Sunday, September 25, 2011

မြစ်ဆုံစီမံကိန်း အများဆန္ဒအရ ဆုံးဖြတ်စေလိုဟု ဦးကျော်သူပြော

လင်းသန့် | အစိုးရနှင့် ပြည်သူ ပူးပေါင်း၍ ဧရာဝတီမြစ်ကြီး အရှိန်အဟုန်ဖြင့် စီးဆင်းနိုင်ရေး အများပြည်သူဆန္ဒနှင့်အညီ ဆုံးဖြတ် ချက်ချရန်လိုကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဦးဆောင်သူ တဦးဖြစ်သူ ဦးကျော်သူက ပြောသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နာရေးကူညီမှုအသင်းရုံးတွင် နာရေးကူညီမှုအသင်းနှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ ကျင်းပသော “လူငယ်များရဲ့ ဧရာဝတီ” အမည်ရှိ ဟောပြောပွဲ အခမ်းအနားတွင် ဦးကျော်သူက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ဧရာဝတီရဲ့ကိစ္စကို အစိုးရအနေနဲ့ ဆုံးဖြတ်ချက် ချတဲ့နေရာမှာ၊ လွှတ်တော်က ဆုံးဖြတ်ချက် ချတဲ့နေရာမှာ မြန်မာပြည် မြေပုံကြီးကို တည့်တည့်မတ်မတ် ကြည့်ပြီးတော့ အများဆန္ဒအတိုင်း ဆုံးဖြတ်ချက်ချဖို့ပဲ အရေးကြီးပါတယ်” ဟု ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်မြေပုံကို တည့်တည့်မတ်မတ်မကြည့်ဘဲ ဇောက်ထိုးကြည့်လျှင် အစိုးရနှင့် ပြည်သူသည် တကွဲစီ ဖြစ်သွားပြီဟု အဆိုပါ အခမ်းအနားတွင် ဦးကျော်သူက ဆိုသည်။

ယင်းဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်လာသူ ၅၀၀ ခန့်ရှိမည်ဟု ဦးကျော်သူက ပြောသည်။

အခမ်းအနားမှူးအဖြစ် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများအဖွဲ့မှ ကိုစိုင်းရဲကျော်စွာမြင့် က ဆောင်ရွက်ကြောင်း၊ ကဗျာဆရာများက ကဗျာများ ရွတ်ကြကြောင်း၊ ကိုရဲလွင်၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချန်း၊ ရသ၊ ဇေယျာသော် စသူတို့က ဧရာဝတီအကြောင်း ပြောကြပြီး သီချင်း များဖြင့်လည်း ဖျော်ဖြေကြကြောင်း၊ ဒေါ်ဒေ၀ီသန့်စင်၊ ဦးအုန်း၊ ဦးအောင်ကြည်ညွန့် တို့လည်း ဟောပြောကြောင်း သိရသည်။

တက်ရောက်လာကြသည့် လူငယ်များက ဧရာဝတီဆိုင်ရာခံစားမှုများကို အသီးသီး ရင်ဖွင့်ပြောဆိုကြသည်ဟု ဆိုသည်။

“ကျနော်တို့ အများပြည်သူက မေခမြစ်ဆိုရင် မလိခမြစ်ဟာ အစိုးရပါ။ မေခနဲ့ မလိခ၊ ကျနော်တို့က မလိခဆိုရင် မေခက အစိုးရပါ။ မေခနဲ့ မလိခ ဆိုတဲ့ အစိုးရနဲ့ ပြည်သူပေါင်းပြီးမှ ဒီဧရာဝတီမြစ်ကြီးဟာ အရှိန်အဟုန်ကြီးမားစွာနဲ့ ရှင်သန်ပြီးတော့ ဖြစ်ပေါ်လာတာပါ” ဟု ဦးကျော်သူက ပြောသည်။

ဦးဝင်းတင်၊ လူထုစိန်ဝင်း၊ ဆရာအောင်သင်း တို့၏ ဧရာဝတီနှင့် ပတ်သတ်၍ လူငယ်များသို့ မှာကြားချက်ကို ရုပ်သံပြကွက်များဖြင့် ပြသသည်။

အခမ်းအနားသို့ တက်ရောက်လာသူများက ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်တန့်ပေးရေး သမ္မတထံ လက်မှတ်ထိုး တောင်းဆိုမှုအတွက် ဝိုင်းဝန်းလက်မှတ်ရေးထိုးကြသည်ဟု ဦးကျော်သူက ပြောသည်။

အလားတူ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခြံ၌ ဧရာဝတီနှင့်ပတ်သက်သော ဟောပြောပွဲကို ယနေ့နံနက်တွင် ကျင်းပကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်သူများပြားပြီး ခန်းမအပြည့် ရှိကြောင်း ကာတွန်းဆရာ အော်ပီကျယ်က ဧရာဝတီသို့ ပြောသည်။

“ဟောပြောပွဲမှာ ဆရာ ဦးခင်မောင်ညို၊ ဦးအုန်း တို့အပြင် ကျန်တဲ့သူတွေက ဧရာဝတီနဲ့ ပတ်သက်တာတွေ ဟောပြောကြပါတယ်” ဟု ကာတွန်းဆရာ အော်ပီကျယ်က ဆိုသည်။

source by : http://www.irrawaddy.org