Tuesday, September 8, 2009

ထိုင်း မြန်မာ နယ်စပ် ၀ တောင်ပိုင်းတွင်လည်း စစ်အစိုးရတပ်များ တိုးချဲ့ထား

ထိုင်း မြန်မာ နယ်စပ် ၀ တောင်ပိုင်းတွင်လည်း
စစ်အစိုးရတပ်များ တိုးချဲ့ထား

Tuesday, 08 September 2009 18:43 ရန်ပိုင်

ရှမ်းပြည် အရှေ့တောင်ပိုင်းရှိ ဝေရှောက်ခမ်း ဦးဆောင်သည့် ၀ စစ်ဒေသ ၁၇၁၈ နယ်မြေတွင် ၀ တပ်ဖွဲ့နှင့် စစ်အစိုးရ တပ်များ နှစ်ဘက်စလုံး စစ်ရေးပြင်ဆင်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံတချို့ က ဧရာဝတီသို့ပြောသည်။

“တောင်ပိုင်း ၀နယ်ဘက်ကိုသွားတဲ့ မိုင်းဆတ်လမ်းမှာ စစ်တပ်က လက်နက်ကြီးတွေ ၁၂၀ မမ အမြောက်ကြီးတွေ ၃လက်လောက်၊သံချပ်ကာကားတွေ ၁၀စီးကျော်လောက် တွေ့နေရတယ်၊ တောင်ပိုင်း ၀ တွေလည်း အသင့်ပြင်ထားတယ်” ဟု မိုင်းဆတ်ဒေသခံ တဦးက ပြောသည်။

သို့ရာတွင် တောင်ပိုင်းဝတပ်ဖွဲ့ အတွင်းရှိ တပ်မှူး တချို့မှာ ပေါက်ယူချန်း ၏ ပန်ဆန်း သြဇာကို ခံယူချင်ပြီး၊ တချို့မှာ ဝေရှောက်ခမ်း ကို သဘောကျမှုများ ရှိနေကြောင်း၊ ဝေရှောက်ခမ်းမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နာမည်ဆိုးရှိ နေသောကြောင့် အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သော ၀ တပ်မှူး တချို့က မထောက်ခံကြောင်း၊ ထိုကြောင့် တောင်ပိုင်း ၀တပ်ဖွဲ့များအတွင်း သဘောထားကွဲလွဲမှုများ ရှိလာနိုင်ပြီး စစ်အစိုးရက ထိုသို့သော သဘောကွဲလွဲမှုများကို အသုံးချ လာနိုင်ကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရသည်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်သည် ၀တိုင်းရင်းသား အပစ်ရပ် နယ်မြေ အတွင်းသို့ ထွက်ပြေးတိမ်းရှောင် သွားသောကြောင့် စစ်အစိုးရမှ ၀အဖွဲ့သို့ စာရေးတောင်းဆိုထားရာ ၀ အပစ်ရပ်အဖွဲ့မှ မည်သည့် အကြောင်းပြန်ချက်မှ မပေးသောကြောင့် စစ်အစိုးရ နှင့် ၀အပစ်ရပ်အဖွဲ့များကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဝ အဖွဲ့နှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။

ထိုင်း မြန်မာ နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ တရုတ်အမျိုးသားများ၏ အိမ်များကို ဗုံးခွဲတိုက်ခိုက်မည်ဟု သတင်းများထွက်လာသောကြောင့် တာချီလိတ်မြို့တွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း၊ မိုင်းတုံမြို့ တောင်ဘက် နားကောမုံး ရွာရှိ ကျပီးကွယ် ဦးဆောင်သော လားဟူပြည်သူ့စစ်များကို စစ်အစိုးရက အသင့်အနေအထား ပြင်ဆင်ထားရန်၊ မူးယစ်ဆေးဝါး နှင့်ပတ်သက်ပြီး စောင့်ကြည့် သတင်းပေးရန်ညွန်ကြား ထားသည်ဟု တာချီလိတ်ဒေသခံ တဦးက ဧရာဝတီသို့ပြောသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ် မြန်မာနယ်စပ်ရှိ အပစ်ရပ်အဖွဲ့များက စစ်ရေးအရသုံးသပ်မှုများ လုပ်ရာတွင် “အထိအခိုက်မများပေမယ့်၊ အချိန်တိုအတွင်းမှာ လက်နက်တွေ အများကြီးဆုံးရှုံးတယ်၊ နယ်မြေတွေက ဆုတ်ပေး လိုက်ရတယ်၊ ဒါတွေကို သင်ခန်းစာယူပြီး စစ်ရေးပြင်ဆင်မှုကို အပစ်ရပ်အဖွဲ့တွေက အသေအချာ ပြင်ဆင်ထားတယ်လို့ သိရတယ်” ဟု ယခင် ဗမာပြည်ကွန်မြူနစ် ပါတီဝင်ဟောင်း ဦးအောင်ကျော်ဇောက ပြောသည်။

မြောက်ပိုင်း ၀တိုင်းရင်းသားအပစ်ရပ်အဖွဲ့ နယ်မြေအတွင်းတွင် ဒေသခံများကို ပြည်သူ့စစ်ပုံစံဖြင့် စစ်သင်တန်းပေးထားပြီး၊ အင်အား ၄၀၀၀၀ ခန့် ရှိကြောင်း ၊ မိုင်းလားဒေသတွင်လည်း ပြည်သူ့စစ် ၈၀၀၀ ခန့်ကို စစ်သင်တန်ပေးထားကြောင်း ရှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဥပဒေဘောင် အတွင်းသို့ ၀င်ရောက်လာခဲ့သည့် ကိုးကန့်အဖွဲ့သည် တဘက်မှ ၀င်ငွေကောင်းလှသည့် မူးယစ်ဆေးဝါး လုပ်ငန်းများကို လက်မလွှတ်နိုင်ဘဲ တိတ်တိတ်ပုန်း ဆက်လုပ်နေခဲ့ကြောင်း ၊လက်နက်ခဲယမ်းများကိုပါ တရားမ၀င် ထုတ်လုပ်ရောင်းချပြီး ဒေသတခုလုံး မတည်မငြိမ်ဖြစ်အောင် လုပ်နေကြောင်း ရေးသားထားသည်။

“၀တို့ ကိုးကန့်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေမှု ဖြစ်တယ်၊ စစ်အစိုးရက အဲ့သည်လို လုပ်ချင်လို့ သူတို့ကိုလွှတ်ပေးထားတာ” ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ မည်သည့် နိုင်ငံတွင်မှ နိုင်ငံတပ်မတော် အပြင် ပြည်နယ်တပ်မတော်၊ ဒေသ တပ်မတော်ဖွဲ့ခွင့် ပြုရိုးထုံးစံ မရှိကြောင်း၊ Paramilitary ဟု ခေါ်သည့် ဒေသန္တရ လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဗဟို အစိုးရ၏ တိုက်ရိုက် အုပ်ချုပ်ကိုင်တွယ်မှုအောက်တွင် ထားမည်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာ ဆောင်းပါး တွင်ဖော်ပြထားသည့် အတွက် အပစ်ရပ်အဖွဲ့များသည် နယ်ခြားစောင့်တပ် အဖြစ်ပြောင်းရေးကိုသာ ရွေးချယ်ရလိမ့်မည် ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ် ကြသည်။

မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။