Saturday, January 9, 2010

မြန်မြန် ပြန်လာနိုင်ပါစေ



မြန်မာပြည် ငြိမ်းချမ်းပါစေ

သွေးစက်တွေ စိုလူး

အလံဦးမှာ ကိုယ့်အမည်ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

အမေတွေမျှော်မှာ သိရက်နဲ့

အိမ်အပြန်ခက်သော သားများ

ပျောက်ဆုံးသွားတာ

ကာလကြာပြီ။

ပိတ်မသွားရသေးတဲ့

သားကြီးတို့ရဲ့ ကျောင်းစာအုပ်မှာ

ဒေါင်းရုပ်ကလေးတွေ သားငယ် ဆွဲလို့

မေမေလည်း

မျက်ရည်စို့ကာ မျှော်ရော့မယ်။

၁၉၈၈ ရဲ့ 

လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ

မှုန်ဝါးပြာဝေ ကမ္ဘာမကြေဘူး

ဘီလူးတခေတ် ဒေါင်းတခေတ်။

တနေ့နေ့လေ

မသေသေးရင် ပြန်လာချင်တယ်

ရင်မှာထွေးလို့ ကြိုပါမေမေရယ်။

ခုတော့

ဗမာပြည် ငြိမ်းချမ်းပါစေ

သွေးစက်တွေ စိုလူး

အလံဦးမှာ ကိုယ့်အမည်ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။ ။


ဆရာမရဲ့ အမှတ်တရ


အပြည့်အစုံ ဖတ်ရန် ...

နအဖ တပ်ကြပ်ကြီး တဦး အထက်အရာရှိနှင့် စကားများရာမှ မိမိကိုယ်ကို သတ်သေ

မင်းအောင်(နိရဉ္စရာ)

အိန္ဒိယ- မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် စစ်ကြောင်း တကြောင်းမှ နအဖ စစ်သားတဦးသည် အထက် အရာရှိနှင့် စကား အချေအတင်များရာမှ နောက်ပိုင်းတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည် ဒေသခံများက ပြောသည်။

မိမိကိုယ်ကို အဆုံးစီရင်သွားသူ နအဖ စစ်သားမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် ခမရ ၂၃၄ တပ်ရင်းမှ တပ်ကြပ်ကြီး ကျော်ကျော်ဦး ဖြစ်သည်။

“သူနဲ့ တပ်ရင်းမှူးနဲ့ စကားများကြတယ်လို့ သိရပါတယ်။ ဘာအကြောင့် စကားများ ကြတယ်ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ တနင်္လာနေ့ ညဥ့်အချိန်မှာ သူကိုင်ဆောင်ထားတဲ့ သေနတ်နဲ့ သတ်သေ သွားတာ ဖြစ်ပါတယ်။” ဟု ချင်းလက်ဝ ကျေးရွာသား တဦးက ပြောသည်။

တပ်ကြပ်ကြီး ကျော်ကျော်ဦးသည် ချင်းပြည်နယ် ပလက်ဝ မြို့နယ် ချင်းလက်ဝ ကျေးရွာတွင် ရှေ့တန်း တာဝန်များကို ထမ်းဆောင် နေစဉ် မိမိကိုင်ဆောင်ထားသော သေနတ်ဖြင့် ယခုလ ၄ ရက်နေ့ က သတ်သေသွားခဲ့သည်ဟု တခြား ဒေသခံများကလည်း အတည်ပြု ပြောကြားသည်။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မောင်မောင် ဦးစီးသည့် ခလရ ၂၃၄ မှာ လွန်ခဲ့သည့် လအနည်းငယ် ကတည်းက အိန္ဒိယ- မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ပြောသည်။

တပ်ကြပ်ကြီး ကျော်ကျော်ဦးမှာ နောက်တန်းတွင် ဇနီးဖြစ်သူနှင့် သားသမီး ၃ ယောက် ကျန်ရစ်ခဲ့သည်။ ကျန်ရစ်သူ မိသားစုမှာ တပ်ကြပ်ကြီး ကျော်ကျော်ဦး၏ ပိုင်ရှန်းလစာကို ခံစားရမည် မဟုတ်ကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ကျော်ကျော်ဦးမှာ မိမိကိုယ်ကို သတ်သေသွာ၍ ဖြစ်သည်ဟု စစ်တပ် သတင်းရပ်ကွက်အရ သိရသည်။


source by : http://www.narinjara.com

အပြည့်အစုံ ဖတ်ရန် ...

ကချင်ကျောင်းသားအဖွဲ့ မြစ်ကြီးနားမြို့မှာ စစ်အစိုးရဆန့်ကျင်ရေး စာဖြန့်

2010-01-09 ( RFA )

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၆၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့နဲ့ မနောပွဲ ကျင်းပနေတဲ့အချိန်မှာ AKSU ကချင် ကျောင်းသားများသမဂ္ဂအဖွဲ့က စစ်အစိုးရဆန့်ကျင်ရေး ပိုစတာကပ် လှုပ်ရှားမှုကို ဒီကနေ့ မနက်ပိုင်း လင်းအားကြီးအချိန်မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ လုံခြုံရေး ထူထပ်တဲ့ကြားကနေ လုပ်ခဲ့ကြတာဖြစ်ပြီး ပြည်သူတွေလည်း ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကြွေးကြော်သံများဖြင့် နအဖစစ်အစိုးရကို ကန့်ကွက် ဆန္ဒပြနေသော ကချင်တိုင်းရင်းသားများ၏ ယခင် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

လှုပ်ရှားပါဝင်ခဲ့တဲ့ ကချင်ကျောင်းသားတဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

ကျောင်းသားတဦး။ ။'ဈေးနဲ့ ဆွမ်ပရာဘွမ် လမ်းမကြီး တလျှောက် ကတ္တရာလမ်းမပေါ် စာတွေ ဖြန့်တာပေါ့၊ အဲဒီစာထဲမှာ အချက် ၃ ချက် ရေးပြီးတော့။
တစ် အချက်က- နအဖ စစ်အစိုးရကို အလိုမရှိ၊
နှစ် ကတော့- မြစ်ဆုံရေကာတာ အလိုမရှိ၊
သုံးကတော့- ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ၊ ဆိုတဲ့ဟာ။ ဒီ သုံးချက်ကို ဗ၄ ဆိုဒ်မှာ ကွန်ပျူတာ စာစီစာရိုက်နဲ့လုပ်တာ။ စောင်ရေက ၅၆ဝ'

ဈေး၊ ဓာတ်တိုင်၊ အုပ်နံရံတွေနဲ့ လမ်းမတွေမှာ ဖြန့်ပြီး ကပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ ပိုစတာတွေ လိုက်ကပ်တဲ့အချိန်ဟာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကချင်ပြည်နယ်နေ့နဲ့ မနောပွဲ ကျင်းပနေတဲ့ အချိန်ဖြစ်ပြီး လုံခြုံရေးကလည်း မနှစ်ကထက် တိုး ချထားတဲ့ကြားကနေ လှုပ်ရှားရတဲ့အပြင် ဒီတကြိမ် လှုပ်ရှားမှုမှာ မြစ်ဆုံ ရေကာတာစီမံကိန်းနဲ့ပတ်သက်လို့ မကျေနပ်တဲ့ ဒေသခံပြည်သူတွေလည်း ပူးပေါင်း ပါဝင်လာတယ်လို့ စောစောက ကချင်ကျောင်းသားက ပြောပါတယ်။

ကျောင်းသားတဦး။ ။'ဒါကြောင့်မို့ မနက် စောစောစီးစီး လုပ်လိုက်တာ။ သူတို့တွေက ညဆိုလို့ရှိရင် ဆိုင်ကယ်နဲ့စီးပြီးတော့ ပတ်တဲ့လူတွေ များတယ်။ မနက်ဆိုရင် သူတို့အားလုံး အနားယူတဲ့အချိန်။ ဒါကို ကျနော်တို့က အားလုံး ချင့်ချိန်ပြီး လုပ်လိုက်တာ။ မြစ်ဆုံရေကာတာ လေဘာတွေက ၄ သောင်းလောက် ရောက်လာမယ်ဆိုတော့ အဲဒီ ဒေသခံလူတွေကလဲ ဒီမနက်မှာ မကျေနပ်တဲ့အတွက်ကြောင့် သူတို့နဲ့ ပေါင်းလုပ်လိုက်တာ'

ကပ်ထားတဲ့ ပိုစတာ စာရွက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက နေ့လည်ပိုင်းမှာ ပြန်လည် ခွာယူနေတာ တွေ့ရတယ်လို့ နောက်ထပ် မြစ်ကြီးနား ဒေသခံတယောက်က ပြောပါတယ်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့အနေနဲ့ ကချင်ပြည်နယ်နေ့နဲ့ မနောပွဲ ကျင်းပနေတဲ့အချိန်မှာ အခုလိုမျိုး စစ်အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်လာတာ ဒီနှစ်နဲ့ဆို ၃ နှစ်ရှိပါပြီ။ ဒီ့အရင်နှစ်တွေက ပိုစတာကပ်တာတင်မဟုတ်ပဲ စာဖြန့်၊ စာဝေတာတွေ မနောကွင်းအတွင်းမှာ လုပ်ခဲ့ကြပါတယ်။ ဒီနှစ်ကတော့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတာကြောင့် မနောကွင်း အနီးပတ်ဝန်းကျင်နဲ့ လူစည်ကားတဲ့ ဈေးတွေ၊ လမ်းတွေမှာပဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်နေ့နဲ့ မနောပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင် ၆၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။ အဲဒီ အခမ်းအနားမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ကချင်ပြည်နယ်တာဝန်ခံနဲ့ ကြေးနန်းနဲ့ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်အပြင် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း တို့လည်း တက်ရောက် စကားပြောမယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

၅ဝဝဝကျပ်တန် ငွေအတုများ ပဲခူးတွင် ဖမ်းဆီးရမိ

2010-01-09 ( RFA )

ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက ပဲခူးမြို့မြိုမဈေး အပြင်ဘက်တန်း ဆိုင်တဆိုင်မှာ ကျပ်ငွေ ၅ဝဝဝ တန် ငွေစက္ကူအတု ၅ ရွက်နဲ့ ဈေးလာဝယ်သူတဦးကို ဆိုင်ရှင်က မသင်္ကာတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့ပြီး ဈေးလာဝယ်သူ ကိုခင်မောင်တင့် ဆိုသူကို ရဲက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တခုတွင် ငွေစက္ကူထုပ်များကို ရေတွက်နေသော ဘဏ်အမှုထမ်း နှစ်ဦး ဖြစ်ပါသည်။ (Photo: AFP)

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ ထုတ်ဝေတဲ့ ၅ဝဝဝ တန် ငွေစက္ကူသစ်တွေ အတု ထွက်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ကြားသိ နေရပေမယ့် အခုတကြိမ်ဟာ ပထမဆုံး ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ အဖမ်းခံရသူဟာ ရဲဝန်ထမ်းဟောင်းတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားချိန်က ပဲခူးဈေးမှာ ရှိနေတဲ့ ဈေးသည်တဦးက အခုလိုပြောပြပါတယ်။

ဈေးသည်တဦး။ ။'ပစ္စည်းတခု ဝယ်တာ၊ အဲဒါ ငါးထောင်တန် ပေးပြီး ဝယ်တယ်တဲ့။ အဲဒီမှာ ဆိုင်ရှင်က ငါးထောင်တန်ကို အတုမှန်းသိတော့ ရဲစခန်းကို လှမ်းဖုန်းဆက်တော့ ဖမ်းတာတော့ ရဲစခန်းက ဖမ်းတာပေါ့။ စစ်ကြောရေးကတော့ စီအိုင်ဒီ တို့ ဘီအက်စ်အိုင် တို့က စစ်တာပေါ့။ နာမည်က ခင်မောင်တင့်တဲ့ဗျ။ ထောက်ကြံ့မြို့နယ် ဧကရာဇ်ရွာကလို့ ပြောပါတယ်။ အသက်က ၄၅ နှစ်လောက် ရှိပါတယ်။ ရဲထွက်ပေါ့နော။ ငါးထောင်တန် ၁ဝ ရွက်ပါ။ နောက်ပိုင်းတော့ မသိဘူး။ စခန်းမှာခေါ်ပြီးတော့ စစ်ကြောရေး ဝင်မှာပေါ့နော်။ အဲဒီနောက်ပိုင်းတော့ မသိဘူး။ ဈေးထဲမှာ ဖြစ်နေတဲ့အချိန် ကျနော်က အဲဒီနားမှာ ရှိနေတော့ သိလိုက်တာ'

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက ပဲခူးရဲစခန်းကို ဆက်သွယ်မေးကြည့်တဲ့အခါမှာ တာဝန်ကျ ရဲအရာရှိတဦးက ဟုတ်မှန်ကြောင်း ဖြေကြားပါတယ်။

ရဲအရာရှိ။ ။'ဟုတ်တယ်။ ဒို့ဒီမှာ အမှု ဖွင့်ထားတာရှိတယ်။ ဒီတယောက်ပဲ ရှိသေးတယ်။ ၅ ရွက် ၅ ရွက်။ ၄၈၉ နဲ့ပဲ။ ဟုတ်တယ် ဟုတ်တယ်'

အဖမ်းခံရသူ ကိုခင်မောင်တင့်ကို ပုဒ်မ ၄၈၉ နဲ့ အမှုဖွင့်ထားကြောင်း တာဝန်ကျအရာရှိက ဖြေကြားသွားတာပါ။

ငါးထောင်တန် ငွေစက္ကူတွေ ထုတ်ဝေမယ်လို့ ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့မှာ အာဏာပိုင်တွေက ကြေညာခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့မှာ ဗဟိုဘဏ်က စတင် ဖြန့်ဝေ အသုံးပြုခဲ့တာပါ။ ငါးထောင်တန်ငွေစက္ကူ အသစ်တွေနဲ့ ပတ်သက်ပြီး အခုချိန်ထိ လူထုအကြားမှာ ဖောဖောသီသီ သုံးစွဲတာ မရှိသေးဘူးလို့ သိရပါတယ်။ စတင်ထုတ်ဝေတဲ့ ငွေစက္ကူဖြစ်တာကြောင့် လူထုက သတိထားပြီး သုံးစွဲနေကြသလို တချို့ကျေးရွာတွေမှာဆိုရင် ငါးထောင်တန် ငွေစက္ကူကို မြင်တောင်မမြင်ဖူး ကြသေးဘူးလို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဝန်ထမ်းအဆင့်အားလုံး လစာအပြင် နေ့စားလုပ်ခတွေပါ တိုးပေး

2010-01-08 ( RFA )

အရပ်ဖက်ဝန်ထမ်း အရာထမ်းတွေကို ဇန်နဝါရီလကစပြီး လစာသစ် ကျပ်ငွေ နှစ်သောင်းစီ တိုးပေးရာမှာ လက်ရှိလစာ ကျပ်တသောင်းခွဲရတဲ့ အောက်ခြေဝန်ထမ်းကစပြီး ကျပ်ငွေ တသိန်းကိုးသောင်းရတဲ့ အမြင့်ဆုံးအဆင့်ထိ တိုးပေးထားတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။


အစိုးရ အမှုထမ်း ရုံးသူရုံးသားများကို ရန်ကုန်မြို့လယ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဝန်ကြီး ဗိုလ်ချုပ်လှထွန်း လက်မှတ်ထိုးထားပြီး RFA က ဖတ်ခွင့်ရတဲ့ ဒီအမိန့်စာမှာ အရပ်ဖက်ဝန်ထမ်း ရာထူး အဆင့် ၁၂ ဆင့်လုံးကို ကျပ်ငွေ နှစ်သောင်းစီ တိုးပေးထားတာ တွေ့ရပါတယ်။၊

ဝန်ထမ်းအားလုံးကို ကျပ်ငွေ နှစ်သောင်းစီ အညီအမျှ တိုးပေးတယ် ဆိုပေမဲ့ ရာခိုင်နှုန်းအပြောင်းနဲ့ တွက်ရင် အခြေခံလစာ ကွာနေတဲ့အတွက် လက်ရှိလစာ ကျပ်တသောင်းခွဲရတဲ့ ရုံးစောင့်လို ဝန်ထမ်းအောက်ဆုံးအဆင့်က ၁၃၃ ရာနှုန်း တိုးသွားပြီး အမြင့်ဆုံးလစာ ကျပ် တသိန်းကိုးသောင်းရတဲ့ ညွှန်ကြားရေးမှူးချုပ်လို ရာထူးက ၁၁ ရာနှုန်းသာ တိုးပါတယ်။

အရပ်သားဝန်ထမ်း အဆင့် ၁၂ ဆင့် မှာ အနိမ့်ဆုံး အဆင့်နဲ့ အမြင့်ဆုံး အဆင့်ကြား လစာကွာခြားချက်က အရင်ကတည်းက ၁၃ဆ ကွာခြားနေပြီး၊ အခု ကျပ်ငွေနှစ်သောင်းကို အညီတိုးပေးတဲ့အတွက် ပြောင်းလဲမသွားဘူးလို့ ရန်ကုန်ရှိ အငြိမ်းစားအရာရှိတဦးက ပြောပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေကို အဆင့်တိုင်း ကျပ်ငွေ နှစ်သောင်းစီ အညီအမျှ တိုးပေးသလို အစိုးရဌာနတွေမှာ လုပ်ကိုင်နေတဲ့ နေ့စားဝန်ထမ်းတွေကိုလည်း ရှစ်နာရီလုပ်ခ ကျပ် ၅ဝဝ ကနေ ကျပ် ၁၁ဝဝ ထိ တိုးပေးတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန အမိန့်စာမှာ ပါရှိပါတယ်။ ဒ့ါအပြင် အစိုးရဌာနတွေမှာ ခန့်ထားတဲ့ ယာယီဝန်ထမ်းတွေကိုလည်း ပုံသေလစာ တသောင်းခွဲရတဲ့သူကို ကျပ် သုံးသောင်းခွဲ၊ ပုံသေလစာ နှစ်သောင်းရသူတွေကို ကျပ် လေးသောင်းထိ တိုးပေးလိုက်ပါတယ်။

ဒါပေမဲ့ လက်ရှိ ပင်စင်ခံစားနေတဲ့ အငြိမ်းစားဝန်ထမ်းတွေကိုတော့ လစာမတိုးပဲ လက်ရှိအတိုင်း ခံစားရမယ်လို့ သီးခြား အမိန့်စာအမှတ် ၁၈၆ နဲ့ ဝန်ကြီး ဗိုလ်ချုပ်လှထွန်း ကိုယ်တိုင် လက်မှတ်ထိုး တားမြစ်ထားပါတယ်။

တပ်မတော် ကြည်းရေလေ ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာ ကာကွယ်ရေးကောင်စီကို တင်ပြပြီး အတည်ပြုချက် ရယူဆောင်ရွက်ရန်လို့သာ ဖော်ပြထားပြီး ဘယ်လောက်တိုးပေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။
၂ဝဝဝ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်း ဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လစာက တလကို ၁၂ သိန်း ဖြစ်တာမို့ ၆နှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လစာကို ၇ဝဝ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Friday, January 8, 2010

ရန်ကုန်က ခွဲစိတ်ကုသလူနာ သေဆုံးမှုဖြစ်ပြန်ပြီ

Friday, 08 January 2010 19:05 ရန်ပိုင်

ရန်ကုန်မြို့အောင်ရတနာ အထူးကုဆေးခန်းတွင် ပြီးခဲ့သည့် အင်္ဂါနေ့က လွဲမှားသော ဆုံးဖြတ်ချက်ကြောင့် ခွဲစိတ်ကုသမှုခံ လူနာတဦး ထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။ တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်၊ သူရ ၄ လမ်းနေ ဒေါ်ကြည်လေး အသက် ၅၉ နှစ်သည် ချော်လဲရာမှ တင်ပါးဆုံရိုး ကျိုးသွားသည့်အတွက် အောင်ရတနာဆေးခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဇန်န၀ါရီလ ၅ရက်နေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် ခွဲစိတ်ခဲ့ရာ မိနစ်ပိုင်းအကြာတွင် လူနာသေဆုံးသွားပြီဟု ဆေးရုံမှ တာဝန်ရှိသူ ဆေးရုံအုပ်ကြီးက လာရောက် အကြောင်းကြားကြောင်း သေဆုံးသူ၏ သမီးဖြစ်သူ မအေးအေးသော်က ဧရာဝတီသို့ ပြောသည်။ “ခွဲခန်းရှေ့မှာ ကျမထိုင်စောင့်နေတုန်း သူတို့ပျာပျာသလဲနဲ့ ဓာတ်မီးတောင်းတယ်၊ ဆေးပုလင်းတွေ ထပ်တောင်းတယ်၊ အဲ့သည် ကတည်းက ဒီတင်ပါးဆုံရိုးခွဲတဲ့ အသေးအမွှားပြဿနာလေးကို ဘာကြောင့် ပျာနေသလဲလို့တော့ တွေးမိတယ်”ဟု ၎င်းကဆိုသည်။ သေဆုံးမှုနှင့် ပတ်သက်ပြီး သွေးကြောအတွင်း သွေးခဲ၍ အဆုတ်တွင် သွားရောက် ပိတ်ဆို့မှုကြောင့်ဖြစ်သည်ဟု အောင်ရတနာ ဆေးခန်းမှ ကျန်ရစ် သူမိသားစုအား ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါဆေးခန်းမှ တာဝန်ရှိသူများသည် လူနာနှင့်တကွ လူနာရှင်အား မခွဲစိတ်မီ လက်ရှိအခြေအနေအား ရှင်းလင်းပြောကြား ခြင်းမရှိကြောင်းလည်း မအေးအေးသော်က ပြောသည်။လူနာမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က ချော်လဲပြီး လက်နှင့်တင်ပါးဆုံရိုးပါ ကျိုးသွားသည့်အတွက် အဆိုပါ ဆေးခန်းတွင် ပထမအကြိမ် ကုသမှုခံယူခဲ့ရကြောင်း၊ သို့သော် သက်သာမလာသည့်အတွက် ပြီးခဲ့သည့် တနလာင်္နေ့ကမှ ထပ်မံ တက်ရောက် ကုသခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မအေးအေးသော်က ဆက်လက်ပြီး ခွဲစိတ်ကုသမှု မပြုလုပ်မီ လူနာ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ နှလုံး စမ်းသပ်သည့် စက်မရှိ၍ အာရှတော်ဝင်ဆေးခန်းတွင် ဆရာဝန်ကြီး ဦးတင်သန်းဖြင့် စစ်ဆေးစေခဲ့ရာ မည်သည့် ရောဂါမျှ မရှိဟု ဆေးမှတ်တမ်းထွက်ခဲ့ကြောင်း၊ ထို့အပြင် သွေးတိုး၊ ဆီးချို စသည့် ရောဂါများလည်း မရှိသည့်အတွက် အောင်ရတနာ အထူးကုဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ သီဝတင်၏ ခွင့်ပြုချက်ဖြင့် ခွဲစိတ်စေခဲ့ကြောင်း ဆိုသည်။

လူနာအား ထုံဆေးပေး၍ ခွဲစိတ်ကုသရာတွင် အရေပြားအလွှာနှင့် ကြွက်သားတလွှာကိုသာ ခွဲစိတ်ရသေးသည်ဟု ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေက သေဆုံးသူ၏ သမီးဖြစ်သူ မအေးအေးသော် အား ပြောကြား သွားကြောင်းသိရသည်။ ခွဲစိတ်ဆရာဝန်မှာ အရိုးအကြောအထူးကုဆရာဝန်ကြီး ဖြစ်ပြီး မေ့ဆေးဆရာဝန်မှာ ဒေါက်တာဒေါ်မိမိအောင် ဖြစ်သည်ဟု သေဆုံးသူ မိသားစုဝင်များက ပြောသည်။
သေဆုံးသူ၏ တူဖြစ်သူ ကိုကြည်ဝင်းကလည်း “ဆေးရုံက မန်နေဂျာရော၊ ဆေးရုံအုပ်ကြီးပါ လာတောင်းပန်တယ်၊ အားလုံး လိုလေသေးမရှိအောင် ကူညီတယ်” ဟုပြောသည်။ သေဆုံးသူနှင့်ပတ်သက်၍ ဆေးရုံမှ ဆေးကုသစရိတ်နှင့် သဂြိုလ် စရိတ်၊ ပန်းခွေ၊ ရေသန့်ဘူး အစရှိသဖြင့် ကူညီပေးကြောင်း၊ ယခုကုသမှု အောင်မြင်ခဲ့လျှင် ကုန်ကျစရိတ်မှာ ကျပ်၁၂သိန်းခန့် ရှိကြောင်း ကိုကြည်ဝင်းက ပြောသည်။ ကျန်ရစ်သူ မိသားစုအနေဖြင့် ယခုကဲ့သို့ သတင်းမီဒီယာများအား ပြောကြားရခြင်းမှာ သက်ဆိုင်ရာဆေးခန်းထံမှ ငွေကြေးတစုံတရာ ရယူလိုခြင်း၊ တရားစွဲဆိုလိုခြင်းကြောင့် မဟုတ်ကြောင်း၊ ဈေးနှုန်းကြီးမြင့်သည့် ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းများ၏ ပေါ့ပေါ့ဆဆ ကုသနေမှု၊ သာမန် ပြည်သူများအနေဖြင့် ကျန်းမားရေးကုသမှု အခက်အခဲများကို သက်ဆိုင်ရာနှင့် အများပြည်သူများ သိစေရန်ဖြစ်ကြောင်း မအေးအေးသော်က ပြောသည်။

အဆိုပါဆေးရုံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးရုံမန်နေဂျာ ကိုဝင်းစိုးဦးက သေဆုံးမှုမှာ မှန်ကန်ကြောင်း ပြောကြားခဲ့သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းထွန်းအား ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။ မကြာသေးမီကလည်း ရွှေဂုံတိုင် အထူးကု ဆေးခန်း (SSC)တွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး ဆရာဝန်၏ ကုသမှု မှားယွင်းခဲ့သဖြင့် သေဆုံးခဲ့သည်။မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည် ဈေးကွက်စီးပွားရေးစနစ်အတွင်းသို့ ၀င်ရောက်လာသော်လည်း ကျွမ်းကျင်မှုနှင့် အတတ်ပညာပိုင်း၊ ရုပ်ဝတ္တုပစ္စည်းပိုင်းတွင် တခြားသော အိမ်နီချင်းနိုင်ငံများကဲ့သို့ အားမကောင်းကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်း(မန္တလေး)မှ ဒု ဥက္ကဌ (၂) ဒေါက်တာဝင်းရှိန် က သုံးသပ်ဝေဖန်သည်။ “နည်းပညာရော ကျင့်ဝတ်တွေ ကင်းမဲ့နေတာကိုလည်း ထည့်တွက်ရမယ်”ဟု ၎င်းက ဆိုသည်။ လူနာများအား ကုသမှုပေးရာတွင် ထိရောက်မှုအရှိဆုံးနှင့် အကောင်းဆုံးနည်းလမ်းများကို အသုံးပြု ကုသပေးရမည်ဖြစ်ကြောင်း၊ ဆေးကုသမှု မပြုလုပ်မီ လူနာနှင့်တကွ လူနာရှင်များအား ရောဂါအခြေအနေကို ကောင်းကျိုး၊ ဆိုးကျိုးများကို သေချာစွာ ရှင်းလင်း သိရှိစေရန် အသိပေးရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ရန်ကုန်အနောက်ပိုင်း ပြည်သူဆေးရုံကြီးတွင် ပြုလုပ်သည့် အစည်းအဝေး၌ ကျန်းမာရေးဝန် ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာပိုင်စိုးက ဆရာဝန်ကြီးများကို ပြောကြားခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သေးသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့ ရွေးကောက်ပွဲအခြေအနေ ကုလသမဂ္ဂ စောင့်ကြည့်မည်

2010-01-08 ( RFA )

မြန်မာစစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမဲ့ရက်ကို တိတိကျကျ ကြေညာလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒီအခြေအနေပေါ်မှာ စစ်အစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပြီး မျက်ခြေမပြတ် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲမှ ဒုတိယ) မြန်မာနိုင်ငံသို့ ၂ဝဝ၈ ခုနှစ်က သွားရောက်စဉ် နအဖ ထိပ်သီးခေါင်းဆောင်များ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အလယ်)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (ယာမှ ဒုတိယ)၊ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း (ယာအစွန်) တို့နှင့် ၂ဝဝ၈ မေလ ၂၃ ရက်နေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံစဉ် မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ ဝဲအစွန်ဆုံးမှာ ကုလ အတွင်းရေးမှူးချုပ်၏ ထိုအချိန်က ရုံးအဖွဲ့မှူး ဗီဂျေ နမ်ဘီယာ ဖြစ်သည်။ ၎င်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ဂမ်ဘာရီ၏ နေရာတွင် အစားထိုး ခန့်အပ်လိုက်သည်ဟု သိရ၏။ (Photo: AFP)

ကုလသမဂ္ဂမှာ ဇန်နဝါရီလ ၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ နှစ်ထဲမှာ တွေ့ဆုံဆွေးနွေးခဲ့တုန်းက ရွေးကောက်ပွဲ အစီအစဉ်နဲ့ ကျင်းပမဲ့ရက်ကို တိတိကျကျ ထုတ်ပြန်ကြေညာပေးဖို့ မိမိအနေနဲ့ တိုက်တွန်းထားတယ်လို့ မစ္စတာဘန်ကီမွန်း သတင်းထောက်တွေကို ပြောပါတယ်။

တဆက်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လစ်လပ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ နေရာမှာ ဘယ်သူ့ကို အစားထိုး ခန့်အပ်မလဲဆိုတာနဲ့ ပတ်သက်လို့ မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ မိမိအနေနဲ့ တာဝန်ယူပြီး ဆောင်ရွက်မှာ ဖြစ်လို့ အထူး ကိုယ်စားလှယ်နေရာ ယာယီလစ်လပ်နေတာနဲ့ပတ်သက်ပြီး မစိုးရိမ်ဖို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကုလသမဂ္ဂနဲ့ ပတ်သက်ပြီး အထူး ထုတ်ဝေနေတဲ့ Inner City အင်တာနက် သတင်းစာ စာမျက်နှာမှာတော့ မစ္စတာ ဂမ်ဘာရီက ဆူဒန်နိုင်ငံ ဒါဖောဒေသအရေးအတွက် တာဝန် ထမ်းဆောင်တော့မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူးအဖွဲ့ထဲက မစ္စတာ Vijay Nambiar ကို အစားထိုး ခန့်အပ်မှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက် နေ့စွဲနဲ့ ဖော်ပြခဲ့ပါတယ်။
ဒီကိစ္စကို ကုလသမဂ္ဂက တရားဝင် ထုတ်ဖော် ပြောဆိုတာ မရှိသေးပေမဲ့ မှန်ကန်ကြောင်း Inner City အင်တာနက်သတင်းစာက ဖော်ပြထားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

လှိုင်သာယာ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ

Friday, 08 January 2010 15:46 သန်းထိုက်ဦး

ရန်ကုန်မြို့လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ယမန်နေ့က ၎င်းတို့ ရပိုင်ခွင့် များကို ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် ယမန်နေ့ နံနက် ၈ နာရီခန့်က အမျိုးသမီး ၁၀၀ခန့် ဦးဆောင်၍ အချက် ၁၀ ချက် ပါသော အလုပ်သမား အခွင့်အရေးများကို ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု စက်ရုံ အလုပ်သမားများ နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၂၃၀ ခန့်ရှိပြီး အမျိုးသမီးအများစု ဖြစ်ကြောင်း သိရသည်။

ထိုသို့ အလုပ်သမား တောင်းဆို ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ယင်း စက်ရုံမှ ရုံးဝန်မှ တာဝန်ရှိသူတဦးက အသေးစိတ်ကို မဖြေကြားခဲ့သော်လည်း ဆန္ဒပြခြင်းသည် မှန်ကန်ကြောင်း အတည်ပြုပြောဆို သည်။

ရန်ကုန်မြို့ရှိ အမည်မဖော်လိုသည့် သတင်းထောက်တဦးက “အဓိက ကတော့ လစာကိစ္စလို့ ပြောနေကြတယ်”ဟု ဆိုသည်။

အမျိုးသမီးများက ဆန္ဒပြ တောင်းဆိုနေချိန်၌ အလုပ်သမားဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးဝင်းရှိန် ရောက်ရှိလာခဲ့ပြီး ၎င်း နှင့် အတူ ရဲ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လုံခြုံရေးတင်ကျပ် ထားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် အခြေခံလစာငွေ ကျပ် ၂ သောင်းမှ အမြင့်ဆုံး ၄ သောင်းအထိသာရရှိရာ အလုပ် သမားများအနေနှင့် စားဝတ်နေရေး ခက်ခဲမှုရှိသောကြောင့် အိုဗာတိုင် ကြေးရရန် အချိန်ပို ဆင်းကြရကြောင်း အထက်ပါ အလုပ်သမားများနှင့် နီးစပ်သူက ဆိုသည်။

သို့သော်ထို အလုပ်သမားများသည် အလုပ်ရှင်များ၏ အလွယ်တကူအလုပ်ထုတ်ခံကြရမှုများ ရှိကြောင်း သိရသည်။ အလုပ် သမားများကို အလုပ်ထုတ်လိုက်သော်လည်း ထိုက်သင့်သည့် လျော်ကြေးငွေပေး ခြင်းမရှိကြောင်း အလုပ်ပြုတ်ခဲ့သူများက ပြောဆိုကြသည်။

မြန်မာနိုင်ငံ စက်ရုံ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး အများစုမှာ နေ့စား အလုပ်သမားများသာ ဖြစ်ကြကြောင်း မှတ်တမ်းများအရ သိရသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရက ဆယ်သုံးလုံး နေ့ ( ၁၀။၁၀။၁၀ ) မှာ ရွေးကောက်ပွဲလုပ်မည်ဟု သတင်းထွက်

အင်တာနက်သတင်း၊ မိုးမခအထောက်တော် ၀၀၆
ဇန်န၀ါရီ ၈၊ ၂၀၀၉

ယနေ့ အင်တာနက်သတင်းဝက်ဆိုက်များနဲ့ ဂျပန်အဆာဟိ သတင်းစာများအဆိုရ မြန်မာစစ်အစိုးရက အောက်တိုဘာ ၁၀၊ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာတော့မည် ဖြစ်ကြောင်း ဆိုသည်။

အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ယာမာမိုတို ဒိုင်းဆုကေး(Daisuke Yamamoto)ဆိုသူက ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်မည့် စစ်အရာရှိများကို ဧပြီလနောက်ဆုံးထားပြီး လက်ရှိရာထူးမှနှုတ်ထွက်၍ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြင်ဆင်ကြမယ်လို့ ဖော်ပြထားသည်ဟု အဆာဟိသတင်းစာတွင် ဆိုသည်ဟု ဖော်ပြထားသည်။ ၎င်းတို့အနေနဲ့ မဲဆွယ်ဖို့ ၆ လအချိန်ရရင် လုံလောက်တယ်လို့ ယူဆထားကြောင်းလည်း ရေးသားထားသည်။

မူရင်းသတင်းကို ဒီနေရာမှာ တွေ့နိုင်သည်။

၂၀၁၀ နှစ်သစ်ကူးပြီးနောက် စစ်အစိုးရသည် အကောင်းဖက်ကို ဦးတည်သည့် ထုတ်ပြန်ချက်များ ဆောင်ရွက်ခြင်း ယခုထိ မတွေ့ရသေးကြောင်း၊ ၀န်ထမ်းများအား လစာ ၂ သောင်းကျော် တိုးပေးမည်ကို သတင်းထွက်လာသော်လည်း ကုန်သည်များဖက်က ဈေးတင်လာမည်ကိုလည်း စိုးရိမ်နေကြောင်း၊ ၅ ထောင်တန် ငွေစက္ကူများကိုလည်း လွယ်ကူအဆင်ပြေအောင် မထုတ်နိုင်သေးကြောင်း၊ မဆလခေတ်က ဘွဲ့ထူး ဂုဏ်ထူးများကို ရုတ်သိမ်းခြင်းမှာလည်း လူထုကြားထဲ စိတ်ရှုပ်ထွေးမှုများသာ ဖြစ်ပေါ်စေကြောင်း၊ ၎င်းတို့ တပ်မတော် အရာရှိနှင့် ၀န်ထမ်းအချို့ကို လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် သေဒဏ်စီရင်သည်ဟူသည့် မင်္ဂလာမရှိသည့် အရေးယူမှုများ ပေါ်ထွက်လာသည်ဟု ဆိုကြောင်း၊ သို့ဖြစ်ပါ၍ စစ်အစိုးရအတွက် ၂၀၁၀ မှာ တာထွက်ကောင်းသည့်နှစ် ဟု မဆိုနိုင်ကြောင်း မိုးမခသို့ စာနယ်ဇင်း အယ်ဒီတာတဦးက မှတ်ချက်ပေးသည်။

“စစ်ခေါင်းဆောင်တွေနဲ့ တကွ မြန်မာပြည်သူတွေ အတော်များများက အယူသီးတာတို့၊ အတိတ်နမိတ်တို့၊ ဗေဒင်၊ယတြာတို့ ယုံကြတယ်။ အခုလို သတင်းက ဟုတ်ချင်လည်း ဟုတ်မယ်။ ဖိအားပေးတဲ့အနေနဲ့ သတင်းလုပ်ကြံတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ၈ လေးလုံး၊ ၉ သုံးလုံး တို့နောက် အခုလို ဆယ်သုံးလုံး ရက်စွဲကတော့ ပရိသတ်ကို ဆွဲဆောင်တဲ့ သတင်းတခုတော့ ဖြစ်သွားတာပဲ” ဟု မိုးမခပရိသတ်တဦးက အီးမေးမှတဆင့် ရေးသားထားသည်။


source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

ထိပ်တန်းလျှို့ဝှက်ချက် ပေါက်ကြားမှု သေဒဏ် စီရင်ချက်ချမှတ်

2010-01-07 ( RFA )

နေပြည်တော် မြေအောက်လိုဏ်ဂူ စီမံကိန်း၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား ခရီးစဉ်မှတ်တမ်း စတာတွေ အပါအဝင် စစ်အစိုးရရဲ့ နိုင်ငံတော် ထိပ်တန်း လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာ သေဒဏ်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။


ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ အား မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော် ကာကွယ်ရေးဝန်ကြီးဌာနတွင် လေကြောင်းကာကွယ်ရေး အမိန့်ပေးထိန်းချုပ်စနစ် အကြောင်းကို ၂ဝဝ၈ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက် က ရှင်းလင်းပြသနေပုံ ဖြစ်ပါသည်။ (Photo: RFA)

၂ဝဝ၉ ခုနှစ်အတွင်း စစ်အစိုးရရဲ့ ထိပ်တန်း လျှို့ဝှက်မှတ်တမ်းတွေ အင်တာနက်ကတဆင့် နိုင်ငံတကာကို သတင်းပေါက်ကြားခဲ့မှုအတွက် NGO ဝန်ထမ်းတဦးဖြစ်သူ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဥရောပရေးရာဌာနက စာရေးဝန်ထမ်း ဦးသူရကျော်နဲ့ အရပ်သားတဦးဖြစ်သူ ဦးဂိုပြန်စိန် တို့ကို ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လနှောင်းပိုင်းမှာ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်ကို နိုင်ငံခြားငွေကြေး လဲလှယ်မှု အက်ဥပဒေပုဒ်မ ၂၄-၁ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်၊ အီလက်ထရွန်းနစ်အက် ဥပဒေ ၃၃-ခ နဲ့ ထောင်ဒဏ် ၁၅နှစ်၊ အစိုးရနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိမှု ပုဒ်မ ၆-၃နဲ့ ထောင်ဒဏ်၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်လိုက်တဲ့အပြင် အရေးပေါ် အက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ် အပြစ်ပေးလိုက်ပြီး ပြစ်ဒဏ်အားလုံးကို တပေါင်းတည်းကျခံစေဖို့ တရားရုံးက အမိန့်ချမှတ် လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းစာရေး ဦးသူရကျော်ကိုတော့ အရေးပေါ် အက်ဥပဒေ ပုဒ်မ-၃ နဲ့ သေဒဏ် အပြစ်ပေးလိုက်တဲ့ အပြင်၊ အီလက်ထရွန်းနစ်အက် ဥပဒေပုဒ်မ ၃၃-ခ အရ ထောင်ဒဏ် ၁၅နှစ် ချမှတ်လိုက်ပြီး၊ နောက်တဦးဖြစ်တဲ့ ဂိုပြန်စိန် ခေါ် အစီး ကိုလည်း အီလက်ထရွန်းနစ် အက်ဥပဒေနဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 7, 2010

မြန်မာ ဘလော့ဂ်များ ပြည်တွင်းမှာ လေးငါးရက်ပွင့်ပြီးမှ ပြန်ပိတ်ဆို့ခံရ

2010-01-06 ( RFA )

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ဆိုင်တဲ့ အင်တာနက် ဘလော့ဂ် blog စာမျက်နှာတွေကို ဖတ်ရှုခြင်း၊ ဘလော့ဂ်ပေါ်မှာ စာရေးသားခြင်း မပြုနိုင်အောင် စစ်အစိုးရက ဇန်နဝါရီ ၆ ရက် ဒီကနေ့ ထပ်မံပိတ်ဆို့ လိုက်တာကြောင့် အင်တာနက် သုံးစွဲသူတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ ရန်ကုန်အခြေစိုက် အင်တာနက် သုံးစွဲသူတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

စစ်အစိုးရက မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှုကို ကွပ်ကဲထိန်းချုပ်ရာ ရတနာပုံ တယ်လီပို့ အဆောက်အအုံကို ရတနာပုံ မြို့သစ်တွင် တွေ့ရပုံ ဖြစ်ပါသည်။
(Photo: RFA / Tyler Chapman)


မြန်မာနိုင်ငံတွင်းမှာ ဘလော့ရေးသားဖတ်နိုင်တဲ့ ဘလော့ဂါ ဒေါ့ကွန်း blogger.com အင်တာနက် စာမျက်နှာကို အရင်က တောက်လျှောက် ပိတ်ဆို့ထားခဲ့ပေမဲ့ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ ထူးထူးခြားခြား ပြန်ဖွင့်ထားခဲ့ပြီး ဒီကနေ့မှ ပြန်လည် ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။ ဒါ့ပြင် အရင်က တခါမှ မပိတ်ပင်ဖူးတဲ့ ဝါ့ဒ်ပရက်စ် ဒေါ့ ကွန်း word press.com ဘလော့ဂ် စာမျက်နှာလည်း ဒီကနေ့က စလို့ ဖွင့်ကြည့်လို့ မရတော့ဘူးလို့ သိရပါတယ်။

အခုလို စစ်အစိုးရက အင်တာနက် ဘလော့ဂ် စာမျက်နှာတွေ ပိတ်ပင်လိုက်ပေမဲ့ ဘလော့ဂ် ဖတ်ရှုသူ၊ ရေးသားသူ တွေကတော့ နည်းလမ်းအမျိုးမျိုး ရှာကြံပြီး၊ ဖွင့်လှစ် အသုံးပြုကြမှာ ဖြစ်တယ်လို့ ဘလော့ဂ် ရေးသားသူ ဒေါက်တာ လွဏ်းဆွေက ပြောပါတယ်။

ဒေါက်တာ လွဏ်းဆွေ။ ။ 'နဂိုကတည်းကလည်း ကျွန်တော်တို့ blog spot တွေကို သူတို့က ပိတ်ထားတာပဲလေ။ အခု ဇန်နဝါရီလ ၁ ရက်မှ ခဏ ပြန်ဖွင့်ပေးတယ်ဆိုတာကလည်း ဘာအကြောင်းကြောင့်လည်း ဆိုတာတော့ စဉ်းစားရခက်တယ်ပေါ့နော်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ စာဖတ်သူတွေ တော်တော်များများတော့ ဒီ နည်းပညာအရပေါ့နော်၊ ဒီ သူတို့ ပိတ်ထား တားဆီးထားတာတွေကို ကျော်ပြီးတော့ပဲ အများစုက ကြည့်နေကြတာလေ။ ဆိုတဲ့အခါကျတော့ အခုလို ပိတ်လည်း ကျွန်တော် ထင်ပါတယ်၊ ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့၊ နည်းပညာ ကျွမ်းကျင်တဲ့လူတွေကတော့ ကျော်ပြီးတော့ ဖတ်နိုင်မှာပါ။ ဒါပေမဲ့၊ တချို့ရှိတယ်ပေါ့နော်၊ အများစုကတော့၊ သိပ်နားမလည်တဲ့ လူတွေအတွက်တော့ အခက်အခဲက အများကြီး ရှိမှာပေါ့လေ။'

အခုလဆန်းပိုင်းကစလို့ ဘလော့ဂ် စာမျက်နှာတချို့ ပြန်ပွင့်နေခဲ့တာဟာ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် စစ်အစိုးရက ဘလော့ဂ် ရေးသားသူတွေအကြား နိုင်ငံရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး နိုင်အောင် ဖွင့်ပေးတာ ဖြစ်နိုင်တယ်လို့ ယူဆသူတချို့ ရှိပေမဲ့၊ ဘလော့ဂ် အသုံးပြုသူ အများစုကတော့ အင်တာနက် စာမျက်နှာတွေ ပိတ်ဆို့တဲ့ DNS နည်းပညာရဲ့ လစ်ဟာချက်ကြောင့်လို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်ပိတ်ဆို့မှုတွေကို MPT မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာချုပ် တဦးဖြစ်သူ ဒေါ်ခင်ဆွေဌေးက တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ MPT နဲ့ နီးစပ်တဲ့ သတင်း ရပ်ကွက်က ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် ပိတ်ဆို့မှု၊ ဆင်ဆာဖြတ်တောက်မှု အဆိုးဝါးဆုံး နိုင်ငံတခု အဖြစ် နိုင်ငံတကာ အင်တာနက် လွတ်လပ်ခွင့် လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ အစီရင်ခံစာတွေထဲမှာ နှစ်စဉ် ဖော်ပြ ခံနေရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 5, 2010

အရေးတော်ပုံ ရင်ခုန်သူများ အမှတ် ၁၂

အောင်ဝေး ၊ ဇန်နဝါရီ ၄၊ ၂ဝဝ၉


စိုင်းထီးဆိုင် (သရုပ်ဖော် ပန်းချီ - အောင်လတ်)

ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တိုင်းပြည် ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးဟာ တိုင်းရင်းသားနိုင်ငံရေး ဖြစ်တယ်လို့ ပြောရပါမယ်။ တိုင်းရင်းသားအရေးဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအရေးပဲ မဟုတ်လား။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ပထမလွတ်လပ်ရေးတိုက်ပွဲဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ တိုင်းတစ်ပါး နယ်ချဲ့နဲ့ ဖက်ဆစ်အောက်က လွှတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့ သမိုင်း ဖြစ်တယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကတော့ စစ်ကျွန်စနစ်၊ စစ်အာဏာရှင် အောက်ကနေ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံ လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ တိုက်ပွဲရဲ့ သမိုင်းပဲ မဟုတ်လား။

ဗြိတိသျှ သမိုင်းပညာရှင်ကြီး ပါမောက္ခ လုစ်ရဲ့ အဆိုအရ မြန်မာနိုင်ငံသမိုင်း တစ်လျှောက်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်း ညီညွတ်မှု အရှိဆုံး၊ အင်အားအကောင်းဆုံး အချိန်တွေဟာ ကျန်စစ်သားမင်းကြီး လက်ထက် ပုဂံခေတ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် ဖဆပလခေတ် တို့ပါပဲ တဲ့။

ဗိုလ်ချုပ်အောင်ဆန်းခေတ် ပင်လုံညီလာခံ၊ ပင်လုံစာချုပ်နဲ့ ပထမ လွတ်လပ်ရေးတိုက်ပွဲမှာ မြန်မာပြည်သူတွေ အောင်ပွဲခံခဲ့တာပါပဲ။ အခု ဒေါ်အောင်ဆန်းစုကြည်ခေတ်၊ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲမှာကော။

ဒီ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲမှာလည်း ကျွန်တော်တို့ဟာ နောက်ထပ် ပင်လုံညီလာခံအသစ်၊ နောက်ထပ်ပင်လုံ စာချုပ် အသစ်နဲ့ အောင်ပွဲခံဖို့ ကြိုးပမ်းနေကြတာပဲ မဟုတ်လား။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအချက်ကို ကောင်းကောင်း သိမြင် အလေးထားသူ ဖြစ်တယ်။

၁၉၈၉ န၀တ ခေတ်ဦးတုန်းက NLD ရဲ့ ပထမ ဦးဆုံး ပြည်ထောင်စုနေ့ အခမ်းအနားကို ဘယ်လိုနေရာမှာ၊ ဘယ်လိုပုံသဏ္ဌာန်၊ ဘယ်လိုအနှစ်သာရနဲ့ ဘယ်ပုံကျင်းပမယ် ဆိုတာနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီ စနစ်အောက်မှာ ပြည်ထောင်စုကြီးကို ပြန်လည်တည်ဆောက်ကြရမှာဖြစ်ပါတယ်။ အဲဒီအတွက် ဒီမိုကရေစီ ရရေးဟာ ပထမပါ။ ဒီတော့ ဒီမိုကရေစီ ရရှိရေးအတွက် တိုင်းရင်းသား လူမျိုးစုအားလုံးဟာ လက်တွဲပြီး ဆောင်ရွက်ကြရမယ်။ ပြီးလို့ ဒီမိုကရေစီ ရတဲ့ အခါကျလို့ရှိရင် ပင်လုံ ကဲ့သို့သော ညီလာခံကြီး တစ်ခုခေါ်ပြီး တိုင်းရင်းသား လူမျိုးစု အားလုံးရဲ့ သဘောတူညီချက် အရ ပြည်ထောင်စုရဲ့ ပုံသဏ္ဌာန် အသစ်တစ်ခုကို ဖော်ဖို့ ကြိုးစားရမယ်။ အဲဒီ ပုံသဏ္ဌာန်ပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ဥပဒေ အသစ် တစ်ခုကို ရေးဆွဲ သွားဖို့ လိုတယ်” လို့ သဘောထားပေးခဲ့ပါတယ်။

NLD က ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက် ၄၂နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ပင်လုံကျောက်တိုင် ရင်ပြင်မှာ စည်ကားသိုက်မြိုက် ခမ်းနားစွာ ကျင်းပခဲ့တာပါ။ ဒီအခမ်းအနားကို NLD က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တက်ရောက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်-၉ (သို့မဟုတ်) ဒီမိုကရေစီ ပြည်ထောင်စုသစ် ကြေညာစာတမ်းကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖတ်ကြားခဲ့ပါတယ်။

ပင်လုံမြေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၀ိညာဉ်ဟာ ရှင်သန် လမ်းပြ နေဆဲပါ။ ဒီလမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုကြီဟာ ဒုတိယ ပင်လုံ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မဆုတ်မနစ် ကြိုးပမ်းခဲ့ကြတယ်။ အဲဒီလို ကြိုးပမ်းခဲ့ကြတဲ့ သူတွေအထဲက တိုင်းရင်းသား စစ်စစ်ကြီး၊ အနုပညာသမား စစ်စစ်ကြီး တစ်ယောက်ကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။ ကျွန်တော် သူ့ကို ပြန်သတိရ တမ်းတနေမိပါတယ်။

၁၉၈၈ ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက သူ့ကို ကျွန်တော်တို့ ၇၄-၇၅-၇၆ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေက စင်ပေါ်တက်ဖို့ တောင်းဆိုခဲ့ဖူးတာကို ကျွန်တော် ပြန်မြင်ယောင်လာပါတယ်။

ရန်ကုန်ဆေးရုံကြီးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ပြီးတဲ့နောက် ဆေးရုံကြီး ပြင်ပလူနာဌာဘေးက ရင်ပြင်မှာ ကိုမင်းကိုနိုင်တို့ မျိုးဆက်သစ်တွေနဲ့ ကျွန်တော်တို့ မျိုးဆက်ဟောင်းတွေ ပူးပေါင်းပြီး ဒီမိုကရေစီ ဟောပြောပွဲ စင်တစ်ခုကို အရေးပေါ် ထိုးလိုက်ကြပါတယ်။

စင်ထိုးပြီးတော့ ဟောမယ့်ပြောမယ့်သူတွေကို လိုက်မေတ္တာရပ်ခံရပါတယ်။ အဲဒီ အချိန်က မဆလ စစ်တပ်က လက်သံပြောင်ပြောင်နဲ့ မည်းမည်းမြင် အရင်ပစ်နေတဲ့အချိန် ဆိုတော့ စင်ပေါ် တက်ဟောပြောဖို့ဆိုတာ သိပ်စွန့်စားရတဲ့ အလုပ် ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဟောမယ့်လူ တော်တော်နဲ့ ရှာမရပါဘူး။

အဲဒီအချိန်မှာ မထင်မှတ်ဘဲ သူစင်ပေါ်တက်မယ်၊ သူဟောမယ် ဆိုတဲ့ တိုင်းရင်းသား စစ်စစ်ကြီး အနုပညာသမား စစ်စစ်ကြီး တစ်ယောက်ကို ကျွန်တော်တို့ ရလိုက်တာပါပဲ။ အဲဒီနေ့က သူဟာ ခါတိုင်း သူ သီချင်းဆိုတဲ့ စတိတ်ရှိုးတွေမှာ ပရိသတ်က အားပေးတဲ့ အားပေးမှုနဲ့ မတူတဲ့ လက်ခုပ်သြဘာတွေ အများကြီး ရခဲ့တာပါ။

ပြီးတော့ သူဟာ အဲဒီနေ့က တိုင်းပြည်က ချစ်တဲ့ တပ်မတော်ကလည်း ချစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနဲ့ အတူ တစ်စင်တည်းမှာ ဟောပြောခဲ့ရတဲ့သူ ဖြစ်ပါတယ်။ သူ့ကို ပြည်သူလူထု ပရိသတ်ကြီးက အဆိုတော် စိုင်းထီးဆိုင် ဆိုတာထက်၊ ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ ရှမ်းတိုင်းရင်းသားကြီး စိုင်းထီးဆိုင်အဖြစ် ပိုပြီး နှစ်လိုအားပေး အသိအမှတ် ပြုခဲ့ကြမှာပါ။

အဲဒီ ရှမ်းတိုင်းရင်းသားကြီး၊ အဆိုတော်ကြီးဟာ ခေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲပြီး ရှမ်းပြည်နယ် တစ်လွှား၊ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံကြားမှာ တက်တက်ကြွကြွ ပြေးလွှားလှုပ်ရှားခဲ့တယ် ဆိုတာ ကိုတော့ ဒီဘက်ခေတ် ပျိုရွယ်တဲ့ ကျောင်းသားလူငယ်တွေ သိချင်မှ သိကြပါလိမ့်မယ်။

ဒုတိယ ပင်လုံဟာ ကျွန်တော်တို့က ဗိုလ်ထီးလို့ ချစ်စနိုးခေါ်တဲ့ စိုင်းထီးဆိုင်ရဲ့ အိပ်မက်ပါ။ သူဒီအိပ်မက်နဲ့ပဲ သေဆုံးတဲ့အချိန်ထိ ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူမသေခင် ထူးအိမ်သင်က အရင် ကွယ်လွန်သွားခဲ့ပါတယ်။ ထူးအိမ်သင် ဈာပနမှာ ဗိုလ်ထီးပြောခဲ့တဲ့ စကားတွေကို ကျွန်တော် ခုထိ ကြားယောင်နေဆဲပါ။

“ကိုငှက်ကို ကျွန်တော် အလေးပြုပါတယ်။ ကိုငှက် ကျွန်တော့်ထက် ငယ်ပေမဲ့ သူ့ကို ကျွန်တော် လေးစားတယ်။ အားကျတယ်။ သူ့လို ကျွန်တော် ကောင်းကောင်း မခုခံနိုင်ခဲ့ဘူး။ သူ့လို ကျွန်တော် မချစ်မနှစ်သက်တဲ့ သူတွေနဲ့ ကင်းကင်းရှင်းရှင်း မနေနိုင်ခဲ့ဘူး။ ကိုငှက်က ရှင်းတယ်၊ ပြတ်တယ်၊ သူ့အနုပညာကို ဘယ်လိုပဲ ပိတ်ပင် ပိတ်ပင်၊ ဘယ်လိုပဲ တားဆီးတားဆီး၊ ကိုငှက်ဟာ ပေါ်လစီ သီချင်းတစ်ပုဒ် တလေတောင်မှ ရေးလည်း မရေးခဲ့သလို ဆိုလည်း မဆိုခဲ့ဘူး။ ဒီအတွက် ကျွန်တော်သူ့ကို လေးစားတယ်၊ ဆရာတင်တယ်။ ကိုငှက်က သူလုပ်ချင်တာတွေ လုပ်ခွင့်မရခဲ့ပေမဲ့ သူမလုပ်ချင်တဲ့ဟာတွေကို မလုပ်ဘဲနေရဲတဲ့ သတ္တိအပြည့်ရှိ သူပါ။ ဒါကြောင့် ကျွန်တော် သူ့ဈာပနမှာ နောက်ဆုံး အနေနဲ့ ကိုငှက်ကို အလေးနီပြုပါတယ်” တဲ့။

စိုင်းထီးဆိုင် ရင်ဖွင့်ပြောကြားခဲ့တဲ့ စကားတွေပါ။ ကျွန်တော်တို့ တိုင်းပြည်မှာက ဖက်ဆစ်ဝါဒ ဓားမိုးထားတဲ့ အောက်ကနေပဲ အနုပညာရှင် အသီးသီးက ရပ်တည် ရှင်သန်နေရ၊ ရုန်းကန် လှုပ်ရှားနေရတာ ဆိုတော့ တစ်ခါတစ်ရံမှာ စစ်အာဏာရှင်တွေဘက်က အတင်းအဓမ္မ ဖိအားပေး အကျပ်ကိုင် ခြိမ်းခြောက် အနိုင်ကျင့်တာမျိုးတွေကို အမြင်မစောင်းကြဖို့ အပြစ်တင် မစောဖို့ အထူးပဲ လိုပါတယ်လို့ ပြည်ပရောက် အဆိုတော်ကြီး ဒေါ်မာမာအေး အမြဲ သတိပေးနေတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် စိုင်းထီးဆိုင်ဟာ စိုင်းထီးဆိုင်ပါပဲ။ ကျွန်တော်တို့ နှလုံးသားထဲက စိုင်းထီးဆိုင်က စိုင်းထီးဆိုင်ပါပဲ။ ။

[ မူရင်း - လွတ်လပ်တဲ့ အာရှအသံ / Radio Free Asia - www.rfa.org/burmese ]


source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Monday, January 4, 2010

ရွေးကောက်ပွဲအတွက် စီစဉ်နေပြီဟု ဗိုလ်ချုပ်မှူး ကြီးပြော


၂၀၁၀ ရွေးကောက်ပွဲကို ယခုနှစ်တွင် ကျင်းပရန် စီစဉ်လျက် ရှိကြောင်း ယနေ့ ထုတ်ပြန်သည့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။ သို့သော်လည်း ကျင်းပမည့် အချိန်၊ အစီအစဉ် တို့ကို ထည့်သွင်း ဖော်ပြခြင်း မရှိပေ။

“ယခုနှစ်တွင် ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပရေး အတွက် စီမံ ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက မှန်ကန်စွာ ဆုံးဖြတ် ဆောင်ရွက်ကြရမည်” ဟု ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ရေးသားထားသည်။

စစ်အစိုးရသည် လွန်ခဲ့သည့် အနှစ် ၂ဝကလည်း အထွေထွေရွေးကောက်ပွဲ တခုကို ကမကထပြု ကျင်းပပေးခဲ့သည်။ သို့သော်လည်း ရွေးကောက်ခံရသူများကို အာဏာလွဲအပ်ကာ လွှတ်တော် ခေါ်ယူပေးခြင်း မရှိပေ။ ရွေးချယ်ခံရသည့် ကိုယ်စားလှယ် အများအပြား အကျဉ်းချခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ပါတီမှ နှုတ်ထွက်ရန် ဖိအားပေးခြင်း တို့နှင့် ရင်ဆိုင်ခဲ့ရသည်။

NLD သည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ၀င်ရောက် ယှဉ်ပြိုင်ခြင်းမပြုပါက ပါတီ ဖျက်သိမ်းခံရဖွယ် ရှိသည်ဟု အများက ခန့်မှန်းကြသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေတွင် ပါတီ တခုသည် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုပါက ဖျက်သိမ်းခံရမည်ဟု ပြဌာန်းထားသည်။

ယခုနှစ်တွင် ပြုလုပ်မည်ဟု ဆိုသည့် ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင် ဖွဲ့စည်းခွင့်၊ စည်းရုံး ဟောပြောခွင့် တို့နှင့် ပတ်သက်ပြီး ယနေ့ ထွက်ပေါ်လာသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြထားခြင်း မရှိပေ။

ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပလေ့ရှိသည်။

ယနေ့တွင်လည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တချို့ကို ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ပြုလုပ်ကြသည်။

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပသည့် အခမ်းအနားတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အာဏာပိုင်တို့ကို တောင်းဆိုကြောင်း ဖော်ပြထားသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က ဧရာဝတီသို့ ပြောသည်။

NLD ရုံးများ ပြန်လည် ဖွင့်ခွင့် ရရေး၊ ဖျက်သိမ်းခံထားရသည့် တိုင်းရင်းသား နိုင်ငံရေး ပါတီများ ပြန်လည် မှတ်ပုံတင် ခွင့်ရရေး တို့ကို တောင်းဆိုကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်ဟု သူက ပြောပြသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများကလည်း ရန်ကုန်တွင် လွတ်လပ်ရေးအခမ်းအနားတခု ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အထွေထွေအကျပ်အတည်း များကို ဖြေရှင်းနိုင်ရန် တမျိုးသားလုံးက ၀ိုင်းဝန်း ပူးပေါင်း အဖြေရှာမှသာ ပြေလည် နိုင်မည်ဖြစ်ကြောင်း သခင်သိန်းဖေက အခမ်းအနားတွင် ပြောကြားလိုက်သည်။

“တခုတည်းသော နည်းလမ်းဖြစ်တဲ့ အမျိုးသား သွေးစည်းညီညွတ်ရေး၊အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကို မဖြစ်မနေ တည်ဆောက်ဖို့ပဲ ဖြစ်တယ်”ဟု လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူ သခင်သိန်းဖေက ဆိုသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကျင်းပပြုလုပ် (မှတ်တမ်းဓာတ်ပုံ)









ဒီနေ့ မနက် ၉နာရီမှာ အခမ်းအနားကို စတင်ပါတယ်။ ဖျော်ဖြေရေးနဲ့ ကျန်တာကတော့ ပုံမှန်အခမ်းအနား ကျင်းပပါတယ်။

"လွတ်လပ်မှု့ရှိမှ ဒီမိုကရေစီရရှိမည်" ဆိုတဲ့ ခေါင်းစဉ် နဲ့ စကားရည်လုပွဲ ကျင်းပပါတယ် ။
ဗိုလ်လုပွဲရောက် ရန်ကုန်တိုင်း(က)အသင်းမှ အဆိုတင်သွင်း၍ ပဲခူးတိုင်းမှအချေ တင်သွင်းပါတယ်။ ထို့နောက် ပြဇာတ်တို့ ကပါတယ်။ ပြဇာတ် ခေါင်းစဉ်အား ကြွရောက်လာတဲ့ ပြည်သူများ၊ အဖွဲ့ဝင်များ၊ ပရိတ်သတ်များမှ သတ်မှတ်ရမှာ ဖြစ်ပြီး ပြဇာတ်နဲ့ကိုက်ညီတဲ့ ခေါင်းစဉ်ကို ရွေးချယ်ပြီး ဆုပေးမှာ ဖြစ်ပါတယ်။ ထိုဆုကို ၆ရက်နေ့ ရုံးတွင် ကြေငြာပါမယ်။

ထို့နောက် ဆုပေးပွဲ ကျင်းပပါတယ်။ စကားရည်လုပွဲတွင်
ပဲခူးတိုင်းမှ ပထမ
ရန်ကုန်တိုင်းမှ ဒုတိယ အသီးသီး ရရှိပြီး နှစ်သိမ့်ဆု များလည်း ချီးမြှင့်ပါသည်။

နောက်ဆုံး အစီစဉ်ကတော့ ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခြင်း၊ အိုးစည်နှင့်အက သမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း များပြုလုပ်၍ အခမ်းအနားကို ၃ နာရီခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်ဟု သတင်းရရှိပါသည် ။


မှတ်ချက် ။ ။ သတင်းနှင့်မှတ်တမ်း ဓါတ်ပုံများ ပေးပို့ပေးသော မမြတ်လေးငုံ အား အထူးကျေးဇူး တင်ရှိပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 3, 2010

Who really killed General Aung San?


Who really killed General Aung San? Vol 1



Who really killed General Aung San?
Vol 2
ကို ကြည့်မယ်ဆိုရင်>>> ဒီမှာ ကလစ် ပါ ခင်ဗျား။

Who really killed General Aung San?
Vol 3
ကို ကြည့်မယ်ဆိုရင်>>> ဒီမှာ ကလစ် ပါ ခင်ဗျား။

Who really killed General Aung San?
Vol 4
ကို ကြည့်မယ်ဆိုရင်>>> ဒီမှာ ကလစ် ပါ ခင်ဗျား။

Who really killed General Aung San?
Vol 5
ကို ကြည့်မယ်ဆိုရင်>>> ဒီမှာ ကလစ် ပါ ခင်ဗျား။



source by : http://www.youtube.com

အပြည့်အစုံ ဖတ်ရန် ...