Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Wednesday, January 15, 2014

ကမ်းလာတဲ့ စာရွက်ကလေးများ

(တစ်)
သမီး . . .
အဲသည့်မနက်က ဖေဖေရန်ကုန်တက္ကသိုလ်ထဲကနေ ထွက်လာခဲ့ပြီးလှည့်တန်းဈေးဘက်ကို သွားစရာ ရှိတာနဲ့ပြည်လမ်းကို ဖြတ်ကူးလိုက်တဲ့အခါ ဦးလေးကြီးတစ်ယောက်ကို တစ်ခါပြန်တွေ့ရပြန်တာပါပဲ။ အသက်ကတော့ ခြောက်ဆယ်နီးနီး၊ ဒါမှမဟုတ် ခြောက်ဆယ်စွန်းစွန်းလောက်တော့ ရှိမယ်ထင်ပါရဲ့။ 

ဆံပင်တိုတိုပါးပါးကတော်တော်လေးဖြူနေပါပြီ။ လူကလည်းပါးပါးလျားလျားပါပဲ။ အင်္ကျီလက်တို အကွက်ကလေးနဲ့၊ ချည်လုံချည် အနွမ်းကလေးနဲ့၊ သူ့ကြည့်ရတာ ပင်စင်စားတွေ၊ ဘာတွေများလား မသိပါဘူး သမီးရယ်။
ထုံးစံအတိုင်းပေါ့ သမီးရယ်။ သူ့လက်ထဲမှာ လက်ကမ်းကြော်ငြာစာရွက်ကလေးတွေနဲ့။ လမ်းသွားလမ်း လာတွေကို သူလက်လှမ်းမီသလောက် တစ်ရွက်ချင်းတစ်ရွက်ချင်း ကမ်းနေလိုက်တာ။ လူတိုင်းလိုလို ကသူကမ်းလာတဲ့ ကြော်ငြာစာရွက်ကလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ယူသွားလိုက်ကြတာပါပဲ။ အင်း . . . ဖေဖေကလည်း တစ်ရွက်ပေါ့။

ကွန်ပျူတာသင်တန်း ကြော်ငြာစာရွက်ကလေးသမီးရဲ့။ Computer Basic ဆိုတဲ့ ကွန်ပျူတာအခြေခံ သင်တန်းရယ်၊ DTP လို့ဆိုတဲ့ ရုံးသုံးစာစီစာရိုက်သင်တန်းရယ်၊ Graphic Designer လို့ဆိုတဲ့ ဓာတ်ပုံနဲ့ ဒီဇိုင်းသင်တန်းရယ်၊ နောက် Internet နဲ့ E-mail သင်တန်းတဲ့၊ Auto CAD တဲ့စုံနေတာပါပဲ။ သင်တန်း စမယ့်ရက်၊ သင်တန်းရှိရာလိပ်စာ၊ နောက်ဘယ်နှရာခိုင်နှုန်း သင်တန်းကြေးလျှော့မယ်ဆိုတာတွေ လည်း သည်လက်ကမ်းကြော်ငြာစာရွက်ကလေးထဲမှာ ပါ,ပါရဲ့။

ဖေဖေလည်း သည်ကြော်ငြာစာရွက်ကလေးဖတ်ပြီး သင့်ရာလျော်ရာစာအုပ်တစ်အုပ်ကြား ညှပ်ထား လိုက်တာပါပဲ။ တစ်ခါတစ်ခါတော့လည်း အမှိုက်ပုံးထဲပေါ့။ မကြာခဏဆိုသလို သည်လိုလက်ကမ်း ကြော်ငြာကမ်းသူတွေက ရှိတတ်ကြတယ်မဟုတ်လား။ လှည်းတန်းလမ်းဆုံတစ်ဝိုက်မှာ တစ်ခါတစ် လေပေါ်လာတတ်တဲ့ ဦးလေးကြီးကလည်းမြို့တော်ရဲ့ လက်ကမ်းကြော်ငြာ ပေးဝေးသူတွေထဲက တစ်ယောက်ပဲပေါ့။

(နှစ်)
သည်လက်ကမ်းကြော်ငြာတွေကလည်း အမျိုးအစားကိုစုံနေတာပါပဲ။ Beauty Parlour လို့ခေါ်တဲ့အလှ ပြင်ဆိုင်ကြော်ငြာတွေလည်း ပါရဲ့။ ဘာသာစကားသင်တန်းကျောင်းတွေရဲ့ ကြော်ငြာတွေလည်းပါရဲ့။ ပြီးတော့ ဘုရားဖူးကားကြော်ငြာ၊ အလုပ်သစ်အကိုင်သစ်ကြော်ငြာ စုံနေတာပါပဲသမီးရယ်။
မြို့တော်ရဲ့ ပလက်ဖောင်းတွေပေါ်မှာ၊ ကျူရှင်လှေကား အဆင်းအတက်မှာ၊ ဘတ်စ်ကားမှတ်တိုင်မှာ၊ ဈေးအဝင်ဝမှာ တစ်ဝမ်းတစ်ခါးအတွက် လုပ်ငန်းမျိုးစုံကို အသိပေးနေတဲ့ သူတွေလေ။

သမီးကိုဖေဖေပြောပြချင်တဲ့နေ့က ဆူးလေဘုရားလမ်းမကြီးပေါ်မှာ သမီးရဲ့။ ခုံးကျော်တံတားကြီးပေါ် မှာလေ။ ဖေဖေလှေကားထိပ်မှာ ကြော်ငြာကမ်းတဲ့ လူငယ်ကလေးနှစ်ယောက်၊ ကြော်ငြာကိုယ်စီကမ်း လို့၊ ကိုယ်အမူအရာက ယို့ယို့ကျိုးကျိုးနဲ့၊ ဘာကြော်ငြာ အမျိုးအစားမှန်းတော့ ဖေဖေလည်းမသိဘူးပေါ့ သမီးရယ်။ ဒါပေမဲ့သူ့အသက်မွေးဝမ်းကျောင်းကို လေးစားတဲ့အနေနဲ့ ဖေဖေလှမ်းယူလိုက်တာပါပဲ။ ဒါပေမဲ့ တချို့ချို့သောလူအများစုကိုတော့ ဖေဖေအံ့သြသွားမိတယ်။ ကြော်ငြာကိုတော့ယူလိုက်တယ် ပေါ့သမီးရယ်။ ဒါပေမဲ့ ချက်ချင်းဆိုမှချက်ချင်း၊ အခုချက်ချင်း ခြေတစ်လှမ်းလွန်ပြီးတာနဲ့ တံတားပေါ် ပစ်ချလွှင့်ပစ်လိုက်တာပါပဲ။ မိုးရေစပ်စပ်မှာ ကြော်ငြာစာရွက်ကလေးတွေ တံတားကြမ်းပြင်အနှံ့ ပြန့်ကျဲ တွယ်ကပ်လို့၊ မဖတ်ဘဲလွှင့်ပစ်ခံလိုက်ရတဲ့ လက်ကမ်းကြော်ငြာစာရွက်ကလေးတွေကိုယ်စား ဖေဖေ နာကျင်လိုက်ရတာ။ ကြော်ငြာကမ်းသူကလေးနှစ်ယောက်ရဲ့ မျက်လုံးထဲက အသိအမှတ်အပြုမခံရလို့ သိမ်ငယ်သွားတဲ့အရိပ်ကို ဖေဖေတွေ့လိုက်ရသလိုပဲ။ ယူတော့ယူလိုက်ပါရဲ့။ ဆတ်ခနဲဆို လွှင့်ပစ် လိုက်၊ ဆတ်ခနဲလွှင့်အစ်လိုက်နဲ့။ တချို့ချို့သောလူတွေပေါ့။

(သုံး)
သမီးရယ် . . .
အစည်းအဝေး တစ်ခုလို့ပဲဆိုပါတော့။ လူတစ်ယောက်ထပြီး တင်ပြလာတာကို ဖေဖေတို့သမီးတို့ သဘောတူချင်မှ သဘောတူမှာပေါ့။ ဒါပေမဲ့ သူပြောနေတာကိုတော့ ဖေဖေတို့နားထောင်ရမယ်လေ။ မပြောနဲ့လို့ ပိတ်ပင်တာမျိုး၊ နားမထောင်ဘဲနေတာမျိုးတော့ မလုပ်အပ်ဘူးလို့ ဖေဖေထင်မိတာပါပဲ။ ဆိုကြပါစို့ လူတစ်ယောက်က လူတစ်ယောက်ဆီကနေ မေတ္တာ၊ ဒါမှမဟုတ် ငွေကြေး၊ ဒါမှမဟုတ် တစ်ခုခုတောင်းခံလာတာမျိုး ဆိုပါတော့။ ငြင်းတာပဲဖြစ်ဖြစ်၊ လက်ခံတာပဲဖြစ်ဖြစ် အဲဒါကဖေဖေတို့ သမီးတို့ရဲ့ အခွင့်အရေး၊ ဒါပေမဲ့သူပြောခွင့်၊ သူတောင်းဆိုခွင့်ကိုတော့ ဖေဖေတို့အသိအမှတ်ပြုရ၊ လေးစားရပေမပေါ့။
သိစေချင်လို့ကမ်းလာတဲ့ ကြော်ငြာကလေးကိုယူပြီးရင် သင့်လျော်တဲ့နေရာတစ်နေရာ ဖတ်လိုက်ပေါ့။ မဖတ်ချင်တဲ့အဆုံး မမြင်ကွယ်ရာမှာ လွှင့်ပစ်လိုက်ပေါ့။ ခုတော့ကမ်းသူရဲ့ရှေ့မှောက်မှာတင် လွှင့်ပစ် လိုက်တာမျိုးကတော့ . . . ။

ဖေဖေကတော့ ရန်ကုန်မြို့အနှံ့လျှောက်သွား၊ ပေးလာတဲ့လက်ကမ်းကြော်ငြာကလေးတွေကို လှမ်းယူ၊ ပြီးတော့ကိုယ်နဲ့ဆိုင်သလား မဆိုင်သလားဖတ်ကြည့်။ နောက်တော့လည်း လွှင့်ပစ်တာပဲပေါ့ သမီး ရယ်။ တစ်ခုပါပဲ။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းမှုကို လေးစားတဲ့အနေနဲ့ သူတို့ရှေ့မှာတော့ ဘယ် တော့မှ ဖေဖေလွှင့်မပစ်ဘူး။

ဟောကြည့် . . . လူတစ်ယောက်က ဖေ့ဖေ့ကိုကြော်ငြာကလေးတစ်ရွက် လှမ်းပေးနေပြန်ပါပြီ။ ကိုယ် ကလေးကို ယို့လို့၊ မျက်နှာလေးကို အောက်ချလို့၊ ဖေဖေကတော့ လှမ်းပြီးယူလိုက်ပြန်ပါပြီသမီးရယ်။

မောင်သာချို 
source by : http://www.maukkha.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 18, 2009

မြန်မာမျိုးချစ်များအား ဖမ်းဆီးမှုနှစ်ချုပ်စာရင်း (အပြည့်အစုံ မဟုတ်ပါ)

ခွာညို

တကယ်တော့ ဒီ အဖမ်းအဆီးစာရင်းလုပ်ထားတာ နှစ်ဟောင်း နှစ်သစ် စပ်ကူးမတ်ကူးကာလမှာပါ။ လေးအောက်အယ်ဒီတာလေးက မိုးကြိုး (၁၀၀) ပြည့်မှာ ဒေါ်ကူမဲန်ထရီအနေနဲ့ ထည့်ချင်တယ်လုပ်ပေးပါ.. ဆိုလို့ လုပ်ပေးထားတာပါ။ ဒါပေမယ့် ဒီလက အစောင် (၁၀၀) ပြည့်လည်း ဖြစ်...(၁၀) နှစ်မြောက်မွေးနေ့နဲ့လည်းတိုက်နေတော့ စာမျက်နှာ နည်းနည်း ကြပ်သွားတာရော စာရင်းကလည်း မထင်မှတ်ဘဲ အတော်ရှည် သွားတော့ ထည့်လို့မရတော့ဘူးနဲ့ တူပါတယ်။ ဒါနဲ့ပဲ ကျမ ဘလော့ထဲ ရောက်လာရတာပါ။

ပန်းစပယ် နန်းအလယ် မပေါ်ခိုက်ဟာမို့ ခံပွင့်ကိုကုံး...ဆိုသလိုပေါ့..


စစ်အစိုးရသည် ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကို အစပြုသော လောင်စာဆီဈေးနှုန်း ကန့်ကွက်မှုမှ နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအားကူညီနေသည့် ဇာဂနာအထိ ဖမ်းဆီးထားသမျှ ပြည်သူ့ဘက်မှ ရပ်တည်သော အနုပညာရှင်များ၊ နိုင်ငံ့အရေးလှုပ်ရှားသူ ကျောင်းသားအဖွဲ့များ၊ နိုင်ငံရေးပါတီများ အထူးသဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအား အစုလိုက် အပြုံလိုက် နှစ်ရှည်ထောင် ဒဏ်များချမှတ်ခဲ့ ဆက်လက်၍လည်း ဖမ်းဆီးထောင်ချခြင်းများကို အရှိန်အဟုန်ဖြင့် ကျူးလွန်နေဆဲဖြစ်သည်။

သာသနာတော်ကိုထောင်ချခြင်း

ထောင်ဒဏ် ၆၈ နှစ်အချခံရသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၏
ဦးဆောင်ဆရာတော် အသျှင် ဂမ္ဘီရအား ခန္တီးထောင်၊
နောင်တော် ကိုအောင်ကျော်ကျော်အားတောင်ကြီးထောင်၊
အမှုတွဲ ကိုဝဏ္ဏအောင်အား ပဲခူးထောင်

စက်တင်ဘာ (၅) က ရန်ကုန်တိုင်း၊ သံလျှင်မြို့နယ်၊ ဗိုလ်ချုပ်ရွာရှိ မာလာရုံကျောင်းတိုက် ကျောင်းတိုင်ဆရာတော် သက်တော် (၅၈) နှစ်အား ဖမ်းဆီးသွားကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကပြောသည်။

စက်တင်ဘာတွင် သံဃာတော်များ ဆုတောင်းမေတ္တာပို့ကြွချီခြင်းများနောက်ပိုင်း ဘုန်းကြီးကျောင်းများသို့ စီးနင်းဖမ်းဆီးခြင်းခံရသော သံဃာ တော်များအနက် ပုဇွန်တောင်မြို့နယ်၊ ကျားကျောင်းဆရာတော် ဦးစန္ဒိမာအား ၂၀၀၈ ခုနှစ်၊ ကျောက်တံတားတရားရုံးမှ ထောင်ဒဏ် (၈) နှစ် ချမှတ်လိုက်ကြောင်း နိုဝင်ဘာလ (၁၄) ရက်နေ့ ခေတ်ပြိုင်သတင်းတွင်ဖော်ပြထားသည်။ ဦးစန္ဒိမာနှင့်အတူ ကိုကို (ခေါ်) ကိုဝဏ္ဏနွယ်ကိုလည်း အလားတူချမှတ်ခဲ့သည်။ စွဲဆိုခံရသော အမှုများမှာ မတရားအသင်းအက်ဥပဒေ ပုဒ်မ (၁၇/၁-၂) ဖြစ်ပြီး ဆက်လက်၍လည်း အသင်းအဖွဲ့ပုဒ်မ (၆) နှင့်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးပုဒ်မ (၅/၆) စသည့်အမှုလက်ကျန်များဖြင့် နောက်ထပ် ထောင်ဒဏ်ကျခံရန်ရှိနေသေးကြောင်းလည်း သိရသည်။

ယမန်နေ့က မင်္ဂလာတောင်ညွန့်တရားရုံးမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးပြည်ကျော်အား ထောင်ဒဏ် (၁၀) နှစ်၊ ဦးသုတဉာဏနှင့် တူမဖြစ်သူ မအိတို့အား ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့ကြောင်းသိရသည်။

တရားခံဖြစ်သွားသော ရှေ့နေများ

ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားသူများအား ဥပဒေအကျိုးဆောင်ပေးနေကြသော ရှေ့နေကြီး များဖြစ်ကြသည့် ဦးအောင်သိန်းနှင့် ဦးခင် မောင်ရှိန်တို့အား တရားရုံးအား မထီမဲ့မြင်ပြုမှုနှင့် ထောင်ဒဏ်လေးလစီ ချမှတ်ကာ ဦးအောင်သိန်းအား ပုသိမ်ထောင်သို့လည်းကောင်း။ ဦးခင် မောင်ရှိန်အား မြောင်းမြထောင်သို့လည်းကောင်း ပြောင်းရွှေ့လိုက်သည်။ တရားခွင်တွင် “တရားစီရင်ရေးကို မယုံကြည်တော့…” ဟု သုံးနှုန်း ခဲ့ခြင်းကြောင့် တရားရုံးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးက တရားစွဲခြင်းဖြစ်ကြောင်း…ဤသည်မှာ အမှုသည် များ၏ ပြောကြား ချက်အတိုင်း တင်ပြခြင်းသာဖြစ်ကြောင်းနှင့် တရားခွင်အတွင်း တရားခံတွေကိုယ်တိုင် သုံးနှုန်းစဉ်က လည်းကောင်း… စာတင်သည့်အခါက လည်းကောင်း ဟန့်တားခြင်း… ပြန်ဖျက်ပေးရန် တောင်းဆိုခြင်းများလည်း တရားသူကြီးမှ မရှိခဲ့ကြောင်း လုပ်ထုံး လုပ်နည်းများကို ခေတ်ပြိုင် သို့ ရှင်းပြခဲ့သည်။

အောက်တိုဘာ (၃၀) ကလည်း လူငယ်ရှေ့နေ ကိုညီညီထွေးနှင့် ၎င်း၏အမှုသည် သုံးဦးဖြစ်သော ကိုရန်နိုင်ထွန်း၊ ကိုမျိုးကျော်ဇင်နှင့်မီးသွေး ခေါ် ကိုအောင်မင်းနိုင်တို့အား တရားခွင်ကို မထီမဲ့မြင်ပြုမှုနှင့် ထောင်ဒဏ် (၆) လစီချမှတ်ခဲ့သည်။ ကိုညီညီထွေးသည် ရှေ့နေ ကိုစောကျော် ကျော်မင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများအတွက် ဖမ်းဆီးချုပ်နှောင်ခံရသူ (၁၁) ဦးတို့အတွက် လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်သည်။

ကိုစောကျော်ကျော်မင်းက တိမ်းရှောင်လျှက်ရှိနေပြီး တရားစွဲဆိုသော နေ့က ကိုညီညီထွေးအား ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ကိုညီ ညီထွေးက “ကျနော်တို့ နိုင်ငံရေးအမှုတွေ လိုက်နေကတည်းက အားလုံးကိုစွန့်ပြီးလိုက်ရတဲ့ အနေအထားပဲလေ၊ လိုင်စင်ဆိုတာလည်း မသေချာဘူး၊ ထောင်ကျရေး မကျရေးလည်း မသေချာဘူး၊ မျှတတဲ့ တရားစီရင်ရေးအရဆိုရင်တော့ ကျနော်တို့လို ရှေ့နေတွေကို တန်ပြန် တရားစွဲဆိုခံရဖို့ဆိုတာက သိပ်တော့ မမျှော်လင့်ထားဘူး။ သမိုင်းတလျှောက်မှာ ကျနော်သိသလောက် တစ်ကြိမ်မှလည်း မကြုံတွေ့ဖူးဘူး။ ထောင်ကျမှာ၊ လိုင်စင်ပြုတ်မှာ ဒါနဲ့ပတ်သက်ပြီးတော့သိပ်ပြီး စိုးရိမ်တကြီး အထိတ်တလန့်ကြီး ခံစားရတာမျိုးတော့ မရှိဘူးခင်ဗျ” ဟု ဖြေကြားသွားခဲ့သည်။

ဖမ်းဆီးထားသူများအနက်မှ ကိုအောင်သိန်းလွင်ကို ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ (၅) ခုနှင့် ထောင်ဒဏ် (၁၁) နှစ်၊ ဘောင်းဘောင်း ခေါ် ကိုဇော်မင်းအား ပုဒ်မ ၅၀၅ (ခ) အစိုးရ သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင်ကြံစည်မှုများနှင့် ထောင်ဒဏ် (၂) နှစ် ချမှတ် ခဲ့ကြောင်းသိရသည်။

စာ၊ နယ်၊ ဇင်းမှ အဖမ်းခံရသူများ-

အာဏာရူးကြီးသန်းရွှေ - စာတန်းပါအောင် ကဗျာရေးသားခဲ့သော ကဗျာဆရာစောဝေအား နိုဝင်ဘာ (၁၀) ရက်နေ့က ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်သည်။ အချစ်ဂျာနယ်တွင် ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ရေးသားသောကဗျာ၏ ထိပ်ဆုံးစာလုံးများကို ဒေါင်လိုက်ဖတ်ပါက “အာနာရူးကြီး မှူးကြီးသန်းရွှေ” ဟူသော စာတန်းထွက်လာသောကြောင့် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက်တွင် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြည်တွင်းအပတ်စဉ်ထုတ် စောင့်ကြည့် သတင်းဂျာနယ်မှ တရားရုံးဝန်ထမ်းများ လာဘ်ပေး လာဘ်ယူသတင်းရေးသားခဲ့သော သတင်းထောက် ကိုထွန်းထွန်းသိန်းနှင့် ထည့်သွင်းဖော်ပြခဲ့သော အယ်ဒီတာ ဦးခင်မောင်အေးတို့အား တရားခွင်မတင်ဘဲ ထောင်ဒဏ် (၃) လစီချမှတ်ပြီးမှ နေအိမ်များသို့လာရောက် ဖမ်းဆီးသွားခဲ့သည်။ အောက်တိုဘာလအတွင်းက ဖော်ပြ ခဲ့သော ထိုသတင်းမှာ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ခွင့်ပြုချက် ရပြီးမှ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက ဧရာဝတီသတင်းဌာနသို့ပြောခဲ့သည်။

နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအားကူညီမှုဖြင့် ၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၃) ရက် က ဖမ်းဆီးခံခဲ့ရသော အားကစားအယ်ဒီတာ ဇော် သက်ထွေးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးထိခိုက်စေမှု၊ သာသနာတော်ညှိုးနွမ်း အောင်ကြံဆောင်မှုတို့ဖြင့် ထောင်ဒဏ် (၄) နှစ် ချမှတ် လိုက်သည်။

နိုဝင်ဘာ (၂၈) ရက်နေ့တွင် မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာဖြစ်သူ ဦးစိန်ဝင်းမောင်တို့အား တရားမ၀င် ပုံနှိပ် ထုတ်ဝေမှုဖြင့် ထောင်ဒဏ် (၇) နှစ်စီချမှတ်ခဲ့သည်။ စက်တင်ဘာလအတွင်းက ပန်းသတင်းဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်း အဖမ်းခံရကြောင်း သတင်းရရှိပြီး ၎င်း၏ နောက်ဆက်တွဲသတင်းကို ထပ်မံမရရှိသေးပါ။

ဂီတနှင့် အနုပညာရှင်များ

မြန်မာပြည်တွင် ပထမဆုံး ဟစ်ဟော့အဖွဲ့မှ အဆိုတော် ဇေယျာသော်အား ဖေဖော်ဝါရီလကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၆) နှစ်ဖြင့် ကော့သောင်းထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် လူငယ်များအချစ်တော် ဟစ်ဟော့အဖွဲ့ ဖြစ်သည့် အက်ဆစ် တေးဂီတအဖွဲ့သည် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကို တည်ထောင်ပြီး မြန်မာပြည်အား အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် နိုင်ငံရေးပြောင်းလဲတိုးတက်လာစေရန် တတ်စွမ်းသမျှ ကြိုးစားနေသော လူငယ် အဖွဲ့ ဖြစ်သည်။

ဇေယျာသော်နှင့်အတူ ဖမ်းဆီးခံခဲ့ရသူများမှာ ကိုအောင်ဇေဖြိုး(တောင်ငူထောင်)၊ ကိုအာကာဗိုလ် (ကျောက်ဖြူထောင်)၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟ၀င်းတင် အား (ညောင်ဦးထောင်) တို့ဖြစ်ကြပြီး ၎င်းတို့အား ပုဒ်မ ၆/၈၈ ခွင့်ပြုချက်မရဘဲ အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယခု မတ်လအတွင်းက ဖမ်းဆီးတရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။ ဇေယျာသော်မှာ တရားမ၀င် နိုင်ငံခြားငွေကိုင်ဆောင်မှု တစ်မှု ၂၄/၁ တစ်မှုတိုး၍ (၆) နှစ်ကျခံစေခဲ့သည်။

မြန်မာနိုင်ငံ၏ နာမည်ကြီး ဟစ်ဟော့အဆိုတော် ရန်ရန်ချန်းကို ဧပြီလ (၁၈) ရက်၊ သင်္ကြန်အတက်နေ့ (ကြာသာပတေးနေ့) က မုံရွာမြို့ တွင် ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ (၃) ရက်တွင် အဖွဲ့ဝင်ကိုတင်မျိုးထွဋ် (ခ) ကိုကျော်ဦးအား ဖမ်းဆီးသွားကြောင်း G/W အဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာတော်လှန်ရေးနှစ်ပတ်လည်နား နီးလာသောကြောင့် အထိမ်းအမှတ်လှုပ်ရှားမှုများပြုလုပ် မည်စိုးသောကြောင့် လူငယ်အဖွဲ့များကို ပစ်မှားထားပြီး ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုမိုးဃ်သွေးက ပြောသည်။

အောက်တိုဘာ (၃) ရက်နေ့တွင် Generation Wave (G/W) မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ အဖွဲ့ဝင် (၄) ဦးအပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ လူငယ် (၈) ဦးအား ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင်း နေအိမ်တစ်အိမ်မှ ဖမ်းဆီး သွားခဲ့ကြောင်း (G/W) က ကြေညာသည်။

အောက်တိုဘာ (၉) ရက်နေ့က ရန်ကုန် နှင့် အခြားမြို့များတွင် (G/W) ဖွဲ့စည်းသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသည့် တစ်လက်မခွဲပတ်လည် စာရွက်ပိုင်းများဖြန့်ဝေမှုဖြင့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲ သူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အဖမ်းခံခဲ့ကြရပြီး ၎င်းတို့နှင့်အတူ အိမ်ရှင်များနှင့် ထိုအိမ်သို့ အလည်ရောက်နေသည့် ဧည့်သည်များ ကို အောက်တိုဘာ (၉) ရက်နှင့် (၁၀) ရက် နေ့များတွင် ဖမ်းဆီးသွားခဲ့သည်။ လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတန်း အပိုင်းများနှင့် လှုပ်ရှားမှု မှတ်တမ်းတင် ဓာတ်ပုံများကို သိမ်းဆည်းသွားခဲ့သည်။

ရွှေသံစဉ် တေးဂီတအဖွဲ့၏ အဖွဲ့မှူး ဂီတအနုပညာရှင် ကိုဝင်းမော်နှင့် အခြားအဆိုတော်နှစ်ဦးတို့အား ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံသော သီချင်းများရေးမှုဖြင့် ၂၀၀၇ နိုဝင်ဘာ (၂၇) ရက်က ဖမ်းဆီးသွားခဲ့သည်။ ၂၀၀၈ အောက်တိုဘာ (၃၀) တွင် ရွှေသံစဉ် ကိုဝင်းမော်၊ ကိုမြတ်စံနှင့်အတူ အဖမ်းခံရသည့် ကိုသိန်းအောင်လင်း (ခ) ရှဲအား ထောင်တွင်းအထူးတရားရုံးက ဥပဒေပုဒ်မ (၅) ခုဖြင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်လိုက်သည်။

၂၀၀၈ ခုနှစ်၊ ဇွန်လ (၅) ရက် က ပြည်သူ့အချစ်တော် ဇာဂနာအား လာရောက်ဖမ်းဆီးစဉ်က ဖမ်းဆီးသူများက (၂) ရက်လောက်ကြာမည်ဟု ပြောသွားခဲ့သော်လည်း နိုဝင်ဘာ (၂၇) ရက်နေ့တွင် အင်းစိန်တရားရုံးမှ ထောင်ဒဏ် (၅၉) နှစ်ချကာ မြန်မာပြည်မြောက်ဖျားပိုင်း မြစ်ကြီးနား ထောင်သို့ ပို့လိုက်ပြီဖြစ်သည်။ ဇာဂနာအားလာရောက်ဖမ်းဆီးစဉ်က သိမ်းယူသွားခဲ့သော လေဘေးကယ်ဆယ်ရေး လုပ်ငန်းမှတ်တမ်းတင် စီဒီ ဓာတ်ပြားတစ်ချပ်၊ ရမ်ဘို အပိုင်း(၄) ရုပ်ရှင် ဓာတ်ပြား၊ စိန်စီသောည စီဒီဓာတ်ပြား၊ အမေရိကန် ဒေါ်လာ (၁၀၀၀) fec (၃၀) တို့ဖြင့် ဗွီဒီယိုဥပဒေ၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုထိခိုက်စေမှု၊ သာသနာညှိုးနွမ်းစေမှု စသည့်ပုဒ်မ (၄) ခုဖြင့် အမှုဆင်ထောင်ချခဲ့ခြင်းဖြစ်သည်။ ဇာဂနာ၏ အမှုတွဲများဖြစ်ကြသော ကိုဇော်သက်ထွေးအား ထောင်ဒဏ် (၄) နှစ်၊ ကိုသန့်ဇင်အောင်အား ဗွီဒီယိုဥပဒေဖြင့် (၃) နှစ် ကျခံ စေခဲ့သည်။

(၈၈) မျိုးဆက်များ

တရားရုံးအားမထေမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် (၆) လ ရှေ့ပြေးချမှတ်ကာ အင်းစိန်ထောင်မှ မအူပင်ထောင်သို့ပြောင်းခံခဲ့ကြရသော ၈၈ ခေါင်းဆောင် (၉) ဦးအနက် (၈) ဦးအား နိုဝင်ဘာလ (၁၀) ရက်နေ့၌ မအူပင်ထောင်က ထောင်ဒဏ် (၆၅) နှစ်စီ စီရင်ချက်ချခဲ့ပြီးနောက် ဝေးလံခေါင်သီသော ထောင်အသီးသီးသို့ပြောင်းရွှေ့ရန် နိုဝင်ဘာ (၁၅) ရက်တွင် အင်းစိန်သို့ ပြန်ခေါ်လာခဲ့သော်လည်း မိသားစုများအား အသိပေး အကြောင်းကြားခြင်းမရှိခဲ့ ကြောင်းသိရသည်။

(၆၅) နှစ် စာရင်းပေါက်သူ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အပို့ခံရသော ထောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး (ကျိုင်းတုံထောင်)၊
ကိုဌေးကြွယ် (ဘူးသီးတောင်ထောင်)၊
ကိုမြအေး (လွိုင်ကော်ထောင်)၊
ကိုပြုံးချို (ကော့သောင်းထောင် )၊
ကိုအောင်သူ (ပူတာအိုထောင်)၊
ကိုလှမျိုးနောင် (မြစ်ကြီးနားထောင်)၊
ကိုအောင်နိုင် (ကလေးထောင်)၊
ကိုဉာဏ်လင်းကို အင်းစိန်မှ ထပ်မံမပြောင်းရွှေ့သေးပါ။
(အထက်ပါစာရင်းဝင်များမှာ (၆၅) နှစ်မတိုင်မီ ရုံးတော်အား မထေမဲ့မြင်ပြုမှု… ဟုဆိုလျှက် ထောင်ဒဏ် (၆) လ ဦးစွာချထားပြီးဖြစ်သည်။)

ရုံးတော်အတွင်း တရားရင်ဆိုင်နေစဉ် လက်ထိပ်ခတ် မထားရန်ကိုလည်းကောင်း၊ မိမိတို့သည် ပြစ်မှုကျူးလွန်ခြင်းမရှိသော အကျဉ်းသားများ ဖြစ်သည့်အတွက် “တရားခံ” ဟု မသုံးစွဲဘဲ “စွပ်စွဲခံရသူ” ဟုသာ သုံးနှုံးရန်၊ လွတ်လပ်သော တရားစီရင်မှု ဖြစ်စေရေးအတွက် အများပြည်သူ များ လာရောက်ကြားနာခွင့်တို့ကို တရားခွင်၌ တရားဝင်တောင်းဆိုခြင်းအား စစ်အုပ်စုက ရုံးတော်အား မထေမဲ့မြင်ပြုမှုအဖြစ် သတ်မှတ်သည်။

ဆက်လက်၍ -- ကိုမင်းဇေယျာ၊ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီး ခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီး ခေါ် မသင်းသင်းအေး၊ ရွှီး ခေါ် စန္ဒာမင်း၊ မသက်သက်အောင်တို့လည်း (၆၅) နှစ်ပစ်ဒဏ်ကျခံသူများဖြစ်သည်။

လားရှိုးထောင်သို့ အပို့ခံထားရသော ကိုမင်းဇေယျာသည် ယခု ဆောင်းဝင်လာသောအခါ ရာသီပြင်းသောဒေသတွင် တိုက်ပိတ်ခံထားရသည့် အတွက် ယခင်ခွဲထားသည့် ခါးမှ ပြန်လည်နာကျင်မှုရှိလာကြောင်း ဇနီးဖြစ်သူ မချိုချိုဝင်းက ဒီဗွီဘီသို့ပြောသည်။

မိုင်းဆတ်ထောင်အတွင်း ကိုကိုကြီးကျန်းမာရေးအခြေအနေဆိုး မိသားစုစိုးရိမ်နေ (အသည်းကြီးသောကြောင့် ဗိုက်မှာရေရှိ။ ယခင် ထောင် (၁၃) နှစ်တာကာလအတွင် အသည်းရောင်အသားဝါ ဘီပိုးဝင်ခဲ့) နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုသိန်းဝင်း၊ ကိုဝေလွင်မျိုး၊ ကိုကျော် ဆန်း တို့နှင့်အတူ ထောင်ဒဏ် (၆၅) နှစ်ကျခံရသော ၈၈ မျိုးဆက်ခေါင်းဆောင် မသင်းသင်းအေး ခေါ် မီးမီးအား နိုဝင်ဘာ (၂၀) ရက်နေ့က အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ပြောင်းလိုက်သည်။ မီးမီးသည် (၉၆) တွင် တခါကျပြီး ၂၀၀၅ မှာပြန်လွတ်ခဲ့ပြီး သားတစ်ယောက် သမီး တစ်ယောက်ရှိသည်။ လေးဘက်နာရှိသည်ဟု ခင်ပွန်းဖြစ်သူ ကိုလှမိုးက ခေတ်ပြိုင်သို့ပြောသည်။

ကိုဌေးကြွယ်။ ။ ရန်ကုန်၊ အင်းစိန်မှ ဘူးသီးတောင်သို့အပြောင်းခံရသော ကိုဌေးကြွယ် (၈ပေ-၁၀ပေ) အခန်းထဲမှ လမ်းထွက် လျှောက်ခွင့် မရသေး။ ယခင်ဗိုက်ခွဲထားသည်က ပြန်နာလာခြင်း၊ ရေချိုးခွင့်မရသောကြောင့် ယားနာပေါက်ခြင်းနှင့် ထမင်းဝအောင်မကျွေးကြောင်း ဘူးသီးထောင်တွင် ထောင်ဆရာဝန်မရှိကြောင်းတို့ကို မိသားစုအသိုင်းအ၀ိုင်းမှတဆင့်သိရသည်။

အင်းစိန်ထောင်အတွင်းရှိနေကြသော (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်များအနက် သိန်းသန်းထွန်း (ခေါ်) စမ်းချောင်း ကိုကိုကြီး သည် ထောင်ဆေးရုံတက်ကာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းယူနေရကြောင်း ဒီဗွီဘီသတင်းတွင် ဖော်ပြထားသည်။ ထောင်တွင်း၌ အနွေး ထည်နှင့် စောင်မလုံလောက်မှု၊ လမ်းလျှောက်ခွင့်နည်းပါးမှုတို့ကြောင့် အကျဉ်းသားများမှာ ထုံကျင်ကိုက်ခဲမှု ဝေဒနာကို အနည်းနှင့်အများ ခံစားနေကြရကြောင်းလည်း ဖော်ပြထားသည်။ စမ်းချောင်း ကိုကိုကြီးအပါအ၀င် အင်းစိန်ထောင်တွင်း၌ (၈၈) မျိုးဆက် (၁၃) ဦးကျန်ရစ်ခဲ့ပြီး။ (၁၁) ကျခံသူ (၈) ဦးနှင့် (၉) နှစ်ကျသူ (၅) ဦးဖြစ်သည်။ ၎င်းတို့အား စွဲဆိုသည့်အမှုများတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအား ထိခိုက်စေမှု တစ်မှုတည်းအတွက် ထောင်ဒဏ် (၆) နှစ် သတ်မှတ်သည်။

(၈၈) ခေါင်းဆောင်များအနက် (၁၁) နှစ်ကျသူများမှာ သိန်းသန်းထွန်း (ခေါ်) စမ်းချောင်းကိုကိုကြီး၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေး မွန်၊ မနိုဘယ်အေး (ခေါ်) နှင်းမေအောင်၊ မနှင်းရီ (ခေါ်) နိုးနိုး၊ မသရဖီ သိမ့်သိမ့်ထွန်း၊ မအေးသီတာ တို့ဖြစ်ကြသည်။ (၉) နှစ်ကျခံရသူများမှာ ကိုသော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ ကိုအောင်သိုက်စိုးနှင့် ဒေါ်စန်းစန်းတင်တို့ဖြစ်ကြသည်။ အင်းစိန်ထောင် အတွင်းတွင် ၎င်း (၁၃) အပြင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၅၀) ခန့် ရှိနေသေးကြောင်း အကျဉ်းသားမိသားစုဝင်များက ပြောသည်။

(၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် (အင်္ဂလိပ်စာပြ ဆရာတစ်ဦး) ကိုတိုးကျော်လှိုင်အား ဘိုကလေးမြို့နာဂစ်ဒုက္ခသည်များအား ကူညီ ပြီး ပြန်လာပြီးနောက် ဖမ်းဆီးသွားခဲ့သည်။ ကိုတိုးကျော်လှိုင်နှင့်အတူ (၈၈) မျိုးဆက်မှ သုံးဦးအဖမ်းခံရသည်။ ယခုရက်ပိုင်းအတွင်း အခြား အဖမ်းခံရသူများမှာ မအိမ့်ခိုင်ဦး၊ မယဉ်ယဉ်ဝိုင်း ခေါ် ဆည်းဆာ၊ မတင်တင်ချို၊ ကိုဇော်၊ ကိုတင်မောင်ဦး၊ မနှင့်ပွင့်ဝေ၊ ကိုလင်းထက်နိုင်၊ ကိုရဲတံခွန်၊ မနီမိုလှိုင် တို့ဖြစ်ကြသည်။

အောက်တိုဘာ (၁၇) ရက်တွင် ၈၈ မျိုးဆက်ကျောင်းသားများအနက် (၂) ဦးဖြစ်သူ မခင်မိုးအေးနှင့် ကိုကျော်စိုးတို့အား နိုင်ငံခြားငွေ လက် ၀ယ် တွေ့ရှိမှုအက်ဥပဒေ ပုဒ်မ ၂၄ (၁) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃) နှစ်စီ ချမှတ်ခြင်းခံရသည်။ ၎င်းတို့အား ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စအဖ မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုများအတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရစဉ်က ရန်ကုန်တက္ကသိုလ်တွင်ပြုလုပ်ခဲ့သည့် ထောက်ခံပွဲများကို ဦးဆောင်ခဲ့သဖြင့် ထောင်ဒဏ် (၁၀) နှစ် ကျခံခဲ့ရသည်။ သို့သော် နှစ်ပြည့်မနေခဲ့ရဘဲ ၁၉၉၂ ခုနှစ်တွင် ပြန်လည်လွှတ်ပေးခြင်းခံရပြီး ကိုအောင်ထွန်း ရေးသား ပြုစုသော မြန်မာနိုင်ငံကျောင်းသားသမိုင်းစာအုပ်ကို အကူအညီပေးခဲ့သဖြင့် ၁၉၉၈ ဖေဖော်ဝါရီလတွင် နောက်တစ်ကြိမ် အဖမ်းခံရသည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ကိုကျော်စိုးသည် ၁၉၉၀ က ကိုဖုန်းမော် (၂) နှစ်ပြည့်အခမ်းအနားဖြစ်မြောက်ရေး (၁၉) ဦးကော်မတီတွင် ပါဝင်ခဲ့သောကြောင့် အခြား ကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရပြီး ထောင်မှပြန်လွတ်လာသောအခါတွင်လည်း ဒီမိုကရေစီရေးနှင့်ကျောင်းသားရေးရာများကို ဆက် လက် ဆောင်ရွက်နေဆဲဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ဗကသ)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်ခေါင်းဆောင် ဒီငြိမ်းလင်းကိုလည်း ထောင်ဒဏ် (၁၀) နှစ်ခွဲချထားပြီးဖြစ်သည့်အပြင် နောက် တိုး သင်းဖွဲ့ ပုဒ်မနှင့် ဆက်လက်ရုံးထုတ်နေဆဲဖြစ်သည်။

နိုဝင်ဘာ (၁၃) ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် (ဗကသအဖွဲ့ချုပ်) ခေါင်းဆောင်တစ်ဦး ဖြစ်သည့် မဟန်နီဦး အား အသင်းအဖွဲ့ပုဒ်မ (၆) ၅၀၅/ခ တို့ဖြင့် ထောင် (၉) နှစ်ခွဲ ချမှတ်ခံရသည်။အသက် (၂၁) နှစ်အရွယ် ဥပဒေကျောင်းသူ မဟန်နီဦးတွင် လေးဘက်နာရှိကြောင်း မိသားစုဝင်များက ပြောသည်။

(စည်သူမောင်နှင့်အတူ။ စက်တင်ဘာနောက်ပိုင်း) ရှမ်းပြည်နယ်၊ လားရှိုးထောင်သို့ပြောင်းရွှေ့ခဲ့။ ထိုထောင်တွင် ဒေါပုံမြို့နယ်မှ ကိုအုန်းဂျော်၊ ကိုထွန်းမြင့်ထွန်း၊ ကိုမင်းဇေယျ၊ ကိုမြင့်ဟန်နှင့် မဂ္ဂင်ဆရာတော်တို့လည်းရှိသည်။

ထို့အပြင် (၈၈) မျိုးဆက် ကျောင်းသားအဖွဲ့နှင့် ၂၀၀၇ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသများအဖွဲ့ချုပ်ကို အကူအညီပေးသည့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်၊ ကဗျာဆရာများသမဂ္ဂကိုဦးဆောင်ခဲ့သူ ကိုမင်းဟန်အားလည်း အင်းစိန်ထောင်တွင်းအထူးတရားရုံးမှ ထောင်ဒဏ် (၁၁) နှစ် ချမှတ်လိုက်ကြောင်း (၈၈) ကျောင်းသားအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

၂၀၀၇ မျိုးဆက်၊ ဗကသ (အထက်မြန်မာပြည်-လူငယ်) ကျောင်းသားခေါင်းဆောင် ကိုထွန်းထွန်းအား မိအောင်မဖမ်းနိုင်သည့်အတွက် ကိုယ်ဝန် သုံးလဖြင့် မိခင်လောင်း မကေသီအောင်အား ဖမ်းဆီးသွားခဲ့ပြီး ဒီဇင်ဘာ (၁၅) ရက်နေ့က စာရွက် စာတမ်းဖြန့်ဝေမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် (၂၆) နှစ်ချမှတ်လိုက်သည်။ အမှုတွဲများဖြစ်ကြသော ကိုထွန်းထွန်း၏အကို ကိုဝေမျိုး အား (၂၆) နှစ်နှင့် ဦးဇင်းမေတ္တာနိုင်၊ ဦးဇင်းဦးသာဂရနှင့် ဦးသုမင်္ဂလတို့မှာလည်း ၎င်းတို့နှင့် အမှုတွဲများဖြစ်ကြောင်း Freedom News Group ၏ ဘလော့တွင် ရေးသားဖော်ပြထားသည်။

အထက်ဗမာပြည် (မန္တလေး) ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုအား အမှုပေါင်း (၄၀) ဖြင့် ထောင်ဒဏ် နှစ်ပေါင်း (၁၀၄) နှစ် ချမှတ်ထားသည်။ မန္တလေးတိုင်း၊ အိုးဘိုထောင်တွင်း တရားရုံးတွင် ရှေ့နေမပါဘဲ တစ်ဘက်သတ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်က ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးအေား သေဒဏ်ပေးသည့်ဖြစ်ရပ်နောက်ပိုင်းတွင် ဒုတိယ အကြီးမားဆုံးပြစ်ဒဏ်ဖြစ်ကြောင်း၊ ဗကသ အထက်ဗမာပြည် (မန္တလေး) အဖွဲ့ဝင် ကိုညီညီအားလည်း မန္တလေးထောင်တွင်းတရားရုံးမှ ထောင်ဒဏ် နှစ် (၅၀) ချမှတ်လိုက်ကြောင်း ဖရီးဒဲမ်း သတင်းအုပ်စုဘလော့ဂ်တွင် ဖော်ပြပါရှိသည်။

နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများကို ကူညီမှုဖြင့် ဖမ်းဆီးထောင်ချခံရသော မျိုးဆက်သစ် လူငယ်များအစည်းအရုံး နှင့် အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကျောင်းသားလူငယ်များ၊ ဆရာတော် ဦးစန္ဒိမာအပါအ၀င် ခုနစ်ဦး အမှုတွဲ။ (၈၈) မျိုးဆက်မှ ထောင်ဒဏ် ချကာ နယ်ပို့ခံရပြီးသော မာမာဦး၏ အမှုတွဲများဖြစ်ကြသော (၆) ဦးတို့မှာ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ စုစုပေါင်း (၂၅၀) ခန့်ကို ဝေးလံသော နယ်ထောင်များသို့ ပို့ပစ်ခဲ့ကြောင်း ဒီဗွီဘီ သတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာ (၁၃) (၈၈) မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးတို့အား ထောင်ဒဏ် (၂) နှစ်စီနှင့် ကွန်ပြူတာ ပညာရှင် မမြမြသိမ့်အား လှိုင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် (၅) နှစ် ချမှတ်လိုက်သည်။ စက်တင်ဘာလအတွင်း နောက်ထပ်ဖမ်းဆီးခံရသူ များမှာ မျိုးဆက်သစ်လူငယ်များအစည်းအရုံးအဖွဲ့ဝင် ကိုစောမောင်နှင့် ကိုကျော်ဦး၊ တရားမျှတမှုအတွက် မျိုးဆက်သစ်လှုပ်ရှားမှု အဖွဲ့ဝင် ကိုကို၊ အကောင်းဆုံးမြေသြဇာအဖွဲ့ဝင် ကိုမောင်ငယ်တို့ဖြစ်ကြသည်။

ပဲခူးထောင်တွင် ကျခံနေရသော နိုင်ငံရေးအကျဉ်းသူ မထားထားသက်အား ထောင်အာဏာပိုင်များက ရာဇ၀တ်မှု အကျဉ်းသူများနှင့် ရောနှော ထားခဲ့ရာ လူပေါင်းစုံနှင့် စီးကရက်ဆေးလိပ်နံ့တို့အား မခံနိုင်သဖြင့် ထောင်ပြောင်းရန်တောင်းဆိုခဲ့ရာ ခန္တီးထောင်သို့ ပို့လိုက်ကြောင်း မိသားစု မှ အတည်ပြုပြောကြားသည်။ မထားထားသက်အား လူဝင်မှုကြီးကြပ်ရေး အက်ဥပ ဒေ ပုဒ်မ ၁၃ (၁) နယ်စပ်ဖြတ်ကျော်မှုအပါအ၀င် ပုဒ်မ (၇) ခုဖြင့် ထောင်ဒဏ် (၁၉) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းအတွင်းတွင် ကိုးနှစ်အရွယ် တစ်ဦးတည်းသောသားနှင့် မိဘနှစ်ပါးတို့ ဆုံးပါးခဲ့ရသော ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ ကိုသီဟသက်ဇင်သည် ယခုအခါတွင် မြစ်ကြီးနားထောင်အတွင်း၌ အအေးဒဏ်ကို မခံနိုင်သောကြောင့် ခေါင်းကိုက်ခြင်းနှင့် နောက်ကျော တက်ခြင်းဝေဒနာကို ပြင်းထန်စွာ ခံစားနေရကြောင်း ထောင်ဝင်စာတွေ့ပြီး ပြန်လာသည့် ဇနီးဖြစ်သူက ဒီဗွီဘီသို့ အတည်ပြုပြောကြားသည်။ ကိုသီဟသက်ဇင်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၈) နှစ် စီရင်ခြင်း ခံထားရသူဖြစ်သည်။

ဒီဇင်ဘာ (၁၉) ရက်နေ့ကလည်း ပဲခူးထောင်တွင် (၂) နှစ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား မောင်ဆန်းသည် ဆေးကုသခွင့် တောင်းခံသည်ကို မရသဖြင့် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်သွားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ -

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ (၃၀) တွင် အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်အား ပြည်သူ့လွှတ်တော်ရှေ့တွင် ဖမ်းဆီးခြင်းခဲ့ကြရသည်။ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော လူငယ်ဟောပြောပွဲမှ အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေး…စာတန်းပါ ပိတ်ဖြူဆိုင်းဘုတ်ကို ကိုင်ဆောင်၍ တိတ်ဆိတ် ငြိမ်းချမ်းစွာ လမ်းလျှောက်လာကြစဉ် ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ(၉) ဦးမှာ -

စမ်းချောင်းမြို့နယ်မှ အဖွဲ့ဝင်များဖြစ်ကြသော ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ)၊ ကိုထွန်းလင်း၊ ကိုပြည့်ပြည့် (ဒဂုံတက္ကသိုလ် ပထမနှစ် ဥပဒေကျောင်းသား)၊ ကောင်းထက်လှိုင်၊ အောင်ဖြိုးဝေ၊ သက်မောင်ထွန်း၊ ထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ၀င်းမြင့်မောင် ခေါ် ပဲပြုတ် (ခရမ်း)၊ ကိုမင်းသိန်း (သာကေတ) တို့ဖြစ်ကြသည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၁၀) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ဘလော့ဂါ နေဘုန်းလတ် (၂၈) နှစ်အား ဗွီဒီယိုပုဒ်မ၊ ပုဒ်မ ၅၀၅ (ခ)၊ အီလက်ထရွန်းနစ်ဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် အနှစ် (၂၀) နှင့် (၆) လချမှတ်ကာ ကရင်ပြည်နယ်၊ ဘားအံ ထောင်သို့ ပို့ခြင်းခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်က ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် (၉) လအကြာတွင် ထိုသို့စီရင်ခဲ့ခြင်းဖြစ်သည်။ နေဘုန်းလတ် နှင့်အတူ အဖမ်းခံခဲ့ရသော မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂ (ခ) ၃၆ ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၁၂) ရက်က မစုစုနွေးအား ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လနှင့် အမှုတွဲ ဘိုဘိုဝင်းလှိုင်ကို (၈) နှစ် ချလိုက်သည်။ မစုစုနွေးအား ဦးစွာ စွဲဆိုထားသော ပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅ (ခ)/၃၄ တို့ဖြင့် စွဲဆိုထားရာမှ ပုဒ်မ ၁၂၄ (က) ကိုဖြုတ်၍ ပုဒ်မ ၁၅၂၊ ၁၃၀ (ခ)၊ ၅၀၅ (ခ) တို့ဖြင့် ပြောင်းလဲစွဲဆိုခဲ့ သည်။ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စစ်အစိုးရစိုက်ထူထားသည့် “အမေရိကန် အားကိုး၊ ပုဆိန်ရိုး… အဆိုး မြင်ဝါဒီများအား ဆန့်ကျင်ကြ” ဆိုသည့် ဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်ရေးပိုစတာ ချိတ်ဆွဲစဉ် အဖမ်းခံ ခဲ့ရခြင်းဖြစ်သည်။

ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့ချုပ်က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆုကို ၂၀၀၆ ခုနှစ်က ရရှိထားခဲ့သူ မစုစုနွေး တွင် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရပြီး တိမ်းရှောင်နေစဉ် ကာလများအတွင်းက ခွဲစိတ်မှုတစ်ကြိမ် ပြုခဲ့ရသူ လည်း ဖြစ်သည်။ မစုစုနွေး၏လည်ပင်းတွင် အကြိတ်ပေါက်နေသဖြင့် ဆရာဝန်နှင့်တွေ့ခွင့်တောင်းသော်လည်း အာဏာပိုင်များက ခွင့်မပြု ခဲ့ပေ။

နိုဝင်ဘာလ (၁၃) ရက်တွင် အဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးအား အများပြည်သူ ဆူပူမှုဖြစ်ရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ လေးခုဖြင့် တရားစွဲဆိုထားရာမှ ထောင်ဒဏ် (၇ နှစ်၊ ၆ လ) စီ ချမှတ်လိုက်သည်။ ထို (၁၁) ဦးတွင် အသက် (၇၂) နှစ်အရွယ် ဦးတင်ယုအပါအ၀င် လှိုင်သာယာမြို့နယ်မှ ကိုသန်းနိုင်၊ မလှလှမော်၊ ကိုစိုးမင်းမင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုအောင်မင်းနိုင်၊ ဦးဝင်းမြင့်၊ ကိုမျိုးကျော်ဇင် (အင်းစိန်) နှင့် ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်)တို့ဖြစ်သည်။

ရုံးတော်အားမထေမဲ့မြင်ပြုမှု (ပုဒ်မ ၂၂၈) ဖြင့် ထောင်ဒဏ် (၆) လစီ ပို၍ကျခံကြရသူများမှာ ကိုအောင်မင်းနိုင် ခေါ် မီးသွေး (ကြည့်မြင်နိုင်) ကိုမျိုးကျော်ဇင် (အင်းစိန်)၊ ကိုရန်နိုင်ထွန်း၊ ကိုသက်ဇော်မြင့်နှင့် ကိုသန့်ဇင်မျိုး (လှိုင်သာယာ) တို့ဖြစ်ပြီး ယခုအခါ ၎င်းတို့ (၁၁) ဦးအား အင်းစိန် ထောင်သို့ပို့လိုက်ကြောင်းသိရသည်။

တဆက်တည်းမှာပင် အင်းစိန်ထောင်အတွင်း ယာယီတရားရုံးမှ စီရင်ချက်အချခံရသည့် ထောင်ဒဏ် (၇) နှစ်ခွဲ ကျသူများမှာ ကမာရွတ် မြို့နယ်မှ ကိုကျော်စိုးဝင်း၊ ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ အဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မငယ်တို့ဖြစ်ကြသည်။

တဆက်တည်းမှာပင် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်အဲန်အယ်လ်ဒီ ဥက္ကဌ ကိုမျိုးခင်အား ထောင်ဒဏ် (၄) နှစ်ခွဲ နှင့် ကိုမျိုးခိုင်အား (၆) နှစ်ခွဲ ချလိုက်ကြောင်းလည်း ဧရာဝတီသတင်းတွင်ဖော်ပြထားသည်။

ဇန်န၀ါရီလ (၃) ရက် ၂၀၀၈ ခုနှစ်က နေအိမ်များမှ ဖမ်းဆီးသွားခြင်းခံခဲ့ရသော အဖွဲ့ချုပ်အဖွဲ့ဝင်များအား နိုဝင်ဘာလ၊ (၁၄) ရက် ၂၀၀၈ ခုနှစ်က နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သည်။ ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်းအား (၁၆) နှစ်၊ မကြည်ကြည်ဝါအား (၁၁) နှစ်၊ ကိုကျော်ကျော်လင်းအား (၁၃) နှစ် နှင့် ကိုနေဇာမျိုးဝင်း (လူငယ် စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေးမှူး) ထောင်ဒဏ် (၅) နှစ် တို့ဖြစ်ကြသည်။

မန္တလေး အဖွဲ့ချုပ်ပါတီဝင်များဖြစ်ကြသော ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့ကိုလည်း ထောင်ဒဏ် (၄) နှစ်ခွဲစီ ချမှတ်ခဲ့သည်။

၎င်းတို့အား ဇန်န၀ါရီလ (၂၁) ရက် ၂၀၀၈ ခုနှစ်တွင် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းပုဒ်မ (၆) ဖြင့် ရုံးတင်ခဲ့ပြီးနောက် ဇန်န၀ါရီလ (၂၃) တွင် ဗွီဒီယို အက်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုကာ ဧပြီလ (၂) ရက်နေ့တွင် မတရားအသင်းအက်ဥပဒေ ပုဒ်မ (၁၇/၁-၂) ဖြင့် ထောင်ချခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ (၈) ရက် နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်နှင့် မဒဲတိုက်နယ် များမှ အဖွဲ့ဝင် (၁၀) ဦးကို ဖမ်းဆီးလိုက်ကြောင်း ဦးဉာဏ်ဝင်းမှ အတည်ပြုပြောကြားသည်။ အဖမ်းဆီးခံခဲ့ရသူများမှာ ဆင်ဖြူကျွန်းမှ ဦးသိန်းအောင်၊ ပွင့်ဖြူမှ ကိုဌေးမြင့်၊ ကိုဝင်းမောင်၊ ကိုကြည်ဌေးအောင်၊ ကိုကိုဦး၊ ကိုသန်းထွန်းတို့ဖြစ်ကြပြီး လဆန်း (၆) ရက်နှင့် (၇) ရက်များအတွင်း အဖမ်းခံ ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

စက်တင်ဘာ (၅) ရက်နေ့ကလည်း လှိုင်သာယာမြို့နယ် ရပ်ကွက် (၉) တွင်နေထိုင်သော လူငယ် (၆) ဦးအား အင်းစိန်ထောင်မှအပြန်တွင် ဖမ်းဆီးထားခဲ့သည်။ အဖမ်းခံရသူများမှာ ကိုဇော်မင်းရှိန် (ခ) ကိုကြွက်ဖြူ၊ ကိုတေဇ၊ ကိုဘောလေး၊ ကိုဒိုလေး၊ ကိုဇော်လတ်နှင့် ကိုတင်မင်းထွဋ် (ခ) ကိုကျော်ကျော်တို့ဖြစ်ကြသည်။

မေ (၂၂) ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးအား ဖမ်းဆီးခဲ့ပြီး (၈) ဦးကို မကြာခင်ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း မချို (တောင်ဒဂုံ)၊ ကိုထွန်းဇော်ဇော် (သင်္ကန်းကျွန်း) နှင့် ကိုခင်ထွန်း (ရန်ကုန်တိုင်း၊ အဲန်အယ်လ်ဒီ လူငယ် တာဝန်ခံ) တို့ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ မေလ (၁၉) ရက်က အဲန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့်ပေါင်းသင်းမှုကြောင့် သာမန်အရပ်သား ထွန်းထွန်းဦး အား စရဖ အဖွဲ့မှ ဖမ်းဆီးသွားခဲ့သည်။

၂၀၀၈ ခုနှစ် ဇွန်လက ဖမ်းဆီးခြင်းခံခဲ့ကြရသော ဒေါပုံမြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ကိုအုန်းဂျော်နှင့် ၎င်း၏ အမှုတွဲများအား ဗွီဒီယို အက်ဥပဒေ ပုဒ်မ (၁၃/က) နှင့် (၅၀၅/ခ) ပုဒ်မများနှင့်တရားစွဲဆထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့သည်။ ဖမ်းဆီးစဉ်က သိမ်းဆည်းသွား ခဲ့သော ဒီမိုကရေစီဆိုသည်မှာ အမည်ရှိ ဗွီစီဒီတစ်ချပ်ကိုအကြောင်းပြ၍ ထောင်ချခဲ့ခြင်းဖြစ်သည်။

ထိုနေ့မှာပင် သာကေတမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင်မြင့် အား ထောင်ဒဏ် (၂) နှစ် (၆) လ ချမှတ်ခဲ့သည်။ သင်္ဃန်းကျွန်းဥက္ကဌ ဦးတင်မြနှင့် (၇) ဦးအား ဖောက်ခွဲမှုဖြင့်တရားစွဲဆိုဆဲဖြစ်သည်။

၂၀၀၇ စက်တင်ဘာလအတွင်းက လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် ယာဉ်စီးခများ တိုးမြှင့်ကောက်ခံခဲ့ခြင်းအပေါ် လမ်းလျှောက် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံခဲ့ရသော လှိုင်သာယာမြို့နယ်မှ ကိုသန့်ဇင်မျိုး၊ ကိုသန်းဇော်မြင့်နှင့် ကိုမောင်ဆန်းဝင်း တို့ (၃) ဦးအား(၁၃) ရက် နိုဝင်ဘာလ ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် (၉) နှစ်နှင့် (၆) လစီ ချမှတ်ခဲ့သည်။ စွမ်းအားရှင်အဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန်၏သား ကမ်လမ်ခုပ် ခေါ် ကိုကျောက်ကျော်စိုးအား ထောင်ဒဏ် (၃၃) နှစ်၊ တူ ကမ်ခန့်ခွာလ်အား (၈) နှစ် နှင့် အခြားတစ်ဦးအားလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ဦးပူကျင့်ရှင်းထန်က ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။ ၎င်းတို့မှာ စက်တင်ဘာအရေးအခင်းနှင့်ပတ်သက်၍ အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။

ဒေါင်းမာန် အမည်ရှိ ကဗျာများရေးသားထုတ်ဝေမှုဖြင့် ထောင်ဒဏ် (၁၉) နှစ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်၊ ကဗျာဆရာ (၃၆) နှစ်ခန့်အရွယ် ကိုအောင်သန်း၌ HIV ပိုး ကူးစက်ခံနေရကြောင်း သိရသည်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင်းက အကျဉ်းထောင်တွင်းတွင် အမျိုးသားဆီလမ်းကြောင်းဆိုင်ရာ ဝေဒနာဖြင့် အင်းစိန် ထောင်ဆေးရုံ၌ ကုသမှုခံယူစဉ် တာဝန်ကျ ဆရာဝန်များ၏ ညွှန်ကြားချက်မပါဘဲ ဆေးထိုးပေးခြင်းခံခဲ့ရကြောင်း၊ လအနည်းငယ် ကြာသောအခါ မကြာခဏ အဖျားတက်၍ ကိုယ်ခံအားကျဆင်းလာခြင်း၊ အရေပြားများအမြဲတမ်းအေးနေခြင်းတို့ကြောင့် ဆေးစစ်ပေးရန်တောင်းဆိုသော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်း မိခင် ဖြစ်သူ ဒေါ်ခင်စီကို ကိုးကား၍ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့နှင့် မြန်မာ့ သတင်းနှင့်မီဒီယာ အဖွဲ့တို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ကိုအောင်သန်းနှင့်အတူ အဖမ်းခံခဲ့ရသူများမှာ ကိုမောင်မောင်ဦး၊ ကိုဇေယျအောင်(ကျောင်းသား) နှင့် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူ ကိုစိန်လှိုင်တို့ဖြစ်ကြသည်။

မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင် ကိုဌေးလွင်ဦးသည် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် အဆုပ်ရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ ကိုဌေးလွင်ဦးအား ပုဒ်မ ၅ (ည) ဖြင့် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင် ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထောင်တွင်း၌ အဆုပ်ရောဂါစတင်ဖြစ်ပွားခဲ့သည်။ ဆေးဝါးကု သခွင့်မရှိခဲ့ခြင်းကြောင့် ရောဂါ အခြေအနေ ပိုမိုဆိုးဝါးလာခဲ့ကြောင်း၊ ဆေးရုံပေါ်တွင် သုံးလကျော် လေးလခန့် တင်ထားပေးသော်လည်း ဆရာဝန်မှ ဆေးညွှန်ကြားချက်တစ်စုံတစ်ရာ မပေးခဲ့ကြောင်း၊ ဆေးဝါး လုံလောက်စွာမရရှိခြင်းကြောင့် အနာတစ်ခြား ဆေးတစ်ခြားဖြစ်ကာ ယခုကဲ့သို့ ဆုံးပါးသွားရခြင်းဖြစ်ကြောင်း တို့ကိုလည်း ဆက်လက်ပြောပြသွားခဲ့သည်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့်ဆက်သွယ်သောကြောင့် ကိုဌေးလွင်ဦးနှင့်အတူ အဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးလည်း ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ကိုဌေးလွင်ဦးသည် ထောင်ထဲတွင် ကျဆုံးခဲ့သော (၁၃၈) ယောက်မြောက် နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

(ဧရာဝတီ၊ ခေတ်ပြိုင်၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ ဖရီးဒမ်း သတင်းအုပ်စုအဖွဲ့များတွင် သွားရောက်ရှာဖွေခဲ့ပါသည်။)

(This is easy from http://www.newmyaaeinkhin.blogspot.com/)


ခွာညို


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 20, 2008

လွတ်မြောက်ရေး တိုက်ပွဲတွေ ရှိရာဆီ ကျနော် လာခဲ့တယ်



ကျဆုံး ကွယ်လွန်သွားသည့် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဌ (၈၈ - ကာလ) ကိုနေလ၊ မကဒတ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်မြင့်အောင်၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ၀ထ္ထုများအား ပွင့်သစ် (ကရိန်ကန်)၊ မြင့်ဇေ စသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သူ၊ ဘလော့ခ်ဂါ ကိုဖိုးဇေ အား ဂုဏ်ပြုသောအားဖြင့်
သူရေးသားထားသည့် "လွတ်မြောက်ရေး တိုက်ပွဲတွေ ရှိရာဆီ ကျနော် လာခဲ့တယ်" အက်ဆေး တပုဒ်အား ဖေါ်ပြလိုက်ပါသည်။


လွတ်မြောက်ရေး တိုက်ပွဲတွေ ရှိရာဆီ ကျနော်လာခဲ့တယ်
(မြင့်ဇေ)

အိမ်ကထွက်ခဲ့ပြီ။ ကိုတိုးကြီးရဲ့ ပြန်မလှည့်တော့ဘူး သီချင်းထဲက စာသားတွေကို နာနာကျင်ကျင် ညည်းရင်းနဲ့။ စစ်အစိုးရ လက်အောက်မှာ နိုင်ငံရေး နယ်ပယ်ထဲ ၀င်လုပ်တဲ့ သူတဦးဟာ ပိုင်းဖြတ်ချက်တော့ ထားရတာပဲ။ ကိုယ် နောက်ဆုံးလုပ်နိုင်တဲ့ အချိန်ထိ တောင့်ခံပြီးလုပ်။ အဲဒီ စိုးရိမ်ရေမှတ်ကို ကျော်သွားတာနဲ့ အဖမ်းခံမလား၊ ဒါမှမဟုတ် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲမလား။ ဒါက ပြည်တွင်းမှာ လှုပ်ရှားတဲ့ သူတိုင်း ရွေးချယ်ရတဲ့ လမ်း ၂ ကြောင်းပါ။ ကျနော်ကတော့ ဒုတိယလမ်းပဲ ရေွး ချယ်ခဲ့တယ်။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲမဟုတ်လား။
အိမ်က ထွက်ထွက်ချင်း လုပ်ဖော် ကိုင်ဘက်တဦးက ကျနော့်အမေ အမျိုးများရှိရာ ညောင်လေးပင်ဘက်ကို လိုက်ပို့ပေးတယ်။ အဲဒီကနေအခြေအနေကို စောင့်ကြည့်ဖို့ပါ။ တကယ်လို့ အခြေအနေကောင်းရင် ဆက်လုပ်နိုင်သမျှ လုပ်ပေါ့။ မကောင်းရင်တော့ သွားမယ်။ တလလောက်ပါပဲ။ မိုးတွင်း ကာလ လယ်စိုက်ချိန်ကြီး။ ရေပြင်ဖွေးဖွေးနဲ့ ၀ိုင်းနေတဲ့ ဘကြီးရဲ့ လယ်တဲလေးမှာ နေလိုက်။ ရွာထဲ ပြန်လိုက်နဲ့။
အဲဒီကာလက စာတော့ တော်တော် ဖတ်ဖြစ်သွားတယ်။ စာအုပ်တွေနဲ့ဘဲနေရတာဆိုတော့။
အဲဒါနဲ့ အဆက်အသွယ်က ပြန်ရောက်လာတယ်။ အခြေအနေက ပိုပိုဆိုးတယ်လို့ဆိုတယ်။ အဲဒါနဲ့ ဒုတိယလမ်းကို အကောင်အထည်ဖော်ဘို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ တောထဲသွားဖို့ လမ်းကြောင်းရှာရ၊ ရွေးရတယ်။ ကျနော် ပထမသွားချင်တဲ့ လမ်းကြောင်းက သွားလို့ မရတော့ဘူး။ ပိတ်သွားပြီ။ အဲဒါနဲ့ ဒုတိယလမ်းကြောင်းကို ရှာတော့ ဘုရားသုံးဆူ ဘက်သွားဖို့ အကြံပေးကြတယ်။ အဲဒီလမ်းကပဲထွက်မယ်လို့ ဆုံးဖြတ်ပြီး ရန်ကုန်ကို ပြန်တက်လာကြတယ်။ ရန်ကုန်ရောက်တော့ ၀ပ်ကျင်းတခုရှာပြီး ခဏ ၀ပ်တယ်။ အိမ်ကိုလည်း ပြန်မရတော့။ ပြန်လည်း မိသားစုတွေ ၀မ်းနည်းတာကလွဲပြီး ထပ်ခွဲကြရင် နှစ်ထပ်ကွမ်း သောကပဲ ထပ်ရဦးမှာ မဟုတ်လား။
ဒါပေမယ့် ခက်တာက သွားဖို့အတွက် လမ်းစရိတ်.. ကျန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း မိဘဆီက လက်ဖြန့်တောင်း သုံးနေရတာမဟုတ်လား။ သူတို့လည်း မရှိ။ အခက်အခဲတွေ့တော့ အိမ်မှာ ကျန်ခဲ့တဲ့ အ၀တ်အစားအားလုံးကို လူတယောက်လွှတ်ပြီး အမေ့ဆီက ပြန်တောင်းခိုင်း လိုက်တယ်။ ငွေတော့ မတောင်းချင်။ သူတို့က ကျန်ရစ်ခဲ့တဲ့ သူတွေ မဟုတ်လား။ ပိုပြီး လိုအပ်မှာပေါ့။ ကျနော်ကတော့ တယောက်တည်းဆိုတော့ ပြဿနာမရှိလှပါ။
အမေက အ၀တ်အစားအားလုံးကို ထည့်ပေးလိုက်တယ်။ အဲဒါနဲ့ ကိုယ့်အတွက်လိုအပ်မယ့် ၀တ်စုံ သုံးစုံကို ရွေးပြီး ကျန်တာတွေ အားလုံးကို အ၀တ်ဟောင်းဆိုင်မှာ ရောင်းလိုက်ရတယ်။ နောက် လက်ပတ်နာရီတလုံး။ အဲဒါနဲ့ ပိုက်ဆံ ၆၀၀ လောက်ရလိုက်တယ်။ ကျန်တဲ့လူတွေကို လောက်နိုင်ပါ့မလားလို့ မေးတော့ လောက်ပါတယ်ဆိုမှ သက်ပြင်း ချမိတယ်။ မလောက်လဲ နောက်ထပ် ရပေါက်ရ လမ်းကမရှိတော့ဘူး မဟုတ်လား။
ကျနော့် မှတ်ပုံတင်က သုံးလို့မရဘူးဆိုပြီး ရဲဘော်တယောက်က မှတ်ပုံတင်တခုလာပေးတယ်။ ကိုယ့်မှတ်ပုံတင်အစစ်တော့ လုံလုံခြုံခြုံသိမ်းပေါ့။ ရထား လက်မှတ်ဝယ်တော့ မှတ်ပုံတင် ပြပြီးဝယ်ရတာ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဘက်တဦးရဲ့အဖေက မီးရထားမှာ အလုပ်လုပ်တော့ သိပ်အခက်အခဲ မရှိလှပါဘူး။
ခရီးထွက်မယ့် ညကျတော့ နောက်တယောက်ရောက်လာတယ်။ သူလည်း နေလို့မရတော့ဘူး။ သူက ကျနော်နဲ့ မန္တလေးညီလာခံမှာတွေ့ခဲ့တဲ့ ကိုမွှေးကြိုင် (ထွန်းခင်၁၉၉၄ခုနှစ်ဆန်းပိုင်းမှာ ပေါင်းလောင်းဒေသတွင် ကျဆုံး)ဖြစ်နေတယ်။

လူ့ဘောင်သစ်ပါတီက။ အဲဒီညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ ဘ၀မှာ တခါမှ မကြုံဘူးတဲ့ ကြုံမယ်လို့လည်း မျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေ ကြုံရတော့မှာ မဟုတ်လား။
နောက်နေ့မနက် ဘူတာကြီးမှာ ရောင်းတဲ့ ထမင်းကျော်ကို စားပြီး မနက် ငါးနာရီ မော်လမြိုင်ရထားနဲ့ နယ်ပယ်သစ် တခုဆီကို စထွက်လာခဲ့ပါပြီ။ အိပ်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့ကြီးကတော့ မီးရောင်တွေအောက်မှာ ငြိမ်သက်စွာ တဖြည်းဖြည်း ပျောက်ကွယ်ပြီး ကျန်ရစ်ခဲ့တော့တယ်။ ငယ်ဘ၀ရဲ့ အိပ်မက်တွေလည်း အဲဒီမှာတင် ပျောက်ကွယ် ကျန်ရစ်ခဲ့တော့တယ်။
ရထားကလည်း တလိမ့်ချင်းပါပဲ။ သတိတရဖြစ်မှုကလည်း တလိမ့်ချင်းပါပဲ။ ကျနော် အိမ်ပေါ်ကနေ ခဏခဏ ဆင်းဖူးတယ်။ အမေကပဲ`နင့်လို့ သားမျိုးကို မောင်းချရမယ်´ဟဲ့လို့ ခဏခဏ နှင်ချဘူးတာ။ ကျနော်ကလည်း တော်တော်ဆိုးပါတယ်။ နှင်ချတိုင်း ကျနော် ဆင်းသွားတာက နောက်ဖေးကျော ချင်းကပ်က အိမ်ကို။ အိမ်က ဆင်းတော့ ဟန်ကျ ပန်ကျ။ အိတ်တွေဘာတွေ ယူ၊ အ၀တ်အစားတွေ ထည့်၊ပြီးတော့ နောက်ဖေးအိမ်မှာ သွားအိပ်နေတာ။ မနက်ကျမှ `အမေ့အိမ်လောက် ဘယ်အိမ်မှ မကောင်းဘူးဆိုတာ ကျနော်သိပါပြီ၊ အမေ´လို့ အမေ့ရင်ခွင် ခေါင်းထိုးပြောတော့ မျက်နှာက တင်းနေပေမယ့် အမေ့မျက်လုံးက အပျော်တွေနဲ့ ရွှန်းစိုနေခဲ့တယ်။
အိမ်က ကျနော် ပုံမှန်ဆင်းရရင် တညပါပဲ။ အမေလည်း ကျနော့်ကို တညထက် ပိုပြီး မျက်စေ့အောက်က အပျောက်မခံနိုင်ခဲ့ဘူး။ တခါကျနော်လည်း ဒေါသထွက်၊ အမေလည်း အရမ်းစိတ်ဆိုးတဲ့ အခါတုန်းကတော့ ကျနော်ထွက် သွားဖို့ စဉ်းစားသေးတယ်။ အဲဒီ ညတွင်းချင်းပဲ ကျနော့်သူငယ်ချင်းတွေကို လိုက်ရှာခိုင်းတာ ကားဂိတ်၊ ရထားဂိတ် အနှံ့ပါပဲ။ ဒါပေမယ့် ကျနော်လည်း ဘယ်ဝေးဝေးသွားနိုင်မှာလဲ။ ဘယ်သူကများ အမေ့လောက် ကျနော့်ကို စိတ်ရှည် သည်းခံနိုင်မှာလဲ။
ဒါပေမယ့် ဒီတခါကတော့ အိမ်ကနေ ထွက်ခဲ့ရတာ တည ထက်ပိုမယ်ဆိုတာ အမေရော၊ ကျနော်ရော သိရက်နဲ့ မေ့တိမေ့မော နေခဲ့တယ်။ ဒီတခါတော့ တဘ၀လုံးနီးနီးလောက် အိမ်ပြန်မရောက်နိုင်ဘူးဆိုတာ ကျနော်လည်း သိခဲ့ပါတယ်။ အမေလည်း သိနေပါပြီ။
ကျန်ခဲ့တဲ့ ရန်ကုန်မြို့ကို ငေးရင်းတွေးလာမိတဲ့ စိတ်ကူးအပိုင်းအစတွေပါ။ လင်းအာရုဏ် မရောက်ခင်မှာ ကျနော်တို့ ပဲခူးဘူတာကို ဖြတ်ခဲ့ပါပြီ။ ပြီးတော့ စစ်တောင်းမြစ်ကူးတံတား…ရထားက လေးလေး နှေးနှေး။
ကရင်မွန်ပြည်နယ်အ၀င်မှာတော့နည်းနည်း ရင်ထိတ်ရပါပြီ။ ရထားတဲ့ သတင်းက ရန်ကုန်နဲ့ အထက်အညာက လူတွေ လာသမျှ ဖမ်းထားဆိုတာကို ထောက်လှမ်းရေးတွေက ချပြထားတယ်ဆိုပဲ။ ဒါပေမဲ့ ကျနော်က မှတ်ပုံတင် နောက်တခု ဆောင်လာတော့ သိပ်မစိုးရိမ်လှ။ ဒီလို စဉ်းစားတာဟာ နောက်အချိန် တချို့အတွင်းမှာပဲ မှားယွင်းသွားပြီဆိုတာကို ကျနော်သိလိုက်ရတယ်။
ဖြစ်ချင်တော့ သထုံ အကျော်မှာ ကျနော်အိမ်သာထဲ ၀င်မိတယ်။ ဖြစ်ချင်တော့ အိတ်ကပ်ထဲ ထည့်ထားတဲ့ မှတ်ပုံတင်အတုဟာ လျှောခနဲကျသွားလိုက်တာ အိမ်သာကမုတ်ထဲကို ကွက်တိပါပဲ။ ဘာလုပ်ရမှန်း မသိဖြစ်ပြီး ပြန်ထွက်လာ။ လိုက်ပို့သူ ရဲဘော်တွေကို ပြောတော့အားလုံးက ဝေဖန်ရေး ပေးတယ်။ အသုံးမကျဘူး.. ပေါ့ဆတယ်… စသဖြင့်။ တိုက်ဆိုင်တာ ဆိုပေမယ့်လည်း ကျနော်က ပြုလုပ်သူ ဖြစ်နေတော့ ကိုယ့်ကိုယ်ကိုပဲ ကျိန်ဆဲနေမိတယ်။ အသုံးမကျတဲ့ကောင် ဆိုပြီး … ဒါရဲ့ နောက်ဆက်တွဲက လက်မှတ်စစ်လာတိုင်း အိမ်သာထဲဝင်နေရတာပါဘဲ။
အဲဒီလို ကသိကအောက်ဖြစ်ရမယ် ကိစ္စက လွဲပြီး မုတ္တမရောက်သွားတယ် .. ပြီးတော့ မွန်တို့ဌာနေ ရာမညလည်း စေ့ငှအောင် မကြည့်ဖြစ်တော့ဘူး။ တန်းပြီးကားပေါ်တက် မော်လမြိုင်နဲ့ သိပ်မဝေးလှတဲ့ ဖားအောက်ကျေးရွာကို ရောက်သွားတယ်။ ဒါက စခန်းတထောက်ပေါ့။
ဖြစ်ချင်တော့ ကျနော်တို့ တည်းခိုတဲ့ အိမ်နေရာက အပျိုမတွေ ချည်းသက်သက် မွေးထားတာ။ အဲဒါနဲ့ နေရေးထိုင်ရေးကို စဉ်းစားတော့ ဒီမှာတော့ နေလို့ မကောင်းလှဘူး။ ပတ်ဝန်းကျင်ကလည်း သတိထားမိ မယ်ဆိုပြီး ကျောကိုလယ်ကွင်းတွေဘက် ပေးထားတဲ့ လယ်တဲလေး (အိမ်န့ေဲ တာ့ မဝေးလှပါ) မှာ တည်းလိုက်တယ်။
အဲဒီကာလက စီးပွားရေးကလည်း ဆိုးသထက် ဆိုးလာပြီ မဟုတ်လား။ ကိုယ်တည်းမိတဲ့ အိမ်ကလည်း မိသားစုများတယ်ဆိုတော့ထမင်းစားရတာ အားနာလာတယ်။ အဲဒါနဲ့ ထွက်ရမယ့် လမ်းကို အမြန်ရှာရတော့တယ်။
လမ်းက နှစ်လမ်းစုံစမ်းရတယ်။ တခုက ကြာအင်းဆိပ်ကြီးကို ဆန်တက်ပြီး သွားတဲ့လမ်း၊ နောက်တခုက ရေးနားက ဖြတ်တဲ့လမ်း။ အဲဒါနဲ့ဘယ်ဟာ အဆင်ပြေမလဲ မေးကြည့်တော့ ကြာအင်းဆိပ်ကြီးက ပိုလွယ်နိုင်တယ်ဆိုတဲ့ ကောက်ချက်က ထွက်လာတယ်။
တည်းတဲ့အိမ်က လူတွေလည်း ရိပ်မိတန်သလောက် ရိပ်မိနေပြီ။ ရွာထဲက တချို့လူတွေလည်း သိနေကြပြီ။ ဒါနဲ့ ကျနော်တို့ အမြန်စီစဉ်ရတော့တယ်။ ၁၉၈၉ ခုနှစ် သြဂုတ်လ နှောင်းပိုင်းကာလမှာ … ကြာအင်းဆိပ်ကြီးလမ်းက ကျနော်တို့အတွက် မြွေကိုက်တဲ့ လမ်းဆိုတာအဲဒီ ခရီးစဉ်မှာမှ သိရတော့တယ်။

သြဂုတ် လလယ်ကျော်တော့ ကျနော်တို့ စထွက်ခဲ့ပါပြီ…အဲဒီအချိန်မှာ နဂိုအတုယူလာတဲ့ မှတ်ပုံတင် မရှိတော့တဲ့ အတွက်ကြောင့် ကိုယ့်ကိုယ်ပိုင်ကိုပဲ သုံးပါတယ်။ သွားတော့ သုံးယောက်။ တယောက်က ကျနော်တို့ကို လိုက်ပို့တာပါ။ သူက တောထဲ သွားတဲ့ အတွေ့အကြုံရှိခ့ဘဲူးပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို ကြာအင်းဆိပ်ကြီးအထိ လိုက်ပို့ပေးပြီး ပြန်ရမှာပါ။
ဖားအောက်ကနေပြီး မော်လမြိုင်ကို ပြန်သွားရပါတယ်။ အဲဒီမွာ သေဘာၤစီးရမွာပါ။ နောက်ကျမှ သိရတာပါ။ အပေါင်ဘူတာတို့၊ ကျိုက်ထိုဘူတာတို့ကနေ ဆင်းပြီး တောဘက်ကို ဆိုက်ကားတစီးငှားပြီး သွားလိုက်ရင် မြို့ပြင်ထွက်တာနဲ့ ကျနော်တို့ သွားမယ့် နေရာဆီ ရောက်သွားတာပါပဲ။ ဒါလည်း တောထဲရောက်မှ သိရတာပါ။ အခုတော့ ကုန်းတတန်၊ ရေတတန်နဲ့ အသည်းထိတ်ထိတ်သွားရတော့တာပါ။
မော်လမြိုင်ကနေ သဘောင်္စီးတော့ ကျနော်နဲ့ လိုက်ပို့တဲ့ ရဲဘော်က တစု၊ ကိုမွှေးကြိုင်က တယောက်တည်း သပ်သပ် ခြားထားတဲ့ သံဇကာကို ကျောချင်းကပ်ပြီး လူခွဲစီးပါတယ်။ တစုံတခုဖြစ်ရင် တယောက်ယောက် လွတ်အောင်ပါ။ ဒါနဲ့ ကျနော်တို့လည်း ဒီခရီးကို သွားဖူးတဲ့ ဟန်ဆောင်ပေမယ့် ဘယ်လိုမှ ဒေသခံနဲ့ကို မတူနိုင်ပါဘူး။ မော်လမြိုင်နဲ့ ဆိပ်ကြီး(ကြာအင်းဆိပ်ကြီးလို့သာ တွဲခေါ်တာ၊ ဆိပ်ကြီးသတ်သတ်၊ ကြာအင်းက သပ်သပ်ပါ) ရဲ့ အလယ်ဗဟိုလောက်မှာ ဆိပ်ကမ်းတခုကို (ချောင်းနှစ်ခွဆိပ်ကမ်းထင်တယ်။) ကပ်ပါတယ်။
အဲဒီမှာတင် ရဲတွေတက်လာပါတယ်။ အဲဒီ ဘေးတလျှောက်က မွန်တပ်နဲ့ ကရင်တပ်တွေ ကြီးစိုးတဲ့ ဒေသဆိုတော့ သူတို့က လုံခြုံရေးအရ လိုက်ရသလို၊ နောက် ခရီးသည်တွေကို စစ်ဖို့ပါ။ ဒီမှာတင် ကျနော်တို့ မြွေစကိုက်တော့တာပါဘဲ။
သူတို့ ထုတ်ထားတဲ့ အမိန့်က ရန်ကုန်နဲ့ အထက်ဘက်ကလာတဲ့ လူတွေကို စစ်ရမယ်။ မသင်္ကာရင် ဖမ်းရမယ်ဆိုပြီး ထုတ်ထားတာပါ။
အဲဒီမှာ သဘောင်္ထွက်ပြီး စစစ်တာက ရဲဘော် မွှေးကြိုင်ထိုင်တဲ့ ဘက်ခြမ်းကိုပါ။ အဲဒီမှာ သူ့မှတ်ပုံတင်က ပဲခူးအနောက်ခြမ်းဆိုတော့ငြိသွားတယ်။ ဒါပေမယ့်ပါလာတဲ့ ရဲတပ်ကြပ်ကြီး ကပ်ပြီး ခေါ်သွားပြီးမှ ပိုက်ဆံပေးလိုက်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ သူက နဂိုထိုင်တဲ့ နေရာကို ပြန်လာပြီး ကျောချင်းကပ် အနေအထားနဲ့ အခြေအနေကို ရှင်းပြပါတယ်။ ကျနော့်ကိုလည်း ပိုက်ဆံပေးလိုက်ဖို့ ပြောတယ်။
တွက်ကြည့်တော့ ပိုက်ဆံက ၄၀၀ ကျပ်လောက်ပဲ ရှိတာ။ နောက် ကျနော်က ဒါမျိုး တခါမှ ပေးဖူးတာ မဟုတ်တော့ ပေါက်တဲ့နဖူး မထူးတော့ဘူး။ နောက် ဒီလောက်လည်း ဒီကောင်တွေ ကြည့်မှာ မဟုတ်ဘူးလို့ ထင်လိုက်မိတယ်။
ကျနော်တို့ အလှည့်ရောက်တော့ ရန်ကုန်မှတ်ပုံတင်ဆိုတော့ မေးတော့တာပေါ့။ ဘာလုပ်မလို့လဲ၊ ဘာကိစ္စနဲ့ လာတာလဲ၊ အသိရှိလား စသဖြင့်။ ကျနော်တို့က ကျောင်းပိတ်ရက်ဖြစ်နေလို့ မော်လမြိုင်က အမျိုးတွေဆီ လာလည်တာက ဆက်ပြီး စိးပွားရေးလုပ်ငန်းလေး ဘာလေး စနည်းနာတာလို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ မင်းတို့က ဆိပ်ကြီးကိုလာတာ အသိရှိလို့လား မေးတော့ ဖျတ်ခနဲ သတိရလိုက်တာကိုးတန်းနှစ်က ကျနော်နဲ့ အီစီကလီ ဖြစ်ခဲ့တဲ့ ကောင်မလေးကိုပါ။ အဲဒါနဲ့ ရှိပါတယ်ပေါ့၊ ကျနော်နဲ့ပါလာတဲ့ ရဲဘော်ကလည်း သူလည်းရှိပါတယ်၊ ဘယ်နေရာမှာ နေပါတယ်၊ ဘယ်လောက်ခင်ကြောင်း အာရတော့တာပေါ့။ ဒါပေမယ့် သူတို့က မင်းတို့ မှတ်ပုံတင်တွေ သိမ်းထားမယ်။ ပြီးရင် ဆိပ်ကြီးရောက်မှ ဆက်စီစဉ်မယ်ပေါ့။ ရပါတယ် ဆိုပြီး ပြန်ပြောလိုက်ရပေမယ့် ရင်ကတော့ စိုးထိတ်နေပါပြီ။
ဒီလိုနဲ့ ရဲတယောက် စောင့်ကြည့်နေတော့ ဘာမှ တိုင်ပင်လို့မရ။ သူ သတိတချက် မထားမိတဲ့ အချိန်မှာ ရဲဘော်မွှေးကြိုင်က ပြောတယ်။
ရောက်ပြီး ဟိုဘက်ကမ်းက နာရီဝက်စောင့်မယ်။ မလာရင် သူတော့ သွားမယ် ဆိုပြီး ပြောတယ်။ အိုကေ.. ပေါ့လေ ကျနော် ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကျနော်တို့ ဆိပ်ကြီးကို ရောက်သွားပါပြီ။ ကျနော်တို့ကို မဆင်းခိုင်းပါဘူး။ ခရီးသည် အားလုံးကုန်တော့မှ (ရဲဘော်မွှေးကြိုင်လည်း ဆင်းသွားပါပြီ) ကျနော်တို့ကို လာခေါ်တယ်။ ပြီးတော့ ကျနော်တို့ကို သဘောင်္ဆိပ်မှာ အ၀င်အထွက် လာကြည့်တဲ့ ထောက်လှမ်းရေးနှစ်ယောက်လက်ထဲ လူရော၊ မှတ်ပုံတင်ပါ ပေးရင်း အကျိုးအကြောင်းတွေ ရှင်းပြလို့ ထားခဲ့တော့တယ်။
ထောက်လှမ်းရေး နှစ်ကောင်လုံးက ခပ်ပုပု…၊ ဒါပေမယ့် တယောက်က မျက်နှာက သိပ်မဆိုးလှ။ နောက်တယောက်ကတော့ အမိန့်ပေးတိုင်း လုပ်မယ့် ရုပ်မျိုး။ အဲဒီမှာတင် မေးခွန်းပေါင်းသောင်းခြောက်ထောင် မေးတော့တာပဲ၊ ရဲတွေ မေးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ သူတို့ဆီကို ခေါ်မသွားဘူး။ သဘောင်္ဆိပ်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပါ။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်က တယောက်ပြောတဲ့ စကားကို တယောက်ပြန် နင်းပြောရင်း လှိမ့်ရတော့တာပေါ့။ (အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ဖောက်ဖျက်သူလို့ကြိုက်သလို ပြောကြစေတော့၊ လိမ်ရပါတော့တယ်၊ ကိုယ်က မြင့်မြတ်သူမဟုတ်သလို၊ အနာအကျင်လဲ လိုအပ်မှ ခံမယ့်သူပါ)။ ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ခိုင်ပါတယ်။ သူက ၈၈၈၈ ပြီးစမှာ တောခိုသွားပြီးမှ အခြေအနေကို စိတ်ပျက်ပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ပြန်ဝင်လာခဲ့တာ၊ ၀င်တဲ့ နေရာကလည်း အခု ကျနော်တို့ ရောက်နေတဲ့ ဆိပ်ကြီးမှာ။

အဲဒီတုံးက ကြိုဆိုရေးတွေ ဘာတွေ လုပ်ကြတဲ့ အချိန်မှာ သူက အိမ်တအိမ်မှာ တည်းခဲ့ဖူးတယ်။ ဒါပေမယ့် သူ့နာမည် အစစ်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကို ဆွဲထားတဲ့အချိန်မှာ အဲ့ဒီဘိုးတော်က ရ၀တ ဥက္ကဌ ဖြစ်နေတယ်။ သူ့နာမည်ပြောတော့ ထောက်လှမ်းရေးလည်း ကြောင်တောင်ယောင်တောင် ဖြစ်သွားတယ်။ အဲဒါနဲ့ မင်းတို့ကို အဲဒီအိမ်လိုက်ပို့မယ် ပြောပြီး လိုက်ပို့တယ်။
အိမ်ရှေ့ရောက်တော့ ထောက်လှမ်းရေးတွေက အိမ်ရှင် အဖိုးကြီးနာမည်ကို ခေါ်တယ်။ အဖိုးကြီးထွက်လာတော့ ဥက္ကဌ ခင်ဗျားအသိတွေလို့ သူတို့က ပြောတယ်.. ဟုတ်လား .. မေးတော့ အဖိုးကြီးကလည်း မမှတ်မိဘူး။ အဲဒီမှာတင် ကျနော်နဲ့ပါလာတဲ့ ရဲဘော်က ဟာ …
အဘ ကျနော့်ကို မမှတ်မိဘူးလား။ ကျနော်က ဘယ်အုပ်စုနဲ့လာပြီး အဘ အိမ်မှာတည်းခဲ့တယ်လေ၊ လွန်ခဲ့တဲ့ နှစ်က…။ သူ အရမ်းကောင်းလွန်းပါတယ်။ အဖိုးကြီးက တကယ်တော့ သူ့ကို မမှတ်မိပါဘူး။ ဘာလို့ဆိုတော့ အဲဒီအချိန်တုံးက ပြန်ဝင်ခဲ့တဲ့ လူတွေကများတော့ လူတိုင်းကို တဦးချင်းစီ မှတ်မိဖို့က အရမ်းခက်တယ်။ နောက် နာမည်တွေကလည်း တကယ့်အစစ်မသုံးခဲ့လို့ပါ။
ဒီမှာတင် အဖိုးကြီးလည်း နဝေတိမ်တောင်နဲ့ သိသလို ဟန်ဆောင်ပြီး ကျနော်တို့ကို လက်ခံလိုက်ရတယ်။ အဲဒါနဲ့ ကျနော်တို့ကို အပ်ပြီးပြန်မယ်လုပ်နေတဲ့ ထောက်လှမ်းရေးတွေကို အကို ကျနော်တို့ မှတ်ပုံတင်လေး ပြန်ပေးပါဦး ပြောကြည့်တယ်။ သူတို့က ဘာမှမစိုးရိမ်ပါနဲ့မင်းတို့ ပြန်ရင် ငါတို့ကိုယ်တိုင် လာပေးပါ့မယ် ဆိုပြီး ပြောပြီးပြန်သွားကြရော။
ထောက်လှမ်းရေးတွေ ပြန်သွားတော့မှ ပါလာတဲ့ ရဲဘော်က အဖိုးကြီးကို လုံးဝ စည်းရုံးရတော့တယ်။ သူ့ရဲ့သားတွေကလည်း ကျနော့်နဲ့အသက်သိပ်မကွာတော့ ဟိုမေးဒီမေးနဲ့ ကျနော်လည်း လုံးရတယ်။ ဘယ်သူ့ကို သိလား၊ ဘယ်ဝါ့ကို သိလားပေါ့။ ကျနော်နဲ့ အီစီကလီဖြစ်တဲ့ ကောင်မလေးရဲ့ လိပ်စာကိုလည်း သူတို့ဆီကပဲ ရလိုက်ပါတယ်။
ထမင်းသာစားပေမယ့် မဖြောင့်ခဲ့ပါဘူး။ အဲဒီ အိမ်ရှင်တွေက ကျနော်နဲ့ ပါလာတဲ့ ရဲဘော်ကို မမှတ်မိတော့လို့ပါ။ အဲဒီညမှာ သူပြောတဲ့နာမည်ကို ထမင်းစားပြီး အိမ်ရှင် ဘိုးတော်က ရုံးက စာရင်းတွေထဲမှာ သွားရှာပါတယ်။ ကျနော်တို့ အိပ်လောက်ပြီလို့ ထင်တဲ့အချိန်မှာပြန်လာပြီး သူ့မိန်းမကို တီးတိုးပြောတာ ကြားပါတယ်။
ဘယ်က ကလေးတွေလည်း မသိပါဘူးကွာ၊ သူတို့ပြောတဲ့ နာမည်တွေလည်း မတွေ့ဘူး။
ကျနော်တို့ကလည်း တိုင်ပင်ထားတာ တခုခုဖြစ်တာနဲ့ ဘေးနားက ချောင်းကို ပြေးပြီး လွတ်လွတ် မလွတ်လွတ် ရေကူးပြေးမယ်ပေါ့။
ဒါပေမယ့် အိမ်ရှင်တွေ အရမ်းကောင်းပါတယ်။ သူတို့မသိတဲ့ လူတွေကို ဘာမှ မဖြစ်စေအောင် သူတို့ အကျိုးအတွက် အသုံးမချခဲ့လို့ပါ။
အဲဒီညတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါနဲ့ မနက်ခင်းကျတော့ နှစ်ယောက်သားက ဘယ်တော့ပြန်ထွက်ရင် ကောင်းမလဲဆိုတာ ဆွေးနွေးဖြစ်ကြတယ်။ ရောက်ရောက်ချင်း ပြန်ထွက်ရင် ဒီကောင်တွေ ပို မသင်္ကာဖြစ်သွားနိုင်တယ်။

ဒါကြောင့် နောက် ၂ ရက်လောက် အခြေမပျက် ဆက်နေပြီးမှ ဒီကောင်တွေကို ပြောပြီး ပြန်ကြတာပေါ့ ဆိုပြီး နှစ်ယောက် သဘောတူလိုက်ကြတယ်။
အိမ်ရှင်တွေက ကျနော်တို့ကို မသိပေမယ့် တော်တော် သဘောကောင်းပါတယ်။ အဲဒီကာလက ရ၀တဥက္ကဌ ခန့်တယ်ဆိုတာလည်းသူတို့ လူဆိုပေမယ့် အရေးတော်ပုံကလည်း တနှစ်ပြည့်ပြီးခါစပဲ ရှိသေးတယ်ဆိုတော့ သူတို့လည်း သိပ်တော့ သွေးက မနွေးသေးပါဘူး။
နောက် ရွေးကောက်ပွဲလည်းလုပ်မယ် ပြောထားတာဆိုတော့ သူတို့က အဲဒါပြီးရင်တော့ အခြေအနေ အပြောင်းအလဲရှိမယ်လို့ စဉ်းစားကြပုံရပါတယ်။
သူတို့ သားတွေ တပည့်တေကွ လည်း ကျနော်တို့နဲ့ ရွယ်တူဆိုတော့ ပေါင်းရသင်းရတာ တညအတွင်း အဆင်ပြေ သွားပါတယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ အဲဒီ လက်ဖက်ရည်ဆိုင်မှာတော့ အမြဲလိုလို မှတ်ပုံတင် သိမ်းထားတဲ့ ထောက်လှမ်းရေးနဲ့ ဆုံဖြစ်ပါတယ်။ သူ့ဝိုင်း သူထိုင်၊ ကိုယ့်ဝိုင်း ကိုယ်ထိုင်ပါ။
အဲဒီ ညနေမှာ ကျနော်ပြောထားတာလည်း ယုတ္တိဖြစ်အောင်၊ နောက် တေ့လွ ည်း တွေ့ချင်တာနဲ့ အီစီကလီမလေးရဲ့ အိမ်ကို သွားလည်ကြတယ်။ အိမ်ရှင်သားနဲ့ သွားတာပါ။ လူနဲ့ နာမည်ပဲသိပြီး လိပ်စာမသိတော့ တော်တော်ရှာရပါတယ်။ သွားတဲ့ အချိန်က ၅ နာရီလောက်ရှိပါပြီ။ အိမ်ရှေ့ရောက်တော့ နာမည်အော်ခေါ်တယ်။ အထဲက အသံပြန်ထက်ွလာတယ်။ ဘယ်သူလဲတ့။ဲ ကျနော် မြင့်ဇေ ပါ ပြောတော့
…. သိတယ်၊ သိတယ်၊ ၀င်လာခဲ့လို့ အော်တယ်။ ၀င်သွားတော့ မ…… ရှိလား ဆိုတော့ ရှိတယ်။ ရေချိုးနေတယ်၊ ထိုင်ဦးလေ.။ သူ့အမက ပြောတယ်။
သိပ်မကြာပါဘူး။ ကျနော့် ပန်းကလေး ထွက်လာပါတယ်။ (အခုတော့ ပန်းကြီးဖြစ်နေပြီပေါ့နော့်) ဟယ်… ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာအောင်နေမှာလဲ၊ လဲပေါင်းများစွာ။ ကျနော်လည်း စိတ်မကောင်းခြင်းကြီးစွာနဲ့ လိမ်ရပါတော့တယ်။ အလည်လာတဲ့ အကြောင်း၊ မကြာခင် ပြန်မယ့်အကြောင်း၊ ကျောင်းပိတ်လို့ မြန်မာပြည် တပတ်လုံး လျှောက်လည်တဲ့ အကြောင်း၊ သူကတော့ တသြော်သြော်နဲ့။ ဒါပေမယ့် ယုံပုံ မရပါဘူး။ ကျနော် ရှစ်လေးလုံးတုံးက လုပ်ဆောင်ခဲ့တာတွေ သူသိတာကိုး။
ဒါနဲ့ လာလည်တယ်ဆိုရင် ကြာအင်းသွားလည်မယ်လို့ သူက ပြောတယ်။ ကျနော်ကတော့ မလည်တော့ဘူးလို့ ပြန်ပြောဖြစ်လိုက်တယ်။
သန်ဘက်ခါ ပြန်မယ်ဆိုတာလည်း တခါတည်း အသိပေးလိုက်တယ်။ တောထဲရောက်မှ သိရတာက ကြာအင်းရောက်ရင် (အဲဒိအချိန်က)
တောထဲရောက်ပြီ။ နောက်တခု ထပ်သိရတာက ကောင်မလေးရဲ့ ဦးလေးတယောက်က ကေအဲန်ယူက တပ်မှူးတဦးဆိုတာကိုပါ။ ဒါနဲ့ စကားစမြည် နည်းနည်း ထပ်ပြောပြီး ပြန်လာခဲ့တယ်။
နောက်နေ့ကျတော့ ကျနော်တို့ ထောက်လှမ်းရေးကို သွားတွေ့တယ်။ မနက်ဖြန် ပြန်မယ်၊ မှတ်ပုံတင် ပြန်ပေးပါ။ ဆိုပြီး။ အဲဒါနဲ့ ဒီကောင်တွေက သဘောင်္ဆိပ်ကျမှ လာပေးမယ်လို့ ဆိုတယ်။ အဲဒါနဲ့ ပြန်မယ့်နေ့ရောက်တော့ သဘောင်္ဆိပ်အဆင်းမှာ ကောင်မလေးနဲ့ သူ့အမကလာ နှုတ်ဆက်တယ်။ ကြာကြာ မနေသွားလို့လည်း စိတ်မကောင်း ဖြစ်နေပုံရတယ်။ နှုတ်ဆက်စကားပြောပြီး သဘောင်္ပေါ်တက်လာခဲ့တယ်။ ဥသြတခါဆွဲတော့မှ ကိုရွှေထောက်လှမ်းရေးများ တက်လာပြီး မှတ်ပုံတင်လာပေးတယ်။ မင်းတို့ အိမ်ကို တန်းပြန်လို့လည်း ပြောသေးတယ်။ ဟုတ်ကဲ့ ပြန်မှာပါ၊ ကျေးဇူးပါပဲ အကိုတို့ ဘာတို့ အာပလာ လုပ်လိုက်ရသေးတယ်။ သဘောင်္စထွက်တော့ ကမ်းပေါ်ကလက်ပြနေသူတွေက အများကြီး.. အဲဒီထဲက လက်ဖ၀ါးလေးတခုတည်းကိုပဲ ကျနော်က ရွေးမြင်နေမိတယ်။
သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့ တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်က ဆင်းပြီးမုဒုံကို ဖြတ်လို့ ဖားအောက်ကို နောက်တခေါက် ထပ်ရောက်သွားပါတော့တယ်။ အရင် တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့် သွားကြပုံ ရတယ်။ သူတို့ကတော့ ရောက်လောက်ပြီ ထင်နေတာလေ။ အဲဒါနဲ့သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ ထပ်ဝေဖန်ကြရော၊ ဒါ မှတ်ပုံတင်ပျောက်လို့ ဖြစ်တာဆိုပြီး။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်းနည်း ထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဖန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆအဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဖန်နေရင်တော့ မဟုတ်တော့ဘူးလို့ ပြန်ပြောလိုက်တယ်။
အဲဒီအတွက်လည်း ပထမတကြိမ် ဝေဖန်ပြီး သွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်း ငြိမ်သွားကြတယ်။
အဲဒါနဲ့ သွားရမယ့် လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝ အခြေအနေ မကောင်းဘူး။ ဒါကြောင့် ကျနော်တို့တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့ သွားဖို့ အကြံပေးတယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာ ဆိုတာရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တယောက် ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့ လူတွေနဲ့ ရင်းနှီးတာကြောင့် အဲဒီ လူဆီကို စာရေးပေးမယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်း မပြောနဲ့လို့ ဆိုတယ်။
ဟုတ်ကဲ့ပါ။
ကဲလမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝ မရှိတော့ဘူး။ အဲဒါကြောင့် ခရီးစရိတ်ဘယ်နှယ့်လုပ်ရပ အားလုံးဝိုင်း စဉ်းစားကြတယ်။ ရှိတဲ့ ပိုက်ဆံက လမိုင်းလောက်ဘဲ ရမယ်။ ဘုရားသုံးဆူသွားဘို့ကတော့ ဝေလာ ဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက် လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျှက်ရှိ) ပါ။ သူလည်း ရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ ဆိုတော့ …သူလည်း ဆက်နေဘို မလွယ်တဲ့ အကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော် အဖြစ်ရော၊ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက် တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ် အဆင်ပြေသွားပါတယ်။သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။
ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်ရေးရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်း ဖတ်ပြီး ရောက်မယ့် ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်း စိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့် အိမ်ကရော အဆင်ပြေပါ့ မလား။
လမိုင်းဘူတာရောက်တော့ ညနေ ၃ နာရီလောက် ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့် အိမ်လိုက်ပို့တယ်။ ကို….. ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ထွက်လာပြီး ကျနော်ပါဘဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကိုထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင်ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန်ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက် စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ်ဆိုတော့ ကိုလင်းက နှုတ်ဆက်ပြီး ထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။
ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက် ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာဘဲတည်းပါ။ နှစ်ယောက်တည်းလည်း အားနာစရာ မလိုဘူး။ အကိုကြီး အသိတွေဘဲလို့ ပြောတာနဲ့ နှစ်ယောက်သား တည်းဖြစ်သွားတယ်။
ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက် အခဲန့ကဲိုယ်မဟုတ်လား။ ကျိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကိုက ပြောတယ်။ ညီတို့ ဒီအချိန် မိုးတွင်းမျိုးက သွားတဲ့ လူရှားတယ်။ အဲဒါကြောင့် မင်းတို့ခဏ အိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကို ရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်တည်း သီးသန့်တိုင်ပင်ကြတယ်။ အခြေအနေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းမယ်လို့ဆုံးဖြတ်လိုက်တယ်။
ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာ ထိုင်လို့။ တောခိုဘို့လာတဲ့ အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူက မေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက်လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့ အတွက်ကြောင့် လာခြင်း ဖြစ်ကြောင်းပြန်ရှင်းပြရတာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။
ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာ မဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲ့ထဲ ပါလား လို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မပြောပါနဲ့။ ရန်တောင် မဖြစ်ရဲပါဘူး ဆိုတော့ သူကဒါဆို အိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြတယ်။ မကြာခင် ရွေးကောက်ပွဲ ပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်း တွေတွေဝေေ၀ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင်သူငယ်ချင်း ဆင်သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံး အဆင်ပြေသွားတဲ့ အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါတယ်။ ကျနော်တို့က သုံးရက်လောက်အချိန်ပေးပါ။ ကြားမှာကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကို ပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြောတယ်။ အမှန်က အဲဒီ ဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေ လို့ပြန်ပြောတယ်။
သုံးရက်အတွင်း ကျနော်နဲ့ ကိုလင်း နှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေးမြန်းရတာပေါ့။
နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့ နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာတယ်။ ကုန်သည်အဖွဲ့ တဖွဲ့ ဘုရားသုံးဆူဘက်တက်ဖို့ ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင် အကိုကို အဲဒီ သတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီ ထွက်မယ် ပြင်ထားပါလို့ ဆိုတယ်။ နောက်နေ့ မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဘို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ဆား စသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်တာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွမှာတယ်။
တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဘို့ကို ပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း၊ ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ်သက်ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။
မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက်လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုတ် ထုတ်ပေးတယ်။ ပြီးတော့ ကုန်သည်အုပ်စု စောင့်နေတဲ့ ရွာအပြင်က လမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ရောက် လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့ အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဘို့အကြောင်း ပြောပြီး ပြန်သွားတယ်။
အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုးရိမ်ပေမယ့် ကျနော်တို့ သွားလို့ ရအောင်လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့ မသိစိတ်ထဲမှာတောင် စစ်တပ်ကိုအလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော် တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည်အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင် မလင်းခင် ဖြတ်မှရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကြတော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု…။
မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး ထားဝယ်ကားလမ်းကိုကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါးနာရီခွဲလောက်ပါပြီ။

ကျနော်တို့ လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များပြားပါတယ်။ အသော့နှင်လိုက်ကြတာ ကျနော်လည်း ရွာအမည်တွေ မမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေးလိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းးဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီးနေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတေကျွရင် ကမ်းပါးတွေကိုကုတ်ကတ်တွယ် တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန် ဘောင်းဘီတို ကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာ ချက်စားမယ်ဆိုတဲ့ ရွာရောက်တဲ့ အထိပါဘဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။
ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တ့လဲူတေနွဲ့ အမှီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့ အဖွဲ့နဲ့နောက်မှာ ကျန်ရစ်ခဲ့တယ်။
နောက်မှ သိရတာက ကျနော်တို့နဲ့ အတူပါလာတဲ့ ကုန်သည်အုပ်က တဖဲ့တွ ည်း မဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့ လာကြတာ။ နေ့လည်စာထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကိုလင်းက ညကျမှ အိပ်တ့ေဲ နရာမှာ တွေ့မယ်လို့ ပြောသွားတယ်။ မင်းတော့ ဖြည်းဖြည်းဘဲ ဒီကုန်သည် အဒေါ်တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွားတယ်။
ကျနော်တို့ ဆက်ထွက်လာတာ ချောင်း လတ်လတ်တခု စီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွားတယ်။ တော်တော်ကြီးတဲ့လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာ အိပ်မယ်လို့ ပြောတော့ လူက ထိတ်ခနဲ ဖြစ်သွားတယ်။ အရှေ့က အဖွဲ့ကို အမှီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမဟုတ်ဘူးတဲ့။ ဘာမှ မပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါလို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့ သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုး တထင့်ထင့်ပါ။ ကျနော့် ပိုးအိတ်ထဲမှာက ဆန်နဲ့ငါးခြောက်၊ ကြက်သွန်နီ ပဲ ပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့ အားလုံးက ကိုလင်းနဲ့ ပါသွားပြီ။ ကဲအခုမှတော့ပေါက်တဲ့နဖူး မထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီး နေလိုက်တယ်။
ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့တော့တာပါဘဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါဘဲ။
အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်း အငှားသမားတွေလည်း ကုန်ထမ်းရ၊ ချက်ပြုတ်ရတဲ့ အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်း လုပ်ပေးခဲ့ရတယ်။
လမ်းမလျှောက်ဘူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ် မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်မယ့် ခပ်ငယ်ငယ် မိသားစုတစုလည်း ပါတယ်။
သားအမိ သားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့်ကို အမြဲ စောင့်စောင့် ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့်ခရီးနှောင့်နှေးမှာ စိုးပြီး မှီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီ မိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။ သွားနေရင်း တရက်မှာ အုန်းထမင်း စားလိုက်ရသေးတယ်။ နေ့လည်ဘက် ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင်ရတယ်ဆိုပြီးအုန်းသီးခူးခိုင်းပြီး အုန်းထမင်းချက်တာ၊အဲဒီရွာမှာဘဲသူပုန်လို့ပြည်မကခေါ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကတပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခ့ရဲ င် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှမပြောဘဲ ဆက်လာခဲ့တယ်။
သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိ မြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီး သွားရမှာပါ။ ကျနော့်မှာတော့အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေစီးဘို့ မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်းသောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီးနားကို သွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူ ရောက်မှ ပြန်ပေးမယ် ဆိုတဲ့အကြောင်း ပြောတော့ သူက ဟက်ဟက်ပက်ပက် ရီပါတယ်။
`ငါသိပါတယ်.. ကောင်လေးရဲ့၊ ကျန်တဲ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာ မရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်းသားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိနင့်အဖော်မရှိတာတောင် ကောင်းကောင်းမွန်မွန် ခေါ်လာတာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့်ကျောင်းသားတွေကို ငါခေါ်ခေါ်လာပေးတာ မနည်းတော့ပါဘူး။´လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်း ရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလား ဆိုပြီး၊ နောက်တခုကလူထုရဲ့ တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဘို့အတွက်မှာ အပြည့်အ၀ မပါဝင်နိုင်သေးပေမယ့် တတ်နိုင်တဲ့ ဘက်က ၀ိုင်းလုပ်နေပါလား ဆိုတာကို ကျနော် မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ လှေပေါ်တက်ပြီး ထွက်ခဲ့တယ်။
မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါဘဲ။ တောင်ဆင်ခြေလျောတလျှောက် ရေဆင်း လာတာဆိုတော့ ရေဆန်က အရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေက ကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ဘဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေး ကျောက်ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲ့ လူအားလုံး မိုးမခပင်တွေကို ဆွဲထား၊ ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကိုသွားနေကြသလို ပါဘဲ။
လှေ နှစ်နာရီခွဲ၊ သုံးနာရီ သာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ်ပါတီရဲ့ တပ်တွေရှိတယ်။
ကုန်သည်တွေ အ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကို မော့ကြည့်တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာတေ့ရွ တယ်။ သူ့တေ့ွေ တာ့ တော်တော်လည်း ပျော်သွားတယ်။ အဲဒါနဲ့ ကိုလင်းဆီက ငွေတောင်းပြီး အဒေါ်ကြီးကို ပေးတော့အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်းပေးတော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်း ဆိုပြီး။ သူတို့ကအဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့် လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။(နောက်ပိုင်းအဒေါ်ကြီးနဲ့ ရော၊ ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ်ပါသေးတယ်။ ဘုရားသုံးဆူ မကျခင်အထိ)ဘုရားသုံးဆူရောက်တော့ ကရင် မွန်ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကို သွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရတယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏဘဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက် စီးလာတော့ နမ့်ကိတ်ဆိုတဲ့ နေရာကို ရောက်သွားတယ်။ ထိုင်းမြန်မာနယ်နိမိတ်ကိုအဲဒီနေရာမှာ ကားလမ်းနဲ့ပိုင်းထားတာပါ။ မြန်မာမြေဘက် ပြန်ကူးပြီး ၁၅ မိနစ်လောက် ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ်အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့`ဘာလုပ်နေလဲ ၊ လေ့ကျင့်နေတယ်´`ဘာစိတ်ဓာတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါဘဲ။
ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံ ၀တ်ထားတဲ့ သူရဲ့ ရင်ဘတ်မှာ ကျောင်းသားတပ်မတော် ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။

ကျနော် မျှော်မှန်း ရည်ရွယ် လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကိုရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်က ထွက်လာတဲ့ ခရီးအတွက် လမ်းဆုံးပန်းတိုင်ဖြစ်ပေမယ့် တော်လှန်ရေး ပြောက်ကြား ရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ။ ။

(ပြီး)
ကျဆုံး ကွယ်လွန်သွားသည့် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဌ (၈၈ ကာလ)ကိုနေလ၊
မကဒတ ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် မြင့်အောင်၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ၀ထ္ထုများအား ပွင့်သစ် (ကရိန်ကန်)၊ မြင့်ဇေ စသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သူ၊ ဘလော့ခ်ဂါ ကိုဖိုးဇေ အား ဂုဏ်ပြုသောအားဖြင့် သူရေးသားထားသည့် အက်ဆေးတပုဒ်အား ဖေါ်ပြလိုက်ပါသည်။

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ www.nguyinpyin.net မှ ကူးယူတင်ပြပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...