Saturday, July 4, 2009

(၄၇) နှစ်မြောက် 7 ဇူလိုင်

(၄၇) နှစ်မြောက် 7 ဇူလိုင်

ကျောင်းသားအရေးတော်ပုံ အမှတ်တရ


အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ တွေ့ခွင့်ပေးရန် မြန်မာစစ်အစိုးရ ငြင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ

တွေ့ခွင့်ပေးရန် မြန်မာစစ်အစိုးရ ငြင်းဆို

NEJ / ၄ ဇူလိုင် ၂၀၀၉



ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်တောင်းဆိုချက်ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်လိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေချိန်တွင် တရားရေးဆိုင်ရာလုပ်ငန်းများကို အနှောင့်အယှက် မဖြစ်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းပြသည်ဟု မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

“ကျနော်အနေနဲ့ အင်မတန်စိတ်ပျက်မိပါတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးနှင့် ယနေ့ ထပ်မံတွေ့ဆုံအပြီးတွင် ၎င်းက သတင်းထောက်များကို ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။

မစ္စတာဘန်ကီမွန်းသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရောက်ချင်းပင် နေပြည်တော်သို့ သွားရောက်၍ နအဖစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုကြောင်း မေတ္တာရပ်ခံခဲ့ပြီး တွေ့ခွင့်ရမရ သိရှိရန် အဖြေကိုစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိုကြောင်း တောင်းဆိုခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေသည်ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတယ်လို့ ပြောတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်းကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေးသည် ယခုခရီးစဉ်၏အဓိက အချက်တချက်ဖြစ်သည့် အတွက် ၎င်း မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမချင်း စောင့်ဆိုင်းနေမည်ဟု ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားစီရင်ရေးအကြောင်းပြကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခြင်းသည် မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် လိုအပ်သည့် အစီအစဉ်များကို လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ဟု အန်အယ်လ်ဒီပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

ထို့ပြင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်းတွေ့တာ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ကျနော်တို့ လုံးဝနားမလည်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တရားစွဲတာကိုက နိုင်ငံရေးအရ စွဲထားတာပဲ။ ဒါတွေက လုပ်မယ်ဆိုလည်း အကုန်လုံးဖြစ်တယ်၊ မလုပ်ဘူးဆိုလည်း အကြောင်းပြချက် တွေပေါ့လေ” ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံခဲ့ရာတွင် ဒီမိုကရေစီရေး တိုးတက်မှု အထောက်အကူဖြစ်စေမည့် အချက် (၅) ချက်ကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။

ရှေ့နှစ်ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကို ပြန်လွှတ်ပေးရန်၊ အစိုးရနှင့်အတိုက်အခံတို့ တွေ့ဆုံကာ စစ်မှန်သည့် ဆွေးနွေးရေးကို အကောင်အထည်ဖော်ရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်စေရန်တို့အတွက် တိုက်တွန်းတင်ပြခဲ့သည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုရှိစေပါမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကတိပေးခဲ့ကြောင်းနှင့် မြန်မာအာဏာပိုင်များ အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိစေရန် အလေးထား လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် ယခုခရီးစဉ်ကို မစ္စတာဘန်ကီမွန်းကိုယ်တိုင်က ခက်ခဲသည့်ခရီးစဉ်တခုအဖြစ် ကြိုတင်တွက်ဆထားကြောင်း ပြောဆိုခဲ့ပြီး နှစ်ပေါင်း (၄၇) နှစ်ကျော် စစ်အာဏာရှင်များက အုပ်ချုပ်လာခဲ့သည့် မြန်မာနိုင်ငံကို ယခုကဲ့သို့ တညအိပ် ခရီးတိုလေးအတွင်းတွင် အခြေခံကျသည့် ပြောင်းလဲမှုများကို သူ့အနေဖြင့် မျှော်လင့်မထားကြောင်းလည်း ပြောကြားခဲ့သည်။

ယခု ၎င်း၏ခရီးစဉ်အပေါ် မြန်မာစစ်အစိုးရက နိုင်ငံရေးအရ အသုံးချခံရမည်ကို စိုးရိမ်မိကြောင်း မစ္စတာဘန်ကီမွန်းက ထုတ်ဖော်ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဇူလိုင် (၃) နှင့် (၄) ရက်ခရီးစဉ်အတွင်း နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ၎င်း၏တောင်းဆိုချက်များကို တင်ပြခြင်းဖြစ်သည်။ မစ္စတာဘန်ကီမွန်းသည် ယနေ့ညနေတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟုသိရသည်။

မစ္စတာဘန်ကီမွန်းသည် ယမန်နေ့ညနေပိုင်းတွင် အန်အယ်လ်ဒီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် တရားဝင် နိုင်ငံရေးပါတီ (၁၀) ခုနှင့် ငြိမ်းချမ်းရေးအဖွဲ့အချို့တို့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့ကြီးကမူ ကုလသမဂ္ဂအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုထားသော်လည်း အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြန်လွှတ်ပေးခြင်းမျိုးသည် အောင်မြင်သည့်ရလဒ်မဟုတ်ဟု အဖွဲ့၏ညွှန်ကြားရေးမှူး Kenneth Roth က ပြောကြားသည်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ဇူလိုင် (၃) ရက်နေ့သည် အင်းစိန်ထောင်အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုကို ဆက်လက် စစ်ဆေးသည့်နေ့နှင့် တိုက်ဆိုင်ခဲ့သည်။ ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကြားနာမှုကို ဇူလိုင် (၁၀) ရက်သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲထားပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။

မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, July 3, 2009

ဒေါ်အောင်ဆန်းစုကြည် အမှု ထပ်မံရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည် အမှု ထပ်မံရုံးချိန်း


မင်းနိုင်သူ / ၃ ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည် တို့အား ရုံးတင်စစ်ဆေးနေသော အင်းစိန်ထောင် အထူးတရားရုံးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီးနောက် ဇူလိုင် (၁၀) ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုလိုက်ကြောင်း အန်အယ်လ်ဒီ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“ဒီနေ့က ဒေါ်ခင်မို့မို့ကို စစ်မေးရမှာ မမေးဖြစ်ဘူးလို့ကြားတယ်။ ဦးဉာဏ်ဝင်းတို့ ပြန်လာရင်တော့ ပြည့်ပြည့်စုံစုံ သိရမယ်။ အခုသေချာတာကတော့ (၁၀) ရက်နေ့ကို ရုံးချိန်းပြောင်းလိုက်တယ်” ဟု ၎င်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ထို့နောက် တရားရုံးတွင် အာဏာပိုင်များဘက်မှ တရားလိုပြသက်သေ (၂၃) ဦးတင်သွင်းခဲ့ရာ တရားရုံးက (၁၅) ဦး၏ ထွက်ဆိုချက်ကို ရယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသော သက်သေ (၄) ဦးနက် (၃) ဦးကို အင်းစိန်ထောင်အထူးတရားရုံးက ပယ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြင်ဆင်ခွင့်အတွက် ရန်ကုန်တိုင်းတရားရုံးသို့ ဇွန် (၂) ရက်တွင် အယူခံတင်သွင်း ခဲ့ရာမှစ၍ အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းများကို တလလုံးလုံး ရွှေ့ဆိုင်းပေးနေခဲ့ရခြင်းဖြစ်သည်။

သက်သေပြင်ဆင်ခွင့်အယူခံအတွက် ဗဟိုတရားရုံးအထိတက်ရောက်ခဲ့ရပြီး ဗဟိုတရားရုံးက ဇွန် (၂၉) ရက်တွင် အယူခံကိုပယ်ချလိုက်ရာ အင်းစိန်ထောင်အထူးတရားရုံးက ယနေ့တရားခွင်တွင် ရန်ကုန်တိုင်းတရားရုံးက ထပ်မံခွင့်ပြုခဲ့သော သက်သေ ဒေါ်ခင်မို့မို့ကို စစ်မေးရမည်ဖြစ်သည်။

ယနေ့အင်းစိန်ထောင်အထူးတရားခွင်ရုံးချိန်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းခရီးစဉ်တိုက်ဆိုင်နေသဖြင့် တရားခွင်ရုံးချိန်းပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်သည်ဟု ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

မစ္စတာဘန်ကီမွန်းသည် မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေရာ နအဖစစ်အစိုးရ အကြီးအကဲဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီ (၁၀) ခုနှင့်လည်း တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံခရီးမစတင်မီ ဂျပန်နိုင်ငံတွင် ရှိနေစဉ်ကပင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ဒုတိယအကြိမ်မြောက် တောင်းဆိုထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, July 2, 2009

မှော်သေတ္တာ

မှော်သေတ္တာ



မိုးရေ တစက်က

ပင်လယ်နဲ့သမုဒ္ဒရာကို သိမ်းထားတယ်။



ငှက်ဆိတ် သစ်စေ့လေးတစေ့က

အမြဲစိမ်းသစ်တောကြီးကို သိမ်းထားတယ်။



ရှေ့ ခြေတလှမ်းက

ခရီးမိုင်ပေါင်းတသန်းကို သိမ်းထားတယ်။



ကျည်ဆန် တတောင့်က

ငြိမ်းချမ်းရေးကို သိမ်းထားတယ်။



ပိတ်ထားတဲ့ သံတခါးတချပ်က

ပွင့်သွားမယ့် မိုးကောင်းကင်ကြီးကို သိမ်းထားတယ်။



မိုဃ်းဇော်

( ရတီမဂ္ဂဇင်း ၊ ၂၀၀၇ )

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားများ နှာခေါင်းစည်းမတပ်ရန် ရန်ကုန်တိုင်းရုံးမှ ညွှန်ကြား

ကျောင်းသားများ နှာခေါင်းစည်းမတပ်ရန်
ရန်ကုန်တိုင်းရုံးမှ ညွှန်ကြား

NEJ / ၁ ဇူလိုင် ၂၀၀၉


ကမ္ဘာ့လူတုပ်ကွေး ရောဂါကာကွယ်ရန်အတွက် ကျောင်းသားကျောင်းသူများအားလုံး အကာအကွယ် အဖြစ် နှာခေါင်းစည်း၊ ပါးစပ်စည်းများ တပ်ဆင်ကြသည် ကို ရန်ကုန်တိုင်းရုံးက မလိုလားကြောင်း ရန်ကုန်မြို့ခံများ က ပြောသည်။

ယင်းသို့ မလိုလားသည့်အတွက် ရန်ကုန်ရှိ နာမည်ကြီး စာသင်ကျောင်းများသို့ ဆက်သွယ်ကာ နှာခေါင်းစည်း၊ ပါးစပ်စည်းများ မတပ်ဆင်ရန် ကျောင်းအုပ်ကြီးများကို အကြောင်းကြားထားကြောင်း ရန်ကုန်တိုင်းရုံး ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

“အကြောင်းကြားထားပါလျက်နဲ့ တပ်ခိုင်းတဲ့ ကျောင်းအုပ်ကြီးကို အရေးယူမယ်ဆိုတာမျိုးတော့ မထုတ်ပြန်သေးပါဘူး။ ဘာလို့  ဒီလိုလုပ်ရသလဲဆိုရင် လူတွေ အထိတ်တလန့် မဖြစ်စေချင်လို့ပါ” ဟု ၎င်းက ပြောသည်။

အလုံမြို့နယ်ရှိ ကျောင်းတကျောင်းမှ ပညာရေးဝန်ထမ်းတဦးကမူ နှာခေါင်းစည်းများ မတပ်ရဆိုသည့် ညွှန်ကြားချက်ကို ကျောင်းသားမိဘများအနေဖြင့် ၎င်းတို့သားသမီးများ တုပ်ကွေးအန္တရာယ်က ကင်းအောင် လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် လိုက်နာဆောင်ရွက်လိမ့်မည်မထင်ကြောင်း ပြောသည်။

ရန်ကုန်ရှိ နာမည်ကြီးကျောင်းများတွင် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း၊ ပါးစပ်စည်းများကို ဇွန်လ (၂၈) ရက်နေ့ကပင် တပ်ဆင်သူကျောင်းသားအချို့ရှိခဲ့ရာမှ ယခုနောက်ပိုင်း ကျောင်းသားတိုင်းလိုလို တပ်ဆင်လာကြကြောင်း အ.ထ.က (၁) ဒဂုံမှ ဆရာမတဦးက ပြောသည်။

“ကျမတို့ကျောင်းမှာ အခု ကျောင်းအုပ်ကြီးက အဲဒါတွေကို မတပ်ခိုင်းတော့ဘူး။ တိုင်းရုံးရဲ့အမိန့်လို့ ပြောပါတယ်။ ကျောင်းသားတွေကို မတပ်ခိုင်းတော့ဘူး” ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ စတင်ဖြစ်ပွားသည်ဟူသော သတင်းထုတ်ပြန်ကြေညာပြီးနောက် နှာခေါင်းစည်း၊ ပါးစပ်စည်းများ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းလည်း ရန်ကုန်မြို့ခံများက ပြောသည်။

“ဈေးတွေကလည်း အရင်က တခုကို (၅၀) ကျပ်၊ အခု (၅၀၀) ကျပ်တဲ့၊ အံ့တောင်သြပါတယ်။ ဒါတွေကို ဈေးမတက်ရအောင် ထိန်းချုပ်မှာကို မလုပ်ဘဲနဲ့ ရောဂါကာကွယ်တာတွေကိုကျတော့ လူတွေ ထိတ်လန့်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားတွေကို မတပ်ခိုင်းဘူးလို့ ပြောတာတော့ တရားလွန်တယ်” ဟု ကမာရွတ်မြို့နယ် ကျောင်းသားမိဘတဦးက ပြောသည်။

ကျောင်းသားမိဘများက ၎င်းတို့သားသမီးများအား ကျောင်းလွှတ်ရမည်ကိုပင် စိတ်မချဖြစ်နေကြကြောင်း သိရသည်။

“အခုလိုမျိုး နှာခေါင်းစည်းတွေ မတပ်ရဘူးဆိုတော့ ကျမက သမီးကို ကျောင်းမလွှတ်ချင်တော့ဘူး။ အိမ်ကကားနဲ့ သွားပို့သွားကြို လုပ်ရတာဖြစ်ပေမယ့် ကျောင်းမှာက ကလေးတွေ အများကြီးလေ၊ တယောက်ယောက်မှာများ အဲဒီ တုပ်ကွေးရောဂါရှိနေရင် ကူးမှာလေ” ဟု ပြောသည်။

“အမှန်မှာတော့ ဒီလိုမျိုး နှာခေါင်းစည်းတယ်ဆိုတာမျိုးက စနစ်တကျဆောင်ရွက်ရင် တော်တော်ထိရောက်မှု ရှိပါတယ်။ ကျောင်းတွေမှာတော့ တပ်ကို တပ်ထားသင့်တဲ့ ကိစ္စပါ။ ဒါကြောင့်လည်း တချို့ကျောင်းတွေမှာဆိုရင် ပိတ်ကို နှာခေါင်း၊ ပါးစပ်စည်းတွေ ချုပ်ပေးဖို့တောင် လုပ်နေကြပါပြီ။ ဒါတွေကို မတပ်ရဘူးလို့ အမိန့်ထုတ်တာကတော့ အလွန်ကို ရှက်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါကို လိုက်နာတဲ့ ပညာရေးဝန်ထမ်းတွေလည်း ရှိနိုင်ကောင်းပါတယ်။ သူတို့ရဲ့ မှားယွင်းမှုပေါ့လေ” ဟု ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောသည်။



မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, July 1, 2009

သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် မှတ်တမ်းဓာတ်ပုံများ နှင့် လျှို့ဝှက်အစီရင်ခံစာ

သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် မှတ်တမ်းဓာတ်ပုံများ

Thura Shwe Mann Visit to N. Korea - Photos


သူရရွှေမန်းနှင့်အဖွဲ့၏ မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက်အစီရင်ခံစာ

Report on Thura Shwe Man Visit to N. Korea


မှတ်ချက် ။ ။ http://www.mingalardoegroup.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, June 30, 2009

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသွားရောက်မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း

မြန်မာနိုင်ငံသွားရောက်မည်


NEJ / ၃၀ ဇွန် ၂၀၀၉


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် လာမည့်ဇူလိုင် (၃) ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအပါအ၀င် အရေးကြီးသည့်ကိစ္စရပ်များကို ဆွေးနွေးမည်ဟု ကုလသမဂ္ဂမှ ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်းသည် စစ်အစိုးရနှင့် အတိုက်အခံများကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲကို အများလက်ခံသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးတို့အတွက် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ်မွန်တက်စ်က ပြောသည်။

“ဒီကိစ္စရပ်တွေကို အမြန်ဖြေရှင်းနိုင်လေ မြန်မာနိုင်ငံမှာ တည်ငြိမ် ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးကြွယ်ဝမှုတွေ စောစောဖြစ်ထွန်း လာနိုင်လေလို့ အတွင်းရေးမှူးချုပ်က ယုံကြည်ထားပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဘယ်လို အကူအညီပေးနိုင်မယ်ဆိုတာ ဆွေးနွေးဖို့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ အားလုံးနဲ့ တွေ့ဖို့ သူမျှော်လင့် ထားပါတယ်” ဟုလည်း မစ္စမွန်တက်စ်က ပြောသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအ၀န်းတို့က စိုးရိမ်ပူပန်နေသည့် ကိစ္စရပ်များကို မြန်မာအဆင့်မြင့် ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရန်လည်း မစ္စတာဘန်ကီမွန်းက မျှော်လင့်ထားသည်ဟု ၎င်းက ပြောသည်။

မစ္စတာဘန်ကီမွန်း လာရောက်မည့် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် ယခုလ (၂၆) ရက်တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ခရီးစဉ် အတည်ပြု ပေါ်ထွက်လာခြင်းဖြစ်သည်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခု မေလတွင် သွားရောက်ခဲ့ပြီး နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီများ ထောက်ပံ့ကူညီနိုင်ရေးအတွက် စစ်အစိုးရအာဏာပိုင်များနှင့် သွားရောက်ဆွေးနွေးခဲ့သည်။

ယခု သွားရောက်မည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း၌လည်း လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးသွားရန်ရှိသည်ဟု ကုလသမဂ္ဂမှ သတင်းထုတ်ပြန်သည်။ မစ္စတာ ဘန်ကီမွန်းသည် ဇူလိုင် (၄) ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, June 29, 2009

ဝက်တုပ်ကွေး ကာကွယ် နှာခေါင်းစညိးများ ရောင်းကောင်း

ဝက်တုပ်ကွေး ကာကွယ် နှာခေါင်းစညိးများ ရောင်းကောင်း

Monday, 29 June 2009 14:14 အောင်သက်ဝိုင်း

မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါ A (H1N1) ကူးစက်ခံရသူ တဦးတွေ့ရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ကြေညာလိုက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တ၀န်းရှိ ဆေးဆိုင်များမှ နှာခေါင်းစည်း (Surgical Mask) များ ၀ယ်ယူမှု မြင့်တက်သွားကြောင်း ၎င်းဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။

ရန်ကုန် ဘတ်စ်ကား မှတ်တိုင် တခုတွင် လူ ၂ ဦး ဝက်တုပ်ကွေးကူးစက်ရောဂါ ကာကွယ် နှာခေါင်းစည်းများ စည်းထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းခက်မောင်/ဧရာဝတီ)

အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တဦး A (H1N1) ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံထားရကြောင်း ပြီးခဲ့သည့် စနေနေ့က ကြေညာခဲ့ပြီးနောက် ထိုကဲ့သို့ နှာခေါင်းစည်းများစွာ ဝယ်ယူမှု မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။

ရောဂါ ကူးစက်ခံရသူ မိန်းကလေးသည် စင်ကာပူနိုင်ငံသို့ ဇွန်လ ၂၁ ရက်နေ့တွင် အလည်အပတ် သွားရောက်ကာ ဇွန်လ၂၆ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဝက်တုပ်ကွေးရောဂါ ကူးစက်ခံထားရသည် ကို တွေ့ရှိရသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကျပ်မတ်ကုသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြီးနောက်တနေ့ ဇွန် ၂၈ ရက်နေ့တွင် ရန်ကုန်မြို့လယ်ရှိ ဆေးဆိုင် များတွင် နှာခေါင်းစည်း အများအပြားဝယ်ယူနေကြရာ လူတဦးလျှင် အနည်းဆုံး ဆယ်ခုခန့်ဝယ်ယူကြသည် ဟု လမ်းတော်မြို့နယ် အနော်ရထာလမ်းရှိ ထိုက်အောင် ဆေးစတိုးမှ စုံစမ်းသိရှိရသည်။

လမ်းမတော်မြို့နယ်ရှိ ကောင်း ဆေးစတိုးမှ ဆိုင်တာဝန်ခံ တဦးကလည်း“လူတဦးကို အနည်းဆုံး ဆယ်ခုလောက် ၀ယ်ကြတယ်။ အရင်တုန်းက သိပ်မရောင်းရဘူး။ တနေ့မှ ငါးခု၊ခြောက်ခုလောက်ပဲ၊ တော်တော်ရှားရှားပါးပါး လာ ၀ယ်ကြတာ။ ဒီနေ့တော့ ဆိုင်မှာရှိတာ အကုန်ကုန်သွားတယ်”ဟု ပြောပြသည်။

“ဒီနေ့မနက်ကတည်းကစပြီး နှာခေါင်းစည်း ၀ယ်တဲ့လူ အရမ်းများတယ်။ စတိုခန်းထဲကနေ ပုံးလိုက် ပုံးလိုက်ကို ထုတ်နေရတယ်” ဟု ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းတွင် ဖွင့်လှစ်ထားသော AA Pharmacy ဆေး ကုမ္ပဏီမှ အရောင်းဝန်ထမ်းတဦးက ပြောသည်။ ပုံး တပုံးတွင် နှာခေါင်းစည်း အရေအတွက် ၃၂၀ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ရန်ကုန်မြို့ရှိ ဆေးရုံ၊ဆေးပေးခန်းများကလည်း နှာခေါင်စည်းများ ၀ယ်ယူ နေသည့်အတွက် ဆေးဆိုင်များတွင် လက်ကျန်မရှိသည်အထိ ရောင်းနေရကြောင်း၊ မူလက နှာခေါင်းစည်း တခု လျှင် ငွေကျပ် ၅၀ မှ ၂၀၀ ကျော် အထိ ဈေးတက်သွားပြီး လာမည့်ရက်ပိုင်းတွင် ပိုမိုဈေးတက်ဖွယ်ရှိသည်ဟု လည်း တာမွေမြို့နယ် ၁၃၈ လမ်းမှ ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကား အရောင်းဆိုင်ကြီးတခု၏ မန်နေဂျာ က ရှင်းပြသည်။

“နှာခေါင်းစည်းတွေက တရုတ်ပြည်၊ အင်ဒိုနီးရှားနဲ့ ထိုင်းက သွင်းတာများတယ်။ ရန်ကုန်မှာ နှာခေါင်းစည်းသွင်းတဲ့ ကုမ္ပဏီတွေ တော်တော်များရှိတယ်။ ဒါပေမယ့် နှာခေါင်းစည်းထုတ်တဲ့ နိုင်ငံတွေမှာလည်း ၀က်တုပ်ကွေး ဖြစ်နေ ချိန် ဆိုတော့ နှာခေါင်းစည်းတွေက သိပ်ပြီးရောင်းကောင်းနေတဲ့အချိန်ပဲ။ မြန်မာပြည်က လိုချင်သလောက် မသွင်း နိုင်ရင်တော့ ဒီရက်ပိုင်းအတွင်း ဈေးက တဟုန်ထိုးတက်ဖို့ရှိတယ်”ဟု အထက်ပါ မန်နေဂျာက ပြောဆိုသည်။
ဝက်တုပ်ကွေးရောဂါအကြောင်းကြားဖူးနားဝရှိနေသော လူများအကြား နှာခေါင်းစည်းများ ၀ယ်ယူတပ်ဆင်ပြီး ရောဂါကာကွယ်ရန် ပြင်ဆင်နေသော်လည်း ရန်ကုန်မြို့၊ ဆင်ခြေဖုံးဒေသများတွင် နေထိုင်သော အခြေခံ လူတန်း စားများမှာ ထိုတုပ်ကွေးရောဂါအကြောင်း မသိရှိဘဲ မည်သို့မည်ပုံကာကွယ် ရမည်ကိုလည်း စိတ်မ၀င်စားကြဟု သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက A(H1N1) ရောဂါနှင့်ပတ်သက်ပြီးသတိပေးချက်များ သတင်းစာ၊ ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော်လည်း လူထုကြားတွင် ထိုရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့်
အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုအပ်သည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မြို့နယ်တာဝန်ခံတဦးကဆို သည်။

“မြန်မာနိုင်ငံမှာသာ ဒီရောဂါကူးစက်လာရင် တော်တော်ထိန်းရခက်မယ်။ လူအများစုက လူပြည့် သိပ်ကျပ် နေတဲ့ ဘတ်စ်ကားတွေမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတာ။ ကြိုတင်ကာကွယ်တားဆီးရေးတို့ နှိုးဆော်ချက်တို့ ပုံစံ မဟုတ်ဘဲ ညွှန်ကြားချက်ပုံစံထုတ်ပြီး လိုက်နာခိုင်းရမယ်။ အသိပညာပေးမှု စဉ်ဆက်မပြတ် အမြဲတမ်းလုပ်သွားရ မယ်”ဟု ထိုကြက်ခြေနီအရာရှိက ပြောသည်။

ဝက်တုပ်ကွေးရောဂါ A(H1N1) ကူးစက်ခံရပါက Tamiflu ( Oseltamivri) နှင့် Relenza ( Zanamivri) ဆေး နှစ် မျိုးဖြင့်ကုသရမည်ဖြစ်ပြီး ကာကွယ်ဆေးမှာလည်း ထုတ်လုပ်နိုင်ရန် ၃လ၊ ၄လ နီးပါးကြာမြင့်နိုင်ကြောင်း၊ ရောဂါ ကာကွယ်ဆေးကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်သာ အများဆုံးထုတ်လုပ်နိုင်ပြီး ကမ္ဘာ့လူဦးရေအတွက် လုံလောက် စွာ မထုတ်လုပ်နိုင်သေးဟု ကျန်းမာရေးဝန်ကြီးဌာကထုတ်ပြန်သော သတိပေးချက်များတွင် ဖော်ပြထားသည်။

ယခု ၂၀၀၉ ခုနှစ်တွင် နိုင်ငံပေါင်း တရာကျော်ရှိလူပေါင်း သုံးသောင်းနီးပါးတွင် ကူးစက်နေပြီး ရာနှင့်ချီ သေဆုံး နေသည် ဟူသော ဝက်တုပ်ကွေးရောဂါသည် ၁၉၆၈ ခုနှစ်တွင် လူဦးရေ ၂ သန်းခန့် အသက်ဆုံးရှုံးခဲ့ကြောင်း၊ ၁၉၅၇-၅၈ ခုနှစ်က ဒုတိယအကြိမ် ဖြစ်ပွားမှုတွင် လူဦးရေ ၂ သန်းမှ ၄ သန်းခန့်၊ ပထမအကြိမ်ဖြစ်ပွားခဲ့သော ၁၉၁၈ ခုနှစ်တွင် လူပေါင်း သန်း ၄၀ ခန့် သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရှိရသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...