Saturday, June 2, 2012

မယ်လ ဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာပြီးနောက် မဲဆောက်လေဆိပ်မှတဆင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာ သွား



ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ကို လေယာဉ် ခရီးစဉ်နဲ့ ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မယ်လ ဒုက္ခသည်စခန်းကို သွားရောက် လေ့လာပြီးတဲ့နောက် မဲဆောက်လေဆိပ်မှတဆင့် ပြန်လည် ထွက်ခွာသွားကြောင်း သတင်းရရှိပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ဇွန်လ ၂ ရက်နေ့ ဒေသစံတော်ချိန် မနက် ၉ နာရီကျော်တွင် မဲဆောက်လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ 

မဲဆောက်ဒေသရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၊ မြန်မာ့အရေး လှုပ်ရှားသူများဟာ မိမိတို့ အစုအဖွဲ့အလိုက် မနက် အစောပိုင်းမှ စပြီး မဲဆောက်လေဆိပ် အ၀င်ဝတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆီးကြိုခဲ့ကြပါတယ်။ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြောင်း ဆိုင်းဘုတ် ချိတ်ဆွဲကာ ကြိုဆိုခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ် ခရီးစဉ်နဲ့ ပတ်သက်ပြီး မီဒီယာများတွင် ထိုင်း မြန်မာနယ်စပ်ဒေသ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း၊ မယ်တော်ဆေးခန်းကို သွားရောက် လည်ပတ်နိုင်ကြောင်း၊ မယ်လဒုက္ခသည်စခန်းကို သွားရောက် လေ့လာမှာဖြစ်ကြောင်း စသဖြင့် ဖော်ပြခဲ့ကြပါတယ်။

သို့သော် ထို ခရီးစဉ်နဲ့ ပတ်သက်ပြီး နယ်စပ်ဒေသရှိ အဖွဲ့အစည်း အတော်များများက သိရှိထားခြင်း မရှိခဲ့ကြသလို ဒေသခံ ထိုင်းအာဏာပိုင်တွေကိုလည်း တရားဝင် အကြောင်းကြားထားခြင်း မရှိတာကို တွေ့ခဲ့ကြရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းမြန်မာနယ်စပ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ကွဲပြား ခြားနားတဲ့သတင်းများ ထွက်ပေါ်ခဲ့လင့်ကစား မဲဆောက်ဒေသရှိ မြန်မာတိုင်းရင်းသားများဟာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာမယ့် မဲဆောက်လေဆိပ်အနီးတ၀ိုက်ကို စုရုံးရောက်ရှိခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြပါတယ်။

မဲဆောက်ကို ရောက်ရှိလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စောင့်ကြိုနေတဲ့ မြန်မာ တိုင်းရင်းသားများကို နှုတ်မဆက်နိုင်ဘဲ လေဆိပ်မှ မယ်လ ဒုက္ခသည်စခန်းကို တိုက်ရိုက် ထွက်ခွာ သွားခဲ့ပါတယ်။ နေ့လည် ၁၁ နာရီခန့်တွင် မယ်လ ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပြီး စခန်းရှိ ထိုင်းအာဏာပိုင်များရဲ့ ရုံးမှာ ဒုက္ခသည်များနဲ့ စခန်းရဲ့ အခြေအနေများနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ထို့နောက် နေ့လည် ၁၂ နာရီခန့်တွင် ဒုက္ခသည်စခန်းရှိ ဘော်လုံးကွင်းသို့ သွားရောက်ပြီး ဒုက္ခသည်စခန်းတွင် နေထိုင်နေတဲ့ တိုင်းရင်းသားများအား တွေ့ဆုံ နှုတ်ဆက်ခဲ့ရာ တိုင်းရင်းသား ပြည်သူလူထုက “အမေစု၊ အမေစု“ လို့ ၀ိုင်းဝန်း နှုတ်ဆက်ကြပါတယ်။

 ဘော်လုံးကွင်းအတွင်းစုရုံး ရောက်ရှိနေတဲ့ ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည် ခေတ္တနှုတ်ဆက် ခဲ့ပြီးနောက် နေ့လည် ၁၂ နာရီခွဲတွင် မယ်လ ဒုက္ခသည်စခန်းရှိ AMI ဆေးရုံတွင် နေ့လည်စာ သုံးဆောင် ခဲ့ပါတယ်။

 နေ့လည်စာ စားသုံးပြီးနောက် မွန်းလွဲ တနာရီခွဲတွင် မယ်လ ဒုက္ခသည်စခန်းမှ မဲဆောက်လေဆိပ်သို့ တိုက်ရိုက်သွားရောက်ကာ မဲဆောက်မှ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ 

 ထိုင်း မြန်မာနယ်စပ်ကို သွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ လှို့ဝှက်လွန်းပြီး လုံခြုံရေး တင်းကြပ်လွန်းတဲ့ ခရီးစဉ်တခု ဖြစ်ပါတယ်။ သတင်းထောက်များအနေနဲ့ ဓါတ်ပုံရိုက်ဖို့ လုံးဝ မလွယ်ကူသလို လုံခြုံရေး နှစ်ထပ် ချထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနီးတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးချုပ် ဒေါက်တာတီမသေ ရှိနေကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စားလှယ်များ အပါအ၀င် နိုင်ငံတကာဧည့်သည်များ လာရောက်တဲ့ ခရီးစဉ်ထက် လုံခြုံရေး တင်းကြပ်ကြောင်း ဒုက္ခသည်စခန်းအတွင်း သွားရောက် သတင်းရယူနေတဲ့ Karen Information Center သတင်းထောက်တဦးက သတင်းပေးပို့ပါတယ်။ 

source by : http://www.burmatoday.net

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲ (အစ/အဆုံး) ဇွန်လ ၁ ရက် ၂၀၁၂ (ရုပ်/သံ)


  
source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

သမ္မတ ဦးသိန်းစိန် ထိုင်းခရီးစဉ် ထပ်မံ ပယ်ဖျက်ဟုဆို

နယူးဒေလီ (မဇ္ဈိမ) | ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီးအဖြစ် ဇွန်လ ၄ ရက်နေ့တွင် သွားရောက်ရန် စီစဉ်ထား သည့် မြန်မာ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အား ပယ်ဖျက်လိုက်ကြောင်း ထိုင်းအစိုးရ အရာရှိများအား ကိုးကား၍ The Straits Times သတင်းတရပ်၌ ဖော်ပြပါရှိသည်။

သမ္မတသည် မေလ ၃၀ ရက်နေ့က ဘန်ကောက်မြို့တွင် စတင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောရန် ခရီးစဉ်ကိုလည်း ပယ်ဖျက်ခဲ့ပြီး ကိုယ်စားအဖြစ် စွမ်းအင်ဝန်ကြီး ဦးသန်းဌေး ကိုသာ စေလွှတ် တက်ရောက်စေခဲ့သည်။

ယခုခရီးစဉ် ထပ်မံဖျက်သိမ်းလိုက်ရခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် တစုံတရာ မသိရှိရသေးကြောင်း ရေးသား ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မဇ္ဈိမအနေနှင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

source by : http://www.mizzimaburmese.com 

အပြည့်အစုံ ဖတ်ရန် ...

Daw Aung San Suu Kyi Addresses the World Economic Forum





source by : http://www.youtube.com/user/voaclips

အပြည့်အစုံ ဖတ်ရန် ...

Friday, June 1, 2012

ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ စတင်ဖွဲ့စည်း


ကျောင်းသား သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို ရန်ကုန်မြို့ လှိုင်နယ်မြေရှိ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ဒီကနေ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ကျင်းပဖွဲ့စည်းခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် မဆုစန္ဒီဦးမှ ဆောင်ရွက်ပြီး ကျောင်းပြန်လည်တက်ရောက်ခွင့်ရရှိသည့် ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦးတို့ အပါအဝင် ကျောင်းသား ၁၅ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ပုံကြီးကြည့်ရန် ပုံကို ကလစ်ပါ။
source by :http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

မြန်မာပြည် အလုပ်လက်မဲ့ပြဿနာ ချိန်ကိုက်ဗုံးတခုဟု ဒေါ်စုပြော

နယူးဒေလီ (မဇ္ဈိမ)| မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့များ အလွန်များပြားနေရခြင်းနှင့် ပါတ်သက်၍ စိုးရိမ်ဘွယ်ရာ အဖြစ်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများအနေနှင့် အလုပ်အကိုင်များ ဖန်တီးပေးစေလိုကြောင်း ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောဆို လိုက်သည်။

“မြန်မာလူငယ် အလုပ်လက်မဲ့ အချိုးအစားဟာ အလွန်မြင့်မားနေပါတယ်။ ဒါဟာ ချိန်ကိုက်ဗုံးတခုလို ဖြစ်နေပါတယ်” ဟု သောကြာနေ့ မနက်ပိုင်းက ပြောဆိုလိုက်သည်။

မြန်မာ့နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်စေလိုသော်လည်း အလုပ်အကိုင် ဖန်တီးပေးရေးအတွက် ဦးစားပေးစေလိုကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

Suu-Kyi-at-World-Economic-Forum-in-Bangkok-2
ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့များ အလွန်များပြားနေရခြင်းနှင့် ပါတ်သက်၍ စိုးရိမ်ဘွယ်ရာအဖြစ်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူများအနေနှင့် အလုပ်အကိုင်များ ဖန်တီးပေးစေလိုကြောင်း မိန့်ခွန်း ပြောဆို (Photo:: AFP)

“ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဘယ့်လောက် အကျိုးအမြတ်ရမယ် ဆိုတာလောက်ပဲ မစဉ်းစားကြပါနဲ့။ ရင်းနှီးမြှုပ်နှံသူတို့အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ် ရချင်ကြတယ်ဆိုတာ ကျမ သဘောတူ ပါတယ်။ သို့သော်လည်း ကျမတို့ တိုင်းပြည်အနေနဲ့လည်း ရင်းနှီးမြှုပ်နှံကြသူတွေလို အကျိုးအမြတ် ရရမှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

မြန်မာများအတွက် ရနိုင်သမျှ အလုပ်အကိုင် များများနှင့် သင်တန်းများ ရရှိလိုကြောင်း ပြောသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများအနေနှင့် ခြစားလာဘ်စားမှုအား လောင်စာဖြည့်ဆည်းပေးမှုနှင့် စီးပွားရေး ရေပေါ်ဆီ သမားများ၏ အိပ်ထဲသို့ ဖြည့်တင်းမှုများ မလုပ်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။

ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံသားများ သန်းနှင့်ချီ၍ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးမဲဆွယ်စဉ်ကလည်း အလုပ်လက်မဲ့ ပြဿနာ အား အလေးထားခဲ့ပြီး ပြုပြင်ပေးရန်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဟု မဲဆန္ဒရှင်များအား ကတိပေးထားခဲ့သည်။

ထို့ပြင် အစိုးရအနေနှင့် ဒီမိုကရေစီ၊ လူမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာနေသော်လည်း တရားစီရင်ရေးကဏ္ဍမှာမူ လွတ်လပ်မှုမရှိသေးကြောင်း သတိပေး ထောက်ပြပြောဆိုလိုက်သည်။

“တကယ်လို့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်မယ် ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေသူတွေ အနေနဲ့ သတိထားရမှာက တရားမျှတတဲ့ တရားရုံးတွေ မရှိဘူးဆိုရင် ဒါမှမဟုတ် အဲဒီ့တရားရုံးတွေ အနေနဲ့ ဥပဒေတွေ အတိုင်း တရားမျှတစွာ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုရင် အဲဒီ့ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကလည်း အသုံးဝင်မှာ မဟုတ်ပါဘူး” ဟု အာရှပစိဖိတ်ရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုသွားသည်။

ဖိုရမ်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေလ ၃ဝ ရက်မှ ဇွန် ၁ ရက်
နေ့ထိ ကျင်းပကာ နိုင်ငံပေါင်းများစွာမှ ထိပ်တန်း စီးပွားရေးသမားများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင် များ၊ သတင်းစာဆရာများ စုစုပေါင်း ၂,၅ဝဝ ခန့် လာရောက်သည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ကမ္ဘာ့စီးပွားရေးဖိုရမ်နောက်ဆုံးနေ့ ဒေါ်စုရဲ့ ဆောင်ရွက်ချက်များ(မေးမြန်းခန်း)

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ် နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ တယောက်ချင်း မေးမြန်းချက်ကို ဖြေကြားတဲ့ အစီအစဉ်နဲ့ အာရှ အမျိုးသမီးတွေရဲ့ အနာဂတ် ဆွေးနွေးဝိုင်း အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မြန်မာ့အရေး ကမ္ဘာ့အရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွေကို ကျင်းပခဲ့ပါတယ်။

အဲဒီ့ ဖိုရမ်မှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ သတင်းတက်ရောက် ရယူနေတယ်ဆိုတော့ ကနဦး အစမြင်ကွင်း ကို ပြောပြပါလား။

“ဒီနေ့ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ် ကျောက်ဖယားမြစ်ကမ်းမှာ ရှိတဲ့ ဟိုတယ်မှာ ၃ ရက်ကြာ အစည်းအဝေးပွဲ နောက်ဆုံး ဆွေးနွေးပွဲတွေကို မနက်အစောကြီး ကတည်းက မြန်မာ့ ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ်နဲ့ စတင် ဖွင့်လှစ်တာကို တွေ့ရတယ်။
one on one အစီအစဉ်ပေါ့။

ကမ္ဘာစီးပွားရေးဖိုရမ်ကို စတင် တည်ထောင်တဲ့သူတွေထဲမှာ ပါတဲ့သူလည်းဖြစ်တဲ့ အမှုဆောင် ဥက္ကဌလည်း ဖြစ်တဲ့ Klaus Schwab နဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်တာပါ။”

အဲ့ဒီမှာ အဓိကအားဖြင့် အမှတ်အသားပြုလောက်စရာ ဘာဆွေးနွေး မေးမြန်းမှုတွေ တွေ့ခဲ့ရလဲ။

“အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့နေရာမှာတော့ နိုင်ငံတနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ တမျိုးသားလုံး အမျိုးသားရေး သံန္တွိဌာန်စိတ်ဓာတ်ရှိဖို့ လိုအပ်တဲ့အကြောင်း အဓိက ပြောသွားပါတယ်။

အဲ့မှာ သူနေအိမ်အကျယ်ချုပ်က  မလွတ်ခင်ကာလတုန်းကဆိုရင် မြန်မာနိုင်ငံအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုပဲ လူတွေက ဦးစားပေး ပြောဆိုဆွေးနွေးကြတာတွေ ရှိတယ်ပေါ့။
 နောက် သူ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်မှာတော့ စီးပွားရေးဘက်ကို ပိုပြီးဇောင်းပေးပြီး ပြောလာကြတာ ကို တွေ့မိတယ်ပေါ့။ နောက် နိုင်ငံတနိုင်ငံဟာ စီးပွားရေးအရ ကျဆုံးရတာဟာ ပညာတတ်တွေ မရှိလို့ပေါ့။ အသားပေးပြောတာကေတာ့ အလယ်တန်းအဆင့် ပညာတတ်တွေ မရှိလို့ပေါ့။

အထူးသဖြင့် လူငယ်လူရွယ်တွေမှာ အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့ ပညာရပ်တွေ မရှိလို့ နိုင်ငံတနိုင်ငံဟာ စီးပွားရေးအရ ကျဆုံးရတာလို့ ပြောတယ်။ ဒီဟာတွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ဆိုရင် လူငယ်တွေရဲ့ အား အဓိက လိုအပ်တယ်။

 နောက် လူငယ်တွေ လုပ်ကိုင်နိုင်ဖို့အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ လိုတယ်။  အလုပ်အကိုင်တွေလည်း လိုအပ်တယ်ပေါ့၊

အဓိကအချက်တွေကို ဇောင်းပေးပြီးတော့ ပြောသွားတယ်။ နောက် ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာက လာတဲ့အခါမှာလည်း အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ ရင်းနှီးမြှုပ်နှံမှုပြီးတဲ့အခါမှာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ သင်တန်းတွေ၊ အလုပ်သမားတွေအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေပေးဖို့လည်း ဇောင်းပေးပြီး ပြောသွားတာ တွေ့ရပါတယ်။”

နောက် အစီအစဉ်တခုမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီး ၄ ဦး ဆွေးနွေးကတယ်လို့ ကြားသိရတယ်။ အဲဒီအခြေအနေရော သတင်းရယူခဲ့သေးလား။

“ပထမ မနက်ပိုင်း အစီအစဉ်တွေအပြီးမှာပဲ မနက် ၁၁ နာရီမှာ အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။

 ခေါင်းစဉ်ကတော့ အာရှအမျိုးသမီးတွေရဲ့ ရှေ့ခရီးလို့ အဓိပ္ပါယ်ရမယ်ထင်တယ်။ အမျိုးသမီးတွေရဲ့  နိုင်ငံရေး၊ စီးပွားရေး စွမ်းဆောင်မှု မြှင့်တင်တဲ့နေရာမှာ အရှေ့အာရှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဘယ်လိုမျိုး ပါဝင်နိုင်မလဲဆိုတဲ့ အကြောင်းအရာတွေ ဆွေးနွေးကြတာပါ။ အဓိက ဆွေးနွေးတဲ့ သူတွေကေတာ့ မြန်မာ့ ဒီမိုကေရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နောက်တယောက်ကေတာ့ နော်ဝေးနိုင်ငံ ဖုန်းကုမ္ပဏီတခုဖြစ်တဲ့ Telenor  Group က Jon Fredrik ဆိုတဲ့ ပုဂ္ဂိုလ်ပါတယ်။ နောက် ဆင်းရဲမှု တိုက်ဖျက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ Care USA ကုမ္ပဏီက Helene D. Gayle ပါတယ်။ နောက် ဘဂင်လားဒေ့ရှ် အမျိုးသမီးစွမ်းဆောင်ရှင်များအဖွဲ့ချုပ်က Rokia Afzal Rahman တို့ ဆွေးနွေးခဲ့ကြပါတယ်။”

အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာအကြောင်းအရာတွေ ပြောသွားသေးလဲ။
 မြန်မာအမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေရော မေးခွန်းထုတ် မခံရဘူးလား။

“အဓိက ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှု အားနည်းတယ် ဆိုတာ ပထမအချက်အနေနဲ့ ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်မှာ ကျားမခွဲခြား ဆက်ဆံခံရမှုတွေ၊ အားနည်းမှုတွေ ရှိနေတုန်းပဲ။

 နိုင်ငံရေးမှာ ကြည့်မယ်ဆိုရင်လည်း အမျိုးသမီး ၀န်ကြီးအဆင့် ပုဂ္ဂိုလ်မရှိဘူးပေါ့။ လက်ရှိ အစိုးရအဖွဲ့ထဲမှာ ဒု ၀န်ကြီးတောင် ၂ ယောက်လောက်ပဲ ပါတယ်။ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာလည်း အမျိုးသမီးလွှတ်တော်အမတ်တွေကလည်း ၁၅ ယောက်လောက်ပဲ ပါတယ်ပေါ့။

 ဧပြီ ၂၀၁၂ ရွေးကောက်ပွဲ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီးအမတ် ၂ ဆေလာက် ထပ်တိုးလာတယ်ပေါ့။ ဒါပေမယ့် ဒါဟာ လုံလောက်မှု မရှိသေးဘူး ဆိုတာ သူထောက်ပြထားတယ်။”

အဲ့တော့ အမျိုးသမီးတွေ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာအောင် ပိုမိုပြီးတော့ ဦးရေ အရေအတွက်၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ ပါလာအောင် ဘယ်ဟာတွေ ပြင်ဖို့လိုတယ် ဆိုတာတွေရော ထည့်ပြောတာရှိလား။

“အခုမေးခွန်းကို အောက်မှာ လာရောက်နားထောင်သူတွေကလည်း မေးကြတာရှိပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာအရဆိုရင်တော့ သူ့ပါတီအတွင်းမှာရှိတဲ့ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ပေးတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပါဝင်လာအောင် အားပေးတယ်။ မူဝါဒတွေလည်း ရှိတယ်တဲ့။

 ဥပမာ ကြားဖြတ်ရွေးကောက်ပွဲမှာဆိုရင် အမျိုးသမီး အမတ်တွေ ပါနိုင်သလောက်ပါလာအောင် ကြိုးစားခဲ့တယ်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာက ယဉ်ကျေးမှုအရရော၊ ဓလေ့ထုံးတမ်းစဉ်လာအရ ဖြစ်နေတာက အမျိုးသမီးတွေက သူတို့ကိုယ်တိုင်ကိုက မပါဝင်ချင်တာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့ ပါဝင်ချင်လာအောင် ဆွဲဆောင်မှုတွေ လုပ်ရတာလည်း ရှိပါတယ်လို့ ဖြေကြားသွားပါတယ်။”

အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ကျန်တဲ့ကဏ္ဍတွေမှာလည်း ဘာတွေပြောကြသေးလဲ။

“အဓိကကေတာ့ ဒီအမျိုးသမီးတွေက နိုင်ငံရေးမှာလည်း ခွဲခြားဆက်ဆံ နှိမ်ချခံရတာရှိတယ်။ နောက်တော့ ပညာရေးမှာဆိုရင်လည်း သူ ဥပမာ ပေးတာက ဆေးတက္ကသိုလ်ဝင်ခွင့်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အမှတ်များမှ ၀င်လို့ ရတာကလည်း ဒါ ခွဲခြားဆက်ဆံမှု ခံနေရတာ ဆိုပြီး ထောက်ပြ ထားတယ်။

စီးပွားရေးမှာဆိုရင်လည်း အမျိုးသမီးတွေဟာ မိသားစု စားဝတ်နေရေးအတွက် အိမ်ဖော်အလုပ်လုပ်ပြီး ကိုယ့်ရဲ့မောင်တွေ၊ အစ်ကိုတွေကို အထောက်အပံ့ပေးနေရတယ်။ သူ အိပ်ခ်ျအိုင်ဗွီဂေဟာမှာ သွားလေ့လာတုန်းကဆိုရင်လည်း လိင်အလုပ်သမတွေဟာ ဒီအလုပ်နဲ့ သူတို့ရဲ့ အစ်ကိုတွေ မောင်တွေကို ထောက်ပံ့ပေးနေရတယ်ပေါ့ဗျာ။

 ဒီအလုပ်တွေကို အမျိုးသမီးတွေပဲ လုပ်ရမှာလားပေါ့။ အမျိုးသားတွေရော မလုပ်သင့်ဘူးလား ဆိုပြီး သူက ပြန်ပြီးမေးခွန်းထုတ်သွားတယ်။”

ဒီကိစ္စနဲ့ ပတ်သက်လို့ အကျိုးအပြစ်တွေကို တွေ့ကြုံခဲ့တာတွေနဲ့ ပတ်သက်ပြီး ဒေါ်စုက ပြောခဲ့ပြီ။ ဒါနဲ့ ပတ်သက်လို့ရော ဘယ်လိုမျိုး ဖြေရှင်းဖို့ ပါတီကပဲဖြစ်ဖြစ်၊ သူ ကိုယ်တိုင်ကပဲ ဖြစ်ဖြစ်၊ တင်ပြသွားတာ မျိုးတွေ ရှိလား။

“အဓိက သူစဉ်းစားချက်ကတော့ ဒါဟာ ရိုးရာယဉ်ကျေးမှု ဓလေ့နဲ့လည်း သွားပြီး သက်ဆိုင်နေတယ်ပေါ့။ အခြေခံကျကျ ပြောင်းလဲရမယ်။ မြန်မာ့ယဉ်ကျေးမှုမှာ အမျိုးသမီးတွေက စွန့်လွှတ်အနစ်နာခံပြီးတော့၊ အမျိုးသမီးဆိုရင် ယောက်ျားကို အနစ်နာခံပြီးတော့ လုပ်ပေးရတယ်ဆိုတဲ့ အတွေးအခေါ်တွေကို ရပ်တန်းက ရပ်သင့်ပြီ ဆိုတာတွေကို သူက ပြတ်ပြတ်သားသား ပြောသွားတာ တွေ့ရပါတယ်။”

တွေ့ဆုံဆွေးနွေးပွဲတွေ အပြီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲလား။

“ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီးမှာ နိုင်ငံခြားသတင်းထောက်တွေနဲ့ သီးသန့် အခန်းတခန်းမှာ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ လုပ်သွားပါတယ်။”

အဲ့ဒီမှာ အဓိကအားဖြင့် အရေးကြီးတယ်လို့ ထင်တဲ့ အချက် ၃ ချက်လောက် ပြောပြပါလား။ ဘာတွေကို ပြောသွားလဲ။

“မေးခွန်းတွေက ကမ္ဘာ့အရေးရော၊ မြန်မာ့အရေးရော ပါတဲ့ထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အိမ်ပြန်နိုင်ဖို့ စီးပွားရေးနဲ့ လူမှုရေး လုံခြုံမှုရှိမှ အိမ်ပြန်နိုင်မယ့် အကြောင်း၊ နောက် မြန်မာနိုင်ငံက ဖွဲ့စည်းပုံ အခြေခံဥပေဒ ပြင်ဆင်ဖို့ အချိန်ယူရဦးမယ့်အကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်။ ၂၅ ရာခိုင်နှုန်း စစ်သားထဲကမှ အနည်းဆုံး ၁ ယောက်လောက်ပါမှ ပြင်လို့ရမယ့် အကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုတွေ ရှိဖို့။ နောက် အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက် ပြန်လည် စဉ်းစားဖို့ပေါ့။

 နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်ပြီးလည်း သတိနဲ့ အကောင်းမြင်တဲ့ အကြောင်း၊ နောက် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလည်း ထည့်ပြောသွားပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ ခဏ ဆိုင်းငံ့လိုက်တာ သူထောက်ခံတဲ့အကြောင်းလည်း ပြောပါ တယ်။

 နောက်ဆုံးပြောသွားတာက ထိုင်းနဲ့ မြန်မာကြားမှာ စီးပွားရေးကွာဟမှုက ကြီးကြီးမားမား ရှိနေလို့တဲ့။ ဒီလိုမျိုး ကြီးကြီးမားမား မရှိဘူးဆိုရင် မြန်မာနိုင်ငံက အလုပ်သမားတွေ ဒီလောက်ထိ လာကြမှာ မဟုတ်ဘူး ဆိုတာတွေ ပြောသွားပါတယ်။”

နိုင်ငံတကာ အရေးရော ဒေါ်စုကို ဘာတွေမေးသွားပါလဲ။

“ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရလဲလို့ မေးတဲ့အခါမှာ ဆီးရီးယားပြည်သူတွေနဲ့ အစိုးရနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောတဲ့အခါမှာ ဘယ်နေရာ ဘယ်အရပ်မှာပဲရှိရှိ၊ လူသားတွေရဲ့ တန်ဖိုးဟာ အတူတူပဲဖြစ်တယ်။ လူ့ရဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။

နောက် တရုတ်နဲ့ အမေရိကန်နဲ့ မြန်မာရဲ့ ဆက်ဆံရေးအကြောင်း မေးတော့လည်း တရုတ်နဲ့က နှစ်ပေါင်းများစွာကြာအောင် ဆက်ဆံခဲ့တဲ့ အိမ်နီးချင်း ဖြစ်တဲ့အတွက် ဆက်ဆံရေးကောင်းဖို့ လိုသလိုမျိုး တဖက်မှာလည်း မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ ကူညီထောက်ပံ့ချင်တဲ့ နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်းဖို့ အဲ့လိုမျိုး နှစ်ခုကို ထိန်းညှိပြီး လုပ်သွားသင့်တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။”

အဲ့မှာ မြစ်ဆုံရေကာတာစီမံကိန်းလို ကမ္ဘာက စိတ်ဝင်စားတဲ့အကြောင်း ဒါကိုရော မေးမြန်းကြတာ ရှိပါလား။

“ညနေ ဖိုရမ်မှာ မေးမလားတော့ မပြောတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက စွမ်းအင်ဝန်ကြီး ဦးသန်းဌေးကလည်း တက်ရောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲတွေ က ဒေသတွင်းနဲ့ ကမ္ဘာကို ဘယ်လိုအဓိပ္ပါယ်ဆောင်၊ သက်ရောက်မှုတွေရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေလည်း ရှိပါတယ်။ အဲ့အချိန်ကျရင် စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင် ကိစ္စတွေ မေးမြန်းမယ်လို့ မျှော်လင့်ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်း ၂၅ ၀န်းကျင် အတွင်းမှာ မြန်မာနိုင်ငံကနေ ပထမဆုံး ပြည်ပခရီး ထွက်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ၊ ကမ္ဘာ့သတင်းထောက်တွေကြားမှာ၊ ကမ္ဘာပြည်သူတွေကြားမှာ သူ့ရဲ့ရပ်တည်မှု အနေအထားကို မြင်ရတာ မြန်မာတယောက်အနေနဲ့ ဘယ်လိုမျိုး မြင်ရလဲ။ ဘယ်လို အကဲဖြတ်မိလဲ။

“ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာဆိုရင် မျက်နှာပွင့်တဲ့ ကာလလို့တောင် ပြောရမလားမသိဘူး။ အားလုံးက ထိုင်းတွေရော နိုင်ငံခြားသားတွေကြားမှာရော တေလးတစားနဲ့ စိတ်ဝင်တစား နဲ့၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြုပြီးတော့ပေါ့နော် တလေးတစားမြင်တွေ့ရပါတယ်။

အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေအပေါ်မှာ တကယ့်ကို တလေးတစားနဲ့ တုံ့ပြန်ကြတာလည်း ကျနော်တို့ တွေ့ရပါတယ်။”

source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် နိုင်ငံသား စိစစ်ရေးရုံး သွားရောက် (ရုပ်/သံ)

၂၀၁၂ ခုနှစ်၊ အရှေ့ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်ဖို့ ထိုင်းနိုင်ငံ ရောက်ရှိနေတဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၃၁ ရက်နေ့ မှာ မဟာချိုင်ကို ဒုတိယ အကြိမ် ရောက်ရှိလာပြီး နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စကားပြောဆိုခဲ့ပါတယ်။

ဒီအကြောင်း ဒေါ်ခင်မေဇော်က တင်ပြထားပါတယ်။



source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနိုင်ငံသားများ အရေး ထိုင်းအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေခင်းက ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။


၂၀၁၂ ခုနှစ် မေလ ၃၁ ရက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong တို့ ထိုင်းအစိုးရ အိမ်တော်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။(RFA)

အဲဒီလို တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေ အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင် စာရွက်စာတမ်း ရှိမယ်ဆိုရင် ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ တနေ့ကို ဘတ်ငွေ ၃၀၀ ရရှိမှာ ဖြစ်ပြီး ထိုင်းအလုပ်သမားတွေ အတွက် ဆောင်ရွက်ပေးနေတဲ့ ဘတ် ၃၀ ကျန်းမာရေး အစီအစဉ်ကိုပါ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောရာမှာ-ထိုင်းနိုင်ငံ အနေနဲ့ ဒုက္ခသည်တွေကို နေရပ် အတင်းအကြပ် ပြန်ပို့တဲ့ မူဝါဒ မရှိတဲ့ အကြောင်း၊ မြန်မာနိုင်ငံအတွင်း အန္တရာယ် မရှိတော့ဘူးဆိုရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံက တည်ခင်းမယ့် ညစာစားပွဲမှာ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် နဲ့ တွေ့ဆုံဖို့ ရှိပြီး မနက်ဖြန်မှာ ထိုင်း-မြန်မာ နယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းကလည်း မြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ရုံးကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီမှာ အလုပ်သမား ၂၀၀၀ ကျော်ကို စကားပြောဆိုခဲ့ပါသေးတယ်။

ဒီအကြောင်းသတင်းသွားယူတဲ့ RFA သတင်းထောက် ကိုအောင်မြတ်စိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

နားဆင်ရန်

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ရွှေ့ပြောင်းအလုပ်သမား ယာယီပတ်စ်ပို့နှင့် မှတ်ပုံတင်အရေး ဒေါ်စုဆွေးနွေးခဲ့

ချင်းမိုင်(မဇ္စျိမ)| ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စ်ပို့ ဈေးနှုန်းမှန်ရေးနှင့် အလုပ်သမားမှတ်ပုံတင် မရသေးသူများကို လုပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ ယာယီပတ်စ်ပို့ရုံး၌ ပြောဆိုလိုက်သည်။

ကြာသပတေးနေ့ ညနေ ၄ နာရီကျော်တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစု နေထိုင်နေသော ဆမွတ်ဆာခွန် ခရိုင် မဟာချိုင်ရှိ မြန်မာအလုပ်သမားများအား ဒုတိယနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းအလုပ်သမား ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်၊ မဟာချိုင်ရှိ ယာယီပတ်စပို့ရုံးမှ ဒုရဲမင်းနှင့် ထိုင်းခရိုင်မှူးတို့နှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားနှင့်  ပြန်လည် တွေ့ဆုံခဲ့သည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ယက်မှ ကိုဇေက ပြောသည်။
Suu-Kyi-in-Mahachai-Thailand-2
ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စ်ပို့ ဈေးနှုန်းမှန်ရေးနှင့် အလုပ်သမားမှတ်ပုံတင် မရသေးသူများကို လုပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ ယာယီပတ်စ်ပို့ရုံး၌ ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

“မနေ့က ကျနော်တို့ ပြောပြတဲ့ အချက်လက်ရှိ မှတ်ပုံမတင်ရသေးတဲ့ အလုပ်သမားတွေကို မှတ်ပုံတင်ပေးဖို့၊ တင်ပြီးတဲ့ လူတွေကိုလည်း ပတ်စပို့လုပ်ပေးဖို့၊ နောက်တချက်က ပတ်စ်ပို့ဈေးနှုန်းမှန် ဖြစ်ပေါ်ရေးကို ပြုပြင်ပေးဖို့ အလုပ်သမား ဒုဝန်ကြီးနဲ့ ဆွေးနွေးတာတွေ ပြန်ပြောပြတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများသည် ယာယီပတ်စ်ပို့အတွက် ပုံမှန်အားဖြင့် ဘတ် ၄,ဝဝဝ ခန့်သာ ကုန်ကျမည်ဖြစ်သော် လည်း ပွဲစားခများ ပေးနေရသဖြင့် ဘတ် ၆,ဝဝဝ ထိ ကုန်ကျနေရသည်ဟု ကိုဇေက ပြောသည်။

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ မြန်မာပြည်သို့ ပြန်လာနိုင်ရန် ကြိုးစားနေကြောင်းနှင့် ပြန်လာလျှင် အလုပ်အကိုင် ရှိရေးအတွက် ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က လေးမိနစ်ခန့်ကြာ မိန့်ခွန်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်သမား ၃,ဝဝဝ ခန့်က အိုးစည် ဗုံမောင်းများဖြင့် ကြိုဆိုကာ “ဒေါ်အေင်ဆန်းစုကြည် ကျန်းမာပါစေ”၊ “အလုပ်သမား တန်းတူအခွင့်အရေး ရရှိရေး”များကို စာတမ်းများ ကိုင်ဆောင်ကြသည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရသင့်ရထိုက်တဲ့ အလုပ်သမား အခွင့်အရေးတွေကို ပြောတယ်။ ဘတ်မရှိတဲ့လူ ဘတ်ရှိအောင် ရရှိရေး၊ ပတ်စပို့ရှိပြီးသား လူတွေကို ဈေးနှုန်းသက်သာဖို့ အဆင်ပြေဖို့အရေးတွေ ပြောသွားတယ်။ ပွဲစားခ၊ ကားခဆိုပြီး ပိုပေးနေရတယ်။ ဒါကြောင့် ခုလို ဒေါ်အောင်ဆန်းစုကြည်လာ ပြောတော့ အများကြီး အားရကျေနပ်ပါတယ်” မဟာချိုင်မှ ရွှေ့ပြောင်းအလုပ်သမား ကိုအောင်လင်းက ပြောသည်။

ထို့ပြင် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မဟာချိုင်ခရီးစဉ်အတွက် ထိုင်းလုံခြုံရေးရဲ ၁ဝဝ ကျော်သာ ရှိသော်လည်း ယနေ့တွင် ထိုင်းလုံခြုံရေး ရဲ အယောက် ၅ဝဝ ခန့် ချထားပေးသည်ဟု ကိုဇေက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်ရှိသည့်အနက် တရားဝင်မှာ ရှစ်သိန်းကျော် ဖြစ်ကြောင်းနိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ MOI နှင့် အလုပ်သမားရေးရာ အဖွဲ့ချုပ်များက ခန့်မှန်းထားသည်။

ညနေ ၅ နာရီဝန်းကျင်တွင် မဟာချိုင်မှ ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ရုံး ဝရန်တာပေါ်မှ အလုပ်သမားများ အတွက် ဥပဒေဘောင်အတွင်းမှ ကူညီပေးသွားမည်ဟု မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း ခံရသည့် အမျိုးသမီးများ၊ လုပ်အားခ ခေါင်းပုံဖြတ်မှုခံရသည့် အလုပ်သမားများ၊ရောင်းစားခံရသည့် အလုပ်သမားများ၊ လုပ်ငန်းခွင် အတွင်း၌ ကိုယ်လက်အင်္ဂါ ဆုံးရှူံးသွားသည့် အလုပ်သမားများဖြစ်ပြီး စုစုပေါင်း အယောက် ၃ဝ ခန့်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကာ အားပေးစကား ပြောခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့ သောကြာနေ့ နံနက်ပိုင်း ၈ နာရီခွဲမှ ၉ နာရီထိ ၂ဝ၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် အာရှအမျိုးသမီးများနှင့် ပတ်သက်၍ မိန့်ခွန်း ပြောကြားရန်ရှိကြောင်း သိရသည်။

ဇွန် ၂ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်မည် ဖြစ်ပြီး ထိုခရီးစဉ်အတွင်း မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်၏ မယ်ထော် ဆေးခန်းသို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်နေ သည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...