Saturday, December 13, 2008

ဦးဆောင်ပါတီက လူထုလှုပ်ရှားမှုဖော်ဆောင်ပြီး တိုက်ပွဲအဆုံးသတ်ရေး

တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၃)

ဦးဆောင်ပါတီက လူထုလှုပ်ရှားမှုဖော်ဆောင်ပြီး တိုက်ပွဲအဆုံးသတ်ရေး



ဒေါက်တာလွဏ်းဆွေ

(၂၀၀၇ ခုနှစ် ဧပြီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ရေးသားခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပထမအကျော့ တိုက်ပွဲနိုင်ငံရေးကာလ (လွတ်လပ်ရေးတိုက် ပွဲ ကာလ)နဲ့ ဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလ (ဒီမိုကရေစီရေး တိုက်ပွဲကာလ)တွေမှာ ခပ်ဆင်ဆင်တူ တဲ့ သမိုင်းဖြစ်စဉ်တွေကို ထူးထူးခြားခြား တွေ့ရပါတယ်။

ပထမအကျော့ တိုက်ပွဲနိုင်ငံရေးကာလကို ပြန်ကြည့်ရင် …
(၁) ၁၉၂၀ ပြည့်နှစ်မှာ ပထမကျောင်းသားသပိတ် ဖြစ်တယ်။
(၂) ၁၉၃၆ ခုနှစ်မှာ ဒုတိယကျောင်းသားသပိတ် ဖြစ်တယ်။
(၃) ၁၉၃၈ ခုနှစ်မှာ တတိယကျောင်းသားသပိတ် ဖြစ်တယ် (ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျ ဆုံးတယ်)။ ရေနံမြေသပိတ်၊ ဒုတိယကုလား-ဗမာအဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပေါ်ပြီး ၁၃၀၀ပြည့်အရေး တော်ပုံကြီး ဖြစ်ပွားတယ်။
(၄) ကျောင်းသားသခင်တွေ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ဂျပန်ကိုသွားပြီး စစ်ပညာသင်တယ်။ ဘီဒီအေ၊ ဘီအိုင်အေတွေဖွဲ့ပြီး အင်္ဂလိပ်နဲ့ ဂျပန်ကိုတော်လှန်တယ်။
(၅) ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး(ဖဆပလ)အဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာတယ်။
(၆) ဖဆပလအဖွဲ့ချုပ်ကြီးက တိုက်ပွဲခေါ်ပြီး အင်္ဂလိပ်အစိုးရကို တိုက်တယ်။
(၇) ၁၉၄၇ခုနှစ် ဇူလိုင်လ(၁၉)ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေ လုပ်ကြံခံရပြီး ကွယ်လွန်အနိစ္စ ရောက်ခဲ့တယ်။
(၈) ကျန်ရစ်ခဲ့တဲ့ ဖဆပလခေါင်းဆောင်များက ဆက်လက်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို အရယူခဲ့တယ်။
(၉) ပထမအကျော့တိုက်ပွဲကာလအတွင်း အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ်အုပ်ချုပ်မှုတွေကို တွန်းလှန်ခဲ့ရတယ်။

အခုတိုက်ပွဲဝင်နေဆဲ ဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလကို ပြန်ကြည့်ရင်လည်း …

(၁) ၁၉၆၂ခုနှစ် ဇူလိုင်(၇)ရက်မှာ ကျောင်းသားအရေးအခင်းဖြစ်တယ်။
(၂) ၁၉၇၄-၇၆မှာ ဦးသန့်၊ မှိုင်းရာပြည့် ကျောင်းသားအရေးအခင်းတွေဖြစ်တယ်။
(၃) ၁၉၈၈ခုနှစ် မတ်လမှာ အာအိုင်တီကျောင်းသားအရေးအခင်း ဖြစ်တယ် (ကျောင်းသားအာဇာနည် ကိုဖုန်း မော် ကျဆုံးတယ်။ ဇွန်-ကျောင်းသားအရေးအခင်း၊ ကုလား-ဗမာအဓိကရုဏ်းတွေ (ကုလား-ဗမာအဓိကရုဏ်း လို လူမျိုးရေးအဓိကရုဏ်းတွေကတော့ အုပ်စိုးသူတွေက သူတို့အပေါ်ကျရောက်နေတဲ့ လူထုရဲ့ဒေါသကို လမ်း လွှဲဖို့ ကြံရာမရတဲ့အခါ လုပ်ကြံဖန်တီးတာဖြစ်ပါတယ်) ဆက်တိုက်ဖြစ်ပေါ်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားတယ်။
(၄) စစ်တပ်က အာဏာပြန်သိမ်းပြီးနောက် ကျောင်းသားတွေ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောခို တယ်။ အေဘီအက်စ်ဒီအက်ဖ်(ကျောင်းသားတပ်မတော်)ကို ဖွဲ့စည်းတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့အတူ ဒီကနေ့အထိ န၀တနဲ့ နအဖစစ်အုပ်စုတွေကို လက်နက်ကိုင်တော်လှန်ဆဲဖြစ်တယ်။
(၅) ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာတယ်။
(၆) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ပြည့်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် အာဏာလွှဲပြောင်း မှု ဖြစ်ပေါ်ရေးအတွက် အကြမ်းမဖက်ဘဲ တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဖြေရှာဖို့ ကြိုးစားတယ်။
(၇) ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေကို ဒီပဲယင်းလူသတ်ပွဲကြီးနဲ့ နအဖက လုပ်ကြံတယ် (ကံ ကောင်းထောက်မပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေ အသက်ရှင်ကျန်ရစ်ပေမယ့် အကျယ်ချုပ်နဲ့ အဖမ်းခံနေရဆဲဖြစ်တယ်)။
(၈) အပြင်မှာကျန်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ (မျိုးချစ်ရဲဘော်ဟောင်းတွေ) က ကြေညာချက်တွေ အမျိုးမျိုးထုတ်ပြီး ပြည်သူ့လွှတ်တော်ခေါ်ယူရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေဆဲ ဖြစ်တယ်။
(၉) ဒုတိယအကျော့ တိုက်ပွဲကာလအတွင်း တော်လှန်ရေးကောင်စီ၊ မဆလ၊ န၀တ၊ နအဖစစ်အုပ်စုတွေရဲ့ ဖိ နှိပ်အုပ်ချုပ်မှုတွေကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့၊ ၀င်နေရဆဲဖြစ်တယ်။

အမှတ်စဉ်(၁)ကနေ (၉)အထိ တူညီတဲ့ အမှတ်စဉ်တခုချင်းကို ယှဉ်ကြည့်ရင် တိုက်ပွဲဖြစ်စဉ်တွေဟာ ခပ်ဆင် ဆင်တူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီတော့ ပထမအကျော့တိုက်ပွဲကာလ ပွဲသိမ်းခါနီး(လွတ်လပ်ရေးရခါ နီး)မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုနဲ့ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေက အခရာ ကျခဲ့သလို အခုဒုတိယအကျော့တိုက်ပွဲကာလ ပွဲသိမ်းခါနီး (ဒီမိုကရေစီအောင်ပွဲရခါနီး) မှာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက လုံးဝအခရာကျ နေတယ်ဆိုတာ ငြင်းမရတဲ့ အချက်ပါ။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက (၁၈)နှစ်ကျော်လာတဲ့အခါမှာတော့ မေး ခွန်းထုတ်စရာတွေ တသီကြီးဖြစ်လာခဲ့ပါတယ်။ အတိုက်အခံအင်အားစုတွေအနေနဲ့ ၁၉၉၀ပြည့်ရွေးကောက်ပွဲ ပြီးကတည်းက NLD ဦးဆောင်မှုကို ဝေဖန်ဆန့်ကျင်မှုမရှိဘဲ တလျှောက်လုံး တညီတညွတ်တည်း ထောက်ခံ အားပေးခဲ့ကြတာပါ။ ရှင်းရှင်းပြောရရင် ရန်သူနအဖ ၀မ်းသာအားရဖြစ်မှာစိုးလို့ မှားတယ်ထင်လည်း ထောက်ခံ၊ မှန်လည်း ထောက်ခံခဲ့ကြတာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အားမလိုအားမရဖြစ်ရမှုတွေ များလာတာ ရယ်၊ အကျပ်အတည်းကို သည်းမခံနိုင်တော့တာရယ်ကြောင့် NLD ရဲ့ဦးဆောင်မှုအပေါ် ဝေဖန်ပြောကြားမှုတွေ တော်တော်များများ လုပ်လာကြတာကို တွေ့ရပါတယ်။

NLD ရဲ့ ဦးဆောင်မှုကို ဝေဖန်တယ်ဆိုရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦးဝင်းတင်တို့လို တတ်သိ ပညာရှင်အုပ်စုတွေက အချိန်ပြည့်နီးပါး ထောင်ကျသူကျ၊ သေသူသေဖြစ်နေကြတော့ အပြင်မှာ (၁၈)နှစ်လုံးလို လိုရှိပြီး ဦးဆောင်နေတဲ့ (မျိုးချစ်ရဲဘော်ဟောင်းအုပ်စုဝင်တွေဖြစ်ကြတဲ့) ဦးကြည်မောင်(ကွယ်လွန်)၊ ဦးအောင် ရွှေနဲ့ ဦးလွင်တို့ရဲ့ ဦးဆောင်မှုတွေကို အဓိကဝေဖန်ပြောကြားတာဆိုရင် ပိုမှန်မယ်ထင်တယ်။ မျိုးချစ်ရဲဘော် ဟောင်းတွေဟာ အာဏာရှင်ဦးနေ၀င်းရဲ့ ရင်းရင်းနှီးနှီး ဆက်နွယ်ပတ်သက်ခဲ့ကြသူတွေပါ။ တနည်းအားဖြင့် ဦးနေ၀င်းနဲ့ စစ်တပ်ရဲ့ကျေးဇူးနဲ့ ကင်းကြသူတွေမဟုတ်တော့ နအဖစစ်အုပ်စုနဲ့ လက်ဝါးရိုက်ပြီး ပွဲကြာအောင် အချိန်ဆွဲထားလေသလားဆိုတဲ့ သံသယမေးခွန်းတွေနဲ့ ဝေဖန်လာကြပါပြီ။ သံသယဖြစ်စရာ အကြောင်းတရား တွေကလည်း ရှိနေလေတော့ မေးခွန်းထုတ်သူတွေကို အဆိုးလို့ မဆိုသာပါဘူး။

ဒါ့အပြင် နအဖအနေနဲ့ (၁၈)နှစ်လုံးလုံးနီးပါး ဒေါ်အောင်ဆန်းစုကြည်နဲ့ တတ်သိပညာရှင်အုပ်စုဝင်တွေကို ဖမ်း ဆီးထောင်ချခဲ့ပြီး NLD အဖွဲ့ကနေ အမျိုးမျိုးပထုတ်ထားပေမယ့် မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ကိုတော့ အပြင်မှာ တလျှောက်လုံး ဦးဆောင်ခွင့်ပြုခဲ့ခြင်းဟာ ထူးခြားတဲ့အချက်ပါ။ နအဖဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦး ၀င်းတင်တို့လို ခေါင်းဆောင်တွေ အပြင်မှာရှိနေရင် သူတို့ကို တနည်းနည်းနဲ့ တိုက်ပွဲခေါ်လာမှာကို သိတဲ့အ တွက် ဘာတိုက်ပွဲမှမခေါ်ဘဲ လူကြားကောင်းအောင် တောင်းရုံတောင်းပြီး ထိုင်စောင့်နေတဲ့ မျိုးချစ်ရဲဘော် ဟောင်းတွေကို အပြင်မှာ ဦးဆောင်ခွင့်ပေးထားခြင်းဖြစ်တယ်လို့ ယူဆရင် ဖြစ်နိုင်စရာ အကြောင်းအများကြီး ရှိပါတယ်။ တနည်းအားဖြင့် မျိုးချစ်ရဲဘော်ဟောင်းတွေဟာ နအဖကို အန္တရာယ်ပေးမယ့်သူတွေ မဟုတ်ဘူးဆို တာ သေချာလို့ အပြင်မှာ ဦးဆောင်ခွင့် ပေးထားခြင်းပါပဲ။

မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ ဦးဆောင်မှုကို အမှတ်ပေးတဲ့ ဝေဖန်မှုတွေကိုလည်း ကြားရပါတယ်။ ဘာလဲဆို တော့ သူတို့ဦးဆောင်နေလို့သာ NLD ပါတီ ဒီကနေ့အထိ ရပ်တည်နေနိုင်တာတဲ့။ အဲဒါဆိုရင် မေးခွန်းပြန်ထုတ် ချင်တာက NLD ပါတီရှိနေရုံလေးနဲ့ပဲ ကျေနပ်နေပြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဆရာဦးဝင်းတင်တို့လည်း အ ဖမ်းခံဘ၀နဲ့ အသက်တွေကြီးပြီးသေ၊ နောက်နှစ်ပေါင်းရာချီတဲ့အထိလည်း ပြည်သူတွေက အငတ်ငတ်အပြတ် ပြတ်နဲ့ ဒီအတိုင်း ဆက်စောင့်နေရမှာလားဆိုတာပါပဲ။

လွတ်လပ်ရေးတိုက်ပွဲတုန်းက ဖဆပလခေါင်းဆောင်တွေဟာ အင်္ဂလိပ်အစိုးရကို ‘ရရင်ရ မရရင်ချ’ဆိုတဲ့ တိုက် ပွဲခေါ်သံနဲ့ တိုက်ခဲ့လို့ အင်္ဂလိပ်က လွတ်လပ်ရေးပေးခဲ့ရတာပါ။ မပေးရင် တကယ်ချတော့မယ့်ဆိုတာကို အင်္ဂ လိပ်က သိလို့လည်း မပေးချင် ပေးချင်နဲ့ လွတ်လပ်ရေးပေးခဲ့ရတာပါ။ သေချာတာက ဖဆပလအနေနဲ့ နအဖ လောက် ဖိနှိပ်ရက်စက်မှုမရှိတဲ့ အင်္ဂလိပ်အစိုးရကိုတောင် တိုက်ပွဲအဆင့်ဆင့်ခေါ်ပြီး တိုက်ခဲ့ရသေးရင် ဒီကနေ့ လို လူထုအုံ ကြွမှု ဖြစ်လုဆဲဆဲအခြေအနေမှာ ဖိနှိပ်ရက်စက်နေတဲ့ နအဖစစ်အုပ်စုကို NLD ခေါင်းဆောင်တွေ အနေနဲ့ တိုက်ပွဲခေါ်ပြီးတိုက်ဖို့ လိုအပ်နေပြီဆိုတာ ဗေဒင်မေးစရာတောင်မလိုတဲ့ ကိစ္စပါ။ လူထုကလည်း တိုက် ပွဲခေါ်စေချင်နေပြီး ခေါ်တာနဲ့ လိုက်ပါဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေအထားတွေပါ။ ဒါကို တောင်းရုံထိုင်တောင်း နေပြီး ‘မရရင်လည်း နေကွာ’ ဆိုတာမျိုးတွေ အကြိမ်များလာလို့ အခုလို မျိုးချစ်ရဲဘော်ဟောင်းတွေကို ဝေဖန်မှု တွေ လုပ်လာကြတာ ဖြစ်ပါတယ်။

အဲဒီတော့ တိုက်ပွဲကာလ ကြာနေရခြင်းဟာ အပြင်မှာရှိတဲ့ NLD ခေါင်းဆောင်တွေ (မျိုးချစ်ရဲဘော်ဟောင်း တွေ) အနေနဲ့ တိုက်ပွဲမခေါ်ဘဲ တောင်းပွဲတွေ အဆင့်ဆင့်နဲ့ ထိုင်စောင့်နေတာကလည်း အဓိကအကြောင်းတ ရားတခုပါ။ အလျှော့ပေးတောင်းဆိုရင်းနဲ့ ပုဆိုးတင်မက အတွင်းခံပါ မကျန်တော့တဲ့ အနေအထားကို ရောက် ရတော့တာပါပဲ။ အပြင်မှာရှိတဲ့ NLD ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးကို အဆုတ်အတက်မကစားဘဲ ဆုတ် ချည်းပေးနေရင်း NLD ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှုခွင်(Space) ပိုပိုပြီး ကျဉ်းလာရတာပါ။ ကိုယ်က တိုက်မယူတဲ့ အတွက် ကိုယ့်နေရာတွေကို တဖြေးဖြေး ဖယ်ပေးလိုက်ရတဲ့ သဘောပါပဲ။

အဲဒီတော့ ပြည်သူလူထုက Mandate ပေးပြီးသား NLD ပါတီအနေနဲ့ ဒီကနေ့ကာလမှာ လူထုတိုက်ပွဲကို စခေါ် ဖို့ ဝေဖန်သုံးသပ်သူတွေ ပြောဆိုနေကြတာဟာ မလွန်ဘူးလို့ ထင်ပါတယ်။ ဒါကို နိုင်ငံရေးပုရောဟိတ်တဦးက NLD ကို အဆင်းဘီးတပ် ဆီထည့်ပြီး တွန်းချတယ်လို့ မြင်တဲ့အမြင်မျိုး စွပ်စွဲရေးသားမှုကိုလည်း ဖတ်ရပါသေး တယ်။ တိုက်ပွဲမစခင်မှာ ခေါင်းဆောင်ရွေးနေတာ တော်တော်လေး ရယ်ဖို့ကောင်းတယ်တဲ့။ ဒါက သူရဲ့ နိုင်ငံ ရေးအမြင်မို့ အငြင်းပွားနေစရာ အကြောင်းမရှိပါဘူး။

သေချာတာတခုကတော့ တိုက်ပွဲက ၁၉၈၈မှာ လူထုတိုက်ပွဲနဲ့ စခဲ့ပြီးဖြစ်တယ်။ အဲဒီတိုက်ပွဲထဲကနေ လူထု ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဆောင်ပါတီ NLD တို့ ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ကာလက ပေါ်ထွက်ပြီးသား ခေါင်းဆောင်တွေနဲ့ ဦးဆောင်ပါတီက လူထုတိုက်ပွဲခေါ်ပြီး တိုက်ပွဲကို အဆုံးသတ်ရမယ့် အ ချိန်ပါ။ ဒါကို အဆိုပါပုရောဟိတ် မျက်စိလည်နေတာ အံ့သြစရာပဲ။

နိဂုံးချုပ်အနေနဲ့ ပြောရရင် လက်ရှိအပြင်မှာရှိတဲ့ ခေါင်းဆောင်တွေ(မျိုးချစ်ရဲဘော်ဟောင်းတွေ)အနေနဲ့ ရှေ့က လည်းမသွား၊ ဘေးကိုလည်းမဖယ်၊ နောက်ကလည်းမလိုက်ဆိုသလို ဖြစ်နေတဲ့အပေါ် အတိုက်အခံအင်အားစု တွေထဲက ဝေဖန်ပြောကြားမှုတွေ များများလာတာကို ကျနော့်အနေနဲ့ကတော့ အဆင်းဘီးတပ်ပေးတယ်လို့ မမြင်မိပါဘူး။ NLD ခေါင်းဆောင်တွေက တိုက်ပွဲကို ဦးမဆောင်ဘဲ လူထုဆိုတဲ့ ဘီးကြီး တခြားအကြောင်းတ ရားတွေကြောင့် လိမ့်လာတဲ့အခါ NLD ကို ဖြတ်နင်းသွားမှာစိုးလို့ အမုန်းတော်ခံပြီး သတိပေးနေကြတယ်လို့သာ ထင်မြင်မိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Friday, December 12, 2008

KNU အောင်ပွဲသတင်း

၂၀၀၈ နိုဝင်ဘာ ၁၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၈ က ညောင်လေးပင်ခရိုင် မုံးမြို့နယ် စောမီလူကားလမ်းတွင် နအဖတပ် စကခ ၂၁ လက်အောက်ခံစစ်ကြောင်း တကြောင်းကို ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ၁ ဦးသေသွားသည်။ နိုဝင်ဘာ ၂၉ ရက်တွင်လည်း မုံးမြို့နယ် ခလယ်ခိုကားလမ်းပေါ်တွင် ရင်း ၈ က နအဖတပ် ခမရ ၃၅၁ ကို ပြောက် ကျားပစ်ရာ ရန်သူ ၂ ဦးသေသွားသည်။

၂၀၀၈ ဒီဇင်ဘာ ၂ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ ရင်း ၁၈ က ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁၊ တပ်သား ၁ သေပြီး ကြားဖြတ်ဖမ်းစက် ၁၊ ဆက်သွယ်ရေးစက်ကြီး ၁၊ လမ်းလျှောက်စကားပြောစက် ၁၊ တယ်လီဖုံးအထိုင်စက်ကြီး ၁၊ မိုဘိုင်းဖုံး ၁ တို့ကို သိမ်းပိုက်ရမိခဲ့သည်။

ဒီဇင်ဘာ ၄ ရက်ညနေက နအဖတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦး နှင့် တပ်သားခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။ ဒီဇင်ဘာ ၆ ရက်မနက်က DKBA ဗိုလ်ကျော်သက်တပ်နှင့် နအဖတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားသည်။ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်။



KNU victory news

On 2008, November 11, Battalion 8 under the command of Karen National Liberation Army (KNLA) Brigade 3 attacked an army column under the command of SPDC MOC 21 on Saw-mi-lu road in Nyaunglaybin District Mone Township, killing one enemy soldier.

Also on November 29th, KNLA Battalion 8 made a hit-and-run attack on SPDC LIR 351 on Kha-lekho road in Mone Township, killing two men.

On December 2, in the morning, Battalion 18 under the command of KNLA Brigade 6 assaulted a DKBA outpost at Maw-lor-e-pho in Kawkareik Township, killing one DKBA sergeant and one DKBA private. The KNLA troops seized one radio interceptor receiver, one radio transceiver, one walkie-talkie, one telephone exchange switch and one mobile phone from the DKBA camp.

On December 4, in the evening, Corporal Saw Myint Oo and Pvt. Khalayarpor of SPDC LIR 583 surrendered to KNLA Brigade 1 in Thaton District, bringing along one MA-1 automatic rifle, one MA-4 automatic rifle coupled with 40 mm grenade launcher, eight magazines, 195 5.56 mm bullet rounds and eleven M-79 grenades.

On December 6, in the morning, KNLA Battalion 18 ambushed a joint force of DKBA Bo Kyaw Thet's unit and SPDC LIR 548 between Mae-pleh and Panwehpu, killing three SPDC soldiers and wounding six of which three were in grave condition.

NCGUB - Border Office
PO Box 70
Mae Sot, Tak
63110
Thailand
Ph: (+66)(0)55-532847
Fax: (+66)(0)55-532847
www.ncgub.net


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

ဒေါက်တာ စင်သီယာမောင် နေရှင်းဆုရရှိ


ဇာနည်
သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 18:55 - မြန်မာစံတော်ချိန်


ချင်းမိုင် ။ ။ ထိုင်းဘုရင့်သက်တော် ၈၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေးရှင်းမီဒီယာအဖွဲ့က ချီးမြှင့်သည့် အမိမြေကို အလုပ်အကျွေးပြုသူများဆုကို ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်က ယမန်နေ့တွင် ရရှိလိုက်သည်။

ထိုင်း၏ နေ့စဉ်သတင်းစာကြီးဖြစ်သော နေးရှင်းကို ထုတ်လုပ်သည့် နေးရှင်းမီဒီယာအဖွဲ့၏ နိုင်ငံအကျိုးပြုသူများဆု - The Country's Favours Awards ချီးမြှင့်ရေး အစီအစဉ်တွင် ထိုင်းနိုင်ငံ ခရိုင် ၇၆ ခရိုင်မှ ထူးချွန်သူ တဦးစီကို ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင် Tak အတွက် ဒေါက်တာ စင်သီယာမောင်မှ ရရှိခြင်းဖြစ်သည်။

"အခုလို ဆုကို လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကျမ ရလိုက်တော့ ထိုင်းလူမျိုးတွေအနေနဲ့ မြန်မာပြည်ရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ၊ နောက် မြန်မာပြည်သားတွေရဲ့ သူတို့နိုင်ငံအပေါ်မှာ တာဝန်ယူ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပိုမို သိမြင်လာမယ်ဆိုရင် လက်ရှိ ဆောင်ရွက်နေတဲ့ ပညာရေး ကျန်းမာရေး လူမှုရေးတွေမှာ ထိုင်းနဲ့ ကျမတို့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ထိုင်း ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်လာမှုတွေဟာ ပိုပြီးတော့ အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်" ဟု ဒေါက်တာ စင်သီယာမောင်က မဇ္ဈိမကို ပြောပြသည်။

ဆုရရှိသူများကို ယမန်နေ့ညက ဘန်ကောက်မြို့ King Power Complex ရှိ Aksra Theatre တွင် ဆုအထိမ်းအမှတ် တံဆိပ်နှင့် ဆုကြေးငွေအဖြစ် ဘတ်နှစ်သောင်းခွဲတို့ကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့သည်။

အဆိုပါဆုအတွက် ထိုင်းနိုင်ငံသား မဟုတ်သော်လည်း ထိုင်းနိုင်ငံတွင် အနည်းဆုံး ၅ နှစ် အနည်းဆုံးနေထိုင်ပြီး ထိုင်းနိုင်ငံကို အကျိုးပြုသူများကို ထိုင်းမီဒီယာများမှ ခရိုင်အလိုက် ဆုရွေးချယ်ရေးအဖွဲ့ကို ဆန္ဒပြုတင်ပြပြီးမှ ရွေးချယ်သည်။

ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုမှ ဆုရွေးချယ်ရေး အဖွဲ့သို့ အဆိုပြုသူ ၈၀၀ ကျော် ရှိပြီး ခရိုင်တခုမှ တဦးကျစီ ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင်တွင်းမှ အဆိုပြုခံရသူ ၈ ဦးအနက် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်နေသော ဒေါက်တာ စင်သီယာမောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ စင်သီယာမောင်က "ထိုင်းဘုရင်ရဲ့ မိန့်ခွန်းပေါ့နော်၊ သူတို့နိုင်ငံမှာ နေထိုင်တဲ့သူတွေက ဘယ်သူမဆို တဦးချင်းစီ အနေနဲ့ပဲဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ပဲဖြစ်ဖြစ် နိုင်ငံ့ကောင်းကျိုးအတွက် တစုံတရာကို လုပ်နိုင်တဲ့ အင်အားတွေ ရှိတဲ့သူတွေက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကောင်းကျိုးလုပ်ဖို့ဆိုတဲ့ မိန့်ခွန်းကို ခဏခဏ ပြောတယ်။ နေးရှင်းအဖွဲ့ကလည်း ထိုင်းဘုရင်ကို ဂုဏ်ပြုတာလဲ ပါတယ်။ နောက်ပြီးတော့ သူတို့ မီဒီယာ အနေနဲ့လည်း ဒေသဆိုင်ရာ လုပ်ငန်းတွေမှာပေါ့နော် အများ မသိဘဲလည်း လုပ်နေတဲ့သူတွေ ရှိတာတွေကို ရှာဖွေ ဖော်ထုတ်ပြီးတော့ ဂုဏ်ပြု ချီးမြှင့်ချင်တာလဲ ပါတယ်" ဟု ပြောပြသည်။

၁၉၈၉ ခုနှစ်မှ စ၍ မယ်တော်ဆေးခန်းကို ဖွင့်လှစ်ပြီး ချို့တဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသော ဒေါက်တာ စင်သီယာမောင်အနေဖြင့် နိုင်ငံတကာမှ ချီးမြှင့်သော ဆုများကို ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှ ချီးမြှင့်သောဆုကို ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူသည် ပြီးခဲ့သည့် နိုင်ဝင်ဘာလအတွင်းကလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲ၍လည်း စပိန်နိုင်ငံ ကတ်တလိုးနီးယားပြည်နယ် အစိုးရမှ ချီးမြှင့်သော ကတ်တလိုးနီးယား အပြည်ပြည်ဆိုင်ရာ ဆု (Catalonia International Prize) ကို ရရှိခဲ့သေးသည်။

၁၉၈၈ ခုနှစ် လူထုအရေးပုံကာလကဖြစ်ချိန် ဆေးပညာဘွဲ့ရခါစ ဒေါက်တာစင်သီယာမောင်သည် သူ့ဆေးခန်းလေး ဖွင့်ထားသော ကရင်ရွာငယ်တခုမှ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာပြီး နယ်စပ်ရှိ ဟွေးကလုတ် ဒုက္ခသည်စခန်းတွင် နေခဲ့သည်။

ထိုမှတဆင့် နိုင်ငံခြားမှ ကယ်ဆယ်ရေး လုပ်သားများနှင့် ကေအန်ယူမှ ကရင်ခေါင်းဆောင်များ၏ ပံ့ပိုးမှုဖြင့် ဆေးခန်းတခုကို ဖွင့်လှစ်ခဲ့ပြီး ဒုက္ခသည်စခန်းမှ နာမကျန်းသူများ၊ ဒဏ်ရာ ရရှိသူများကို ပြုစုစောင့်ရှောက်လာခဲ့သည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

လူ့အခွင့်အရေးနေ့ F B F နှင့် အကောင်းဆုံးမြေသြဇာ ပူးပေါင်းဆောင်ရွက်မှု့

10D Action - News-2




10D Action - News (2)




မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://komoethee.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 11, 2008

တော်လှန်ရေး ဥဒါန်း သို့မဟုတ် သူ့မှာတမ်းကဗျာကို ခင်းကျင်းခြင်း

ငြိမ်းဝေ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 11 2008 21:01 - မြန်မာစံတော်ချိန်




(က)
ရွာထဲမှာ ရန်သူမရှိတော့ဘူးထင်ရဲ့။ သေချာတိကျမသိရလို့ ရွာစပ်ကို ကပ်သွားတဲ့အချိန်အထိ သူက သတိလက်မလွှတ်။ ရွာဘေးက လယ်ကွက်တွေကို မကျော်ခင် ရွာခြေဆီကို စောင့်ကြည့်သည်။ ရွာထဲက အသံကို နားစွင့်သည်။ အသံတွေ တိတ်ဆိတ်လွန်းနေသည်။ ကွင်းထဲက ဖြတ်လာတဲ့လေက သူ့နားရွက်ဘေးနားက သစ်ရွက်ကို တိုးတိုက်ပြီး လေကတော့ထိုးကာ တရွှီရွှီအသံကို ကြားနေရ၏။ သူက နားကို ပိုပြီးစွင့်သည်။ မျက်စေ့ကို ပိုပြီး ဖွင့်သည်။

ရွာ့ဟိုဘက်ထိပ်တွင် ရန်သူ့တပ်ခွဲစခန်း ရှိခဲ့၏။ ညက ရန်သူ့စခန်းကို ပြောက်ကျားတပ်က ၀ိုင်းတော့ ရန်သူက ရွာထဲသို့ဝင်ပြီးခံသည်။ ပြောက်ကျားရဲဘော်များက ရွာကို ထိမည်စိုးသဖြင့် သေနတ်သံပေးပြီး ခြောက်သည်။ ရန်သူ့စခန်းနှင့် လယ်တကွက်ခြားအထိ ပြေးကပ်ကာ လက်ပစ်ဗုံးနှင့်ထုသည်။ စခန်းကုန်းပေါ်က သေနတ်သံ ခြောက်တိခြောက်ချက်သာ ပြန်ကြားရသည်။ အင်နှင့်အားနှင့် ခုခံခြင်းမပြု။ ထိုအခါ ရန်သူက ရွာထဲတွင် ၀င်ခိုပြီး ရွာကို ဒိုင်းအဖြစ် လုပ်နေသည်ကို အားလုံး သဘောပေါက်၏။ ထို့ကြောင့် မိုးလင်းကာနီးအထိ ရွာကို ပစေါက်သဏ္ဍာန် ခတ်ကြဲကြဲဝိုင်းထားလိုက်၏။ ရန်သူ့တပ်ကို ထွက်ပေါက်တခုပေးပြီး ၀ိုင်းထားလိုက်ကြ၏။

နေရာင်ခြည်မြင်ရသောအခါ သူနှင့် အခြား ရဲဘော် ၅ ဦး ရွာထဲသို့ ရှေ့မှဝင်ရန် တာဝန်ယူလိုက်သည်။ ပြောက်ကျားတချို့က ရန်သူ့တပ်ခွဲကုန်းကို ၀င်သိမ်းလိုက်ကြ၏။ သူက စခန်းကုန်းသိမ်းအဖွဲ့နှင့် လိုက်ချင်သော်လည်း အဖွဲ့ခေါင်းဆောင်က ရွာထဲဝင်ရန်သာ တာဝန်ပေး၏။ ထို့ကြောင့် ယခုအခါ သူနှင့် ပြောက်ကျားရဲဘော် ၅ ဦး၊ ရွာနှင့် လယ်တကွက်အကွာ ရိုးထဲတွင် ငြိမ်သက်စွာ နေရာယူထားလိုက်ကြ၏။

ရွာထဲက ကြက်တွန်သံများ တိတ်ဆိတ်သွားခဲ့ကြပြီ။ ရွာ့မလှမ်းမကမ်း တောအုပ်တောတန်းဆီက ကြက်တွန်သံများပင် တိတ်ဆိတ်သွားခဲ့ပြီ။ တဆက်တည်းဆိုသလို အိပ်တန်းဆင်း ငှက်မြည်သံများ ပါးသွားခဲ့ပြီ။ နေရာခန့်မှန်းရခက်သည့် ရွာထဲတနေရာက ခွေးဟောင်သံကြားရ၏။ တခြားမည်သည့်အသံမျှ မကြားရ။

သူနှင့် ရင်ဘောင်တန်းပြီး ၀ပ်နေသည့် ရဲဘော်များကို လက်ဖြင့် အချက်ပြလိုက်သည်။ ရွာထဲသို့ ၀င်ရန် လယ်ကွက်ကို ဖြတ်ကျော်ပြီး ပြေးကပ်သည်။ ရွာစည်းရိုးအတွင်းအထိ တဟုန်ထိုးပြေးဝင်သည်။ စည်းရိုးနှင့်ကပ်လျက် အိမ်နှစ်လုံးကြားတွင် နေရာယူသည်။ တပြိုင်နက်တည်းဆိုသလို သူနှင့်ယှဉ်လျက် ခြေသံများကြားရသည်။ သူက ကျန်ရဲဘော်များကို လက်နှင့် အချက်ပြကာတားသည်။ သူတဦးတည်း ရွာလည်လမ်းပေါ် တက်နှင့်မည့်အကြောင်း အချက်ပြသည်။ ထို့နောက် ရွာလည်လမ်းဘေးကို ပြေးကပ်သည်။ ရွာထဲတွင် လူသူမရှိသလောက် တိတ်ဆိတ်လွန်းနေသဖြင့် သူက ရောက်ရာနေရာတွင်ပင် သေနတ်ကို အသင့်ကိုင်ပြီး ရပ်သည်။ ရွာလည်လမ်းပေါ် တက်သည်။ မျက်စေ့လျင်လျင်၊ နားတစွင့်စွင့်နှင့် ရှေ့ကိုဆက်ပြီး လျှောက်သည်။ ခြေလှမ်းနှစ်ဆယ်မျှလှမ်းပြီးမှ နောက်ကရဲဘော်များကို ပြန်ငဲ့ကြည့်သည်။ ထိုစဉ်မှာပင် သူ့ညာခြေဖ၀ါးအောက်က အရာကို သတိပြုမိတော့သည်။ သူက ခြေထောက်ပြန်မကြွဘဲ သည်အတိုင်း ရပ်သည်။

သူ့ကို လှမ်းမော့ကြည့်နေသူများကို မြေကြီးနဲ့ကပ်ပြီး ၀ပ်နေရန် အချက်ပြသည်။ သူ့ခြေဖ၀ါးအောက်ကို လက်ညှိုးထိုးပြီး မိုင်းဗုံးနင်းမိထားကြောင်း အချက်ပြသည်။ ထိုစဉ်မှာပင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ လူတယောက် ဖုံလုံးနှင့်အတူ လက်ခုပ်တဖောင်ခန့်အထိ မြောက်တက်ပါသွားပြီးမှ ပြန်ကျသည်။ ခွေးဟောင်သံများ၊ လူသံများ ဆူညံသွား၏။ သေနတ်သံများကိုမူ မကြားရ။ ရဲဘော်တချို့ သူ့ဘေးသို့ ရောက်လာသည်။ ရွာသားတချို့ သူ့အနားကို ရောက်လာသည်။ သူက မျက်လုံးများကို မှိတ်ကာ သေနတ်ကိုသာ တင်းတင်းဆုပ်ထားမိ၏။ ထို့နောက် သူ့ဘေးတွင် အမှောင်ထုကြီး ရုတ်တရက် လွှမ်းမိုးသွားလေသည်။

(ခ)
သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်

ဗုံးငုတ်တိုက်မှာ၊ မောင်ပြောက်ကျားကို

ရွာသားရွာသူ၊ မေးကြမြူသည်

အူအူယမ်းငွေ့ ထတုန်းတည်း..။

"အမောင်ပြောက်ကျား၊ ချစ်သူအားကို

ဘာများ မှာခဲ့လိုသနည်း" ။

"ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း၊ ပြောပါလေ" ။

မျက်လုံးများကို ဖွင့်ကြည့်သည်။ စူးရှတင်းမာသည့် အလင်းရောင်များက သူ့ဥဏှောက်အထိ တိုးဝင်လာသလို နာကျင်သွားရ၏။ မျက်လုံးများကို ပြန်ပိတ်သည်။ သူ့ခန္ဓာကိုယ်တနေရာမှ လေများ ခန္ဓာကိုယ်အတွင်း တိုးဝင်လာနေသလို ခံစားရ၏။ လက်ကို မကြည့်သည်။ ခြေထောက်ကို ဆကြည့်သည်။ သူသည် လေထဲ၌ မျောပါနေသလိုဖြစ်နေ၏။

နားထဲတွင် ကြားရသမျှအသံများကို စစ်ထုတ်နေရသည်။ မည်သည့်အသံမျှ အဓိပ္ပာယ် မသဲကွဲ။ မည်သည့်အသံမျှ အဆုံးအထိ ဖမ်းဆုပ်လို့မရ။ သူ ဘယ်ရောက်နေသလဲ။ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေ ဖြစ်နေတာလဲ ....။ ဘာတခုမျှ မသဲကွဲ။

ခန္ဓာကိုယ်အတွင်းက အင်အားဟူသမျှ ကျစ်သထက်ကျစ်အောင် စုစည်းကာ၊ အတွေးအာရုံကို မြှင့်သည်။ ထိုအခါ သူ့ဘေးတွင် လူတချို့ ၀ိုင်းအုံပြီး ရှိနေသည်ကို သတိပြုမိလာရသည်။ မည်သူမျှ စကား မပြောကြ။ သူ့ကို ငုံ့ကြည့်နေကြသည်။

"ကျနော့် ... မိန်းမကို ပြောလိုက်ပါ။ မတတ်သာတဲ့အဆုံး နောက်အိမ်ထောင်ပြုမယ်ဆိုရင် ကျနော် ခွင့်ပြုတယ်"

လူတချို့ထံမှ ငြီးငြူစုတ်သပ်သံများကို ကြားရသလိုရှိသည်။ သူတို့ ငိုနေကြတာများလား။ သူ့အဖြစ်က မျက်ရည်ကျရလောက်အောင် တန်ဖိုးကြီးနေလို့လား။ လူတယောက် ...။ သေနတ်တလက်နှင့် ...။ တော်လှန်ရေးသမား ...။ ပြောက်ကျားရဲဘော်။ တိုက်ပွဲဝင်။ ဒဏ်ရာရသေဆုံး...။ သူ့အဖြစ်မျိုး... သူတယောက်တည်းသာ ကြုံရသည့် ထူးခြား၊ သီးသန့်ဆန်သည့် ဘ၀တခုပေလား။ သူ ဒီလို မယုံကြည်ပါ။ သူသည် အညတြလူတယောက်။ လူထဲက လူတယောက်။ သူသည် လူတယောက်လို မွေး၊ လူတယောက်လို ကြီးပြင်းကာ၊ လူတယောက်လို ပြုမူသွားလာခဲ့။ လူတယောက်လို နိဂုံးချုပ်ခြင်း သဘောမျှသာ။ ထို့ကြောင့် သူသည် ...။

"အမောင်ပြောက်ကျား၊ မိဘအားကို

ဘာများ မှာခဲ့လိုသနည်း"။

"မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ"။

ဖခင်ဖြစ်သူရဲ့ ချောင်းဟန့်သံကို သူကြားလိုက်ရ၏။ မိခင်ဖြစ်သူ၏ ကြည်မြလေးနက်လှသည့် ဘုရားရှိခိုး ဆုတောင်းသံကိုလည်း ကြားရ၏။ ဖခင်ဖြစ်သူ၏ ခြေသံ၊ မိခင်ဖြစ်သူ၏ ဆုတောင်းသံများမှာ သူနှင့် နီးလာလိုက်၊ ဝေးသွားလိုက်။ ထိုအခါ သူ့ခန္ဓာကိုယ်မှာ မည်သည့် ဝေဒနာဒုက္ခမျှ မခံစားရ။ လေထဲတွင် ပေါ့ပါးစွာ မျောပါလျက်။ သို့မဟုတ် ရပ်တန့်လျက်။

"မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ" ။

ထူးခြားလှသည့် တူရိယာသံကို သူကြားရသည်။ ထောင်သောင်းမကသော သူရဲကောင်းတို့၏ အော်သံဟစ်သံများကို သူကြားရသည်။ စစ်သည်ရဲမက်များ၏ လှံများ ဓားများ ... ဒိုင်း၊ ကာ၊ လွှားတို့နှင့် ရိုက်ခတ်သံကို သူကြားရသည်။ တိုက်စည်တိုက်မောင်းများ တပြိုင်နက် တီးခတ်လိုက်သည့် မိုးချိမ်းသံကြီးကို သူကြားရသည်။ မြေပြင်လွှာသည် ပြင်းစွာတုန်ခါလျက်။ မိုးသက်မုန်တိုင်းများ ကျလျက်။

ဘယ်ရောက်ကုန်ကြပြီလဲ။ သူနှင့်အတူ တောအုပ်ကို ဖြတ်လာခဲ့ကြသည့် သူ့ရဲမက်များ ဘယ်ပျောက်ကုန်ကြပြီလဲ။ သူက အဘယ့်ကြောင့် ကွင်းစပ်တခုတွင် ရပ်နေခဲ့သည်လဲ။ ရဲမက်တို့၏ ခြေသံများကို သူမကြားရတော့။ ရဲမက်တို့၏ အော်ဟစ်သံမျာကို သူမကြားရတော့။ တိုက်စည် တိုက်မောင်း အသံများမှာ ရုတ်ချည်း ပျောက်ကွယ်၏။ သူသည် ရဲမက်တို့၏ နောက်တွင် တဦးတည်း ကျန်ရစ်ခဲ့ပြီကို သတိပြုမိသောအချိန်၌ နေရာင်ခြည်များလည်း အားအင်ဆုတ်ရုပ်လာခဲ့ပြီဖြစ်သည်။ သူ လက်ကိုလှုပ်သည်။ ခြေထောက်များကို လှုပ်သည်။ မည်သည့်အရာမျှ လှုပ်ရှားလို့ မရတော့။ သူ့ခန္ဓာကိုယ်တွင် ခြေလက်အင်္ဂါများ မရှိတော့။

ထိုအခါ သူ့နှုတ်ခမ်းမှ တစုံတရာစကားတခွန်းကို အပီသဆုံး ပြောထွက်နိုင်အောင် ကြိုးစားရတော့သည်။ သူသည် အဘယ့်ကြောင့် ရဲမက်တို့နှင့်အတူ လိုက်ပါမသွားခဲ့ သနည်း။ သူသည် အဘယ့်ကြောင့် တော်လှန်ရေးခရီး အဆုံးအထိ မချီတက်နိုင်ဘဲ ရပ်နေခဲ့ရသနည်း။ သူသည် သူရဲဘောကြောင်သူလော။ အခွင့်အရေးသမားလော။ မဟုတ် ...။ လုံးဝမဟုတ်။ ထို့ကြောင့် သူ့မှာ ရှိသမျှ ခွန်အားဟူသမျှကို တစက်မကျန်အောင် ညှစ်ထုတ်ကာ စကားတချို့ကို အပီသဆုံး ပြောလိုက်၏။

"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို

ဘာများမှာခဲ့ လိုသနည်း" ။

"ခရီးမတ်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ်ရှောင်ခွါ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ" ။

(ဂ)
ယမ်းငွေ့အူအူ၊ တလူလူနှင့်

မေးမြူကြတုန်း၊ အနောက်ကုန်းတွင်

နေလုံးကွယ်လေပြီတကား။ ။

(စာဆိုကြီး ဆရာကြီး မင်းသုဝဏ်ရဲ့ မွေးနေ့ရာပြည့်အကြို အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)

ငြိမ်းဝေ

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, December 10, 2008

ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် နှစ် ၆၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ချီတက် ပွဲ

-ကိုရဲထွတ်-

This week, we are joining in solidarity with human rights defenders across the globe in marking the 60th anniversary of the adoption of the United Nations Universal Declaration of Human Rights.



ယနေ့ နေလည် ၃ နာရီတွင် ဂျပန်နိုင်ငံတိုကျိုမြို့ ၌ မြန်မာ့ဒီမိုကရေစီအင်အားစုများက လူအခွင့်အရေး ချိုးဖောက် ခံနေရသော မြန်မာနိုင်ငံသားများနှင့် ကမ္ဘာပေါ်ရှိလူ့အခွင့် အရေးချိုးဖေါက်ခံနေရသူအားလုံးအတွက် တိုကျိုမြို့ ရှိကုလသမဂ္ဂရုံးရှေ့ သို့ ချီတက်ခဲ့ကြသည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://komoethee.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Monday, December 8, 2008

ကမ္ဘာမကျေဘူး (၀တ္ထုတို)

(အခုလာမယ့် ဒီဇင်ဘာ (၁၀)ရက်နေ့ လူ့အခွင့်အရေးနေ့ဆိုရင်၊ (၁၉၉၁) ခုနှစ်က မြန်မာပြည်မှာ နောင်တော်ကျောင်းသားကြီးတွေ ပြုလုပ်ခဲ့ကြတဲ့ 10 D campaign ဆယ့်ခုနစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီကင်ပိန်းမှာ ပေးဆပ်စွန့်လွှတ်ခဲ့သူများကို ဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ထားတဲ့ ကမ္ဘာမကျေဘူး ၀တ္ထုတိုလေးကို ပြန်တင်လိုက်ပါတယ်။ ၂၀၀၄ခုနှစ်မှာ ယူကေနိုင်ငံမှာ ထုတ်ဝေတဲ့ အလင်းတိုင်းပြည်ဂျာနယ်မှာ ဖော်ပြခဲ့ဖူးပါတယ်)


ကမ္ဘာမကျေဘူး (၀တ္ထုတို)


(၁)


‘ဒီမိုကရေစီရရှိရေး’ ‘တို့အရေး၊တို့အရေး’

‘စစ်အစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’

‘လူသတ်အစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’

‘မုဒိမ်းအစိုးရပြုတ်ကျရေး’ ‘တို့အရေး၊တို့အရေး’


နာကျည်းမှု နှလုံးသားများဆီမှ ထွက်ပေါ်လာသော ပြည်သူတို့၏ ရင်ဖွင့်ဟစ်ကြွေးသံများက အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မြန်မာသံရုံးရှေ့တွင် ဟိန်းညံလို့နေသည်။ ရှေ့ဆုံးမှနေ၍ ကြွေးကြော်သံများကို တိုင်ပေးနေသူက လန်ဒန်ဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန် ကိုနိုင်ဇော်ဟိန်း။ မုဒိမ်းအစိုးရ ပြုတ်ကျရေးဆိုသည့် ကြွေးကြော်သံသို့ရောက်တိုင်း သူ့အသံများက နစ်ဝင်လို့သွားသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် အတိတ်က အရိပ်တွေက ရိုက်ခတ်နေဆဲပါလားညီမလေးရယ်။


(၂)


အချိန်က (၁၉၉၁)ခု၊ အောက်တိုဘာလ။

နေရာက တောင်ကြီးမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာက ဟဲဟိုးလေယာဉ်ကွင်း။ ရှမ်းပြည်နယ်သို့ဝင်ရန် အမြန်ဆုံးနှင့် အတိုဆုံးလမ်းကြောင်းဖြစ်သဖြင့် ဟဲဟိုးလေယာဉ်ကွင်းသည် နေ့စဉ်နှင့်အမျှ စည်ကားလို့နေသည်။ ဟဲဟိုးမှနေ၍ မြို့တော်တောင်ကြီးသို့သွားနိုင်သည်။ နာမည်ကျော် အင်းလေးကန်သာသို့ အလည်သွားနိုင်သည်။ တောင်ပေါ်မြို့လေးဖြစ်သည့် ကလောမြို့လေးသို့ အလည်အပတ်သွားနိုင်သည်။ ဒီလိုနေရာမျိုးမှာ အစဉ်အမြဲ လူစည်ကားနေတတ်တာ အဆန်းတော့မဟုတ်ပါ။ ဆန်းသည်က တခါမျှမမြင်ဘူးသေးသည့် မိန်းကလေးတစ်ယောက်ကို လေဆိပ်မှာလာကြိုရင်း ၊မြင်မြင်ချင်းစွဲလန်းသွားခဲ့ရသည့် ကိုနိုင်ဇော်ဟိန်း၏နှလုံးသား။


‘မြေးလေးကတစ်နှစ်တစ်ခါသူ့မွေးနေ့တိုင်းလာလည်နေကျသားရဲ့။အိမ်ကကားမောင်းသမားခွင့်ယူထားလို့ သားပဲခဏသွားကြိုပေးပါလားကွယ်’

ဆေးခန်းမှာသွေးပေါင်လာချိန်ရင်း ခင်မင်သွားရာမှ မိသားစုဆရာဝန်အဖြစ် စောင့်ရှောက်ခွင့်ရခဲ့သည့် ဖွားဖွားထွေးမှ ပြောလာသည်ဆိုတော့ သူမငြင်းသာ။ ဆေးရုံတာဝန်မရှိသည်နှင့်လဲ ကြုံသဖြင့် ဟဲဟိုးလေဆိပ်သို့သူရောက်လာရသည်။


မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စင်းဝင်လာသဖြင့် လူတွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ခရီးသည်များကြားမှ ကြိုရမည့်သူကို သူလိုက်ရှာမိနေစဉ် ခရီးဆောင်အိတ်ကို လက်ကဆွဲရင်း ဟိုဟိုဒီဒီရှာနေဟန်ရှိသည့် မိန်းကလေးတစ်ယောက်ဆီသို့ သူလျှောက်သွားလိုက်သည်။ ကောင်မလေးကလဲ သူ့ကိုလှည့်အကြည့်၊ မျက်ဝန်းချင်းဆုံသွားခဲ့သည့်တဒင်္ဂ။ သူ့ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့သလား၊ သူမသိလိုက်ပါ။ နှလုံးခုန်သံတွေ ကျယ်လာင်သွားခဲ့သလား သူမသိလိုက်ပါ မိန်းကလေးရဲ့ မျက်ဝန်းထဲမှာလဲ အရိပ်တစ်ချို့ ဖြတ်သန်းသွားသလိုပါပဲလား။


‘ဒီကညီမက တင်နန္ဒာလားမသိဘူး။’

‘ဟုတ်ပါတယ်အစ်ကို၊ ဖွားဖွားပြောပြတဲ့ ဆရာဝန်အစ်ကိုလားမသိဘူး။’

‘အစ်ကို့နာမည်နိုင်ဇော်ဟိန်းပါ’

‘တွေ့ရတာဝမ်းသာပါတယ်အစ်ကို။’


နှုတ်ဆက်စကား အပြန်အလှန်ပြောရင်း တောင်ကြီးသို့ ခရီးဆက်ခဲ့ကြသည်။ မိုင်နှစ်ဆယ် ကျော်ဝေးတဲ့ တောင်တက်လမ်းကို ဘယ်လိုမောင်းခဲ့တယ်မသိ။ အချိန်အနည်းငယ်လေးနှင့် မြို့ပေါ်သို့ရောက်လာသလို ခံစားရသည်။


နောက်ပိုင်းမှာတော့ ညီမလေးရှိသည့် ဆယ်ရက်ကျော်လုံးလုံး ညနေဆေးခန်းကို အပြေးအ လွှား စောပိတ်ရင်း ဖွားဖွားဆီသို့ သွားလည်ရတော့သည်။ ညနေတိုင်း သွေးတိုင်းကိရိယာနှင့် အိမ်ရောက်လာတတ်သည့် ဆရာဝန်ပေါက်စ သူ့ကို ကြည့်ရင်း ဖွားဖွားကပြုံးလေသည်။ ညီမလေးကလဲ အပြုံးလေးနဲ့ ဆီးကြိုနေကျ။ ခြံထဲမှ စားပွဲဝိုင်းလေးမှာထိုင်ရင်း စကားပြောဖြစ်ကြသည်။ညီမလေးမွေးနေ့ အောက်တိုဘာ(၂ဝ)မှာလဲ၊ ဘုရားသွားချင်တယ်ဆို၍ တောင်ကြီးမြို့ရဲ့ နာမည်ကျော် လွမ်းစေတီလေးသို့ သူကိုယ်တိုင်ပင် လိုက်ပို့ဖြစ်ခဲ့သည်။ ဘုရားမှအပြန် တောင်ခြေကဆိုင်လေးမှာ ရှမ်းခေါက်ဆွဲ စားရင်း ထိုင်ဖြစ်ကြတော့ သူ့ရင်ထဲမှ စကားသံများကိုဖွင့်ဟရန် သူကြံရွယ်မိသေးသည်။


‘ညီမလေး ကျောင်းတက်ရတာ ပျော်ရဲ့လားဟင်’

‘အစ်ကိုရယ်၊ ညီမလေးကသာ ကျောင်းတက်နေရတာ၊ တူတူလက်တွဲခဲ့တဲ့ သူငယ်ချင်းတွေမှာတော့ တစ်ချို့ကထောင်ထဲမှာ၊ တစ်ချို့ကတောထဲမှာ၊၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတာ၊ အဲဒါတွေတွေးမိတော့ ဘယ်လိုပျော်နိုင်ပါ့မလဲ။

‘ဒါဆို ရှစ်လေးလုံးမှာ ညီမလေးပါခဲ့တာပေါ့’

‘ညီမလေးက ကျောင်းသူပါအစ်ကို၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးအတွက် ပြည်သူတစ်ရပ်လုံးက တောင်းဆိုတဲ့ပွဲမှာ ညီမလေးတို့ ကျောင်းသူကျောင်းသားတွေ ရှေ့ဆုံးကပါခဲ့ကြတာပေါ့’

‘အစ်ကိုလဲ အဲဒီတုန်းက ရန်ကုန်ဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်စလုပ်နေပြီ။ စစ်တပ်က ပစ်တော့ အစ်ကိုတို့ဆေးရုံမှာ အလောင်းတွေ၊ လူနာတွေအများကြီးပဲ။ မသေမရှင်လူတွေကို နိုင်ငံခြားသံရုံးကပါဆိုပြီး လာခေါ်ထုတ်သွားတုန်းက အစ်ကိုတို့ရှိနေခဲ့ကြတယ်လေ။နောက်ပိုင်း အဲဒီလူတွေကို အရှင်လတ်လတ် မီးသဂြိုလ်စက်ထဲ ထည့်ပစ်တယ်ကြားရတော့ အစ်ကိုလေ၊ထမင်းတောင် မစားနိုင်တော့ဘူး ဖြစ်သွားတယ်’

‘အခုလဲ သူတို့ရဲ့ ဘီလူးခေါင်းကို မင်းသားခေါင်းခဏစွပ်ပြီး၊ ရွေးကောက်ပွဲနဲ့ကမ္ဘာကို မျက်လှည့်ပြလိုပြ၊တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ပြီးအဆင့်မမှီတဲ့ သုံးလပညာရေးတွေ ပေးလိုပေးနဲ့ ဘယ်တော့ဇာတိပြလာမလဲ မသိပါဘူးအစ်ကိုရယ်။ ညီမလေးကတော့ သမိုင်းပေးတာဝန်လို့ကို ယူဆတယ်။ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရကိုရရမယ်။’


သူ၊ညီမလေးကို လေးစားစွာကြည့်မိရင်း ပြောမည်ရည်ရွယ်ထားသောစကားများကိုပင် ပြောမထွက်တော့။ သတ္တိရှင် အာဂမလေးပါလား။ ဒီလိုနုနယ်တဲ့ နှလုံးသားလေးမှာတောင် အမှန်တရားရဲ့ အငွေ့အသက်တွေ ယှက်ဖြာနေချိန်မှာ လူသတ်ဘီလူး အာဏာရူးတွေကတော့ တံတားဆောက်၊လမ်းဖောက်ဖွင့်ပွဲတွေနဲ့ တီဗွီမှာဟန်ရေးပြ လမ်းလျှောက်ရင်း လူထုကိုအယုံသွင်းလို့ မာကြောတဲ့ နှလုံးသားတွေမှာ ယမ်းငွေ့တွေတလူလူနဲ့ ပြည်သူ့သွေးကို ခြေဆေး၊ အာဏာတည်မြဲရေးတွေ လုပ်နေပါပေါ့လား။


(၃)

‘အစ်ကိုမထင်ခဲ့ဘူးညီမလေးရယ်၊ ‘ဘယ်တော့ဇာတိပြလာမလဲမသိဘူး’တဲ့၊ ညီမလေးပြောခဲ့တဲ့စကား။ ဇာတိပြလာတဲ့အချိန်မှာတော့ညီမလေးကိုယ်တိုင်ပါသွားခဲ့တယ်နော်’


ဒီဇင်ဘာလထဲမှာ ရန်ကုန်သို့သွားရန် ကိစ္စပေါ်လာတော့ သူအပြေးအလွှားသွားဖြစ်ခဲ့သည်။ညီမလေးနှင့် တွေ့ရတော့မည်။ တကယ်တမ်းတွေ့ရတော့လဲ အပြေးအလွှားပါပဲ။ ညီမလေးအိမ်သွားတော့ ညီမလေးမရှိ၊သူငယ်ချင်းအိမ်မှာ သွားအိပ်သည်တဲ့။ တွေ့မိတွေ့ကြတော့ ဆူးလေဘုရားလမ်းမှာ တွေ့သည်။ညီမလေးက သူငယ်ချင်းတွေနှင့်။ ကျောင်းအတွက် စာရေးစက္ကူထုတ်တွေ လာဝယ်တာဆိုပဲ။ ဒီဇင်ဘာ(၉)ရက်နေ့ ညနေမှာလှည်းတန်းက ဆိုင်တစ်ဆိုင်သို့လာခဲ့ရန် ချိန်းပြီး ညီမလေးထွက်သွားသည်။


‘နံနက်ဖြန်ကျောင်းမှာဆန္ဒပြပွဲရှိတယ်အစ်ကို’

ထမင်းအတူစားရင်း ညီမလေးက တိုးတိုးတိတ်တိတ်ပြောသည်။အံ့သြစိတ်နှင့်အတူ ညီမလေးအတွက်လဲ စိုးရိမ်သွားမိသည်။

‘ညီမလေးလဲပါမှာပေါ့နော်’

သူစိုးရိမ်တကြီး မေးမိသည်။ မေးသာမေးရပေမယ့် မေးဖို့မလိုမှန်း သူအလိုလိုသိနေပြီးသားပါလေ။

‘စစ်အစိုးရကအားလုံးကို လိမ်နေတာအစ်ကို။ အခုလဲကြည့်။ ညီမလေးတို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက လေးစားလို့ နိုဘယ်ဆုပေးတာကို သတင်းအမှောင်ချပြီး မသိချင်ယောင်ဆောင်နေတယ်။ ဒါတင်မက အိမ်မှာလဲ အကျယ်ချုပ်လုပ်ထားသေးတယ်။ညီမလေးတို့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းထားတာလဲ အများကြီးပဲ။ ရွေးကောက်ပွဲကိုလဲ အသိအမှတ်မပြု၊နိုင်ငံရေးပါတီတွေကိုလဲ လှုပ်လို့မရအောင် ညွှန်ကြားချက်တွေထုတ်နဲ့ ပြည်သူလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို အညွန့်ကျိုးအောင် လုပ်နေတာအစ်ကို။ ဒီလိုအချိန်မှာ သူတို့ရဲ့လုပ်ရပ်တွေကို အယုံအကြည်မရှိကြောင်း ပြဆိုဖို့လိုလာပြီ။ ဒါကြောင့်နက်ဖြန်လူ့အခွင့်အရေးနေ့၊ဒီဇင်ဘာ(၁ဝ)ရက်နေ့မှာ 10 D campaignလုပ်ကြမယ်။’


‘ညီမလေးရဲ့ အခုလိုအမှန်တရားအတွက် ရပ်တည်တတ်တဲ့ စိတ်ထားကို အစ်ကို အရမ်းလေးစားတယ်သိလား။ ဂရုတော့စိုက်နော်ညီမလေး။ ဒီကောင်တွေကလူမဟုတ်ဘူး’


ခေါင်းညိတ်ပြရင်း သူ့ကိုလှမ်းကြည့်လိုက်တဲ့ ညီမလေးရဲ့မျက်ဝန်းအစုံမှာ အရည်ကြည်တွေ လဲ့နေလို့ပါလား။ အရမ်းချစ်တယ်ကလေးရယ်။ တာဝန်တွေပြီးသွားတဲ့အခါကျရင် ကိုယ့်ရင်ခွင်မှာနားခိုပြီး၊အပန်းဖြေလှည့်ပါလို့ ကိုယ်ဖိတ်ခေါ်ချင်လိုက်တာကွယ်။ မပြောဖြစ်တဲ့ရင်ထဲကစကားသံများ။

‘အစ်ကိုဘယ်တော့ပြန်မလဲဟင်။ ဒီကိစ္စတွေပြီးမှ အေးအေးဆေးဆေး တွေ့တော့မယ်နော်’


(၄)

‘အေးအေးဆေးဆေး တွေ့မယ်ဆိုတာ နောင်လပေါင်းများစွာ ကြာတဲ့အခါကျမှ

အင်းစိန်ထောင်မှာ ထောင်ဝင်စာ လာတွေ့ရတာကို ပြောတာလားညီမလေးရယ်’


ညီမလေး ပြောသည့်အတိုင်းပင် နောက်တစ်နေ့ ဒီဇင်ဘာ(၁ဝ)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စက်မှုတက္ကသိုလ်မှာ ငြိမ်းချမ်းစွာဆန္ဒပြပွဲများ လုပ်ကြကြောင်း ကြားရသည်။ စစ်အစိုးရ လုပ်ရပ်များအား အသိအမှတ်မပြုကြောင်း ကြေငြာပွဲမှာ ကျောင်းသူကျောင်းသား အများအပြား ပါဝင်လာကြတော့ စစ်အစိုးရ မျက်ကလူးဆန်ပြာဖြစ်ကာ သူတို့၏ မင်းသားခေါင်းဆောင်းထားသော ဘီလူးရုပ်ကို ဖွင့်ပြကြတော့သည်။ ကျောင်းသားများ အဖမ်းခံရတယ်ကြားတော့ သူ့မှာ နေမထိထိုင်မသာ။ ညီမလေးတို့ အိမ်ကိုဆို ချောင်းပေါက်မတတ်။ ညီမလေးမိဘတွေမှာလဲ ခေါင်းမီးတောက်နေကြပြီ။ တစ်ဦးတည်းသော သမီးလေးမို့ အန္တရာယ်ဖြစ်မှာကို စိုးရိမ်ကြသည်။ နောက်ဆုံး ဘယ်သူငယ်ချင်း အိမ်မှာမှရှာ မရသည့်အဆုံး၊ ညီမလေးနဲ့ တွဲနေတဲ့ သူငယ်ချင်းတွေလဲ ညီမလေးနဲ့အတူ ပျောက်ဆုံးနေပြီဆိုတာ သိရတဲ့အဆုံးမှာတော့ သူတို့အားလုံး လက်လျှော့လိုက်ကြတော့သည်။အဖမ်းခံရတဲ့ ကျောင်းသားတွေထဲမှာ ညီမလေးပါသွားခဲ့လောက်ပြီ။ သူလဲတာဝန်အရ တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပြန်လာခဲ့ရသည်။


နောက်လအတန်ကြာတော့ စစ်ထောက်လှမ်းရေးက ညီမလေးတို့ အိမ်ကိုအကြောင်းကြားသည် ညီမလေးကို ထောင်ဆယ်နှစ်ချလိုက်သည်တဲ့။ ခွဲစိတ်ခန်းထဲကအထွက်မှာ ဖုန်းလာတယ်ဆိုလို့ အပြေးအလွှား ကောက်ကိုင်ခဲ့ရတဲ့ ရလာဘ်ဟာ ဒါတဲ့လားကွာ။ တုန်ရီနေတဲ့ ညီမလေး အမေရဲ့ စကားသံတွေကို ဘယ်လိုပြန်နှစ်သိမ့်ပေးရမှာလဲ။ ဖွားဖွားကို မပြောပါနဲ့တဲ့။ ညီမ လေးအမေက ခပ်သဲ့သဲ့သတိပေးတယ်။ ဘယ်လိုပြောပြရမှာလဲ။ ဘယ်လိုပြောထွက်ပါ့မလဲ။ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ သူ့မြေးကျောင်းသူတစ်ယောက်ကို တရားမမျှတတဲ့ စစ်ဘီလူးတွေက ထောင်ဆယ်နှစ်ချတယ်ဆိုတာ သိလိုက်ရရင် အသက်(၇ဝ)ကျော် အဖွားမတ်တပ်ကလဲသွားမှာပေါ့။


‘စစ်အစိုးရ အာဏာရူးတွေ ခင်ဗျားတို့သိပ်လွန်နေပြီဗျာ။ ခင်ဗျားတို့ အာဏာတည်မြဲဖို့ ပြည်သူတွေရဲ့ သွေးစက်တွေ၊ မျက်ရည်စက်တွေကို ဘယ်လောက်အချိန်ထိ ဆက်ကျခိုင်းနေဦးမှာလဲ။ လူမဆန်တဲ့လူတွေ။ တစ်နေ့ကျရင် ဝဋ်ကောင်းကောင်းလည်လိမ့်မယ်’


သူခွင့်အမြန်ယူပြီး၊ ညီမလေးနဲ့ သွားတွေ့နိုင်ဖို့ ကြိုးစားရသည်။ လာဘ်ပေးလာဘ်ယူ ကိစ္စများကိုမုန်းပေမယ့် ညီမလေးနဲ့တွေ့ရမယ့် အရေးမို့ သူမလုပ်ချင်ပဲ လက်ဖက်ရည်ဖိုးဆိုသည်များကို တောင်းသမျှပေးလိုက်တော့မှမိနစ်အနည်းငယ်ကြာ တွေ့ခွင့်ရခဲ့ပါသည်။


‘ညီမလေးနေကောင်းရဲ့လား’

သူ့ကိုမြင်တော့ ညီမလေးမျက်ဝန်းက အရောင်လက်လာသည်။ မတွေ့ရတဲ့ ဒီအချိန်လေးတွင်းမှာ ညီမလေးမျက်နှာက တော်တော်ချောင်ကျသွားသည်။တွေ့ရတဲ့အချိန်က ခဏတာလေးမို့ စကားတွေ အလုအယက်ပြောရသည်။ တကယ်ပြောချင်တဲ့ စကားတွေကိုတော့ ခဏမျိုသိပ်ထားဦးမယ် ကလေးရယ်။ ဒီလိုကြမ်းတမ်းတဲ့ ဘဝကြီးကို ဖြတ်ကျော်ပြီးရင် ကိုယ့်ရင်မှာလာပြီး နားခိုလှည့်ပါကွယ်။အဲဒီအချိန်ကို ကိုယ်မျှော်လင့်စောင့်စားနေပါ့မယ်။


(၅)

(၁၉၉၂)၊ နိုဝင်ဘာလ။

စစ်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် (၁၁၊၉၂)နှင့် ကျောင်းသားအချို့ ပြန်လွတ်လာသည်။ လွတ်လာသည့် အထဲတွင် ညီမလေးပါ ပါလာသည်တဲ့။ ညီမလေးအမေက ဖုန်းဆက်ပြောသည်။သူဝမ်းသာလိုက်သည်ဖြစ်ခြင်း။ ရန်ကုန်သွားမည်။ ညီမလေးအတွက် ရင်ထဲမှာမျိုသိပ်ထားရသော စကားလုံးလေးများကို ဖွင့်အန်ချမည်။ ညီမလေးနားလည် လက်ခံနိုင်မှာပါ။ ဟိုတစ်ချိန် ဟဲဟိုးလေဆိပ်မှာကတည်းက ညီမလေးရဲ့ မျက်လုံးထဲက အရိပ်တွေကို အစ်ကိုဖော်တတ်ခဲ့သလို အစ်ကို့မျက်ဝန်းစကားတွေကိုလဲ ညီမလေးနှလုံးသားနဲ့ ကြားပြီးသားဖြစ်မှာပါလေ။


သူရန်ကုန်သွားမည်ဆိုတော့ ဖွားဖွားကလဲ လိုက်မည်ပြောသည်။ ခရီးလွန်နေတယ် ဝိုင်းလိမ်ထားကြပေမယ့် အမြဲဖုန်းပြောနေကျ မြေးမလေးရဲ့အသံကို မကြားရတာကြာပြီဆိုတော့ ဖွား ဖွားလဲ စိတ်ပူရှာမှာပေါ့လေ။ ‘စိတ်မပူပါနဲ့ဖွားဖွားရယ်။ ဖွားဖွားမြေးကို ကျွန်တော်တသက်လုံး စောင့်ရှောက်သွားမှာပါ၊ တောင်ကြီးကိုအပါခေါ်ခဲ့ပါ့မယ်’ ပြောတော့ ဖွားဖွားကရယ်သည်။ ဒီလိုဖြူစင် တည်ငြိမ်သည့် မိသားစုလေးကိုမှ မုန်တိုင်းထန်အောင် ဝင်လုပ်လိုက်သည့် စစ်အစိုးရကို သူနာကျည်းမိသည်။


ခွင့်ရဖို့၊ လေယာဉ်လက်မှတ်ရဖို့ စောင့်ရင်း နှစ်ပတ်လောက် ကြာသွားသည်။ ဒီကြားထဲမှာ ညီမလေးဆီ ဖုန်းဆက်တိုင်း ‘သမီးလေး၊ ခဏအနားယူနေလို့ ဘယ်သူနဲ့မှ စကား မပြောချင်သေးဘူးလို့ အန်တီ့ကိုမှာထားတယ် သားရယ်’ ဆိုသော ညီမလေးအမေရဲ့ အသံကိုသာကြားရသည်။ဘာများဖြစ်နေတာလဲ ညီမလေးရယ်။ နေမကောင်းဘူးလားကွယ်။ စိုးရိမ်စိတ်တဝက်မှာ ‘သူ့ကိုရှက်နေတာနေမှာပါ’ဆိုပြီး ရင်ဖိုဖိုစိတ် တဝက်ရောသွားတော့ သူ့ဘာသာသူ သဘောကျပြီး ရယ်မိသေးသည်။


အလာကောင်းပေမယ့် အခါနှောင်းသလိုအဖြစ်မျိုးသာ ကြုံရတော့မယ်မှန်းသာ သူကြိုသိခဲ့ရင်----။


အိမ်ထဲသို့ လှမ်းအဝင်မှာပင် ငိုရှိုက်သံသဲ့သဲ့များကို ကြားလိုက်ရသည်။ ညီမလေးအမေနဲ့ ညီမလေး သူငယ်ချင်းတို့၏ ငိုရှိုက်သံများ။

‘သမီးရယ်၊ မေမေဘာမှမသိရပါလား။ မေ့မေ့ကို ဘာမှလဲပြောသွားပါလား သမီးလေးရယ်’

‘နန္ဒာရယ်၊ နင်ပြောတော့ မြန်မာပြည်ဒီမိုကရေစီရတဲ့နေ့ကို မြင်ချင်တယ်ဆို။ အခုတိုက်ပွဲမပြီး သေးဘူးလေ။ နင်ဘာလို့အစောကြီး ခွဲသွားရတာလဲ’

‘မိလဲ့၊အရမ်းမငိုနဲ့နော်၊ နင်ကထောင်ကထွက်လာကာစ၊ အားရှိတာမဟုတ်ဘူး။’

ငိုသူငို၊ချော့သူချော့နှင့် ကမ္ဘာပျက်မြင်ကွင်းကို စတင်ရင်ဆိုင်ရသည်။ ညီမလေး အလောင်းဘေးတွင်ကား ငိုနေသူမိန်းကလေးများနှင့် လက်သီးဆုပ်အံကြိတ်ရင်း မျက်ရည်ဝဲနေသာ ယောက်ျားလေးများ ဝန်းရံလျက်။

‘ဘာတွေဖြစ်ကုန်တာလဲဗျာ။ ဘာတွေဖြစ်ကုန်ခဲ့တာလဲ’

အရူးတစ်ယောက်လိုသူ အော်လိုက်မိသည်။ဘဝတစ်ခုလုံးရဲ့ မျှော်လင့်ချက် အဆောက်အအုံတစ်ခုလုံး တစမကျန် ပြိုကွဲပျက်စီးခဲ့ပြီပဲ။

‘နံနက်ကအန်တီ သူ့ကိုအိပ်ယာကလာနှိုးတော့ အသက်မရှိတော့ဘူးသားရယ်။ သားအတွက် စာတစ်စောင် သူ့ခေါင်းအုံးအောက်မှာ တွေ့တယ်။ ရော့သား’

ညီမလေးအမေရဲ့ စကားသံတစ်လုံးစီမှာ သူ့အသည်းတွေ ပဲ့ကြွေသွားခဲ့လေပြီ။


(၆)

အစ်ကို။

ဒီစာကိုအစ်ကိုဖတ်ရချိန်မှာ ညီမလေး လူ့လောကမှာ ရှိတော့မှာမဟုတ်ပါဘူး။ အစ်ကိုဘယ် လောက်အထိ နာကျင်ခံစားရမယ်ဆိုတာ ညီမလေးသိပါတယ်။ ညီမလေးအသည်းတွေလဲ ကြွေကျမတတ်ပါပဲ အစ်ကိုရယ်။ ဟဲဟိုးလေဆိပ်မှာ တွေ့စက အစ်ကို့မျက်ဝန်းကိုလေ အခုထိမြင်ယောင်နေဆဲပဲ။ ဒီမျက်ဝန်းတွေရဲ့ ခွန်အားတွေနဲ့ပဲ ငရဲခန်းအထပ်ထပ်ကို ရင်ဆိုင်ခဲ့ရတာပါ။ ငယ်ငယ်တုန်းက ဖွားဖွားပြောပြခဲ့တဲ့ ပုံတွေထဲမှာပါခဲ့တဲ့ ငရဲခန်းတွေ လူ့လောကမှာလဲ တကယ်ရှိတယ် ဆိုတာ ကိုယ်တွေ့ကြုံမှ ယုံခဲ့ရတာပါအစ်ကို။ ညီမလေးကို ထောင်ထဲမပို့ခင် စစ်ထောက်လှမ်းရေးတစ်ခုမှာ စစ်ကြောရေးလုပ်တယ်အစ်ကို။ လူမဆန်အောင် နှိပ်စက်ညှင်းပမ်းမှုတွေကို ခံခဲ့ရတယ်။ သူတို့တွေ သိပ်ရက်စက်တယ်အစ်ကို။ အစာမကျွေး၊ရေမပေးပဲ ညစဉ်ရက်ဆက်မေးလိုက်ကြတဲ့ မေးခွန်းတွေ။ဖြေတာမကျေနပ်ရင် ကြိမ်လုံးတွေနဲ့ ဝိုင်းရိုက်ကြတာ။စစ်ကြောရေးပြီးလို့ အခန်းထဲပြန်ရောက်ရင် တကိုယ်လုံး ကြိမ်းစပ်နာကျင်နေတာပဲ။ အဆိုးဆုံးကတော့ ညီမလေးရဲ့ အပျိုစင်ဘဝကိုပါ သူတို့သိမ်းပိုက်လိုက်ကြတယ်အစ်ကို။ အစ်ကိုရယ်၊ ညီမလေးလေ ကိုယ့်ရဲ့အပျိုစင် သိက္ခာကို မှည့်တစ်ပေါက်မစွန်းအောင် ထိန်းသိမ်းခဲ့တဲ့ မြန်မာအမျိုးသမီးကောင်း တစ်ယောက်ပါအစ်ကို။ အခုတော့ ရိုင်းစိုင်းယုတ်မာတဲ့လူ၊ လူလို့တောင်မပြောချင်ပါဘူးအစ်ကိုရယ်၊ တိရစ္ဆာန်တစ်ကောင်ကြောင့် ညီမလေးရဲ့ အပျိုစင်ဘဝဆုံးရှုံးခဲ့ရပြီ။ အခုအစ်ကိုဘာကြောင့်လာတယ်ဆိုတာ ညီမလေးသိပါတယ်။ညီမလေးကို လက်ထပ်ခွင့်တောင်းဖို့လာတာ။ ညီမလေးရဲ့ မသန့်ရှင်းတော့တဲ့ ကိုယ်ခန္ဓာကို ညီမလေးအရမ်းချစ်တဲ့၊အရမ်းတန်ဖိုးထားတဲ့ အစ်ကို့လက်ထဲ မထည့်ပါရစေနဲ့အစ်ကိုရယ်။ ညီမလေးကိုခွင့်လွှတ်ပါ။ရေစက်ကံရှိခဲ့ရင် နောင်ဘဝကျမှပဲ ပြန်ဆုံပါရစေနော်။ အဲဒီအခါကျရင် လူယောင်ဆောင်ထားတဲ့ တိရစ္ဆာန်တွေအုပ်ချုပ်တဲ့ တိုင်းပြည်မှာ လူမဖြစ်ပါရစေနဲ့လို့ ညီမလေး ဆုတောင်းချင်လိုက်တာ။စကားတစ်ခွန်းတော့ ပြောခဲ့ချင်တယ်အစ်ကိုရယ်။ ညီမလေးလေ၊ အစ်ကို့ကိုသိပ်ချစ်တယ်။


စာကိုဖတ်နေသည့်သူ့လက်များကတုန်ယင်လို့နေသည်။ တော်လှန်ရေးခရီး တလျှောက်မှာ လူမဆန်သူ တိရစ္ဆာန်များကြောင့် ကြွေလွင့်ခဲ့ရသော ပန်းတွေ ဘယ်လောက်ရှိခဲ့ပြီလဲ။ ညီမလေးရေ၊ ညီမလေး အပြီးမသတ်ခဲ့ရတဲ့ ဒီမိုကရေစီတိုက်ပွဲကို အစ်ကိုဆက်တိုက်မယ်။ ညီမလေးမြင်ချင်တဲ့ ဒီမိုကရေစီရ မြန်မာနိုင်ငံကို အစ်ကိုဖြစ်အောင်ကြိုးစားမယ်။ တမလွန်ကနေ စောင့်ကြည့်နေတော့နော်။ သူ့ရဲ့ ခိုင်မာသောဆုံးဖြတ်ချက်။


(၆)

အင်္ဂလန်၊လန်ဒန်မြို့၊ မြန်မာသံရုံးရှေ့။

သီချင်းသံများက လွင့်ပျံလို့လာသည်။


‘ကမ္ဘာမကျေဘူး။ ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့မော်ကွန်းတွေ။ တော်လှန်ရေး၊ဒီမိုကရေစီ တိုက်ပွဲတွင်းမှာ ကျဆုံးသော-သြော်သူရဲကောင်းတို့ရေ၊ အာဇာနည်တွေနေတဲ့တိုင်းပြည်၊ အမျိုးချစ်တဲ့ ဒို့ဇာနည်တွေ။ ကိုယ်တော်မှိုင်း၊ ရာဇဝင်တွေလဲရိုင်းခဲ့ရပြီအဖိုးရေ၊ သခင်အောင်ဆန်း၊ နိုင်ငံတော် လဲသွေးစွန်းခဲ့ပြီ အဘရေ၊ သြော်လုပ်ရက်ကြပေ။ ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ၊ အတုန်းအရုန်းလဲပြိုကာနေ။ညီအစ်ကိုတို့၊ ပေတရာပေါ်မှာ စွန်းတဲ့သွေးတွေ မခြောက်သေးဘူး။ တွေဝေမနေနဲ့။ ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာကျဆုံးသော၊ သြော်သူရဲကောင်းတို့လို အခိုင်အမာအပီအပြင် တော်လှန်ပစ်မလေ။ရဲရဲတောက်ဒို့ပြည်သူတွေ။’


ရဲစိတ်ရဲမာန်အပြည့်နှင့် သီဆိုနေသူများထဲတွင် ကိုနိုင်ဇော်ဟိန်း၏ အသံက အကျယ်ဆုံးဖြစ်ပေလိမ့်မည်။ ‘ကမ္ဘာမကျေဘူး’သီချင်းကို သီဆိုရတိုင်း နာကျည်းမှု ကြေကွဲမှုမှ ပွင့်အန်ကျလာသော မျက်ရည်စက်တို့ကို တမလွန်မှညီမလေး မြင်နိုင်ပါမည်လား။ မည်သို့ဆိုစေ၊ အသက်ထက်ဆုံး ဒီမိုကရေစီတော်လှန်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မည့် သူ့ရဲ့ သစ္စာစကားများကို ညီမလေးကြားနိုင်ပါစေဟု ဆုတောင်းရင်း----။


ခင်မမမျိုး (၂၀၀၄)

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 7, 2008

FBF Newsletter, Vo. 1, Issue 2 (Dec, 2008)

Dear all,

A group of Burmese activists founded the Free Burma Federation (FBF) in November, 2008 to pursue mutual interests in Free Burma movement. Geographic subdivisions of FBF, called Regions, provide opportunities to exchange ideas and co-ordinate coalitions against the military regime.

FBF's Newsletter help define the strategic doctrine and missions as well as the opinions of our members.

A copy of Free Burma Federation newsletter (Vol. 1), Issue (2), December 2008, is attached.

Please do not hesitate to contact me for further information.

Best Regards,

Khin Ma Ma Myo
Central Information Committee
Free Burma Federation (FBF)


FBF Newsletter, Vo. 1, Issue 2 (Dec, 2008)
FBF Newsletter, Vo. 1, Issue 2 (Dec, 2008)



ပေးပို့သူ ။ ။ မခင်မမမျိုး
မျှဝေသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...