သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံတော်အား ဦးညွတ်လိုက်ပါသည်... သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံတော်အား ဦးညွတ်လိုက်ပါသည်...။

Friday, December 11, 2009

ကိုညီညီအောင် ကျန်းမာရေးမကောင်း၍ ရုံးမထွက်နိုင်

ကိုညီညီအောင် ကျန်းမာရေးမကောင်း၍ ရုံးမထွက်နိုင်

2009-12-11 ( RFA )

စက်တင်ဘာ ၃ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံရတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ဟာ အင်းစိန်ထောင်မှာ လွတ်လပ်မှု တရားမျှတမှုတွေ မရှိပဲ ဖိနှိပ်ချုပ်ချယ်နေတယ်ဆိုကာ ပြီးခဲ့တဲ့အပတ် သောကြာနေ့ ရုံးထုတ်ပြီးကတည်းက အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။


နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် ရုံးထုတ်မှာတော့ ကိုညီညီအောင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် ရုံးမထွက်နိုင်ကြောင်း ထောင်အာဏာပိုင်တွေက တရားရုံးကို အကြောင်းကြားတဲ့အတွက် ဒီဇင်ဘာ ၁၈ ရက်ကို ရုံးချိန်းပြောင်းလိုက်တယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ပြောပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'မနက် ၁ဝ နာရီ တရားရုံးရောက်တော့ တရားရုံးက ပြောပါတယ်။ ထောင်အာဏာပိုင်တွေက စာပို့ထားတယ်တဲ့။ ကိုညီညီအောင်စာ ကျန်းမာရေး အခြေအနေကြောင့် ရုံးရှေ့ကို မလာနိုင်ဘူးတဲ့။ အဲဒါနဲ့ ကျနော်တို့ ရုံးချိန်းပဲ ယူပြီး ပြန်လာရတယ်။ ကိုညီညီအောင်နဲ့ မတွေ့ခဲ့ရဘူး။ သူ့ရဲ့ကျန်းမာရေးအခြေအနေတော့ သေချာတော့ မသိဘူးဗျ။ သံရုံးက ကောင်ဆယ်လာတွေကတော့ သူတို့တွေ့ခွင့်ရမယ်လို့ ပြောသွားပါတယ်။'

ကိုညီညီအောင်ရဲ့ ရှေ့နေဦးဥာဏ်ဝင်း ပြောသွားတာပါ။ ကိုညီညီအောင်ရဲ့ ကျန်းမာရေးအခြေအနေကို သိချင်လို့ အင်းစိန်ထောင်ရှေ့မှာ သွားစောင့်ခဲ့တဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက သူတို့နဲ့အတူ အမေရိကန်သံရုံး တာဝန်ရှိသူတွေလည်း တွေ့ခွင့်မရတဲ့အတွက် အသက်အန္တရာယ်အတွက် စိုးရိမ်မိတယ်လို့ ပြောပြပါတယ်။

ဒေါ်ခင်ခင်ဆွေ။ ။ 'အစာမစားတာ ၇ ရက်ဆိုတော့ စဉ်းစားကြည့်ပေါ့။ လူမမာလို ဖြစ်သွားပြီလား အရမ်းစိုးရိမ်တယ်။ ခေါင်းတောက်နေကြတာ အဲဒီအတွက်ပဲ။ ဘရမ်းကြက်ပေါင်းရေလေး ပေးတော့ သွင်းလို့မရဘူးဆိုပြီး ပြန်ပေးတယ်။ အအေးကို ရေဘူးထဲမှာ ထည့်ပြီး ဓာတ်ဆားရေလေး ပေးလိုက်တယ်။ နောက် အချိုရည်လေးတဘူးပေးတော့ ယူသွားပေးတယ်။အထဲကိုဝင်ရတဲ့ အက်စ်ဘီက ဘရမ်းကြက်ပေါင်းရေလေးတော့ ယူမသွားဘူး ပြောတယ်။

အန်တီနဲ့ သံရုံးနဲ့ဆက်သွယ်ကြည့်တော့ သူတို့လည်း မတွေ့ရဘူးတဲ့ အန်တီတို့ တနင်္လာနေ့က ပြောတဲ့နေ့ကစပြီး ကြိုးစားပါတယ်။ သူတို့ မတွေ့ရဘူးတဲ့။ ခုအတွက် သံရုံးကနေ အစည်းအဝေးတခု သူ့အတွက် တိုင်ပင်နေကြတယ်တဲ့၊ သူတို့က တွေ့ခွင့်မပေးတော့ ကိုယ်လည်း အဒေါ်တွေနဲ့ ပြောလည်း ရမယ်မထင်ဘူး။ သံရုံးတောင်မှ ဒီနေ့ တွေ့ခွင့်မရတာ။' ကိုညီညီအောင်ရဲ့အဒေါ် ဒေါ်ခင်ခင်ဆွေ ပြောပြသွားတာပါ။

ကိုညီညီအောင်ကို တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ လိမ်လည်မှုနဲ့ မှတ်ပုံတင်အတု ပြုလုပ်မှု စတာတွေနဲ့ စွဲချက်တင် စစ်ဆေးနေပြီး အင်းစိန်ထောင် အဆောင် ၈ မှာ ချုပ်နှောင်ထားတာပါ။ ကိုညီညီအောင်ဟာ တရားဝင် ပြည်ဝင်ခွင့်ဗီဇာနဲ့ စက်တင်ဘာ ၃ ရက်နေ့က ဗန်ကောက်ကနေ ရန်ကုန်ကို ပြန်လာတုန်း အဖမ်းခံရတာ ဖြစ်ပါတယ်။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံဖတ်ချင်ရင်...။

မုန်တိုင်းသင့်ဒေသတွင် လာဘ်စားမှု၊ အလွဲသုံးမှု တိုင်တန်းသူများအား အငြိုးထား ဒုက္ခပေး

မုန်တိုင်းသင့်ဒေသတွင် လာဘ်စားမှု၊ အလွဲသုံးမှု
တိုင်တန်းသူများအား အငြိုးထား ဒုက္ခပေး

ဝင်းမြတ်
ဒီဇင်ဘာ ၁၁၊ ၂၀၀၉

ပြင်စလူမြို့နယ်ခွဲအတွင်းရှိကျေးရွာအချို့တွင် လေဘေးသင့်အကူအညီများကို အပြည့်အ၀ မပေးသော ရ.ယ.က အဖွဲ့ဝင်များကို တိုင်ကြားသူများအား ကျေးရွာအာဏာပိုင်များက အငြိုးထားကာ အနှောက်အယှက်ပေးလေ့ရှိကြောင်း ဒေသခံများကပြောသည်။

အန်ဂျီအိုအဖွဲ့များမှ food for work ပုံစံဖြင့် ကျေးရွာလမ်း ပြုပြင်ရန်အတွက် ရွာသားများအားပေးရန်ရှိသော လုပ်အားခငွေများကို ကျေးရွာ ရ.ယ.က အဖွဲ့ဝင်များက ရွာသားများအား မပေးဘဲ အလွဲသုံးလိုက်ခြင်းကို ရွာသားအချို့က ကျေးရွာအစည်းအဝေးတွင် လာရောက် အကူအညီပေးသော အန်ဂျီအိုအဖွဲ့များအား တိုင်ကြားခဲ့ကြသည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ်ချိန်တွင် ကျေးရွာသားအချို့ကကြောက်လန့်ပြီး သက်သေ မလိုက်သောကြောင့် အမှုမှန်မပေါ်ပေါက်ခဲ့ဘဲ တိုင်ကြားသောရွာသားကို မှတ်သားထားကာ အကြောင်းပြချက်မျိုးစုံတို့ဖြင့် နှိပ်စက်သည်ဟု ရွာသားများကဆိုသည်။

“ပြီးခဲ့တဲ့လက ဟိုဖက်ရွာက ဘုရားပွဲကိုသွားတော့ ဥက္ကဌမွေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက ကျွန်တော်တို့ သူငယ်ချင်းတွေကို ရန်စပြီး တုတ်နဲ့ရိုက်တယ်။ သူတို့ကတော်တော်မူးနေကြတယ်။ အဲဒါနဲ့ရန်ဖြစ်တော့ သူတို့ဖက်က နှစ်ယောက်ခေါင်းကွဲသွားတယ်။ အဲဒါကျွန်တော်တို့ကို ထိပ်တုံ်းခြောက်ပေါက်ထဲ ထည့်ပြီး ဥက္ကဌက ကျွန်တော့်ကို လက်သီးနဲ့၁၂ချက် ထိုးတယ်။ ကျန်တဲ့သူတွေလည်း အထိုးခံရတယ်” ဟု အသက် ၂၇ နှစ်အရွယ် ရွာသားတစ်ဦးက ပြောပြသည်။
၎င်းရွာသားသည် ကျေးရွာအစည်းဝေးပွဲများတွင် ကျေးရွာအာဏာပိုင်များ၏ အလွဲသုံးစားမှုများကို ထုတ်ဖော်ပြောဆိုလေ့ရှိသောကြောင့် အငြိုးထားခံရခြင်းဖြစ်သည်ဟု ရွာသားများကပြောကြသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ၃၊ ၄လအကြာ စေတနာရှင်အချို့ လှူဒါန်းသည့် အိမ်ရာကို ကွမ်းခြံကုန်းမြို့ရှိ ရပ်ကွက်တခုအတွင်း တွေ့မြင်ရစဉ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တစ်နှစ်ခွဲကျော်အကြာ ယနေ့အထိ တာပေါ်လင် (ပလပ်စတစ်) အမိုးအကာများဖြင့် နေထိုင်နေရသည့် မိသားစုများစွာ တွေ့မြင်နေရသေးသည်။

မုန်တိုင်းကြောင့် မိသားစုလိုက်သေဆုံးသွားကြသူများ ပိုင်ဆိုင်သောမြေနေရာများအား ကြံ့ခိုင်ရေးအတွင်းရေးမှူးမှ အိမ်ယာလှူဒါန်းသည့် အန်ဂျီအိုအဖွဲ့များထံသို့ အခကြေးငွေဖြင့်ရောင်းစားသည် ဟုလည်းရွာသားများကပြောကြသည်။
အခမဲ့လှူဒါန်းသော အိမ်ရာများအတွက်လည်း ရွာသားမှလက်ခံရရှိကြောင်း သက်သေခံစာရွက်ပေါ်တွင် ရပ်ရွာအာဏာပိုင်အသိအမှတ်ပြု လက်မှတ်ထိုးရန်အတွက်လည်း ငွေကျပ်သုံးသောင်းမှ ကိုးသောင်းအထိ မြေနေရာပေါ်မူတည်ပြီး ပေးရသည်ဟုဆိုသည်။

“ကျွန်တော်တို့က သူတို့မဟုတ်တာလုပ်တာတွေကို လူတွေရှေ့မှာဖွင့်ပြောပြတတ်တော့ ရွာကိုလာတဲ့ အခွင့်အရေးဆိုရင် ကျွန်တော်တို့မရတာများတယ်”
ဟု အငြိုးထားခံရသောရွာသားတစ်ဦးကပြောပြသည်။
ရွာသားများမှာ ရုံးလုပ်ငန်းအဆင့်ဆင့်နှင့် တရားဝင်စာရွက်စာတမ်းကိစ္စများကို နားမလည်ကြဘဲ တိုင်တန်းသည့်အခါတွင်လည်း အရေးမယူမီကြားကာလ၌ မိမိကိုအငြိုးထားကာ ရန်ပြုမူမည်စိုးသဖြင့် အာဏာပိုင်များ စေခိုင်းသမျှ ပြုမူရသည်ဟုပြောကြသည်။
ကျေးရွာအာဏာပိုင်များ၏ လာဘ်စားမှုများကိုတိုင်တန်းရန်အတွက် သက်ဆိုင်ရာမြို့များသို့ သွားရောက်သည့် အခါတွင်လည်း မြို့ပေါ်မှအာဏာပိုင်အဖွဲ့များက တိုင်တန်းလျှင်လည်း ထူးမည်မဟုတ်ကြောင်းနှင့် ကိုယ့်ရပ်ရွာလူကြီးသာအလုပ်ရှုပ်ပြီး ကျေးရွာပြန်လည်ထူထောင်ရေး လုပ်ငန်းများ နှောင့်နှေးသွားလိမ့်မည်ဖြစ်ကြောင်း ပြောဆိုကာ ပြန်ခိုင်းလေ့ရှိကြောင်း သွားရောက်တိုင်တန်းဖူးသော ရွာသားတစ်ဦးကပြောသည်။

“အများနဲ့လုပ်ရတာ ဆိုတော့လည်း တစ်ချို့နေရာလေးတွေမှာ လစ်ဟာသွားတာလေးတွေတော့ ရှိတတ်ပါတယ်။ တစ်ချို့ကလည်း ဆန်နို့ဆီဗူးလေး တစ်လုံးလောက် လျော့တာကအစ လာပြောတယ်။ ကျွန်တော်တို့ကတော့ အကုန်လုံးအတွက် စေတနာနဲ့ အညီအမျှလုပ်ပေးတာပါပဲ”
ဟု ပြင်စလူမြို့နယ်ခွဲအတွင်းမှ ကျေးရွာကယ်ဆယ်ရေး ပစ္စည်းများပြန်လည်ခွဲဝေချထားရေး ကော်မတီဝင်တစ်ဦးက ပြောသည်။ အလားတူ လာဘ်စားမှုများ၊ အလွဲသုံးသည့် ကိစ္စရပ်များ နာဂစ်ဒဏ်ခံ အခြားသောမြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။ ဒေးဒရဲအပိုင်
ဂွေးကုန်းကျေးရွာတွင်လည်း နာဂစ်ဒဏ်ခံရသူ မိသားစုများအတွက် ပြည်ပမှ အလှူရှင်အဖွဲ့က နေအိမ်ဆောက်လုပ် လှူဒါန်းရာတွင် အလှူရှင်လှူဒါန်းသည့် ငွေပမာဏ ကျပ် ၄ သိန်းကို ကျေးရွာအာဏာပိုင်များနှင့် နီးစပ်သည့်သူများက ၂သိန်း ၇သောင်း၊ ၈သောင်းတန် အိမ်ဆောက်ပစ္စည်းများ ၀ယ်ယူပြီး ပေးဝေခဲ့သည်ဟု ငွေပြန်အပ်နှံခဲ့သူ တဦးကပြောဆိုသည်။

အဆိုပါ ငွေပြန်အပ်ခဲ့သူက ``ကျေးရွာလူကြီးတွေက အလှူရှင်ပေးတဲ့ ငွေကိုသူတို့နဲ့ နီးစပ်သူနဲ့ ပေါင်းပြီးမြို့က အိမ်ဆောက်ပစ္စည်းတွေ ၀ယ်လာတယ်။ အဲဒီပမာဏကို ပေါက်ဈေးနဲ့တွက်ကြည့်တော့ ၂သိန်း ၇သောင်း၊ ၈သောင်း အများဆုံးပဲ၊ ဟိုကလှူတာက ၄သိန်းဆိုတော့ အဲဒီပမာဏမဟုတ်ပဲနဲ့တော့ လက်ခံရရှိကြောင်း ကျွန်တော် လက်မှတ်မထိုးပေးနိုင်ဘူးဆိုတော့ ပြန်အပ်မလားဆိုတော့ ပြန်အပ်လိုက်တယ်၊ အဲဒီကိစ္စကို မြို့ပေါ်က သူတွေကို တိုင်ဖို့ စိတ်ကူးပေမယ့်လည်း နောက်ဆုံး မတိုင်ဖြစ်ဘူး။ ကျွန်တော်မရတာထက်ကို ပေးတဲ့ပမာဏနဲ့ လက်ခံရယူတဲ့သူတွေဆီ ရောက်တဲ့ ပမာဏက အများကြီးကွာဟနေတာကို လက်မခံနိုင်လို့ပါ´´ ဟုဆိုသည်။

မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံဖတ်ချင်ရင်...။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဆုလက်ခံရရှိတဲ့ညက အော်စလိုမြို့ ရဲ့ လှုပ်ရှားမှုမြင်ကွင်း

၂၀၀၉ ခုနှစ် နိုဗယ်ဆုရှင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား
ဆုလက်ခံရရှိတဲ့ညက အော်စလိုမြို့ ရဲ့ လှုပ်ရှားမှုမြင်ကွင်း



မှတ်ချက် ။ ။ http://www.youtube.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံဖတ်ချင်ရင်...။

စစ်အစိုးရအပေါ် ဆက်လက်ဖိအားပေးဖို့ ပြည်တွင်းတပ်ပေါင်းစုတိုက်တွန်း

စစ်အစိုးရအပေါ် ဆက်လက်ဖိအားပေးဖို့ ပြည်တွင်းတပ်ပေါင်းစုတိုက်တွန်း

2009-12-10 ( RFA )

စစ်အစိုးရအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို တဖက်သတ် ပြုလုပ်မယ်ဆိုရင် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြည်တွင်း တပ်ပေါင်းစုအဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ဒီကနေ့ ဒီဇင်ဘာ ၁ဝ ရက်မှာ ကျရောက်တဲ့ ၆၁နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို အကောင်အထည်မဖော်ပဲ ကျင်းပမဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ လူ့အခွင့်အရေးတွေကို အာမခံမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲမှုမျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ တပ်ပေါင်းစုအဖွဲ့ရဲ့ ပြောခွင့်ရ ၈၈မျိုးဆက် ကျောင်းသားများခေါင်းဆောင် ကိုထွန်းမြင့်အောင်က RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကနေ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လာတာကို ကြိုဆိုပေမဲ့ နိုင်ငံရေးအရ အပြောင်းအလဲတွေ ဖြစ်မလာရင် ဆက်လက် ဖိအားပေးဖို့ လိုတယ်လို့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

ကြေညာချက်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အစောဆုံး ထောက်ခံခဲ့တဲ့ နိုင်ငံတခု ဖြစ်ပေမဲ့ နှစ်ပေါင်း ၆ဝကျော်ကြာခဲ့ပြီးနောက်မှာတော့ လူ့အခွင့်အရေး အခြေအနေတွေ အဆိုးရွားဆုံး နိုင်ငံဖြစ်နေတယ်လို့ ရေးသားထားပါတယ်။

လက်ရှိအခြေအနေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ဆန္ဒအပြည့်အဝရှိနေတဲ့ မြန်မာပြည်သူတွေနဲ့ အာဏာကို ထာဝရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်အစိုးရ ထိပ်တိုက်တွေ့နေတဲ့ အချိန် ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်အစိုးရအနေနဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ တိုင်းရင်းသားဒေသတွေက ခိုလှုံရာမဲ့ ရွှေ့ပြောင်းနေရသူတွေ၊ အဓမ္မစေခိုင်းမှုတွေနဲ့ ကလေးစစ်သားအသုံးပြုတာတွေ ပိုပြီး တိုးပွားလာဖွယ်ရှိတယ်လို့ တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်မှာ သတိပေး ရေးသားထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး တိမ်းရှောင်လှုပ်ရှားနေတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်ကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက် အား နားဆင်ရန် >>> ဒီမှာ ကလစ် ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံဖတ်ချင်ရင်...။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ သဝဏ်လွှာ (Joint Statement)

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ သဝဏ်လွှာ (Joint Statement)

Joint Statement No.8 2009 Bur

မှတ်ချက် ။ ။ http://myatlayngon.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံဖတ်ချင်ရင်...။

  © Blogger template Newspaper III by Ourblogtemplates.com 2008

Back to TOP