Saturday, September 12, 2009

ဦးဝင်းတင် ပြန်လွတ်လာပြီ

ဦးဝင်းတင် ပြန်လွတ်လာပြီ


မဇ္ဈိမသတင်းဌာန

စနေနေ့၊ စက်တင်ဘာလ 12 ရက် 2009 ခုနှစ် 18 နာရီ 28 မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ညနေ ၄ နာရီတွင်ပင် သတင်းရဲတပ်ဖွဲ့က ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။

မနက်က လာရောက်ဖမ်းဆီးသွားခဲ့သော ရန်ကင်းမြို့နယ် ကျောက်ကုန်းရပ်ကွက် တပင်ရွှေထီလမ်းရှိ နေအိမ်သို့ပင် ရဲက ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က နံနက် ၁၀ နာရီခန့်တွင် အသက် ၈၀ အရွယ် သြဇာတိက္ကမရှိ အန်အယ်ဒီ ခေါင်းဆောင် လက်ရှိနေထိုင်ရာ ငယ်သူငယ်ချင်း ဦးအုန်းထွန်း၏ နေအိမ်သို့ လာရောက်၍ ”အနည်းငယ် မေးမြန်းစရာ ရှိသည်” ဆိုကာ အောင်သပြေ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လာရောက် ခေါ်ဆောင်သည့်အချိန်တွင် ဦးဝင်းတင်၊ အိမ်ရှင် ဦးအုန်းထွန်းနှင့် အခြား မိတ်ဆွေ တဦးတို့ ရှိနေကြသည်။

နှလုံးခုန်စက် ထဲ့ထားရသူ သတင်းစာ ဆရာဟောင်းကြီးသည် ဝါရှင်တန်ပို့စ် သတင်းစာတွင် စက်တင်ဘာလ ၉ ရက်နေ့က An 'Election' Burma's People Don't Need မြန်မာလူထုတို့ မလိုသည့် ရွေးကောက်ပွဲ ဟူသော ခေါင်းစဉ်ဖြင့် စစ်အစိုးရက ကျင်းပမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆောင်းပါး တပုဒ်ကို ရေးသားခဲ့သည်။

စစ်အစိုးရက အငြင်းပွားဖွယ်ရာ အခြေခံဥပဒေကို လူ ၁ သိန်း ၃ သောင်းကျော် သေကြေခဲ့သော နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် အတည်ပြုပြီး ဆက်လက်၍ ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် စစ်အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရန် ဦးဝင်းတင်က တောက်လျောက် တောင်းဆိုထားသည်။

သူ၏ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲတွင် ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခု နိုဝင်ဘာလကမှ လွတ်မြောက်ခဲ့သူလည်း ဖြစ်သည်။

အနစ်နာခံ စွှန့်လွှတ်ဝံသူဟု လူငယ်များအကြားနှင့် စစ်အစိုးရ အရာရှိအချို့ကပင် အသိအမှတ်ပြုခံရသူ ဦးဝင်းတင် ထောင်မှ လွတ်မြောက်လာသော အခါတွင် အိမ်ငှား၍ မရရန် အာဏာပိုင်များက နှောက်ယှက်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် ကြုံခဲ့ရသည်

တကိုယ်ရေသမားဖြစ်သူ ဦးဝင်းတင်က ငှားလို၍ စုံစမ်းသော အိမ်များ၏ အိမ်ရှင်များကို အာဏာပိုင်များက သတိပေးမှု ပြုလုပ်သဖြင့် ငှားလိုသူများ လက်တွန့်သွားကြသည်။

မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဗမာပြည်သူတွေအတွက် နောက်ရွေးကောက်ပွဲတခု မလိုအပ်တော့ဟု ဦးဝင်းတင်က ဆို

ဗမာပြည်သူတွေအတွက် နောက်ရွေးကောက်ပွဲတခု မလိုအပ်တော့ဟု
ဦးဝင်းတင်က ဆို

ဝါရှင်တန်ပို့စ် အမေရိကန်သတင်းစာ၊ စက်တင်ဘာ ၉ မှ ကောက်နုတ်ချက်

စက်တင်ဘာ ၁၀၊ ၂၀၀၉


ဦးဝင်းတင်၏ အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို ပုံနှိပ်ဖော်ပြထားရာ အင်န်အယ်ဒီ၏ လက်ရှိရပ်တည်ချက်ကို ထပ်မံအတည်ပြုချက်ပေးခြင်း၊ ဂျင်ဝက်ဘ်အပါအ၀င် နိုင်ငံခြားက ၀င်ရောက် စွက်ဖက်မှုများနှင့် စစ်အစိုးရ၏ နောင်လာမည့် ရွေးကောက်ပွဲအသစ်တခုကို ဝေဖန်ခြင်းတို့ကို ဖော်ပြထားသည်။
မိုးမခက အောက်ပါ ကောက်နုတ်ချက်ကို မြန်မာဘာသာပြန်ဆို တင်ပြလိုက်ပါသည်။

---- ---- ----

ဧပြီလက ထုတ်ပြန်ခဲ့တဲ့ ပါတီရဲ့ တောင်းဆိုချက်တွေက တရားမျှတပါတယ်။ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးကြဖို့ အားပေးတိုက်တွန်းတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ အခြေခံဥပဒေဆိုတာကို ပြန်လည်သုံးသပ်ဖို့၊ အင်န်အယ်ဒီပါတီရုံးခန်းတွေ ဖွင့်လှစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာ စည်းရုံးခွင့်တွေ ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အုပ်စုက ဒေါ်စုကို ဆက်လက်အကျဉ်းချတဲ့ လုပ်ရပ်နဲ့ တုံ့ပြန်လိုက်တယ်။ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကို ဆက်လက် ဖမ်းဆီးထားတယ်။ တိုင်းရင်းသားတွေကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်ခြေမှုန်းတယ်။ သူတို့ရဲ့ ရွှေရည်စိမ်ဒီမိုကရေစီစနစ်ကြီးကို အတင်းအကြပ်စီမံဖို့ ကြိုးပမ်းတယ်။

သည်တော့ နိုင်ငံတကာမိသားစုတွေက ဘယ်လိုအခန်းကဏ္ဍတွေကကနေ အကျိုးရှိရှိ ပါဝင်ပတ်သက်ကြမှာလဲ။ ပထမဦးဆုံးကတော့ ဂျင်ဝက်လိုမျိုး တရုတ်ပြည်နဲ့ လှည့်ပြီး ခြောက်လှန့်တဲ့ အကြောက်တရားအသုံးချ ပရိယာယ်တွေကို စွန့်လွှတ်ကြဖို့ပဲ။ သူပြောတဲ့ တရုတ်ပြည်ကို ကန့်သတ်နိုင်ဖို့အတွက် မြန်မာစစ်အုပ်စုနဲ့ လက်တွဲရမယ်လို့ ဆိုတာဟာ အလွန်ခေတ်နောက်ကျပြီးတော့ လက်တွေ့လုံးဝမကျတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။

ဒေါ်စုကိုယ်တိုင်ကလည်း ဂျင်ဝက်ကို ပြောခဲ့ပြီး ဖြစ်တယ်။ “ ကျမတို့က လူတွေကို အကြောက်တရားတွေ စိုးရိမ်ကြောင့်ကြစိတ်တွေ အခြေခံပြီးတော့ ဆက်ဆံမှာ မဟုတ်ဘူး။ မည်သူနဲ့ မဆို တွေ့ဆုံဆက်သွယ်မှာ ဖြစ်တယ်။ တရုတ်၊ အမေရိကန်၊ အိန္ဒိယ စသည်တို့အားလုံးနဲ့ ရင်းနှီးစွာ သာတူညီမျှ ဆက်ဆံကြမှာ ဖြစ်တယ်။ ကိုယ့်အိမ်နီးချင်းကို ရွေးချယ်ခွင့် မရှိတဲ့အတွက် တရုတ်ပြည်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို နားလည်ပါတယ် ..” လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ - အင်န်အယ်ဒီပါတီကိုယ်တိုင်က နိုင်ငံတကာမိသားစုတွေကို စစ်အုပ်စုနဲ့ တွေ့ဆုံဆက်ဆံဖို့ကို အားပေးတိုက်တွန်းတယ် ဆိုတဲ့အချက်ပဲ။ ပြီးတော့ အဲသည်နိုင်ငံတကာမိသားစုတွေကလည်း စစ်အုပ်စုကို ကျနော်တို့တတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆက်ဆံကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ပေးကြပါ။

ခုချိန်မှာ အမေရိကန်နဲ့တကွ နိုင်ငံတကာက ဗမာပြည်ကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားတယ်။ ဒါဟာ ကျနော်တို့ဗမာပြည်သူတွေ အလွန်တောင့်တတဲ့ ဒီမိုကရေစီအနှစ်သာရတွေအတွက် သူတို့တတွေ အားလုံးအတူတကွ ရပ်တည်ကြောင်း ပြသတဲ့ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ အကယ်၍သာ ဗမာစစ်အုပ်စုက အင်န်အယ်ဒီပါတီနဲ့တကွ တိုင်းရင်းသားအစုအဖွဲ့တွေ အားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမယ်၊ အပစ်အခတ်တွေ ရပ်စဲမယ် ပြီးတော့ စစ်မှန်သော ဒီမိုကရေစီလူ့ဘောင်တည်ဆောက်ဖို့ ခြေလှမ်းတွေ ထပ်သာလှမ်းလာမယ် ဆိုရင် အခုရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ သင့်တော်တဲ့အချိန်တွေမှာ ရုတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

အခုလိုအချိန်ကာလမျိုးမှာ ကျနော်တို့ ရပ်တည်ချက်အပေါ်မှာ ဘယ်သို့သော တွေဝေသံသယစိတ်များ မထားကြပါနဲ့။ အင်န်အယ်ဒီပါတီဟာ ဗမာပြည်သူလူထုတရပ်လုံးရဲ့ ကြေးမုံပြင် ဖြစ်ပါတယ်။ ဗမာပြည်သူလူထုကြီးထံက လွတ်လပ်ရေးကို အဓမ္မကျင့်လုယူရန် လမ်းခင်းနေတဲ့ အခုကျင်းပတော့မည့် အန္တရယ်ကြီးလှတဲ့ အပြစ်အနာအဆာတွေ အပြည့်နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို မိမိတို့ အင်န်အယ်ဒီပါတီက သွေးကြောင်တွေဝေစွာနဲ့ ၀င်ရောက်ဆင်နွှဲမှာ မဟုတ်ပါဘူး။

ကျနော်တို့တတွေဟာ တွေ့ဆုံဆွေးနွေး ဆက်ဆံရေးအတွက် အမြဲတမ်း အဆင်သင့်ဖြစ်လျက် ရှိပါတယ်။ အဲဒါနဲ့ တပြိုင်နက်တည်းမှာပဲ ကျနော်တို့တွေအားလုံးဟာ ကျနော်တို့ရဲ့ အသက်သွေးချွေးတွေ စွန့်လွှတ်ရင်းနှီးခဲ့ရတဲ့ ဒီမိုကရေစီရေး အနှစ်သာရတွေ ဆွတ်ခူးရယူနိုင်ဖို့အရေး ဆက်လက် ရုန်းကန် တိုက်ပွဲဝင်ကြဖို့ကိုလည်း ပိုပြီးတော့ အဆင်သင့်ဖြစ်လျက်ရှိနေတယ် ဆိုတာကိုလည်း ပြောလိုက်ပါတယ်။

မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မလေးရှား ထိန်းသိမ်းရေးစခန်းတွင် မြန်မာများသေဆုံးနေဆဲ

မလေးရှား ထိန်းသိမ်းရေးစခန်းတွင် မြန်မာများသေဆုံးနေဆဲ

မင်းနိုင်သူ / ၁၁ စက်တင်ဘာ ၂၀၀၉


မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးထိန်းသိမ်းထားသည့် မလေးရှားနိုင်ငံ (KLIA) စခန်းမှ မြန်မာအလုပ်သမားတဦး ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထပ်မံသေဆုံးသွားကြောင်းသိရသည်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့က ကိုမင်းခိုင်ဆိုတဲ့လူ ထပ်ဆုံးသွားပြီ။ ဘာရောဂါဆိုတာလည်း အတိအကျမပြောကြဘူး။ ကျနော်တို့ကို ဘာမှ အသိမပေးဘူး။ စခန်းက အသိမပေးသလို မြန်မာသံရုံးကလည်း အသိမပေးဘူး။ အပြင်က မြန်မာအချင်းချင်း လှမ်းပြောကြလို့ သိကြရတာ” ဟု အဆိုပါ ထိန်းသိမ်းရေးစခန်းမှ မြန်မာအလုပ်သမားတဦးက ပြောသည်။

မလေးရှားကွာလာလမ်ပူ လေဆိပ်အနီးရှိ အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ပြီးခဲ့သည့် လမှစတင်ကာ ကူးစက်ရောဂါတမျိုး ဖြစ်ပွားလာသဖြင့် မြန်မာအလုပ်သမားအချို့ သေဆုံးခဲ့သည်။

စခန်းတွင်းရှိ မြန်မာအလုပ်သမားများအရေး စောင့်ကြည့်နေသော အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ (မလေးရှား) မှ ကိုကျော်ကျော်က “ဘာရောဂါဖြစ်တယ်ဆို အတိအကျမသိရဘူး။ ဆေးရုံကလည်း မဖော်နိုင်သေးဘူး။ ရောဂါလက္ခဏာကတော့ အနီကွက်တွေထတယ်၊ ဖျားတယ်၊ အကြောဆွဲတယ်၊ အဲလိုတွေဖြစ်တယ်။ စခန်းထဲမှာတော့ ကျန်းမာရေးအခြေအနေက တော်တော်ဆိုးဝါးနေတယ်။ UNHCR လည်း ၀င်မရ။ မလေးရှားဆရာဝန်များ အသင်းလည်း ၀င်မရဖြစ်နေတာ။ ဟိုတခါမြန်မာ (၂၈) ယောက် ထွက်ပြေးပြီးကတည်းက မလေးအာဏာပိုင်တွေက တော်တော်တင်းကျပ်လိုက်တာ။ အခုနောက်ပိုင်း သူတို့ကို တနေ့ ဆေး (၃) လုံး ပေးနေတယ်လို့တော့ သိထားရတယ်” ဟု ပြောသည်။

ထိန်းသိမ်းခံ မြန်မာအလုပ်သမားများအား စခန်းအနီးရှိ ပူထရာဂျာရာဆေးရုံသို့ ပို့ဆောင်ကုသစေသော်လည်း ယနေ့အထိ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများမှာ (၆) ဦးရှိပြီဖြစ်သည်။

ယခင်လနှောင်းပိုင်းက ကိုစိုးသိန်းဆိုသူ မြန်မာအလုပ်သမားတဦး ဆုံးပါးခဲ့ပြီးနောက် အမည်မသိရသေးသည့် ရောဂါဖြင့် ကိုထက်၊ ရွှေငယ်၊ မင်းနိုင်၊ စံခူးလ်လွန်း၊ မင်းခိုင်တို့ ထပ်မံသေဆုံးခဲ့သည်။

ထိုသို့ မလေးရှားရောက် မြန်မာအလုပ်သမားများ သေဆုံးမှုကို မြန်မာအစိုးရသတင်းစာက သတင်းမှောင်ချထားပြီး ပြန်ခေါ်နေသည့် သတင်းများကိုသာ ဖော်ပြနေကြောင်း အထိန်းသိမ်းခံတဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်ခေါ်နေသော်လည်း ရင်းဂစ် (၁,၈၀၀) ပေးရသည့်အပြင် ကိုယ်ရေးအချက်အလက်နှင့် သန်းခေါင်စာရင်း ပေးအပ်ရမှု များကြောင့် မြန်မာအလုပ်သမားအများစုအကြား တွေဝေမှုများ ရှိနေရသည်ဟုလည်း ၎င်းကပြောသည်။

“မြန်မာအစိုးရက သိတဲ့အတိုင်းပဲလေ။ ဒီမှာကတည်းက အချက်အလက် အကုန်တောင်းတယ်။ နောက်ပြီး အိမ်အထိ လိုက်တယ်။ ဟိုရောက်တယ်ဆိုတာနဲ့ သတင်းတပ်ဖွဲ့က အချက်အလက်အကုန်မှတ်တယ် ပြောတယ်။ ဆိုတော့ ပြန်ရမှာလည်း ကြောက်ကြတယ်ဗျာ။ အတော်များများကတော့ ယူအန်ကိုပဲ မျှော်ကြတာပေါ့။ ပြီးခဲ့တဲ့လပိုင်းတုန်းကတော့ ယူအန်လာတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေကိုပဲ ခေါ်သွားတယ်။ ကျနော်တို့ မြန်မာတွေက ကျန်ခဲ့တယ်” ဟု အထိန်းသိမ်းခံက ပြောသည်။

မလေးရှားမြန်မာသံရုံးမှ မြန်မာနိုင်ငံ ပြန်လိုသူများအား မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူနှင့် ရင်းဂစ် (၁,၈၀၀) တောင်းခံနေသည့်အပြင် မြန်မာနိုင်ငံရှိ အလုပ်သမား၏ နေအိမ်မှလည်း ကျပ်ငွေ (၂) သိန်းတောင်းယူမှုများ ရှိနေသည်ဟု ကြားသိရကြောင်း မလေးရှားအန်အယ်လ်ဒီမှ ကိုကျော်ကျော်က ပြောသည်။

“ပြန်ခေါ်တဲ့ သတင်းတွေ ထုတ်အပြီး နှစ်သုတ်ပြန်ခေါ်တာတွေ့တယ်။ ပထမအသုတ်က လူ (၅၀) လောက်နဲ့ ဒုတိယ (၃၈) ယောက်ပါတယ်။ အခုစခန်းထဲမှာ လူ (၃၀၀) နီးပါးလောက် ကျန်သေးတယ်” ဟု ကိုကျော်ကျော်က ပြောသည်။

မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, September 10, 2009

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ထုတ်ပြန်ကြေညာချက်များ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏
ထုတ်ပြန်ကြေညာချက်များ


ပုံကြီး ကြည့်ရန်အတွက် ပုံကို ကလစ် ပါ ခင်ဗျား...။


ပုံကြီး ကြည့်ရန်အတွက် ပုံကို ကလစ် ပါ ခင်ဗျား....။


ပုံကြီး ကြည့်ရန်အတွက် ပုံကို ကလစ် ပါ ခင်ဗျား...။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, September 9, 2009

စက်တင်ဘာ ၉ ရက်နေ့ ဆရာတော်ဦးဥတ္တမ နှစ် ၇၀ ပြည့် အမှတ်တရ

စက်တင်ဘာ ၉ ရက်နေ့ ဆရာတော်ဦးဥတ္တမ
နှစ် ၇၀ ပြည့် အမှတ်တရ
















မှတ်ချက် ။ ။ Fwd : Mail

အပြည့်အစုံ ဖတ်ရန် ...

ဗိုလ်ချုပ်မှူးကြီးမြေး၏အမိန့်အရ ဗိုလ်ချုပ်ကြီးသား၏ ကော်ဖီဆိုင်ကို ဖျက်ဆီး

ဗိုလ်ချုပ်မှူးကြီးမြေး၏အမိန့်အရ
ဗိုလ်ချုပ်ကြီးသား၏ ကော်ဖီဆိုင်ကို ဖျက်ဆီး

မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၈၊ ၂၀၀၉

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်က ရန်ကုန်မြို့တော်၊ ဗဟန်းမြို့နယ်ရှိ ကော်ဖီဆိုင် တဆိုင်ကို မှန်များရိုက်ခွဲ ဖျက်ဆီးရန် သူ၏လုံခြုံရေး တာဝန်ယူသူ ဗိုလ်မှူးအား စေခိုင်းခဲ့ပြီးနောက် အဆိုပါကော်ဖီဆိုင်မှာ ယခု ပိတ်သိမ်းလိုက်ရသည်။

ဆိုင်သည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ချင်းချောင်းနန်းတော်ရှေ့ရှိ ယဉ်ကျေးမှုဝန်ကြီးဌာနပိုင် မြေတွင် မကြာမီ လပိုင်းကမှ ငှားရမ်း ဖွင့်လှစ်ထားသည့် Seven Corners ကော်ဖီဆိုင် ဖြစ်သည်။ စားသုံးသူများ ကြိုးမဲ့ အင်တာနက် အသုံးပြုနိုင်သည့် ကော်ဖီဆိုင်လည်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ် ၃ ပတ်ခန့်က ဖိုးလပြည့်က ဆိုင်ရှိ ပစ္စည်းနှင့် မှန်များကို ရိုက်ခွဲရန် စေခိုင်းခဲ့ခြင်း ဖြစ်သည် ဟု သိရှိရသည်။

ထိုသို့ရိုက်ခွဲစဉ် “နိုင်ငံတော် အတွင်းရေးမှူး တာဝန် ယူထားတဲ့ သူတွေရဲ့ သားသမီးတွေက ဒီလို နိုင်ငံတော်ပိုင် မြေပေါ်မှာ စီးပွားရေး လုပ်စားရသလား” ဟုပါ ပြောဆိုရန် မြေးဖြစ်သူက ညွှန်ကြားခဲ့သည်ဟု အရာရှိဟောင်း တဦးက ပြောကြားသည်။

ထိုသို့ ရိုက်ခွဲ ဖျက်ဆီးခိုင်းသည့် ကိစ္စမဖြစ်မီ ရက်ပိုင်းအလိုတွင် အဆိုပါ ဆိုင်သို့ ဖိုးလပြည့် ရောက်ခဲ့ပြီး ကျပ် ၅ထောင်တန် ကော်ဖီ သောက်လိုကြောင်း မှာကြားခဲ့သည်ဟု ဆိုသည်။

ဝန်ထမ်းများက ဆိုင်တွင် ၃ထောင်ကျော်တန် ကော်ဖီသာ ရှိကြောင်း ရှင်းပြခဲ့ပြီး ထိုဈေးအကြီးဆုံး ကော်ဖီကိုသာ ရောင်းချပေးခဲ့သည်ဟု ဆိုသည်။ ဖိုးလပြည့်က ကျပ် ၅ထောင် ပေးချေပြီး ထွက်ခွာသွားခဲ့သည်ဟု သိရသည်။ ထိုအဖြစ်အပျက် နောက်ပိုင်းတွင် ဆိုင်ကို ဖျက်ဆီးမိန့် ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆိုင်ရှိမှန်များ ရိုက်ခွဲခံရပြီးနောက်တွင် ဆိုင်ပိတ်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဆိုင် အဆောက်အဦးကိုပါ အမြန် ဖျက်သိမ်းလျက်ရှိသည်ကို တွေ့ရသည်။

ဆိုင်ကို နအဖအဖွဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သား၊ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၏သား တို့ အပါအ၀င် ၅ဦး အစုစပ် ဖွင့်လှစ်ကြခြင်း ဖြစ်သည်ဟု သိရသည်။

အခြား သီးခြား အတည်မပြုနိုင်သည့် သတင်းတရပ် အရ ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူနှင့် ဆက်နွယ်သည့် ကုမ္ပဏီက ကုန်ပစ္စည်း တင်သွင်းခွင့် ပါမစ် လျှောက်ထားရာတွင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက ပယ်ချသည့်အတွက် ယခုလို လုပ်ဆောင်ရန် စေ့ဆော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု အဖြစ်အပျက်သည် မကြာသေးမီ နှစ်များက ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၏ နာမည်ကျော် မြေးဖြစ်သူ ကျော်နေ၀င်းနှင့် အပေါင်းအပါများ ရန်ကုန်မြို့ရှိ ကလပ်များတွင် ရမ်းကားခဲ့သည့် အဖြစ်အပျက်များကို ပြန်လည် သတိရစေပြီး၊ ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူက အဆိုပါ ကျော်နေ၀င်းတို့၏ နေရာကို ၀င်ယူသည့် သဘော ဖြစ်နေသည်ဟု ရန်ကုန်မြို့မှ သတင်းထောက် တဦးက ဝေဖန် ပြောဆိုသည်။

နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများ ရန်ကုန်မြို့တွင်ပင် များစွာ ရှိနေသည်။ အလားတူပင် ဒုတိယတန်း ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီးများ၏ သားသမီးများလည်း နယ်ပယ်အသီးသီးတွင် စီးပွားရေး လုပ်ကိုင်လျက် ရှိကြသည်ကို စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များက သိရှိကြသည်။

J Donuts ကော်ဖီဆိုင်ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး၏ မယားပါသား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်ပြီး၊ ရန်ကုန်မြို့ စူပါမားကက် နယ်ပယ်တွင် အအောင်မြင်ဆုံး ဖြစ်သည့် စီးတီးမတ် အုပ်စုမှာလည်း ဗိုလ်ချုပ်မှူးကြီး၏ သားသမီးများက ရှယ်ယာ အများစုကို ပိုင်ဆိုင်သည်ဟု အမည်မဖေါ်လိုသည့် အကောက်ခွန် ၀န်ထမ်းဟောင်း တဦးက ပြောဆိုသည်။

အဆိုပါ ၀န်ထမ်းက အခြားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ ဇိမ်ခံပစ္စည်း၊ အစားအသောက်များ တင်သွင်းရန် ခက်ခဲချိန်တွင် စီးတီးမတ်အတွက် ကုန်ပစ္စည်းများကို စစ်တပ်အမည်ခံထားသည့် ကုန်သေတ္တာများဖြင့် တင်သွင်းခဲ့ပြီး မည်သည့် အကောက်ခွန်၊ ထောက်လှမ်းရေးမှ ဖွင့်ကြည့် စစ်ဆေးရန် မ၀ံ့ရဲကြဟု ဆိုသည်။

မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အသက်မပြည့်သေးသော ပြစ်ဒဏ်ကျ မိန်းခလေးကို ပဲခူးထောင်က လက်ခံ

အသက်မပြည့်သေးသော ပြစ်ဒဏ်ကျ မိန်းခလေးကို
ပဲခူးထောင်က လက်ခံ

09/08/2009 (RFA)

ပဲခူးတိုင်းအတွင်းမှာ နှစ်လုံးထီရောင်းချမှုနဲ့ ဒိုက်ဦးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်စီ ချမှတ်ခံခဲ့ရတဲ့ ခလေးနှစ်ယောက်ကို စက်တင်ဘာလ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့ရာမှာ ထောင်က လက်မခံတဲ့အတွက် ဒိုက်ဦးရဲစခန်းက သူတို့ရဲ့ မိဘတွေကို သန်းခေါင်စာရင်းမှာ အသက် ၁၈ နှစ် ပြည့်ကြောင်း ထောက်ခံစာယူလာဖို့ အတင်းခိုင်းနေတယ် ဆိုတဲ့သတင်းကို RFA က စက်တင်ဘာ ၅ ရက် ပြီးခဲ့တဲ့ စနေနေ့တုန်းက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ကျောင်းဝတ်စုံလေးဖြင့် ဘိလပ်မြေသယ်နေသော ကလေးအလုပ်သမား ကျောင်းသူလေး တဦးကို ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

စက်တင်ဘာ ၇ ရက် မနေ့ကတော့ ဒိုက်ဦးရဲစခန်းက အဲဒီ ၁၆ နှစ်အရွယ် မိန်းခလေးငယ် ၂ ယောက်ကို အင်းစိန်နဲ့ ပဲခူး ထောင်နှစ်ထောင် ခွဲပြီး နောက်တကြိမ် ထပ်သွားပို့ခဲ့ရာမှာ ပဲခူးထောင်ကတော့ တယောက်ကို လက်ခံလိုက်ပြီး အင်းစိန်ထောင်အာဏာပိုင်တွေကတော့ နောက်တယောက်ကို လက်ခံဖို့ ထပ်ပြီး ငြင်းလိုက်ပြန်တယ်လို့ စုံစမ်း သိရှိရပါတယ်။

အင်းစိန်က လက်မခံလို့ ပြန်ပို့လိုက်တယ်ဆိုတဲ့ မိန်းခလေးဟာလည်း အခု ဘယ်ရောက်နေမှန်းမသိ ဖြစ်နေတယ်လို့ အဲဒီ မိန်းခလေးရဲ့ဖခင် ဦးကျော်သိန်းက RFA ကို အခုလိုပြောပြပါတယ်။

ဦးကျော်သိန်း။ ။ 'အင်းစိန်ထောင်ကို ဒါရောဆို နှစ်ခေါက်ရှိသွားပြီ၊ အင်းစိန်ထောင်က လက်မခံဘူးတဲ့၊ ကျနော်တို့ အင်းစိန်ထောင်ကို ဘယ်ကို ပို့မှာလည်း ၊ဘယ်ကို သွားမှာလည်း လို့ မေးကြည့်တော့ ဒိုက်ဦးပဲ ပြန်ခေါ်သွားလား မသိဘူးတဲ့။ ခုလည်း ကျနော်တို့လည်း ကလေးလည်း မတွေ့ရသေးဘူး၊ ကလေးက ဘယ်ရောက်လို့ ရောက်မှန်း မသိသေးဘူး။'

နောက်တယောက်ကိုတော့ ပဲခူးထောင်ကို ပို့လိုက်တာမှာ ပဲခူးထောင်က လက်ခံလိုက်တယ်လို့ သမီးဖြစ်သူနဲ့ သွားတွေ့ခဲ့တဲ့ ဖခင် ဦးစံငြိမ်းက အခုလိုပြော ပါတယ်။

ဦးစံငြိမ်း။ ။ 'ဒိုက်ဦးရဲစခန်းက မနေ့က ၁ဝ နာရီလောက်က ပဲခူးထောင်။ အဲဒါထောင်က လက်ခံလိုက်တယ် ခင်ဗျ။ အင်းစိန်က ကလေးကို အသက်မမီလို့ပြန်ပို့တယ်၊ ပြန်ပို့ပြီးအခါကျတော့ အဲဒီရက်ပိုင်း အတွင်းမှာပဲ သူတို့ ကျောင်းဝင်နံပတ်တွေ ပြန်ယူတယ်။ အမိန့်ချမှတ်ပြီးသားကို ပြန်ယူပြီးမှ ပြန်ပြင်ဆင်ပြီးတော့မှ ပဲခူး လူကြီးထောင်ကို သွားပို့လိုက်တယ်။ မနေ့ကတော့ တအောင့် ကျနော်တွေ့လိုက်ရတယ်ခင်ဗျ ငိုယိုနေတာပဲ။'

သူတို့ နှစ်ဦးအပါအဝင် ၆ ဦးကို နှစ်လုံး ချဲထီရောင်းချမှုနဲ့ ရဲက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ အဲဒီထဲက အသက် ၁၂နှစ်အရွယ် ခလေးတယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေကို သြဂုတ်လ ၃၁ ရက်နေ့မှာ ဒိုက်ဦးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တနှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမိန်းခလေး ၂ ယောက်ဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဥသျှစ်ကုန်း ကျေးရွာအုပ်စု အတွင်း ကျေးရွာတရွာက ဆင်းရဲတဲ့ လယ်သမားမိသားစုတွေရဲ့ သမီးတွေ ဖြစ်ပြီး ဆဌမတန်းနဲ့ နဝမတန်းမှာ ပညာသင်ကြားနေကြဆဲ ကျောင်းသူလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရတပ် လှုပ်ရှားမှုများကြောင့် သျှမ်းပြည်လူထု ထိပ်လန့်ချောက်ချား

စစ်အစိုးရတပ်များ လှုပ်ရှားမှုများကြောင့် သျှမ်းပြည်လူထု
ထိပ်လန့်ချောက်ချား


ကိုးကန့် အရေးအခင်းနောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များအား ထပ်တိုက်ရန် စစ်အစိုးရပြင်ဆင်နေသည့် သတင်းထွက် ပေါ်လာပြီး နောက် ချောကား၊ ပေါ်တာဖမ်းဆီးမှု၊ စစ်အစိုးရယာဉ်တန်း သွားလာမှုများ မကြာခဏဆက်တိုက်တွေ့မြင် နေရသဖြင့် ပြည်သူလူထု ထိပ်လန့်စေခဲ့ကြောင်း သျှမ်းပြည်တွင်း သတင်းရပ်ကွက်က ဆိုသည်။

သျှမ်းပြည်မြို့တော် တောင်ကြီး နှင့် လွိုင်လင်၊ ကလော၊ သီပေါ၊ လားရှိုး တို့တွင် ကားချော၊ ပေါ်တာများ ဖမ်းဆီးခဲ့သောကြောင့် ညဘက်အပြင်မထွက်ကြရန် မိဘများက သားသမီးများအား မှာကြားကြောင်း၊ မော်တော်ယာဉ်များလည်း စစ်တပ်အတွက် မကြာခဏ ချောပေးနေရသောကြောင့် ခရီးမသွားလိုတော့ကြောင်း၊ မြို့တမြို့တွင် ၁၀ စီးမက ချောကား အဆင်သင့် သွားစောင့်ပေးရပြီး လူချောလည်းရာနှင့်ချီ အလှည့်ချ သွားစောင့်ဆိုင်းရကြောင်း အမည်မဖေါ်လိုသည့် ကားဆရာတဦးက ပြောပါသည်။

ကေအိုင်အိုအား တိုက်ခိုက်ရန် ကိုးကန့် ဘက်လှုပ်ရှားနေသည့် တပ်မ ၃၃ လည်း ၇/၉/၀၉ နေ့က ကချင်ဘက်ရွေ့ရှားသွား ကြောင်း ၊ UWSA တပ်ဖွဲ့ထိန်းချုပ်နယ်မြေအား စစ်ဆင်ရန် ၀ နယ် အလယ်ခြမ်း မိုင်းခတ်၊ မိုင်းယန်းဘက်သို့လည်းကောင်း မြောက်ဘက်ခြမ်း ဟိုပန်၊ ပန်လုံ ဘက်သို့လည်းကောင်း အစိုးရစစ်တပ် အင်အားဖြည့်တင်းလာခြင်းကြောင့် ၀ နယ် နှင့် မိုင်းလားနယ်အတွင်း ဒေသခံ လူထုကို ပိုမိုထိပ်လန့်စေခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ပန်ဆန်း နှင့် မိုင်းလားအာဏာပိုင်များ အစည်းအဝေးလုပ်ပြီး စစ်မဖြစ်နိုင်ဟု ကြေငြာချက် နံရံကပ်စာစောင်များ လိုက်ကပ်၍ လူထုအစည်းအဝေးပြုလုပ် ရှင်းလင်းရကြောင်း၊ တရုတ်နယ်စပ်သွားလာလေ့ရှိသူ သျှမ်းအမျိုးသားတဦးက ပြောပါသည်။

“တပ်မ ၃၃ ကို ကချင်ဘက်ဦးလှည့်လိုက်တယ်ဆိုတာက ကချင်ကိုမျက်လှည့်စိလည်စေသလို တောင်ပိုင်း ၀ ဌာနချုပ် (မိုင်းတုံမြို့နယ် ၁၇၁ တပ် စခန်းကြီး) မိုင်းကျွတ်ကို နအဖ ပစ်မှတ်ထားနေတာလဲ ၀ ကို အာရုံပြောင်းလိုက်တဲ့သဘော။ နောက်ပြီး မြို့ကြီးပြကြီးတွေ မှာ ကားချောဆွဲ၊ ပေါ်တာဖမ်းတာတွေ၊ သံလွင်အရှေ့ခြမ်းဘက် စစ်ရေးပြင်နေတယ်ဆိုတာ တွေက တောင်ပိုင်း SSA ကို တိုက်ဖို့ပြင်သလို ဖြစ်နေပြန်တယ်။ ဒါတွေကလူထုကိုပါ ခြိမ်းခြောက်နေသလိုဘဲ” ဟု သျှမ်းပြည်ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဌ စ၀်ခင်းဆိုင်ကပြောပါသည်။

“စစ်ဘေးစစ်ဒဏ်အထူးခံရတဲ့ သျှမ်းပြည်အလယ်ပိုင်းလူထုကတော့ တောင်ပိုင်း SSA ကို နအဖ ထိုးစစ်ဆင်လာရင် ရပ်ရွာမီးရှို့ခံရမှာကို အရမ်းစိုးရိမ်တယ်။ ကိုးမြို့ရှင် နတ်ဆရာတွေက စစ်ဖြစ်ဖို့ အလားအလာမရှိဘူး ပြောတာတောင်မှ မယုံချင်ကြဘူး။” ဟု သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့သားတဦးကပြောပါသည်။

ထို့ပြင် တာချီလိတ်မြို့၌လည်း စက်တင်ဘာ ၉ ရက် ၂၀၀၉ ( ကိုးသုံးလုံး) ၌ UWSA အား စစ်အစိုးရတိုက်ခိုက်မည်ဟု ဒေသခံလူထု ကြားသတင်းများထွက်ပေါ်ပျံ့နှံ့နေသဖြင့် ချောကား၊ ပေါ်တာဆွဲခံရမည်ကို စိုးရိမ်နေကြကြောင်း တာချီလိတ်မြို့သားတစ်ဦးက ပြော ပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပြည်သူလူထု စိတ်အနှောင့်အယှက် ဖြစ်စေရန် ယခုအခြေအနေ ဖြစ်အောင် စစ်အစိုးရ တမင်အကွက်ချ ဖန်တီးပြီး စိတ်ဓါတ်စစ်ဆင်ရေး လုပ်နေခြင်းသာ ဖြစ်ကြောင်း သုံးသပ်သူတွေက ပြောဆိုနေကြပါသည်။


မှတ်ချက် ။ ။ http://www.mongloi.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, September 8, 2009

ထိုင်း မြန်မာ နယ်စပ် ၀ တောင်ပိုင်းတွင်လည်း စစ်အစိုးရတပ်များ တိုးချဲ့ထား

ထိုင်း မြန်မာ နယ်စပ် ၀ တောင်ပိုင်းတွင်လည်း
စစ်အစိုးရတပ်များ တိုးချဲ့ထား

Tuesday, 08 September 2009 18:43 ရန်ပိုင်

ရှမ်းပြည် အရှေ့တောင်ပိုင်းရှိ ဝေရှောက်ခမ်း ဦးဆောင်သည့် ၀ စစ်ဒေသ ၁၇၁၈ နယ်မြေတွင် ၀ တပ်ဖွဲ့နှင့် စစ်အစိုးရ တပ်များ နှစ်ဘက်စလုံး စစ်ရေးပြင်ဆင်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံတချို့ က ဧရာဝတီသို့ပြောသည်။

“တောင်ပိုင်း ၀နယ်ဘက်ကိုသွားတဲ့ မိုင်းဆတ်လမ်းမှာ စစ်တပ်က လက်နက်ကြီးတွေ ၁၂၀ မမ အမြောက်ကြီးတွေ ၃လက်လောက်၊သံချပ်ကာကားတွေ ၁၀စီးကျော်လောက် တွေ့နေရတယ်၊ တောင်ပိုင်း ၀ တွေလည်း အသင့်ပြင်ထားတယ်” ဟု မိုင်းဆတ်ဒေသခံ တဦးက ပြောသည်။

သို့ရာတွင် တောင်ပိုင်းဝတပ်ဖွဲ့ အတွင်းရှိ တပ်မှူး တချို့မှာ ပေါက်ယူချန်း ၏ ပန်ဆန်း သြဇာကို ခံယူချင်ပြီး၊ တချို့မှာ ဝေရှောက်ခမ်း ကို သဘောကျမှုများ ရှိနေကြောင်း၊ ဝေရှောက်ခမ်းမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နာမည်ဆိုးရှိ နေသောကြောင့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သော ၀ တပ်မှူး တချို့က မထောက်ခံကြောင်း၊ ထိုကြောင့် တောင်ပိုင်း ၀တပ်ဖွဲ့များအတွင်း သဘောထားကွဲလွဲမှုများ ရှိလာနိုင်ပြီး စစ်အစိုးရက ထိုသို့သော သဘောကွဲလွဲမှုများကို အသုံးချ လာနိုင်ကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရသည်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်သည် ၀တိုင်းရင်းသား အပစ်ရပ် နယ်မြေ အတွင်းသို့ ထွက်ပြေးတိမ်းရှောင် သွားသောကြောင့် စစ်အစိုးရမှ ၀အဖွဲ့သို့ စာရေးတောင်းဆိုထားရာ ၀ အပစ်ရပ်အဖွဲ့မှ မည်သည့် အကြောင်းပြန်ချက်မှ မပေးသောကြောင့် စစ်အစိုးရ နှင့် ၀အပစ်ရပ်အဖွဲ့များကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဝ အဖွဲ့နှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။

ထိုင်း မြန်မာ နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ တရုတ်အမျိုးသားများ၏ အိမ်များကို ဗုံးခွဲတိုက်ခိုက်မည်ဟု သတင်းများထွက်လာသောကြောင့် တာချီလိတ်မြို့တွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း၊ မိုင်းတုံမြို့ တောင်ဘက် နားကောမုံး ရွာရှိ ကျပီးကွယ် ဦးဆောင်သော လားဟူပြည်သူ့စစ်များကို စစ်အစိုးရက အသင့်အနေအထား ပြင်ဆင်ထားရန်၊ မူးယစ်ဆေးဝါး နှင့်ပတ်သက်ပြီး စောင့်ကြည့် သတင်းပေးရန်ညွန်ကြား ထားသည်ဟု တာချီလိတ်ဒေသခံ တဦးက ဧရာဝတီသို့ပြောသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ် မြန်မာနယ်စပ်ရှိ အပစ်ရပ်အဖွဲ့များက စစ်ရေးအရသုံးသပ်မှုများ လုပ်ရာတွင် “အထိအခိုက်မများပေမယ့်၊ အချိန်တိုအတွင်းမှာ လက်နက်တွေ အများကြီးဆုံးရှုံးတယ်၊ နယ်မြေတွေက ဆုတ်ပေး လိုက်ရတယ်၊ ဒါတွေကို သင်ခန်းစာယူပြီး စစ်ရေးပြင်ဆင်မှုကို အပစ်ရပ်အဖွဲ့တွေက အသေအချာ ပြင်ဆင်ထားတယ်လို့ သိရတယ်” ဟု ယခင် ဗမာပြည်ကွန်မြူနစ် ပါတီဝင်ဟောင်း ဦးအောင်ကျော်ဇောက ပြောသည်။

မြောက်ပိုင်း ၀တိုင်းရင်းသားအပစ်ရပ်အဖွဲ့ နယ်မြေအတွင်းတွင် ဒေသခံများကို ပြည်သူ့စစ်ပုံစံဖြင့် စစ်သင်တန်းပေးထားပြီး၊ အင်အား ၄၀၀၀၀ ခန့် ရှိကြောင်း ၊ မိုင်းလားဒေသတွင်လည်း ပြည်သူ့စစ် ၈၀၀၀ ခန့်ကို စစ်သင်တန်ပေးထားကြောင်း ရှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဥပဒေဘောင် အတွင်းသို့ ၀င်ရောက်လာခဲ့သည့် ကိုးကန့်အဖွဲ့သည် တဘက်မှ ၀င်ငွေကောင်းလှသည့် မူးယစ်ဆေးဝါး လုပ်ငန်းများကို လက်မလွှတ်နိုင်ဘဲ တိတ်တိတ်ပုန်း ဆက်လုပ်နေခဲ့ကြောင်း ၊လက်နက်ခဲယမ်းများကိုပါ တရားမ၀င် ထုတ်လုပ်ရောင်းချပြီး ဒေသတခုလုံး မတည်မငြိမ်ဖြစ်အောင် လုပ်နေကြောင်း ရေးသားထားသည်။

“၀တို့ ကိုးကန့်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေမှု ဖြစ်တယ်၊ စစ်အစိုးရက အဲ့သည်လို လုပ်ချင်လို့ သူတို့ကိုလွှတ်ပေးထားတာ” ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ မည်သည့် နိုင်ငံတွင်မှ နိုင်ငံတပ်မတော် အပြင် ပြည်နယ်တပ်မတော်၊ ဒေသ တပ်မတော်ဖွဲ့ခွင့် ပြုရိုးထုံးစံ မရှိကြောင်း၊ Paramilitary ဟု ခေါ်သည့် ဒေသန္တရ လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဗဟို အစိုးရ၏ တိုက်ရိုက် အုပ်ချုပ်ကိုင်တွယ်မှုအောက်တွင် ထားမည်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာ ဆောင်းပါး တွင်ဖော်ပြထားသည့် အတွက် အပစ်ရပ်အဖွဲ့များသည် နယ်ခြားစောင့်တပ် အဖြစ်ပြောင်းရေးကိုသာ ရွေးချယ်ရလိမ့်မည် ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ် ကြသည်။

မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

တာဝန်မှအပ ဒေသတွင်းလာရောက်နေထိုင်သူများအား
ဝတပ်ဖွဲ့က လက်မခံ

ခိုင်လင်း / ၈ စက်တင်ဘာ ၂၀၀၉

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ် အထူးဒေသ (၂) ပန်ဆန်းမြို့အပါအ၀င် ၀ဒေသအတွင်း ၀င်ရောက်အခြေချ နေထိုင်ကြသည့် တရုတ်နှင့်မြန်မာနိုင်ငံသား အားလုံးအား နေရပ်သို့ ခေတ္တပြန်ကြရန် ၀တပ်ဖွဲ့က အမိန့်ထုတ်ပြန်ထားသည်။


နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ၀န်ကြီးဌာန (နတလ) ၀န်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံ ၀န်ထမ်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ၀န်ထမ်းများမှအပ ကုန်သည်များ၊ ကျပန်းအလုပ်သမားများ၊ အလုပ်အကိုင်မရှိသူများအား နေရပ်သို့ပြန်ကြရန် ၀တပ်ဖွဲ့မှ ယခုလ (၅) ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်ဟု ပန်ဆန်းမြို့ရှိ ၀တပ်ဖွဲ့မှ အရာရှိတဦးက ပြောသည်။

၎င်းက “နိုင်ငံတကာအစိုးရက စေလွှတ်တဲ့ဝန်ထမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဖွံ့ဖြိုးရေးရုံး အဲဒီက ၀န်ထမ်းတွေတော့ နေလို့ရတယ်။ တရုတ်ဘက်ကလာပြီး ဒီမှာ ဆိုင်လာဖွင့်တာ၊ စီးပွားလာရှာနေတာ၊ ကုန်သည်တွေကိုတော့ ခဏပြန်ကြဖို့ တရားရေးဌာနက ကြေညာချက်ထုတ်ထားတယ်။ အစောကတည်းက သူတို့တွေလည်း အတော်များများ ပြန်သွားကြပြီ။ အဓိကတော့ အလုပ်အကိုင်မရှိတဲ့ သူတွေ၊ နေ့စားလုပ်နေတဲ့သူတွေကို ပြန်ခိုင်းလိုက်တာ” ဟု ပြောသည်။

ပန်ဆန်းအပါအ၀င် ၀ဒေသအတွင်း ပြင်ပမှ လူဝင်ရောက်မှု များပြားလာနေပြီး ဒေသအတွင်း၌ ကောလာဟလများနှင့် အရွှေ့အပြောင်း မငြိမ်မသက်မှုများ ရှိလာနေ၍ ယခုကဲ့သို့ အမိန့်ထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါဝအရာရှိက ပြောသည်။

ထိုအမိန့်ကြေညာချက်တွင် ၀ဒေသ၌ နေထိုင်ခွင့်ရှိသူများကိုသာ နေထိုင်ခွင့်ပြုမည်၊ ၀နယ်တွင်းလာရောက် အလုပ်လုပ်ကိုင်နေကြသည့် အဖွဲ့အစည်းအသီးသီးမှ ၀န်ထမ်းများ၊ ဒေသခံများသည် လုံခြုံရေးဂရုစိုက်ကာ စည်းကမ်းရှိရှိ နေထိုင်ကြရမည်၊ ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကို နှောင့်ယှက်ထိပါးလာသူမှန်သမျှအား ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း ဖော်ပြပါရှိသည်။

ယခုလ အစောပိုင်းကလည်း အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်ဌာနချုပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားမြို့တွင် ရောက်ရှိနေသည့် အလုပ်အကိုင်မရှိ မြန်မာနိုင်ငံသားများနှင့် ကျပန်းအလုပ်သမားများကို မိုင်းလားတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ကျိုင်းတုံမြို့သို့ ကားဖြင့် ပြန်ပို့ခဲ့သည်ဟု မိုင်းလားဒေသခံတဦးက ပြောသည်။

၎င်းက “လူစိမ်းတွေ အရမ်းများလာတာ၊ အလုပ်က မရှိဘူး။ အနှိပ်ခန်းနဲ့ အရက်ဆိုင် စားသောက်ဆိုင်တွေမှာပဲ နေနေကြတော့ ဒီကတွေလည်း သံသရှိလာတာ နေမှာပေါ့။ အဲဒါနဲ့ ညမှာပဲ လိုက်ဖမ်းပြီး ကားတွေနဲ့ ကျိုင်းတုံ ပို့လိုက်တာ (၁၀၀) ကျော်လောက် ရှိမယ်နဲ့တူတယ်။ ဒီမှာရှိတဲ့ ဗမာတွေအားလုံးလောက် ပါသွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ အခြားအပစ်ခတ်ရပ်အဖွဲ့များ၏ နယ်မြေများတွင် စစ်ဖြစ်ပွားမည်ကို စိုးရိမ်ပြီး ပစ္စည်းရွှေ့ပြောင်းမှု များနှင့် မငြိမ်မသက်မှုများ ပေါ်ပေါက်နေချိန်တွင် ယခုကဲ့သို့ ပြင်ပမှ ၀င်ရောက်လာသူများကို ပြန်လည် နှင်လွှတ်နေခြင်း ဖြစ်သည်။

၎င်းတို့၏ နယ်မြေများအတွင်းသို့ နအဖစစ်တပ်မှ စစ်ထောက်လှမ်းရေးများ ၀င်ရောက်ကာ နယ်မြေမတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုနှင့် နယ်မြေထောက်လှမ်းမှုများ လုပ်ဆောင်နိုင်ကြာင်း အဆိုပါ အပစ်ရပ်အဖွဲ့များက ယူဆ၍ ယခုကဲ့သို့ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်များက ဝေဖန်နေကြသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, September 7, 2009

မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမ များ နေထိုင်သော အိမ်အား အကြမ်းဖက် ဝင်ရောက်လုယက်

မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမ များ နေထိုင်သော အိမ်အား အကြမ်းဖက် ဝင်ရောက်လုယက်

မိုးသွေးငယ်(malaysia)

ပြည်ပနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများမှာ လုံခြုံမှု မရှိကြောင်း အောက်ပါ အဖြစ်အပျက်က သက်သေပြနေပါသည် ။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူး တွင် အလုပ် လာရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေးများ နေထိုင်ရာ အိမ်ကို အကြမ်းဖက်ဝင်ရောက် ပစ္စည်းယူ မုဒိန်းကျင့် သောအမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
အမှုမဖြစ်ပွားမှီ ရက်အနည်းငယ်ကြာက အိမ်နောက်ဘက် လမ်းကြားမှ လာရောက် ကြည့်ရှု့ချောင်းမြောင်း နေသည့် ယောင်္ကျားလေး သူစိမ်းကို တွေ့ရှိရသဖြင့် အလုပ်သမ များမှ အေးဂျင့်အား ဖုန်းဆက်ကာ အကြောင်းကြား သော်လည်း တစ်စုံတရာ လာရောက် ပြောဆိုလုပ်ကိုင်ပေးခြင်း မရှိခဲ့ပါ။

နောက်တစ်ကြိမ်တွင်လည်း အဆိုပါအိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား အိန္ဒိယ ဟု ထင်မြင်ယူဆ ရသူများ လာရောက်၍ မဖွယ်မရာ ပုံစံများကို မိန်းကလေးများအား ပြုလုပ်ပြသသဖြင့် အေးဂျင့်အားထပ်မံ တိုင်ကြားခဲ့ပါသည်။ အဆိုပါ အေးဂျင့် မှ သူနှင့် မဆိုင်သလို တာဝန်ယူဖြေရှင်း ပေးခြင်းမရှိပဲ လာပြရင် ကြည့်နေပေါ့ဟု ပြန်လည် ပြောကြား ခဲ့သည်ဟု ကြားသိ ရပါသည်။

ယခုဖြစ်ပွားပုံမှာ အဆိုပါ မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့် မိန်းကလေး နေထိုင်ရာ အိမ်တွင်းသို့ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်ရသူ လေးဦး ဝင်ရောက်လာကာ အိမ်တွင်နေထိုင်သူ မိန်းကလေး (၁၀)ယောက်ကို ကြိုးနှင့်တုပ် အဝတ်များပါးစပ်ကို ပိတ်စည်းကာ အားလုံးကို အဝတ်အစားများချွတ်ပြီး ရေချိုးခန်းတွင်းသို့ ထည့်ကာ ပိတ်ထားပါသည်။

ထို့နောက် ငယ်ရွယ်သော မိန်းကလေး (၄)ယောက် ကို အခန်းတွင်းသို့ခေါ်ကာ မုဒိန်းကျင့်မှု ကျူးလွန်ခဲ့သည်ဟု သိရှိရပါသည်။ တန်ဖိုးရှိသော ပစ္စည်းများကို ရှာဖွေမွှေနှောက် ယူငင်သွားကြသည့်အပြင် မိန်းကလေး (၄)ဦးအား စော်ကားသွားခြင်းဖြစ်ပါသည်။
အဆိုပါ အမှုကိစ္စအား မလေးရှား ရဲဌာနမှ မည်သို့ ဆက်လက် လုပ်ကိုင်ပေးမည်ကို မသိရှိရသေးသော်လည်း နောက်ဆုံး ကြားသိရသည့် သတင်းအရ အဆိုပါ မိန်းကလေး များအားလုံးကို မြန်မာသံရုံးမှ လာရောက် ခေါ်ဆိုသွားသည်ဟု သတင်းပေးပို့သူမှ တဆင့် ကြားသိရပါသည်။

အသေးစိတ် အချက်လက် သတင်းကို ထပ်မံ စုံစမ်းဖော်ပြ ပေးသွားပါမည်။

ပြည်တွင်းစီးပွားရေး မပြေလည်မှု အလုပ်အကိုင် ရှားပါး မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ကာ အလုပ် လုပ်ကိုင်နေကြရသည့် မြန်မာနိုင်ငံမှ အလုပ်သမား အများအပြား ရှိပါသည်။ အဆိုပါ အထဲတွင် မိန်းကလေး အများအပြားပါရှိပါသည်။ မြန်မာနိုင်ငံမှ လာရောက်အလုပ် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမား အများအပြားမှာ မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ပါသည်။
မလေးရှားတွင် အလုပ်လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများမှာ မကြာခဏ လုယက်ခံရခြင်း၊ ရိုက်မှုများဖြစ်ခြင်းနှင့်အနိုင်ကျင့် စော်ကားခံရမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။
အလုယက် ခံရသူများမှာ မည်သို့ တိုင်ကြားရမည်ကို မသိရှိခြင်း၊ရှက်ကြောက်ခြင်း တို့ကြောင့် လူ့အခွင့်ရေး ချိုးဖောက်မှု့များ ဖြစ်ပွားနေသော်လည်း မည်သည့် အမှု့မှ သေချာ ပေါ်ပေါက်ခြင်းမရှိပဲ ရှိနေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

UWSA ကို တိုက်လျှင် လက်နက်ကြီး/ စစ်လေယာဉ်သုံးမည်ဟု နေပြည်တော် အရာရှိပြော

UWSA ကို တိုက်လျှင် လက်နက်ကြီး/ စစ်လေယာဉ်သုံးမည်ဟု
နေပြည်တော် အရာရှိပြော

တနင်္လာနေ့ ၊ 07 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

ဝ နှင့် မိုင်းလား အဖွဲ့တို့အား တိုက်ခိုက်ပါက လက်နက်ကြီးများနှင့် တိုက်လေယာဉ်များ အသုံးပြုမည်ဟု မိုင်းယန်းမြို့ရောက် နေပြည်တော် အဆင့်မြင့်အရာရှိက ရပ်ရွာလူထုခေါင်းဆောင်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ကျိုင်းတုံကုန်သည် သတင်းရပ်ကွက်ပြောပါသည်။

စစ်အစိုးရ၏ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကျော်ကျော်က မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းနှင့်အတူ လိုက်ပါ၍ မိုင်းယန်းမြို့ ဌာနပေါင်းစုံဝန်ထမ်းများ၊ ဒေသခံရပ်ကွက်ဥက္ကဌများအား ဆင့်ခေါ် အစည်းအဝေးတရပ်ကျင်းပ ခဲ့ပါသည်။

“နေပြည်တော်က လာတဲ့ အရာရှိ ဗိုလ်မှူးကြီးကျော်ကျော် ဆိုတာက ပြီးခဲ့တဲ့ ၅-၆ နှစ်က မိုင်းယန်း ခလရ ၂၆၉ တပ်ရင်းမှူး ဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် စည်းရုံးရေးအတွက် သူ့ကို လွတ်လာတာနေမှာပေါ့” - ဟု အမည် မဖေါ်လိုသည့် မိုင်းယန်းမြို့ ခံတဦးက ပြောပါသည်။

အစည်းအဝေးတွင် ဗိုလ်မှူးကြီးကျော်ကျော်က အစိုးရစစ်တပ်နှင့် မိုင်းလား တပ်ဖွဲ့၊ ၀ တပ်ဖွဲ့တို့ စစ်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံများ ၀န်ထမ်းများ အားလုံး မိမိနေရပ်ပြန်လာပြီး ပုံမှန်အတိုင်း နေထိုင်သွားရန် မှာကြားခဲ့ကြောင်း ပြောဆိုသည့်အပြင် -

“ကောဠာဟာဠ သတင်းတွေကြောင့် တိမ်းရှောင်နေတဲ့ဝန်ထမ်းတွေ အမြန်ဆုံးပြန်လာပါ။ အချိန်မှီအလုပ် လာမလုပ်ရင် ရာထူး ကနေ ဖြုတ်ချခံရမယ်။ ကြီးလေးတဲ့ ပြစ်ဒဏ် ပေးခံရမယ်၊ အခုအခြေအနေမှာ တပ်မတော်အဖို့ ၀ နဲ့ မိုင်းလားကို တိုက်ဖို့ အကြောင်းမရှိဘူး၊ တိုက်မယ်ဆိုရင် တပ်ရင်း ဆယ်နဲ့ ချီ တွေ့ရမှာပေါ့၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ တွေ့ရမှာပေါ့၊ အရင်ကလို လူအင်အား များများစားစား သုံးတော့မှာ မဟုတ်ဘူး၊ အခု ဒီဒေသမှာ ထူးခြားတဲ့ပြင်ဆင်မှုတွေ မတွေ့ရတာ ကိုက လုံးဝ တိုက်ပွဲဖြစ်မှာမဟုတ်ဘူး ကျနော်အာမခံတယ်” ဟု ပြောကြားခဲ့သေးကြောင်း အမည်မဖေါ် လိုသည့်ဝန်ထမ်း တဦးကဆိုပါသည်။

ပြီးခဲ့သည့်လက စစ်အစိုးရက အင်အားသုံး၍ ကိုးကန့်ဒေသအား ၀င်ရောက် သိမ်းပိုက်လိုက်ခြင်းကြောင့် တရုတ်နယ်စပ်ဒေသခံ လူထုက မိမိလုံခြုံရေးအတွက် အခြားဒေသသို့ တိမ်းရှောင်ခဲ့ကြသည်။

“စီးပွားရေးသမားတွေ၊ တရုတ်နိုင်ငံသားတွေ ကိုးကန့် အရေးအခင်းကတည်းက မိုင်းလားဒေသ၊ ၀ ဒေသအတွင်း မနေရဲတော့ဘူး။ အရင်က ပန်ဆန်း-တန့်ယန်း ကားခ ၆ သောင်း လောက်ကနေ အခု ၁ သိန်း ၂ သောင်းဖြစ်သွားပြီ၊ ပြီးခဲ့တဲ့ အပတ်က တစ်သိန်းခွဲအထိတက်တယ်။ တရုတ်ပြည်သားတွေလဲ ပြန်ကုန်ပြီ၊ မိုင်းလားနဲ့ပန်ဆန်းမှာ ကာစီနိုရုံလဲ မရှိတော့ ဘူး၊ ည ၈ နာရီဆို စားသောက်ဆိုင်တွေပိတ်ကုန်ပြီ”- အမည် မဖေါ်လိုသည့် ပန်ဆန်းကုန်သည်တဦးက ပြောပြသည်။

မိုင်းယန်း၌ နေပြည်တော်အရာရှိက စစ်မဖြစ်နိုင်ကြောင်း ဒေသခံလူထုအား ရှင်းလင်းပြောကြားသကဲ့သို့ ပန်ဆန်းဝမြို့တော်၌ လည်း စစ်ဖြစ်ခဲ့ပါက အနည်းဆုံး ၃ လမှ အများဆုံး ၅-၆ လအချိန်ယူမှသာ ဌာနချုပ်သို့ ပျံ့နှံ့လာနိုင်မည် ဖြစ်ကြောင်း နံရံကပ်စာစောင်များကပ်၍ ဒေသခံလူထုအား နေရင်းပြန်လာရန် ခေါ်သောကြောင့် တချို့တ၀က် ပြန်လာနေပြီဟု အဆိုပါ ကုန်သည်က ပြောပြသည်။


မှတ်ချက် ။ ။ http://www.mongloi.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, September 6, 2009

ညီညွတ်စွာ တိုက်ပွဲဝင်ကြစို့

ညီညွတ်စွာ တိုက်ပွဲဝင်ကြစို့

09/06/2009

အခုတလော န အ ဖ စစ်အုပ်စု၏ အစွမ်းကုန် ရက်စက်ယုတ်မာပုံများကို မကြားချင်အဆုံး ကြားနေရပါသည်။
န အ ဖ စစ်အုပ်စုသည် သံဃာများ၏ မေတ္တာရပ်ခံ တောင်းဆိုချက်များကို မသိကျိုး နွံပြုကာ လျစ်လျူရှူ ထားဆဲပင်ဖြစ်သည်။
မိမိ၏ အမျိုးဘာသာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော မြန်မာ့ တပ်မတော်မှာ လက်တစ်ဆုပ်စာ လူတစ်စု၏ အခိုင်းခံဘ၀ကို ရောက်မှန်း မသိရောက်နေရသည်မှာ ၀မ်းနည်းစရာပင်။ မတရားသော၊ တရားနည်း လမ်းမကျသော အမိန့်အာဏာကို နာခံနေကြသော တပ်မတော်သားများ လေးလေးနက်နက် စဉ်းစားကြစေလိုပါသည်။

တက္ကသိုလ်ကျောင်းသားများနှင့် သံဃာတော်များမှာ အမျိုး၊ ဘာသာ၊ သာသနာရေး အတွက် တာဝန်ကျေခဲ့ကြပေပြီ။
တပ်မတော်သားများမှာ တာဝန်မကျေကြသေးပေ။ လက်တဆုပ်စာလူတစ်စု၏ မတရားစေခိုင်းခြင်းကို ခေါင်းငုံခံနေရဆဲပင်ဖြစ်သည်။
မတရားသောအမိန့်ကို မတရားမှန်း သိပါလျက် ခေါင်းငုံခံနေကြခြင်းမှာ မြန်မာ့ တပ်မတော်တစ်ခုလုံး၏ ဂုဏ်သိက္ခာ ကျဆင်းရုံတင်မက အနာဂတ်မြန်မာနိုင်ငံတော်ကြီး အတွက် အထူးပင် ရတက် မအေးစရာဖြစ်နေပေသည်။

တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားသည့် အစဉ်အလာအားဖြင့် ကြီးမြတ်သည့် တပ်မတော်ကြီး တစ်ခုဖြစ်သည်ကို အသင်တို့ မမေ့သင့် မမေ့ထိုက်ပေ။ နအဖ စစ်မိစ္ဆာကောင်များ လက်ထက်တွင် တပ်မတော်ကြီး တစ်ခုလုံး၏ ဂုဏ်သိက္ခာသည် မြောင်းထဲသို့ ရောက်မှန်းမသိရောက်ခဲ့ရပေသည်၊ အမိမြန်မာပြည်သူလူထုကြီး၏ နေ့စဉ်နှင့်အမျှ ခံစားနေရသော ဒုက္ခ မျက်ရည်စက်များကို ကိုယ်ချင်းစားနာပြီး မိမိ၏ ဘိုးစဉ်ဘောက်ဆက် ကိုးကွယ်ခဲ့သည် ဘာသာ သာသနာကို ချစ်ခင်မြတ်နိုးသည့် မျိုးချစ်တပ်မတော် သူရဲကောင်းအပေါင်းတို့သည် အမိမြန်မာပြည်ကြီးအား အမှန်တကယ် ကာကွယ်စောင့်ရှောက်ရန် အခွင့်အခါကောင်းကြီးနှင့် ကြုံကြိုက်နေပြီဖြစ်သည်။

သာသနာတော်ကို ချစ်မြတ်နိုးကြသည့် အမိမြန်မာပြည်သူပြည်သား ရဟန်းရှင်လူ ပြည်သူ မျိုးချစ်တပ်မတော်သား အပေါင်းတို့----

သံဃာ့တပ်ပေါင်းစု ဦးဆောင်သည့် သံဃာ့အရေးတော်ပုံကြီးနှင့်အတူ စစ်မှန်ငြိမ်းချမ်းပြီး သူတော်ကောင်း မင်းကောင်းမင်းမြတ်များ ဖော်ဆောင်နိုင်ရန် မိမိတို့စွမ်းနိုင်သည့် တာဝန်တစ်ခုကိုယူ၍ ပူးပေါင်ပါဝင်ဆင်နွဲကြဖို့ အချိန်ကြရောက်ပြီ ဖြစ်ပါကြောင်းနှင့် တပ်မတော်နှင့် ပြည်သူကြည်ဖြူစွာ လက်တွဲပြိး စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်ကြပါရန် အထူးတိုက်တွန်း နိုးဆော်အပ်ပါသည်။


ဒီမိုကရေစီ တော်လှန်ရေး သွေးသောက်ရဲဘော်များ (ပြည်တွင်း)။



မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...