Friday, September 30, 2011

မြစ်ဆုံဆည် ရပ်ဆိုင်းထားမှု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို



source by : http://www.youtube.com/user/mizzimanewsTV

အပြည့်အစုံ ဖတ်ရန် ...

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဖို့ သမ္မတ ကြေညာ

ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်က လက်ရှိအစည်းအဝေး ကျင်းပနေတဲ့လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ အများက ကြိုဆိုခဲ့ကြသလို ဧရာဝတီမြစ် ရှင်သန်ရေးအတွက်ဆိုရင် စက်ယန္တရားတွေအသုံးပြုပြီး ရွှေတူးဖော်တာတွေနဲ့ သစ်တော ပြုန်းတီးနေရတာတွေကို ဆက်လက်တားဆီးဖို့ လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို မြစ်ဆုံ ဆည်စီမံကိန်းကို ရပ်ဆိုင်းမှာဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာကို လွှတ်တော်အစည်းအဝေးတွေ စတင်ချိန်မှာ သက်ဆိုင်ရာ အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတွေက ဖတ်ကြားပြခဲ့တာဖြစ်ပါတယ်။

သမ္မတရဲ့ သ၀ဏ်လွှာမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့တာကိုတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က အခုလို ပြန်လည်ပြောပြပါတယ်။

“မြစ်ဆုံစီမံကိန်းက အဓိကကတော့ ပြည်သူလူထုဘက်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး စိုးရိမ် ကြောင့်ကြမှုတွေ ရှိပါတယ်ပေါ့လေ။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကို လက်ရှိ အစိုးရလက်ထက်မှာ သူတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားပါမယ်တဲ့။”

သမ္မတက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတယ်ဆိုတာကို လက်မခံတဲ့ ကိုယ်စားလှယ်တွေ ရှိရင်တော့ လွှတ်တော်တွင်းမှာ အဆိုတင် ဆွေးနွေးရဖို့ရှိနေပြီး လက်ရှိအခြေအနေမှာတော့ ကိုယ်စားလှယ်အများစုက လက်ခံကြတဲ့အခြေအနေ ရှိတယ်လို့လည်း ပြောပါတယ်။

သ၀ဏ်လွှာမှာပါဝင်တဲ့ အခြားအချက်တွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ၊ အကျဉ်းသားတွေ လွတ်မြောက်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုတာနဲ့ တိုင်းပြည်တည်ငြိမ်ရေးဆိုင်ရာ အချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ရေးကို ရပ်ဆိုင်း လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူအများက ကြိုဆိုခဲ့ကြပါတယ်။ ရေကာတာစီမံကိန်း တည်ဆောက်မယ့် ဒေသမှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာက ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

“လူထုအားလုံးလိုလိုပေါ့ဗျာ ဒီချိန်ခါမှာ ဒီဟာကို ရပ်တန့်သင့်တယ်လို့ သဘောထား ပေးလာကြတယ်လေ။ ပြောဆိုလာကြတယ်ဆိုတော့ ဒါကတော့ ဆက်မလုပ်သင့်ဘူးလို့ ကျနော်တို့လည်း မြင်တယ်လေ။ ဒါကြောင့်မို့ သမ္မတကြီးအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို အလေးထားတဲ့အနေနဲ့ အခုလို ရပ်တန့်ထား လိုက်တယ်ဆိုတာ အင်မတန်ကောင်းတဲ့ဟာ ဖြစ်ပါတယ်။ ဒါ ဒီမိုကရေစီလမ်းကြောင်းကို တကယ် လျှောက်လှမ်းနေပါတယ် ဆိုတာကို သက်သေသာဓက ပြလိုက်တဲ့သဘောလည်း ဆောင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ အင်မတန် ၀မ်းသာတယ်။ ကြိုဆိုတယ်။ အားလုံးကလည်း ကြိုဆိုကြလိမ့်မယ် ၀မ်းသာကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ဒေါက်တာတူးဂျာက လက်ရှိအစိုးရအနေနဲ့ အများပြည်သူတွေ လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို သွေးထွက်သံယိုနည်းနဲ့ မဖြေရှင်းဖို့ အကြံပြုထားပါတယ်။

FREDA ခေါ် သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးအုန်းကလည်း မြစ်ဆုံဆည်တည်ဆောက်ရေး ရပ်ဆိုင်းလိုက်တာကို ကြိုဆိုကြောင်း အခုလို ပြောပါပါတယ်။

“၂၀၁၁ ခုနှစ်ရဲ့ အကောင်းဆုံး မင်္ဂလာအရှိဆုံး သတင်းပဲ။ ကမ္ဘာ့ ဆည်တွေကို watch လုပ်တဲ့အဖွဲ့ကြီးက ပေ ၅၀ လောက်ရှိတဲ့ဆည်ဆိုရင် သဘာ၀၀န်းကျင် မထိခိုက်ဘူးတဲ့။ ဒီထက်ကြီးတဲ့ ဆည်အမြင့်ဆိုရင် သဘာ၀၀န်းကျင်ကို ထိခိုက်တယ်တဲ့။ အဲဒီတော့ ဆည်ကြီးတစ်ခုတည်း မဆောက်ဘဲနဲ့ ပေ ၅၀၊ ၆၀ လောက်ရှိတဲ့ ဆည်တွေ အများကြီးဆောက်မယ်ဆိုရင် သဘာ၀၀န်းကျင်လည်း မထိခိုက်ဘူး။ ကိုယ်လိုချင်တဲ့ ရေအားလျှပ်စစ်လည်း ရမယ်။ အဲဒါ အဖြေပဲလေ။”

တဆက်တည်းမှာပဲ ဦးအုန်းက ဧရာဝတီမြစ် ဆက်လက်ရှင်သန်ဖို့အတွက် အခုလို ဆက်လက် အကြံပြုထားပါတယ်။

“ဧရာဝတီတို့ ချင်းတွင်းတို့မှာ ရွှေထွက်တော့ အခုဟာက တနေ့ကို ရွှေပိဿာ ၃၀ လောက်ရအောင် တူးနေကြတာ။ အဲဒီလို စီးပွားရေးသောင်းကျန်းတဲ့သူတွေကို ရပ်တန်းက ရပ်ရမယ်။ ရွှေတူးတဲ့အခါမှာ မာကျူရီ သုံးတယ်။ ဆိုင်ယာနိုက်သုံးတယ်။ မြစ်ရေကို အဆိပ်ဖြစ်တယ်။ ငါးတွေ၊ ပုဇွန်တွေ၊ လိပ်တွေ၊ လင်းပိုင်တွေ အကုန်သေကုန်တယ်။ ရွှေတူးတဲ့အခါမှာ တောင်တွေဖြိုတယ်။ မြစ်ကြောင်းတွေလည်း အမျိုးမျိုး ပျက်စီးသွားတယ်။ အဲဒါတွေကို ရပ်ရမယ်။”

ဒါ့အပြင် မြေဆီလွှာမပျက်စီးအောင် သစ်တောထိန်းသိမ်းဖို့ မြစ်ကမ်းတလျောက် တည်ဆောက်ထားတဲ့ စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းဖို့နဲ့ ကမ်းပါးမပြိုအောင် သဲတူး ကျောက်တူးတာတွေကိုလည်း စနစ်တကျ ဆောင်ရွက်ဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒေါ်လာသန်းပေါင်း ၃,၆၀၀ တန်ဖိုးရှိတဲ့ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရနဲ့ တရုတ် အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြစ်ဆုံဆည်ဟာ အမြင့်ပေ ၅၀၀ ကျော်ရှိမှာ ဖြစ်ပါတယ်။ ဆည်တည်ဆောက် ပြီးစီးသွားရင် ရေလွှမ်းမိုးမယ့်ဧရိယာဟာ စတုရန်းမိုင် ၄၅၀ ကျော်ရှိပြီး ဒါဟာ ရန်ကုန်မြို့ထက် နှစ်ဆမက ကြီးတယ်လို့ ခန့်မှန်းကြပါတယ်။

ဆည် တည်ဆောက်မယ့်နေရာဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောနဲ့လည်း ဆက်စပ်နေတာဖြစ်ပြီး ငလျင်ကြောင့် ဆည်ကို ထိခိုက်မယ်ဆိုရင် ဆည်အောက်ဘက်မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာလည်း ရှိနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြန်မာ့မြစ်ကြောင်းများ စောင့်ကြည့်ရေး ကွန်ယက်အဖွဲ့ကတော့ တရုတ်အစိုးရကုမ္ပဏီ CPI ကလည်း မြစ်ဆုံစီမံကိန်းအပါအ၀င် မေခနဲ့ မလိခမြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကိုရပ်ဆိုင်းကြောင်း တရားဝင် သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး ဟုန်လီ က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းကို လေ့လာဆန်းစစ်ဖို့ လိုအပ်နေသေးတယ်လို့ ဖြေကြားထားပါတယ်။

ဒီကနေ့ လွှတ်တော်မှာဖတ်ကြားတဲ့ သမ္မတရဲ့ သ၀ဏ်လွှာမှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ မြစ်ဆုံဆည်စီမံကိန်းဆိုင်ရာ စာချုပ်စာတမ်းတွေကို နှစ်နိုင်ငံ မိတ်မပျက်စေဘဲ သဘောတူ ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, September 28, 2011

အစိုးရ ထဲ ၂ ပိုင်းကွဲနေ၊ ပိတ်ဆို့မှုကြောင့် တရုတ်အစိုးရကို ပိုမို မှီခိုရမည်ဟုဆို

 အကျဉ်းသားလွှတ်ပေးမည်၊ ဒဏ်ခတ်မှု ရပ်ပါ ဟု ယမန်နေ့က ပြောနေသာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး (ဓာတ်ပုံ - Getty Images)

မာစတာစီဒို|မြန်မာ အစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူ နဲ့ အလယ်အလတ်သမားတွေ ဆိုပြီး ရှိနေပါတယ်လို့ ဘန်ကောက်ပို့စ်အင်တာနက်ဝက်ဆိုက်မှာ စက်တင်ဘာ ၂၇ ရက်နေ့ အာဘော်တခုက ဆိုပါတယ်။

စာရေးသူက အမည်မဖော်တဲ့၊ တာဝန်ထမ်းဆဲဖြစ်တဲ့ အတွေ့အကြုံရင့် အရာရှိတဦးလို့ ဆိုပါတယ်။

အစိုးရ ၂ ပိုင်းကွဲနေ

"အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲပြီး နည်းလမ်းရှာခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်နိုင်မည်ဟု ယုံကြည်သည့် အစိုးရအရာရှိများ ရှိပါသည်။ ဤ အလယ်အလတ်အတွေးအခေါ်ရှိသည့် အရာရှိများက နိုင်ငံရေး အပြောင်းအလဲကို လွတ်လပ်စွာ ဖောင်ဆောင်နိုင်ခြင်း မရှိပေ" တဲ့။

"နိုင်ငံရေးအပြောင်းအလဲကို ဆန့်ကျင်သည့် အရာရှိများလည်း ရှိသည်။ ထိုသို့ သဘောထားတင်းမာသူများက အစိုးရအဖွဲ့အတွင်း အင်အားကောင်းနေသည်" လို့လည်း ဆိုပါတယ်။ နာမည်တွေ ရေးမထားပါ။

"အလယ်အလတ်အတွေးအခေါ်ရှိသည့် အရာရှိများ အင်အား နည်းနေသည်။ ဤအရာရှိတို့ အင်အားကောင်းပါမှ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်နိုင်သည်၊ အပေါ်စီး မရပါက နိုင်ငံရေးပွင့်လင်းမှုအတွက် အချိန်များစွာ ယူရဦးမည်"လို့ ဆိုပါတယ်။

စာရေးသူ ဘယ်သူလဲ

နာမည် တပ်မထားပါ။ ကလောင်အမည်ဝှက်တောင် မတပ်ပါ။ သူ့စာမူကို မြန်မာပြည်နိုင်ငံရေးဖြစ်ထွန်းမှုများ - Understanding Burma's political development လို့ ခေါင်းတပ်ပါတယ်။ အတွင်းသိတဦး၏အမြင် တဲ့။ ဘန်ကောက်ပို့စ်ရဲ့ ရှင်းချက်မှာတော့ စာရေးသူဟာ ယခင်ကရော ယခုကာလတွင်ပါ ထိပ်တန်းအရာရှိတဦးအဖြစ် တာဝန်ယူထားသူ၏ စာမူဟု ဆိုသည်။ သူက စစ်တပ်တွင် တာဝန်ထမ်းခံဖူးသူဖြစ်သည်။ သူ့လုံခြုံရေးအတွက် အမည်ဖော်ပြခြင်း မပြု တဲ့။သူ့စာထဲမှာလည်း ပြီးခဲ့သည့် နှစ် ၄၀ အတွင်း ဌာနအသီးသီးတွင် တာဝန်ယူခဲ့ဖူးသူ ဆိုပြီး သူ့ကိုယ်သူ ညွှန်းထားပါတယ်။

တကယ်ပဲ လုပ်သက် ၄၀ ရှိ အတွင်းသိပဲ ထားပါတော့။ သူ ဘယ်သူလဲ ဆိုတာထက် သူဖွင့်ချတာတွေ ဟုတ်မဟုတ် ဆိုတာက ပို အဓိက ကျပါတယ်။

"နိုင်ငံရေးအကျဉ်းသားဟုဆိုသူများ"ကို မလွှတ်ပေးသည့်အတွက် အစိုးရကို တချို့က ဝေဖန်နေကြသည် ဆိုတဲ့ အရေးအသားမျိုးကိုကြည့်ရင်တော့ အတွင်းသိတဦး၊ အစိုးရထဲကလူ ဆိုတာတော့ ဟုတ်ပုံရတယ်။

"ယခင်အစိုးရအာဏာပိုင်တို့က နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် အစွမ်းကုန်လုပ်ဆောင်ခဲ့သည်" ဆိုတဲ့ အရေးအသားကြောင့်လည်း ဒီဆရာဟာ ဒီပုတ်ထဲက ဒီပဲ ဆိုတာ သေချာပါတယ်။ ဒီဆရာဟာ ဦးဝဏ္ဏမောင်လွင်များလား။ သမ္မတရဲ့အကြံပေးအရာရှိ ဒေါက်တာ နေဇင်လတ်လား။ မသိပါ။

တရုတ်အစိုးရကို ပိုမို မှီခိုရမည်

စီးပွားရေးပိတ်ဆို့မှု အလုပ်မဖြစ်ဘူး၊ ရုပ်သိမ်းကြစမ်းဗျာ လို့ ဒီစာမှာ တွေ့ပါတယ်။ ဒီစာ ဘန်ကောက်ပို့စ်မှာ ပါတဲ့ အချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂမှာ အလားတူ အော်ချက် ထုတ်ပါတယ်။ ပိတ်ဆို့မှု ရုပ်သိမ်းပါ၊ အကျဉ်းသား လွှတ်ပါမယ် တဲ့။ ဒီဆရာကတော့ ဦးဝဏ္ဏမောင်လွင်လို အကျဉ်းသားလွှတ်မယ်လို့ အာမ မခံပါဘူး။

"အနောက်နိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လုပ်လျှင်၊ ထပ်မံ တိုးချဲ့လျှင် မြန်မာပြည်က တရုတ်နှင့် ပိုမို နီးကပ်သွားမည်ဖြစ်သည်" တဲ့။ တရုတ်ကို အသားပေးပါတယ်။ ပိတ်ဆို့မှုကြောင့် တကယ်ပဲ ဒီအစိုးရ ဒုက္ခရောက်နေသလား။ နာမည်ပျက်လို့ ထိုင်အော်နေတာများလား။

"တရုတ်အစိုးရ၏ လက်အောက်ခံဖြစ်သွားမည်ကို ကျွန်ုပ်တို့ မလိုလားပါ။ သို့သော်လည်း အနောက်နိုင်ငံတို့က ချောင်ထဲသို့ တွန်းပို့လျှင် ကျွန်ုပ်တို့အနေဖြင့် တရုတ်ကို ပိုမို မှီခိုရန်မှတပါး တခြား ရွေးစရာနည်းလမ်း မရှိတော့ပေ" တဲ့။ ဒါလည်း ယုတ္တိ မရှိပါဘူး။ တရုတ်ကြီးကပဲ နေပြည်တော်နဲ့ ရွှေလမ်းခင်းနေတာမဟုတ်။ အာဆီယံကိုကိုမမများလည်း နေပြည်တော်ကို ရွှေတံတား ခင်းနေတာ မဟုတ်ဘူးလား။ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုတာ ကျောက်တုံးကြီးမဟုတ်ဘဲ သူတို့ အသည်းခိုက်အောင် နာတဲ့ မြားတစင်း ဖြစ်နေပြီ ထင်ပါတယ်။

စိတ်ရှည်ပါ

နှစ် ၄၀ လုပ်သက်ရှိတယ် ဆိုတော့ နှစ် ၄၀ စကားလုံးပဲ ပြန်သုံးရပါတယ်။ စိတ်ရှည်ပါ တဲ့။
"တိုင်းပြည်၏ လူမှု၊ စီးပွား၊ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် အချိန်ယူမည်၊ အစိုးရသစ်ကို စိတ်ရှည်သည်းခံပေးရန် လိုအပ်ကြောင်း နိုင်ငံခြားအစိုးရများ၊ သက်ဆိုင်ရာ ပြည်သူများကို သိစေလိုသည်" တဲ့။
သူကတော့ ပြောပါတယ်၊ အစိုးရသက်တမ်း ၆ လပဲ ရှိသေးတယ်၊ စိတ်ရှည်ပါ တဲ့။ ဒီစကားလုံးက စစ်ဗိုလ်ချုပ်ကြီးများ တွင်တွင်သုံးခဲ့တာမဟုတ်လား။

အာဏာသိမ်းပစ်မယ်

စာအရေးအသားတော့ အင်မတန် ကောင်းပါတယ်။ အချက်အလက် စုံလင်တယ်။ ပြောချင်တာတွေကို လိုတိုရှင်း အကုန် ပါအောင် ပြောသွားတယ်။ လန်းတယ်။
"မြန်မာပြည်တွင် တပ်မတော်က အင်အားကြီးသော အဖွဲ့အစည်းဖြစ်နေဆဲပင်။ အကြောင်းပြချက်ကောင်းရှိလျှင် တပ်ခေါင်းဆောင်တို့က အချိန်မရွေး အာဏာသိမ်းရန် ၀န်လေးမည်မဟုတ်" တဲ့။ ကျုပ်ပြောနေတာတွေ သေချာစဉ်းစားကြနော်။ ကျုပ်ပြောသလို မလုပ်ရင် ဒုံရင်း ပြန်ဖြစ်သွားမယ် တဲ့။ ဒါတော့ ပြောနေတာ ကြာပေါ့။

သဘောထားကြီးမှု

ဒေါ်အောင်ဆန်းစုကြည်ကို ခနဲ့တဲ့ တိုက်ခိုက်တဲ့ အရေးအသားမျိုး သူ့စာမှာ လုံးဝ မတွေ့ရပါ။ "မှတ်ပုံတင်မထားသည့် NLD ကို အထိုက်အလျောက် လွတ်လပ်စွာ လုပ်ရှားနိုင်ရန် အစိုးရက ခွင့်ပြုထားသည်" နဲ့ "သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပြီးပြီ။ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြသည်" ဆိုတာတွေပဲ တွေ့ရပါတယ်။
ရန်သူကို လှုပ်ရှားခွင့်ပြုထားတာ နည်းတဲ့သဘောထားကြီးမှုမှမဟုတ်ဘဲ။

သတိပေးချက်

"အစိုးရက မကြာမီ စီးပွားရေး နှင့် နိုင်ငံရေးဆိုင်ရာ မူဝါဒများကို ချမှတ်တော့မည်။ တိုင်းပြည်၏ စီးပွားရေး နိုင်ငံရေး ပြဿနာများကို ထိုမူဝါဒသစ်တို့ဖြင့် ကုစားမည်" လို့ ဆိုထားသလို "မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကိုသာ လိုသည်။ ထိပ်တိုက်ရင်ဆိုင်မှုကို မလိုအပ်ပေ" လို့လည်း သတိပေးထားပါတယ်။

ထိပ်တိုက်ရင်ဆိုင်တာ မလုပ်နဲ့လို့ နိဂုံးမှာ ခြိမ်းခြောက်ပါတယ်။ သူကတော့ ခြိမ်းခြောက်တဲ့သဘော ရေးတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။

သုံးသပ်ချက်

ဒီစာက မူဝါဒရေးဆွဲသူ ချမှတ်သူတွေကို ပစ်မှတ်ထားတာသေချာပါတယ်။ ဒဏ်ခတ်ပိတ်ဆို့တဲ့ ဆရာကြီးနိုင်ငံတွေက ဆရာ့ဆရာကြီးတွေလည်း အခုလောက်ဆို ဒါကို ဖတ်ပြီးသလောက် ရှိမှာပါ။ ဒီစာဟာ သူပြောသလို အစိုးရအဖွဲ့ထဲက အတွင်းသိတဦး ရေးတာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ၀ါရင့် သံတမန်များက နိုင်ငံတကာမှာ ပါးစပ်က အမြှုပ်ထွက်မတတ် ပြောနေတာတွေ ဖြစ်နိုင်ပါတယ်။

ရေးတာ ပြောတာတွေချည်းပဲ မဟုတ်ဘဲ လုပ်ပြ လှုပ်ပြမှ ဟိုဆရာကြီးများက သဘောကျမှာပါ။ နိုင်ငံရေးသမား တရာလောက် ပါတဲ့ အကျဉ်းသား နှစ်သောင်းလောက် လွှတ်ပြတာမျိုးပေါ့လေ။ အနည်းဆုံးတော့ အဲဒီလိုမျိုးလေးတွေ ၆ လ တခါလောက် လုပ်ပြသင့်ပါတယ်။ ဒါဆို အနောက်က ဆရာ့ဆရာကြီးတွေကို ချွေးသိပ်နိုင်ပါပြီလေ။

source by :
http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Monday, September 26, 2011

ရွှေဝါရောင် သွေးမှတ်တမ်း



ရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (ရွှေဝါရောင်သွေးမှတ်တမ်း) သီချင်း­အား ညီမင်းသစ်က ခံစားသီဆိုပြီး ကိုသော်(ဂျပန်)မှ ပုံဖော်ခံစား တင်ပြထားပါသည်။ အသက်ပေးတိုက်ပွဲ ၀င်သွားကြသော ရဟန်းရှင်လူ၊ ပြည်သူအပေါင်းအား ဂုဏ်ပြုဦးညွတ်ကာ အလေးပြုပါသည်။

ကိုသော်(ဂျပန်)

source by : ကိုဒီမို ဆိုဒ်မှ ယူပါသည်။

အပြည့်အစုံ ဖတ်ရန် ...

သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ရန်ကုန်မှာ ဆန္ဒပြ


ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၄ နှစ်မြောက် အထိမ်းအမှတ် ဆူးလေဘုရားတွင် ၀တ်ပြုဆုတောင်းပွဲ ကျင်းပသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လူစုခွဲရန် ပြောကြားနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၄ နှစ်မြောက် အထိမ်းအမှတ် ဆူးလေဘုရားတွင် ၀တ်ပြုဆုတောင်းပွဲ ကျင်းပသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လူစုခွဲရန် ပြောကြားနေစဉ်။ စက်တင်ဘာ ၂၆၊ ၂၀၁၁။

လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေတဲ့ ကြားကပဲ ၂၀၀၇ စက်တင်ဘာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားမှုတွေ နှိမ်နင်းခံခဲ့ရတဲ့ ၄ နှစ်မြောက် နှစ်ပတ်လည် အထမ်းအမှတ်အဖြစ် နိုင်ငံရေး လှုပ်ရှားမှုတွေ ရန်ကုန်မြို့မှာ ဒီနေ့ ပြုလုပ် ကျင်းပခဲ့ကြပါတယ်။ စီတန်းလမ်းလျှောက်တာ၊ မေတ္တာပို့ ဆုတောင်းတာတွေကို အာဏာပိုင်တွေက ဟန့်တားမှုတွေ ရှိနေတဲ့ ကြားကပဲ တက်ကြွ လှုပ်ရှားသူတွေက ပြုလုပ်ခဲ့ကြတာပါ။ မြန်မာအစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် လမ်းပေါ်တက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတွေ အကြောင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရွှေဝါရောင် နှစ်ပတ်လည်နေ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ဆန့်ကျင်တဲ့ ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ ဆိုတဲ့ စာသားတွေနဲ့ အ၀ါရောင် အင်္ကျီတွေကို ၀တ်ဆင်ထားကြတဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း မြောက်ဒဂုံ ၅၁ ရပ်ကွက်မှာရှိတဲ့ မကွေးစာသင်တိုက်မှာ သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့ကြပြီး နောက်ပိုင်း ရန်ကုန်မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားဆီကို ချီတက်ရာမှာတော့ အာဏာပိုင်တွေရဲ့ ဟန့်တားမှုနဲ့ ကြုံခဲ့ရတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။

“ဆူးလေမှာ ကျနော်တို့ စုရပ်ထားတယ်။ အဲဒါကို နေရာ ၃ ခုက လာကြတယ်။ လာတဲ့အခါ ပထမဆုံး မြောက်ဥက္ကလာမှာ လူစုခွဲခံလိုက်ရတယ်။ ကျနော်တို့ ငှားလာတဲ့ ကားတွေကို ပိတ်ဆို့ တားဆီးလိုက်တယ်။ တားဆီးပြီး ကားသမားတွေကို ခြိမ်းခြောက်ပြီး ကျနော်တို့ကို ဆက်မပို့အောင် လုပ်လိုက်တယ်။ လုပ်လိုက်တော့ ကျနော်တို့က လမ်းလျှောက်ပြီး လာတဲ့အခါမှာ ကမ္ဘာအေး စာတိုက်မှတ်တိုင်နားမှာ ကျနော်တို့ကို သွားခွင့် မပေးတော့ဘူး။ မပေးတော့တဲ့အတွက် ကျနော်တို့ အဲဒီနားမှာပဲ ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး ၀တ်ပြုဆုတောင်းမှု လုပ်ခဲ့တယ်။”

ဒါဟာဆိုရင် မြန်မာအစိုးရသစ်အဖြစ် မတ်လကုန်မှာ တက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တွေ့မြင်လာရတဲ့ လမ်းပေါ် ဆန္ဒပြပွဲတခုလည်း ဖြစ်ပါတယ်။ လုံခြုံရေး ရဲတပ်ဖွဲ့တွေကတော့ ဒီလို ဆန္ဒပြပိုင်ခွင့် ပေးထားတဲ့ အခြေခံဥပဒေ အတည်မဖြစ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဟန့်တားခဲ့တာလို့ ကိုယ်တိုင် တားဆီးခံခဲ့ရသူ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်နော်အုန်းလှက ပြောပါတယ်။

“ကျမတို့က ကားပေါ်မှာ ၁၀၀၊ ၈၀ လောက်ရှိတယ်။ လမ်းမှာလည်း ကျမတို့ဘက်က လူ ၁၈၀ လောက်ရှိတယ်။ ကျမတို့က တားလို့ရှိရင် ဒီမှာပဲ ဘုရားကန်တော့မယ်။ ကျမတို့က ဆူပူလှုပ်ရှားတာ မဟုတ်တဲ့အတွက် ဆုတောင်းပွဲကို ဒီမှာပဲ လုပ်လိုက်မယ် ဆိုပြီးတော့ ဆုတောင်းပွဲ လုပ်လိုက်ပါတယ်။ ကျမတို့ လွတ်လပ်စွာ လမ်းလျှောက်ပိုင်ခွင့်ရှိတယ် ဆိုတာကို အခြေခံဥပဒေမှာ ပါပြီးသား ဖြစ်တယ်လို့ ပြောတဲ့အခါကျတော့ ရဲမှူး ဦးအောင်တိုးက နေပြီးတော့ ပြလို့မရဘူးတဲ့၊ အခြေခံဥပဒေက အတည်မဟုတ်သေးပါဘူးတဲ့၊ ကျနော်တို့က အရင်ဥပဒေနဲ့ လုပ်တာပါလို့ ပြောပါတယ်။

“ကျမတို့နိုင်ငံမှာ အခြေခံဥပဒေကို လေးစား လိုက်နာတဲ့ အစိုးရ ဖြစ်စေချင်ပါတယ်။ ဥပဒေတခုကို ထုတ်ထားပြီးတော့ ဒါ အတည်မဟုတ်ပါဘူးလို့ လက်လွတ်စပယ် ပြောတာတော့ မဖြစ်သင့်ပါဘူး။ တကယ်တမ်းကျရင် ကျမတို့က အခြေခံဥပဒေကို လက်မခံခဲ့ပါဘူး။”

ဒီလို အတားအဆီးတွေ ရှိပေမဲ့လည်း ဆူးလေဘုရားမှာ ဆုတောင်းပွဲကို အတားအဆီးတွေ ကြားကပဲ လုပ်နိုင်ခဲ့ကြပါတယ်။

ဆူးလေဘုရားမှာလည်း အာဏာပိုင်တွေဘက်က လုံခြုံရေးဝန်ထမ်း အများအပြား ချထားပြီး တားဆီးခဲ့တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ဆက်ပြောပြပါတယ်။

“နောက်ကျတော့ ဆူးလေဘုရားကို ရောက်သွားတယ်ပေါ့ဗျာ။ ရောက်သွားတဲ့ အခါမှာလည်း အမြန်ဆုံး လူစုခွဲဖို့ ပြောနေတယ်။ အဲတော့ လူစုခွဲခံရတဲ့ အနေအထား အားလုံးကို ကျနော်တို့ တတ်နိုင်သမျှ စုစည်းပြီးတော့ အခု နာရီဝက် အတွင်းမှာပဲ ဘုရားပေါ်မှာ စုစည်းထားတဲ့ အင်အား ၁၀၀ ကျော်ခန့်ရယ် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ဆန္ဒပြုပြီးတော့ ဘုရားမှာ ဆုတောင်းခဲ့တယ်။

“ဆူးလေဘုရားနဲ့ မြို့တော်ခန်းမရှေ့မှာတော့ လည်ပတ်အနီနဲ့ စစ်သားတွေ၊ လုံထိန်းတွေ၊ ကား ၆ စီးလောက်နဲ့ ရပ်တန့်ပြီး စောင့်ဆိုင်းနေတယ်။ အဲဒီနေရာ ကိုက် ၅၀ လောက် အကွာမှာပဲ လုံခြုံရေး ၀န်ထမ်းတွေ အပြည့်အ၀ ချထားတယ်။ ဘုရားရင်ပြင်ပေါ်မှာလည်း စရဖတွေ၊ သူတို့အင်အားစုတွေ ပြည့်နှက်နေအောင် ချထားပါတယ်။”

မြန်မာနိုင်ငံမှာ သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ခဲ့တဲ့ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေကို အာဏာပိုင်တွေက ဖြိုခွဲဖမ်းဆီး သတ်ဖြတ်ခဲ့မှုတွေကို မမေ့လျော့တာကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဒီကနေ့မှာပဲ ငြိမ်းချမ်းစွာ ဆန္ဒတွေ ထုတ်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အခုလို နှစ်ပတ်လည်နေ့ လုပ်သလိုပဲ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါခဲ့ပြီး ထိုင်း၊ မြန်မာ နယ်စပ်ကို တိမ်းရှောင်လာတဲ့ သံဃာတွေ စုပေါင်းပြီး ထိုင်း၊ မြန်မာ နယ်စပ်မှာ နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွေကိုလည်း လုပ်ခဲ့ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, September 25, 2011

ရွှေဝါရောင် နှစ်ပတ်လည်အကြို စစ်တွေသံဃာများ သတိပေးခံနေရ

လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ ၄ နှစ်ပြည့်မှာဖြစ်တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနေ့ အထိမ်းအမှတ်အဖြစ် ရဟန်းသံဃာတွေ လမ်းပေါ်ထွက် စီတန်းလမ်းလျှောက်တာတွေ မလုပ်ဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေက လိုက်လံ သတိပေးနေပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေ အနီးတ၀ိုက်နဲ့အတူ ညပိုင်းတွေမှာ လုံခြုံရေး ချထားတာတွေလည်း ရှိပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အရေးတော်ပုံကြီး ၄ နှစ်ပြည့်တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ရဟန်းသံဃာတွေဟာ အဲဒီနေ့အတွက် အထိမ်းအမှတ် တခုခု ပြုလုပ်တာ၊ ဒါမှမဟုတ် အပြင်ထွက်ပြီး စီတန်းလမ်းလျှောက်တာတွေ မလုပ်ဖို့ စစ်တွေမြို့ အတွင်းက စာသင်ဘုန်းကြီးကျောင်းက ဆရာတော်တွေကို အာဏာပိုင်တွေက ဒီရက်ပိုင်းတွေမှာ လိုက်ပြီး သတိပေးတာတွေ လုပ်နေပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အတွက် ဆိုပြီး ရခိုင်ပြည်နယ်တွင်းက ရဟန်းသံဃာတွေ အခမ်းအနား လုပ်ခဲ့တာ၊ စစ်တွေမှာဆိုရင် ဆရာတော် ဦးဥတ္တမရဲ့ ရုပ်တုဆီကို ရဟန်းသံဃာ ရာနဲ့ချီပြီး စီတန်းလမ်းလျှောက်တာတွေ လုပ်ခဲ့တာကြောင့် အခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနေ့မှာလည်း အဲဒါမျိုးတွေ ဖြစ်လာမှာစိုးလို့ လိုက်လံ သတိပေးနေတာ ဖြစ်တယ်လို့ စစ်တွေအခြေစိုက် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ (RNDP) ရုံးက အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။

“ကျနော်တို့သိတဲ့ ကျောင်းကတော့ အဓိက ပုသိမ်ကျောင်းရယ်၊ အောင်မြေရတနာ ဆိုတဲ့ ကျောင်းပေါ့၊ အဲဒီကျောင်းက ဆရာတော်ကြီးတွေကို သွားပြီးတော့ စက်တင်ဘာ ၂၇ ရက်နေ့မှာ သံဃာတော်တွေ၊ ရဟန်းတော်တွေ စုပြီး ထွက်ပေါ်ထွက်မယ်လို့ သတင်းကြားတဲ့ အတွက်ကြောင့် အဲဒီကျောင်းတွေကို သွားပြီးတော့ ဘုန်းကြီးတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဖို့ ဒေသ အာဏာပိုင်တွေက သွားလျှောက်တယ်လို့၊ ကျနော်တို့ စက်တင်ဘာလ ၉ ရက်နေ့ ဦးဥတ္တမနေ့ အထိမ်းအမှတ်ပွဲမှာ ချီတက်ခဲ့တဲ့ သံဃာတော် ၃၅၀ ထဲမှာ တကယ့်ကို ခေါင်းဆောင်လုပ်ခဲ့တဲ့ ဦးဇင်းတွေလို့ ယူဆရတဲ့ ပုဂ္ဂိုလ်တွေကို သွားပြီးတော့ သတိပေးမှုတွေ လုပ်တယ်လို့ ဆိုတယ်။

“နောက်တချက်က မင်းဇံရပ်ကွက်၊ ပညာမဂ္ဂင်ကျောင်းက ဆရာတော်ကို ဆရာတော် ဦးဥတ္တမနေ့မှာ ဆွမ်းကျွေးတဲ့ အတွက်ကြောင့် သူ့ကိုလည်း သတိပေးမှုတွေ လုပ်နေတဲ့ဟာ ကျနော်တို့ သိတယ်။”

ဒါ့အပြင် ဒီရက်ပိုင်းတွေအတွင်း ဘုန်းကြီးကျောင်း အနီးတ၀ိုက်နဲ့အတူ မြို့တွင်း လုံခြုံရေးတွေ ပိုပြီး တွေ့နေရတယ်လို့လည်း ပြောပါတယ်။

“တချို့ လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးတွေ ချထားတာကိုလည်း တွေ့တယ်။ မနေ့ညကဆိုရင် ရဲတွေ မြို့တွင်းထဲကို ပတ်နေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဘုန်းကြီးကျောင်းတွေ အတွင်းထဲမှာတော့ မဟုတ်ဘူး၊ သူတို့ တကယ့်ကို စိတ်မချရတဲ့ ကျောင်းတွေပေါ့ဗျာ၊ အဲဒီရှေ့တွေမှာ လုံခြုံရေးတွေ ချထားတယ်။ နောက်တချက်က နဂိုက အစဉ်အလာရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ အိမ်ရှေ့မှာလည်း စောင့်ကြည့်နေတယ်။”

စစ်တွေအခြေစိုက် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ရုံးက အတွင်းရေးမှူး ဦးခိုင်ပြည်စိုး ပြောပြသွားတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ပခုက္ကူမြို့အတွင်းမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုအတွက် တောင်းဆိုတဲ့ ရဟန်းသံဃာတွေကို အာဏာပိုင်တွေက ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး စစ်တွေမြို့က ရဟန်းသံဃာ အများအပြား ဒီအထဲမှာ ပါဝင်လှုပ်ရှားခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အကျဉ်းထောင်တွေ အတွင်းမှာ အကျဉ်းကျနေတဲ့ ရဟန်းသံဃာတွေကို ပြန်လွှတ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့အတူ လက်ရှိ အများ စိတ်မချမ်းမသာ ဖြစ်နေတဲ့ မြစ်ဆုံစီမံကိန်းတွေကို အစိုးရက အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ အတွက်ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးက လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အတွက် ဒီနေ့ စာတစောင် ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

နားဆင်ရန်

source by : http://www.blogger.com

အပြည့်အစုံ ဖတ်ရန် ...

မြစ်ဆုံစီမံကိန်း အများဆန္ဒအရ ဆုံးဖြတ်စေလိုဟု ဦးကျော်သူပြော

လင်းသန့် | အစိုးရနှင့် ပြည်သူ ပူးပေါင်း၍ ဧရာဝတီမြစ်ကြီး အရှိန်အဟုန်ဖြင့် စီးဆင်းနိုင်ရေး အများပြည်သူဆန္ဒနှင့်အညီ ဆုံးဖြတ် ချက်ချရန်လိုကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဦးဆောင်သူ တဦးဖြစ်သူ ဦးကျော်သူက ပြောသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နာရေးကူညီမှုအသင်းရုံးတွင် နာရေးကူညီမှုအသင်းနှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ ကျင်းပသော “လူငယ်များရဲ့ ဧရာဝတီ” အမည်ရှိ ဟောပြောပွဲ အခမ်းအနားတွင် ဦးကျော်သူက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ဧရာဝတီရဲ့ကိစ္စကို အစိုးရအနေနဲ့ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ၊ လွှတ်တော်က ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မြန်မာပြည် မြေပုံကြီးကို တည့်တည့်မတ်မတ် ကြည့်ပြီးတော့ အများဆန္ဒအတိုင်း ဆုံးဖြတ်ချက်ချဖို့ပဲ အရေးကြီးပါတယ်” ဟု ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်မြေပုံကို တည့်တည့်မတ်မတ်မကြည့်ဘဲ ဇောက်ထိုးကြည့်လျှင် အစိုးရနှင့် ပြည်သူသည် တကွဲစီ ဖြစ်သွားပြီဟု အဆိုပါ အခမ်းအနားတွင် ဦးကျော်သူက ဆိုသည်။

ယင်းဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်လာသူ ၅၀၀ ခန့်ရှိမည်ဟု ဦးကျော်သူက ပြောသည်။

အခမ်းအနားမှူးအဖြစ် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများအဖွဲ့မှ ကိုစိုင်းရဲကျော်စွာမြင့် က ဆောင်ရွက်ကြောင်း၊ ကဗျာဆရာများက ကဗျာများ ရွတ်ကြကြောင်း၊ ကိုရဲလွင်၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချန်း၊ ရသ၊ ဇေယျာသော် စသူတို့က ဧရာဝတီအကြောင်း ပြောကြပြီး သီချင်း များဖြင့်လည်း ဖျော်ဖြေကြကြောင်း၊ ဒေါ်ဒေ၀ီသန့်စင်၊ ဦးအုန်း၊ ဦးအောင်ကြည်ညွန့် တို့လည်း ဟောပြောကြောင်း သိရသည်။

တက်ရောက်လာကြသည့် လူငယ်များက ဧရာဝတီဆိုင်ရာခံစားမှုများကို အသီးသီး ရင်ဖွင့်ပြောဆိုကြသည်ဟု ဆိုသည်။

“ကျနော်တို့ အများပြည်သူက မေခမြစ်ဆိုရင် မလိခမြစ်ဟာ အစိုးရပါ။ မေခနဲ့ မလိခ၊ ကျနော်တို့က မလိခဆိုရင် မေခက အစိုးရပါ။ မေခနဲ့ မလိခ ဆိုတဲ့ အစိုးရနဲ့ ပြည်သူပေါင်းပြီးမှ ဒီဧရာဝတီမြစ်ကြီးဟာ အရှိန်အဟုန်ကြီးမားစွာနဲ့ ရှင်သန်ပြီးတော့ ဖြစ်ပေါ်လာတာပါ” ဟု ဦးကျော်သူက ပြောသည်။

ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ ဆရာအောင်သင်း တို့၏ ဧရာဝတီနှင့် ပတ်သတ်၍ လူငယ်များသို့ မှာကြားချက်ကို ရုပ်သံပြကွက်များဖြင့် ပြသသည်။

အခမ်းအနားသို့ တက်ရောက်လာသူများက ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်တန့်ပေးရေး သမ္မတထံ လက်မှတ်ထိုး တောင်းဆိုမှုအတွက် ဝိုင်းဝန်းလက်မှတ်ရေးထိုးကြသည်ဟု ဦးကျော်သူက ပြောသည်။

အလားတူ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခြံ၌ ဧရာဝတီနှင့်ပတ်သက်သော ဟောပြောပွဲကို ယနေ့နံနက်တွင် ကျင်းပကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်သူများပြားပြီး ခန်းမအပြည့် ရှိကြောင်း ကာတွန်းဆရာ အော်ပီကျယ်က ဧရာဝတီသို့ ပြောသည်။

“ဟောပြောပွဲမှာ ဆရာ ဦးခင်မောင်ညို၊ ဦးအုန်း တို့အပြင် ကျန်တဲ့သူတွေက ဧရာဝတီနဲ့ ပတ်သက်တာတွေ ဟောပြောကြပါတယ်” ဟု ကာတွန်းဆရာ အော်ပီကျယ်က ဆိုသည်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

အဖားတော် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံကွေး (မြင့်) - အပိုင်း (၂)

ဆောင်းပါးရှင် - ပြည်တွင်းမှ အတွင်းသိသူတစ်ဦး

( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်။)

ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မည်ဆိုသော သမ္မတကြီး ဦးသိန်းစိန်တစ်ယောက် Good Government ဖြစ်ရမည်ဟု ကြွေးကြော်နေပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ကာ သန့်ရှင်းသော အစိုးရ ဖြစ်ရမည်ဟုလည်း သံဓိဌာန် ချထားလေရာ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဒုဝန်ကြီး တစ်ဦးကြောင့် နာမည်ပျက်ရကိန်း ကြုံတွေ့နိုင်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုက်ဒ်သို့ အတွင်းသိသူ တစ်ဦးက ကျော်ဇံမြင့် အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် ပေးပို့လာတာမို့ တင်ပြပေးလိုက်ရပါတယ်။ အယ်ဒီတာ၊

လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်

အဲ့လိုဖြစ်အောင်လည်း အရာရှိဖြစ်ကတည်းက လေ့လာဆည်းပူးမှု မရှိပါ။ စလုပ်ကတည်းက အီလေးဆွဲ၊ ပြီးကာနီးမှ ဖုတ်ပူမီးတိုက်လုပ်၊ လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာလည်း လက်အောက်က တင်ပြလာရင် ခေါင်းရှောင်၊ ခေါင်းလွှဲ၊ ဆုံးဖြတ်ချက်ကို အချိန်မှီ ချမှတ်မပေး၊ ပြဿနာဖြစ်လာရင်တော့ လက်အောက်ကို လွှဲချ စသည်ဖြင့် ခေါင်းဆောင်ကောင်း တစ်ဦး၏ အင်္ဂါရပ်များနှင့် တိုက်ဆိုင် စစ်ဆေးပြီး ရာထူး ပေးကြေးဆိုလျှင် ကျော်ဇံမြင့်တစ်ယောက် လက်ရှိ ရာထူးထိတောင် ရောက်မည်မဟုတ်။
တစ်ပွင့် ဘဝကတည်းက မြောင်းထဲရောက်မှာ သေချာပေါက် ကြိမ်းသေ။

အရာရှိငယ်မှ လက်ရှိရာထူးရောက်သည်အထိ ဆူးလှည်းကြီးနဲ့တူကာ သွားလေရာ လမ်းတစ်လျှောက် ဒါဏ်ရာဗလပွနဲ့ ပွတ်တိုက်သွားတတ်သူဟု တပ်မတော်ထဲမှာ နာမည်ကြီးခဲ့သူပါ။

ကျော်ဇံမြင့်ရဲ့ စစ်တပ်ထဲ ဖြတ်သန်းမှုသမိုင်းကို ကြည့်ရင် အရာရှိငယ်ဘဝ တလျှောက်လုံး ရန်ကုန်မှာပဲနေ၊ ဗိုလ်မှူးဘဝမှာ တောင်ကြီး၊ တပ်ရင်းမှူးက ရန်ကုန်မှာ၊ ဂျီဝမ်းကလည်း ရန်ကုန်၊ ဟိုပုံးက စစ်ကျောင်းတစ်ခုမှာလည်း ကျောင်းအုပ်ကြီးလုပ်၊ ပြီးတော့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တက်၊ စကခ (၂) မိုင်းနောင်မှာ စကခမှူးလုပ်၊ စစ်သူနာပြုကျောင်းမှာ ကျောင်းအုပ်ကြီး လုပ်၊ အခုတော့ ပြည်ထဲရေး ဒုဝန်ကြီး။

ဟိုပုံးမှာ ကျောင်းအုပ်ကြီးလုပ်စဉ်က စားရိပ်သာတာဝန်ခံ အရာရှိမှ ကျော်ဇံကွေးတို့ လင်မယား သုံးဖို့ စွဲဖို့အတွက် သင်တန်းသားများအား ရိက္ခာမပြည့်မဝ ကျွေးပြီး အိမ်နောက်ဖေးပေါက်မှ ဝင်ကာ ခင်ရဲမွန် လက်ထဲကို ငွေထိုးထည့်ပေးရပါသတဲ့။ ငွေအချိုအချောင်နှိုက်နည်းဗျူဟာကို ကျွမ်းကျင်တဲ့ လင်မယား နှစ်ယောက်ဆိုတော့လည်း တစ်ကျောင်းလုံးကို အချဉ်ဖမ်းလိုက်တာ နောက်ဆုံး ဟိုပုံးမှာရှိတဲ့ သရက်ခင်း ပိုင်ရှင်တွေကိုတောင် အလွတ်မပေးပါ။ ဆက်ကြေးကောက်ပုံစံ တစ်လ ဘယ်လောက်ဆိုပြီး တောင်း၊ အိမ်အတွက် လိုအပ်တဲ့ သံတိုတစ်ချောင်းကအစ၊ ကျော်ဇံကွေးနဲ့ ခင်ရဲမွန် ဝတ်ဖို့ အတွင်းခံအဆုံး ကျောင်းမှ လိုလေသေးမရှိ ဖြည့်ဆည်းပေးရပါသတဲ့။ အချိုအချောင်ရတဲ့ ငွေတွေနဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကို (ယခု ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး) (အဲ့အချိန်က တပခ တိုင်းမှူး)၊ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း(ယခု ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) (အဲ့အချိန်က စစ်ရုံးမှာ) တို့ကို ဖား။ သူတို့တွေရဲ့ မျက်နှာလို၊ မျက်နှာရဖြစ်ဖို့ သင်တန်းသားတွေ ခမျာ လက်ဖက်ရည်ငတ်၊ ကြက်ဥမစားရ၊ အသားတုံး မမြင်ဖူး၊ ဟင်းရွက်ပြုတ်ရည်နဲ့ ထောင်ထမင်းထက်ဆိုးတဲ့ ဖွဲကြမ်း ဇကွဲသာသာရှိတဲ့ ထမင်းနဲ့ သင်တန်းကာလ လေးနှစ်လုံး ဖြတ်သန်းခဲ့ရပါသတဲ့။ ပြောစမှတ် တွင်စရာ ကောင်းတဲ့ ကျောင်းအုပ်ကြီးပါတဲ့။

ဗိုလ်မှူးချုပ် ဘဝနဲ့ စကခမှူးလုပ်တော့လည်း သစ်ဂွင်လုပ်စားတဲ့ သစ်ကုန်သည်တွေကို လည်ပင်းညှစ်ပြီး မဟားတရားကို တောင်းပါသတဲ့။ စကခမှူး (၂) နှစ် လုပ်သွားတာ မိုင်းနောင်မှာရှိတဲ့ သစ်တော ဧကလည်း မရှိသလောက်ကို ကုန်သွားပါပြီ။ တဖက်ကလည်း နောက်ဖေးပေါက်က ငွေဖန်၊ ဂွင်ဖန်ပြီး ငွေရှာသလို လူကြီးတွေ အမြင်မှာ တိုက်ရည်၊ ခိုက်ရည်ကောင်းတဲ့သူ ဖြစ်အောင်လို့ ရှမ်းရွာ (၄) ရွာကို မီးလောင်တိုက် သွင်းပစ်လိုက်သေးပါတယ်။ တိုင်းမှူးများ ဖြစ်မလားဆိုပြီး ဇွတ်ဆက်လုပ်ပြလိုက်တာ ရွာကိုမီးရှို့၊ လူသတ်ပြီး ဆက်ကြေးကောက်တာတွေ ဘီဘီစီမှာ ပါလာလို့ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်သိုးထိန်းရဲ့ လာရောက် စုံစမ်းစစ်ဆေးခြင်းကို ခံခဲ့ရပါသေးတယ်။

အဖားတော်ရုံမက အပြုအစုပါ ကောင်းလွန်းလို့ လူရိုး၊ လူမှန်ကြီး ဗိုလ်ချုပ် သိုးထိန်းတောင် အဖြစ်မှန်ကို ထိန်ချန် ပေးထားခဲ့ရသတဲ့။ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့် (ယခု တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်နဲ့ စစ်ဥပဒေချုပ်) ကိုလည်း ရွှေတွေ အချောင်းလိုက်ပေး၊ ဒေါ်သင်ဇာဝင်းစိန် ကိုလည်း အသားကုန် အမ်းလိုက်လို့ ပြဿနာ မတတ်ဘဲ နေမြဲ ဖြစ်သွားတယ်ဆိုပဲ။

ပိုက်ဆံမြင်ရင် အငမ်းမရ၊ ငွေရဖို့ဆိုရင် လူသတ်ရဲတဲ့ သူက အခု ပြည်ထဲရေးမှာ ဒုဝန်ကြီးဆိုတော့ မြန်မာပြည်သူ ပြည်သားတွေအတွက် ရင်လေးစရာပါပဲ။ အပိုင်း (၃) မှာ ဆက်လက် ဖတ်ရှုကြပါကုန်။

အပိုင်း (၃) ကို ဆက်လက်ဖော်ပြသွားပါမည်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...