Friday, February 19, 2010

ကော့ကရိတ်မြို့ပေါ် ဗုံးပေါက်ကွဲမှုဖြစ်၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

2010-02-19 ( RFA )

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်က ဈေးကြီးအနီး ကမ်းနားလမ်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သတင်းရရှိပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ကော့ကရိတ်မြို့ခံ အမျိုးသမီးတဦးက ဗုံးပေါက်တယ် ကြားကြောင်း၊ ဆယ့်တနာရီလောက် ထင်ကြောင်း၊ မီးသတ်ရုံနားမှာ ဖြစ်ပြီး အထိအခိုက် ရှိကြောင်း ပြောပြပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ ကော့ကရိတ်မြို့မ ရဲစခန်းကို RFA က ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ တာဝန်ကျ ရဲအရာရှိက ဗုံးပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာရတာ ရှိပြီး မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း ဖျက်ဆီးခဲ့ကြောင်း အခုလို အတည်ပြု ပြောဆိုပါတယ်။

'ကျနော်တို့ ဒီကနေ့ ပေါက်ကွဲမှုဖြစ်တာ မှန်ပါတယ်ခင်ဗျာ၊ လူကြီးတွေ စစ်ဆေး ဆောင်ရွက် နေပါတယ်ခင်ဗျာ၊ ပေါက်ကွဲမှုဖြစ်တာ ဈေးအပြင်ဘက်မှာခင်ဗျ။ ကမ်းနားလမ်းဘက်မှာ လူသူတွေနဲ့ ဝေးတဲ့ နေရာမှာပါခင်ဗျ၊ ဒဏ်ရာရတာ နှစ်ယောက် သုံးယောက်ပဲ ရှိပါတယ်ခင်ဗျား။ မိန်းကလေးပါခင်ဗျာ၊ ဆေးရုံမှာ အေးဆေးပါပဲ ခင်ဗျား၊ ထပ်မံ တွေ့တဲ့ဟာ ဖျက်ဆီး ပစ်လိုက်တယ်ခင်ဗျ။'

ပေါက်ကွဲခဲ့တဲ့ ဗုံးနဲ့ ဖော်ထုတ် ဖျက်ဆီးခဲ့တဲ့ ဗုံးတွေဟာ ဘယ်လို အမျိုးအစား ဖြစ်တယ်၊ ဘယ်သူဘယ်ဝါရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ ပြောဆိုသွားခြင်း မရှိပါဘူး။

အခုသီတင်းပတ် အစပိုင်း ရှမ်းပြည်နယ် အတွင်းမှာလည်း ဗုံးပေါက်ကွဲမှုတွေ ရက်ဆက် ဖြစ်ပွားခဲ့ပြီး လူတချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက် မနေ့က မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။


source by : http://www.rfa.org