Press Release by Free Burma Federation (31.1.2009)
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါသည်။
Press Release by Free Burma Federation (31.1.2009)
လက်ဖက်ရည်ဝိုင်းမှ လူစုလူဝေးနည်း ပုံစံမျိုးစုံနဲ့ ထောက်ခံကြ
(ဦးဝင်းတင်)
NEJ / ၃၀ ဇန်န၀ါရီ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုတရပ်လုံးက အင်တိုက်အားတိုက် ထောက်ခံကြရန် အန်အယ်လ်ဒီက ပန်ကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကိစ္စကို လူထုအားနှင့် ထောက်ခံကြရန် အန်အယ်လ်ဒီက တိုက်တွန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အထူးသဖြင် ကုလအထူးကိုယ်စားလှယ် ဂမ်ဘာရီ မလာခင် ရက်ပိုင်းအလိုတွင် လူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး ထောက်ခံရန် တိုက်တွန်းသည့်အတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။
လူထုက ထောက်ခံရာတွင် လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံစကားပြောသည့် အနိမ့်ဆုံးအဆင့်မှသည် လူစုလူဝေးဖြင့် ထောက်ခံသည့်နည်း စသဖြင့် နည်းမျိုးစုံ အဆင်ပြေသကဲ့သို့ ထောက်ခံနိုင်သော်လည်း မည်သို့ထောက်ခံရမည်ဟု တိတိကျကျ လမ်းညွှန်ရန် အန်အယ်လ်ဒီအတွက် အခြေအနေမပေးသေးဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ပြောသည်။
လူထုဘက်က မည်သို့ ထောက်ခံသင့်ကြောင်း ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းအား ခေတ်ပြိုင်ကမေးရာ “ဒါဟာလူထုကြီးရဲ့ဆန္ဒနဲ့လည်းအညီဖြစ်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ အခါအခွင့်သင့်တော်တိုင်း ဒါကို ထောက်ခံကြောင်း ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုကို အတည်ပြုတော့မယ်ဆိုရင် အစိုးရတွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့ဓလေ့၊ အစဉ်အလာရှိပါတယ်။ နအဖက သူတို့ တကယ်တမ်း သဘောထားကြီးကြောင်း၊ ဒီမိုကရေစီကို လိုလားကြောင်း ဖော်ပြချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရပါမယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုတာဟာ ကျိုးကြောင်းဆီလျော်ရုံမက အချိန်အခါနဲ့လည်း ကိုက်ညီပါတယ်။ နအဖဟာ ဒီတောင်းဆိုချက်ကို မသိကျိုးနွံမပြုဘဲ လျင်မြန်တိကျစွာ အဖြေပေးသင့်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုသာမက ပြည်ပအတိုက်အခံအဖွဲ့အစည်း အသီးသီးကလည်း တပြိုင်တည်း ၀ိုင်းဝန်းထောက်ခံကြမည် ဆိုလျှင် ၀မ်းသာပါကြောင်း ဦးဝင်းတင်က ပြောသည်။
၂၀၀၄ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး လူထုထောက်ခံလက်မှတ်စုဆောင်းရေး အန်အယ်လ်ဒီက နှိုးဆော်ခဲ့သော်လည်း မြန်မာစစ်အစိုးရ အာဏာပိုင်များက အမျိုးမျိုးနှောင့်ယှက်ခဲ့သည်။
အသံနားဆင်ရန်...
(ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အန်အယ်ဒီ၏ လူထုပန်ကြားချက်ကိစ္စနှင့် ပတ်သက်ပြီး အန်အယ်ဒီ ဦးဝင်းတင်နှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက်)
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။
ရဲဘော်ဖိုးသံချောင်း / ၂၈ ဇန်န၀ါရီ ၂၀၀၉
တလောက ရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့ သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။ ဒီနောက် မေးတဲ့သူက အဲဒီအစီအစဉ်တွေအောင်မြင်မယ်လို့ ယူဆပါသလားလို့ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကိုစောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။
သူပြောပုံက သူ့ဘက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုကလိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင်ရင် လူထုရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာအကောင်အထည်ဖော်တာမလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့လေသံချင်းတော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေးမကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ဆိုတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာသံဃာ့အရေးအခင်းပြီးတဲ့နောက်ပိုင်း အတော်ကြာကြာမကြားရတဲ့ “ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်” ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသားတွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့ စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းကအသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူး ဖြစ်နေပြီ၊ ဘာမှမကြောက်တော့ဘူး၊ ခေါင်းဆောင်မှုမရှိလို့လို့ ပြောတာ ကြားရပါတယ်။
အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါ တယ်။ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုကိုအပြစ်တင်တာကျတော့ မဝေဖန်လို့မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆန်မပြောနဲ့ ဒုံးပျံနဲ့လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာနေပြီး ဟိုမှာ သေနတ်ပြောင်းထိပ်နေရသူတွေကို ကြောက်တယ်လို့ ပြောတာဟာ မတရားလွန်းရာကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။
ခေါင်းဆောင်မှုအတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထုလက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ်ချမှတ်ဖို့ ဖြစ်ပါတယ်။ လူထုက အကောင်အထည်မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပျူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊ လူထုနဲ့အတူတိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေအင်အားအဖြစ်မြှုပ်နှံ၊ အချိန်တန်ရင်တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်းဆိုတာ ငွေရှိရင်ဖြစ်တာပဲဆိုတာမျိုး သဘောထားလို့မဖြစ်ပါ။ ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမယ့် ငွေနဲ့ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ဆိုရင်တော့ လူတိုင်းအနည်းဆုံး နှစ်ခါ စဉ်းစားကြမှာပါပဲ။
တချို့သော ခေါင်းဆောင် (လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေသူ) တွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ ထင်နေကြပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ့ခေါင်း ဆောင်ဖြစ်လာရင် လူထုရဲ့အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ် ပိုကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံးအချက်က အရာ ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။
လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံက လူထုကိုတော့ စမ်းသပ်ခန်းထဲက ယုန်လို၊ ပူးလိုသဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူအဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင် ဖြစ်သွားနိုင်ပါတယ်။
လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေ ရေးအတွက် လုံးပန်းရသလို ကျောင်းသားဆိုရင်လည်း ပညာရေးအတွက်လုံးပန်းရ စသဖြင့် အဓိကလုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေး သမား၊ နိုင်ငံရေး ခေါင်းဆောင်ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့ လူထုကို ကေဒါ၊ နိုင်ငံ ရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တို့လို အချိန်မရွေး ထတိုက်နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့တာဝန်ဟာ လူထုရဲ့ အခြေအနေကို သိရှိပြီး လူထုလိုက်ပါနိုင်မယ့်အချိန်၊ အဆင့်၊ တိုက်ပွဲသဏ္ဌာန်တို့ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။
ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူထုမှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကို သူတို့ကသိဖို့ထက် ကိုယ်က သူတို့ကိုသိဖို့က ပိုအရေးကြီးတယ်၊ ပိုလိုအပ်တယ်ဆိုတာလည်း သတိ ထားသင့်ပါတယ်။ သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။ သူတို့ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့ လူရဲ့ ညွှန်ကြားချက်ကို လက်မခံပါဘူး။
နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာ သတိပြုပါ) ဟာ ခေါင်းဆောင်ရမယ့်အချိန်မှာ ခေါင်းဆောင်ရမယ့်နေရာကို သင့်တော်တဲ့သဏ္ဌာန်နဲ့ ရောက်ရှိနေဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့ လူထုဆီကို ရောက်ပါတယ်။ ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကတာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားနည်းနာ တွေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ လူထုလိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ်အချိန်မီ ရောက်သွားဖို့ အရေးကြီးပါတယ်။
ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ(၂၉) ရက်နေ့မှာ အရေအတွက် ထောင်ပေါင်းများစွာရှိတဲ့ လူထုကြီးဟာ ဒိအရင်နေ့တွေ တုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အခြေအနေက အဲဒီအရင်တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီး ခဲ့လို့ သူတို့ဟာ ဆန္ဒပြထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း (၁) နာရီ၊ (၂) နာရီ လောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်းဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှုပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ (၄-၅) ယေက်ကနေ သံဃာတော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ဆိုတာမျိုး လှုံ့ဆော်ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမယ့် အခုတော့ ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွားခဲ့ကြပါတယ်။
ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာဖြေရှင်းရမယ်ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဘက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြားအချက် အလက်တွေလည်း မရှိပါဘူး။ ဒါတွေကို မဖြေရှင်းဘဲ လူထုကိုပဲ မေးငေါ့အပြစ် တင်နေလို့ကတော့ နီရိုဘုရင်ရဲ့လုပ်ရပ်နဲ့ ကွာလှမှာမဟုတ်ပါဘူး။
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။
မြန်မာစစ်အစိုးရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းကို ပေးပို့တဲ့ လက်နက်ခဲယမ်းတွေကို အပစ်အခတ်ရပ် ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA က သိမ်းယူမှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ RFAက သတင်းရရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျိုင်းတုံ မြောက်ဖက် ရွှေတြိဂံနယ်မြေရှိ ပန်ဆန်းတွင် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ဝ လက်နက်ကိုင် တပ်ဖွဲ့များကို တွေ့ရသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
တရုတ်မြန်မာနယ်စပ် ဝဒေသ ပန်ဆန်းမှာရှိတဲ့ တန့်ယန်းလက်အောက်ခံ ခမရ (၃၂၆) က တပ်ခွဲ ၂ ခွဲဆီကို တပ်ရင်းက ပေးပို့တဲ့ လက်နက်ခဲယမ်းတွေကို အခုလ ဇန်နဝါရီလ ပထမပတ်ထဲမှာ ဝနယ်ခြားစောင့်တပ်တွေက သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။
ဒီလက်နက်တွေကို အခုချိန်ထိ မြန်မာစစ်တပ်ဖက်ကို ပြန်မပေးသေးဘူးလို့ ဝဒေသ သတင်းရပ်ကွက်တွေကို ကိုးကားပြီး တရုတ် မြန်မာနယ်စပ် မြန်မာ့စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။
ဦးအောင်ကျော်ဇော။ ။ “ ပုံမှန်အားဖြင့်တော့ ဝနယ်ထဲမှာ ဝဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းတဝိုက်မှာ ဗမာစစ်တပ်က တပ်ခွဲတခွဲလောက် ရှိပြီးတော့ ဝမ်းကောင်ပေါ့ မက်မန်းကိုင်ဖက်မှာ တပ်ခွဲတခွဲလောက် ရှိတယ်၊ တပ်ခွဲနှစ်ခွဲပေါ့။ ဗမာအစိုးရက ခမရ ၃၂၆ကို ပထမဦးဆုံး မက်မန်းကိုင်ဖက်နေပြီးတော့ လက်နက်တချို့နဲ့ ခဲယမ်းတချို့ကို ထပ်ဖြည့်တယ်။ အဲဒါကို လွယ်ပန်လုံနဲ့ မက်မန်းကိုင်ကြားမှာ ရှိတဲ့ ဝတပ်မတော်ရဲ့ ဂိတ်ကနေပြီးတော့ ဒါကို သိမ်းဆည်းလိုက်တယ်၊ အဲလိုဖြစ်ပြီး နှစ်ရက်လောက်အကြာ၊ ဒါအားလုံးက ဇန်နဝါရီလဆန်းက ဖြစ်တာ၊ တခါ ထပ်မံပြီးတော့ ကွန်လုံ ဗျူဟာအောက်ကနေပြီးတော့ ၃၂၆ သူနဲ့ ဘာမှ မပတ်သက်ပဲနဲ့ အဲဒီ နန်တဘက်ကနေပြီးတော့ BA 103ပေါ့ ဗမာစစ်တပ်က သုံးတဲ့ လောင်ချာကျည်တချို့ကို ပို့တယ်။ ပို့တဲ့အခါ အဲဒီမှာလည်း နန်တဘက်မှာ ဝနယ်ထဲအဝင်ဖြစ်တဲ့ နန်တ၊ နန်တင်း ဂိတ်မှာ သိမ်းဆည်းရမိတယ်။ ဗမာအစိုးရကနေ ချက်ချင်း တောင်းဆိုတယ်၊ ပြန်ပေးဖို့၊ ဝတပ်မတော်ဘက်ကတော့ ခုထက်ထိ ဆက်လက် စဉ်းစားထားဆဲဖြစ်တယ်။ ပြန်ပေးဖို့၊ မပေးဖို့။ ”
မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဝအဖွဲ့အကြား ၂ဝ၁ဝ ရွေးကောက်ပွဲ၊ လက်နက် ဖြုတ်သိမ်းရေးကိစ္စနဲ့ ဝပြည်နယ် အမည်ပြောင်းတာတွေနဲ့ နှစ်ဖက် အဆင်မပြေ ဖြစ်နေစဉ်မှာ အခုလို အောက်ခြေ တပ်တွေအကြား ပြဿနာတရပ် တိုးလာတာလို့ လေ့လာသူတွေက ပြောပါတယ်။
အခုလို တင်းမာမှုဖြစ်အပြီး ဝဒေသကို မြန်မာစစ်အစိုးရ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပြီးခဲ့တဲ့ ၂ဝ ရက်နေ့က တြိဂံစစ်ဒေသတိုင်းမှူးနဲ့ အတူ ရောက်ရှိလာခဲ့ပြီး ဝခေါင်းဆောင်တွေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စနဲ့ ဝတပ်ပြန်လည် ဖွဲ့စည်းရေးကိစ္စတွေကို ဆွေးနွေးရာမှာလည်း အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
UWSA ဝတပ်ဟာ အပစ်အခတ် ရပ်စဲထားပေမဲ့ မြန်မာစစ်အစိုးရ တောင်းဆိုထားသလို လက်နက် မချသေးပဲ ရှိနေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ဖြစ်ပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေးကိစ္စ ကနဦးက စဉ်းစားမယ်လို့ ပြောဆိုထားပေမဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်ဆိုင်ရာ သဘောထား ကွဲလွဲမှုနဲ့ လက်နက်ကိုင်လမ်းစဉ် သဘောထားကွဲတာတွေကြောင့် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးမှာ တင်းမာမှုတွေ ရှိနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကို အခြေခံပြီး နောက်ကွယ်က စစ်ရေးနိုင်ငံရေးဆိုင်ရာ အခြေအနေအကြောင်း တရုတ် မြန်မာနယ်စပ်က စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကို RFAမှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
RFA
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.rfa.org/burmese မှ ကူးယူ မျှဝေပါသည်။
ပဥ္မမမြောက် ကြွက်
တွင်းအဟောင်း
အောင်းတဲ့ ကြွက်
တွင်းသစ်ပြင်
ဝင်တဲ့ ကြွက်
တွင်းတူးလျှက်
ထွက်တဲ့ ကြွက်
မအောင်းမတူး
ရူးတဲ့ ကြွက်
ပညာရှိတို့ဆိုရိုး
ကြွက်လေးမျိုး
ခု … နောက်တမျိုး
ကြွက်ငါးမျိုးဖြစ်လေပြီ။
(နောက်ဆုံးပေါ် ကြွက်…)
သူများကျင်းထက် အတင်းတက်
နေရာလုတဲ့ ကြွက်။
(ကမ္ဘာတ၀ှမ်းလုံးရှိ နေရာလုသူများအားလုံးသို့ တိုက်ရိုက်ရည်ညွန်းသည်)
ရဲထိန်
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://nyeinsuu.blogspot.com မှ ကူးယူ မျှဝေပါသည်။
အင်ကြင်းမေ
ဆရာတော်ဘုရား ဟောပြောနေတာကို နားထောင်ရင်း စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း မြန်မာပြည်သူတွေ ခံစားနေ ရသော ဒုက္ခ အဝဝကို ပြေပျောက်စေဖို့ မေတ္တာသုတ်ရွတ်ဆိုကာ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြစေဖို့ ဆုတောင်းပေးခဲ့ကြသော တနိုင်ငံလုံးရှိ သံဃာတော်တွေ ကြက်ပျောက်၊ ငှက်ပျောက် ဘယ်တွေ ရောက်ကုန်ကြတာလဲ၊ ဘာတွေဖြစ်ကုန်ကြတာလဲ အဲ့ဒီလိုဖြစ် အောင် ဖမ်းဆီးရိုက် နှက် သတ်ဖြတ်ပြီး ထောင်ထဲပို့လိုက်ကြတာ ဘယ်သူတွေလည်း၊ အဖမ်းခံရတဲ့သံဃာတော်တွေကို ရိုက်နှက်၊ သင်္ကန်း စွဲချွတ် လူဝတ်လဲခံရတာတွေကို မြင်ယောင်ပြီး ရင်ထဲ မခံစားနိုင်အောင် ဖြစ်ခဲ့ရတယ်။
ဆက်ဖတ်ရန်......>>>
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.nguyinpyin.net မှ ကူးယူ မျှဝေပါသည်။