Saturday, January 23, 2010

လက်တို့ပြီးတော့ ပြောရအုံးမယ်… “အင်းမ သတင်း”

အပိုင်း (၁)

တပ်မ (၆၆) ဌာနချုပ်ဟာ အင်းမမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းက ခလရ - ၈၀ (အင်းမ) မှာ စားဝတ်နေရေး ကျပ်တည်းမှုကို အကြောင်းပြုပြီး စစ်သည်အချို့ အစုလိုက် အပြုံလိုက် နှုတ်ထွက်ခွင့်တင်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီသတင်းဟာ တောမီးပမာ ပျံ့နှံ့ခဲ့ပြီး ကပစ (၉)၊ ကပစ (၁၀) မှ စစ်သည်တွေလည်း အလုပ်မလုပ်ကြတော့ဘဲ နှုတ်ထွက်ခွင့်တင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အလားတူပင် ခြေလျင်တပ်ရင်းများဖြစ်ကြတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ - ၄ (သဲကုန်း - အင်းမ)၊ ခမရ - ၅ (သဲကုန်း - အင်းမ)၊ ခလရ- ၇၅ (ပြည်)၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ - ၄၃၉ (ကညွှတ်ကွင်း)၊ ပြည် (ဒကစ) လက်အောက်ခံ ခလရ - ၅၃ (ပေါက်ခေါင်း) တို့မှာလည်း အစုလိုက် အပြုံလိုက် ထွက်စာတင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်မှာ ထွက်ခွင့်တင်တဲ့ကိစ္စကို လုံးဝခွင့်မပြုလို့ ခက်ခဲမှန်းသိနေကြတာကြောင့် တပ်ပြေးမှုတွေဟာလည်း ဆက်တိုက်လို ဖြစ်ပွားနေပါတယ်။


တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်းက တပ်မ (၆၆) မှ အရာရှိ စစ်သည်များအား ချွေးသိပ်နေပုံ

အပိုင်း (၂)

အဲ့ဒီဂယက်ဟာ အလွန်အန္တရာယ်ကြီးမားမှန်း ကြိုတင်တွက်ဆမိတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်သန်းရွှေဟာ ကက (ကြည်း) အနေနဲ့ အဆိုပါ အရေးအခင်းအပေါ်မှာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ညင်သာစွာ ကိုင်တွယ်ဖို့ ကဗျာကယာ အမိန့် ထုတ်လိုက်ရပါတယ်။ အဲ့ဒီနောက် လစာငွေများအား ကျပ် ၂၀၀၀၀ စီ တိုးပေးဖို့ ချက်ချင်း အမိန့်ထုတ်ပြန် ပေးလိုက်ပြန်ပါတယ်။ အမှန်မှာတော့ အဲဒီလို တိုးပေးဖို့ ငွေတွေကို ဗိုလ်သန်းရွှေအနေနဲ့ ရွေးကောက်ပွဲ အတွက် မဲ စည်းရုံးဖို့နဲ့ မြူဆွယ်ဖို့ လျာထားတာ ဖြစ်ပေမဲ့ ယခုလို ကတိုက်ကရိုက် ကျပ်ငွေ ၂၀၀၀၀ အား အရေးပေါ် တိုးပေးလိုက်ရတဲ့ အတွက်ကြောင့် ဘတ်ဂျက် နှစ်ကုန်ခါနီးမှာ ဘဏ္ဍာရေး အကျပ်အတည်းများနဲ့ ကြုံတွေ့ရဖို့ စိန်ခေါ်ခြင်း ခံနေရပါတယ်။ မူလက ကျပ်ငွေ ၅၀၀၀ တန် ငွေစက္ကူသစ်ကို ငွေကြေး ဖောင်းပွမှုဖြစ်မှာစိုးလို့ တဖြည်းဖြည်းချင်း ထိမ်းထုတ်ခိုင်းရာမှ ယခု အခြေအနေဆိုရင် ငွေစက္ကူများအား တက်သုတ်ရိုက် ထုတ်ရမယ့် အနေအထားမျိုး ရောက်ပါတော့မယ်။


အပိုင်း (၃)


ဖြစ်စဉ်ဖြစ်ပွားရာ တပ်မ (၆၆) ဌာနချုပ်နဲ့ ခလရ - ၈၀ (အင်းမ) အပါအ၀င် ပတ်ဝန်းကျင် တပ်ရင်းများ တဝိုက်ကို အရေးပေါ် ကန့်သတ်ဧရိယာအဖြစ် အမိန့်ထုတ်ထားပြီး မူလက အဝင်အထွက်ရှိသော ဈေးရောင်းဈေးဝယ် အရပ်သားများကိုပင် ပေးမဝင်တော့ကြောင်း သိရှိရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမင်း ကိုယ်တိုင် ၂၃-၁-၂၀၁၀ ရက်နေ့မှာ အင်းမတပ်နယ်ခန်းမသို့ သွားရောက်ကာ တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် စန်းမြင့်အား အရေးယူမှု မပြုလုပ်တော့ကြောင်း ပြောဆိုခဲ့ပြီး အင်းမတပ်နယ်ခန်းမတွင် အရာရှိ၊ စစ်သည်များအား တွေ့ဆုံရင်း စည်းရုံးသိမ်းသွင်း ဖျောင်းဖျနားချ တတွတ်တွတ် မှာကြားခဲ့ကြောင်း စစ်ရုံးရှိ ပြည်သူ့ဘက် ရပ်တည်လိုသော အရာရှိများမှ “စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်” သို့ သတင်း ပေးပို့ခဲ့ပါတယ်။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

ကိုးကန့်၊ ဝဒေသ မြန်မာစစ်အစိုးရတပ်ပြေး များလာ

2010-01-23 ( RFA )

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသနဲ့ ဝဒေသ နယ်စပ်အကြားမှာ ယာယီတပ်စွဲထားတဲ့ မြန်မာစစ် အစိုးရတပ်က စစ်သားတွေ တပ်ကနေ ထွက်ပြေးနေကြတာဟာ ခုတလော မကြာခဏ ဖြစ်ပွား လာနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲရှိ ရှေ့တန်း စစ်စခန်းတခုတွင် နအဖ တပ်ဖွဲ့မှ စစ်သားများကို တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား ၇ဝ,ဝဝဝခန့် ရှိနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။ (Photo: AFP)

ဇန်နဝါရီလ ၁၉ ရက်နေ့က တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတရင်းက တပ်သား ဒါယန်းနဲ့ တင်ထွန်းအောင်တို့ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ခမရ ၃၁၅ က တပ်သား ထွန်းထွန်းနိုင်နဲ့ အောင်မြင့်ထွန်းတို့ နှစ်ဦး လက်နက်တွေနဲ့ ထွက်ပြေးရာမှာ ဝ နယ်နဲ့ ကိုးကန့်နယ်မြေအစပ် သံလွင်မြစ်ဘေးမှာ အခြေစိုက်တဲ့ နမ့်ကြမ်းပြည်သူ့စစ်က သူတို့ နှစ်ဦးကို ဖမ်းဆီးပြီး သူတို့တပ်ရင်းကို ပြန်အပ်လိုက်တယ်လို့ ကိုးကန့်ဒေသအတွင်းက စစ်တပ်နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။

ဒေသအတွင်းမှာ တပ်ပြေးတွေ များပြားလာတာကို တရုတ်-မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကလည်း အတည်ပြု ပြောဆိုပြီး စစ်အစိုးရတပ်တွေ ကိုးကန့်ကို သိမ်းပြီးတဲ့နောက်ပိုင်း အဲဒီဒေသမှာ လာရောက် တပ်စွဲထားတဲ့ တပ်တွေက တပ်ပြေး အများအပြား ရှိနေပြီး အရာရှိအဆင့် တွေအထိ ပါတယ်လို့ ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။'တိုက်ပွဲဖြစ်စဉ် ကာလတုန်းကလည်း လူ ၂ဝ ကျော် ၃ဝ လောက် လက်နက်တွေ ထားပြီး ထွက်ပြေးသွားကြတယ်။ အဲဒီနောက်ပိုင်းမှာလည်း ပြောက်ကျား ပြောက်ကျား နှစ်ယောက်ပြေး သုံးယောက်ပြေးတွေက အများကြီး၊ ရာဂဏန်းလောက် ရှိမယ်ထင်ပါတယ်။ လေးလပတ်တွေမှာ တင်တဲ့ ပြုန်းတီးအင်အား ဆိုတာတပ်သားသစ်စုတဲ့ အင်အားထက် ပိုများသလိုတောင် ဖြစ်တယ်။ အခုဟာက အရာရှိတွေ ကိုယ်တိုင်က ထွက်ပြေးတဲ့သဘော ဖြစ်လာတယ်။ ကပ္ပတိန်အဆင့်လောက်တွေ လက်ဖတင်နင် အဆင့်လောက်တွေ ပြေးတာတွေ့ရတယ်။ ဟိုတလောက တပ်ရင်းတရင်းက သင်တန်းလွတ်တာကို သွားမတက်ဘဲနဲ့ သုံးလလောက် ခွင့်မဲ့ ပျက်ကွက်နေပြီးမှ တပ်ကိုပြန်လာပြီး အဖမ်းခံတဲ့ ဗိုလ်ကြီးတယောက်တောင် ကျနော်တို့ ကြားရပါတယ်'

အဲဒီလို မြန်မာစစ်တပ်က တပ်ပြေးတွေ များလာရတဲ့ အဓိက အကြောင်းရင်းကတော့ တပ်တွင်း စားဝတ်နေရေး အခက်အခဲတွေနဲ့ တပ်တွင်း မညီမျှတဲ့ ဆက်ဆံရေးတွေကြောင့်လို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

ဦးအောင်ကျော်ဇော။ ။'အဓိက ပြဿနာကတော့ ဆင်းရဲဒုက္ခရောက်မှုတွေက သူတို့ကိုလည်း ရိုက်ခတ်မှု ရှိတယ်လေ။ ဘယ်သူမှ လိုလားလို့ စစ်တိုက်ကြတာ မဟုတ်ဘူး အခုဟာက။ ချောဆွဲလို့ ဖမ်းလာပြီး စစ်သားလုပ်ခိုင်းတဲ့ လူတွေပဲ ဖြစ်တယ်။ တပ်ထဲမှာလည်း တပ်တွင်းဆက်ဆံမှုက ကြာလေ မြင်သာတယ်။ နောက် ဒေသရဲ့ ဆင်းရဲပင်ပမ်းမှု ဒဏ်ကလည်း အတော်ကြီးတယ်လေ။ ဗိုလ်ချုပ်တွေက နေပြည်တော်မှာ ကောင်းကောင်းမွန်မွန် မီးနဲ့ဘာနဲ့ နေရပေမယ့် ကိုးကန့်ဒေသ အင်မတန် အေးမြတဲ့နေရာမှာ ထောက်ပံ့မှု မရှိတဲ့ ဗမာစစ်သားတွေ အဖို့ အဓိက ကတော့ အနေအစား ဆင်းရဲဖြစ်တယ်'

အခုလို တပ်က ထွက်ပြေးနေကြတဲ့ အဖြစ်အပျက်တွေဟာ ရှေ့တန်းတပ်တွေ မှာသာမကပဲ နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတာလို့လည်း ပြောပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

တပ်မတော်မှ ယာဉ်ထိန်းရဲ (မော်တော်ပီကယ်) များ


ဆောင်းပါးရှင် - ဗိုလ်ရဲရင့် (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)


ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် (D.S.A) တွင် ဗိုလ်လောင်းများ တက်ရောက်သင်ကြားသော စာပေ ဌာန (၁) နှင့် ကျောင်းဆင်းပြီး အရာရှိများကို ပြည်တွင်း Master (M.S.C) နှင့် နိုင်ငံခြားသို့ သင်တန်းတက်ရောက်ရန်အတွက် ဖွင့်လှစ် ထားသော သင်တန်းအဖြစ် စာပေ ဌာန (၂) တို့ ရှိပါသည်။ စစ်တက္ကသိုလ် စာပေ (၂) မှ သင်တန်းသား အရာရှိအချို့သည် စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် လားရှိုးမြို့သို့တက်ကာ တရုတ်နိုင်ငံမှလာသော တရားမ၀င် ဆိုင်ကယ်များအား ကိုယ်တိုင် သွားရောက်သယ်ယူခဲ့ကြပြီး မန္တလေးမြို့သို့ ဆင်းကာ ပြန်လည်ရောင်းချကြပါသည်။

ထိုသတင်းသည် တိုင်းမှူး၊ တပ်နယ်မှူး (စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး) များ သိရှိသွားသောအခါ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန် ဦးစီးသော စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အရာရှိငယ်များ၏ ကယ်ရီဆိုင်ကယ်များအား လိုက်လံဖမ်းဆီးခဲ့ရာ ဆိုင်ကယ်ပေါင်း မြောက်များစွာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်စုံစမ်းခဲ့ရာ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန်က တစ်ဦးလျှင် ကျပ်လေးသောင်းနှုန်းဖြင့် ဆိုင်ကယ်များကို ပြန်ရွေးခိုင်းကြောင်း သိရှိရပါသည်။ ဆိုင်ကယ်တစ်စီးကို ကျပ် လေးသောင်း မဟုတ်ပါ။ လူတစ်ဦးကို ကျပ် လေးသောင်း ဖြစ်ပါသည်။ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးလျှင် ကျပ် ရှစ်သောင်း ပေးရပါသည်။ တစ်ချို့အရာရှိများသည် ငွေကြေးမပြည့်စုံ၍ ရှယ်ယာထည့်ကာ အဖော်အဖြစ် လိုက်ပါပြီး သုံးယောက်စီးသဖြင့် ထိုသုံးယောက်စလုံး ဖမ်းမိလိုက်ရာ ကျပ်တစ်သိန်းနှစ်သောင်း ပေးရပါသည်။ ဆိုင်ကယ်ပေါင်း များစွာဖြင့် အရာရှိငယ်ပေါင်း မြောက်များစွာထံမှ သိန်းနဲ့ချီ၍ ပိုက်ဆံများ တောင်းယူခဲ့ပါသည်။


ပြင်ဦးလွင်တွင် သင်တန်းသားများ အလွန်များပြားနေရာ ဆိုင်ကယ်များ မည်မျှရှိသည်ကို ခန့်မှန်းနိုင်ပြီး ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဟန်နှင့် အပေါင်းအပါများ တောင်းခံထားသည့် ငွေပမာဏလည်း မြောက်မြားစွာ ရရှိသွားသည်ကို တွက်ကြည့် နိုင်ပါသည်။

ငွေကြေးအခက်အခဲများကြောင့် မပေးနိုင်သေးသည့် အရာရှိငယ်များအား "မင်းတို့ ဘ၀ပျက်သွားချင်သလား... ငါလုပ်လို့ ရတယ်..." စသည်ဖြင့် ဒုဗိုလ်မှူးကြီး မောင်မောင်ဟန်က ပိုက်ဆံ မပေးမချင်း ခေါ်ယူပြောဆို ခြိမ်းခြောက်ခဲ့ပါသည်။ ခေါ်ယူတိုင်းလဲ ဆူပူ သောင်းကျန်းသည်ဟု သိရပါသည်။ အမှန်တကယ်တော့ ဒီလောက်မဖြစ်သင့်ပါ။

သင်တန်းသားများ၏ ဘ၀ရပ်တည်ရေးနှင့် စားဝတ်နေရေးအတွက် ကိုယ်ချင်းစာနာမှု မရှိဘဲ စစ်တက္ကသိုလ်ရှိ နည်းပြ အရာရှိများက အဆမတန် နှိပ်ကွပ်သည်မှာ ရက်စက်လွန်းအား ကြီးလှပါသည်။ ဤသို့ဆိုလျှင် နည်းပြများ ကယ်ရီချသော အခါ မည့်သည့်အတွက်ကြောင့် ထိရောက်စွာ အပြစ်ပေး အရေးမယူသနည်း။ စဉ်းစားစရာ ရှိပါသည်။ သင်တန်းသားများ ဆိုင်ကယ်ကယ်ရီ လုပ်သောအခါ သူတို့ စားခွက်ဝင်လုသည်ဟု ထင်လို့လား…..

ရရှိသောငွေများအား တပ်တွင်း သက်သာချောင်ချိရေးအတွက် တထောင့်တနေရာတွင် အသုံးပြုခဲ့ခြင်းမျိုးလည်း မရှိဟု သိရပါသည်။ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများ၊ မျက်မမြင်၊ မိဘမဲ့၊ ဘိုးဘွားရိပ်သာ စသည်ဖြင့် တစ်နေရာရာကို လှူဒါန်းလိုက်ပါသည်ဆိုသော သတင်းလည်း မကြားရပါ၊ အရာရှိငယ်များ၏ အဆောင်တွင် မှန်ကွဲ၊ ခုံကျိုးများအား ပြုပြင် ပေးခြင်း၊ အရာရှိငယ်များ၏ စာပေသင်ကြားရေးအတွက် အထောက်အကူပြုပစ္စည်းများ ၀ယ်ယူပေးသံလည်း မကြားရပါ။ အရာရှိငယ်များ၏ စားရိပ်သာတွင် ပန်းကန်များ ကွဲနေခြင်း၊ ရိပ်သာ ပျက်ယွင်းခြင်းများအား ပြန်လည်ပြုပြင် ပေးခြင်းလည်း မတွေ့ရပေ။ ထိုကြောင့် သိန်းနဲ့ချီ ရထားသော ထိုငွေများသည် ဘယ်ရောက်သွားပါသနည်း။ မည်သည့်နေရာတွင် အသုံးပြု လိုက်ပါသနည်း။ အဆိုပါငွေများ ဘယ်ကိုရောက်သွားသည် ဆိုတာကိုတော့ အုပ်ချုပ်သည့် နည်းပြအရာရှိများနှင့် ကျောင်းအုပ်ကြီးတို့သာ အသိဆုံး ဖြစ်ပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ တဆင့် တင်ပြလိုက်ရပါသည်။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Friday, January 22, 2010

ကိုးကန့်နယ်မြေတာဝန်ကျ မြန်မာစစ်တပ်အတွင်း ပစ်ခတ်မှုဖြစ်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇန္နဝါရီလ ၂၂ ရက်၊ ၂ဝ၁ဝ ခုနှစ်။


ရှမ်းပြည်၊ အရှေ့မြောက်ပိုင်း၊ ကိုးကန့်နယ်မြေအတွင်းရှိ လောက်ကိုင်နှင့် ကုန်ကြမ်း မြို့အကြား တာရွှေထန်ကျေး ရွာရှိ ဂိတ်စောင့်တာဝန်ကျနေသည့် မြန်မာစစ်အစိုးရ စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာ (၁)ဦး သေ ဆုံးပြီး (၂)ဦး ဒဏ်ရာ ရရှိသွားသည်။

တပ်မ(၃၃)လက်အောက်ခံတပ်များ ရှေ့တန်းလှုပ်ရှားနေသည့် အဆိုပါကိုးကန့်နယ်မြေရှိ တာရွှေထန် ကျေးရွာ တွင် ဂိတ်တာဝန်ကျ စစ်သားအချင်းချင်း ယခုလ(၁၆)ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားရသည့် အ ကြောင်းရင်းကို မသိရကြောင်း လောက်ကိုင် ဒေသခံကုန်သည်များနှင့် နီးစပ်သူ တဦးက ပြောသည်။

“ဖြစ်တာက တပ်ကကောင်တွေဖြစ်တာ၊ တယောက်သေ၊ နှစ်ယောက် ဒဏ်ရာရတယ်၊ လုပ်တဲ့ကောင် ကို ပြန်ဖမ်းမိတယ် ပြောတယ်။ ထောက်ပို့တပ်(၉၃၆) တာရွှေထန်မှာ ရှိတယ်။ အဲဒီနားမှာက တပ်မ (၃၃)ဌာန ချုပ်လည်းရှိတယ်။ ဖြစ်တာက တာရွှေထန်မှာ။ တာရွှေထန် ဂိတ်မှာ။ ဟိုတုန်းက ကိုးကန့် ကုန်သွယ်ရေး ဂိတ်ပေါ့ဗျာ။”

ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းက ကိုးကန့်နယ်မြေအတွင်း ဖုန်ကျားရှင် ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)အဖွဲ့အား စစ်အစိုးရက ချေမှုန်းတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ကိုးကန့် ဒေသအား နအစစ်တပ်များဖြစ်သည့် လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)နှင့် တပ်မ(၃၃) လက် အောက်ခံတပ်များ စုစုပေါင်း တပ်ရင်း(၂ဝ)ခန့် ထိန်းချုပ်ထားသည်။ ပိုင်စုံချိန် ဦးဆောင်သည့် လက်ကျန် တပ်ဖွဲ့ တို့ကို စုစည်းပြီး နယ်ခြားစောင့်တပ်ရင်း၊ အမှတ်(၁ဝဝ၆)အဖြစ် အသွင်းပြောင်း ခဲ့သည်။

ယခင် ကိုးကန့်တပ်ဖွဲ့ အခွန်ကောက်ခံနေခဲ့သည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များနှင့် ဒေသ အတွင်းရှိ ဂိတ်များတွင် မြန် မာစစ်တပ်များက တာဝန်ယူနေချိန်တွင် ယခုလို အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။


source by : http://www.nmg-news.com

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင်၏ အမှု နောက်ဆုံးလျှောက်လဲချက်ပေး

2010-01-22 ( RFA )

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင်ရဲ့ အမှုကို ထောင်တွင်းတရားရုံးမှာ ဇန်နဝါရီ ၂၂ ရက် ဒီကနေ့ နောက်ဆုံး လျှောက်လဲချက်ပေးခဲ့ပါတယ်။


နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

စစ်အစိုးရက စွဲချက်တင်ထားတဲ့ အမှုသုံးခုလုံးကို ကိုညီညီအောင်ဖက်က ခုခံချေပ လျှောက်လဲနိုင်ခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ကိုညီညီအောင်အပေါ်မှာ စွဲထားတဲ့အမှု ၅ဝ၊ အမှု နံပါတ် ၅ဝ၊ အမှုနံပါတ် ၅၄၊ အမှုနံပါတ် ၆ဝ၊ အဲဒီမှာ ၅ဝ နဲ့ ၆ဝ ပေါ့နော်၊ ၅ဝ ကတော့ နိုင်ငံသားကဒ်အတု ကိစ္စ၊ ၆ဝ ကတော့ လိပ်စာပြောင်း မတိုင်တာတို့၊ မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေပေါ့။ အဲဒီ နှစ်ခုကတော့ ဥပဒေအရ အရမ်းကောင်းတယ်။ လုံး ကိုညီညီအောင် ဒီဟာတွေက ဟို အပြစ်မရှိဘူး။'

စစ်အစိုးရက စွဲချက်တင်ထားတဲ့ အမှုသုံးခုလုံးဟာ နိုင်ငံခြားသားဖြစ်သူ ကိုညီညီအောင်နဲ့ ပတ်သက်မှု ရှိမနေဘူးလို့လည်း ရှင်းပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'ဘာကြောင့်လဲလို့ ဆိုတော့၊ ပထမအမှု နိုင်ငံသားကဒ်မှာ ကိုညီညီအောင် လုပ်တယ်၊ ကိုညီညီအောင်က ဒါကို လက်ဝယ်ရှိတယ်၊ ကိုညီညီအောင်ဟာ ဒီဟာကို အသုံးပြုဖို့ ကြံရွယ်ချက်နဲ့ ဆိုတဲ့ အဲဒီအချက်တွေ ပါမှဖြစ်မှာ။ အဲဒီအချက်တွေ တခုမှ တရားလိုဖက်က သက်သေ မတင်ဘူး။ အဲဒါကြောင့်၊ အဲဒီအမှုကလည်း ကောင်းတယ်၊ နောက် ၆ဝ ကတော့ ခုန အခုစွဲတဲ့ ပုဒ်မတွေက ဒီ နိုင်ငံခြားသားနဲ့ မဆိုင်ဘူး။'

'နိုင်ငံခြားသားနဲ့ မဆိုင်ဘူး ဆိုတဲ့ဟာလည်း သူ့နည်းဥပဒေမှာ ပါပြီးသား။ အဲဒါကြောင့်၊ ဒီနှစ်ခု ကောင်းတယ်။ ဟိုတခုကတော့ ငွေစက္ကူအမှုပေါ့နော်၊ နိုင်ငံခြားငွေကိစ္စကတော့ နိုင်ငံခြားငွေ အဲဒီလောက်ကို တကယ်ယူလာရင်တော့ အပြစ်ရှိတယ်။ နောက်ပြီးတော့ ယူလာပြီးတော့ အဲ ကောင်တာမှာ နော် check-in လုပ်ရင်၊ အစစ်ဆေးခံလို့ရှိရင် ဒါတွေကို ရှိလျက်သားနဲ့ မရှိဘူး၊ ပါလျက်သားနဲ့ မပါဘူးဆိုရင် အပြစ်ရှိတယ်။'

'အခုဟာက ဒီအမှု အခြေအနေက ညီညီအောင်က အဲဒီ check-in ကို မလုပ်ခဲ့ရတာ။ Check-in မလုပ်ရပဲနဲ့ ဒီ PD form ခေါ်တဲ့ သူတို့ ကြေညာလွှာ၊ ကြေညာလွှာကို လုံခြုံရေးက သွားပေးတာ စောင့်ရတယ်။ ညီညီအောင်ပေးတာ မဟုတ်ဖူး။ နောက် ဒါတွေက လုံးဝ အားနည်းမှု ရှိတယ်။ အဲဒီအမှုမှာ။'

ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးက လာမဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်ထဲမှာ ကိုညီညီအောင်ဟာ တိုက်ပိတ်ခံထားရတာမျိုး မဟုတ်ပေမဲ့ သူနေရတဲ့ အကျဉ်းခန်းကို တခြားသူတွေနဲ့ မမြင်ရအောင် ထောင်အာဏာပိုင်တွေက အကာအရံတွေ လုပ်ထားတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ မိသားစုဝင်တွေအနေနဲ့လည်း ရက်သတ္တ သုံးပတ်တကြိမ်သာ ထောင်ဝင်စာ တွေ့ခွင့်ရထားပါတယ်။

ဒီနေ့ ကိုညီညီအောင်အမှု စစ်ဆေးတာကို ရန်ကုန်မြို့မှာ ရှိတဲ့ အမေရိကန်သံရုံးက ကောင်စစ်ဝန်ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့ပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

မလေးရှားတွင် အဖမ်းအဆီးကြမ်း

Friday, 22 January 2010 18:36 ဘစောတင်

မလေးရှား အာဏာပိုင်များက တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို ပြင်းထန်စွာ အရေးယူမည် ဟူသော ထုတ်ပြန်ချက် ထွက်ပြီးနောက် ရက်သတ္တ တပတ်ခန့် အတွင်း နိုင်ငံတ၀န်း နေ့စဉ် ရက်ဆက် ဖမ်းဆီးမှု များပြုလုပ်နေသောကြောင့် မလေးရှားရှိ မြန်မာ အလုပ်သမားများ စိုးရိမ်ထိတ်လန့်နေကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့က မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ထိုကဲ့သို့ ပြင်းထန်စွာ ဖမ်းဆီးနှိမ်နင်းမည်ဟု ထုတ်ပြန်ချက်ပါလာပြီးနောက် ယနေ့အထိ မြန်မာနိုင်ငံသားများအပါအ၀င် နိုင်ငံတ၀န်း ရှိ နိုင်ငံခြားသားအလုပ်သမား ထောင်နှင့်ချီ၍ ဖမ်းဆီးခံရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား ဌာနခွဲ) မှ အတွင်းရေးမှူး ကိုအောင်ကျော်ဆက် က ပြောသည်။

“ဇန်န၀ါရီ ၁၄ ရက်ကနေ ဒီနေ့အထိ မလေးရှားတနိုင်ငံလုံး ဖမ်းဆီးမှုမှာ လူ ၄၀၀၀ လောက်ကိုရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမြို့တွင်း၌ မလေးရှား ရဲ များက ဖမ်းဆီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ကွာလာလမ်ပူအခြေစိုက် ပြည်ထောင်စု သတင်းစာ ထုတ် ဝေသူ ကိုအောင်ထွန်းဦးကလည်း ပြောသည်။

“KL (ကွာလာလမ်ပူ) မြို့ထဲမှာဆိုရင် ပုလိပ်တွေက နှစ်ယောက်တတွဲ လမ်းထိပ်နားတွေက ရပ်စောင့်ပြီး ဖမ်း တယ်၊ အထူးသဖြင့် ကိုတာရယ တ၀ိုက်မှာ အဆိုးဆုံးပဲ၊ ဖမ်းတာကတော့ တနိုင်ငံလုံး၊ ရပ်ကွက်တွေ ဆိုရင် ပုလိပ်တွေ က အုပ်လိုက်အုပ်လိုက် ၀င်ပြီးရှာနေကြတယ်”ဟု ဆိုသည်။

ယခု ရက်ပိုင်းအတွင်း မလေးရှားရှိ လူစည်ကားရာ ကားမှတ်တိုင်များ၊ လမ်းဆုံလမ်းခွများ၊ ပန်းခြံများ၊ ကုန် တိုက် ကြီးများ၊ ဈေးများနှင့် စားသောက်ဆိုင်တန်းများကို ၀င်ရောက်ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ပီနန်းတွင်နေထိုင်သူ ကိုမျိုးသူကလည်း လူဝင်မှုကြီးကြပ်ရေး၊ ရဲ တပ်ဖွဲ့ဝင်များနှင့် ရလာ များ ပူးပေါင်း၍ ပီနန်း ၌ ယမန်နေ့က လူ ၁၀၀ ခန့် ဖမ်းဆီးသွားသည်ဟု ပြောဆိုသည်။ ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အသိအမှတ်ပြု လက်မှတ် ကိုင်ဆောင်ထားသူများပင် အဖမ်း အဆီးခံရမှုရှိသည်ဟုလည်း ဆိုသည်။

“ကျနော် ကြားသိသလောက် တရားမ၀င်နိုင်ငံခြားသား အလုပ်သမား ၅ယောက်နဲ့အထက်ကို လက်ခံ ထား တဲ့ အလုပ်ရုံ ကုမ္ပဏီကိုမိရင် ပိတ်ပစ်ပြီး သူဌေးကိုပါ အရေးယူမယ်လို့ ကြားတယ်၊ နောက်တခု ကတော့ U.N လက်မှတ် ကိုင်ဆောင်သူတယောက်ကို အလုပ်ပေးထားတဲ့ အလုပ်ရှင်ဆိုရင် အဲဒီသူဌေးကို ရင်းဂစ် ၄၀၀၀ ကနေ ၅၀၀၀ အထိ ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ကိုမျိုးသူက ပြောပြသည်။

ကိုအောင်ကျော်ဆက်ကလည်း“အခု တလော မလေးအနှံ့မှာ ဖမ်းတာဆီးတာဟာ အတော်လေးကို စိပ်လာ တယ်၊ မနေ့က ပီနန်းက စက်ရုံတခုကိုဝင်ဖမ်းတာ မြန်မာ အယောက် ၄၀ ကျော်ပါသွားတယ်၊ ပြီးတော့ မြန်မာ တွေ အနေများတဲ့ ကွာလာလမ်ပူနားက ပူချောင်း (Puchong) မှာဆိုရင် လော်ရီကား ၃ စီးနဲ့ တင်သွားတယ်၊ နောက် ကလန်း (KLang) မှာ လော်ရီကား ၂ စီးစာ လောက်ပါသွားတယ်”ဟုဆိုသည်။

ထိုကဲ့သို့ ဖမ်းဆီးရာတွင် အသုံးပြုသောကားများမှာ စစ်သုံးလော်ရီကားများဖြစ်ပြီး တစီးလျှင် အနည်းဆုံး လူ(၈၀)ခန့် ဆန့်သည်ဟု သိရသည်။

ဇန်န၀ါရီ ၁၄ ရက်က The Star သတင်းစာတွင် “မလေးရှား လူဝင်မှုကြီးကြပ်ရေးက လာမည့် ဖေဖော်ဝါရီ လ ၁၅ ရက်မှ စတင်ကာ နိုင်ငံတ၀န်း တရားမ၀င်အလုပ်လုပ်နေသော နိုင်ငံခြားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးနှိမ်နင်းတော့မည်။ ယင်းသို့ ဖမ်းဆီးရာတွင် လ၀ကများ ၊ ရဲများ၊ ရလာ (Rala) များက ပူးပေါင်း ကူညီ ကြမည်ဖြစ်သည်။ ယခုအခါ မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမား ၁ သန်း ၈ သိန်းခန့် ရှိသည်”ဟု ဖော် ပြခဲ့သည်။

မလေးရှားတွင် မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ လာရောက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ကလေးငယ်အား စစ်သားအဖြစ် စုဆောင်းခံရမှုကို မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းထား

ရိုးမ ၃

ကျောင်းတက်နေသည့် ကလေးငယ်တဦးအား တပ်သားသစ်အဖြစ် စုဆောင်လိုက်သည့်အတွက် မိခင်ဖြစ်သူက လမ်းပြကြယ်အဖွဲ့သို့ တိုင်တန်းအကြောင်းကြားထားပြီး သားဖြစ်သူအား အမြန်ဆုံး ပြန်လိုချင်သည်ဟု ပြောသည်။

ယခုလ (၁၄) ရက်နေ့က ပဲခူးမြို့၊ ဇိုင်းဂနိုင်တောင်၊ ပုလဲလမ်းနေ မောင်ဝေဦးချိုအား အထက (၃) တွင် ကျောင်းတက်နေစဉ် တပ်သားအဖြစ် စုဆောင်းလိုက်ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်က ပြောသည်။

လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်မည့် တပ်သားသစ်များ

“အဲဒီနေ့ မနက် (၉) နာရီခွဲလောက်က ပန်းလှိုင် စစ်သားစုဆောင်းရေးကို ခမရ (၂၁၂) တပ်က တပ်သားတယောက်နဲ့ လာတယ်၊ အရပ်တိုင်းပြီး ကျောင်းသားကဒ်ကိုကြည့်တော့ (၈) တန်းတုန်းက ကဒ်၊ မွေးသက္ကရာဇ်က ၉၄ ခုနှစ်နဲ့ဆိုတော့ ငယ်တယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီး ပြောတယ်၊ အဲဒါကို တပ်သားက သူတို့ (၂၁၂) တပ်ထဲမှာပဲ မွေးထားတော့မယ်ဆိုပြီး ပြန်ခေါ်သွားတယ်လို့ ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

မိခင်ဖြစ်သူက ဆက်လက်၍ ခမရ (၂၁၂) သို့ သွားရောက်စုံစမ်းရာ တပ်ကြပ်ကြီး သန်းအောင်က မောင်ဝေဦးချို မရှိကြောင်းနှင့် တခြားစုဆောင်းထားသည့် တပ်သားသစ်များကို ထုတ်ပြကြောင်း မိခင်ဖြစ်သူက ဆက်ပြောသည်။

ယင်းကဲ့သို့ ကလေးကို မတွေ့ရှိသည့်အတွက် မိခင်ဖြစ်သူက ပဲခူး တပ်မ (၇၇) မှ ဂျီဝမ်းထံသို့ ကလေး၏ ကျောင်းထောက်ခံချက်၊ မှတ်ပုံတင်နှင့် အထောက်အထားများကို တင်ပြခဲ့ရာ တွေ့အောင်ရှာပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေါ်နွယ်နွယ်က ဆက်ပြောသည်။

“နောက်တနေ့ ညကျတော့ ကျမတို့ လင်မယားနှစ်ယောက်ကို ခမရ (၂၁၂) က ဗိုလ်ကြီး ဌေးအောင်က ခေါ်တွေ့ပါတယ်၊ သူတို့က တာဝန်ယူပြီး ရှာပေးပါမယ်၊ ခဏစောင့်ပါလို့ ပြောပါတယ်၊ အဲဒါနဲ့ (၂၀) ရက်နေ့ညကျတော့ ကျမ သွားမေးပါတယ်၊ အဲဒါနဲ့ သူတို့က မနက်ဖြန်ကျရင် ဒညင်းကုန်းကို တပ်သားသစ် သွားအပို့မှာ အမတို့ အဲဒီကို လိုက်သွားပါ၊ အဲဒီမှာ ရှိမရှိကြည့်ပါ၊ ကျနော် ဖုန်းကြိုဆက်ထားပါတယ်လို့ ပြောတယ်” ဟု ပြောသည်။

ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်သို့ လိုက်သွားရာတွင် ဗိုလ်ကြီး ဦးကိုကိုကြီးက တပ်သားသစ် အိပ်ဆောင်များအထိ လိုက်လံပြသပြီး မောင်ဝေဦးချို မရှိကြောင်း ပြောသည်ဟု မိခင်ဖြစ်သူက ဆက်ပြောသည်။

“ကျမ ဗိုလ်ကြီး ဦးကိုကိုကြီးနဲ့ တွေ့တော့ အဖြစ်အပျက်တွေကို အားလုံးကို တင်ပြပါတယ်၊ အဲတော့ သူက စုံစမ်းပေးပါမယ်ပြောတယ်၊ အဲဒီမှာ သူက ကျနော်တို့ တပ်သားခေါ်သွားတာ ဖြစ်တဲ့အတွက် ကျနော်တို့ တပ်ထဲမှာပဲ ရောက်နေမှာပါ၊ ဒါပေမဲ့ စာရင်းမသွင်းသေးတဲ့အတွက် ကျနော်တို့ မသိသေးတာ ဖြစ်ပါလိမ့်မယ်လို့ မှတ်ချက်ပေးပြောပါတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ စစ်သားစုဆောင်းရေးတပ်များကို တာဝန်ယူ ဖြေရှင်းပေးခြင်း မရှိသည့်အတွက် မိခင်ဖြစ်သူအနေဖြင့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့အား အကူညီတောင်းကာ ကလေးကို ပြန်ရှာဖွေရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောသည်။

“အခုလို သားသမီးချင်း မစာနာဘဲ အခုလိုလုပ်တဲ့အတွက် ဦးအေးမြင့်ကိုလာပြီး အကူညီတောင်းရတာပါ၊ ကျမသားလေးဟာ စာလဲတော်ပါတယ်၊ ဒီလို ကျမသားလေးကို အညွှန့်ချိုးတာ ကျမ လုံးဝကို မခံစားနိုင်ပါဘူး၊ ကျမသားလေးကို ကျမလက်ထဲ ပြန်ထည့်ပေးပါလို့ အားလုံးကို အကူအညီတောင်း မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရအနေဖြင့် ကလေးစစ်သား အသုံးပြုခြင်း မရှိကြောင်း အကြိမ်ကြိမ် ပြောဆိုနေသော်လည်း ယခုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များ စစ်သားအဖြစ် စုဆောင်းခံနေရကြောင်း လမ်းပြကြယ် ဦးအေးမြင့်က ထောက်ပြပြောခဲ့သည်။

“ကျောင်းတက်နေတဲ့ ကလေး၊ ပန်းလှိုင် စစ်သားစုဆောင်းရေးစခန်းကို ရောက်တာ အရာရှိတွေက သိရဲသားနဲ့ အမေ အလိမ်ခံလိုက်ရတယ်၊ ကလေးကို ဟိုတပ်ပါသွားတယ်၊ ဒီတပ်ပါသွားတယ် ဆိုပြီးပြောတယ်၊ နအဖ အစိုးရ က အထက်ကတော့ ကလေးစစ်သားမရှိဘူးဆိုပြီး ငြင်းတယ်၊ အခု အိုင်အယ်လို အဖွဲ့ဒါရိုက်တာ လာတဲ့ အချိန်မှာ ကလေးက ပျောက်တယ်၊ အခုဟာက ပဲခူးမြို့ပေါ်က တကယ်နာမည်ကြီးကျောင်းက ကျောင်းတက်နေတဲ့ကလေး ကို စစ်သားတယောက်က အသက်မပြည့်သေးဘဲ ဆွဲသွားတာဟာ မိခင်အနေနဲ့ ဘယ်လောက်ခံစားရမလဲ ဆိုတာ အားလုံးသိစေချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မောင်ဝေဦးချို ကိစ္စနှင့်ပတ်သက်၍ ယနေ့ (ILO) ရုံးသို့ တင်ပြပြီး စနေနေ့တွင် (ILO)အဖွဲ့ အမှုဆောင်ဒါရိုက်တာနှင့် လမ်းပြကြယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ယင်းကိစ္စက ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးအေးမြင့်က ဆက်ပြောသည်။

သူက “၂၀၀၉ တနှစ်လုံးမှာ ကျနော်တို့ဆီရောက်လာတဲ့ ကလေးစစ်သား ၁၂၁ ယောက် ရှိတယ်၊ အခု ၂၀၁၀ မှာတော့ ပဲခူးမြို့ပေါ်မှာ မောင်ဝေဦးချိုကတော့ နံပတ် (၁) ဖြစ်တာပေါ့၊ အခုချိန်အထိကို သူတို့က ကလေးစစ်သား မရှိပါဘူးလို့ ငြင်းတာကို ကျနော်တို့က လက်တွေ့ပြနိုင်ပြီ၊ ဒီ ၂၀၁၀ မှာ၊ ဒီအကြောင်းကို ပူပူနွေးနွေး တင်ပြမယ်၊ ကလေးရဲ့ ဓါတ်ပုံ အထောက်အထားတွေနဲ့ ကျနော်တို့ တင်ပြမယ်” ဟု ပြောသည်။


source by : http://www.yoma3.org

အပြည့်အစုံ ဖတ်ရန် ...

စံချိန်ချိုးလောက်အောင် ပျက်ကျနေတဲ့ တရုတ်လုပ် ဂျက်လေယာဉ် အစုတ်များ

မကြာသေးမှီကမှ ၀င်လာတဲ့ သတင်းအရ 22-1-2010 ယနေ့ နံနက် ၁၀၀၀ (A.M) နာရီခန့်တွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် (ဒလခ) အမှတ် (၁၁) ကြားဖြတ် တိုက်ခိုက်ရေးအုပ်မှ တရုတ်လုပ် F-7 II K ဂျက်တိုက်လေယာဉ်ကို D.S.A (42) ကျောင်းဆင်း ယာယီဗိုလ်မှူး/ ဗိုလ်ကြီးတစ်ဦး မောင်းနှင်ပြီး လေ့ကျင့်ခန်းမှအပြန် ကွင်းအဆင်း၌ ပေါက်ကွဲ ပျက်ကျခဲ့ကြောင်း သတင်းရရှိပါသည်။

လေယာဉ်မှူး ကျဆုံးသွားရာ အဆိုပါ လေသူရဲမှာ မှူး/ဗက ပြည့်ဖြိုးမျိုး ဖြစ်ပြီး ပျက်ကျသော လေယာဉ်အမှတ်မှာ ၁၆၃၃.... ဖြစ်ကြောင်း သိရပါသည်။ လေသူရဲမှာ Ejection Seat ဖြင့် ခုန်ထွက်ရန် ကြိုးစားသော်လည်း သက်တမ်းလွန် Cartridge များ ပြန်သုံးထားသော Ejection Seat မှာ Eject မဖြစ်ပဲ သေဆုံးခဲ့ရခြင်း ဖြစ်ပါသည်။

Cartridge အသစ်များကို တရုတ်မှ ထပ်မံ မ၀ယ်ယူပဲ အဟောင်းများကိုသာ သက်တမ်းတိုးပြီး အကြိမ်ကြိမ် သုံးခိုင်းနေ၍့ အရေးပေါ် အခြေအနေတွင် Eject မဖြစ်သောကြောင့် မသေသင့်ဘဲ သေဆုံးရခြင်း ဖြစ်ပါသည်။

ယခုအခါ F-7 လေယာဉ်အားလုံး ပျံသန်းမှုအား ခေတ္တရပ်ဆိုင်း ခိုင်းထားကြောင်း သိရှိရပါသည်။

F-7 လေယာဉ်ပုံ


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 21, 2010

ကိုဇာဂနာအမှု အယူခံ ကြားနာမည်


ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ကိုဇာဂနာ ခေါ် ကိုသူရ၏ အထူးအယူခံ လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်တွင် ယခုလ ၂၅ ရက်နေ့တွင် ကြားနာမည် ဖြစ်သည်။

ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ကိုဇာဂနာ၏ ရှေ့နေများက ပြီးခဲ့သည့် နှစ်လခန့်က အယူခံစာ တင်သွင်းခဲ့ရာ လျှောက်လဲချက် ကြားနာမှုကို လက်ခံကြောင်း ဗဟို တရားရုံးချုပ် က ထုတ်ပြန်ထားသည်။

သူ၏ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က “အန်တီတို့ကတော့ ဥပဒေ အတိုင်းပြောရရင်တော့ သူ့ကို စွပ်စွဲထားတဲ့ ဥပဒေတွေက မှားတယ်ပေါ့နော်။ သူတို့ ပြစ်ဒဏ်ပေးတဲ့ ပုဒ်မနဲ့ ဖြစ်တဲ့အကြောင်းအရာနဲ့က မှားယွင်းနေတယ် ဆိုတာဘဲ လျှောက်လဲချက်တင်မှာပါ” ဟု ပြောသည်။

ပထမ အကြိမ်အယူခံအား ယခင်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုင်းတရားရုံးက အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃ ခုမှ တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့သဖြင့် ၃၅ နှစ်သာ ကျခံရန် ကျန်တော့သည်။

ယင်းနောက် ဒုတိယ အကြိမ် ပြစ်မှုပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်သို့ ထပ်မံတင်ခဲ့ရာ သြဂုတ်လအတွင်း ၌ ကြားနာခဲ့ပြီး ပလပ်ခံခဲ့ရသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက အင်းစိန်ထောင်တွင်းခရိုင်တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ အပါအဝင် အမှုပေါင်း ၈ မှုဖြင့် စွဲဆိုကာ ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခဲ့သည်။

ယခင်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က မြစ်ကြီးနားထောင်သို့ ထောင်ဝင်စာသွားတွေ့ခဲ့စဉ်က ကိုဇာဂနာ၏ ကျန်းမာရေး ကောင်းမွန်နေကြောင်းသိခဲ့ရပြီးကြောင်း ခယ်မဖြစ် သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

နာဂစ်လေဘေးသင့် ဧရာဝတီတိုင်း ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ၂၀၀၈ ခုနှစ် ဇွန်လတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

သူနှင့် အမှုတွဲပါ အားကစားကလောင်ရှင် ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်၊ ကတုံး (ခေါ်) ကိုတင်မောင်အေး တို့လည်း ထောင်ဒဏ်များကျခံနေရပြီး နယ်ထောင်များတွင် အကျဉ်းကျနေသည်။

(ကိုဝိုင်း တည်းဖြတ်သည်)


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့နိုင်ငံရေးပြဿနာ သော့ချက် ၃ ရပ် ရှိတယ်လို့ သုံးသပ်

2010-01-20 ( RFA )

နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်နဝါရီ ၁၅ ရက်နေ့က ၂ဝ၁ဝ ပြည့်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။


နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီအင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)

ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ဒုတိယမြောက် စာ ပေးပို့အပြီး ဦးအောင်ကြည်နဲ့ ဒုတိယ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ပထမတွေ့ဆုံမှု အပြီး အသက်ရွယ်ကြီးလို့ နေအိမ်မှာ နေကြရတဲ့ အဖွဲ့ချုပ် ခေါင်းဆောင် ၃ ဦးကို တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။

ဒီလို တွေ့ဆုံအပြီး ၂ ရက်မြောက်တဲ့ နေ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက် တနင်္ဂနွေနေ့က ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ ညီလာခံတခုမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခတ်ဆုယ အိုခါဒါနဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကိစ္စ၊ ရွေးကောက်ပွဲ တရားမျှတရေးနဲ့ လွတ်လပ်မှုရှိရေး ကိစ္စတွေ ပါဝင်ခဲ့ပါတယ်။

စစ်အစိုးရ ဝန်ကြီး ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အခု ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားပါတယ်လို့ ပြောကြားခဲ့တဲ့အကြောင်း ဂျပန်အစိုးရ နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံမှုအကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော သို့လောသို့လော ဖြစ်နေပါတယ်။

ဒီလိုကာလမှာပဲ ဇန်နဝါရီလ ၁၉ ရက် အင်္ဂါနေ့က ဝါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာကတ်ကန့်ပဲလ်က စစ်အစိုးရ အဆင့်မြင့် အရာရှိပိုင်းနဲ့ မကြာခင်မှာ တွေ့ဆုံဘို့ စီစဉ်နေတယ်လို့ ပြောကြားလိုက်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရဆက်ဆံရေး ကိစ္စတွေကိုလည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေး လေ့လာသူတွေကတော့ လောလောဆယ် အခြေအနေဟာ မြန်မာနိုင်ငံ အနာဂတ်ရေး အတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုတဲ့ အရေးကြီးတဲ့ ကာလပါလို့ ပြောကြပါတယ်။ မြန်မာ့ နိုင်ငံရေး ပြဿနာပြေလည်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ၂ ဖက် ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖြစ်မဲ့ အခြေအနေမျိုးအတွက် အရေးပါတဲ့ အဓိက သော့ချက် ၃ ချက်ရှိတယ်လို့ သုံးသပ်ကြ ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။


နားဆင်ရန်




source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, January 20, 2010

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် အမေရိကန် အားမရမှု NLD ထောက်ခံ

20 January 2010

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က မြန်မာစစ်အစိုးရအပေါ်မှာ စိတ်မရှည်နိုင်ဘဲ ပြောဆိုရတာဟာ မြန်မာပြည်က တိုးတက်မှုမရှိတဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ရောင်ပြန်ဟပ်နေတာမို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကလည်း အလားတူ သဘောထားအမြင်တွေ ရှိနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရက မြန်မာပြည်တွင်းမှာ နိုင်ငံရေးအရ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်သေးတဲ့အပေါ် NLD အနေနဲ့ အားမလို အားမရ ဖြစ်မိတယ်၊ ဒါကြောင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မနေ့က အခုလို ပြောဆိုလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆိုတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက တုံ့ပြန် ပြောဆိုပါတယ်။

“ကျနော်တို့ လုပ်ငန်းဆိုတာ သိပ်ပြီးတော့ အဆင်ပြေတာကို ပေါ်ရမယ်လို့ မဆိုလိုဘူး။ သို့သော် တိုးတက်မှု (Development) ရှိရမယ်ဗျ။ Development ကို လုံးဝမတွေ့ဘဲနဲ့ ဒီလို အချိန်ကြာနေတာကတော့ ကျနော်တို့လည်း အားမလို အားမရ ဖြစ်နေတာပေါ့ဗျာ။ ဒါကြောင့် အမေရိကန်ရဲ့ အခု ပြောကြားချက်က လက်ခံထိုက်တဲ့ ပြောကြားချက်လို့ ကျနော် ဒီလိုပဲ နားလည်ပါတယ်။”

တကယ်လို့ စစ်အစိုးရဘက် ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ခဲ့ရင် အမေရိကန်အနေနဲ့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို သိချင်တယ်လို့လည်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ ဒီအတိုင်းချည်းပဲ သွားနေခဲ့မယ်ဆိုရင် ဘယ်လိုသဘောထားမလဲ ဆိုတာကို ပြောသင့်တယ် ထင်ပါတယ်။ ဒါတော့ သူတို့လည်း စဉ်းစားမှာပေါ့လေ။ ပြောသင့် ပြောထိုက်တဲ့ အချိန်ဆိုတာကတော့ သူတို့ ဆုံးဖြတ်ရမှာပေါ့။”

စစ်အစိုးရက ဒီ ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့သာ ပြောဆိုနေပေမဲ့ ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမယ်ဆိုတာ အခုချိန်ထိ မထုတ်ပြန်သေးသလို ပါတီတွေ ဖွဲ့စည်းခွင့်၊ မဲဆွယ် စည်းရုံးခွင့်တွေလည်း မရှိသေးတာကြောင့် ဒီအခြေအနေမျိုးနဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့မယ်ဆိုရင် တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အခု နှစ်မျိုး ကျနော်ပြောချင်ပါတယ်။ တမျိုးက အခုချိန်ထိ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကြေညာချက် ဘာမှမရှိဘူး။ ၂၀၁၀ လုပ်မယ်လို့သာ ပြောတယ်။ အခု ဇန်န၀ါရီ ကုန်တော့မယ်။ အဲဒီတော့ အရင် တွေ့ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ပြောရရင် ၉၀ ရွေးကောက်ပွဲက ၁၃ လ ကြာပါတယ်၊ ကြေညာချက် ထွက်ပြီးတော့။ ၁၃ လအကြာမှာ ကျင်းပတယ်။ အခု အချိန်မရှိတော့တဲ့အခါ၊ အဲဒီလောက်ကို မရှိတဲ့အတွက် Free and Fair ဖြစ်ဖို့ အတော်ခဲယဉ်းနေပြီလို့ ကျနော် ထင်ပါတယ်။

“နောက်တခုက အခုအချိန်ထိ ဘယ်ပါတီ၊ အဖွဲ့အစည်းမှ ရွေးကောက်ပွဲဆိုင်ရာ ကမ်ပိန်း (Campaign)၊ စည်းရုံးလှုပ်ရှားခွင့် မရှိဘူး။ ဒီလို မရှိတဲ့ အခြေအနေမှာ ၂၀၁၀ ထဲမှာသာ လုပ်မယ်ဆိုရင် Free and Fair ဖြစ်ဖို့ အချိန်လုံလောက်မှု မရှိတော့ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဒီလိုလုပ်မယ်၊ အချိန်နည်းနည်းပဲ ရှိမယ်ဆိုရင်တော့ Free and Fair မဖြစ်သလို Credibility တန်ဖိုးလည်း သိပ်ရှိမှာ မဟုတ်ဘူးလို့ပဲ ကျနော် မြင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကတော့ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်အစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တာကြောင့် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်ရဲ့ အခုလို ပြောဆိုချက်ကို ကြိုဆိုတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဖြစ်စေချင်တာက မြန်မာနိုင်ငံမှာ အထူးသဖြင့် အပြောင်းအလဲတွေ ဖြစ်ဖို့လိုတယ်။ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ဖို့လိုတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီအစိုးရနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား အင်အားစုတွေ အားလုံးတွေ့အောင် အမေရိကန် ကိုယ်စားလှယ်တွေက နောက်ထပ် တွေ့ရှိချက်တွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ တိုးတက်လာအောင် လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျနော်တို့က စောင့်ကြည့်နေတဲ့သဘော ရှိတယ်။

“ဒီနေရာမှာ တခုပြောချင်တာက မြန်မာနိုင်ငံ အပြောင်းအလဲဖြစ်ဖို့ အချိန် သိပ်အများကြီး ပေးနေလို့တော့ မဖြစ်ဘူးပေါ့။ ဒါပေမဲ့ အတိုင်းအတာ တခုအထိတော့ သူတို့ ကြိုးပမ်းဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

တဆက်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံချင်တယ်လို့ တောင်းဆိုထားတာကို လိုက်လျောပြီး အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြဖို့ လိုအပ်တယ်လို့လည်း ဦးအေးသာအောင်က ပြောပါတယ်။

“လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို နအဖဘက်ကလည်း လုပ်ဖို့လိုမယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်မှာ အကျိုးရှိမယ့် လုပ်ငန်းတွေကို လက်တွဲ ဆောင်ရွက်ချင်တယ်၊ ဒါတွေအတွက် တွေ့ချင်တယ်လို့ တောင်းထားတဲ့ အပေါ်မှာရော၊ အမေရိကန်နိုင်ငံရဲ့ ဆောင်ရွက်တဲ့ အပေါ်မှာရော အားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် အမြန်ဆုံးနည်းနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်၊ နောက်တဆင့် တိုင်းပြည်မှာ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ရွေးကောက်ပွဲ မလုပ်မီ အမြန်ဆုံး တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ဖို့ လိုမယ်လို့ မြင်ပါတယ်။”

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က စစ်အစိုးရက မြန်မာနိုင်ငံမှာ သိသာတဲ့ ပြောင်းလဲမှုတွေ မလုပ်ဆောင်သေးတဲ့အပေါ် အမေရိကန်ဘက်က စိတ်မရှည်တော့ဘူးလို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင် တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့အရေး အမေရိကန် အဆုံးမဲ့ စိတ်ရှည်မည် မဟုတ်

20 January 2010

အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပေမဲ့ အကန့်အသတ်မရှိ သည်းခံနေမှာ မဟုတ်ဘူးလို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောကြားလိုက်ပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးရုံး သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ကာ့တ် ကမ်းဘဲလ်က အဲဒီလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“ပထမဦးဆုံး ပြောချင်တာက ကျနော်တို့ဟာ မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက် အပြန်အလှန် ဆက်သွယ်မှုတချို့ ရှိခဲ့ပါတယ်။ မကြာခင် နောက်ဆက်တွဲ ဆွေးနွေးပြောဆိုမှု တချို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုအခြေအနေမှာတော့ တွေ့ရတဲ့ အချက်တွေက နည်းနည်း ရောထွေးနေပါတယ်။ ကျနော်တို့က သေသေချာချာ စောင့်ကြည့်နေတာပါ။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရဘက်က အဆင့်မြင့် ဆက်သွယ်မှုတချို့ တွေ့ရပါတယ်။ တခြား ဖြစ်ထွန်းတိုးတက်မှု တချို့လည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခြားတဘက်မှာတော့ စိုးရိမ်စရာတချို့ တွေ့ရပြန်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေနဲ့ ပဋိပက္ခတွေ ဆက်လက် ဖြစ်နေဆဲပါ။ တရားစွဲဆို ထောင်ချတဲ့ ကိစ္စမျိုးတွေလည်း ရှိနေပါတယ်။ အမေရိကန် နိုင်ငံသားတယောက်တောင် ဒီလို ရုံးတင် တရားစွဲဆို ခံနေရတဲ့ အထဲမှာ ပါဝင်နေပါတယ်။

“လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ အခြေအနေ သဲသဲကွဲကွဲ ဖြစ်လာဖို့ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကျနော်တို့ အဖွဲ့တဖွဲ့လုံးက မျှော်လင့်နေတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ ပြဿနာကို ပြန်လည်သုံးသပ်ပြီး မူဝါဒ အသစ်တရပ်အဖြစ် ဦးစားပေး ဆောင်ရွက်ရာမှာ စိန်ခေါ်မှု အသစ်တွေ ရှိနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်ထားပါတယ်။

“ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမဲ့ ကျနော်တို့အဖို့ ဒါဟာ အဆုံးမရှိသော စိတ်ရှည်သည်းခံမှုမျိုး မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ တွေ့မြင်ဖို့ လိုကို လိုအပ်ပါတယ်။”

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ မြန်မာစစ်အစိုးရ ၀န်ကြီးတချို့နဲ့ အမေရိကန်မှာ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာပိုင်တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့သူလည်း ဖြစ်ပါတယ်။


source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင်ကို ဒုတိယအကြိမ် တိုက်ပိတ်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၁ မိနစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်းမှ အမှုရင်ဆိုင်နေရသော အမေရိကန် နိုင်ငံသား ကိုညီညီအောင်သည် ဇန်နဝါရီ ၁၂ ရက်နေ့မှစ၍ ဒုတိယအကြိမ် တိုက်ပိတ်ခံနေရပြန်ကြောင်း အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

“ဘာကြောင့် တိုက်ပိတ်တယ်ဆိုတာ မသိဘူး။ ဝန်ထမ်းတွေကို မေးရင်လည်း အထက်က ပိတ်ခိုင်းလို့ ပိတ်တာဘဲလို့ ပြောတယ်” ဟု မကြာခင်က အင်းစိန်ထောင်ရှိ နိုင်ငံရေးသမား တဦးထံသို့ ထောင်ဝင်စာ သွားရောက် တွေ့ခဲ့သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၈ ရက် နေ့တွင် ကိုညီညီအောင်၏ အဒေါ်များဖြစ်သည့် ဒေါ်စုစုကြည် နှင့် ဒေါ်ခင်ခင်ဆွေတို့ နှစ်ဦး အင်းစိန်ထောင်၌ ထောင်ဝင်စာ တွေ့ခွင့် မရခဲ့ဘဲ ပြန်သွားကြရသည်။

ပုံမှန်အားဖြင့် နှစ်ပတ် တကြိမ် တွေ့ခွင့် ပြုထားသော်လည်း ယခုမူ ၃ပတ် တကြိမ်သာ ခွင့်ပြုတော့သည်ဟု ဆိုပြီး ထောင်အာဏာပိုင်များက မိသားစုဝင်များကို အကြောင်းပြန်ခဲ့သည်။

ကိုညီညီအောင် တိုက်ပိတ်ခံထားရသည်ဟု ကြားသိရကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းကလည်း ပြောသည်။

“ကျနော်တို့ကတော့ တိုက်ပိတ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ ထောင်နဲ့မနီးစပ်တော့ အသေးစိတ် မသိဘူး။ နောက်ဆုံး ရုံးချိန်းနေ့ (ယခုလ ၁၂ ရက်) ကတော့ သူပြောတယ်။ သူနေကောင်းတယ်။ သူ့ကို ကောင်းတဲ့အခန်းမှာ ထားတယ်လို့ ပြောတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယခင်လကလည်း အသက် ၄၀ အရွယ် ကိုညီညီအောင်က အကျဉ်းသား အခွင့်အရေးအတွက် အစာငတ်ခံ ဆန္ဒပြရာ တိုက်ပိတ်ခံခဲ့ရသည်။

စစ်တပ် အာဏာသိမ်းအပြီး တောခိုကာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သော ကိုညီညီအောင်သည် ယခင်နှစ် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်တွင် အဖမ်းခံရသည်။ မှတ်ပုံတင် အတုကိုင်ဆောင်မှု၊ နိုင်ငံခြားငွေလဲလှယ်မှု တို့ဖြင့်သာ တရားစွဲ ခံထားရသည်။

လာမည့် ၂၂ ရက်နေ့တွင် သူ၏ အမှုအတွက် နောက်ဆုံး လျှောက်လဲရမည် ဖြစ်သည်။ အမေရိကန် အစိုးရနှင့် ရန်ကုန်ရှိ အမေရိကန် သံရုံးအရာရှိများကလည်း သူ၏အမှုအား အနီးကပ် စောင့်ကြည့်နေပြီး နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်ရွက်ရန် စစ်အစိုးရအား သတိပေး တိုက်တွန်းနေသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၂၁၀၀ ဦးကျော်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP-B က ထုတ်ပြန်ထားသည်။

(ကိုဝိုင်းတည်းဖြတ်သည်)


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 19, 2010

တပ်မတော်တွင်း လျှို့ဝှက် စည်းရုံးရေး

တပ်မတော်သားဟောင်းတဦး

မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေး အရေးတော်ပုံမှာ ပြည်သူတွေနဲ့ အတူ တပ်မတော် ပူးပေါင်း ပါဝင်လာရေးဟာ အရေးတကြီး လိုအပ်ချက်ဖြစ်တယ်။

လူထုတိုက်ပွဲအတွင်း တပ်မတော်ပါဝင်လာနိုင်ရေး၊ အနိမ့်ဆုံး အားဖြင့် စစ်အုပ်စုနဲ့ ပြည်သူလူထုကြား ပဋ္ဋိပက္ခ မှာ ကြားနေလာရေး အတွက် တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ်၊ အရာရှိအရာခံ၊ အကြပ် တပ်သားများကို စည်းရုံး သိမ်းသွင်းရေးဟာ မလုပ်မဖြစ် လိုအပ်တယ် ဆိုတာ ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု မှန်သမျှက သဘော တူကြလိမ့်မယ် လို့ ယုံကြည်တယ်။

တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်တွင်း အင်အားစုများကို လက်တွေ့ကျကျ စည်းရုံးနိုင်ဖို့ ဆိုရင် ဦးစွာအားဖြင့် နိုင်ငံရေး အင်အားစုများ အနေနဲ့ တပ်မတော်ကို စစ်အုပ်စုနဲ့ ခွဲခြား ကြည့်မြင်ကြဖို့ လိုတယ်။ ပြည်သူများနည်းတူ တပ်မတော်တွင်းရှိ အရာရှိ အရာခံ၊ အကြပ်တပ်သား အများစုကြီးဟာလည်း သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေး ဌာနအောက်မှာ စိတ်ပိုင်း ရုပ်ပိုင်းအရ အဖိနှိပ် ခံနေကြရတယ် ဆိုတာကို အသိအမှတ် ပြုကြဖို့လိုတယ်။ ဒီလိုနားလည်မှု အခြေခံ မရှိရင် စစ်အုပ်စု ဆန့်ကျင်ရေး အတွက် လက်တွေ့အရ တပ်မတော်ကို စည်းရုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တပ်မတော်ကို သန်းရွှေ စစ်အုပ်စုရဲ့ ဖက်ဆစ် အမိန့်ပေးဌာန အောက်က ဘယ်လိုမှ ဆွဲထုတ်နိုင်မှာ မဟုတ်ဘူး။

အထက်ပါသဘောထားကို ချမှတ် ဆုပ်ကိုင်နိုင်ပြီ ဆိုရင် တပ်မတော်ကို သဏ္ဌာန်နှစ်မျိုးနဲ့ စည်းရုံး ရမယ်လို့ ယူဆတယ်။ တပ်မတော်တွင်း အခိုင်အမာ U.G စည်းရုံးရေး သဏ္ဌာန်နဲ့ တပ်မတော် ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်မှု သဏ္ဌာန်တို့ ပေါင်းစပ်ရေး ဖြစ်တယ်။ ဒီသဏ္ဌာန် နှစ်ခုဟာ ဆက်စပ် နေပေမဲ့ အခိုင်အမာ ဆောင်ရွက် ရာမှာတော့ ကိုယ်ပိုင် ထူးခြားချက် အရ တသီးတခြားစီ ဆောင်ရွက် ကြရမှာဖြစ်တယ်။ ဆိုလိုတာက တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေးမှာ တာဝန် ယူနေကြတဲ့ ကလာပ်စည်းများနဲ့ တပ်ပြင်ပ တက်ကြွ အင်အားစု ကလပ်စည်း များဟာ တလိုင်းစီ သီးခြားခွဲ လှုပ်ရှားကြရမှာ ဖြစ်ပြီး ဆက်စပ် ပူးပေါင်းဆောင်ရွက်မှု မပြုရေးဖြစ်တယ်။ လိုင်းမပူးရေး ဖြစ်တယ်။

တပ်တွင်း U.G စည်းရုံးရေးသဏ္ဌာန် အရ လျှို့ဝှက် သိပ်သည်းစွာ စည်းရုံးရေး (Deep U.G.) ပီသစွာ လှုပ်ရှား ရေးဖြစ်တယ်။ ရေရှည်အမြင်နဲ့ လှုပ်ရှားရေး ဖြစ်တယ်။ ဘယ်လို နိုင်ငံရေး လှုပ်ရှားမှု အရိပ်အရောင်ကိုမှ မပေါ်စေဘဲ ကျစ်ကျစ်လစ်လစ် စည်းရုံး၊ အခွင့်အခါကောင်း စောင့်ရေး ဖြစ်တယ်။ သက်ဆိုင်ရာက အချက် ပြလိုက်တဲ့ အခါမှသာ တပ်တွင်း U.G အင်အားစုများဟာ လျှို့ဝှက် သဏ္ဌာန်မှ ပြောင်သဏ္ဌာန်သို့ ကူးပြောင်းရမှာ ဖြစ်တယ်။ ဒါတောင်မှ အချက်ပြခံရတဲ့ ကလာပ်စည်းများ ကသာ ပြောင်လုပ်ငန်းကို ကူးပြောင်းပြီး အချက်ပြ မခံရတဲ့ ကလာပ်စည်းများက လျှို့ဝှက် သဏ္ဌာန်အတိုင်း နေမြဲ ဆက်နေရမှာ ဖြစ်တယ်။

တပ်ပြင်ပရှိ တက်ကြွ အင်အားစုများရဲ့ ယျေဘုယျ စည်းရုံး လှုံ့ဆော် လုပ်ငန်းကတော့ တမျိုးဖြစ်တယ်။ သူက တပ်တွင်းကို ဝင်ပြီး အခိုင်အမာ စည်းရုံးတာမျိုး မဟုတ်ဘူး။ တပ်တွင်း အခိုင်အမာ စည်းရုံးရေး လုပ်ငန်းလုပ်နေတဲ့ U.G. ကလာပ်စည်းတွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ရတာဖြစ်တယ်။

တပ်တွင်းအခိုင်အမာ စည်းရုံး လှုပ်ရှားတဲ့ U.G ကလာပ် စည်းများဟာ တပ်မတော် တရပ်လုံး လက္ခဏာ (ကြည်း၊ ရေ၊ လေ) အရ တပြိုင်တည်း၊ တချိန်တည်း အကျယ်အပြန့် စည်းရုံး လှုံ့ဆော်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီ တပ်တွင်း U.G တွေဟာ တစက်က တမျက်နှာဖြစ်အောင် ရည်မှန်းချက်ချပြီး တိုးချဲ့ ယူရတာဖြစ်တယ်။ အခွင့်သာတဲ့ နေရာ အချက်အလက်ရှိတဲ့ နေရာမှာ ခြေကုတ်ယူ၊ ကျိတ်စည်းရုံးပြီး အခွင့် အခါကောင်း စောင့်ကြရတာ ဖြစ်တယ်။

တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်တဲ့ တပ်ပြင်ပရှိ တက်ကြွ အင်အားစု U.G များရဲ့ တာဝန်ကတော့ ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးကို အတွေးအခေါ် နိုင်ငံရေးအရ၊ တတိုင်းပြည်လုံး ဆိုင်ရာ၊ နိုင်ငံတကာ ဆိုင်ရာ အခြေအနေ ပညာပေးရေး အရ အကျယ် အပြန့် တင်ပြ ညှိနှိုင်းနိုင်တယ်၊ လှုံ့ဆော် စည်းရုံး နိုင်တယ်။ မီဒီယာများရဲ့အကူအညီကို စည်းရုံးရယူပြီး တိုင်းပြည်ပြဿနာ အရပ်ရပ်ကို ကြည်း၊ ရေ၊ လေ တပ်မတော် တရပ်လုံးသို့ တချိန်တည်း တပြိုင်တည်း အကျယ်အပြန့် တင်ပြနိုင်တယ်။ တပ်မတော်တွင်း မျိုးချစ် ပြည်ချစ် အင်အားစု များရဲ့ အမှန်တရား လိုလားစိတ်ကို နိုးကြား စေနိုင်တယ်။ ဒီနည်းနဲ့ တပ်တွင်း အခိုင်အမာ လျှို့ဝှက် စည်းရုံး လှုပ်ရှားနေတဲ့ U.G ကလာပ်စည်းများ မလုပ်နိုင်တဲ့ အလုပ်ကို ဖြည့်စွမ်း ပေးနိုင်တယ်။ ဒီနည်းနဲ့ မြန်မာပြည်သူ၊ ကမ္ဘာ့ ပြည်သူတွေပါ တပ်မတော်ကို စည်းရုံးရာမှာ ပါဝင်လာအောင် ဖန်တီးပြီး တပ်မတော်တွင်းမှာ ကောင်းမွန်တဲ့ နိုင်ငံရေး ဂယက်ကို ရိုက်ခတ်စေနိုင်တယ်။ ဒီနည်းနဲ့ တပ်မတော်တွင်းရှိ မျိုးချစ် ပြည်ချစ် အရာရှိအရာခံ၊ အကြပ် တပ်သားတွေကို နိုင်ငံရေးအရ၊ လက်တွေ့ လှုပ်ရှားမှု အရ အကြံဉာဏ် နည်းနာတွေ ရရှိစေနိုင်မှာ ဖြစ်တယ်။

ဒီလို တပ်မတော်ကို အဓိက ပစ်ကွင်းထားပြီး ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လုပ်ငန်းကို အကောင်အထည် ဖော်ဖို့ဆိုရင် တက်ကြွတဲ့ အင်အားစု မျိုးဆက်သစ်များကို အခြေခံပြီး မြေအောက် U.G သဏ္ဍန်နဲ့ စုစည်းရမှာ ဖြစ်တယ်။ ဥပမာ- အဲဒီ အင်အားစုရဲ့အမည်က "တပ်မတော်တွင်း မျိုးချစ်ပြည်ချစ် အင်အားစုများရဲ့ ညီအစ်ကိုတော်များ အဖွဲ့" ဆိုကြပါစို့။ အဲဒီအဖွဲ့မှာ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်းလမ်းညွှန် ပေါ်လစီများ ရှိရမယ်။ အကြမ်းဖျင်း တင်ပြရရင် အဲဒီ အလုပ်အဖွဲ့ရဲ့ နိုင်ငံရေး သဘောထားနဲ့ လုပ်ငန်း လမ်းညွှန် ပေါ်လစီမှာ အောက်ပါ အချက်များ ပါဝင်သင့်တယ်။

နိုင်ငံရေး

၁။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး။

၂။ တပ်မတော်တွင်း အထက်အောက် အခွင့်အရေး အလွန်အကျွံ ကွာခြားမှု တိုက်ဖျက်ရေး။

၃။ ဒီမိုကရေစီနည်းကျ တောင်းဆို တင်ပြတဲ့ လူထု လှုပ်ရှားမှုများကို ပစ်ခတ် သတ်ဖြတ် ဖြိုခွဲရေး အတွက် ပေးတဲ့ အမိန့် မှန်သမျှ မလိုက်နာရေး။

၎။ တပ်မတော်ကို ခုတုံးလုပ် အသုံးချပြီး စစ်အုပ်စုက စီးပွားရေး လက်ဝါးကြီးအုပ်မှု မှန်သမျှ ရပ်ဆိုင်း ပစ်ရေး။

၅။ ပြည်တွင်းစစ် သက်ဆိုးရှည်စေမယ့် စစ်အုပ်စုရဲ့ နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက်မှု မှန်သမျှ ဆန့်ကျင်ရေး။

၆။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ညီညွတ်ရေး အတွက် နိုင်ငံရေး ပါတီများ၊ လူမျိုးစု ကိုယ်စားပြု အဖွဲ့များ နှင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး။


ဖွဲ့စည်းမှု

၁။ မြေအောက် U.G ကလာပ်စည်း သဏ္ဌာန် အရ ဖွဲ့စည်းရေး။

၂။ မြေအောက် U.G လှုပ်ရှားဆိုင်ရာ နည်းနာ စည်းကမ်းများကို ချမှတ် ကျင့်သုံးရေး။


လက်တွေ့လုပ်ငန်းတာဝန်

၁။ တပ်မတော်တွင်းရှိ မျိုးချစ်ပြည်ချစ် အင်အားစုများအား အဓိက ပစ်ကွင်းထား စည်းရုံး လှုံ့ဆော်ပြီး စစ်အုပ်စုအား နိုင်ငံရေး၊ စီးပွားရေးအရ ဘက်စုံမှ ဖွင့်ချရေး။

၂။ တပ်မတော်တွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။

၃။ စစ်အုပ်စုတွင်းဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ စုဆောင်းရေး။

၎။ စုဆောင်းရရှိတဲ့ တပ်တွင်းဆိုင်ရာ သတင်းအချက်အလက်၊ စစ်အုပ်စုတွင်း ဆိုင်ရာ သတင်းအချက် အလက် များကို အခြေခံပြီး တပ်မတော် စည်းရုံးရေးကို အထောက်အကူ ပြုမယ့် အကြောင်းအရာများကို သတင်း ထုတ်ပြန်ချက်များ၊ သဘောထား ကြေငြာချက်များ သတင်း ဆောင်းပါးများ ရေးသားပြုစုရေး။

၅။ ပြုစုရရှိတဲ့ သတင်းများ၊ သဘောထားကြေငြာချက်များ၊ ဆောင်းပါးများကို တပ်မတော် တရပ်လုံး၊ မြန်မာ တပြည်လုံး၊ ကမ္ဘာ့ပြည်သူ တရပ်လုံးသို့ အသိပေး ဖြန့်ချီနိုင်ရန် နိုင်ငံတကာ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်သံလွှင့်စတဲ့ မီဒီယာများနဲ့ ဆက်သွယ် ဖြန့်ချီနိုင်ရေး ဆောင်ရွက်ရေး။

၆။ မီဒီယာများမှ ဖြန့်ချီတဲ့အခါ တပ်တွင်း အခိုင်အမာ U.G စည်းရုံးရေး လုပ်ငန်းအား မထိခိုက်စေဖို့ ဂရုပြုရေး စတာတို့ ဖြစ်ပါတယ်။

တပ်မတော်ကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လူထုတိုက်ပွဲမှာ ပါဝင်လာအောင် စည်းရုံး ရာမှာ တပ်မတော် ပြင်ပရှိ တက်ကြွ လှုပ်ရှားသူများရဲ့ တပ်မတော်ကို အဓိက ပစ်ကွင်းထားတဲ့ ယေဘုယျ စည်းရုံး လှုံ့ဆော်ရေး လှုပ်ရှားမှုဟာ အရေးပါတဲ့ လုပ်ငန်း တရပ်အဖြစ် ယူဆပါတယ်။

ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအနေနဲ့ ဒီလှုပ်ရှားမှု သဏ္ဌာန် အကောင်အထည် ဖော်ရေး၊ တပ်မတော်တွင်း U.G စည်းရုံးရေးနဲ့ ပေါင်းစပ်ရေးကို အလေးထား ဆောင်ရွက် သင့်တယ်လို့ ထင်မြင် မိပါတယ်။

ဒီဆောင်းပါးကို ဖတ်သူများ၊ အထူးသဖြင့် ပြည်တွင်းမှဖတ်သူများ တဆင့်ပြီးတဆင့်ကူးယူ ဖြန့်ဝေပေးပါရန် စာရေးသူမှ ပန်ကြားပါသည်။


source by : http://www.phyowai-myanmar.co.cc

အပြည့်အစုံ ဖတ်ရန် ...

ငြိမ်းအဖွဲ့များ ကျူးလွန်သည့် ပြစ်ချက်များကို နအဖ ပုလိပ်စုဆောင်း

အင်္ဂါနေ့ ၊ 19 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်

လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကျူးလွန်ထားသော ပြစ်မှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စုဆောင်းလျှက်ရှိ ကြောင်း သိရသည်။

လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကျူးလွန်သည့် ပြစ်ချက်များ အမြန်စုံစမ်း တင်ပြနိုင်ရန်အတွက် စုဆောင်းနေရခြင်း ဖြစ်ကြောင်း သျှမ်းပြည် ရဲတပ်ဖွဲ့မှ အမည်မဖေါ်လိုသူ ၀န်ထမ်း တစ်ဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မြန်မာ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်နှင့်တိုင်းများရှိ ရဲတပ်ဖွဲ့များထံ ပြစ်မှုဆိုင်ရာ အချက်အလက်များ စုဆောင်းရေး နှင့် ပတ်သက်၍ ဇန်န၀ါရီလပိုင်းကမှ ညွန်ကြားရာတွင် ငြိမ်းချမ်းရေးအဖွဲ့များအတွက် သီးသန့် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွန်ကြားချက်သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဆိုကို ငြင်းဆန်နေသည့် ငြိမ်းအဖွဲ့များ အား လုံးနှင့် အကျုံးဝင်သည်ဟု ဆိုသည်။

လတ်တလော နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေး ငြင်းဆိုနေသည့် လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့ များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ၊ အပစ်ရပ် SSA ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA မိုင်းလား တပ်ဖွဲ့ စသည့် အဖွဲ့များ ဖြစ်သည်။

အဆိုပါအဖွဲ့များ အပစ်အခတ်ရပ်ဆဲခဲ့စဉ်က တရားဥပဒေဘောင်အတွင်း ၀င်ရောက်လာသည့် အဖွဲ့အစည်းများ အဖြစ် နအဖ သုံးနှုန်းခေါ်ဝေါ်ခဲ့သော်လည်း သျှမ်းပြည်တပ်မတော်(အပစ်ရပ်) ဥက္ကဌ ဗိုလ်ချုပ်ဆေထဲန့် ကို နိုင်ငံရေးစွဲချက်များဖြင့် ထောင်ဒဏ် ၁၀၆ နှစ် အထိ ပြစ်ဒဏ်ပေးခဲ့သည်။

ရာဇ၀တ်မှုခင်းကျူးလွန်သည့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များကို တိုက်ရိုက်ဝင်ရောက် တရားစွဲဆိုသော ဖြစ်ရပ်များကို ယနေ့အထိ ထင်ထင်ရှားရှား မတွေ့ရသေးဟု အကဲခတ်များက ဆိုသည်။

အကဲခတ်များအဖို့ ယခုကိစ္စအား နအဖမှ ဥပဒေ လမ်းကြောင်းမှတဆင့် အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့များ အတွင်းစည်းပိုင်းကို ခြယ်လှယ် ချုပ်ကိုင်နိုင်ရန် အားထုတ်မှု တစ်ခုအဖြစ် ရှုမြင်နေကြသည်။


source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

တပ်မတော်သားများ ပြည်သူဘက် ရပ်တည်ရန် (မဒတ) ပန်ကြား

Tuesday, 19 January 2010 12:38 ဗထူး


တိုင်းပြည်၏ ပြဿနာအရပ်ရပ်ကို အတူတကွ ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် တိုင်းချစ် ပြည်ချစ် တပ်မတော်သားများ အနေဖြင့် ပြည်သူလူထုဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည်ရန် အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (မဒတ) မှ ပန်ကြားလိုက်သည်။

၁၉၆၂ မှ ယနေ့အထိ စစ်အာဏာရှင် စနစ်အောက်တွင် ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု အစစအရာရာတွင် နိမ့်ပါးကျဆင်းပြီး စစ်အာဏာရှင်များ ဖန်တီးသော ဆိုးဝါးသည့် ဘေးဒုက္ခဒဏ်ကို တပ်မတော်သားအားလုံး ပြည်သူများနည်းတူ ခါးစည်းခံနေရသည်ဟု ယခုလ (၁၆) ရက်နေ့ထုတ် (မဒတ)ပန်ကြားချက်တွင် ဖော်ပြထားသည်။

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်သည် တိုင်းရင်းသားပြည်သူတို့၏ အားကိုးယုံကြည်မှုကို အပြည့်အဝ ရရှိခဲ့ပြီး သမိုင်းအစဉ်အလာ တင့်တယ်စွာဖြင့် ဂုဏ်သိဏ္ခာကြီးမားသော တပ်မတော်တရပ် ဖြစ်ခဲ့သည်။

ယနေ့ တပ်မတော်သည် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် ရဟန်းသံဃာများကို သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။ စစ်အာဏာရှင်တို့သည် တိုင်းရင်းသားပြည်သူတို့၏ မြေယာအိုးအိမ် စည်းစိမ်တို့ကို သိမ်းယူပြီး နိုင်ငံ၏ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးချကာ အဆင်းရဲဆုံး တိုင်းပြည်အဖြစ် တွန်းပို့ခဲ့သဖြင့် တပ်မတော်၏ ဂုဏ်သိဏ္ခာလည်း အဆုံးစွန်ဆုံးထိ ကျဆင်း ကင်းမဲ့ခဲ့သည်ဟု ပန်ကြားချက်က ဆက်လက် ဖော်ပြခဲ့သည်။

တပ်မ (၇၇) နှင့် တပ်မ (၆၆) တို့၏ ၂၀၀၉ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၀ နှစ်ဦးပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သည့် အာဏာဖီဆန်မှုနှင့် သဘောထားကွဲလွဲမှုများသည် တပ်တွင်းတွင် အမှန်တကယ် ကြုံတွေ့နေရသော စားဝတ်နေရေးဒုက္ခ အခက်အခဲပြဿနာများဖြစ်ကာ နအဖလက်အောက်ခံ တပ်ရင်းများ၏ အခြေအနေမှန်များ ဖြစ်ပြီး ပြည်သူလူထု အခက်အခဲကို တပ်မတော်ကိုယ်စားပြု၍ ဖော်ပြလိုက်ခြင်းဖြစ်သည်ဟု ထောက်ပြခဲ့သည်။

နအဖစစ်အုပ်စုတွင် အောက်ခြေတပ်များ၏ အခက်အခဲကို နည်းမှန်လမ်းမှန် ဖြေရှင်းရန် အစီအမံ အတိအကျမရှိဘဲ အမိန့်အာဏာဖြင့် ထိန်းချုပ်ဖိနှိပ်ထားသည်ကိုသာ တွေ့မြင်နေရပြီး တိုင်းပြည်၏ အကျပ်အတည်း ရိုက်ခတ်မှုများကြောင့် ယနေ့ကာလတွင် တပ်တွင်း သဘောထားကွဲလွဲမှုများ၊ အမိန့်အာဏာ ဖီဆန်မှုများ ဆက်တိုက်ဖြစ်ပေါ်လာနေသည်ဟု (မဒတ) က ရှုမြင်သည်။

စစ်အုပ်စုသည် (၂၀၁၀) ရွေးကောက်ပွဲ ကျင်းပပြီး ရုပ်သေးအစိုးရထံ အာဏာလွှဲပြောင်းရန် စီစဉ်ခြင်း၊ စစ်ခေါင်းဆောင်အချို့ ရာထူးတိုးမြှင့် ပြောင်းရွှေ့ခြင်း၊ ဝန်ထမ်းလစာတိုးမြှင့် ပေးနေသည့် ဆေးမြီးတို နည်းလမ်းမှာ ပြည်သူနှင့် တပ်မတော်သားများ လက်ငင်း ရင်ဆိုင်နေရသော စားဝတ်နေရေး အကြပ်အတည်းကို မည်သို့မျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ပန်ကြားချက်က ဆိုသည်။

ထို့ကြောင့် ပြည်သူတရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ ပြည်သူလူုထုဘက် ပြတ်ပြတ်သားသား ရပ်တည်ကာ ပြည်သူလူထုနှင့်အတူ ပြဿနာရပ်များ ဝိုင်းဝန်းဖြေရှင်းရန် (မဒတ) က တိုက်တွန်းထားသည်။

(မဒတ) ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ဖြင့် ၁၉၇၆ ခုနှစ်၊ မေလ (၁၁) ရက်နေ့၌ မာနယ်ပလောဒေသတွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အချို့မှာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် လက်ရှိတွင် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအို့ဝ်၊ ဝ၊ ပလောင် အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည်။


source by : http://www.yoma3.org

အပြည့်အစုံ ဖတ်ရန် ...

Monday, January 18, 2010

ဒေါ်အောင်ဆန်းစုကြည် အမှု ပြင်ဆင်လျှောက်ထားချက် ဗဟိုတရားရုံးချုပ် အပြီးသတ်ကြားနာ

2010-01-18 ( RFA )

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ တနှစ်ခွဲကြာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ချက်အမှု နှစ်ဖက်လျှောက်ထားချက်တွေကို ဗဟိုတရားရုံးချုပ်က ဒီကနေ့ အပြီးသတ် ကြားနာခဲ့တယ်လို့ ရှေ့နေတွေက အာအက်ဖ်အေကို ပြောပါတယ်။

ရန်ကုန်မြို့လယ်ရှိ ဗဟိုတရားရုံး အဆောက်အဦ ဖြစ်ပါသည်။ (Photo: AFP)

ဒီကနေ့ အမှု ကြားနာရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ဒေါ်ခင်ခင်ဝင်းတို့ သားအမိရဲ့ အမှုလျှောက်လဲချက်တွေကိုရော တရားလို အစိုးရရှေ့နေတွေဖက်ကရော အပြည့်အစုံ တင်ပြ ကြားနာခဲ့တယ်လို့ အကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။'ကျနော်တို့ ဒီနေ့ အမှုသုံးမှုပေါ့။ ဒေါ်အောင်ဆန်းစုကြည် တင်တဲ့အမှုက တမှု၊ ဒေါ်ခင်ခင်ဝင်းတို့ တင်တဲ့အမှုက တမှု၊ နောက် အစိုးရက ရန်ကုန်တိုင်း တရားရုံးကနေ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ မရှိတော့ဘူးလို့ သုံးသပ်ခဲ့တာကို မကျေနပ်လို့ တင်တဲ့အမှုက တမှု။ ဒီ သုံးမှုစလုံးအတွက် အစိုးရဖက်နဲ့ ကျနော်တို့ နှစ်ဖက်လျှောက်လဲချက် အပြည့်အစုံ ပေးပြီးသွားပါပြီ။ ကျနော်တို့ဘက်ကတော့ ဆရာဦးကြည်ဝင်းနဲ့ ဆရာဦးလှမျိုးမြင့်တို့က လျှောက်လဲချက် ပေးပါတယ်'

၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထိန်းသိမ်း ထားတာနဲ့ ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် လျှောက်လဲခဲ့ကြတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။'အစိုးရဘက်ကလည်း ၆/၈၈ လို့ခေါ်တဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းစမှာ ဥပဒေတွေက မပယ်ဖျက်သေးပေမယ့် အတည်ဖြစ်တယ်ဆိုတဲ့ဟာ၊ ဒါကြောင့် ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မပယ်ဖျက်သေးဘူးဆိုတာကို သူတို့က ဇောင်းပေး ဖော်ပြတယ်။ ကျနော်တို့ဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာမှာ ရိုးရိုး ဥပဒေနဲ့ မတူဘူး၊ နောက်ပြီးတော့ လက်တွေ့အားဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖျက်ခြင်းမရှိဘဲနဲ့ အာဏာတွေ ပြောင်းသွားတာတွေ အများကြီးရှိတယ်၊ ကမ္ဘာနဲ့ ချီပြီးတော့ ကျနော်တို့တင်ပြတယ်။ ဘော်ရှီဗစ် တော်လှန်ရေးတို့၊ ပြင်သစ်တော်လှန်ရေးတို့ ဒါတွေနဲ့ တင်ပြတယ်။ နောက်တခုက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတည်ပြုခဲ့တဲ့ ဥပဒေ နိဒါန်းအရ ၈၈ ခုနှစ်ကတည်းက ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ရပ်ဆိုင်းခဲ့ပြီ။ ရပ်ဆိုင်းနေတဲ့ကိစ္စမှာ ဘာမှ အသုံးပြုခွင့်မရှိဘူးဆိုတာကို ကျနော်တို့ ဥပဒေ အချက်အလက်တွေနဲ့ အကျယ်တဝင့် လျှောက်လဲချက် ပေးခဲ့ပါတယ်'

အမှုနဲ့ ပတ်သက်ပြီး တရားရုံးချုပ်အနေနဲ့ နှစ်ပတ်အတွင်း ဆုံးဖြတ်ချက်အမိန့် ချနိုင်တဲ့ အလားအလာ ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးကြည်ဝင်းက သတင်းဌာနတွေကို မှတ်ချက်ပေးရာမှာ အမှု လျှောက်လဲချက်နဲ့ ပတ်သက်ပြီး အကောင်းဖက်က မျှော်လင့်ချက် ရှိတယ်လို့ ပြောကြားထားပါတယ်။

ဒီကနေ့ ဗဟိုတရားရုံးချုပ် အမှု ကြားနာတာကို ဗြိတိန်သံအမတ်ကြီးနဲ့အတူ သူ့ရဲ့ အတွင်းဝန်တဦး တက်ရောက် နားထောင်ခဲ့ပါတယ်။ တခြား လူငယ်ရှေ့နေ ၁ဝ ဦးလောက်ကလည်း အမှုကို စိတ်ဝင်တစား လာရောက် နားထောင်ကြတယ်လို့ သိရပါတယ်။

ရန်ကုန်ကလာတဲ့ သီးခြား သတင်းတွေအရ တရားရုံးချုပ်အနေနဲ့ အမိန့်ချမယ့် အမှုရက်ချိန်းကို ချက်ချင်း ဆုံးဖြတ်ချက် မပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ကြားနာစဉ် ရန်ကုန်မြို့ပေါ်မှာ အာဏာပိုင်တွေက လုံခြုံရေး အများအပြား ချထားတယ်လို့သိရပြီး အထူးသဖြင့် ဗဟိုတရားရုံး အနီးမှာ ထူထူထပ်ထပ် ချထားတာ တွေ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

နအဖ၏ မတရား ထုတ်ပယ်ခံရသော သူငယ်ချင်းများအတွက် အမှတ်တရ

ပြည်တွင်းမှ ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး ပေးပို့လာတဲ့ သူ့ကိုယ်တွေ့ ကလည်း ဗဟုသုတ တစ်ခုမို့ လေ့လာနိုင်ဖို့ ဒီကနေ့ တင်ပြ ပေးလိုက် ပါတယ်။ တကယ်တော့ ရုရှား ပညာတော် သင်တွေကို ဒီထက် ပိုပြီး ထောက်ပံ့ကာ အနာဂတ် အတွက် အသိအမြင် ကျယ်ပြန့်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တကယ် အသုံး ၀င်အောင် အဓိပ္ပါယ် ရှိရှိ မွေးမြူသင့်ပါတယ်။

တပ်မတော်ဆိုတာ နိုင်ငံ့ ဂုဏ်ဆောင်သာ ဖြစ်စေလိုကြောင်း၊ နိုင်ငံတကာမှာ သိက္ခာရှိရှိ ဖြစ်စေလိုကြောင်း မျိုးချစ် တပ်မတော်သားများက ဆန္ဒပြုရင်း အခုလို တာဝန် ထမ်းဆောင်ဆဲမှာပင် ရေးသား ပေးပို့လာတဲ့ ရုရှားပြန် မောင်ကျောင်းသားအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင် ရှိပါကြောင်း တင်ပြလိုပြီး စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။


ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ


ဆောင်းပါးရှင် – မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)


၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့် မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။ သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။

ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏ စကားဖြင့်ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။ အလွန်ကောင်းပါသည်။ ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ရေခံမြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု လောက်တော့ ၀ယ်နိုင်ကြပါသည်။

ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ မည်သည့် နိုင်ငံမှန်း မသိရသေးခင်ကတည်းက ၀မ်းသာခဲ့ရသည်။ ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။ ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ်ပါသည်။ အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။ ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။

ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာဝင်းပနေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။ ဆေးအောင်အရာရှိများကို ဗိုလ်ချူပ်ကြီး မောင်အေး အမှူးပြုသော လေ့ကျင့်ရေးအရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် သိပ္ပံနဲ့ နည်းပညာဝန်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့် ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…” ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့် တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ ပြောကာ ချွေးသိပ်လိုက်ပါသည်။

ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့် ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့် ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။

ကျန်ရှိနေသည့် ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊ တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက်ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်း ပြောကြပါတော့သည်။ ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း အောက်တန်းကျလှသည်။

နျူကလီးယား လက်နက် ပိုင်ဆိုင်ရေးအတွက် ခိုးစရာရှိတာ ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့် ၀ယ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယားစက်ရုံ တည်ဆောက်ခြင်းသည် အလွန် ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ အားလုံး သိကြပါသည်။

ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင်လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက အရှေ့တောင်အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။ ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။

နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်းတောက်နေသော မီးကို ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျသွားကြရသည်။ အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည် အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ နားလည်သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင် ၄င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့ သဘောပေါက်မိခဲ့ကြပါသည်။ ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့ ရောက်ရှိခဲ့ကြပါသည်။

မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။ ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။ မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်းကြားကြားချင်း ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာကျောင်းသားများကို မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။

အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက် ချခြင်းဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခမျာ ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ ဖြစ်ကြရသည်။ အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်းဖြစ်ပြီး ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင် ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။ (ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာတော် လွန်းသောကြောင့် ဖြစ်သည်။)

ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏ တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့် သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင် ၀ိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ ဖြစ်သွားခဲ့ရသည်။ ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။

ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့် ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှားဆရာဝန်များက တီဘီလိုလို၊ ကင်ဆာလိုလိုရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့ ပြန်ပို့တတ်ပါသည်။ ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ ထုတ်ပယ်ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို ဓါတ်ခွဲစမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။ အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသပေးသင့်သည်။ မြန်မာ သံအမတ်ကြီးကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report ရေးခြင်း မျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။

သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသားအရေးထက် ရုရှား တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထား ပါသည်။ ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့ စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။ ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ် အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင် မြန်မာကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။ (ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။ သံအမတ်ကြီးဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်ကချက်ထားသည့် ထမင်းကြမ်းနှင့်သာ ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက် ချက်စားသည်။


ဘယ်အစွန်ဆုံး မျက်မှန်နဲ့ ပုဂ္ဂိုလ်ကတော့ အော့ကျောလန် သံအမတ်ကြီးဟောင်း
ဗိုလ်မှူးချုပ် တင်စိုး

ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန်ကြည့်ကြည့် မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင် ကျောင်းတက် နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင် လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့် အညံ့စားတစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။) ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။

ထို့ကြောင့် မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။

ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။ နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့် ကျောင်းသားတချို့အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ် လုပ်ချင်တိုင်းလုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊ ထောင်ကျချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။ တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို ဘွဲ့ရသည်အထိ သင်နိုင်ပါသည်။

ကျောင်းအာဏာပိုင်များက ပြန်မည့် ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း ဖြေစရာမလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင် မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင် အလွန်နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင် ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို ဖါးနေရတဲ့ စစ်ခေါင်းဆောင်တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ ပေးရတာမျိုးပါ။ အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန် မပြောနှင့်။ ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။

သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့ ပြန်ကြပါသည်။ မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော်လည်း သံအမတ်ကြီး ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊ ထိုသူများကို ထောင်ချထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ ကျွန်ပါးဝလေသံဖြင့် ဗိုလ်ချူပ်ကြီး မောင်အေးထံ တင်ပြထားပြီး ဖြစ်ပါသည်။

သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး အနားပေးခံရပြီးပါပြီး။ ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။ သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစားချီးကျူးပါသည်။ မတွန်းလှန်နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင် ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံးကိုပိုက်ကာ လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှ ဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့ များသို့ သွားရန် ကြိုးစားနေကြသည်။ ရုရှားတွင်နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့ အရည်အချင်းနဲ့ နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော်ရင်လေးစရာပါပဲတဲ့။ ဟုတ်ကဲ့။ ဖြစ်နိုင် လောက်ပါသည်။

စာသင်ချိန်တွင် ရုရှားကျောင်းသားများလို ကျားကုတ်ကျားခဲ မကြိုးစားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့် ကျောင်းသားများလည်း ရှိပါသည်။ တချို့ကျောင်းသားများလည်း ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွားကြပြီ ဖြစ်ပါသည်။ ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသော ပညာရှင်များနှင့် ထုတ်လုပ်ရန် စဉ်းစားနေကြသော အာဏာရူးတစ်စု၏ အနာဂတ်ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 17, 2010

ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ မွန်ပြည်နယ်မှာ အဖမ်းခံရ

2010-01-17 ( RFA )

၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုံ့ဆော်မှုနဲ့ ဖမ်းဆီးထားတဲ့ မွန်ပြည်နယ်က ရဟန်းတပါးနဲ့ ဆက်စပ်ပြီး ကိုအောင်ဟိန်းဆိုသူ ကျောင်းသားတဦးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က အာဏာပိုင်တွေကဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ကိုအောင်ဟိန်းကို မွန်ပြည်နယ် ရေးမြို့အနီး သူ့ ဇာတိရွာဖြစ်တဲ့ လမိုင်းမြို့နယ်ခွဲမှာ အာဏာပိုင်တွေက လာရောက် ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။


ရန်ကုန်မြို့ရှိ အုတ်တံတိုင်းတခုတွင် စစ်အစိုးရ ဆန့်ကျင်ရေး (Change New Government) စာတမ်းကို မှုတ်ဆေးဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။ (Photo: RFA)

မွန်ပြည်နယ်မှာ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုစာတမ်းတွေကို မှုတ်ဆေးဗူးတွေနဲ့ ရေးသား လှုံ့ဆော်ခဲ့တယ်လို့ စွပ်စွဲပြီး ဦးဇင်း ဇော်လတ်ကို လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရသူတွေကို အာဏာပိုင်တွေက ဆက်လက် ဖမ်းဆီးနေရာမှာ ကိုအောင်ဟိန်းဟာ ဒုတိယမြောက် ဖမ်းဆီးခံရသူ ဖြစ်ပါတယ်။

ကိုအောင်ဟိန်းဟာ အရင်က ဦးဇင်းဇော်လတ်ကို မော်တော်ဆိုင်ကယ်နဲ့ လိုက်ပို့ခဲ့ဖူးသူ ဖြစ်တယ်လို့လည်း နီးစပ်သူတွေက အာအက်ဖ်အေကို ပြောပါတယ်။ ကိုအောင်ဟိန်းကို အာဏာပိုင်တွေ ခေါ်ဆောင်သွားပြီးတဲ့နောက် ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကို သက်ဆိုင်တဲ့မိသားစုတွေက အခုချိန်အထိ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလို လူတွေကို ဖမ်းဝရမ်းမရှိဘဲ ဖမ်းဆီးပြီး သက်ဆိုင်ရာ မိသားစုဝင်တွေကို အကြောင်းမကြားတာဟာ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ထိုင်းအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ဒါရိုက်တာဦးအောင်မျိုးမင်းက သုံးသပ် ပြောဆိုပါတယ်။

ဦးအောင်မျိုးမင်း။ ။'တရားရုံးကို အမြန်ဆုံးတင်ပြီးတော့ သူ့ရဲ့အမှုကို တရားရေးလမ်းကြောင်းအရ စီရင်ချက်ချဖို့ လိုအပ်ပါတယ်။ အဲဒီလို ကိစ္စတွေ မရှိခဲ့ရင်တော့ ခုနက ဖမ်းဆီးမှုဟာ တရားမဲ့ ဖမ်းဆီးမှုတွေ ဖြစ်လာနိုင်တယ်။ နောက်တခါမှာ သူ့ရဲ့ ရပိုင်ခွင့်တွေကို စော်ကားတဲ့ ဒါမှမဟုတ်ရင် ချိုးဖောက်မှုပြုလုပ်တဲ့ ပုံစံမျိုး ဖြစ်နိုင်တဲ့အတွက် အဲလို အခွင့်အရေးတွေကို လေးစားလိုက်နာ ပေးပါလို့ ကျနော် ပြောချင်ပါတယ်'

ဦးဇင်းဇော်လတ်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ သံဖြူဇရပ်မှာ အဖမ်းခံခဲ့ရပြီး နောက်တနေ့မှာ မော်လမြိုင်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသခံခဲ့ရတယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

အိတ်ပေါက်ဖြင့် ဖါးကောက်နေသော စစ်သည်တို့၏ နေ့စဉ် သက်သာချောင်ချိရေး

ပေးပို့သူ - ဝေဟင် (တပ်မတော်လေ အရာရှိတစ်ဦး)


စာဖတ်ပရိတ်သတ်များခင်ဗျား

ယနေ့ စစ်အာဏာရှင်တွေက စစ်သည်များအား ရိက္ခာစိုငွေ၊ ရိက္ခာခြောက်နှင့် လစာများ အပေါ် ကျပ်ငွေ (၂၀၀၀၀) ထပ်မံ တိုးပေးလိုက်သည်ကို တာဝန်ကျေပြီဟု မျက်နှာလွဲခဲပစ် သဘောထားကြပုံ၊ အောက်ခြေ အရာရှိ/စစ်သည်များအနေဖြင့် ရရှိသော ရိက္ခာစိုငွေဟာ ကျပ်ငွေ (၃၀၀) တိုးလိုက်သော်လည်း ချင့်ချိန်သုံးနေရပြီး အထူးသဖြင့် မိသားစုများသော အိမ်ထောင်သည်များ အဖို့ အကြွေး သံသရာထဲမှ ရုန်းမထွက်နိုင်သေးပုံ တွေကို ဆောင်းပါးတစ်ပုဒ် အဖြစ် ပင်တိုင် ဆောင်းပါးရှင် တပ်မတော် (လေ) အရာရှိ ဝေဟင်မှ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျွန်တော်ကိုဖိုးတရုတ်က တပ်မတော်(လေ) အရာရှိ ဝေဟင်အား အထူး ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြု မှတ်တမ်းတင် ဖေါ်ပြအပ်ပါတယ် ခင်ဗျား။

ကကနကောင်စီ၏ (၃၁/၁၂/၂၀၀၉) ရက်စွဲပါ အထူးအမိန့်အမှတ် ၄/အထူး/၂၀၀၉ အရ စစ်ရေးချုပ်ရုံး၏ စာအမှတ် ၁/၅၄၄/ရေး ၂ (ဂ) ဖြင့် ၂၀၁၀ ခုနှစ် ဇနိန၀ါရီလ (၁) ရက်နေ့မှ စတင်ကာ အောက်ခြေ အရာရှိ/စစ်သည်များအား အခြေခံလစာကို ကျပ်ငွေ (၂၀၀၀၀) ကျပ်စီ တိုးမြှင့်ပေးပြီး နေ့စဉ် သက်သာချောင်ချိရေး ထောက်ပံ့ငွေအဖြစ် တစ်နေ့လျှင် ၃ဝဝ ကျပ် ပေးရန် ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်စာ ထုတ်ပြန်လာသည်ဟု သိရပါသည်။




တပ်မတော်မှ အရာရှိ/စစ်သည်များ၏ တိုးလိုက်သည့် လစာနှုန်းထားကို ကြည့်လျှင် ယခုလက်ရှိ ကုန်ဈေးနှုန်းနှင့် မည်သို့မျှ မလောက်ငှနိုင်သည်ကို ရှင်းရှင်းလင်းလင်း သုံးသပ် တင်ပြလိုပါသည်။ စစ်အာဏာရှင်တို့က စစ်သည် များအား သက်ဆိုင်ရာ တပ်ပိုင်နယ်မြေများတွင် စပါး၊ ၀ါ၊ ပဲ၊ ငရုတ် စိုက်ခိုင်းပြီး အလွယ်လိုက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ ယခင်က ရိက္ခာ ဆန်၊ ဆီ၊ ပဲ၊ ငရုတ်၊ သကြား၊ နို့ဆီ၊ လက်ဖက်ခြောက်၊ ဆနွင်း စသော အမယ်စုံ ထုတ်ပေးရာမှ ယခု ဆန်၊ ဆီ၊ သကြား၊ နို့ဆီ တို့ကိုသာ အနိုင်နိုင်ပေးပြီး၊ ကျန်ရိက္ခာခြောက်များကို ငွေသားအနေနှင့် ပြောင်းပေးရာ တစ်ရက် ၄၈ ကျပ် ရပါသည်။ ရိက္ခာစိုကြေး ၃၀၀ ကျပ်နှင့် ပေါင်းသော် တစ်ရက်စာ ရိက္ခာဖိုးငွေမှာ ၃၄၈ ကျပ် ဖြစ်ပါသည်။ ထို့ကြောင့် ရက် (၃ဝ) ရှိသော တစ်လ အတွက် စစ်သည်တစ်ဦးရသော ရိက္ခာစိုငွေမှာ (၁၀၄၄ဝ) ကျပ် ဖြစ်ပါသည်။

ဤငွေပမာဏမှာ လူပျိုစစ်သည်ဆိုလျှင် စားရိပ်သာက အကုန်သိမ်းသွားသောကြောင့် လူပျို စစ်သည်အနေနှင့် လစာကိုသာ သုံးရန် ကျန်ပါသည်။ အိမ်ထောင်သည် စစ်သည်များ အတွက်သာ (၁၀၄၄ဝ) ကျပ် နီးပါး မီးဖိုချောင်စရိတ် ရခြင်းဟု ဆိုရပါမည်။ အမှန်တကယ်အားဖြင့် ရသောလစာနှင့် ထို (၁၀၄၄ဝ) ကျပ်ခန့်သည် လက်ရှိကုန်ဈေးနှုန်းကို လုံးဝ ရင်မဆိုင် နိုင်ပါ။ အိမ်ထောင်သည် စစ်သည်များအနေဖြင့် ဆန်၊ ပဲ၊ ငရုတ် စသည့် ရိက္ခာပစ္စည်းများ ထုတ်ပေးလျှင် လိုင်းခန်းထဲထိ ပါသော်လည်း ၎င်းရိက္ခာများအစား ပိုက်ဆံ ထုတ်ပေးသောအခါ ရုံးခန်းအပြင်ရောက်သည်နှင့် အကြွေးရှင်များက ဆီးကြို တောင်းကြသောကြောင့် လိုင်းခန်းထဲထိ မပါတော့ပါ။ ပိုက်ဆံထက် ရိက္ခာပေးသည်က ပို၍ အဖတ်တင်သည်။ ရိက္ခာကို ရောင်းဖို့ပင် စစ်သည်များ စိတ်မကူးရဲကြပါ။

လက်ရှိ ကုန်ဈေးနှုန်းအရ ၉-၁-၂၀၁၀ ရက်နေ့ ပြင်ပပေါက်ဈေး စားအုန်းဆီ တစ်ပိဿာ (၃၅၀၀) ကျပ်ဝန်းကျင်၊ ရိုးရိုးဆန် တစ်ပြည်လျှင် (၇၀၀) ကျပ် ၀န်းကျင်၊ ပဲ တစ်ပြည်လျှင် (၁၆၀၀) ကျပ်၊ ၀က်သား တစ်ပိဿာလျှင် (၄၈၀၀) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၁၀၀) ကျပ် ၀န်းကျင်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၆၀၀) ကျပ် ၀န်းကျင် ရှိနေရာ တိုးမြှင့်လိုက်သည့် လစာဖြင့် ၀ယ်ယူနိုင်စွမ်း မရှိသေးကြောင်း သုံးသပ်ရပါသည်။ ကုန်ဈေးနှုန်းမြှင့်မားမှုကြောင့် တစ်ပတ်လျှင် အသားဟင်း တစ်ခွက်ကိုမျှ စားသုံးနိုင်ခြင်း မရှိရုံမက ပေးလိုက်သည့် နို့ဆီကို ရောင်းစားပြီး အပိုငွေ ဖန်တီးယူရပါသည်။ မိသားစုများ သော အိမ်ထောင်သည် စစ်သည်များအဖို့ တပ်တွင်း သက်သာချောင်ချိရေးဆိုင်မှ မည်သို့ပင် အကြွေးစနစ်ဖြင့် ရောင်းစေ ကာမူ ၀ယ်ယူ စားသုံးနေရတာကြောင့် ကြပ်တည်းလှပါသည်။

တပ်၏ အကြွေးယူ စနစ်အရ အိမ်ထောင်သည်များ အနေဖြင့် လစဉ်လတိုင်း အကြွေးယူသည့်အကြိမ် များလာသောအခါ တပ်တွင်း သက်သာချောင်ချိရေးဆိုင်များက ၀ယ်ယူခွင့်အား ပိတ်ပင်လိုက်ရသည့်အထိ ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရပါသည်။ ထိုအခါ အဆိုပါ အိမ်ထောင်သည်များသည် ပြင်ပဆိုင်များတွင် အတိုးနှုန်းမြှင့်မားစွာဖြင့် ၀ယ်ယူစားသုံး နေရသည့်အတွက် အကြွေးသံသရာ ၀ဲဂယက်ထဲမှာ နစ်သထက် နစ်နေပါတော့သည်။

ထိုမျှမက အောက်ခြေ အရာရှိ/စစ်သည် အိမ်ထောင်သည်များ ထပ်မံကုန်ကျမည့် စရိတ်များ အနေဖြင့် တပ်တွင်းမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝတ်စုံ၊ ရဲမေစစ်ရေးပြ ၀တ်စုံ၊ ဓမ္မစင်္ကြာ ၀တ်ရွတ်အသင်း ၀တ်စုံ၊ အမျိုးသမီးရေးရာဝတ်စုံ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝတ်စုံ၊ VIP ကြိုဆိုရေး ၀တ်စုံ တို့ရှိရာ စက်မှု (၁) ထုတ် အညံ့စား တစ်စုံပင်လျှင် (၇၀၀၀) ကျပ် နှုန်းဖြင့် (၆) စုံ အတွက် (၄၂၀၀၀) ကျပ် ကုန်ကျသွားပြီ ဖြစ်ပါသည်။

စစ်ရေးပြ၊ လက်နက်ငယ်မွမ်းမံ စသော ၂ ခါ၊ ၃ ခါမက အကြိမ်ကြိမ်တက်နေရသည့် သင်တန်းများသို့ ဒဏ်မခံနိုင်သည့်အဆုံး လူစားထိုးတက်ရန် ငှားရသောကိစ္စများ၊ သင်တန်းသွားလျှင် ၀ရမ်းဖြင့် သွားရသည် ဆိုသော်လည်း တချို့ခရီးစဉ်များမှာ သတ်မှတ်ရက် အရောက်နီးကပ်နေခြင်းနှင့် အမြန်ရောက်နိုင်မည့် ယာဉ်များအတွက် အကျုံးမ၀င်သဖြင့် အပိုဆောင်း ထပ်မံကုန်ကျခြင်း၊ လမ်းခရီးတွင် စားသုံးရသည့် ထမင်းစားရိတ် ကုန်ကျခြင်းနှင့် သင်တန်းကျောင်းတိုင်းလိုလို ကျွေးမွေးသည့် ထမင်းဟင်းများ နေ့စဉ် မစားနိုင်သည့်အတွက် ပြင်ပတွင် စားသည့်ကုန်ကျစရိတ်၊ သင်တန်းတွင် စာရေးကိရိယာများ ၀ယ်ယူမှု ကုန်ကျစရိတ် စသည့် သင်တန်းဆိုင်ရာ ကုန်ကျစရိတ် စုစုပေါင်း တစ်လလျှင် အရာရှိတစ်ဦး (ဥပမာ - တပ်စုမှူးသင်တန်း) အနေဖြင့် လစာအပြင် တစ်သိန်းခွဲကျပ် အနည်းဆုံး ကုန်ကျခြင်း၊ တပ်မတော်နေ့နှင့် အခြားသြ၀ါဒ ခံယူပွဲ၊ စစ်ရေးပြအခမ်းးအနား များသို့ နှစ်စဉ် လိုက်ပါနေရသောအခါ မိသားစုကိစ္စများ လှစ်ဟင်းလွန်းသဖြင့် လူငှားလိုက်ခိုင်းရသည့် ကိစ္စများ၊ တပ်ပြင် လုပ်အားပေးဆိုပါက လူစားငှားးရသည့်အတွက်ကြောင့် တစ်နေ့လျှင် (၁၅၀၀) ကျပ် ပေးရခြင်း စသည်တို့အတွက် ကုန်ကျစရိတ်များကလည်း လူမသိ သူမသိ တတိတိ ကုန်ကြရပါသေးသည်။

လစာမလောက်သည်ကို သိနေကြသည့်တိုင် ဗိုလ်ချုပ်ကြီးများ တပ်စစ်လာစဉ် တင်ပြစရာများ တင်ပြကြဟု တာဝန်အရ မေးစေကာမူ မည်သူမျှ မတင်ပြရဲပါ။ တင်ပြမည်ကြံတိုင်း နှိပ်ကွပ်ခံရမည်ကို အလိုလို သိနေကြပါသည်။ စစ်သည်တော် ကျင့်ဝတ်တွင် “ဝင်ငွေနှင့် ထွက်ငွေ ညီပါစေ” ဟု ဆိုထားရာ တုန့်ပြန်ပြောမည်ကိုလည်း ကြောက်နေကြရပါသည်။ သို့သော်လည်း အမှန်တရားသည် ဖုံးကွယ်၍ မရသဖြင့် စစ်သည်များ၏ လစာ မလောက်ငှမှုကို မဖြစ်စလောက် ပမာဏဖြင့် ထောက်ပံ့သည်ဟု ခေါင်းစဉ်ပြလာပါတော့သည်။

သင်တန်းတက်၊ အဝေးတာဝန် (T - Duty) သွားသူများအတွက် ထိုထောက်ပံ့ငွေကို တပါတည်း ထည့်ပေးလိုက်ရပြီး အိမ်ထောင်သည်များအတွက် မိခင်တပ်မှာပင် ထုတ်ပေးရမည်ဟု ဆိုပါသည်။ လက်တန်းညွှန်ကြားချက် ဖြစ်သည့်အပြင် အထက် ဌာနများအနေနှင့် သူတို့ စိုက်ထုတ် မပေးရအောင် တပ်များ၏ တပ်ရင်းရံပုံငွေများမှ ပေးစေခြင်းကလည်း မျက်နှာလွဲခဲပစ် ခိုင်းစေခြင်းသာ ဖြစ်ပါသည်။ တချို့တပ်များ အနေနဲ့ တကယ်ရ မရတော့လည်း မသိပါ။ ကျွန်တော်က ကြားသာကြား၍ အထက်အကြီးအကဲအား မမေးလိုသောကြောင့် တပ်ရေးဗိုလ်ကြီးကို မေးတော့ “အကိုကြီးရေ အဘသဘော၊ အဘသဘော ညွှန်ကြားချက်ကို တောမှာ သွားပြော” တဲ့။ ဟုတ်ကဲ့ ကျွန်တော်တော့ “စည်းလုံးခြင်းရဲ့  အင်အား” မှာ ပြောလိုက်ပါပြီ ခင်ဗျား။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

ဗိုလ်ချုပ်မှူးကြီး၏သမီး နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက်

စိုးမိုး

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးတဦးဖြစ်သူ ဒေါ်သန္တာရွှေသည် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အင်္ဂလိပ်စာ အထူးပြု သင်တန်း တက်ရောက်မည်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၄) ရက်နေ့က စတင်ဖွင့်လှစ်သည့် ရန်ကုန် နိုင်ငံခြားသာသာတက္ကသိုလ် တက်ရောက်ခွင့်အတွက် ၀င်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ခြင်းမရှိဘဲ ယခု သင်တန်းဖွင့်ပြီး (၁) လကျော်ကြာမှ ကျောင်းတက်ရောက်မည်ဖြစ်သည်။

“သူကျတော့ ၀င်ခွင့်လည်း ဖြေစရာမလိုဘူး။ ကျောင်းဖွင့်တာကကြာပြီ။ အခုမှတက်ရင် ကျောင်းခေါ်ချိန် သူ (၇၅) ရာခိုင်နှုန်း ပြည့်မှာ မဟုတ်ဘူး။ ဟိုတခါ မင်္ဂလာဆောင်တဲ့တယောက်။ သူကြောင့်လေ အတန်းပြောင်းရတာ” ဟု ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တက်ရောက်နေသူတဦးက ပြောသည်။

ဒေါ်သန္တာရွှေ ကျောင်းတက်မည် ဖြစ်သဖြင့် ၎င်းတက်ရောက်မည့် အင်္ဂလိပ်စာ ဒီပလိုမာ သင်တန်းခန်းကို စာသင်ခန်း Hall 1 နှင့် Hall 2 မှ ကျောင်းသားနည်းသည့် LRC ကျောင်းဆောင်သို့ စာသင်ခန်းကို ယမန်နေ့က ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

“ဒီနေ့ စကျောင်းတက်မယ် ပြောတယ်။ ဒါပေမယ့် ဒီနေ့မရောက်လာဘူး။ ပုံမှန်အားဖြင့်တော့ စာသင်ရင် ဆရာ ဆရာမက ကျောင်းသားကို ကြပ်မတ်တာပေါ့။ ကျောင်းချိန်ပြည့်အောင်၊ စာလုပ်အောင် သူ့ကိုတော့ ဘယ်လို သင်ရမလဲ မသိသေးဘူး” ဟု ယင်းတက္ကသိုလ်မှ ဆရာမတဦးက ပြောကြားသည်။

နှစ်စဉ် ဖွင့်လှစ်နေသည့် အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းမှာ ကျောင်းလခ (၁၃,၀၀၀) ကျပ်သာ ကျသင့်ပြီး ဒီပလိုမာ လက်မှတ် ရရှိခြင်း၊ မဟာတန်း ဆက်လက် တက်ရောက်နိုင်ခြင်းတို့ကြောင့် ငွေကြေးတတ်နိုင်သည့် ဘွဲ့ရကျောင်းသားများ တက်ရောက်မှု များသည့် သင်တန်းတခုဖြစ်သည်။

ယခုနှစ် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် အင်္ဂလိပ်စာ ဒီပလိုမာသင်တန်း ၀င်ခွင့်ရ ကျောင်းသူ ကျောင်းသား (၁၄၇) ယောက် ရှိပြီး ယင်းစာရင်းထဲတွင် ဒေါ်သန္တာရွှေ မပါဝင်ကြောင်း သိရသည်။

လက်ရှိ သင်တန်းတက်ရောက်နေသော ကျောင်းသား ကျောင်းသူများကမူ ဗိုလ်ချုပ်မှူးကြီး၏ သမီးကို ဆရာ ဆရာမများ မည်သို့ စာသင်ကြားမည်၊ ပါမောက္ခများ မည်သို့ ဆက်ဆံမည်ကို စိတ်ဝင်စားနေကြသည်။

“အပေါက်ဆိုးပြီ ခဏခဏ ရစ်တဲ့ဆရာမတွေ သူ့ကို ဘယ်လိုစာသင်မလဲ သိချင်လိုက်တာ” ဟု ယူအက်ဖ်အယ်လ် ခေါ် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက်နေသူ ကျောင်းသူက ပြောကြားသည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ အထက်တန်းကျောင်းများ ကဲ့သို့ စည်းကမ်း တင်းကျပ်လှပြီး ကျောင်းချိန် နံနက် (၉) နာရီမှ ညနေ (၃) နာရီခွဲ အတွင်း ကျောင်းသားများ ကျောင်းပြင် မထွက်စေရန် အလုံပိတ် ကန့်သတ်ထားသည့် ကျောင်းဖြစ်သည်။

တက္ကသိုလ်အားလုံး မြို့ပြင်သို့ ပြောင်းရွှေ့လိုက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တော်တွင်း တက္ကသိုလ်အဖြစ် လူကြိုက်များလာပြီး စည်းကမ်းကြီးလှသည့် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်ကမူ ဗိုလ်ချုပ်မှူးကြီး၏သမီး ကျောင်းလာတက်ပါက ကျောင်းသား ကျောင်းသူများကြား စည်းကမ်းများ လျှော့ပေါ့ပေးလာရဖွယ် ရှိကြောင်း ယူဆနေကြသည်။

ယူအက်ဖ်အယ် ပါမောက္ခချုပ် ဦးမျိုးမြင့်ဖြစ်ပြီး အင်္ဂလိပ်စာ ဌာနမှူးမှာ ဒေါ်သီတာဦး ဖြစ်ကြောင်း သိရသည်။


မူရင်းလင့်ခ်

အပြည့်အစုံ ဖတ်ရန် ...

နအဖ စစ်ယာဉ်တန်း အစီး ၁၀၀ ခန့် သျှမ်းပြည်အလယ်ပိုင်းသို့ တက်ဖြည့်တင်း

တနင်္ဂနွေနေ့၊ 17 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း အရှေ့ပိုင်း အပစ်ရပ်တပ်ထိန်းချုပ်ဒေသများဆီသို့ နအဖ စစ်ယာဉ်တန်း အများအပြား တက်လာ ကြောင်း SSA လွယ်တိုင်းလျဲန်းဌာနချုပ် သတင်းရပ်ကွက်က ပြောပါသည်။

“တပ်မ ၅၅ (ကလော) နည်းဗျူဟာ ၅၅၃ က စစ်ကားအစီး ၈၀ လောက် တောင်ကြီးကနေ မိုင်းကိုင်ဘက်တက်သွားတယ်။ တပ်မ ၃၃ လဲ ကျေးသီးဘက်သွားတယ်”- ဟု SSA ဌာနချုပ် အရာရှိတဦးက ပြောပါသည်။


တရုတ်လုပ် တုန်းဖုန်း အမျိုးအစား နအဖ စစ်ကား

ဇန္ဖ၀ါရီ ၁၃ ရက် နေ့ တပ်မ ၅၅ (ကလော) ၊ တပ်မ ၃၃ (ရွာထောင်) တို့မှ စုစုပေါင်း နအဖ စစ်ယာဉ်တန်း အစီး ၁၀၀ ထက် မနည်း သျှမ်းပြည်အလယ်ပိုင်းသို့ တက်သွားခြင်းဖြစ်ပြီး၊ လက်နက်ခဲယမ်း စစ်ပစ္စည်း/ရိက္ခာ နဲ့ စစ်သားတချို့ တင်ဆောင် သွားကြောင်း ၊ “ကားအစီးရေများပေမဲ့ တပ်မ နှစ်ခု ထဲက တပ်အင်အားက နည်းဗျူဟာ ၂ ခုဘဲ သွားတယ်တဲ့၊ လူသူ လက် နက်အင်အား ၄၀၀ ကျော်နိုင်တယ်” - ဟု တောင်ကြီး - မိုင်းကိုင် - ကျေးသီး ခရီးသွားကုန်သည်တဦးက ပြောပါသည်။

“တပ်မ ၃၃ က နည်းဗျူဟာတခု ၊ စစ်ကား အစီး ၂၀ တဲ့။ ကျေးသီးမြို့ကနေ မိုင်းနောင်- မိုင်းရှူးဘက်တချို့ဆက်သွား တယ်။ တချို့သံလွင်ကူးတို့ဆိပ်အထိဆင်းသွားပြီး ၀ နယ်ခြား မော်ဖှာ့ဘက်ကူးသွားတာလဲရှိမယ်လို့ လဲပြောနေတယ်” - ဟု လည်း မိုင်းနောင်မြို့ခံတဦးက ပြောပါသည်။

ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သော သျှမ်းပြည်တပ်မတော် SSA မှ (သျှမ်းပြည်အလယ်ပိုင်းလှုပ်ရှားနေသော) တပ်မှူး တဦးက နအဖ စစ်ယာဉ်တန်းချီတက်လာမှု အကြောင်းရင်း သုံးခု ရှိနိုင်ကြောင်း -

၁။ အပစ်ရပ် သျှမ်း နှင့် ၀ ထိန်းချုပ်နယ်မြေအကြား ဖြတ်တောက်လိုခြင်း၊ အထူးသဖြင့် အပစ်ရပ် SSA တပ်မဟာ ၁ နှင့် တပ်မဟာ ၇ ကြား - ကြားခံလှုပ်ရှားဖြတ်တောက်လိုခြင်း။

၂။ အပစ်ရပ် SSA ထိန်းချုပ်နယ်မြေ နှင့် ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် SSA ထိန်းချုပ် နယ်မြေကြားပိတ်ဆို့ ထားလိုခြင်း။

၃။ အပစ်ရပ် SSA ၊ ၀ ပြည်သွေးစည်းရေးတပ်မတော်၊ မိုင်းလားတပ်ဖွဲ့များ ကူးလားဝင်ထွက်မှု အဆက်အသွယ်မလုပ်နိုင်စေရန် ဖြတ်တောက်လိုခြင်းများ ဖြစ်နိုင်ကြောင်း - သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။

သျှမ်းပြည်မြောက်ပိုင်း စစ်ရေးသုံးသပ်သူတဦးကလည်း ယခုလ ၈-၁၅ ရက်နေ့ကလည်း မန္တလေး - မေမြို့ ဘက်မှ လားရှိုး သိန္နီ၊ ကွတ်ခိုင်၊ ကွန်လုံ - ဟိုပန် ဘက်တက်သွားသော နအဖ စစ်ယာဉ်တန်း တရက်အနည်းဆုံး ၁၅-၂၀ စီးခန့် ရှိကြောင်း၊ လက်ရှိအနေအထားများ ပေါင်းစပ်ကြည့်ပါက အပစ်ရပ်တို့ အပေါ် ချက်ခြင်းလက်ငင်းထိုးစစ်ဆင်နိုင်မည့် အလားအလာ မရှိသေးသော်လည်း ယုံကြည်စိတ်ချရမည့် အနေအထား မဟုတ်ကြောင်း၊ နဂိုထက် ပိုမိုပြင်ဆင်သတိထား ရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုပါသည်။


မူရင်းလင့်ခ်

အပြည့်အစုံ ဖတ်ရန် ...

အကျယ်ချုပ် သက်တမ်းပြည့်တော့မည့် ဦးတင်ဦး ပြန်လွတ်မည်လော

မိုးမခအထောက်တော် အမှတ် ၀၀၆
ဇန်န၀ါရီ ၁၇၊ ၂၀၁၀


လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးတင်ဦး။ ယခုအခါ
၎င်းတို့ ၂ ဦး စလုံး ထိန်းသိမ်းခံနေရသည်။


NLD ခေါင်းဆောင်တယောက်ဖြစ်သူ ဦးတင်ဦးသည် အကျယ်ချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် အာဏာပိုင်တို့က မည်သို့ ဆက်လက်ကိုင်တွယ်မည်ကို နိုင်ငံရေး လေ့လာသူများက စိတ်ဝင်စားနေကြသည်။

“နောက်လ ဖေဖော်ဝါရီလ ၁၄ ရက်ဆိုရင် အခု နေအိမ်အကျယ်ချုပ်က ၆ နှစ် ပြည့်ပြီလေ၊ အဲဒီတော့ ကျနော် နားလည်တာကတော့ နေအိမ် အကျယ်ချုပ်ဆိုတာ ၆ နှစ်အထိပဲ သက်တမ်း ရှိတယ်။ အဲဒီမှာ သက်တမ်းကုန်ဆုံးမယ်” ဟု ဦးတင်ဦး၏ သားဖြစ်သူ ကိုသန့်ဇင်ဦးက DVB သတင်းဌာနသို့ ကြာသပတေးနေ့တွင် ပြောသည်။

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် အရေးယူခံထားရသော သူ၏ ဖခင်သည် ထိုဥပဒေအရ အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြီးဆုံးတော့မည်ဖြစ်ကြောင်း ကိုသန့်ဇင်ဦး ပြောသွားခြင်း ဖြစ်သည်။

ထိုဥပဒေအရ ဦးတင်ဦး ပြန်လည် လွတ်မြောက်လာဖွယ်ရှိသည်ဟု ယူဆသူများ ရှိသည်။ တချို့ကလည်း အာဏာပိုင်တို့က သူ့ကို တနည်းနည်းဖြင့် ဆက်လက် ထိန်းသိမ်းထားဦးမည်ဟု ခန့်မှန်းကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ပုဒ်မတခုဖြင့် စွဲချက်တင်ကာ ထပ်မံထိန်းသိမ်းခဲ့ခြင်းကို ၎င်းတို့က ထောက်ပြကြသည်။

ဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တဦးဖြစ်သည်။ ၂၀၀၃ ခုနှစ် မေလ က သူ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အဖွဲ့ချုပ်၏ မော်တော်ယဉ်တန်းသည် ဒီပဲယင်းမြို့ပြင်ရှိ အင်အား ၅၀၀၀ ခန့်ရှိသော လူအုပ်ကြီး၏ တိုက်ခိုက်ခြင်း ခံရသည်။

ဦးတင်ဦး နှင့် ဒေါ်စုသည် ထိုအချိန်မှစပြီး အထိန်းသိမ်းခံခဲ့ရသည်။ ဒေါ်စုက အင်းစိန်ထောင်သို့ ရောက်သွားပြီး ဦးတင်ဦးက စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်သို့ ရောက်သွားသည်။

နောက်ပိုင်းတွင် အာဏာပိုင်တို့က ၎င်းတို့ကို နေအိမ်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်။

ဤသို့ဖြင့် ဦးတင်ဦးသည် ကလေးမြို့ အကျဉ်းထောင်တွင် ၉ လကြာ နေခဲ့ရပြီး ၂၀၀၄ ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်သို့ ရောက်သွားခြင်းဖြစ်သည်။

ယခုအခါ ဦးတင်ဦးသည် အသက် ၈၃ နှစ် ရှိပြီဖြစ်သည်။

ဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အများ၏ လေးစားခြင်းကို ခံရသူ ဖြစ်သည်။


မူရင်းလင့်ခ်

အပြည့်အစုံ ဖတ်ရန် ...