Saturday, September 25, 2010

နယ်ကျော်ရင် ပစ်မည့် မွန်ပြည်သစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကိုဝိုင်း | မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသတွင်း နအဖတပ်များ ဝင်လာလျှင် ပစ်ခတ်ရန် အမိန့်ပေးထားကြောင်း မွန်စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ကောင်းရွတ် (ငြိမ်း)က ပြောသည်။

အပစ်ရပ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ သုံးရက်ကြာ အစည်းအဝေးအပြီး ပစ်မိန့် ထုတ်ခဲ့သည်။

“သတ်မှတ်ထားတဲ့ အခြေချ ဧရိယာ ၅ မိုင် ပတ်လည်ထဲကို အကြောင်းမကြားပဲ ဝင်လာရင်တော့ ပစ်လို့ အမိန့်ပေးထားတယ်” ဟု ဗိုလ်မှူးကြီး ကောင်းရွတ်က ဆိုသည်။

“လက်ဦးမှု ယူတဲ့သဘောနဲ့ အထက်ကို ပြန်မမေးနဲ့၊ သတင်းမပေးပဲ ဝင်လာရင် ကိုယ့်ကို ရန်ရှာတဲ့ သဘောဆိုတော့ ပစ်မိန့်ပေးတဲ့ သဘောပါ” ဟုလည်း ဆိုသည်။

အပစ်အခတ် ရပ်ရေး ဆွေးနွေးစဉ်က မွန်ပြည်နယ် ဂျိုင်းမြစ်ဘေး ကော့ဘိန်းရွာအနီးမှ မင်းရွာ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အင်းခွရွာ၊ ထားဝယ်ခရိုင် ထိုင်းနယ်စပ်အနီး ပင်းချောင်းဖျားရွာ စသည့် အခြေချဧရိယာ ၁၄ နေရာခန့် သတ်မှတ်ခဲ့သည်။ ယင်းရွာများအနီး ၅ မိုင် ပတ်လည်ကို မွန်ပြည်သစ် အပိုင်အဖြစ် ယေဘုယျ နယ်စပ်သတ်ထားသည်။

အင်အား ၇,ဝဝဝ ကျော်ရှိ မွန်ပြည်သစ်ပါတီနှင့် ၁၉၉၅ တွင် အပစ်ရပ်စဲရေးဆွေးနွေးစဉ်က မပါသည့် နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲရန် စစ်အစိုးရ အဆင့်ဆင့် ဖိအားပေးမှုကို အာခံသဖြင့် အရှေ့တောင်တိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်သက်နိုင်ဝင်းက လက်နက်မစွန့်လျှင် သောင်းကျန်းသူအဖြစ် သတ်မှတ်မည်ဟု ယခုလဆန်းက ခြိမ်းခြောက်ခဲ့သည်။

မွန်ပြည်သစ်က နအဖ၏ ဖိအားပေးမှုများကို တခုမှလက်မခံပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းလိုပြီး နောင်တက်လာမည့် အစိုးရနှင့်ဆက်စကားပြောသွားမည်ဟု တုံ့ပြန်ထားသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း လက်မခံပေ။

ယင်းနောက်ပိုင်း စစ်အစိုးရဘက်မှ မွန်ပြည်သစ်ဘက်က ခရီးသွားလိုလျင် အကြောင်းကြားရမည်ဟု တင်းကျပ်လာသောကြောင့် စစ်ရေးသံသယဖြင့် ယခုကဲ့သို့ ပစ်မိန့်ပေးရကြောင်း အငြိမ်းစား မွန်ဗိုလ်မှူးကြီးက ပြောသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးများ၌ ခရိုင် ကော်မတီဝင်နှင့် ရုံးအကူ အချို့သာရှိပြီး ကျန်ရုံး အဖွဲ့သားများကို “ပြန်ရုပ်” ထားပြီး ဖြစ်သည်။

မွန်ပြည်သစ် နယ်မြေတွင် ‘ရေး’ အခြေစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်း ၁ဝ ရင်း၊ သထုံ အခြေစိုက် အမြောက်တပ်မ ၆ဝ၆ လက်အောက်ခံတပ်ရင်း ၅ ရင်းရှိသော်လည်း ထူးခြားသည့် လှုပ်ရှားမှု မရှိသေးဟု သိရသည်။

စစ်အစိုးရက အပစ်ရပ် အဖွဲ့များကို ၂ဝဝ၈ ဧပြီမှစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သော်လည်း အပစ်ရပ် ၁၇ ဖွဲ့မှ ကချင်ပြည်နယ် အထူးဒေသ (၁)-NDAK၊ ကယားပြည်နယ်အထူးဒေသ (၁)-ကလလတ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁)-ကိုးကန့် ကဲ့သို့ အဖွဲ့ငယ်များသာ ပြောင်းသွားခဲ့သည်။

KNU ခွဲထွက် DKBA မကြာမီက အသွင်ပြောင်းသွားသော်လည်း အင်အားကောင်းသည့် ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ် UWSA ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မွန်ပြည်သစ် ပါတီတို့ကို မပြောင်းလဲနိုင်သေးပေ။

နအဖက KIO အဖွဲ့ဝင်များ ခရီးသွားလိုလျှင် ခွင့်ပြုချက် ကြိုတင်ယူရမည်ဟု ကန့်သတ်လိုက်သကဲ့သို့ KIO ကလည်း နအဖတပ်များ ၎င်းတို့ နယ်မြေတွင်း ကြိုတင် အကြောင်းမကြားပဲ ဖြတ်ပါက ပစ်ခတ်ရန် အမိန့်ပေးထားသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Wai Hnin’s Jump For Freedom

Online fundraising

Please sponsor my bungee jump for Burma’s political prisoners

I am 21 years old and a refugee from Burma. I work as a Campaigns Officer for the Burma Campaign UK.

On Saturday 16th October 2010 at the O2 Arena in London I am doing a 160 feet bungee. I am scared of heights and I am fearful about the jump.

Wai Hnin

But my fear is nothing compared to what my father, Mya Aye, the more than 2,100 political prisoners in Burma and of course, Aung San Suu Kyi have gone through.

I want to raise money for the Burma Campaign UK so that we can campaign to free all political prisoners in the country. Please support me in my jump by sponsoring me now.

My father is in jail for trying to get freedom and democracy for his people. He was arrested over three years ago, at the start of the democracy uprising, which became known as the “Saffron Revolution”. He is serving a 65 year prison sentence because he wants what you and I want - democracy and freedom in Burma.

When I think of my father in jail I cry. I feel like I will never see him again. Like any daughter, I love my father – but I am also very proud of what he has done to stand up for the people of Burma.

My father, Mya Aye

That is why I am telling you my story and need to ask you to please to sponsor my jump for the Burma Campaign UK.

My father was one of the leaders of the democracy uprising in 1988 and he was in prison then for 8 years. He was in jail when I was born in 1989 and the first time I saw him was through iron bars in Insein prison. I was a little girl, just four years old.

I grew up without my father, and now I face the possibility of never seeing him again. I am determined not to let this happen. I know that together, we can work to free the prisoners if we can put enough pressure on the generals, but I need your help.

Thank you for your support.


Wai Hnin


source by :http://www.bmycharity.com

အပြည့်အစုံ ဖတ်ရန် ...

Friday, September 24, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကရုဏာ ကြီးမားကြောင်း ပြောဆို ရေးသားသူရှိ

NEJ | မြန်မာနိုင်ငံအတွင်း စစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ထောက်ခံပြောဆိုမှုများ တိုးပွားလာနေချိန်တွင် ပြည်တွင်းထုတ် ဂျာနယ်တခုမှနေ၍ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား နိုင်ငံသားများအပေါ် သေဒဏ်အတည်ပြုမပေးသည့် ကရုဏာကြီးမားသူ တဦးအဖြစ် ချီးမွမ်းရေးသားထားသည်။

စက်တင်ဘာ (၁၇) ရက်ထုတ် အတွဲ (၃)၊ အမှတ် (၃)၊ လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ မြတ်ခိုင်၏ တရားရှာထောင်မှာတွေ့ ဟူသည့် သတင်းဆောင်းပါးတွင် အကျဉ်းဦးစီးဌာန ညွှန်ချုပ်၏ ပြောစကားကို ကိုးကား၍ ရေးသားတင်ပြထားခြင်းဖြစ်သည်။

အဆိုပါ သတင်းဆောင်းပါးတွင် မြန်မာတနိုင်ငံလုံး၌ လက်ရှိ သေဒဏ်ကျ အကျဉ်းသား စုစုပေါင်း (၆၀၀) ကျော်ရှိကြောင်း၊ သို့သော် ယင်းသို့ သေဒဏ်ချမှတ်ခြင်းခံရသည့် အကျဉ်းသားများသည် အယူခံခွင့်၊ အသားနားခံစာ တင်ပြခွင့်ရှိပြီး အဆိုပါ အယူခံလွှာများမှာ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရောက်ရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီးက ယင်းအယူခံလွှာများကို တခုမှချမပေးဘဲ တင်ပြလာသည့်အမှုတွဲများကို ၎င်းထံတွင်သာ သိမ်းဆည်းထားကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် သေဒဏ်ပေး၊ ကြိုးပေးသတ်ခြင်းမျိုး သိပ်မရှိကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်ကို ရေးသားဖော်ပြထားသည်။

အကျဉ်းဦးစီးဌာန ညွှန်မှူးချုပ်က “ဒါတွေသည် နိုင်ငံသားတွေအပေါ်မှာထားတဲ့ နိုင်ငံတော်အကြီး အကဲရဲ့စေတနာ၊ မေတ္တာ၊ ကရုဏာ။ ဒါတွေနဲ့ ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့နိုင်ငံသားတွေအပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဘယ်လောက်ထိတောင် စောင့်ရှောက် ထားတယ်ဆိုတာ ပေါ်လွင် ထင်ရှားတယ်။ တနိုင်ငံလုံးမှာရှိတဲ့၊ ထောင်အသီးသီးမှာရှိတဲ့ သေဒဏ်ချမှတ်ခြင်းခံရတဲ့ အကျဉ်းသားပေါင်း (၆ဝဝ) ကျော်ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ကြောင့် အကျဉ်းဦးစီးဌာန ၀န်ထမ်းများပင်လျှင် ကြိုးပေးသတ်ခြင်းနှင့်ပတ်သက်၍ မကြားဝံ့သူများ အများကြီးရှိနေပြီး ကြိုးပေးသတ်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့်လူ မရှိသလောက်ဖြစ်သွားပြီဟုလည်း ၎င်းက ပြောဆိုထားသည်။

ထိုသို့ ဂျာနယ်ပါ ပြောကြားချက်နှင့်ပတ်သက်၍ တပ်မတော်အရာရှိဟောင်းတဦးဖြစ်သူ ရန်ကုန်မြို့ ပြည်တွင်းအခွန်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အခွန်ဦးစီးမှူးတဦးက “အကျဉ်းထောင်တွေထဲမှာ ကြိုးဒဏ်စီရင်လား မစီရင်လားတော့ မသိဘူး။ ကျနော် စစ်တပ်က အငြိမ်းစားမယူခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းကတော့ မော်လမြိုင် လေးထပ်ဈေးမှာ ရွှေဆိုင်ကိုသေနတ်နဲ့ဝင်ပြီး ဓားပြတိုက်တဲ့ ဒီကေဘီအေတပ်ထွက် တရားခံ (၃) ယောက်ကိုတော့ စစ်ခုံရုံးနဲ့ တရားစီရင်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာပဲ ကွတ်မျက်လိုက်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ ကြိုးဒဏ်မစီရင်တော့တာ ဟုတ်ကောင်း ဟုတ်နိုင်တယ်။ ဒါပေမယ့် စစ်ခုံရုံးနဲ့ သေဒဏ်ပေးပြီး ကွတ်မျက်လိုက်တာမျိုးတွေကိုတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်တာတွေရှိတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ စစ်တပ်မှ ပစ်သတ်မှုနှင့် ပတ်သက်၍လည်း အမေရိကန်ပြည်ထောင်စု မြန်မာသံရုံးတွင် သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပသတင်းမီဒီယာများသို့ ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ခရစ္စတီးကျွန်း (Cristie Island) ခေါ် ကျွန်းငယ်လေးတခုပေါ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉) ဦးနှင့် ထိုင်းရေလုပ်သား (၂၂) ဦးကို မြန်မာစစ်တပ်က ပစ်သတ်ခဲ့သည့် ကိုယ်တွေ့ဖြစ်ရပ်တခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေ သတင်းဌာနသို့ အသေးစိတ် ပြောကြားခဲ့ဖူးသည်။

ထိုသို့ပစ်သတ်ခံရသူများမှာ အဆိုပါကျွန်းပေါ်တွင် သစ်ခုတ်ဝါးခုတ်လုပ်နေသူများဖြစ်ပြီး ထိုကျွန်းပေါ်တွင် အရပ်သားများ မနေရဟုဆိုကာ ၎င်းတို့အား ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်က အဆိုပါနယ်မြေ၏ အဓိက တာဝန်ခံမှာ ဗိုလ်ချုပ်သူရမြင့်အောင်ဖြစ်ပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးဇော်မင်း ဖြစ်ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေသို့ ပြောကြားခဲ့သည်။

လျှစ်တစ်ပြက်ဂျာနယ်ကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကိုယ့်နိုင်ငံသားများ၊ ကိုယ့်တိုင်းရင်းသားများအပေါ် သနားကရုဏာ ကြီးမားခဲ့သူဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကြိုးပေးချမှတ်သည့်သေဒဏ် မရှိသလောက်ဖြစ်ကြောင်း ရေးသားထားသော်လည်း မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးရန်အတွက် ယမန်နေ့ စက်တင်ဘာ (၂၃) တွင် ပြင်သစ်နိုင်ငံက ထောက်ခံလိုက်သဖြင့် ယင်းအဆိုပြုချက်ကို ထောက်ခံသည့်နိုင်ငံပေါင်း (၁၀) နိုင်ငံ ရှိသွားပြီဖြစ်သည်။

အဆိုပါနိုင်ငံများမှာ ပြင်သစ်အပါအ၀င် အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ နယ်သာလန်နှင့် နယူးဇီလန်နိုင်ငံတို့ဖြစ်ကြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် အဓိက အဆိုပြုတိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံသို့ လူအခွင့်အရေးအခြေအနေများကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံ၌ လူမဆန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ စုံစမ်းပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၁၃)ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။


အပြည့်အစုံ ဖတ်ရန် ...

Thursday, September 23, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီးတဲ့နောက်


Photobucket
ရဲဘော်ဖိုးသံချောင်း | နအဖဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၉၇/၂၀၁၀ ဆိုတာကို ထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါပြီ။ မြန်မာပြည်နိုင်ငံရေး သဘောနဲ့ပြောရရင် ဒါဟာအင်မတန်အရေးပါတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေ နှစ်ပေါင်းနှစ်ဆယ်ကျော် တလျှောက်လုံး ကြံစည်နေတာကို အပြတ်အကောင်အထည်ဖော်ချလိုက်တာလို့ ပြောရမှာပါ။ သာမန်ကိစ္စမဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းကစပြီး လူထုရဲ့ ထောက်ခံမှု အများဆုံးရနေတယ်လို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို အာဏာနဲ့ဖျက်သိမ်းလိုက်တဲ့ အမိန့်ဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်နိုင်ငံရေးလောကကို ထူးထူးခြားခြား မရိုက်ခတ်ခဲ့ပါဘူး။

အကြောင်းနှစ်ခုကြောင့်လို့ ထင်ပါတယ်။ တခုက နအဖဟာ အနှေးနဲ့ အမြန်ဆိုသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းလိမ့်မယ်ဆိုတာ အားလုံးက တွက်ထားပြီးသား ဖြစ်လို့ပါ။ နောက်တခုကတော့ ဒါဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အလဲထိုးနိုင်မှာ မဟုတ်ဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ ဒီအထဲက နည်းနာရှာပြီး ပြန်ရုန်းထလာမှာပဲလို့ လူထုတွေက မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။

နအဖ ဘယ်လိုပဲ မောက်မာ-မောက်မာ သူတို့အင်မတန်ဝါကြွားလှတဲ့ ဒီရွေးကောက်ပွဲကို တပြည်လုံးမှာ မကျင်းပ နိုင်ကြောင်းကိုတော့ သူတို့ဝန်ခံလိုက်ရပါပြီ။ အဲဒါက အပစ်ရပ်ဒေသတွေမှာပါ။ သူတို့ မနိုင်နိုင်ဘူး သေချာတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးဆိုတာဟာ ဘယ်သူမှ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ နိုင်ရင်လည်းနိုင်ရမယ်၊ မနိုင်ရင်လည်း နိုင်ရမယ်လို့ လုပ်မရတဲ့ နေရာတွေမှာတော့ ဒီလိုပဲဖျက်သိမ်းမှာပါ။

ဘာပဲပြောပြော ရွေးကောက်ပွဲနီးလေ ကြပ်လေ၊ ကြမ်းလေ ဖြစ်မယ်လို့ ထင်ထားတဲ့အတိုင်း ရှင်းသထက်ရှင်းလင်းစွာ သရုပ်ပေါ်လာပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်ကိုင်ပြလိုက်တာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ စိတ်ကူးယဉ်လို့မရကြောင်း အားလုံးကိုထပ်ပြီး သတိပေးနေတာပါ။ ဒီချုပ်လို ဆန့်ကျင်သူတွေ အတွက် စစ်အာဏာရှင်တွေ ပေးသနားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီထဲမှာ စပေ့စ်လုံးဝမရှိကြောင်း ပြသလိုက်တာပါ။ ဒါ့အပြင် ဦးတူးဂျာတို့ကို ပါတီအနေနဲ့ရော လူတဦးချင်းအနေနဲ့ပါ ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာဟာလည်း အပစ်ရပ် အဖွဲ့ဆိုတာတွေကို နအဖအပေါ် စိတ်ကူးမယဉ်ကြဖို့ သတိပေးလိုက်တာပါပဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တချိန်မှာ သမိုင်းနဲ့ချည် ဖြေရှင်းရမယ့် ပြဿနာတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

ဒီလိုအခါမျိုးမှာ ဒီလောက်တောင် ညစ်ပတ်စုတ်ပဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ နအဖကိုယ်စား သဘောတရားဆရာကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတယောက်က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ နိုင်ငံရေး သူငယ်နာမစင်တာလို့ ရေးသားနေတာကို တွေ့ပါတယ်။ ဗိုလ်သန်းရွှေက အိမ်နီးနားချင်းက နိုင်ငံကြီးတွေကိုသွားပြီး မျက်နှာချိုသွေးနေတာနဲ့ တချိန်တည်းမှာ ဗိုလ်ခင်ညွန့် မွေးထားခဲ့တဲ့ အီးလစ် (elite) ဆိုတဲ့ လူတွေကလည်း နအဖအတွက် ကမ္ဘာလှည့် ကြော်ငြာမောင်းခတ်နေကြပါတယ်။ ပညာတတ်ဖောက်ပြန်တော့ သူများထက် ကဲတယ်ဆိုတာ အမှန်ပါပဲ။ ဒီလူတွေဟာ “နအဖကို ဆန့်ကျင်နေမယ့်အစား ကျနော်တို့နဲ့ လာဆွေးနွေးလှည့်စမ်းပါ” ဆိုတဲ့ အပြောမျိုးတွေလည်း လျှောက်ပြောနေကြပါတယ်။ အားနာစွာနဲ့ ပြောရရင် ဒီလိုပြောနည်းဟာ အင်တန်စော်ကားတာပါ။ နအဖဟာ ဘယ်သူနဲ့မှမဆွေးနွေးဘဲ အကြမ်းကိုင်နေတာကိုတော့ ဘာမှမပြောဘဲ နအဖက လိုက်ဖမ်း-လိုက်သတ်လို့ ရှောင်ထွက်လာရတဲ့လူတွေကို သူတို့က နားချပြမယ်လို့ ဆိုနေတာပါ။ သူတို့အပြောဟာ နအဖကို နာကြည်းစွာ ဆန့်ကျင်နေတဲ့လူတွေကို ဘယ်လိုမှ ဆွဲဆောင်လို့မရဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ဒီကြားထဲကပဲ သူတို့တတွေ ဒါမျိုးတွေ လျှောက်ပြောနေတာဟာ သူတို့ကို ထောက်ပံ့နေတဲ့ ဒိုနာတွေ (donor) နဲ့ နအဖကို သိစေချင်လို့ ဖြစ်ပါတယ်။

အရည်မရအဖတ်မရ၊ သတင်းစာမျက်နှာဖုံးမှာ ၀ါဒဖြန့်ဖို့လောက်သာ အဖြေပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ ဆွေးနွေးပွဲတွေဆိုတာဟာ အခုဘာဖြစ်သွားပြီလဲ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ရော၊ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမလဲ။ အဲဒီဆွေးနွေးပွဲတွေကို နအဖက ဘာလို့လုပ်စေခဲ့တာလဲ။ တင်းမာမှုတွေ လျော့ပါးစေရေးအတွက်လား၊ အမျိုးသားသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရေးအတွက်လား။ ဗိုလ်သန်းရွှေတို့က တခါမှ ရေရေရာရာမပြောခဲ့ပါဘူး။ စကတည်းက ဒါဟာ အနောက်နိုင်ငံတွေရဲ့အာရုံကို ဆွဲဆောင်ဖို့နဲ့ လှည့်စားဖို့သာဖြစ်ကြောင်း လူတိုင်းသိခဲ့ကြပါတယ်။ ဒီနေ့ မြန်မာပြည်နိုင်ငံရေးဟာ အဲဒီအဆင့်ကိုကျော်လို့ “ရွေးကောက်ပွဲ” အနားကပ်လာတယ်ဆိုတော့ နအဖက လုပ်နေတာတွေကြောင့် နိုင်ငံရေးတင်းမာမှုတွေ လျော့ပါးစေမယ့် လက္ခဏာတွေ ပေါ်ထွက်လာပါသလား။ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် အားတက်စရာတွေ ပိုတွေ့လာရပါသလား။ အဖြေက ပြောင်းပြန်ပါ။

ဒီကာလထဲမှာပဲ တိုက်ဆိုင်လို့ပဲလား၊ တမင်ပဲလားမသိ၊ ပဲခူးမြို့ထဲမှာ အရပ်သား လူငယ် (၂) ယောက်ကို စစ်သားတွေက တမင်တကာ သေနတ်နဲ့ပစ်သတ်ပြီး တွေ့သမျှလူကို စိမ်ခေါ်တဲ့ကိစ္စတရပ်လည်း ဖြစ်ခဲ့ပါတယ်။ မိုးမှောင်တဲ့ညမှာ ငှက်ဆိုးထိုးသံ ကြားလိုက်ရသလိုပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နအဖက သူ့ လူတွေနဲ့ သူတို့ရဲ့ ခါးပိုက်ဆောင်တပ်ကို ပြောင်ကာကွယ် ပြောဆိုသွားသလို နအဖရဲ့ ဒီမိုကရေစီအောက်က မီဒီယာများကလည်း ပြောင်ပဲ နှုတ်ပိတ်၊ လက်ဆွံ့ နေပြခဲ့ကြပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲမတိုင်မီ နအဖလုပ်နေတာတွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ ပေါ်ထွက်လာမယ့်အစိုးရဟာ ပိုပျော့ပျောင်းမယ်၊ မတူတဲ့လူတွေနဲ့ အပေးအယူတွေ ပိုလုပ်လာမယ်လို့ ယူဆစရာရှိပါသလား။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တော့ တင်ခွင့်ပေးပါရဲ့။ သူတို့မကြိုက်တာကို မပြောရ၊ မရေးရ၊ မလုပ်ရဆိုလို့ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရတာပဲဖြစ်မှာပါ။ အခု နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ အဲဒီရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အဖွဲ့တွေ၊ လူတွေထဲက ဘယ်သူကများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စာနာသံ၊ နအဖကို မကျေနပ်သံတွေ ဖော်ပြရဲလို့လဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ပြောရရင်တော့ ကိုယ့်ပြည်သူလူထုမှတပါး အခြားအားကိုးစရာမရှိပြီဆိုတာ ပိုလို့၊ ပိုလို့ ထင်ရှားသွားပါပြီ။ မဖြစ်နိုင်တဲ့၊ အကောင်အထည်မရှိတဲ့ အကောင်းမြင်စိတ်တွေကို စွန့်ပစ်ပြီး လက်တွေ့အကျပ်အတည်းကို ရင်ဆိုင်ကြရပါတော့မယ်။ မကူးနိုင်ရင် မြုပ်သွားနိုင်တဲ့ အခြေအနေဖြစ်လာပါပြီ။ ဒီလိုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုထဲကို ဖြန့်ဆင်းဖို့၊ ပြည်သူလူထုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံ ထောက်ခံကြဖို့ အထူးလိုအပ်လာပါပြီ။

မြန်မာပြည်ရဲ့ နိုင်ငံရေးသွင်ပြင်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အရိပ်အရောင်တွေ ပြနေပါတယ်။ အကောင်းဘက်ကို ပြောင်းတာဖြစ်မလား၊ အဆိုးဘက်ကို ပြောင်းတာဖြစ်မလား ဆိုတာကတော့ ပါဝင်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, September 22, 2010

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကျောင်းသား လူငယ်များ၏ လှုပ်ရှားမှု

Photobucket ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား နေသော ကျောင်းသား လူငယ် အင်အားစု များ၏ ၂၀၁၀ ခုနှစ် နအဖ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၏ တတိယမြောက် လှုပ်ရှားမှု အဖြစ် LETTER CAMPAIGN လှုပ်ရှားမှုကို လွန်ခဲ့သည့် တပတ်ခန့်မှ စတင်ပြီး ပြုလုပ်ခဲ့ကြသည်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
စစ်တပ် အသွင်ပြောင်း ပါတီ ဖြစ်သော ကြံ့ဖွတ် ပါတီနှင့် နအဖ ပြုလုပ်မည် ဆိုသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို သရော် လှောင်ပြောင် ထားသော ပို့စကတ်များ ထည့်ထားသည့် စာအိတ်ပေါင်း တထောင်ကျော်ကို လွန်ခဲ့သည့် ဆယ်ရက်ခန့်ကတည်းက အဆိုပါ လူငယ် အင်အားစုများက ရန်ကုန်တိုင်း အတွင်းရှိ စာတိုက်ပုံး အသီးသီးမှ နေ၍ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့နယ် များသို့ ပို့ဆောင်ခဲ့ကြကြောင်း လှုပ်ရှားမှုတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား နေသော ကျောင်းသား လူငယ် အင်အားစုများ အဖွဲ့ဝင် လူငယ် တစ်ဦးထံမှ သိရှိ ရသည်။

ဖြန့်ဝေခဲ့သည့် ပို့စကတ်များတွင်
“ကြံ့ဖွတ်ကို မဲပေးရင် သံဃာတွေကို သတ်ဦးမှာပဲ”
“ကြံ့ဖွတ်ကို မဲပေးရင် ပြည်သူတွေ ငတ်ဦးမှာပဲ”
“၂၀၁၀ ရွေးကောက်ပွဲကို မဲပေးရင် ကျောင်းသားတွေ ထောင်ကျဦးမှာပဲ”
စသည့် စာသားများ ပါဝင်သည့်အပြင် ဘောင်းဘီချွတ် လူဝတ် ပြောင်း၍ ကြံ့ဖွတ် ပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ရောက် အရွေးခံရန် ပြင်ဆင် နေသော "ဦး" တပ် ခေါ်နေရသည့် စစ်ဗိုလ်ချုပ်ကြီးများကို သရော် လှောင်ပြောင် ထားသော ကာတွန်း ပုံများလည်း ပါဝင်ကြောင်း သိရှိရသည်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
“ကျွန်တော်တို့က ဒီ LETTER CAMPAIGN လှုပ်ရှားမှုကို ရွှေဝါရောင် တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် လှုပ်ရှား ပြုလုပ် ရခြင်း ဖြစ်ပါတယ်။ သံဃာတော်တွေ သွေးမြေ ကျခဲ့ရတဲ့ လက်သည် တရားခံကို မမေ့ကြဖို့နဲ့ အဲဒီ သာသနာ ဖျက်တွေ ကိုယ်တိုင်က ပုံစံ ပြောင်းပြီး ကျွန်တော်တို့ နိုင်ငံကို ထပ်မံ အုပ်ချုပ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတဲ့ လုပ်ကြံ ဇာတ်ကြီးကို ခင်းဖို့ ကြံနေပြီ ဆိုတာ ကျွန်တော်တို့ မြန်မာ ပြည်သူတွေ သတိပြုမိကြဖို့ အတွက် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ နောက်တခုက ပြည်တွင်းမှာပဲ ကျွန်တော်တို့လို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားနေကြတဲ့ တခြား ညီအစ်ကိုတော် အင်အားစု တွေကို အခု ဒီ LETTER CAMPIGN လှုပ်ရှားမှု ပုံစံမျိုးလိုပဲ ကိုယ့် ရဲဘော်တွေရဲ့လုံခြုံရေးကို မထိခိုက်စေပဲ အစိုးရရဲ့ လုပ်ငန်း ယန္တယား ဖြစ်တဲ့ ဆက်သွယ်ရေး လုပ်ငန်းကို အသုံးချပြီး ကိုယ့် လှုပ်ရှားမှု ဖြစ်မြောက်အောင် ဆောင်ရွက် နိုင်တယ်ဆိုတဲ့ IDEA ကိုလဲ ပေးချင် ပါတယ်။ ဒီ LETTER CAMPIGN ကို လွန်ခဲ့တဲ့ ဆယ်ရက်က စတင် လှုပ်ရှား ခဲ့ကြတာ ဖြစ်ပြီး စာအိတ်တွေ ပေါ်က ပို့ရမယ့် လိပ်စာတွေ ကိုတော့ ရန်ကုန် လမ်းညွှန်လို စာအုပ်မျိုးနဲ့တခြား ဂျာနယ် တချို့က ရပါတယ်။ ကျွန်တော်တို့ အဓိကထား ပို့တာ ကတော့ မြန်မာနိုင်ငံ အရပ်ရပ်က လုပ်ငန်းရှင်တွေ၊ အစိုးရရုံး တွေကိုပါ။ ဒီလှုပ်ရှားမှုရဲ့ပစ်မှတ် ကတော့ အလုပ်သမား လူတန်းစားနဲ့အောက်ခြေ အစိုးရ ၀န်ထမ်းတွေပဲ ဖြစ်ပါတယ်" ဟု အထက်ပါ လူငယ်က ပြောကြား သွားပါတယ်။

ရွှေဝါရောင် တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ LETTER CAMPIGN လှုပ်ရှားမှုကို ပြုလုပ် ခဲ့သော ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှား နေသော ကျောင်းသား လူငယ် အင်အားစုများ သည် လွန်ခဲ့သည့် လ ကလည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပထမ လှုပ်ရှားမှု အဖြစ် ရန်ကုန်တိုင်း အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက် အသီးသီးသို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်များ ဖြန့်ဝေခဲ့ကြပြီး၊ ဒုတိယ လှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ဆယ့်တစ်မြို့နယ်၏ လမ်းမများ ပေါ်တွင် ရွေးကောက်ပွဲ မဲမပေးရေး စတစ်ကာများ ကြဲဖြန့်ခဲ့သည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး တနင်္ဂနွေလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး ယခု တတိယ လှုပ်ရှားမှုအဖြစ် LETTER CAMPIGN ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားနေသော ကျောင်းသား လူငယ် အင်အားစုများ

အပြည့်အစုံ ဖတ်ရန် ...

ဒဂုံ နှင့် မှော်ဘီ တက္ကသိုလ် ကျောင်းသားများအား ဥပဒေမဲ့ ဖမ်းဆီးထားခြင်း အပေါ် သဘောထား ထုတ်ပြန် ကြေငြာချက်

Photobucket

အပြည့်အစုံ ဖတ်ရန် ...

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။




ယနေ့ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အမှတ်(၁၄) နွယ်နီလမ်း စောရန်ပိုင် တောင် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်တွင် ဒီမိုကရေစီ အင်အားစု များစွာဖြင့် ကျင်းပ ခဲ့ပါသည်။ နံနက် (၁၀) နာရီ အချိန်တွင် ပင့်ဖိတ် ထားသော ဆရာတော် သံဃာတော် အရှင်သူမြတ် (၅) ပါးမှ (၅)ပါး သီလပေးပြီး၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ် ပရိတ် တရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ် ချီးမြှင့်တော် မူခဲ့ကြပါသည်။

ထို့နောက် ဆရာတော် အရှင်သူမြတ်များကို ကိုလူမော်လတ်၊ မ၀င်းမော်ဦး(၈၈ကျဆုံး)၏ အဖွား ဒေါ်နီနှင့် NLD ပါတီဝင်များက လှူဖွယ် ၀တ္ထုနှင့် သင်္ကန်းများကို ဆက်ကပ် လှူဒါန်း ခဲ့ပါသည်။ ဒီမိုကရေစီ တိုက်ပွဲ အတွင်း ကျဆုံး သွားကြ ကုန်သော ရဟန်းရှင် လူ၊ ကျောင်းသား/သူ အပေါင်းကို အမျှ ပေးဝေပြီး၊ မြန်မာနိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင် များ၌ မတရား ဖမ်းဆီး အကျဉ်း ချထားခြင်း ခံနေရသော ရဟန်း သံဃာတော်များ၊ နိုင်ငံရေး သမားများနှင့် ကျောင်းသား လူငယ် မျိုးဆက်သစ် များကို အမြန် လွတ်ငြိမ်း ချမ်းသာ ရပါစေခြင်းငှာ ဆုတောင်း မေတ္တာ ပို့သ ခဲ့ကြပါသည်။ အဲ့ဒီ နောက်မှာတော့ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြပါသည်။ ကြွရောက် လာကြသော ဒီမိုကရေစီ အင်အားစု ဧည့်ပရိတ်သတ်ကို ကြက်သား၊ ၀က်သား၊ ငါးဟင်း၊ အသီးအရွက် အစိမ်းကြော်များ၊ ငါးပိကြော်၊ တို့စရာ မျိုးစုံတို့ဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေး ခဲ့ပါသည်။

အဆိုပါ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဆွမ်းကျွေး ကပ်လှူပွဲ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌကြီး ဘဘ ဦးတင်ဦး၊ ဒေါက်တာ မျိုးအောင် (NLD ရန်ကုန်တိုင်း စည်းရုံးရေးမှုး)၊ ရဲရဲတောက် ဦးသိန်းအောင်(ရွှေပြည်သာ)၊ ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော်နှင့် NLD ပါတီ (အင်္ဂါဝတ်ပြု ဆုတောင်း အဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး(၈၈ ကျဆုံး)၏ အဖွား ဒေါ်နီနှင့် သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘ ဦးအုန်းမောင်၊မမာမာဦးNLD ပါတီဝင်(ဗန်းမော် အကျဉ်းထောင်၌ ထောင်ကျနေသူ)၏ ဖခင်ဦးသိန်းမောင်၊ ဒေါ်ရှု NLD၊ ကျောက်တန်း မြို့နယ် NLD ပါတီ ဥက္ကဌနှင့် ပါတီဝင်များ၊ စမ်းချောင်း မြို့နယ် NLD ပါတီ ဥက္ကဌ ဦးသက်ဝေနှင့် ပါတီဝင်များ၊ ရှေ့နေလေး ကိုဖိုးဖြူ (အလုပ်သမား အကျိုးဆောင်)၊ ကြည့်မြင်တိုင် မြို့နယ် NLD ပါတီဝင်များ၊ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှု အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း NLD အမျိုးသမီး အဖွဲ့များနှင့် အခြားသော ဒီမိုကရေစီ အင်အားစုများက တက်ရောက် ချီးမြှင့် အားပေး ခဲ့ကြပါသည်။ ထို့နောက် အလုံမြို့နယ် NLD လူငယ် ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာ တစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေခြင်း အတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့ လွှတ်ပေးခဲ့ပါသည်။ ယင်း အပြည်အပြည် ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပွဲတွင် ရဲရဲတောက် ဦးသိန်းအောင်(ရွှေပြည်သာ)က (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူ ကူပါမှလေး) အမည်ရှိ ကဗျာကို လည်းကောင်း၊ ကဗျာဆရာ ဦးသူရဇ္ဈာန် က(ငြိမ်းချမ်းရေး တမန်တော်) အမည်ရ ကဗျာကို လည်းကောင်း၊ ကဗျာဆရာ ဘုန်းကျော်မှ (ပြည်သူတွေကို ညှာတာပါ) အမည်ရ ကဗျာ(၃)ပုဒ် ရွတ်ဖတ်ပြီး ဂုဏ်ပြု ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ကျင်းပရခြင်း အကြောင်းနှင့် ပတ်သက်ပြီး ၄င်းပွဲကို ဦးစီး ကျင်းပ ပြုလုပ်သူ ကိုလူမော်လတ်ကို အနည်းငယ် မေးမြန်း ခဲ့ပါတယ်။

BP ။ ။ ကိုလူမော်လတ် ခင်ဗျား၊ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းနေ့ အထိမ်းအမှတ်ပွဲကို ဘယ်လို ရည်ရွယ်ချက်နဲ့ ကျင်းပ ပြုလုပ်ခဲ့တယ် ဆိုတာလေး သိပါရစေ။

ကိုလူမော်။ ။ ဟုတ်ကဲ့ ကျွန်တော် ဒီ ငြိမ်းချမ်းရေး ပွဲလေးကို အကြောင်းမဲ့၊ ရည်ရွယ်ချက် မရှိပဲ လုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူတွေ၊ မြန်မာပြည် အတွင်းမှာ ရှိနေကြတဲ့ ပြည်သူ ပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့ အားလုံးရဲ့ အမေလို့ သတ်မှတ်ပြီး ဒီမိုကရေစီ လမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ မြန်မာ နိုင်ငံ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင် တွေမှာ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်ရင်း အကျဉ်းချ ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက် ငြိမ်းချမ်း စေချင်တဲ့ ဆန္ဒနဲ့ သံဃာတော်တွေကို ပင့်ဖိတ် ဆွမ်းကပ် လှူပြီး မေတ္တာပို့သ၊ အမျှ ပေးဝေ ချင်လို့ပါ။

ကျွန်တော့် အဖေလည်းခု ဗန်းမော် ထောင်မှာ အနှစ်(၂၀) အကျဉ်းချ ခံထားရပါတယ်။ ကျွန်တော့် အဖေက အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့် အဖေဆီတောင်၊ ထောင်ဝင်စာ သွားမတွေ့ ရသေးပါဘူး။ ကျွန်တော် ပြောချင်တာက ခုလက်ရှိ အုပ်ချုပ်နေတဲ့ နိုင်ငံတော် လူကြီးများကို အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးပါလို့ တောင်းဆို ပါတယ်။ သူတို့တွေက အကြမ်းဖက်သမားတွေလည်း မဟုတ်၊ နိုင်ငံတော်ကို လုပ်ကြံ ကြတဲ့ သူတွေလည်း မဟုတ်ဘူး၊သူပန် သူကန် တွေလည်း မဟုတ်ပါဘူး။ ကျွန်တော့် ဆန္ဒက ထောင်ချ ထားခံရတဲ့သူတွေ အမြန်ဆုံး ပြန်လွတ်ပြီး မိသားစုတွေနဲ့ နွေးထွေးစွာ ပြန်လည် တွေ့ဆုံစေ ဆန္ဒပါ။ ကျွန်တော်တို့ မိသားစုလည်း တကွဲတပြား ဖြစ်နေတော့ ကျွန်တော် ကိုယ်တိုင် ခံစားနေရတာကို စာနာပြီး သူတို့တွေ အတွက်၊ အားလုံး အတွက် ရည်ရွယ်ပြီး ကျင်းပ ခဲ့တာပါဗျာ။

(ကိုလူမော်လတ်ဟာ သူ ရေစက် ချနေစဉ် ဘဘ ဦးတင်ဦး ရောက်လာချိန်မှာ မျက်ရည်တွေ၊ တွေတွေ ကျခဲ့သလို၊ ကျွန်တော် အင်တာဗျူးနေစဉ်မှာလည်း မျက်ရည်များ ကျခဲ့ပါတယ်။မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး အမြန် ငြိမ်းချမ်းမှု ရပါစေလို့ ကျွန်တော် ဒီနေရာကပဲ ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ်။)

လေးစား ဦးညွှတ်လျှက်
Burma Paparazi

အပြည့်အစုံ ဖတ်ရန် ...

Tuesday, September 21, 2010

၁၆ကြိမ်မြောက် ABMA ဂျာနယ်

အပြည့်အစုံ ဖတ်ရန် ...

ငြိမ်းချမ်းရေးနေ့ ရခိုင် ၄ မြို့နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူပ်ရှားမှု ပေါ်ပေါက်

နိရဉ္စရာ| စက်တင်္ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ရခိုင်ပြည်နယ်မှ မြို့နယ် လေးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက် စာတန်း ဖြန့်ဝေသည့် လူပ်ရှားမူ တခု ပေါ်ပေါက် ခဲ့သည်။

မောင်တောမြို့မှ ကျောင်းဆရာမ တစ်ဦးက “စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ကျွန်မတို့ နေထိုင်တဲ့ မောင်တောမြို့မှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ မောင်တောမှာ ဆိုရင် နေရာတိုင်းမှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်တွေကို ကပ်ထားတာကို တွေ့ရပါတယ်။ စာရွက်တွေမှာ ငြိမ်းချမ်းရေး ချိုးငှက်ပုံနဲ့ စာတန်းတွေ ရေးထား တာကို တွေ့ရပါတယ်” ဟု ပြောသည်။

မောင်တောမြို့တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ဖြန့်ဝေသော စာရွက် စာတန်းများကို အစိုးရရုံး အပြင် အုတ်နံရံများ၊ သစ်ပင်များနှင့် လျှပ်စစ် မီးတိုင်များတွင် ကပ်၍ တွေ့ရသည်ဟု သူမက ပြောသည်။

“ကပ်ထားတဲ့ စာရွက်တွေမှာ ရေးသားထားတာကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ကြ။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဆိုတဲ့ စာတန်းတွေ ရေးသားထားတာကို တွေ့ရပါတယ်။ ကွန်ပျူတာနဲ့ ကျကျနန ရေးသားပြီး အဲဒီစာရွက် တွေကို မောင်တောမြို့ တစ်ခုလုံးမှာ ကပ်ထားတာကို တွေ့ရပါတယ်” ဟု သူမက ဆက်ပြောသည်။

နံနက် ၉ နာရီ အချိန်ထိ အဆိုပါ စာရွက်များကို မောင်တော သပြေလမ်းတွင် တွေ့မြင်ရပြီး နောက်ပိုင်းတွင် ရဲနှင့် နစက တပ်ဖွဲ့များ ရောက်ရှိလာပြီး စာရွက်များကို ဆုတ်ဖြဲပစ်ပြီး အချို့ကိုရဲစခန်းသို့ ယူဆောင်သွားကြသည်ဟု သိရသည်။ မောင်တော အမှတ် ၄ရပ်ကွက်မှ အရပ်သား တစ်ဦးကလည်း “ခုလို စာရွက်စာတန်းတွေ မြို့တစ်ခုလုံး အနှံ့ကပ်တာကတော့ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ စာရွက်တွေဆိုတော့ မြို့လူထုကတော့ စိတ်ဝင်စားကြပါတယ်။ ပြီးတော့ မောင်တောက ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ခြင်္သေ့တံဆိပ်မှာလည်း ဆံမွေးနဲ့ မဟုတ်တော့ဘဲ မုတ်ဆိတ်မွေး ပေါက်နေတဲ့ အတွက် လူတွေက တော်တော့ကို အံ့သြနေကြပါတယ်။ ခုလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်တွေကို မောင်တောမှာ ကပ်တော့ လူတွေက ဒီအကြောင်းကိုဘဲ ပြောနေကြတာပါဘဲ” ဟု ပြောသည်။

ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတန်းများကို မြို့ အနှံ့တွင် ကပ်ထားသဖြင့် ယခုအခါ အာဏာပိုင်များက အဆိုပါ စာများကပ်ထားသူများကို အပူတပြင်း လိုက်လံ စုံစမ်း ရှာဖွေနေကြောင်း သိရသည်။

source by : http://www.narinjara.com

အပြည့်အစုံ ဖတ်ရန် ...

တပ်ပြေးမှုဖြင့် ဖမ်းထားသူ စစ်ဆေးစဉ် သေဆုံး

Photobucket RFA | ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ စစ်တပ်က ထွက်ပြေးသူ တပ်သားတဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။ တပ်သား သေဆုံးကြောင်း စစ်တပ်က အကြောင်းကြားလာတဲ့ အတွက် အခုလို သိရတာလို့ မိသားစုက ဆိုပါတယ်။

မြန်မာ စစ်အစိုးရ၏ တပ်မတော်တံဆိပ်ကို စစ်ဦးထုပ်တွင် တပ်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိသားစုအပါအဝင် ကျေးရွာခံတွေလည်း မကျေနပ်ကြဘူးလို့ သိရပါတယ်။

ကိုချစ်စမ်းမောင် တပ်က ထွက်ပြေးပြီး ပုန်းအောင်းနေစဉ် သူ့ဇာတိရွာကို စစ်တပ်ကလာ စစ်ဆေးစဉ် ကျောင်းကုန်းမြို့အပိုင် ပေါက်ဆိန်ဘက်ဘုန်းကြီးကျောင်းမှာ မိခဲ့တာပါ။ ကိုချစ်စမ်းမောင်နဲ့ ဆွေးမျိုး တော်စပ်သူတဦးက ခုလိုပြောပါတယ်။

“ဒီကလေးက အသက် ၂၅ နှစ်။ အဲ သူ ဖမ်းလာတဲ့အချိန်မှာ ကျန်းမာရေးလည်း ကောင်းတယ်။ အဲဒါ တပ်ထဲကို ၂၉ ရက်နေ့ အဖမ်းခံရပြီးတော့ ၂ ရက်နေ့ ၉ လပိုင်း ၂၀၁၀ မှာ မနက် ၇ နာရီခွဲမှာ သေဆုံးတယ် ဆိုပြီးတော့ တပ်ရင်းက ဟို စာနဲ့ပေါ့၊ ကျေးရွာ ဥက္ကဋ္ဌကို အကြောင်းကြားတာ။”

အကြောင်းကြားစာရရှိတဲ့ ကျေးရွာဥက္ကဋ္ဌ ကိုယ်တိုင် ဒီကိစ္စကို ကျေနပ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

“မကျေနပ်ကြဘူး၊ အခုလို ဆုံးသွားတာကို၊ ဘာဖြစ်လို့လဲဆိုတော့ ကျေးရွာဥက္ကဋ္ဌ ကိုယ်တိုင် ဟို စိတ်မကောင်း ဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ အေးအေးဆေးဆေးနဲ့ ပြီးသွားမယ် ဆိုပြီးတော့ ဟို လက်ထောက်ချလိုက်တာပေါ့။ ဖမ်းလို့ရပါတယ် ဆိုပြီးတော့ လက်ထောက်ချလိုက်တော့ အဲဒီက တပ်က ဗိုလ်ကြီးက သွားဖမ်းတာ။ အခု ဒီလိုလည်း ဆုံးသွားရော အဲလို ဖမ်းပေးတာ မှားသွားတယ် ဆိုပြီးတော့ စိတ်မကောင်း ဖြစ်ကြတာ။”

တပ်က ကျေးရွာဥက္ကဋ္ဌထံ ပေးပို့တဲ့ စာမှာ သေဆုံးတာနဲ့ ပတ်သက်ပြီး ယားနာကတဆင့် ကူးစက်ရောဂါ ကူးလို့ သေဆုံးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ တပ်သား ချစ်စမ်းမောင်ဟာ ခလရ ၃၆ က ကိုယ်ပိုင်အမှတ် တ၂၅၉၆၇၆ ဖြစ်ပြီး ကျုံပျော်အပိုင် မိချောင်းအိုင်ရွာကပါ။ အဖ ဦးစံလေးနဲ့ မိခင်က ဒေါ်မြင့်မြင့် ဖြစ်ကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA ၀ိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ် မေးမြန်း တင်ပြ ထားပါတယ်။

နားဆင်ရန်
Photobucket

source by :http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Monday, September 20, 2010

ဗိုလ်ချုပ်မှူးကြီးစောမောင်ကို န၀တဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခဲ့ကြစဉ်က ……

Photobucket VOA |၁၉၈၈ စက်တင်ဘာ(၁၈)ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်၊ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကြားက အာဏာလွန်ဆွဲမှုတွေ နဲ့၊ ၁၉၉၂ ဧပြီလမှာ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျန်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေကို၊ အပိုင်းနှစ်ပိုင်းခွဲပြီး၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ၊ ဦးအောင်လင်းထွဋ်ရဲ့ပြောစကား နောက်ဆုံးအပိုင်းကို ဦးရော် နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ် ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးတင်ဦးပေါ့နော်၊ နောက်ပိုင်းမှာတော့ ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးပေါ့၊ ဘယ်သူ့လူပါလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးစောမောင် လူ လား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လူလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်ခါမှာ စစ်ရုံးမှာရှိတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး၊ နောင် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပေါ့လေ။ နောက်တစ်ယောက်က (ဒုတိယ) ဗိုလ်မှူးကြီးခင်မောင် သန်း (စစ်ဦးစီးမှူး - ပထမတန်း) G-1 ပေါ့။ အဲဒီအချိန်အခါမှာ၊ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကော၊ ဗိုလ်မှူးကြီးခင်မောင်သန်း (နောင် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင် သန်း) ကိုကော ကြည့်မရပါဘူး။ ကြည့်မရတဲ့ အကြောင်းရင်းကလည်း အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အင်မတန်မှ closed ဖြစ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ် တယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးစောမောင်က “တင်ဦးကို ငါ စစ်ရုံး မှာ မမြင်ချင်ဘူး” ဆိုတဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးတင်ဦးက ဘယ်သူမှ ရာထူးမပေးဘဲ နဲ့ သူ့ကိုယ်သူ ကစထမှူး (ကစထမှူး= ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆင်ရေးအထူးအဖွဲ့မှူး။ စစ်တိုင်းများ နှင့် အရပ်ဘက် တိုင်းနှင့်ပြည်နယ် အုပ်ချုပ်ရေးများကို တိုင်းမှူးများအထက်မှ ကွပ်ကဲရသောစစ်ရာထူး) ဆိုပြီး တော့မှ ကရင်ပြည်နယ်ဘက်ကိုသွားပြီးတော့မှ ရှောင်နေရတဲ့ အနေအထားမျိုးရှိပါတယ်။ နောက်တစ်ယောက်က ဗိုလ်မှူးကြီးခင်မောင်သန်း၊ သူဆိုရင်လည်း စစ်ဦးစီးဗိုလ်မှူးကြီး (ကက(ကြည်း) စစ်ဆင်ရေးဌာန G-1 ကနေ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း) အဖြစ် ရာထူးတက်ခဲ့ပြီးနောက်) ကနေ၊ “မင်းသွား ခင်မောင်သန်း၊ တပ်မ(၅၅)ဒုတပ်မမှူး” ဆိုပြီးတော့မှ မောင်း ထုတ်လိုက်ပါတယ်။ အဲဒီအချိန်အခါတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပြောပိုင်ခွင့် မရှိဘူးပေါ့ဗျာ။ သူ့အထက်က ဦးစီးချုပ်ကလုပ်တယ်ဆိုတော့ သူက မကျေနပ်ပေမယ့် ငြိမ် ခံနေရတဲ့ အနေအထားမျိုးရှိပါတယ်။ ကျနော် ဘာဖြစ်လို့ အဲလိုပြောရသလဲဆိုတော့ ကျနော်တို့က ရန်ကုန်မှာ သင်တန်းနည်းပြအရာရှိပေါ့လေ၊ ဒီကကလှမ်း (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး) နဲ့တော့ အမြဲ သွားဟယ်လာဟယ် အဆက်အသွယ်ရှိတယ်။ ဗိုလ်ချုပ်ကြီးစောမောင်အနားမှာနေတဲ့ ဗိုလ်မှူးမြင့်ဦးတို့၊ ဗိုလ်မှူးခင်မောင်စိုး (ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကိုယ်ရေးအရာရှိများ) တို့ဆိုတာ ကျနော်တို့သူငယ်ချင်းတွေပါ။ ကျနော်တို့က အမြဲတမ်း ထိတွေ့ဆက်ဆံ ပြောဆိုနေကြတဲ့ အနေအထားမျိုး ရှိပါတယ်။ ကျနော် ကကလှမ်း ရောက်သွားတဲ့အခါကျတော့ ပိုသိရပါတယ်။

(ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း = "နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ" အဖွဲ့ဝင်အဖြစ်၊ အဆိုပါစစ်ကောင်စီ စတင်ဖွဲ့စည်းချိန် ၁၉၉၇ခုနှစ်မှ စတင်၍၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအနေနှင့် ပါဝင်လာခဲ့ပြီး၊ နောက်ဆုံး ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်တို့၏ စစ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို ကွပ်ကဲရသော ကစထ(၃ )၏ ကစထမှူး ဖြစ်ခဲ့သူ။ ၂၀၀၈ တွင် ကစထမှူး အဖြစ်မှ ဖယ်ရှားခံရပြီး "နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ"၀င် အဖြစ်မှပါ ၂၀၀၉ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အနားပေး ဖယ်ရှားခြင်း ခံခဲ့ရသူ)

ဦးရော်နီညိမ်း။ ။ ရွေးကောက်ပွဲကို တကယ်ပဲ တရားမျှမျှတတ၊ ရိုးရိုးသားသားနဲ့ လုပ်ပေးမယ်။ ပြီးလို့ရှိရင် တပ်မတော်ဟာ စစ်တန်းလျားကိုပြန်မယ် ဆိုတဲ့ရည်ရွယ်ချက်ဟာ၊ ဗိုလ်ချုပ်ကြီးစောမောင် အပါအ၀င် အားလုံးမှာ ရှိပါသလား။ သူ တစ်ယောက်ထဲမှာ ရှိတာလား၊ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်”ဟာ၊ (၈၃) ရာခိုင်နှုန်းလောက်နဲ့ အပြတ်အသတ် အနိုင်ရ သွားတဲ့အချိန်မှာ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်တို့ သုံးယောက် ပတ်လည်ကြားမှာ ဘယ်လိုဖြစ်လဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ဟာ တကယ့် ရိုးရိုးသားသား စစ်သားကြီးပါ။ သူတကယ် ပြောခဲ့တဲ့ စစ်တန်းလျားပြန်မယ်ဆိုတာ အမှန်ပါ။ ဗိုလ်ချုပ်ကြီးစော မောင်အနေနဲ့ ကလိမ်ကကျစ်လုပ်ပြီးတော့မှ ပြောတဲ့အနေအထားမျိုး မရှိပါဘူး။ ဗိုလ်ချုပ်ကြီးနေ၀င်း နေတဲ့ အေဒီလမ်းအရှေ့က အင်းလျားလေးစခန်းဆိုတာ ရှိပါတယ်။ သနက(၅) (ဗ မာ့သေနတ်ကိုင်တပ်ရင်း - ၅) တပ်ရင်းက၊ ဒေါက်တာမောင်မောင်ရဲ့သား အငယ်ရှိပါတယ်။ ဗိုလ်မှူးအောင်နိုင် ပေါ့၊ ကိုကျော်သူရဲ့ အငယ်ပေါ့လေ၊ သူနဲ့ကျနော် အဲဒီမှာ နှစ်လလောက် ကြာအောင် လုံခြုံရေး လုပ်ရပါ တယ်။ int. cover (intelligence cover = ထောက်လှမ်းရေးအကာအကွယ်) ပေးရတဲ့ အနေအထားမျိုးတွေ ရှိပါ တယ်။ အဲဒီမှာ လုံခြုံရေးလုပ်တဲ့ အ ချိန်ခါမှာ ဗိုလ်ချုပ်ကြီးစောမောင်ကော၊ ဗိုလ်မှူးကြီးခင်ညွန့်ကော ဗိုလ်ချုပ်ကြီးနေ၀င်းအိမ်ကို မကြာမကြာ အ၀င်အထွက်ရှိခဲ့ပါတယ်။ နောက်တခါ ကျနော် ဗိုလ်ချုပ်ကြီးသန်းရွှေ golfရိုက် တော့ အနီးကပ်လုံခြုံရေးလိုက်တဲ့ အချိန်အခါမှာ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်ချုပ်မောင်မောင်ခင် နဲ့ ဗိုလ်ချုပ်ဘုန်းမြင့် တို့ လေးယောက် ချက်ချင်းပဲ သူတို့ golfရိုက်တာ ကို ရပ်ပြီးတော့၊ သူတို့ golf clubကို ပြန်ပါတယ်။ golf clubရောက်ပြီးတော့မှ ဦးနေ၀င်းရဲ့ကား ယာဉ်တန်းဝင်လာပါတယ်။ ဘာလုပ်ရလဲဆိုတော့ အဲဒီအချိန်က ဦးနေ၀င်းကို ရန်ကုန် မြို့မှာ လမ်းမကြီး လေးသွယ် ဖောက်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ကျူတံထောက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးသန်းရွှေက ရှင်းပြခဲ့ရပါတယ်။ ဒါ ကျနော့်မျက်စိရှေ့မှာ ကျနော်တို့ ကိုယ် တိုင်လည်း ပါပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက အဲဒီအချိန်အခါထိ နောက်ကွယ်မှာ ရှိပါတယ်။

(ကိုကျော်သူ = အငြိမ်းစားဗိုလ်မှူးကြီး ဦးကျော်သူ (စစ်တက္ကသိုလ် အပတ်စဉ် (၁၃)၊ ၁၉၇၁ = လက်ရှိ ၀န်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ ဥက္ကဌ၊ နိုင်ငံခြားရေး ဒု-၀န်ကြီးဟောင်း၊ ကွယ်လွန်သူ သမ္မတဟောင်း နှင့်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌဟောင်း ဒေါက်တာမောင်မောင် ၏ သားကြီး)

(ဗိုလ်မှူးအောင်နိုင် - စစ်တက္ကသိုလ် အပတ်စဉ် (၁၆)၊ ၁၉၇၆ = ဒေါက်တာမောင်မောင်၏ သားငယ်)

(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ = ၁၉၈၈ အာဏာသိမ်းချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၂) ကစထမှူး နှင့် နောက်ပိုင်း သစ်တောရေးရာဝန်ကြီးဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင် = ၁၉၈၈ အာဏာသိမ်းချိန်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် နောက်ပိုင်း ဒုတိယ၀န်ကြီးချုပ်ဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် = ၁၉၈၈ အာဏာ သိမ်းချိန်တွင် စစ်ထောက်ချုပ် နှင့် နောက်ပိုင်း ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဟောင်း)

(ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ နှင့် ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့် တို့အား ၁၉၉၇ခုနှစ်တွင်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်မောင်ခင်အား ၂၀၀၁ ခုနှစ်တွင်လည်းကောင်း၊ ၄င်းတို့ ၏ ၀န်ကြီးအဖွဲ့ (Cabinet) အတွင်း နောက်ဆုံးရာထူးများမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖယ်ရှားအနားပေးခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဒီဟာက ၈၈၈၈ လူထုအုံကြွအရေးတော်ပုံကြီး နောက်ပိုင်းမှပေါ့ နော်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၈၉ - ၉၀၊ အဲလောက် ကာလပေါ့ လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင် ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီပြောသလို ပြောထားပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ် ဖြစ်လာတဲ့အခါ သူ pressure အများကြီး မိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူး ဗျ၊ အထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့ pressure လည်း များပါတယ်။ အထူးသဖြင့်တော့ န၀တအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည့်ပဲ လေ။ အဲဒီလူတွေက အဲဒီမှာ “ဘာလို့ အာဏာလွှဲပေးရမှာလဲ” ဆိုတဲ့ အတွေးအခေါ်မျိုး တော်တော် များများမှာ ၀င်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီအခင်းအကျင်းကို ကျနော်တို့ ကြည့်လိုက်တဲ့အခါကျတော့၊ ဒီ န၀တ ထိပ်ဆုံးက ခေါင်းဆောင်တွေထဲမှာ အနိုင်ရသွားတဲ့ NLD ကို အာဏာလွှဲ မပေးချင်တဲ့ အုပ်စုက တစ်စု၊ နောက်တခါ ဘယ်လိုပဲ ပြောပြော ငါတို့က စစ်သား၊ စစ်သားစကား တည်ရမယ်၊ အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ်ဆိုတာ ဗိုလ်ချုပ်ကြီးစောမောင် တစ် ယောက်ထဲ ဖြစ်နေတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီအချိန်ခါကျတော့ ခြံနှစ်ခြံ ဖြစ်နေတဲ့အထဲမှာ ဘယ်ခြံဘက်ကို ခုန်လိုက်သလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဟိုဘက်၊ ဆန့်ကျင်တဲ့ဘက်ကို ခုန်သွားတဲ့သဘောမျိုးဖြစ်ပါတယ်။ အဲဒီခြံထဲဝင်သွားတဲ့ အကြောင်းရင်းကလည်း ကိုရော်နီသတိထားမိပါလိမ့်မယ်။ အဲဒီအချိန်ခါမှာ အခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး”တို့ ဘာတို့၊ ဒါတွေက ဖြစ်လာတဲ့ အချိန်အခါမှာ “သူတို့ အာဏာတောင် မရသေးဘူး၊ အခုကတည်းက လာပြီးတော့၊ ဘာမို့လို့လဲကွ” ဆိုပြီး ဖြစ်ကြတာကိုး၊ အဲဒီအချိန်ကပေါ့ဗျာ။

(ဗိုလ်မှူးကြီးကြည်မောင်တို့ရဲ့ “နုရင်ဘတ် ခုံရုံး” = ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက်၊ ပါတီဥက္ကဌ တာဝန်ယူထားသည့် ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးကြီးကြည်မောင်က၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး နာဇီဂျာမန်ခေါင်းဆောင်များအား စစ်နိုင်မဟာမိတ်နိုင်ငံများက၊ ဂျာမဏီနိုင်ငံ နုရင်ဘတ်မြို့(Nuremberg) တွင် စစ်တရားခုံရုံးတင်ပြီး စစ်ဆေးအပြစ်ပေးသကဲ့သို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်၍ အစိုးရသစ်ဖွဲ့စည်းပြီးလျှင်၊ မြန်မာ့တပ်မတော်မှ စစ်ခေါင်းဆောင်တချို့အား၊ “နုရင်ဘတ် ခုံရုံး”ကဲ့သို့ ခုံရုံးတင်စစ်ဆေး အပြစ်ပေးတာတွေ လုပ်ကောင်းလုပ်ဘွယ်ရှိမည် ဟု၊ လူသိရှင်ကြား ပြောဆိုခဲ့သည့်ကိစ္စ)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ န၀တ အထဲမှာ နှစ်ခြမ်းဖြစ်သွားပြီလား။ နံပါတ်(၁)နဲ့ နံပါတ်(၁)မှတပါး ကျန်တဲ့လူတွေနဲ့ အဲလို သိသိသာသာ ဖြစ်သွားပြီလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ရွေးကောက်ပွဲ နောက်ပိုင်း၊ ပြီးကတည်းကိုက တပ်ထဲမှာ ဒီ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ သြဇာ၊ အာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ရံတဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှမရှိဘူး။ ဗိုလ်ချုပ်ကြီးစောမောင်က ရုတ်တရက်ကောက်ပြီး အာဏာယူလိုက်တဲ့အခါကျတော့ အာဏာတည်ဆောက်နိုင်တဲ့ အချိန်ကို မရဘူး။ တကယ် တော့ လက်ရှိရှိတဲ့လူတွေကို ဖြုတ်ပစ်ရမှာဗျ။ ဖြုတ်ပြီးတော့မှ အာဏာတည်ဆောက် လို့ရမယ်၊ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာမရှိဘူး၊ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရတဲ့ သဘောပါပဲ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒီအနေအထားမှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ကြစို့ ဆိုတာ ဘယ်လိုဖြစ်လာတာလဲခင်ဗျ၊ အားလုံးအတူတူ လက်ဝါးရိုက်ပြီး ဖြစ်လာတာလား၊ သို့မဟုတ် ဘယ်သူ့ အကြံအစည်နဲ့ ဘယ်လိုပါလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါတယ်ခင်ဗျ၊ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့ ဥနှောက်ဖောက်သွားတာလည်း မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးတော့ ရက်ရက်စက်စက်နဲ့ သူ့ကို မဖြုတ်သင့်ဘူး၊ ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ အရင်ဆုံး ဗိုလ်ချုပ်ကြီးစောမောင် မသိအောင် အရင် အင်္ဂလန်သံအမတ်ကြီး လုပ်သွားတဲ့ ဗိုလ်မှူးချုပ်ကျော်ဝင်း၊ အဲဒီအချိန်တုန်းက (တမ်မတော်) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ပါ။ သူက ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကျန်းမာရေးနဲ့ ပတ် သက်ပြီး briefing လုပ်ပေးရတယ်လို့ သိရပါတယ်။ တကယ့် အစည်းဝေးကြီးမှာ မဟုတ်ဘူး။ ကြိတ်ဝိုင်း ပေါ့ဗျာ။

ဦးရော်နီညိမ်း။ ။ စစ်ရုံးထဲမှာ အရင်စည်းရုံးရမှာပေါ့။ စစ်ရေးချုပ်တို့စစ်ထောက်ချုပ်တို့ အဲဒီ “ချုပ်”တွေနဲ့ ညွှန်ကြားရေးမှူးတွေနဲ့ သူတို့ယုံကြည်တဲ့လူ လက်တစ်ဆုတ်စာလောက် နဲ့ hint (သတင်းအရိပ်အမြွက်) ပေးတဲ့ သဘောလား ခင်ဗျ၊ ဒီပုဂ္ဂိုလ်ကြီးကိုတော့ ဖယ်ရှားတော့မယ်ဆိုတဲ့ ဟာကို။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ hint ပေးတဲ့ သဘောမျိုးပါပဲ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်ကြီးသန်းရွှေကို တင်ပြပြီးတော့မှ စီစဉ်တယ်လို့ ကျနော်တို့ သိရပါ တယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ၊ ဒီလိုဆိုရင်၊ အဲဒီအခါကတည်းက အပေးအယူ ဘယ်လိုလုပ်ထားသလဲ၊ ဗိုလ်ချုပ်ကြီးသန်းရွှေကို နံပါတ်(၁) ဖြစ်အောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ဖယ်ပြီးတော့ တင်ပေးမယ်။ တင်ပေးမယ်ဆိုတာ သူ ကလည်း သူ့အုပ်စုနဲ့ သူ့လူနဲ့ သူ့အခံတွေနဲ့ ရှိပြီးသား၊ သို့သော်လည်း သူနံပါတ်(၁) ဖြစ်သွားရင် ဗိုလ်ချုပ်ခင်ညွန့်ကို ဘယ်လိုဆိုတဲ့ အနေအထားမျိုးပေါ့၊ အပေးအယူသဘောမျိုး၊ အခု ပြန်စဉ်းစားကြည့်တဲ့ အခါမှာ။ ဗိုလ်မှူး ကြားသိသလောက်ပေါ့ အဲဒီအချိန်က။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ နှုတ်ကတိ အနေနဲ့ကတော့ ဘာမှ မရှိဘူးခင်ဗျ၊ ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ကတော့ မျှော်လင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီးသန်းရွှေ နံပါတ် (၁) ဖြစ်ရင်၊ သူ နံပါတ် (၂) ဖြစ်မယ်လို့ မျှော်လင့်တယ်၊ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ခင်ညွန့် အပိုင်းက ဘယ်လောက်ထိ လုပ်ပေးရသလဲဆိုတော့၊ နောက်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်ကို မဖြုတ်ခင်မှာ ထောက်လှမ်းရေးအရာရှိတွေ တပ်မတော်(လေ) လေယဉ်လေးတွေ PC လေးတွေနဲ့ တိုင်းတစ်တိုင်းကို တစ်ယောက် စာအိပ်တစ်အိပ်နဲ့ သွားရတယ်ဗျ။ သွားပြီးပေးတဲ့ အဲဒီ စာအိပ်လေးကို တိုင်းမှူးက ယူလာတဲ့ ထောက်လှမ်းရေးအရာရှိ ရှေ့မှာ ဖွင့်တယ်၊ ဖတ်တယ်၊ ဖတ်ပြီးတော့မှ တိုင်းမှူးရဲ့ သဘောထားပေါ့၊ သဘောတူလား မတူလား၊ အဲဒါကို မေးခိုင်းတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်တိုင်းက အဲဒီအချိန်က (၁၀) တိုင်းရှိတယ်နော်၊ မန္တလေးကို အဲဒီအချိန်တုန်းက နှစ်ပိုင်းခွဲ ပြီးသွားပြီ။

(၁၉၈၈ စစ်အာဏာသိမ်းချိန်တွင် စစ်တိုင်း (၉)တိုင်း သာရှိပြီး၊ ၈၈၈၈ လူထုအုံကြွမှုကြီး ဖြိုခွင်းခံရပြီး နောက်ပိုင်း ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မန္တလေး) အား နှစ်ခြမ်းခြမ်း၍၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ - မုံရွာ) ဟူ၍ ဖြစ်ပေါ်လာသည်။ ယခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - တောင်ငူ) မှ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ - တောင်ငူ) ဟု ဖြစ်လာခဲ့သည်။ ၁၉၉၇ နောက်ပိုင်းတွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ - တောင်ကြီး) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ - တောင်ကြီး) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ - ကျိုင်းတုံ) ဟူ၍ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ - မော်လမြိုင်) အား နှစ်ခြမ်းခြမ်း၍၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ - မော်လမြိုင်) နှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် (ကရခ - မြိတ်) ဟူ၍ ဖြစ်ပေါ်လာသည်။ ၂၀၀၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ - မန္တလေး) နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ - တောင်ငူ) တို့မှ ပျဉ်းမနား၊ လယ်ဝေး နှင့် တပ်ကုန်းမြို့နယ်တို့ အပါအ၀င် ငါးမြို့နယ်ကို ထုတ်နှုတ်ပြီး၊ အရပ်ဘက်အုပ်ချုပ်ရေးတွင်လည်း နေပြည်တော်တိုင်းဟု လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်လည်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) ဟု စစ်တိုင်းအသစ် ထပ်ဖွင့်ခဲ့သည်။ ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် စုစုပေါင်း စစ်တိုင်း (၁၃)တိုင်း ရှိသည်။နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ) အား ကာကွယ်ရေးဦးစီးချုပ်(ကြည်း) (ကက-ကြည်း) ရုံးမှ တိုက်ရိုက် ကွပ်ကဲပြီး၊ ကျန် စစ်တိုင်း (၁၂) အား ကစထ (၆)ခုမှ ကွပ်ကဲသည်။)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ တိုင်းမှူးရဲ့ သဘောထားကို ပြန်မေးခဲ့။ သဘောတူလား မတူလား။ ဒါဘဲ။

ဦးရော်နီညိမ်း။ ။ အဲဒီအချိန်က တိုင်မှူးတွေက န၀တ စဖြစ်တဲ့အချိန်က တိုင်းမှူးတွေလား။ နောက်တစ်သုတ် တက်လာတဲ့ တိုင်းမှူးတွေလား ခင်ဗျ။ နောက်တစ်သုတ်ဆိုတာ၊ ဗိုလ်ချုပ်ညွှန့်တင်၊ ဗိုလ်ချုပ်ကက်စိန်တို့ အသုတ်လား ခင်ဗျ။

(ဗိုလ်ချုပ်ညွှန့်တင် DSA 7၊ ၁၉၆၄ = န၀တအဖွဲ့ဝင်စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွားကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အနောက် တောင်တိုင်းစစ်ဌာနချုပ် (ပုသိမ်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၄ တွင် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ၏ ဖယ် ရှားခြင်းခံရပြီး လာဘ်စားမှုများနှင့် ယခု အကျဉ်းချခံထားရသည်။)

(ဗိုလ်ချုပ်ကက်စိန် OTS 29၊ ၁၉၆၄ = န၀တအဖွဲ့ဝင်စစ်တိုင်းမှူးများ ၁၉၉၂ တွင် ၀န်ကြီးများ ဖြစ်သွားကြပြီးနောက်၊ ၁၉၈၈ နောက်ပိုင်း ဒုတိယအသုတ် စစ်တိုင်းမှူးများထဲတွင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (မော်လမြိုင်) တိုင်းမှူး ဖြစ်လာပြီး၊ ၁၉၉၇ တွင် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဖြစ်ခဲ့ရာက၊ ၂၀၀၆ တွင် အငြိမ်းစားယူခွင့် တောင်းခံပြီး၊ အနားယူသွားခဲ့သည်။)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ၊ န၀တအဖွဲ့ဝင် ဗိုလ်ချုပ်ထွန်းကြည်တို့ ပဲရှိသေးတယ်။ အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်ထွန်းကြည်တို့က ကုန်သွယ်ရေးဝန်ကြီး မဖြစ် သေးဘူး၊ တိုင်းမှူးတွေပဲ ရှိကြသေးတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ တိုင်းမှူးတွေ အနေနဲ့က ဘယ်လို စဉ်းစားမလဲ ခင်ဗျ။ စစ်ရုံးက လာတယ်ဆိုရင်၊ ဟို တခါ ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စတုန်းကလိုပေါ့။ စစ်ရုံးကပဲ အကြီးဆုံးအရာရှိတွေ ပါသလိုလို ဖြစ်နေတော့၊ ကိုယ့်ကို လာပြီး စည်းရုံးတဲ့အခါ ၀င်ပါရမလိုလို၊ ၀င်မပါဘဲ နေရမလိုလို၊ အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်လေ။ အဲဒီတော့ ဒီကိစ္စမှာလည်း အဲဒီ လိုမျိုး ရှိပါသလားခင်ဗျ၊ အကုန်လုံး အစုံ တခါထဲ၊ ရှိသမျှ စစ်တိုင်း (၁၀) တိုင်းလုံးက မှန်တယ်၊ ဖယ်ရှားပစ်မှ ဖြစ်မယ်ဆိုတဲ့ သဘောထား ပေးခဲ့ပါသလား၊ ဒါမှ မဟုတ် တစ်ဦးတစ် ယောက်လောက်က သဘောမတူဘူး၊ ဒီလို တော့ မလုပ်သင့်ဘူး ဆိုတာမျိုး ရှိပါသလား ခင်ဗျ။

(ဗိုလ်ကြီးအုန်းကျော်မြင့် ကိစ္စ = ၁၉ရ၆ တွင်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ ကိုယ်ရေးလုံခြံရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့် ဦးဆောင်၍ လူငယ်အရာရှိများမှ၊ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ ဦးနေ၀င်းနှင့် ထိပ်တန်းခေါင်းတချို့အား လုပ်ကြံပြီး အာဏာသိမ်းရန်ကြံစည်မှုတွင် ပါဝင်ရန် စည်ရုံးခံရသူ စစ်အရာရှိကြီးတချို့က ကာ ကွယ်ရေးဦးစီးချုပ်နှင့် တခြားစစ်ခေါင်းဆောင်များပါ ထိုအကြံအစည်တွင် ပါဝင်နေသလား သေချာ မသိရသဖြင့်၊ မိမိတို့ကိုယ်တိုင် ပါဝင်ရေးကို မဆုံးဖြတ်ရဲပဲ ဖြစ်ခဲ့ကြရသည့် ဖြစ်ရပ်)

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မရှိပါဘူးခင်ဗျ၊ ဒီလို လုပ်တယ်ဆိုတာလည်း officially လုပ်တဲ့သဘောပါပဲ။ hint က ပေးပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း။ ။ ဒါ နောက်မှ ဒီဟာကို သေသေချာချာ လိုက်တဲ့ သဘောပေါ့။ စောစောကတော့ စစ်တိုင်းမှူး တွေကိုပါ လက်ဝါးရိုက်သင့်သလောက် ရိုက်ထားပြီးပြီ ဆိုတဲ့ သဘောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဆုလာဘ် အနေနဲ့ ဘယ်လိုများရပါသလဲ ခင်ဗျ။ ဗိုလ်ချုပ်ကြီးသန်းရွှေဆီက။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ် ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုးထိုးပြီးတော့မှ ဆူပူတာပေါ့ ခင်ဗျာ။ အနားမှာလည်း ကျနော်တို့ သူငယ်ချင်းတွေရှိနေတော့ ကျနော်တို့ ပြန်သိသလောက် ပေါ့လေ၊ “ ရှင်တို့ ဒီလောက် တစ်ယောက်နဲ့ တစ်ယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ရသလား” ပေါ့လေ၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကိုပြောရင် ပြောလို့ရတာပဲ” ပေါ့လေ၊ “ပြောပြီး မှ လုပ်လည်း ဘာမှ လက်မခံစရာ အကြောင်းမှ မရှိတာ”၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာတော့မှ သူတို့က သိရတာကိုး။

ဦးရော်နီညိမ်း။ ။ ဘယ်လို လုပ်လိုက်တာလဲ ခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖမ်းပြီး တနေရာရာမှာ ထားလိုက်တာလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မဟုတ်ဘူးခင်ဗျ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိသားစုဟာ စစ်ရုံး (war office) ၀င်းထဲမှာရှိတဲ့ တပ်မတော်ဧည့်ဂေဟာမှာပဲ နေပါတယ် ခင်ဗျ၊ “ရှစ်လေးလုံး” ပြီးကတည်းက အဲဒီမှာ ပြောင်းပြီးတော့မှ နေကြတာခင်ဗျ၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်ရင်၊ အဲဒီ ရုံးနဲ့အိမ် နီးနီးလေးပေါ့ဗျာ၊ ဂိတ်ထဲ ၀င်လာရုံပဲလေ၊ အဲဒီနေ့က သတင်းလည်း ကြေညာပြီးရော၊ ဗိုလ်ချုပ်ကြီးစောမောင် ရုံးတက်စရာ ရုံးမရှိတော့ဘူး။ အဲဒီလို ဖြစ်တာ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ဗိုလ်ချုပ်ကြီးစောမောင်ဟာ ဒီလိုမျိုး တာဝန်တွေ များလွန်းတဲ့အတွက်ကြောင့် အနားယူဖို့ လိုအပ်တယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာ ကျနော် မှတ်မိတယ် လေ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော် ခုနက တင်ပြခဲ့သလိုပေါ့ ဗိုလ်ချုပ်ကြီးစောမောင်အိမ်က ကျနော်တို့ စစ်ရုံး ၀င်းထဲမှာရှိတဲ့အတွက်ကြောင့်မို့လို့၊ အထဲကနေ အပြင်မသွားနဲ့ ဆိုတဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီဝင်းထဲမှာ ထိန်းထားလိုက်တယ်။ ပြီးမှ သူ့ကို အစောင့်အရှောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်အိမ်ကို ပြန်ပို့တယ်။ ပြန်ပို့ပြီးတော့မှ အကျယ်ချုပ်သဘောမျိုး ချထား တယ်လို့ ကျနော်တို့ သိရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါက ၁၉၉၂ မှာ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ၁၉၉၂ ၊ ဧပြီလ မှာပါခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားလို့ ပြီးသွားပြီဆိုတော့၊ ခုနက ပြောတဲ့ ဆုလာဘ် ခွဲဝေယူမှုတွေ ဘယ်လို များဆက်ဖြစ်ပါသလဲ ခင် ဗျ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်ကတော့ အဲဒီအချိန်က နံပါတ် One ကို ဖယ်လိုက်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေကို နံပါတ် “၀မ်း” နေရာ ပို့တဲ့အလုပ်ကို သူ ဆောင်ကြဉ်းပေးလိုက်ရင် သူလည်း နံ ပါတ် Two နေရာကို ရောက်လာမှာ ဖြစ်တဲ့အတွက်၊ ဒီအကွက်ကို ကစားခဲ့တယ်လို့ တွက်လို့ မရဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ်ခင်ဗျ၊ အဲဒီအတိုင်း ကစားတာပဲ။ အဲဒီအချိန်ကတည်းက သူ့ရဲ့ feeling ပေါ့လေ၊ သူ ဒီ post ကိုရချင်တယ်၊ လိုချင်တယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နေရာကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် အနေနဲ့ ဘယ်လိုမှ စဉ်းစားမယ်မထင်ဘူး။ သူနဲ့လည်း မဆိုင်ဘူး လိုဖြစ်နေတယ်လေ၊ ခုနက န၀တ ဒုတိယဥက္ကဌ နေရာကို သူ ဘယ်လိုများ သဘောထားပါသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အဲဒီအချိန်အခါတုန်းက ဗိုလ်ချုပ်ကြီးသန်းရွှေနေရာကို ဘယ်သူများရမလဲ ဆိုတဲ့ထင်ကြေးတွေက ကျနော်တို့ စစ်ရုံးထဲမှာလည်း ဖြစ်တယ်။ သံတမန် တွေကြားထဲမှာကော အရပ်သားတွေ ကြားထဲမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ ဌာနနဲ့ဆိုင်တဲ့သတင်းတွေကို ကျနော်ကိုယ်တိုင် ဗိုလ်မှူးကြီးကျော်သိန်း (ဗိုလ်မှူးအောင်လင်းထွဋ်၏အထက်မှ တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး ‘မူးယစ်ဆေးဝါးနှင့် တိုက်ပွဲထောက်လှမ်းရေး’ ဌာနမှူး) တို့ ခရီးသွားတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ကိုယ်တိုင်တွေ့ပြီးတော့မှ ဒီသတင်းတွေကို ကျနော် ပို့ခဲ့ဖူးပါတယ်။ အဲဒီ သံတမန်တွေဆီက သတင်းတွေ ဗျာ။ အထူးသဖြင့်တော့ နိုင်ငံခြားဆက်ဆံရေးပေါ့၊ နိုင်ငံခြားသံရုံးတွေက လာတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး တော့ ကျနော် တခါ ၀င်သတင်းပို့ရပါတယ်။ သတင်းပို့တဲ့အခါ “ဗိုလ်ချုပ်၊ ဗိုလ်ချုပ် အပေါ်ကိုတော့ ဒီ သတင်းတွေ ဒီသတင်းတွေ ဖြစ်နေပါတယ်”ဆိုတဲ့ ကြောက်ကြောက်နဲ့ပါပဲ။ ကျနော် တို့က အဆင့်အများကြီး ကွာတဲ့အခါကျတော့ ၀င်သတင်းပို့တယ်။ ပို့တဲ့အခါကျတော့ ကျနော့်ကို သူ မော့ကြည့်လိုက်တယ်၊ မော့ကြည့်ပြီးတော့မှ “အောင်လင်းထွဋ် မင်းဘယ်လိုထင် လဲ” ဆိုပြီးမေးတော့ ကျနော်တောင်မှ “ကျနော်မသိပါဘူး” ဆိုပြီးတော့ ပြောရတယ်။ သူ့ကို Second Man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝမျှော်လင့်ပါတယ်။ ဒါပေမဲ့ တကယ် ဖြစ်မလာတဲ့အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက် စစ်အာဏာသိမ်းချိန်က ဖြစ်စဉ် နဲ့ ၁၉၉၂ ဧပြီလ မှာ ဗိုလ်ချုပ်ကြီးစောမောင်ကို ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ဦးဆောင်ပြီးတော့ အဲဒီအချိန်က “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” တစ်ဖွဲ့လုံး စိတ်တူ သဘောတူ ဖြုတ်ချခဲ့တဲ့ ဖြစ်စဉ်တွေအကြောင်း ဗိုလ်မှူးအောင်လင်း ထွဋ် ရဲ့ ပြောစကားတွေကို နှစ်ပိုင်းခွဲပြီး တင်ဆက်ခဲ့တာပါ ခင်ဗျာ၊ နောက်သီတင်းပတ် စက်တင်ဘာလ (၂၆) ရက် တနင်္ဂနွေနေ့ နံနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍ မှာတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလမှာ ပြည်သူလူထုဘက်ကိုကူးပြောင်းလာခဲ့တဲ့ ခြေမြန်တပ်မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း တစ်ရင်းက တပ်ခွဲမှူး ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ခင်ဗျာ၊ စောင့်မျှော်နားဆင်ကြပါ၊ ကျနော် ရော်နီညိမ်း ပါ။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...