Saturday, February 28, 2009

'လူ့အခွင့်အရေး'' တောင်းသူ တိုက်ပိတ်ခံရ (အင်တာဗျူး)

ဖနိဒါ
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 27 2009 18:14 - မြန်မာစံတော်ချိန်

ချင်းမိုင်(မဇ္ဈိမ)။ ။ ''လူ့အခွင့်အရေး ရရှိရေး - ဒို့အရေး'' ဆိုပြီး အင်းစိန် ထောင်ထဲတွင် အော်ဟစ်ကြွေးကြော်သဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်စည်း ဦးတင်ယုသည် အင်းစိန်ထောင်ထဲ၌ ဆက်လက်၍ တရားစွဲဆိုခံနေရသည်။

ပြစ်ဒဏ် ၇ နှစ် ကျခံနေရသည့် အသက် ၅၂ နှစ်အရွယ် သူ့အား ယခုလို ကြွေးကြော်သဖြင့် ထောင်အာဏာပိုင်များက တိုက်ပိတ်ထားသည်မှာလည်း ၃ ခန့် ကြာမြင့်နေပြီဖြစ်သည်။

သူက ၂ဝဝ၇ ခုနှစ် မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲသို့ သွားသဖြင့် ၄၃ ရက်ကြာ စစ်ကြောထိန်းသိမ်းခံရာမှ ပြန်လွတ်လာခဲ့သည်။

ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် အာဏာပိုင်များက လာရောက်ဖမ်းဆီးကာ၊ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တံခါးပိတ် တရားခွင်က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေး မကောင်းသည့်အပြင် တိုက်ပိတ်ခံနေရသဖြင့် မိသားစု စိုးရိမ်သောက ဖြစ်နေကြရသည်။

အခြေအနေ အသေးစိတ်ကို မဇ္ဈိမသတင်းထောက် ဖနိဒါက ဦးတင်ယု၏ သမီးဖြစ်သူ မသင်းသင်းယုကို ဆက်သွယ်မေးမြန်းထားပါသည်။

ဦးတင်ယု တိုက်ပိတ်ခံရတယ်လို့ ကြားတယ်၊ အဲဒါ ဟုတ်ပါသလားရှင်။

ဟုတ်ပါတယ်၊ ကြာပြီ။ သူတို့ကို နောက်ပိတ်ဆုံး အမိန့်ချမယ့် နေ့ပေါ့။ ၁၃ ရက် ၁၁ လ ၂ဝဝ၈ ခုနှစ်ကနေ ပိတ်တာ။ အခုထိ ပိတ်ထားရတယ်။ နောက်တော့လည်း တနေကုန်မှ လမ်းလျှောက်ခွင့် ၄၅ မိနစ်ပဲ ပေးတယ်။ ကျန်းမာရေး မကောင်းဘူး။ အခုလည်း တိုက်ပိတ်တုန်း။

ဘာကြောင့်မလို့ တိုက်ပိတ်တယ်ဆိုတာ ပြောပြပါလားရှင်။

ဘာဖြစ်လို့လဲဆိုတော့ အဖေတို့ တိုက်ကနေ အင်းစိန်ထောင်ထဲမှာပဲ ရုံးထုတ်တာပေါ့နော်။ အဲဒါကို သူတို့ ၁ဝ ယောက်ထဲက ၃ ယောက် ကိုရန်နိုင်ထွန်း၊ အောင်မင်းနိုင် ခေါ် မီးသွေး၊ မျိုးကျော်ဇင်တို့က ထောင်ထဲမှာပဲ ထုတ်တာ။ ''ခြေချင်း မခတ်ပါနဲ့'' လို့ ပြောတာကို ထောင်ထဲက အရာရှိ တယောက်က ''မခတ်လို့ မဖြစ်ဘူး၊ ခတ်ရမယ်'' ဆိုပြီး အတင်းအဓမ္မ ရုံးထုတ်လိုက်တယ်။ အဲဒီမှာ အဖေက ''လူ့အခွင့်အရေး ရရှိရေး - ဒို့အရေး'' ဆိုပြီး ထအော်တယ်တဲ့။ ရုံးထုတ်ပြီး ပြန်လာတဲ့အချိန်မှာ တိုက်ပိတ်လိုက်တာတဲ့။

တိုက်ပိတ်ခံရတယ်ဆိုတာကို အမတို့က ဘယ်လို သိခဲ့ရသလဲရှင်။

အမတို့က ထောင်ဝင်စာ သွားတွေ့လို့ ရတယ်။ ရုံးမထုတ်ခင်မှာတော့ တပတ်တခါ သွားတွေ့တယ်။ တပတ်တခါ တွေ့တယ်။ အရင် တပတ် စနေနေ့က သွားတွေ့ခဲ့တယ်။

တိုက်ပိတ်ခံရတာက ဘယ်နှစ်ယောက်လဲ။ သူတို့ ၁၁ ယောက် တဖွဲ့လုံးလားရှင့်။

သူတို့အဖွဲ့ ၁၁ ယောက်ကနေ မိန်းကလေးတယောက်ကိုတော့ မြင်းခြံထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်။

ဦးလေးကို ဘယ်နှနှစ် ထောင်ချခဲ့ပြီး၊ ဘယ်လို အမှုတွေနဲ့ တရား ထပ်စွဲသေးလဲရှင့်။

အဖေက ''လူ့အခွင့်အရေး ရရှိရေး ဒို့အရေး'' ဆိုပြီးတော့ အော်တယ်ဆိုပြီး အခု အဲဒီလို အော်တဲ့အမှုကို ကျမ အဖေကို အမှု ထပ်စွဲလိုက်တယ်။ ဟိုတပတ်က အင်းစိန် ခရိုင်ရုံးကို ရုံးထုတ်မယ်၊ ရုံးထုတ်တယ်ပေါ့။ ပထမစွဲထားတဲ့ အမှုက ၇ နှစ်ခွဲ ကျပြီးပြီ။ အမတို့ အသိတယောက်က ဖုန်းဆက်လာတယ်။ အဖေ့ကို ရုံးထုတ်မယ်လို့ ပြောတယ်ပေါ့။ ကျမ သွားလိုက်တော့ ကျမ အဖေကို ပြန်သွင်းလိုက်တယ်လေ။ အခု မတ် ၃ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တယ်တဲ့။ ဘာပုဒ်မလဲ ဆိုတာတော့ ကျမ မသိသေးဘူး။ ပထမ ပြောထားတာက ဝတ္တတရား နှောင့်ယှက်မှုနဲ့ စွဲထားတယ်လို့တော့ ပြောတယ်လေ။ ရုံးထုတ်တာတောင် ကျမတို့ကို ပြောတာ မဟုတ်ဘူး။

နှိပ်စက်ခံနေရတယ်လို့ ပြောတာ ကြားရတယ်။ အဲဒါ ဟုတ်ပါသလားရှင်။

နှိပ်စက်ခံရတယ် ဆိုတာကတော့ တိုက်ပိတ်ထားတယ်။ တနေကုန်မှ ၄၅ မိနစ်ပဲ လမ်းလျှောက်ခွင့် ရတယ်။ တိုက်ပိတ်တယ်ဆိုတော့ တိုက်က အေးတယ်။ သမံတလင်းနဲ့ နေရတယ်ဆိုတော့ ကျန်းမာရေး မကောင်းဘူး။

ထောင်ဝင်စာရော ပုံမှန်တွေ့ခွင့်ရလား။ ပြီးတော့ ဘယ်လိုပုံနဲ့ တွေ့ရလဲ။ ဘယ်လောက်ကြာကြာ စကားပြောခွင့် ရလဲ။

အဖေနဲ့က နာရီဝက်ပေါ့နော်။ တခါတလေ မိနစ် ၂ဝ တွေ့လို့ ရတယ်။ အဖေ ပြောတယ်။ ''သမီး ပိုက်ဆံ မရှိတော့ဘူး'' တဲ့။ ကျမ စုထားတဲ့ ပိုက်ဆံ ၃ သောင်း ပေးထားတာ။ ''ဘာလို့ ကုန်တာလဲ'' လို့ မေးလိုက်တော့ ''အဖေ့မျက်လုံးကို အပြင်ဆေးခန်း ပြရတယ်'' တဲ့။ ''အဖေ့ပိုက်ဆံပဲ သုံးရတယ်၊ အခု ၂ ထောင်ပဲ ကျန်တော့တယ်'' လို့ ပြောတယ်လေ။ ''ကျမ ဒီတပတ်တော့ မပါခဲ့ဘူး။ နောက်တပတ်မှ ပေးမယ်'' လို့ ပြောတယ်လေ။ နက်ဖြန်ဆိုရင် ထောင်ဝင်စာ သွားတွေ့ရင်း ပိုက်ဆံ သွားပို့ရမယ်။

အဖေက ဘာဖြစ်လို့ ဖမ်းခံရတာလဲ။ ဘယ်ပုဒ်မတွေနဲ့ ထောင်ချခဲ့တာလဲ။

၂ဝဝ၇ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရယ်၊ အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲတက်ဖို့ လှိုင်သာယာက အထက ၃ ကျောင်း ရှေ့ကနေပြီးတော့ သူ့ဘာသာသူ အေးဆေး ပုတီးကိုင်ပြီးတော့ အေးအေးဆေးဆေး လမ်းလျှောက်တယ်။ ပြီးတော့ တံတားဖြူ မှတ်တိုင်ကြားမှာ အဖေ့ကို ဖမ်းလိုက်တယ်။ သူတို့ ရဲတွေက အကြမ်းဖက်ပြီးတော့ ဆွဲသွားတယ်။ အဲဒီတုန်းက အဖေက ကျောက်တန်း တပ်ရင်း ၇ မှာ ၄၃ ရက် နေခဲ့ရတာပေါ့နော်။ ၆ လပိုင်း သတင်းစာထဲမှာတောင် အတိအလင်း ကြေညာပါတယ်။

အဲဒီကိစ္စနဲ့ ၂ဝဝ၈ ခုနှစ် ၈ လပိုင်း ၂၈ ရက်နေ့ ညဘက် တနာရီကျော်၊ ၂ နာရီလောက်မှ လာဆွဲတယ်။ ''အထက်က ခိုင်းလို့ မနှစ်က ကိစ္စကို တရားစွဲခိုင်းလို့ ကျနော်တို့ လာခေါ်တာပါ'' တဲ့။ အဖေက ပြန်ပြောလိုက်တယ်၊ ''ကျောက်တန်း တပ်ရင်း ၇ မှာ ၄၃ ရက် နေခဲ့ရပါတယ်။ သတင်းစာမှာလည်း တရားဝင် လွတ်ပါတယ်''။ ''မှန်ပါတယ် အထက်က ခိုင်းလို့ လာခေါ်တာပါ'' လို့ ပြောတယ်လေ။ နောက်နေ့ မနက် ၁ဝ နာရီကျတော့ အဖေ့ကို တရားရုံးပေါ်တင်ပြီးတော့ တရားစွဲလိုက်တယ်။

ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။

ကျန်းမာရေး မကောင်းဘူး။ အရင်က အရိုက်ခံရတယ်လေ။ မျက်လုံးတဖက်နဲ့ ကိုယ်လက်တခြမ်း ကိုက်ခဲပြီးတော့ ထုံကျဉ်နေတယ်လို့ ပြောတယ်လေ။ အဲဒီ အရိုက်ခံရတဲ့ မျက်လုံးဒဏ်ကြောင့် ကျီးပေါင်းက ဖြစ်နေတာ။ အခုခွဲထုတ်လို့လည်း မရတော့ဘူး။ ခြစ်ထုတ်လို့လည်း မရတော့ဘူးတဲ့လေ။ အရွတ် သွယ်သွားတယ်လို့ ဆရာဝန်က ပြောတယ်လေ။ တနေ့က လူကြုံနဲ့ မှာလိုက်တယ်။ ဆေးဝါးဝယ်ခဲ့ဖို့ မှာလိုက်တယ်။ အဖေက လေရောဂါလည်း ရှိတယ်။ သွေးတိုးရောဂါလည်း ရှိတယ်။ ကျီးပေါင်းပါ တက်လာတယ်။

အဖေက မနှစ်က ၄ လပိုင်း ၄ ရက်နေ့မှာ ဘယ်သူမှန်း မသိတဲ့လူတွေက ခေါင်းမှာ ရိုက်တာ။ တံတားဖြူမှတ်တိုင်မှာလေ။ အဲဒီမှာ ချောင်းရိုက်ခံရတာ။ ကျမအဖေ ခေါင်းက ၂၃ ချက် ချုပ်ရတယ်။ အဲဒီဒဏ်ကြောင့် မျက်စိထိသွားတာလေ။

အမအနေနဲ့ အဖေကို တိုက်ပိတ်ထားတဲ့အပေါ် ဘာများ ပြောချင်ပါသလဲ။

ကျမက အဖေအတွက် စိတ်မကောင်းဘူး။ ကျန်းမာရေးအတွက် မကောင်းဘူး။ လေရောဂါ၊ သွေးတိုး၊ ကျီးပေါင်းရောဂါတွေ ရှိတယ်ဆိုတော့ ထောင်ဝင်စာ တပတ်တကြိမ် တွေ့တာ။ အမေ့မျက်နှာကို ကြည့်ပြီးတော့ စိတ်မကောင်းဘူး။

မနေ့က ကျမအမေက သထုံထောင်ကနေ ပြန်လာတယ်လေ။ ကျမ အကိုကို သွားတွေ့တယ်။ ကိုသန်းဇော်မြင့်ပေါ့နော်။ ခါးမကောင်းဘူး ပြောတယ်။ ခါးနာနေတယ်တဲ့။ အဖေရော၊ သားရောဆိုတော့ တနေ့ တနေ့ စိတ်မကောင်းပြီးတော့ နေမကောင်း ဖြစ်နေတယ်လေ။ အကိုတော့ ၁၄၃၊ ၁၄၅၊ ၁၅၂ နဲ့ စွဲပြီး ၉ နှစ်ခွဲ ချထားတယ်လေ။ သူ တနှစ်ပြည့်တဲ့နေ့ အဖေ့ကို လာခေါ်သွားတာ။ ၂ဝဝ၇ ၂၈ ရက် ၈ လပိုင်း ဖမ်းသွားတာ။ ဘုန်းကြီး အရေးအခင်းတုန်းကလေ။ တလအကြိုမှာ ဖမ်းသွားတာ။

မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, February 27, 2009

ဒေါက်တာ စင်သီယာမောင်အား မယ်တော်ဆေးခန်း အနှစ် (၂၀) ပြည့်နှင့်စပ်လျဉ်း၍ မေးမြန်းခြင်း

Friday, 20 February 2009 19:04 ရိုးမ ၃


ဒေါက်တာစင်သီယာမောင်နှင့် အင်တာဗျူး


အနှစ် (၂၀) ကာလအတွင်းမှာ ဒီဆေးခန်းကို ဦးဆောင်နေတဲ့ ဆရာမအနေနဲ့ ဘာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို အရင်ပြောပြပေးပါ။

ကျမတို့လုပ်ဆောင်နိုင်ခဲ့တဲ့ အတိုင်းအတာမှာတော့ အခြေခံအကျဆုံး ပြောမယ်ဆိုရင်တော့ မိခင်တွေ လုံခြုံစိတ်ချရတဲ့ နေရာမှာ ကလေးမွေးဖွားခွင့် ရရှိဖို့တို့၊ နောက်ပြီး အဓိကဖြစ်နေတဲ့ ငှက်ဖျားရေဂါတွေကို ကုသပေးနိုင်တာတွေ၊ နောက်ပြီးတော့ တချိန်တည်းမှာ စစ်ဘေးစစ်ဒဏ်ကြောင့် ဒီ … စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပေါ့နော် ဒုက္ခိတဖြစ်မှုတွေကို ခြေတုလက်တုဌာနတွေက တတ်ဆင်ပေးတာ၊ နောက်တော့ အသက်ကြီးရွယ်အိုတွေ၊ မမြင်မကန်းဖြစ်နေသူတွေကို မျက်စိအလင်းပြန်ရအောင် လုပ်ပေးနိုင်တာပေါ့နော်၊ ဒါတွေက ကျမတို့ ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေပေါ့၊

တချိန်တည်းမှာပဲ ကျမတို့ လူထုတွေကိုယ်တိုင်ကနေပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုစောင့်ရှောက်ရေးကိစ္စတွေကို စုစည်းဆောင်ရွက်ခြင်းအားဖြင့် လူမှုအခြေပြု အဖွဲ့အစည်းတွေကနေပြီးတော့ ကျမတို့ကို တတတ်တအားနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုးရေးတွေ၊ နိုင်ငံပြန်လည်တည်ထောင်ရေးတွေမှာ ပါဝင်နိုင်တယ်ဆိုတာကိုလည်း အားလုံးက အသိအမှတ်ပြု လက်ခံလာကြတယ်၊ ယုံကြည်လာကြတဲ့ အတွက်ကြောင့် ဒါတွေက ဒီဖြတ်သန်းမှုမှာ အောင်မြင်မှုတခုလို့ ပြောလို့ရပါတယ်။

ဒီအောင်မြင်မှုအပေါ်မှာ အခြေခံပြီးတော့ အနာဂတ်မှာ ဆရာမတို့အနေနဲ့ ဘာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲခင်ဗျား။

အနာဂတ်ကာလမှာ ဆောင်ရွက်နိုင်ဖို့ကကျတော့ ကျမတို့ တဦးချင်းစီရဲ့ တာဝန်ရှိမှုတွေနဲ့ စုဖွဲ့မှုတွေရဲ့ တန်ဖိုးတွေကို ပိုပြီးတော့ တန်ဖိုးထားလာဖို့၊ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြောင်းလဲမှုမှာ ကျမတို့ နိုင်ငံသားတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ဖြစ်စေ၊ နိုင်ငံတကာနဲ့ဖြစ်စေ၊ တခြားသော တိုင်းရင်းသားအဖွဲ့အစည်း၊ ဒီမိုကရေအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ ဒါ့ထက်ပိုပြီးတော့ နီးနီးကပ်ကပ်နဲ့ စုစုစည်းစည်း ဆောင်ရွက်နိုင်ဖို့ ကျမတို့ ဆက်လက် ကြိုးစားသွားမှာဖြစ်ပါတယ်။

ဒီနေ့ဆိုရင် ဆေးခန်းဟာ အနှစ် (၂၀) ကာလရှိသွားပြီပေါ့နော်၊ အဲဒီတော့ ဒီနေ့ဒီချိန်ခါမှာ ဆရာမအနေနဲ့ ရင်ထဲမှာရှိတဲ့စကား ဘာများပြောချင်ပါသလဲခင်ဗျား။

ကျမတို့ ဒီနယ်စပ်ကို ရောက်ရှိလာတဲ့အချိန်မှာလဲ … အထဲမှာရှိတုန်းက၊ ပြည်တွင်းမှာရှိတုန်းကပေါ့နော်၊ လွန်ခဲ့တဲ့ အနှစ် (၂၀) မှာ ကျမတို့ပြည်သူလူထုတွေရဲ့ ဆင်းရဲနွမ်းပါးမှုတွေ၊ ခွဲခြားဆက်ဆခံရံမှုတွေကို အခြေခံပြီးတော့ မခံချင်စိတ်တွေနဲ့ ဒီကို ရောက်ရှိလာကြတယ်၊ သို့သော်လည်း အရေးပေါ်တွေ့ကြုံရတဲ့ လက်ရှိအခြေအနေမှာရှိတဲ့ ကျမတို့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့၊ စိတ်ဓါတ်ခွန်အားတွေနဲ့ပဲ အခြေပြုပြီးတော့ ကူညီပံ့ပိုးတဲ့ အသိုင်းအဝိုင်းတွေနဲ့ ကျယ်ပြန့်လာအောင် ဆောင်ရွက်ပြီးတော့ ဒီထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ ကြိုးစားနိုင်ခဲ့ကြတယ်။

အစကတော့ ထိုင်းနိုင်ငံဟာ ကျမတို့ရဲ့ ယာယီခိုနားရာ နေရာတခုအနေနဲ့ပဲ ထင်ခဲ့တယ်၊ လက်ရှိမှာတော့ ကျမတို့ အနှစ် (၂၀) ဖြတ်သန်းမှုမှာ ဒါ့ထက်ပိုပြီးတော့ ဆိုးရွားတဲ့ လူထုတွေရဲ့ ပြဿနာတွေကို ပိုမြင်ရတဲ့အတွက်ကြောင့် စိတ်မကောင်းစရာတွေတော့ အများကြီးဖြစ်ပါတယ်၊ သို့သော်လည်း ကျမတို့ တဦးချင်းစီရဲ့တာဝန်ရှိမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တန်ဖိုးတွေကို ပိုပြီးတော့ သိနားလည်လာကြ တယ်လို့လည်း ယုံကြည်ပါတယ်၊ အဲဒီအပေါ်မှာ ကျမတို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဟာ တဦးချင်းစီရဲ့ တာဝန်ရှိမှုနဲ့ အရည်အသွေး မြင့်မားမှုတွေကိုလည်း ဆက်လက်ကြိုးစားသွားမှာဖြစ်သလို စုဖွဲ့မှုတွေကို တန်ဖိုးထားပြီးတော့ ကျမတို့ ညီညီညာညာ ဆက်လက် ဆောင်ရွက်သွားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

တနှစ်တာအတွင်းမှာ ဆရာမတို့အနေနဲ့ လူနာဦးရေ ဘယ်လောက်ကို ဆေးဝါးကုသမှုတွေ ပေးခဲ့ပါသလဲ၊ အဲဒီအထဲမှာ ဘယ်လိုလူနာမျိုးတွေ ပါသလဲ၊ မြန်မာပြည်အတွင်းပိုင်းက လူနာဘယ်လောက် လာရောက်ကုသပါသလဲ။

ဆေးခန်းစတည်ထောင်တဲ့အချိန်မှာ ကျမတို့ ကုသပေးတဲ့ လူနာအရေအတွက်ကတော့ ၁၇၀၀၊ ၁၈၀၀ ပတ်ဝန်းကျင်လောက် ရှိတယ်ပေါ့။ ဒီ ၂၀၀၈ ခုနှစ်ရဲ့စာရင်းအရ လူနာအရေအတွက်အရဆိုရင်တော့ ရှစ်သောင်းကျော် ရှိပြီးတော့ ရောဂါအရဆိုရင်တော့ ကိုးသောင်းကျော် တသိန်းနီးပါးလောက် ကုသပေးနိုင်တယ်။ အဲဒီအထဲမှာ အဓိကဖြစ်တဲ့ ငှက်ဖျားရောဂါနဲ့ကတော့ ခုနှစ်ထောင်လောက် ရှိတယ်၊ နောက် ကျမတို့ ကလေးမွေးဖွားပေးတဲ့ မိခင်များကတော့ နှစ်ထောင့်ခြောက်ရာလောက် ရှိပြီးတော့ ခြေတုလက်တုကတော့ နှစ်ရာကျော် ကျမတို့ တပ်ဆင်ပေးခဲ့တယ်၊ ဒီ ၂၀၀၈ ခုနှစ်မှာထဲမှာပဲ မျက်စိခွဲတဲ့ လူနာကလည်း ခြောက်ရာနီးပါးလောက် ရှိခဲ့ပါတယ်။

ဒီလိုမျိုး နေ့စဉ်နဲ့အမျှ လာရောက်ပြီးတော့ ဆေးဝါးကုသတဲ့ လူနာတွေကို ကြည့်မယ်ဆိုရင် တဖြေးဖြေးနဲ့ကတော့ ပြည်တွင်းထဲက လာတဲ့သူတွေက ၅၀% လောက်ထိ ရှိလာတာကို တွေ့ရတယ်၊ အထူးသဖြင့် ငှက်ဖျားရောဂါဟာဆိုလို့ရှိရင် ၇၀% လောက်က ပြည်တွင်းထဲက လာတာဖြစ်ပြီးတော့ ခွဲစိတ်ကုသဖို့လာတဲ့ လူနာ ၈၀% လောက်အထိက ပြည်တွင်းထဲက လာတာဖြစ်တယ်။

ဒီလောက်များတဲ့ လူနာအရေအတွက်ကို ကုသပေးဖို့အတွက် ဆေးဝါးနဲ့ ရန်ပုံငွေတွေကို ဆရာမတို့ ဘယ်လိုပုံစံနဲ့ ရှာဖွေပါသလဲ။

ဆေးဝါးရရှိဖို့တို့၊ စားနပ်ရိက္ခာ လုံလုံလောက်လောက်ရရှိဖို့၊ နေရာထိုင်ခင်းတွေ လုံလုံလောက်လောက်ရရှိဖို့တို့ ဆိုတွေတာကတော့ ကျမတို့အတွက် အမြဲတမ်း ရုန်းကန်နေရတဲ့ အခက်ခဲတွေဖြစ်ပါတယ်။ အထူးသဖြင့်တော့ နေ့စဉ်နဲ့အမျှ လူနာ၊ လူနာစောင့်နဲ့ (မိဘတွေနဲ့ အတူမနေရတဲ့) ကလေးများအတွက် ရိက္ခာတွေ ကူညီပံ့ပိုးတဲ့ အစီအစဉ်က တလကို လူ ၅၀၀၀ စာလောက်ကို ကျွေးမွေးရတဲ့ အစီအစဉ်မျိုးရှိသလို လူနာအခြေအနေကလည်း တနှစ်တနှစ်ကို ပုံမှန်တိုးလာနေတဲ့အတွက်ကြောင့် ပုံမှန်ရရှိတဲ့ အကူအညီတွေနဲ့က လူဦးရေရဲ့ ၆၀% လောက်ပဲ လက်လှမ်းမှီပါတယ်။

ကျန်တဲ့ ၄၀% ကတော့ ကျမတို့ နိုင်ငံတကာကနေ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကနေပြီးတော့ သူတို့က အွန်လိုင်းဒိုနေရှင်း (online donation) ကနေတဆင့် လှူဒါန်းတဲ့ပေါ်မှာ ကျမတို့က အရေးကြီးဆုံးနေရာတွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာမှာဖြစ်စေ၊ စားနပ်ရိက္ခာပိုင်းဆိုင်ရာမှာဖြစ်စေ အခြေခံကျဆုံးပိုင်းတွေလောက်ကိုပဲ ကျမတို့ ဆောင်ရွက်ပေးနိုင်ပါတယ်၊ ဒါ့ထက်ပိုပြီး ပြည့်ပြည့်ဝဝ စုံစုံလင်လင်ကိုတော့ ကျမတို့ ဆောင်ရွက်မပေးနိုင်သေးပါဘူး၊ အထူးသဖြင့်တော့ မဲဆောက်ဆေးရုံကြီးကို လွှဲပြောင်းပေးရမယ့် လူနာအခြေအနေမျိုးတွေ၊ ဒါမှမဟုတ် ကလေးများအတွက် အာဟာရ ပြည့်ဝလုံလောက်ဖို့ ဆိုတဲ့ အခြေအနေအားလုံးကို လက်လှမ်းမှီအောင်တော့ ကျမတို့ မလုပ်ပေးနိုင်သေးပါဘူး။

ဆေးခန်းစတည်ထောင်ခါစတုန်းက ထောင်ဂဏန်းကနေပြီးတော့ အခု အနှစ် (၂၀) ကြာတဲ့အချိန်မှာ သိန်းဂဏန်းအထိ လူနာဦးရေများလာတာ ဘာကြောင့်ပါလဲ။

ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ ဗမာပြည်သူလူထုတွေရဲ့ အခြေအနေကတော့ အရင်ထက်စာရင် ပိုပြီးတော့ဆိုးလာတာ တွေ့ရပါတယ်၊ အရင်တုန်းကတော့ အလုပ်လုပ်ဖို့လာတဲ့ လူတွေလောက်ပဲပေါ့နော်၊ နောက်ပိုင်းကျတော့ မိသားစုအလိုက် လာကြတာတွေ့ရသလို အခု ဒီ ၂၀၀၅ ခုနှစ်နောက်ပိုင်းလောက်မှာဆိုရင်တော့ တချို့တွေက ရွာတွေကို အပီးအပိုင် စွန့်ခွါလာကြတဲ့အဆင့်ထိ တွေ့ရတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ပြန်ဖို့ဆန္ဒရှိကြရင်တောင် ဘယ်ချိန်ပြန်မလဲဆိုတဲ့ မျှော်လင့်ချက်တွေတောင် မထားနိုင်တဲ့ အခြေအနေတွေကိုလည်း တွေ့ရတာပေါ့နော်။

နောက်ပြီးတော့ ပြည်တွင်းထဲကလာတဲ့ လူနာတွေအနေနဲ့ကျတော့လည်း ဆေးဝါးလာရောက်ကုသတဲ့အခါမှာ စောစောစီးစီးကို သူတို့ မလာနိုင်ကြသေးပါဘူး၊ အထူးသဖြင့်တော့ လမ်းခရီးစရိတ်အခက်အခဲ၊ လုံခြုံရေးအခက်အခဲတွေ ကြောင့်ပေါ့နော်၊ သူတို့က တအားကြီး ရေဂါပြင်းထန်မှ လာရတာမျိုး တွေ့ရတယ်၊ ဆိုတော့ ရောဂါချင်းနှိုင်းယှဉ်လို့ရှိရင် ပိုပြီးတော့ ဆိုးရွားတဲ့ ရောဂါတွေ၊ ပိုပြီးတော့ ရှုပ်ထွေးတဲ့ ပြဿနာတွေက ပြည်တွင်းထဲကလာတာ တွေ့ရတာပေါ့။

အဲဒီလို လူနာတွေ တနှစ်ထက်နှစ် တိုးလာတဲ့ကိစ္စကျတော့ ဘယ်လိုကိစ္စမျိုးတွေအပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပေါ်လာရတယ်လို့ ဆရာမအနေနဲ့ ယူဆရပါသလဲ။

ဒီလို လူနာတိုးပွားလာတယ်ဆိုတဲ့ အကြောင်းကတော့ ကျန်းမာရေး စောင့်ရှောက်မှုအရပေါ့နော်၊ ပြည်တွင်းထဲမှာဖြစ်စေ၊ ထိုင်းနိုင်ငံမှာပဲဖြစ်စေ၊ အထူးသဖြင့်တော့ ဆင်းရဲနွမ်းပါးတဲ့ လူတွေအတွက်၊ သို့မဟုတ် အတည်တကျ နေထိုင်ရတဲ့ ပြည်သူတွေအတွက်သာမကဘူး၊ ကိုယ့်တိုင်းပြည်မှာရှိနေတဲ့ အချိန်မှာတောင်မှ ကျမတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်ဝဝ မခံယူနိုင်တဲ့အတွက်ကြောင့်၊ လုံလုံလောက်လောက် မရရှိမှုအတွက်ကြောင့် ဒီဘက်ထိကို ရောက်ရှိလာတာလဲဖြစ်သလို၊ ဒီနယ်စပ်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ များလာတယ်၊ လုပ်ငန်းတွေ တိုးချဲ့လာတဲ့အခါမှာ ဒီလို လုပ်ငန်းတခုကို တိုးချဲ့လာတိုင်း၊ လုပ်ငန်းတခုကို တည်ဆောက်တိုင်းမှာ ဒီလုပ်ငန်းအပေါ်မှာ ဒီဝန်ဆောင်မှုပေါ်မှာ ခံယူဖို့ လူတွေကလည်း အဆင်သင့်ရှိနေတယ်ဆိုတာကို ပြောလိုက်တာပါပဲ၊ ဥပမာအားဖြင့် မိဘမဲ့ကလေးကျောင်းတကျောင်း ဖွင့်လိုက်ရင်လည်း ကလေးတွေအများကြီး ရောက်လာမှာပဲ၊ ငှက်ဖျားဌာနဖွင့်ရင်လည်း ငှက်ဖျားရောဂါသည်တွေ ရောက်လာမယ်၊ ခြေတုလက်တုဌာနဖွင့်လိုက်ရင်လည်း ခြေတုလက်တု လာတပ်ကြမယ်ဆိုတော့ ကျမတို့နိုင်ငံရဲ့ အခြေနေကတော့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ လူမှုထောက်ပံ့မှုတွေအားလုံးက ကျမတို့ပြည်သူလူထုတွေအတွက် ဘာမှမရှိဘဲနဲ့ ဆိတ်သုဉ်းနေတယ်ဆိုတာ ပြနေတာပါပဲ။


မှတ်ချက် ။ ။ http://www.yoma3.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 25, 2009

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို

Tuesday, 24 February 2009 19:50 ဧရာဝတီ

နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။

ဦးကျော်မြင့်

အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။

“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထားသည်။

“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။

“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့်အခါကမျှ ပတ်သက် ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။

မြန်မာ ပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။

ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 24, 2009

မြန်မာနိုင်ငံ၏ မူးယစ်ဆေးရောင်းရ၀င်ငွေ တနှစ် ကန်ဒေါ်လာ သန်း ၃၀၀၀ ထိရှိ

NEJ /၂၄ ဖေဖော်ဝါရီ ၂၀၀၉



မူးယစ်ဆေး၊ ဘိန်းဖြူနှင့် မက်တာအဖက်တမင်း ရောင်းရ သည့် မြန်မာနိုင်ငံ၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြားရှိကြောင်း အမေရိကန်သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ၂၀၀၈ ခု ဇွန်လတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြား ၀င်ငွေသည် မြန်မာနိုင်ငံ မူးယစ်ဆေး ရောင်းရငွေမှ နှစ်စဉ်ရငွေ ဒေါ်လာသန်း (၉၀၀) ကျော်ထိ ရှိနိုင်သည်ဟု ရန်ကုန် အမေရိကန်သံရုံးမှ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်း မှန်းထားချက်ထက် ပိုများနေသည်ဟုပါ အစီရင်ခံစာ၌ သုံးသပ်ထားသည်။

၂၀၀၂ ခုနှစ်တွင် မက်တာအဖက်တမင်း စိတ်ကြွဆေး ရောင်းချမှုမှရသည့် ၀လူမျိုးများ၏ ၀င်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၃၀၀) ခန့်ရှိမည်ဟု မှန်းထားပြီး အဆိုပါနှစ်တွင် ဘိန်းဖြူမှောင်ခို ရောင်းချမှုမှ ရငွေမှာ ကန်ဒေါ်လာ သန်း (၂၅၀) မှ သန်း (၃၀၀) ထိရှိနိုင်သည်ဟု မှန်းထားသည်။

၂၀၀၁ ခုနှစ်တွင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်များကြား သဘောတူညီချက်တွင် မူးယစ်ဆေးရောင်းချမှု၏ အမြတ် (၅၀) ရာနှုန်းကို မြန်မာစစ်တပ်အား ပေးရမည်ဆိုသည့် သဘောတူညီချက် ပါဝင်သည်ဟု ထောက်ပြထားသည်။

မူးယစ်ဆေး မှောင်ခိုရောင်းချသူ အများစုမှာ ထိုင်းမြန်မာနယ်စပ်နှင့် ထိုင်းတရုတ်နယ်စပ်မှ ၀၊ ရှမ်းစသည့် တိုင်းရင်းသားအုပ်စုများနှင့် ဆက်စပ်နေသည်။ သို့သော် မြန်မာစစ်အစိုးရ၏ အဆင့်များစွာမှ အရာရှိများသည်လည်း အဆိုပါ မူးယစ်ဆေးရောင်းရငွေ ရှယ်ယာများ နည်းအမျိုးမျိုးဖြင့် ရနေကြသည်။ စစ်တိုင်းမှူးများဆိုလျင် မူးယစ်ဆေးရောင်းသူများထံမှ အစိုးရ အခွန်များများ ကောက်ခံကြသလို မူးယစ်ဆေးမှောင်ခိုမှုကို စစ်တပ်မှ အကာအကွယ်ပေးမှု၊ စစ်တပ်က သယ်ပေးမှု စသည်တို့အတွက် အခကြေးငွေ ကောက်ယူကြသည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာစစ်အစိုးရ ထိပ်ပိုင်းအရာရှိများ မူးယစ်ဆေးရောင်းဝယ်မှု၌ တိုက်ရိုက်ပါဝင် ပတ်သက်ကြောင်း ခိုင်လုံသည့် သက်သေမရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ မူးယစ်ဆေး အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် အထူးသဖြင့် မူးယစ်ဆေး ထုတ်လုပ်သူ မူးယစ်ဆေး မှောင်ခိုရောင်းချသူ ၀တိုင်းရင်းသားများအပါအ၀င် ၀လူမျိုးများနှင့် အနီးကပ် ဆက်ဆံမှုရှိသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, February 23, 2009

လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၂၃ ဦးသာပါဝင်

Monday, 23 February 2009 20:05 ကိုစိုး

စစ်အစိုးရက စနေနေ့မှ စတင်၍ အကျဉ်းသား ၆၃၁၃ ဦးလွှတ်မည်ဟု ကြေညာ၍ အကျဉ်းသား တချို့ကို ပြန်လွှတ် ပေးခဲ့ရာ ယနေ့အထိ နိုင်ငံရေး အကျဉ်းသား၂၃ ဦးသာ ပါဝင် သေးကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြောသည်။

“နိုင်ငံရေးအကျဉ်းသား အတည်ပြုလို့ရတာ ၂၃ ယောက်ပဲ ရှိသေးတယ်၊ အဲဒါ အင်းစိန်ထောင်၊ ကလေးထောင်၊ မြစ်ကြီးနားထောင်တွေက၊ မန္တလေးထောင်က ၂ယောက်လွတ်တယ်လို့ကြားတယ်၊ ဒါပေမယ့် အတည်ပြုလို့မရ သေးဘူး၊ အဲဒါက ၂၁ ရက်နေ့က တရက်တည်း လွတ်တာ”ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောဆိုသည်။

ယခုပြန်လွှတ်သည့် နိုင်ငံရေးအကျဉ်းသားများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ မန္တလေး တိုင်း အမရပူရအမတ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဥက္ကဌ ဦးသက်ဝေ အပါ အ၀င် ၄ ဦးသာ ပြန်လွတ်သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောပြသည်။

“မန္တလေးကလည်း လွှတ်တယ်၊ အခု မသိရသေးဘူး၊ စာရင်းမရသေးဘူး”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြော သည်။

ထိုသို့ အစိုးရက ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများကို ပြန်လွှတ်ပေးနေသည် ဆိုသောကြောင့် နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ မိသားစုဝင်များက ထောင်ဘူးဝတွင် လာရောက် စောင့်မျှော်မှုများ ရှိခဲ့ ကြောင်းလည်း သိရသည်။

ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကိုကို ၏မိခင် ဒေါ်စိုးစိုးသော်က“ကျမတို့သားလည်း ပြန်လွတ်မယ်အထင်နဲ့ အဲဒီစနေနေ့က အင်းစိန်ထောင်မှာ သွားစောင့် သေးတယ်”ဟု ပြောပြသည်။

“ဒါပေမယ့် ကံမကောင်းချင်တော့ သူ့ကို အင်းစိန်ထောင်ကနေ တောင်ငူထောင်ကို ပြောင်းထားတယ်တဲ့”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်အင်းစိန်ထောင်မှ အကျဉ်းသား ၃၀၀ ၀န်းကျင် လွှတ်ရာတွင် ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေး ကာလ က ဖမ်းဆီးခံခဲ့ရသည့် သံဃာတပါးအပါအ၀င် သံဃာတော် ၉ ပါး နှင့် သီလရှင်၂ပါး ပါဝင်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းနှင့် နီးစပ်သူတဦး၏ ပြောဆိုချက်အရ သိရသည်။

“အင်းစိန်က လွှတ်တာ အလွန်ဆုံး ၃၀၀ ၀န်းကျင်လောက်ပါပဲ၊ ကျနော့် မျက်မြင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားက ဦးသက်ဝေ အပါအ၀င် ၁၁ ဦး၊ ကျနော့်ရှေ့မှာ ထပ်ရောက်လာတာက ဘုန်းကြီးတပါး၊ နောက်ပြီး မြောက်ဥက္ကလာ သစ္စာသရဖူ ကျောင်းက အသက် ၈၀ တပါး ရယ်၊ အသက် ၆၀ တပါး ၊ သီလရှင် ၂ ပါး၊ မမွှေး ၊ နောက် ဒေါ်ခင်ခင် လဲ့၊ ဘားဂရာ ၀ံသ ကျောင်းက ဘုန်းကြီး ၇ ပါး၊ ကိုသက်ဝေနဲ့ အတူ လွတ်တဲ့နေ့က ကားပေါ်အတူပါသွားတာ၊ သံဃာအားလုံး ၈ ပါး၊ တပါးက ၂၀၀၇ ရွှေဝါရောင်တုန်းက ဆူးလေမှာအဖမ်းခံရတာ မြောက်ဥက္ကလာ အနန်းပင် ကျောင်း က၊ ကျန် သံဃာတွေက ၂၀၀၃ ခုနှစ် ကတည်းက အဖမ်းခံထားရတာ”ဟု ၎င်းက ပြောပြသည်။

ကလေးမြို့ ထောင်မှ စိန်စီသောည ဗီဒီယို အခွေနှင့်ပတ်သက်ပြီး ဖမ်းဆီးထောင်ချခံရသည့် ကိုတင်ဌေးနှင့် ကိုသန်းနိုင် တို့ပြန်လွတ်ကြောင်းလည်းသိရသည်။

ယင်းသို့အကျဉ်းသားများကို ပြန်လွှတ်မည်ဆိုပါက မိသားစုဝင်များကို အကြောင်းကြားရန်လိုအပ်အကြောင်းနှင့် ပြန်လွှတ်ရာတွင်လည်း မည်သည့် အကျဉ်းသား မည်ရွေ့မည်မျှ လွှတ်သည်ကို တရားဝင်ထုတ်ပြန်သင့်ကြောင်း ဦးတိတ်နိုင်က ဆိုသည်။

“ပြီးခဲ့တဲ့ လွှတ်တာတွေတုန်းကလည်း ဂဏန်းတွေပဲ ကြေညာတာ၊ ဘယ်လောက်လွှတ်ပေးပြီးပြီ ဆိုတာ ကြေညာ တာမဟုတ်ဘူး၊ ကျနော်တို့လည်း မသိနိုင်ဘူး၊ နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ဘူး ဆိုရင်တောင် သူတို့ သတ်မှတ်ထားတဲ့ နိုင်ငံတော်လုံခြုံရေးအရထိန်းသိမ်းထားတဲ့သူ ဘယ်လောက်ပါတယ်ဆိုတာ တရားဝင် ထုတ်ပြန် ပေးရမှာ ဖြစ်ပါတယ်”ဟု ဦးတိတ်နိုင် ကပြောဆိုသည်။

ဦးတိတ်နိုင်က ဆက်လက်ပြီး“ရာဇ၀တ် အကျဉ်းသားပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားပဲဖြစ်ဖြစ် အခုလိုပြန် လွှတ်မယ်ဆိုရင် မိသားစုကို အကြောင်းကြားရပါမယ်၊ လွှတ်ချင်သလိုလွှတ်ဆိုတဲ့ ကိစ္စမျိုးတွေဟာ တကယ့်ကို ပရမ်းပတာ ဆန်လွန်းတဲ့ လုပ်ရပ်လို့သာ ကျနော်တို့ ထင်ပါတယ်၊ စေတနာမပါဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ပြန်လွတ်လာလဲ အန်အယ်ဒီအဖွဲ့ဝင်လို့ ခံယူထား ဒေါက်တာဇော်မြင့်မောင် ခေတ်ပြိုင်ကိုပြော

မင်းနိုင်သူ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉


မကြာခင် ရက်ပိုင်းအတွင်း မြစ်ကြီးနားထောင်မှ ပြန်လွတ်လာသူ မန္တလေးတိုင်း၊ အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က မိမိကိုယ်မိမိ အန်အယ်ဒီအဖွဲ့ဝင်တဦးအဖြစ် ခံယူထားကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် မကြာခင်က ပြန်လွတ်လာသည့် အကျဉ်းသား (၆,၀၀၀) ကျော်တွင် တဦးအပါအ၀င်ဖြစ်ပြီး ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားထောင်မှ ပြန်လွတ်လာခြင်းဖြစ်ပြီး မြစ်ကြီးနားထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချခံခဲ့ရသည်။ လောလောဆည် ကျန်းမာရေးအတွက် ဆေးစစ်ခံဦးမည်ဟု ခေတ်ပြိုင်သို့ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် စင်ပြိုင်အစိုးရ ဖွဲ့စည်းရေး အစည်းအဝေး တက်ရောက်မှုဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၅) နှစ် အပြစ်ပေးခံရသည်။ ၁၉၉၁ ခုတွင် စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာဇော်မြင့်မောင်အား ပါလီမန်မှ ပယ်ဖျက်ပြီး နောက်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။

မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်မလွှတ်သေးသူများထဲတွင် ကိုမျိုးအောင်သန်း၊ ကိုကြည်လင်း ၊ ကိုဇာဂနာ၊ ကိုလှမျိုးနောင်တို့ကဲ့သို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများအပြင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်အရာရှိများ ၊ စသုံးလုံး ညွှန်ချုပ်တို့လည်း ကျန်နေသေးသည်ဟု ပြန်လွတ်လာသူတွေက ပြောသည်။

နအဖ စစ်အစိုးရက အကျဉ်းသား (၆,၃၁၃) ဦး လွတ်ပေးမည်ဟု ဖေဖော်ဝါရီ (၂၀) ရက်တွင် ကြေညာခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သူများအနက် နိုင်ငံရေးအကျဉ်းသားမှာ (၂၀) ၀န်းကျင်ခန့်သာ ရှိနေသေးသော်လည်း ယင်းတို့အနက် ထောင်ဒဏ် (၁၈) နှစ် (၃) လ ကျခံခဲ့ရသော အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် ပါရှိလာခဲ့ခြင်းကိုမူ ကျေနပ်ရကြောင်း အန်အယ်လ်ဒီအသိုင်းအ၀န်းက လည်းပြောဆိုသည်။

ဒေါက်တာဇော်မြင့်မောင်သည် မြစ်ကြီးနားအကျဉ်းထောင်တွင် (၁၂) နှစ်မျှ အကျဉ်းချခံခဲ့ရကာ ယခုလ (၂၀) ရက်တွင် ကချင်ပြည်နယ် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးဖေစိန်နှင့် အတူ ပြန်လည် လွတ်မြောက်လာသည်။ မြစ်ကြီးနား အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၂၀) ကျော် ရှိနေသည့်အနက်မှ ၄င်းတို့နှစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့သည်။

ဦးဖေစိန်သည် မြစ်ကြီးနား အကျဉ်းထောင်အတွင်း အသက် (၇၄) နှစ်ရှိ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ကာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးတွင် ပုဒ်မ (၅၀၅/ခ) ဖြင့် မြစ်ကြီးနား အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးနေ၀င်းနှင့် အတူ ထောင်ဒဏ် (၂) နှစ်စီ ကျခံခဲ့ရသည်။

“မိုးကွက်ကျားရွာတယ်လို့ပြောရမလား။ ဒီမှာက နိုင်ငံရေးအကျဉ်းသား (၂၀) ကျော်ကျန်နေ သေးတယ်။ အပြည့်အ၀ ၀မ်းမသာနိုင်ပါဘူး။ ကိုနေ၀င်းတို့ ကိုကျော်မောင်တို့လည်း ကျန်နေ သေးတယ်ဗျာ။ ကိုမျိုးအောင်သန်း (ILO)၊ ကိုကြည်လင်း (တောင်ဒဂုံNLD)တို့ဆိုလည်း နှစ်တွေကြာလှပြီလေ။ သူတို့ကိုလည်းလွတ်စေချင်ပါတယ်”ဟု ဦးဖေစိန်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသာနှစ်ဦးနှင့် အတူ မူဆယ် (၁၀၅) မိုင်ဂိတ် အရေးအခင်းကြောင့် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ပေးခံထားရသော ထောက်လှမ်းရေးတပ်မှ ဗိုလ်ကြီး တင့်ဆွေလည်း ပြန်လည်လွတ်မြောက်လာကြောင်း ခေတ်ပြိုင်က စုံစမ်းသိရှိရသည်။


<<<(အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ခံကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံနားဆင်ရန်)


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, February 22, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း (၄)

ဗိုလ်ထက်မင်း / ၂၀ ဖေဖော်ဝါရီ ၂၀၀၉


UWSA “၀” တွေဟာ ဗကပကို တော်လှန်ခဲ့ပြီးတဲ့နောက် န၀တနဲ့ စတင်ဆွေးနွေးလာပါတယ်။ ထိုစဉ်က ထောက်လှမ်းရေး အကူတပ် တပ်မှူးဖြစ်သူ ဒုဗိုလ်မှူးကြီး တင်ဝင်းဟာ “၀” ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ခဲ့ပါတယ်။ ကက (ကြည်း) က ကျိုင်းတုံရှိ တပ်မ (၈၈) တပ်မမှူးဖြစ်နေတဲ့ ဗိုလ်သိန်းဟန်ကို စေ့စပ် ငြိမ်းချမ်းရေး လုပ်လိုတဲ့ “၀” တိုင်းရင်းသား ခေါင်းဆောင်များအား လက်ခံတွေ့ဆုံ ဆွေးနွေးဖို့နဲ့ အထူးသဖြင့် သဘောတူညီချက်တွေထဲမှာ ပါဝင်ရမဲ့ နယ်နိမိတ်၊ ဧရိယာကိစ္စ ပိုင်းခြားရာမှာ ရှေ့တန်း နယ်မြေကို ကိုင်တွယ်ထားတဲ့ တပ်မမှူးတဦးရဲ့  အခန်းကဏ္ဍ အရေးပါလှတာမို့ လိုအပ်တာ လုပ်ပေးရန်ကိုပါ ညွှန်ကြားခဲ့ပါတယ်။

ဒုဗိုလ်မှူးကြီး တင်ဝင်းနဲ့ “၀” အဖွဲ့တွေဟာ ကျိုင်းတုံရှိ တပ်မဌာနချုပ်ထံ သွားရောက်ကာ တပ်မမှူး ဗိုလ်သိန်းဟန်ကို တွေ့ခွင့်တောင်းပါတယ်။ ဒါပေမဲ့ ဗိုလ်သိန်းဟန်ဟာ မူလကတည်း က ကွန်မြူနစ် ဗကပဖြစ်တဲ့ “၀” များကို တိုက်ခိုက်နေခဲ့သူပီပီ မုန်းတီးမှုကြောင့် အတွေ့မခံဘဲ “ငါးကန်” စစ်ဆေးရန် ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်ထွက်သွားခဲ့ပါတယ်။ အဲဒီ ထောက်လှမ်းရေးအဖွဲ့ စစ်ရုံးကိုပြန်ရောက်ပြီး ကက (ကြည်း) ထံ ကကလှမ်းရဲ့ အစီရင်ခံစာ အဖြစ် ဒီဖြစ်စဉ်ကို တင်ပြလိုက်တဲ့အခါ တပ်ချုပ် ဗိုလ်စောမောင်က ဒေါသတကြီး ပစ်တင်ပြော ဆိုခဲ့ပါတယ်။ အထက်က မူဝါဒနဲ့ လုပ်နေတာကို ဒီကောင်က ပမာမခန့် လုပ်ရသလားဆိုပြီး တပ်မမှူးအား ရာထူးဖြုတ်ပစ်ကာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ချောင်ထိုးရွှေ့ပြောင်းလိုက်ပါတယ်။

အဲဒီအချိန်မှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့ ဗိုလ်သန်းရွှေက လက်တို့ပြီး ဂျပန် သံအမတ်ကြီးအဖြစ် စောင့်ရှောက်ရန် ပြောဆိုစီမံကာ ဗိုလ်သိန်းဟန်ကို နှစ်သိမ့်ဆု ပေးလိုက်ပါတယ်။ အဲဒီအချိန်တုန်းက ရပခ တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်မောင်အေးကလည်း တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထား ဟန့်တားမှုတွေနဲ့ တုန့်ပြန်ခဲ့မှုတွေ ရှိခဲ့တာကြောင့် အဆင်မသင့်ရင် သူ့ကိုပါဆက်ပြီး “ဆော်” မယ့် အနေအထား ရှိခဲ့ပါတယ်။ ကံကောင်းချင်တော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကိစ္စနဲ့ ဗိုလ်စောမောင် နပန်းလုံးနေရာက စိတ်ဂယောင်ချောက်ချား ဖြစ်ခဲ့တာမို့ ဗိုလ်မောင်အေး သက်သာရာ ရောက်သွားခဲ့ပါတယ်။

ဗိုလ်မောင်အေး စိတ်နာတဲ့နောက် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ကတော့ ကယားတိုင်းရင်းသား အပစ်ရပ် KNPP အဖွဲ့ပဲ ဖြစ်ပါတယ်။ ကယားပြည်နယ်ဟာ ချောင်းရှိသော်လည်း ရေမရှိဘဲ ရေရှားသလို တောင်တွေကလည်း ကျောက်တောင်များ ဖြစ်လို့ မတ်စောက်လွန်းတာရယ်၊ မိုင်းပေါတာရယ်၊ ရိက္ခာ စပါး အသီးအနှံများ ရှားပါးတာရယ်ကြောင့် တစ်ရွာနှင့် တစ်ရွာ ဘာသာစကားမတူတဲ့ အခက်အခဲများနှင့်အတူ ကယားပြည်နယ်ကို စစ်ဆင်ရေး ၀င်ရတဲ့ တပ်တွေအတွက် အင်မတန်ခေါင်းခဲရပါတယ်။ ကယားပြည်နယ် စစ်ဆင်ရေး ၀င်ခဲ့တဲ့ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးကအစ ဗိုလ်မောင်အေး အဆုံး ခေါင်းတွင်တွင်ခါရတဲ့ အထိ လန်ပြန်ထွက်အောင် တပ်များ အထိနာခဲ့လို့ KNPP ကို အငြိုးထား မုန်းတီးခဲ့ပါတယ်။

KNPP အပြင် တာကလယ် ဦးစီးတဲ့ ပအိုဝ်နီ ရလလဖ အဖွဲ့ကလည်း လက်သံပြောင်ပြောင်နဲ့ “ဆော်” လေရာ ကက (ကြည်း) ဟာ ရပခကို ထုတော့တာမို့ ရပခ တိုင်းမှူးဘ၀က ရခဲ့တဲ့ ဒဏ်ရာကို ဗိုလ်မောင်အေး အနေနဲ့ ဒုချုပ် ဖြစ်နေချိန်အထိ မေ့ပျောက်ရန် ကြိုးစားဖို့ ခက်ခဲ ခဲ့ပါတယ်။

အဲဒီနောက် KNPP နှင့် ကကလှမ်းတို့ ညှိနှိုင်းသဘောတူညီချက်အရ ငြိမ်းချမ်းရေး စတင် ယူနေပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်က ကယားပြည်နယ်အတွင်း ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်းရဲ့ ကုမ္ပဏီနဲ့ ဦးကျော်ဝင်းရဲ့  ရွှေသံလွင် ကုမ္ပဏီတွေကို သစ်ခုတ်လှဲခွင့် ပါမစ်အား စစ်အစိုးရက ပေးခဲ့ပေမယ့် ရှေ့ တန်းအနက်ရောင် နယ်မြေမို့ KNPP ကို အခွန်ပေး လာဘ်ထိုးကာ နားလည်မှုယူ ခုတ်လှဲနေခဲ့ရပါတယ်။ KNPP ကလည်း ငြိမ်းချမ်းရေး ၀င်ရောက် ရမှာဖြစ်လို့ ယခင်လို ကုမ္ပဏီတွေထံမှ ပိုက်ဆံတောင်းဖို့ အခွင့်အရေး မရတော့မှာ စိုးရိမ်နေတဲ့ အတွက် ကုမ္ပဏီများနဲ့ အပြိုင်အဆိုင် သစ်တွေကို ခုတ်လှဲပါတော့တယ်။

ဒါကြောင့် ကုမ္ပဏီတွေက ကကကြည်းကို တိုင်တန်းခဲ့ရာမှာ အခဲမကျေ ဖြစ်နေတဲ့ ဗိုလ်မောင်အေးက ကယားပြည်နယ်အတွင်းသို့ စကခ (၇) တပ်မ တစ်ခုလုံးအား ဖယ်ခုံတွင် အခြေစိုက် ဖွင့်လှစ်စေပြီး ကယားပြည်နယ်ကို မွှေနှောက်ခိုင်း ပါတော့တယ်။ အဲဒီ အခြေအနေ ကို ထိန်းသိမ်းဖို့ လွိုင်ကော်မြို့ က ထောက်လှမ်းရေးတပ်မှူး ဗိုလ်မှူးဇော်သက်နိုင်ကို ကကလှမ်း မှ ညွှန်ကြားပြောဆိုခဲ့ပါတယ်။ သို့သော် KNPP က မလုပ်တော့ကြောင်း ပြန်ကြားပေမဲ့ အခြေအနေ တင်းမာနေပြီး စစ်တပ်နဲ့ KNPP တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

ပထမ စောစောပိုင်းကာလ စစ်ဆင်ရေး စတင်ရာမှာ နအဖ တပ်မှရှုံးနိမ့်ခဲ့လို့ စကခ (၇) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကိုကိုကျော် အဖြုတ်ခံရပြီး စစ်သံမှူးအဖြစ် လွင့်ထွက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့  ပါဝါကုန်သုံးပြီး စစ်တပ် အလုံးအရင်းနဲ့ တပ်မ (၅၅) ကိုပါ ထည့်သွင်းချေမှုန်းတာမို့ အင်အားမမျှလို့ KNPP လည်း တောထဲသို့ ပြန်ဝင် သွားခဲ့ရပါတယ်။ ကကလှမ်းအနေနဲ့ KNPP ကို တွေ့ဆုံ ဆွေးနွေးရေးအတွက် ပြန်လည် ကြိုးစား ကြည့်ခဲ့ပါသေးတယ်။ KNPP ရဲ့  ကိုယ်စားလှယ် ခူအူးရယ် အဖွဲ့ဝင် (၅) ယောက်အား ရန်ကုန်သို့ ခေါ်ယူညှိနှိုင်းရာ KNPP က အရင်သဘောတူညီချက်များအတိုင်း နေထိုင် လုပ်ဆောင်ခွင့်ရရင် ပြန်လည်ဝင်ရောက်မယ်လို့ပြောရာ ကက(ကြည်း) ထံ ကကလှမ်းမှ အကျိုးအကြောင်းပြန်လည် တင်ပြခဲ့ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကကကြည်းဟာ “အင်း မလုပ်၊ အဲ မလှုပ်” ဆိုင်းငံ့ ထားပြန်ပါတယ်။ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ခရစ်ယာန်သာသနာပြု ဂိုဏ်းချုပ်ဆရာတော် ဆိုတေးရို ဖာရိုမို ဆိုရင် ကယားပြည်နယ် ငြိမ်းချမ်းရေးကို လိုချင်လွန်းတာကြောင့် အခေါက်ခေါက် အခါခါ လွန်းပျံသွားရောက်ညှိနှိုင်းရာ ဒုက္ခကြီးလှတာမို့ ငဲ့ညှာဖို့ ကောင်းလှပါတယ်။

ဒီနေရာမှာ သုံးသပ်ချင်တာက ဗိုလ်သန်းရွှေဟာ ငြိမ်းချမ်းရေးကိစ္စအား ယခင်မူဝါဒအတိုင်း မပြင်ရဲဘဲ ဗိုလ်ခင်ညွန့်ရဲ့  အပစ်ရပ် အဖွဲ့တွေအပေါ် ညှိနှိုင်းတဲ့ အစီအစဉ်တွေကို မဖျောက်ချင် ပေမဲ့ ကကကြည်းအား ကိုင်တွယ်ထားတဲ့ ဗိုလ်မောင်အေးရဲ့  တင်းမာတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် အပေါ် ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်မောင်အေးတို့အကြား မှန်မှန်ကန်ကန် အလယ်အလတ် ရပ်တည် ပေးခဲ့မှုမရှိတာ တွေ့ရပါတယ်။ ဗိုလ်သန်းရွှေကိုယ်တိုင် အပစ်ရပ် အဖွဲ့တွေအပေါ် မူလကတည်း က နှိမ့်ချဆက်ဆံလိုပြီး ယုံကြည်မှုမရှိတဲ့ အတွက်ကြောင့် “ကြားနေ” ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ တိုင်းရင်းသားတွေရဲ့  အရေးဟာပိုပြီးတောင် အလှမ်းဝေးခဲ့ပြီဖြစ်ပါတယ်။

လေးလပတ် အစည်းအဝေးတွေမှာ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးရဲ့  မကြာခဏ လက်သုံး စကားကတော့ “သူပုန်တွေ တို့တပ်ကို လာစော်ကားရင်တော့ ချမယ်ကွာ၊ အတင်အစီးမခံဘူး၊ ဒီကောင်တွေ လူပါးဝတယ်” စသဖြင့် အမြဲပြောနေတာကြောင့် ဗိုလ်ခင်ညွန့် အနေနဲ့ ဟိုစဉ်ကတည်းက ဘေးကျပ်နံကျပ် မျက်နှာပျက်ရတဲ့ကိန်း အမြဲဆိုက်ရောက်ခဲ့ရပါတယ်။

တကယ်တော့ ဗိုလ်သန်းရွှေက ငါးတစ်ကောင်ကို ၀မ်းပျဉ်းသားအဆီဖြိုးဖြိုးကို ယူထားပြီး ခေါင်းပိုင်းကို ဆွေမျိုးပေါက်ဖော် တရုတ်ကိုကျွေးသလို အမြီးပိုင်းကိုတော့ သူ့လက်အောက် ငယ်သား ဗိုလ်ချုပ်အပေါင်းနဲ့ အပေါင်းအပါတွေကို ကျွေးထားတာမို့ အရိုးအရင်း အကျတွေ ကြားက အသားစရှာစားနေရတဲ့ အဖြစ်ကို အပစ်ရပ် တိုင်းရင်းသားတွေ အနေနဲ့ သိမြင်ဖို့ လိုပါတယ်။ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးဟာ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို နှိမ့်ချ ဆက်ဆံသလို တိုင်းရင်းသားတွေ အပေါ်မှာတော့ အမြတ်ထုတ် အခွင့်အရေးယူ “ဖျံ” ကျတတ်ပုံတွေ၊ နိုင်ထက်စီးနင်းရယူ အမြတ်ထုတ်ခဲ့ပုံတွေကို ဆက်လက် တင်ပြပါဦးမယ်။


မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း (၃)

ဗိုလ်ထက်မင်း / ၁၆ ဖေဖော်ဝါရီ ၂၀၀၉


မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံများနဲ့ မတူပဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြလို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ အလွန်အရေးကြီးပါတယ်။ နအဖ အနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဒို့တာဝန် အရေးသုံးပါးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်အော်ဟစ်နေပေမဲ့ လက်တွေ့မှာတော့ လက်နက်နှင့် အာဏာကို ရှေ့ တန်းတင်ကာ စီးပွားရေးနဲ့ လဲလှယ်ပြီး မမှန်မကန် နိုင်ငံရေး အမြတ်ထုတ်ဖို့သာ ကြံစည်ခဲ့တာကြောင့် အစစ်အမှန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသား ပါတီတော်တော်များများဟာ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ရွေးချယ်ခံခြင်း မပြုဖို့ သဘောထား ရှိခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ အပိုင်း (၁) နဲ့ (၂) ကို ဖော်ပြခဲ့ပြီးတဲ့နောက် ဒီနေ့မှာတော့ အပိုင်း (၃) ကို ဆက်လက် တင်ပြသွားပါမယ်။ စစ်အာဏာရှင်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဘယ်လို နည်းဗျူဟာ သုံးပြီး၊ ဆက်ဆံရေး ချဉ်းကပ်တဲ့ ပုံစံသစ်ကို ပြောင်းလဲ အသုံးပြုလာကြတယ်။ သူတို့ရဲ့  မဟာဗျူဟာ မူဝါဒရောဘယ်လို ရှိလာတယ်၊ စစ်အာဏာရှင်ထိပ်ပိုင်း အချင်းချင်း သဘောကွဲလွဲမှုရှိပြီး တိုင်းရင်းသားတွေအပေါ် သဘောထားမှန်ကန်မှု မရှိပုံ၊ ရိုးသားမှု မရှိပုံ စတာတွေကို ဆက်လက် တင်ပြသွားပါမယ်။

ယခင် မဆလ စစ်အာဏာရှင်ဦးနေ၀င်း လက်ထက်က တိုင်းရင်းသား လက်နက်ကိုင် တွေအပေါ် တောက်လျှောက် “အကြွင်းမဲ့ လက်နက်ချရေး” မူကိုသာ တရားသေ ဆုပ်ကိုင်ထားလို့ အပြန်အလှန်ယုံကြည်စွာ ဆက်ဆံမှု တော်တော်များများ ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီလိုအခြေအနေကို သုံးသပ်ပြီး န၀တ စစ်ခေါင်းဆောင် ဗိုလ်စောမောင်က တဆင့်လျော့ကာ၊ ဆက်ဆံရေးချဉ်းကပ် ပုံစံပြောင်းပြီး အခင်းအကျင်း နည်းဗျူဟာ စတင်ပြင်ဆင်ခဲ့ပါတယ်။

“လက်နက်ကိုင်ခွင့် ဆက်လက်ခွင့်ပြုပေးထားသော်လည်း သူတို့ကို စီးပွားရေး အခွင့်အလမ်း မက်လောက်အောင် လုပ်ပေးထားရင် ဇိမ်ခံတတ်လာပြီး ပျော်လာပါက လက်နက်ဟာ တုတ်လောက်မှ တန်ဖိုးမရှိတော့တဲ့ အနေအထား ဖြစ်အောင်ဖန်တီးကာ တဖြည်းဖြည်းချင်း လက်နက်တွေကို သိမ်းဖို့ နည်းဗျူဟာ” ချမှတ်ခဲ့ပါတယ်။ အကြွင်းမဲ့ လက်နက်ချရေးကို လုံးဝမပြောတော့ပဲ ပထမဦးဆုံး အပစ်ရပ် အဖွဲ့များဖြစ်ကြတဲ့ ကိုးကန့်နဲ့ “၀” UWSA၊ ကချင် KIA တို့နဲ့ ဆွေးနွေးကြတဲ့အခါ န၀တရဲ့  မဟာဗျူဟာ မူဝါဒအရ ဒို့တာဝန် အရေးသုံးပါးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လက်ခံလို မလို အရင်ဆုံး မေးမြန်းပါတယ်။ အဲဒီအပစ်ရပ် အဖွဲ့တွေက သဘောတူ လက်ခံပြီဆိုပေမဲ့ တိုင်းရင်းသားကိစ္စ၊ နိုင်ငံရေးကိစ္စတွေကို ဆက်တိုက် တောင်းဆိုလာခဲ့ပါတယ်။ ကကလှမ်းက တိုင်းရင်း သားအရေးနဲ့ နိုင်ငံရေးကို ပြောခွင့်မပြုခဲ့ပါ။ “ငါတို့ဟာ စစ်သားဖြစ်တယ်၊ နိုင်ငံကို စစ်ဥပဒေနဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်။ တိုင်းရင်းသားတွေကို အဲဒီကိစ္စတွေ ကတိပေးတယ် ဆိုတာ သဘာဝမကျဘူး၊ ငါတို့ဟာ ရွေးကောက်ခံထားတဲ့ သူလည်းမဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စ ဆွေးနွေးလို့လည်း တရားမ၀င်ဘူး၊ ဒီကိစ္စတွေကို အမျိုးသားညီလာခံကျမှ ဆက်လက် ဆွေးနွေးကြပါ” လို့ ပြန်ပြောခဲ့ကြပါတယ်။

အဲဒီနောက် ဒို့တာဝန်အရေး “၃” ပါး ကို တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေက လက်ခံ သဘောတူပြီးနောက် နယ်မြေသတ်မှတ်မှု အပြန်အလှန် လုပ်ပါတယ်။ မိမိပိုင် နယ်မြေကို ၀င်လာမယ် ဆိုပါက ဆက်ဆံရေးရုံး (ယခင် ထောက်လှမ်းရေးတပ်များ) တွေကို အကြောင်းကြား ခွင့်တောင်းပြီးမှ ၀င်ရန်နဲ့ လက်နက် ကိုင်ဆောင်ပြီး “မ” ၀င်လာရန် ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်များ ထားပါတယ်။

လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေ ဘောင်ကို ၀င်တယ် ဆိုတဲ့ စကားလုံးကိုတော့ အကျေအလည် ရှင်းလင်းဆွေးနွေး ခဲ့ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အပစ်ရပ် တိုင်းရင်းသားတွေဟာ လက်နက်ကိုင်ဆောင်ထားတဲ့ အတွက် မြန်မာနိုင်ငံ နယ်မြေအတွင်း ပြည်မ မြို့ တော်တွေကို ၀င်ရောက်လာချင်တယ်ဆိုရင်တော့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ နယ်မြေတရား ဥပဒေသကို လိုက်နာကြမှ ဖြစ်မယ်ဆိုပြီး ဆွေးနွေးကာမှ သူတို့က လက်ခံလာတဲ့အတွက် လမ်းပွင့်သွားခဲ့ရပါတယ်။

အရင်ဆုံး ၀င်လာတဲ့ အဖွဲ့တွေကို “ရဲ” တပ်ဖွဲ့ရဲ့  ရာထူးနဲ့ အဆင့်မပေးပဲ လစာနဲ့ ရိက္ခာကိုတော့ ထောက်ပံ့ပေးမယ်ဆိုပေမဲ့ နောက်ပိုင်းမှာ နအဖက မတတ်နိုင်တော့ပဲ ကတိပျက်လာကြသလို တိုင်းရင်းသား အဖွဲ့တွေကလည်း စည်းကမ်းဖောက်လာတာတွေလည်း တွေ့ရပါတယ်။ အပစ်ရပ် အဖွဲ့တွေနဲ့ န၀တဟာ ၁၉၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေး စတင် အကောင်အထည် ဖော်ခဲ့ရာ ဗိုလ်စောမောင်က ဗိုလ်ခင်ညွှန့် ကို စတင်တာဝန်ပေးခဲ့ပါတယ်။ ဗိုလ်ခင်ညွှန့်ရဲ့  ကိုးကန့်အဖွဲ့ကို စတင် တွေ့ဆုံခဲ့စဉ်က ရင်ဆိုင်ရတဲ့ ပြဿနာ တချို့  ကိုတင်ပြချင်ပါသေးတယ်။

ကိုးကန့် အဖွဲ့ဟာ ဗိုလ်ခင်ညွှန့်ရဲ့  အနီးကပ် လုံခြုံရေး တပ်ဖွဲ့တွေကို အ၀င်မခံပဲ ဖြစ်နေရာ လူကြီးလုံခြုံရေး အတွက် စိတ်ပူကာ ရမခ တိုင်းမှူးကတောင် တင်းမာတဲ့ မူဝါဒ စွဲကိုင်ပြီး မိမိတို့ဘက်က မလျော့ဖို့ တင်ပြပါသေးတယ်။ ဒီနေရာမှာ ဗိုလ်ခင်ညွှန့်က ငြိမ်းချမ်းရေးအတွက် စွန့်စားပြီး သူ့လုံခြုံရေး လက်နက်ကိုင်တွေကို ထားခဲ့ကာ သူနဲ့ PA နှစ်ဦးသာ ၀င်သွားခြင်းဖြင့် ယုံကြည်မှုနဲ့ လေးစားမှု စတင်တည်ဆောက်ခဲ့ပါတယ်။ န၀တ ထိပ်ပိုင်း စစ်အာဏာရှင်တွေ အချင်းချင်းအကြား အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေ အပေါ်ထားရှိတဲ့ သဘောထားမူဝါဒတွေ ကွဲလွဲနေတာကိုလည်း တင်ပြပါအုံးမယ်။ ထိုစဉ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေ တဲ့ ဗိုလ်စောမောင်ရဲ့  အရှိန်အ၀ါကြောင့် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့ ဗိုလ်သိန်းဟန် တို့ဟာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းမှာကို မလွှဲမရှောင်သာပဲ ပြန်မပြောရဲလို့ လက်ခံရပေမဲ့ သူတို့ စိတ်ထဲမှာတော့ ဘ၀င် မကျမှုတွေ မယုံကြည်မှုတွေ ပြည့်နှက်လျက် ရှိခဲ့ကြပါတယ်။

ဗိုလ်သန်းရွှေနဲ့ ဗိုလ်သိန်းဟန်တို့ဟာ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်ကြီး အေးကို လက်ထက်က ဗိုလ်အေးကိုရဲ့  တပည့်ရင်းတွေ ဖြစ်ခဲ့ကြပြီး ကက (ကြည်း) စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ကို ထမ်းဆောင်ခဲ့သူများ ပီပီ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။
တပ်မ (၈၈) မှာ ဗိုလ်သန်းရွှေ တပ်မမှူး ဖြစ်ခဲ့စဉ်ကလည်း ဗိုလ်သိန်းဟန်က ဒု တပ်မမှူး အဖြစ် အတူတူ နေခဲ့ကြသူများ ဖြစ်ပါတယ်။ အလားတူ ဗိုလ်မောင်အေးကလည်း “၀” နဲ့ KNPP၊ တာကလယ်ရဲ့  “ရလလဖ” အဖွဲ့တွေလိုမျိုး အပစ်ရပ် အဖွဲ့များအား မျက်စိ ဆံပင်မွှေး “စူး” နေပြီး “၀” နဲ့ ငြိမ်းချမ်းရေး လုပ်လာချိန်မှာလည်း ဟန့်တားမှုတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။

န၀တ၊ နအဖ ခေတ် အဆက်ဆက်တွေမှာ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ ဒီ အပစ်ရပ် အဖွဲ့တွေကို သီးခြားစီ လက်ခံ တွေ့ဆုံခဲ့တဲ့ အခမ်းအနားမျိုးကို သတင်းတွေမှာ ဖော်ပြထားတာ မရှိခဲ့ကြောင်း တွေ့ရပါလိမ့်မယ်။ ပြည်ထောင်စုနေ့ ကဲ့သို့ မလွှဲမရှောင်သာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဟန်ပြလုပ်ရမဲ့ အခမ်းအနားမျိုးတွေမှာသာ အပစ်ရပ် အဖွဲ့တွေကို စုပေါင်းပြီး “ပြီးစလွယ်” အချိန်တိုတိုနဲ့ လက်ခံတွေ့ဆုံတဲ့ အကြိမ်မျိုးတောင် အလွန်နည်းပါး ပါတယ်။

ဒါပေမဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ဟာ သူတို့ရဲ့  စစ်ရေး နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြပ်အတည်း တွေ့လာပြီ ဆိုရင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို လိုရင် လိုသလို အသုံးချ ခိုင်းစေကာ ရပ်တည်ရေး၊ စားဝတ်နေရေး၊ တိုင်းရင်းသား အခွင့်အရေးများ ကိုတော့ ပေးဖို့ လက်တုံ့နှေးကာ ကတိပျက် ပစ်ပယ်ခဲ့ကြတာ တပုံတပင်ကြီး တွေ့ရှိနိုင်ပါတယ်။

လိုရင်းပြောရရင် စစ်အာဏာရှင်တွေဟာ သူတို့ မနိုင်လို့ တိုင်းရင်းသားအချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ နည်းဗျူဟာနဲ့ အခွင့်အရေးတန်းတူ မပေးပဲ သွေးခွဲအုပ်ချုပ် စည်းလုံးညီညွတ်မှု မရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အတွက် ကြိုးစားအားထုတ်ကြရင်း ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြဖို့ တိုက်တွန်းတင်ပြလိုက် ရပါတယ်။


မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...