Saturday, November 15, 2008

မြန်မာစစ်အစိုးရ၏ နောက်ဆုံးပေါ် အဓမ္မထောင်ဒဏ်များ

နိုင်ငံရေးအကျဉ်းသား ၃၉ ဦး၏ မိသားစုဝင်အားလုံး … မျက်ဝန်းများတွင် မျက်ရည်များဖြင့် ပြည့်လျှံ နေကြပါလိမ့်မည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီကျခံစေရန် အမိန့်ချလိုက်ပြီ။ ထို ၁၄ ဦးထဲတွင် အမျိုးသမီး ၅ ဦးလည်းပါဝင်သည်။ တချိန်တည်းတွင် ၂၀၀၇ စက်တင်ဘာအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် သံဃာတော် ၅ ပါးအပါအဝင် တခြားသော နိုင်ငံရေးသမား ၂၅ ဦး တို့ကို အများဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ကျခံစေရန် အမိန့်ချမှတ်လိုက်ပြီ ဖြစ်သည်။ လူသိများ ထင်ရှားသည့် လူ့အခွင့်အရေး လှုပ်ရှား သူ မစုစုနွေးလည်း ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံရမည်ဖြစ်၏။

ယခုကဲ့သို့ ပြင်းထန်ရှည်လျားသော ထောင်ချ အပြစ်ဒဏ်များကို ပေးလိုက်ခြင်းက စစ်အစိုးရအနေနှင့် ၎င်းတို့ ပြောလေ့ရှိသော “ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ” ဟူသည့် ဆောင်ပုဒ်ကို အမှန်တကယ် အကောင်အထည်ဖော်ပြီဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတကာက တောင်းဆိုနေသည့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်ဆိုသည့် အချက်ကို လုံးဝ စိတ်မဝင်စား၊ ဂရုမစိုက်ဟု ပြောလိုက်သလိုလည်း ဖြစ်နေသည်။

ထောင်ဒဏ် ၆၅ နှစ်စီကျခံလိုက်ရသော တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် ၁၄ ဦးထဲတွင် ကိုမင်းဇေယျာ၊ ကိုဂျင်မီ (ကိုကျော်မင်းယု) နှင့်ဇနီး မနီလာသိန်း၊ မမီးမီးနှင့် ၁၉၈၈ ခုနှစ်က တက်ကြွ လှုပ်ရှားခဲ့သဖြင့် နှစ်ရှည် အကျဉ်းကျခံခဲ့၊ စွန့်လွှတ် အနစ်နာခံခဲ့ပြီးဖြစ်သည့် ထင်ရှားသော ကျောင်းသား ခေါင်းဆောင်များ ပါဝင်သည်။

ထောင်ဒဏ် ၁၅ နှစ်နှင့် ၇ နှစ် အသီးသီး ကျခံပြီးဖြစ်သည့် ကိုဂျင်မီနှင့် မနီလာသိန်းတို့ ဇနီးမောင်နှံ၏ ဝမ်းနည်း ကြေကွဲဖွယ် ဇာတ်လမ်းကို အားလုံးသိပြီးသားဖြစ်သည်။ သူတို့၏ လသားအရွယ် သမီးငယ်လေးမှာ မနှစ်က စက်တင်ဘာအရေးတော်ပုံ အပြီးတွင် ဖခင်ဖြစ်သူ အဖမ်းခံရပြီး မိခင်ဖြစ်သူ ပုန်းရှောင်နေရစဉ် အဘိုးအဘွားများထံ၌ ကျန်ရစ်ခဲ့ရသည်။ ယခုအခါ မိခင်ဖြစ်သူကိုလည်း ဖမ်းဆီး ထောင်ချလိုက်ကြပြီ။

တက်ကြွလှုပ်ရှားသူ ကျောင်းသား ခေါင်းဆောင်အများစု၏ အသက်အရွယ်မှာ ၄၀ ဝန်းကျင်တွင် ဖြစ်နေ ပေပြီ။ ယခု သူတို့ကိုပေးထားသည့် အပြစ်ဒဏ်အတိုင်း နှစ်စေ့ထောင်ဒဏ် ကျခံရမည်ဆိုလျှင် … သူတို့ အားလုံး ထောင်ထဲတွင် သေကြဖို့သာ ရှိတော့သည်။ ၁၉၈၈ နောက်ပိုင်းတွင် စစ်အစိုးရက ၃ နှစ်မှ ၅ နှစ်အထိ သက်မှတ်ခဲ့သည့် ထောင်ဒဏ်မှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အများဆုံး ၁၀ နှစ်အထိ ကြမ်းခင်းဈေး ဖြစ်ခဲ့သည်။ ယခုတော့ ပိုဆိုးနေပြီ … အနာဂတ်တွင် ဒီထက်ပိုဆိုးဖို့သာ ရှိတော့သည်။

၈၈ ဦးဆောင် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းကိုနိုင်အကြောင်း ပြောကြည့်ချင်သည်။ သူနှင့် တခြားသော ကျောင်းသားခေါင်းဆောင် ၈ ဦးတို့မှာ အောက်တိုဘာလ အတွင်းက တရားခွင်ကို မထီမဲ့မြင်ပြုသည်ဆိုသော စွဲချက်ဖြင့် အပြစ်ပေးသည့်အနေနှင့် ထောင် ၆ လစီချမှတ်ပြီး မအူပင်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ မျှော်လင့်ရသည်မှာ ကိုမင်းကိုနိုင်နှင့် အဖွဲ့ကိုလည်း မကြာမီ ထောင်ဒဏ် ၆၅ နှစ် သို့မဟုတ် ထိုထက် များသည့်နှစ်များ ချမှတ်အပြစ်ပေးဦးတော့မည်။

ယခုကဲ့သို့ ရှည်လျားပြင်းထန်သော ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို နောင်မလုပ်ရဲအောင် ခြောက်လှန့်လိုက်ခြင်း ဖြစ်နိုင်သည်။ ယခုအခါတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များသာ မကဘဲ ပြင်းထန်ဆိုးရွားသည့် စည်းမျဉ်းများကို ရှေ့နေများအပေါ်တွင်ပါ ချမှတ်ကျင့်သုံးနေကြောင်း တွေ့ရှိရသည်။ အောက်တိုဘာနှင့် နိုဝင်ဘာ ၂ လအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တို့အတွက် အမှုလိုက် ပေးနေသည့် ရှေ့နေ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။

နိုင်ငံရေး အကျဉ်းသားများအတွက် အမှုလိုက်ပေးနေသည့် ရှေ့နေတဦးဖြစ်သူ ဦးအောင်သိန်းက ၎င်းအဖမ်း မခံရခင် “ဓမ္မက အဓမ္မကို တနေ့ မလွဲမသွေအောင်မြင်မှာပါ” ဟု ဧရာဝတီသို့ ပြောခဲ့သေးသည်။

ရှေ့နေများဖြစ်ကြသော ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်နှင့် ဦးညီညီထွေးတို့ကို ယခု အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် ဆောင်ရွက်ပေးနေသည့် တခြားသော ရှေ့နေ ၄ ဦးမှာလည်း ရှေ့နေလိုက်ခွင့်လိုင်စင် ပိတ်သိမ်းခြင်း ခံခဲ့ရပြီဖြစ်သည်။

ယခုကဲ့သို့ ပြင်းထန်သော စည်းမျဉ်းများဖြင့် လူ့ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်နေသော်လည်း မတရားမှုကို ဆန့်ကျင်လိုသည့် စိတ်ဓာတ်များကိုတော့ ဖိနှိပ်ကွပ်ညှပ်၍ ရနိုင်မည် မဟုတ်။ ၎င်းတို့၏ စွန့်လွှတ်အနစ်နာ ခံရဲသည့် ခိုင်မာသော ဇွဲနှင့် သတ္တိကို စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းပေ။

ကိုမင်းဇေယျာဆိုလျှင် ၎င်းတို့ကို ၆၅ နှစ် ထောင်ဒဏ်ပေးပြီဟု သိရလျှင်သိရခြင်း “၆၅ နှစ်ပဲလား” ဟု ရဲဝံ့စွာ အော်ခဲ့သည်။ မမီးမီးဆိုလျှင်လည်း “လုံးဝ မကြောက်ဘူးဟေ့” ဟုဆိုကာ သူ၏ သတ္တိကို ထုတ်ဖော်ပြသ ခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်က ယခုကဲ့သို့ အနှစ် ၂၀ လုံးလုံး ယုံကြည်မှုနှင့် ခိုင်မာသော ဇွဲသတ္တိရှိရုံဖြင့် ဒီမိုကရေစီအောင်ပွဲကို မဆွတ်ခူးနိုင် ဆိုသည့်အချက်ပင် ဖြစ်သည်။ ယခုအချိန်တွင် ဒီမိုကရေစီအရေး အတွက် တိုက်ပွဲဝင်နေသူများအားလုံးကို စစ်အစိုးရက ပြင်းထန်စွာ ချေမှုန်းလျှက်ရှိသည်။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို ကျင်းပဖြစ်အောင် ကျင်းပမည်ဖြစ်ရာ ထိုသတ္တိရှိသူ အားလုံး ထောင်ထဲတွင်သာ နေကြရဖို့ ရှိနေသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အမျိုးမျိုးသော နည်းလမ်းများ သုံးကာ တိုက်တွန်းနေသော်ငြားလည်း စစ်အစိုးရက ငြင်းပယ်မြဲငြင်းပယ် နေခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား စီးပွားရေးပိတ်ဆို့မှု ကျင့်သုံးသူနှင့် စေ့စပ်ဆွေးနွေးရေး အလိုရှိသူဟူ၍ နှစ်ခြမ်းကွဲနေသည်ကို စစ်အစိုးရ ခေါင်းဆောင်များက ကောင်းကောင်း သိနေသောကြောင့် ဖြစ်၏။

ထိုကဲ့သို့ ကမ္ဘာကြီး နှစ်ခြမ်းကွဲနေခြင်းကပင် စစ်အစိုးရအတွက် အောင်ပွဲတခုလိုဖြစ်နေသည်။ နိုင်ငံတကာ မိသားစုများအနေနှင့် လမ်းစဉ် နှစ်ရပ်ကို တရပ်တည်းအဖြစ် ပေါင်းစပ်ကာ စည်းလုံးမှု ရှိသင့်သည်။ စီးပွားရေး ပိတ်ဆို့ခြင်းများ အရေးယူဆောင်ရွက်ကာ တချိန်တည်းတွင် စေ့စပ်ဆွေးနွေးရေး အတွက်လည်း တိုက်တွန်းမှ အောင်မြင်မှုကို သိမ်သိမ်မွေ့မွေ့ ချဉ်းကပ်နိုင်မည် ဖြစ်သည်။

ဦးဆောင် တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ် ၆၅ နှစ်ထိ ပြစ်ဒဏ်ပေးခံလိုက်ရသည့် ယခု ကာလတွင် အယူအဆသစ်၊ နည်းလမ်းသစ်တခု အမှန်တကယ်ရှိဖို့ လိုအပ်နေပေပြီ။

ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုသက်ဝင်းအောင် ဆိုလျှင် ၂၀၀၆ ခုနှစ်က အသက် ၃၄ နှစ်အရွယ်၌ မန္တလေးအကျဉ်းထောင်အတွင်း ထောင်ဒဏ် ၅၉ နှစ်ကျခံရင်း ကွယ်လွန်ခဲ့ရသည်။ ၎င်း၏ အစ်ကိုဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုမှာ ယခု မအူပင်ထောင်တွင် ရှည်လျားသည့် ထောင်ဒဏ် အမိန့်ကို သူ့ အပေါင်း အဖော်များနှင့် အတူ စောင့်စားနေရသည်။

စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပမ်းခြင်းက ပို၍ ပို၍ ပြင်းထန်သည်ထက် ပြင်းထန်ကာ ကြမ်းတမ်းသည်ထက် ကြမ်းတမ်းလာခဲ့ပြီ။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသည့် တက်ကြွလှုပ်ရှားသူများ အမြန်ဆုံး လွတ်မြောက်မှု ရရှိရန် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် လမ်းစဉ်အသစ်တရပ်ကို ပုံဖော်ဖန်တီးကာ စစ်အစိုးရကို ကိုင်တွယ်ဖို့ အချိန်တန်ရုံမက အချိန်လွန်၍ပင်နေပြီဟု ဆိုချင်ပါသည်။

ကျော်စွာမိုး| နိုဝင်ဘာ ၁၄၊ ၂၀၀၈

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

Friday, November 14, 2008

အရှင်ဂမ္ဘီရ - ရွှေဝါနဲ့ ရွှေမြန်မာကို အလှဆင်စေခဲ့သူ

ရွှေဝါရောင်ကို ဦးဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တပါးလည်းဖြစ်၊ သံဃတပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တပါးဖြစ်သူ အရှင်ဂမ္ဘီရ ဖမ်းဆီးအကျဉ်းချ ခံထားရတာဟာ နိုဝင်ဘာလ ၄ ရက်နေ့မှာ တနှစ်တင်းတင်း ပြည့်သွားခဲ့တယ်။

အရှင်ဂမ္ဘီရဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင်း တနေရာမှာ ဖခင်ဖြစ်သူနဲ့အတူ အာဏာပိုင်တွေရဲ့ လက်ပါးစေတွေက ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရသူပါ။

အရှင်ဂမ္ဘီရတကယ်တော့ သူဟာ သက်တော်အားဖြင့်လည်း ၂၉ နှစ်သာရှိသေးတဲ့ ငယ်ဖြူ စာသင်သား သံဃာတော်တပါးပဲ ဖြစ်ပါတယ်။

သိုပေမယ့် မျက်မှောက်ကာလ ဒကာ၊ ဒကာမတွေ ခံစားကြုံတွေနေကြရတဲ့ အခက်အခဲ၊ အကျပ်အတည်း မျိုးစုံရဲ့ အခြေခံဇစ်မြစ်ဟာ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ တဖက်သတ် ဗိုလ်ကျ အနိုင်ကျင့်နေတာတွေကြောင့်ပဲ ဖြစ်တယ်လို့ သိမြင်နားလည်လာတဲ့ အချိန်မှာတော့ လျစ်လျူရှု မနေနိုင်တော့ဘဲ မိမိနဲ့အတူ တခြား ရဟန်း သံဃာတော်များကပါ ပူးပေါင်းပါဝင် ဖြေရှင်ပေးနိုင်ဖို့အတွက် စာသင်သား လောကကို စွန့်ခွာပြီး ကြိုးစား အားထုတ်ခဲ့ပါတော့တယ်။

အခုဆိုရင် သံဃာ့သမိုင်းမှာ ကဗ္ဗည်းထိုးရမယ့် သံဃာတော်များ မေတ္တာပို့သ ဆန္ဒပြမှုကြီးဟာလည်း ၀င့်ဝင့်ကြွားကြွားနဲ့ ဂုဏ်ပြောင်နေဆဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ အရှင်ဂမ္ဘီရကတော့ အကျဉ်းထောင်မှာ အကျဉ်းစံနေရပါတယ်။

ပြီးခဲတဲ့ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက မိသားစုဝင်တွေ အဖမ်းခံရတာရယ်၊ စက်တင်ဘာ နှစ်ပတ်လည် နေ့ရယ်ကြောင့် အရှင်ဂမ္ဘီရဟာ စိတ်ဖိစီးမှုဒဏ်တွေကို ပြင်းထန်စွာ ခံစားနေရတဲ့ ကာလမှာ အကျဉ်းထောင်တွင်း တာဝန်ရှိတဲ့ ရဲမှူးတွေ လာကပ်တဲ့ နွားနို့ကို ဘုန်းပေးမိတဲ့အတွက်လည်း အဲဒီနေ့မှာပဲ ၃ ခါ အန်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ သိရတယ်။

အဖမ်းဆီးခံရခြင်း တနှစ်ပြည့် နှစ်ပတ်လည်ကာလမှာကို အရှင်ဂမ္ဘီရဟာ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ဆိုးဝါးစွာ ခံစားနေရလေရဲ့။ ဆေးရုံတက်ပြီးမှ သိရတဲ့ ကျန်းမာရေး အခြေအနေတွေက အကြောင်းအရာ တခုခုကို စဉ်းစားလိုက်ရင် ခေါင်းကိုက်တယ်၊ ဇက်ကြောတွေ တက်လာတယ်၊ ဘာကိုမှ လေးလေးနက်နက် စဉ်းစားလို့ မရဘူး ဖြစ်သွားတဲ့အပြင်ကို လူကလည်း ပိန်ချုံးကျသွားလိုက်တာ အရိုးပေါ် အရေတင်ပါပဲလေ။

ဒိအပြင်ကို ထူးဆန်းတာက ထောင်ဝင်စာ ပုံမှန်တွေ့နေတဲ့ အမတော်ကြီးကို တခါမှ မပြောဘူးခဲ့တဲ့ ''နိုင်ငံရေး မလုပ်ပါနဲ့၊ ပေါက်မြို့မှာပြန်ပြီး အေးအေးဆေးဆေး နေပါ၊ သူကိုလည်း ထောင်ဝင်စာ တွေ့မနေပါနဲ့တော့'' အစရှိတဲ့ စိုးရိမ်တဲ့ စကားလုံးတွေနဲ့ ခဏခဏ ထပ်မှာနေတဲ့အပြင် ပုံစံကလည်း အရမ်း စိုးရိမ်စိတ် ကြီးနေတဲ့ ပုံပဲလို့ ကြားသိရတော့ စာရေးသူအနေနဲ့ အတော့်ကို အံ့သြမိသွားပါတယ်။

ဘာကြောင့်လဲဆိုတော့ စာရေးသူနဲ့ အရှင်ဂမ္ဘီရနဲ့ အနီးကပ်နေခဲ့ဖူးတော့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်ပုံတွေကို မျက်မြင်ကိုယ်တွေ့ သိရှိထားရသူ ဖြစ်နေတဲ့အတွက် အံ့သြမိတာပါပဲ။

သူနဲ့ စကားပြောလိုက်မှဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းကကို လွတ်တယ်မရှိဘူး။ သူ စဉ်းစားတွေးခေါ်နေတဲ့ အကြောင်းအရာ မှန်သမျှဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ နည်းလမ်းတွေပါပဲ။ ဒါမှ နှစ်ဦးနှစ်ဖက် မနစ်နာစေဘဲ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်မယ်လို့ သူကိုယ်တိုင် ခံယူထားပြီး ကြိုးစားနေတယ်ထင်ရဲ့။

အရှင်ဂမ္ဘီရရဲ့ ဘွဲတော်အရင်းက စန္ဒောဘာသ။ သူ့ကို သူငယ်ချင်း အပေါင်းအသင်းတွေက ဗိုလ်စံ ဘာတွေလုပ်နေတုန်းဗျလို့ မေးတဲ့အခါတိုင်း သူ ပြန်ဖြေလေ့ရှိတာက ''တပည့်တော် ဗုဒ္ဓအလိုတော်ကျ ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ ဆိုတဲ့အလုပ်တွေကိုပဲ ပုံမှန်လုပ်ဖြစ်နေပါတယ် ဘုရား'' တဲ့။

အရှင်ဂမ္ဘီရဟာ အဲသလို ရည်မှန်းချက်ကြီးမားသလို စိတ်ထားကလည်း ဖြုစင်သန့်ရှင်းရုံမက ပေးဆပ်မှုတွေကလည်း များပြားလှပါတယ်။ သို့ပေမယ့်လည်း သူ ပြန်လည်ရရှိတဲ့ ခံစားပိုင်ခွင့်တွေကျတော့ အဘက်ဘက်က နိမ့်ကျလှပါတယ်။

စာရေးသူတို့ ရန်ကုန်ကို အရှင်ဂမ္ဘီရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပထမဦးဆုံးအကြိမ် ရောက်တုန်းကဆိုရင် အောင်မင်္ဂလာ အဝေးပြေးကွင်းကို လာကြိုတဲ့ အရှင်ဂမ္ဘီရရဲ့ ပုံစံဟာဖြင့် အတော့်ကို ဘ၀င်ကျစရာ မကောင်းလှပါဘူး။ ဆံပင်က လက်မ၀က်သာသာ ရှည်ပြီး၊ ထိုင်းပိုး သင်္ကန်းကို ဂျွတ်တက်အောင်ဝတ်ထားကာ ပိုးလွယ်အိတ် ခပ်ညစ်ညစ်ထဲမှာ ပစ္စည်းအပြည့်ထည့်ပြီး လွယ်ထားတဲ့ သူ့ပုံစံလေးကို ခုထက်ထိ မြင်ယောင်နေမိပါသေးတယ်။

အဲဒီတုန်းကဆို ''ဒီဘုန်းကြီးကွာ ဘုန်းကြီးမပီသဘူး။ တော်တော်ကို ပေတိပေစုတ် နိုင်တာပဲ'' လို့ပြောကြတာတွေ ကြားဖူးပါရဲ့။ ရေနံချောင်းမြို့ ဆိုတာကလည်း ရေနံချောင်းသား စကားငှားသုံးရရင် "အစိုးရက အညိုရောင်ဆိုလား၊ အမဲရောင်ဆိုလား။ အဲသလိုသတ်မှတ်ပြီး ဘာတခုမှ ဖွံ့ဖြိုးအောင် ဆောင်ရွက်မပေးလို့ မြို့က စုတ်ခြာခြာဖြစ်နေတာတဲ့" တကယ်တော့ ရေနံချောင်းဆိုတာက အချက်အချာကျတဲ့ သမိုင်း အစဉ်အလာကြီးမားတဲ့ မြို့တမြို့ဖြစ်ပြီး နိုင်ငံရေးအရလည်း တက်ကြွမှုအပြည့်ရှိတဲ့ မြို့ပဲကိုး။

အဲသလို အသင့်အတင့် ပြည့်စုံနေတဲ့ စာသင်သားတွေဆိုတော့ အရှင်ဂမ္ဘီရရဲ့ အပေါ်ယံ ရုပ်ပုံလွှာကိုကြည့်ပြီး အတင်းပြောတာ (တနည်း) သုံးသပ်တာ ဖြစ်လေ့ဖြစ်တာရှိတဲ့ သဘာဝတခုလိုပါပဲ။ ဒါပေမဲ့ သူနဲ့ စကားပြောလိုက်မှဖြင့် လူပုံစံ စုတ်ခြာခြာ နိုင်သလောက် စကားအရာ၊ ဒီထက် ချုံ့ပြောရရင် စိတ်ထားအရာမှာကျတော့ သိက္ခာအပြည့်ပဲ ဖြစ်နေလေတော့ မလေးစားဘဲ ဘယ်နေနိုင်တော့မလဲ။ အံ့သြတကြီးကို ဖြစ်ခဲ့ရတာပေါ့။

ဒီထက် အံ့သြစရာကောင်းတာက သူ့မှာ အဲဒီ သင်္ကန်းတစုံနဲ့ ရေလဲစရာ သင်းပိုင်တထည်၊ တခြား ကိုယ်ပတ် သင်္ကန်းလေးတထည်သာ ရှိတာကြောင့် အဲဒီသင်္ကန်းကို လျှော်လိုက်မှဖြင့် သူ အပြင်ထွက်ဖို့ အဆင်မပြေနိုင်ပဲ ဖြစ်သွားပြီး အလုပ်တွေ နှောင့်နှေးကုန်မှာကို ငဲ့ညှာနေတာကြောင့်ပဲလို့ စာရေးသူ နားလည် သဘောပေါက်လိုက်ချိန်မှာတော့ တကယ့်ကို လေးလည်းလေးစား၊ သနားလည်း သနားမိတော့တာပါပဲ။

သူဟာ စာသင်သားတို့ ရသင့်ရထိုက်တဲ့ လာဘ်လာဘတွေ မရရှိတော့တဲ့အပြင် အရင် ရှိရင်းစွဲကျောင်းမှာ ရှိပြီးသား အသုံးအဆောင်လေးတွေကိုတောင်မှ လုံခြုံရေးအရ ဂရုမစိုက်နိုင်အားတော့ဘဲ ရှိသမျှနဲ့ ရောင့်ရဲပြီး နိုင်ငံအရေး အားထုတ်တော်မူတာပါ။

အဲဒီလို ဘ၀ဖြတ်သန်းမှုရဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး နိုင်ငံအရေး အားထုတ်၊ အားပေးခဲ့တဲ့ ကိုယ်တော်ဟာ အခုတော့ သူ့အမကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်နေတယ်ဆိုတော့.. ။ ဒါနဲ့ ဇနီးသည် (အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်) ကို အရှင်ဂမ္ဘီရအကြောင်း စေ့စေ့စပ်စပ် မေးကြည့်တော့မှ အရှင်ဂမ္ဘီရဟာ ကိုယ်တိုင်ခံစားရတဲ့ အခက်အခဲ ဒုက္ခတွေကို ဂရုစိုက်လေ့ မရှိပေမယ့် သူ့ကြောင့် သူ့ရဲ့ မိသားစု၊ ဆွေးမျိုးညာတိ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်လာရင်တော့ စိုးရိမ်စိတ် အလွန်ကြီးမားသူဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့ရတယ်။

ဒါကို ကောင်းကောင်း သဘောပေါက်နေတဲ့ အာဏာပိုင်တွေကလည်း အရှင်ဂမ္ဘီရကို ဖိအားပေးသတဲ့။ စာရေးသူနဲ့ ဇနီးသည်ဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ အမတော်အငယ်တို့ ရှောင်တိမ်းနေရတဲ့ကာလမှာ အမတော်အငယ်ဖြစ်သူနဲ့ သူ့အမျိုးသားကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းကို နေ့ရက်အတိအကျ၊ အချိန်၊ နေရာ၊ လက်ရှိ ချုပ်ထားတဲ့ အဆောင်နံပါတ် အစရှိတဲ့ အချက်အလက်တွေနဲ့ အယုံသွင်းတဲ့အပြင် ညီတော်ဖြစ်သူနဲ့ အမတော်အကြီးရဲ့ အမျိုးသားဖြစ်သူ နှစ်ဦးစလုံးကို တပြိုင်နက် ဖမ်းပြလိုက်တော့ မိသားစုကို သံယောဇဉ်ကြီးပါတဲ့ အရှင်ဂမ္ဘီရ ဘယ်လိုခံစားနေရမလဲ တွက်သာကြည့်ပါတော့လေ။ ဒီ့အပြင် အမတော်ဖြစ်သူကလည်း မွေးခါနီးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်လောင်း ဖြစ်နေပြီး၊ မိဘနှစ်ပါးက ဆိုရင်လည်း အသက် ၇၀ ကျော်မှ ဆေးပေးမီးယူ အားကိုးစရာ သားသမီးတွေ တယောက်မှ အနားမှာ မရှိဖြစ်နေတာကို အရှင်ဂမ္ဘီရ ဘယ်လိုလုပ် မေ့ထားလို့ ရနိုင်ပါ့မလဲ။

သို့ပေမယ့် အရှင်ဂမ္ဘီရဆိုတဲ့ သံဃာ့အာဇာနည် ခေါင်းဆောင်တပါးဟာ နအဖ ထံ ဒူးထောက်ပြီး အဓမ္မကို ဘယ်တော့မှ အားပေးအားမြှောက် လုပ်မှာမဟုတ်ဘူး ဆိုတာကတော့ အသေအချာပါပဲ။

အရှင်ဂမ္ဘီရ ဖမ်းဆီးခံရခြင်း နှစ်ပတ်လည်မှာ အရှင်ဂမ္ဘီရကို ဒီစာလွှာနဲ့ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။

ကိုမော်
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 13:22 - မြန်မာစံတော်ချိန်
(စာရေးသူသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာသူ ဖြစ်သည်။)

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ တင်ပြပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Monday, November 10, 2008

ကိုမင်းကိုနိုင် ကဗျာ

ရဲဘော်အားလုံး ( ၁ ၊ ၁ ၊ ၂၀၀၈ )

ဒီနှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ ရည်ရွယ်ချက်တူတဲ့ တော်လှန်သူတွေ အားလုံးအတွက် အသစ်ဆုံးသော ထူးခြားတဲ့ နစ်သစ် လက်ဆောင်ကို ကျမ လက်ဆင့် ကမ်းလိုက်ပါတယ် ။

တိုက်ပိတ်လို့
ဝစီပိတ်ခဲ့ရ
အဲ့ဒီနှုတ်ခမ်းနဲ့ ဖွဲ့ကြည်တဲ့ဂီတ
အံ မကျဘူး ၊

ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး
အဖြူရောင် ကသိုင်းရှုခဲ့ရ
အဲ့ဒီ မျက်လုံးတွေနဲ့
ဖန်တီးချင်တဲ့ ရောင်စုံရှုခင်းအလှ
အံ မကျဘူး ၊

လောကဓံက ထိုးလိုက်တဲ့
မေးရိုး အကျိုးကြီးနဲ့
လောကကို ပြန်ပြုံးပြ နေရတာကိုက
အံ မကျဘူး ။ ။

မင်းကိုနိုင်
Q မှ တဆင့်

ကိုမင်းကိုနိုင် ကိုယ်တိုင် လက်နဲ့မရေးဖြစ်လိုက်သလို ဒီကဗျာစာပိုဒ် အဆုံးသတ်ပြီးပြီလားဆိုတာကို ကျမရော ကျမဆီ အရောက်ပို့ပေးလိုက်သူပါ မသိနိုင်ပါဘူး။
ကျမတို့ရဲ့ ကျေင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အဖမ်းမခံရခင် ရှစ်လေးလုံး နှစ်ပတ်လည်ရဲ့ နောက်ဆုံးနေ့မှာ ကဗျာဝါသနာကြီးတဲ့ ကိုမင်းကိုနိုင် ရေရွတ်ပြနေတာကို အမျှော်အမြင်ကြီးတဲ့ မျိုးဆက်သစ် အဖွဲ့ဝင်တဦးက လိုက်ရေးသားခဲ့တာပါ။
သူလည်း သူတို့ ခေါင်းဆောင်နောက်ကို ကောက်ကောက် လိုက်သွားရလေတော့ ကျမ သူတို့ကို ဂုဏ်ပြုချင်တယ်လေ။
ဒါကြောင့် စာနယ်ဇင်း တစ်ခုခုကို အရောက်မပို့ဖြစ်ခင် နှစ်သစ်မင်္ဂလာကို ခေါင်းဆောင်တစ်ဦးရဲ့ ခံစားချက်နဲ့ ကြိုဆိုလိုက်မယ်ဆိုတဲ့ အတွေးနဲ့ နှစ်သစ်လက်ဆောင်အဖြစ် အားလုံးကို ဝေငှလိုက်ပါတယ်။
Q မှတဆင့်ဆိုတာ ခေါင်းဆောင်ရဲ့ နှုတ်က ရေရွတ်တာလေးကို တန်ဖိုးထားပြီး လိုက်ရေးခဲ့တဲ့ မျိုးဆက်သစ်ခေါင်းဆောင်ကို ဂုဏ်ပြုပြီး သူ့ အမည်လေး ရေးပေးထားတာပါ။
ဆန္ဒရှိတဲ့ စာနယ်ဇင်းများမှာ ထည့်မယ်ဆို Q မှတဆင့် ဆိုတာလေး ထည့်ပေးစေချင်ပါတယ်။

တော်လှန်ရဲတဲ့သတ္တိရှိသူတိုင်းကို ဂုဏ်ပြုလေးစားတဲ့
မအိရွှေစင်ညွန့် (ခ) မေအိခင် (လယ်ဝေး)

တင်ပြပေးသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Sunday, November 9, 2008

တရုတ်နဲ့ဂျပန်


ကမ္ဘာစစ်က ရန်ငြိုးတွေကြောင့် တရုတ်နဲ့ဂျပန် တစ်ယောက်ကို တစ်ယောက်အမြင်မကြည်ကြဘူးလို့ အလုပ်က ပြည်ကြီးတရုတ် သူငယ်ချင်း တစ်ယောက်ကပြောပြဖူးတယ်။ ဘယ်လောက်ထိတောင် အမြင်မကြည်လဲဆို တရုတ်နာမည်ကြီးဘတ်စကက်ဘောသမား "Yao Ming"ဆိုရင် ဂျပန်က ကမ်းလှမ်းတဲ့ ကြော်ငြာတွေကိုဘယ်တော့မှ လက်မခံပါဘူးတဲ့။ ဒါဆိုရင် မနှစ်က ဂျပန်ကား ရိုက်သွားတဲ့နာမည်ကြီး တရုတ် မင်းသမီး"Zhang Ziyi " ရောလို့ ကျွန်မ မေးတော့အဲဒီမင်းသမီးကို ပြည်ကြီးက တရုတ်တွေ မကြိုက်တဲ့အကြောင်း သူပြောပြတယ်။

နောက်ပြီး သူဆက်ပြောသေးတယ်။ တစ်ခါက တီဗွီ အစီစဉ်တစ်ခုမှာ ကမ္ဘာကျော်တရုတ်မင်းသား "ဂျက်လီ"နဲ့ ထိုင်ဝမ် အဆိုတော် တစ်ယောက်ကိုဂျပန်သတင်းထောက်က အင်တာဗျူးလုပ်သတဲ့။ အင်တာဗျူးမှာ သတင်းထောက်ကအဆိုတော်ကို "ကမ္ဘာစစ်တုန်းက ဂျပန်တွေက တရုတ်လူမျိုး သန်းပေါင်းများစွာကိုသတ်ခဲ့တယ်လို့ ပြောတယ်။ အသတ်ခံရတဲ့ အရေအတွက်ကို ခင်ဗျားတို့ကလိုက်ရေထားလို့လား" လို့ မေးတော့ အဆိုတော်က ဘာပြန်ဖြေရမှန်းမသိဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မင်းသား ဂျက်လီက ရုပ်ရှင်ထဲက သူ့ရဲ့ ကန်ချက် ထိုးချက်အတိုင်း လျှင်မြန်တဲ့ အတိမ်းအရှောင်နဲ့ အခုလိုဖြေလိုက်ပါသတဲ့။ "ကမ္ဘာစစ်တုန်းက အမေရိကားစစ်သားတွေ ဂျပန်အမျိုးသမီးတွေကိုမုဒိန်းကျင့်ခဲ့တယ်လို့ ပြောတယ်။ ခင်ဗျားတို့က အဲဒီမုဒိန်းကျင့်ခံရတဲ့အမျိုးသမီးတွေကို ဖရီးလာလားလို့ မေးခဲ့လား" လို့ ပြန်မေးလိုက်မှသတင်းထောက်ကြီး ဆွံအသွားသတဲ့။ တီဗွီထဲကရော တီဗွီအပြင်မှာရော ကြည့်နေကြတဲ့ပြည်ကြီး တရုတ်တွေက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း တီးလို့ပေါ့။

စာရေးသူ ။ ။ အမည်မသိ
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...