Sunday, September 6, 2009

ညီညွတ်စွာ တိုက်ပွဲဝင်ကြစို့

ညီညွတ်စွာ တိုက်ပွဲဝင်ကြစို့

09/06/2009

အခုတလော န အ ဖ စစ်အုပ်စု၏ အစွမ်းကုန် ရက်စက်ယုတ်မာပုံများကို မကြားချင်အဆုံး ကြားနေရပါသည်။
န အ ဖ စစ်အုပ်စုသည် သံဃာများ၏ မေတ္တာရပ်ခံ တောင်းဆိုချက်များကို မသိကျိုး နွံပြုကာ လျစ်လျူရှူ ထားဆဲပင်ဖြစ်သည်။
မိမိ၏ အမျိုးဘာသာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော မြန်မာ့ တပ်မတော်မှာ လက်တစ်ဆုပ်စာ လူတစ်စု၏ အခိုင်းခံဘ၀ကို ရောက်မှန်း မသိရောက်နေရသည်မှာ ၀မ်းနည်းစရာပင်။ မတရားသော၊ တရားနည်း လမ်းမကျသော အမိန့်အာဏာကို နာခံနေကြသော တပ်မတော်သားများ လေးလေးနက်နက် စဉ်းစားကြစေလိုပါသည်။

တက္ကသိုလ်ကျောင်းသားများနှင့် သံဃာတော်များမှာ အမျိုး၊ ဘာသာ၊ သာသနာရေး အတွက် တာဝန်ကျေခဲ့ကြပေပြီ။
တပ်မတော်သားများမှာ တာဝန်မကျေကြသေးပေ။ လက်တဆုပ်စာလူတစ်စု၏ မတရားစေခိုင်းခြင်းကို ခေါင်းငုံခံနေရဆဲပင်ဖြစ်သည်။
မတရားသောအမိန့်ကို မတရားမှန်း သိပါလျက် ခေါင်းငုံခံနေကြခြင်းမှာ မြန်မာ့ တပ်မတော်တစ်ခုလုံး၏ ဂုဏ်သိက္ခာ ကျဆင်းရုံတင်မက အနာဂတ်မြန်မာနိုင်ငံတော်ကြီး အတွက် အထူးပင် ရတက် မအေးစရာဖြစ်နေပေသည်။

တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားသည့် အစဉ်အလာအားဖြင့် ကြီးမြတ်သည့် တပ်မတော်ကြီး တစ်ခုဖြစ်သည်ကို အသင်တို့ မမေ့သင့် မမေ့ထိုက်ပေ။ နအဖ စစ်မိစ္ဆာကောင်များ လက်ထက်တွင် တပ်မတော်ကြီး တစ်ခုလုံး၏ ဂုဏ်သိက္ခာသည် မြောင်းထဲသို့ ရောက်မှန်းမသိရောက်ခဲ့ရပေသည်၊ အမိမြန်မာပြည်သူလူထုကြီး၏ နေ့စဉ်နှင့်အမျှ ခံစားနေရသော ဒုက္ခ မျက်ရည်စက်များကို ကိုယ်ချင်းစားနာပြီး မိမိ၏ ဘိုးစဉ်ဘောက်ဆက် ကိုးကွယ်ခဲ့သည် ဘာသာ သာသနာကို ချစ်ခင်မြတ်နိုးသည့် မျိုးချစ်တပ်မတော် သူရဲကောင်းအပေါင်းတို့သည် အမိမြန်မာပြည်ကြီးအား အမှန်တကယ် ကာကွယ်စောင့်ရှောက်ရန် အခွင့်အခါကောင်းကြီးနှင့် ကြုံကြိုက်နေပြီဖြစ်သည်။

သာသနာတော်ကို ချစ်မြတ်နိုးကြသည့် အမိမြန်မာပြည်သူပြည်သား ရဟန်းရှင်လူ ပြည်သူ မျိုးချစ်တပ်မတော်သား အပေါင်းတို့----

သံဃာ့တပ်ပေါင်းစု ဦးဆောင်သည့် သံဃာ့အရေးတော်ပုံကြီးနှင့်အတူ စစ်မှန်ငြိမ်းချမ်းပြီး သူတော်ကောင်း မင်းကောင်းမင်းမြတ်များ ဖော်ဆောင်နိုင်ရန် မိမိတို့စွမ်းနိုင်သည့် တာဝန်တစ်ခုကိုယူ၍ ပူးပေါင်ပါဝင်ဆင်နွဲကြဖို့ အချိန်ကြရောက်ပြီ ဖြစ်ပါကြောင်းနှင့် တပ်မတော်နှင့် ပြည်သူကြည်ဖြူစွာ လက်တွဲပြိး စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်ကြပါရန် အထူးတိုက်တွန်း နိုးဆော်အပ်ပါသည်။


ဒီမိုကရေစီ တော်လှန်ရေး သွေးသောက်ရဲဘော်များ (ပြည်တွင်း)။



မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။