Saturday, June 25, 2011

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပါတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။

လူသားမျိုးနွယ်တို့ အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ မြန်မာနိုင်ငံမှာ ရှိမရှိဆိုတာကို စုံစမ်းဖော်ထုတ်နိုင်မယ့် နိုင်ငံတကာ​ကော်မရှင် ပေါ်ပေါက်လာစေဖို့ အမေရိကန်က သံန္နိဋ္ဌာန်ချဆောင်ရွက်နေပါတယ် ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက်ထုတ်ပြန် အသိပေးလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပေါက်လာဖို့လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပန်ကြားခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်အစိုးရက ခုလို တုံ့ပြန် ပြောကြားခဲ့တဲ့ အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ် နိုင်ရေးကို အမေရိကန်အစိုးရက ကုလသမဂ္ဂအဖွဲ့ဝင် မိတ်ဆွေနိုင်ငံတွေနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ရမယ် ဆိုတဲ့ သံန္နိဋ္ဌာန် အမေရိကန်က ချထားတာနဲ့အတူ နိုင်ငံတကာပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့နိုင်ရေးကို ​ဆောင်ရွက်နေပါတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေသလဲဆိုတာကို စုံစမ်းနိုင်ဖို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမေရိကန်​အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုကနေတဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာက- မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ ကော်မရှင်တရပ် လိုအပ်နေတယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Mr. Quintana က ပြောကြားထားပါတယ်တဲ့။ စုံစမ်းရေးကော်မရှင်ဖွဲ့နိုင်ဖို့ Mr. Quintana ရဲ့တောင်းဆိုမှုကို သူ့အနေနဲ့လည်း ထောက်ခံတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စုံစမ်းရေးကော်မရှင်ဆိုတာ တရားစွဲဆိုစစ်ဆေးတဲ့ခုံရုံးကို ဆိုလိုတာမဟုတ်ဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းထားပါတယ်။

စုံစမ်းရေးကော်မရှင်ကနေ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့သလဲဆိုတာကို စုံစမ်း ဖော်ထုတ်ပြီး အနာဂတ်မှာ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် ဘာလုပ်နိုင်မလဲဆိုတာ အဖြေရှာဖို့ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ June လ ၂၂ ရက်နေ့က ပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် စုံစမ်းရေးကော်မရှင်တရပ် အရေးတကြီး လိုအပ်နေတယ် ဆိုတာကို အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ US Campaign for Burma က အမှုဆောင်အရာရှိ ဦးအောင်ဒင်ကလည်း ကြားနာပွဲမှာ ထွက်ဆို သွားခဲ့ပါတယ်။ ဦးအောင်ဒင်က VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ဘာကြောင့် လိုအပ်နေသလဲ ဆိုတာကို ခုလို ပြောပြသွားပါတယ်။

“မတရားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်သွားအောင်လုပ်ရမယ်။ အခုဆိုရင် ပြည်တွင်းစစ်က ပြန်ဖြစ်ပြီ။

ပြည်တွင်းစစ်ဖြစ်တာနဲ့ တပြိုင်တည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်ပြီးတော့ ပါလာတယ်။ စစ်တပ်တွေ စစ်ကြောင်းချီတဲ့နေရာမှာ အဓမ္မလုပ်အားပေး ပေါ်တာဆွဲတယ်။ ပုဂ္ဂလိကပိုင် ကားတွေကို အတင်းအဓမ္မသိမ်းပိုက်ပြီးတော့မှ စစ်ကြောင်းတွေ ချီတက်ရာမှာ သုံးတယ်။ နောက် လူတွေကို မိုင်းရှင်းဖို့အတွက် သုံးတယ်။ နောက်တခါ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ဒါတွေအားလုံးက ဆက်တိုက် ဆက်တိုက်ဖြစ်နေတာ။ ဆိုတော့… ဒါတွေကို ဟန့်တားဖို့အတွက် နိုင်ငံတကာကနေပြီး ထိရောက်တဲ့ ယန္တရားတခုလိုတယ်။ အဲဒါကဘာလဲ ဆိုတော့ ကုလသမဂ္ဂက ဦးဆောင်ဖွဲ့စည်းမယ့် commission inquiry ပေါ့။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပေါ့။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ပေါ့။ အဲဒါက အရေးတကြီးလိုအပ်တယ်။ အဲဒါရှိမှပဲ မြန်မာစစ်အုပ်စုက ဆက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် မကျူးလွန်အောင်၊ ရပ်တန့်သွားအောင် တားနိုင်မယ့် အတိုင်းအတာရှိတယ်။ ဆိုတော့..ဒါကိုလုပ်ဖို့အတွက် ကျနော်တို့က အမေရိကန်အစိုးရကို အဓိကတိုက်တွန်းပါတယ်”

US Campaign for Burma က အမှုဆောင်အရာရှိ ဦးအောင်ဒင်ဖြစ်ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံထက်မနည်းက ခုလို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရေးကို ထောက်ခံ အားပေးနေပေမဲ့ နောက်ထပ် နိုင်ငံတွေရဲ့ ထောက်ခံမှုရလာဖို့ကိုလည်း မြန်မာအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ အုပ်ချုပ်နေတာ မှန်ပေမဲ့ ပြည်သူတွေရဲ့ ဘဝတွေ လုံခြုံစိတ်ချမှု ရှိစေဖို့အတွက် ပွင့်လင်းလွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာဖို့ လိုအပ်နေသေးတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါသေးတယ်။

လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဟာ မြန်မာနိုင်ငံမှာ ဒီကနေ့ အရေးတကြီးကို လိုအပ်နေပါတယ်တဲ့။ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်မရှိရင် တရားဥပဒေ စိုးမိုးမှုလည်း မရှိနိုင်ပါဘူး။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် ပြည်သူတဦးတယောက်မှ လုံခြုံမှုရှိနိုင်မှာ မဟုတ်ဘဲ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး အတွက် စစ်မှန်တဲ့ တိုးတက်မှုရှိမှာလည်း မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အခုအစိုးရက ဒီမိုကရေစီစနစ်ပေါ်ပေါက်အောင် ဆောင်ရွက်နေပါတယ်လို့ ပြောတဲ့အတိုင်း စစ်မှန်တဲ့ ဆန္ဒရှိရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူတွေ တယောက်မှ မြန်မာနိုင်ငံမှာ ရှိမနေသင့်ပါ ဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရှိသင့်တာဟာ ဒီမိုကရေစီဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Video ကတဆင့် အမေရိကန်အောက်လွှတ်တော်မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ခုလို လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာရေးအပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ တတ်နိုင်သမျှလုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

စနေနေ့မှာ ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Mr. Quintana အကြံပြုထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့နိုင်ရေးကို အမေရိကန်က သန္နိဋ္ဌာန်ချ ဆောင်ရွက် နေပါတယ်လို့ ပြောကြားထားပါတယ်။

နားဆင်ရန်

source by :http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း - ၂)

ဒို့တာဝန် အရေးသုံးပါး

စစ်အာဏာရှင်စနစ်နဲ့ ယနေ့ လက်ရှိ ရွေးကောက်ခံ အာဏာရှင်စနစ်ကို အကောင်အထည်ဖော် နေကြသူများဟာ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် လက်တွေ့မှာ အမှန်တကယ် ဒီ မူဝါဒတွေကို ကျင့်သုံးပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။


(၁) ပြည်ထောင်စု မပြိုကွဲရေး

ပြည်ထောင်စု ဆိုတဲ့ စကားလုံးဟာ နိုင်ငံတော် တည်ထောင်မှု (state - formation) ဆိုင်ရာ နိုင်ငံရေး အစီအမံများ (political arrangements) တွေနဲ့ ဆက်နွယ်ပါတယ်။ လူတဦးချင်းဆီမှာ နိုင်ငံရေးတန်ဖိုး (political values) တွေ တူတိုင်း၊ နိုင်ငံရေး အစီအမံ (political arrangements) တွေ မတူညီပါဘူး။ နိုင်ငံရေး တန်ဖိုးတွေ မတူပေမယ့်လဲ နိုင်ငံရေး အစီအမံမှာ ကျတော့ တူသွားတတ်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ ဆိုတာ မရှိဘူး ဆိုတဲ့ အတွေးအခေါ်ဟာ ဒီအချက်တွေကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

နိုင်ငံတော်တည်ထောင်မှုမှာ ပြည်ထောင်စု အသွင်သဏ္ဍာန်နဲ့ တည်ထောင်မှု ဆိုရင် နိုင်ငံရေးအရ တန်းတူညီမျှမှု (political equality) နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် (self- determination) တွေက အလွန်အရေးကြီးပါတယ်။ ဒါတွေ မရှိရင် နိုင်ငံတော်တည်ထောင်မှု ဆိုင်ရာ ပဋိပက္ခ (state – formation conflicts) ဖြစ်ပြီး ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ နိုင်ငံတော်တည်ထောင်မှုမှာ တပြည်ထောင်စနစ် (unitary state system)၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ် (federal state system)၊ သီးခြားခွဲထွက်၍ တိုင်းပြည်တည်ထောင်ရေးစနစ် (separate state system) စသည်ဖြင့် ကွဲပြားပါတယ်။ အခြားသဏ္ဍာန်မူကွဲတွေလဲ ရှိပါသေးတယ်။

unitary state system မှာ နိုင်ငံရေး အစီအမံတွေအားလုံးဟာ ဗဟိုမှာပဲ ချုပ်ကိုင်ထားပါတယ်။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ ရှိပြီး၊ ဒေါင်လိုက် သဏ္ဍာန် မရှိပါဘူး။ အစိုးရတရပ်ပဲ ရှိပါတယ်။ လွှတ်တော် တရပ်ပဲ ရှိပြီး၊ တရားစီရင်ရေး စနစ် ကွဲပြားမှုတွေ မရှိပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံ တည်ထောင်ထားမှု စနစ်က unitary state system ဖြစ်ပါတယ်။ federal state system မှာ နိုင်ငံရေး အစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထားခြင်း မရှိပါဘူး။ separation of powers က အလျားလိုက် သဏ္ဍာန်အနေနဲ့ရော၊ ဒေါင်လိုက် သဏ္ဍာန်ပါ ရှိပါတယ်။ ဖယ်ဒရယ် အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေး စနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဖဒရယ်ပြည်ထောင်စု ဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိန္ဒိယနိုင်ငံကဲ့သို့ quasi- federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော unitarian federal arrangements စတာတွေကနေ အမေရိကန် ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ သဏ္ဍာန် အမျိုးမျိုး၊ အာဏာ ခွဲဝေမှု (division of powers) အမျိုးမျိုး ကွဲပြားကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖဒရယ် အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေ စက္ကူ ထုတ်လုပ်မှု စစ်ကြေငြာမှု၊ လက်နက်ကိုင်တပ်များ ထားရှိမှု၊ စာပို့ စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊ ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers (ပြည်တွင်းကုန်သွယ်ရေးကို regulate လုပ်ရေး၊ ကျောင်းများ တည်ထောင်ရေး၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် ဥပဒေများ ပြဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများက ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ တည်ထောင်ရေးနဲ့ ချေးငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။

separate state system ဆိုတာကတော့ လူမျိုးရေး၊ ၀ါဒရေး၊ ဘာသာရေး စတာပေါ်မှာ အခြေခံပြီး သီးခြားနိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယ နိုင်ငံမှ လွတ်လပ်သော သီးခြား နိုင်ငံအဖြစ် ပါကစ္စတန် နိုင်ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း စတာမျိုး ဖြစ်ပါတယ်။ ဒီလို ကွဲပြားသွားတဲ့ နိုင်ငံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ခွဲထွက်ပြီး နိုင်ငံ တည်ထောင်မှု သဏ္ဍာန် ဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ အသွင်ကူးပြောင်းကာလတွေ ဖြစ်တဲ့ တိုင်းတပါး လက်အောက်ခံကနေ လွတ်လပ်ရေးရစ ကာလ (ဥပမာ- ကိုလိုနီ နိုင်ငံများ) တွေနဲ့ အင်အားကြီး အာဏာထိန်းချုပ်မှု တစုံတရာ ပျောက်ကွယ်သွားသော ကာလ (ဥပမာ- ဆိုဗီယက်ယူနီယံ၊ ယူဂိုစလားဗီးလား) စတာတွေမှာ ဒီလို separate state ဆိုင်ရာ အရေးတွေ ပေါ်ထွက်တတ်ပါတယ်။

သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ အသွင်ကူးပြောင်းကာလ ဆိုတာ နိုင်ငံတော် တည်ထောင်မှု (state- formation) လို့ သတ်မှတ်လေ့ရှိကြ ပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ တန်းတူညီမျှမှု ဆိုင်ရာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အရေးတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှု၊ ကတိတည်မှု၊ အပြန်အလှန် လေးစားမှု၊ ပဋိပက္ခရေးရာ ကျွမ်းကျင်သူများရှိမှု၊ confidence-building measures များ ဖော်ဆောင်ထားမှု စတာတွေကို ကြိုတင်ပြင်ဆင် တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို တဦး၊ တဖွဲ့၊ တပါတီ တည်းပေါ်မှာ အလုံးစုံ ပုံအပ်ပြီး၊ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှုတွေ အားနည်းခဲ့ရင်၊ အာဏာရ အစိုးရဘက်က တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို မလေးစားပဲ အာဏာအလွဲသုံးစားလုပ်ပြီး ဖိအားပေးမှုတွေ ဖြစ်ရင် ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရကာစ အခြေအနေဟာ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှု အားနည်းချက်တွေရဲ့ ရလဒ်တွေပါပဲ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ရရှိရေးအတွက် တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေး ၀ါဒပေါင်းစုံရှိတဲ့ အဖွဲ့အစည်းပေါင်းစုံက လက်တွဲခဲ့ကြပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တွေ တူညီခဲ့ကြပါတယ်။

သို့ပေမယ့် နယ်ချဲ့လက်အောက် မရောက်ခင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစီအမံတွေမှာ စစ်အနိုင်တိုက်ပြီး စုစည်းသိမ်းသွင်းမှုပေါ်မှာ အခြေခံတဲ့ state formation သဏ္ဍာန် ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးစုတွေအကြားမှာ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ နိုင်ငံရေးဝါဒပေါင်းစုံ လက်ကိုင်စွဲထားတဲ့ အဖွဲ့အစည်းပေါင်းစုံမှာလဲ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ အချို့က unitary state၊ အချို့က federal state၊ အချို့ကတော့ separate state အထိ စဉ်းစားထားမှုတွေ ရှိကြပါတယ်။

ဒီလို မတူညီမှုတွေကို ပင်လုံစာချုပ်နဲ့ ညှိနှိုင်းယူခဲ့ကြပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ တိုင်းရင်းသား လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ပင်လုံစာချုပ် နိဒါန်းမှာ "ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို လျင်မြန်စွာ ရလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ကန့်ကွက်သူမရှိဘဲ - - - သဘောတူညီ ကြလေသည်˝ လို့ ပါရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပင်လုံညီလာခံဟာ all inclusive dialogue လုပ်ပေးနိုင်ခဲ့တဲ့ ညီလာခံ မဟုတ်ပါဘူး။ ကရင်နီ၊ မွန်၊ ကရင်၊ ရခိုင် အပါအ၀င် မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုခြင်း မရှိနိုင်ခဲ့ပါဘူး။

အဆိုးဆုံးကတော့ ယုံကြည်မှု တည်ဆောက်ထားမှု အခြေအနေပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာခြင်း အစမှာကတည်းက အပြန်အလှန်ယုံကြည်မှုဟာ အင်စတီကျူးရှင်းပေါ်မှာ အခြေခံ တာထက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင် များရဲ့ ယုံကြည်လေးစားမှု အပေါ်မှာ အခြေခံထားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုဟာ တိုင်းပြည်အတွက် အစားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုကြီး တခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ကြီးထွားလာစေခဲ့တဲ့ ကံဆိုးမိုးမှောင်ကျစေသော အကြောင်း တရားကြီး တခုဆိုရင်လဲ မမှားပါဘူး။ ဗိုလ်ချုပ်တို့သာ ရှိခဲ့မယ်ဆိုရင် လွတ်လပ်ရေး မရခင် အချိန်ကာလတိုလေး အတွင်းမှာ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့မှာ ဖြစ်သလို၊ ပြည်တွင်းစစ်ကို တားဆီးနိုင်မယ့် အသွင်ကူးပြောင်းကာလဆိုင်ရာ ကြိုတင်ပြင်ဆင် တည်ဆောက်မှုတွေလဲ လုပ်ထားနိုင်ခဲ့မှာပါ။

သို့ပေမယ့် မြန်မာတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုလို့ပဲ ဆိုရလေမလား၊ ခေါင်းဆောင်တဦးတည်းကိုပဲ အားကိုးကြပြီး၊ အင်စတီကျူးရှင်း တည်ဆောက်မှု အားနည်းခြင်းရဲ့ အကျိုးဆက်လို့ပဲ ဆိုရလေမလား မသိ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးသည်နှင့် ပြည်ထောင်စုပုံသဏ္ဍာန် အစိုးရနှင့် အာဏာခွဲဝေမှု၊ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူညီမျှခွင့်၊ ပင်လုံစိတ်ဓာတ် စတာတွေက တစထက်တစ လျော့ပါးပျောက်ကွယ်လာခဲ့ပါတော့တယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးစဉ်က ဗိုလ်ချုပ်ကိုယ်စားပြုခဲ့တဲ့ ဖဆပလ အစိုးရမှာလဲ တပြည်ထောင်စနစ် (unitary system) ကို နိုင်ငံတည်ထောင်မှုဆိုင်ရာ နိုင်ငံရေးအစီအမံအဖြစ် လက်ခံယုံကြည်သူများက ကြီးစိုးခဲ့ပါတယ်။

အသွင်ကူးပြောင်းကာလတိုင်းမှာ အာဏာရအစိုးရရဲ့ အတွေးအခေါ်၊ အယူအဆတွေဟာ အခရာကျပါတယ်။ ငြိမ်းချမ်းစွာနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ဖော်ဆောင်မှု၊ အာဏာကို အသုံးပြု၍ အင်အားသုံးဖြေရှင်းမှု ဆိုတဲ့ နည်းလမ်းတွေအနက် လွတ်လပ်ရေးရကာစ ဖဆပလ အစိုးရက အများဆုံးအသုံးပြုခဲ့တဲ့ နည်းလမ်းကတော့ အုပ်ချုပ်ရေးအာဏာနဲ့ စစ်တပ်ကို အသုံးပြုပြီး အင်အားသုံးဖြေရှင်းမှုတွေပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားတာ အားနည်းနေတဲ့ အချိန်ကာလ၊ သံသယများ ကြီးထွားနေသောကာလ၊ ညီညွတ်ရေးဆိုရာမှာလဲ လူမျိုးစုအားလုံးကို ကိုယ်စားပြုထားခြင်း မရှိသေးသော ပင်လုံစာချုပ်တခုသာ ရှိနေသော ကာလ၊ တနည်းဆိုရင် နိုင်ငံရေးအရ political sensitivity အမြင့်မားဆုံး ဖြစ်နေသော ကာလတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေကို လက်နက်နဲ့ ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ အတင်းအကြပ် လက်နက်သိမ်းမှုတွေ ရှိလာခဲ့ပါတယ်။

လက်နက်နဲ့အင်အားသုံးဖြေရှင်းမှုဆိုတာ အခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်ပြီးမှ ထိရောက်မှု ရှိပါတယ်။ အခြေအနေ၊ အချိန်အခါနဲ့ မလျော်ညီရင် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်သွားစေ တတ်ပါတယ်။ ဥပမာ- လူနှစ်ဦးမှာ တဦးနဲ့ တဦး မယုံကြည်မှုတွေ၊ သံသယတွေ ရှိနေချိန်မှာ တဦးက လူသူစုဆောင်းပြီး တုတ်၊ ဓား တွေနဲ့ အခြားလူတဦးထံကို ရှေ့ရှုသွားမယ်ဆိုရင် သွားသူများက တိုက်ခိုက်ဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တဘက်နဲ့ တဘက် တိုက်ခိုက်မှု ဖြစ်ကို ဖြစ်ပါတယ်။

ဖဆပလ အစိုးရ လက်ထက်မှာ ပြည်တွင်းစစ်မီးတွေ တောက်လောက်လာခြင်းဟာ နဂိုရှိရင်းစွဲ နိုင်ငံတော် တည်ထောင်မှု (state formation) ဆိုင်ရာ အားနည်းချက်တွေပေါ်မှာ လက်နက်နဲ့ ဖိအားပေးမှုတွေ၊ လက်နက်အတင်းအကြပ် လိုက်လံ သိမ်းဆည်းမှုတွေက ထပ်ဆောင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။ confidence-building measures တွေ အားနည်းခဲ့ကြပါတယ်။ ၀ါဒရေးရာ ပဋိပက္ခတွေအပြင် ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခတွေကလဲ စတင်ပေါ်ထွက်ခဲ့ပါတယ်။ ဒါက ပင်လုံစာချုပ်တခုတည်းဟာ ပြည်ထောင်စုအရေးအတွက် လုံလောက်သော ပြင်ဆင်မှု မဟုတ်ခဲ့ဘူးဆိုတာ ပြသတဲ့ လက္ခဏာ တရပ်ပါပဲ။

ဖဆပလ အစိုးရလက်ထက်မှာ ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားဖြစ်တဲ့ ပြည်ထောင်စုအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းမှုထက် တပြည်ထောင်စနစ်နဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုကို ပိုပြီး ဇောင်းပေးခဲ့ပါတယ်။ ငြိမ်းချမ်းရေးထက် စစ်ဆင်ရေးကြီးများနဲ့ ချေမှုန်းနိုင်ရေးကို ဦးစားပေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်ခုပ် နှစ်ဘက်တီးမှ မြည်တဲ့ အရာ ဖြစ်ပါတယ်။ အာဏာရသူများနဲ့ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရ ဖြစ်စေ အတိုက်အခံ ပြုနေသူများဘက်က ငြိမ်းချမ်းရေးရဖို့ မည်မျှပဲ ပြင်ဆင်နေသည်ဖြစ်စေ၊ တောင်းဆိုနေသည် ဖြစ်စေ၊ အာဏာလက်ဝယ် ရထားတဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးဆိုတာကို လက်နက်ဖြုတ်သိမ်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ နိုင်ငံရေးအရ အပြီးတိုင် ချေမှုန်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ အာဏာရသူများရဲ့ သတ်မှတ်ချက်များအတိုင်း အတိုက်အခံများဘက်မှ လိုက်နာဆောင်ရွက်ရမည့် အရာလို့ သတ်မှတ်နေသမျှ ကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုတာ ဒူးထောက်အညံ့ခံရေး မဟုတ်ပါ။

နောက်ဆုံးမှာတော့ ဖဆပလရဲ့ တပြည်ထောင်စနစ်ကို တိုင်းရင်းသားများက ပြည်ထောင်စုသဏ္ဍာန် တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီအခါမှာ ဖဆပလ ၀န်ကြီးချုပ်က ပြည်ထောင်စုအရေးကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုပဲ နိုင်ငံတော်အာဏာကို ဗိုလ်နေ၀င်းဆီ ထိုးအပ်လိုက်ပါတော့တယ်။ ဗိုလ်နေ၀င်းက အရပ်သားအစိုးရကို အာဏာပြန်လွှဲ ပေးထားစဉ်ကာလမှလဲ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာနဲ့ (၁၉၆၁) ခုနှစ်မှာ တောင်ကြီးမြို့မှာ ညီလာခံတရပ် ကျင်းပပြီး၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ကိုတောင်းဆိုခဲ့ကြပါတယ်။ ၀န်ကြီးချုပ် ဦးနုက ရွေးကောက်ပွဲဝင်စဉ်က ကတိအတိုင်း အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပ ပေးခဲ့ပါတယ်။ ဆယ်စုနှစ်ကျော် ကာလတလျှောက် ပြည်ထောင်စုသဏ္ဍာန် အကောင်အထည်ဖို့ အားနည်းခဲ့ရာက ပြည်ထောင်စုသဏ္ဍာန် အခင်းအကျင်းအတွက် ပထမဆုံး ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ federal arrangements မဖြစ်သွားရင်တောင် အနည်းဆုံး quasi- federal arrangements ဖြစ်သွားစေနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ရှိခဲ့ပါတယ်။ Unitary state ကနေ Federal State အနေနဲ့ တစတစ အသွင်ကူးသွားစေနိုင်တဲ့ local autonomy, provincial autonomy စနစ်တွေကိုလဲ နှီးနှောဖလှယ်ပွဲတွေက တဆင့် အမြင်တွေ ချပြဆွေးနွေးနိုင်ခဲ့ကြမှာပါ။ (၁၉၆၂) ခုနှစ်၊ ဖေဖော်ဝါရီလဟာ နိုင်ငံတော်ကြီးက ပြည်ထောင်စုသဏ္ဍာန်ကို ပထမဆုံးခြေလှမ်း စလှမ်းစ ကာလပါ။

သို့ပေမယ့် ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ စစ်အုပ်စုက (၁၉၆၂) ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတော့တယ်။ ပြည်ထောင်စု မပြိုကွဲရေးလို့ ဆိုပါတယ်။ လက်တွေ့မှာကျတော့ တပြည်ထောင်စနစ် မပြိုကွဲရေး၊ ဗဟိုအစိုးရမှ အာဏာကို အပြည့်အ၀ ချုပ်ကိုင်ထားနိုင်ရေး ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသဏ္ဍာန် ဖော်ဆောင်ရေး ခြေလှမ်းကို ရိုက်ချိုးခြင်း ဖြစ်တဲ့အတွက် ပြည်ထောင်စု ပြိုကွဲရေးပဲ ဖြစ်ပါတော့တယ်။

ဒီလို ပြည်ထောင်စု မပြိုကွဲရေး လို့ အမည်ခံတဲ့ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းဆောင်တာတွေကို တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖ ခေတ် ကာလတလျှောက်လုံးမှာ စစ်အာဏာရှင် အဆက်ဆက်က အမွေခံ ကျင့်သုံးခဲ့ကြပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စု စနစ် ဆိုတာကို ပြည်ထောင်စု ပြိုကွဲစေတဲ့ စနစ်လို့ သတ်မှတ် ပြောဆိုပါတယ်။ စစ်အာဏာသိမ်းယူမှုတွေကို ပြည်ထောင်စု မပြိုကွဲရေးအတွက် ကာကွယ်စောင့်ရှောက်ရခြင်း၊ တိုင်းပြည် ချောက်ထဲကျမည့် အရေးကို ကာကွယ်စောင့်ရှောက်ရခြင်းလို့ ၀ါဒဖြန့်ချိရေးတွေ လုပ်ခဲ့ပါတယ်။ ကျောင်းသင်ခန်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှာ ထည့်သွင်းခဲ့ပါတယ်။ အတွေးအမြင်၊ အသိဥာဏ် ပိတ်ပင်မှုတွေ လုပ်ပါတယ်။

ဦးနှောက်ဆေးခြင်း၊ ၀ါဒဖြန့်ချိခြင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တွေ ဆိုတာက စစ်မြေပြင်မှာ လက်နက်ကြီး မိုးရွာခံရတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တွေဖြစ်ပါတယ်။ လူတယောက်ကို ခြောက်လခန့် စနစ်တကျ ဦးနှောက်ဆေးပြီး၊ အယူအဆအမှားတွေကို ရိုက်သွင်းလို့ ရပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စုစည်းခိုင်မာနေတဲ့ အင်အားစုကြီးကို နှစ်အနည်းငယ်အတွင်း ဖရိုဖရဲ တစစီ ပြန့်ကျဲအောင် လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ၀ါဒဖြန့်ချိရေး လက်နက်နဲ့ အမှန်တွေအမှားဖြစ်၊ အမှားတွေ အမှန်ဖြစ်ပြီး၊ အမှန်နဲ့ အမှား မသဲကွဲတော့တာတွေ ပြုလုပ်လို့ ရပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ဟာ ဒီလက်နက်တွေကို စနစ်တကျ အသုံးချခဲ့ကြပါတယ်။

သူရဲကောင်းဝါဒ၊ စစ်ဘုရင်ဝါဒ၊ ဗမာဘုရင်များက အစိတ်စိတ်အမြွာမြွာ ကွဲပြားနေတဲ့ နိုင်ငံကို စစ်ရေး အင်အားသုံးပြီး ပြန်လည်စုစည်းယူထားတဲ့ သမိုင်းကြောင်း၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး သမိုင်းကြောင်းနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ ရန်ကုန်အစိုးရလို့ အခေါ်ခံခဲ့ရရာကနေ ခဲရာခဲဆစ် အသက်၊ သွေး၊ ချွေး စတေးပြီး နိုင်ငံတော်ကြီးကို ကာကွယ်ထားရတဲ့ သမိုင်း၊ တိုင်းရင်းသားတွေက ဖယ်ဒရယ်စနစ်ကို တောင်းဆိုပြီး ပြည်ထောင်စုပြိုကွဲရေး ပြုလုပ်လာတဲ့ အန္တရာယ်ကို တပ်မတော်မှ ကာကွယ်လိုက်ရခြင်း၊ လူသတ်ခေါင်းဖြတ်ပြီး မင်းမဲ့စရိုက်များ စိုးမိုးနေချိန်မှာ ချောက်ထဲကျမည့် အရေးမှ တိုင်းပြည်ကို ကယ်တင်ထားရခြင်း စတဲ့ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းများကို အာဂုံဆောင်ကျက်မှတ်ပြီး ကြီးပြင်းလာရတဲ့ လူငယ်များကို တပ်သားသစ်သင်တန်းများမှာ ခြောက်လခန့်၊ ဗိုလ်သင်တန်းများမှာ သုံးနှစ်ခန့် သင်တန်းပေးမှု၊ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းပေးမှု၊ အရပ်သားများကို ၀န်ထမ်း သင်တန်းများမှာ သင်တန်းပေးမှု၊ ကြံ့ဖွတ်အဖွဲ့ဝင်များကို စီမံခန့်ခွဲရေးသင်တန်းတွေမှာ သင်တန်းပေးမှု စတဲ့ အချိန်ကာလတွေဟာ လူတယောက်ကို ဦးနှောက်ဆေးဖို့ လုံလောက်တဲ့ အချိန်ကာလ တခု ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ လက်ဆင့်ကမ်းအမွေတွေကို ထိန်းသိမ်းကြရင်း ဖယ်ဒရယ်မူ ဆိုတာကို ပြည်ထောင်စု ပြိုကွဲရေး မူလို့ လက်ခံထားကြသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ လက်နက်ကိုင် အင်အားစုများကို သောင်းကျန်းသူများဟု အမှန်တကယ် ယုံကြည်လက်ခံနေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ တိုင်းရင်းသားများကို ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်းနေကြတယ်လို့ ထင်မှတ်နေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ အဖိနှိပ်ခံ ပြည်သူတို့ရဲ့ တိတ်တဆိတ် ရင်ထဲက ငိုကြွေးသံတွေ စုပြုံထွက်လာတဲ့ လူထုအရေးတော်ပုံများကို သူပုန်များ မြို့ထဲ ၀င်စီးနေပြီဟု အမိန့်ပေးခံရ၍ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ်ခဲ့သူ တပ်မတော်သားများ မည်၍မည်မျှ ရှိခဲ့ပါသလဲ။ သံဃာတော်များ မေတ္တာပို့ ဆုတောင်းခြင်းကို သံဃာတုများဖြင့် ပြည်ထောင်စု ပြိုကွဲရေး လာလုပ်နေပြီဟု တပ်လှန့်ပစ်ခတ်သတ်ဖြတ်ခိုင်းမှုများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။

မည်သို့ဆိုစေ၊ သေချာသည်ကတော့ ပြည်ထောင်စု မပြိုကွဲရေးဆိုသော ခေါင်းစဉ်အောက်မှ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းစဉ်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများမှ မိမိတို့လုပ်လိုက်တဲ့ အလုပ်ရဲ့ အတိုင်းအဆ ပမာဏကို မသိပဲ စစ်အာဏာရှင်တို့ အလိုကျ လိုက်လံလုပ်ဆောင်ပေးနေကြပြီး၊ ပြည်ထောင်စု မပြိုကွဲရန် ကာကွယ်နေတယ်လို့ ထင်မှတ်မှားမှုတွေ ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယနေ့ လက်ရှိ ဗိုလ်သိန်းစိန် အစိုးရ လက်ထက်မှာလဲ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ လက်ဆင့်ကမ်းအမွေတွေကို ဆက်လက် စောင့်ထိန်းနေကြဆဲပါ။ လူမျိုးစုဒေသတွေမှာ သက်ဆိုင်ရာ လွှတ်တော်တွေ ရှိပြီး၊ ပြည်နယ် အစိုးရအဖွဲ့တွေ ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာ ကျင့်သုံးမှုဆိုင်ရာ အာဏာအပိုင်းအခြားတွေကလဲ စာရွက်ပေါ်မှာသာ ရှိပြီး၊ ဗဟို အစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာပဲ ရှိနေပါတယ်။ အာဏာခွဲဝေမှု (Division of Power) ကိုလဲ ကျင့်သုံးနိုင်မှု မရှိပါ။

ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်တို့မှာ အစိုးရစစ်တပ် ထိုးစစ်ဆင်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခုခံနေရမှုများ၊ ဒေသတွင်း စစ်ပြေးဒုက္ခသည်များရဲ့ အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ လွှတ်တော်တွင်းမှာ ဆွေးနွေးပြီး၊ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက စစ်တပ်အကြီးအကဲတွေထံ တောင်းဆိုရမယ့် တာဝန်တွေကိုလဲ ထမ်းဆောင်နိုင်ခြင်း မရှိကြသေးပါဘူး။ သေနတ်ပြောင်းတွေနဲ့ ဓားမိုးထားမှုတွေ အောက်မှာ နှုတ်ဆိတ်နေကြရပါတယ်။ အစိုးရအဖွဲ့ဆိုတာ လွှတ်တော်ကို တာဝန်ခံရမှာ ဖြစ်တဲ့အတွက် လွှတ်တော်အမတ်များ စုစည်းပြီး ကာကွယ်ရေးဝန်ကြီးကို ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်မှု၊ ထိုးစစ်များ ရပ်ဆိုင်းရန် တောင်းဆိုမှုတွေကိုလဲ လွှတ်တော်အမတ်များ ပြုလုပ်နိုင်ခြင်း မရှိကြသေးပါဘူး။ နှုတ်ဆိတ်နေကြရပါတယ်။

ငြိမ်းအဖွဲ့များလို့ အများခေါ်ဝေါ် သုံးစွဲထားတဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင်တို့ အကြားမှာ ၁၉၉၀ အလွန်ကာလတွေက ဖြစ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာလဲ စစ်မှန်သော ငြိမ်းချမ်းရေး အသွင်မဆောင်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုပ်ဆောင်နိုင်မှု အတိုင်းအတာ အထိသာ ရှိခဲ့ပြီး၊ စစ်အာဏာရှင်တို့ဘက်မှ နယ်မြေ စိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ ဖိအားပေးရေး၊ သပ်လျှိုဖြိုခွဲရေး စတာတွေကို ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။

၁၉၉၀ အလွန်ကာလတွေနဲ့ ၂၁ ရာစု ကနဦးပိုင်းတွေမှာ ဖိအားပေးမှုများ အသွင်သဏ္ဍာန် အမျိုးမျိုးနှင့် ရှိခဲ့ရာက ၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးချိန်နောက်ပိုင်းမှာ အာဏာရှင်တို့ဘက်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အစဉ်တစိုက် ဖိအားပေးပြီး၊ ခြေကုပ်ယူတပ်စွဲမှုတွေ၊ ရင်ဆိုင်ထိန်းချုပ်မှုတွေ၊ ကြိုကြား ထိတွေ့မှုတွေ၊ အင်အားအလုံးအရင်းဖြင့် နယ်မြေအနီးသို့ ချဉ်းကပ်ဝန်းရံမှုတွေ၊ အင်အားပြခြိမ်းချောက်မှုတွေ၊ တိုင်းရင်းသားခေါင်းဆောင်များအား မောက်မောက် မာမာ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ တပ်မတော်ဘက်က အလုံးစုံချေမှုန်းရေးနဲ့ စစ်ဆင်ရေးကြီးများ ဆင်နွှဲခြင်း မရှိလာရင်တောင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ အကြားမှာ နယ်ခြားစောင့်တပ်လုပ်ဖို့၊ လက်နက်ချဖို့ ဖိအားပေးလိုက်၊ စစ်ရေးအင်အားပြလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊ mediator များက ကြားဝင်လာပြီး အပစ်အခတ် ရပ်စဲလိုက်နဲ့ သံသရာလည်နေမှုဟာ ပြည်ထောင်စုသဏ္ဍာန် တည်ဆောက်မှု နိုင်ငံရေး အခင်းအကျင်းတွေ မဖြစ်ပေါ်လာသေးသမျှ ကာလပတ်လုံး ဖြစ်နေမှာတော့ အသေအချာပါပဲ။ စစ်မှန်သော ရေရှည်ခံ ငြိမ်းချမ်းရေးကတော့ ပေါ်ထွက်လာခြင်း ရှိမှာ မဟုတ်ပါ။

ဗိုလ်သိန်းစိန် အစိုးရရဲ့ အခုလို ပြည်ထောင်စုသဏ္ဍာန်၊ ဒီမိုကရေစီ အသွင်သဏ္ဍာန် မရှိတဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုများဟာ ပြည်တွင်းစစ်မီးကို မွှေးနေတာနဲ့ အတူတူပါပဲ။ တချိန်ချိန်မှာ ပြည်တွင်းစစ်မီးတောက်ကြီး အချိန်မရွေး ထတောက်သွားနိုင်ပါတယ်။ ပြည်ထောင်စုကြီး အစိတ်စိတ်အမြွာမြွာ ပြိုကွဲရေးကို ဦးတည်သွားနိုင်ပါတယ်။ ပြည်ထောင်စု မပြိုကွဲရေးကို ဦးထိပ်ထားသည်ဟု အမည်ခံပြီး၊ ပြည်ထောင်စုစနစ်ကို တောင်းဆိုနေကြတဲ့ တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းဟာ ပြည်ထောင်စုကို ဖြိုခွဲနေတာနဲ့ အတူတူပါပဲ။

ပြည်ထောင်စု သဏ္ဍာန် တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး အခင်းအကျင်းများကို ဖျက်ဆီး နှောင့်ယှက်ခြင်းဟာ ပြည်ထောင်စု ပြိုကွဲရေးလုပ်တာပဲ ဖြစ်ပါတယ်။


ခင်မမမျိုး

အပိုင်း(၃) ကို ဆက်လက် တင်ပြပါမည်။

အပြည့်အစုံ ဖတ်ရန် ...

စပါယ်ယာနှုတ်ဖျားက ခုန်လွှားကျလာတဲ့ “ကြိမ်ခွေ”

raft


၁၉၉၁ ခုနှစ် ၀န်းကျင်လောက်ကပေါ့ …
တာဝန်တခုနဲ့ သထုံ-မြိုင်ကလေး ပြေးဆွဲတဲ့ ခရီးသည်ကားပေါ်မှာ အရပ်ဝတ်နှင့်ပင် စီးနင်းလာခဲ့၏။ လမ်းပန်းဆက် သွယ်ရေးနဲ့ ယာဉ်ရှားပါးမှု အခြေအနေကြောင့် ခရီးစဉ်တခေါက်ဆို.. ဆိုသလောက် လေဟာပေါက်မရှိရ လေအောင် ကုန်အပြည့် လူအပြည့် တင်ထားလေရဲ့.. သန်သန်မာမာရှိတဲ့ ခရီးသည်မှန်သမျှ တွဲခို၍တနည်း၊ ခေါင်မိုးပေါ်မှ တက် စီး၍ တဖုံ.. လိုရာခရီးကို သွားကြကုန်၏။

ကျနော် စီးနင်းလိုက်ပါလာတဲ့ ကားရဲ့အမိုးပေါ်မှာ စစ်သား ၃ ယောက်ဟာ စစ်ဝတ်ပစ္စည်း အပြည့်အစုံနှင့် ပါလေ၏။ ခန့်မှန်းကြည့်ရသည်မှာ ခရီးလမ်းကြောင်းပေါ်ရှိ ကင်းစခန်းတခုကို အင်အားဖြည့် သွားမယ့်ပုံပေါ်၏။ မနိုင်ဝန်ကို ထမ်း ပိုးထားရတဲ့ သက်ကြီးရွယ်အို ချက်ဗလက်အမျိုးအစား လိုင်းကားလေးရဲ့ ဆူပူညည်း တွားသံကြားက “၁၀ မိုင်ကုန်းမှာ ဆင်းမယ်ဟေ့” ဆိုတဲ့ အသံလေးက ခပ်ထန်ထန်ထွက်လာ၏။

လှုပ်လီလှုပ်လဲ့ အိပဲ့အိပဲ့နဲ့ တဖြည်းဖြည်းမောင်းနှင်လာတဲ့ ခေတ်နဲ့ မလျော်ညီတော့သော စက်တပ်ယာဉ်လေးဟာ ၁၀ မိုင်ကုန်းအနီး ချဉ်းကပ်လာတော့ “ရွှီး” ဆိုတဲ့ စူးရှတဲ့ လက်ခေါက်မှုတ်သံနဲ့အတူ …

“ကြိမ်ခွေ ၃ ခွေချမယ် ဆရာရေ့” တဲ့။

ကျန်ခရီးသွားတွေက ထူးခြားတယ် မထင်ပေမယ့် ကျနော့် အတွက်တော့ သစ်ဆန်းတဲ့အသံမို့ အံ့သြသွားမိသည်။
“ဂီး..ဂလောက် ဂလောက်” ဆိုပြီး ဂီယာချိန်းသံ၊
“ကျွီ..အီး. အီး..” ဆိုတဲ့
ဘရိတ်နင်းသံအဆုံးမှာ ရှေးဟောင်းပစ္စည်း စာရင်းဝင် ကားလေးက မကျေမနပ်နှင့် ထိုးရပ် သွားခဲ့၏။ တချိန်တည်းပင် ကားရဲ့အထက်တန်းတွဲမှာ စီးနင်း လာတဲ့ ရဲဘော် ၃ ယောက် တဖြုတ်ဖြုတ် ခုန်ဆင်းလိုက်ကြပြီး
“ရပြီ..သွားတော့” ဆိုတဲ့ အသံအဆုံး
“တ၀ုန်း ၀ုန်း” နဲ့ ကဆုန်ပေါက်ပြီး ကားလေး ဆက်ထွက်လာ၏။

ကြိမ်ခွေ ၃ ခွေချမယ်ဆိုပြီး… ကြိမ်ခွေတွေချတာလည်းမတွေ့။
ကားခတောင်းတာလည်းမမြင်။ ထင်ရှားတာက စပါယ်ယာလေးရဲ့ မျက်နှာပြင်မှာ ထင်ဟပ်လာတဲ့ မကျေနပ်မှု အသွင် ကိုတော့ လူကဲခတ်ပညာမှာ ဗေဒင်ဆရာတွေလောက် ကျွမ်းကျင်အောင် တတ်မြောက်မထားပေမယ့် ကျနော် ဖတ်ရှု နိုင်ခဲ့သည်။ တဆက်တည်းမှာ…

- ကြိမ်ခွေမချဘဲ ကြိမ်ခွေချမယ်လို့ ကားစပယ်ယာက ဘာကြောင့် အော်ရတာပါလိမ့်…?
- စစ်သားတွေက ဘာကြောင့်ကားခမပေးတာလည်း..?
- ကျသင့်တဲ့ စီနင်းခကို စစ်သားတွေ မပေးရဘူးလို့ ပြဋ္ဌာန်းသတ်မှတ်ချက်ရှိလေရော့ သလား..?
- ရဲဘော်လေးတွေကလည်း ကျေးဇူးတင်စကားတောင် မပြောတဲ့အပြင် “ရပြီ သွားတော့” လို့ အမိန့်ဆန် ဆန် ခက်ထန်ထန်ပုံစံနဲ့ ဘာကြောင့်ပြောတာပါလိမ့်…! ပြောခွင့်ရော ရှိရဲ့လား ဆိုတာ ကျနော်တွေးရင်း စီးနင်းလိုက်ပါလာ တာ ဂိတ်ဆုံးသာရောက်ရော အဖြေမထွက်ခဲ့။ ကားပေါ်က ကုန်ပစ္စည်းတွေချ ခရီးသည်တွေ ကားခပေးပြီး မိမိတို့ ဦးတည်ရာအရပ်ကို ထွက်ခွာသွားကြလေ၏။

လူရှင်းတော့မှ …
“ညီလေးရေ.. ခဏကွာ၊ အကိုမသိတာလေးနည်းနည်းလောက် မေးစရာရှိလို့” ဆိုပြီး ခခယယ ပြောခဲ့ပေမယ့် စပယ် ယာလေးက သူ့ရဲ့ဒေါသလက်ကျန်အရှိန် မကုန်သေးလို့ထင်ပါရဲ့..

“ဘာလဲဗျ.. ရှုပ်ရှုပ် ရှက်ရှက်နဲ့ ဘာသိချင်လို့လဲ” ဆိုပြီး မာကျွတ်ကျွတ် တုန့်ပြန်လာတော့ ငုပ်လျှိုးနေသောမာနက ခေါင်းထောင်ထခဲ့သည်။

ကျနော်လည်း မတတ်သာတဲ့အဆုံး “ငါ… ထောက်လှမ်းရေး(..) ကပါ” ဆိုပြီး ပါဝါလေး ထုတ်သုံးလိုက်တော့မှ …
“ဆောရီး ဆရာ…ဆောရီး.. ကျနော် မသိလို့ပါ၊ ဆရာသိချင်တာဘာလဲ.. ကျနော် ဘာကူညီရမလဲ” ဆိုပြီး ပုံမှန်မဟုတ် တဲ့ ဟန်လုပ်ဆက်ဆံရေးနဲ့ ကြုံလာရသေးတယ်။ တကယ်လေးစားလို့ မဟုတ်တာကို ဓာတ်ပုံရှိရင် ပြလိုက် ချင်သေး ရဲ့…။

“တခြားတော့မဟုတ်ပါဘူးကွာ.. ၁၀ မိုင်ကုန်းမှာ ကြိမ်ခွေ ၃ ခွေချမယ်လို့ ညီလေးအော်ပေမယ့် ကြိမ်ခွေချတာ လည်း မတွေ့ရဘဲ စစ်သား ၃ ယောက် ဆင်းသွားတာပဲတွေ့ရတယ်၊ အဲဒါက ဘယ်လိုအဓိပ္ပါယ်နဲ့ ပြောတယ်ဆို တာသိချင်လို့ ပါ”

“ဘာမှ မဟုတ်ပါဘူးဆရာရယ်.. စပါယ်ယာဆိုတော့လည်း ပါးစပ်က တွေ့ရာအော်လိုက်တာပါလို့ …

ဖြေရှင်းချက်ပေးတယ်။ ဒီအဖြေဟာ ကျွန်တော်လိုလားတဲ့ ပြည့်စုံတဲ့ အဖြေမဟုတ်တော့ ဘ၀င်မကျဖြစ်မိတယ်။”

“ဒီမှာ ညီလေး… အကိုရိုးရိုးသားသားနဲ့ သိချင်ရုံသက်သက်မေးတာ… ပြဿနာရှာတာလဲ မဟုတ်ဘူး။ ပြဿနာရှာဖို့ လည်း အစီအစဉ်မရှိဘူး။ ဒါကို မင်းက ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ တာဝန် ဆိုတဲ့ ခေါင်းစဉ်ကို မသုံးချင်ဘဲ သုံးရပါလိမ့်မယ်” လို့ ခပ်ထန်ထန်လေး တုန့်ပြန်လိုက်တဲ့အသံကို ကားဒရိုင်ဘာက ကြားတော့ ကသောကမျော ရောက်လာပြီး …

“လာပါ ဆရာရယ်… လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အေးအေးဆေးဆေး ရှင်းပြပါရစေ ”လို့
ပြောပြီးအတင်းခေါ်တာကြောင့် မိုးမခဆိုတဲ့ အမည်လှလှ ဆိုင်လေးမှာ ထိုင်ဖြစ်တယ်။ လက်ဖက်ရည် မသောက်ဘူး လို့ ငြင်းပေမယ့် မရတာကြောင့် သောက်ဖြစ်ခဲ့တယ်။

မြွေပူရာ ကင်းမှောက်ဆိုတာ ဒါပဲဖြစ်မယ် ထင်ပါတယ်။ စစ်သားသုံးယောက်ဆီက ကားခမရတဲ့အပြင် ထောက်လှမ်း ရေးက ဆရာအတွက် ဧည့်ခံစရိတ်လေးပါ သူတို့အိတ်ထဲက ခုန်ထွက်လာလေရဲ့….

ဆိုင်ထဲထိုင် လိုအပ်တာမှာပြီး စပါယ်ယာလေးက …

“ဆရာ တမျိုးတော့မထင်ပါနဲ့ စိတ်လည်းမဆိုးပါနဲ့” လို့ တောင်းပန် တော့ …

“ရပါတယ်ကွာ… ရဲရဲသာပြောပါ ငါသိချင်ရုံသက်သက်ပါ” လို့ သဘောထားကြီးတဲ့ပုံစံနဲ့ ဆိုတော့မှ

“ဒီလိုပါ ဆရာရယ်… ကျနော်တို့ နယ်ဘက်မှာက သစ်ခုတ်လုပ်ငန်းနဲ့ သစ်ဖောင်မျှောတဲ့ အလုပ်ကို ရွာလုံးကျွတ်နီးပါး အသက်မွေးဝမ်းကျောင်း အနေနဲ့ လုပ်ကိုင်ကြတယ်။ တောတက်ပြီး ခုတ်ထားတဲ့ သစ်တွေ၊ ၀ါးတွေကို ရာသီဥတု သာ ယာချိန်မှာ ဖောင်ဖွဲ့ပြီး မြစ်ကြောင်းတိုင်းမျှောရတယ်လေ အဲဒီလိုဖောင်ဖွဲ့တဲ့အခါ တောတွင်းဖြစ် နွယ်ကြိုးတို့ နှီးတို့ ကြိမ်ကြိုးတို့ အသုံးပြုပြီးတော့ ချည်နှောင်ကြတယ် ဆရာ…”

“သစ်ဖောင်တွေကို ကြိမ်ကြိုးတွေနဲ့ တင်းအောင်ချဉ်ပြီး ဖောင်ရဲ့အနားကို ကွပ်ရတယ်လေ။ ဒါမှ ရေစီးတဲ့ အရှိန် ကြောင့်ပဲဖြစ်ဖြစ် တိုက်မိခိုက်မိလို့ပဲဖြစ်ဖြစ် ဖောင်တွေ မပျက်စီးမှာပေါ့ ဆရာရယ်…။”
ကျွန်တော်လည်း စိတ်ဝင်တစားနားထောင်ရင်း …

“မင်းကလည်းကွာ… အဲဒါနဲ့ ရဲဘော်သုံးယောက်ဆင်းတာကို ကြိမ်ခွေသုံးခွေ ချမယ်ဆိုပြီး အော်လိုက်တာ ဘာဆိုင်လို့ တုန်း ဘာမှမပတ်သက်သလိုပါလားကွ…” လို့ တုန့်ပြန်မေးခွန်းထုတ်လိုက်တော့…
“ရိုးရိုးသားသားနဲ့ ရှင်းရှင်းပြောရရင် ဆရာရေ… ကြိမ်ခွေဆိုတာ ဖောင်ကွပ်ဖို့ပေါ့။ ဖောင်ကွပ်တာကို ပြောင်းပြန်လှန် လိုက်တော့ ဖွတ်ကောင်လို့ စကားထာနဲ့ ပြောမိတာပါ ဆရာရယ်… စစ်သားတွေ ကားစီးရင် တခါမှ ကားခမရတော့ မကျေမနပ်နဲ့ ပြောမိတာကို ခွင့်လွှတ်ပါ ” လို့ အနူးအညွှတ်တောင်းပန်လေရဲ့ဗျာ…

ကားစပါယ်ယာလေးရဲ့ ရှင်းပြတဲ့အသံအဆုံးမှာ ကျနော့် ရင်ထဲ ဗုံးကွဲသလို “၀ုန်း” ကနဲ့ ကြားမိတာက…
“ကြိမ်ခွေသုံးခွေ ချမယ် ဆရာရေ့…”


ဇေယျာ(တပ်ပြေး)


မှတ်ချက်။ ။ မြန်မာ့လူမှုနယ်ပယ်တွင် ဖွတ်ဆိုသော သတ္တ၀ါကို ငမွဲ/ငတေ/ကံကြမ္မာဆိုးကို ပေးတတ်တဲ့ လူတွေကို သာ နှိုင်းယှဉ်တင်စားလေ့ရှိသည်။ စစ်သားများကို ထိုကဲ့သို့ ခိုင်းနှိုင်းသုံးစွဲခံရခြင်းသည်။ လူထု၏ရင်ထဲမှာ ချစ်၍လော ချဉ်၍လော… ခွဲခြားနားလည်နိုင်ကြပါစေ။ ဤခံစားမှုစာစုကို ကိုယ်တွေ့ဖြစ်ရပ် အပေါ်အခြေခံပြီးရေးဖွဲ့ပါသည်။ တပ် မှူးကောင်း တပ်သားကောင်းများနဲ့ စစ်တပ်၏ဂုဏ်ကျက်သရေကို ကျဆင်းစေလိုသော ဆန္ဒမြူတမျှင်မျှ မပါဝင် ရပါ ကြောင်းနှင့် မကောင်းမြင်စိတ်ဖြင့် ရေးသားခြင်းလည်း မဟုတ်ပါ။ မူဝါဒ၊ လမ်းစဉ်၊ ကျင့်ထုံးနှင့်အညီ မှန်ကန်သော ရပ်တည်ချက်ဖြင့် ပြည်သူချစ်သော တပ်မတော်နှင့် ပြည်သူလေးစားသော စစ်မှုထမ်းကောင်းများ ပေါ်ထွက်လာရေးကို ရည်ရွယ်ပါသည်။


source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပန်း အသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၂)


အပိုင်း (၁) ကို ဒီနေရာမှာ ဖတ်နိုင်/နားဆင်နိုင်ပါတယ် ခင်ဗျား။

အစိုးရစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အထမ်းသမား(ခေါ်)ပေါ်တာတွေ အဖြစ် အသုံးပြုဖို့၊ အမျိုးသား၊ အမျိုးသမီးမရွေး ဖမ်းဆီးပြီး ရှေ့တန်း စစ်မျက်နှာကို ပို့ခြင်း၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခြင်း၊ ပေါ်တာတွေကို သတ်ပစ်ခြင်းဆိုတဲ့ အလေ့အထဟာ၊ မြန်မာ့တပ်မတော်ထဲမှာ ရာစုနှစ် တ၀က်လောက် ကြာမြင့်လာပြီဖြစ်တဲ့ လုပ်ရိုး လုပ်စဉ် ပုံမှန်လုပ်ငန်းတွေ ဖြစ်နေပါတယ်။

ဒီလို ပြင်းပြင်းထန်ထန် လူ့အခွင့်အရေး ချိုးဖေါက်နေမှုတွေ အပြင်၊ ဒီထက် ဆိုးဝါးတဲ့၊ အကျဉ်းထောင်တွေထဲက ပြစ်မှုဆိုင်ရာ အကျဉ်းသားတွေကို၊ စစ်ဘက်စီမံကိန်းတွေနဲ့ ရှေ့တန်း စစ်မျက်နှာတွေမှာ သေသည်ထိ အစီအစဉ်ရှိရှိ စနစ်တကျ ညှင်းပန်းနှိပ်စက် အသုံးချနေတဲ့ ဖြစ်ရပ်တွေ ရှိနေတာကို၊ တပ်မှူး တပ်သားဟောင်းတွေနဲ့ ဦးရော်နီညိမ်းက မေးမြန်း ဆွေးနွေးပြီး၊

"စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပန်း အသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၂)" ခေါင်းစဉ်နဲ့ တင်ပြထားပါ တယ်။

ဦးထွန်းလင်း။ ။ အဲဒီ ကျောက်ထုတ်စခန်းမှာ ထောင်ပိုင်က ပိုက်ဆံယူပြီးတော့၊ အလုပ်သက်သာတဲ့နေရာမှာ ထားထားတဲ့ အကျဉ်းသားတွေ ရှိတယ်။

ဥပမာ၊ ကင်းသမားတို့ နောက်တန်းမှာ သန့်ရှင်းရေး လုပ်တဲ့လူတို့။ နောက်တခါ ထောင်ပိုင်ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ ရှိသေးတယ်။ ဘာလုပ်ငန်းတွေလဲဆိုတော့ ဗြုံး တောင်က ဗြုံးကျောက်တွေကို တူးပြီးတော့၊ အုတ်ရိုက်တာပေါ့နော်။ လက်ရိုက်အုတ်ခေါ်တဲ့ အုတ်ရိုက်တဲ့လုပ်ငန်း။ နောက်တခါ အကျဉ်းသားတွေ ထုတ်တဲ့ ကျောက်နဲ့ ထုံးဖုတ်တတ်တဲ့ လူတွေကို အကျဉ်းသားတွေထဲက ရွေးထုတ်လိုက်ပြီးတော့၊ ထုံးဖိုလုပ်ငန်းကိုလည်း သူက လုပ်တယ်။ နောက်တခါ အကျဉ်းသားတွေခေါ်ပြီး၊ တောထဲမှာ ထင်းသွားခုတ်တယ်။ ရလာတဲ့ ထင်းတွေကို ခုနက ထုံးဖုတ်တဲ့လုပ်ငန်းမှာ သုံးတယ်။ လေဆိပ် တည်တဲ့အခါကျတော့၊ ဘိလပ်မြေဖျော်တဲ့ စက်ရုံဆိုတာ ရှိတယ်။ ဘိလပ်မြေဖျော်တဲ့ စက်ကြီးရှိတယ်။ အဲဒီ စက်ကြီးမှာ အကျဉ်းသား အယောက် (၅၀)ကို သူက သွားပို့ထားတယ်။

အဲဒီအတွက် ဒီ အကျဉ်းသား (၅၀) ရဲ့ အလုပ်လုပ်လို့ ရရမယ့် နေ့စဉ် လုပ်အားခ အားလုံးကို၊ ထောင်ပိုင်က ရတယ်။ နောက်တခါ အဲဒီစက်ရုံမှာ ဘိလပ်မြေအိတ်တွေကို ဖွင့်ဖေါက်တဲ့အခါ၊ အိတ် မပျက်မစီးအောင် ဖေါက်တဲ့နည်းကို အကျဉ်းသားတွေကို သူက လေ့ကျင့်သင်ကြားပေးတယ်။ အကျဉ်းသားတွေက အဲဒီနည်းအတိုင်း လုပ်ရတယ်။ အဲဒီ အိတ်တွေထဲမှာမှ၊ ပါလာတဲ့ ဘိလပ်မြေ အခဲလေးတွေကိုလည်း သူက စုထားခိုင်းပြီး၊ စခန်းကို ပြန်သယ်လာခိုင်းတယ်။ ပြီးတော့ ထောင်ပိုင်က အကုန်သိမ်းတယ်။ အဲဒီ ဘိလပ်မြေအိတ်ခွံတွေကို လေဆိပ်ကနေ လေလံဆွဲတယ်။

အဲဒီမှာ နမ့်ဆန် အမှတ်(၇၁)အုပ် လေတပ်စခန်းရဲ့ စခန်းမှူးရယ်၊ ခလရ(၆၆)ရဲ့ တပ်ရင်းမှူးရယ်၊ အရပ်ဘက် ဆောက်လုပ်ရေး ကော်ပိုရေးရှင်းက ဒီလုပ်ငန်းခွင်ရဲ့တာဝန်ခံရယ်၊ သူတို့တွေကို (လေလံ ၀င်ဆွဲတဲ့ သူတွေက) မျှပြီးတော့ ရမယ့် အမြတ်ထဲက ခွဲပေးရတယ်။ သူတို့တွေရဲ့ စီးပွားရေးပေါ့။ ခုနတုန်းက ထောင်ပိုင်က ပိုက်ဆံ ယူထားပြီး အလုပ်သက်သာတဲ့ နေရာမှာ ထားထားတဲ့ သူတွေရဲ့ နေရာတွေ/ထောင်ပိုင်ရဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေမှာ သွားလုပ်နေရသူ အကျဉ်းသားတွေရဲ့ နေရာတွေ/ နောက်တခါ သေသွားတဲ့ အကျဉ်းသားတွေကို စာရင်းမှာ အသေမပြပဲ အရှင် ဆက်ပြထားတဲ့ သူတွေရဲ့ နေရာတွေရယ်/ အဲဒီနေရာတွေက လုပ်အားတွေအတွက်ပါ၊

ကျန်တဲ့ အကျဉ်သားတွေက ကိုယ် လုပ်ရမဲ့အလုပ်ထက် နှစ်ဆသုံးဆပိုများလာတဲ့ အလုပ်တွေ ကို ၀င်လုပ်နေရတယ်။ လူသုံးယောက်ကို ကျောက်တကျင်းနှုန်းနဲ့ ကျောက်ထုတ်ပေးရမယ် ဆိုတဲ့ မူအရ၊ စာ ရွက်ပေါ်မှာရှိတဲ့ ရှိသမျှ အင်အားတွေ အကျဉ်းသားတွေအားလုံး လုပ်ရမယ့်အလုပ်အချိုးအစားအတိုင်း ကျန်တဲ့ လူတွေက၊ ကျောက်ထုတ်လုပ်နေရတော့၊ မတန်တဆ အလုပ်ဒဏ်ပိပြီး အဲဒါ တွေကြောင့် သေတာတွေလည်း ပါတာပေါ့။

ဦးရော်နီညိမ်း။ ။ အဲဒီလောက် အသေအပျောက်တွေ များလာတဲ့အခါကျတော့၊ အကျဉ်းသားတွေရဲ့ မိသားစုတွေနဲ့ သက်ဆိုင်ရာတွေကလည်း ဒါတွေကို သိပြီးတော့၊ စစ်တပ်က လုပ်နေတဲ့ (လေတပ်စခန်းတည်ဆောက်ရေး) စီမံကိန်းမှာ လာလုပ်ကြရလို့ အကျဉ်းသားတွေ သေကုန်ကြတဲ့ကိစ္စကို၊ အကျဉ်းဦးစီးဌာနက တုန့်ပြန်အရေးယူတာ မလုပ်ဘူးလား။ ဒီလောက် နေ့တိုင်း နှစ်ယောက် သုံးယောက် တဖြုတ်ဖြုတ် သေနေကြတဲ့ ကိစ္စကို၊ အကျဉ်းသားတွေရဲ့ မိသားစုတွေကကော၊ ဘာဖြစ်နေလဲ ဆိုတာ၊ ဘာညာတွေ ဘာမှ မသိဘူးလား။

ဦးထွန်းလင်း။ ။ ဒါကြောင့်(မတန်တဆ အလုပ်ဒဏ်ပိလို့) သေတာတင် မဟုတ်ဘူး။ သူတို့က အကျဉ်းသား တွေကို ရိုက်လို့နှက်လို့ သေတာတွေလည်း ရှိသေးတယ်။ သူတို့က နည်းမျိုးစုံနဲ့ အကျဉ်းသားတွေကို နှိပ်စက်တာဗျာ။ အဲဒီထဲမှာ ဆိုးတဲ့ ထောင်မှူးတယောက်ဆိုရင်၊ စစ်တပ်က လာတာပဲ။ လက်ထောက်ထောင်မှူး အောင်သူရ ဆိုတာပေါ့။ တော်တော်ကို ဆိုးတယ်။ အလုပ်မလုပ်နိုင်တော့လို့ သတိလစ်ပြီး လဲသွားတဲ့ အကျဉ်းသားကို ဘာလုပ်လဲဆိုတော့၊ သူက ဒီကောင် ဟန်ဆောင်တာဆိုပြီးတော့၊ တခါထဲ ခါချဉ်အုံကို သစ်ပင်ပေါ်ကသွားဖြုတ် လာပြီး၊ အကျဉ်းသားရဲ့ ဗိုက်ပေါ်ကို တင်၊ တုတ်နဲ့ထိုးတယ်။ ခါချဉ်တွေက တကိုယ်လုံးပြန့်ပြီး ကိုက်ကုန်တော့ တာပေါ့။ ဒါပေမဲ့ အဲဒီအကျဉ်းသား တကယ်ကို သတိမေ့နေတုန်းပဲ။ အဲဒီမှာ ဘာလုပ်လဲဆိုတော့၊ သစ်ရွက်ခြောက်တွေ ခြေထောက်ပေါ်တင်ပြီး မီးရှိ့တယ်။ အဲဒီအခါကျတော့ အကျဉ်းသားက သတိရလာတယ်။ အလုပ် မလုပ်နိုင်တော့လို့ ဆိုပြီးတော့၊ အကျဉ်းသားကို ကန်ကျောက် ရိုက်နှက်ပြီး နောက်တန်းကို ပြန်ပို့လိုက်တယ်။ ဒါပေမဲ့ အကျဉ်းသားက လမ်းမှာတင် သေသွားခဲ့တယ်။ အဲဒါမျိုးတွေ လည်း ရှိတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလောက် ဖြစ်နေတာကို၊ အပေါ်က သက်ဆိုင်ရာ အာဏာပိုင်တွေ ရ၀တတို့၊ မ၀တတို့၊ စ၀တ တို့၊ ပ၀တ တို့တွေက မသိကြဘူးလား။ အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အုပ်ချုပ်နေတဲ့ အချိန်ကြီးမှာ။

ဦးထွန်းလင်း။ ။ သူတို့က ဝေစား မျှစားက လွဲရင်၊ ကျန်တဲ့ကိစ္စတွေ ဘာမှ ပြဿနာရှာဖို့ မရှိဘူးလေ။ လူကြီးတွေကလည်း ဒီကျောက်ထုတ်စခန်းကို ခဏခဏလာကြတယ်။ လာလို့ရှိရင် ထောင်ပိုင်က လူကြီးတွေကို ဝေစား မျှစား ခွဲတမ်း တွေ ပေးလိုက်တယ်ဆိုရင်၊ အကုန်လုံး အိုကေ။ ကျန်တဲ့ဟာတွေ အကုန်လုံး ပြီးသွား တာပဲ။

ဦးရော်နီညိမ်း။ ။ လူကြီးတွေဆိုတာ၊ ဘယ်သူတွေလဲ ခင်ဗျ။ စစ်တပ်ကလား ခင်ဗျ။

ဦးထွန်းလင်း။ ။ ဗျူဟာမှူး လာတယ်။ ဒုတိုင်းမှူး လာတယ်။ ပြည်ထဲရေး ဒုဝန်ကြီးလာတယ်။ နောက်တခါ အကျဉ်းဦးစီးဌာန ညွှန်ချုပ်တို့၊ ဒုညွှန်ချုပ်တို့၊ အဲဒါတွေ လာတယ်။

ဦးရော်နီညိမ်း။ ။ ကိုထွန်းလင်းက အဲဒါတွေ ဖြစ်ပျက်နေတဲ့ ကျောက်ထုတ်စခန်း အနီးတ၀ိုက်မှာ နေလို့၊ ဒါတွေ သိနေရတဲ့ အခါကျတော့၊ အဲဒီလောက် မတော်မတရားတွေ ဖြစ်ပြီး၊ မသေသင့်ပဲ သေနေကြရပြီးတော့ လူ့အခွင့်အရေး တွေလည်း ဆုံးရှုံး၊ အကျဉ်းသားမှာလည်း သူ့ရှိတဲ့ အခွင့်အရေးနဲ့ မနေရတဲ့ အပြင်၊ တခါထဲ လူတွေဟာ မသေသေအောင် ညှင်းပန်းနှိပ်စက်ခံရ၊ မနိုင်ဝန်အလုပ်တွေ လုပ်ကြရပြီးတော့မှ၊ ထောင်မှူးထောင် ပိုင်တွေရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေအတွက် လုပ်ပေးကြရရင်းနဲ့၊ သေကုန်ကြတာကို လာနေကြတဲ့ လူကြီးတွေက မသိကြဘူးလား။

ဦးထွန်းလင်း။ ။ သိတာပေါ့ဗျာ။ မသိပဲနဲ့ ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ သူတို့ကလည်း ဒီခေတ်ဒီကာလ အဲဒီလိုပဲ လုပ်စားနေကြတာဆိုတော့၊ အကုန်လုံးက ဘယ်သူဘာပြောပြော ဘာမှ ပြောလို့ကို မရတော့ဘူး။ အရေးကြီး ဆုံးက သတ်မှတ် ထားတဲ့အချိန်မှာ ဒီလုပ်ငန်း (လေတပ်စခန်းဌာနချုပ် တည်ဆောက်ရေး) ပြီးသွားဖို့ပဲ အဓိက။ အရင်တုန်းကလို ငွေဝယ်ကျွန်ခေတ် ဆိုရင်တော့၊ သူတို့ ဒီလိုလုပ်မှာ မဟုတ်ဘူးပေါ့။ ကျွန်ဆိုတာ ၀ယ်ရမယ် ဆိုရင်၊ သူတို့ မွဲသွားမှာပေါ့။ အခုဟာက (အကျဉ်းသားတွေကို) လိုသလောက်ကို မှာလို့ရတယ်လေ။

(အကျဉ်းသားတွေ) သေလဲ ကိစ္စမရှိဘူး။ သူတို့ကပြောတာ ရှင်းရှင်းလေး။ လူတယောက် သေသွားတာ ဘာမှ ပြဿနာ မရှိဘူးတဲ့။ ငါတို့က စာရွက်လေးပေါ်မှာ စာလေးရေးလိုက်ရင် ပြီးသွားတယ်တဲ့။ ဒီစခန်းထဲမှာ မွေးထားတဲ့ နွား တွေ ဘာတွေ သေသွားရင်ကမှ ပြဿနာရှိတယ် တဲ့။ အဲဒီလိုကို ပြောတာဗျာ။

ဦးရော်နီညိမ်း။ ။ အဲဒါက လေတပ်စခန်း ဆောက်လုပ်ရေး စီမံကိန်း ဖြစ်နေတော့၊ အခု မတော်မတရား ကိစ္စ တွေမှာ လေတပ်ရဲ့ ပါဝင်ပတ်သက်မှုကော ရှိလား ခင်ဗျ။

ဦးထွန်းလင်း။ ။ လေတပ်က ပါဝင်ပတ်သက်မှုတော့ မရှိဘူး။ ဒါပေမဲ့၊ အဲဒီအနားမှာ အမြောက်တပ် ရှိတယ်။ ဒီအမြောက်တပ်က အဲဒီ ကျောက်ထုတ်စခန်းအတွက် လုံခြုံရေး ယူပေးတယ်။ အကျဉ်းဦးစီးဌာနက ကျောက်ထုတ်တဲ့ ကျောက်တောင်ရဲ့ ပတ်ဝန်းကျင်မှာ လုံခြုံရေး ယူပေးတယ်။ အကျဉ်းသားတွေ ထွက်ပြေးတာကို သူတို့ကလည်း ၀ိုင်းဖမ်းတယ်။ တခါက မိနေတဲ့ အကျဉ်းသားကို ဖမ်းလိုက်တယ်ပေါ့ ဗျာ။ အဲဒါကို မဟုတ်ဘူး။ သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ မိနေပါပြီ။ ဘာလို့လဲ ဆိုတော့ အကျဉ်းသားက ခြေကျဉ်းကြီးနဲ့ လေဗျာ။ အဲဒီတော့ ဒီအကျဉ်းသားက ဘယ်ပြေးနိုင်မှာလဲ။ လူက အားက မရှိရတဲ့ ကြားထဲ ခြေကျဉ်းကြီး တဘက်နဲ့။ အဲဒါကို လိုက်ဖမ်းတော့ မိနေတဲ့ ဥစ္စာကို၊ ပစ်သတ်ပစ် လိုက်တယ်။

ဦးရော်နီညိမ်း။ ။ အဲဒါက အမြောက်တပ်က လုပ်တာ ဆိုတော့၊ ကျောက်ထုတ်လုပ်ရေး စခန်းက ထောင်ပိုင် အရာခံ ဗိုလ်ကြီးနဲ့က၊ သူ့မှာ လုပ်အား တယောက် လျော့သွားတာ၊ ဘယ်လိုမှ ပြဿနာ မရှိဘူးလား။

ဦးထွန်းလင်း။ ။ မရှိဘူး။ ဒီအကျဉ်းသားတွေ အကျဉ်းဦးစီးဌာနကနေ လိုသလောက် သူမှာလို့ ရတယ်လေ။ နောက်တခါလဲ၊ ထွက်ပြေးသွားတဲ့ အကျဉ်းသားတယောက်ကို နမ့်ဆန်မြို့က ရဲစခန်းက မိပြီးတော့၊ ကျောက်ထုတ်စခန်းကို သွားပြန်အပ်တယ်။ ရဲစခန်းမှူးက သွားပြန်အပ်တာကို၊ ထောင်ပိုင်က ဘာလုပ်လဲဆို တော့၊ တခါထဲ လက်ဝါးကပ်တိုင်လို ဥစ္စာမျိုးပေါ်မှာ ဒီအကျဉ်းသားကို ကိုယ်တုံးလုံးချွတ်ပြီးတော့မှ၊ ကြိုးနဲ့ ချည်တယ်။ ကြိုးချည်ပြီးတော့မှ၊ ဒီစခန်းတခုလုံးက အိုးတွေ သံစည်ပိုင်းတွေထဲမှာ စွန့်ထားတဲ့ မစင်တွေ အပေါ့တွေ၊အလေးတွေကို အကုန်လုံးကိုဖျော်။ ပြီးတော့ အကျဉ်းသားရဲ့ခေါင်းကနေ လောင်း။ ရှမ်းပြည်က အေးရတဲ့ အထဲ၊ ဘေးကနေ နှီးဖျာနဲ့ ဒီအကျဉ်းသားကို ယပ်ခပ်တဲ့ကောင်က ခပ်။ ရိုက်တဲ့ကောင်က ရိုက်။ အဲဒီလိုလုပ်တာ။ နောက်ဆုံးကျ အဲဒီအကျဉ်းသားဟာလဲ၊ သုံးရက်လောက်နေတော့ သေသွားတာပါပဲ။ ဒါက အောက်က ကိုယ်တိုင်ကိုယ်ကျ လုပ်တယ်ပေါ့။ အထက်က ကြီးကြပ်တဲ့ကောင်တွေကလည်း၊ အား ပေး အားမြှောက် လုပ်။ အထက်ကကောင်တွေက အောက်ကကောင်တွေဆီကနေ သူတို့စားရအောင် လုပ်ပေးနေရင် ပြီးရောပဲ။ အောက်က ဘာလုပ်လုပ်၊ မျက်စေ့စုံမှိတ်ပြီး မသိချင်ယောင်ဆောင် နေကြတာပေါ့။

ဦးရော်နီညိမ်း။ ။ လူသားတွေ စိတ်ဓါတ်မှ ရှိသေးရဲ့လား။ အကုန်လုံး လူမဆန်တဲ့ အလုပ်တွေ လုပ်နေကြ တာ။ လုပ်နေရတဲ့အပေါ်မှာ တကယ် ဘယ်လိုဖြစ်နေလဲ။ သူတို့တွေဟာ စိတ်လိုလက်ရ ပျော်ပျော်ရွှင်ရွှင်နဲ့ ဒီ အလုပ်ကြီးကို နှစ်ခြိုက်အားရ ကျေနပ်ဝမ်းသာစွာနဲ့ လုပ်နေကြတဲ့ သဘောလား။ မိုးလင်းလာလို့ တနေ့ရောက် လာရင် အကျဉ်းသားတွေကို ရိုက်မယ်နှက်မယ် သတ်ပစ်မယ်၊ ဒီဥစ္စာဟာ နေ့တိုင်းနေ့တဓူဝ လုပ်နေတဲ့ကိစ္စမို့ ရိုးနေတဲ့အတွက်၊ သူတို့ ဘယ်လို မှ မနေတဲ့ သဘောလား။ ကျနော် နားမလည်နိုင်ဘူး။

ဦးထွန်းလင်း။ ။ သူတို့အတွက်ကတော့ used to (အကျင့်ပါ) ဖြစ်နေပြီဗျ။ လုပ်ရိုးလုပ်စဉ်ပဲ။ အကျဉ်းသား တင် မဟုတ်သေးဘူး။ ခုနက ပြောတဲ့ စစ်တပ်က ပြောင်းလာတဲ့ ထောင်ပိုင်ဦးစိုးအောင်ဟာ၊ ဘယ်လောက်ထိ ဆိုးလဲဆိုရင်၊ သူ ကားမောင်းသွားတယ် ပေါ့ဗျာ။ သူနောက်က အရပ်သားကားတစီးက သူ့ကားကို ကျော်တက် သွားတယ်။ အဲဒါ ကျော်တက်ရပါ့မလား ဆိုပြီး၊ နောက်ကနေ မမှီ မှီအောင် အတင်းလိုက်မောင်းတယ်၊။ အဲဒါ က နမ့်ဆန်မြို့နဲ့ မိုးနဲမြို့နဲ့ သွားတဲ့ကြားက လမ်းခလယ်မှာ ဟိုင်းဖတ်ဆိုတဲ့ ရွာကြီး ရှိတယ်ဗျာ။ အဲဒီရွာက “မြတ်ဟိန်း” ထမင်းဆိုင်မှာ ကားသမားက ထမင်းဝင်စားတော့၊ ထောင်ပိုင်က မှီသွားတယ်။ အဲဒါ သူ့ကားကို ကျော်တက်ရပါ့မလား ဆိုပြီး၊ ထိုးမလို့ ကြိတ်မလို့ လုပ်တာ၊ ဆိုင်ကလူတွေက ၀ိုင်းဆွဲရတယ် ဗျာ။ ကဲ အဲဒါ ဘယ်လို လုပ်မလဲ။

ဦးရော်နီညိမ်း။ ။ ဘုရင်စိတ် ပေါက်ကုန်တာကိုး။

ဦးထွန်းလင်း။ ။ စစ်တပ်ကဆိုရင် ဘာပဲလုပ်လုပ် အကုန်လုံး၊ ပြီးနေတာကိုး ဗျ။

ဦးရော်နီညိမ်း။ ။ ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၅၀ ခုနှစ်တွေရဲ့ နှောင်းပိုင်းတွေမှာ၊ ကျူးကျော်လာတဲ့ တရုတ်ဖြူကို မောင်းထုတ်တဲ့ စစ်ဆင်ရေးကြီးတွေမှာ၊ အထမ်းသမား ခေါ် ပေါ်တာတွေကို ဘယ်လိုနည်းနဲ့ ခေါ်ယူခဲ့သလဲ ဆိုတာကိုတော့၊ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့သူ အငြိမ်း စားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက အခုလို ပြောခဲ့ဘူးပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ အခုလို အဓမ္မလုပ်အားပေး ဆွဲတာ မရှိဘူး ဗျ။ ကျနော်တို့တုံးက သွားတာက၊ အဲဒီ တုံးက ပါလီမန်ဒီမိုကရေစီခေတ်က၊ သူတို့ဖွဲ့ထားတဲ့ TUBC (Trade Unions Confederation of Burma မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်) တို့ ဘာတို့ ရှိတယ်။ Trade Union (အလုပ်သမားသမဂ္ဂ)တွေ ရှိတယ်။ အဲဒီတော့ သူတို့က နေပြီးတော့ သူတို့နည်း သူတို့ဟန်နဲ့ ၊ မြို့နယ်တွေ မြို့တွေမှာရှိတဲ့ Trade Unionနဲ့ ဆက်သွယ်ပြီးတော့ အလှည့်နဲ့ လုပ်အားပေးတာတွေ ရှိတယ်။ ပေးတဲ့အခါမှာ သူတို့ကိုလည်း ကျနော် တို့က သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်အတိုင်းဘဲ၊ တစ်ယောက်ကို ဘယ်သူ့မှ နှစ်ပတ်ကျော်သုံးပတ်ကျော် မခိုင်းဘူး။ ဟိုက အသစ်ဝင်လာရင် သူတို့ကို လဲပေးလိုက်တယ်။ ပြီးတော့ သူတို့ရရမယ့်ငွေနဲ့ ပတ်သက်တာ အားလုံးလည်း၊ အထောက်အပံ့အကုန်လုံး အပြည့်ပေးတဲ့အပြင် ရိက္ခာကိုက ကျနော်တို့နည်းတူလို ပေးတဲ့ ရိက္ခာမျိုး ဗျ။ အဲဒီတုန်းက ဘယ်လိုပဲပြောပြော၊ ဒီလို၊ ပေါ်တာတွေ ယူပြီးလာ ရငြားသော်လည်းပဲ၊ ဒီလူတွေကို ကျနော်တို့က စစ်တပ်က ချွေးတပ်ဆွဲတာ၊ မဟုတ်ဘူးဗျ။ အဲဒီတော့၊ သိပ်ခြားနားတယ်။ အခုဟာက ဒီလို မဟုတ်ဘူး။ တခါထဲ ဟို ရုပ်ရှင်ရုံပိတ်ဆွဲ၊ ဟိုဟာပိတ် ဆွဲ၊ လမ်းပိတ် ဆွဲ။ အဲဒါတွေက မဟုတ်ဘူး။ ကျနော်တို့ တုံးက၊ အဲဒီလိုကို မရှိဘူး။ အဲဒါမျိုး၊ ကြားလည်း မကြားဘူးဘူး။ ကျနော်တို့ပြောလိုက် တာက၊ အဲ့ဒီမှာ သက် ဆိုင်ရာဒေသမှာ ရှိနေတဲ့ Trade Union ကို။ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကို။ ကျနော်တို့က သူတို့ Trade Union ကို တိုက်ရိုက်ပြောတာ မဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းကို ကျုပ်တို့ ဒီ စစ်ဆင်ရေးခွင် အတွက်၊ အထမ်း သမားနဲ့ ပတ်သက်လို့ တပ်ခွဲတစ်ခွဲမှာ နှစ်ဆယ်၊ အစိတ်လိုတယ်။ ဒါကြောင့်မို့၊ အားလုံးပေါင်းရင်တော့ (၈၀)/ (၁၀၀) မျှလိုတယ် ဆိုရင်၊ ကျနော်တို့က သွားပြီးတော့၊ အိမ်တွေမှာ ဆွဲရတာမဟုတ်ဘူး ဗျ။ အဲဒီ အုပ်ချုပ်ရေး ပိုင်းကို ပြောလိုက်ရင်၊ အုပ်ချုပ်ရေးပိုင်းက လူက၊ သူ Trade Union တို့ ဘာတို့နဲ့၊ စီစဉ်ပြီးတော့၊ သူတို့ဟာ သူတို့ voluntarily လာတာဗျ။

War Office (စစ်ရုံးချုပ်) က ထုတ်ပြန်ထားတဲ့ WORKAI တို့ Order တို့က၊ သူတို့နဲ့ ပတ်သက်တဲ့ သတ်မှတ် ချက်တွေ က၊ အပြည့်ဗျ။ နောက်တစ်ခုက၊ သူတို့ကိုလည်း ကျနော်တို့က ကတိတစ်ခုပေးတာက၊ ဥပမာ Phase One (စစ်ဆင် ရေးရဲ့ပထမအဆင့်)ပြီးရင်၊ မင်းတို့ကို ပြန်ပို့မယ်၊ နောက်လူက Phase Two (စစ်ဆင် ရေးရဲ့ ဒုတိယအဆင့်)မှာ၊ ဘယ် လောက်ရောက်လာမယ်။ အဲဒီတော့၊ သူတို့ ရောက်လာရင်၊ မင်းတို့ Phase One ပြန်ကြ။ ဆိုတော့၊ သူတို့ကလည်း၊ သူတို့ အသိက Phase One ပြီးရင် ပြန်ရမယ်ဆိုတာ သိတဲ့အတွက်၊ သူတို့ကိုလည်း ကတိအတိုင်း၊ ကျနော်တို့က၊ ပြန်စေရတယ်။ မပြန်လို့လည်း မရဘူးဗျ။ မပြန်ရင်ခင်ဗျားTrade Unionက လွှတ်တော်တက်ပြီး၊ အော်မှာ။ ခင်ဗျား။ ဒါ ဒီမိုကရေစီ ဗျ။ ပြည်သူလူထုရဲ့ အသံက အဓိက။ အဲဒီ တော့ ကျနော်တို့အားလုံးက၊ စစ်သည်တော်တွေ ဖြစ်ငြားသော်လည်းပဲ၊ နော်။ ကျနော်တို့ ကိုယ်တိုင်က ဗီဇ၊ မိဘဖြစ်လာခဲ့တဲ့ ပြည်သူပြည်သားရဲ့ သဘောသဘာဝကို၊ ခန္ဓာကိုယ် ထဲမှာ၊ “ငါ” ပြည်သူပြည်သား၊ “ငါ” ပြည် သူပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” လူတန်းစားတစ်ရပ် မဟုတ်ဘူး၊ “ငါ” လူတန်းစားတစ်ရပ်မဟုတ် ဘူး၊ ဆိုတာ၊ ရင်ထဲမှာ အစဉ် သိမ်းပိုက်ပြီးသား ဖြစ်ရမယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦ ပြောကြားခဲ့တာပါ။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကို မြန်မာ့ တပ်မတော်က ကျူးလွန်နေမှုတွောဟာ၊ ၁၉၆၀ခုနှစ်တွေက စစ်ဆင်ရေးတွေမှာ စတင်ခဲ့ကြတာ ဖြစ် ပါတယ်။ တပ်မတော်ဟာ စစ်အောင်ဖို့ကိုသာ အဓိကထားပြီး၊ စစ်ရေးအမြင်နဲ့ လုပ်ဆောင်ခဲ့သမျှတွေထဲက၊ ပြည်သူလူထုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကျူးလွန်ခဲ့ကြတာမှာ၊ တံခါးပိတ်ဝါဒကျင့်သုံး ခဲ့တဲ့ ၁၉၆၂ခုနှစ်ကစလို့ ပြင်ပကမ္ဘာနဲ့ ထိတွေ့မှု နည်းပါးလှတဲ့ အတွက်၊ ဒါတွေဟာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေလို့ အသေအချာ နားလည်သိရှိခြင်း မရှိ တာကလည်း၊ အကြောင်းရင်းတရပ် ဖြစ်နေပါတယ်။

စစ်ရေးအရ စစ်အောင်ဖို့သာ အဓိကဖြစ်တယ်လို့၊ ယူဆကြတာ ကြောင့် စစ်ဆင်ရေးအတွက် (လူထုကို) အထမ်းသမားပေါ်တာတွေအဖြစ် အတင်းအဓမ္မ ခေါ်ဆောင်သွားတာမျိုးဟာ၊ အပြစ်မရှိဘူးလို့ ခံယူ လာကြရာဂာနေ၊ တစစ၊ ရန်သူ့အပေါ် စစ်နိုင်ဖို့ ဘာပဲလုပ်လုပ်၊ တရားတယ် ဆိုတဲ့ အတွေးအခေါ် မျိုးတွေနဲ့ ပိုမိုဆိုးဝါးလာတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပြီးတော့၊ တပ်မတော်ထဲမှာ တပ်မတော်သားချင်း ဖြစ်စေ၊ ပြည်သူလူထုအပေါ်မှာ ဖြစ်စေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို၊ ဖြစ်ပျက်ခဲ့သမျှ ဖြစ်ရပ်မှန်အတိုင်း အများပြည်သူ သိရှိထားခြင်း အားဖြင့်၊ နောင် ဒါမျိုးတွေ မဖြစ်ပေါ်ရေးအတွက် ၀ိုင်းဝန်း ဆောင်ရွက်ကြရာမှာ၊ အထောက်အကူ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့တပ်မတော်ရဲ့ စစ်ခေါင်းဆောင် အသစ်တွေဟာ၊ တရုတ်ဖြူ ကျူးကျော်မှုကို တွန်းလှန် တိုက်ထုတ် ခဲ့စဉ် ကာလက၊ တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုမျိုး ပြန်လည်ရရှိအောင်၊ တပ်မတော်ထဲမှာ စိတ်ဓါတ်ရေးရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ကြရေးကို စဉ်းစား လာကြလာ လေမလား၊ မျှော်လင့်ရင်းနဲ့ပဲ၊ ဒီသီတင်းပတ်အတွက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍကို၊ ဒီမှာတင်ပဲ ရပ်နားခွင့်ပြုပါ။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Friday, June 24, 2011

အတုအယောင် အပစ်အခတ် ရပ်စဲရေးမှ ပြည်တွင်းစစ်သို့ (ကျောင်းသားတပ်မတော် သတင်းသုံးသပ်ချက်)

Commentary, From Bogus Cease Fire to Civil War on 22062011-1

အပြည့်အစုံ ဖတ်ရန် ...

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့ တာဝန် (အပိုင်း - ၁)

နိဒါန်း


ပြည်ထောင်စု မပြိုကွဲရေး.............................................................ဒို့အရေး

တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး.....................................ဒို့အရေး

အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး …........................................ဒို့အရေး


ဆိုတဲ့ စာတမ်းတွေကို မြို့အနှံ့၊ နယ်အနှံ့မှာ ဆိုင်းဘုတ်တင်ထားတာတွေ၊ တိုင်း၊ တပ်မ၊ တပ်ရင်းနဲ့ အစိုးရဌာနဆိုင်ရာ အသီးသီးမှာ ဆိုင်းဘုတ်တင် ချိတ်ဆွဲ ထားတာတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဖျော်ဖြေရေး မီဒီယာတွေမှာ ထည့်သွင်းထားတာတွေကို ကျွန်ုပ်တို့ အားလုံး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်မူဝါဒဖြစ်တဲ့ ဒီစကားလုံးတွေဟာ အနှစ်သာရ အနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။ သို့ပေမယ့် ဒီမူဝါဒတွေဟာ နိုင်ငံတော်အာဏာ သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ အမှန်တကယ် ကျင့်သုံးနေတဲ့ မူဝါဒတွေ ဖြစ်ပါရဲ့လား။ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့တွေဟာ ဒို့တာဝန်အရေးသုံးပါး ဆိုတာကို ဦးထိပ်ထားပြီး အမှန်တကယ် ဆောင်ရွက်နေတာ ဖြစ်ပါရဲ့လား။


မြန်မာနိုင်ငံနှင့် အာဏာရှင်စနစ်

ဒီမိုကရေစီ သဘောတရားများအရ အာဏာဟာ ပြည်သူထံမှ သက်ဆင်းရပါတယ်။ ပြည်သူထံမှ မသက်ဆင်းတဲ့ အာဏာဟာ သက်ဆင်းလာတဲ့ အရင်းခံနေရာကိုပဲ အကျိုးပြုပြီး၊ ပြည်သူကို အကျိုး မပြုနိုင်ပါဘူး။ စစ်အာဏာဟာ အာဏာသိမ်းယူထားတဲ့ စစ်အုပ်စုကိုပဲ အကျိုးပြုပါတယ်။ လူတစုကနေ ဆင်းသက်လာတဲ့ အာဏာဟာ လူတစုကိုပဲ အကျိုးပြုပါတယ်။ ဒါကြောင့်လဲ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စစ်အာဏာရှင်စနစ်နဲ့ ရွေးကောက်ခံ အာဏာရှင်စနစ် (လွတ်လပ်မှုနှင့် တရားမျှတမှု မရှိသော အာဏာရှင် ရွေးကောက်ပွဲများ ကျင်းပပြီး အာဏာယူထားသော စနစ်) စတဲ့ စနစ်ဆိုးတွေကို ကမ္ဘာတ၀ှမ်းမှာ ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာတို့မှာ သိသာထင်ရှားသော အာဏာအပိုင်းအခြား (separation of powers) ရှိခြင်းဟာ ဒီမိုကရေစီစနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကွန်စတီးကျူးရှင်းဆိုင်ရာ စည်းမျဉ်း တရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အာဏာကို တဦးတယောက်၊ တစု၊ တဖွဲ့က ထိန်းချုပ်ထားခြင်း မရှိစေရေးအတွက် အာဏာအပိုင်းအခြား ဆိုတဲ့ စည်းမျဉ်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံအများစုများ ကျင့်သုံးနေကြပါတယ်။

အုပ်ချုပ်ရေးအာဏာဟာ အစိုးရအဖွဲ့နဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ စတာတွေနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း ရမှာ ဖြစ်ပြီး၊ အစိုးရအဖွဲ့ဟာ အစိုးရမူဝါဒများ ချမှတ် အကောင်အထည် ဖော်ဆောင်ရပါတယ်။ တပ်မတော်ကတော့ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ရဲတပ်ဖွဲ့ကတော့ တရားဥပဒေ စိုးမိုးရေး တာဝန်တွေကို ထမ်းဆောင်ပြီး အုပ်ချုပ်ရေးအာဏာကို ကာကွယ်စောင့်ရှောက် ရပါတယ်။ အစိုးရအဖွဲ့ဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ ပါဝင်တဲ့ ပါလီမန် (လွှတ်တော်) ကို တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်။

နိုင်ငံများရဲ့ သက်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ မူတည်ပြီး ပါလီမန် ပါဝင်မှုနှင့် ဖွဲ့စည်းမှု သဏ္ဍာန်တွေ ကွဲပြားပါတယ်။ ဥပဒေပြုအာဏာဟာ ပါလီမန်အမတ်များနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့်လဲ ပါလီမန် အမတ်များကို တရားဥပဒေပြုသူများ (law-makers) တွေလို့ သတ်မှတ်ကြ ပါတယ်။ တရားစီရင်ရေးအာဏာကတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ တရားရုံးအဆင့်ဆင့်က တရားသူကြီးများနဲ့ သက်ဆိုင်ပါတယ်။ တရားသူကြီးများဟာ ပါလီမန်က ချမှတ်လိုက်တဲ့ အက်ဥပဒေများအတိုင်း တရားစီရင်ရေးမှာ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာဟာ အုပ်ချုပ်ရေးအာဏာနဲ့ ရောထွေးခြင်း မရှိရပါဘူး။ တရားသူကြီးများဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဖွဲ့အစည်းရေးနဲ့ ပတ်သက်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိ လိုက်စားမှုတွေက ကင်းဝေးရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရယူထားတဲ့ အစိုးရအဖွဲ့က တရားသူကြီးများကို အသုံးပြုပြီး နိုင်ငံရေးယုံကြည်ချက်၊ အတွေးအခေါ် မတူသူများကို ပြစ်ဒဏ်ပေးဖို့ အသုံးချခွင့် မရှိပါဘူး။

မြန်မာနိုင်ငံမှာ တိုင်းတပါးသားတွေ အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီနယ်ချဲ့စနစ်နဲ့ ဖက်ဆစ် စနစ်တွေကို ဖယ်ရှားလိုက်ရင် သက်ဦးဆံပိုင် ဘုရင်စနစ် နဲ့ စစ်အာဏာရှင်စနစ် တွေကသာ ကာလအတန်ကြာ ကြီးစိုးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးစ ပါလီမန်စနစ်ကျင့်သုံးတဲ့ ကာလမှာကလဲ အာဏာ လုပွဲတွေနဲ့ စစ်မက်တွေ ဖြစ်နေခဲ့တာကြောင့် အာဏာအပိုင်းအခြား တိတိပပ မရှိခဲ့ပါဘူး။ အုပ်ချုပ်ရေး အာဏာနဲ့ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ တို့အကြားမှာ ရောထွေးမှုတွေ၊ တရားစီရင်ရေးမှာ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ၊ အဂတိလိုက်စားမှုတွေ ရှိခဲ့ပါတယ်။

သက်ဦးဆံပိုင်ဘုရင်စနစ်မှာ အာဏာက ပြည်သူက သက်ဆင်းတာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး အာဏာဟာ မင်းရိုးမင်းနွယ်က ဆင်းသက်မှု၊ စစ်ပွဲမှာ အနိုင်ရသူ စစ်ဘုရင်က တိုင်းပြည်အုပ်ချုပ်မှု စတာတွေကနေ သက်ဆင်းလာပါတယ်။ ဥပဒေပြု အာဏာကလဲ ဘုရင်က ခန့်အပ်မှုပေါ်မှာပဲ မူတည်ပြီး၊ ပြည်သူကို ကိုယ်စားပြုခြင်း မရှိခဲ့ပါ။ တရားစီရင်ရေး အာဏာကလဲ အုပ်ချုပ်ရေးအာဏာကနေ ထပ်မံသက်ဆင်းလာပါတယ်။

(၁၉၆၂) ခုနှစ်၊ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါ စစ်အုပ်စုကနေပဲ သက်ဆင်းလာပါတော့တယ်။ မဆလ ပါတီ လက်ထက်မှာလဲ အာဏာ သုံးရပ်စလုံးဟာ ဗိုလ်နေ၀င်း စစ်အုပ်စုက ဦးစီးတဲ့ တပါတီအာဏာရှင်စနစ် ကနေပဲ သက်ဆင်းလာခဲ့ပါတယ်။ (၁၉၈၈) စစ်အာဏာသိမ်းပွဲ အပြီးမှာလဲ အာဏာသုံးရပ်ဟာ စစ်အာဏာရှင်တွေရဲ့ န၀တ၊ နအဖ အဖွဲ့အစည်းတွေ ကနေပဲ သက်ဆင်းလာပါတယ်။

ဒီလိုနဲ့ နအဖက အမျိုးသားညီလာခံ ခေါ်ယူပြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲခဲ့ပါတယ်။ ဒီမူကြမ်းကို (၂၀၀၈) ခုနှစ်မှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး၊ အတည်ပြုခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်မှာတော့ ရွေးကောက်ပွဲကျင်းပပြီး၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကြံ့ဖွတ်ပါတီက အစိုးရ ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအစိုးရအဖွဲ့ကို နအဖ စစ်အာဏာရှင် ဟောင်း ဗိုလ်သိန်းစိန်ကဦးဆောင်ပြီး အရပ်သား အစိုးရလို့ ကြေငြာခဲ့ပါတယ်။ ဒီင်္မိုကရေစီ စနစ် အသွင်ကူးပြောင်းမှုလို့ ဆိုခဲ့ပါတယ်။

သို့ပေမယ့် ဒီမိုကရေစနစ်မှာ အရေးပါတဲ့ အာဏာအပိုင်းအခြား (separation of powers) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ constitutional principle မဖြစ်ခဲ့သလို၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးစနစ်မှာလဲ အာဏာအပိုင်းအခြား အသွင်သဏ္ဍာန်တွေ မရှိနေပါဘူး။ ဗိုလ်သိန်းစိန် ဦးဆောင် ကြံ့ဖွတ်ပါတီကို အနိုင်ရရှိစေခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလဲ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ခဲ့ပါဘူး။

လူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ (Representative Democracy) စနစ် အတွက် ရွေးကောက်ပွဲတွေဟာ လုံလောက်တဲ့ အခြေအနေ (sufficient condition) မဟုတ်ရင်တောင် လိုအပ်တဲ့အခြေအနေ (necessary condition) တခုဖြစ်ပါတယ်။ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲတွေဟာ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲတခုရဲ့ စစ်မှန်ခြင်း၊ အတုအယောင် ဖြစ်ခြင်းတွေဟာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပုံ ပေါ်မှာ မူတည်နေတာကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားလုံးကို အသုံးပြုပြီး သတ်မှတ် တိုင်းတာကြပါတယ်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဆိုတာမှာ electoral process ကို တန်းတူညီမျှ အားလုံးပါဝင်ခွင့် ရှိမှု၊ မဲလုံခြုံမှု နဲ့ လွတ်လပ်စွာ မဲပေးခွင့် စတာတွေနဲ့ သက်ဆိုင်ပါတယ်။ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ လွတ်လပ်စွာ မဲပေးခွင့် မရှိအောင် အာဏာရှင် ဘက်တော်သားတွေက ခြိမ်းချောက် နှောင့်ယှက်မှုတွေ၊ နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေကို လွတ်လွပ် လပ်လပ် ရွေးချယ်နိုင်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်ဆိုနိုင်ပါဘူး။ (၂၀၁၀) ရွေးကောက်ပွဲမှာ ဒီလို အတုအယောင် ရွေးကောက်ပွဲရဲ့ သွင်ပြင်၊ လက္ခဏာတွေ ရှိနေခဲ့တယ်ဆိုတာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ အားလုံးက သိပြီး၊ မြင်ပြီးသား ဖြစ်ပါတယ်။ ရာထူး၊ အာဏာ၊ အကြောက်တရား၊ ရှင်သန်ရပ်တည်မှု၊ အချိန်အခါ စတာတွေကို ထောက်ထားပြီး နှုတ်ဆိတ်နေကြခြင်းသာ ဖြစ်ပါမယ်။

ဒီအချက်တွေကို ထောက်မယ်ဆိုရင် အာဏာဆိုတာ ပြည်သူဆီက အပြည့်အ၀ သက်ဆင်းခဲ့ခြင်း မရှိဘူးဆိုတာ အသေအချာပါပဲ။ တရားဥပဒေပြုရေး အာဏာ ရရှိထားတဲ့ ပါလီမန်ရဲ့ ၇၅ ရာခိုင်နှုန်းမှာ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့သလို၊ ၂၅ ရာခိုင်နှုန်းကတော့ အုပ်ချုပ်ရေး အာဏာကို စောင့်ရှောက်ရမယ့် တပ်မတော်ကနေ အော်တိုမက်တစ် သက်ဆင်းလာတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ ရရှိထားတဲ့ အစိုးရအဖွဲ့မှာကလဲ ပြည်သူဆီက အာဏာသက်ဆင်းမှု အပြည့်အ၀ မရှိခဲ့ပါဘူး။

တရားစီရင်ရေးအာဏာမှာလဲ နိုင်ငံရေးအရ ဘက်လိုက်မှုတွေ ဖြစ်စေတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်သတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်း မပြုလုပ်ထားပါဘူး။ စစ်အာဏာသိမ်း အစိုးရ လက်ထက်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ဆက်လက် ကျင့်သုံးဆဲ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီအာဏာ သုံးရပ်လုံးကို နိုင်ငံတော်လုံခြုံရေးကောင်စီက ပြန်လည် ထိန်းချုပ်ထားပါတယ်။ ဒီလို သွင်ပြင်လက္ခဏာ တွေဟာ ဒီမိုကရေစီစနစ် ရဲ့ သွင်ပြင်လက္ခဏာတွေမဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (Electoral authoritarianism) ရဲ့ သွင်ပြင်လက္ခဏာတွေသာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီ စနစ် မဟုတ်ပဲ အာဏာရှင်စနစ် အမျိုးအစား တမျိုး ဖြစ်တဲ့ ရွေးကောက်ခံ အာဏာရှင် စနစ်ပဲ ဖြစ်ပါတယ်။

အပိုင်း(၂) ကို ဆက်လက် တင်ပြပါမည်။

ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

Thursday, June 23, 2011

ပဲခူးမြို့က ၄၀၅ တပ်ရင်းမှူး ဓားထိုးမှုဖြစ် ၉တန်း ကျောင်းသူတဦး သေဆုံး

ပဲခူးတိုင်း ဥဿာမြို့သစ်မှာ ၄၀၅ တပ်ရင်းမှူး ဆိုသူက (၁၄) နှစ်အရွယ် (၉) တန်းကျောင်းသူလေး တဦးကို ဓားနဲ့ ထိုးသတ်ခဲ့သလို သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တဲ့ဖြစ်ရပ် ဇွန်လ ၂၂ ရက်နေ့ ၁၁ နာရီမှာ ဖြစ်ခဲ့ပါတယ်။

အကြောင်းစုံကို မိခင်ဖြစ်သူနဲ့ မျက်မြင်တဦးက ရုပ်သံမှာ ပြောပြထားပါတယ်။




source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ ဗွီဒီယိုကနေ မိန့်ခွန်းပြော (ရုပ်/သံ)


စစ်ပွဲတွေဆက်ဖြစ်လာမည်ကို ကချင်လူထုစိုးရိမ်
0 Comments - 21 Jun 2011
“ဗမာစစ်တပ်က ထိုးစစ်ဆင်တဲ့အခါ ဒေသခံတွေက သူတို့အပေါ် နှိပ်စက်ညှင်းပန်းမှာ၊ ပေါ်တာဆွဲမှာတွေကို တအားစိုးရိမ်နေကြတယ်။ မိုးမောက်ဘက်မှာ ဒေသခံတွေ ခံခဲ့ရတာကို ကြားထားကြတယ်လေ။ အဲတော့ တခြားနေရာတွေမှာလည်း စစ်ပွဲတွေဖြစ်လာရင် ဗမာစစ်တပ်က ဒေသခံတွေအပေါ် ရက်ရက်စက်စက်နှိပ်စက်မှာကို စိုးရိမ်နေကြတယ်” ကိုဂျွန်နှင့် ဆိုင်းဆွတ် သတင်းပေးပို့၍ ချစ်ဦးမောင်ရေးသားသည်။ရန်ကုန်၊ ဇွန် ၂၁၊ ၂၀၁၁ (YPI) - မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြား စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားလာမ...

More Link
မြန်မာပြည်ရဲ့ လျှို့ဝှက် ကန့်လန့်ကာ နောက်ကွယ်ကို ထိုးဖောက် ကြည့်ရှုခြင်း၊ ရွေးကောက်ပွဲ အတုအယောင်နဲ့ ခက်ခဲတဲ့ လမ်းကြောင်း ဆိုတဲ့ ခေါင်းစဉ်ပါ ကြားနာပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ ဗွီဒီယိုကနေတဆင့် မိန့်ခွန်း ပြောဆိုလိုက်ပါတယ်။

source by :
http://www.youtube.com/user/repmanzullo



မိန့်ခွန်း အပြည့်အစုံ မူရင်း



http://www.dawnmanhon.com မှ တဆင့် ကူးယူ မျှဝေ ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာလူ့အခွင့်အရေး စုံစမ်းမှု အမေရိကန် ထောက်ခံဖို့ ဒေါ်စု တိုက်တွန်း


မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနိုင်မယ့် ကော်မရှင်တရပ် ကုလသမဂ္ဂက ဖွဲ့စည်းပြီး တာဝန် ပေးအပ်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက အားပေး ထောက်ခံဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေကို သိရဖို့ ရည်ရွယ်ကျင်းပတဲ့ ၀ါရှင်တန်မြို့တော်က အမေရိကန် အောက်လွှတ်တော်အတွင်း ပြုလုပ်တဲ့ ကြားနာပွဲတရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်း လိုက်တာပါ။ အပြည့်အစုံကို အောက်လွှတ်တော်ကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

လျှို့ဝှက်ချက် မျက်နှာဖုံးကို ထိုးဖောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲတရပ် ကျင်းပရာမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အားပေးဖို့၊ လူ့အခွင့်အရေး အခြေအနေတွေကို တိတိကျကျ သိရအောင် လုပ်နိုင်မယ့် လုပ်ရပ်တွေကို အားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိရဖို့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ထားတာကို ကြည့်မယ်ဆိုရင်ပဲ သိနိုင်တဲ့ အကြောင်းကိုလည်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲကိုက ပေးပို့တဲ့ ဗွီဒီယို ထွက်ဆိုချက်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

“ဒီဆုံးဖြတ်ချက်အပေါ် အင်မတန့် အင်မတန် အလေးအနက်ထား စဉ်းစားမယ်၊ မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီ ရရှိဖို့ ဘယ်လောက်တောင် အလှမ်းဝေးနေသေးသလဲ၊ ဒီလမ်းစကို ရောက်တောင် ရောက်သေးရဲ့လား ဆိုတာ ကောင်းကောင်း နားလည်နိုင်ပါလိမ့်မယ်။

“ဒီဆုံးဖြတ်ချက်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ လွတ်လပ်တဲ့ အသင်းအဖွဲ့တွေ ဖွဲ့စည်းရေး၊ သတင်းအချက်အလက်တွေ ရရှိရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ ကင်တားနား (Tomas Ojea Quintana) အနေနဲ့ သူလိုအပ်တဲ့ အချိန်မှာ တိုင်းပြည်ကို လာရောက်ခွင့် ရရေးတို့လို အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတွေ ပါဝင်ပါတယ်။ ဒီလိုပဲ အားလုံးပါဝင်ခွင့်ရှိတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ် ရှိဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။”

ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်းပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ၊ စစ်ရာဇ၀တ်မှု ဒါမှမဟုတ်ရင်လည်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်မမြောက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား အကြံပြုထားတာကို အားပေး ထောက်ခံသွားဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲ ရွေးကောက်ပွဲတွေ ကျင်းပအပြီး အစိုးရသစ် တက်လာတဲ့နောက် အခြေအနေတွေ တိုးတက်လာလေမလား မျှော်လင့်သူတွေ၊ ထူးခြားမှာ မဟုတ်ပါဘူးလို့ ပြောကြသူတွေလို အမြင်တွေ ကွဲပြားနေတာမို့ အမေရိကန် ဥပဒေပြု အမတ်တွေက အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိလိုနေကြတာပါ။

အထူးသဖြင့် မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူထားတဲ့ အမေရိကန်အစိုးရ အနေနဲ့ ထိတွေ့ ဆက်ဆံရေး မူဝါဒတွေကိုပါ ကျင့်သုံးလာနေချိန် ဖြစ်တာမို့ အခြေအနေတွေကို ထဲထဲဝင်ဝင် သိဖို့ လိုအပ်တာမို့ အခုလို ကျင်းပရတာလို့လည်း ကြားနာပွဲ သဘာပတိဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ အီလီနွိုက်စ်ပြည်နယ် အောက်လွှတ်တော်အမတ် ဒိုနယ်လ်ဒ် မန်ဇူလို (Donald Manzullo) က ပြောပါတယ်။

“မြန်မာနိုင်ငံက လျှို့ဝှက်ချက် မျက်နှာဖုံးရဲ့ နောက်ကွယ်မှာ အပြောင်းအလဲတွေ ရှိတယ်ဆိုရင်လည်း ဘာတွေလဲ ဆိုတာကို ပြည့်ပြည့်၀၀ သိနိုင်အောင် လေ့လာစူးစမ်းဖို့ ဒီကနေ့ ကြားနာပွဲကို ကျင်းပတာပါ။ ရွေးကောက်ပွဲ ကျင်းပချိန်ကစပြီး ဒီရွေးကောက်ပွဲဟာ ဘယ်လောက်ပဲ မသမာမှုတွေရှိရှိ တိုင်းပြည်တွင်းက နိုင်ငံရေး အခြေအနေတွေအတွက် အရေးပါတဲ့ အပြောင်းအလဲတခု ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကြား အချေအတင် ဖြစ်စရာ ကွဲလွဲတဲ့ အမြင်တွေ ရှိကြတာကိုလည်း ကျနော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။

“ဒီအငြင်းအခုန်တွေနဲ့အတူ ထူးထူးခြားခြား ဘာမှ ချက်ချင်း ဖြစ်မလာဘူး ဆိုရင်တောင်မှ အနာဂတ်အတွက် အပြောင်းအလဲတွေကို ဦးတည်ကောင်း ဦးတည်စေမလား ဆိုတာ ငြင်းခုန်ကြတာတွေလည်း ရှိပါတယ်။”

ကြားနာပွဲအတွင်း ထွက်ဆိုသွားသူတွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေ မပြေလည်နိုင်သေးဘဲ ဖြစ်နေရတာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်း ခံနေရတာလို လူ့အခွင့်အရေး အခြေအနေတွေ နိမ့်ကျနေတာတွေကို ထောက်ပြပြီး အစိုးရသစ် တက်လာပေမဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေ မရှိသေးဘူးလို့ ပြောဆိုခဲ့ကြတာပါ။

အမေရိကန်အစိုးရ အနေနဲ့လည်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ လိုအပ်သလောက် ဖိအားပေးမှုတွေ မရှိဘူးလို့လည်း ကြားနာပွဲမှာ ထွက်ဆိုခဲ့သူ တဦးဖြစ်တဲ့ ၀ါရှင်တန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ရဲ့ အမှုဆောင်အရာရှိ ဦးအောင်ဒင်က ပြောပါတယ်။

“အခုဟာက Engagement ဆိုတာ တိုက်ရိုက်ဆက်ဆံရေး မူဝါဒအောက်မှာ အမေရိကန် အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရ အပေါ်မှာ လိုက်လျောမှုတွေက ပိုများတာ တွေ့တယ်။ တဘက်မှာကျတော့ ရှိထားတဲ့ စီးပွားရေး ပိတ်ဆို့မှုကိုလည်း ပိုပြီးတော့ စနစ်တကျ ပြင်းအားကောင်းအောင် မလုပ်ဘဲနဲ့ နောက်တခါ ထပ်မံ တိုးချဲ့ဖို့ကျတော့လည်း ငြင်းဆန်နေတဲ့ အတိုင်းအတာမှာ ရှိတယ်။

“ထပ်မံ တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့် ကျနော်တို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စမှာ အမေရိကန် အစိုးရ အနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားတာကို မတွေ့ရဘူး။ အဲဒီလိုပဲ လက်ရှိ ချမှတ်ထားတဲ့ Targeted Sanction ခေါ်တဲ့ မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ အပေါင်းအပါ စီးပွားရေးသမားတွေကို ပိတ်ဆို့ ဟန့်တားတဲ့ စီးပွားရေး ပိတ်ဆို့မှုကိုလည်း တကယ်ကျတော့ ထိထိရောက်ရောက်လုပ်တာ မတွေ့ရဘူး။ ဒါကြောင့် ကျနော်တို့က သိပ်မကျေနပ်ဘူးပေါ့။

“တဘက်မှာ Engage လုပ်တာတော့ အပြစ်မတင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Engage လုပ်တဲ့ အချိန်ထဲမှာ ဒီဘက်မှာ နအဖ စစ်အုပ်စုကကျတော့ လူတွေကို ဆက်ပြီး ဖမ်းနေတယ်၊ လူတွေကို ဆက်ပြီး သတ်နေတယ်၊ လူတွေကို ဆက်ပြီး နှိပ်စက်ညှဉ်းပန်းနေတယ်။ အဲဒီကာလမှာ လက်ရှိအထိ ရှိထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပိုပြီး ခိုင်မာ အားကောင်းအောင် လုပ်ဖို့ အမေရိကန် အစိုးရမှာ တာဝန်ရှိပါတယ်။”

ကြားနာပွဲ သဘာပတိဖြစ်သူ အောက်လွှတ်တော်အမတ် ဒိုနယ်လ်ဒ် မန်ဇူလိုကတော့ အခုနောက်ဆုံး မြန်မာနိုင်ငံ မြောက်ပိုင်းက ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ရယူထားတာတွေ ပျက်ပြားပြီး တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာတွေဟာ တိုင်းပြည်မှာ အပြောင်းအလဲတွေ မရှိသေးဘူး ဆိုတာကို ညွှန်ပြနေတယ်လို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာအစိုးရ အနေနဲ့ သမ္မတ အိုဘားမား အစိုးရရဲ့ ချဉ်းကပ်မှု အသစ်တွေကို အခွင့်အလမ်းကောင်း တခုအဖြစ် လက်မလွှတ်ဖို့နဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးတွေ တိုးတက်စေဖို့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ လိုမယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, June 22, 2011

SSPP/SSA နှင့် မြန်မာစစ်တပ် အပြန်အလှန် ဝန်းရံတိုက်ခိုက်

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကျေသီးမြို့ နယ်ရှိ တပ်စခန်းတခုအား မြန်မာစစ်တပ် အင်အား ၃-၄ ရင်း ပူးပေါင်း၍ ယမန်နေ့ မနက်ပိုင်းမှစ၍ထိုးစစ် ဆင်တိုက်ခိုက်ရာ ယနေ့မနက်ပိုင်းအထိစခန်းအပြင်ဖက်၌ အပြန်အလှန် ဝန်းရံထားကြ ကြောင်းဝမ့်ဟိုင်း ဌာနချုပ်မှ အရာရှိတဦးကပြောသည်။


“ မနေ့က မနက် ၈ နာရီ ၁၅ မှာစပစ်တယ်။ မြန်မာစစ်တပ်ဖက် သီပေါ မုံးလာက ခလရ ၁၄၇ ၊ မိုင်းနောင် ခလရ ၂၈၆၊ မိုင်းရယ် ခမရ ၃၂၅ ၊ နမ့်လန် ၅၀၄ စတဲ့ ပူးပေါင်းတပ်အချို့ ပါတာ တွေ့ရတယ်။ လက်နက်ကြီးတွေနဲ့ ချ တယ်။ ကျနော်တို့ တာ့ဖာဆောင်တပ် စခန်း က အင်အား ၃၀ လောက်နဲ့ဘဲ ခံစစ်ဆင်နေပါတယ်” ဟု အဆိုပါ အရာရှိ ကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖာဆောင်တပ်စခန်းမှာ သီပေါ-ကျေးသီး မိုင်းရယ်ကြား နမ့်ဟဲန်ချောင်း အနီးရှိ ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စုတွင် ဖြစ်သည်။ ၈ နာရီ ၁၅မိနစ်က စသည့် တိုက်ပွဲမှာ ပစ်လိုက်ရပ်လိုက်ဖြင့် ညပိုင်းအထိ ပစ်ခတ်ခဲ့ကြပြီး ယနေ့ မနက်ပိုင်းအထိ အပြန်အလှန်အင်အား ဖြည့်ကာ နှစ်ဘက် အထပ်ထပ် ဝန်းရံနေကြသေးကြောင်း ဝမ့်ဟိုင်းမှ သျှမ်းပြည်တပ်မတော်အရာရှိက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာပြမြေပုံ

“ အဲဒီတာ့ဖာဆောင်စခန်းမှာ ကျနော်တို့ တပ်မဟာ ၃၆ ရဲ့ တပ်ရင်း ၇၆၆ ရှိတယ်လေ။ ဗမာစစ်တပ်ကလှုပ်ရှား စစ်ဗျူဟာ ၂ လက်အောက်ခံ ခလရ ၂၂ က ကျနော်တို့ စခန်းကို ဝိုင်းရံလိုက်တယ်။ သူတို့မှာ အင်အား ၇၀ လောက်ရှိမယ်။ မိုင်းရယ်အခြေစိုက် ခလရ ၆၇ ကို သူတို့ စစ်ကူထပ်တောင်းထားတယ်။

ကျနော်တို့ရဲ့ တပ်မဟာ ၂၇ ရဲ့ တပ်ရင်း ၁၈၇ က ဗမာစစ်သားတွေရဲ့ အပြင် ဖက်ကနေ ဝိုင်းပတ် ပိတ်စို့ တိုက်ခိုက်တယ်။ တိုက်ပွဲက မနက် ၈ခွဲကနေ ည ၁၀ နာရီခွဲလောက်အထိ သေနတ် ဖေါက် နေတုန်း”

အဆိုပါတိုက်ပွဲမှ သေကြေ ဒဏ်ရာရမှုကိုမူ မသိရသေးဟုလည်းဆိုပါသည်။

“ကျနော်တို့နယ်မြေအကြောင်း ကျနော်တို့လောက် ဘယ်သူက သိနိုင်မှာလဲ မဟုတ်ဘူးလား။ ဒီတိုက်ပွဲမှာ ဗမာတပ်တွေ ဘယ်လောက်သေတယ်ဆိုတာ မသိရသေးပေမယ့် သူတို့ အများကြီး သေကြေဒဏ်ရာရမှာ သေချာတယ်။ သန်းခေါင် လောက်ကစပြီး ပစ်ခတ်တိုက်ခိုက်တာတွေ မရှိတော့ပေမယ့် ဒီမနက်အထိ နှစ်ဘက် အပြန်အလှန်ပိတ်ဆို့ထားတုန်း” ဟုလည်း ပြောဆိုလိုက်သည်။

အလားတူ ၁၇ ရက်နေ့က ဖြစ်ပွါးခဲ့သော တိုက်ပွဲများအနက် တန့်ယန်း - လားရှိုး ကားလမ်းပေါ် ရှိမိုင်းရယ်မြို့နယ် ဟိုယ အုပ်စု၌ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် တကြိမ်၊ ညနေ ၅ နာရီခွဲတွင်တကြိမ် မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းလည်း SSPP/SSA အရာရှိတဦးက ထပ်လောင်းဖြည့်စွက် သည်။

“ ၁၇ ရက်နေ့တုန်းက မိုင်းရယ်မြို့နယ် ဟိုယ အုပ်စုမှာ တိုက်ပွဲတကြိမ်ဘဲ သျှမ်းသံတော်ဆင့်က သတင်း ထုတ်လွှင့်သွား တာတွေ့ရတယ်။ တကယ်တော့ အဲနေ့ ဟိုယမှာဘဲ ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ နေ့ခင်း ၁ နာရီ မိနစ် ၄၀ က ဟိုယအုပ်စု နမ့်တောင်တွေ-ဟိုတုန်းရွာနားမှာ SSPP/SSA ရဲ့ တပ်မဟာ ၁ တပ်ရင်း ၈၅၁ က မြန်မာစစ်တပ်ရဲ့ ခလရ ၆၇ နဲ့ ဗိုလ်မွန်း -မန့်ပန်ဌာနေ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့နဲ့ ပစ်ခတ်ခဲ့ရတယ်။ မြန်မာစစ် တပ်ဖက်က ၃ ယောက်သေ တယ်။ သူတို့ရဲ့ M 22 တလက်သိမ်း ရမိတယ်။ နောက် ညနေ ၅ နာရီခွဲကျတော့ SSPP/SSA တပ်မဟာ ၁ ရဲ့အမှတ် ၉ မြို့နယ်အုပ်ချုပ်ရေး တပ်က မိုင်းရယ်အခြစိုက်မြန်မာတပ်နဲ့ ဟိုယ အုပ်စုမှာ တိုက်ပွဲထပ်ဖြစ်တယ်။ အဲ့မှာလဲ ဗမာဖက်က ၃ ယောက် သေတယ်။ တပ်ကြပ်ကြီး တယောက်ပါ တယ်။ သူတို့ရဲ့ MA 1လက်နက်တလက် ရတယ်” ဟု ဆိုပါသည်။

သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင် တိုက်ခိုက်နေမှုအပေါ် ဝမ့်ဟိုင်းဌာနချုပ် သိမ်းပိုက်နိုင်ရေးအတွက် ဓါတု လက်နက် သုံးသင့်က သုံးရမည်ဟု နေပြည်တော် စစ်ရုံးချုပ်မှ အမိန့်ချကြောင်း ခိုင်လုံသော လားရှိုးစစ်တိုင်းရုံး သတင်းရပ်ကွက် က သျှမ်းသံတော်ဆင့်သို့ ပြောပြဖူးသည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

ဝမ့်ဟိုင်းဌာနချုပ် စီးနင်းသိမ်းပိုက်နိုင်ရန် ဓာတုလက်နက် သုံးသင့်လည်း သုံးရမည်ဟု နေပြည်တော်စစ်ရုံးချုပ် ညွှန်ကြား

ထိုးစစ်ဆင် တိုက်ခိုက်လာသည့် မြန်မာစစ်တပ်အား ပျောက်ကျားနည်းဖြင့် ၃ လကြာ ခုခံတိုက်ခိုက် နေသော သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် (SSPP/SSA) ၏ ဝမ့်ဟိုင်းဌာနချုပ်အား စီးနင်းသိမ်းပိုက်နိုင်ရန် ဓာတုလက်နက်သုံးသင့်လျှင် သုံးရမည်ဟု နေပြည်တော်စစ်ရုံးချုပ်မှ ညွှန်ကြား ထားကြောင်း စစ်ရုံး ချုပ်အတွင်းပိုင်းနှင့်ဝင်ဆန့် သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ဝမ့်ဟိုင်းဌာနချုပ် ဒါမှမဟုတ် စဝ်ပန်ဖှရဲ့ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ဓာတုလက်နက်သုံးသင့်ရင်လဲ သုံးရမယ်လို့ ညွှန်ကြားထားတယ်။”

အလားတူ SSPP/SSA ၏ ဝမ့်ဟိုင်းဌာနချုပ်ကို မဖြစ်မနေ စီးနင်းသိမ်းပိုက်နိုင်ရမည်ဟု လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးမှ အမိန့်ချကြောင်း ရမခတိုင်းရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။


သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စု တောင်ဘက် SSPP/SSA ၏ အဓိကမဟာဗျူဟာမြောက် လွယ်ဂျန့်ကင့် ရ မိုင် တပ်စခန်းကို ဇွန်လ ၃ ရက်နေ့ မြန်မာစစ်တပ် တိုက်ခိုက်ခဲ့စဉ် ကလည်း မြန်မာ စစ်တပ်မှ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း တပ်မဟာ ၃၆ မှ တပ်မှူးတစ်ဦးက အထောက်အထားပြဆို ပြောကြား ခဲ့သည်။

SSPP/SSA တပ်သားများ

တဖက်၌လည်း မြန်မာစစ်တပ်က ဝမ့်ဟိုင်းဌာနချုပ် အနီးသို့ စစ်အင်အားများ ပို့ဆောင်ဖြည့်တင်းလျက်ရှိ သည်။

“၂၀ ရက် မနေ့က တောင်ကြီးကနေ စစ်ကားအစီး ၅၀ လဲချားကို မနက် ၈ နာရီ ရောက်လာတယ်။ ဒေသခံတွေရဲ့ ကားတွေတောင် ချောဆွဲထားသေးတယ်။ ဝမ့်ဟိုင်းဘက်ကို တက်ဖို့ပေါ့” ဟု လဲချား ဒေသခံတစ်ဦးက ပြောပါသည်။

မိုင်းရယ်ဖက်မှလည်း ဇွန် ၁၈ ရက်နေ့၌ ဝမ့်ဟိုင်းဌာနချုပ်ဘက်သို့ ဆင်းလာကြောင်း SSPP/SSA မှ တပ်မှူး တစ်ဦးက ဆို၏။

ဇွန် ၁၄ ရက် သျှမ်းပြည်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် လားရှိုးသို့ ရောက်ရှိစဉ် တပ်မ ၃၃ လည်း တရုတ်ဖြစ် FAW ၆ ဘီး စစ်ကား ၁၆ စီး ရမခတိုင်းရုံးသို့ ရောက်ရှိကြောင်း လားရှိုးကုန်သည်တစ်ဦးက လည်းပြောပါသည်။

ထွက်ပေါက်တစ်ပေါက်တည်းသာ ပေးထားသည့် ပုံစံဖြင့် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းအား မြန်မာစစ်တပ် က သုံးဖက်သုံးတန်မှ အင်အားဖြည့် ဝိုင်းရံပိတ်ဆို့ထားသည်ဟုလည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS/SSA)ခေါင်းဆောင် စဝ်ယွတ်စစ် က ပြောဆို၏။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

Fighting Continues between Govt and Kachin Troops


source by : http://www.youtube.com/user/irrawaddynews

အပြည့်အစုံ ဖတ်ရန် ...

EU ကိုယ်စားလှယ်အဖွဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

Myanmar pro-democracy leader Aung San Suu Kyi talks to reporters after meeting with U.S. Senator John McCain at her home in Yangon June 2, 2011 (file photo)

EU ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ အကြီးအကဲရဲ့ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ မစ္စတာ ရောဘတ် ကူးပါး (Robert Cooper) နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန် (David Lipman) နဲ့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့ ပါဝင်တဲ့ EU ကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံ ဆွေးနွေးရတာဟာ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

EU ဥရောပသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ရောဘတ် ကူးပါးနဲ့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ပီယာရို ဖက်ဆီနို ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဒီနေ့ အင်္ဂါနေ့ညနေ ၆ နာရီကနေ တနာရီကြာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံတဲ့ ဆွေးနွေးပွဲကို အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲအဖြစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ပြောတာကတော့ သူ EU နဲ့ တွေ့တဲ့အခါမှာ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရရင်တော့ သူက ရင်းနှီး ပွင့်လင်းမှုရှိတယ်၊ မိတ်ဆွေရင်းချာတွေက ဒီလိုပဲ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြတယ်၊ ရိုးရိုးသားသား ဆွေးနွေးကြတယ်၊ အမှန်အတိုင်းပဲ သူ့ရင်ထဲမှာ ရှိတာတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲက အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲ တခုပါလို့ အဲဒီလို ပြောပါတယ်။

“EU နဲ့ ကျနော်တို့ NLD နဲ့ ဆက်ဆံရေးက မူလကတည်းက ကောင်းခဲ့တယ်။ ထပ်ပြီးတော့ ပိုပြီးတော့ နားလည်တာပေါ့ဗျာ။ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်ပြီးတော့ ကြိုးပမ်းသွားကြရမယ်လို့ ပြောပါတယ်။”

EU ကိုယ်စားလှယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဟံသာမြင့်တို့နဲ့ သီးခြား တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ ဒုတိယ ဥက္ကဋ္ဌကြီး ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ကျနော်၊ နောက် ဦးဝင်းမြင့်၊ ဒေါ်မေ၀င်းမြင့်၊ စတဲ့သူတွေ ပါပါတယ်။ နောက် CRPP ခေါင်းဆောင်တွေကတော့ ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန်၊ ဦးစိုးဝင်းတို့ တက်ရောက်ပါတယ်။”

EU ကိုယ်စားလှယ်နဲ့ တွေ့ဆုံပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်း ဖိအားပေးဖို့ အဓိက တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ပြီး အခိုင်အမာ ရပ်တည်ပြီး ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းနေပုံတွေကို ရှင်းပြပါတယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့၊ ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ၀ိုင်းဝန်းပြီး တိုက်တွန်းသင့်တယ် ဆိုတဲ့အကြောင်း၊ အခုလောက် လွတ်မြောက်တာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ မဖြစ်စေနိုင်ဘူးပေါ့။ အဲဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်မြောက်ဖို့က အခြေခံအကျဆုံးအချက် ဖြစ်တယ်ဆိုတဲ့ အကြောင်း ထပ်ပြီး ရှင်းလင်းပါတယ်။

“တဆက်တည်းမှာပဲ တိုင်းရင်းသား ဒေသတွေမှာ အခုဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒေသခံ ပြည်သူတွေရော၊ ဒုက္ခသည်တွေ အခက်အခဲမျိုးစုံ တွေ့တာ ဖြစ်တဲ့အတွက်ကြောင့် ဒီစစ်မီးတောက်တွေကိုလည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်တယ်လို့ ကျနော်တို့က သဘောထား ကြေညာထားပြီး ဖြစ်တဲ့အတိုင်း အဲဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ကြိုးပမ်းဖို့ နိုင်ငံတကာကလည်း တိုက်တွန်းသင့်တယ် ဆိုတဲ့အကြောင်း အဲဒါတွေ ရှင်းပြပါတယ်။

“လက်ရှိ အစိုးရသစ် အနေနဲ့ကတော့ သူတို့လည်း ကောင်းဖို့လုပ်နေပါတယ်လို့တော့ ပြောဆိုနေတာပဲ။ သို့သော်လည်း လက်တွေ့ အလုပ်နဲ့ချိန်ပြီးတော့ လေ့လာသင့်တဲ့အကြောင်း ဒုတိယ ဥက္ကဋ္ဌကြီးက တင်ပြပါတယ်။”

EU ဥရောပသမဂ္ဂရဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ရောဘတ် ကူးပါး ဦးဆောင်တဲ့ အဖွဲ့ဟာ တနင်္လာနေ့ကတော့ နေပြည်တော်မှာ ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပြင် ပြည်ထဲရေးနဲ့ အလုပ်သမား ၀န်ကြီးဌာနတွေက ဒု-၀န်ကြီးတွေနဲ့ပါ တွေ့ဆုံပြီး မြန်မာနဲ့ EU အကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာတဲ့ နောက်ပိုင်းမှာ မကြာခင်က လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain)၊ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) တို့နောက်မှာ အခု အနောက်နိုင်ငံက အဆင့်မြင့် ပုဂ္ဂိုလ်တွေထဲမှာ EU ဥရောပသမဂ္ဂက ဒု-ဥက္ကဋ္ဌ မစ္စတာ ကူးပါးက နောက်ဆုံး လာရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရသစ် တက်လာခဲ့ပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂက ဧပြီလထဲမှာ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေကို တနှစ်ထပ်ပြီး သက်တမ်းတိုးခဲ့ပါတယ်။

အခု မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မစ္စတာ ကူးပါး ဦးဆောင်တဲ့ EU ကိုယ်စားလှယ် အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ညနေ ၆ နာရီမှာ ရန်ကုန်က အီတလီသံရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ပူတာအိုခရိုင်တွင် မြန်မာတပ်နှင့် KIA တိုက်ပွဲစတင်လာ

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်၊ မလိခမြစ်နှင့် ခရန်ခမြစ် ကြား (Mali-Hkrang Walawng)ဒေသတွင် ဇွန် ၂၂၊ ယနေ့ ဗုဒ္ဓဟူး ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှ စတင်ပြီး မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲစတင် လာသည်။

KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နှင့် ပူတာအိုမှ မြန်မာစစ်တပ်ကြား ခရန်ခ မြစ်ညာတွင် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်ဟု တပ်မဟာ ၁ သတင်းရပ်ကွက်ကဆိုသည်။

dung-7-majan-myen

ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု လိုင်ဇာဌာနချုပ်မှ KIA အရာရှိတစ်ဦးကလည်း ကချင်သတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။

ဇွန် ၉ ရက် မြန်မာ-KIA တိုက်ပွဲများ စတင်လာကာ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲများ နေရာအနှံ့ဖြစ်လာသည်။

source by : http://www.kachinnews.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, June 21, 2011

ကတိမတည်သော အစိုးရ၊ KIA နှင့် ငြိမ်းချမ်းရေး

အောင်လင်းထွဋ်| မြန်မာနိုင်ငံမြောက်ဘက် ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံသည့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းနေမှုကို မကြာသောကာလက တိုက်ပွဲများက နင်းခြေဖျက်ဆီး ခဲ့လေပြီ။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ယခင် စစ်အစိုးရ၏ ခက်ခက်ခဲခဲ ရယူခဲ့သော ငြိမ်းချမ်းရေး ခရီးစဉ်တွင် ကိုယ်တိုင် ပါဝင်ခဲ့ရသည့် အတွေ့အကြုံကို တင်ပြလိုပါသည်။

ဦးစွာပထမ ၀န်ခံလိုသည်မှာ စာရေးသူတို့ ကိုယ်တိုင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လှည့်ဖျားမှု လိမ်လည်မှု ခံလိုက်ရကြောင်း အချိန်နှောင်းမှ သိရသည့် အချက်ဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - www.isc-gspa.org)

စစ်အစိုးရခေတ် ငြိမ်းချမ်းရေး ရည်ရွယ်ချက်များနှင့် ပတ်သက်၍ နှစ်ပိုင်း ခွဲကြည့်ရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာလတို့ ဖြစ်ပါသည်။

KIA ခေါင်းဆောင်ပိုင်းနှင့် စစ်ထောက်လှမ်းရေး ခေါင်းဆောင်ပိုင်း တို့သည် ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်တနေရာ၌ လျှို့ဝှက် တွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ငြိမ်းချမ်းရေး မူဝါဒသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး တဦးနှင့်တဦး ယုံကြည်မှု တည်ဆောက်ကြမည်၊ နိုင်ငံရေးကိစ္စကို နောင်ပြည်သူ့အစိုးရ အသစ်တက်လာသည့်အခါ ဆွေးနွေးမည်၊ တပ်မတော်သည် ပြည်သူက ခန့်အပ်ထားသော အစိုးရ မဟုတ်သောကြောင့် တိုင်းရင်းသားအရေးကို မဆုံးဖြတ်နိုင်ဟု မူချမှတ်ခဲ့သည်။

ပထမဦးဆုံး လျှို့ဝှက်ဆွေးနွေးပွဲတွင် န၀တ ဘက်မှ ဒုဗိုလ်မှူးကြီး တင်ဝင်း (အလုပ်သမားဝန်ကြီးနှင့် အမေရိကန် သံအမတ်ကြီးဟောင်း)၊ ဗိုလ်မှူး သန်းအေး (ဗိုလ်မှူးကြီးဟောင်း - ကွယ်လွန်) တို့ဖြစ်ပြီး KIA ဘက်မှ ဦးဘရန်ဆိုင်းနှင့် အဖွဲ့ အကျိုးဆောင် ဒေါက်တာ စဘွဲဂျွန်၊ ဦးခွန်မြတ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် န၀တဘက်မှ အထက်ပါ မူဝါဒအသစ်နှင့် ပတ်သက်၍ ရှင်းလင်း ခဲ့ရာတွင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ အစိုးရများသည် လက်နက်ချရေးမူကိုသာ အသေစွဲကိုင် ခဲ့မှုကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မမြင် ဖြစ်ခဲ့ကြရကြောင်း၊ ထို့ကြောင့် မိမိတို့ လက်ထက်တွင် မူသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ယုံကြည်မှု တည်ဆောက်ကြမည်ဖြစ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်စဉ် ကာလအတွင်း အပစ်အခတ်ရပ်စဲထားပြီး တဘက်နှင့် တဘက် နားလည်မှု ရရှိရေး၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းတို့ ပါဝင်သည်။ သို့သော် KIA အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို သဘောတူမှ တရားဝင် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ကမ်းလှမ်းခဲ့သည်။

KIA ဘက်မှလည်း စစ်မှန်ပြီး အရှည်သဖြင့် တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်၊ ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးသည့် နည်းများဖြင့်သာ ဖြေရှင်းသွားလိုကြောင်း န၀တ၏ သဘောထားများကို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဗဟိုကော်မတီသို့ တင်ပြပြီး သဘောထားကို ရယူသွားမည်ဖြစ်ကြောင်း ပဏာမတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချ အာဏာရယူခဲ့ပြီးနောက် KIA ခေါင်းဆောင် ဦးဇော်မိုင် လက်ထက်တွင် အကျိုးဆောင်များမှတဆင့် ယခင်ပဏာမ တွေ့ဆုံခဲ့စဉ် ရှင်းလင်းချက်များကို အခြေခံ၍ န၀တနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

အကျိုးဆောင် လူကြီးများအဖြစ် သင်းအုပ်ဆရာ ဒေါက်တာ စဘွဲဂျွန်၊ အငြိမ်းစား သံအမတ်ကြီး ဦးလ၀မ်၊ စီးပွားရေးလုပ်ငန်းရှင် ဦးခွန်မြတ်တို့က ဆောင်ရွက်ခဲ့သည်။ ၁၉၉၂ ခုနှစ်နှောင်းပိုင်း KIA ၏ကမ်းလှမ်းချက်ကို ထိုစဉ်က စစ်ထောက်လှမ်ရေး ညွှန်ကြားရေးမှူးရုံး စစ်ဦးစီးမှူး (ပထမတန်း) ဒု ဗိုလ်မှူးကြီး ကျော်သိန်း မှတဆင့် ဒု ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ကျော်ဝင်း၊ ညွှန်ကြားရေးမှူးနှင့် န၀တ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွန့်တို့ကို တင်ပြခဲ့ပါသည်။ ဗိုလ်ချုပ် ခင်ညွန့်မှ တဆင့် န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ရမည်ကို အမိန့်တောင်းခံခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်မှာ “ကိုခင်ညွန့် KIA ကို လက်နက်ချရမယ်လို့ ပြောလိုက်” ဆိုသည့် အမိန့်ပင်ဖြစ်သည်။ ဗိုလ်ချုပ် ခင်ညွန့် အပါဝင် စာရေးသူတို့အားလုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကြောင့် အတော်ပင်စိတ်ပျက်ခဲ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်ကတည်းက န၀တ ဒု ဥက္ကဋ္ဌ ဖြစ်ပါသည်။ ယခင်က KIA နှင့် ဆွေးနွေးခဲ့သည်များကို သူကောင်းစွာ သိပါသည်။ အဘယ်ကြောင့် ထိုသို့ ပြောခိုင်းသည်ကို သူ၏သားတပည့် ဗိုလ်ချုပ် ကျော်ဝင်းမှအပ ကျန်လူများ မသိကြပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အားနည်းချက်မှာ ငယ်စဉ် တာဝန်ထမ်းဆောင်ခဲ့ရသော တပ်မတော် ၀ါဒဖြန့်ချိရေးဌာနတွင် စိတ်ဓာတ်စစ်ဆင်ရေးအလုပ်ကို ၀ါသနာထုံခဲ့သူဖြစ်သည်။ ဘယ်အရာမဆို စိတ်ဓာတ်စစ်ဆင်ရေး အမြင်ဖြင့် စဉ်းစားလေ့ရှိသည်။ တခါတရံ သူပြောသည့် စကားတိုင်းကိုပင် သူမှတ်မိချင်မှ မှတ်မိပါသည်။ မြှောက်ပင့်ပြောသည်ကို သဘောကျသည်။ အနီးကပ်နေရသူများ၏ စကားကို ယုံလွယ်သည်။

ဗိုလ်ချုပ် ကျော်ဝင်းက KIA ကို ပြန်ကြားရမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကို အကျိုးဆောင် လူကြီးများမှတဆင့် ပြန်ကြားရန် စာရေးသူအား တာဝန်ပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြန်ကြားချက်ကို စာရေးသူသည် အကျိုးဆောင် လူကြီးများကို ရှင်းပြသည့်အခါ အားလုံး စိတ်ဓာတ်ကျခဲ့ပြီး ငြိမ်းချမ်းရေးတော့ ဝေးပါပြီဟု မှတ်ချက်ပြုခဲ့ကြသည်။

ဆက်လက်၍ စာရေးသူက အကျိုးဆောင်လူကြီးများအား မည်သို့ပင်ဖြစ်စေ ပြန်ကြားချက်တခုခု ပေးပါရန်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အချိန်မရွေး စိတ်ပြောင်းလဲတတ်သူဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် မဝေးသေးပါကြောင်း ပြောကြားခဲ့ရသည်။

ရက်သတ္တပတ် အနည်းငယ်အကြာတွင် အကျိုးဆောင် လူကြီးများမှတဆင့် KIA ၏ ပြန်ကြားချက်မှာ KIA သည် ကချင်လူမျိုးများ တန်းတူအခွင့်အရေးအတွက် တော်လှန်ရေးလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ကျော်ပြီဖြစ်ကြောင်း၊ န၀တ ပြောသကဲ့သို့ လုပ်ရမည်ဆိုလျှင် ကချင်လူမျိုးများအပေါ် သစ္စာဖောက်ရာရောက်မည် ဖြစ်ကြောင်း၊ ကချင်တို့အနေဖြင့် ဘယ်သောအခါမှ ပြည်ထောင်စုမှ ခွဲထွက်မှာ မဟုတ်ကြောင်း၊ ထို့ကြောင့် KIA ၏ ဂုဏ်သိက္ခာကို ထောက်ရှု၍လည်းကောင်း၊ ကချင်လူမျိုးများအား ဂရုဏာထားသောအားဖြင့် ငြိမ်းချမ်ရေးရရှိရေး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကဲ့သို့ သဘောထားပေးရန် ပြန်ကြားခဲ့သည်။ ဤကဲ့သို့ KIA ပြန်ကြားချက်အပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကန့်ကွက်တော့ဘဲ တရားဝင် တွေ့ဆုံဆွေးနွေးပွဲကို လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ KIA က ကချင်တို့၏ မြို့တော် မြစ်ကြီးနားတွင် ဆွေးနွေးပွဲကို ကျင်းပလိုကြောင်း ပြောကြားခဲ့သော်လည်း ပထမတကြိမ်တွင် လာရှိုးမြို့တွင် ပြုလုပ်ရန် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ မေတ္တာရပ်ခံချက်ကြောင့် ဆွေးနွေးပွဲနေရာ ရွေးချယ်မှု အဆင်ပြေခဲ့သည်။

န၀တ နှင့် KIA တရားဝင်ဆွေးနွေးမှုကို ၁၉၉၃ ခုနှစ် အစောပိုင်းမှစတင်၍ ပြုလုပ်ခဲ့သည်။ ပထမအကြိမ် လာရှိုးဆွေးနွေးပွဲ၌ န၀တ ဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော် (ပြန်ကြားရေးဝန်ကြီးဟောင်း - ကွယ်လွန်) ခေါင်းဆောင်ပြီး စစ်ထောက်လှမ်းရေးမှ ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ ပါဝင်ခဲ့သည်။ KIA ဘက်မှ ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင် ခေါင်းဆောင်သောအဖွဲ့ တက်ရောက်ခဲ့ကြသည်။ ပထမအကြိမ် ဆွေးနွေးပွဲသည် တချိန်က ရန်သူများ၊ ယခု မိတ်ဆွေများအနေဖြင့် တွေ့ဆုံကြပြီး လူပုဂ္ဂိုလ်ချင်း လေ့လာသည့် အဆင့်သဘောမျိုး တွေ့ဆုံခဲ့ကြသည်။ န၀တဘက်မှလည်း အပစ်အခတ်ရပ်စဲရေးနှင့် ဒေသဖွံ့ဖြိုးရေးကို ဦးတည်ချက်ထား ဆွေးနွေးခဲ့ကြပြီး KIA ဘက်မှလည်း ကချင်လူထု၏ တခဲနက် ငြိမ်းချမ်းရေး တောင်းဆိုမှုများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခဲ့ကြသည်။

ဒုတိယအကြိမ် တွေ့ဆုံဆွေနွေးပွဲမှစ၍ ဆွေးနွေးပွဲများကို မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်သည်။ ဒုတိယအကြိမ် ဆွေးနွေးပွဲမှစ၍ န၀တဘက်မှ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောလွင် (ဟိုတယ်ဝန်ကြီးဟောင်း)၊ စစ်ထောက်လှမ်းရေးမှ ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းတို့ ဦးဆောင်ပါဝင်ခဲ့ပြီး KIA ဘက်မှ ဥက္ကဋ္ဌ ဦးဇော်မိုင်နှင့် ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင်တို့ ဦးဆောင်ပါဝင်ခဲ့သည်။ အကျိုးဆောင်လူကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲများတွင် စစ်ရေးနှင့်ပတ်သက်၍ အပစ်အခတ် ရပ်စဲရေးကို မည်သို့စတင်လုပ်ကြမည်၊ နှစ်ဘက်စစ်တပ်များ နယ်မြေသတ်မှတ်ရန်၊ ဆွေးနွေးပွဲ ပြုလုပ်နေစဉ် အချိန်အတွင်း နှစ်ဖက်စစ်တပ်များ ယာယီ အပစ်အခတ် ရပ်စဲထားရန်၊ နယ်မြေသတ်မှတ်မှု သဘောတူညီပြီးပါက လက်နက်ကိုင်ဆောင်ပြီး ကန့်သတ်နယ်မြေအတွင်းသို့ ၀င်ရောက်မည်ဆိုလျှင် ခွင့်ပြုချက်ရယူရန်၊ တပ်အင်အားမတိုးချဲ့ရန်တို့ကို ဆွေးနွေးသည်။

စီးပွားရေးနှင့် ပတ်သက်၍ KIA အဖွဲ့ စားသောက်နေထိုင်ရေးအတွက် အစိုးရမှ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်အနေဖြင့်လည်း ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းချ၍ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ စစ်တပ်သည် ပြည်သူ့အစိုးရ မဟုတ်သည့်အတွက် နောင်ပေါ်ပေါက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးရန်တို့ ပါဝင်သည်။

အချုပ်အားဖြင့် အပစ်အခတ် ရပ်စဲထားစဉ်ကာလသည် နှစ်ဘက်ယုံကြည်မှု တည်ဆောက်သည့် ကာလအဖြစ် သတ်မှတ်ပြီး အပြန်အလှန် နားလည်မှုရ၍ ထာဝရငြိမ်းချမ်းရေးဖြစ်ပေါ်ရန် ရည်ရွယ်ခဲ့သည်။ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ နောင်ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရနှင့် နိုင်ငံရေးကိစ္စ ဆွေးနွေးသည့်အခါ ထည့်သွင်း ဆွေးနွေးသွားရန် ဖြစ်သည်။

အထက်ပါ ဆွေးနွေးပွဲများ၌ ဆွေးနွေးသည့် အကြောင်းအရာအပေါ် န၀တဘက်မှ ပေးပို့သော အသေးစိတ် အချက်အလက်များကို စစ်ထောက်လှမ်ရေး ညွှန်ကြားရေးမှူးရုံးမှနေ၍ စာရေးသူကိုယ်တိုင် ဗိုလ်ချုပ်ကြီး ခင်ညွန့်သို့ သတင်းပို့ရသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ဆက်လက်တင်ပြ အမိန့်ခံယူပြီး လမ်းညွှန်ချက်ကို စာရေးသူမှ မြစ်ကြီးနားမြို့ရှိ န၀တကိုယ်စား ဆွေးနွေးနေသောအဖွဲ့သို့ ပြန်လည်အကြောင်းကြားရသည့် တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး နှစ်ဘက်သဘောတူညီသောကြောင့် ငြိမ်းချမ်းရေးစာချုပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်ဖြင့် ၁၉၉၄ ခု ဖေဖော်ဝါရီလတွင် န၀တ ကိုယ်စား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးကျော်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောလွင်တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ KIA ဘက်မှ ဥက္ကဋ္ဌ ဦးဇော်မိုင်နှင့် ဒု ဥက္ကဋ္ဌ ဦးလမုန်တူးဂျိုင်တို့မှ လက်မှတ်ရေးထိုးခဲ့သည်။ ထိုစဉ်က လက်ရှိ သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ထောက် စစ်ဦးစီး ဗိုလ်မှူးကြီး ဖြစ်ခဲ့ပြီး လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေသည် စစ်ဦးစီးမှူး ပထမတန်း ဖြစ်သည်။

၁၉၉၇ ခုနှစ် အလွန်မှစ၍ စစ်အာဏာရှင်ကြီး၏ ဉာဏ်နီဉာဏ်နက်များကို စတင်၍ သိလာရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ထားရှိရမည့် သဘောထားကို တိုင်းမှူး၊ တပ်မမှူးများ လေးလပတ် အစည်းအဝေးတွင် လမ်းညွှန်မှုများ ပြုလုပ်လာခဲ့သည်။ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များသည် ပြည်တွင်း ပြည်ပနိုင်ငံရေးကိစ္စများတွင် လက်နက်တခုသဖွယ် ကိုင်တွယ်အသုံးပြုရန်ဖြစ်ကြောင်း၊ အချိန်မရွေး စစ်ပြန်တိုက်ရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်နမိတ်အစပ်များ စစ်တပ် တပ်ရင်းပေါင်းများစွာကို တိုးချဲ့ဖွဲ့စည်းသွားရန် လမ်းညွှန်မှုများ ပေးခဲ့သည်။ KIA နှင့် မွန်ပြည်သစ်ပါတီကို ဆွဲထုတ်ပြီး KNU ကို အင်အားချိနဲ့သွားအောင် လုပ်ခဲ့သည်။ KNU က ငြိမ်းချမ်းရေး ကမ်းလှမ်းလာသောအခါ လက်နက်ချရမည်ဟူ၍ ပြောခိုင်းခဲ့သည်။ အမျိုးသားညီလာခံတွင် တိုင်းရင်းသားများ စုစည်းပြီး တိုင်းရင်းသားအရေး ဆွေးနွေးရန်တင်ပြရာတွင်လည်း ခွင့်မပြုရန် ညွှန်ကြားသည်။ အမျိုးသားညီလာခံကို အမြန်အပြီးသတ်ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တွင် မပါသည့် နယ်ခြားစောင့်တပ် လုပ်ရမည်ဆိုပြီး အကျပ်ကိုင်လာခဲ့သည်။ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံသော ကိုးကန့်အဖွဲ့ကို ခြေမှုန်းပြီး ခြိမ်းခြောက်ခဲ့သည်။

ယနေ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် ဖြစ်ပွားနေသော တိုက်ပွဲကြီးငယ်များကြောင့် ပြည်သူလူထု အတိဒုက္ခနှင့် ကြုံတွေ့နေရခြင်း၏ အဓိကတရားခံမှာ အမည်ခံ အရပ်သား စစ်အာဏာရှင်အစိုးရပင် ဖြစ်သည်။ ကတိသစ္စာ မတည်သော အမည်ခံ အရပ်သား စစ်အာဏာရှင်အစိုးရ၏ လိမ်လည်မှု လှည့်ဖြားမှုများသည် ယနေ့ အချိန်တွင် ကွက်ကွက်ကွင်းကွင်း တွေ့နေရပြီဖြစ်သည်။ မြောက်ကိုရီးယား ကိစ္စ ၊ ကလေးစစ်သား ကိစ္စ၊ အဓမ္မလုပ်အားပေး ကိစ္စ၊ လူ့အခွင့်အရေး ကိစ္စတို့တွင် ကုလသမဂ္ဂနှင့် ကမ္ဘာကိုလိမ်သည်။ ငြိမ်းချမ်းရေး ကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ၊ နိုင်ငံတော် ဘဏ္ဍာ ကိစ္စတို့တွင် မြန်မာပြည်သူထုကို လိမ်ညာလျက်ရှိပေသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...