Friday, July 10, 2009

ဒုတိယမြောက် A(H1N1) တုပ်ကွေးဖြစ်ပွားသူ တွေ့ရှိကြောင်း မြန်မာအစိုးရ တရားဝင်ကြေညာ

ဒုတိယမြောက် A(H1N1) တုပ်ကွေးဖြစ်ပွားသူ တွေ့ရှိကြောင်း
မြန်မာအစိုးရ တရားဝင်ကြေညာ

NEJ / ၁၀ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံတွင် A(H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွားသူ နောက်ထပ်တဦး ထပ်မံတွေ့ရှိကြောင်း စစ်အစိုးရပိုင် မီဒီယာများက တရားဝင်ကြေညာသည်။

အဆိုပါရောဂါတွေ့ရှိသူမှာအသက် (၂၀) အရွယ် အမျိုးသားဖြစ်ကြောင်းနှင့် ၎င်းသည် ဇူလိုင် (၆) ရက်နေ့က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Thai Air Asia လေယာဉ်ခရီးစဉ်အမှတ် FD 3770 ဖြင့် ပြန်လာခဲ့ကြောင်း ယမန်နေ့ ညနေသတင်းတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်မေးမြန်းရာတွင် “ဖြစ်တယ်ဆိုတာ ဟုတ်ပါတယ်။ လေဆိပ်မှာတုန်းက တွေ့တာမဟုတ်ဘူး။ ဖြစ်စဉ်က အရင်က ဖြစ်တဲ့ လူနာလိုပဲ၊ အိမ်ကိုရောက်ပြီး နောက်ပိုင်းဖြစ်တာပါ။ လူနာနဲ့ပတ်သက်ပြီးတော့ ကျမတို့ ဘာမှပြောလို့ မရပါဘူး” ဟု လေဆိပ်ကျန်းမာရေး စစ်ဆေးရေးဌာနမှ ၀န်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အစိုးရပိုင်မီဒီယာများ၏ ဖော်ပြချက်တွင် အဆိုပါအမျိုးသားမှာ ဇူလိုင် (၇) ရက် မွန်းလွဲပိုင်းတွင် လည်ချောင်းနာကာ အဖျားအနည်းငယ်ရှိသဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ကြောင်း၊ ဇူလိုင်လ (၈) ရက်တွင် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့က နေအိမ်ကိုသွားရောက်ကြည့်ပြီး ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းဆေးရုံ၏ သီးသန့်လူနာခန်းတွင် ထားရှိကာ ပြည်သူ့ကျန်းမာရေးဌာနက စမ်းသပ်စစ်ဆေးချက်အရ New Influenza A(H1N1) ရောဂါရှိသည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။

ရောဂါတွေ့ရှိသောသူနှင့် အတူလေယာဉ်စီးလိုက်ပါလာသော ခရီးသည် (၁၀၄) ဦး၊ လေဆိပ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူနာနှင့်ထိတွေ့မှုရှိခဲ့သူများကို လိုက်လံရှာဖွေလျက် စောင့်ကြပ်ကြည့်ရှုနေကြောင်း အစိုးရ မီဒီယာများတွင် ဖော်ပြသည်။

ရန်ကုန်မြို့၊ နိုင်ငံခြားဆေးအရောင်းဆိုင်ကြီးတဆိုင်မှ တာဝန်ခံတဦးက “ဖြစ်စဉ်က အရင် အသက် (၁၃) နှစ်အရွယ် မိန်းကလေး ငယ် ရောဂါဖြစ်တာမျိုးပါပဲ၊ အိမ်ရောက်မှ သိတယ်။ လေဆိပ်မှာ အဲဒီရောဂါပိုးရှိမရှိ စစ်နေတဲ့ကိစ္စဟာ အပိုလိုဖြစ်နေပြီ။ ပြည်ပက ပြန်ရောက်တဲ့ သူတွေအနေနဲ့ လေဆိပ်မှာ စစ်ထားတာပဲလေ ဆိုပြီးတော့ ပေါ့မနေဖို့ လိုတယ်။ စက်မကောင်းတာဘဲလား၊ ဘယ်လိုကြောင့်လဲဆိုတာကို စဉ်းစားသင့်ပြီလို့ထင်တယ်” ဟု ပြောသည်။

ရန်ကုန်ရှိ ကျန်းမာရေးဦးစီးဌာနက A(H1N1) တုပ်ကွေးရောဂါကို ၎င်းတို့ကြေညာသည့်အတိုင်း သေသေချာချာစနစ်တကျ ရှာဖွေကုသမှုမရှိကြောင်း ရန်ကုန်မြို့ခံများအကြားတွင် ပြောဆိုနေကြသည်။

ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဆရာဝန်တဦးက “ကျနော်သိသလောက်တော့ သူတို့ ကျန်းမာရေးစစ်ဆေးမှု လုပ်တယ်ဆိုတာက လေယာဉ်နဲ့ ပါလာတဲ့ခရီးသည် အချို့အိမ်ကို သွားတယ်။ ပြီးတော့ အဲဒီလူ အိမ်မှာရှိမရှိမေးတယ်။ ရှိရင်လည်း တွေ့တယ်။ နေကောင်းနေပါတယ်လို့ မှတ်ချက်ယူတယ်။ မတွေ့တဲ့ လူကျတော့ အပြင်ကို သွားနေပါတယ်။ နေမကောင်းတဲ့ အနေအထားမရှိပါ။ လန်းဆန်းနေပါတယ်လို့ မှတ်ချက်ယူတယ်။ ရန်ကုန်မှာကတော့ ဒါလောက်ပါပဲ။ လူတိုင်းဆီကိုလည်း မသွားဘူးဆိုတာ သတင်းစာဖတ်တဲ့သူတိုင်းက သိနေတယ်။ သတင်းစာကို လူတွေက အပိုတွေ၊ မဟုတ်တာတွေ ရေးတယ်လို့ပဲ မြင်ကြတာလေဗျာ” ဟု ပြောသည်။

ရန်ကုန်တွင် A(H1N1) တုပ်ကွေးစတင် ဖြစ်ပွားပြီးနောက်ပိုင်း နှာခေါင်းစီး (mask) များ ဈေးနှုန်းအလွန်မြင့်တက်ခဲ့ပြီး (၃) ရက်ခန့် သာ လူအများ နှာခေါင်းစီးတပ်ကြသည့် မြင်ကွင်းကို တွေ့မြင်ရပြီး ယင်းနောက်ပိုင်းတွင် အဆိုပါ နှာခေါင်းစီးများကို တပ်ဆင်သူ များ မရှိသလောက် ဖြစ်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ရန်ကုန်မှာ လူတွေက တနေကုန် ၀မ်းရေးအတွက်ပဲ ရုန်းရကန်ရနဲ့၊ mask တပ်တာကို လုပ်နေဖို့ အချိန်မရတာ ဖြစ်နိုင်တယ်။ နောက်ပြီး ဈေးမြင့်တာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ဒီလို mask တွေက စနစ်တကျမတပ်ရင်လည်း အကာအကွယ် မဖြစ်ဘူး ဆိုတာတွေကို လူတွေက သိကုန်ကြတော့ တော်တော်လေးပျောက်သွားတယ်။ အခု ဘွားကနဲ့ နောက်ထပ်တယောက်မှာ အဲ့ဒီရောဂါ တွေ့တယ်ဆိုတော့ ရောဂါပျံ့နှံ့နေတာကို သတိပြုမိလာကြလိမ့်မယ်နဲ့တူတယ်။ အနေအထားကို ကျနော်တို့လည်း စောင့်ကြည့်ရမှာပဲ” ဟု ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် (၂၇) ရက် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာန၏ စမ်းသပ်ချက်အရ ရန်ကုန်မြို့၌ (၁၃) နှစ်အရွယ် အမျိုးသမီးငယ် တွင် A(H1N1) တုပ်ကွေး ဖြစ်ပွားသည်ကို အတည်ပြုကြောင်း စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် A(H1N1) တုပ်ကွေးရောဂါ ပထမဆုံး တွေ့ရှိခဲ့သော (၁၃) နှစ်အရွယ် အမျိုးသမီးငယ်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီဖြစ်သဖြင့် ဇူလိုင် (၈) ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင် ဖော်ပြထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။