Saturday, November 8, 2008

နာဂစ်မုန်တိုင်းအပြီး ၆ လအကြာ သန်းပေါင်းများစွာ ကံဆိုးမိုးမှောင်ကျဆဲ

ဖျက်ဆီးအား ကြီးမားလှသည့် နာဂစ်ဆိုင်ကလုံးမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်အပြီး ၆ လ အကြာတွင် လူပေါင်း တသန်းကျော်မှာ ဆင်းရဲဒုက္ခတွင်း၌ပင် ရှိနေသေးသည်။ သောက်သုံးရေသန့် ရှားပါးမှုနှင့် ကြုံနေရပြီး၊ အစားအစာ ပြတ်လပ်မည့် အန္တရာယ်လည်း ပိုကြီးလာနေသည်။ လူဦးရေထောင်ပေါင်းများစွာမှာ ယာယီအမိုးအကာများ အောက်တွင် နေထိုင်နေရဆဲရှိသည်။ ထိုအထဲတွင် အဆိုးဆုံးကိစ္စမှာ လူ့အခွင့်အရေး ချိုးဖောက်မှုသတင်းများ ပိုမို ပေါ်ထွက်လာနေခြင်း ဖြစ်သည်။

“မြန်မာစစ်တပ်၏ အရာရာကို ထိန်းချုပ်လိုသည့် အစွဲအလမ်း ဥပါဒါန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ လျင်မြန်စွာ ပြန်လည်နာလန်ထူရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် မဖြစ်နိုင်သလောက်ပင် ဖြစ်နေရသည်” ဟု ချင်းမိုင် Payap တက္ကသိုလ် အခြေစိုက် လွတ်လပ်သော မြန်မာပညာရှင် ဦးဝင်းမင်းက ဆိုသည်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စစ်အစိုးရ၏ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများ၊ အတင်းအကျပ် ပြောင်းရွှေ့စေခြင်းများနှင့် အလွန်အကျွံ မြေသိမ်းယူမှုများ တိုးတက် များပြားလာနေသည်ဟူသော သတင်းများကို ထုတ်ဖော် ပြောဆိုလာနေကြသည်။

“လွန်ခဲ့သော ၆ လလုံးလုံး ကယ်ဆယ်ရေး၊ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် စစ်အစိုးရ၏ အဓိက ကူညီပံ့ပိုးမှုမှာ အတင်းအကျပ် နှင်ထုတ်ခြင်းပင် ဖြစ်သည်” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး - AI ၏ မြန်မာပြည်ဆိုင်ရာ သုတေသီ ဘင်ဂျမင်ဇာဝါကီး - Benjamin Zawacki က မဇ္ဈိမကို ပြောသည်။

“လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးသည် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း ဤစိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ထိုအချိန်ကတည်းက နအဖ - SPDC ၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အတင်းအကျပ် နှင်ထုတ်ခြင်းနှင့် ကျေးရွာသားများကို အတင်းအကျပ် ပြောင်းရွှေ့စေခြင်းတို့ကို အများအပြား လုပ်ဆောင်ခဲ့ပါသည်” ဟု သူက ပြောကြားခဲ့သည်။

စစ်အစိုးရ၏ အဆိုးဆုံး မူမမှန်သည့်လုပ်ဆောင်ချက်မှာ ရုပ်ရှင်မင်းသားများ၊ စီးပွားရေးသမားများ၊ ဆရာဝန်များ၊ စာရေးဆရာများ စသည့် ပုဂ္ဂလိက စေတနာ့ဝန်ထမ်း မြန်မာများက မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအပေါ် အထူးစာနာ စိတ်ထိခိုက်ကာ အစားအစာ၊ ဆေးဝါးနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ကူညီလာသည်ကို တားဆီးဖိနှိပ်ခြင်းပင် ဖြစ်သည်။

ဤသို့ သဘာဝကပ်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည့် ရပ်ရွာစေတနာ့ဝန်ထမ်း လုပ်သား ၁ဝဝ နီးပါးမှာ ယခုအခါ ထောင်သွင်း အကျဉ်းချခြင်း ခံနေကြရသည်။ ထိုအထဲတွင် နာမည်ကျော်လူရွှင်တော်နှင့် အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ ဇာဂနာလည်း ပါဝင်သည်။ သူတို့၏ မေတ္တာဂရုဏာအတွက် သူတို့မှာ နှစ်ရှည်ထောင်ဒဏ်များ ကျခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ထိုသို့ ဖမ်းဆီးအရေးယူခံရသူများတွင် ဈာပနကိစ္စအတွက် အလောင်းများကို ဆေးကြောသန့်စင်ပေးမိသူ ၆ ဦးလည်း ပါဝင်သည်။ သူတို့ ထိန်းသိမ်းခံနေရသည်မှာ ယခုအခါ ၃ လကျော် ရှိသွားပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီမှ ဆိုင်ကလုံး ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်ကို မကြာသေးခင်က ဗုံးဖေါက်ခွဲရာတွင် ပါဝင် ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ဒီချုပ်၏ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့သူ ဦးအုန်းကြိုင်မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ကျန်ခဲ့သူများထံ အကူအညီများ ပေးပို့ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ဤ “လူသားချင်းစာနာသည့် သူရဲကောင်းများ” ဟု သူတို့ခေါ်သော သူများသည် မုန်တိုင်းတိုက်အပြီး ပထမ ရက်သတ္တပတ် အနည်းငယ်အတွင်း ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့သူများ ဖြစ်သည်ကို နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများကလည်း ဝန်ခံပြောဆိုခဲ့ကြသည်။ “ပထမ ရက်အနည်းငယ်အတွင်း ဤ ‘စေတနာရှင်များ’ က တကယ့်ကို အပြောင်းအလဲတရပ်ဖြစ်အောင် စွမ်းဆောင်ခဲ့ကြသည်။ သူတို့၏ ကြိုးပမ်းမှုများမှာ စနစ်မကျ အမှားအယွင်းများ ရှိခဲ့သည်ဆိုလျှင်ပင် တကယ့်ကို အရာရောက်ပါသည်” ဟု ရန်ကုန်ရှိ နိုင်ငံတကာ ကြက်ခြေနီဖက်ဒရေးရှင်း - IFRC ၏ အကြီးအကဲ ဘရစ်ဂျက်ဂါဒနာ - Bridget Gardner က မဇ္ဈိမကို ပြောသည်။ ဤစေတနာ့ဝန်ထမ်း ကြိုးပမ်းဆောင်ရွက်မှု အများစုသည် စစ်အစိုးရက နှိမ်နင်းခဲ့သည့်အတွက် ရပ်တန့်သွားခဲ့ကြရသည်။

“အကူအညီပေးရေး လုပ်သားများ၏ အပြောအရ ကလေးများစွာ ကျောင်းပြန်တက်နိုင်ကြပြီ၊ လယ်သမားများကလည်း သူတို့စပါးများ ဘယ်လောက်ထွက်မလဲဆိုသည်ကို စိုးရိမ်တကြီး စောင့်စားနေကြသည်၊ ရက်သတ္တပတ်တိုင်းတွင် အိမ်များ ပို၍ပို၍ ဆောက်လာနိုင်ပြီ။ အဆိုးဝါးဆုံး ထိခိုက်ခံခဲ့ရသည့် မြို့နယ်တွေအကုန်လုံးကို အကူအညီတွေ ရောက်သွားပြီးပါပြီ။ သို့သော် အကူအညီများ နောက်ထပ် လိုနေသေးသည့် နေရာများ ကျန်ရှိနေတုန်းပင်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသာချင်းစာနာသည့် အကူအညီပေးရေး မစ်ရှင်အဖွဲ့ အကြီးအကဲ Bishow Parajuli က ဆက်လက် ပြောဆိုသည်။

လွန်ခဲ့သော ၆ လက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဖျက်ဆီးခဲ့သော ဒေသများတလျှောက်တွင် တနေရာနှင့်မတူ ကွဲပြားသည်ဟု မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်သည့် World Vision ၏ အကြီးအကဲ အက်ရှလေကလီးမင့် - Ashley Clements က ပြောပါသည်။ “ကျနော်တို့ အခု အလှည့်အပြောင်း အချိုးအကွေ့တခုကို ရောက်နေပါပြီ။ ရေရှည်အတွက် အဓိက လုပ်ရတော့မယ့်၊ အထူးသဖြင့် ကလေးတွေအတွက် လုံခြုံမှုရှိတဲ့ ခိုလှုံရာနေရာတွေ ဖန်တီးပေးဘို့၊ ဆိုင်ကလုံးမုန်တိုင်းမှာ ဘာမှ မကျန်တော့တဲ့ လူတွေအတွက် စားဝတ်နေရေး လုံခြုံမှုရှိစေဘို့ ကိစ္စတွေကို ဆောင်ရွက်ပေးရပါမယ်” ဟု သူက ပြောသည်။

ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသော ဒေသအချို့တွင် World Vision မှ သုတေသီများက တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် လွန်ခဲ့သောလအတွင်း စားနပ်ရိက္ခာ ချို့တဲ့မှုကြောင့် တနေ့စားရသော ထမင်းအနပ်ရေကို လျှော့စားနေကြရသည်ဟု ကျေးရွာသား ၃ ဦးတွင် တဦးက ဖြေကြားခဲ့သည်။

အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေး ၃ဝ ရာခိုင်နှုန်းအထိသည် ကျောင်းမအပ်ကြရကြောင်း၊ အသက် ၁၂ နှစ်မှ ၁၇ နှစ် အကြား ကလေး ထက်ဝက်ကျော်သည် ကျောင်းမတက်ကြကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

လောလောဆယ် အရေးပါဆုံး ပြဿဿနာမှာ နီးကပ်လာပြီဖြစ်သည့် ကောက်ရိတ်သိမ်းချိန်ဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး - FAO က လျှို့ဝှက်ခန့်မှန်းရာတွင် လာမည့် ကောက်ရိတ်သိမ်းချိန်တွင် အလျှံပယ် မဟုတ်တောင်မှ အထွက်နှုန်း ကောင်းလိမ့်မည်ဟု ဆိုထားသည်။ လယ်သမားများမှာမူ သူတို့လောက် မျှော်လင့်ချက် မထားကြပါ။

“ကျနော်တို့ကတော့ နောက်နှစ် စိုက်ပျိုးရာသီကိုပဲ စောင့်ရတော့မှာပဲ။ ဒီနှစ်တော့ သိပ်အများကြီး မျှော်လင့်မထားပါဘူး” ဟု မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသတခုမှ သက်ကြီးရွယ်အို ကျေးရွာသားတဦးက ညည်းညူပြောကြားသည်။

မြန်မာပြည်၏ စပါးကျီ၊ အာရှတိုက်၏ တချိန်က စပါးကျီဖြစ်ခဲ့သော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့် မြန်မာရပ်ရွာ လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများကမူ ယခုနှစ်တွင် ထွက်နေကျနှုန်း၏ ၆ဝ ရာခိုင်နှုန်းအောက်သာ ထွက်ရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။ အများစုမှာ ဆားငံရေများကုန်အောင် ထုတ်မပစ်နိုင်သေးဘဲ ကတိုက်ကရိုက် စိုက်ပျိုးခဲ့ရသဖြင့် အထွက်နှုန်းမှာ သိသိသာသာ ထိခိုက်လျော့နည်း ကျဆင်းလိမ့်မည်ဖြစ်သည်။

ကျေးရွာသား အများအပြားအတွက် အိုးအိမ်နှင့် ရေသန့်ရရှိရေးသည် သောကရောက်စရာကြီး ဖြစ်မြဲဖြစ်နေသေးသည်။ “သောက်ရေသန့် မလုံလောက်မှုဟာ အကြီးဆုံး ပြဿနာပါပဲ” ဟု မကြာသေးခင်က မြစ်ဝကျွန်းပေါ်ရှိ သူ့နေအိမ်ရှိရာသို့ သွားရောက်ခဲ့သူ မြန်မာတက်ကြွ လှုပ်ရှားသူတဦးက ဘန်ကောက်ပို့စ် သတင်းစာသို့ အီးမေးလ်ဖြင့် ရေးသား ပြောကြားခဲ့သည်။ ရွာသားများ၏ မှီခိုအားထားရာ သောက်ရေအတွက် မိုးရေသိုလှောင်သည့် ရေကန်များ၏ ၄ဝ ရာခိုင်နှုန်း အောက်သာလျှင် ပင်လယ်ဆားငံရေများ ထုတ်ပစ်နိုင်ခဲ့ပြီး၊ ပြင်ဆင်နိုင်ခဲ့ပြီး ဖြစ်သည်ဟု အဆိုပါ ဒေသတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေသည့် ရပ်ရွာစေတနာ့ဝန်ထမ်း အဖွဲ့အစည်းတခုက ပြောသည်။ ဆိုင်ကလုံးဒဏ်ခံ အဓိက ဒေသများရှိ လူထုကို အဆိုပါ ရပ်ရွာကူညီရေး အဖွဲ့အစည်းတခုက တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာတွင် သုံးပုံနှစ်ပုံမရှိသော လူထုကသာ သူတို့အနေဖြင့် သန့်ရှင်းစိတ်ချရသော သောက်ရေသန့်ကို ရရှိကြသည်ဟု ဖြေကြားခဲ့သည်။

တသန်းခန့်ရှိသော လူများသည် ယခုအချိန်အထိ ယာယီအမိုးအကာ သို့မဟုတ် ယာယီနေအိမ်များတွင် နေထိုင်နေကြရဆဲရှိသည်ဟု မြန်မာ အကူအညီပေးရေး လုပ်သားများက ပြောသည်။ ကုလသမဂ္ဂ ဝန်ထမ်းများ အပါအဝင် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေသော နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများအနေဖြင့် အမြဲတမ်း အိုးအိမ် လိုအပ်နေဆဲရှိသည့် မုန်တိုင်းဒုက္ခသည်ပေါင်း မည်မျှအထိ ရှိသည်ဆိုသည်ကို မခန့်မှန်းနိုင်ကြပါ။

“အာဏာပိုင်တွေ၊ ကုလသမဂ္ဂနဲ့ တခြား အကူအညီပေးနေသူ အများအပြားရဲ့ အထောက်အပံ့နဲ့ လူတွေက သူတို့အိမ်တွေကို တဆင့်ပြီးတဆင့် ပြန်ဆောက်နေကြပါပြီ။ လပွတ္တာနဲ့ ဘိုကလေး ဒေသတွေမှာပဲ ခိုကိုးရာမဲ့ ဒုက္ခသည် ၁၅ဝဝဝ အတွက် အိုးအိမ်တွေ ဆောက်လုပ်ပေးဘို့ ကုလသမဂ္ဂအနေနဲ့ အထောက်အပံ့တွေ လိုနေပါသေးတယ်” ကုလသမဂ္ဂဌာနေ ညှိနှိုင်းဆက်သွယ်ရေးမှူး Bishow Parajuli က ပြောသည်။

သို့သော် အချို့သော ဒဏ်ရာအနာတရများမှာမူ ဘယ်တော့မှ ပျောက်ကင်းသွားနိုင်တော့မည် မဟုတ်ပါ။ မုန်တိုင်းဒဏ်မှ အသက်မသေ လွတ်မြောက်ခဲ့သူများတွင် ကလေးများရော လူကြီးများတွင်ပါ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရသည် ဖျက်မရသော အမဲမှတ်ကြီးအဖြစ် ကျန်နေတော့မည်ဖြစ်သည်။ “အခု ၆ လကြာတဲ့အထိ သူတို့ကျွဲတွေ ထိတ်လန့်တုန်လှုပ်နေတုန်းပဲလို့ လယ်သမားတွေက ပြောကြတယ်။ ဒါဆို ဒီဘေးဆိုးကြီးရဲ့ ထိခိုက်မှုဟာ အထူးသဖြင့် ကလေးတွေမှာ ဘယ်လိုဖြစ်ကျန်ခဲ့မလဲဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်နိုင်ပါတယ်” ဟု အက်ရှလေကလီးမင့်က ပြောသည်။ World Vision ၏ ကွင်းဆင်းလေ့လာချက်တရပ်အရ သူတို့ တွေ့ဆုံမေးမြန်းခဲ့သော ကလေးများ၏ ၇ဝ ရာခိုင်နှုန်းကျော်မှာ လွန်ခဲ့သော မေလ သဘာဝကပ်ဘေးကြီး အပြီးတွင် လေတိုက်ခြင်းနှင့် မိုးရွာခြင်းကို ယခုတိုင် ကြောက်လန့်နေဆဲဖြစ်ကြောင်း သိရသည်။

“ကယ်ဆယ်ရေးလုပ်ငန်းအဆင့်က ပြီးတော့မယ်။ ရေရှည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကို စရတော့မယ်” ဟု ဘရစ်ဂျက်ဂါဒနာ - Bridget Gardner က ပြောကြားသွားကာ၊ “အောင်မြင်မှုတွေလည်း ရှိခဲ့တယ်။ အားနည်းချက်တွေလည်း ရှိခဲ့တယ်။ အနာဂတ်အတွက် သင်ခန်းစာတွေလည်း ရခဲ့ပါတယ်” ဟုလည်း သူမက ဆက်လက်ပြောကြားသွားသည်။

အားလုံးသည် လမ်းကြောင်းမှန်အတိုင်း သွားနေပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နောက်ထပ် ဘဏ္ဍာရေးအထောက်အပံ့များ လိုသည်ဟူသော မြန်မာအစိုးရ၏ အမြင်ကို နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများက လိုလိုချင်ချင် ထောက်ခံကြသော်လည်း အမှန်စင်စစ် ဤမျှလောက် အခြေအနေ မကောင်းလှပါ။ ယခုပင်လျှင် စစ်အစိုးရ၏ သဘာဝမကျသည့် ပုံသေသတ်မှတ်ထားသည့် ငွေလဲနှုန်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပေးသင့်တာထက် ပို၍ ပေးခဲ့ရပြီး ဖြစ်သည်။

“ကနဦးက အက်ဖ်အီးစီကို မသုံးမနေရ သုံးရမယ်လို့ ဆိုခဲ့တာကြောင့် ကုလသမဂ္ဂအနေနဲ့ အနည်းဆုံး ဒေါ်လာ ၅ သန်း ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့ ကျနော် ခန့်မှန်းပါတယ်။ ဒီငွေတွေကို မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် - MFTB ကတဆင့် စစ်အစိုးရက သူ့အိတ်ထဲ ထည့်သွားပါတယ်” ဟု သြစတြေးလျ Macquarie တက္ကသိုလ် မြန်မာ့စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ် ကျွမ်းကျင်သူ ရှောင်တန်းနဲလ် - Sean Turnell က ပြောသည်။

ပိုဆိုးသည်မှာ ကုလသမဂ္ဂ၏ ဖြေရှင်းနည်းဖြစ်သော ဒေသခံ ကန်ထရိုက်တာများကို နိုင်ငံခြားငွေနှင့် ပေးချေခြင်းသည် အလွဲသုံးစားမှုများ၊ ငွေပိုတောင်းခြင်းများ၊ ပြောင်ပြောင်တင်းတင်း လာဘ်စားမှုများကို ပိုမိုဖြစ်ပေါ်စေခဲ့သည်ဟု မစ္စတာ တန်းနဲလ်က မှတ်ချက်ချသည်။ ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသည့် သနားစရာ့ ဒုက္ခသည်များထံ ရောက်ရှိရမည့်အစား စစ်အစိုးရနှင့် အမြီးစားဘက် ခေါင်းစားဘက် ကုမ္ပဏီများမှ ရိတ်ယူသွားခဲ့ကြသည်။ ထို့ပြင် စစ်အစိုးရ၏ ဘတ်ဂျက်နှင့် နိုင်ငံခြားအရန်ငွေကြေးကို တိုးပွားလာစေခဲ့သည်။

နိုင်ငံတကာ လေ့လာ သုံးသပ်သူများကမူ အကူအညီပေးရေး ကြိုးပမ်းမှုများသည် မြန်မာပြည်သူများ၏ ရေရှည်အခြေအနေကို ပို၍ ဆိုးရွားသွားစေခဲ့သည်ဟု ဆိုကြသည်။ ဆိုင်ကလုံးမုန်တိုင်း မတိုက်ခင်ကတည်းက ကြွေးတင်ခြင်းသည် ကြီးမားသော ပြဿနာကြီးအဖြစ် ရှိနေခဲ့ပြီးဖြစ်သည်။ မုန်တိုင်းမတိုက်မီကပင် ကျေးလက်နှင့် မြို့ပြရှိ လူအများစုမှာ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ခံနေခဲ့ကြရသည်။

ဆိုင်ကလုံး မတိုင်မီတွင် အိမ်ထောင်စု ၂ စုတွင် တစုသည် ကြွေးတင်လျက်ရှိကြသည်ဟု ကုလသမဂ္ဂ လေ့လာချက်များက ဆိုသည်။ ဤအခြေအနေသည် မုန်တိုင်းတိုက်ပြီးကတည်းက ပို၍ ဆိုးရွားသွားခဲ့သည်။ ကုလသမဂ္ဂမှ အထူးသဖြင့် လယ်သမားများအတွက် ပေးအပ်သည့် အကူအညီအများစုဖြစ်သော မျိုးစေ့၊ မြေသြဇာ၊ ထွန်ထယ်နှင့် ခိုင်းကျွဲနွား စသည်တို့ကို အထောက်အပံ့များအဖြစ် မဟုတ်ဘဲ ချေးငွေများအဖြစ် အစိုးရအေဂျင်စီများက လွှဲပြောင်းရယူသွားခဲ့ကြသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရသည့် ဒေသ ၃ ခုတွင် ဒေသခံ အိမ်ထောင်စု ၄ဝ ရာခိုင်နှုန်းခန့်မှာ သူတို့ပစ္စည်းပစ္စယများကို ရောင်းချခဲ့ကြရပြီး၊ လွန်ခဲ့သော လအတွင်းကလည်း အိမ်ထောင်စု ၄ဝ ရာခိုင်နှုန်းကျော်မှာ အစားအသောက် ဝယ်ရန်အတွက် ချေးငှါးရခြင်း သို့မဟုတ် အစားအစာ ချေးငှါးရခြင်းတို့ကို လုပ်ဆောင်ခဲ့ကြရသည်။

မြေများ ပိုမိုသိမ်းယူခြင်းကြောင့် ကြွေးတင်မှုသည် ပိုဆိုးလာသည်ဟု စစ်အစိုးရ၏ အထာကို အကျွမ်းတဝင် ဖြစ်နေသည့် လေ့လာသူများက ပြောသည်။ လပွတ္တာတွင် လယ်ဧက ၁ဝဝ ကျော်ရှိ လယ်သမားများကို လယ်ထွန်စက် အကြွေးအဖြစ် စပေါ်ငွေ ကျပ် ၂ သိန်း တင်စေကာ ဝယ်ယူခွင့်ပြုခဲ့သည်။ ကျန်ငွေကို နောင်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ထွန်စက်တစီး၏ တန်ဖိုးမှာ ကျပ် ၁၇ သိန်းဖြစ်သည်။ လယ်သမားအများစုမှာ အဆိုပါ စပေါ်ငွေကို ပေးနိုင်ခြင်းမရှိကြဘဲ အဆိုပါ အကြွေးကို ပြန်ဆပ်နိုင်ရန် လုံလောက်သော ဝင်ငွေရရှိနိုင်မည့် မျှော်လင့်ချက်လည်း နည်းလှသည်။ ထို့ကြောင့် သူတို့အနေဖြင့် လယ်ယာမြေများကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခဲ့ကြရသည်။

ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသတလျှောက်တွင် ဤသို့ မြေများသိမ်းယူမှုသည် မကြာခဏ ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့သည်။ “မြစ်ဝကျွန်းပေါ်ဒေသရှိ မြေကွက်များကို ပိုင်ဆိုင်ကြောင်း အထောက်အထားများကို ရွာသားအနည်းစုကပဲ တင်ပြနိုင်ကြတယ်။ အတော်များများကတော့ သူတို့လယ်တွေကို စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းတွေနဲ့ တခြား အကျိုးစီးပွားတွေအတွက် သူတို့မြေကွက်တွေကို စွန့်လွှတ်ခဲ့ကြရတယ်” ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ Benjamin Zawacki က မဇ္ဈိမကို ပြောသည်။

အဆိုပါ လယ်မြေများကို ထွန်ယက်စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းမရှိလျှင် ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်းဖြင့်လည်း အစိုးရက အဆိုပါ လူထုကို ပြောကြားထားခဲ့ပြီးဖြစ်သည်။ သို့သော် ဤသို့ ထွန်ယက်စိုက်ပျိုးနိုင်ရန် လိုအပ်သော လယ်လုပ်ကိရိယာနှင့် မည်သည့် စက်ပစ္စည်းများကိုမျှ အစိုးရက ပေးအပ်ခြင်း မရှိခဲ့ပါ။ ဤ ဂျာအေး သူ့အမေရိုက်နေသော အခြေအနေကြောင့် ‘အများအကျိုးအတွက်’ ဟူသော ခေါင်းစဉ်ဖြင့် လယ်ယာမြေမှ အတင်းအကျပ် နှင်ထုတ်ခံရခြင်းများ၊ မြေယာ အကြီးအကျယ် သိမ်းယူခြင်းများ ပေါ်ပေါက်လာခဲ့သည်။

ဤအခြေအနေက ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေခဲ့သည်။ အထူးသဖြင့် ကြွေးမြီ ပြန်လည်ပေးဆပ်ခြင်း မပြုနိုင်သည့် ကျေးလက်ရှိ လယ်သမားများ ပိုခံခဲ့ကြရသည်။

ထို့ကြောင့် ၆ လကြာခဲ့ပြီ ဖြစ်သော်လည်း သန်းပေါင်းများစွာသော ကျေးရွာသားများမှာ မကြာခင် အခြေအနေ ကောင်းလာတော့မည်ဟူသော မျှော်လင့်ချက်များ နည်းသည်ထက် နည်းလာနေပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အနာဂတ်ကို ရင်ဆိုင်နေကြရသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများက လူသားချင်း စာနာသည့် နယ်ပယ်တွင် တိုးမြှင့်အကူအညီပေးရေး ကိစ္စများကို ပြောဆိုနေကြသော်လည်း၊ စစ်အစိုးရ၏ အရာရာကို ထိန်းချုပ်ထားလိုသည့် စွဲလမ်းမှု ဥပါဒါန်ကြောင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများမှာ မလွဲမသွေ ပျက်စီးရမည့် အခြေအနေရှိနေသည်။ မြန်မာပြည်သူများအတွက်လည်း တခါမျှ မကြုံဖူးသည့် အဆိုးဆုံး အခြေအနေနှင့် ကြုံတွေ့ကြရဦးမည်ဖြစ်သည်။

“သူတို့က သဘာဝကပ်ဘေးက ကယ်ဆယ်ဘို့ပဲ တုံ့ပြန်လုပ်ဆောင်နေကြတာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် စိုးရိမ်ပူပန်မှုတွေကို နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေက အကြီးအကျယ် လျစ်လျူရှုထားကြတယ်” ဟု Benjamin Zawacki က ပြောသည်။

“ချက်ချင်း ကယ်ဆယ်ရေး လုပ်ရတဲ့အဆင့်မှာ ဒီလိုဖြစ်တာတွေကို နားလည်နိုင်ပေမယ့်၊ အခုအချိန်အထိ ဖြစ်နေတာကိုတော့ လုံးဝလက်ခံလို့ မရပါဘူး။ အခုလို စိုးရိမ်ပူပန်ရတာတွေ ရှိနေတာကို ကုလနဲ့ တခြားအဖွဲ့တွေက အသိအမှတ်ပြုဘို့နဲ့ ဖြေရှင်းဘို့ ပျက်ကွက်နေသမျှ၊ မြန်မာနိုင်ငံ ပြန်လည်နာလန်ထူရေး လုပ်ငန်းဟာ ရေရှည်မှာ ကြာကြာခံမှာ မဟုတ်ဘူး” ဟု သူက သတိပေးပြောကြားသွားခဲ့သည်။

လာရီ ဂျေဂင်
သောကြာနေ့၊ နိုဝင်ဘာလ 07 2008 13:14 - မြန်မာစံတော်ချိန်

(လာရီဂျေဂင် - Larry Jagan သည် မြန်မာ့အရေး ကျွမ်းကျင်သူ ဘန်ကောက်အခြေစိုက် အလွတ်သတင်းစာဆရာ တဦးဖြစ်ပြီး၊ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်၏ မျက်မှောက်ရေးရာ သတင်းနှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ အယ်ဒီတာဟောင်း တဦးလည်း ဖြစ်သည်။)

မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူမျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

Friday, November 7, 2008

လူတွေအားလုံး ပျော်ကြမှာပဲ


တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။

ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"

ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"

တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...

"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။


စာရေးသူ ။ ။ အမည်မသိ
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 6, 2008

အမေ့ရုပ်ရည်

ကျနော့် အနှစ်သက်ဆုံး သီချင်းလေးအား မျှဝေခံစားပါ၏ ။





တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.youtube.com မှ ကူးယူတင်ပြခံစားပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, November 5, 2008

မြန်မာ့အရေးမှာ အမေရိကန် သမတအသစ် ဘယ်လိုရှိမလဲ

ပထမဆုံး လူမဲသမတအဖြစ် မစ္စတာ ဘားရက် အိုဘားမားအား ယနေ့တွင် အမေရိကန် ပြည်သူများက မဲအပြတ်အသတ်ဖြင့် ရွေးချယ်လိုက်ပြီ ဖြစ်သည်။ သူသည် ဒီမိုကရက်ပါတီဝင် ဆီးနိတ် အထက်လွှတ်တော်အမတ် ဘ၀ကတည်းက မြန်မာ့ ဒီမိုကရေစီရေးအတွက် သဘောထားအမြင်များ ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။

လာမည့် သူ၏ သမတသက်တမ်းအတွင်း မြန်မာ့အရေး စွမ်းဆောင်မှုများ မည်ကဲ့သို့ အလားအလာရှိမည်လဲ၊ အမေရိကန်နိုင်ငံ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ ဖြစ်သွားမလား၊ သူသည် နိုင်ငံရေးမှာ ဘယ်လို လူစားမျိုးလဲဆိုသည့် စိတ်ဝင်စားဖွယ် မေးခွန်းများကို ပြည်တွင်းပြည်ပရှိ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်အချို့ထံ မဇ္ဈိမသတင်းထောက် ဆလိုင်းပီပီနဲ့ ဇာနည်တို့က ဆက်သွယ် မေးမြန်းထားပါသည်။

ဦးဉာဏ်ဝင်း
ပြောခွင့်ရပုဂ္ဂိုလ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD)

ကျနော် ခံစားရတာက လူ ငယ်တယ်။ ပညာတတ်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုး ရွေးချယ်ခံရတာကို ကျနော်အနေနဲ့ ကျေနပ်တယ်။ ကျနော်တို့အနေနဲ့ အမေရိကန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို မျှော်လင့်လဲဆိုတာ ကျနော် မပြောနိုင်ဘူး။ သူတို့ တကယ်လုပ်တဲ့ အလုပ်အပေါ်မှာ ပြောမှဖြစ်မယ်။ ကျနော်တို့ နားလည်တာကတော့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒကတော့ အပြောင်းအလဲရှိမှာ မဟုတ်ဘူး။ ပင်ကိုယ်မူဝါဒ၊ လုပ်နည်းကိုင်နည်းတော့ လူပုဂ္ဂိုလ်က တဦးနဲ့တဦး တူမှာမဟုတ်ဘူး။ ဘာဖြစ်လာမှာလဲ၊ ဘာလုပ်မလဲဆိုတာ ဒီအချိန်မှာ ပြောလို့ မဖြစ်ပါဘူး။ သူတို့ဆောင်ရွက်တဲ့ အပေါ်မှာပဲ ပြောမှပါ။

ဦးအေးသာအောင်
အတွင်းရေးမှူး (လွှတ်တော်ကိုယ်စားပြုကော်မတီ - CRPP)

ကျနော့်အမြင်ကို ပြောရရင် အမေရိကန် စီးပွားရေး ရုတ်တရက် ကျတာရယ်၊ အီရတ်စစ်ပွဲအပေါ် အမေရိကန် ပြည်သူတွေရဲ့ ငြီးငွေ့လာမှုရယ်၊ အဲဒီအပေါ်မှာ ရီပတ်ပလစ်ကန်အပေါ် အမေရိကန်ပြည်သူတွေက မကျေမနပ် ဖြစ်ပြီးတော့ အိုဘားမားကို ပေးလိုက်တယ်လို့ မြင်ပါတယ်။ အဲဒါ ဒီနေရာမှာ ဂျွန်မက်ကိန်းနဲ့ အိုဘားမားရဲ့ နိုင်ငံရေး လုပ်သက်၊ ၀ါသဘောတွေက ကွာပါတယ်။ မက်ကိန်းကတော့ ၀ါရင့် ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ အတွေ့အကြုံလည်း ရှိတယ်။ အမေရိကန်သမတ တယောက်ဟာ အတွေ့အကြုံတွေနဲ့ ၀ါရင့် ပုဂ္ဂိုလ်တယောက်ကသာ ဖြစ်သင့်တယ်။ အိုဘားမားကတော့ နိုင်ငံရေး အတွေ့အကြုံအားဖြင့်လည်း နည်းတယ်။ သူပြောနေတဲ့ စကားတွေဟာ လက်တွေ့မဆန်ဘူး။ လူအများ ကြိုက်အောင်၊ လူပြိန်းကြိုက်အောင် မဲဆွယ်စည်းရုံးနေတဲ့ သဘောပဲ။ တကယ်တော့ လက်တွေ့မကျဘူး။

မက်ကိန်းကတော့ မြန်မာပြည်ကို ရောက်ဖူးတယ်။ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဖူးတယ်။ စိတ်ဝင်စားမှုလည်း ရှိတယ်။ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်လို့ ထိတွေ့မှု မရှိဘူး။ ဒီလို ကွာခြားမှုတော့ ရှိတာပေါ့။ ဒါပေမဲ့ အမေရိကန်ရဲ့ ပေါ်လစီကတော့ ပြောင်းလဲမယ်လို့ မထင်ဘူး။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လျှောက်လှမ်းတဲ့နေရာမှာ တက်တက်ကြွကြွ ဆောင်ရွက်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အမေရိကန်သမတပဲ ပြောင်းပြောင်း၊ ပြောင်းလဲမှုအပေါ်မှာ မြန်မာနိုင်ငံရေး အပြောင်းအလဲကို ကြည့်ပြီးတော့ သက်ရောက်မှု ရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ မမြင်ပါဘူး။ တစုံတခု အတိုင်းအတာအထိတော့ နိုင်ငံရေး အပြောင်းအလဲကို ဖြစ်စေလိမ့်မယ်ဆိုတဲ့ အထိတော့ မမျှော်လင့်ပါဘူး။

ဦးခွန်စိုင်း
(တိုင်းရင်းသားလူမျိုးများကောင်စီ - ENC)
ကျနော် သိသလောက်ကတော့ အိုဘားမားအနေနဲ့ ပေါ်လစီက မြန်မာပြည်နဲ့ ပတ်သက်လို့ရှိရင် စေ့စပ်ရေးဆိုတော့ ဘာပဲဖြစ်ဖြစ် မြန်မာပြည်အတွက်က မျှော်လင့်စရာတော့ ရှိတယ်လို့ ပြောလို့ရပါတယ်။ လုံးဝ လျစ်လျှူရှုထားမှု မရှိဘဲ အတိုင်းအတာတခုအထိ လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ မြန်မာပြည်အတွက် မဆိုးပါဘူး။ ကောင်းလာမယ့် အခြေအနေ ရှိပါတယ်။

လုပ်ပုံလုပ်နည်းကတော့ ကွဲပြားနိုင်တယ်။ အိုဘားမားအနေနဲ့ စေ့စပ်ညှိနှိုင်း နိုင်ငံရေးနည်းလမ်းအရ ပျော့ပျော့ပြောင်းပြောင်း လုပ်မယ်လို့ မြင်ပါတယ်။ ပါလာတော့မယ်လေ။ စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးဆိုတဲ့ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။

ဒေါက်တာစန်းအောင်
ဝန်ကြီး (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ - NCGUB)

အမေရိကန်သမိုင်းမှာက အကွေ့အချိုးကြီး တခုလို့ မြင်တယ်။ အရင်တုန်းကဆိုလို့ရှိရင် လူမဲတွေက အဖိနှိပ်ခံ ဖြစ်နေတယ်။ ဘာပဲပြောပြော အခုဟာက အရင်တုန်းက ကျွန်ဖြစ်ခဲ့တဲ့ လူမျိုးဟာ အခု ဒီမိုကရေစီ စနစ်အောက်မှာ နိုင်ငံတော်ရဲ့ သမတ ဖြစ်နိုင်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်။ ကျနော်တို့လို တိုင်းပြည်မှာ ပြန်ကြည့်မယ်ဆိုရင် အဲဒါက ကောင်းတဲ့ အစဉ်အလာပဲ။ ကျနော်တို့ တိုင်းပြည်မှာက လူမျိုးပေါင်းစုံ၊ ဌာနပေါင်းစုံ ရှိကြတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ထွန်းကားမယ်ဆိုရင် ဘယ်သူမဆို ကိုယ့်အရည်အချင်းပေါ်မှာ လူထုရဲ့ ယုံကြည်ချက်ပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့ တာဝန်ကို အမြင့်မားဆုံး အဆင့်ကနေ ထမ်းဆောင်နိုင်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်။

နောက်တခုက အရင်တုန်းကလည်းပဲ အင်ဒိုနီးရှားနိုင်ငံမှာ တာဝန်ယူခဲ့တာ၊ လုပ်ခဲ့စဉ်က အိုဘားမားကို အထင်ကြီးခဲ့တာဆိုတော့ အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးက ပိုကောင်းလာနိုင်တယ်လို့ ကျနော်ယူဆတယ်။ ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒက ကောင်းပါတယ်။ ဘယ်လိုပဲပြောပြော မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ ကျနော်မြင်တာက ရီပတ်ပလစ်ကန်ပဲနိုင်နိုင်၊ ဒီမိုကရက်ပဲနိုင်နိုင် ကျနော်တို့ မြန်မာပြည်နဲ့ ပတ်သက်လို့ လုပ်ခဲ့တာက ကလင်တန်လက်ထက်မှာလည်း မြန်မာပြည်အရေးကို လုပ်ခဲ့တာပဲ။ ဂျော့ဘုရှ်ပဲကြည့်ကြည့်။ ကျနော်ပြောချင်တာက မြန်မာ့အရေးနဲ့ ပတ်သက်လို့ နှစ်ပါတီစလုံးရဲ့ သဘောထားပါပဲ။ ရီပတ်ပလင်ကန်က ထောက်ခံတယ်၊ ဒီမိုကရက်တစ်က ဆန့်ကျင်တယ်ဆိုတာ မရှိပါဘူး။ အနိမ့်ဆုံးအဆင့်က ဒီအတိုင်းပဲ ရှိမယ်။ ဒါပေမဲ့ အိုဘားမား နိုင်တဲ့အတွက် အစောကပြောတဲ့ အချက်တွေပေါ် မူတည်ပြီးတော့ အလားအလာတွေ ကောင်းနိုင်တယ်လို့ မြင်ပါတယ်။

အမေရိကန်က တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုတယ်။ ဂျော့ဘုရှ်ကနေ လုပ်တော့ လုပ်ခဲ့တယ်။ တော်တော်ကြီးကို ကြိုးပမ်းလုပ်ခဲ့တယ်။ သူက လမ်းတွေ ဖောက်ခဲ့တယ်။ လမ်းဖောက်တဲ့အပေါ်မှာ မူတည်ပြီးတော့ အိုဘားမား လုပ်နိုင်တယ်ဆိုရင် လုပ်နိုင်မယ်လို့ မြင်တယ်။ သူ့အတွက် အခွင့်အလမ်းတွေ ပွင့်နေတယ်လို့ မြင်တယ်။

နန်းချမ်တောင်း
(ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း - Shan Women Action Network - SWAN)

သူ သမတဖြစ်တာ ကျမတို့ ကြိုဆိုပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ ပေါ်လစီနဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အသစ်သော အားပေးထောက်ခံမှု ပေးလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နိုင်ငံရေးဖိအားတွေ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေကို အမြန်ပြောင်းလဲဖို့ လိုအပ်နေတယ်။ အဲဒီအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဖိအားပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အဲဒါ တကယ်လည်း အရေးကြီးနေတယ်။ ကျမတို့ကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် ထောက်ခံအားပေးဖို့ နိုင်ငံတကာ ဖိအားရရှိအောင် ဆက်လုပ်သွားပါမယ်။

ဦးညိုအုန်းမြင့်
နိုင်ငံခြားရေးရာဌာန တာဝန်ခံ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ၊ NLD – L/A)

ကျနော်တို့အနေနဲ့က မစ္စတာ အိုဘားမားက အရှေ့တောင်အာရှ၊ အင်ဒိုနီးရှားမှာလည်း နေဖူးတယ်ပေါ့နော်။ ဒီလိုဆိုတော့ ဒီအာရှတိုက်သားတွေရဲ့ အနေအထား၊ ရုန်းကန်မှုကို သူ ပိုသိမယ်လို့ ထင်ပါတယ်။ သူ့အနေနဲ့ ဖိအားတင် မကပါဘူး၊ ကျန်တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပိုမို ထိတွေ့ပြီးတော့ မြန်မာပြည်မှာ တကယ်ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျနော်တို့ NLD – LA အနေနဲ့ကတော့ ကြိုဆိုရမှာပေါ့နော်။

သမတအသစ် ဖြစ်တဲ့အတွက်ကြောင့် ပေါ်လစီအသစ်လည်း ဖြစ်မယ်။ ဒီအတွက် ကျနော်တို့အနေနဲ့ သူ့ဘက်က မျှော်လင့်ချက် တော်တော်များများ ရှိလာမယ်လို့ ထင်ပါတယ်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်တဲ့ အနေအထားမျိုးကို မစ္စတာ အိုဘားမားအနေနဲ့ ပိုပြီးစိတ်ဝင်စားမယ်လို့ ကျနော် ထင်ပါတယ်။

နောက်တခုက သူကိုယ်တိုင်က လူနည်းစု အဖိနှိပ်ခံကနေ လာတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ သူ့ရဲ့ ပေါ်လစီသစ်တွေကို ကြောက်ဖို့ မလိုဘူး။ ကျနော်တို့အတွက် ပိုအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ တချို့ကတော့ ဖိအားအရမ်းပေးတဲ့ ရီပတ်ပလစ်ကန် သမတသာလျှင် မြန်မာပြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်တာ၊ ပိတ်ဆို့တာ။ အဲလိုမျိုးတွေလုပ်မှ မြန်မာပြည်ရဲ့အရေးကို လုပ်ပေးတယ်လို့ ကျနော်တို့ တော်တော်များများက ဒီလိုပဲ ခံယူပါတယ်။ ကျနော့်အနေနဲ့ကတော့ အပြုသဘောဆောင်တဲ့၊ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတခုကို မစ္စတာ အိုဘားမားကနေပြီးတော့ မြန်မာပြည်အတွက် လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


စလိုင်းပီပီ၊ ဇာနည်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 05 2008 23:07 - မြန်မာစံတော်ချိန်

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူမျှဝေပါ၏

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန် သမ္မတသစ်အပေါ် မြန်မာတို့အမြင်

မနေ့ကစတင်ကျင်းပတဲ့ ၂၀၀၈ ခုနှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ၅၂ ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့ပြီး တကမ္ဘာလုံးကမျှော်နေကြတဲ့အတိုင်း အာဖရိကနွယ်ဖွား ဘရက်ခ် အိုဘားမား (Barack Obama) ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့ပါပြီ။


ပထမဆုံး လူမည်းသမ္မတဖြစ်လာသည့် အိုဘားမားက မဲဆန္ဒရှင် ပြည်သူများကို မိန့်ခွန်းပြောကြားရင်း လက်ပြနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - အေပီ)

လေးနှစ်ကိုတကြိမ်ပုံမှန်ကျင်းပနေကြ အမေရိကန်ရွေးကောက်ပွဲဟာ မဲဆန္ဒရှင် အမေရိကန်ပြည်သူတွေချည်းသက်သက် စိတ်ဝင်စားတဲ့ ရွေးကောက်ပွဲမျိုးမဟုတ်ဘဲ တကမ္ဘာလုံးက ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်လေ့ရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်သလို အမေရိကန်သမ္မတတွေရဲ့ ဆုံးဖြတ်ချက်ဟာလည်း ကမ္ဘာ့လူသား တွေအပေါ် သက်ရောက်မှုတွေရှိနေတာကြောင့် လူအများအာရုံထားမှုကို ခံရတာ ဖြစ်ပါတယ်။

ဒီတခေါက်ပြုလုပ်တဲ့ရွေးကောက်ပွဲကတော့ အရင်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့မတူ ထူးခြားနေလို့ တကမ္ဘာလုံးရဲ့ အာရုံ စိုက်ခြင်းကို ခံရတာလည်း ဖြစ်ပါတယ်။ အဲဒီထူးခြားချက်ကတော့ ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ သမ္မတလောင်းဟာ အာဖရိကန်နွယ်ဖွား လူမည်းတယောက် ဖြစ်နေလို့ပါပဲ။

အမေရိကန်ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း အထူးစိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့ကြပါတယ်။

ရန်ကုန်မှာရှိနေတဲ့ သတင်းသမားတဦးကတော့ “အဲဒီရွေးကောက်ပွဲကို စလောင်းတွေကနေ တိုက်ရိုက် စောင့်ကြည့်ကြတယ်။ သာမန်ပြည်သူကအစ ဘယ်သူသမ္မတဖြစ်မလဲဆိုတာကို စိတ်ဝင်စားကြတယ်။ အဓိကတော့ လူမည်းသမ္မတဖြစ်တာကြောင့်ပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။

ကုမ္ပဏီ ဝန်ထမ်း တဦးကလည်း “ကျနော်သာ အမေရိကန်တယောက်ဆိုရင် သူ့ကိုပဲ (အိုဘားမား) မဲပေးမိမှာ၊ ပြည်သူ တွေက ဆော်မယ်တီးမယ်ဆိုတာကို သိပ်မလိုချင်ကြတော့ဘူးလေ” လို့ ပြောပါတယ်။

ကွန်ပျူတာပညာရှင်တဦးကမူ “အိုဘားမားကိုကြိုက်တဲ့သူများတာကတော့ သူကအသက်ငယ်လို့ တက်တက်ကြွကြွလုပ်နိုင် မယ်လို့မျှော်လင့်လို့၊ နောက်ပြီး အမေရိကန်ပြည်သူတွေက ခုချိန်မှာ အပြောင်းအလဲကို အရမ်းလိုချင်နေကြတယ်။ အဲဒါကြောင့် အိုဘားမားကို ထောက်ခံကြတာ” လို့ ပြောပါတယ်။

တချို့ကလည်း ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းပေါ်မူတည်ပြီး အမေရိကန် သမ္မတသစ်ကို စိတ်ဝင်စားကြတာပါ။ မစ္စတာ အိုဘားမား ကကော အမေရိကန်ပြည်သူတွေအပြင် ကမ္ဘာ့ပြည်သူတွေအကြိုက် ဘာတွေများလုပ်ပြဦးမလဲဆိုတာကို စိတ်ဝင်စားသူက ထုနဲ့ဒေးပါ။

“လူတွေက အီရတ်စစ်ပွဲအခြေအနေကိုသိချင်ကြတယ်၊ သမ္မတ ဘုရှ်က အီရတ်ကိုတိုက်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချပေးခဲ့ တာကို သဘောတွေ့ကြတယ်။ အာဏာရှင်ကိုဒီလိုဖြုတ်ချခဲ့တယ်ဆိုတာကို တော်တော်များများက လက်ခံကြတယ်။ ကျနော်တို့ဆီမှာကော အဲလိုဖြစ်မလာနိုင်ဘူးလားဆိုပြီး မျှော်ကြတယ်။ ဆိုလိုတာက မြန်မာ့နိုင်ငံရေးကို အမေရိကန်က ကယ်နိုင်တယ်ဆိုပြီးမျှော်လင့်နေကြတယ်” လို့ မြန်မာပြည်သူတွေကြားက ပြောဆိုမှုတွေကို အထက်ပါ သတင်းသမားက ပြန်လည်ရှင်းပြပါတယ်။

တချို့ကလည်း အမေရိကန်ပြည်သူတွေက မစ္စတာ အိုဘားမားကို သမ္မတ အဖြစ် ရွေးလိုက်ခြင်းအားဖြင့် ကမ္ဘာပေါ်က အသားအရောင်ခွဲခြားမှုတွေဟာ ၂၁ ရာစုမှာ အဆုံးသတ်သွားပြီလို့ သုံးသပ်ကြပါတယ်။

မြန်မာ စာရေးဆရာအများစုကလည်း အိုဘားမား နိုင်မယ်ဆိုပြီးခန့်မှန်းခဲ့ကြလို့ အခုတော့သူတို့ရဲ့ အတွေးတွေ တကယ်ဖြစ် လာခဲ့ပြီဆိုပြီး ဝမ်းသာနေကြပါတယ်။

မစ္စတာ အိုဘားမား အနိုင်ရခဲ့လို့ မြန်မာပြည်သားအများစုက ဝမ်းသာကြည်နူးနေချိန်မှာ တချို့ကလည်း မတူညီတဲ့ စိတ်ခံစား မှုတွေ ဖြစ်နေကြပါတယ်။

နိုင်ငံတကာ နိုင်ငံရေးသုံးသပ်ချက် ရေးသားနေသည့် ပြည်တွင်းက စာရေးဆရာတဦးက “ကျနော်ကတော့ မက်ကိန်းရှုံးသွား လို့ စိတ်မကောင်းဘူး။ သူကအောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖူးတယ်။ မြန်မာ့အရေးကို ပိုလုပ်နိုင်မယ်ထင်တယ်။ နောက် သူက အသက်ကြီးတော့ အတွေ့အကြုံပိုရှိတယ်။ စစ်ရေးကော အုပ်ချုပ်ရေးမှာကော ပိုပြီးလုပ်နိုင်မယ် ထင်တယ်” လို့ ပြောပါတယ်။

အခုအချိန်မှာက မြန်မာပြည်သူတွေဟာ တခြားသော ကမ္ဘာ့နိုင်ငံတွေမှာလိုပဲ အမေရိကန်ရွေးကောက်ပွဲအကြောင်းကိုသာ ပြောဆိုနေကြတာ များပါတယ်။

နိဂုံးချူပ်ရရင်တော့ အမေရိကန်သမ္မတရွေးကောက်ပွဲကို အထူးစိတ်ဝင်စားကြတဲ့ မြန်မာ့ပညာတတ် အသိုင်းအ၀န်းမှာ အိုဘားမား နိုင်တာကို ကြိုဆိုကြတယ်။ နိုင်ငံတိုင်းမှာ ဒီမိုကရေစီစနစ်ပင်ဖြစ်လင့်ကစား အပြောင်းအလဲကို မြင်ချင်ကြတယ်၊ လိုချင်ကြတယ်ဆိုတာ ပိုထင်ရှားလာတယ်။

မြန်မာနိုင်ငံလို စစ်အာဏာရှင်အောက်မှာနေကြတဲ့ ပြည်သူတွေအားလုံးလည်း အပြောင်းအလဲကို အရမ်းလိုချင်နေကြတယ်။ ကိုယ့်ဆီမှာ မျှော်လင့်လို့မရတာကို သူများတိုင်းပြည်က ရွေးကောက်ပွဲကိုကြည့်ပြီး

အမေရိကန်ပြည်သူတွေနဲ့အတူ အပြောင်းအလဲကိုထောက်ခံအားပေးနေကြတယ်ဆိုတာ သေချာလွန်းလှပါတယ်။

ကိုသက် | နိုဝင်ဘာ ၅၊ ၂၀၀၈

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူတင်ပြပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Sunday, November 2, 2008

အနှစ် ၂ဝ

ရှစ်လေးလုံးက ဖွားသစ်
နိုဝင်ဘာ ၁၊ အနှစ် ၂ဝ။

အာဏာရှင်စနစ်
ဆန့်ကျင် ခုတ်ထွင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

တော်လှန်စစ်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

လူထုတိုက်ပွဲ
အသည်းရင်ခွင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

လူမျိုးစုံတံတား
ကျောသားရင်သား၊ ယှက်နွယ်ရစ်ငင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

ကာနယ်ချစ်ကာင်းရဲ့
အနှစ် ၂ဝ
မောင်သော်ကရဲ့
အနှစ် ၂ဝ
ကဗျာရေးတဲ့
အနှစ် ၂ဝ
မိတ်ဆွေတွေ ရှား
မိစ္ဆာတွေများ
ပြိတ္တာတွေပွားတဲ့
အနှစ် ၂ဝ။

စာသင်သားတွေ
ပြည်ရွာမြေထဲ
ခြေစွာနေဆဲ
အနှစ်၂ဝ။

တောင်ယာဆန်နဲ့
ဖိနပ်မဲ့
ဓားနဲ့ လှံချစ်
အနှစ် ၂ဝ။

တော်လှန်ရေးသစ္စာ
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။


မောင်လွမ်းဏီ
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 11:56 - မြန်မာစံတော်ချိန်

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေ ပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

အနှစ် ၂၀ ထဲက ကျောင်းသားတပ်မတော်

ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ်၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) . အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။ ကျနော်က ABSDF (ကျောင်းသားတပ်မတော်) ပထမမျိုးဆက် ဖြတ်သန်းခဲ့သည့် ခရီးလမ်းကို စေ့ငုနေမိသည်။ အနှစ် ၂၀ သို့ ဒုတ်ဒုတ်ထိရောက်၍ ABSDF ၏ ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။

ABSDF ပထမမျိုးဆက်၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ ---

ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
- ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။

- ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိနေ သော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်းနိုင်ခဲ့သည်။

- ၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော်သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင် နိုင်ခဲ့သည်။

- စစ်အုပ်စု၏လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိနိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈ ။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည်ခံယူကာ နေ၀င်း စစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည် အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ၏ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်းဖွဲ့စည်းခဲ့နိုင်ခဲ့သည်။

- ဗမာပြည်ကျောင်းထုတရပ်လုံးနှင့်ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသားနိုင်ငံရေး လမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေး လမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။

- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြောသဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်။ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။

- ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။

ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက်. အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခ္စာဆောင်သည့် ထိုးစစ်ကြီးများအဖြစ် အောက်ပါတို့ကို တွေ့ရမည် ဖြစ်သည်။
- DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ ရေး မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။

- အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိ ရေးအတွက် ဆင်နွှဲသည့်စစ်ဆင်ရေးဖြစ်သည်။ တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် ရန်သူစစ်အုပ်စု၏ “နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)” အား ABSDF အပါအ၀င် လက်ဝဲ လက်ယာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂုဏ်သိက္ခာတက်စေခဲ့သည်။ ဤသည်လည်း ABSDF ပထမမျိုးဆက်၏ကောင်းမှုဟုပင် ယူသော်ရမည် ထင်သည်။

ABSDF ၏ အနှစ် ၂၀ ခရီးမှ အရေးကြီးမည်ထင်သည့် ဖြစ်စဉ်အစိတ်အပိုင်းတချို့အား ပြန်ကြည့်ဖြစ်သည်။ ၁၃၅၀ ပြည့် အရေးတော်ပုံတွင် ဗကသ အား လူသိရှင်ကြား ဖွဲ့စည်းလိုက်နိုင်သည်။ အရေးတော်ပုံအတွင်း လူထု. အကြမ်းမဖက် သပိတ်တိုက်ပွဲ ပြင်းထန်မြင့်မားလာသည်နှင့်အမျှ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှု ကလည်း ပြင်းထန်မြင့်မားလာသည်။ ရန်သူစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို မခံမရပ်နိုင်ဖြစ်လာသည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတရပ်လုံးက အမြင့်ဆုံးတိုက်ပွဲ ကြွေးကြော်သံဖြင့် တခဲနက် တိုက်ပွဲ ခေါ်ခဲ့သည်။ “ရ ရင် ရ။ မရရင် ချ” ထိုကြွေးကြော်သံသည် ရန်သူစစ်အုပ်စု အကြောက်ဆုံးသော တိုက်ပွဲ ခေါ်သံပင်။ စစ်အုပ်စုက အချိန်မဆိုင်းပဲ အရေးတော်ပုံကို အင်အားသုံးဖြိုခွဲခဲ့သည်။ ထိုသို့ဖြင့် ၁၃၅၀ ပြည့် အရေးတော်ပုံသည် တပါတီ စစ်အ္စာာရှင်ဖြစ်သော မဆလအား ဗမာပြည်မြေပေါ်မှ ရှင်းလင်းဖယ်ရှား လိုက်နိုင်သည့် တစိတ်တပိုင်း အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ရသည်။ သို့သော် ၁၃၅၀ ပြည့်အရေးတော်ပုံ က ကောင်းမှုတွေတော့ ထားခဲ့နိုင်သည်။ ပါတီစုံဒီမိုကရေစီစနစ်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ်။ ဗမာပြည် ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။ နောက်ဆက်တွဲအနေဖြင့် ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်။

ABSDF (ကျောင်းသားတပ်မတော်)။ ၁၃၅၀ ပြည့် အရေးတော်ပုံသည် အထွေထွေလူထုတိုက်ပွဲဖြစ်သလို ကျောင်းသားတိုက်ပွဲ အဖြစ်လည်း ကမ္မည်းတွင်သည်။ တစိတ်တပိုင်းအောင်မြင်မှုများဖြင့် အရေးတော်ပုံ အဆုံးသတ်သွားသောအခါ တိုက်ပွဲဝင် ကျောင်းသား လူငယ်များစွာ တောခိုခဲ့ကြသည်။

တောခိုကျောင်းသားလူငယ်များသည် ၁၃၅၀ ပြည့် အရေးတော်ပုံမျိုးဆက်အဖြစ် အခိုင်အမာ ရပ်တည် ခဲ့သည်။ ၁၃၅၀ ပြည့်အရေးတော်ပုံကို အမွေဆက်ခံခဲ့ကြသည်။ ကျောင်းသားလှုပ်ရှားမှု။ ဗကသ အစဉ်အလာအား ဆက်ခံခဲ့ကြသည်။ (ကျောင်းသားသမဂ္ဂ၏ အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံ ကိုလွှင့်ထူကာ “ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ”) အရေးတော်ပုံ. တိုက်ပွဲဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ သွေးဖြင့်ရေးသည့်အမိန့် “ရ ရင် ရ။ မရ ရင် ချ” ကို နာခံဆက်ခံပြီး “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)”ကို ဖွဲစည်း ထူထောင်ခဲ့ကြသည်။

ABSDF အနှစ် ၂၀ သမိုင်းအတွင်း တိုက်ပွဲသဏ္ဍန်ဆိုင်ရာ အချင်းပွားမှုများစွာ ဖြစ်ခဲ့ရသည်။ အထက်တွင် တင်ပြခဲ့သည့် သမိုင်းဆိုင်ရာ မုချတရားအရ ကျနော့်အမြင်ကို တိုက်ရိုက်တင်ပြပါမည်။ ABSDF အား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှ သွေဖီစေရန်နှင့် အားနည်းစေရန် ကြိုးစားသူသည် လုံးဝ အမှားကျူးလွန်သူ ဖြစ်သည်။ တစိတ်တပိုင်းမျှကြိုးစားသူသည်လည်း လုံးဝအမှားကို ကျူးလွန်သူပင် ဖြစ်သည်။ ထို့ပြင် ၁၃၅၀ ပြည့် အရေးတော်ပုံနှင့် အရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် အထောင်အသောင်းကို သစ္စာမဲ့ဖေါက်ပြန်ခြင်းလည်း ဖြစ်သည်။

ကျောင်းသားတပ်မတော် ဘာလဲ။ ဘယ်လဲ ယတိပျက်ရွေးချယ်ရမည့် တိုက်ပွဲကိုလည်း အနှစ် ၂၀ ခရီး အတွင်း ကျနော်တို့ ရင်ဆိုင်ခဲ့ရသေးသည်။ ၂၀၀၀ ပြည့်နှစ် - လမ်းကြောင်း ၃ သွယ်။

ထိုကိစ္စသည် ကျောင်းသားတပ်မတော်အတွက် ကိစ္စကြီးဖြစ်သည်။ အမှားအယွင်း အတိမ်းအစောင်း မခံသည့် ကိစ္စကြီးလည်း ဖြစ်သည်။ ထိုကိစ္စ၏ဇစ်မြစ်သည် ကာလရှည်ကြာကတည်းက အစပြုခဲ့ခြင်း ဖြစ်သော်လည်း လတ်တလောဖြစ်ရပ်အဖြစ် ၉ လေးလုံးလျောမွေးဟု ယူဆသည်။ ABSDF ပထမမျိုးဆက် သည် မီဒီယာအားကိုးဖြင့် ၉ လေးလုံးကို လှုံ့ဆော်ခဲ့သည်။ လျောမွေးဖြစ်သွားသောအခါ နိုင်ငံရေး ကုန်သွားသည်။ ထိုအခါ ထွက်ပေါက်ရှာကြတော့သည်။ ထက်ပေါက်ရှာသည်က အကြောင်းမဟုတ်။ ကျောင်းသားတပ်မတော်အား နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲမည်ဟုဆိုလာသောအခါ တရားအရ။ အစဉ်အလာအရ ပြန်လည်သုံးသပ်မှုများ လုပ်လာရသည်။ ခုခံကာကွယ်မှုများ လုပ်ရတော့သည်။

နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲခြင်းသည် ABSDF (ကျောင်းသားတပ်မတော်) အား နိုင်ငံရေးအဖွဲ့အစည်း တခုအောက်သို့ သွပ်သွင်းလိုခြင်း ဖြစ်သည်။ ယင်းသည် ကျောင်းသားအစဉ်အလာ။ ဗကသ အစဉ်အလာနှင့် ဆန့်ကျင်သည်။ ABSDF ၏ သီးခြား လွတ်လပ်သည့် အမျိုးသားနိုင်ငံရေးအင်အားစုအသွင်ကို ဖျက်ဆီးခြင်းဖြစ်သည်။ ကျောင်းသားလှုပ်ရှားမှု အစဉ်အလာ။ သမဂ္ဂ အစဉ်အလာတွင် နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုခု၏ လက်အောက်ခံလုပ်ခဲ့သည်မရှိ။ သီးခြားလွတ်လပ်သည့် အမျိုးသားနိုင်ငံရေး အင်အားစု။ လှုပ်ရှားမှုအဖြစ်သာ တွေ့မြင်ရသည်။ အာဏာရ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်ဖြစ်စေ။ မဖြစ်သည်ဖြစ်စေ တူလျင်တွဲလုပ်သည်။ မတူလျင် ခွဲလုပ်သည်။ လူထုအကျီုးစီးပွား။ ကျောင်းသားထုအကျိုးစီးပွားနှင့် ဆန့်ကျင်လာလျင် တိုက်ပွဲဝင်သည်။

ABSDF (ကျောင်းသားတပ်မတော်) သည် ၁၉၂၀ ကတည်းကစတင်ခဲ့သည့် ဗမာပြည်ကျောင်းသား လှုပ်ရှားမှုနှင့် တဆက်တစပ်တည်း ဖြစ်သည်။ စစ်ကြောင်း တကြောင်းတည်း ဖြစ်သည်။ သမဂ္ဂ အစဉ်အလာကို အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ (ကျောင်းသားသမဂ္ဂ. အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာ “ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ”) ကျောင်းသားတပ်မတော်သည် ကျောင်းသားသမဂ္ဂ အစဉ်အလာအတိုင်း လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း ABSDF ၏ ကြေညာစာတမ်းဟု ဆိုရမည်ဖြစ်သည့် ABSDF ကြေညာချက် (၁) အပိုဒ်ခွဲ ၂ ၌ “ကျွန်ပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသည် မည်သည့်နိုင်ငံရေးပါတီ မည်သည့်တော်လှန်ရေးအင်အားစုများ. လွှမ်းမိုးမှုမရှိပဲ လွတ်လပ်စွာ ဖွဲ့စည်းခြင်းဖြစ်သည်” (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၂ မှ) ဟု အတိအလင်း ကြေညာထားခဲ့သည်။

ကျနော်တို့က ထိုတရားနှင့်အညီ ABSDF (ကျောင်းသားတပ်မတော်) ၏ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ် အလံအား အခက်အခဲများစွာဖြင့် လွှင့်ထူချီတတ်ခဲ့ကြသည်။ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ကျောင်းသားတပ်မတော်၏ နိုင်ငံရေးလမ်းကြောင်း။ သမိုင်းလမ်းကြောင်းသည် အကြီးအကျယ် ချိုးကွေ့သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဖောက်ပြန်၍ လက်အောက်ခံဖြစ်သော အစဉ်အလာသို့ ထိုးစိုက်ကျဆင်းသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့ အရေးနိမ့်ခဲ့ပါက ခွပ်ဒေါင်းကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက နယ်ချဲ့ ဆန့်ကျင်ရေး။ ဖက်ဆစ်တိုက်ဖျက်ရေး။ ဒီမိုကရေစီတော်လှန်ရေး အဆက်ဆက်တွင် ကျဆုံးခဲ့လေပြီးသော ကျောင်းသားအာဇာနည်အထောင်အသောင်း၏ ကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့် ခဲ့ပါက အစဉ်အလာ ကျောင်းသားလှုပ်ရှားမှု ။ ကျောင်းသားသမိုင်းနှင့် ကင်းကွာ၍ ဖောက်ပြန်သော ကျောင်းသား အင်အားစု ဖြစ်သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည် ကျောင်းသားထု တရပ်လုံးနှင့် ကင်းကွာသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည် ကျောင်းသားလှုပ်ရှားမှုအားလုံး၏ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်မှ ရှက်ဖွယ်လိလိ သွေဖယ် သွားပေမည်။

ယခုအနှစ် ၂၀ အတွင်း နိုင်ငံရေးမှနှ်ု ABSDF (ကျောင်းသားတပ်မတော်)သည် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဆိုလျင် ထိုလောကဓံကို အနိုင်တိုက်နိုင်ခဲ့၍သာဖြစ်သည်။ ကြေညာချက် (၁) မှ စတင်ကာ တနိုင်ငံလုံးသို့ပေးထားသော နိုင်ငံရေးကတိက၀တ်ဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေးကြီး ကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) ဆိုသည့် နိုင်ငံရေးအာမခံချက်အား ယနေ့တိုင် ဦးလည်မသုန်ထမ်းရွက်ခှဲု့သာ ဖြစ်သည်။ အနှစ် ၂၀ သို့ရောက်၍ ABSDF ၏ ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။ သူတို့မရှိတော့သော်လည်း ABSDF (ကျောင်းသားတပ်မတော်) က ဆက်လက်၍ ၁၃၅၀ ပြည့် အရေးတော်ပုံ၏ မပြီးဆုံးသေးသည့်တာဝန်။ ကျောင်းသားထုတရပ်လုံး၏ ဒီမိုကရေစီရေးတာဝန်များအား ပခုံးထမ်းတာဝန်ယူလျက်ပင်ရှိသည်။ ကျနော်တို့တွင် ပုဂ္ဂိုလ်ရေးမရှိ။ ကျနော်တို့တွင် မူနှင့် အစဉ်အလာ သာရှိသည်။ ABSDF (ကျောင်းသားတပ်မတော်) တွင် ကျရာတာဝန်များအား ထမ်းဆောင်လျက်ရှိသည့် ပထမမျိုးဆက်ဝင်များ ဆက်လက်၍ ရှိနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုရဲဘော်များကိုတော့ဖြင့် ကျနော်တို့ အလေးအမြတ်ပြုသည်။ ABSDF (ကျောင်းသားတပ်မတော်)၏ မူကို နာခံသူ။ ကတိက၀တ်ကို လေးစားသူ။ အစဉ်အလာကို လေးနက်သူများအဖြစ် အလေးအမြတ်ပြုခြင်းဖြစ်သည်။

ဗမာပြည်အဖိနှိပ်ခံတို့၏ တော်လှန်သော ဒီမိုကရေစီတိုက်ပွဲက မပြီးသေး --- ။ စစ်အုပ်စုကို အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) တော်လှန်ရေးခရီးစဉ်က မပြီးသေး။ ထို့သည်နှင့်အတူ ABSDF (ကျောင်းသားတပ်မတော်)၏ လက်နက်ကိုင်တော်လှန်ရေးသည် လည်း မပြီးဆုံးသေး။

ညိုထက် (လမ်းသစ်ဦး)
ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၆)၊ဧပြီ - မေ - ဇွန်၊ ၂၀၀၈

မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ တင်ပြပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

မ က ဒ တ ဖွဲ့စည်းတည်ထောင်ခြင်း အနှစ် (၂၀) ပြည့် အခမ်းအနား (ဗဟို)



ပေးပို့သူ ။ ။ http://yamounnar.blogspot.com
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားတပ်မတော် အမှတ်(၈)တပ်ရင်းတွင် ကျင်းပသော အနှစ် (၂၀) ပြည့် မ က ဒ တ ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား



ပေးပို့သူ ။ ။ http://yamounnar.blogspot.com
တင်ပြသူ ။ ။ နော်မန်

အပြည့်အစုံ ဖတ်ရန် ...