Saturday, February 27, 2010

ဖြစ်ရပ်မှန် ကိုယ်တွေ့ “ ဖြတ် (၈) ဖြတ် ” - အပိုင်း ( ၂ )


ဆောင်းပါးရှင် - သူရနိုင် (လက်ရှိ တာဝန် ထမ်းဆောင်နေသော တပ်ခွဲမှူး တစ်ဦး)

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။


ယခင်က ၀န်ထမ်းဆန်ဆိုတာ ရှိခဲ့ပါ တယ်။ အိမ်ထောင်သည်ဆိုရင် မိန်းမနဲ့ ကလေးတွေ အတွက် ၀န်ထမ်း ဆန်ကို အလကား ရကြပါတယ်။ ၀န်ထမ်းဆန် ဆိုတာက ပေါ်တာကို ကြွေးတဲ့ ဆန်ကို ပြောတာမဟုတ်ပါ။ အိမ်ထောင်သည်ရဲမေ ကလေးတွေ အတွက် ပေးတဲ့ အခမဲ့ ဆန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ၀န်ထမ်းဆန်ကို ပေးတဲ့အခါမှာ လတိုင်း လူကြီးဆိုရင် (၁၂) ပြည်၊ ကလေးဆိုရင် (၆) ပြည် ရရှိကြလို့ အဆင်ပြေကြပါတယ်။

၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး လစာတွေတိုးလို့ တပ်ရင်းသက်သာတွေကို ဖျက်သိမ်း လိုက်ပြီးတဲ့နောက်မှာတော့ အခမဲ့ ၀န်ထမ်းဆန်ဆိုတာ မရှိတော့လို့ အိမ်ထောင်သည်များအဖို့ ပိုမို ကျပ်တည်းသွားပါတော့တယ်။ လူပျိုစစ်သည်များ အဖို့တော့ ကံကောင်းတာပေါ့။ တခါ တပ်တွင်းသက်သာဆိုင်ကို ဖွင့်ခိုင်းပြီး အိမ်ထောင်သည်များအား ၀န်ထမ်းဆန်ကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းခိုင်းပြန်ပါတယ်၊ တပ်ရင်း/တပ်ဖွဲ့တွေက ပြင်ပဈေးနှုန်းနှင့် သက်သာအောင် လုပ်ပေးရတဲ့ နေရာမှာ ဈေးနှုန်း လျှော့ချတာများရင် အရှုံးပေါ်ကာ ဦးပိုင်ကို လစဉ်သွင်းရမယ့် အမြတ်ငွေအား အထက်က မူဝါဒအရ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်မီအောင် ထည့်ဖို့ ထိခိုက်သွားနိုင်ပါတယ်။

ဒါကြောင့် ပြင်ပပေါက်ဈေးထက် (၅၀) ကျပ်ခန့်သာ ခွာပြီး အရှုံးခံရောင်းရပါတယ်။ အိမ်ထောင်သည် စစ်သည်များအဖို့ ချက်ချင်းလက်ငင်း ရှင်းစရာ မလိုဘဲ အကြွေးနဲ့ ဆိုင်းထားတာကလွဲလို့ မိမိလစာထဲကပင် ၀ယ်ယူရတဲ့အတွက် သက်သာခြင်း မရှိဘဲ ဆင်းရဲဒုက္ခကြီးမားလှပါတယ်။ ယခုဆိုရင် တပ်ရင်း/တပ်ဖွဲ့ တချို့က ရံပုံငွေရှာပြီး ဆန်ဖိုး ထောက်ပံ့ပေးပါသေးတယ်။ ဒါပေမဲ့ မလောက်ပါဘူး၊ လောက်အောင် မထောက်ပံ့နိုင်ပါဘူး။ ဒီတော့ သက်သာဆိုင်ကို ပြေး၊ အကြွေးယူ၊ သက်သာဆိုင်မှာ အကြွေးများလာတော့ လိုင်းထဲမှာပဲယူ၊ လစာထုတ်တော့ပြောင်၊ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်၊ ပြောင်ပြောင် ယောင်ယောင် ထင်နေကြတာပေါ့ဗျာ။ ဒီလိုဖြစ်ပျက်နေတာကို နိုင်ငံတော် အကြီးအကဲတွေ သိပါစေ။ အဆင်ပြေ ၀င်ငွေကောင်းတဲ့ တပ်ဆိုတာ မြန်မာနိုင်ငံမှာ ရှိတော့ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။

တပ်တွင်းမိသားစု ချောင်လည်အောင် ငွေပိုငွေလျှံရအောင် အရေးတယူ ဆောင်ရွက်ပေးတဲ့ လူကြီးမင်းများလည်း ရှားသထက် ရှားပါးလာခဲ့ပြန်ပါတယ်။ လစာ တိုးပေးတယ် ဆိုပေမယ့် ပေးထားတဲ့လစာက အရာရှိများအတွက် အဆင်ပြေသလို ရှိပေမယ့် အခြားအဆင့်စစ်သည်များ အတွက်မှာတော့ သူတို့ရတဲ့ လစာ ငွေကြေးပမာဏဟာ အရာရှိနဲ့ ကွာခြားသလို ဘာဂွင်မှ မရှိဘဲ နေ့စဉ်နဲ့အမျှ ၀မ်းရေးအတွက် အကြွေးသံသရာနဲ့ လည်ပတ်နေကြရသူတွေပါ။ ဒီလို ရေးလိုက်လို့ ပြန်ပြောမဲ့သူတွေက မင်းကော ဒီလစာ မယူဘူးလား၊ စားမနေဘူးလား လို့မေးရင် ယူတယ်၊ စားတယ်၊ ဒါပေမယ့် သူတို့တွေရဲ့ အခက်အခဲတွေကို အကောင်းဆုံးဖြစ်အောင် တတ်နိုင်သလောက် ဖြေရှင်းပေးတယ်လို့ တခါတည်း ပြန်ပြောလိုက်ပါမယ်။

ပြီးတော့ အရာရှိနဲ့ အခြားအဆင့် လစာကွာဟတယ်ဆိုတာ အရာရှိက ပိုပြီး တာဝန်ကြီးတယ်၊ ခေါင်းခံရတယ်လို့ လာမပြောနဲ့၊ တာဝန်ယူပြီး ခေါင်းခံပြီး အိတ်ထဲ ထည့်သွားလိုက်တာ တိုက်တွေကားတွေနဲ့ ၀ီခံနေရောပဲလေ၊ ဒါကိုလဲ ပြန်ဟောင်လိုက်ကြဦး။ ( ဒါက ကိုယ်ကျိုးကြည့်သူများအတွက် ဖြည့်စွက်) တပ်တွင်း အိမ်ထောင်သည် မိသားစုတွေရဲ့ စားချိန်သောက်ချိန်ကို သေချာကြည့်ဖူးကြရဲ့လား၊ ကြိုမပြောပဲ လမ်းကြုံလို့ ဟင်းကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ရှိတဲ့ဟင်းနဲ့ အားပါးတရ သူတို့နဲ့ လက်ဆုံစားဖူးပါသလား၊ ဘယ်လိုရုန်းကန် စားသောက်နေတယ်ဆိုတာ အတွင်းကျကျ သိပါရဲ့လား၊ တစ်ပတ်မှာ တခါလောက်သာ အသားဟင်း အနိုင်နိုင်ဝယ်စားရတဲ့ ဘ၀တွေပါ။ အဲဒီလက်အောက်ခံ ရဲဘော်တစ်ယောက်ရဲ့ ရင်ဘတ်ထဲကို သူငယ်ချင်းတို့ အတွင်းကျကျ ၀င်ခံစားကြည့်ပေးကြပါ။

လကုန်လို့ လစာထုတ်ရင် ဘယ်သူမဆို ငါတော့ ပိုက်ဆံ ဘယ်လောက်ရတယ်၊ ဘာလေးဝယ်မယ်၊ မိန်းမအတွက်ကဘာ၊ သားသားနဲ့မီးမီးအတွက်က ဘာ၊ ပိုတာလေးက ဘဏ်စုငွေထည့်၊ စုငွေများလာရင် လက်ဝတ်လက်စားလေးလုပ်မယ်၊ လှူမယ်၊ တန်းမယ် ဆိုတဲ့အတွေးတော့ စစ်သားမှ မဟုတ်ပါဘူး၊ ဘယ်သူမဆို ဒီအတွေးလေးတော့ ရှိနေကြမှာပါ။ အခုတော့ လစာထုတ်တိုင်း ပျော်ရွှင်မှုတွေကဝေး၊ ပူပန်သောကတွေက ထပ်ထပ်ဖိစီး၊ ဒီအကြွေးသံသရာ စက်ဝန်းထဲက ဘယ်တော့များမှ လွတ်ပါ့မလဲဆိုတဲ့ အတွေးတွေနဲ့ အလုပ်ကပင်ပန်း၊ စိတ်ကလည်းပန်း၊ ကြာလာတော့ စိတ်ညစ်ညစ်နဲ့ အရက်သောက်၊ လင်နဲ့မယား စကားကများ၊ ကလေးတွေက အော်ဟစ်ငိုယို၊ ဒါတွေကို မြင်ယောင် ကြားယောင်ကြည့်လိုက်ကြပါ။

နှစ်ဖက်မျှ တွေးပေးကြည့်ကြဖို့ တပ်မတော်သာ အမိအဖ လို့ ပေါက်ကရ အော်နေတဲ့ အာဏာရှင်ကြီးတွေကို ပြောလိုက်ချင်ပါတယ်။ အဆင်မပြေတာကို အဆင်ပြေအောင် လုပ်မပေးဘဲ အဆင်မပြေတဲ့သူကို အသုံးမကျဘူး လို့ မပြောကြပါနဲ့၊ တစ်နေကုန် တစ်နေခန်း လှုပ်ရှား ရုန်းကန်ရင်း ဘ၀ရဲ့တိုးတက်ရာ တိုးတက်ကြောင်း အတွက် အသိအမြင် ကျယ်ပြန့်လာအောင် ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီး နေထိုင် နိုင်အောင် အသိပညာ အတတ်ပညာ တိုးတက်လာအောင် ဘယ်သူ့ ဘယ်သူမှ အရေးတစ်ယူ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း မရှိကြပါဘူး။

မွန်းကျပ်တဲ့ နွံအတွင်း ဆင်းလေ ပိုကြိုက်လေဆိုတဲ့ အာဏာရှင်တွေသာ များပါတယ်။ ဟိုဟာလုပ်၊ ဒီဟာလုပ်လို့ စေခိုင်းနေမဲ့အစား အဆင်ပြေအောင် တခါတည်း လုပ်ပေးလိုက်တယ် ဆိုတာမျိုးက ရဲဘော်တွေအတွက် ဘယ်အချိန် ဘယ်ကာလများမှာမှ တွေ့မြင်ရအုံးပါမလဲဆိုတာ စောင့်မျှော်နေရင်း ကြိုးစားနေရင်း…….. အာဏာရှင်စနစ် ကျဆုံးပါစေ။


source by : http://www.photayokeking.org


အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အယူခံကို ပယ်ချတဲ့အတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ အစိုးရတွေက ရှုတ်ချ

2010-02-27 ( RFA )

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ လျှောက်ထားချက်ကို ဗဟိုတရားရုံးက အကြောင်းပြချက်မရှိပဲ ဖေဖော်ဝါရီ ၂၆ ရက် မနေ့က ပယ်ချလိုက်တဲ့အတွက် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ အစိုးရတွေက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

နေအိမ်အကျယ်ချုပ် ၁၈လနဲ့ ကန့်သတ်ထားတဲ့အမိန့်ကို ရုပ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ဆင် လျှောက်ထားချက်ကို ထပ်မံ ငြင်းဆိုလိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ သူတို့ကို နိုင်ငံရေး ဖြစ်စဉ်မှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပြုဖို့ စစ်အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်မံ တောင်းဆိုပါတယ်။ ဒီအဆင့်တွေဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲရေးအတွက် မရှိမဖြစ် လိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားပါတယ်။

အလားတူပဲ အမေရိကန်အစိုးရကလည်း ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြန်ကြားရေးအရာရှိ Darby Holladay က RFA ကိုပြောပါတယ်။

တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ ရှုတ်ချပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် နေအိမ်အကျယ်ချုပ် ချခံနေရတာ ခြောက်နှစ်ကျော် ရှိသွားပါပြီ။ မြန်မာ စစ်အစိုးရအနေနဲ့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိမိတို့ တိုက်တွန်း တောင်းဆိုပါတယ်လို့ ပြောသွားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Gordon Brown ကလည်း သူ့အနေနဲ့ စိတ်ပျက်၊ ဝမ်းနည်းမိတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ တရားရုံးချုပ်က အခုလို ပယ်ချလိမ့်မယ် ဆိုတာကိုလည်း သူ့အနေနဲ့ မျှော်လင့်ထားပြီးသား ဖြစ်တယ်လို့ ရေးသားထားပါတယ်။ အယူခံ လျှောက်ထားချက်ကို စတင်ကြားနာ စစ်ဆေးခဲ့တဲ့အချိန်ကနေ အခုချိန်ထိ တရားရုံးရဲ့ ပြရုပ် သက်သက် ဆောင်ရွက်ချက်တွေဟာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင် နိုင်အောင် လုပ်နေတာ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှုကို တရားရုံးက စစ်ဆေးစီရင်တာကို ကြည့်ရင် နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့အပြင် တရားဥပဒေကိုပါ မထီမဲ့မြင် ပြုရာ ကျနေတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထိန်းသိမ်းထားတာဟာ မတရားတဲ့အပြင် နိုင်ငံရေးအရဖြစ်နေတယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် စစ်အစိုးရအနေနဲ့ အားလုံးပါဝင်ပြီး အများယုံကြည်တဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ပြသဖို့ အခွင့်အရေး ဆုံးရှုံးခဲ့တယ်လို့ ရေးသားထားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

မင်္ဂလာ သတင်းနဲ့ မုဒိတာ


သတ္တမနည်းပညာ ရပ်ဝန်းနှင့် မြန်မာဘာလောဂ်ဂါ ပရက်စ်တို့ စုစည်း စီစဉ် ဆောင်ရွက်၍ မြန်မာသတင်းသမဂ္ဂ၊ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များအသင်း R.S.F မှ ပေးအပ် ချီးမြင့်သော ၂၀၀၉ ခုနှစ်အတွက် “အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနဲ့စာပေဆု” ကို စည်းလုံးခြင်းရဲ့ အင်အား စတင်တည်ထောင်သူ ကိုဖိုးတရုတ်အား ပေးအပ်ချီးမြင့်ခြင်း ခံရကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျား။

ဒီဆုကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ (၂၆) ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသော B.M.A (မြန်မာ့သတင်းသမဂ္ဂ) ညီလာခံတွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိပါတယ်။

ယခုလို အောင်မြင်မှု ရရှိအောင် ပံ့ပိုးကူညီ ပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပမှ ဆောင်းပါးရှင်များနဲ့ မိတ်ဆွေ သင်္ဂဟများ၊ စစ်ဖက်နီးစပ်သူများ၊ ဒီမိုကရေစီ လိုလားသော တပ်မတော်အရာရှိများ၊ အားပေးဖတ်ရှုကြသော စာဖတ်ပရိသတ်များ၊ နည်းပညာဖြင့် ၀ိုင်းဝန်း ဆောင်ရွက် ပေးခဲ့ကြသူများ နဲ့ အတူ ၈၈ ရဲ့ နော်မန် မှ လှိုက်လှဲစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါတယ် ခင်ဗျား။

အပြည့်အစုံ ဖတ်ရန် ...

အလုပ်သမားဆန္ဒပြမှုကို ၀န်ကြီးစိုးရိမ်

မျိုးချစ်သူ/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပေါ်လာမည်ကို အလုပ်သမားဝန်ကြီးက စိုးရိမ်ပူပန် နေကြောင်း ရန်ကုန်တိုင်း အလုပ်သမား ဥပဒေ စစ်ဆေးရေးရုံးမှ သိရသည်။

ယခုအခါ ရန်ကုန်တွင် အလုပ်သမားများ ဆန္ဒပြမှုမှာ လွန်ခဲ့သော၂၀၀၉ ခုနှစ် နှောင်းပိုင်းမှစ၍ ဆက်တိုက် ဖြစ်ပေါ်လာနေသည့် အတွက် ယင်းသို့ စိုးရိမ်ခြင်း ဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “၀န်ကြီးကတော့ တော်တော် စိုးရိမ်နေတာ။ ကျနော်တို့ကိုလည်း အလုပ်သမားနဲ့ ပတ်သက်ပြီးတော့ တင်းကျပ်တဲ့ လုံခြုံရေး မလုပ်ဖို့ပြောတယ်။ သူဆိုလိုတာက ဖမ်းဆီးတာတို့ ဘာတို့ပေါ့” ဟု ပြောသည်။

သို့သော် အလုပ်သမားများနှင့် ပတ်သက်သော လခတိုးမြှင့်ခြင်း ကိစ္စတို့ကို ညှိနှိုင်း၍သာ ဆောင်ရွက်ကြရန် ၀န်ကြီးက မှာကြားကြောင်း သိရသည်။

လှိုင်သာယာတွင် ဆန္ဒပြရာ၌ ပါဝင်သော အလုပ်သမားတဦးကမူ ၎င်းတို့အား လခတိုးပေးသည်ကို ကြိုဆိုကြောင်း၊ သို့သော် အလုပ်သမားများအား ရာထူးအလိုက် လခတိုးပေးမည့်ကိစ္စကို ခွဲခြားသတ်မှတ်ပေးမှုမျိုး လုပ်စေချင်သည်ဟု ပြောသည်။

၎င်းက “ဒါကို ဘယ်သူက လုပ်ပေးနိုင်မလဲ၊ ဒါကိုသိချင်တယ်။ အလုပ်သမားတွေ လခတိုးတောင်းတဲ့ကိစ္စ ဘယ်လို ငွေရှင်ကြေးရှင်တွေကမှ နှစ်သက်မှာမဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နေတဲ့ စားဝတ်နေရေးအတွက် ကျနော်တို့ အလုပ်သမားတွေက အောက်မှာပဲနေရတဲ့ ဘ၀ပါ။ ဆန္ဒပြတာကိုတော့ လူမြင်တာပေါ့ဗျာ” ဟု ပြောသည်။

ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အလုပ်သမားများက လုပ်အားခ တိုးမြှင့် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလထိ နောက်ဆက်တွဲ ဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း၊ နောက်ထပ်ဆန္ဒပြမှုများ ထပ်မံဖြစ်ပေါ်ပါက ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အနှောင့်အယှက် ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။

“ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေတာကို သတင်းစာတွေမှာ တွေ့ရတယ်။ အခုလို အလုပ်သမားတွေ မတည်မငြိမ် ဖြစ်နေရင် အဲဒီရွေးကောက်ပွဲမှာ ထိခိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ အမှန်ဆိုရင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေကို လုပ်တဲ့အခါ လူထုအနေနဲ့ စိတ်ဝင်တစားဖြစ်နေပြီးတော့ တကယ့်ကို တည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ လိုတယ်လေ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၁၇) ရက်နေ့က လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံမှ အလုပ်သမား (၁ဝဝ) ခန့်နှင့် စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ်စက်ရုံ အလုပ်သမား (၁,၈၀၀) ခန့်က လုပ်အားခတိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြမှုများ ဖြစ်ခဲ့သည်။

ထို့အပြင် ယခုဖေဖော်ဝါရီလ (၈၊ ၉၊ ၁ဝ) ရက်နေ့တို့တွင် လှိုင်သာယာစက်မှုဇုန် (၃) ရှိ မြဖက်ရှင်အထည်ချုပ်စက်ရုံနှင့် Taiyi ဖိနပ်ချုပ်စက်ရုံ၊ OPAL 2 (အထည်ချုပ်)၊ ကျားလေး (ဖိနပ်စက်ရုံ) တို့မှ အလုပ်သမား (၂,ဝဝဝ) ကျော်တို့က ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) နှင့် (၁၇) ရက်နေ့ကလည်း အင်းစိန်မြို့နယ်အတွင်းမှ SKY အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြကြရာ လစာကျပ် (၅,၀၀၀) တိုးပေးမည်ဟူသော အလုပ်ရှင်၏ သဘောတူမှုကြောင့် ဆန္ဒပြပွဲကို ရပ်ဆိုင်းခဲ့ကြကြောင်း သိရသည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Friday, February 26, 2010

ဝ နယ်ထဲ နအဖ တပ်မ ၂ ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက်

Friday, 26 February 2010 19:49 သျှမ်းသံတော်ဆင့်

ဝ ခေါင်းဆောင်နှင့် နအဖ ကိုယ်စားလှယ်တို့ တွေ့သည်ဖြစ်စေ၊ မတွေ့သည် ဖြစ်စေ နယ်စပ်လုံခြုံရေးအရ ၀ နယ် မြေအတွင်း တပ်မနှစ်ခု ပို့မည်ဖြစ်ကြောင်း တန့်ယန်းသို့ ၀ ခေါင်းဆောင်များ မထွက်ခွါမှီ တရုတ်မှတဆင့် ဖိအား ပေးခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။

“၀ ဥက္ကဌ တန့်ယန်းကို မဖြစ်မနေ သွားဖို့ခေါ်တာက ဗမာစစ်ခေါင်းဆောင်တွေ၊ ကြားဝင်ကမ်းလှမ်းတိုက်တွန်း ဖြောင်းဖြ ပေးတာက တရုတ်တွေလေ။ တရုတ်က - ခင်ဗျားတို့ သွားတွေ့လိုက်ပါ ကောင်းဖို့ အတွက်ဘဲ၊ အဖမ်းအဆီး မရှိစေရဘူး၊ နောက်တခု ခင်ဗျားတို့ သွားတွေ့တွေ့ ၊ မတွေ့တွေ့ ခင်ဗျားတို့နယ်မြေထဲ သူတို့ တပ်မ ၂ ခု ပို့မယ်လို့ ပြောတယ်။ နောက်ပြီး ဗိုလ်ရဲမြင့်တို့ ပန်ဆန်းကို မလာနိုင်တာက သူတို့က အစိုးရ - ခင်ဗျားတို့ ဆီလာရမယ်ဆိုတာ ထုံးမရှိဘူးတဲ့” - ဟု တရုတ်ဆက်ဆံရေးအရာရှိများ ပြောကြောင်း အဆိုပါ ၀ အရာရှိက ဆက်လက်ပြောပြ၏။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ၀ ပြည်သွေးစည်းရေးပါတီ ဥက္ကဌ ပေါက်ယူချမ်း ခေါင်းဆောင်သည့် အင်အား ၁၆၀ (ကား ၂၁ စီး) ပါ အဖွဲ့ တဖွဲ့ တန့်ယန်းသို့ ထွက်ခွါသွားကြောင်း၊ မသွားမှီအချိန်အထိ တရုတ်ဘက်မှ အကြိမ်ကြိမ် ဖိအားပေး သောကြောင့် ဟု ဆိုပါသည်။

ဝ နယ်အတွင်း နအဖတို့ တပ်မ ၂ ခု ပို့မည့် အကြောင်းနှင့်ပတ်သက်၍ “ဒု စစ်ဦးစီးချုပ် ကျောဝ့်ကျုံးတန်း တယောက် ဥက္ကဌ ကြီးနှင့်အတူ လိုက်မသွားခြင်းသည် စစ်ရေးကိစ္စ အသင့်ရှိနေဖို့ ဖြစ်ကြောင်း” ၀ တပ်မတော် စစ်ဘက်ရေးရာ တာဝန် ရှိသူတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ဆက်ပြောပါသည်။

“ ဗမာစစ်ခေါင်းဆောင်တွေရဲ့ မရိုးသားမှုတွေကို နားလည်ပြီး ကြားဝင်စေ့စပ်ပေးတဲ့ တရုတ်က ဘက်မလိုက် ရင်တော့ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်နိုင်မယ်။ ကိုးကန့် အရေးအခင်းတုန်းကဆို တရုတ်က အလိမ်ခံလိုက်ရ တယ်လေ။ အခုလဲ နယ်စပ်လုံခြုံရေးကို အကြောင်းပြပြီး တပ်မ ၂ ခု ပို့မယ် ဆိုတာကြီးက တမင် ခြိမ်းခြောက်ချင်တဲ့ သဘော၊ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ ကောင်းဖို့ အလားအလာလဲ မရှိနိုင်ဘူး”- ဟု လည်းထောက်ပြသည်။

အကဲခတ်သူ သတင်းသမားတဦးက - “နအဖ က လည်တယ်။ သူ့ ဘက်မှာ တရုတ် ရပ်တည်နေတယ်ဆိုတာ ပြတဲ့အနေနဲ့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ အထက်သံလွင်(ကွမ်လုံ) ရေအားလျှပ်စစ် စီမံကိန်း သဘောတူ လက်မှတ် ထိုးပွဲသတင်းကို ပထမစာမျက်နှာမှာ ဖေါ်ပြထားတယ်” - ဟု ပြော၏။

ဗိုလ်ချုပ်ရဲမြင့်သည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ - မက်မန်း (မှော်ဖ ဒေသ) မှ တဆင့် သံလွင်မြစ်အတိုင်း ရဟတ် ယာဉ်ဖြင့် ဆန်တက်ပြီး တန့်ယန်းမြို့သို့ မွန်းလွဲ ၂ နာရီကျော်တွင် ရောက်ရှိကြောင်း၊ တရုတ်သံတမန် အဖွဲ့နှင့် နအဖ အထူးစစ်ဆင်ရေးမှူးများလည်း တွေ့ဆုံပွဲသို့ လိုက်ပါ လာကြကြောင်းလည်း သိရှိရသည်။

တရုတ်သံတမန်များ ကြားဝင်နားထောင်ပေးသည့် ယခု ၀ ခေါင်းဆောင် ပေါက်ယူချမ်းအဖွဲ့ နှင့် နအဖ ကိုယ်စား လှယ်တို့၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆွေးနွေးပွဲကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ ၌ တန့်ယန်း စစ်ဗျူဟာရုံးတွင် အကြိတ်အနယ် ဆွေးနွေးကြကြောင်း၊ ၀ ခေါင်းဆောင် တင်ပြချက် အားလုံးလည်း နအဖ တခုမှ လက်မခံဘဲ လုံးဝပါယ်ချလိုက်ကြောင်း၊ ထို့ကြောင့် ယခု တွေ့ဆုံပွဲမှာလည်း အပေါင်းလက္ခဏာ တစုံတရာမှ မဆောင်ဘဲ ဌာနချုပ်ပန်ဆန်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည် ရောက်ရှိကြသည်ဟု သိရပါသည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရန် “ ၀ ” ခေါင်းဆောင် စတင်လိုက်လျော

Thursday, 25 February 2010 16:25 သျှမ်းသံတော်ဆင့်

လားရှိုး၌ တွေ့ဆုံရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်သော်လည်း တရုတ်၏ ဖြန်ဖြေ ဖြောင်းဖြမှုကြောင့် တန့်ယန်းမြို့သို့သွားရောက် တွေ့ဆုံဆွေးနွေးရန် “ ၀ ” ခေါင်းဆောင် လိုက်လျော သဘောတူ လိုက်ပြီဟု ယနေ့ မနက်ပိုင်းက သိရသည်။

“တန့်ယန်းအထိ ဆိုရင် ၆ နာရီ ကားစီးရတယ်၊ လားရှိုးလောက်တော့ မဝေးဘူး၊ တရုတ်က ဖိအား ပေးလာတော့ မသွားလဲ မပြီးဘူး။ ဒီတခေါက် တွေ့ဆုံပွဲက အဖြူ အမည်း ဆုံးဖြတ်ပေးမယ့် နောက်ဆုံးအကြိမ်လို့ ကျနော်တို့ ခေါင်းဆောင်တွေ ပြောတယ် ” - ဟု အမည်မဖေါ်လိုသူ ၀ အဆင့်မြင့် အရာရှိ တဦးက ပြောပါသည်။

ယနေ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်း ၀ ပြည်သွေးစည်းရေးပါတီ ဥက္ကဌ ပေါက်ယူချမ်း ဦးဆောင်သည့် အင်အား ၈ ယောက် အဖွဲ့သည် နအဖ အဆင့်မြင့် ကိုယ်စားလှယ်များ နှင့် တွေ့ဆုံရေးအတွက် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ တန့်ယန်းသို့ ခရီးထွက်ရန် ပြင်ဆင်နေကြောင်း၊ ဒု - စစ်ဦးစီးချုပ် ကျောဝ်ကျုံးတန်း မှာမူ ဌာနချုပ်၌ ကျန်ရစ်မည် ဖြစ်ကြောင်း၊ ဥက္ကဌ နှင့်အတူ ဗိုလ်လာခမ်း၊ တရုတ် - ဗမာစကားပြန် ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူး လျဲ့၊ ၄၆၈ တပ်မမှူး စိုင်းဆာမ် နှင့် အခြားအရာရှိများ လိုက်ပါ သွားကြကြောင်း၊ တရုတ်အဖွဲ့ တဖွဲ့လည်း ကြားဝင်ညှိနှိုင်းပေးရန် ရန်ကုန်မှတန့်ယန်း သို့ ရောက်လာမည် ဖြစ်ကြောင်း၊ အဆိုပါ ၀ အရာရှိက ပြောပါသည်။

“လားရှိုးအထိ သွားမယ်ဆိုရင် ကျန်းမာရေးအရ မသွားနိုင်ဘူးလို့ ဥက္ကဌကြီး ပြတ်ပြတ်သားသား ငြင်းထားတယ်။” - ဟု UWSA စစ်ရုံးချုပ်မှ တာဝန်ရှိသူတဦးက လည်းပြောပါသည်။

ထိုပုဂ္ဂိုလ်က ဆက်၍ တိုက်ရေးခိုက်ရေးတွင် ၀ ပြည်သွေးစည်းရေးတပ်မတော်အနေဖြင့် စိုးရိမ်ခြင်းမရှိကြောင်း၊ အတွေ့အကြုံ အရလည်း ရှုံးနှိမ့်ခြင်း မရှိခဲ့ဖူးကြောင်း၊ နအဖ ဘက်က ထုံးစံအတိုင်း မရိုးမသား အောက်တန်းကျ သည့် နိုင်ငံရေး ဉာဏ်နီဉာဏ်နက် သုံးမည်ဆိုလျှင် ယခုတခေါက်က အဆိုးအကောင်း အဆုံးအဖြတ် ဖြစ်နိုင်ကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

တရုတ်၏ တိုက်တွန်းမှုကြောင့် ယခုနောက်ဆုံး ကမ်းလှမ်းချက်အား ၀ ဥက္ကဌ ပေါက်ယူချမ်း က လက်ခံသော်လည်း ၀ ပြည်သူလုထု နှင့် ကေဒါ တပ်သားများ၏ ဆန္ဒအရ ၂၀၀၉ နိုဝင်ဘာ ၁၀ ရက်စွဲပါ တောင်းဆိုချက် ၉ ချက် ကိုသာ လက်ကိုင်ပြုထားဆဲ ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ် ထူထောင်ရေးအတွက် ၎င်းတို့၏ တောင်းဆိုချက် ၉ ချက် ကို နအဖ ဘက်က လုံးဝ ပါယ်ချထားပြီး ဗမာစစ်အရာရှိ ၃၀ ပါဝင်သည့် တပ်ရင်းတခု၊ အင်အား ၃၂၆ ယောက် ရှိသည့် တပ်ရင်း ၅ ရင်း နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်ကိုသာ နအဖ က တဘက်သတ် ဖိပြောခဲ့သည်။


source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အမှု တရားရုံးချုပ် ငြင်းပယ်

Friday, 26 February 2010 12:04 ကိုထွေး

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

(ဓာတ်ပုံ - ဧရာဝတီ)

အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမ တို့၏ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု ကိုလည်း ငြင်းပယ် လိုက်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် တရားရုံးက စီရင်ချက်ချမှုကို ရန်ကုန်အခြေစိုက် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျနိုင်ငံတို့မှ သံအမတ်ကြီးများက တက်ရောက် နားထောင်ကြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် ချမှတ်ထားသည့် စီရင်ချက်သည် အခြေခံဥပဒေနှင့် ကိုက်ညီခြင်း မရှိဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိဒါန်းအရ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ရပ်ဆိုင်းသွားသည့် အတွက် မည်သူတဦးတယောက်မှ သုံးခွင့် မရှိတော့ကြောင်း အကိုး အကားများဖြင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက လျှောက်လဲကြသည်။

အစိုးရ ရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရားဝင် ဖျက်သိမ်းကြောင်း မကြေညာသေးသည့် အတွက် သုံးခွင့် ရှိသည်ဟု လျှောက်လဲချက် ပေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အယူခံကို ကိုယ်တိုင် တက်ရောက် ကြားနာခွင့် မရပေ။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားတဦးကြောင့် တရားစွဲ ခံရပြီး နေအိမ်အကျယ်ချုပ် သက်တမ်း ထပ်မံ တိုးမြှင့်ခံထားရသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, February 25, 2010

မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း မစ္စတာ ကင်တားနား က ရဲချုပ်ခင်ရီ ကို သတိပေးခဲ့


2010-02-24 ( RFA )


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက သူမကြာခင်က သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာပြည်သူတွေဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကန့်သတ် ပိတ်ပင်ခံထားရဆဲ ဖြစ်တာ တွေ့ရတဲ့အတွက် နိုင်ငံတကာ အတွေ့အကြုံအရ မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်ကြောင်း စစ်အစိုးရ ရဲချုပ် ခင်ရီ ကို သတိပေးခဲ့တယ်လို့ ပြောပါတယ်၊၊

သတင်းစာရှင်းလင်းပွဲ တခုတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ စကားပြောကြားနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒါ့ပြင် စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်စွာ အမြင်ထုတ်ဖော် ပြောဆိုခွင့် မရှိဘူးဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ အများက လက်ခံယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်၊၊

သူ့ အနေနဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို အပြီးသတ် ရေးသားနေဆဲ ဖြစ်ပြီး လာမယ့် မတ်လ ၁၅ ရက်နေ့ ဂျီနီဗာမြို့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြတဲ့အခါ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်လိမ့်မယ်လို့ သူက ပြောပါတယ်၊၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဆက်သွယ် မေးမြန်းထားပါတယ်၊၊

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ နားဆင်ရန် ဒီမှာ ပါ ခင်ဗျား ...။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 24, 2010

ဖြစ်ရပ်မှန် ကိုယ်တွေ့ “ဖြတ် (၈) ဖြတ်” - အပိုင်း (၁)


ဆောင်းပါးရှင် - သူရနိုင် (လက်ရှိ တာဝန် ထမ်းဆောင်နေသော တပ်ခွဲမှူး တစ်ဦး)



“တိုင်းရေးပြည်ရေးက ခက်ခဲသလို၊ ၀မ်းရေးက ပိုခက်ခဲ၊ လွမ်းရေးက အပိုဆုံး ထင်မိတယ်၊ စောင့်သူ မောရော့မယ်၊ သားသမီးနဲ့ ဇနီးဆီ မြန်မြန်ပြန်လာမယ်”

စိုင်းထီးဆိုင်ရဲ့ “အညာကို ပြန်ချင်တယ်” သီချင်းစာသားလေး တစ်ကြောင်းပါ။ ခပ်ဝေးဝေး တစ်နေရာမှာ မိသားစု ၀မ်းရေးအတွက် အလုပ်ထွက်လုပ်နေသူ တစ်ယောက်ရဲ့ ခံစားချက်ပေါ့။ တပ်တွေမှာတော့ ရှေ့တန်းထွက်တဲ့ အချိန်မဟုတ်ပဲ နောက်တန်းမှာ နေရတဲ့အခါ ကိုယ့်မိသားစုနဲ့ အတူတကွ နေထိုင်ရတဲ့ အချိန်မို့ လွမ်းရေးက မခက်ပေမဲ့ ၀မ်းရေး ခက်လှပါတယ်။ ၀မ်းရေးအတွက် အာရုံစိုက်နေရတော့ တိုင်းရေးပြည်ရေးဘက် မရောက် နိုင်တော့ဘူးပေါ့။

တပ်ရင်းရုံးမှာ စစ်သည်အဆင့်အတန်း အားလုံး တပ်ရေးဗိုလ်ကြီး အလာကို စောင့်မျှော် နေကြပါတယ်။ တပ်ခွဲ လစာကြပ်တွေလည်း တကုပ်ကုပ်နဲ့ ဘာများ အလုပ်ရှုပ်နေကြသလဲ မသိပါ။ သြော်….. ဖြတ်တောက်မဲ့ အကြွေးစာရင်းတွေ တွက်ချက်နေကြတာပါလား။ ရဲဘော်တွေက မျက်စောင်း တထိုးထိုးနဲ့ပေါ့၊ တချို့ ဆရာတွေက ပွစိပွစိ၊ မိမိတို့ အမျိုးသား (စစ်သည်) တွေမှာ တာဝန်အရ တပ်ပြင်သို့ ရောက်နေကြသူများရဲ့ ဇနီးမယားများကလည်း ဘောလ်ပင် တစ်ချောင်းနဲ့ စာရွက်အလွတ်တစ်ရွက်ကို ဆုပ်ကိုင်ရင်း လစာကိုစောင့်မျှော် နေကြပြန်တယ်။

မိမိလက်ထဲ လစာဘယ်လောက် ရောက်မည် မသိ၊ ရချင်သလောက်ရ ဆိုပြီး အကြွေးလွယ်တဲ့ နေရာမှာ သောက်စားလာတဲ့ ရဲဘော်တချို့က အော်ကျယ် အော်ကျယ်နဲ့ ပြောနေပေမဲ့ အရာရှိ (သို့) ခပ်ဆိုးဆိုး ခပ်ကြမ်းကြမ်းဆရာ တစ်ယောက်ယောက်ကို သူတို့ တွေ့သွားရင်တော့ အသံကိုတိတ်ပြီး တောင်ကြည့်မြောက်ကြည့်နဲ့ သူတို့မဟုတ်သလို အမြီးကုပ် နေကြ ရပြန်တယ်။

ခဏကြာတော့ တပ်ရေးဗိုလ်ကြီး ရောက်ရှိလာပြီး “လစာကြပ်တွေနဲ့ တပ်ခွဲမှူးတွေ ရုံးခန်းထဲကို လာမယ်” လို့ အော်ပြောလိုက်ပါတယ်။ တပ်ခွဲအလိုက် လစာထုတ်ပေးဖို့ စတင်ခေါ်ယူပါပြီ။ ရုံးခန်းထဲမှာတော့ လစာကြပ်တွေ တပ်ခွဲမှူးတွေနဲ့ တပ်ရေးဗိုလ်ကြီးတို့ ခေါင်းချင်းဆိုင်ကာ တီးတိုးနှစ်ကိုယ်ကြား ပြောနေကြပါတယ်။ ပထမဦးဆုံး တပ်ခွဲမှူးတွေနဲ့ တပ်ရေးဗိုလ်ကြီးတို့ ညှိနှိုင်းကြတာကတော့ ခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့လစာ၊ ရိက္ခာစိုငွေတွေကို ဘယ်လို “ဗုံး” မလဲဆိုတာ ဖြစ်ပါတယ်။

ခွင့်မဲ့ပျက်ကွက် စစ်သည်တွေကို အထက်ဌာနသို့ စာရင်းမပြပဲ တပ်ရင်းမှာပင် အနည်းဆုံး (၂) လခန့် ခေါက်ထားလေ့ရှိပါတယ်။ တချို့တပ်ခွဲမှူးတွေက ခွင့်မဲ့ပျက်ကွက် စစ်သည်တွေကို တပ်ပြေးအဖြစ် ကြေညာချင်ကြလို့၊ အချို့ကျတော့ ခွင့်မဲ့ပျက်ကွက်စာရင်းကို အမှန်အတိုင်း ထည့်ချင်ကြပါတယ်။ အဲဒီအခါမှာ တပ်ရေးဗိုလ်ကြီးက တပ်ခွဲမှူးတွေကို စဉ်းစဉ်းစားစားလဲ လုပ်အုံး၊ အထက်ကို စာရင်းတင်ရင် အဘကြီး (တပ်ရင်းမှူး) ရဲ့ စစ်ဦးစီးတက္ကသိုလ် (ဥစတ) သင်တန်းတက်ဖို့ ထိခိုက်သွားနိုင်တာမို့ မလုပ်ပါနဲ့လို့ ဖားပြီး ပြောပါတယ်။

ဒီအချိန်မှာ စီနီယာ တပ်ခွဲမှူးတစ်ဦးက ဒေါကန်ပြီး “အဲဒီခွင့်မဲ့ ပျက်ကွက်စစ်သည်တွေ တစ်နေရာမှာ ပြဿနာတက်ရင် မင်းက တာဝန်ယူ ဖြေရှင်း နိုင်လို့လား” လို့ ပြောတော့ တပ်ရေးဗိုလ်ကြီးက “မတတ်နိုင်ဘူးလေ၊ အများနည်းတူ မိုးခါးရေသောက်ရမှာပဲလေ၊ အဲဒီအခါကျမှ ဖြစ်ကာမှ ဖြစ်ကော၊ လောလောဆယ် နီးရာဓါးကြောက်နေရတယ်” လို့ ပြောပြီး ဆက်လက် ညှိနှိုင်းကြပြန်ပါတယ်။

အဲဒီနောက် ဖြတ် (၈) ဖြတ်ဆိုတဲ့ နေရာမှာ တပ်ရင်းရံပုံငွေအတွက်ဖြတ်၊ မိခင်နှင့်ကလေး ရံပုံငွေဖြတ်၊ တပ်မတော်စည်းရုံးရေး ကော်မတီကဖြတ်၊ တပ်တွင်း သက်သာဆိုင်ကဖြတ်၊ မဖြစ်မနေ စုဆောင်းငွေ (ဘဏ်စုငွေ) ဖြတ်၊ သာရေးနာရေး အလှူငွေဖြတ်၊ တပ်ခွဲဆိုင်ရာ စိုက်ပျိုး မွေးမြူရေးလိုမျိုး ၊ အမျိုးသမီး စစ်သင်တန်း ၀တ်စုံကြေးလိုမျိုးဖြတ် စတဲ့ အမျိုးအစားတွေနဲ့ အကြွေးရလို့ ဆင်တောင်ဝယ်စီးမဲ့ စစ်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာ အကြွေးလိုမျိုး ဖြတ်တာဆိုပြီး ဖြတ် (၈) မျိုးအား အကြမ်းဖျင်း တွေ့ရပါတယ်။ ခဏနေတော့ တပ်ခွဲအစဉ်လိုက် ဖြတ်တောက်ရမဲ့ စာရင်းဇယားတွေနဲ့ကိုက်ပြီး လစာ ခွဲဝေပေးပါတော့တယ်။

လစာကြပ်နဲ့ တပ်ခွဲမှူးများ အပြင်ထွက်လာတာနဲ့ ရဲဘော်တွေ သူ့ထက်ငါဦးပြီး အလုအယက် တိုးဝှေ့တန်းစီကြပါတယ်။ ဆူညံသံတွေကို အော်ဟစ်ဆဲဆိုပြီး လစာထုတ်ပေးပါတယ်။ တပ်ရင်းက ဖြတ်စရာရှိတာ ဖြတ်ပြီးရင် တပ်ခွဲက ဖြတ်စရာရှိတာ ထပ်ဖြတ်ပါတယ်။ တပ်ရင်းအနေနဲ့ တပ်ရင်းရံပုံငွေ၊ တပ်တွင်း သက်သာဆိုင် အကြွေးတို့ကိုသာ အဓိကထား ဖြတ်တောက်ပြီး တပ်ခွဲအနေနဲ့ တပ်တွင်းဖွင့်လှစ်ထားသော မိသားစုဆိုင်များမှ ကြွေးမြီများ၊ သာရေးနာရေးနှင့် သက်ဆိုင်သော ကိစ္စများအတွက် ဖြတ်တောက်ပါတယ်။

လစာထုတ်ပြီးချိန်မှာတော့ လုပ်ကိုင်စားသောက်တတ်ပြီး နေရာကောင်းရထားသူ စစ်သည် အနည်းငယ်လောက်မှလွဲပြီး ကျန်စစ်သည်များလက်ထဲမှာ ၎င်းတို့၏ လစာငွေ အပြည့်အ၀ ယူဆောင်သွားသူ မတွေ့ရပါ။ တချို့ အနုတ်လက္ခဏာ ပြနေသူကိုလည်း မြင်တွေ့ရပါတယ်။ လစာတပြားမှ မရတဲ့အပြင် အကြွေးတင်တာမျိုး ထပ်တောင် ပေးရမှာမျိုးကြောင့် ကိုယ့်ကိုယ်ကို သတ်သေတော့မဲ့ စိတ်ပျက်လက်ပျက် ပုံစံမျိုးတွေကိုလည်း မမြင်ချင်မှ အဆုံး တွေ့မြင်နေရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တပ်တွင်းသက်သာဆိုင်မှာ ယူထားတဲ့ အကြွေးကို တပ်ရင်းကဖြတ်၊ အိမ်ထောင်သည်လိုင်းတွေမှာ အဆင်ပြေလို့ ဖွင့်ထားတဲ့ အိမ်ဆိုင်တွေက အကြွေးတွေ တပ်ခွဲကဖြတ်၊ ဒီလိုနဲ့ ရဲဘော်တွေဟာ ရတဲ့လစာက နှစ်သောင်းကျော်၊ သောက်စားထားတာရယ်၊ ဗါဟီရ ပစ္စည်းဝယ် သုံးတာရယ် ဖြတ် (၈) နဲ့ နှစ်ပါးသွားလိုက်တာ ထောင်စွန်းဂဏန်းလောက်ပဲ ကျန်ပါတော့တယ်။ အိမ်ထောင်သည်တွေက ပိုဆိုးပါတယ်။ ရိက္ခာရတယ် ဆိုပေမဲ့ လင်အတွက်ပဲ ရတာပါ။ မိန်းမနဲ့ ကလေးအတွက် မပါပါဘူး။


အပိုင်း (၂) ကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 23, 2010

ရာထူး နေရာ - အပိုင်း( ၂ )


ဆောင်းပါးရှင် - ဗိုလ်သူရနိုင် (လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်ခွဲမှူး)



အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။


တပ်ရင်းမှူးအိမ်တွင် အနီးကပ်ပြုစုသူ၊ 2IC အိမ် အနီးကပ် ပြုစုသူမျိုး တို့ကိုသာ ကိုယ့်သဘောနှင့်ကိုယ် တင်မြှောက် ပေးလိုက်ကြသည်။ ကျန်အရည်အချင်း ရှိသူများကို ထည့် မစဉ်းစားတော့ပါ။ ကျော့ကျော့ မော့မော့နှင့် တပ်ရင်းမှူးအိမ်မှာ နေထိုင်ပြီး အချိန်တန်တော့ လက်မောင်းပေါ်တွင် အရစ်တပ်၊ လစာတိုးယူရုံ သက်သက်ပါ။ တကယ်တန်း တက်တက်ကြွကြွ နဲ့ အရည်အချင်းရှိရှိ လုပ်ကိုင် ဆောင်ရွက် နေသူများမှာ လူကြီးနားကို ကပ်မဖါးတတ်လေတော့ ရာထူးအဆင့် တိုးလည်း မစဉ်းစားတော့ ပါ။ အဆင့်မတိုးတော့ လစာက မတိုး။ တိုးလာတဲ့ ကလေးတွေအတွက် ရှေ့ရေးက ရင်နင့်စရာ။ ပူပန်သောကတွေနဲ့ ဗျာများ နေရတဲ့ ဘဝတွေ တိုးပြီးရင်းတိုး ဆိုးပြီးရင်းဆိုး လာတဲ့ အဖိနှိပ်ခံဘဝမှာ မည်သူက ကြာကြာ တာဝန် ထမ်းဆောင်လိုစိတ် ရှိပါ မည်နည်း။

နေရာနှင့် ရာထူးအတွက် မလည်မဝယ်နဲ့ ရိုးသားသန့်ရှင်းစွာ တာဝန်ထမ်းဆောင်နေတဲ့ တိုင်ရင်းသား ညီအစ်ကို စစ်သည် တွေမှာ နေရာနှင့် ရာထူးအတွက် ပိုလို့ ဘေးဖယ် ခံထားရပါသည်။ “ဒီကောင်တွေကို နေရာပေးလိုက်ရင် အရေကြီးတဲ့ ကိစ္စ တွေမှာ စိတ်မချရဘူး၊ မယုံကြည်ရဘူး၊ တိုင်းရင်းသားဆိုတာ အကြံအဖန် လုပ်ခိုင်းရင်တောင် ငါတို့ အတွက် ၀င်ငွေရှာဖို့ အလိုက်သိမှာ မဟုတ်ဘူး၊ ရိုက်စစ်ရင် ငါတို့စားထားတဲ့ အကွက်တွေ အထက်လူကြီးကို အကုန်လုံး အန် ပြောမှာ ဖြစ်တယ်” ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပစ်ပယ်ထားကြသည်။ တပ်ရင်းမှူးက နေရာပေးချင်ရင် “တွဲဖက်” ဆိုသည့် စကားလုံးနှင့် ကိုယ့်တပ်ရင်းထဲမှာ ကိုယ်လုပ်ချင်သလို လုပ်ပြီး ဟိုရွှေ့ ဒီရွှေ့ လုပ်လို့ရသည်။ တန်၏ မတန်၏ အရည်အချင်း ရှိ/ မရှိ၊ စီနီယာ၊ ဂျူနီယာ လုပ်သက်တွေကို ဂရုမစိုက်တော့ပါ။ တစ်ဆင့်မြင့် ရာထူး ဥပမာ - ဒုတပ်ကြပ်မှ တပ်ကြပ်သို့ လုပ်ထုံးလုပ် နည်းနှင့် မကိုက်ညီဘဲ တစ်ဖက်သတ် အဆင့်တိုးလို့တော့ မရပါ။


သို့သော် (P.O.Y) ခေါ်သည့် စက်သုံးဆီ ကိုင်တွယ်ရသော ရာထူးနေရာကောင်းတွင် ဖွဲ့စည်းပုံအရ အဆင့်အမြင့်ဆုံး ဒုအရာ ခံဗိုလ်ထိ ထားရန် သတ်မှတ်ထားသော်လည်း တပ်ရင်းမှူးက သူ့စိတ်ကြိုက် တပည့်ရင်း တပ်ကြပ်အဆင့်ကို တာဝန်ပေးအပ် ထားသည်မှာ တရားမျှတမှု မရှိကြောင်း ထောက်ပြလိုပါသည်။ တပ်ပိုင်ကားများ ခရီးစဉ်ရှိ၍ သွား လိုသည့်အခါ ဂါလံခွက်ကို သတ်မှတ် (၆) ပုလင်း ထည့်ရမည် ဖြစ်သော်လည်း မြေပြင်တွင် (၄) ပုလင်းခွဲသာ ထည့်ရမည်ဟု တရားမ၀င် အမိန့်က ရှိနေ သဖြင့် ကွာဟသော တစ် ပုလင်းခွဲမှာ တပ်ရင်းမှူး ၀ါးဖို့အတွက်သာ ဖြစ်ပါသည်။ အရာခံဗိုလ်အဆင့် ဆရာကြီးက လက်ဖြောင့် တပ်ကြပ်ကြီးကို ကြောက်နေရသည်။ အရာရှိအဆင့်က ဆက်သွယ်ရေး တပ်ကြပ်ကြီးနှင့် ရုံးအုပ်အရာခံဗိုလ် အဆင့်ကို တပ်ရင်းမှူး အရှိန်အ၀ါကြောင့် သတိထား ဆက်ဆံနေရသည်။

ရိုးရိုးသားသားနဲ့ မဖားယားဘဲ နေလေတော့ နေရာနှင့် ရာထူးတွေက ဝေးလေပေါ့။ တပ်ရင်းမှူးတွေ အဆက်ဆက် ပြောင်း လာခဲ့သည်။ ပြောင်းပြန်လျှင်လည်း တပ်ရင်းမှူး အဟောင်းက လက်ဆင့်ကမ်း အမွေတွေ ဟိုလူက ကောင်းသည်၊ ဒီလူက မကောင်း၊ လက်တို့ပြီး သတိပေးသွားသဖြင့် တပ်ရင်းမှူးအသစ်ကလည်း တပည့်မွေး ဆရာမွေး ရေရှည် ၀ါးရမှာမို့ အနည်း ငယ်သာ အပြောင်းအလဲ လုပ်ပေးသည်။ တစ်ချို့ စစ်သည်များသည် တပ်ရင်းမှူး အမြင်ကြည်လင်ဖို့ရန် ကျားကုပ်ကျားခဲ အလုပ်ကြိုးစားပြသော်လည်း အဖား မတော်သည့်အတွက် မည်မျှပင် ကောင်းအောင်လုပ်စေကာမူ အကောင်းမမြင်သဖြင့် နောက်တပ်ရင်းမှူးအသစ် ရောက်လာသည့်အခါ ရေကုန်ရေခန်း မိမိအလုပ်ကို အစမှ စတင် ကာ ပင်ပန်းကြီးစွာဖြင့် ကြိုးစား ပြရပြန်သည်။

ဒီလူတွေ ပခုံးပေါ်မှာ ပေါက်တူးထမ်း လမ်းလျှောက်နေရတဲ့ ဘဝက ရုန်းမထွက်နိုင်၊ ငပိရည်ကြိုနဲ့ တို့စရာကနေ ပိုမလာ။ နေရာကောင်း ရထားသူတွေမှာတော့ ခပ်ဝေးဝေးက လှမ်းကြည့်ရုံနဲ့တင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပြောင်စွာနဲ့ မိုးပေါ်ရောက်နေသလား အောက်မေ့ရတဲ့ဘဝ။ ဒီကောင်တွေက ပေါက်တူးဘဲ ထမ်းရမှာပေါ့၊ ကိုယ့်လိုမှ မလုပ်တတ် မကိုင်တတ်တာ။ မသင်ရင် မတတ်ဘူး ဆိုတာ စစ်တပ်လောကမှာ မရှိသလောက် ရှားပါသည်။ အစစအရာရာ လိမ်လည် လှည့်ဖြားနေတဲ့ စစ်အာဏာရှင်ကြီးစိုးတဲ့ စစ်တပ်လောက ကြီးထဲမှာ အားလုံးဟာ လှည့်ပတ်ပြီး လိမ်နေကြတာပါ။ ပိုဆိုးတာက သိသိချည်းနဲ့လည်း လိမ်တယ်၊ သိသိချည်းနဲ့လည်း အလိမ်ခံတယ်။ သဘောပေါက်တယ်နော်။ ဖားယားတဲ့ ပညာကိုတော့ လူတိုင်း ကျွမ်းကျင် မတတ်မြောက်ကြဘူး ဆိုတာ နားလည်ပါ။

အဲ့ဒီတော့ နေရာကောင်း ရထားသည့် သူတွေ၊ ရာထူးခပ်မြန်မြန်တိုးပြီး ကြည့်လိုက်ရင် အမြဲလိုလို လူကြီးနား ရှိနေတတ်သည့် ငဖား အုပ်စုတွေကို အများရဲ့ မေတ္တာပို့ခြင်း ကောင်းကောင်းခံရမှာ အမှန်ဖြစ်ပါသည်။ လူကြီးကို ဆက်သစရာ ရှိရင်တော့ ကောင်းပေ့ညွန့်ပေ့။ အေးဗျာ… စုတ်ပျက်နေတာတွေ ဆက်သလို့မှ မရတာ။ ဒီလိုနဲ့ လက်အောက်ကိုပဲ ခပ်စုတ်စုတ် နုတ်နုတ်တွေ ထုတ်ပေးကြပါသည်။

“ဘာမှ သုံးစားလို့မရတဲ့ ကောင်တွေကို စိုက်ပျိုးရေးနှင့် မွေးမြူရေး တာဝန်ပေးလိုက်၊ စိုက်ပျိုးလို့၊ မွေးမြူလို့ ပျက်ဆီး ဆုံးရှုံးရင် ပြန်လျှော်ခိုင်း။ ပိုက်ဆံ နှစ်ခါ ထပ်မထုတ်ပေးနိုင်ဘူး”

“သက်သာဆိုင် တာဝန်ခံဆရာကြီးကို ငါ့ဆီလွှတ်လိုက်၊ ဒီလ ဆန်အမြတ် အရင်လာရှင်း၊ ကျန်တဲ့စာရင်း နောက်မှရှင်းမယ်၊ တခါတည်းပြောလိုက်”

“တပ်ထောက်ဗိုလ်ကြီးနဲ့ မော်တော်ယာဉ်မှူး (P.O.Y) ကို ညကျရင် ငါ့ဆီလွှတ်”

“ဆီရောင်းပြီးရင် တခါတည်း ငါ့ဆီ တန်းလာပါလို့ ပြောထားရဲ့သားနဲ့၊ ဘယ်သွား သဝေထိုးနေလည်း မသိဘူး”

အိမ်ရောက်ရင် မိန်းမကို ဆီဖိုးအပ်ရမယ်လေ သူငယ်ချင်းတို့… သူများအတင်း ပြောတာတော့ မဟုတ်ဘူး။ ဗိုလ်ချုပ်တွေ (လူကြီးတွေ) တော်တော်များများ မိန်းမ ကြောက်ကြ ရတယ်။ မယုံမရှိနဲ့၊ ကြုံမှ သိမည်။

အားလုံးပဲ သတိထားကြပါ။ တပ်ထဲမှာ စကားပြော ဆင်ခြင်ပါ။ နံရံတွေမှာ နားတွေရှိသည်။ ကိုယ်က မည်မျှကောင်းကောင်း မကောင်းသည့် တစ်ကွက် ပေါ်သွားရင် ချက်ချင်း ရွှေနားတော် ပေါက်ကြားသွားမည်။ တေမိလိုနေပါ။ မည်သည့်အခါမှ သူများခေါင်းပေါ် နင်းပြီးမှ နေရတဲ့အဖြစ်မျိုးကို ကြိုးစားရှောင်ရှားကြပါ။ လူကြီး နားမှာနေပြီးရသည့် ရာထူး ဆိုတာ အရည်အချင်း မရှိလို့ ခံယူလိုက်ပါ။ မသိချင်ယောင်ဆောင်ပြီး မှေးမနေနဲ့၊ အရမ်းရှက်ဖို့ ကောင်းတယ်။ ခြစားမှုတွေ အရမ်းများပြီး ကိုယ်ကျိုးကို ရှေ့တန်းတင်၊ လက်အောက်ကို စတေးပြီး ထိပ်ဆုံးဆိုသည့် နေရာရဖို့ အလုအယက် နင်းတက်ခံနေရသော ဘဝကနေ အမြန်ဆုံး လွတ်မြောက် ရုန်းထွက်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း…..


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, February 21, 2010

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဂျာနယ်


အပြည့်အစုံ ဖတ်ရန် ...

တာချီလိတ်တိုက်ပွဲ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံး

2010-02-21 ( RFA )

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ နေလည် ၁၂ နာရီလောက်က မဲခေါင်မြစ် အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ရဲအုပ်ခင်မောင်ရင် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ ဒေသခံ ပြည်သူတဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ကနေ ၇ မိုင်လောက်အကွာ ရွှေတြိဂံနယ်စပ်က ဝမ်ပုံကျေးရွာနဲ့ ပါဆရွာ အကြား မဲခေါင်မြစ်အတွင်း ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ စီးလာတဲ့စက်လှေကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တာချီလိတ်မြို့ခံ တဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

မြို့ခံတဦး။ ။'အဲ့ဒီမှာ သူတို့ အပစ်အခတ် ဖြစ်တာက စက်လှေပေါ်ကနေ ဖြစ်တယ်လို့ ပြောတာပဲ။ စက်လှေတခုကို တားရင်းကနေ ဖြစ်တယ်လို့ အဲ့လို ပြောကြတာပဲ။ ဝမ်ပုံ ရဲစခန်းမှူး အပါအဝင်ပေါ့၊ ရဲ ၁၂ ယောက် ကျတယ်လေ။ ပြီးတော့ မူးယစ်က ရဲ ၂ ယောက် ကျတယ်။ အလုပ်သမား တယောက် ကျတယ်။ ၁၅ ယောက် အားလုံးကျတယ်။ ရဲက ၂ ယောက်ကတော့ ဒဏ်ရာနဲ့ ပြန်လွတ်လာတယ်။ အဲ့ဒီ လွတ်လာတဲ့ ၂ ယောက်ရဲ့ အပြောအရပေါ့နော် ဒီလူတွေ ကျတယ်ဆိုတာ သိရတာ။ ဒါပေမယ့် အခုထက်ထိတော့ ဘာမှ ဟို အလောင်းတွေ ဘာတွေတော့ ရှာမရသေးဘူးလို့ ပြောတယ်'

ဒီလို တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ တာချီလိတ် မြို့မရဲစခန်းကို အာအက်ဖ်အေ က ဆက်သွယ်မေးမြန်း ကြည့်ရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပါတယ်။ လောလောဆယ် ရင်အုပ်ကိုထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဒု-ရဲအုပ်စိန်လှိုင်နဲ့ မူးယစ်တပ်ဖွဲ့ဝင် ချင်းလူမျိုး ကီးမူး တို့နှစ်ဦး တာချီလိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး တိုက်ပွဲဖြစ်ပွားရာမှာ ကျဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် အလောင်း လေးလောင်းကို ဆယ်ယူရရှိထားတယ်လို့ သိရပါတယ်။ အခု တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာ အတည်ပြု ပြောဆို နိုင်ခြင်း မရှိသေးပေမယ့် မူးယစ်ဆေးဝါး သယ်ဆောင်နေတဲ့ အဖွဲ့တွေပဲ ဖြစ်နိုင်တယ်လို့ တာချီလိတ်မြို့ခံက ပြောပါတယ်။

တာချီလိတ်မြို့ခံ။ ။'ဝ အဖွဲ့ပဲ ဖြစ်မှာပေါ့လေ။ ဒီ မူးယစ်နဲ့ ပတ်သက်တာဆိုတော့။ အဲ့ဒီကနေ ဆင်းလာတာ ဝတွေ ဆင်းလာတယ်လို့ ပြောတာပေါ့။ ဒီကြားထဲမှာ ရဲတချို့ ပြောတာကတော့ ဒီ ရှမ်း တရုတ်ပေါ့နော်၊ ကျနော်တို့ ဒီ မိုင်းဖုန်းဆရာတော်ရဲ့ အဖွဲ့တွေလေ။ အဲ့ဒါလည်း ဖြစ်နိုင်တယ်လို့ ပြောတာပေါ့။ များသောအားဖြင့် ဖြစ်နိုင်တာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာပါပဲ။ မူးယစ် သယ်တဲ့အဖွဲ့ကို လှမ်းပစ်တာပဲ ဖြစ်မှာပေါ့လေ။ အဲ့ဒီကနေ အပစ်အခတ်တွေ ဖြစ်ကုန်တာ။ ဟိုတခါလည်း အဲ့လိုပဲ ဖြစ်ဘူးတာကိုး'

မဲခေါင်မြစ်အတွင်း အလားတူ တိုက်ပွဲမျိုး ၂ဝဝ၈ ခုနှစ်က တကြိမ် ဖြစ်ခဲ့ပြီး အဲဒီတုန်းက မူးယစ် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...