Saturday, March 21, 2009

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ အဖွဲ့အစည်းအသီးသီးရဲ့  အမြင်များ

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ အဖွဲ့အစည်းအသီးသီးရဲ့  အမြင်များ

စစ်အစိုးရက ကျင်းပဖို့ လုပ်ဆောင်နေတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးကို ပြောင်းလဲစေနိုင်မလား၊ ဒါမှမဟုတ် စစ်အစိုးရအတွက် ထွက်ပေါက်လား၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအတွက် ထောင်ချောက်ပဲလား ဆိုတာတွေနဲ့ပတ်သက်ပြီး တောင်တန်းဒေသ ပြည်သူတွေရဲ့  ခံစားမှု၊ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ ရဲ့  အမြင်တွေကို သုံးသပ်ဆွေးနွေးထားပါတယ်။

ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးကြသူတွေကတော့ ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ထက် နဲ့ မြန်မာ့စစ်ရေးနိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် ဦးအောင်ကျော်ဇော တို့ဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။

စကားဝိုင်း ကို နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကိုဇာဂနာ ၏ မိခင် စာရေးဆရာမကြီး (ဒေါ်) ကြည်ဦး ကွယ်လွန်

စာရေးဆရာမကြီး (ဒေါ်) ကြည်ဦး (၁၉၂၅ - ၂၀၀၉) ကွယ်လွန်

မိုးမခ
မတ် ၂၀၊၂၀၀၉

ယနေ့ ရန်ကုန်အချိန် ည ၈ နာရီ ခွဲ ခန့် ရန်ကင်းနေအိမ်တွင် ကွယ်လွန်သည်ဟု သိရသည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ စာရေးဆရာ နန်းညွန့်ဆွေ နှင့် ယခု နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် ချခံထားရသူ အနုပညာရှင် ဇာဂနာ အပါအ၀င် သားသမီး မြေးများ ကျန်ရစ်သည်။ စနေနေ့ နေ့ ၁၂ နာရီတွင် ရန်ကင်းနေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင်သင်းဂြိုလ်မည်ဟု သိရသည်။

မကွယ်လွန်မီက ၂၀၀၇ သံဃာအရေးတော်ပုံ နှင့် ၂၀၀၈ နာဂစ်မုန်တိုင်းကယ် ဆယ်ရေးတို့တွင် အသက်အရွယ် ကြီးရင့်ပြီး နာမကျန်းသည့်ကြားက လူငယ်များနှင့်အတူ ၀ိုင်းဝန်းအားပေး ဆောင်ရွက်ခဲ့သည်။ နှုတ်ပိတ်ခံပြည်သူများ၊ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ၊ စာနယ်ဇင်းသမားများကိုယ်စား စစ်အစိုးရကို ရဲဝံ့စွာ ဝေဖန်ပြောဆိုခဲ့သည်။ ၃ လ နီးပါး အစားမစားနိုင်ဘဲ မြန်မာပြည်အရေးကိစ္စများကို တသီးပုဂ္ဂလဆောင်ရွက်ခဲ့ပြီး လူကြီးရောဂါနှင့် အိပ်ယာထဲလဲမှ ရပ်နားသည်။ ထိုနောက် ရက်အနည်းငယ်အတွင်း ကွယ်လွန်ခဲ့သည်။

ဆရာမကြီး (ဒေါ်) ကြည်ဦး ကွယ်လွန်သည့်အတွက် မိုးမခ စာနယ်ဇင်းအဖွဲ့က ၀မ်းနည်းကြောင်း မှတ်တမ်းပြုလိုက်ပါသည်။

Photo Captions - ၁၉၉၀ ရွေးကောက်ပွဲကာလက ဒေါ်ကြည်ဦး
၁၉၈၀ ခုနှစ်များက ဆရာမ ကြည်ဦး၊ ဆရာ နန်းညွန့်ဆွေ၊ သား ဇာဂနာ နှင့် အခြားလူရွှင်တော် ၂ ဦးနှင့်အတူ တွေ့ရစဉ် {မိုးနတ်သူဇာအဖွဲ့က ပိန်ပိန်နှင့် စုတ်ချွန်း (ဟုထင်) }

အမည်အရင်း ဒေါ်လှကြည်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဖ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့မှ ၁၂၈၇ ခုနှစ်၊ ဝါဆို လဆန်း ၅ရက်၊ (၂၃ - ၆ - ၁၉၂၅) တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။ အစ်ကိုနှစ်ယောက်၊ အစ်မနှစ်ယောက်နှင့် ညီမတယောက် ရှိသည်။

တောင်စွန်း ဆရာကြီး ဦးထွန်းလှ၏ မူလတန်းကျောင်းတွင် ငယ်စဉ်က ပညာ သင်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းလာသည်။ ပြည်ဆရာကြီး ဦးလေ၊ ဆရာကြီး မွန်းဓာတု ပညာရိပ်သာတို့မှာ ပညာ ဆက်လက် သင်ယူ၍ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည်။

ဗလစ လူငယ် အစည်းအရုံးမှ ဖွင့်လှစ် သင်ကြားပေးသည့် သိုင်းသင်တန်းသို့ တက်ရောက်ရင်း သိုင်းပညာ ပြန့်ပွားရေး အတွက် ဝတ္ထုဆောင်းပါး၊ ကဗျာပြိုင်ပွဲ ပြုလုပ်ရာတွင် သက်လုံ ဝတ္ထုဖြင့် ရွေးချယ်ခံရသည်။ ဤဝတ္ထုကို ဆရာ ဦးချစ်သန်းက တိုင်းရင်းမေ ဂျာနယ်သို့ ပို့ပေးရာမှ စာပေနယ်သို့ စတင် ရောက်ရှိသည်။

၁၉၅၂ ခုနှစ်၊ မြဝတီ မဂ္ဂဇင်း ထုတ်ဝေသော အခါ မဂ္ဂဇင်းနှင့် ပတ်သက်၍ အကြံပြု ဝေဖန်စာ ပြိုင်ပွဲ ပြုလုပ်ရာ၌ ဝေဖန်စာ ပေးပို့လျှင် ဆုရသဖြင့် အယ်ဒီတာချုပ် ဗိုလ်မှူး ဘသောင်း (မောင်သုတ) က သူရေးသားသည့် 'တစ်ကျွန်းသို့' စာအုပ်နှင့် ငွေ နှစ်ဆယ့်ငါးကျပ်၊ ပတ်ကားငါးဆယ့်တစ် ဖောင်တိန် တချောင်း ချီးမြှင့်သည်။

၁၉၅၃ ခုနှစ်တွင် လူထု ပညာရေး ကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ ဖြစ်လာသည်။ ယဉ်ကျေးမှု၊ နော်ရထာ၊ သမဝါယမ၊ စာပေဗိမာန်၊ အထောက်တော်၊ မြတ်ရတနာ စသည့် မဂ္ဂဇင်းများ၌ ဝတ္ထု ဆောင်းပါးများ ရေးသားခဲ့သည်။ တေးပဒေသာ မဂ္ဂဇင်းတွင် ပင်တိုင်အဖြစ် လစဉ်ဝတ္ထု တပုဒ် ရေးရသည်။ ငွေတာရီ၊ မြဝတီ၊ ရှုမဝ၊ မိုးဝေတို့တွင် ဆောင်းပါးများစွာ ရေးခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းသည့် 'မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း' တွင် စတင် တည်ထောင်သူ အဖြစ် ပါဝင်ခဲ့သည်။ ယုဝတီဂျာနယ်တွင် ဆရာမကြီး ဒဂုန်ခင်ခင်လေး လက်ထက်မှ စ၍ ဆရာမကြီး ကွယ်လွန်ပြီးသည် အထိ အယ်ဒီတာ အဖြစ် ၆ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။

ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များမှာ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ ပင်မျိုးစုံ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ ကိုကိုတို့ အရွယ်၊ မေ့ကွက်ကိုရှာ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များ ဖြစ်သည်။

ရန်ကင်း၊ ၃ - ရက်ကွက်၊ တိုက် ၂၁၆/ အခန်း ၆ တွင် နေထိုင်သည်။

ခင်ပွန်းဖြစ်သူ စာရေးဆရာ နန်းညွန့်ဆွေ၊ သား မောင်ဝဏ္ဏ (ကွယ်လွန်)၊ မောင်တေဇနှင့် မောင်သူရ (ဇာဂနာ) တို့ ရှိသည်။


မှတ်ချက် ။ ။ http://zarganar-windoor.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, March 18, 2009

၂၀၁၀ ရွေးကောက်ပွဲက ဖန်တီးနိုင်တဲ့ အပြောင်းအလဲတခု


မတ်လ(၁၇) ရက်၊ ၂၀၀၉


၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ နီးလာလေလေ တချို့ လူတွေ မရိုးမရွဖြစ်လေ ဖြစ်နေတာကို ဒီနေ့တွေ့နေရပါတယ်။ ပြည်သူလူထုက နည်းနည်းမှ စိတ်မဝင်စားတဲ့ ဒီရွေးကောက်ပွဲကို အင်အားစုပေါင်းစုံက အမျိုးမျိုး တုံ့ပြန် နေကြပုံတွေဟာ စိတ်ဝင်စားစရာတော့ အကောင်းသားလို့ ပြောရမလို ဖြစ်နေပါတယ်။

၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီးမှ စစ်အစိုးရက အသိအမှတ်ပြုတာ ငြင်းပယ်ခြင်းခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကိစ္စကို စကားထဲတောင် ထည့်အပြောမခံပါဘူး။ ပြည်ပရောက် အင်အားစုတွေထဲမှာ တချို့ က ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ကြေညာနေကြသလို တချို့ ကတော့လည်း “နှစ်ခါခေါ်မှ” ဆိုတာမျိုး ညိုမြလုပ်နေကြပါတယ်။ ပြည်တွင်းမှာလည်း နအဖက အသံလေးပေး လိုက်တာနဲ့ ချို(ဂျို) ကြွနေကြ သူတွေဟာ ရွေးကောက်ပွဲဝင်ရေးစီမံကိန်းတွေကို ပြောင်ကြေညာလုပ်ကိုင်နေကြပါပြီ။ တချို့  ကတော့လည်း ရွေးကောက်ပွဲဥပဒေ ထွက်မလာသေးလို့ဆိုပြီး လည်ပင်းကိုးတောင်ကျော် မျှော်တော်ယောင် လုပ်နေကြပါတယ်။ ဒါ့အပြင် ပြည်တွင်းရောပြည်ပမှာပါ နအဖကတောင် မောင်မောင်မခေါ်သေးဘူး ‘ဗျာ’ ထူးပြီးနေပြီ ဆိုတဲ့လူမျိုးတွေလည်း မနည်းဘူး တွေ့နေရပါတယ်။

ပြောရရင် ဒီမျှော်တော်ယောင်လုပ်နေသူတွေအဖို့တော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘာမှပြဿနာမရှိပါဘူး။ သူတို့အဖို့ သူတို့လိုချင်တဲ့ အမတ်နေရာလေး တခုနှစ်ခုကိစ္စပဲ အရေးကြီးပါတယ်။ တပြည်လုံး ဘာဖြစ်သွားမလဲ ဆိုတာ အရေးမကြီးပါဘူး။ တချို့  ကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်မပါတဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တွေဟာ နအဖဘက်ရဲ့ အမတ်လောင်းနဲ့ ယှဉ်ပြိုင် အရွေးခံသူ ဘယ်သူ့ကိုမဆို မဲပေးမှာပဲ။ ဒါကြောင့် နိုင်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် တွက်ကြဟန်တူပါတယ်။ ဒါကြောင့် သူတို့တတွေက တက်ကြွနေကြတာပါ။ ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံကျကျ ဆန့်ကျင်သူတွေကျတော့ နအဖရဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ့်ပြဿနာကြီး ဖြစ်နေပါတယ်။

စစ်ဗိုလ်ချုပ်တွေက သေနတ်ပြပြီး မဲထည့်ခိုင်းထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိဒါန်းကနေ နောက်ဆုံး အခန်း (၁၅) အထိ ပြဿနာတွေ ဒင်းကြမ်းပဲဖြစ်ပါတယ်။ နိဒါန်းတခုလုံးရဲ့  အနှစ်သာရဟာ သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးက ချမှတ်တဲ့ အခြေခံမူတွေ၊ အသေးစိတ်မူတွေကို အတင်းလက်ခံခိုင်းပြီး “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ” ရလဒ်ကို အတည်ပြုပေးပါတယ်လို့ အတင်းလက်ခံ သဘောတူခိုင်းတာပဲဖြစ်ပါတယ်။ တနည်းပြောရရင် သူတို့ကြိုက်တဲ့ လူတွေနဲ့ ကြိုက်သလိုလုပ်ခဲ့ကြတဲ့ “အမျိုးသားညီလာခံ” ဆိုတာကြီးကိုပါ အသိအမှတ်ပြုခိုင်းတာ ဖြစ်ပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၄) မှာကျတော့ နဝတ-နအဖ အာဏာရစစ်ဗိုလ်ချုပ်တွေက မာရှယ်လော ခေတ်မှာ တတိုင်းပြည်လုံး ဗြောင်းဆန်အောင် သူတို့လုပ်ချင်တိုင်း လုပ်ခဲ့သမျှကို သင်ပုန်းချေ၊ လွတ်ငြိမ်းခွင့် ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ထုတ်ပြန်ခဲ့တဲ့ ဥပဒေအမိန့်တွေကိုလည်း ဆက်လက်အတည်ပြု လက်ခံသွားရမယ်လို့ တောင်းဆိုထားပါတယ်။ ဒါက ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ထိပ်နဲ့ဘိတ်ကိုသာ အလွယ်မြင်သာအောင် ထောက်ပြထားတာဖြစ်ပါတယ်။ တကယ်ကျတော့ ဒီဥပဒေတခုလုံး၊ တအုပ်လုံး၊ အခန်းတိုင်းကို သေချာကြည့်လိုက်ရင် ဗမာပြည်မှာ စစ်အာဏာရှင်စနစ် တည်မြဲနေရေးအတွက် ရေးထားတာ ချည့်ဖြစ်ပါတယ်။

ဒါကြောင့် ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ဘယ်လိုသဘောထားတယ်၊ ကြည့်မြင်တယ်ဆိုတာဟာ ဒီနေ့ နိုင်ငံရေးမှာ အင်မတန် အဓိကကျတဲ့ စံတခုဖြစ်နေပါတယ်။ ဒီတကွေ့မှာ ဒီဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ထောက်ခံတယ် (နအဖ အုပ်ချုပ်မှုအောက်မှာ နေရလို့ ပြောင်မဆန့်ကျင်နိုင်သူတွေကို မဆိုလိုပါ)၊ မထောက်ခံဘူးဆိုတာဟာ ရပ်တည်ချက် ပြဿနာဖြစ်နေပါတယ်။ မူဆိုင်ရာပြဿနာလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ရေရှည်ကမ္ဘာတည်အောင် စီမံထားမှန်း ဒါလောက်သိသာနေပါလျက်နဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ထောက်ခံတယ်ဆိုတာဟာ သာမာန်သဘောထား ပြဿနာ မဟုတ်ပါဘူး။ နအဖနဲ့ တွေ့ဆုံစကားပြောရေးကို တောင်းဆိုနေကြ တဲ့အချိန်မှာ မတွေ့ဆုံ၊ စကားမပြောရဘဲ သူတို့ချပြတဲ့ အချက်တွေကိုပဲ တချိုးတည်း လက်ခံလိုက်တာမျိုးဖြစ်နေတော့ ဒါဟာ ဘယ်အဓိပ္ပာယ်သက်ရောက်သလဲ စဉ်းစားစရာဖြစ်ပါတယ်။ တဖက်ကပစ်ပေးတာကို အလုံးလိုက် အခဲလိုက် မျိုချသလိုဖြစ်နေတာကို အားမနာတမ်းပြောရရင် ဒါဟာ ၁၉၈၈ ခုနှစ်အရေးတော်ပုံနဲ့ လက်ရှိပြည်သူ့အရေးတော်ပုံ တို့ကို သစ္စာဖောက်ရာကျပါတယ်။ ထောင်ထဲရောက်ဖူးသူတွေ အနေနဲ့ဆိုရင် “ပေးတာယူ၊ ကျွေးတာစား၊ စကား မများနဲ့”ဆိုတဲ့ အင်မတန်နားခါးစရာ ကောင်းတဲ့ ဆူငေါက်သံတွေကို ပြန်သတိရကြမှာပါ။

နောက်တွေ့နေရတာတခုက ဒီရွေးကောက်ပွဲအကြောင်းကိုပဲပြောပြီး လူတွေကို ဒီကိစ္စထဲမှာပဲနစ်နေ၊ အာရုံမျောနေ အောင်လုပ်တာပါပဲ။ အဓိကလုပ်ရမယ့် နအဖဆန့်ကျင်ရေးကွန်ရက်တည်ဆောက်ရေး၊ တက်ကြွသူဖော်ထုတ်ရေး၊ ကွန်ရက်တွေချိတ်ဆက်ရေး စတဲ့လုပ်ငန်းတွေကို ဘေးချပြီး ဒီရွေးကောက်ပွဲကိစ္စကိုပဲ ရေးကြီးခွန်းကျယ်၊ တကယ့်နိုင်ငံရေးလုပ်ငန်းကြီးလို ဖြစ်အောင် တမင်လုပ်နေသူတွေ ရှိနေပါတယ်။ သူတို့ဟာ နအဖက ခိုင်းလို့များ လုပ်နေတာလားလို့တောင် စဉ်းစားစရာဖြစ်ပါတယ်။ တချို့ ကဆိုရင် ဒါဟာ နောက်ဆုံးရထား မမီလိုက်မရှိစေနဲ့လို့ လက်ယပ်ခေါ်လို့များတောင် နေပါတယ်။

အခုအချိန်အထိ နအဖစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ၊ ပါတီထူထောင်ခွင့်ဥပဒေ စတာတွေနဲ့ ပတ်သက်လို့ ဘာမှမပြောသေးတာဟာ သူတို့စစ်တပ်ထဲက ဘယ်သူတွေကို ဘာတာဝန်ယူခိုင်းရမယ်၊ ဘာပါတီနာမည်ခံခိုင်းရမယ်၊ ဘယ်ဒေသမှာ အမတ်ဝင်ရွေးခိုင်းရမယ်၊ ဘာဝန်ကြီးလုပ်ရမယ် စတဲ့ နေရာချထားမှုတွေ မပြီးပြတ်သေးလို့သာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ တပ်တွင်းရော၊ တပ်ပြင်ပါ အများကြီး ကုလားဖန်ထိုးရအုန်းမှာဖြစ်ပါတယ်။ ဒီတခါ ကျင်းပမယ့် လေးလပတ်အစည်းအဝေးမှာတောင်မှ ပြတ်ပါ့မလား မသိပါဘူး။ ဒါမျိုးဟာ အဝေမတည့်ရင်တသက်လုံး မပြေနိုင်တဲ့ရန်ညှိုးဖြစ်သွားနိုင်တယ်၊ ဂိုဏ်းဂဏကြီးတွေ ဖြစ်သွားနိုင်တယ်ဆိုတာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ အသိဆုံးပဲဖြစ်ပါတယ်။

နအဖစစ်အစိုးရဟာ ဒီရွေးကောက်ပွဲကို လာရောက်စစ်ဆေးနိုင်ပါတယ်လို့ “အင်မတန်သဘောထားကြီးစွာ” ပြောနေတာ၊ ပြည်တွင်းပြည်ပရှိ ဗမာနိုင်ငံသားတွေ၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေအပါကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းနေတာ စတာတွေကို ထောက်ရင် ဒင်းတို့တတွေ ဒီရွေးကောက်ပွဲအပေါ်မှာ မျှော်လင့်ချက် အများကြီး ထားတယ်ဆိုတာကို တွေ့နိုင်ပါမယ်။ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲကို ဖြတ်သန်းလိုက်တာနဲ့ သူတို့ရဲ့စစ်အာဏာရှင် အစိုးရဟာ နတ်ရေကန်ထဲခုန်ချလိုက်သလို နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့တဲ့ အရပ်သားအစိုးရတရပ် ဖြစ်သွားမယ်လို့ ယူဆနေပါတယ်။ ဒါ့အပြင် သူတို့လူတွေသာ နေရာများများအနိုင်ရလိုက်လို့ကတော့ ဗိုလ်သန်းရွှေ တို့တတွေက “သားရွှေအိုး ထမ်းလာတာတွေ့ရတယ်” လို့ ယူဆသွားမှာပါ။

ဒီတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်မယ်တကဲကဲလုပ်နေသူတွေ အနေနဲ့ အစာကိုပဲငမ်းပြီး အရမ်းတိုးဝင်ရင် ထောင်ချောက်ထဲ ရောက်သွားလိမ့်မယ်ဆိုတာ သတိပြုသင့်ပါတယ်။ တဘဝလုံးလုပ်ခဲ့ သမျှ ဒီတလှမ်း၊ ဒီတကွက်နဲ့ ပျက်စီးသွားနိုင်ပါတယ်။ ကိုယ်သေပြီး တဲ့နောက်တောင်မှ အမည်းကွက်ကြီးအဖြစ်ကျန်ရစ်ခဲ့မှာပါ။ ဘယ်လိုမှဖျက်မရနိုင်ပါဘူး။ တချို့ အကြိမ်ကြိမ်လက်နက်ချနေသူ တွေကိုကြည့်ပြီး လက်နက်ချတာများ ခက်တာမှတ်လို့ ဆိုတာမျိုး မလုပ်သင့်ပါဘူး။ အင်မတန်အစဉ်အလာကြီးပါတယ်ဆိုတဲ့ လူတွေ လက်နက်တခါ ချလိုက်တာနဲ့ ဘဝတခုလုံး လုပ်ခဲ့တာတွေအပါ မြောင်းထဲရောက်သွားတာကို မမေ့သင့်ပါဘူး။

အတိုက်အခံတွေထဲမှာ ဒီရွေးကောက်ပွဲအကြောင်းပြပြီး ကတ္တီပါလမ်းခွဲဖြစ်သွားတာ၊ ကျောခိုင်းကြတာ၊ ဒါမှမဟုတ် မိတ်ဆွေအဖြစ်ကနေ ရန်သူဖြစ်သွားတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ တချို့ လက်နက်ကိုင် အင်အားစုတွေထဲမှာ တောင်မှ ဒါမျိုးတွေကို မကြာမကြာတွေ့နေရပါတယ်။ တကယ်တော့ ရဲဘော်ရဲဘက်ချင်း၊ မိတ်ဆွေချင်း၊ ဘယ်သူမှ အဲဒီလိုမဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ဒီသမိုင်းတကွေ့ဟာ ဗမာပြည်နိုင်ငံရေးမှာ ထူးခြားတဲ့အကွေ့ ကြီးတခု မဟုတ်ပါလား။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, March 15, 2009

ပြည်မြို့  က နှင်းဆီနီ(သို့မဟုတ်) ရဲဘော်ဝင်းကျော်

ပြည်မြို့  က နှင်းဆီနီ(သို့မဟုတ်) ရဲဘော်ဝင်းကျော်


-ရဲဘော်ဝင်းကျော် ရေ…..
(ကိုဒွန်း ရေ…..)
နွေရောက်ပြီ
သာမီတိုက် ကိုးရွာအစု
မောင်းထု“အမျှ”ပေးကြစေ
မောင်းထု“သာဓု”ခေါ်ကြစေ….။

-တပေါင်းနွေ
ချောင်းရေမှာ လှဲလှောင်းစိမ်လို့
အဲဒီမှာ ဇိမ်ကျနေပြီလား
ဒါမှမဟုတ်
ခရီးရှည်ချီတက်နေပြီလား………ကိုဒွန်း။

-အိပ်မက်ထဲ“သင်္ကန်းဝတ်ရုံ”နဲ့ တွေ့လိုက်ရလို့
နိဗ္ဗာန်ဘုံမှာလား
တရားအားထုတ်ကျင့်ကြံနေသလား
ဘယ်ဘ၀ ဘယ်နေရာမှာပါလိမ့်….ကိုဒွန်းရေ
(ကျနော်) တကယ်ပဲ သတိတရနဲ့
ရင်ထဲ……တမ်းတလွမ်းဆွတ်နေတုန်းပ။

-ခင်းဗျား အရိုးစု
ခင်းဗျား အလောင်း
ခင်းဗျား ခန္ဓာ
အသေအချာမြုပ်နှံခွင့်မရ
ချောင်းရေပြင်တ၀ိုက်ပြန့်ကျဲ
အညတြဆန်ဆန်ကျဆုံး
ယူကျုံးမရဖြစ်
ကျနော် ချစ်မြတ်နိုးရသော………ရဲဘော်ရေ……
ကိုဒွန်း ရေ။

-ခင်းဗျား တကယ်ပဲ“ ဖြတ်သန်း ”ခဲ့တာ
သက်ဆုံးတိုင် ခေါင်းမြေချတဲ့အထိပေါ့
ထာဝရတွင်ရစ်နေမှာပါ ကိုဒွန်း…………။

-လူထုကြားမှာပဲ
နာယူသင်ကြားနေထိုင်ရင်း
စည်းရုံးရင်း
သီချင်းလေးတငြီးငြီးနဲ့
ခပ်အေးအေးပဲနေတတ်တဲ့
သေနတ်ကိုင်တော်လှန်ရေးတပ်သားကြီးအဖြစ်နဲ့
ပြုံးရွှင်ပျော်ပိုက်လို့
“တိုက်ပွဲ”တွေကလည်း အလီလီပေါ့…။

-နွေနေပူပြီ…. ကိုဒွန်း
ဧရာဝတီ မြစ်ပြင်လည်း
သဲသောင်ကိုဝတ်ဆင်လို့ငိုက်မျဉ်းနေရဲ့
ဟိုတုံးကလိုမဟုတ်တော့ပြီ
(အခုတော့)… ပြည်မှာ နွေပေါ့………………
ညနေဘက် မြစ်ထဲ ရေသွားကူးသေးသလား
မေခလာ မှာထိုင်ဖြစ်သလား
ညဈေးတန်းမှာရှိနေမလား
ဆုံဆည်းရာမှာ ထိုင်နေသလား
တလမ်းမောင်းမှာ လမ်းလျှောက်နေသလား
ကိုကြည်စန်းနဲ့ တွေ့ဖြစ်သလား
ကိုဆန်းလင်းအောင်နဲ့ရော စကားပြောဖြစ်သလား
ဘုရား ဘက်ကိုရော ရောက်သေးလား
ကောလိပ် ဘက်မှာ ငေးမောနေသလား
“ဂြိုလ်တု”မှာပဲ ထုရိုက်နေမြဲလား
သိုင်းဝတ္ထုတွေပြောင်းပြီး
နိုင်ငံရေးစာအုပ်တွေနဲ့လုံးထွေးနေပြီလား
မြင်းစီးနေတဲ့ဗိုလ်ချုပ်ကြေးရုပ်ကို အလေးပြုနေသလား….။

-ချစ်သူအပျိုမရဲ့ လက်ကလေးကိုတောင်
ချစ်သူ အပျိုမရဲ့ ပါးလေးကိုတောင်
ချစ်သူအပျိုမရဲ့ ခန္ဓာကိုယ်လေးကိုတောင်
ချစ်သူအပျိုမရဲ့ ဆံနွယ်စလေးကိုတောင်
မကိုင်တွယ်ခဲ့
မမွှေးကြူခဲ့
မပွေ့ဖက်ခဲ့
မထိတို့ခဲ့ရသော…..ကိုလူပျို…..ရဲဘော်ရေ။

-နုနယ်တက်ကြွစ
ခင်ဗျား အသက်အရွယ်မှာ
အသွေးအသားရဲ့တောင်းဆိုချက်အားလုံး
ဆုံးရှုံးစွန့်လွှတ်ခဲ့ ချူပ်ထိန်းခဲ့
“တိမ်းယစ်”စေတဲ့မြင်မှု ကြားမှု

ထိတွေ့မှုတွေအားလုံးမျက်နှာလွှဲ
တကယ်ပဲ နေထိုင်တတ်လိုက်ပုံက
သိက္ခာတော်ရ“သံဃာတပါးလို”ပ
ကျနော်လေးစားရသော
ပြည်မြို့က နှင်းဆီနီရေ…..
အောက်ကျင်းမြေပြန့်က
အမွှာညီအမလေးနှစ်ယောက်ကတော့ ငိုလို့ပေါ့
ကျွဲကျရွာဘက်
သူတို့ ….တက်မလာတော့ဘူးတဲ့…။

-မတ်လဟာ ရာဇ၀င်တွင်တဲ့ “လ”ပေါ့
“လူ့အခွင့်အရေးနေ့”မှာမှ
“ကိုဖုန်းမော်”ကျဆုံးတဲ့နေ့မှာမှ
သမိုင်းစာမျက်နှာပိုလို့တောက်ပြောင်အောင်
ဂုဏ်ဆောင်လို့“ကျဆုံး”ပြခဲ့သလား
မတ်လ(၁၃)ဟာ
ထာဝရ ထင်ကျန်နေမှာပါ… ကိုဝင်းကျော် ရေ….။

ဗဆန်းဇော်

(မတ်လ ၁၃ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် ၀င်းကျော် အတွက် ဂုဏ်ပြုကဗျာ)

အပြည့်အစုံ ဖတ်ရန် ...