Saturday, September 5, 2009

အရေးတော်ပုံ အောင်ရမည်

အရေးတော်ပုံ အောင်ရမည်

09/05/2009


အရေးတော်ပုံကြီး အောင်မြင်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ တာဝန်တစ်ခုဖြစ်ပေသည်။ စက်တင်ဘာ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကြီးသည် နီးကပ်လာသည်နှင့်အမျှ သံဃာ့လှုပ်ရှားမှုအရှိန်အဟုန်သည် ဒီရေအလား မြင့်သထက်မြင့်လာပေပြီ။ သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယနေ့အချိန်ထိ သပိတ်လှန်ခြင်း မပြုလုပ်ရသေး၊ နအဖ စစ်မိစ္ဆာကောင်များကလည်း မိမိတို့ ကျူးလွန်ထားသည့် ပြစ်မှုများအပေါ် ၀န်ချတောင်းပန်ခြင်း မရှိသေးသလို ဖမ်းဆီးချုပ်နှောင်ထားသည့် ရဟန်းသံဃာတော်များအားလည်း လွတ်ပေးခြင်းမရှိသေးပေ။ ထိုအချက်တို့သည် တတိယအကြိမ် သံဃာ့အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေရန် အဓိက အကြောင်းအချက်များပင်ဖြစ်သည်။

သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယခင်ကလဲသပိတ်မှောက်ခဲ့သလို ယခုလဲ သပိတ်မှောက်ထားဆဲ နှောင်လဲ သပိတ်မှောက်နေအုံးမည်ဖြစ်သည်။ နအဖသည် အရေခြုံဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ ထိုကဲ့သို့သော သူများ တိုင်းပြည်မှာ မတရာ ညှင်းဆဲ အုပ်ချုပ်နေသရွေ့ ဘာသာ သာသနာ ကွယ်ပျောက်ရုံတင်မက လူမျိုးပါ ဆိပ်သုဉ်းရတော့မည့် အန္တရာယ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာဖြစ်ပေသည်။

သံဃာတော်များသည် သာသနာ့အန္တရာယ်ကျရောက်နေသည်ကို ကာကွယ်ပေးရန် တာဝန်အပြည့်ရှိပေသည်၊ သာသနာ့အန္တရာယ်ကျရောက်နေသည့် မြန်မာနိုင်ငံတွင် သံဃာတော်များသည် ဂန္ထဓူရ ၀ိပဿနာဓူရ ဟူသည့် ဓူရနှစ်ဖြာကိုလည်း စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်မည်မဟုတ်ပေ၊ မိမိတို့၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး မတိမ်ကော မပပျောက်ရေးအတွက် မိမိတို့၏အသက်ကို ဘုရားသာသနာတော်ကြီးအား ပေးလှူကာ ကာကွယ်စောက်ရှောက်ကြရပေမည်။

ဘုရားသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် မင်းကောင်း မင်းမြတ်တို့ အုပ်ချုပ်မှသာလျှင် ကောင်းစွာတည်တံ့နိုင်မည်ဖြစ်ပေသည်။
မင်းဆိုးမင်းညစ်တို့သည် မိမိတို့ အာဏာတည်မြဲရေးနှင့် ငါကောင်းစားရေးဝါဒကိုသာ တွင်တွင် ကျင့်သုံးကြသူများဖြစ်သောကြောင့် မိမိလူမျိုးတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘာသာ သာသနာအပေါ်မှာ ယုတ်မာရိုင်းစိုင်း စော်ကား ဖျက်ဆီးဖို့ ၀န်လေးသူများ မဟုတ်ကြပေ။
လူငယ်လူရွယ်များသည် အတုမြင် အမှတ်မှားကာ ယုတ်မာဆိုးသွမ်းရိုင်းစိုင်းသည့် အကျင့်စရိုက်များ(မကောင်းမှု ဒုစရိုက်များ) ထွန်းကားသည်ထက် ထွန်းကားလာတော့မည်မှာ ဧကန်မုချ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပေသည်။

သာသနာတော်ကြီးကို ချစ်မြတ်နိုးကြသည့် ရဟန်းသံဃာတော်များသည် ယနေ့အချိန်ထိ မင်းဆိုး မင်းညစ် စစ်မိစ္ဆာဝါဒီတို့အား ဓမ္မနည်း(တရားသောနည်းလမ်း) ဖြင့် ဆက်ဆက် တိုက်ပွဲဝင်ဆဲ တော်လှန်နေကြဆဲ၊ သာသနာတော်ကြီးကို အကြောင်းပြုကာ မင်းဆိုးမင်းညစ် မိစ္ဆာဝါဒီတို့နှင့် ပေါင်းပြီး သာသနာတော်ကြီးကို ဖျက်ဆီးနေကြသောသူများကလည်း အမိမြန်မာပြည်ကြီးတွင် ဒုနဲ့ဒေးပင်။

မည်သို့ပင်ဖြစ်စေ အမှန်တရားသည် အမှားကို အောင်နိုင်စမြဲ၊ ဓမ္မသည် အဓမ္မကို အောင်နိုင်စမြဲမို့ မဝေးတော့သည့်အချိန်တွင် အမှားနှင့်အမှန် ပိုင်းခြား ကွဲပြားတော့မည့် သံဃာ့အရေးတော်ပုံကြီး ဧကန်မုချပေါ်ပေါက်လာတော့မည် ဖြစ်သည်။


တစ်ကမ္ဘာလုံးရှိ အမှန်တရားကို ချစ်မြတ်နိုးကြသည့် သူတော်ကောင်းများ ရင်သပ်ရှုမောရမည့် ဒုတိယရွှေဝါရောင် တော်လှန်ရေးလှိုင်းလုံးကြီးသည် နအဖ စစ်မိစ္ဆာ အမှိုက် အညစ်အကြေးများအား ရှင်းလင်းပယ်ရှားရန် တစ်ရွေ့ရွေ့စီးဆင်းလာနေပြီဖြစ်ပေသည်။

သာသနာတော်ကို ချစ်မြတ်နိုးကြသည့် အမိမြန်မာပြည်သူပြည်သား ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် သံဃာ့တပ်ပေါင်းစု ဦးဆောင်သည့် သံဃာ့အရေးတော်ပုံကြီးနှင့်အတူ စစ်မှန်ငြိမ်းချမ်းပြီး သူတော်ကောင်း မင်းကောင်းမင်းမြတ်များ ဖော်ဆော်နိုင်ရန် မိမိတို့စွမ်းနိုင်သည့် တာဝန်တစ်ခုကိုယူ၍ ပူးပေါင်ပါဝင်ဆင်နွဲကြဖို့ အချိန်ကြရောက်ပြီ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။

သံဃာ့အရေးတော်ပုံ မုချအောင်ရမည်။
စစ်မိစ္ဆာကောင်များ မုချ ကျဆုံးရမည်။

အမိမြန်မာပြည် အမှန်တရား ထွန်းကားရမည်။

မင်းကောင်းမင်းမြတ် ဧကန်မုချပေါ်ထွန်းရမည်။



တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)



မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

အမှန်တရားတို့ မှောက်ကျသွားခဲ့ပြီးနောက်

Saturday, 05 September 2009 15:40 ရဲရင့်သက်ဇွဲ



ဒီလမ်း ဒီစခန်းမှာ
ဘယ်သူက သူရဲကောင်းလဲ
ဘယ်သူက ဗီလိန်လဲ
ဘယ်သူက ဘယ်သူ့ကို
ဘယ်သူက ဘယ်သူ့ကို
စွဲချက်တင်ရမှာတဲ့လဲ
ရိုက်ချက်ကပြင်းတယ်။

ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့
ဟောဒီမြေဟာ
တို့ပိုင်တဲ့မြေ
အဲဒီမြေမှာ
လူသားခြင်းစာနာမှု ဆိုတဲ့စကား
လိမ်လည်လှည့်ဖျားတတ်သူတို့ရဲ့ နှုတ်ဖျား
ဝေါဟာရအသစ်များလား
ငါတို့မှာ နာကျည်းကြေကွဲရပေါ့။

တကယ်တော့
သူတို့ သူမကို
အသေသတ်ခဲ့ကြတယ်
သူမကို တခါသတ်တိုင်း
သူတို့ နိုင်ငံတကာအလယ်မှာ အကြိမ်ကြိမ်အခါခါ သေရတယ်။
တရားမျှတမှုတို့ ပျက်သုဉ်းလာတဲ့အခါ
ကမ္ဘာမြေဟာ နာကျင် ဆွံ့အ
ဘုရားသခင်အလိုတော်ရတော့မဟုတ်ဘူး။

မျှော်လင့်ထားတဲ့အတိုင်း
ဇာတ်သိမ်းက ဇာတ်နာလွန်းလှတယ်
အားကြီးသူတို့ရဲ့ ကိုယ်ကျိုးကြည့်မှုမှာ
တရားစီရင်ရေးကို စောင့်ရှောက်တဲ့
နတ်သမီးခမျာ
အကြိမ်ကြိမ်အခါခါ ရေတိမ်နစ်ရရှာတယ်၊
ဆန္ဒပြ၊ အစည်းအဝေး၊ ဆင်ဖိုစီယမ်၊ ကွန်းဖရန့်စ်
လုပ်ထုံးလုပ်နည်းတွေကြားမှာ
အငြင်းပွားစရာတွေ များများလာတယ်။
တိုင်းပြည်ကတော့ ရင်ဘတ်စည်တီး
ခေတ်ကြီးကတော့
အမှန်တရားတို့ မှောက်ကျသွားတဲ့အခါ
ဝေသာလီပြည် ဘီလူးစီးသလိုပ။ ။


မှတ်ချက် ။ ။ http://www.yoma3.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

သံဃာများညီညွတ်ဖို့ စာသင်သား ရဟန်းများ တိုက်တွန်းလှုပ်ရှားပြီ

သံဃာများညီညွတ်ဖို့ စာသင်သား ရဟန်းများ တိုက်တွန်းလှုပ်ရှားပြီ

05/09/2009

မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်း သံဃာတော်တချို့ကို ဖမ်းဆီးသွားတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့အပြီး သောသုသနသမဂ္ဂ ဆိုတဲ့အဖွဲ့ကနေ ပခုက္ကူမြို့ စာသင်တိုက်ကြီးတွေအတွင်းမှာ သံဃာတော်တွေကို ညီညွတ်ဖို့ တိုက်တွန်း နှိုးဆော်တဲ့ စာရွက်တွေ ကပ်တဲ့ လှုပ်ရှားမှုစပြီး လုပ်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ပခုက္ကူက စာသင်တိုက်ကြီးတွေဖြစ်တဲ့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် အရှေ့တိုက်၊ မဟာသုဇိတာရာမ အလယ်တိုက် ၊ မဟာဝိပုလာရာမ အနောက်တိုက် စတဲ့ စာသင်တိုက်ကြီးတွေမှာ စာသင်သား သံဃာတော်များအဖွဲ့လို့ အဓိပ္ပာယ်ရတဲ့ သောသုသနသမဂ္ဂအဖွဲ့ က စက်တင်ဘာလ ၂ ရက်နေ့ကစပြီး လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ သောသုသနသမဂ္ဂအဖွဲ့ဝင် စာသင်သား သံဃာတပါးက အခုလို မိန့်ပါတယ်။

စာသင်သား သံဃာ။ ။ 'စာလုံးပွိုင့်ကြီးကြီးနဲ့ အရေးကြီးပြီး သွေးစည်းကြစို့ ညီနောင်တို့ သောသုသန သမဂ္ဂ ဆိုပြီးတော့ စာရွက်စာတမ်း ကပ်တာတွေတော့ ရှိတယ်လေ။'

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကစလို့ မကွေးတိုင်း ရေနံချောင်း၊ ချောက်နဲ့ ပခုက္ကူမြို့တွေမှာ သံဃာတော်တွေ အဖမ်းအဆီးခံခဲ့ရတာပါ။

ဒီလိုလုပ်ရပ်အပေါ် ပခုက္ကူ သံဃာတော်တွေအနေနဲ့ မကျေမနပ်ဖြစ်နေပြီး သောသုသနသမဂ္ဂအဖွဲ့ အနေနဲ့ ဖမ်းဆီခံ သံဃာတော်တွေ ပြန်လွတ်အောင် ကြိုပမ်းလုပ်ဆောင်သွားဖို့ ရှိကြောင်း စောစောက သံဃာတော်ကပဲ အခုလို ဆက်မိန့်ပါတယ်။

စာသင်သား သံဃာ။ ။ 'ခဏတွေ့ချင်ပါတယ်ဆိုပြီ မလိမ့်တပတ်နဲ့ ခေါ်သွားတာဆိုတော့ ဒေါသတွေ ထွက်နေကြတယ်လေ။ ရဲထောက်လှမ်းရေးကနေတဆင့်ပေါ့နော်။ ဦးဇင်းကိုလည်း အရင်က ဝင်ထွက်ပြီးတော့ ဆရာဒကာဆိုပြီး လုပ်ထားတာပဲလေ၊ ဒီနေ့ဆရာဒကာ အလုပ်ခံထားရတဲ့ ဦးဇင်းတွေကိုက စိုးရိမ်နေကြတယ်၊ သံဃာတွေကတော့ ဒီလို မတရားဖမ်းဆီးထားတာ ဘယ်သူကမှ မကျေနပ်ကြဘူး။ ဒီဖမ်းဆီးချုပ်နှောင်ခံထားရတာကို အမြန်ဆုံးနည်းနဲ့ လွတ်မြောက်အောင် တက်နိုင်သမျှ တက်စွမ်းသမျှ နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ကြမယ်ဆိုတာ ဆုံးဖြတ်ထားတယ်။'

စာရွက်စာတမ်းတွေကပ်တဲ့ လှုပ်ရှားမှုတွေ စခဲ့တဲ့နေ့ ညနေပိုင်းမှာ အရှေ့တိုက်က သံဃာတော်တွေကို တိုက်အုပ်ဆရာတော်လည်းဖြစ်တဲ့ နိုင်ငံတော် သြဝါဒစရိယ ဆရာတော် ဦးနိမ္မိန္ဓက တပည့်စာသင်သား သံဃာတော်တွေကို ဝိပဿနာ အလုပ်နဲ့ စာသင်စာချအလုပ်ကို လုပ်ဖို့နဲ့ ကိုယ်နဲ့မဆိုင်တဲ့ လောကီအလုပ်တွေကို မလုပ်ဖို့၊ တခုခု ပြဿနာတက်လာရင် ဆရာတော်ကြီးအနေနဲ့ တာဝန်မယူနိုင်ကြောင်း မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, September 4, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို ရန်ကုန်တိုင်းတရားရုံးက လက်ခံ

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံကို
ရန်ကုန်တိုင်းတရားရုံးက လက်ခံ


မုံပီး
သောကြာနေ့၊ စက်တင်ဘာလ 04 ရက် 2009 ခုနှစ် 19 နာရီ 27 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်ကို အယူခံဝင်ရန်အတွက် သူမ၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးထံ ယနေ့ လျှောက်လဲချက်ပေးရာ တရားရုံးက လက်ခံလိုက်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့များထဲမှ တဦးဖြစ်သူ ဦးကြည်ဝင်းက သူနှင့် လုပ်ဖော်ကိုင်ဘက် ရှေ့နေများက လျှောက်လဲချက်ပေးပြီးနောက် တိုင်းတရားသူကြီး ဦးမြင့်အောင်က လက်ခံလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

“တရားသူကြီးက စက်တင်ဘာလ ၁၈ နေ့မှာ နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက်ပေးဖို့ ချိန်းဆိုလိုက်တယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

အမေရိကန်နိုင်ငံသားတဦးက အင်းယားကန်ကို ရေးကူးကာ နေအိမ်အတွင်း ဝင်ရောက်လာခဲ့သည်ကို လက်ခံခဲ့သဖြင့် အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ပြီးခဲ့သည့်လ ၁၁ ရက်နေ‹တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

သို့သော်လည်း မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားရုံး၏ ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချကာ နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ် ကျခံစေရန် ညွှန်ကြားခဲ့သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စီရင်ချက်ချလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဥပဒေဟာ အသက်မရှိတော့ဘူးလို့ ကျနော်တို့က လျှောက်လဲတယ်။ ကျနော်တို့ အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားသေလွှတ်ရမယ်” ဟု ဦးကြည်ဝင်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထိုကဲ့သို့ ပြစ်ဒဏ်ချလိုက်သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်လိုက်ကြပြီး၊ သူမကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၄ နှစ်ခန့် အကျယ်ချုပ်ကျခံခဲ့ရသည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

စာသင်သံဃာများကို ဝါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့် သတင်းများထွက်

စာသင်သံဃာများကို ဝါတွင်းကာလမှာ နေရပ်ပြန်ကြွခိုင်းမည့်
သတင်းများထွက်


04/09/2009


၂ဝဝ၇ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့က ဆုတောင်း မေတ္တာပို့ရင်း ရွှေတိဂုံစေတီသို့ ဦးတည်ကြွချီသော သံဃာများကို အာဏာပိုင်များက ဘုရားပေါ် တက်ခွင့်မပေးပဲ ပိတ်ပင် တားဆီးထားသဖြင့် ရောက်သည့် နေရာမှာပင် ပတ္တနိကုဇ္ဇန ကံဆောင်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)

စက်တင်ဘာ ရွှေဝါရောင်အရေးအခင်း နှစ်ပတ်လည်ကာလ နီးကပ်လာသလို သံဃာ့လှုပ်ရှားမှုအဖွဲ့တွေ ဖွဲ့စည်းတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက်မှာ အထက်မြန်မာပြည်မှာ သံဃာတချို့ကို ဖမ်းဆီးတာတွေ လုပ်နေသလို ရန်ကုန်နဲ့ မန္တလေးမြို့က စာသင်တိုက်ကြီးတွေက စာသင်သံဃာတော်တွေကို နေရပ်ရင်းပြန်ကြွခိုင်းလိမ့်မယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန္တလေး စာသင်တိုက်တခုက တပါးကတော့ လောလောဆယ် ပုံမှန်စာသင် စာချလုပ်နေဆဲ ရှိပြီး တချို့တိုက်တွေမှာတော့ သီတင်းကျွတ်ပြီးတာနဲ့ ပြန်ကြွကြဖို့ အာဏာပိုင်တွေက လာလျှောက်သွားတာ ရှိတယ်လို့ ခုလို RFA ကို မိန့်ပါတယ်။

ဆရာတော်။ ။ “ကြားတော့ကြားနေတာပေါ့၊ ဟုတ်တယ်၊ တခြားကျောင်းတွေပေါ့။ တိုက်သစ်မှာ ဘုန်းကြီးတွေ လာလျှောက်တယ် ပြောတာပဲ။ သီတင်းကျွတ်လို့ရှိရင် ပြန်လွှတ်ဖို့ ကိုယ်တော်တွေကို အဲလိုပြောတာပဲ အဲဒါ အတိအကျတော့ မဟုတ်ဘူးပေါ့လေ။ ခုကတော့ ပုံမှန်ပဲ စာသင်စာချပဲ လုပ်နေတယ်၊ ဒကာကြီးရေ အတွင်းကတော့ ဒီလိုပဲ ကိုယ့်ဟာကိုယ် နေကြရတာပဲ။”

တခြား ကျောင်းတိုက်ကြီးတခုက စာချဆရာတော် တပါးကတော့ တရားဝင် စာထွက်တာ မတွေ့ရပေမဲ့၊ ဒီအကြောင်းကို ပြောဆိုနေကြတာ တော်တော်ကြားနေရတယ်လို့ မိန့်ပါတယ်။ တကယ်သာ အဲဒီလို လုပ်ခိုင်းခဲ့ရင်လည်း ဆရာတော်ကြီးတွေကတော့ လိုက်လုပ်လိမ့်မယ် မထင်ဘူးလို့ မိန့်ပါတယ်။

စာချဆရာတော်။ ။ “တိုက်မှာက ထုံးစံမရှိဘူး သူတို့ပို့ခိုင်းလည်း မပို့ဘူးလေ။ တိုက်ရဲ့အနေအထားက ပရိယတ္တိပညာရေး စာသင်တိုက်ပဲလေ။ ဒီကလေးတွေရဲ့ ပညာရေးကို အဓိကထားတယ်။ ဘယ်သူတွေက ပို့ခိုင်းခိုင်း ပို့ချင်မှပို့မှာ ဒါဆရာတော်တွေကပဲ ဟုတ်တယ်မလား။”

ရန်ကုန်မှာလည်း အလားတူ သတင်းတွေ ထွက်နေပြီး ဒီနှစ်စာမေးပွဲကလည်း မသေချာဘူးလို့ ပြောဆိုနေတာတွေ ရှိတဲ့အကြောင်း စမ်းချောင်း မြို့နယ်က သံဃာတပါးက အခုလိုမိန့်ကြား ပါတယ်။

သံဃာ။ ။ “ဦးဇင်းတို့ကို အခု စက်တင်ဘာလမှာ ပြန်လွှတ်မယ်လို့ လုပ်နေကြတယ်၊ အခု စက်တင်ဘာမှာ ပြန်လွှတ်ရင် လွှတ်။ အဲ့လိုမှ ပြန်မလွှတ်ဘူးဆိုလိုရှိရင် ဦးဇင်းတို့ သီတင်းကျွတ်ရင် ပြန်ရမယ်၊ နယ်တွေကို ပြန်ရမယ်၊ စာမေးပွဲက မကျိမ်းသေဘူး၊ ဦးဇင်းတို့ မြို့ပေါ်မှာ ရှိနေတယ် ဆိုလို့ရှိရင် ရွှေဝါရောင် တော်လှန်ရေးကြီးကို ပြန်ပြီးတော့ လုပ်မှာကို ကြောက်လွန်းလို့ အကြောက်လွန်လွန်းလွန်းလို့ နယ်တွေကို ပြန်ပြီးတော့ အရှင်ဘုရားတို့ ပြန်သီတင်းသုံးပါလို့ ပြောတာနဲ့ အတူတူပဲ။”

လာမည့် သီတင်းကျွတ်လပြည့်နေ့မှာ သံဃာတော်တွေကနေ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ် ဆိုတဲ့ သတင်းတွေကြောင့်လည်း အာဏာပိုင်တွေ ပူပန်နေတာ ဖြစ်နိုင်တယ်လို့ ထင်ကြောင်းလည်း ပြောပါတယ်။ ဝါမကျွတ်ခင် နေရပ်ပြန်ရမယ် ဆိုရင်တော့ ဝါကျိုးမှာ ဖြစ်တဲ့အတွက် ဘယ်ဘုန်းကြီးကမှ လက်ခံမှာ မဟုတ်ဖူးလို့လည်း ဆက်ပြီး မိန့်ပါတယ်။

သံဃာ။ ။ “ဦးဇင်းတို့ကို တကယ်လို့ အခု စက်တင်ဘာလမှာ ပြန်လွှတ်ခဲ့မယ်ဆိုလို့ရှိရင် ဦးဇင်းတို့အနေနဲ့ ဝါကျိုးမယ်၊ သာသနာ့သံဃာတွေ ဖြစ်တဲ့အတွက်ကြောင့် ပညာတွေကလည်း တပိုင်းတစနဲ့ ဆိုလို့ရှိရင် ဒါမဖြစ်သင့်တဲ့ အလုပ်လေ၊ စာမေးပွဲတောင်မှ မဖြေရဘူးလို့တောင်ပြောတယ်၊ ဦးဇင်းတို့ စာသင်သား သံဃာတွေ အတွက် ကတော့ ဘေးကျပ်နံကျပ် ကျပ်တာပေါ ဒကာကြီးရာ၊ ဝါလည်းကျိုးဦးမယ်၊ အဲဒီတော့ ဦးဇင်းတို့အနေနဲ့က ဘယ်လိုလုပ်ပြီးတော့ ခံနိုင်ပါ့မလဲ။”

င်္ဃန်းကျွန်းမြို့နယ်က သံဃာတော်တပါးကတော့ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေက အဆက်မပြတ် စောင့်ကြည့်နေတာရှိသလို ရန်ကုန်မြို့တွင်းမှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထား တာကြောင့် သံဃာတော် တွေမှာလည်း သွားလာလှုပ်ရှားမှုတွေမှာ အကျပ်တွေ့လာနေရတယ်လို့ မိန့်ကြား ပါတယ်။

သံဃာ။ ။ “လုံခြုံရေးတွေကတော့ အရမ်းတင်းကျပ်နေတယ်၊ ငွေကြာယံထဲကို စစ်ကားတွေ အများကြီးပဲ ကျောင်းအရှေ့မှာ ရပ်ထားတာ၊ ဒီ ကျိုက္ကဆံဘုရားမှာလည်း လုံခြုံရေးတွေက အပြည့်ပဲ၊ ရှေ့မှာ ယူနီဖောင်းတွေကကော မာဖီတွေကကော အမျိုးမျိုးပဲ၊ ရှုပ်ရှက်ကိုခတ်နေတာပဲ၊ အခုအပြည့်ပဲ၊ အရမ်းတင်းကျပ်တာပေါ့ ဒကာကြီး၊ စစ်ကားတွေကို နည်းတာမှ မဟုတ်ပဲနဲ့။ အဲ့ဒီ ဓမ္မာရုံထဲမှာဆို သူတို့ စစ်သားတွေကို စတည်းချနေတာ၊ ဓမ္မာရုံ အပေါက်ဝပေါ့။ ဟိုဖက်ဒီဖက်မှာ အကုန်လုံးက ထိုင်ခုံလေးတွေနဲ့ သေနတ်အပြည့်နဲ့ပေါ့၊ ထိုင်နေကြတယ်၊ ဘုရားအပေါက်ဝတွေမှာလည်း ရှိတယ်။”

မကြာသေးခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကနေ မတရားဖမ်းဆီး အကျဉ်းချထားတဲ့ သံဃာတော်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့မှုအပေါ် စစ်အစိုးရအနေနဲ့ ဝန်ချတောင်းပန်ဖို့ တောင်းဆိုခဲ့ပြီး မလိုက်နာရင် လာမည့်သတင်းကျွတ်လပြည့်နေ့မှာ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မယ်လို့ ကြေညာထားတဲ့အပေါ် စစ်အစိုးရအနေနဲ့ စိုးရိမ်နေတာ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

တိုက်တွန်းနှိုးဆော်ခြင်း

တိုက်တွန်းနှိုးဆော်ခြင်း

၀၄။၀၉။၂၀၀၉


လေးစားအပ်ပါသော.....

ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....


(နအဖ) စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း
ခံထားရသော သံဃာတော်များကို ပြန်လွတ်ပေးရန် တောင်းဆိုထားသော……………

မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂနှင့်သံဃာ့သမဂ္ဂီအဖွဲ့တို့၏ တောင်းဆိုချက်များကို (နအဖ)စစ်အုပ်စုက ယနေ့တိုင် လိုက်နာခြင်းမရှိသေးပါ။

ထို့အပြင် သံဃာတော်များအား ဆက်လက် ထပ်မံဖမ်းဆီးနေခြင်းမှာလည်း မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များဖြစ်သည်၊ သို့ဖြစ်ပါ၍ ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း (၁၄)ရက် (02.10.2009) နေ့ မွန်တည့် (12:00)နာရီအချိန်ကို နောက်ဆုံးထား၍ တောင်းဆိုထားသော……

မတရားဖမ်းဆီးထားသောသံဃာတော်များအားချက်ချင်းလွတ်ပေးရန်၊


သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ် စော်ကားမှုများကို အမြန်ဆုံးပြန်လည် တောင်းပန်ရန်


စသော တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက သီတင်းကျွတ်လပြည့် (မဟာပ၀ါရဏနေ့) တွင် (နအဖ )စစ်အုပ်စုအား ပြည်တွင်းပြည်ပရှိ သံဃာတော်များက တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောာင်မည်ဖြစ်ပါသောကြောင့် ရန်ဟန်းရှင်လူ ကျောင်းသားပြည်သူများက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။



မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။



မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့




မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, September 2, 2009

မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း

မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း


ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အနေဖြင့် ယခု-၀ါတွင်းကာလအတွင်း ဖြစ်ပေါ်နေသော သံဃာတော်များအား (နအဖ)တာဝန်ရှိပုဂ္ဂိုလ်များမှ သြဂုတ်လအတွင်း ဖိအားပေး လိုက်လံဖမ်းဆီးလိုက်ခြင်းသည် သာသနာတော် ညှိနွမ်းကွယ်ပျောက်စေသည့် ဆောင်ရွက်မှုဟုလက်ခံ ယုံကြည်ထားသောကြောင့် အောက်ဖော်ပြပါ ရဟန်းသံဃာတော် (၃)ပါးဖမ်းဆီးလိုက်ခြင်း အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံချလိုက်သည်။

(၁) ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝိမလအား ၂၀၀၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ နေ့လည်တွင် (နအဖ)မှ ဖမ်းဆီးသွားခြင်း ခံခဲကြရသည်။

(၂) ပခုက္ကူမြို့၊ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော်ဦးဝိသုဒ္ဓအား ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၈ရက်နေ့၊ သောကြာနေ့ညပိုင်းတွင် (နအဖ)၏ ဖမ်းဆီထိန်းသိမ်းခြင်း ခံခြဲ့ကရသည်။

(၃) ရေနံချောင်းမြို့၊ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမအား ၂၀၀၉ခုနှစ် သြဂုတ်လ ၂၇ရက်နေ့ ကြာသပတေးနေ့တွင် (နအဖ)၏ ဖမ်းဆီးအထိန်းသိမ်းခြင်း ခံခဲ့ကြရသည်။

ဝါတွင်းကာလအတွင်း အထက်ပါ သံဃာ(၃)ပါးကို (နအဖ)စစ်အုပ်စုမှ မတရားဖမ်းဆီး ခေါ်ဆောင်သွားခြင်းသည် မြတ်စွာဘုရား၏ ၀ိနည်းတော်ကို ချိုးဖောက်စော်ကားရာ ရောက်ပေသည်။

ထိုကြောင့် ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ (နအဖ)ထံသို့ အထက်ပါ သံဃာတော်(၃)ပါးအား ၎င်းသံဃာတော်တို့ သီတင်းသုံးရာကျောင်းထိုင်ဌာနသို့ အမြန်ဆုံးပို့ဆောင်ရန်နှင့် သံဃာထုတစ်ရပ်လုံးအား ၀န်ချတောင်းပန်ရန်ပြင်းထန်စွာ တောင်းဆိုလိုက်သည်။

(နအဖ)စစ်အုပ်စုအနေဖြင့် သာသနာနှင့်သာသနာတော်စောင့်ရှောက်ကာကွယ်နေသူ သံဃာတော်များပါမက မြတ်စွာဘုရား၏ အဆုံးအမများကို ယုံကြည်လက်ခံကျင့်သုံး ကိုးကွယ်နေသူ ဒါယကာ - ဒါယကာမ အပေါင်းအား စော်ကားလိုက်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီဖြစ်သည်။
ထိုကြောင့်အထက်ပါ တောင်းဆိုချက်အား(နအဖ)စစ်အုပ်စုမှ တုန့်ပြန်ဖြည့်စီးမှုမပြုပါက သံဃာထုတစ်ရပ်လုံးနှင့် အတူ ဒါယကာ-ဒါယကာမများ ပူးပေါင်းကာ သာသနာတော်ကို ညှိးနွမ်းပျောက်ကွယ်စေရန် ဆောင်ရွက်နေကြသည့် စစ်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား၊ ကျနော်တို့ GenerationWave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ မြတ်စွာဘုရားသားတော်များဖြစ်ကြသော သံဃာများနှင့် ပြည်သူ လူထုတစ်ရပ်လုံးဖြင့် ပူးပေါင်းကာ ၂၀၀၉ခုနှစ်အတွင်း (နအဖ)စစ်မိစ္ဆာများအား ပစ်ဒဏ်ခတ်မည်ဖြစ်ကြောင်း အသိပေးကြေငြာလိုက်သည်။

“ငါတို့လူငယ် ညီအစ်ကိုမောင်နှမများနှင့်အတူ ဗုဒ္ဓမြတ်စွာသာသနာတော်ကို
အသက်ပေး၍
ကာကွယ်ကြစို့”


မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ပြည်တွင်း လှုပ်ရှားမှု့တခု

ပြည်တွင်း လှုပ်ရှားမှု့တခု



ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံဖြန့်ဝေခြင်း လှုပ်ရှားမှု့ကို ယနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်သော အင်္ဂါနေ့ တွင် ရန်ကုန် မြို့တွင်းမြို့ပြင်များတွင် ဖြန့်ဝေလိုက်သည်။ ရန်ကုန်မြို့တွင်းနေရာများမှာ သိမ်ကြီးဈေးအနီးတ၀ိုက်၊ကြည့်မြင်တိုင်ညဈေး အနီး ၊ ပုဇွန်တောင်ဈေးအနီးတွင်လည်းကောင်း ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ပြင်နေရာများမှာ လှိုင်သာယာမီးခွက်ဈေးအနီးနှင့်  မင်္ဂလာဒုံဆယ်မိုင်ကုန်းအနီးတို့  တွင် ဖြန့်ဝေခဲ့သည် ။


မိမိတို့  ဓါတ်ပုံ ဖြန့် ဝေရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့်

“စက်တင်ဘာ သံဃ အရေးတော်ပုံကြီးနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရမည်”

“ပြည်သူ့ ခေါင်းဆောင်အတွက် ပြည်သူတွေကိုယ်တိုင် ကြိုးစားကြပါစို့”

“အင်္ဂါနေ့ည ရှစ်နာရီအချိန်တွင် မိမိနေအိမ်များ၌ ဓါရဏပရိတ် ရွတ်ဆိုကြပါစို့ ”

ဆိုသည့် စာတန်းများအားလည်း ဓါတ်ပုံးများနောက်တွင် ရေးသားဖြန့် ဝေခဲ့သည် ။






အပြည့်အစုံ ဖတ်ရန် ...

Tuesday, September 1, 2009

လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည်

လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်
အိမ်ပြင်မည်


Tuesday, 01 September 2009 17:41 သန်းထိုက်ဦး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အင်းစိန်ထောင်တွင်း၌ အမှု ရင်ဆိုင်နေရစဉ်ကပင် နေအိမ်ကို ပြုပြင်ရန် ပြောဆိုသောကြောင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးနှင့် ဆက်သွယ်ပေးခဲ့သည်ဟု NLD ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ဆောက်လုပ်ရေး အင်ဂျင်နီယာကို ခြံထဲမှာ ခေါ်ပြီး အကုန်လုံး ပြလိုက်တယ်၊ ပေတွေ ဘာတွေ တိုင်းပြီးတော့ ပုံကြမ်း ရေးတယ်၊ အဲဒီ ပုံကြမ်းကို ဒေါ်စုကို ပြတယ်၊ ဒေါ်စုက လိုအပ်တာ ပြန်ပြတယ်၊ အဲဒီ အဆင့်ပဲ ရှိသေးတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

နေအိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိက ထားပြီး ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။ အိမ်ပြင်ရန် အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်းကြားမည်ဟုလည်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

မေလအတွင်း ၎င်း၏ နေအိမ်သို့ အမေရိကန် တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံခဲ့ရသောကြောင့် နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုအမှုတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာကို ယခုလ ၃ ရက် (ကြာသပတေးနေ့) တွင် ရန်ကုန် တိုင်းတရားရုံးသို့ တင်သွင်းမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေသူ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုထားသည်ဟု သိရ သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိသေးကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ရန်ကုန်တွင် စက်တင်ဘာတလလုံး အရေးပေါ်ကာလ သတ်မှတ်ထား

ရန်ကုန်တွင် စက်တင်ဘာ တလလုံး
အရေးပေါ်ကာလ သတ်မှတ်ထား


မျိုးချစ်သူ/ ၁ စက်တင်ဘာ ၂၀၀၉



သြဂုတ် (၂၉) ရက်နေ့မှစ၍ ရန်ကုန်တွင် အရေးပေါ်ကာလ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အရာထမ်းတဦးက ပြောသည်။

အင်အားပြ ရဲကားများကို စက်တင်ဘာတလလုံး အင်အားပြသွားမည်ဖြစ်ပြီး နေရာအနှံ့တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားမည်ဖြစ်ကြောင်း အဆိုပါ ရဲအရာထမ်းက ပြောသည်။

ကျောက်တံတားမြို့နယ်မှ ရဲအရာရှိတဦးက “ရန်ကုန်မှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်းရထားလို့ အခုလို ရဲကားတွေ ၀တ်စုံပြည့်နဲ့ လှည့်လည်ပြီး လုံခြုံရေးအင်အားပြနေရတာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့ခံမျက်မြင်တဦးက “ဒီနေ့ဆို ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရဲတွေကို သေနတ်တွေ အသင့်အနေအထားကိုင်ပြီးတော့ ချထားတယ်၊ လမ်းထိပ်တခုစီမှာ (၃) ဦးစီချထားတာ တွေ့ရတယ်” ဟု ပြောသည်။

ယခုရက်များအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များအလိုက် လုံခြုံရေးကားများ စီတန်းလှည့်လည်နေသည်ကိုတွေ့ရကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။

“ပြီခဲ့တဲ့လ (၂၉) ရက်၊ နေ့လယ် (၂) နာရီကျော်လောက်ကဆို ဆူးလေဘုရားရှေ့မှာ ၀တ်စုံပြည့် ရဲကား (၆) စီး ရပ်ထားတယ်။ လက်နက်တွေ အပြည့်ပဲ။ ဒါကတော့ စက်တင်ဘာ ရောက်တော့မှာမို့ လုံခြုံရေးချတာ ဖြစ်မယ်လို့ လူတွေက တွေးနေကြတယ်။ ဘတ်စ်ကားမှတ်တိုင်ရှေ့မှာဆိုတော့ ခရီးသွားတွေက အာရုံတွေနောက်နေကြတယ်” ဟု ဆူးလေခရီးသည်တင်ကားဂိတ်ရှိ ယာဉ်ကြီးကြပ်သူတဦးက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “သံဃာ့အရေးအခင်းဖြစ်ခဲ့တဲ့ စက်တင်ဘာလကို ရောက်လာပြီဆိုတော့ လုံခြုံရေးအင်အားပြချင်တာလည်း ပါတာပေါ့။ ဘာမှလုပ်ဖို့ မစဉ်းစားနဲ့၊ ဒီမှာတွေ့လားလို့ ပြောနေတာနဲ့ တူတူပါပဲ” ဟု ပြောသည်။

၂၀၀၇ ခု၊ စက်တင်ဘာ (၅) ရက်တွင် ပခုက္ကူမြို့၌ သံဃာတော်များ ငြိမ်းချမ်းစွာမေတ္တာပို့လမ်းလျှောက်သည်ကို နအဖစစ်အစိုးရက သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့ရာမှ မြန်မာနိုင်ငံအနှံ့သံဃာတော်များ လှည့်လည်ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ စစ်အစိုးရအာဏာပိုင်များက သံဃာတော်များအား ပစ်ခတ် ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ၂၀၀၇ ခု စက်တင်ဘာတွင် သံဃာတော်များက သပိတ်မှောက်ကံဆောင်ထားသည်မှာ ယနေ့အချိန်အထိ ကံသပိတ်မလှန်ရသေးပေ။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ

၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ


ရဲဘော်ဖိုးသံချောင်း

၁ စက်တင်ဘာ ၂၀၀၉

ဗမာပြည်မှာ နိုင်ငံရေးလေရူးတွေ စတိုက်လာနေပါပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို ဖျာခင်းကြ၊ တောခြောက်ကြ၊ မီးရှူး မီးပန်းတွေလွှတ်ကြ၊ တချို့လူတွေ အကြီးအကျယ် အလုပ်တွေရှုပ်နေကြပါတယ်။ နအဖရဲ့ မေတ္တာစေတနာကို ဘုန်းတော်ဘွဲ့တွေ ရေးကြ၊ လျှာကုဋေနဲ့ချီးကျူးကြ။ သူတို့ပြောတာ လက်မခံချင်သူတွေကို ပြင်းပြင်းထန်ထန်ထိုးနှက်ကြ၊ သူတို့ အချင်းချင်းထဲမှာ တော့ လက်ပံပင်ဆက်ရက်ကျသလို သောသောကိုညံလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ ပြည်သူလူထုကတော့ သူတို့နဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မျက်စောင်းတောင်မှ ထိုးမကြည့်ပါဘူး။ အိပ်ရေးပျက်မခံကြပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဆိပ်ကို သကာလူးပြီးပေးလာတာမှာ နအဖစစ်အစိုးရက ပေးသမျှသကာကို ယူထားရမယ်လို့ ဆိုနေကြပါတယ်။ ကျန်တဲ့အဆိပ် (၉၀) ရာခိုင်နှုန်း မျိုရတာကိုတော့ ဘာမှမဖြစ်သလိုတွေ ပြောနေကြတယ်။ အဲဒီလိုရသမျှယူထားလို့ ပြောတဲ့လူတွေထဲမှာ တော်တော်များများဟာ ရသမျှကိုယ့်အတွက် အမြတ်ပဲဆိုတဲ့သဘောနဲ့ ပြောနေကြတာလို့ ယူဆရပါတယ်။ သူတို့ရမှာတွေထဲမှာ နအဖစစ်ဗိုလ်တွေရဲ့ မျက်နှာသာပေးမှု၊ ဆုလာဘ်တွေလည်း ထည့်တွက်မှာကတော့ မလွဲပါဘူး။

တိုက်ဆိုင်ချင်တော့ ဒီအချိန်မှာ နိုင်ငံတကာလေထုထဲမှာလည်း လေကြောင်းပြောင်းအလဲတွေ တွေ့နေရပါတယ်။ ပြည်ပက လေသံပြောင်းလာတာနဲ့ ပြည်ပရောက်တချို့ကလည်း ချက်ချင်းလေသံပြောင်းကုန်ကြတာကို အံ့သြစရာတွေ့ရပါတယ်။ ကိုးကန့်ဒေသမှာ သေနတ်သံတွေ ပြန်မြည်နေချိန်မှာ တချိန်က “တပ်မတော်ကြီး” တခု တည်ထောင်မယ် တကဲကဲပြောနေသူ တွေဟာ “စစ်ဗိုလ်တမတ်သားကိုလည်း လက်ခံမှာပဲ” လို့ ပြောတာကို ကြားရတာဟာ ဗမာပြည်နိုင်ငံရေးရဲ့ ၀မ်းနည်းစရာ ဟာသတခုပဲလို့ ဆိုရပါလိမ့်မယ်။ တကယ်တော့ သူတို့အရင်ကပြောခဲ့တဲ့၊ အခုနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ စကားတွေဟာ ပဲ့တင်လှိုင်းထဲမှာပဲ ရှိပါသေးတယ်။ တချို့ဝက်ဘ်ဆိုက်တွေရဲ့ မျက်နှာဖုံးစာမျက်နှာပေါ်မှာပဲ ရှိပါသေးတယ်။

ဗမာပြည်ရဲ့စီးပွားရေးကို တရုတ်အုပ်စီးသွားမှာ စိုးရိမ်ရတယ်။ ဗမာပြည်ဟာ တရုတ်သြဇာအောက် ရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ အမေရိကန်က အစောတလျင်ဝင်ရမယ်လို့ ဗြောင်ပြောခဲ့တဲ့ ဂျက်ဝက်ဘ်ဆိုတဲ့အမတ်ဟာ နအဖရဲ့လက်ထဲက သူတို့နိုင်ငံသား ဂျွန်ယက်တောကို ခေါ်ထုတ်သွားပြီး ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှုထဲကိုတော့ သပ်ကြီးတချောင်း စိုက်ထားခဲ့ပါတယ်။ သူ့ကြောင့်မို့ နယူးယောက်က လေဘာတီကျောက်ရုပ်ကြီးရဲ့ မီးရှူးတိုင်ဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ပြနေတာလားလို့ မေးရမလိုတောင်ဖြစ်သွား ပါတယ်။ တကယ်က ၀က်ဘ်လိုလူဟာ နအဖနဲ့စီးပွားရေးလုပ်နိုင်ဖို့အတွက် နအဖကို ဘယ်လို ထုံးသုတ်ရွှေချပေးရမလဲ စဉ်းစားနေတာသာဖြစ်ပါတယ်။ ဘာပဲပြောပြော သူဟာ ဒီနေ့ဗမာပြည်နိုင်ငံရေးရဲ့ အခရာကျတဲ့ ပြဿနာမှာ ဘက်တဘက်ကို ခြေစုံပစ်ဝင်ရပ်လိုက်ပါပြီ။ ဒါဟာ ဗမာပြည်နိုင်ငံရေးထဲကို အတိအလင်း ၀င်ခလောက်ဆန်တာပါပဲ။

ပြောရရင် ဗမာပြည်သူတွေဟာ နိုင်ငံရေးအရဆိုရင် နိုင်ငံကြီးပေါင်းစုံနဲ့ ဆက်ဆံဖူးခဲ့ပါပြီ။ ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ဖူးလို့ ဆိုနိုင်ပါတယ်။ ရှင်တရှင်တည်းရဲ့ ၀မ်းထဲကိုသာ ၀င်ဖူးသူတွေသာ အဲဒီအရှင်က သဘောထားပြောင်းပြီ ဆိုတဲ့အခါမှာ သူတို့လည်းလိုက်ပြီး ပြောင်းကြတာပါ။ ဒါပေမယ့် ထူးခြားတာက ဒီလိုပြောင်းလိုက်တော့ သူတို့ကိုယ်သူတို့ ကိုယ့်ပြည်သူတွေနဲ့ တဖက်စီရပ်လျက်ဖြစ်နေတာကို တွေ့ရတာပါပဲ။ တပါတည်းမှာ သူတို့တွေ့ရမှာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ တခြားနိုင်ငံရေးအကျဉ်းသမားတွေကိုပါ ချောင်ထိုးလိုက်ပြီဆိုတဲ့အဖြစ်ပါပဲ။ နိုင်ငံရေးသမားတွေအဖို့မှာ ဒီတကွေ့မှာ ရပ်တည်ချက်ဟာ သူ့တဘ၀လုံးကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။

အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်းပုံပြောင်းယူမယ်ဆိုတာပါ။ အခုလို တရားမ၀င်အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့မရဘဲ ဖွံ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီး “တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်းချင်းပြောင်းလဲယူမယ်ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်လို့ ပြောသူကို သူ့အရိပ်ကတောင် ရယ်ပါလိမ့်မယ်။ ကိုယ်က သူ့ပြောင်းမှာလား၊ သူက ကိုယ့်ပြောင်းမှာလားဆိုတာ ဖိုးသူတော်ဖြစ်မှ သိပါလိမ့်မယ်။ အမှန်ပြောရရင် ဒီလိုပြောသူဟာ ရေရှည်အနာဂတ်အတွက် တာဝန်မယူရာကျလွန်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ၊ တိုင်းပြည်ရဲ့ ကံကြမ္မာတခုလုံးနဲ့ဆိုင်နေတဲ့ ကိစ္စတွေမှာ နောင်ခါလာနောင်ခါဈေးလို့ သဘောထားတာဟာ တိုင်းပြည်ကို ရောင်းစားနည်းတမျိုးသာ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ဒီနေ့အနေအထားမှာဆိုရင် ဒါဟာ စစ်ဗိုလ်တွေ လက်ထဲကို ရောင်းစားတာသာဖြစ်ပါတယ်။

ဒီတလော ပြည်ပက မီဒီယာတွေထဲက ဗမာပြည်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေထဲမှာ “ဗမာပြည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် ဘယ်သူကအာဏာကို ချုပ်ကိုင်ထားမလဲ” ဆိုတဲ့အကြောင်းကို အတော်လေးရေကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့်ဆိုတာအပါ တချို့ကိစ္စတွေမှာ အမြင်ကွဲချင်ကွဲမယ်၊ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီးရင်လည်း ဗမာပြည်ရဲ့အာဏာကို ဗိုလ်ချုပ်တွေကပဲ ချုပ်ကိုင်ထားမယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မငြင်းကြတာကို တွေ့ရပါတယ်။ နောက်ပြီး အဲဒီအခါကျရင် စစ်တပ်ကချုပ်ကိုင်ထားတဲ့အစိုးရကို ပြောင်းယူနိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ ဟောကိန်းမထုတ်တာ သတိထားစရာပါပဲ။

နောက်အံ့သြစရာ အချက်တချက်ကတော့ နအဖဗိုလ်ချုပ်တွေက အမျိုးသားရင်ကြားစေ့ရေးစကား တခွန်းမှမပြောဘဲနဲ့လည်း ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်တနှစ်ခွဲချလိုက်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလားအလာ ကောင်းဖြစ်တယ်လို့ ပြောကြတာပါပဲ။ ဒီလို ဒေါ်အောင်ဆန်းစုကြည်အိမ်ချုပ် ထပ်ချခံရတာကို ဂျင်ဝက်ဘ်ကလည်း သူ့ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်တာလည်း မမေ့နိုင်ပါဘူး။

တချို့သော ရွှေပြည်အေးတရား ဟောသူများကတော့ ကျေအေးသင့်ပြီဆိုတာမျိုး လူလိမ္မာစကား ပြောကြပါတယ်။ ဒီနေရာမှာ ကျေအေးချင်တယ်ဆိုတာ တဖက်တည်းက ကျေအေးလို့ရတာမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ အာဏာသိမ်းတဲ့အခါမှာ ဦးနုစကားနည်းရန်စဲလုပ်လိုက်တာဟာ တိုင်းပြည်လည်းငါးပါးရော သံဃာစင်ပါမှောက်ရုံမက သူကိုယ်တိုင်လည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။ ဒါဟာ တဖက်သတ်ကျေအေးလို့ မဖြစ်ဘူးဆိုတာရဲ့ အထင်ရှားဆုံး သာဓကတခုဖြစ်ပါတယ်။

သူတို့ရဲ့အမြင်မှာ အတိုက်အခံတွေ၊ ပြည်သူတွေဘက်က မျှော်လင့်ချက်မရှိတော့ဘူး၊ နအဖကပဲ ထင်သလို လုပ်နိုင်နေတယ်၊ ဒါကြောင့်မို့ အလျှော့သာပေးလိုက်ပါဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည်တပြည်မှာ အာဏာရနေတဲ့လူက ပိုပြီး လုပ်နိုင်ကိုင်နိုင်တာ၊ ဥပဒေဆိုတဲ့စကားလုံးကိုသုံးပြီး ထင်တိုင်းလုပ်တာတွေ လုပ်နိုင်တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီတဖက်တည်း ကိုသာမြင်ပြီး ကျန်တဖက်ရဲ့လုပ်ကိုင်မှုနဲ့ အလားအလာတွေကို ထည့်မတွက်ရင် မှားပါတယ်။ ပဋိပက္ခတခုမှာ ဘက်နှစ်ဖက်ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘက်တဖက်ကချည့် အမြဲအသာရနေ၊ နိုင်နေတာမဟုတ်ပါဘူး။ အခြားတဖက်က ပြန်လှန်တုံ့ပြန်တာ၊ ဆန့်ကျင်တာမရှိရင် အဲဒီနှစ်ဖက်ရဲ့ တပြိုက်နက်တည်းရှိမှုကို ပဋိပက္ခလို့တောင် ခေါ်တော့မှာမဟုတ်ပါဘူး။ ပဋိပက္ခလို့ဆိုလိုက်တာနဲ့ ဘက်နှစ်ဖက်ထဲမှာ အားသာနေတဲ့ ဘက်ဆိုတာကို အမြဲလိုရှိနေတာ တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီဘက်အားသာမှု၊ အထက်စီးရမှုဟာ တသက်လုံးတည်ရှိတာမဟုတ်ဘူးဆိုတာ ဘယ်ပဋိပက္ခမှာမဆို တွေ့နေရတဲ့ နိယာမပါ။ နောက်ဆုံးမှာ အသစ်ကို နေရာပေးရတာချည်းပါပဲ။

အရေးကြီးတာက အဲဒီပဋိပက္ခမှာ ကိုယ်က ဘက်ဘက်က ပါမလဲဆိုတာပါပဲ။

မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။


အပြည့်အစုံ ဖတ်ရန် ...

Monday, August 31, 2009

ယနေ့ နောက်ဆုံးရ သံဃာအဖမ်းအဆီး သတင်းများ

ယနေ့ နောက်ဆုံးရ သံဃာအဖမ်းအဆီး သတင်းများ



ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော်ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိပါသည်။
ရေနံချောင်းမြို့ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက်ဆရာတော် ဦးဝါယမလည်း ကြာသာပတေးနေ့က အထိန်းသိမ်းခံခဲ့ရသည်။ ရွှေစေတီ ပါဠိတက္ကသိုလ်ကျောင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆွမ်းကပ်လေ့ရှိသောကျောင်း ဖြစ်သည်။

ပခုက္ကူမြို့ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှဆရာတော် ဦးဝိသုဒ္ဓအား သောကြာနေ့ညက ထိန်းသိမ်းခံလိုက်ရသည်ဟုကြားသိရသည်။ နအဖစစ်အုပ်စုသည် သံဃာတော်များ၏ တတိယအကြိမ်သပိတ်အား အကြီးအကျယ်ကြောက်လန့်နေသည့်အတွက် သံဃာတော်များအား အထိတ်တလန့် လိုက်လံဖမ်းဆီးနေသည်။ သံဃာတော်များကလည်း ဒါဟာ နောက်ဆုံးတိုက်ပွဲဟု ကြွေးကြော်ထားသောကြောင့်လည်း ရေနစ်သေခါနီးသောသူကဲ့သို့ နောက်ဆုံးအချိန်တွင် အသက်ရှင်ရေးအတွက် ရရာပစ္စည်းဆွဲသလို၊အာဏာတည်မြဲရေးအတွက် အနန္တဂိုဏ်းဝင် သံဃာတော်များအား အမျိုးမျိုးဒုက္ခပေး ဖမ်းဆီး အရေးယူနေသည်။ ကြောက်ရွံ့မှုနှင့် ပြည့်နေသော မြန်မာပြည်တွင် သံဃာ့အဖွဲ့အစည်းသည် လက်ရှိအခြေအနေတွင် နအဖစစ်အာဏာရှင်အား ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသော ခိုင်မာကျစ်လစ်သည့်အဖွဲ့အစည်းဖြစ်သည်။

သံဃာတော်များအား ၀ါမကျွတ်မီ အခုလိုဖမ်းဆီးနေသည့်အတွက် အကျဉ်းထောင်များတွင် ၀ါကျွတ်ရရှာ တော့မည်။ သံဃာတော်များအား အခုလိုဖမ်းဆီးနေခြင်းသည် မြတ်စွာဘုရား၏ ၀ါတွင်းခရီးမထွက်ရဟူသော ၀ိနည်းဥပဒေကိုလည်း နအဖစစ်အာဏာရှင်က ချိုးဖောက်ပြီးသာသနာတော်ကို ရက်ရက်စက်စက် စော်ကားလိုက်ချေပြီ - ဟု
ပြည်တွင်းရှိ သံဃာတော်တစ်ပါးမှ ၀မ်းနည်းကြေကွဲစွာ မိန့်ကြားတော် မူလိုက်သည်။


မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, August 30, 2009

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် ကမ္မ၀ါစာ

၃.၁၀ .၂၀၀၉ တွင် သံဃာတော်များ ရွတ်ဆိုကြရမည့်
ပါဠိဘာသာဖြင့် ရွတ်ဆိုသော တတိယအကြိမ်
ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် ကမ္မ၀ါစာ


ပါဠိဘာသာဖြင့် ရွတ်ဆိုသောကမ္မ၀ါစာ

သုဏာတု မေ ဘန္တေ သံဃော ။ စဏ္ဍာ ရုဒ္ဓါ ရဘသာ ၀ိဟေသကာ အဒယလုကာ မဟာစောရ ယောဓရာဇာနော မရမ္မရဋ္ဌေ ဘိက္ခူနံ မာရေန္တိ သံဃဉ္စ ဗန္ဓန္တိ ၀ိဟေဌေန္တိ အက္ကောသန္တိ ပရိဘာသန္တိ ၊ ယဒိ သံဃဿ ပတ္တကလ္လံ သံဃော စဏ္ဍာ ရုဒ္ဓွါနံ ရဘာသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရ ယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇေယျ ၊ အသမ္ဘောဂံ သံဃေန ကရေယျ ၊ ဧသာ ဉတ္တိ။ ။

သုဏာတု မေ ဘန္တေ သံဃော ။ စဏ္ဍာ ရုဒ္ဓါ ရဘသာ ၀ိဟေသကာ အဒယလုကာ မဟာစောရယောဓရာဇာနော မရမ္မရဋ္ဌေ ဘိက္ခူနံ မာရေန္တိ သံဃဉ္စ ဗန္ဓန္တိ ၀ိဟေဌေန္တိ အက္ကောသန္တိ ပရိဘာသန္တိ ၊ သံဃော စဏ္ဍာနံ ရုဒ္ဓွါနံ ရဘသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇတိ ၊ အသမ္ဘောဂံ သံဃေန ကရောတိ ၊ ယဿာ ယသ္မတော ခမတိ ၊ စဏ္ဍာနံ ရုဒ္ဓွါနံ ရဘသာနံ ၀ိဟေသကာနံ အဒယာလုကာနံ မဟာစောရယောဓရာဇူနံ ပတ္တံ နိုက္ကုဇ္ဇနာ ၊ အသမ္ဘောဂံ သံဃေန ကရဏံ ၊ သော တုဏှဿ ၊ ယဿ နက္ခမတိ ၊ သော ဘာသေယျ။ ။

နိုက္ကုဇ္ဇိတော သံဃေန ၊ ခမတိ သံဃဿ ၊ တသ္မာ တုဏှီ ဧ၀မေတံ ဓာရယာမိ။

၃.၁၀.၂၀၀၉ သီတင်းကျွတ် လပြည့် သံဃာ့ ပ၀ါဏာ ပွဲနေ့တွင် ပ၀ါရဏာပြုရာ ကျောင်းတိုက် များတွင် သံဃာတော်များ စုပေါင်းညီညာ ရွတ်ဆိုကြမည့် မြတ်စွာ ဘုရားရှင်၏ ၀ိနည်းဥပဒေတော် ကမ္မ၀ါစာဖြစ်ပါသည်။

လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ။ ပရင်တာဖြင့် ထုတ်ပါ။ မိတ္တူကူးပါ။ ပရင်တာ မိတ္တူ မရှိက လက်ရေးဖြင့် ကူး၍ ကျောင်းတိုက်များသို့ ဆက်ကပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။


မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့ သာမဂ္ဂီအဖွဲ့



မှတ်ချက် ။ ။ http://deyea.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အိုးဝေဂျာနယ်၊ အမှတ်(၄)

အိုးဝေဂျာနယ်၊ အမှတ်(၄)
Oway No.4 Pcversion

အပြည့်အစုံ ဖတ်ရန် ...

အဖမ်းဆီးခံ ဒီမိုကရေစီသူရဲကောင်းများ အား အမြဲတမ်း အမှတ်ရနေရေး

အဖမ်းဆီးခံ ဒီမိုကရေစီသူရဲကောင်းများ အား အမြဲတမ်း အမှတ်ရနေရေး




မှတ်ချက် ။ ။ http://www.youtube.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...