Saturday, February 20, 2010

NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ

21 February 2010 ( VOA )

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးရာမှာ နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ရေးကိစ္စ၊ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့ကိစ္စနဲ့ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ဗွီအိုအေကိုပြောပါတယ်။ ဒီဆွေးနွေးချက် အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မစ္စတာကင်တားနားနဲ့ NLD ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က မြရိပ်ညိုဟော်တယ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်၊ သောကြာနေ့က တနာရီနီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ NLD ခေါင်းဆောင်တွေဘက်က ပထမဆုံး ဆွေးနွေးချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စဖြစ်ပါတယ်။ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သူဟာ ၁၉၇၄ ခုနှစ်တုန်းက ၁၀(က)၊ ၁၀(ခ) ဥပဒေတွေကို ပြုစုရေးဆွဲရာမှာ ပါဝင်ခဲ့သူဖြစ်တာကြောင့် ဒီဥပဒေတွေရဲ့ သဘောသဘာဝနဲ့ သက်ရောက်မှုတွေကို အကုန်လုံးနားလည်ကြောင်း၊ ဒါကြောင့် ဒီဥပဒေတွေအရ နေအိမ်အကျယ်ချုပ် ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လိုနေပြီဖြစ်ကြောင်း၊ လူ့အခွင့်အရေးအရကြည့်ရင်လည်း လွှတ်အပ်တဲ့ ကိစ္စဖြစ်ကြောင်း မစ္စတာကင်တားနားကို ဆွေးနွေးပြောဆို ခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြန်ပြောပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း သမီးလည်း ဖြစ်တယ်၊ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီ ရေးကိုလည်း ဦးစီးဦးဆောင်ပြုနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ တိုင်းရင်းသားများရဲ့ အရေးကိုလည်း ဂရုစိုက်ပြီးတော့ ဖန်ဆီးဖော်ဆောင်နိုင်တဲ့ အနေအထားမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဒုဥက္ကဌ ဦးတင်ဦး အနေနဲ့ အထူးတလည် လိုလားပါတယ် ဆိုတဲ့အကြောင်း မစ္စတာ ကင်တားနားကို ပြောပါတယ်။"

ဒါ့အပြင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ် ပြီးပြီးချင်းပဲ ထောင်ဒဏ် ထက်ဝက် လျှော့ပေါ့ဖို့ ညွှန်ကြားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကောင်းမွန်စွာ နေထိုင်မယ်ဆိုရင် ကျန်တဲ့ ထောင်ဒဏ် တနှစ်ခွဲကို လျှော့ပေါ့ ပေးမယ် ဆိုတဲ့အချက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်လို့ စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောခဲ့တဲ့ အချက်တွေကို ပြန်ထောက်ပြီး တော့လည်း ဆွေးနွေးခဲ့ကြပါတယ်။

"အဲဒီ နှစ်ခုကို ညီညွတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့ အနာဂတ် ဖြစ်အောင် စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်ကမ်းထားတဲ့ အဖြစ်တောင် ရောက်နေပြီ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ထိုက်ဘူး၊ လွှတ်ထိုက်တယ် ဆိုတာ အငြင်းပွားစရာ မရှိတော့ပါဘူး။ လွှတ်ပေးဖို့ဟာဖြင့် ကျော်တောင်ကျော်နေပါပြီ ကျနော်က တင်ပြပါတယ်။"

၁၉၉၀ ပြည့်နှစ်တုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပပေးခဲ့ပြီး လွှတ်တော်အမတ် နေရာအများစုကို NLD က အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရက အနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ အဲဒီရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ကျင်းပတာဖြစ်တယ် ဆိုပြီး အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်ကြာ ကျင်းပခဲ့ပါတယ်။

၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး NLD က ခုချိန်ထိ ကိုင်စွဲထားတဲ့ ရပ်တည်ချက်နဲ့ သဘောထားကို NLD ခေါင်းဆောင်တွေက မစ္စတာ ကင်တားနားကို ပြောပြခဲ့ကြပါတယ်။

"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တယ်။ ဒါကို ကျော်လွှားပစ်ပယ်ဖို့ မထိုက်ပါဘူး။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေပြီးတော့ ဒါကို တနည်းနည်းနဲ့ ဖြေရှင်းပေးဖို့ ပထမအချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာဘာလဲဆိုတော့ ပြည်သူတွေရဲ့ citizen right ပြည်သူတွေရဲ့ အခွင့်အရေးကို ပစ်ပယ်ရာမရောက်အောင် ကျနော်တို့ တင်ပြခြင်းဖြစ်တယ်။"

မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ ဖြစ်ပေါ်တိုးတက်မှုတခုခု သိသိသာသာ ပြနိုင်ဖို့ဆိုရင် အကျဉ်းထောင် အသီးသီးမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးကိစ္စကို အဓိကအကျဆုံးကိစ္စရပ်အဖြစ် အစဉ်တစိုက် ပြောဆိုခဲ့ကြပါတယ်။ အခု မစ္စတာကင်တားနားနဲ့ တွေ့ဆုံတဲ့ အချိန်မှာလည်း NLD တာဝန်ရှိသူတွေက ဒီကိစ္စကို တောင်းဆိုခဲ့ကြပါတယ်။

"ယုံကြည်မှုအရ အကျဉ်းထောင်ထဲမှာရောက်နေတဲ့ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးသမားတွေ ၂,၁၀၀ ကျော်ကိုလည်းပဲ အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ ကျနော်တို့ ပြောပါတယ်။ ဒါဟာလည်းပဲ လူ့အခွင့်အရေးနဲ့ လုံးဝ ထိစပ်နေတာကြောင့်မိုလို့ ယုံကြည်မှုကြောင့် အကျဉ်းကျတယ်ဆိုတာ ယုံကြည်မှုတောင်မှ လွတ်လပ်စွာမလုပ်ရဘူးဆိုတဲ့ အဖြစ်မျိုး မရောက်အောင် အဖမ်းခံနေရတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။"

ဒီနှစ်အတွင်းမှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာထားပါတယ်။ NLD ကတော့ ရွေးကောက်ပွဲ ၀င်မယ်-မ၀င်ဘူးဆိုတာကို ခုချိန်ထိ အတိအလင်း မကြေညာသေးဘဲ ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ပြီး ပါတီရဲ့ရပ်တည်ချက်ကို ပြောထားပါတယ်။ ဒီစာတမ်းပါ NLD ရဲ့ တောင်းဆိုချက်တွေကို ခုချိန်ထိတော့ မြန်မာစစ်အစိုးရက လိုက်လျောမယ့် အရိပ်အယောင် မပြသေးပါဘူး။

မစ္စတာကင်တားနားက NLD ရွေးကောက်ပွဲ ၀င် မ၀င် မေးမြန်းတဲ့အပေါ် NLD တာဝန်ရှိသူတွေရဲ့ ဖြေကြားချက်အရ ရွေးကောက် ပွဲဝင်ရေးကိစ္စကို လမ်းဖွင့်ထားဆဲဖြစ်တယ် ဆိုတဲ့သဘော တွေ့ရပါတယ်။

"လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါ့အပြင် အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လည်း ကျနော်တို့ လိုလားတယ် ဆိုတဲ့အကြောင်း၊ ပြီးတော့ နိုင်ငံတကာကနေ စောင့်ကြပ်ကြည့်ရှုတဲ့ အဖွဲ့အစည်းမျိုးတွေ ပါလာမှသာလျင် ဒါဟာ ဖြစ်နိုင်မယ်လို့ ကျနော်တို့က ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဖြစ်တယ် ဆိုလို့ရှိရင် NLD ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ တရားမျှတ လွတ်လပ်ဖို့တော့ လိုတယ်လို့ ကျနော်တို့ ပြောပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲမှာ တကယ်လို့များ NLD မ၀င်ဘူးဆိုရင် ဘယ်လိုဖြစ်မလဲ ဆိုတဲ့အခါကျတော့၊ တကယ်လို့ NLD မပါဘူးဆိုရင် တရားမျှတလွတ်လပ်ဖို့က ရာခိုင်းနှုန်း ၁၀၀ % တောင် ဖြစ်သွားမလားလို့ ထင်တယ်လို့ ကျနော်တို့က ပြောပါတယ်။ တကယ်လို့ NLD ပါ ပါမယ်ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စတွေ အင်မတန်မှ တရားမျှတ လွတ်လပ်ဖို့ အထူးဂရုစိုက် လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာ စောင့်ကြည့်မှုတွေ မပါဘဲနဲ့တော့ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မယ်ဆိုတဲ့ အနေအထားကို ဘယ်လိုမှ လက်ခံဖို့ အကြောင်း မရှိပါဘူးလို့ ရွေးကောက်ပွဲ ၀င်၊ မ၀င်နဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာ ဖြေကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက် ချိန်တုန်းက NLD နဲ့ အဆက်အသွယ် မလုပ်ခဲ့တာဟာ လုပ်ငန်း လုပ်ဆောင်တာတွေ နှောင့်နှေးပြီးတော့ မလိုလားအပ်တဲ့ ကိစ္စတွေ ပေါ်လာမှာစိုးလို့ တိုက်ရိုက်မဆက် သွယ်ခဲ့ဘူးလို့ သိရတဲ့အတွက် ဒါဟာမဖြစ်ထိုက်တဲ့ ကိစ္စဖြစ်ကြောင်း၊ NLD အနေနဲ့ ILO အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ် ပြောဆိုဖို့ရာဟာလည်း အရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ မစ္စတာကင်တားနားကို ဆွေးနွေးပြောဆိုခဲ့ကြောင်း ဦးခင်မောင်ဆွေက ပြန်ပြောပြခဲ့ပါတယ်။

နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကိုမိုးသီးဇွန် ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမြင်သဘောထား



source by : http://www.youtube.com

အပြည့်အစုံ ဖတ်ရန် ...

Friday, February 19, 2010

နေ့ကောင်း ရက်သာများ ကြုံရမည်

Friday, 19 February 2010 17:30 စံဇာဏီဘို

၂၀၁၀ ပြည့်နှစ်သည် အလွန်တိုးတက် ကောင်းမွန်မည့် နှစ်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့ လာမည် ဖြစ်ပြီး လူအများ၏ ရည်မှန်းချက် ဆန္ဒများလည်း ပြည့်ဝ ထမြောက် နိုင်ကြလိမ့်မည်။ ကောင်းသော ကိစ္စရပ်များ ဖြစ်ပေါ် လာပေလိမ့်မည်။

ဇန်န၀ါရီလ ၁ ရက်နေ့မှ ၂၀ ရက်နေ့ အထိ၊ ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့ အထိ၊ စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ကာလများသည် ယခုနှစ်အတွက် လှိုင်းထန်၍ မတည်မငြိမ် ဖြစ်မည့် ကာလများ ဖြစ်သည်။

နိုင်ငံရေးဘက်တွင် ယခင်က မဟာမိတ် အင်အားစုများ အကြား မတည်မငြိမ် ဖြစ်မှုများ၊ ပဋိပက္ခ ဖြစ်ရမှုများ ကြုံရလိမ့်မည် ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များ လုပ်ကြံခံရ ကိန်းပင် ကြုံရဖွယ် ရှိနေသည်။ ဤကာလများ အတွင်း ကံဇာတာ နိမ့်ကျသည့် နိုင်ငံများမှာ အီရတ်နိုင်ငံ တောင်ပိုင်း၊ အမေရိကန် ပြည်ထောင်စု၊ မြန်မာနိုင်ငံနှင့် အခြားသော အရှေ့တောင် အာရှ နိုင်ငံများ၊ အထူးသဖြင့် ကမ္ဘောဒီးယား နိုင်ငံတို့ ဖြစ်သည်။

ကမ္ဘာ့ အခြေအနေသည် ဖေဖေါ်ဝါရီလ ၁၉ ရက်မှ ဧပြီလ ၂၀ ရက်နေ့အကြား၊ မေလ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့ အကြား၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အကြား အထူးကောင်းမွန်လိမ့်မည်။ လူတိုင်းအတွက် ကောင်းမွန်သည့် အချိန်ဖြစ်ပေသည်။ ဤကာလများအတွင်း ကမ္ဘာ့ဘဏ္ဍာရေး အခြေအနေသည် သိသိသာသာ တိုးတက်ကောင်း မွန်လာလိမ့်မည်။

သို့သော်လည်း ကမ္ဘာကြီး၏ ရာသီဥတုအခြေအနေက ၂၀၁၀ ခုနှစ်တွင် အထူးကောင်းမွန်လိမ့်မည် မဟုတ်ပါ။ ကမ္ဘာအနှံ့ အပြားတွင် အဆိုးများစွာဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အတွင်း၊ သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ အကြားတွင် ဖြစ်သည်။ ဤကာလများအတွင်း သဘာဝကပ်ဘေးများလည်း ကြုံတွေ့ရနိုင်သည်။ ရေကြီး ရေလျှံဖြစ်မှုများ၊ မြေငလျှင် လှုပ်ခတ်မှုများ အထူးသဖြင့် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် အီတလီ နိုင်ငံများတွင် ကြုံရဖွယ်ရှိသည်။ ဘရာဇီး တွင်လည်း ဘေးဒုက္ခတချို့ ကြုံတွေ့ရနိုင်သည်။

၂၀၁၀ ခုနှစ်တွင် မိဿ ရာသီဖွား၊ ပြိဿ ရာသီဖွား၊ မေထုန် ရာသီဖွား များအတွက် ကံကောင်းလိမ့်မည်။ မေထုန် ရာသီနှင့် တူ ရာသီဖွား များအတွက် ဘ၀တွင် အချိုးအကွေ့များစွာ တွေ့ကြုံရဖွယ်ရှိပြီး ပြောင်းလဲ တိုးတက်မှုများ ဖြစ်ပေါ်မည်။ သိဟ် ရာသီနှင့် ဓနု ရာသီ နက္ခတ်ခွင် များအောက်တွင် မွေးဖွား သူများအတွက်၂၀၁၀ ခုနှစ်သည် လွန်စွာ ကံကောင်း လိမ့်မည် မဟုတ်ပေ။

စံဇာဏီဘို ရေးသားသည့် Happy Days Ahead ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

စံဇာဏီဘိုသည် မြန်မာနိုင်ငံ၏ နာမည်ကျော် နက္ခတ္တဗေဒနှင့် လက္ခဏာ ပညာရှင် တဦး ဖြစ်သည်။ ၎င်းသည် ၁၉၉၇ ခုနှစ် တွင် အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ္စ တက္ကသိုလ်ရှိ နိုင်ငံတကာ လူပုဂ္ဂိုလ်များ အတ္ထုပ္ပတ္တိ ဆိုင်ရာဌာန (International Biographical Centre) မှ တနှစ်တာအတွက် အပြည်ပြည်ဆိုင်ရာ နက္ခတ်ပညာနှင့် လက္ခဏာ ပညာအတွက် အထူးချွန်ဆုံး သူ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယခုအခါ ရန်ကုန်City FM ရေဒီယို တွင် နေ့စဉ်ဟောစာတမ်းများကို အသံလွှင့်လျှက် ရှိသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ကော့ကရိတ်မြို့ပေါ် ဗုံးပေါက်ကွဲမှုဖြစ်၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

2010-02-19 ( RFA )

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်က ဈေးကြီးအနီး ကမ်းနားလမ်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သတင်းရရှိပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ကော့ကရိတ်မြို့ခံ အမျိုးသမီးတဦးက ဗုံးပေါက်တယ် ကြားကြောင်း၊ ဆယ့်တနာရီလောက် ထင်ကြောင်း၊ မီးသတ်ရုံနားမှာ ဖြစ်ပြီး အထိအခိုက် ရှိကြောင်း ပြောပြပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ ကော့ကရိတ်မြို့မ ရဲစခန်းကို RFA က ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ တာဝန်ကျ ရဲအရာရှိက ဗုံးပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရတာ ရှိပြီး မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း ဖျက်ဆီးခဲ့ကြောင်း အခုလို အတည်ပြု ပြောဆိုပါတယ်။

'ကျနော်တို့ ဒီကနေ့ ပေါက်ကွဲမှုဖြစ်တာ မှန်ပါတယ်ခင်ဗျာ၊ လူကြီးတွေ စစ်ဆေး ဆောင်ရွက် နေပါတယ်ခင်ဗျာ၊ ပေါက်ကွဲမှုဖြစ်တာ ဈေးအပြင်ဘက်မှာခင်ဗျ။ ကမ်းနားလမ်းဘက်မှာ လူသူတွေနဲ့ ဝေးတဲ့ နေရာမှာပါခင်ဗျ၊ ဒဏ်ရာရတာ နှစ်ယောက် သုံးယောက်ပဲ ရှိပါတယ်ခင်ဗျား။ မိန်းကလေးပါခင်ဗျာ၊ ဆေးရုံမှာ အေးဆေးပါပဲ ခင်ဗျား၊ ထပ်မံ တွေ့တဲ့ဟာ ဖျက်ဆီး ပစ်လိုက်တယ်ခင်ဗျ။'

ပေါက်ကွဲခဲ့တဲ့ ဗုံးနဲ့ ဖော်ထုတ် ဖျက်ဆီးခဲ့တဲ့ ဗုံးတွေဟာ ဘယ်လို အမျိုးအစား ဖြစ်တယ်၊ ဘယ်သူဘယ်ဝါရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ ပြောဆိုသွားခြင်း မရှိပါဘူး။

အခုသီတင်းပတ် အစပိုင်း ရှမ်းပြည်နယ် အတွင်းမှာလည်း ဗုံးပေါက်ကွဲမှုတွေ ရက်ဆက် ဖြစ်ပွားခဲ့ပြီး လူတချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက် မနေ့က မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ကုလ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

2010-02-19 ( RFA )

မြန်မာနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr.Quintana က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခံခဲ့တာကို စစ်အစိုးရက မလိုက်လျောတဲ့အတွက် အများကြီး ဝမ်းနည်းမိတယ်လို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (ယာမှတတိယ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ခရီးစဉ်အပြီး မင်္ဂလာဒုံလေဆိပ်ကနေ ပြန်လည် မထွက်ခွာခင် သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားရာမှာ မိမိ ခရီးစဉ် မစတင်ခင် အစောကြီးကတည်းက မေတ္တာရပ်ခံထားခဲ့တာ ဖြစ်ပေမဲ့ စစ်အစိုးရက တွေ့ဆုံခွင့် မပေးခဲ့ဘူး ၊ အနှစ် ၂ဝ မှာ ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ်လို့ စိုင်းပြင်းနေတဲ့ အချိန်မှာတောင် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရတဲ့အတွက် ဝမ်းနည်း စိတ်ပျက်မိတယ် လို့လည်း Mr.Quintana က ပြောကြားသွားပါတယ်။

သူဟာ ဖေဖော်ဝါရီ ၁၉ ရက် ဒီကနေ့ စောစောပိုင်းက မြန်မာ စစ်အစိုးရ ဝန်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Mr. Quintana ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပြီး ပြည်ထဲရေးဝန်ကြီး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ်တို့နဲ့လည်း ဒီကနေ့ တွေဆုံဖို့ အစီအစဉ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာအစိုးရ အရာရှိတဦးက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတင်း အသေးစိတ်ကိုတော့ မြန်မာအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

Mr. Quintana ဟာ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့လည်း တွေ့ဆုံခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

အခု ခရီးစဉ်အတွင်း Mr. Quintana က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားတာကို မြန်မာစစ်အစိုးရ အနေနဲ့ ခွင့်ပြုမယ်လို့ မိမိ မျှော်လင့်ကြောင်း မြန်မာနိုင်ငံကို မလာခင် ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ရွှေပြည်သာတွင်လည်း အလုပ်သမားများ ဆန္ဒပြ

Friday, 19 February 2010 19:58 သန်းထိုက်ဦး

ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ကနောင် မင်းသားကြီး လမ်းရှိ စက်မှုဇုန် (၁) ရက်စ်တူး အထည်ချုပ် စက်ရုံမှ အလုပ်သမား ၄၀၀ ခန့်က အလုပ်သမား ရပိုင်ခွင့်များ အတွက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆန္ဒပြ တောင်းဆိုကြသည်။

ဆန္ဒပြသည့် အကြောင်းရင်းများတွင် ကျန်းမာရေး မကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်ပင် အလုပ်သမားတို့က ဒဏ်ငွေ ပေးဆောင်နေရသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။

“တရက် အလုပ် ပျက်ရင်၊ နေမကောင်းလို့ ပျက်ကွက်ခဲ့ရင်တောင် ၂၀၀၀ ဖြတ်တယ်” ဟု ဆန္ဒပြနေကြသည့် အလုပ်သမားများနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“တောင်းဆိုတဲ့ အချက် တွေကတော့ ၆ ချက်လောက်ရှိတယ်” ဟု သူက ဆိုသည်။

ညနေ ၄ နာရီအချိန်၌ လူစုခွဲလိုက်သည်ဟု သူက ပြောသည်။

အာဏာပိုင် အဖွဲ့အစည်းများ ရောက်ရှိသွားပြီး အလုပ်သမားများ ဆန္ဒပြရခြင်း အကြောင်းရင်းကို မေးမြန်းခဲ့ကြောင်း၊ စက်ရုံအနီးတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။ အင်အားသုံး ဖြိုခွင်းသည့် သတင်းများ ထွက်ပေါ် လာခြင်း မရှိပေ။

ယခုလအတွင်း ရန်ကုန်မြို့ရှိ စက်ရုံ အများအပြားတွင် အလုပ်သမား အခွင့်အရေး ဆန္ဒပြ တောင်းဆိုမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။

ယမန်နေ့က အင်းစိန် မြို့နယ်မှ SKY အထည်ချုပ် စက်ရုံ အလုပ်သမားများက လစာတိုးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့သည်။ အလုပ်ရှင်က လစာ ကျပ် ၅၀၀၀ တိုးပေးမည်ဟု ဆိုသဖြင့် ထိုဆန္ဒပြမှု ရပ်ဆိုင်းသွားသည်။

လှိုင်သာယာရှိ စက်ရုံတချို့တွင်လည်း လုပ်ခလစာ တိုးရေးအတွက် တောင်းဆို ဆန္ဒပြမှုများ ယခင်တပတ်က ပေါ်ပေါက်ခဲ့သည်။

ရန်ကုန်မြို့ရှိ စက်ရုံအလုပ်သမားတဦး၏ အနိမ့်ဆုံးလစာမှာ ကျပ်နှစ်သောင်း (ဒေါ်လာ ၂၀) ၀န်းကျင် ဖြစ်သည်ဟု သိရသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, February 18, 2010

ကုလ အထူးကိုယ်စားလှယ်နှင့် NLDခေါင်းဆောင်များတွေ့ဆုံ

2010-02-18 ( RFA )


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ဖေဖော်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေ လေးနာရီခွဲက ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (ယာ) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် CEC အဖွဲ့ဝင် ဦးဝင်းတင် (ဝဲ) နှင့် စကားပြောနေပုံ ဖြစ်သည်။ နောက်တွင် ရပ်နေသူမှာ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ဖြစ်ပါသည်။ (Photo: AFP)

ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ စတဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တစ်နာရီခွဲကြာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲသလို တွေ့ဆုံကြရာမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရရှိခဲ့တယ်လို့ ပါတီ ပြောခွင့်ရှိ ပုဂ္ဂိုလ် ဦးခင်မောင်ဆွေ က ပြောပါတယ်။

'တွေ့ပုံတွေ့နည်းနဲ့ စီမံထားပုံကတော့ လွတ်လွတ်လပ်လပ် ကျွန်တော်တို့ တွေ့ခွင့်ပေးထားတဲ့ အနေအထားတော့ တွေ့ရပါတယ်။ တံခါးပိတ်ပြီးတော့ ကျွန်တော်တို့ပဲ အခန်းကျယ်ကြီးထဲမှာ ကျွန်တော်တို့ နှစ်ဖက်ထိုင်ပြီးတော့ အေးအေးဆေးဆေး စကားပြောခွင့် ရတာကိုတော့ ကျွန်တော်တို့ ဒါက တွေ့ရပါတယ်။'

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ အင်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ ညနေ ငါးနာရီခွဲအထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားနဲ့ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ တွေ့ဆုံခဲ့ပုံ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်၊၊

နားဆင်ရန်




source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ကင်တာနာ ခရီးစဉ်အတွင်း အကျဉ်းသားများ အခွင့်အရေးတောင်း

Thursday, 18 February 2010 17:30 ဇာနည်မာန်


ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ ယနေ့ သွားရောက် လေ့လာ နေသည့် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများက အကျဉ်းသားများ၏ အခွင့်အရေးအတွက် တောင်းဆို လိုက်သည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ သွားရောက်သည့် အင်းစိန် အကျဉ်းထောင် အနီး၌ လုံခြုံရေး ယူထားသည့် ရဲကားကို တွေ့ရစဉ် (ဓာတ်ပုံ - AP)

အကျဉ်းသားများ ကိုယ်စားဟု ရေးသား ထားသည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရက်စွဲပါ အင်းစိန် ထောင်တွင်းမှ ပေါက်ကြား လာသည့် လျှို့ဝှက်စာတွင် အကျဉ်းသား များ၏ ကျန်းမာရေး၊ စာရေးသား ဖတ်ရှုခွင့် ရရှိရေး၊ ထောင်တွင်း လွတ်လပ်စွာ သွားလာနိုင်ရေး စသည့် အချက် ၅ ချက် ပါရှိသည်။

ယင်းစာတွင် “စာပေ ဖတ်ရှုခွင့် ပေးရန်၊ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်၀၀ ရရှိရန်၊ ပိုမို ကောင်းမွန်သော အစား အသောက် ရရှိရန်၊ နိုင်ငံရေး အကျဉ်းသားများ ထောင်ပိတ်ချိန် ပြင်ပမှ လွဲ၍ ထောင်တွင်း လွတ်လပ်စွာ သွားလာခွင့် ရရန်၊ စာရေးသားခွင့် ပြုရန် တို့ကို ထောင်အာဏာ ပိုင်များထံ တောင်းဆိုသည်” ဟု ရေးသား ထားသည်။

အဆိုပါ အကျဉ်းသား အခွင့်အရေး တောင်းဆိုသည့် စာ၌ မိသားစုများမှ သွင်းပို့သော စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စသည်များကို ဆုတ်ဖြဲ ပယ်ဖျက်ခြင်း၊ ဖြတ်တောက်ခြင်း၊ သတင်းစာပုံမှန် မရရှိခြင်းများ အပါအ၀င် အကျဉ်းသားများအနေဖြင့် ထောင်တွင်း စာပေ ရေးသားလေ့ကျင့်ခွင့်၊ မိသားစုထံ စာရေးသားခွင့်များ မရရှိ သကဲ့သို့ စာရွက်၊ ဘောလ်ပင်စသည်များကို လက်ဝယ်တွေ့ရှိပါက စစ်ခွေးတိုက်သို့ ပို့ဆောင် အရေးယူသည်ဟုလည်း ပါရှိသည်။

ထို့အပြင် အကျဉ်းသားများ စားသုံးရသည့် ထမင်းမှာလည်း ကြမ်းတမ်းပြီး ကျောက်ခဲများ စပါးလုံးများ ပါဝင်ခြင်း၊ ဟင်းများတွင်လည်း ပိုးကောင်များပါဝင်ခြင်း၊ မိလ္လာသန့်ရှင်းရေး စနစ်များ သန့်ရှင်းမှု မရှိခြင်း၊ နာမကျန်းဖြစ်ပါက ဆေးကုသခွင့် ရရှိရန် ခက်ခဲကြန့်ကြာသကဲ့သို့ ဆေးဝါးလုံလောက်မှုလည်း မရှိ ဟု စာထဲတွင် ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများအနေဖြင့် တနေ့တွင် ၂နာရီသာ အပြင်ထွက်ခွင့် ရပြီး ကျန်အချိန်များတွင် အပြင် ထွက်ခွင့် မရသည်ကို လည်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ၎င်းစာသည် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများထံမှ ရရှိခြင်း ဟုတ်မှန်ကြောင်း ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

သူ၏ အဆိုအရ မြန်မာနိုင်ငံ၏ ထောင်တွင်းရှိ အကျဉ်းသားများအတွက် အာဟာရ ပြည့်ဝကောင်းမွန်သော အစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကောင်းများ အရေးတကြီး လိုအပ်နေသည်ဟု သိရသည်။

မစ္စတာ ကင်တာနာ ယနေ့နေ့လယ်ခင်း၌ သွားရောက်ခွင့်ရခဲ့သည့် အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ရှိနေ သည်ဟု AAPP က ဆိုသည်။

မစ္စတာ ကင်တာနာ ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ဘူးသီးတောင် ထောင်သို့ သွားရောက်ခဲ့ရာ ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးမြှင့်တင်မှုကို လမ်းလျှောက် ဆန္ဒပြခဲ့သည့် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

မြန်မာနိုင်ငံတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလက ဖမ်းဆီး ခံထားရသော သံဃာတော်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ရှိသည်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှု ရှိရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးရန်လည်း ကင်တာနာ က တောင်းဆိုထားသည်။

သူ၏ အင်းစိန်ထောင်သို့ သွားရောက်ခြင်း အပြီးတွင် မကြာသေးမီက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၊ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

ထို့အတူ နေအိမ်အကျယ်ချုပ် ကျခံနေရသော နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခွင့် ပေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 17, 2010

တွေးတတ်လိုက်တာ ကလေးရယ်

မြန်မာပြည်မှာ မြို့နယ်ပေါင်းစုံကို လှည့်လည်ပြီး တောင်းရမ်းစားသောက်တဲ့ သူတောင်းစား သားအဖနှစ် ယောက်ရှိသတဲ့။ သားဖြစ်သူက ကလေးပီပီ စူးစမ်းချင်စိတ်တွေများပြီး ဖခင်ဖြစ်သူ သူတောင်းစားကြီးကို သူသိချင်တာတွေ အမေးအမြန်းထူလေ့ရှိသတဲ့။

တနေ့ မှာတော့ သားအဖနှစ်ယောက် သစ်ပင်ရိပ်အောက်မှာ နားနေကြရင်း သားဖြစ်သူက သူ့အဖေကို မေးခွန်းတွေ တရစပ် မေးလေသတဲ့။

"ဖေဖေ၊ သားတို့တွေ့တွေ့နေတဲ့ ဟို ... တိုက်ပုံအင်္ကျီအဖြူ၊ ပုဆိုးအစိမ်း ၀တ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ ဟင်"
"အဲဒါ ကြံ့ဖွံ့အဖွဲ့ဝင်တွေကွဲ့"

"ဟို ... အင်္ကျီအ၀ါ၊ ထမီအ၀ါဝတ်ထားတဲ့ အမျိုးသမီးတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"အဲဒါက အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေလို့ ခေါ်တယ်သားရဲ့"

"ဟို ... အင်္ကျီနက်ပြာ၊ ဘောင်းဘီနက်ပြာနဲ့ လူတွေကကော"
"သူတို့က အရန်မီးသတ်အဖွဲ့ဝင်တွေကွဲ့"

"ဟို ... အင်္ကျီအဖြူ၊ ဘောင်းဘီနက်ပြာ၊ ဦးထုပ်အဖြူနဲ့ လူတွေကကော ဘယ်သူတွေလဲ ဖေဖေ"
"လမ်းပြပုလိပ်တွေပေါ့ သားရဲ့"

"အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်း၊ ဦးထုပ်အစိမ်းနဲ့ လူတွေကတော့ စစ်သားတွေနော် ဖေဖေ၊ ဟုတ်လား"
"ဟုတ်တယ်ကွဲ့"

"အင်္ကျီအညိုရောင်၊ ဘောင်းဘီအညိုရောင်၊ ဦးထုပ်အညိုရောင်နဲ့ လူတွေက ရဲတွေလား ဖေဖေ"
"ဟုတ်တယ်လေ သားရဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ"

အဲဒီအခါမှာ သားဖြစ်သူ ပြောလိုက်တဲ့စကားကြောင့် အဖေဖြစ်တဲ့ သူတောင်းစားကြီးဟာ အံ့သြမှင်သက်မိသွား သတဲ့။
သားဖြစ်သူ ပြောလိုက်တဲ့ စကားကတော့ …

"ဖေဖေ့ကို ကြည့်ရတာ ပင်ပန်းလို့ပါ ဖေဖေ၊ ဖေဖေလည်း သူတို့လို ၀တ်စုံတွေဝတ်ပြီး တောင်းပါလား၊ အဲဒါဆို ပိုက်ဆံပိုရမှာ၊ သူတို့တွေ ပိုက်ဆံတောင်းရင် လူတွေက အများကြီးထည့်တာ သားတွေ့တယ် ဖေဖေရဲ့"
တဲ့။


FWD Mail လေးကို သဘောကျလို့ ဖော်ပြပါသည်၊၊

အပြည့်အစုံ ဖတ်ရန် ...

အင်းစိန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားများ ဆန္ဒပြ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၈ မိနစ်

နယူးဒေလီ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ Lion City အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၂၀၀ ကျော်က လုပ်အားခ တိုးမြှင့်ပေးရန် ယနေ့ ဆန္ဒပြနေကြောင်း သိရသည်။

အင်းစိန် ရွာမ ဆန်စက်လမ်းရှိ Lion City အထည်ချုပ် စက်ရုံ၌ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စက်ရုံဝင်းအတွင်း စတင်ဆန္ဒပြခဲ့ပြီးနောက် ယနေ့တွင်ပါ ထပ်မံ၍ ဆန္ဒပြနေခြင်း ဖြစ်သည်။

“လုပ်ခလစာ တိုးပေးဖို့ကိစ္စနဲ့ ဆန္ဒပြနေတယ်။ ဖြစ်တာကတော့ မနေ့က ညနေက စဖြစ်တယ်။ အခု အခြေအနေကတော့ ကြမ်းကြမ်းတမ်းတမ်းတော့ မရှိသေးဘူး။ ဒီမှာလည်း စောင့်နေကြတယ်။ တောင်းဆိုမှုတော့ ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ လုံထိန်းကား ၁၀ စီး ရှိတယ်။ ရဲကားတစီး ရှိတယ်။ မီးသတ်ကားတစီး၊ အချုပ်ကားတစီး ရှိတယ်” ဟု မျက်မြင်သက်သေဖြစ်သူ အင်းစိန်ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ငှက်ဖျားရောဂါကို စနစ်တကျ ကုသရန် လိုအပ်ဟု မယ်တော်ဆေးခန်း တာဝန်ခံ ပြောကြား

ရဲရင့်/ ၁၆ ဖေဖော်ဝါရီ ၂ဝ၁ဝ

ကာကွယ်ဆေးမတိုးသည့် ငှက်ဖျားရောဂါကို စနစ်တကျ ဆေးဝါးကုသမှု ခံယူပါက အတိုင်းအတာ တခုအထိ နှိမ်နင်း၍ ရသည်ဟု မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင် က ပြောကြားသည်။

မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါ ကုသရာတွင် အာနိသင် အထက်ဆုံးဖြစ်သည့် အာတီမစ်စင်နင် ငှက်ဖျား ကာကွယ်ဆေး မတိုးတော့သည့် အခြေအနေ ဖြစ်ပေါ်နေပြီး ဒေသတွင်း၌ ငှက်ဖျားရောဂါထိန်းချုပ်ရန် အဓိက စိန်ခေါ်မှု တရပ်အဖြစ် ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုလဆန်းပိုင်း၌ ထုတ်ဖော် ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ဆေးခန်းတာဝန်ခံက ဆက်စပ် ပြောကြားခြင်းဖြစ်သည်။

ငှက်ဖျားဆေး တိုးမတိုးဆိုသည့် အခြေအနေကို ၎င်းတို့အနေဖြင့် တိုက်ရိုက် စမ်းသပ်မရနိုင်ဘဲ သုတေသနဌာနများကသာ စမ်းသပ်စစ်ဆေးပြီး သတ်မှတ်၍ ရနိုင်ကြောင်း၊ သို့သော် ဆေးရုံတက်ပြီး စနစ်တကျ ကုသမှု ခံယူပါက နှိမ်နင်းနိုင်ကြောင်း ဒေါက်တာစင်သီယာမောင် က ပြောသည်။

၎င်းက “ဒီကုထုံးအတွက်တော့ ဆေးရုံတက်ပြီး စနစ်တကျ ကုရတဲ့အတွက် ကုန်ကျမှုက ပိုပြီးများတယ်။ ဆေးမတိုးတဲ့ ငှက်ဖျားကို လက်ရှိဆေးဝါးတွေနဲ့ တစုံတရာ အတိုင်းအတာထိ နှိမ်နင်းလို့ရပါတယ်။ ငှက်ဖျားဆိုတာက တကြိမ်ကုရုံနဲ့ ပျောက်သွားတာ မဟုတ်ဘူး။ ခြင်ကိုက်တိုင်း ပြန်ဖြစ်တတ်တော့ နောက်တကြိမ် ပြန်မဖြစ်အောင် ကာကွယ်ဖို့လည်း အရေးကြီးပါတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ငှက်ဖျားဆေးမတိုးသည့် ပြဿနာများကို မဟီဒေါတက္ကသိုလ်နဲ့ ရှိုးကလိုး ငှက်ဖျားတိုက်ဖျက်ရေး ယူနစ်က အမြဲသုတေသနလုပ်နေပြီး ၎င်းတို့က (၆) လတကြိမ် ငှက်ဖျားကုထုံးနှင့် ပတ်သက်၍ အကြံပြုချက်များ၊ အတည်ပြုချက်များ ထုတ်ပြန်ပေးကြောင်း၊ ထိုထုတ်ပြန် အကြုံပြုချက်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အတည်ပြုချက်များ အပေါ် အခြေခံကာ မိမိတို့အနေဖြင့် လူနာအား မည်သည့် အဆင့်တွင် မည်သည့်ဆေးဝါးမျိုး သုံးရမည် ဆိုသည်ကို (၆)လတကြိမ် ပြန်လည် သုံးသပ်ကြောင်းလည်း ဒေါက်တာ စင်သီယာမောင်က ရှင်းပြသည်။

မယ်တော်ဆေးခန်းသို့ ရောက်ရှိလာသည့် ငှက်ဖျားဝေဒနာရှင်များကို စစ်ဆေးပြီး ရောဂါအဆင့် ခွဲခြား၍ ကုသမှုများ ပြုလုပ်ပေးကာ ဆေးမတိုးတော့သည့်လူနာများကို အခြားဆေး ပြောင်းလဲ၍ ကုသမှု ပြုလုပ် ပေးနေသည်ဟုလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျား ကာကွယ်ဆေး မတိုးသည့် ပြဿနာတိုးပွားလာရခြင်းမှာ စနစ်တကျ ရောဂါရှာဖွေမှုအတွက် လိုအပ်သည့် ဓာတ်ခွဲခန်းများနှင့် လျှပ်စစ်မီး မရရှိခြင်း၊ လူဦးရေ အမြဲ ရွှေ့ပြောင်း နေထိုင်ခြင်းနှင့် ရောဂါတိုက်ဖျက်ရန် ရောဂါရှာဖွေမှု ကိစ္စရပ်များ ကန့်သတ် ပိတ်ပင်ခံရခြင်း တို့ကြောင့် ဖြစ်ကြောင်း ဒေါက်တာစင်သီယာမောင် က ပြောသည်။

မယ်တော်ဆေးခန်းတွင် ၂၀၀၉ ခုနှစ်က ငှက်ဖျားပိုး လာရောက် စစ်ဆေးခံယူမှု အကြိမ် (၄၃,၀၀၀) ရှိပြီး (၆,၁၁၉) ဦးကို ဆေးကုသမှုပေးခဲ့ကာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူ အနည်းငယ်သာ ရှိသည်ဟု သိရသည်။

သေဆုံးသူအချို့မှာ ရောဂါအလွန်အမင်း ဆိုးဝါးသည့်အချိန်မှသာ ရောက်ရှိလာသူများဖြစ်ပြီး ငှက်ဖျားရောဂါကို အချိန်မီ စနစ်တကျ ကုသမှုခံယူပါက အသက်အန္တရာယ်အတွက် စိုးရိမ်ရန်မရှိဟု ဆေးခန်း၏ အတွင်းလူနာဌာန တာဝန်ခံ ဆရာ စောကလို့ထူးက ပြောသည်။

ယမန်နှစ်က မယ်တော်ဆေးခန်းတွင် ငှက်ဖျားရောဂါ လာရောက်ကုသမှု ခံယူသူများမှာ မြန်မာနိုင်ငံဘက်ခြမ်းမှ (၄,၁၉၁)ဦးဖြစ်ပြီး (၁,၉၂၈)ဦးမှာ ထိုင်း ဘက်ခြမ်းတွင် ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်သည်။

၂၀၀၈ -၂၀၀၉ ကနဦး စမ်းသပ် စစ်ဆေးမှုများအရ မဲခေါင်မြစ်ဝှမ်း နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင် အာတီမစ်စင်နင်ဆေး မတိုးတော့သည့် ငှက်ဖျားပိုးတွေ့ရှိမှု ပိုမိုများပြားလာနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ပြောဆိုသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ တင်ပြခဲ့သည့် လေ့လာတွေ့ရှိချက်များအရ အဆိုပါ ဆေးယဉ်နေသည့် ငှက်ဖျားပိုးကူးစက်မှုသည် ယခုအခါ မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ်နှင့် ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်တို့တွင် ပျံ့နှံ့နေသည်ဟု သိရသည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 16, 2010

ဂုဏ်ပြောင်တဲ့ အလုပ်သမားသပိတ်ကို ဝန်းရံကြ

ရဲဘော်ဖိုးသံချောင်း
၁၆/ ဖေဖော်ဝါရီ ၂၀၁၀

ရန်ကုန် လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်သမားသပိတ်တွေ တနေရာပြီးတနေရာ ဆက်ကာ ဆက်ကာ ပေါ်ထွက်လာနေတယ်။
တန့်သွားမယ့်သဘော မရှိသေးပါဘူး။ ကျယ်ပြန့် လာနေတယ်လို့တောင် ဆိုရမလိုပါပဲ။

တိုက်ဆိုင်လှပါတယ်။

နအဖစစ်အစိုးရက ရွေးကောက်ပွဲအတွက် သူတို့တွင်းမှာ နေရာအတွက် ခွက်စောင်း ခုတ်နေကြချိန်၊ နောက်အစိုးရ လက်ကို ပြောင်းမပေးမီ ဒင်းတို့တတွေ နိုင်ငံပိုင်ပစ္စည်းတွေကို တိုက်ရာပါပစ္စည်း ခွဲသလို ခွဲနေကြချိန်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်ကင်တားနား မြန်မာပြည်ကို ရောက်နေချိန်၊ နအဖကို ဖားနေတဲ့လူတွေ လျှာကုန်လက်ပန်းကျနေချိန်၊ပြည်သူလူထုကြီးဟာ ကိုယ့်ဘက်က လှုပ်ရှားမှု၊ အနည်းဆုံး တခုခုကို မြင်လိုလှနေချိန်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအသည်းနှလုံး၊ အလုပ်သမား လူတန်းစားရဲ့ ဗဟိုဌာနချုပ်တည်ရှိရာ မဟာရန်ကုန်မှာ အလုပ်သမတွေဟာ လက်သီး လက်မောင်းတန်း နေကြပါတယ်။

တဆက်တည်း ပြောသင့်တဲ့ တိုက်ဆိုင်မှုကတော့ ၁၉၇၄ ခုနှစ်က ပြည်လုံးကျွတ် အလုပ်သမားသပိတ်ကြီးကို ပြန်သတိရစေတယ် ဆိုတာပါပဲ။ မဆလစစ်အစိုးရက သူတို့ရဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြေညာလိုက်တော့ ဥပဒေဘောင်အတွင်းမှာ ရှိတဲ့ မဆလအစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီမျိုးစုံနဲ့ မီဒီယာပေါင်းစုံတို့က ခြိမ့်ခြိမ့်သဲထောက်ခံခဲ့ကြ ပါတယ်။ ဘယ်သူကမှ ဆန့်ကျင်ကြောင်း၊ သဘောမတူညီကြောင်း မပြောနိုင်ကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မြစ်ငယ်မီးရထားစက်ရုံက စလိုက်တဲ့ အလုပ်သမားသပိတ်တွေဟာ တပြည်လုံးအနှံ့ကနေ မဆလ တဖက်သတ် အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သဘောမတူ၊ လက်မခံကြောင်း ပြတ်ပြတ်သားသား၊ ပြက်ပြက်ထင်ထင် ဖော်ပြလိုက်ကြပါတယ်။ အခုလည်းပဲ နအဖစစ်အစိုးရက သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရွေးကောက်ပွဲက တဆင့် အကောင်အထည်ဖော်ဖို့ လုပ်နေတဲ့အချိန်မှာ ပြည်သူလူထုကို ဘယ်တော့မှ သစ္စာမဖောက်တဲ့ အလုပ်သမား လူတန်းစားဟာ တခါ ထရပ်ပြ လိုက်ကြပြန်ပါပြီ။ ပြည်သူလူထုကြီး တရပ်လုံးရဲ့ကိုယ်စားပါ။

တကယ်က မြန်မာပြည်ထဲကို ဒီလို ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်သွင်းယူလာတဲ့ နအဖစစ်ဗိုလ်ချုပ်တွေဟာ အလုပ်သမားတွေရဲ့အရေးကို ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ပါဘူး။ သူတို့အတွက် ဘာစားကွက်ရှိမလဲ၊ ဘယ်လိုအကျိုးခံစားရမလဲ ဆိုတာလောက်ကိုသာ စဉ်းစားပြီး ခေါ်သွင်းလာတာဖြစ်ပါတယ်။ ဒီစက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ဖို့ စာချုပ်တွေ ချုပ်ဆိုရာမှာ အလုပ်သမားအခွင့်အရေး၊ အလုပ်ခွင်သာယာပြည့်စုံရေး၊ အန္တရာယ်ကင်းစင်ရေး၊ သက်ဆိုင်ရာက ပုံမှန် ဝင်ရောက်စစ်ဆေးရေး စတဲ့အချက်တွေကို သာမန်ကာ လျှံကာလောက်သာ ထည့်သွင်းလေ့ရှိပါတယ်။ သတ္တုမိုင်းတွေမှာတောင် သာမန်ဟန်ပြ စည်းကမ်းချက်လောက် ထားရှိတာပါ။ မဆလစစ်အစိုးရ လက်ထက်တုန်းကတော့ မဆလအစိုးရဟာ သူတို့ ပြည်သူပိုင် မသိမ်းချင်တာနဲ့ ကျန်ကောင်းလို့ကျန်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ သူတို့ရဲ့ လုပ်သားကောင်စီ ဆိုတာတွေကတဆင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကို ရန်တိုက်ပေးတဲ့အခါမှာ ၁၉၂၄ ခုနှစ်က အလုပ်သမားဥပဒေဆိုတာနဲ့ အလုပ်သမားဥပဒေ တလှေကြီးကို ကိုးကားပြီး လုပ်ငန်းရှင်တွေကို အနိုင်ကျင့်လေ့ရှိပါတယ်။ (၁)နေ့ အလုပ်ချိန် ဘယ်နှနာရီ၊ (၁) ပတ် ဘယ်နှနာရီထက် မကျော်လွန်ရ ဆိုတာတွေကိုလည်း ပြင်းပြင်းထန်ထန်၊ တိတိကျကျ တောင်းဆိုပါတယ်။ အဲဒီတုန်းက သူတို့အဖို့မှာ အဲဒီအလုပ်ရှင်တွေဟာ သူတို့ရဲ့ အကြီးဆုံးရန်သူ၊ ဗမာပြည်မှာ အဆိုးဆုံး သွေးစုပ်သူတွေလို့ သတ်မှတ်ထားတာကိုး။ အခုတော့ နအဖဟာ သူတို့ပင့်လာတဲ့ နိုင်ငံခြားက အရင်းရှင်တွေကို အစစ အခွင့်အရေးတွေပေး၊ အလုပ်သမားတွေကို အချိန်အကန့်အသတ်မရှိ၊ အလုပ်ရက်အကန့်အသတ်မရှိခိုင်း၊ သွေးစုပ်နေတာတွေကိုတော့ လက်ပိုက်ကြည့်နေကြပါတယ်။ မနက် (၇) နာရီကနေ ည (၁၁) နာရီ၊ နေ့လယ် (၁) နာရီနား၊ တနေ့ (၁၅) နာရီ အလုပ်ချိန်ဆိုတာ ဒီနေ့ခေတ်ကမ္ဘာမှာ ရှာမှရှားပါ။ ကျွဲတွေ နွားတွေကိုသာ ဒီနှုန်းနဲ့ခိုင်းရင် အစောကြီး သေကုန်ကြမှာပါ။ ဒါပေမယ့် နအဖခေတ်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တရားတခုတောင် ဖြစ်နေပါတယ်။

အခုအခါ ဗမာပြည်တွင်းမှာ လုပ်ငန်းရှင်ချင်း အတူတူ နအဖနဲ့ သူတို့အသိုင်းအဝိုင်းက လူတွေပိုင်တဲ့ စက်ရုံတွေ (သူများနာမည်တွေနဲ့ထားတာ၊ အများစုက ပြည်ပနဲ့ဖက်စပ်တွေ)၊ လုပ်ငန်းတွေကိုကျတော့ အခွန် အပါအဝင် အထူးအခွင့်အရေးတွေ အမြောက်အမြား ခံစားခွင့်ပေးထားပြီး တခြားစက်ရုံတွေ လုပ်ငန်းတွေကိုတော့ အခွန်အမျိုးမျိုး၊ ကန့်သတ်ချက်အမျိုးမျိုးနဲ့ ဖိနှိပ်ထားပါတယ်။ ဒါကြောင့် ဒီတိုင်းပြည်မှာ စီးပွားရေး အခြေအနေကောင်းတဲ့ စက်ရုံလုပ်ငန်းတွေနဲ့ စီးပွားရေးအခြေအနေ မကောင်းဘဲ မသေမရှင် တဲတဲလေး ရပ်တည်နေရတဲ့ စက်ရုံလုပ်ငန်းရယ်လို့ နှစ်မျိုးနှစ်စား သိသိသာသာကွဲနေပါတယ်။ ဘယ်ဟာမျိုးကို ဘယ်လိုလူမျိုးက ပိုင်တယ်ဆိုတာ အထူးမေးနေ၊ ပြောနေစရာမလိုတော့ပါဘူး။

ဒီတခါ အလုပ်သမားသပိတ်တွေ ပေါ်တယ်ဆိုတော့ နအဖတာဝန်ရှိသူတွေက ကြားကနေ ဝင်ရောက် ဖျန်ဖြေပေးတယ်ဆိုတာ လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ မေးစရာပေါ်လာတာက တကယ်လို့များ သပိတ်တွေဟာ အစိုးရပိုင်လုပ်ငန်းတွေ၊ စက်ရုံတွေမှာ၊ ဒါမှမဟုတ် နအဖထိပ်သီးတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ စက်ရုံတွေမှာ ပေါ်တယ်ဆိုရင် နအဖက ကြားဝင်ဖျန်ဖြေတယ် ဆိုတဲ့နည်းနဲ့ ဖြေရှင်းပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

သေချာတာက ဒီအချိန်မှာ နအဖ အကြမ်းမကိုင်နိုင်ဘူး ဖြစ်နေပါတယ်။ ဦးတင်ဦးကို ပြန်တောင် လွှတ်ပေးနေရတယ် မဟုတ်ပါလား။ လာမယ့်ရွေးကောက်ပွဲအတွက် သူတို့တွင်း ခြေပုန်းခုတ်တာ၊ အမြီးချင်းလိမ်တာ၊ ချောင်ထိုးတာတွေ လုပ်နေရတဲ့ကိစ္စတွေက သူတို့အတွက် ပိုအရေးကြီးတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒီလိုအချိန်မှာ အလုပ်သမားသပိတ်တွေက “သခွတ်ပင်က မီးတကျည်ကျည်” ဖြစ်နေတာမျိုး သူတို့မတွေ့ချင်ပါဘူး။ ဒါပေမယ့် ဒါကို အကြမ်းဖက်နှိမ်နင်းလိုက်ရင်လည်း သူတို့အတွက် လွယ်လွယ်ကူကူမပြီးဘဲ ယမ်းပုံထဲ မီးပွားချလိုက်သလို ဖြစ်သွားရင် သူတို့ရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေ၊ သူတို့ချင်း ထိန်းညှိထားတာတွေ၊ ဝေစုခွဲထားတာတွေ၊ အားလုံး ပိုကမောက်ကမ ဖြစ်ကုန်နိုင်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်တွေဟာ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာဖြစ်ပါတယ်။

ဒီလို အချိန်အခါကောင်းမှာ ပေါ်လာတဲ့ အလုပ်သမားသပိတ်ကို ပြည်သူလူထုကြီးနဲ့အတူ အတိုက်အခံ အင်အားစုတွေ (ပြည်တွင်းပြည်ပအားလုံး) ဝန်းရံကြဖို့ လိုပါတယ်။ နအဖဟာ ဒီကိစ္စကို တမင်သေးငယ်အောင်၊ သူများတွေ သတိမထားမိအောင် လုပ်နေချိန်မှာ အာရုံစိုက် ကြရပါမယ်။ အထောက်အကူဖြစ်နိုင်မယ့် လုပ်ငန်းတွေကို ကြံဆ လုပ်ကိုင်ကြရပါမယ်။ ဒါပေမယ့် သူတို့မှာ ဆေး အတွက်ကြောင့် လေး ဆိုတာမျိုးတော့ မဖြစ်သင့်ပါ။


source by : http://www.khitpyaingnews.org

အပြည့်အစုံ ဖတ်ရန် ...

Monday, February 15, 2010

ရာထူး နေရာ - အပိုင်း(၁)

ဆောင်းပါးရှင် - ဗိုလ်သူရနိုင် (လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်ခွဲမှူး)

စာဖတ်ပရိတ်သတ်များခင်ဗျား

ခြေလျင်တပ်ရင်း တစ်ရင်းတွင် တပ်ခွဲမှူးတာဝန် ထမ်းဆောင်နေတဲ့ ပင်တိုင်ဆောင်းပါးရှင် စစ်တက္ကသိုလ်ကျောင်းဆင်း တပ်မတော်အရာရှိ ဗိုလ်သူရနိုင်က “ရာထူး နေရာ” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်အား စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပြန်ပါတယ်။ အဲ့ဒီဆောင်းပါးမှာ နေရာကောင်း ရထားတဲ့သူတွေ၊ ရာထူးခပ်မြန်မြန်တိုးပြီး ကြည့်လိုက်ရင် အမြဲလိုလို လူကြီးနား ရှိနေတတ်သည့် ငဖား အုပ်စုများရှိကြောင်း၊ အဲဒီလူတွေဟာ အရည်အချင်းမရှိသူတွေ ဖြစ်လို့ အများရဲ့ မေတ္တာ ပို့ခြင်း ကောင်းကောင်းခံရမှာ အမှန်ဖြစ် ပါကြောင်း၊ တပ်ထဲမှာ စကားပြောဆင်ခြင်ရန် လိုကြောင်း၊ တပ်ရဲ့ ဆိုရိုးစကား အတိုင်း နံရံတွေမှာ နားတွေရှိကြောင်း၊ မိမိရာထူးနေရာကောင်း ရရှိဖို့အတွက် ဖြစ်စဉ်မှန်တိုင်း လည်း လက်မခံချင်ကြဘဲ တပ်ရင်းမှူးနှင့် ဇနီးအား မျက်နှာလိုမျက်နှာရ သတင်းပေးစနစ် လျင်မြန်ကာ သွားရောက်ပြောဆိုကြလို့ အချွန်နဲ့ မကြ ကြောင်း၊ ကိုယ်က မည်မျှ ကောင်းကောင်း မကောင်းသည့် တစ်ကွက်ပေါ်သွားရင် ချက်ချင်း ရွှေနားတော် ပေါက်ကြားသွား မည်ဖြစ်ကြောင်း စတဲ့ အောက်ခြေ ခြေလျင်တပ်ရင်းတွေရဲ့ ဖြစ်စဉ်မှန်တွေကို တင်ပြထားပါတယ်။ ယခုလိုရေးသားပေး ပို့တဲ့အတွက် ကျွန်တော် ကိုဖိုးတရုတ်က ဗိုလ်သူရနိုင်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ခင်ဗျား။

ဒီတခါလည်း နဖူးတွေ့ ဒူးတွေ့ တွေ့ရပြန်ပါပြီ။ အရာရှိရိပ်သာမှ လူပျိုအရာရှိများ အားလုံး ဘိုးတော် (တပ်ရင်းမှူး) မှ ၎င်း အိမ်သို့ ည ၈ နာရီ အရောက် သတင်းပို့ရန် တပ်ရေး ဗိုလ်ကြီး ကိုယ်တိုင် အရာရှိရိပ်သာသို့ လာပြောသွားသည်။ သူငယ်ချင်း အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး အဖြေရှာမိသည်။ အခုရက်ပိုင်းအတွင်း မည်သူ တစ်ဦး တစ်ယောက်မျှ ပြဿနာ တစုံတရာ တက်အောင်လည်း မလုပ်ခဲ့ပါ။ သို့နှင့် ကျွန်တော်တို့ ညနေစာ ခပ်သွက်သွက်စားပြီး ဘိုးတော်အိမ်သို့ ချီတက်ကြသည်။


ဘိုးတော်အိမ်ရောက်သွားချိန်တွင် တပ်ရင်းမှူးသည် အဘွားကြီး (ဇနီး) နှင့်အတူ ဆိုဖာ ထိုင်ခုံပေါ်၌ နှစ်ယောက် ယှဉ်တွဲ ထိုင်ပြီး ကျွန်တော်တို့ ၀င်လာသည်ကို တစ်ယောက်ချင်း စီအား မျက်မှောင်ကြုံ့ပြီး မျက်နှာထားတင်းတင်းနှင့် ကြည့်နေ သည်။ ဒါဆိုရင်ဖြင့် ရာသီဥတု မသာယာတာ သေချာပါသည်။ အရာရှိအားလုံးစုံတော့ ၎င်းတို့ ရှေ့တွင် ထိုင်ခိုင်း ပါသည်။ “ရဲဘော်တွေကို ယူနီဖောင်း တစ်စုံတောင် မချုပ်ပေးဘူးဆိုတဲ့ စကား၊ ခွင့်မဲ့ စစ်သည်တွေရဲ့ လစာရိက္ခာကို ယူပြီး ကိုယ့် အိပ်ထဲထည့်တယ် ဆိုတဲ့စကား ဘယ်သူပြော သလဲ၊ မင်းတို့နဲ့ ဘာဆိုင်သလဲ” ဟု အစချီကာ ဘီလူးဆိုင်း စတီးပါတော့သည်။ ကျွန်တော်တို့အားလုံး ပြိုင်တူငြင်းသည်။ ဒါပေမယ့် မရ။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ကျွန်တော်တို့အားလုံး ပြောဆိုနေပါသည်ဟု ပြောလာတော့ ငြင်းမရ။ တပ်ထဲမှာ ဖြစ်စဉ်မှန်တိုင်း ပြောလို့မရတာ ရှိပါသည်။ ကြိတ်မှိတ်ပြီး ခံရုံသာ ရှိသည်။

ထိုဖြစ်စဉ် ဘိုးတော်သိသွားသည်ကို ကျွန်တော်တို့ အလွန်အမင်း အံ့သြရပါသည်။ ၂ နာရီ နီးပါး ကြာအောင် ဆူဆဲ ခံရပြီးမှ ပြန်ခဲ့ရသည်။ ဒီအကြောင်းတွေကို ကျွန်တော်တို့ တပ်တွင်း လက်ဖက်ရည်ဆိုင်မှာ ပြောဖြစ်ခဲ့သည်။ ပြောစဉ်အခါက ဆိုင်ထဲ တွင် စစ်သည်အချို့နှင့် ရဲမေအချို့ ရှိနေခဲ့သည်။ သူတို့လည်း ၀ိုင်းဝန်းပြောဆိုသေးသည်။ သေချာ တာတစ်ခုက တပ်ရင်းမှူး ကို ဖားယားပြီး တစ်ယောက်ယောက်တော့ သွားချွန်တာ သေချာပါသည်။ တပ်၏ ဓလေ့ထုံးစံအရ ဆိုရိုးစကား ရှိသည်မှာ “နံရံတွေမှာ နားရှိသည်” ဆိုသော စကားကို ကျွန်တော်တို့ ပစ်ပယ်မေ့လျော့မိ၍ ယခုလို ဆဲဆိုခံခဲ့ရပါပြီ။

အနေကြာတော့ သိလာခဲ့ပါပြီ။ တပ်တွေမှာ တပ်ရင်းရုံးမှာရှိတဲ့ စရဖ (စစ်ဘက်ရေးရာလုံခြုံရေး) ထက် တပ်တွင်း ထောက်လှမ်းရေးက ပို၍ ကောင်းမွန် ထက်မြက်သည်။ အဘ (တပ်ရင်းမှူး) မသိအောင် ဖုံးဖိထားတဲ့ ပြဿနာ အသေးအမွှား ကိစ္စလေးတွေကို အမ (သူ၏ဇနီး) က သိနေသည်။ မိန်းမက သိရင် ယောက်ျား မသိစရာ အကြောင်းမရှိတော့။ သတင်းပေးစနစ်က အလွန်မြန်သည်။ တပ်ထဲမှာ မည်သည့်နေရာမှာ ဘာဖြစ်တယ်ဆိုတာ တပ်ရဲ့တပ်ကြပ်ကြီး (RP) တောင် မသိသေးပါ။ တပ်ရင်းမှူးကတော်က သိနေပြီ။ တပ်ရင်းမှူး အလိုကျ၊ တပ်ရင်းမှူးကတော် အလိုကျ မျက်နှာတော်လှဖို့ အဓိက သတင်းပေးတဲ့ လူတွေ တပ်တိုင်းမှာ ရှိနေလေတော့ လက်အောက်ငယ်သားတွေ ခမျာ ပိုပြီး အနေ ကျပ်ရပြန်တာ ထုံးစံလို ဖြစ်နေပြီ။

မည်သည့်အတွက်ကြောင့်များ သတင်းတွေ အလုအယက် ပေးကြရပါသလဲ။ မည်သည့်လူမျိုးတွေက လာပေးကြပါသလဲ။ နေရာနဲ့ အသပြာအတွက် လည်လည်ဝယ်ဝယ် ရှိတဲ့ အရာရှိကတော်တွေ၊ ဆရာကတော်တွေကသာ အဓိက သတင်းတွေကို အလုအယက် ပေးကြတာပါ။ စစ်ဝတ်စတိုး တာဝန်ခံ၊ ရိက္ခာစတိုး တာဝန်ခံ၊ ဆီဂိုထောင် တာဝန်ခံ၊ တပ်ရင်းမှူးအနီးကပ် လက်ဖြောင့်တပ်စိတ် စတဲ့ နေရာကောင်းတွေ၊ တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီး၊ စစ်ဖက်ရေးရာ လုံခြုံးရေးအရာရှိ တပ်ထောက်အရာခံဗိုလ် (RQ)၊ တပ်ခွဲတပ်ကြပ်ကြီး (CQ)၊ မော်တော်ယာဉ်မှူး (P.O.Y) ၊ ရုံးအုပ် ဆိုတဲ့ နေရာကောင်းတွေ ရဖို့အတွက် ဒီလိုသတင်းပေး တိုင်ကြားနေတယ် ဆိုတာ ငြင်းမရပါဘူး။ အဲလိုမျိုး သတင်း ပေးတွေကောင်းလို့ အိမ်ထောင်သည်လိုင်းတွေမှာ မကြာခဏ ရဲမေအချင်းချင်း စကားများ ရန်ဖြစ်တာတွေလည်း တွေ့ရတတ်ပါသည်။ တပ်တွင်း စကားထိုး စစ်ပွဲတွေပေါ့လေ။

“အဘကို သိပ်ကပ်စရာ မလိုဘူး၊ အဘွားကြီးကိုဘဲ အဓိက ကပ်စမ်းပါ။ မောင်ရယ်…..” ဆိုပြီး အဘွားကြီးက “အဘကို အပျော့ဆွဲလေး ဆွဲလိုက်တာနဲ့ ပွဲက ပြီးသွားပြီ” အထာနပ်ဖို့ လိုတယ်နော်၊ သူငယ်ချင်းတို့။ များများဖားရင် များများစားရမယ်။ သတိတော့ထား၊ အစားများရင် နင်တတ်တယ်။ ကဲ…ကျနော် ထုတ်နှုတ်ထားတဲ့ မှတ်စုလေး ဖတ်ကြည့်ကြပါဦး….

နေရာ

တဖက်တည်းတွေးကြည့်ရင် ဖားယားနေသူတို့က အပြစ်။ သူတို့ဘက်ကို တွေးကြည့်ပြန်တော့ သူတို့မိသားစုရဲ့ စားဝတ်နေရေး အဆင်ပြေမှုအတွက် သူများ မကောင်းကြောင်းကို မရရအောင် ရှာဖွေစုံစမ်းပြီး တင်ပြ၊ သူတို့အနေနဲ့ အပြစ်ပြောစရာ မရှိအောင် လိမ္မာစွာနေပြ၊ ဒီလိုနဲ့ နေရာ ရတယ်။

ရာထူး

တပ်ရင်းမှာ အခြားအဆင့် စစ်သည်များအတွက် အဆင့်တိုးမြှင့်ခြင်းကို ပြုလုပ်ရာမှာ စနစ်တကျ ဘုတ်အဖွဲ့ ဖွဲ့စည်းကာ တပ်ရင်းမှူးကိုယ်တိုင် ဦးစီးဆောင်ရွက် ပြုလုပ်မှသာ တရားနည်းလမ်းကျမည် ဖြစ်ပါသည်။ ဆိုးသည် ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ မည်သို့ပင် အခြေအနေမျိုး ရောက်ရှိနေသည့် စစ်သည်မျိုး ဖြစ်ပါစေ၊ အားလုံးကို ထည့်သွင်း စဉ်းစား ရွေးချယ်ဆုံးဖြတ်၍ တင်မြောက်ပေးရပါမည်။ လုပ်သက်အပေါ်မူတည်ပြီး အမှတ်ပေးဇယားဖြင့် တပ်ခွဲမှူးများက ရုံးအုပ်ကို တင်ပြကာ Promotion board ဖြင့် အစည်းအဝေးထိုင် ဆုံးဖြတ်ရသည်။ ယခုအခါ ထိုကဲ့သို့ ရွေးချယ်ခြင်းမျိုး မရှိတော့ပါ။

အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက် ဖေါ်ပြပါမည်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

အမိန့်နာခံမှုနှင့် တရားဥပဒေ လေးစားမှု

NEJ /၁၅ ဖေဖော်ဝါရီ ၂၀၁၀

ရာထူးကြီးစဉ် ငယ်လိုက် ဖွဲ့စည်းထားသော စစ်တပ်၌ အမိန့်နာခံမှုသည် အရေးအကြီးဆုံး ဖြစ်သည်ဟု ယူဆကြ၏။ လူသတ်လက်နက် ကိုင်ဆောင်၍ အကြမ်းဖက်ရန် လေ့ကျင့်ထားသော လက်နက်ကိုင်များသည် အမိန့်ကို မနာခံဘဲ တယောက်တမျိုး ဖြစ်နေပါက တရားဥပဒေ ထိန်းသိမ်းရေးတွင် အခက်အခဲရှိနိုင်သည်ဟု ယူဆကြသည်။ သို့သော်လည်း တရားဥပဒေ ချိုးဖောက်ထားသည့်အမိန့်ကို နာခံသင့်သလောဆိုသည်ကို အရေးတကြီး စဉ်းစားရန် လိုအပ်လာပါသည်။ အထက်ကလာသည့် အမိန့်ကို နာခံသည့်အတွက် အပြစ်မရှိဟု စစ်မှုထမ်းအများစုက ယူဆကြသည်။ အမိန့်နာခံပါက လိပ်ပြာမသန့် ဖြစ်စရာမလိုဟု စစ်မှုထမ်းတို့က ယူဆကြသည်။

စစ်တပ်၏ တာဝန်များထဲတွင် အမိန့်နာခံမှုသည် အလွန်အရေးကြီးကြောင်း စစ်ပညာစာပေ၌ မကြာခဏ တွေ့နိုင်သော်လည်း မည်သို့သော အမိန့်မျိုးကို နာခံမည်နည်း၊ အမိန့်ဟူသမျှ မှားမှားမှန်မှန် နာခံမည်လား ဆိုသည်ကို ဆန်းစစ်ဖို့ လိုပေသည်။ နာဇီဖက်ဆစ် အာဏာရူးများ၏ အမိန့်ကို နာခံခဲ့သဖြင့် ဂျပန်နှင့်ဂျာမဏီ ပြာပုံဖြစ်သွားခဲ့ပုံကို သမိုင်းသင်ခန်းစာ အဖြစ် ထောက်ပြကြသူများ ရှိ၏။ အမိန့်ပေးသူသည် စစ်စည်းကမ်း ဥပဒေအရ တရားဝင် အမိန့်ပေးပိုင်ခွင့်ရှိသလော၊ တရားဥပဒေနဲ့အညီ ဖွဲ့စည်းသည့်အစိုးရ ဖြစ်သလော ဆိုသည်ကို စစ်မှုထမ်းက စဉ်းစားဖို့ လိုကြောင်း ထောက်ပြကြသူများလည်းရှိသည်။ မှားသည်၊ မှန်သည်ကို မစဉ်းစာဘဲ ခိုင်းသမျှလုပ်သော စနစ်ကြောင့် မြန်မာပြည်ပျက်စီးပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရသည်ဟု ဝေဖန်ကြသည့်အတွက် ဤကိစ္စကို ဆွေးနွေးသင့်ပေသည်။

ထို့ကြောင့် မည်သည့်အတိုင်းအတာအထိ အမိန့်နာခံသင့်သနည်း ဆိုသည်ကို ဆွေးနွေးရန် လိုအပ်လာသည်။ ဒီကိစ္စသည် အရာရှိ၏ ကိုယ်ကျင့်တရား၊ အသိဉာဏ်ပညာ၊ အမျိုးသားစိတ်ဓာတ် စသည်များနှင့် ပတ်သက်နေသည်။ စစ်ရေးနဲ့မဆိုင်သောကိစ္စ၌ အထက်က အမိန့်ပေးသည့်အတိုင်း အမှားအမှန်ကို ဝေဖန်ပိုင်းခြားခြင်းမပြုဘဲ မျက်စိမှိတ်၍ နာခံသင့် မသင့်ဟူသော မေးခွန်းသည် စစ်မှုထမ်းများအတွက် အလွန်အရေးကြီးပါသည်။ တနည်းဆိုပါမူ အထက်ကခိုင်း၍ လုပ်သဖြင့် မိမိ၌ အပြစ်မရှိဟု ခံယူထားခြင်းသည် စစ်မှုထမ်းဝတ္တရားကို ထိခိုက်ပြီး လူ့အဖွဲ့အစည်းတခုလုံးကို အန္တရာယ်ဖြစ်စေ၏။

တရားဥပဒေကို ဂရုမစိုက်ဘဲ ထင်သလိုလုပ်သောအမှုများကို စစ်ဆေးအပြစ်ပေးရန် ၁၉၉၈ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့၌ အိုင်စီစီ (ခေါ်) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးဖွဲ့စည်းပြီး ရာဇ၀တ်ဥပဒေကို ၂၀၀၂ ခုနှစ် ဇူလိုင် (၁) ရက်နေ့၌ စတင်ကျင့်သုံးနေသည်။ (၇၇) မျက်နှာ အပိုဒ် (၁၂၈) ပိုဒ်ရှိသော ဥပဒေဖြစ်သည်။ အပိုဒ် (၇) စာမျက်နှာ (၉) ၌ Crimes against humanity ကို ဖော်ပြသည်။ လူသားမျိုးနွယ်အပေါ်၌ ကျူးလွန်သော ရာဇ၀တ်မှုဟု ဘာသာပြန်ရမလို ဖြစ်နေသည်။ သို့သော် attack directed against any civilian population ဟု ရေးထားသည့်အတွက် အရပ်သားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုကို ဆိုလိုသည်မှာ ထင်ရှားသည်။ စစ်သားအချင်းချင်း ခွက်စောင်းခုတ်၍ သတ်ဖြတ်မှု ဤဥပေဒ၌ အကျုံးမ၀င်ပါ။

လူသတ်မှု၊ အပျောက်ရှင်းမှု၊ ကျွန်ပြုမှု၊ အဓမ္မပြောင်းရွှေ့မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ ပြည့်တန်ဆာလုပ်ခိုင်းမှု၊ ကိုယ်စိတ်နှစ်ပါး အလွန်အမင်း ဆင်းရဲဒုက္ခရောက်အောင်လုပ်မှု စသည့်အမှုများကို အရပ်သားအပေါ်၌ ကျူးလွန်ပါက အရေးယူနိုင်သည်ဟု အိုင်စီစီ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ဥပဒေက ဆိုသည်။ ဤပြစ်မှုအားလုံးကို ကျူးလွန်နေသော မြန်မာစစ်အစိုးရကို အရေးယူရန် ဗြိတိသျှအစိုးရကို အတိုက်အခံ Conservative အမတ် John Bercow က ၂၀၀၅ ခုနှစ်တွင် တိုက်တွန်းခဲ့ဖူးသည်။ သို့သော်လည်း မြန်မာစစ်အစိုးရသည် အိုင်စီစီစာချုပ်ကို လက်မှတ်မထိုးသေးသဖြင့် အရေးယူနိုင်ရန် အခက်အခဲရှိ၏။

အမိန့်နာခံပါက အပြစ်မရှိဟု မြန်မာပြည်၌ ယူဆသော်လည်း အပြည်ပြည်ဆိုင်ရာဥပဒေက ယင်းသို့မမြင်ပါ။ အမိန့်နာခံပြီး အရပ်သားကို နှိပ်စက်ညှဉ်းပန်းပါက နှိပ်စက်သူ၌ တာဝန်ရှိသည်ဟု ဆိုသည်။ ဒုတိယကမ္ဘာစစ်ပြီး၍ ဟစ်တလာ သေသွားသော်လည်း သူ့အမိန့်နာခံ၍ မတရားလုပ်ခဲ့သော ဂျာမန်အရာရှိများကို Nuremberg စစ်ခုံရုံးမှာ စစ်ဆေး၏။ တဖြည်းဖြည်း စစ်ဆေးအပြစ်ပေးသည့်အတွက် ၁၉၄၈ ခုနှစ်ရောက်မှ ဂျာမန်အရာရှိ (၃,၅၀၀) နဲ့ ဂျပန်ဖက်ဆစ် (၂,၈၀၀) ကျော်ကို အပြစ်ပေးနိုင်၏။

စစ်ဗိုလ်များ၏ မတရားလုပ်မှုကို အရေးယူသည့် Nuremberg စီရင်ထုံးများသည် အပြည်ပြည်ဆိုင်ရာဥပဒေဖြစ်လာသည်။ အမေရိကန်စစ်ဥပဒေ၌လည်း ဒီစီရင်ထုံးများကို အသုံးပြု၏။ အရပ်သားကို သတ်ခိုင်းသော အာဏာရှင်၏ တရားမ၀င်သောအမိန့်ကို တရားဝင်စစ်မိန့်အဖြစ် အသွင်ပြောင်းပေးသော ဦးစီးအရာရှိ (staff officer) သည်လည်း အပြစ်ရှိ၏။ တရားမ၀င်သော အမိန့်ကို လက်အောက်ငယ်သားဆီ မရောက်အောင် ထိန်ချန်ထားသော ဦးစီးအရာရှိကိုမူ အပြစ်မရှိဟု Nuremberg စီရင်ထုံးကဆို၏။

စစ်တိုက်သောအခါ အရပ်သားကို ဒုက္ခမပေးရဟု ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက နားလည်ခဲ့ကြသည်။ အရပ်သားကို မြန်မာစစ်တပ်က အနိုင်ကျင့်ပုံမျိုးကို ၁၉၄၉ ဂျနီဗာသဘောတူချက်က ပိတ်ပင်ထား၏။ တချိန်က အလွန်အာဏာရှိပြီး မောက်မာခဲ့ကြသော နာဇီနှင့်ဖက်ဆစ်အရာရှိများသည် အမိန့်နာခံမှုကြောင့် တနေ့တွင် စစ်ဆေးအပြစ်ပေးခံရလိမ့်မည်ဆိုသည်ကို ကြိုတင်သိရှိခဲ့ပါက အမိန့်နာခံဖို့သာ စဉ်းစားမည်မဟုတ်ပါ။ ယခုအခါတွင် တရားဥပဒေမလေးစားဘဲ ထင်ရာလုပ်သော စစ်မှုထမ်းကို အခွင့်အခါသင့်သည်နှင့် စစ်ဆေးအပြစ်ပေးခြင်းသည် ကမ္ဘာ့ထုံးတမ်းစဉ်လာ ဖြစ်လာပါသည်။

တရားမ၀င်သောအမိန့်နှင့် စစ်စည်းကမ်းနှင့်မကိုက်ညီသောအမိန့်ကို နာခံခြင်းသည် တိုင်းပြည်ကိုရော၊ စစ်တပ်ကိုပါ ပျက်စီးစေသည်။ တရားဥပဒေ ရိုသေလေးစားသောနိုင်ငံ၌ ဥပဒေနှင့်မကိုက်ညီသော အမိန့်ကို နာခံစရာမလိုဟု ယုံကြည်ကြသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်း၌ စစ်ဗိုလ်သည် စာတတ် ပေတတ် ပညာတတ်ဖြစ်ပြီး ဥပဒေနဲ့ ကိုယ်ကျင့်တရားကို လေးစားသူဖြစ်သည်။ ခေတ်ပညာတတ် စစ်ဗိုလ်များ တရားဥပဒေကို ရိုသေလေးစားပြီး မတရားသောအမိန့်နှင့် ဥပဒေချိုးဖျက်သောအမိန့်ကို မနာခံပါက တိုင်းပြည်အတွက်ရော၊ စစ်တပ်အတွက်ရော အလားအလာကောင်းဖွယ်ရာရှိသည်ဟု သုံးသပ်ကြသည်။

အစိုးရအမိန့်ကြောင့် တိုင်းပြည်၌ ထိခိုက်နစ်နာဆုံးရှုံးမည်ကို အရာရှိများကောင်းစွာသိရှိပါက ယင်းအမိန့်ကို နာခံသင့်သလော သို့မဟုတ် တရားဥပဒေကို ချိုးဖောက်ပြီး ထုတ်ပြန်ထားတဲ့ အထက်အမိန့်ကို နာခံမည်လော သို့မဟုတ် အများလက်ခံထားသော ကိုယ်ကျင့်တရားကို ဖောက်ဖျက်ကျူးလွန်သည့် အမိန့်ကို နာခံသင့်သလော စသည့်မေးခွန်းများကို စစ်ဗိုလ်များ ဖြေရှင်းရပါလိမ့်မည်။ စစ်နိုင်ရာဒေသ၌ တိုင်းရင်းသားများ မျိုးပြုတ်အောင် အစုလိုက်အပြုံလိုက်သတ်ပစ်ရန် အထက်က အမိန့်ပေးပါက စစ်မှုထမ်းအရာရှိက နာခံမည်လောဆိုသော ကိစ္စသည် မြန်မာနိုင်ငံ၌ ယနေ့ရင်ဆိုင်နေရသော ပြဿနာတခုပင်ဖြစ်၏။

တိုင်းပြည်အကျိုးစီးပွားနှင့် ဆန့်ကျင်သောအမိန့်ကို စစ်မှုထမ်းများက မှားမှန်းသိသော်လည်း မျက်စိမှိတ်နာခံသည့်အတွက် တိုင်းပြည်ပျက်စီးရသည့် သာဓကများ ကမ္ဘာ့သမိုင်း၌ အများကြီးရှိသည်။ ဥပမာ အာဏာရှင်ဟစ်တလာ၏ လမ်းစဉ်သည် ဂျာမဏီကို ပျက်စီးစေလိမ့်မည်ဟု ဗိုလ်ချုပ်များက ယုံကြည်သော်လည်း အမိန့်နာခံသူက အများစု၊ တိုင်းပြည်အကျိုးကိုကြည့်ပြီး ဟစ်တလာကို ဆန့်ကျင်ဖို့ ကြိုးပမ်းသူက လူနည်းစု ဖြစ်နေသောကြောင့် အမိန့်နာခံရင်း နောက်ဆုံး ဂျာမဏီတပြည်လုံး ပြာပုံဖြစ်သွားရပါသည်။ ဂျာမန်စစ်တပ်သည် စစ်မှုထမ်းစိတ်ပြင်းထန်သော တပ်ဖြစ်သော်လည်း ဆင်ခြင်တုံတရား ရှေ့မထားဘဲ မျက်စိမှိတ်ပြီး အမိန့်နာခံသည့်အတွက် တန်ဖိုးရှိသော စစ်မှုထမ်းဘ၀ ဆုံးရှုံးသွားပေသည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, February 14, 2010

အဘ ဦးတင်ဦး လွတ်မြောက်လာခြင်း အထိမ်းအမှတ်

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသော တပ်မတော်သားများ လေးစား ကြည်ညိုခဲ့ရတဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦး အား ဂုဏ်ပြုခြင်း အားဖြင့် စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ မောင်စည်သာ ရေးသားသော သိကြားစေ သက်သေညွှန်း ဆောင်းပါးအား ဖော်ပြ ပေးလိုက်ပါတယ်။

သိကြားစေ သက်သေညွှန်း


ဆောင်းပါးရှင် – မောင်စည်သာ (တပ်မတော် အရာရှိဟောင်း တစ်ဦး)

၁၉၆၃ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံး ရက်သတ္တပါတ်၏ နံနက်ခင်းနေ့ တစ်နေ့ပင် ဖြစ်ပါသည်။ ကျွန်တော်သည် ကရင်ပြည်နယ် ရှေ့ တန်း စစ်ဆင်ရေး စခန်း တစ်ခုသို့ ခရီးကြုံသည့် တပ်မတော် (လေ) မှ ရဟတ်ယာဉ်ဖြင့် လိုက်ပါရန် အတွက် မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတွင်းရှိ ရဟတ်ယာဉ် ဆင်းတက်သည့် ကွင်းသို့ ရောက်ရှိနေပါသည်။ ကွင်းထဲတွင် အသင့် စောင့်ဆိုင်းနေကြသော ရဟတ်ယာဉ် လေယာဉ်မှူး (၂) ဦး၊ စက်မှု ပညာသည် အရာခံဗိုလ်တို့နှင့် တွေ့ရှိ နှုတ်ဆက်ကြပါသည်။


လေယာဉ်မှူး (၁) ဦးက အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့် အဖွဲ့အား ဘားအံရှိ တပ်မဟာမှူး နှင့် အဖွဲ့တို့ ပြုလုပ်မည့် စစ်ဆင်ရေး ညှိနှိုင်းစည်းဝေးပွဲသို့ တက်ရောက်ရန် တာဝန်ယူ ပို့ဆောင်ရမည် ဖြစ်ကြောင်း၊ ရာသီဥတု အခြေအနေ ကောင်းမွန်ပါက ၂၀-၂၅ မိနစ်အတွင်း ဘားအံသို့ ဆိုက်ရောက်မည် ဖြစ်ကြောင်းများကိုလည်း ပြောပြပါသည်။ ကျွန်တော်မှ ကျွန်တော်၏ တပ်ရှိရာ၊ လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံ ဒေါနတောင် စစ်ဆင်ရေး နယ်မြေသို့ ဘားအံမှ တဆင့် ဆက်လက် ထွက်ခွာရမည် ဖြစ်ကြောင်းကို ရှင်းလင်း ပြောပြလိုက်ပါသည်။ ကျွန်တော်တို့ အားလုံး ဒုတိုင်းမှူးနှင့် အဖွဲ့အလာကို စောင့်ကြိုနေကြပါသည်။ ရရှိသည့် တဒင်္ဂ အချိန်ကလေးအတွင်း ကျွန်တော်သည် ပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံ သတိပြုလိုက်မိပါသည်။

စောစောက အင်အားချိနဲ့စွာ ပါးပါးလေးသာ ကျနေသည့် ငွေနှင်းမှုန်တို့သည် တစစ အားကောင်းလာနေသော သူရိယ နေမင်းကြီး၏ ပြင်းထန်သည့် ထိုးစစ်ကို ရင်မဆိုင်နိုင်တော့ပဲ ဖြေးဖြေးချင်း နောက်ဆုတ်ပေးရသည့် အခြေသို့ ရောက်နေသဖြင့် မြင်ကွင်းတခုလုံး တစစ ပေါ်လွင် ထင်ရှား ပြတ်သား လာပါတော့သည်။ ငွေနှင်းရည်ကို တစ်ညလုံး အားရအောင် သောက်သုံးထားကြသဖြင့် အနီးအနားရှိ သစ်ပင် ပန်းပင် မြက်ခင်းပြင်တို့ စိမ်းစို လန်းဆန်း ရွှင်လန်း နေသလို အဝေးဆီရှိ အဆောက်အဦးများ၊ နေအိမ်များ၊ ဘုရား စေတီ ကျောင်းကန်နှင့် ညိုမှိုင်းနေသည့် တောတောင်တန်းများက ရွှေမြိုင်ဟေမန္တ နံနက်ခင်း အလှကို အတားအဆီးမရှိ အိပ်သွန်ဖာမှောက် ဖေါ်ထုတ် ရင့်ကြူးလျက် ရှိနေပါသည်။

ရွှေမြိုင်၏ သဘာဝ အလှတွင် ကျွန်တော် ယစ်မူးနေမိပါတော့သည်။ ရုတ်တရက် ကား (၁) စီး ထိုးရပ်သံနှင့်အတူ လုံခြုံရေးအတွက် တာဝန်ယူရသော အဖွဲ့တာဝန်ခံ တစ်ဦးက “အလေးပြု” ဟု ပီသသည့် အသံက ကျွန်တော့်ကို အိပ်ယာမှ လှုပ်နိုးလိုက်သည့် သဘောပင် ဖြစ်ပါသည်။ မကြာမီ အသက် (၄၀) ၀န်းကျင်သာ ရှိဦးမည့် အသားမဖြူ မညို၊ အရပ် မနိမ့် မမြင့်၊ ကိုယ်လုံး ကိုယ်ထည် ကျစ်ကျစ်လပ်လပ် ချပ်ချပ်ယပ်ယပ်ရှိသည့် ဒုဗိုလ်မှူးကြီး အဆင့် အရာရှိကြီးသည် ဦးစီး အရာရှိများနှင့် အတူ ကားပေါ်မှ ဆင်းလာပြီး ကျွန်တော်တို့ စောင့်ဆိုင်းရာ နေရာသို့ ရောက်ရှိလာပါတော့သည်။ အဆိုပါ အရာရှိကြီးသည် ထိုခေတ်ကာလက စစ်ရေးထူးချွန် ပြောင်မြောက်၍ (Officiating Colonel) ဗိုလ်မှူးကြီး လစာ စားနေရသော ဒု တိုင်းမှူး ရာထူးဖြင့် ဒု ဗိုလ်မှူးကြီး ဖြစ်ပါသည်။

ကျွန်တော်တို့ အားလုံးမှ သတိ အနေအထားဖြင့် အဆိုပါ အရာရှိကြီးအား အလေးပြု လိုက်ကြပါသည်။ ဗိုလ်မှူးကြီးက ကျွန်တော်တို့၏ အလေးပြုမှုကို ပြန်လည် ခံယူပြီး “Sorry ပဲ ဗိုလ်ကြီးတို့ရေ၊ ကျွန်တော် နည်းနည်း နောက်ကျသွားတယ်ဗျာ၊ နှင်းအကွဲကို စောင့်လိုက်လို့ပါ” ဗိုလ်မှူးကြီး၏ ရိုးသား ပွင့်လင်းမှု တဖက်လူကို ကိုယ်ချင်းစာတရားများ ရှိမှု စသည့် ခေါင်းဆောင်ကောင်း တစ်ဦးတွင် ရှိရမည့် အင်္ဂါရပ် စကားလုံးများက ကျွန်တော်၏ နှလုံးသားကို တခဏ အတွင်းမှပင် နွေးထွေး ပီတိဖြာစေပါတော့သည်။

“ကိစ္စ မရှိပါဘူး၊ ဗိုလ်မှူးကြီး ခင်ဗျား” ကျွန်တော်တို့ အားလုံးက ပြန်အဖြေပေးရင်း တပ်၏ ထုံးထမ်း စဉ်လာအရ အဆင့်မြင့်သူ အရာရှိအား အဆင့်ငယ်သူများက မိမိဖာသာ မိတ်ဆက်ကြရပါသည်။ ရဟတ်ယာဉ်မှူးများ မိတ်ဆက်ပြီးနောက် ကျွန်တော်မှလည်း ကျွန်တော့်အမည် တပ်ရင်းနှင့် တပ်ရင်းမှူး အမည်၊ လက်ရှိ ထမ်းဆောင်နေရသော တာဝန်တို့ကို ဖော်ပြပြီး မိတ်ဆက်လိုက်ပါသည်။ ဗိုလ်မှူးကြီးက ၀မ်းသာအားရ ကျွန်တော်တို့ အားလုံးအား လက်ဆွဲ နှုတ်ဆက်သလို ဦးစီး အရာရှိများကလည်း ပျူပျူငှာငှာ နှုတ်ဆက်ကြပါသည်။

မကြာမီပင် ကျွန်တော်တို့ ရဟတ်ယာဉ်သည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်အား ခွဲခွာခဲ့ပြီး ကရင်ပြည်နယ် မြို့တော် ဘားအံဆီသို့ ဦးတည် ပျံသန်းလျက် ရှိနေပါသည်။ ရွှေမြိုင်၏ အလှ ရှုခင်းတို့သည်လည်း ဝေးကာဝေးကာ မှုံဝါးပြီး ကျန်ရစ်ခဲ့ပါတော့သည်။ ရဟတ်ယာဉ်ပေါ်တွင် ဒုတိုင်းမှူး ဗိုလ်မှူးကြီးသည် ရဟတ်ယာဉ်မှူး (၂) ဦး၏ နောက်ဖက် ဘယ်ဘက်ခုံတန်းတွင် ထိုင်ပါသည်။ ဦးစီး အရာရှိ (၃) ဦးကတော့ ညာဘက် ခုံတန်းတွင် ထိုင်ကြပြီး ကျွန်တော်တို့တော့ ဗိုလ်မှူးကြီးနှင့် မလှမ်းမကမ်း ဘယ်ဘက် တံခါးပေါက် အနီး ခုံတန်းတွင် နေရာချထားပေးပါသည်။ ရဟတ်ယာဉ်၏ နောက်ပိုင်းတွင်ကား စက်မှု ပညာသည် အရာခံဗိုလ် ရှိနေပါသည်။

ဦးစီးအရာရှိ (၃) ဦးသည် စစ်သုံးမြေပုံကို ဖြန့်ပြီး အချင်းချင်း ပြောဆို ဆွေးနွေး နေကြပါသည်။ ဒု တိုင်းမှူး ဗိုလ်မှူးကြီးကား မှတ်စု စာအုပ်ဟု ယူဆရသည့် အိပ်ဆောင် စာအုပ်ကို သူ့အိပ်ထဲမှာ ထုတ်ယူလိုက်ပြီး ဖတ်ရှု ရေးမှတ်နေပါသည်။ ကျွန်တော်ကတော့ ဘားအံ ရောက်ရင် တပ်မဟာမှ စီစဉ်ပေးမည့်ကား နှင့် လှိုင်းဘွဲ့-လှိုင်းဘွဲ့ရှိ နယ်မြေခံတပ်မှ မည်သို့သော အစီအစဉ်နှင့် ရှေ့တန်းဆီသို့ ပေးပို့မည်တို့ကို စဉ်းစား တွေးတောနေမိပါသည်။ မည်သို့ပင် ဖြစ်စေ အဆင်ပြေပြေ လုံခြုံမှု ရှိရှိနှင့် ရှေ့တန်းရှိ ကျွန်တော့် တပ်ခွဲ၊ တပ်စု ရှိရာသို့ အမြန်ဆုံး ရောက်ရှိပါရစေလို့သာ အကြိမ်ကြိမ် ဆုတောင်း နေမိပါတော့သည်။ အတွေးတွေ လွန်နေရာမှ ရုတ်တရက် ကျွန်တော် မျက်စေ့အစုံက ဒုတိုင်းမှူး ဗိုလ်မှူးကြီး ထံသို့ ရောက်ရှိသွားပါတော့သည်။ ဗိုလ်မှူးကြီးသည် သူ၏ မှတ်စု စာအုပ်လေးအား ပေါင်ပေါ်တွင် လက်တဖက်နှင့် ဖိထားရင်း ရဟတ်ယာဉ်၏ ပြတင်းပေါက်ဆီမှ မြေပြင်ဆီသို့ လှမ်းမျှော် ကြည့်ရှု နေသည်ကို သတိပြုမိပါသည်။

ရာသီဥတု အခြေအနေကလည်း ကောင်းမွန်လှသဖြင့် မြင်ကွင်းတို့သည်လည်း ရင်သပ် ရှုမော အံ့သြဖွယ်ရာပင် ဖြစ်ပါသည်။ ရွှေရောင်လွှမ်းနေပြီ ဖြစ်သော လယ်တော ယာတောများ၊ ကျေးရွာ အုပ်စုကလေးများ၊ စိမ်းးလဲ့ရည်မှောင်နေသော သစ်တောများ အပြင် တိဗက်ကုန်းမြင့်မှာ မြစ်ဖျားခံခဲ့ပြီး တရုတ်ပြည်- မြန်မာပြည် အရှေ့မြောက်ပိုင်း၊ ၄င်းမှ ထိုင်း – မြန်မာနယ်စပ်၊ ထိုမှတဆင့် အမိမြန်မာပြည်ထဲသို့ မိမိ၏ နောက်ဆုံး ခရီးစဉ် အနေနှင့် တရွေ့ရွေ့စိတ်မပါတပါ စီးဆင်းနေသော မြစ်ကြီးသံလွင်ကိုလည်း ရဟတ်ယာဉ်၏ အနောက်မြောက် ယွန်းယွန်းတွင် တွေ့ရှိနိုင်ပါသည်။ ဤမြင်ကွင်းကျယ် သဘာဝ ပန်းချီကားကြီးသည် ဗိုလ်မှူးကြီး၏ နှလုံးသားတွင် မည်သို့သော ခံစားချက်မျိုး ပေါက်ဖွားနိုင်စေမည်ကို ကျွန်တော် မှန်းဆ တွေးတော နေမိပြန်ပါသည်။ ဗိုလ်မှူးကြီး မျက်နှာကိုလည်း လှမ်းကြည့် အကဲခတ် လိုက်ပါသည်။ ထိုအချိန် ဗိုလ်မှူးကြီးနှင့် ကျွန်တော်တို့ မျက်စေ့ချင်း ဆုံသွားရာမှ ဗိုလ်မှူးကြီးက ပြုံးပြီး ကျွန်တော့်ကို လက်ယပ်ခေါ်သဖြင့် သူ့အနီးသို့ ကျွန်တော် ရောက်ရှိသွားပါသည်။ ရဟတ်ယာဉ်၏ စက်သံ၊ ရဟတ်သံများ အကြား သူ၏ အသံကို မြှင့်ပြီး

“ဗိုလ်ကြီး ဟိုမှာ ကြည့်စမ်း၊ မြင်ကွင်းတွေ မြင်တယ် ဟုတ်လား၊ သဘာဝ ရှုခင်းတွေက သတ္တလောကကြီးကို အစွမ်းကုန် တန်ဆာဆင်ပြီး အလှချယ် နေကြတယ်”

“ဟုတ်ကဲ့ပါ ဗိုလ်မှူးကြီး ခင်ဗျား၊ ဒီ မြင်ကွင်းတွေဟာ ကျွန်တော့်ရဲ့  မျက်စေ့ထဲမှာ အမြဲ စွဲမက်နေမဲ့ မြင်ကွင်းတွေ ပါပဲ ဗိုလ်မှူးကြီး ခင်ဗျား”

“ဒါပေမဲ့ လောကကြီးရဲ့အလှဆုံး အလှရယ်လို့ ခေါ်ဆိုရမဲ့ တရားမျှတမှု၊ လွတ်လပ်မှု ဆိုတဲ့ အရင်းခံ တရားကြီးတွေ ရှိနေမှသာ သဘာဝ အလှတွေရော၊ ဒို့ တတွေရဲ့ဘ၀တွေ ရော အဓိပ္ပာယ် ရှိရှိ၊ သိက္ခာ ရှိရှိ၊ သာယာ ကြည်နူး ငြိမ်းအေး နိုင်ကြမှာပဲ ဗိုလ်ကြီး”

ဗိုလ်မှူးကြီး၏ ရင်တွင်း ခံစားချက်အရ ထွက်ပေါ်လာသည့် ဤ စကားလုံးများသည် ကျွန်တော်၏ နားသောတ အာရုံတွင် ကျွန်တော် အသက်ရှင် နေသေးသမျှ နုပျို လန်းဆန်း ပဲ့တင် လွှမ်းနေမည်ကို တခဏချင်းပင် ကျွန်တော် နားလည် သဘောပေါက် မိပါတော့သည်။ တဆက်တည်းမှာပင် ကျွန်တော့် ဘ၀တွင် ဖေါ်ပြလို့ မရနိုင်သည့် အံ့သြ ၀မ်းသာ ပီတိဖြာစေသည့် အကြောင်းကတော့ ဗိုလ်မှူးကြီးသည် သူ့ဘ၀တွင် တရားမျှတမှု၊ လွတ်လပ်မှုတို့ကို အရာရာထက် တန်ဖိုး အလွန်ထားသော ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်ကို ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း သိရှိခဲ့ရခြင်းပင် ဖြစ်ပါသည်။ ထိုအချိန်တွင် ရဟတ်ယာဉ်မှူး (၁) ဦး ဗိုလ်မှူးကြီးထံသို့ ချဉ်းကပ်လာသည့် အတွက် ကျွန်တော်လည်း အလိုက်သိစွာ ဗိုလ်မှူးကြီးကို အလေးပြုပြီး မိမိနေရာ ဆီသို့ ပြန်ခဲ့ပါသည်။

သို့ပါသော်လည်း ဗိုလ်မှူးကြီး၏ ခံစားချက်နှင့် ယှဉ်ပြီး ပြောသော စကားလုံးများနှင့် စပ်လျဉ်းပြီး ကျွန်တော်၏ အတွေးနယ်သည် အတိုင်းအဆ မရှိ၊ ပို၍ ပို၍ ကျယ်ဝန်း နေစေပါတော့သည်။ ရဟတ်ယာဉ်၏ အချက်ပြ မီးပေါ်လာမှ အတွေးနယ် ပျောက်ပျက်သွားပါတော့သည်။ အပြင်ဆီသို့ လှမ်းကြည့် လိုက်သောအခါ ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင် ကိုလည်း ထင်ထင်ရှားရှား တွေ့ရပြီမို့ မကြာမီ အတွင်း ရဟတ်ယာဉ်သည် ဘားအံသို့ ဆင်းသက်တော့မည်ကို နားလည် သဘောပေါက် လိုက်ပါသည်။

ရဟတ်ယာဉ်ပေါ်ရှိ ကျွန်တော်တို့ အားလုံး အဆင်သင့် အနေအထားတွင် ရှိနေပါသည်။ ရဟတ်ယာဉ်သည် ဘားအံကို တစ်ပါတ် ပါတ်ပြီး တပ်မဟာ ဌာနချုပ်သို့ အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့ပါသည်။ ရဟတ်ယာဉ် စက်ရပ်ပြီးနောက် ရဟတ်ယာဉ်မှူးများက ဘားအံ တပ်မဟာသို့ ရောက်ရှိပြီ ဖြစ်ကြောင်း ဒုတိုင်းမှူးအား သတင်းပို့ကြပါသည်။ တိုင်း ဦးစီး အရာရှိများကလည်း ဒုတိုင်းမှူး အောက်သို့ ဆင်းရန် အသင့် စောင့်ကြို နေပါသည်။ ဗိုလ်မှူးကြီးသည် ရဟတ်ယာဉ်မှူးများအား ကျေးဇူးတင်ကြောင်း ပြောဆိုပြီး ကျွန်တော် ရှိရာဘက်သို့ တစေ့တစောင်း ကြည့်ရင်း “Good Luck ဗိုလ်ကြီး၊ တချိန်ချိန်တော့ ဆုံကြဦးမယ်လေ” ဟု ပြောရင်း လက်တဖက်ဝှေ့ရမ်းပြပြီး အောက်သို့ ဆင်းသွားပါတော့သည်။ ကျွန်တော်ကလည်း ဒုတိုင်းမှူးကြီးကို လေးစားမှု အပြည့်၊ ယုံကြည်မှု အပြည့်ဖြင့် အလေးပြုကာ ခွဲခွာ ခဲ့ရပါသည်။

ဒုတိုင်းမှူးနှင့် အဖွဲ့အား တပ်မဟာမှူးနှင့် အဖွဲ့မှ ဆီးကြိုပြီး ခေါ်ဆောင်သွားကြပါပြီ။ မကြာမီ တပ်မဟာမှ တပ်ကြပ်ကြီး တစ်ဦး ရောက်လာပြီး ကျွန်တော့်ကို ရှေ့ တန်း ခရီးဆက်မည့် ဗိုလ်ကြီး ဟုတ် မဟုတ် မေးမြန်းသဖြင့် ဟုတ်ပါသည် ဟု အဖြေပေးလိုက်ပါသည်။ တပ်ကြပ်ကြီးမှ ကျွန်တော့်ကို တပ်မဟာ အရာရှိ ရိပ်သာသို့ လိုက်လံ ပို့ဆောင် ပေးရင်း လှိုင်းဘွဲ့သို့ ကျွန်တော် ခရီးဆက်လက် ထွက်နိုင်ရန် အတွက် တပ်မဟာမှ စီစဉ်ပေးသော ကားနှင့် လုံခြုံရေး ရဲဘော်များ အရာရှိ ရိပ်သာ ရှေ့၌ အသင့် စောင့်ဆိုင်း နေပြီ ဖြစ်ကြောင်း၊ လှိုင်းဘွဲ့သို့ ရောက်သည့်အခါ လှိုင်းဘွဲ့ နယ်မြေခံ တပ်ရင်းမှ ၄င်းတို့ အစီအစဉ်ဖြင့် ရှေ့တန်းဆီသို့ ဆက်လက် ပို့ပေးလိမ့်မည် ဖြစ်ကြောင်းကိုလည်း သတင်းပို့ပါသည်။

အရာရှိ ရိပ်သာရှေ့သို့ ရောက်သောအခါ ကား (၁) စီးနှင့် ရဲဘော် အချို့ကို တွေ့ရပါသည်။ လိုက်ပို့ ပေးသူ တပ်ကြပ်ကြီးမှ ကျွန်တော့်ကို ခရီးလမ်း လုံခြုံရေး တာဝန်ခံ အကြပ် ယာဉ်မောင်း ဒုတပ်ကြပ်တို့နှင့် မိတ်ဆက်ပေးပါသည်။ ကျွန်တော်တို့ကား ထွက်မှ တပ်ကြပ်ကြီးလည်း အလေးပြုကာ ပြန်သွားပါတော့သည်။ ကားသည် လှိုင်းဘွဲ့ မြို့လေးဆီသို့ ဦးတည်၍ တရိပ်ရိပ် ပြေးနေလေသည်။ ဘားအံ၏ နံနက်ခင်းသည် ပန်းရနံ့သင်းသည့် လေနှင့်အတူ သန့်ရှင်းလတ်ဆတ်လှပေသည်။ တချိန်တည်းမှာပင် နံနက်ခင်း လေနုအေးက သယ်ဆောင်လာနေသည့် ပဲ့တင်သံ မျှင်မျှင် ကလေးကလည်း ကျွန်တော်၏ နားသောတ အာရုံဆီသို့ တကြော့ ပြန်လည် ရိုက်ခတ်လာနေပြန်ပါပြီ။

“…လောကကြီးရဲ့အလှဆုံး အလှရယ်လို့ ခေါ်ဆိုရမဲ့ တရားမျှတမှု၊ လွတ်လပ်မှု ဆိုတဲ့ အရင်းခံ တရားကြီးတွေ ရှိနေမှသာ သဘာဝ အလှတွေရော၊ ဒို့ တတွေရဲ့ဘ၀တွေ ရော အဓိပ္ပာယ် ရှိရှိ၊ သိက္ခာ ရှိရှိ၊ သာယာ ကြည်နူး ငြိမ်းအေး နိုင်ကြမှာပဲ၊ Good Luck ဗိုလ်ကြီး၊ တချိန်ချိန်တော့ ဆုံကြဦးမယ်လေ” ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်း နိုင်ကြပါစေ။

မောင်စည်သာ


ဆောင်းပါးရှင်၏ ရှင်းလင်း တင်ပြချက်

ရဟတ်ယာဉ်ပေါ်တွင် အမှတ်မထင် တွေ့ဆုံခဲ့သည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး အဖြစ် တာဝန်ယူခဲ့ရသူ ဒုဗိုလ်မှူးကြီး ဆိုသူမှာ နောင်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးအပ်ခြင်း ခံရသည့် ဗိုလ်ချုပ်ကြီးသူရ တင်ဦးပင် ဖြစ်ပါသည်။

ထိုစဉ်ကာလက တိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ရသော ပုဂ္ဂိုလ်တို့မှာ ရာထူး အဆင့် အားဖြင့် ဗိုလ်မှူးကြီး အဆင့်က အများဆုံး ဖြစ်ပါသည်။ ဗိုလ်မှူးချုပ် အဆင့်ဖြင့် တိုင်းမှူး တာဝန် ယူခဲ့ရသူများရှိသော်လည်း (၂) ဦး၊ (၃) ဦး ထက် မပိုပါ။ ဒုတိုင်းမှူးများ အဆင့်သည်လည်း ဗိုလ်မှူးကြီး အဆင့် ဖြစ်သော်လည်း ဗိုလ်မှူးကြီး အဆင့် ပေးရန် လျာထား ရွေးချယ်ပြီး ဖြစ်သည့် ထူးချွန်ပြောင်မြောက်သော ဒုဗိုလ်မှူးကြီး အဆင့်ရှိသူ အချို့ကို ယာယီ ဗိုလ်မှူးကြီး (Officiating Colonel) အဖြစ် ခန့်အပ် တာဝန်ပေးခြင်းမျိုး လည်း ရှိပါမည်။

သို့သော် လွန်စွာမှ အရည်အတွက် နည်းပါသည်။ ထိုစဉ်က အရှေ့တောင်တိုင်း တိုင်းမှူးမှာ ဗိုလ်မှူးကြီးသောင်းကြည် ဖြစ်ပြီး သူ့အောက်တွင် ဒုတိုင်းမှူး (၂) ဦး ရှိပါသည်။ တဦးမှာ ဒု ဗိုလ်မှူးကြီး သူရတင်ဦးဖြစ်ပြီး ကျန်တဦးမှာ ဘားအံရှိ တပ်မဟာကိုလည်း တပ်မဟာမှူး အဖြစ် ပူးတွဲ ကိုင်တွယ်ရသော ဒု ဗိုလ်မှူးကြီး စိန်ကလဲယား ခေါ် ဒု ဗိုလ်မှူးကြီး စိန်လင်း တို့ ဖြစ်ကြပါသည်။ ထို့အပြင် တပ်မတော်တွင်း ခေါ်ဝေါ် သုံးစွဲပုံကလည်း စကားပြောကြလျှင် ဒု ဗိုလ်၊ ဗိုလ်- အဆင့်မှ ဗိုလ်ကြီး အဆင့် အထိကို “ဗိုလ်ကြီး” ဟုသာ ခေါ်ဝေါ် လေ့ရှိပြီး ဒု ဗိုလ်မှူးကြီး ကိုလည်း “ဗိုလ်မှူးကြီး” ဟူ၍ ၄င်း၊ ဗိုလ်မှူးချုပ် နှင့် ဗိုလ်ချုပ် အဆင့်ကို “ဗိုလ်ချုပ်” ဟူ၍ ၄င်း၊ “ဗိုလ်ချုပ်ကြီး” အဆင့် ရှိသူမှသာ “ဗိုလ်ချုပ်ကြီး” ဟု ခေါ်ဝေါ် လေ့ရှိကြပါသည်။

ကျွန်တော့်တွင် “သိကြားစေ၊ သက်သေညွှန်း” နှင့် ပတ်သက်၍ စာဖတ်သူ မိတ်ဆွေ အပေါင်းအား အဓိက တင်ပြလိုသည့် အချက် အချို့ရှိပါသည်။ တခြား မဟုတ်ပါ။ တိုင်းပြည် တစ်ပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများသည် တိုင်းသူပြည်သား အားလုံးနှင့် တိုက်ရိုက်သော်၎င်း၊ သွယ်ဝှက်၍သော်၎င်း ပတ်သက်နေသည့် အရေးကိစ္စများ ဖြစ်သဖြင့် မည်သူ တစ်ဦးတယောက်မျှ ကင်းလွတ်၍ မရ၊ ရှောင်တိမ်းလို့လည်း ရသည့် ကိစ္စများ မဟုတ်ကြောင်းနှင့် ဤ အခြေအနေများသည် ကျွန်တော်တို့အားလုံး၏ ဘ၀ကိုလည်း အကြီးအကျယ် ပြောင်းလဲစေသည့် တန်ခိုး သတ္တိ လည်း ရှိကြောင်းပင် ဖြစ်ပါသည်။

၁၉၆၅ ခုနှစ် နှစ်လည် ပိုင်းတွင် အာဏာရှင်ကြီး ဦးနေ၀င်းသည် သူ့အာဏာ ပင်မ ဒေါက်တိုင် ဖြစ်သည့် တပ်မတော် ထောက်လှမ်းရေး၏ ယန္တရားကို အသုံးပြုပြီး တပ်မတော် အတွင်းရှိ ဒီမိုကရေစီ အင်အားစုများကို ရှင်းလင်း ဖမ်းဆီး ချုပ်နှောင် ရက်ရက်စက်စက် ညှင်းပန်း နှိပ်စက်ရာတွင် ကျွန်တော် အပါအ၀င် တပ်မတော် အရာရှိများ၊ တပ်မတော် အရာရှိကြီးများတို့သည် အာဏာရှင်ကြီး ဦးနေ၀င်း၏ သားကောင်များ ဘ၀သို့ ရောက်ခဲ့ရပါသည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ကျွန်တော်သည် “ရေကြည်အိုင်” ဗဟို ထောက်လှမ်းရေး အကျဉ်းထောင်မှ ကံကောင်း ထောက်မ၍ အသက် မသေမပျောက်ပဲ လွတ်မြောက်လာခဲ့ပါသည်။

သို့သော် ကျွန်တော့် သူငယ်ချင်း ဗိုလ်ကြီး မြင့်ထူး (ဖက်ဆစ် ဂျပန် တော်လှန်ရေးတွင် အထက် မြန်မာပြည်၊ တိုင်းမှူး အဖြစ် တာဝန် ယူခဲ့သူ၊ ဗိုလ်မှူးကြီး ဗထူး၏သား) ကတော့၊ မျက်မှန် တင်ဦးကြီး ဦးစီးသော စစ်ထောက်လှမ်းရေး ပါးကွက် အာဏာသားတို့၏ နှိပ်စက် ညှင်းပန်းမှု ဒဏ်ကြောင့် “ရေကြည်အိုင်” တွင် ရေတိမ် နစ်ခဲ့ရရှာပါသည်။ ဤ အကြောင်းနှင့် ပတ်သက်၍ တိုင်းပြည်နှင့် ပြည်သူသို့ ကျွန်တော်၏ “သပြေတခက် ကြွေရက်ကယ်စော” တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ တိုင်းရင်းသား ပေါင်းစုံ စည်းလုံးညီညွတ်ရေး၊ ဖက်ဆစ် စစ်အာဏာရှင် စနစ် ကျဆုံးရေးတို့အတွက် အခက်အခဲ အန္တရယ်တွေကြားက ပုန်းအောင်း ပြေးလွှားရင်း ၁၉၇၂ ခုနှစ် သြဂုတ်လ တတိယ အပတ်တွင် ကျွန်တော်သည် လွတ်မြောက်ရေး နယ်မြေသို့ ရောက်ရှိလာပါသည်။

ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ရဲဘော် သုံးကျိပ်ဝင်များ ဖြစ်သည့် ဗိုလ်လင်္ကျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်၊ ယခင် ပထစ အစိုးရ ကုန်သွယ်ရေး ၀န်ကြီး ဦးသွင် (ကျိုက်မရော ဦးသွင်) ဗိုလ်ချုပ် စောကြာဒိုး စသည့် ပုဂ္ဂိုလ်များ ဦးစီးသည့် ပါလီမန် ဒီမိုကရေစီ ပါတီနှင့် ပြည်ချစ် တပ်မတော်တွင် ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်ချစ် တပ်မတော်၏ အသစ်ဖွင့်လှစ်သော အနောက်မြောက်တိုင်းတွင် တိုင်းမှူး ဗိုလ်မှူးအောင်၏ အောက်တွင် ဒုတိယ တိုင်းမှူး အဖြစ် တာဝန်ယူခဲ့ရပါသည်။

ဤကာလပိုင်းတွင် ဗိုလ်မှူးကြီး သူရ တင်ဦးသည်လည်း ဗိုလ်မှူးကြီး အဆင့်မှ ဗိုလ်မှူးချုပ်၊ ထိုမှတဆင့် ဗိုလ်ချုပ်ကြီး အဆင့်ထိ ရာထူး တိုးမြှင့်ပေးခြင်း ခံရသလို တပ်မတော်၏ စစ်သေနာပတိချုပ် (၀ါ) ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသည်တို့ကိုလည်း ကြားသိခဲ့ရပြန် ပါသည်။ ၁၉၇၆ ခုနှစ်တွင် ထူးခြားသော သတင်း (၂) ရပ် ပေါ်ထွန်းလာပါသည်။ သတင်း တစ်ရပ်မှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးကား စစ်ဦးစီးချုပ် ရာထူးနှင့် တာဝန် တို့မှာ ရပ်စဲခြင်း ဖြစ်ပါသည်။ များမကြာမီ စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးနှင့် တပ်မတော်အား တပ်မတော်၏ မူလ တာဝန်များ ဖြစ်သည့် တိုင်းပြည် ကာကွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များကိုသာ တာဝန်ယူပြီး လမ်းကြောင်းမှန်ဆီသို့ ပြန်လည် ရောက်ရှိရန် ကြိုးပမ်း အားထုတ် လှုပ်ရှားခဲ့ကြသည့် ဗိုလ်ကြီး အုံးကျော်မြင့် နှင့် အပေါင်းပါ တပ်မတော် အရာရှိများ၏ အမှုကို အထူး ခုံရုံးဖွဲ့၍ စစ်ဆေး အပြစ်ပေးခြင်းပင် ဖြစ်ပါသည်။

ဗိုလ်ကြီး အုံးကျော်မြင့်အား သေဒဏ် ချမှတ်သလို အခြား အရာရှိများလည်း ထောင်ဒဏ် အပြစ်ပေးခြင်း၊ တပ်မှ ထုတ်ပယ်ပစ်ခြင်းများ ခံရပါသည်။ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးကိုကား တပ်မတော် အရာရှိများ၏ ကြံစည်မှုကို သိလျက်နှင့် သတင်း မပို့မှု၊ သတင်း ထိန်ချန်မှုတို့ဖြင့် ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခြင်း ခံခဲ့ရရှာပါသည်။ အချိန်နှင့် ဒီရေသည် မည်သူကိုမျှ မစောင့်ဟူသော ဆိုရိုးနှင့်အတူ နေ့ကို လစား၊ လကို နှစ်စားကာ ရာသီတွေ လည်ပတ်လျက် ရှိနေပါသည်။ ၁၉၈၀ ခုနှစ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်လိုက်သောအခါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် မိမိ ယုံကြည်ချက်၊ မိမိ သမိုင်း လမ်းကြောင်း မှတ်တိုင်တို့ကို လဲလှယ်ပြီး တော်လှန်ရေး နှင့် အမျိုးသားရေးတို့ကို သွေဖီကာ လက်မြှောက် အရှုံးပေး သွားကြသော ပုဂ္ဂိုလ် အဖွဲ့အစည်းများ ရှိခဲ့ကြပါသည်။

သို့သော် မဆလ အာဏာရှင် စစ်အစိုး၏ ထောင်၊ အချုပ်တို့တွင် ဖမ်းဆီး ချုပ်နှောင်၊ အကျဉ်းကျခံနေရသော အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များလည်း ပြန်လည် လွတ်မြောက်လာကြပါသည်။ ဤအထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးလည်း တစ်ဦး အပါအ၀င် ဖြစ်ပါသည်။ လွတ်မြောက်လာကြ သူများ အတွက်လည်း ၀မ်းသာအားရ ဖြစ်မိပါသည်။ “ဖြစ်ချိန်တန်လျှင် ဖြစ်ရမည်၊ ပျက်ချိန်တန်လျှင် ပျက်ရမည်” ဟူသည်ကို ကျွန်တော့် အနေနဲ့ “ဘာမှ လုပ်စရာ မလို၊ သူ့အလိုလို ဖြစ်ပျက်လာလိမ့်မည်” ဟူသော အမြင်မျိုး၊ ယုံကြည်မှုမျိုးကို ကျွန်တော် လက်မခံနိုင်ပါ။

အဘယ်ကြောင့် ဆိုသော ဖောက်ပြန်၊ အကျည်းတန်သော စနစ်ဆိုး တစ်ရပ် ပျက်စီး ချုပ်ငြိမ်းရေးသည် လည်းကောင်း၊ အများက ကြိုက်နှစ်သက်သော စနစ်ကောင်း တစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်လာရေး တို့သည်လည်းကောင်း၊ လူသား တစ်ဦးစီ၊ တစ်ဦးစီ၏ စွန့်လွှတ် စွန့်စား အနစ်နာခံပြီး လှုပ်ရှား တိုက်ပွဲဝင် နေမှုအပေါ်မှာသာ မူတည်လျက် ရှိနေခြင်းကြောင့်ပင် ဖြစ်ပါသည်။

၁၉၈၈ ခု (၈) လေးလုံး အရေးတော်ပုံကြီး ပေါ်ထွန်းလာသောအခါ ပြည်သူ့ဘက်မှ မားမားမတ်မတ် ရပ်ကာ လှုပ်ရှား ပါဝင် တိုက်ပွဲဝင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်” တွင်လည်း ယနေ့တိုင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်ကြီး သူရ တင်ဦးသည် တာဝန်ယူလျက် ရှိနေဆဲပင် ဖြစ်သည်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း လုပ်ကြံမှုကြီးတွင် ဗိုလ်ချုပ်ကြီး သူရ တင်ဦး လွတ်မြောက်ခဲ့သော်လည်း ကလေးထောင်သို့ ပို့ဆောင် ချုပ်နှောင်ထားခြင်း ခံရပြန်ပါသည်။ ၄င်းနောက်နေအိမ်တွင် အကျယ်ချုပ်အဖြစ်၊ ချုပ်ထားသည်မှာ ယနေ့ဆိုလျှင် (၅) နှစ်ခန့် ရှိနေပေပြီ။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးနှင့် ကျွန်တော်တို့ မျက်နှာခြင်းဆိုင် ပြန်လည် မဆုံစည်းးကြသည်မှာ ယနေ့တိုင် (၄၇) နှစ် ကျော်ပင် ကြာခဲ့ပြီ ဖြစ်ပါသည်။ ဤ ကာလကြီးသည် အင်မတန် ရှည်လျား ထွေပြားသော ကာလလည်း ဖြစ်နေပါသည်။ သို့သော် ကျွန်တော် စိတ်မပျက်၊ အားမငယ် ၀မ်းမနည်းပါ။ ထို့ထက် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောရမည် ဆိုလျှင် ကျွန်တော် ၀မ်းအသာကြီး သာနေသလို ဂုဏ်ယူ ပီတိတွေ ဖြာလျက်ရှိနေပါသည်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးနှင့် ပြည်သူလူထု ကြီးထဲက ကျွန်တော် တစ်ယောက် အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေဟာ တစုတည်းသော ပန်းတိုင်ဖြစ်တဲ့ “ဒီမိုကရေစီ ပန်းတိုင်ဆီသို့ သံဓိဌာန် ခိုင်ခိုင်မာမာနဲ့ လက်တွဲ ချီတက်နေကြပြီ ဖြစ်လို့ တကယ်တော့ ကျွန်တော်တို့ ပြန်ဆုံနေကြပြီပဲ မဟုတ်ပါလား ခင်ဗျား”။
အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ။

မောင်စည်သာ

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...