Monday, November 16, 2009

သံဃာတော် ၄ပါးအပါအဝင် ၁၃ ဦး အိုးဘိုထောင်ပို့

သံဃာတော် ၄ပါးအပါအဝင် ၁၃ ဦး အိုးဘိုထောင်ပို့

2009-11-16 ( RFA )

မန္တလေးတိုင်း မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း အကြောင်းပြချက် တစုံတရာမပြပဲနဲ့ ဖမ်းဆီးသွားခဲ့တဲ့ သံဃာတော် ၄ပါး အပါအဝင် လူ ၁၅ ဦးထဲက ကိုဖြိုးဝေလှတင့်ဟာ ပြီးခဲ့တဲ့လက ပြန်လွတ်ခဲ့ပြီး ကိုအောင်မျိုးလတ်ကိုတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မန္တလေးထောင်ကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ (Photo: RFA)

ပြန်လွှတ်မပေးခင် ကိုအောင်မျိုးလတ်ကို ပြည်ပမီဒီယာနဲ့ အဆက်အသွယ် မလုပ်ဖို့ ခံဝန်ကတိ လက်မှတ် ထိုးခိုင်းခဲ့ပုံနဲ့ စစ်ကြောရေးမှာ စစ်ဆေးခဲ့ပုံကို ဖမ်းဆီးထားသူတွေရဲ့ မိသားစုဝင်တဦးက RFA ကို ပြောပြပါတယ်။

မိသားစုဝင်။ ။ 'အောင်မျိုးလတ်က ထွက်လာတော့ မီဒီယာနဲ့ မပြောပါဘူးလို့ လက်မှတ်ထိုးခဲ့ရတယ်တဲ့။ ရိုက်တာနှက်တာတော့ မရှိဘူးတဲ့။ အိပ်ရေးတော့ ၃ ည ပျက်တယ်တဲ့။ အိပ်မယ်လုပ် အိပ်ပြီဆိုမှ လာလာနှိုးတာတဲ့။ သူ့ကို မန္တလေး တောင်ခြေ အက်စ်ဘီမှာပဲ အကုန်လုံး အဓိက စစ်တာ သူနဲ့ ကိုသူနဲ့ အဓိက စစ်တာ။ သူတို့က ထင်တာက ဒီလိုတဲ့၊ အောင်မျိုးလတ်က နောက်ကအထိုင်ပေါ့၊ ကိုသူက ရှေ့ထွက်လို့ဆိုပြီး သူတို့က ထင်ပြီးတော့ သူတို့က စစ်တာ နောက်မှ စစ်လိုက်တဲ့အခါကျတော့ မဟုတ်ပဲဖြစ်နေပြီးတော့ ဟိုဒင်းတဲ့၊ မင်းတို့လုပ်တာမှန်တယ်ပေါ့၊ မင်းတို့က သက်သက် အမြင်ကတ်လို့ ဂျောက်တွန်းခံရတာပေါ့ အဲဒီက အဲလိုပြောလိုက်တယ်တဲ့။ စစ်တာကတော့ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ဟိုဒင်းလေ အမေရိကန်က လာတဲ့ကောင်၊ ဒါနဲ့ ဆက်သလားတို့ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိတုန်း အဲဒါတွေ စစ်တာတဲ့။'

ကျန်နေတဲ့ ၁၃ ယောက်ကို အိုးဘိုထောင် ပို့လိုက်တယ်ဆိုတာ သိရတဲ့အတွက် အိုးဘိုထောင်ကို တနင်္လာနေ့တုန်းက ထောင်ဝင်စာ သွားတွေ့တဲ့အခါ တွေ့ခွင့် မပေးတဲ့အကြောင်း အဖမ်းခံရသူတွေရဲ့ မိသားစုဝင်က ဆက်ပြောပါတယ်။

မိသားစုဝင်။ ။ 'အကုန်လုံး အုပ်စုလိုက် အိုးဘိုမှာပဲ။ ကျနော်တို့ကတော့ တွေ့လို့မရဘူး၊ ပေးလို့တော့ရတယ်၊ ကျနော်တို့က တဆင့်ပေးရတာပေါ့။ တွေ့ခွင့်သွားတော့ ကျနော်က ဂိတ်ဝကို သွားတယ်လေ၊ သွားတဲ့အခါကျတော့ ကျနော့် အုပ်စု ဒီမှာများ ရောက်နေလား အဆက်သွယ်ပြတ်နေလို့ ဝင်ခွင့်ပြုပါလို့ ပြောတော့ သူတို့က လာတွေ့ပါလို့ အကြောင်းကြားမှ လာတွေ့ပါတဲ့။ တွေ့လို့လည်း မရသေးဘူးပေါ့၊ သူတို့မှာ ဒီထဲမှာရှိနေတယ်ဆိုတာ ပြောပိုင်ခွင့် မရှိဘူးလို့ အဲလို ပြောလိုက်တယ်။'

အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တဦး ပြောပြတာပါ။ အခုလောလောဆယ်မှာ မန္တလေးတိုင်းရုံး အထူးရဲတပ်ဖွဲ့က ဒုရဲမှူး သက်ဝေ ကိုယ်တိုင် မြင်းခြံမြို့မှာ ရောက်နေပြီး သံသယရှိတဲ့ လူငယ်တချို့ကို တယောက်ပြီးတယောက် အရင်က လှုပ်ရှားခဲ့ဘူးတာတွေကို ခေါ်ပြီး မေးမြန်းနေတယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားတောင်းဆို

NEJ / ၁၆ နိုဝင်ဘာ ၂၀၀၉

စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ (၁၅) ရက်၌ ကျင်းပသည့် ပထမအကြိမ် အာဆီယံ အမေရိကန် ထိပ်သီးညီလာခံတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။


မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအ၀င် အာဆီယံ (၁၀) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်သည့် ညီလာခံတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနှင့်အမေရိကန် နိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးများ ထူထောင်သွားရန် ကမ်းလှမ်းထားကြောင်း၊ ဆက်ဆံရေးဖြစ်မြောက်ရန်အတွက် မြန်မာနိုင်ငံတွင် စစ်မှန်သည့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း သမ္မတအိုဘားမားက ညီလာခံတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန်ပြည်ထောင်စုက နှစ်ပေါင်းများစွာကြိုးစားခဲ့သည့် ပိတ်ဆို့အရေးယူမှုများနှင့် အပြုသဘောဆက်ဆံမှုများပါ မအောင်မြင်ခဲ့သည့်အတွက် မြန်မာခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်ဆံရေးကို ထူထောင်ခဲ့ကြောင်း၊ သို့သော် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အခိုင်အမာမရှိသေးသရွေ့ ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားမည်မဟုတ်ကြောင်းလည်း လက်ရှိအမေရိကန်အစိုးရ၏ ကမ်းလှမ်းချက်ကို သမ္မတအိုဘားမားက ထပ်မံအတည်ပြုပြောဆိုခဲ့သည်။

ထို့အပြင် မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အတိုက်အခံများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက်လည်း အမေရိကန်သမ္မတက တိုက်တွန်းခဲ့သည်။

အာဆီယံ- အမေရိကန် ညီလာခံအပြီး ထုတ်ပြန်သည့်ကြေညာချက်တွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံရေး ထူထောင်ခဲ့သည့် အမေရိကန်၏ မူဝါဒကို ကြိုဆိုကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ အမေရိကန်သမ္မတနှင့် အာဆီယံထိပ်သီးခေါင်းဆောင်များ သီးသန့်တွေ့ဆုံခြင်းသည် အာဆီယံထူထောင်ခဲ့သည့် (၄၂) နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင် ဖြစ်ပြီးနောက်ပိုင်းတွင် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံတို့အကြား ဆက်ဆံရေးမပြေလည်မှုများ ဖြစ်ပေါ်ခဲ့သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ပြည်ပရောက် ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပ

ပြည်ပရောက် ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူးပွဲ ကျင်းပ

2009-11-16 ( RFA )

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းကနေ ဦးဆောင်ပြီး နတ်တော်လဆန်း ၁ ရက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညသန်ခေါင်းယံကျော်ချိန်မှာ ကျရောက်မည့် ၂၁ဝ၄ ခုနှစ် နှစ်သစ် အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့ ကစပြီး ဝပ်ဒ်ကုတောက် လို့ခေါ်တဲ့ ရှမ်းဘုန်းကြီးကျောင်းမှာ ၃ ရက်ကြာ ကျင်းပကြပါတယ်။


ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပသော ရှမ်းတိုင်းရင်းသားများ၏ ပွဲတော်တခုတွင် ရိုးရာဝတ်စုံဖြင့် ကလေးငယ်တဦးကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီရှမ်းနှစ်သစ်ကူးပွဲတော်မှာ ရှမ်းပြည်နယ်က နာမည်ကြီး ရှမ်းသီချင်း အဆိုတော် ၆ ယောက်က လာရောက် ဖျော်ဖြေခဲ့သလို ရှမ်းရိုးရာ ယဉ်ကျေးမှုတွေကို အခုခေတ်လူငယ်တွေ သိရှိစေဖို့ အတွက်ဆိုပြီး ရှေးဘိုးဘေး အစဉ်အဆက်က ရှမ်းဘုရင်စော်ဘွားတွေရဲ့ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့ရပုံတွေကို ခင်းကျင်း ပြသထားတယ်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့အတွင်းရေးမှူး နန်းယဉ်စီလာက RFA ကို အခုလို ပြောပါတယ်။

နန်းယဉ်စီလာ။ ။ 'နောက်ပြီးတော့ ကျွန်မတို့ ဒီနှစ်မှာ နောက်ထပ်တခု အစီအစဉ်ထပ်တိုးတာတော့ ကျွန်မတို့ exhibition ပေါ့နော်၊ ရှမ်းဓလေ့ရိုးရာ exhibition ထပ်ပြီးတော့ ဖြည့်ထားတာပေါ့နော်။ Exhibition ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ချူလာလောင်ကွန် ယူနီဗာစီတီမှာ သွားရှိုးခဲ့တဲ့ exhibition က ပြန်လာပြီး ဒီမှာ ရှိုးတာပေါ့နော်။ ပြခန်းသဘောပေါ့နော်၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု ပြခန်းထဲမှာ ရှိတာကတော့ ရှမ်းစာပေပေါ့နော်၊ ရှမ်းအစားအသောက်၊ ရှမ်းဝတ်စုံ၊ နောက်ပြီးတော့ ရှမ်းစော်ဘွားခေတ်က ဝတ်စုံတွေရယ်၊ စော်ဘွားရဲ့ပုံတွေ၊ စော်ဘွားနေထိုင်တဲ့ ဟော်နန်းပုံတွေ၊ နောက်ပြီးတော့ ရှမ်းပြည်မှာ တိုင်းရင်းသား ဘယ်နှစ်မျိုးနေထိုင်ကြတယ်၊ ရှမ်းတိုင်းရင်းဆေး၊ နောက်ပြီးတော့ ရှမ်းရိုးရာ ကုန်သည်ပေါ့နော်၊ အရင်ခေတ်က ဘယ်လိုမျိုး စီးပွားရေး လုပ်ကြတယ်၊ အဲလိုဟာတွေပေါ့နော်၊ ၁၂ မျိုးလောက် ရှိတယ်ရှင့်။'

ဒီရှမ်းနှစ်သစ်ကူးပွဲ ဖွင့်ပွဲကိုတော့ ချင်းမိုင်မြို့နယ် အုပ်ချုပ်ရေးမှူးက နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ နဲ့ ၁၉ မိနစ်မှာ လာရောက် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပြီး ဖွင့်ပွဲမှာတော့ ရှမ်းရိုးရာ ကိန္နိရီ ကိန္နိရာ အကတွေနဲ့ တိုးနယားအကတွေ ကပြခဲ့ကြသလို ရှမ်းဓားသိုင်းအက၊ တုတ်သိုင်းအကတွေနဲ့ ခေတ်သစ်အကတွေ ကပြကြပြီး ရှမ်းစာဆိုတော်တွေကို ဂုဏ်ပြုတဲ့ အစီအစဉ်လည်း ထည့်သွင်းခဲ့ကြောင်း နန်းယဉ်စီလာက ဆက်ပြောပါတယ်။

နန်းယဉ်စီလာ။ ။ 'အခု ဒီ နှစ်သစ်ကူး ရာသီချိန်ကလည်း ကျွန်မတို့ ရှမ်းပြည်မှာ အထိမ်းအမှတ်တခု ရှိတာတော့ ကျွန်မတို့ ရှမ်းစာဆိုတော်တွေကို ဂုဏ်ပြုတဲ့လလည်း ဖြစ်တယ်လေ။ ပထမဦးဆုံးလကို ကျွန်မတို့ ရှမ်းစာဆိုတော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမှာလည်း ကျွန်မတို့ ဂုဏ်ပြုထားတာ ရှိပါတယ်။ အများအားဖြင့် ရှမ်းစာဆိုတော်တွေက ဒီ နှစ်သစ်ကူးတဲ့အချိန်မှာ မွေးဖွားကြတယ်လေ။ နောက်ပြီးတော့ ဆုံးပါးတာလည်း ဒီနှစ်သစ်ကူးမှာပဲ ဆုံးပါးတဲ့အတွက် အားလုံးနီးပါး ဒီနှစ်သစ်ကူးအချိန်မှာ မွေးလို့ ကျွန်မတို့ အဲဒီလကို အထိမ်းအမှတ်အနေနဲ့ ရှမ်းစာဆိုတော်တွေကို ဂုဏ်ပြုတာ ဖြစ်ပါတယ်ရှင့်။ ရှမ်းပြည်မှာဆိုရင်တော့ ကျွန်မတို့ ရှမ်းစာဆိုတော်တွေ ရေးခဲ့တဲ့ စာတွေကို တနေ့လုံ၊ တညလုံး ဖတ်မယ်၊ အဲလိုမျိုး ပွဲပေါ့နော်၊ စာဖတ်တာပေါ့နော်။'
အခုကျင်းပတဲ့ နှစ်သစ်ကူးပွဲဟာ ၈ ကြိမ်မြောက် ရှိခဲ့ပြီး ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, November 15, 2009

နေပြည်တော်ကို ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာ

နေပြည်တော်ကို ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာ

2009-11-15 ( RFA )

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားတာတွေ ရုပ်သိမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ပြီးခဲ့တဲ့လက စာတစောင် ရေးသား ပေးပို့ခဲ့ပါတယ်။ အခုတခါ အဲဒီ ကိစ္စရဲ့ နောက်ဆက်တွဲအနေနဲ့ နိုဝင်ဘာလ (၁၁) ရက် နေ့စွဲနဲ့ နောက်ထပ်စာတစောင် ထပ်မံ ပေးပို့ခဲ့ပါတယ်။

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)

အဲဒီစာမှာ- အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့ဒ်ကင်းဘဲနဲ့အဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်း နိုင်အောင် စီစဉ်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေ ဖယ်ရှားရေးအတွက် မိမိအနေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း တင်ပြချက်အပေါ် လိုအပ်တဲ့စီစဉ်မှုတွေ ဆောင်ရွက်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။


ဆက်လက်ပြီး- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လုပ်ငန်းတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို မိမိနေအိမ်ကို ဖိတ်ခေါ် တွေ့ဆုံဆွေးနွေးလိုကြောင်း၊ ကျန်းမာရေးအရ မိမိတို့နေအိမ်မှာသာ နေထိုင်နေကြရတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အလုပ်အမှုဆောင် ဦးလွန်းတင်တို့ကို သွားရောက် ဂါရဝပြု ကန်တော့ပြီး ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးနဲ့တကွ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ အပါအဝင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၈ ဦး ပါဝင်တဲ့ စုံညီအစည်းအဝေးကို မိမိနေအိမ်မှာ ကျင်းပဖို့ အစီအစဉ်နဲ့ စပ်လျဉ်းပြီး သဘောတူညီချက် ရယူရေးအတွက် စီစဉ် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါကြောင်း၊ မိမိအနေနဲ့ နိုင်ငံတော် အကျိုးရှိမယ့် လုပ်ငန်းတွေမှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံတင်ပြခွင့်ပြုဖို့ မေတ္တာရပ်ခံပါကြောင်း ရေးသားဖော်ပြထားပါတယ်။

နိုဝင်ဘာလ (၁၁) ရက် နေ့စွဲနဲ့ ရေးသားပေးပို့ခဲ့တဲ့ အဲဒီပေးစာနဲ့ပတ်သက်ပြီး မနက်ဖြန် တနင်္လာနေ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးပြီးမှ ထုတ်ပြန်မယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့က သတင်းစကား ပါးထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့ကပဲ ဒီ ပေးစာအကြောင်း ပြည်ပမီဒီယာတွေနဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကို အာအက်ဖ်အေက မေးမြန်းကြည့်ပါတယ်။

ဦးခင်မောင်ဆွေ။ ။'ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီးတော့ ဗိုလ်ချုပ်မှူးကြီးဆီ တင်ပြထားတဲ့စာကို တနင်္လာနေ့ နေ့ခင်းပိုင်းမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စည်းဝေးတဲ့ အခါကျမှသာလျှင် ဒါကို ဖတ်ရှုရမှာ ဖြစ်ပြီးတော့ ဖတ်ရှုပြီးတဲ့အခါမှာ ကြေညာချက်အဖြစ် အန်ကယ်တို့က ပြန်ထုတ်ပေးရမယ် ဆိုတဲ့ မှာကြားထားတာ ရှိပါတယ်။ အဲဒီ မှာကြားထားတာ ရှိတော့ အန်ကယ်တို့က အခုထိ ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ ဆိုတဲ့စာပေါ့လေ အန်ကယ်တို့ မျက်လုံးနဲ့ တပ်အပ်သေချာ မတွေ့ရသေးပါဘူး။ အဲဒါကတော့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ဆီက ယူလာပြီးတော့ သူ့ဆီမှာပဲ ရှိနေတယ်လို့ ယူဆရပါတယ်။ အခုထိ အန်ကယ်တို့ မသိသေးပါဘူး။ ဘယ်လိုလုပ် ပေါက်တယ်ဆိုတာတော့ အန်ကယ်တို့ ပြောလို့မတတ်ပါဘူး'

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေလည်းဖြစ် ပြန်ကြားရေးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဥာဏ်ဝင်းကို မေးမြန်း ရာမှာတော့ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။'ကျနော်တို့ ထုတ်ပေးတာတော့ မဟုတ်ဘူး။ ကျနော် အဲဒီစာကို တွေ့မှမတွေ့ဘူးပဲ၊ သဘောပြောတာကိုတော့ ကျနော်ကြားတယ်။ ဒါပေမယ့်လို့ စာသား မှန်မမှန်တော့ ကျနော်မသိဘူး။ အဓိက အချက်တွေကိုတော့ တူတယ်ဆိုတာ ကျနော်ပြောနိုင်တယ်။ ဒါပေမယ့် စာလုံးအသေးစိတ် ဒီဥစ္စာ ကျနော်တို့စာပဲလား ဆိုတာတော့ ကျနော် မပြောနိုင်ဘူး'

အဖွဲ့ချုပ်က တရားဝင် မထုတ်ပြန်ခင်မှာ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာ ပေါက်ကြားခဲ့ရတာဟာ အာဏာပိုင်တွေက ပေါက်ကြားတာ ဖြစ်နိုင်တယ်လို့ မြန်မာ့ နိုင်ငံရေးအသိုင်းအဝိုင်းက ယူဆကြပါတယ်။ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ကတော့ ရှေ့နိုင်ငံရေးအလားအလာနဲ့ပတ်သက်ပြီး အခုလိုမှန်းဆပါတယ်။

ဦးဝင်းတင်။ ။'ဒေါ်စုဟာ NLD နိုင်ငံရေးတခုပဲ ကွက် လုပ်ခွင့်ရမလား၊ နိုင်ငံရေးဖြစ်စဉ်ကြီး တခုလုံးထဲမှာ ပါဝင်လှုပ်ရှားနိုင်မလား ဆိုတာတော့ ဒါ နောက်တပိုင်းပေါ့ဗျာ။ ဘာပဲ ပြောပြော ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုရင်၊ လွတ်ဖို့ ကမ္ဘာကလည်း တောင်းဆိုနေတယ်။ လွတ်လာရင် ကျနော်တို့ သဘောကျတယ်၊ ကြိုဆိုတယ်။ နောက်တခုက ဒေါ်စုက နိုင်ငံရေးကို ဖြစ်တဲ့နေရာကနေ ဖြစ်သလောက် အတိုင်းအတာနဲ့ လုပ်ရမယ့်ဟာက ဒါ ပွင့်လင်းလာခြင်းပဲ။ အဲဒီတော့ ဘာပဲပြောပြော အခုရသလောက်ဟာ နိုင်ငံရေးလမ်းစ ပွင့်လာတာပဲ။ နိုင်ငံရေး လုပ်နိုင်ရင်လည်း ကောင်းတယ်။ ကျနော်ကတော့ ဒီဟာ Stepping Stone ပဲ ဒီကနေ တဆင့်တိုးရမှာပေါ့။ နောက်တခါ ဒေါ်စုက ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့် တောင်းခြင်းဟာလည်း ဒေါ်စုက သူ့ရဲ့နိုင်ငံရေးဟာ NLD နိုင်ငံရေး ကွက်ကွက်လောက်နဲ့ မပြီးသေးဘူး၊ အဲဒီကတဆင့် တက်လှမ်းအုံးမယ်၊ ဒါ့ထက်ပိုပြီး ကျယ်ပြန့်တဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ရှေ့ရှုဦးတည်နေတယ်ဆိုတာကို ပြတာပဲ'

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ရဲ့သုံးသပ်ချက် ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...