ဆောင်းပါးရှင် - ဗိုလ်ရဲထက်
ကျနော်တို့ စစ်တက္ကသိုလ်မှာ အပတ်စဉ်အလိုက် သူ့ရေစက်အလိုက် တစ်ပတ်စဉ်နှင့် တစ်ပတ်စဉ်တွင် စိုက်ပျိုးကြရသော အပင်များ ရှိရကား၊ ကျနော့် အပတ်စဉ်မှာတော့ဖြင့် ထူးထူးခြားခြား ကံစပ်သည်က “ကိုရွှေကြက်ဆူ” ပဲ ဖြစ်ပါတော့တယ်။ ဇာတ်လမ်းလေးက တော်တော် စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒီမှာ ဟာသများ၊ စည်းကမ်း တင်းကြပ်လှပါသော စစ်တက္ကသိုလ်သည်လည်း ကြက်ဆူနဲ့တွေ့တော့ ခံနိုင်ရိုးလား စတဲ့ တကယ့် ဇာတ်လမ်းများနဲ့ ဗိုလ်လောင်းများ ခံစားခဲ့ရ သည်များကို တင်ပြသွားပါမယ်။
တစ်နေ့ပေါ့ဗျာ… ကျနော်တို့ ဒုတိယနှစ် တက်နေတဲ့ အချိန်ပေါ့။ ကျနော်တို့စကားအရ ပြောရရင်တော့ “ဂျိုထချိန်” ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ ဂျိုထချိန် မရခဲ့ပါဘူး။ ဒါက ကြက်ဆူကြောင့်လေ။ ဖြစ်ချင်တော့ အောက်အပတ်စဉ်က တပ်ခွဲ တစ်ခွဲမှ လူ ၃၀ သာသာ၊ ကျနော်တို့တပ်ခွဲ တာဝန်ယူထားရတဲ့ ကြက်ဆူခင်းက ၁ ဧက ကျော်တယ်။ ပြီးတော့ မြေပြန့် မှာလည်း မဟုတ်။ အမှိုက်ကျင်းရွာဘက်က တောင်ကုန်းတွေပေါ်မှာရှိတယ်။ ဇာတ်လမ်းက အဲဒီမှာ စတာပဲ။ အင်း… သတင်း ကြားမိပါသေးတယ်။ ကြက်ဆူပင်တွေကို တရားမ၀င် ရောင်းလို့ မရဘူးဆိုလား။ အဲလိုရောင်းလို့ အဖမ်းခံရတယ် ဆိုလားပဲ။
အော်… ကြက်ဆူဆိုတာ တော်တော်လည်း အရေးပါတာပဲဟ လို့တောင် တွေးမိသေး။ စပြီးတော့ စိုက်မယ်ဆိုတော့ အရင်ဆုံး တောင်ကုန်းကို ရှင်းရတာပေါ့။ ရှင်းဆိုတော့ သိကြတဲ့ အတိုင်း အဲဒီမှာက နေကြာရိုင်းပင်တွေချည်းလေ။ နေကြာရိုင်းပင် တွေကို ရှင်းရတော့ ရင်ထဲမကောင်းဘူးဗျ။ ကျနော်တို့က ဘာမှသိပ်သိတာ မဟုတ်ဘူး။ ကြက်ဆူက ဘာကြီးမှန်း လည်း မသိ ပါဘူး။ သူတို့က ဆီထုတ်လို့ရတယ်၊ ဒါကြောင့် တစ်နိုင်ငံလုံး စိုက်ရမယ် ဆိုတော့ကာ စိုက်ရတာကိုး။ နေကြာရိုင်း ဆိုတာက ကျနော်တို့နဲ့ ခံစားချက် တူတယ်ဗျ။
ဘာလို့လဲဆို ခွင့်ပြန်ခါနီးရင် သူက တစ်တောလုံး ပွင့်နေလိုက်တာများ ၀ါထိန်နေတာပဲ။ ဟော ကျနော်တို့များ ခွင့်ရက်စေ့လို့ ကျောင်းပြန်ရောက်ပြီဆိုရင် သူလည်း ညှိုးတော့တာပဲ။ အမှတ်အသား တစ်ခုလိုကိုး။ ဒါကြောင့် သူ့ကိုတော့ သံယောဇဉ် ဖြစ် မိတယ်ဗျာ။ ခုတော့ ဘယ်က ရောက်လာမှန်း မသိတဲ့ ကြက်ဆူဆိုတာကြောင့် ကျနော်တို့ရဲ့ သံယောဇဉ်ကို ဖြတ်ပြီး ရှင်းလင်း နေရတော့ ၀မ်းနည်းသလိုလိုနဲ့ မီးရှို့လိုက်တာ ကံကောင်းလို့ အမှိုက်ကျင်းရွာ မီးထဲ မပါတယ်။ ဘာပြောကောင်းမလဲ… ဗိုလ်လောင်းတွေကော ရွာသူရွာသား တွေကော ပွက်လောကို ရိုက်သွားတာဘဲ။ ကျနော်တို့လဲ မိုးမွှန်အောင်ကို ဆဲခံရတာ၊ သိတဲ့အတိုင်းပဲ၊ ကျနော်တို့ကလည်း ဒီလို အဆဲခံရတာလောက်က ထမင်းစား ရေသောက် သလို ဖြစ်နေတာကိုး။ ကိုယ့် ပြောတာ မဟုတ်သလိုပဲ။ အေးဆေးဘဲ။
ဒီလိုနဲ့ ဗိုလ်လောင်းလောကမှာ ကြက်ဆူကလည်း တော်တော် ခေတ်စားလာပါတယ်။ ဘယ်လောက်ထိ ခေတ်စားသလဲ ဆိုရင် အရင်က တပ်ခွဲစိုက်ခင်း တာဝန်ခံ၊ တပ်ရင်းစိုက်ခင်း တာဝန်ခံ စသဖြင့်သာ ရှိခဲ့တာ ခုတော့ ကြက်ဆူတာဝန်ခံတွေပါ တိုးလာတော့တာကိုး။ နှစ်အလိုက် ကြက်ဆူတာဝန်ခံတွေက ဘာလုပ်ရသလဲ ဆိုရင်တော့ နောက်ဆုံးနှစ် တာဝန်ခံက တပ်ရင်းကနေ တပ်ခွဲအလိုက် ခွဲတမ်းနဲ့ ထုတ်ပေးတဲ့ ပျိုးပင်၊ မျိုးပင်တွေ၊ အစေ့တွေကိုယူပြီး မိမိတပ်ခွဲအလိုက်မှာ ပြန်ပျိုး၊ အဲဒီအတွက် ကျနော်တို့ ဒုတိယနှစ်နဲ့ ပထမနှစ်တွေက ရေလောင်း ပေါင်းသင်ပေါ့ဗျာ။
ဒီမှာ ရယ်စရာလေးတစ်ခု ပြောပြရဦးမယ်။ ကြက်ဆူစေ့ကို ကြည့်တော့ မြေပဲစေ့နဲ့ တူတာနဲ့ စားကြည့်တာ စိမ့်စိမ့်လေးဆိုပြီး စိုက်ဖို့ပေးထားတဲ့ ကြက်ဆူစေ့တွေကို စားပစ်လိုက် ကြတာ နို့ဆီဗူး တစ်ဗူးလောက် ကုန်သွားတော့ နောက်ဆုံးနှစ် တာဝန်ခံက မဖြစ်ချေဘူး၊ ဒီအတိုင်းတာဆို စိုက်စရာ မရှိတော့ရင် သူတော့ ခက်ရချေရဲ့လို့တွေးနေတုန်း စားမိတဲ့ သူ့ခမျာ ၀မ်းတွေသွားလို့ တော်တော်ကို ဆေးသောက်ယူ လိုက်ရသေးတယ်။ အင်း….. ကြက်ဆူများ အကျိုးပေးပုံ ပြောပါတယ်။
ကျနော်တို့မှာလေ ဒုတိယနှစ် တစ်နှစ်လုံး ကြက်ဆူဒုက္ခပေးလို့ တပ်ပြင်ထွက်လည်း အပြေးအလွှား၊ ဒုတိယနှစ် ထုံးစံအတိုင်း တနင်္ဂနွေနေ့မှာလည်း ကောင်းကောင်းမအိပ်ရ၊ ကျောင်းစည်းကမ်းအရ နံနက် ၅ နာရီ ထရမယ် ဆိုပေမယ့် ကြက်ဆူနတ်နဲ့လည်း တွေ့ရော ဘာပြောကောင်းမလဲ၊ အိပ်လို့ကောင်းချိန် နံနက် ၄ နာရီဆိုရင် တပ်ခွဲမှာ တန်းစီပြီးပြီ။ ကျနော်တို့က ထားဦး။ နောက်ဆုံးနှစ်က တာဝန်ကျ အကိုကြီးတွေနဲ့ တာဝန်ခံတွေ ခမျာမှာလည်း ကျနော်တို့နည်းတူပါပဲ၊ အစောကြီးထပြီး ကြက်ဆူခင်းကို ချီတက်ကြရတာပဲ။ ပါးစပ်ကလည်း ကြက်ဆူကို မေတ္တာပို့ရင်းပေါ့။ ဘာဖြစ်လို့ ဒီလောက် အရေးတယူ လုပ်ခိုင်းရတာလဲပေါ့။
အရင်ကဆို အစောကြီး ထမှာစိုးလို့ တရားမ၀င် အပြစ်ပေးမှာစိုးလို့ ဆိုပြီး ထထကြည့်တဲ့ ကျနော်တို့ရဲ့ နည်းပြမှူးချုပ် (CI) လည်း မလာနိုင်တော့ဘူး။ ကြည့်ရတာ သူလည်း ကြက်ဆူနဲ့တွေ့တော့ ဘာမှမတတ်နိုင်တော့ဘူး ထင်တယ်။ တခါတခါများ ကြက်ဆူဒုက္ခ ပေးပုံက ထမင်းတောင် စားချိန်မမှန်ဘူး။ အချိန်နဲ့စား အချိန်နဲ့ သွားကြရတဲ့ ကျနော်တို့ ဗိုလ် လောင်းတွေမှာ ကြက်ဆူနဲ့တွေ့မှ အချိန်မမှန်တတ်တော့ဘူး။ ကျနော်တို့တင် ဒီဒုက္ခလား ဆိုတော့ မဟုတ်ဘူးဗျာ။ တစ်နိုင်ငံလုံးကို ဖြစ်နေတာ။ အဲဒီ ကိုရွှေကြက်ဆူ စိုက်တာကိုပဲ သတင်းတွေထဲမှာ တခမ်းတနားနဲ့ ဖော်ပြကြတာ။ အရင်ကဆို ဆိုင်ရာဆိုင်ရာ ရုံးဌာနတွေရှေ့မှာ ပန်းမန်ပင်တွေနဲ့ လှနေခဲ့ရာက ဟော… ခုတော့ ကြည့်စမ်း၊ ကြက်ဆူပင်တွေ မင်းမူနေလိုက်တာ ဘာမှန်းကို မသိဘူး။
ကျနော်တို့ကြားထဲမှာလည်း တော်တော်ကို သတင်းကြီးသွားသေးတယ်။ ဘာတဲ့…. ကြက်ဆူပင် ခုတ်ရင် ထောင် ၃ နှစ် ဆိုလားပဲ။ ဟုတ် မဟုတ်တော့ မသိဘူး။ ကျနော်တို့လည်း တော်တော်ကို မြင်ပြင်းကပ်နေတဲ့ အဲဒီကြက်ဆူကို လစ်ရင်လစ်သလို ချတာပဲ။ ဒါလည်း ကိုရွှေကြက်က မမှတ်ဘူး။ ပြန်ပြီး ကြီးလာတာပဲ။ တော်တော် အသက်ပြင်းတဲ့ကောင်။ ဒါနဲ့များ တယုတယ စိုက်နေသေးပေါ့။
သူတို့အပြောအရ ဆိုရင် နိုင်ငံတော်ရဲ့ ကြီးမားတဲ့ စီမံချက်ကို နားမလည်ဘူးပေါ့ဗျာ။ ပြောမယ့်သာပြောတာ ခုဆိုကြက်ဆူတွေက အသီးတင် မဟုတ်ဘူး။ အသီးကနေ မြေးတွေ မြစ်တွေတောင် ရနေပြီ။ ဘာမှလဲ ဖြစ်မလာဘူး။ မသိတော့ပါဘူးဗျာ။ ကျနော်ဥာဏ်မမှီလို့ပဲ နေမှာပေါ့။ ဒါပေမယ့် တခါတလေ ပျော်တော့ပျော်စရာ အကောင်းသားဗျ။ စနေနေ့ဆိုရင် အဲဒီ “ကြက်ဆူကုန်း” မှာ ကျနော်တို့က ကြက်ဆူစိုက်လို့ အဲဒီလို နာမည်ပေးထားတာလေ။ တပျော်တပါးကြီးပဲ၊ သူငယ်ချင်းတွေအားလုံး ဆုံကြရတာကိုး။ နောက်ဆုံးနှစ်က အကိုကြီးတွေကလည်း နားလည်ပေးပါတယ်။ အဲဒီလို ကြက်ဆူနဲ့ ပတ်သက်လာရင်တော့ ကျနော်တို့ကို Broken ထားတယ်ဗျ။ တော်ရုံ ဘာမှ မပြောဘူး။ သူတို့လည်း ဘယ်လုပ်ချင်မလဲ။ နောက်ဆုံးနှစ်ဆိုတော့ နှပ်နေချင်တာပေါ့။
အဲဒီတော့ ကျနော်တို့ ဒုတိယနှစ်သမားတွေ အတွက်ကတော့ မဟာအခွင့်အရေးကြီးပေါ့ဗျာ။ တပ်ခွဲ တစ်ခွဲနဲ့ တစ်ခွဲ စကြနောက်ကြနဲ့ ပျော်စရာကြီး။ ဒါပေမယ့်ဗျာ ရှိသမျှနေရာ အကုန်စိုက်ထားတော့ အရင်လို မိုးချုပ်ရင် လွတ်လွတ်လပ်လပ်သွားလို့ မရတော့ဘူး။ သိတဲ့အတိုင်းပဲလေ။ ဂျူနီယာဆိုတော့ ချောင်ထဲကပဲ သွားချင်တယ်။ ဒီလိုသွားလို့ မြွေကိုက်မှာ တို့ ဘာတို့ မစိုးရိမ်ရဘူး။ အဲဒီကြက်ဆူပင်ကို နင်းမိမှာကိုဘဲ ကြောက်နေရတယ်။ စဉ်းစားကြည့်ပါဦး။ ဖြစ်သင့်သလားလို့။ သူ့ကိုစိုက်ရတာကလည်း လွယ်တယ်မထင်နဲ့။
နောက်တစ်ခု ကျနော် မကြိုက်တာပေါ့နော်။ ဘာလဲဆိုတော့ ကဲ… ဒါကိုလုပ် ဆိုတော့ လုပ်ကြပါပြီ၊ လုပ်ဖို့က အဓိကလား၊ လူကြီးလာကြည့်ဖို့က အဓိကလား၊ အဲဒါကို မကြိုက်တာ။ ပထမအဆင့် တောင်ကုန်းရှင်းတယ်။ အဲဒါကို လူကြီးလာကြည့်ပြီးလို့ ကြိုက်တယ်ဆိုမှ နောက်တဆင့်တက်၊ အဲ… လူကြီးမကြိုက်ရင် အဲဒါကို ပြန်ပြင်၊ ဒီလိုနဲ့ဗျာ ကျင်းတူးတာတောင် ၆ ပေခြား ၂ ပေအကျယ် ၂ ပေအနက်ကို သေသေချာချာ လုပ်ရတယ်။ အဲ… ရှိသေးတယ်၊ ကျင်းကိုလည်း မသိရင် ရွှေမြုပ်မှာ ကျနေတာပဲ။ သေသေချာချာ လေးထောင့် ကျကျလေး လုပ်ပေးရတာ။ ပြီးရင် သန်တဲ့အပင်တွေကို For Show ကားလမ်းဘေးမှာ စိုက်၊ အဲ… မသန်တဲ့အပင်တွေတော့ သိတဲ့အတိုင်းပဲ၊ သွား လမ်းနဲ့ဝေးရာကို၊ အော်… အပင်တောင် ခွဲခြားခံထားရတဲ့ ဘ၀နော်။
အပိုင်း (၂) ကို နောက်တစ်ပတ်မှာ ဆက်လက် ဖော်ပြသွားပါမယ်။
source by : http://www.photayokeking.org