Monday, June 29, 2009

ဝက်တုပ်ကွေး ကာကွယ် နှာခေါင်းစညိးများ ရောင်းကောင်း

ဝက်တုပ်ကွေး ကာကွယ် နှာခေါင်းစညိးများ ရောင်းကောင်း

Monday, 29 June 2009 14:14 အောင်သက်ဝိုင်း

မြန်မာနိုင်ငံတွင် ဝက်တုပ်ကွေးရောဂါ A (H1N1) ကူးစက်ခံရသူ တဦးတွေ့ရှိသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနက ကြေညာလိုက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တ၀န်းရှိ ဆေးဆိုင်များမှ နှာခေါင်းစည်း (Surgical Mask) များ ၀ယ်ယူမှု မြင့်တက်သွားကြောင်း ၎င်းဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။

ရန်ကုန် ဘတ်စ်ကား မှတ်တိုင် တခုတွင် လူ ၂ ဦး ဝက်တုပ်ကွေးကူးစက်ရောဂါ ကာကွယ် နှာခေါင်းစည်းများ စည်းထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မင်းခက်မောင်/ဧရာဝတီ)

အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနက အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တဦး A (H1N1) ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံထားရကြောင်း ပြီးခဲ့သည့် စနေနေ့က ကြေညာခဲ့ပြီးနောက် ထိုကဲ့သို့ နှာခေါင်းစည်းများစွာ ဝယ်ယူမှု မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။

ရောဂါ ကူးစက်ခံရသူ မိန်းကလေးသည် စင်ကာပူနိုင်ငံသို့ ဇွန်လ ၂၁ ရက်နေ့တွင် အလည်အပတ် သွားရောက်ကာ ဇွန်လ၂၆ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဝက်တုပ်ကွေးရောဂါ ကူးစက်ခံထားရသည် ကို တွေ့ရှိရသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကျပ်မတ်ကုသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြီးနောက်တနေ့ ဇွန် ၂၈ ရက်နေ့တွင် ရန်ကုန်မြို့လယ်ရှိ ဆေးဆိုင် များတွင် နှာခေါင်းစည်း အများအပြားဝယ်ယူနေကြရာ လူတဦးလျှင် အနည်းဆုံး ဆယ်ခုခန့်ဝယ်ယူကြသည် ဟု လမ်းတော်မြို့နယ် အနော်ရထာလမ်းရှိ ထိုက်အောင် ဆေးစတိုးမှ စုံစမ်းသိရှိရသည်။

လမ်းမတော်မြို့နယ်ရှိ ကောင်း ဆေးစတိုးမှ ဆိုင်တာဝန်ခံ တဦးကလည်း“လူတဦးကို အနည်းဆုံး ဆယ်ခုလောက် ၀ယ်ကြတယ်။ အရင်တုန်းက သိပ်မရောင်းရဘူး။ တနေ့မှ ငါးခု၊ခြောက်ခုလောက်ပဲ၊ တော်တော်ရှားရှားပါးပါး လာ ၀ယ်ကြတာ။ ဒီနေ့တော့ ဆိုင်မှာရှိတာ အကုန်ကုန်သွားတယ်”ဟု ပြောပြသည်။

“ဒီနေ့မနက်ကတည်းကစပြီး နှာခေါင်းစည်း ၀ယ်တဲ့လူ အရမ်းများတယ်။ စတိုခန်းထဲကနေ ပုံးလိုက် ပုံးလိုက်ကို ထုတ်နေရတယ်” ဟု ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းတွင် ဖွင့်လှစ်ထားသော AA Pharmacy ဆေး ကုမ္ပဏီမှ အရောင်းဝန်ထမ်းတဦးက ပြောသည်။ ပုံး တပုံးတွင် နှာခေါင်းစည်း အရေအတွက် ၃၂၀ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ရန်ကုန်မြို့ရှိ ဆေးရုံ၊ဆေးပေးခန်းများကလည်း နှာခေါင်စည်းများ ၀ယ်ယူ နေသည့်အတွက် ဆေးဆိုင်များတွင် လက်ကျန်မရှိသည်အထိ ရောင်းနေရကြောင်း၊ မူလက နှာခေါင်းစည်း တခု လျှင် ငွေကျပ် ၅၀ မှ ၂၀၀ ကျော် အထိ ဈေးတက်သွားပြီး လာမည့်ရက်ပိုင်းတွင် ပိုမိုဈေးတက်ဖွယ်ရှိသည်ဟု လည်း တာမွေမြို့နယ် ၁၃၈ လမ်းမှ ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကား အရောင်းဆိုင်ကြီးတခု၏ မန်နေဂျာ က ရှင်းပြသည်။

“နှာခေါင်းစည်းတွေက တရုတ်ပြည်၊ အင်ဒိုနီးရှားနဲ့ ထိုင်းက သွင်းတာများတယ်။ ရန်ကုန်မှာ နှာခေါင်းစည်းသွင်းတဲ့ ကုမ္ပဏီတွေ တော်တော်များရှိတယ်။ ဒါပေမယ့် နှာခေါင်းစည်းထုတ်တဲ့ နိုင်ငံတွေမှာလည်း ၀က်တုပ်ကွေး ဖြစ်နေ ချိန် ဆိုတော့ နှာခေါင်းစည်းတွေက သိပ်ပြီးရောင်းကောင်းနေတဲ့အချိန်ပဲ။ မြန်မာပြည်က လိုချင်သလောက် မသွင်း နိုင်ရင်တော့ ဒီရက်ပိုင်းအတွင်း ဈေးက တဟုန်ထိုးတက်ဖို့ရှိတယ်”ဟု အထက်ပါ မန်နေဂျာက ပြောဆိုသည်။
ဝက်တုပ်ကွေးရောဂါအကြောင်းကြားဖူးနားဝရှိနေသော လူများအကြား နှာခေါင်းစည်းများ ၀ယ်ယူတပ်ဆင်ပြီး ရောဂါကာကွယ်ရန် ပြင်ဆင်နေသော်လည်း ရန်ကုန်မြို့၊ ဆင်ခြေဖုံးဒေသများတွင် နေထိုင်သော အခြေခံ လူတန်း စားများမှာ ထိုတုပ်ကွေးရောဂါအကြောင်း မသိရှိဘဲ မည်သို့မည်ပုံကာကွယ် ရမည်ကိုလည်း စိတ်မ၀င်စားကြဟု သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက A(H1N1) ရောဂါနှင့်ပတ်သက်ပြီးသတိပေးချက်များ သတင်းစာ၊ ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော်လည်း လူထုကြားတွင် ထိုရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့်
အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လိုအပ်သည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မြို့နယ်တာဝန်ခံတဦးကဆို သည်။

“မြန်မာနိုင်ငံမှာသာ ဒီရောဂါကူးစက်လာရင် တော်တော်ထိန်းရခက်မယ်။ လူအများစုက လူပြည့် သိပ်ကျပ် နေတဲ့ ဘတ်စ်ကားတွေမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတာ။ ကြိုတင်ကာကွယ်တားဆီးရေးတို့ နှိုးဆော်ချက်တို့ ပုံစံ မဟုတ်ဘဲ ညွှန်ကြားချက်ပုံစံထုတ်ပြီး လိုက်နာခိုင်းရမယ်။ အသိပညာပေးမှု စဉ်ဆက်မပြတ် အမြဲတမ်းလုပ်သွားရ မယ်”ဟု ထိုကြက်ခြေနီအရာရှိက ပြောသည်။

ဝက်တုပ်ကွေးရောဂါ A(H1N1) ကူးစက်ခံရပါက Tamiflu ( Oseltamivri) နှင့် Relenza ( Zanamivri) ဆေး နှစ် မျိုးဖြင့်ကုသရမည်ဖြစ်ပြီး ကာကွယ်ဆေးမှာလည်း ထုတ်လုပ်နိုင်ရန် ၃လ၊ ၄လ နီးပါးကြာမြင့်နိုင်ကြောင်း၊ ရောဂါ ကာကွယ်ဆေးကို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်သာ အများဆုံးထုတ်လုပ်နိုင်ပြီး ကမ္ဘာ့လူဦးရေအတွက် လုံလောက် စွာ မထုတ်လုပ်နိုင်သေးဟု ကျန်းမာရေးဝန်ကြီးဌာကထုတ်ပြန်သော သတိပေးချက်များတွင် ဖော်ပြထားသည်။

ယခု ၂၀၀၉ ခုနှစ်တွင် နိုင်ငံပေါင်း တရာကျော်ရှိလူပေါင်း သုံးသောင်းနီးပါးတွင် ကူးစက်နေပြီး ရာနှင့်ချီ သေဆုံး နေသည် ဟူသော ဝက်တုပ်ကွေးရောဂါသည် ၁၉၆၈ ခုနှစ်တွင် လူဦးရေ ၂ သန်းခန့် အသက်ဆုံးရှုံးခဲ့ကြောင်း၊ ၁၉၅၇-၅၈ ခုနှစ်က ဒုတိယအကြိမ် ဖြစ်ပွားမှုတွင် လူဦးရေ ၂ သန်းမှ ၄ သန်းခန့်၊ ပထမအကြိမ်ဖြစ်ပွားခဲ့သော ၁၉၁၈ ခုနှစ်တွင် လူပေါင်း သန်း ၄၀ ခန့် သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရှိရသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည် ။