကာ ချိုးငှက် ၁၀ ကောင်နှင့် စာကလေးငှက် ၆၅ ကောင်တို့ကို အဖွဲ့ချုပ်ရုံးရှေ့မှ လွှတ်ပေးခဲ့ကြသေး သည်။



သူတို့အနေနှင့် ချိုးငှက်ကောင်ရေကို များများလွှတ်ပေးချင်သော်လည်း ၀ယ်မရခဲ့ကြောင်း၊ အဖွဲ့ဝင် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူများ၏ အကူအညီကြောင့်သာ ယခုကဲ့သို့ စာကလေး အကောင် ၆၀ ကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးအဖွဲ့က ပြောပြသည်။

“အာဏာပိုင်တွေ ဘက်ကတော့ နှောင့်ယှက်ကြတာပဲ၊ အမျိုးမျိုးပဲ၊ မနက်ကလည်း သံဃာ ၅ ပါး မပြည့်ဘဲ ၄ ပါးပဲ ကပ်ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရင် ကြိုလျှောက်ထားတဲ့ သံဃာတွေက အစိုးရကသွားတားထားလို့ မလာရဲ တော့လို့ အခြားသံဃာတွေကို ရှာပင့်ခဲ့ရတယ်”ဟု NLD ရန်ကုန်တိုင်း လူမှုထောက်ကူပြုအဖွဲ့ဝင်တဦးက ပြောဆို သည်။

မနက်ပိုင်းတွင် သံဃာ ၅ ပါးကို ဆွမ်းကပ်လှူရန်အတွက် မဟာစည်ကျောင်းတိုက်မှ သံဃာ ၅ ပါးအား ကြိုတင် လျှောက်ထားခဲ့သော်လည်း အစိုးရကတားမြစ်ခဲ့၍ တခြားကျောင်းတိုက်မှ ၄ ပါးသာ ဆွမ်းကပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သံဃာ ၄ ပါး အား ကျောင်းတိုက်သို့ ပြန်ပို့အပြီးမှာပင် သက်ဆိုင်ရာမှ ချက်ခြင်းခေါ်ဆောင်သွားခဲ့သည် ဟု ကြားသိရကြောင်း NLD အဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။

NLD ရန်ကုန်တိုင်း၊ လူမှုထောက်ကူပြုအဖွဲ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒတခုဖြစ်သော အကျဉ်းကျခံ မိသားစုဝင်များ၏ ကျောင်းသူကျောင်းသားများအား ပညာရေးထောက်ပံ့ကြေးပေးအပ်ခြင်းကို မွေးနေ့တိုင်းပြုလုပ် ပေးခဲ့ကြောင်း၊ ယခုနှစ်သည် ၈ ကြိမ်မြောက်ပေးအပ်ခြင်းနှစ် ဖြစ်ကြောင်း အဆိုပါ လူမှုထောက်ကူပြုအဖွဲ့မှ တာဝန်ရှိသူ ဦးလှသိန်းက ပြောပြသည်။


“ဒီနှစ်က အကျဉ်းကျခံ မိသားစုတွေရော၊ အထိန်းသိမ်းခံ မိသားစုဝင်တွေရောဆိုတော့ ထောက်ပံ့ကြေးပေးရတဲ့သူ က စုစုပေါင်း ၁၃၀ ကျော်လောက်ရှိတယ်၊ မနှစ်တုန်းကတော့ ၈၀ ကျော်ပဲ ရှိခဲ့တဲ့ အတွက် တယောက်ကို ငွေ ၅ သောင်း၊ ဖယောင်းတိုင်၊ စာအုပ်စာတမ်း ခဲတံ ဘောပင် တွေပါ ပေးနိုင်ခဲ့တယ်၊ အခုနှစ်တော့ လူကလည်းများ တော့ တဦးကို ငွေ ၂ သောင်းနှုန်း ပေးမယ်လို့စီစဉ်ထားပါတယ်”ဟု သူက ပြောပြသည်။

အခမ်းအနားတွင် အမျိုးသမီးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မြန်မာ အမျိုးသမီးနေ့အဖြစ် သတ်မှတ် ခဲ့ရာ ယနေ့ဆိုလျှင် ၁၀ ကြိမ်မြောက်နေ့ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် ထပ်မံတောင်းဆိုသည့် ကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, June 18, 2009

၆၄ နှစ်မြောက် မွေးနေ့ဆုတောင်း



ဒေါ်အောင်ဆန်းစုကြည်ကဗျာ

ထိန်လင်း

ဆယ့်ကိုးရက်နေ့ ဇွန်လဟာ
ဒေါ်စုမွေးနေ့ပါ။
တစ်ထောင့်ကိုးရာ လေးဆယ့်ငါး
ရန်ကုန်မြို့မှာ ဖွား။

ဦးအောင်ဆန်းနဲ့ ဒေါ်ခင်ကြည်
မွေးဖွားသန့်စင်သည်။
စိတ်ဓာတ်တည်ကြည် နှလုံးသား
ငြိမ်းချမ်းရေး လိုလား။

မြန်မာပြည်ကြီး လွတ်လပ်အောင်
ဒေါ်စု တို့ခေါင်းဆောင်။
ဦးဆောင်လို့သာ သူစွန့်စား
ပြည်သူတွေရဲ့ အား။

ညီညွတ်ရေးကို ဖော်ဆောင်သည်
ဒေါ်အောင်ဆန်းစုကြည်။
အနာဂတ်မှာ ပြည်ထောင်သစ်
ကြံဆောင် သူဖွင့်လှစ်။
သမီးလည်းချစ် သားလည်းချစ်
လူထုအားလုံးချစ်။ ။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။


အပြည့်အစုံ ဖတ်ရန် ...