Friday, July 10, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲရက် သတ်မှတ်

ဒေါ်အောင်ဆန်းစုကြည်အမှု နောက်ဆုံးလျှောက်လဲရက် သတ်မှတ်

Friday, 10 July 2009 20:08 ကိုစိုး

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့်ပတ်သက်ပြီး နောက်ဆုံးအကြိမ် ၂ ဘက် လျှောက်လဲကြားနာရန်အတွက် တရားရုံးက လာမည့် ဇူလိုင်လ ၂၄ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်ဘက်က ခုခံချေပရန်တင်ထားသော သက်သေဖြစ်သည့် ဒေါ်ခင်မိုးမိုးကို ယနေ့အင်းစိန် ထောင်တွင်း အထူးတရားရုံး၌ ကြားနာစစ်ဆေးရာ ရုံးချိန်းတွင် ယင်းသို့ နောက်ဆုံးလျှောက်လဲရန် ချိန်းဆို လိုက် ခြင်းဖြစ်သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောသည်။

“ဒီနေ့ ဒေါ်ခင်မိုးမိုး တဦးတည်း၊ မနက် ၁၀ နာရီက စ စစ်တယ်၊ ၁၂ နာရီနဲ့ ၁ နာရီကြား နားတယ်၊ ည နေ ၅ နာရီမှ ပြီးပါတယ်၊ အဓိကက တော့ ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရှိတယ်ဆိုတာကို ဥပဒေတွေ၊ ညွန်ကြား ချက်တွေ၊ တရားရုံးစီရင်ချက်တွေ နဲ့ ဒီလိုမေးတာပါ၊ အဲဒါပဲ တောက်လျှောက်မေးတာ အချိန်ကုန်တာပဲ၊ တကယ် တော့ ကျနော်တို့က ၇၄ ဖွဲ့စည်းပုံ ဥပဒေ မရှိဘူးလို့ ဆိုတာကို ပြန်ချေပတာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြ သည်။

ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“ဒေါ်ခင်မိုးမိုးရဲ့ထွက်ဆိုချက်တွေက ကောင်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ထိန်းသိမ်းစဉ်က အလုပ်သမားဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကို ကာကွယ်ဖို့ ထိန်း သိမ်းတယ်လို့ ကမ္ဘာသိကြေညာတယ်ဆိုတာ သူ ထည့်ပြောတယ်”ဟုလည်း ပြောဆိုသည်။

ဒေါ်ခင်မိုးမိုးက ၎င်းအား ကြားနာရန် ယခင် ဇူလိုင် ၃ ရက်မှ ယနေ့သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့်ပတ်သက်ပြီး ဗဟို တရားရုံးမှ အမှုတွဲ ပြန်မရောက်သေး၍ဟူသော စစ်အစိုးရဘက်က ကြောင်းပြချက်သည် သဘာဝ မကျကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

ဒေါ်ခင်မိုးမိုးကို ယခင် ဇွန် ၂၆ ရက်နေ့ စစ်ဆေးမည်ဟု တရားရုံးက ချိန်းဆိုခဲ့သော်လည်း ဇူလိုင် ၃ ရက်နေ့သို့ ဒုတိယ အကြိမ်မြောက် ချိန်းဆိုခဲ့သည်။ ပထမအကြိမ် ချိန်းဆိုသည့် ဇွန် ၂၆ ရက်နေ့က ဦးတင်ဦးနှင့် ဦးဝင်တင် အမှုတွဲသည် ဗဟိုတရားရုံးသို့ တက်နေဆဲဖြစ်ပြီး ယင်းဗဟိုတရားရုံးမှ အမိန့် မကျသေးသောကြောင့် ပြောင်းလဲ ချိန်းဆိုခြင်းမှာ သဘာဝကျကြောင်း၊ တတိယအကြိမ် အဖြစ်ထပ်မံချိန်းဆိုရကြောင်း ၎င်းက ပြောသည်။

ဒေါ်ခင်မိုးမိုးသည် ရှမ်း ပြည်နယ်တောင်ကြီးမြို့တွင် နေထိုင်သူဖြစ်ပြီး ရုံးချိန်းရှိသည့် အချိန်တိုင်း တောင်ကြီးမြို့မှ ရန်ကုန်သို့ လာရောက်ရသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့ ၃ ဦးကို အင်းစိန် ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

ထို့နောက် ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခုဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်၍ စစ်အစိုးရ ဘက်က တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြ ခဲ့ပြီး ၉ ဦးကို ၎င်းတို့ သဘောဖြင့် ရုပ်သိမ်းကာ ၁၄ ဦး သက်သေ ထွက်ဆိုစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒုတိယမြောက် A(H1N1) တုပ်ကွေးဖြစ်ပွားသူ တွေ့ရှိကြောင်း မြန်မာအစိုးရ တရားဝင်ကြေညာ

ဒုတိယမြောက် A(H1N1) တုပ်ကွေးဖြစ်ပွားသူ တွေ့ရှိကြောင်း
မြန်မာအစိုးရ တရားဝင်ကြေညာ

NEJ / ၁၀ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံတွင် A(H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွားသူ နောက်ထပ်တဦး ထပ်မံတွေ့ရှိကြောင်း စစ်အစိုးရပိုင် မီဒီယာများက တရားဝင်ကြေညာသည်။

အဆိုပါရောဂါတွေ့ရှိသူမှာအသက် (၂၀) အရွယ် အမျိုးသားဖြစ်ကြောင်းနှင့် ၎င်းသည် ဇူလိုင် (၆) ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Air Asia လေယာဉ်ခရီးစဉ်အမှတ် FD 3770 ဖြင့် ပြန်လာခဲ့ကြောင်း ယမန်နေ့ ညနေသတင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်မေးမြန်းရာတွင် “ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ လေဆိပ်မှာတုန်းက တွေ့တာမဟုတ်ဘူး။ ဖြစ်စဉ်က အရင်က ဖြစ်တဲ့ လူနာလိုပဲ၊ အိမ်ကိုရောက်ပြီး နောက်ပိုင်းဖြစ်တာပါ။ လူနာနဲ့ပတ်သက်ပြီးတော့ ကျမတို့ ဘာမှပြောလို့ မရပါဘူး” ဟု လေဆိပ်ကျန်းမာရေး စစ်ဆေးရေးဌာနမှ ၀န်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အစိုးရပိုင်မီဒီယာများ၏ ဖော်ပြချက်တွင် အဆိုပါအမျိုးသားမှာ ဇူလိုင် (၇) ရက် မွန်းလွဲပိုင်းတွင် လည်ချောင်းနာကာ အဖျားအနည်းငယ်ရှိသဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ကြောင်း၊ ဇူလိုင်လ (၈) ရက်တွင် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့က နေအိမ်ကိုသွားရောက်ကြည့်ပြီး ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းဆေးရုံ၏ သီးသန့်လူနာခန်းတွင် ထားရှိကာ ပြည်သူ့ကျန်းမာရေးဌာနက စမ်းသပ်စစ်ဆေးချက်အရ New Influenza A(H1N1) ရောဂါရှိသည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။

ရောဂါတွေ့ရှိသောသူနှင့် အတူလေယာဉ်စီးလိုက်ပါလာသော ခရီးသည် (၁၀၄) ဦး၊ လေဆိပ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူနာနှင့်ထိတွေ့မှုရှိခဲ့သူများကို လိုက်လံရှာဖွေလျက် စောင့်ကြပ်ကြည့်ရှုနေကြောင်း အစိုးရ မီဒီယာများတွင် ဖော်ပြသည်။

ရန်ကုန်မြို့၊ နိုင်ငံခြားဆေးအရောင်းဆိုင်ကြီးတဆိုင်မှ တာဝန်ခံတဦးက “ဖြစ်စဉ်က အရင် အသက် (၁၃) နှစ်အရွယ် မိန်းကလေး ငယ် ရောဂါဖြစ်တာမျိုးပါပဲ၊ အိမ်ရောက်မှ သိတယ်။ လေဆိပ်မှာ အဲဒီရောဂါပိုးရှိမရှိ စစ်နေတဲ့ကိစ္စဟာ အပိုလိုဖြစ်နေပြီ။ ပြည်ပက ပြန်ရောက်တဲ့ သူတွေအနေနဲ့ လေဆိပ်မှာ စစ်ထားတာပဲလေ ဆိုပြီးတော့ ပေါ့မနေဖို့ လိုတယ်။ စက်မကောင်းတာဘဲလား၊ ဘယ်လိုကြောင့်လဲဆိုတာကို စဉ်းစားသင့်ပြီလို့ထင်တယ်” ဟု ပြောသည်။

ရန်ကုန်ရှိ ကျန်းမာရေးဦးစီးဌာနက A(H1N1) တုပ်ကွေးရောဂါကို ၎င်းတို့ကြေညာသည့်အတိုင်း သေသေချာချာစနစ်တကျ ရှာဖွေကုသမှုမရှိကြောင်း ရန်ကုန်မြို့ခံများအကြားတွင် ပြောဆိုနေကြသည်။

ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဆရာဝန်တဦးက “ကျနော်သိသလောက်တော့ သူတို့ ကျန်းမာရေးစစ်ဆေးမှု လုပ်တယ်ဆိုတာက လေယာဉ်နဲ့ ပါလာတဲ့ခရီးသည် အချို့အိမ်ကို သွားတယ်။ ပြီးတော့ အဲဒီလူ အိမ်မှာရှိမရှိမေးတယ်။ ရှိရင်လည်း တွေ့တယ်။ နေကောင်းနေပါတယ်လို့ မှတ်ချက်ယူတယ်။ မတွေ့တဲ့ လူကျတော့ အပြင်ကို သွားနေပါတယ်။ နေမကောင်းတဲ့ အနေအထားမရှိပါ။ လန်းဆန်းနေပါတယ်လို့ မှတ်ချက်ယူတယ်။ ရန်ကုန်မှာကတော့ ဒါလောက်ပါပဲ။ လူတိုင်းဆီကိုလည်း မသွားဘူးဆိုတာ သတင်းစာဖတ်တဲ့သူတိုင်းက သိနေတယ်။ သတင်းစာကို လူတွေက အပိုတွေ၊ မဟုတ်တာတွေ ရေးတယ်လို့ပဲ မြင်ကြတာလေဗျာ” ဟု ပြောသည်။

ရန်ကုန်တွင် A(H1N1) တုပ်ကွေးစတင် ဖြစ်ပွားပြီးနောက်ပိုင်း နှာခေါင်းစီး (mask) များ ဈေးနှုန်းအလွန်မြင့်တက်ခဲ့ပြီး (၃) ရက်ခန့် သာ လူအများ နှာခေါင်းစီးတပ်ကြသည့် မြင်ကွင်းကို တွေ့မြင်ရပြီး ယင်းနောက်ပိုင်းတွင် အဆိုပါ နှာခေါင်းစီးများကို တပ်ဆင်သူ များ မရှိသလောက် ဖြစ်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ရန်ကုန်မှာ လူတွေက တနေကုန် ၀မ်းရေးအတွက်ပဲ ရုန်းရကန်ရနဲ့၊ mask တပ်တာကို လုပ်နေဖို့ အချိန်မရတာ ဖြစ်နိုင်တယ်။ နောက်ပြီး ဈေးမြင့်တာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ဒီလို mask တွေက စနစ်တကျမတပ်ရင်လည်း အကာအကွယ် မဖြစ်ဘူး ဆိုတာတွေကို လူတွေက သိကုန်ကြတော့ တော်တော်လေးပျောက်သွားတယ်။ အခု ဘွားကနဲ့ နောက်ထပ်တယောက်မှာ အဲ့ဒီရောဂါ တွေ့တယ်ဆိုတော့ ရောဂါပျံ့နှံ့နေတာကို သတိပြုမိလာကြလိမ့်မယ်နဲ့တူတယ်။ အနေအထားကို ကျနော်တို့လည်း စောင့်ကြည့်ရမှာပဲ” ဟု ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် (၂၇) ရက် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန၏ စမ်းသပ်ချက်အရ ရန်ကုန်မြို့၌ (၁၃) နှစ်အရွယ် အမျိုးသမီးငယ် တွင် A(H1N1) တုပ်ကွေး ဖြစ်ပွားသည်ကို အတည်ပြုကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးရောဂါ ပထမဆုံး တွေ့ရှိခဲ့သော (၁၃) နှစ်အရွယ် အမျိုးသမီးငယ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီဖြစ်သဖြင့် ဇူလိုင် (၈) ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင် ဖော်ပြထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, July 9, 2009

တပ်တွင်းက နေရာယူမှု ပြဿနာနဲ့ ဆက်ဆံရေးအခက်အခဲများ

တပ်တွင်းက နေရာယူမှု ပြဿနာနဲ့ ဆက်ဆံရေးအခက်အခဲများ

ဗိုလ်ထက်မင်း
၉ ဇူလိုင် ၂၀၀၉

ဗိုလ်သန်းရွှေအနေနဲ့ စစ်တပ်အရာရှိတွေကို နေရာခွဲဝေချထားမယ့်အပိုင်းမှာ တော်တော်လေး ခေါင်းစားနေသလို မထင်မှတ်တဲ့ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကိုယ့်ရူးကိုယ်ပတ်မယ့် သဘောမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးကပ်လာလေလေ မထူးဇာတ်ခင်းဖို့ နေမြင့်လေ အရူးရင့်လေလေ ဖြစ်နေပါတယ်။ တပ်မတော်ဟာ ပြည်သူ့အကျိုးအ တွက် ရပ်တည်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကျစ်လျစ်ခိုင်မာ နိုင်ငံတကာက လေးစားတဲ့ ဂုဏ်သိက္ခာရှိရှိ တပ်မတော် ဖြစ်စေလိုကြောင်း တပ်တွင်းက လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိကြီးတချို့ မှလည်း နားလည် သဘောပေါက်နေပါတယ်။

န၀တနဲ့ နအဖခေတ်မှာ စစ်တပ်အင်အားကို တိုးချဲ့ ဖို့ အရာရှိအများအပြားကို မွေးထုတ်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့ခေတ် အချိန်မှာ ဗျူဟာမှူးဆိုတဲ့ ဗိုလ်မှူးကြီးအဆင့်မှာ ယခင်ကလို ရာထူးတက်လမ်း မလွယ်ကူတော့ဘဲ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူး များဖြစ်တဲ့ တပ်မမှူး၊ တိုင်းမှူးရာထူးတွေကို တက်နိုင်ဖို့အတွက် အမြောက်အမြားရှိနေတဲ့ ဗျူဟာမှူးများအကြားက ခက်ခက်ခဲခဲ ထိုးဖောက်ထွက်ရတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

ဒီလိုမှ မထိုးဖောက်နိုင်ရင် ဗျူဟာမှူးတွေဟာ ဦးဆောင်ညွှန်ကြားရေးမှူးဆိုတဲ့ နှစ်သိမ့်ဆုကို ရရင်ရ၊ ဒါမှမဟုတ် ဒကစမှူး၊ တိုင်းဦးစီး ဗိုလ်မှူးကြီး၊ ဒု-တိုင်းမှူးဆိုတဲ့ ချောင်ထိုးထားတဲ့ နေရာများကိုသာ ရောက်သွားတတ်ပါတယ်။ အခုအချိန်မှာ ဗျူဟာမှူး အဆင့်တောင် အဲဒီလို မရေရာ မသေချာမှုကို ရင်ဆိုင်နေရတဲ့ လမ်းဆုံလမ်းခွနေရာကြီးဖြစ်နေပါတယ်။ ဒါ့အပြင် တပ်မမှူးနဲ့ တိုင်းမှူးတွေက လုပ်ပိုင်ခွင့်အားလုံးကို ချုပ်ကိုင်ထားတာမို့ ဗျူဟာမှူးတွေဟာ တပ်ရင်းမှူးလောက်တောင် မစိုပြည်လှဘဲ ယောင်လည်လည် ဖြစ်နေရတာမျိုးနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ရှေ့တန်းစစ်ဆင်ရေးထွက်တဲ့ အချိန်ကြမှသာ တပ်ရင်းတပ်ဖွဲ့များက ဗျူဟာမှူးနဲ့အဖွဲ့ကို ကြောက်ရွံ့ကာ “ဖား” ကြရလို့ လုပ်ပိုင်ခွင့် အာဏာအသင့်အတင့် ရှိပါတော့တယ်။ တခါ ဗျူဟာမှူးတွေဟာ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို စစ်ဆေးရတဲ့အခါကျမှသာ ဝမ်းဗိုက် စိုပြည်ရတဲ့ အခြေအနေမျိုးလည်း ရောက်နေပြီ ဖြစ်ပါတယ်။ ရှေ့တန်းစစ်ဆင်ရေး မရှိတော့ရင် ဗျူဟာမှူးဘ၀က အငှားတရားခံ ရောက်မှန်းမသိ ရောက်နေပါတယ်။ အမှုစစ်ဆေးခိုင်းတာမျိုးနဲ့ တပ်မမှူး၊ တိုင်းမှူး အစည်းအဝေးသွားရင် ခေတ္တ တပ်ကိုင်ရတာမျိုးတွေကို ဗျူဟာမှူးက သတိထားလုပ်ကိုင်နေရတာကြောင့် ဖြစ်ပါတယ်။

တချို့ ဗျူဟာမှူးတွေဟာ တပ်ရင်းတွေကို စစ်ဆေးတဲ့အခါကျရင် ထုတ်ပြန်ထားတဲ့အမိန့်နဲ့ ညွှန်ကြားချက်၊ စီမံချက်များဟာ လက်တွေ့မှာ လိုက်လုပ်နိုင်စွမ်း မရှိမှန်းကို မိမိကိုယ်တိုင် တပ်ရင်းမှူးဘဝမှာ ကြုံတွေ့ခဲ့ရမှန်း သိလျက်နဲ့ ဇွတ်အတင်း ဖိနှိပ်တာမျိုးလည်း ရှိနေလို့ တပ်ရင်းမှူးတွေနဲ့ ပဋိပက္ခဖြစ်နေတာကို လည်း တွေ့ရပါတယ်။

ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ် ဆိုတဲ့ ဒကစ ဆိုတာကတော့ ရှေ့တန်း နယ်အစွန်အဖျားပြည်မနဲ့ အလှမ်းဝေးတာမို့ စီမံခန့်ခွဲမှုအာဏာ၊ တရားစီရင်မှုအာဏာ၊ ရိက္ခာထုတ်ပေးမှုအာဏာ စသဖြင့် အတော်အတင့်ရထားတဲ့ ဌာနဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးပိုင်းဆိုင်ရာကိုတော့ တိုင်းမှူးထံ တင်ပြရပါသေးတယ်။ ဒကစမှူးဟာ တပ်မမှူးနဲ့ စကခမှူးတို့ထက် အနည်းငယ်နိမ့်ပြီး ၎င်းမှ တိုင်းမှူးဖြစ်တဲ့ ထုံးစံမရှိတာကို တွေ့ရပြီး ဒကစမှူး ဖြစ်ရင်တောင် ၀မ်းမသာနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။

တဖန် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဆိုတဲ့ စကခ ဆိုတာကတော့ နိုင်ငံတကာ ကန့်ကွက်မှာ စိုးရိမ်လို့ တပ်မအသွင်ပြောင်း ထားတဲ့ အဖွဲ့တခုသာ ဖြစ်ပါတယ်။ တပ်မများနဲ့ စကခများဟာ ကကကြည်း (စစ်ဆင်ရေး) ရဲ့  တိုက်ရိုက်ကွပ်ကဲစီမံထားတဲ့ တပ်များဖြစ်လို့ စစ်ဆင်ရေးခွင် ပုံသေမရှိဘဲ ရန်သူအင်အားပေါ် မူတည်ပြီး လိုအပ်သလို စစ်ကစားနိုင်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ တပ်မမှူးများနှင့် စကခမှူးတွေဟာ တိုင်းမှူးများနှင့် ဆက်ဆံရေး သဟဇာတ မဖြစ်တာကိုလည်း တွေ့ရပါတယ်။ ၁၉၈၈ ခုနှစ်က မဲသဝေါစခန်း ကျသွားတဲ့အချိန်မှာ တိုက်နေရတဲ့ တပ်မ (၆၆) တပ်မမှူးနှင့် ဒု-တပ်မမှူးတွေဟာ ရတခ တိုင်းမှူးရဲ့ မသိကျိုးကျွံပြုမှုကြောင့် အခက်အခဲတွေကြားမှာ ရုန်းကန်နေရတာကို စစ်ရုံးမှ မှန်ကန်စွာ မသုံးသပ်နိုင်တာကြောင့် သူတို့ဟာ ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရပါတယ်။ ဒု-တပ်မမှူးကိုယ်တိုင် ရှေ့တန်းမှာ သူ့ရဲ့  ပခုံးပေါ်က အပွင့်များကို ဆွဲဖြုတ်ပြီး ပစ်တင်ကာ ထွက်သွားတဲ့အထိ တင်းမာမှု ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။

အလားတူ နဝတ တက်လာပြီးနောက် ရန်ကုန်မြို့ လုံခြုံရေးဝင်နေတဲ့ တပ်မ (၂၂) ဟာ ကကကြည်းသို့ တိုက်ရိုက်ခွင့်တောင်းပြီး ၎င်းတပ်များကို လိုအပ်သလို ရွှေ့ပြောင်းခဲ့မှုအပေါ် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက မသိလိုက်လို့ တိုင်းမှူးနှင့် တပ်မမှူးတို့ ပဋိပက္ခဖြစ်ပွားခဲ့ရပါတယ်။ တိုင်းမှူးတွေဟာ ကကကြည်းနဲ့ တပ်မမှူးများ မသိလိုက်ရဘဲ နောက်တန်းမှာ ပြန်လည်စုဖွဲ့ အနားယူနေတဲ့ တပ်မလက်အောက်ခံ တပ်ရင်းများကို တိုင်းဧရိယာအတွင်းရှိ ရန်သူများအား တိုင်းလက်အောက်ခံတပ်များနဲ့ နိုင်အောင်မတိုက်နိုင်တိုင်း ဗိုလ်ကျကာ အတင်းဆွဲသုံးတာကိုလည်း တွေ့ရပါတယ်။

အဲဒီအခါမှာ တပ်ရင်းမှူးတွေဟာ တိုင်းမှူးက Promotion ရာထူးတိုးမြင့်ခွင့် ကိုင်ထားတဲ့အာဏာကို ကြောက်ရွံ့လို့ စိတ်မပါ့တပါနဲ့ တပ်မမှူးကို သတင်းမပို့တော့ဘဲ လုပ်ပေးလိုက်ရတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့ရလို့ တပ်မမှူးနှင့် တိုင်းမှူး ပဋိပက္ခဖြစ်တာ လည်း တွေ့ရပါတယ်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကကကြည်း မသိဘဲ တိုင်းမှူးတွေခိုင်းတိုင်း တပ်ရင်းမှူးတွေ လိုက်မလုပ်ဖို့ ပြောလာတဲ့အထိ တင်းမာမူကို ထိန်းခဲ့ရပါတယ်။

တပ်မမှူးတွေလည်း ယခင် မဆလခေတ်က တိုင်းမှူးဖြစ်လာမယ်လို့ ကြိမ်းသေမှန်းလို့ ရပေမယ့် ယနေ့ နအဖခေတ်မှာတော့ မသေချာတော့ဘဲ ဒု-ဝန်ကြီးရာထူးနဲ့သာ အဆင်မသင့်ရင် ချောင်ထိုးခံရတတ်ပါတယ်။ တိုးချဲ့လာတဲ့ တပ်မအရေအတွက် ဟာလည်း များပြားလာတာမို့ တပ်မမှူးအချင်းချင်း ပြိုင်ဆိုင်နေကြသလို ဒု-ချုပ်နဲ့တပ်ချုပ်ထံ ၎င်းတို့ရဲ့ ဇနီးသည်များကို မကြာခဏ စေလွှတ်ကာ လူကြီးသိအောင် “ဖား” နေရတာ အမောတကော ဖြစ်နေကြရပါတယ်။

တိုင်းမှူးတွေနဲ့ ဆက်ဆံရေးပြဿနာ နောက်တခုမှာ ဝန်ကြီးဌာနများနဲ့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ မူဝါဒ စီမံကိန်းများနဲ့ တွက်ချက်ပြီး တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဦးစီးမှူးအရာရှိများကို ညွှန်ကြားကာ အကောင်အထည်ဖော်နေပေမယ့် တိုင်းမှူးတွေရဲ့ ဝင်ရောက်စွက်ဖက်မူကို မကြာခဏ ကြုံတွေ့နေရပါတယ်။ တိုင်းမှူးတွေဟာ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်း ဖွံ့ဖြိုးတိုးတက်မူ ဆောင်ရွက်ရတာမျိုးနဲ့ ပညာရှင်တွေရဲ့ နည်းပညာတွေကို လုံးဝနားမလည်ဘဲ ဝင်ရောက် စီမံကွပ်ကဲနေတာမို့ တိုင်းနဲ့ ပြည်နယ်က ဝန်ထမ်းများစွာ စိတ်ညစ်ကာ အလုပ်ကထွက်တဲ့အထိ ဖြစ်ကြရပါတယ်။

တိုင်းမှူးတွေ လက်သုံးစကားတခုက “မင်းတို့ ဝန်ကြီးတွေဟာ ဌာနဆိုင်ရာ အကြီးအကဲသာ ဖြစ်တယ်၊ တိုင်းမှူးဖြစ်တဲ့ငါဟာ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဖြစ်လို့ ငါဆုံးဖြတ်တာကို ဦးစားပေးရမယ်” လို့ ငေါက်ငမ်းခဲ့ပါတယ်။ တိုင်းမှူးတွေဟာ သူတို့ရဲ့သတင်းတွေကို TV နဲ့ သတင်းစာတွေမှာ ပါချင်ကြတာမို့ ဝန်ကြီးဌာနလက်အောက်ခံ စက်ရုံ၊ တံတား၊ ဆည်ဖွင့်ပွဲတွေမှာ ဖိတ်စာကို သူတို့ထံ ဂရုတစိုက် သွားရောက် ဖိတ်ကြားရပါတယ်။ ဖိတ်စာပေးဖို့ ပျက်ကွက်ခဲ့လို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟာ စက်ရုံမှူးတဦးကို ဖိအားပေး ဆူပူခဲ့တာ သိရပါတယ်။ တိုင်းမှူးတွေဟာ အမှန်တော့ သတင်းလာရင် ဖွင့်ကြည့်နေတဲ့ တပ်ချုပ်နဲ့ ဒု-ချုပ်တွေကို သူတို့အလုပ်တွေ ကြိုးစားလုပ်နေဟန် အမှတ်ယူတဲ့သဘော ပြချင်တာပဲ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးဖွဲ့မှူးဆိုတဲ့ ကစထမှူးတွေကတမှောင့်၊ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော် ရတဲ့ စီမံကိန်းတွေ လမ်း၊ တံတား၊ စက်ရုံ၊ ဆည်တွေကို နအဖရုံးက စစ်ခိုင်းလို့စစ်ရာမှာ ဌာနဆိုင်ရာတွေကတော့ သူတို့တွေလာ ရင် “သတ်မှတ်ရက်ထက် ဆောလျင်စွာပြီးစီးဖို့၊ အရည်အသွေး ကောင်းမွန်ဖို့ဆိုတဲ့” “အပ်” ကြောင်းထပ်တဲ့ စကားလုံးတွေသာ ပြောနေလို့ စိတ်ညစ်နေရကြောင်း သိရပါတယ်။ လိုအပ်တာ ဖြည့်ဆည်းပေးဖို့ထက် ပြဿနာရှာဖို့၊ နားမလည်တာကို နားလည် လေဟန် ဆရာပဲ လုပ်တတ်တာမို့ ဌာနဆိုင်ရာတွေအနေနဲ့ စိတ်ညစ်ရတာ ဖြစ်ပါတယ်။ တခါတရံ တိုင်းမှူးရဲ့ အမှတ်ယူမယ့် စစ်ဆေးဖို့ လျာထားတဲ့ စီမံကိန်းလုပ်ကွက်တွေကို ကစထမှူးတွေက အမှတ်ယူကာ ဝင်ရောက် စွက်ဖက်စစ်ဆေးနေတာမို့ ကစထမှူးနဲ့ တိုင်းမှူးတချို့ဟာ မကျေလည်မှုတွေ ဖြစ်နေပါတယ်။

မှားယွင်းတဲ့ မူဝါဒတွေကြောင့် နိုင်ငံတော်မှာ ယိုယွင်းပျက်စီးနေတဲ့ သဘောသဘာဝကို နားလည်မှုရှိရှိ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဖို့ ထိပ်ပိုင်း စစ်အာဏာရှင်များက မကြိုးစားကြဘဲ အမိန့်နဲ့အာဏာကိုချည်း တဖက်သတ်သုံးစွဲနေလို့ လက်တွေ့ မှာ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်က တိုးတက်မှု သုံည အမှတ်မှာသာ ရှိပါကြောင်းနဲ့ တပ်တွင်းစည်းလုံးညီညွတ်မှုဟာ ၂၀၁၀ နောက်ပိုင်းမှာ အာဏာခွဲဝေမှု ပြဿနာနဲ့အတူ ပိုမိုဆိုးဝါးလာဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, July 8, 2009

ဘောလုံးကလပ်အသင်းများ ပြန်ခေတ်စား

ဘောလုံးကလပ်အသင်းများ ပြန်ခေတ်စား


Tuesday, 07 July 2009 16:23 ၊
အောင်သက်ဝိုင်း


စစ်အစိုးရနှင့် ပေါင်းသင်း စီးပွားရှာသဖြင့် လူထုမနှစ်သက်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ယခုအခါ ဘောလုံးကလပ် အသင်းပိုင်ရှင်များ အဖြစ် လူထုက အပြစ်မြင်မှု လျော့ကျလာ သည်ဟု ကြားသိရသည်။

“အရင်က ဦးတေဇဆိုရင် လူတွေက သိပ်ပြီးအမြင်မကြည်ကြဘူး။ အခု ရန်ကုန် ယူနိုက်တက် ကလပ် အသင်း ပိုင်ရှင်အနေနဲ့ အတော်လေး အမြင်ကြည်လင် လာတယ်။ ဒီအသင်းက တို့ ရန်ကုန်အသင်း၊ အားပေးရမယ်ဆိုပြီး ပြောလာကြတယ်” ဟု ရန်ကုန်မြို့ခံတဦးကဆိုသည်။

ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ ယူနိုက်တက်တို့ အကြိတ်အနယ် ဗိုလ်လုနေစဉ် (ဓာတ်ပုံ - Reuters)


ယခု ပြီးစီးသွားသည့် မြန်မာနေရှင်နယ်လိဂ် (MNL CUP GRAND ROYAL CUP 2009) ဘောလုံးပွဲ များကြောင့် ကလပ်ပိုင်ရှင်များနှင့် လူထုအကြား ရင်းနှီးမှု ပိုမို ရရှိလာသည်ကို တွေ့ရကြောင်း မန္တလေး အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။

“မန္တလေးမှာ ရတနာပုံ FC ပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းဆိုရင် လူတိုင်းသိလာတယ်။ မန္တလေးမြို့ခံတွေက သူ့ကို ရင်းနှီးနေကြတယ်” ဟု ထိုအယ်ဒီတာက ဆက်ပြောသည်။

ယခု ပြီးစီးသွားသည့် ဖလားပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက်က ကျပ်သိန်း ၅၀၀၀ ကျော်၊ ရတနာပုံ ယူနိုက်တက်က သိန်း ၆၀၀၀ ကျော်အသုံးပြုခဲ့ပြီး ကျန်သည့် ကလပ်အသင်းများသည်လည်း သိန်းထောင်ချီ အသုံးပြုခဲ့ကြသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၀န်ထမ်းတဦးက ရှင်းပြသည်။

ကျင်းပပြီးစီးသွားသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ကွင်းဝင်ကြေး ငွေကျပ် သိန်း ၂၄၀၀ ရရှိခဲ့ပြီး ဘောလုံးအသင်းများကို ခွဲဝေပေးထားသော်လည်း ကလပ်ပိုင်ရှင်များ အရှုံးပေါ်ကြသည်ဟု သိရှိရသည်။

“ကွင်းဝင်ကြေး ဆိုတာက ကလပ်ပိုင်ရှင်တွေအတွက် ဘာမှ မဖြစ်စလောက်ပါ။ အရင်းတောင် မကာမိကြ ပါဘူး” ဟု သူက ဆိုသည်။

မြန်မာနေရှင်လိဂ် ဘောလုံးပြိုင်ပွဲများတွင် ဘောလုံးကလပ်အသင်း အပိုင်မရှိသေးသော နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည်လည်း ပုဂ္ဂလိကဘောလုံး အသင်းများ ထပ်မံ ဖွဲ့စည်းသွားရန်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် (MNL CUP GRAND ROYAL CUP 2009) အောင်မြင်စွာပြီးဆုံးသည့် အထိမ်းအမှတ် ရန်ကုန်ဆီဒိုနားဟိုတယ်တွင် ဇူလိုင် ၆ ရက်နေ့က ကျင်းပသော အခမ်းအနား၌ ဦးဇော်ဇော်က ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း အားကစား သတင်းရပ်ကွက်မှ ကြားသိရသည်။

“ဦးဇော်ဇော်ပြောတာက ဘောလုံးအသင်း ထောင်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သူစည်းရုံးနေတယ်။ တသင်းကို သိန်း ၁၀၀၀ ရင်းရုံနဲ့ရတယ်၊ နောက်တကြိမ်ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ်မှာ တန်းဆင်း၊ တန်းတက်အသင်းတွေ ရှိလာမှာဖြစ်တဲ့အတွက် ပထမတန်းမှာ အသင်းဖွဲ့ပြီး ပရိုနေရှင်နယ်လိဂ်မှာ ၀င်ပြိုင်လို့ ရမယ်ဆိုပြီး စည်းရုံးတယ်” ဟု အခမ်းအနားသွားရောက်ခဲ့သည် အားကစားဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။

ဦးဇော်ဇော်၏အဆိုအရ မြန်မာနေရှင်နယ်လိဂ်တွင် ပုဂ္ဂလိကဘောလုံးအသင်း ၄၊ ၅ သင်း ဖွဲ့စည်းနိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီး များကို စည်းရုံးနေပြီး ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း စိတ်ဝင်စားလျက် ရှိကြောင်း၊ သို့ဖြစ်၍ မကြာမီ လက်ရှိ ထူထောင်ထားပြီးသားဖြစ်သော ပုဂ္ဂလိက ဘောလုံးအသင်း ၈ သင်း အပြင် ဘောလုံးအသင်းများ ထပ်မံ ထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်တကြိမ်ကျင်းပမည့် မြန်မာနေရှင်လိဂ်ဘောလုံးပြိုင်ပွဲတွင် အသင်းများသည် ငွေအား၊ လူအား ထပ်မံဖြည့်တင်းပြီး ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာတော့မည် ဖြစ်ကြောင်းလည်း ဦးဇော်ဇော်က ပြောဆိုသည်။

“မြန်မာနေရှင်နယ်လိဂ်က အတော့်ကို အောင်မြင်ပါတယ်။ လူတွေ တော်တော်များစိတ်ဝင်စားကြတယ်။ ဒါက မြန်မာ့ဘောလုံးလောက အဆင့်အတန်းမြင့်မားရေးအတွက် အထောက်အကူပြုမှာပါ” ဟု အားကစားဂျာနယ်အယ်ဒီတာ တဦးက ပြောပြသည်။

မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ရတနာပုံအသင်းကို ၂ ဂိုး၊ ၂ ဂိုးဖြင့် သရေကျနေရာမှ နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် ရန်ကုန်ယူနိုက်တက် အသင်းဥက္ကဌ ဦးတေဇက နောက်တကြိမ် ကျင်းပမည့် ပွဲတွင် သူ၏အသင်း အနိုင်ရ ဗိုလ်စွဲနိုင်ရေးအတွက် ပြည်ပမှနည်းပြများ၊ အားကစားသမားများ ထပ်မံဖြည့်တင်းပြီး ကြိုးစားမည်ဟု ကြုံးဝါးနေကြောင်း အားကစား လောကမှ ကြားသိရသည်။

“ဒီနှစ်မှာ ဖလားမရတဲ့ လုပ်ငန်းရှင်တွေအကုန်လုံးက သူတို့ရဲ့ ဘောလုံးအသင်းတွေကို နောက်နှစ်မှာ ဖလားရဖို့ ကြိုးစားမယ်လို့ ကြွေးကြော်နေကြတယ်။ ဦးတေဇကလည်း သူ့အသင်းကို ရန်ကုန်ုမှာ အောင်ပွဲခံဖို့အတွက် အနည်းဆုံး ကျပ် သိန်း ၅၀၀၀ ကနေ လိုရင်လိုသလောက် ငွေ သုံးမယ်လို့ ပြောတယ်” ဟု အားကစားဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းကို မန္တလေးလူထုက အလွန်အားပေးထောက်ခံနေပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာသည့်အတွက် မန္တလေးပြည်သူများက ကျေနပ်နေကြသည်ဟု သိရှိရသည်။

“မန္တလေးလူထုက ရတနာပုံမှ ရတနာပုံ။ အားလုံးကအားပေးတယ်။ ဗိုလ်လုပွဲ MRTV ကလွှင့်တော့ မန္တလေးတမြို့လုံး တီဗွီကြည့်ပြီး ခုန်ပေါက်အော်ဟစ် အားပေးတယ်” ဟု မန္တလေးအခြေစိုက် အားကစား အယ်ဒီတာတဦးကရှင်းပြသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲကို အဆင့်အတန်းရှိသည့် ဘောလုံးပြိုင်ပွဲများ ဖြစ်လာအောင်ကြိုးစားနေပြီး ပြိုင်ပွဲများကို ငွေကြေးပေး ၀ယ်ယူကြည့်ရှုရသည့် အခပေးရုပ်မြင်သံကြားလိုင်း တလိုင်းပေါ်ပေါက်အောင် စီစဉ်နေကြောင်းလည်း သတင်း ရရှိသည်။

“အနောက်နိုင်ငံတွေမှာလို Pay TV Channel တခု လုပ်ပြီး ရောင်းဖို့ လုပ်နေတယ်လို့ ဦးဇော်ဇော်က ပြောတယ်” ဟု ရန်ကုန်အားကစား သတင်းထောက်တဦးက ဆိုသည်။

မြန်မာနေရှင်နယ်လိဂ်တွင် အသင်း ၈ သင်းရှိပြီး ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇက ရန်ကုန်ယူနိုက်တက်၊ လွယ်ဟိန်းကုမ္ပဏီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက ရတနာပုံ၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း ကုမ္ပဏီ) က ဇေယျာရွှေမြေ၊ ဦးချစ်ခိုင် (ဧဒင်) က Delta United၊ ဦးအောင်မိုးကျော် (IBTC ကုမ္ပဏီ) က ဥဿာ ယူနိုက်တက်၊ ဦးအောင်ကိုဝင်း (ကမ္ဘောဇကုမ္ပဏီ) က ကမ္ဘောဇယူနိုက်တက်၊ ဦးဌေးမြင့် (ယုဇန) က Southern Myanmar ၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်) က မကွေးယူနိုက်တက် ဘောလုံးအသင်းများ အသီးသီးပိုင်ဆိုင်ကြသည်။

ထို ဘောလုံးအသင်းများ ဖြစ်ပေါ်လာရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခြင်း ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည်ဖော်ကြခြင်း ဖြစ်ကြောင်း အများက သုံးသပ်ကြသည်။

ဘောလုံးအသင်းများ ပိုင်ဆိုင်ထားသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဒေသအလိုက် မဲဆွယ်ကြလိမ့်မည်ဟုလည်း နိုင်ငံရေး လေ့လာသူတို့က ယုံကြည်နေကြသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, July 6, 2009

ဖိအားပေါင်းစုံအကြားမှာ နအဖအစိုးရဟာလည်း ဆူးကြား ဘူးသီးသလို ဖြစ်နေတယ်

ဖိအားပေါင်းစုံအကြားမှာ နအဖအစိုးရဟာလည်း
ဆူးကြား ဘူးသီးသလို ဖြစ်နေတယ်

ရဲဘော်ဖိုးသံချောင်း

၆ ဇူလိုင် ၂၀၀၉


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း တပ်ခေါက်သွားပြီ။ တပ်လန်ပြီးဆုတ်သွားရတယ်ဆိုရင် ပိုမှန်မလားပဲ။
သူတပ်လန်သွားတယ်ဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေ နိုင်လိုက်တယ်လို့ဆိုနိုင်မလား။ စစ်ဆိုတာ တဖက်ကလန်ထွက် သွားတာနဲ့ ကိုယ်က နိုင်လိုက်ရောလို့ မပြောနိုင်ပါဘူး။ ကိုယ့်ဘက်မှာ သေကျေကျန်ရစ်တာ၊ နောက်တပွဲတိုက်စရာ အင်အား မကျန်တာ စတဲ့အချက်တွေဟာ နိုင်တဲ့လက္ခဏာမဟုတ်ပါဘူး။ အလွန်ဆုံးအားဖြင့် တကွေ့တော့ ကျော်သွားပါပကောလို့သာ ပြောနိုင်ပါတယ်။

အခုလည်း မစ္စတာဘန်ကီမွန်းပြောသွားတဲ့ နောက်ဆုံးမှတ်ချက်စကားကို နားထောင်ကြည့်ပါ။ “သိပ်စိတ်ပျက်ရတယ်” တဲ့။ နောက်ပြီး “သူတို့ (နအဖအစိုးရ) နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အဆက်အသွယ်ရဖို့အတွက် အခွင့်အရေးကောင်းတခု လွတ်သွားပြီ” တဲ့။ ငယ်တုန်းကသမိုင်းစာအုပ်ထဲမှာပါတဲ့ ကျန်စစ်သားက စောလူးမင်းကိုပြောတဲ့ “ခွေးသေဝက်သေ သေရစ်” ဆိုတဲ့စကားကို သတိရစရာပါပဲ။ ဒီတပွဲမှာ နအဖလည်း မနိုင်လိုက်တာ သေချာပါတယ်။ ဒါဟာ နအဖအဖို့ နောက်ဆုံးရထားကို လွတ်သွားတာလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မစ္စတာဘန်ကီးမွန်း ရောက်လာတာ၊ နအဖဗိုလ်ချုပ်တွေနဲ့ စကားပြောတာ၊ ပြန်သွားတာ စတဲ့ကမ္ဘာကအာရုံစိုက်တဲ့ ဖြစ်စဉ်ကြီး ဖြစ်ပေါ်နေတာနဲ့ တချိန်တည်းမှာပဲ ဗမာပြည်မှာ လူအများအာရုံစိုက်ရတဲ့ အဖြစ်အပျက်တခုဟာလည်း တရွေ့ရွေ့လှုပ်ရှားပြီး ပုံပီပြင်လာနေပါတယ်။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းချုပ်ပြီး ရုံးတင်တရားစွဲနေတဲ့အမှုပါပဲ။ စကာစတုန်းက ဖုတ်ပူမီးတိုက် နောက်ကကျားလိုက်နေသလို စစ်ဆေးခဲ့တဲ့အမှုဟာ အခုတလောမှာ ရုံးချိန်တွေ ရွှေ့ပြီးရင်းရွှေ့ နေတာကို သတိပြုမိကြမယ်ထင်ပါတယ်။ သေချာနေတာကတော့ နအဖစစ်ဗိုလ်တွေဟာ အကြံပုပ်ဉာဏ်ယုတ်တွေ ထုတ်နေကြပြန်ပါပြီ။ သူတို့အချိန်ဆွဲတဲ့ နည်းပရိယာယ်ကို ပြန်သုံးနေပါတယ်။ ဒီအမှုကို အချိန်ဆွဲချင်နေကြပါတယ်။ ဒါ ဘာကြောင့်ဖြစ်နိုင်ပါသလဲ။

သေချာနေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ တချက်က နအဖစစ်အစိုးရ ဖန်တီးလိုက်တဲ့ဒီအမှုဟာ ဆင်ကွက်မှန်း၊ လိမ်ဆင်မှန်း အထင်းသားပေါ်လွင်သွားတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားတဲ့ရက် အချိန်စေ့တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတဲ့အမှုမို့ အမှုစကတည်းက ပြည်တွင်းပြည်ပ လူတိုင်းက သံသယရှိကြပါတယ်။ အဲဒီနောက် ဂျွန်ယက်တောက ရုံးမှာထွက်ဆိုလိုက်တဲ့အခါကျတော့ ကိစ္စအားလုံးဟာ ဗူးပေါ်သလိုပေါ်ကုန်ပါတယ်။ ဒါ့အပြင် ကြာလေပိုပေါ်လာလေလိုလည်း ဖြစ်လာနေပါတယ်။ ဒါကြောင့် လက်ရှိရုံးပေါ်က ထွက်ချက်တွေအတိုင်းသာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဒဏ်ချရရင် သူတို့မတရားတာဟာ သိပ်ကို ပေါ်လွင်နေတော့မှာ ဖြစ်နေပါတယ်။

နောက်အကြောင်းတချက်က ဒီအမှုနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပရဲ့ တုံ့ပြန်မှုပါ။ တုံ့ပြန်ကြတာဟာ နအဖမျှော်လင့်မထားတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ ဒါကို ခေတ်စကားနဲ့ ရှင်းအောင်ပြောရရင် နအဖဗိုလ်ချုပ်တွေ အရမ်းဖျားသွားပါတယ်။ လုံးဝမကျေနပ်နိုင်တဲ့ လူတွေဟာ အင်းစိန်ထောင်ဘူးဝမှာသာမကပဲ မြို့ပေါင်းများစွာမှာ လမ်းပေါင်းများစွာမှာ သူတို့ရဲ့ဆန္ဒတွေကို နည်းလမ်းပေါင်းများစွာနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဆက်ချမယ်လို့ တာစူနေတာတွေလည်း အမြောက်အမြားပေါ်လာခဲ့ပါတယ်။ ဒီအခါမှာ နအဖစစ်ဗိုလ်တွေအဖို့ သူတို့ဘက်က နောက်တဆင့်လှမ်းလိုက်ရင် ဘာဖြစ်မယ်ဆိုတာကို တွက်ဆလို့ မရနိုင်အောင် ဖြစ်သွားပါတယ်။ တဖန်တပ်တွင်းမှာလည်း ဒီကိစ္စအပေါ် မကျေနပ်သံတွေဟာ မကြားချင်အဆုံး ကြားလာရပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဥပဒေတောင်မထုတ်ပြန်နိုင်သေးဘဲ ခေါင်းခြောက်နေရတဲ့အချိန်၊ ငြိမ်းအဖွဲ့တွေကလည်း သူတို့နဲ့ ကီးမကိုက်ဖြစ်နေလို့ စိတ်ညစ်နေရတဲ့အချိန်မှာ နအဖစစ်ဗိုလ်တွေ မြို့ပေါ်၊ လမ်းမပေါ်က ပြဿနာတွေ မပေါ်စေချင်ပါဘူး။ ဒါကပြည်တွင်းမှာပါ။

ပြည်ပမှာ နိုင်ငံတကာအဝန်းအဝိုင်းက တုံ့ပြန်မှုတွေဟာလည်း နအဖဗိုလ်ချုပ်တွေကို ဗမာပြည်သမိုင်းမှာ ဘယ်အစိုးရမှ မကြုံတွေ့ဖူးသေးတဲ့ ဆန့်ကျင်သဘောထားတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါသာမက သူတို့က နအဖရဲ့ခြေလှမ်းကို စောင့်ကြည့်နေ ဦးမယ်၊ ဆက်အရေးယူတန်တာ ယူဦးမယ်ဆိုတာကို အသံပြုလို့တမျိုး၊ အသံမပြုဘဲတနည်း အမျိုးမျိုးဖော်ပြခဲ့ကြပါတယ်။ တင်းတင်းမာမာ သတိပေးခဲ့တဲ့ အစိုးရတွေရှိသလို ဘာကြိတ်ပြောလိုက်မှန်းမသိရတဲ့ တရုတ်လိုအစိုးရတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂခန်းမထဲမှာ ဗမာပြည်ရဲ့အရေး ရောက်သွားတယ်ဆိုတာဟာ သမိုင်းမှာ အရင်က တခါတည်းရှိခဲ့ဖူးပါတယ်။ အဲဒါက ၅ဝ စုနှစ်များ အစောပိုင်းတုန်းက ဗမာပြည်ကို တရုတ်ဖြူ (ကေအမ်တီ) တွေ ကျူးကျော်တဲ့ကိစ္စတုန်းကပါ။ သတိထားသင့်တာက အဲဒီတုန်းက ဗမာပြည်အစိုးရဟာ တရားလိုပါ။ အခုတော့ နအဖဗိုလ်သန်းရွှေတို့လက်ချက်ကြောင့် ဗမာပြည်ဟာ တရားခံ အဖြစ်နဲ့ ဝက်ခြံထဲမှာ ရောက်နေရပါတယ်။ နောက်ပြီး သူတကာလက်ညှိုးငေါက်ငေါက်ထိုးတာလည်း ခံနေရပါတယ်။ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ဘယ်တုန်းကမှ အခုကာလလောက် မကျဆင်းခဲ့ဖူးပါဘူး။

နောက် ထောက်ပြသင့်တဲ့တချက်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကို ဗိုလ်သန်းရွှေတယောက် လက်ခံ တွေ့ဆုံတယ်ဆိုတာဟာ တခြားတနိုင်ငံက နားချလို့ဖြစ်တယ်ဆိုတဲ့ကိစ္စပါ။ ဒီအချက်ကိုထောက်ရင် ပြည်တွင်းမှာမောက်မာလှတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပြည်ပမှာကျတော့ အမြီးကုပ်ခေါင်းငုံ့နေရတာကို ဖော်ပြနေပါတယ်။ ဗမာပြည်ကို နိုင်ငံတကာအသိုင်း အဝိုင်းက ပုံမှန်ချဉ်းကပ်လို့၊ ဆက်ဆံလို့မရတဲ့ နိုင်ငံတခုအဖြစ် သဘောထားခံရတာကို ဒင်းတို့တတွေ ဂုဏ်ယူစရာလို့ အောက်မေ့နေသလားလည်း မပြောတတ်ပါ။

အခု နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်လိုက်တဲ့အတွက် ဒီလိုပြည်တွင်းပြည်ပက ဆန့်ကျင်မှုတွေ အုံကြွ ပေါ်ပေါက်လာတာကို အာရုံလွှဲဖို့၊ အေးသွား၊ ငြိမ်သွားအောင်လုပ်ဖို့ နည်းနာပေါင်းစုံရှာနေပါတယ်။ ဘော့လုံးပွဲတွေထဲ၊ ချဲထီတွေ၊ နှစ်လုံးထီ၊ သုံးလုံးထီတွေထဲ အာရုံပြောင်းသွားအောင် လုပ်နေပါတယ်။ အဲဒီလို တနပ်စားနည်းပရိယာယ်တွေထဲမှာ အမှုကို အချိန်ဆွဲပြီး အကြာကြီးစစ်ဆေးတာလည်း ပါတယ်လို့ ပြောလို့ရပါပြီ။ ဒီအချက်ကိုကြည့်လိုက်ရင်ပဲ ဒီအမှုဟာ အစကနေ အဆုံး ရာဇဝတ်မှုမဟုတ်ဘဲ နိုင်ငံရေး လုပ်ကြံမှုတရပ် ဖြစ်တယ်ဆိုတာ ထင်ရှားသထက်၊ ထင်ရှားလာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးတာကို ပြည်တွင်းပြည်ပက အပြင်းအထန်တုံ့ပြန်လာမှာစိုးလို့ အချိန်ဆွဲနေတာဆိုရင် သူတို့က ဘယ်လိုပြစ်ဒဏ်ချမှာမို့လဲလို့ မေးစရာဖြစ်လာပါတယ်။ ပြစ်ဒဏ်အကြီးကြီးပေးဖို့ ကြံစည်ထားတာမို့ ဒီလိုအကြီးအကျယ် စိုးရိမ်ကြောင့်ကြနေတာလား၊ လွှတ်ပေးမှာဆိုရင် ဘာမှကြောက်နေစရာမလိုဘူးမဟုတ်လားလို့ စောဒက တက်စရာရှိပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဒီအမှုဟာ နိုင်ငံရေးအမှုဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ နိုင်ငံရေးဖြစ်ပေါ်မှုတွေနဲ့ ဆက်နေမယ်လို့ ဆိုရပါမယ်။ သူတို့ဟာ ပြစ်ဒဏ်မချခင် ပြည်တွင်းပြည်ပ အနေအထားတွေကို ထည့်သွင်းသုံးသပ်တာ မလုပ်ဘဲနေလို့မရပါဘူး။

ဒီလိုဆိုတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဒီအမှုကိုနအဖက အမြန်စစ်ပါ၊ တရားစီရင်ပါလို့ တောင်းဆိုလို့မဖြစ်ပါဘူး။ ဒီအမှုဟာ မတရားဆင်ထားတဲ့ အမှုဖြစ်တဲ့အတွက် “ရုံးတင်စစ်ဆေးနေတာတွေကို ချက်ချင်းရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချက်ချင်းလွှတ်ပေးရမယ်” ဆိုတာကနေ တပြားမှလျှော့လို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ အစအဆုံးရပ်တည်ရမှာပါ။ ဒီအတောအတွင်းမှာ နအဖက အချိန်ဆွဲနေတာဟာ ကိုယ့်ဘက်က ပြင်ဆင်ရမှာတွေကို ပြင်ဆင်ဖို့အတွက် အချိန်ရတာပဲလို့ သဘောထားပြီး ပြင်ဆင်မှုတွေ လုပ်ကြရပါမယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဘီလူးစည်း လူစည်း ကွဲတော့မှာဖြစ်တဲ့အတွက် အဲဒီအတွက် ပြင်ဆင်တာလည်း တပါတည်း ဖြစ်သွားနိုင်ပါတယ်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...