Saturday, February 26, 2011

အော်- မဲနယ်တောင်

ဖိုးသံ(လူထု) | မဲနယ်တောင်ပေါ်မှာ နွေဦးပေါက်ပါတော့မယ်။ ဆောင်းခိုစရာမရှိ။ တုန်ကျင်နေအောင် ချမ်းတဲ့ ဥတုရာသီကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ရာကနေ နွေးထွေးတဲ့ ကာလဆီကို ရုန်းထွက်စ ပြုပါပြီ။

အဲဒီလို နွေနဲ့ဆောင်း အပြိုင်လုနေကြတဲ့ တမနက်မှာ ကျနော်နေတဲ့ ဦးကျော်စိန်ရဲ့ အိမ်ကို ဦးခွန်ထီး ရောက်လာခဲ့ပါတယ်။ ကျနော့်ကို လာခေါ်တာပါ။ တောင်ကြီးဦးထွန်းမြင့်လေးနဲ့ သူတို့ ဗမာပြည် ကွန်မြူနစ်ပါတီမြေအောက်လုပ်နေတဲ့ ရဲဘော်တွေကို အဆက်ရပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ သူက ဂျစ်ကားတစင်း ငှားလာခဲ့ပါတယ်။ ဒါကြောင့် မနက်စာစားပြီး ချက်ခြင်းလိုက်ဖို့ပဲ ပြင်ရပါတယ်။ ကိုယ်ပိုင်ပစ္စည်းရယ်လို့ ဘာမှ မရှိလေတော့ ပြင်ရတာ ဘာမှမခက်ပါ။ ခက်တာက ခွဲခွာ ရတာပါ။

မဲနယ်တောင်ကြီးကို ကျနော်က ချစ်နေမိလို့ပါပဲ။ ကျနော်ပထမဆုံး တောခိုတဲ့နေရာ။ ကျနော်ပထမဆုံး သေနတ်ကိုင်ဖူးတဲ့၊ ပထမဆုံး တိုက်ပွဲကလေး တိုက်ဖူးတဲ့နေရာ မဟုတ်လား။ ဒီတောင်ပေါ်မှာ ကျနော့်ကို မျက်နှာတင်းတင်းနဲ့ကြည့်သူ၊ ငြိုငြင်တဲ့လူလို့ တယောက်မှ မကြုံခဲ့ရပါဘူး။ ကြည်လင်တဲ့အပြုံးတွေချည့် မြင်တွေ့ ခဲ့ရဖူးပါတယ်။

“ခွေအုံဖူး မဲကောင်” (ပအို့ဝ်စကား- ကျနော်မဲနယ်တောင်မှာ နေဖူးတယ်)လို့ နောင်မှာ ကျနော်ဂုဏ်ယူစွာ ပြောလေ့ရှိရတဲ့ တောင်တန်းကြီးဖြစ်ပါတယ်။ ကမ္ဘာမြေကြီးကို ပေါက်ပြားနဲ့ပေါက်တာဟာ ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးရာကျတယ်ဆိုတဲ့ အဆိုစကားကို ကျနော်တက္ကသိုလ်မှာနေတုန်းက နောင်တော်ကဗျာဆရာ ကိုကြည်အောင် မကြာခဏ ပြောတာကြားရဖူးပါတယ်။ ကျနော်လည်း မဲနယ်တောင်ကြီးပေါ်မှာ သနပ်ဖက်ခင်းတွေ ပေါက်၊ ကြက်သွန်ခင်းတွေ ပေါက်ခဲ့တာ နည်းမှမနည်းတော့ပဲ။


မဲနယ်တောင်ကလူတွေက မဲနယ်တောင်ဟာ ပအို့ဝ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဆက်ခံတဲ့ ဗဟိုလို့သဘော ထားပြောဆိုလေ့ ရှိကြပါတယ်။ ဘုန်းကြီးကျောင်းကြီးတွေဟာ တိုင်တရာနီးပါးရှိကြပြီး သံယာတော်တွေဟာ အင်မတန် ကြည်ညိုလေးစားတာ ခံကြရပါတယ်။ သံဃာတော်တွေကလည်း ရွာထဲလာလည်ဆိုတာမျိုး လုံးဝမရှိပဲ ကျောင်းပရ၀ုဏ်ထဲမှာပဲ ကျောင်းစည်းကမ်းနဲ့အညီ နေကြပါတယ်။ အဲဒီဒေသမှာ လောင်းကစားတာ မရှိသလို၊ မူးယစ်ဆေးဝါးနဲ့ ဘိန်းဘင်း ကဇော်လည်း မရှိပါ။ အရက်တော့ သောက်ကြပါတယ်။ ဒါပေမဲ့အရက်မူးလို့ ရမ်းတယ်၊ ကြမ်းတယ်ဆိုတာမျိုး တခါမှမတွေ့ရ ဖူးပါဘူး။ အရက်မူးလို့် ရွာလမ်းမှာ က’ နေတာမျိုးတော့ တွေ့ရဖူးပါတယ်။

ကြုံလို့ ကျနော် ဒီတောင်ပေါ်မှာ တံတားပြင်ခဲ့တဲ့ အတွေ့အကြုံလေးတခု ပြောပြချင်ပါတယ်။ မဲနယ်တောင်တန်းကြီးပေါ်က ကျနော်တို့နေတဲ့တကြောမှာ ရွာတွေဟာ တောင်ခါးပန်းက ချောင်းရိုးတလျှောက်မှာ စီတန်းတည်ရှိနေတယ်လို့ ဆိုရင် ရပါတယ်။ နောက်ပြီးရွာကြီးတွေက ဆက်နေတာပါ။ တချို့ဆိုရင် တရွာနဲ့တရွာ ကိုက်နှစ်ရာ-သုံးရာပဲ ဝေးပြီး ဝေးလှ၊ ကွာလှပါတယ်ဆိုတောင်မှ နှစ်မိုင်လောက်ထက်ပိုပြီး ရွာပြတ်တာ မရှိသလောက်ပါပဲ။ ဒီတော့ ဒီချောင်းရိုးတလျှောက်က ကားလမ်းဟာ အင်မတန်မှ အခရာကျပါတယ်။ ကျနော်ပါဝင်တယ်ဆိုတဲ့ တံတားပြင်ပွဲဟာ ကျနော်နေတဲ့ရွာအောက်နား လေးတင်၊ ၄ဖာလုံလောက် အကွာနေရာမှာ ရှိပါတယ်။ အဲဒီနေ့မနက်မှာ လမ်းပြင်ဖို့အတွက် ရွာထဲမှာတရက်ကြိုပြီး လူစုံတဲ့ ညနေစောင်းမှာ ကာလသားခေါင်းလုပ်သူက ရွာထဲမှာ “မူနမ်ရွေ့၊ ခိုဘမ်းရွေ့”ဆိုပြီး လိုက်ဗျိုး ဟစ်ပါတယ်။ ဗမာလိုဆိုရင် “အပျိုတို့၊ လူပျိုတို့”လို့ ဆော်သြတာပါ။ ဒီနေရာမှာ ရကောက်ကို ‘r’အသံ ထွက်ပါတယ်။ တံတားပတ်ဝန်းကျင်က ရွာတွေက အပျို၊လူပျိုသာမက လူအိုနဲ့လူနာက လွဲရင်အကုန်လုံး လာရပါတယ်။ မနက်စာထမင်းစားပြီးတာနဲ့ (၉နာရီ၊ ၁၀ နာရီ အချိန်လောက်)တံတားပြင်မယ့်နေရာကို ရောက်ကြပါတယ်။ ပြင်ရမယ့်အလုပ်က ချောင်းရိုးထဲမှ ခုတ်ချထားတဲ့၊ အကိုင်းတွေခုတ်ဖြတ်ထားတဲ့ သစ်ပင်ကြီးနှစ်ပင်ကို ကြိုးနဲ့ ဆွဲတင်ရတာပါ။ လူ့လက်သုံးဖက်လောက်တုတ်ပြီး အလျား၅လံ ၆လံလောက်ရှိတဲ့ သစ်လုံးကြီးတွေကို အနက်ပေ ၁၀၀နီးပါး ရှိတဲ့ ချောက်ထဲကနေ အကွာကိုက်၂၀၀လောက်ရှိတဲ့ နေရာအထိ ဆွဲရတာဟာ လွယ်တဲ့ အလုပ် မဟုတ်ပါဘူး။ ရွာလေးငါးရွာက သန်သန်မာမာလူပေါင်း ၃-၄၀၀လောက်နဲ့ ဆွဲတင် ကြတာရဖြစ်ပါတယ်။ ကာလသားခေါင်းတယောက်ကနေ မောင်းကလေးတလုံးနဲ့ ညာသံပေးသလို တီးပေးနေပြီး အားလုံးက တညီထဲ ၀ိုင်းဆွဲတင်ကြပါတယ်။ ကျနော့်အထင် သစ်လုံးကြီးနှစ်လုံးကို ၂နာရီကျော် ၃နာရီလောက်ဆွဲတင် ရပါတယ်။ ရွာစုံက လူစုံလာကြတာဆိုတော့ အားလုံးတပျော်တပါကြီး လုပ်ကြပြီး ပြီးတဲ့အခါမှာ လူစုခွဲလိုက်ကြပါတယ်။ ကျနော့်အဖို့ကတော့ ကိုယ်နေတဲ့ရွာက လူတွေနဲ့ရော တခြားရွာကလူတွေနဲ့ပါ ရင်းနှီးလိုက်ရတာဟာ အမြတ်ဖြစ်ပါပဲ။

ကျနော်ရောက်သွားတဲ့အချိန်က မိုးတွင်းကြီး၊ ၀ါတွင်းကြီးဖြစ်လေတော့ အဖိတ်နေ့တိုင်းမှာ ဘုန်းကြီးကျောင်းပို့ဖို့ ရွာတွေက ဆွမ်းချက်ပွဲတွေ လုပ်ကြပါတယ်။ ဆွမ်းချက်ပွဲဆိုတာက ရွာထဲက အိမ်တွေမှာ ကာလသား ကာလသမီးတွေက အလှည့်ကျ ချက်ကြတာဆိုတော့ စည်ကားတော့တာပေါ့။ သူတို့ဆီမှာက အပျိုလည်တဲ့ ဓလေ့လည်း ရှိတာကိုး။ တနေ့လုံး ပင်ပင်ပမ်းပမ်းအလုပ်လုပ်ကြရတဲ့ လူငယ်တွေအဖို့ ဖျော်ဖြေစရာဆိုလို့ ဒီတခုထဲ ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ညမို့ ရောက်လာတယ်ဆိုရင် ကာလသား ၄-၅ယောက်တဖွဲ့ စုပြီးအပျိုတွေရဲ့အိမ်ကို သွားလည်ကြပါတယ်။ အိမ့်ရှင်အပျိုဟာ လာလည်တဲ့ကာလသားကို လက်ခံ စကားပြောရပါတယ်။ လက်မခံလို့ မရပါဘူး။ တခါတလေဆိုရင် တခြား ရွာက၊ ဒါမှမဟုတ် တရပ်တကျေးက လူပျိုတွေကို ကိုယ့်ရွာသားတွေ ခေါ်လာတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုလည်း လက်ခံ ရပါတယ်။ ပြီးရင် ယောက်ျားလေးက “မင်းကိုငါသိပ်ချစ်တယ်။ ငါ့ကိုချစ်သလား”လို့မေးရင် မိန်းကလေးက ချစ်သည် ဖြစ်စေ၊ မချစ်သည်ဖြစ်စေ “ချစ်ပါတယ်”လို့ပဲ ပြန်ပြောရပါတယ်။ မချစ်ဘူးလို့ မပြောရပါဘူး။ ဒါပေမဲ့ အဲဒီလို အချိန်မှာ ပြောတဲ့စကားကို အတည်ယူလို့ မရပါဘူး။ ထုံးစံမို့ပြောနေတာပဲဆိုတာကို နှစ်ဘက်လုံး နားလည်ရပါတယ်။ အဲဒီလို ထမင်းချက်တဲ့အိမ်ဆီက ထိန်ထိန်ငြီးနေတဲ့အောက်လင်းဓာတ်မီးရောင်တွေနဲ့ အိုးစည်သ၊ံလင်းကွင်းသံလည်း ပျံ့လွင့် နေတတ်ပါတယ်။

ဒီလိုနဲ့ သီတင်းကျွတ်တဲ့အချိန်ရောက်တော့ ကျနော့်အထင် အဲဒီက ပအို့ယဉ်ကျေးမှုရဲ့ အထွတ်အထိပ်ကို တွေ့ရပါတော့တယ်။ စောစောကပြောခဲ့တဲ့ တိုင်တရာနီးပါးရှိတဲ့ ဘုန်းကြီးကျောင်းကြီးတွေမှာ လှူဖွယ်ပစ္စည်းတွေနဲ့ ပွဲတော်တွေ ကျင်းပကြပါတယ်။ တကျောင်းပြီးတကျောင်း အလှည့်ကျ ကျင်းပကြတဲ့ ဒီပွဲတော်ကို ဒီတရိုးမှာရှိတဲ့ ရွာအားလုံးက လူအားလုံးဟာ လှူဖွယ်ပစ္စည်းတွေနဲ့ လာကြပြီး ညမှာကျောင်းကို လှည့်ပတ်ပူဇော်ကြပါတယ်။ လှူဖွယ်ကို ကိုင်သူက ကိုင်၊ အိုးစည်ရှည်ကြီးနဲ့ သိုင်းကသူက က။ အပတ်ပေါင်းများစွာ လှည့်ကြတာပါ။ ဒီလိုပူဇော်ပွဲတွေကို တောင်ခြေပိုင်းရှိရှမ်းရွာတွေ ကလည်း လာကြပါတယ်။ လှည့်ရာမှာအမျိုးသမီးတွေနဲ့ လူကြီးတွေပဲပါတာမို့ ကာလသားတွေအဖို့ ဒီထက်ကောင်းတဲ့ မျက်စေ့ပွဲတော်တည်စရာမရှိတော့သလို ဖြစ်နေပါတယ်။ အစွမ်းကုန် အလှပြင်ထားတဲ့ ရွာတကာက အပျိုတွေကို တထိုင်ထဲ ကြည့်ရတာမဟုတ်လား။ ဒါဟာ ဘုန်းကြီးကျောင်း တကျောင်းပြီးတကျောင်း၊၊ ရွာလုံးကျွတ်၊ ညလုံးပေါက်လောက် ကျင်းပကြတာပါ။ ကျနော်တောင်၎-၅ပွဲလောက် ရောက်ခဲ့ဖူးပါတယ်။ သူတို့နဲ့ လိုက်ပြီးပျော်ခဲ့ရပါတယ်။ အလားတူပဲ တောင်ခြေမှာရှိတဲ့ ရှမ်းရွာတွေက ပွဲတွေကိုလည်း တောင်ပေါ်ကလူတွေက သွားပူဇော်ကြပါတယ်။ အဲဒီနေရာတွေမှာ ကျတော့ မြို့က လာတဲ့ဈေးသည်တွေကိုလည်း တွေ့ရပါတယ်။


ဒီနေရာကိုကျနော်ရောက်ကတဲက ဦးကျော်စိန်ကို“သူတို့နဲ့ကျနော်နဲ့ အဖွဲ့အစည်းချင်း မတူပေမဲ့ ရန်သူကို ဆန့်ကျင် တိုက်ခိုက်တဲ့ လုပ်ငန်းမှန်သမျှမှာ ပါဝင်လုပ်ကိုင်ပေးမယ်”လို့ ကတိပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ၁၁ရက်မှာကျတဲ့ သူတို့ရဲ့ပအို့ဝ်တော်လှန်ရေးနေ့ အခမ်းအနား ပွဲလမ်းသဘင်တွေမှာ ကျနော် တက်တက်ကြွပါဝင်ခဲ့ပါတယ်။ သူတို့ထုတ်တဲ့ စာစောင်လေးထဲမှာ ကာတွန်းဆွဲပေးတာ၊ ဆောင်းပါးဘာသာပြန်ပေးတာကအစ အားကစားပွဲတွေ ကြီးမှူးလုပ်ကိုင်ပေး၊ ကိုယ်တိုင်ဝင်ပါ စသဖြင့် ထက်ထက်သန်သန် ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်ဦးဆောင်တဲ့ ကျနော်တို့ရွာက ဘော်လီဘော အသင်းက ပထမ ရခဲ့ပါတယ်။

တခါမှာ ညကြီးမင်းကြီး တောင်ပေါ်ကို ရန်သူ့တပ်(မဆလတပ်)လာတယ်ဆိုလို့ သူ့ကိုယ်ရံသဘောမျိုး ကာဘိုင် သေနတ်ဆွဲပြီး တောင်ပေါ် တက်ရှောင်ခဲ့ရဖူးပါတယ်။ နောက်တခါမှာတော့ နေ့ခင်းပိုင်းမှာ ကားလမ်းတလျှောက် ၀င်လာတဲ့ ရန်သူ့တပ်စုတစုလောက်ကို ဖြတ်တိုက်တာမှာ ပါခဲ့ပါတယ်။ ကိုယ့်ဘက်က အချိန်နောက်ကျသွားတာအပြင် ရန်သူကို ပိတ်တိုက်တာ မလုပ်နိုင်လို့ဘယ်ဘက်မှ ထိခိုက်မှုမရှိပဲ ရန်သူတွေ လွတ်ထွက်သွားပါတယ်။ မဆလတပ်ရဲ့ ဦးထုပ်တလုံးပဲ ရလိုက်ပါတယ်။

အဲဒီလိုမဲနယ်တောင်သားတွေနဲ့ တပျော်တပါးကြီးနေခဲ့ရာကနေ ပါတီက လာခေါ်တယ်ဆိုတော့ ကျနော့်မှာ ဘာမှ စဉ်းစား မနေနိုင်တော့ပါဘူး။ ဦးခွန်ထီးက သွားရအောင်၊ အားလုံးစီစဉ်ပြီးပြီလို့ဆိုတော့ ကျနော့်အနေနဲ့ ဘယ်သူတွေလဲ၊ ဘယ်ကယူဂျီလဲ စသဖြင့် မေးမနေနိုင်ပါဘူး။ မေးခွင့်လည်း မရှိဘူးမဟုတ်လား။ “ဟုတ်ကဲ့”တလုံးပဲပြောပြီး ထွက်ခွာရတာပါ။ မနက်စာ မစားခင်လေးမှာ သူရောက်လာ၊ စားပြီးတာနဲ့ ထွက်ဆိုသလိုပဲ ဖြစ်ပါတယ်။

ကျနော်နဲ့ ကိုတော်ဝင်း (ကျနော်ထွက်ပြေးရာမှာ ကူညီမိလို့ တောခိုရတဲ့ ညီအကိုလို နေခဲ့သူ)ဟာ ဦးလေးဦးကျော်စိန် တို့ လင်မယားကို ကန်တော့ပြီး အိမ်ပေါ်က ဆင်းခဲ့ကြပါတယ်။ သူတို့က ကျနော်တို့ကို ဂျစ်ကားအထိ လိုက်ပို့ပါတယ်။ ကား အနားရောက်တော့ ကျနော်နဲ့ဦးလေးဦးကျော်စိန်ရဲ့သား ကိုအောင်မာန်(မြို့နယ်တပ်မှူး)တို့ ပုခုံးဘက်ပြီး ငိုခဲ့ကြပါတယ်။ ကျနော့်အဖို့ ဒါဟာ ပထမဆုံး ဒီလိုငိုနည်းမျိုးလို့ ထင်ပါတယ်။ နေရစ်ဦးတော့ မဲနယ်တောင်ပေါ့။ ဂျစ်ကားနောက်ပိုင်းမှာ ထိုင်ပြီး ကိုယ်လျှောက်ခဲ့တဲ့လမ်း၊ ကိုယ်ပြင်ခဲ့တဲ့ တံတားနဲ့ ကိုယ်ပေါက်ခဲ့တဲ့ သနပ်ဖက်ခင်းတွေကို ငေးမောနှုတ်ဆက် နေမိခဲ့ပါတယ်။ မဲနယ်တောင်နယ်မြေက ထွက်ပြီဆိုတာနဲ့ ကျနော့်အဖို့ လွတ်လပ်မှု ဆုံးသွားပြီး ကားထဲမှာ ခပ်ဝပ်ဝပ် ထိုင်လိုက်ရပါတော့တယ်။

ဒီလိုနဲ့ မဲနယ်တောင်ကြီးအပေါ် သံယောဇဉ်မပြတ်နိုင်တဲ့ကျနော်ဟာ ရောက်လေရာမှာ မဲနယ်တောင်နဲ့ မဲနယ် တောင်သားတွေအကြောင်း အမြဲစနဲနာခဲ့ပါတယ်။ ပအို့ဝ်တွေနဲ့တွေ့ရင် တတ်သမျှပအို့ဝ်စကားလေး ပြောကြည့်လိုက်ရင် သူတို့က ဒါဟာမဲနယ်တောင်ကပအို့ဝ်စကားပဲလို့ သူတို့က မှတ်ချက်ချပါတယ်။ ဒါဆိုရင် ကျနော့်အဖို့ ၀မ်းသာလိုက်ရတဲ့ ဖြစ်ခြင်း။ တနေ့ကတော့ မဲနယ်တောင်ကို မကြာခဏရောက်နေတဲ့ တောင်ကြီးသားနှစ်ယောက်နဲ့တွေ့လို့ မဲနယ်တောင် အခြေအနေကို မေးမြန်းမိပါတယ်။ ကျနော်နေခဲ့တဲ့ ရွာကို သူတို့ အခေါက်ခေါက် ရောက်ဖူးပါတယ်။ အဲတော့သူတို့က မဲနယ်တောင်ပေါ်မှာ လောင်းကစားဝိုင်းတွေ ရောက်နေပြီဆရာရေ့တဲ့။ ကျနော့်မျက်စိပြာသွားသလား အောက်မေ့မိပါတယ်။ နောက်ပြီးရွာတွေက ယောက်ျားမိန်းမတွေဟာ ယိုးဒယားကို သွားအလုပ်လုပ်နေကြလို့ ရွာတွေထဲမှာလည်း လူတော်တော်နည်းနေပြီတဲ့။ တချို့နေရာတွေမှာ ဘိန်းစိုက်တာတောင် ရှိနေသလိုလိုပဲတဲ့။

ကျနော်အကြိမ်ကြိမ်ရေချိုးခဲ့တဲ့ မဲနယ်တောင်ကရွာတွေကို ဖြတ်စီးဆင်းနေတဲ့ ချောင်းကရေဟာ မဲနယ်တောင်သူ၊ မဲနယ်တောင်သားတွေလိုပဲ အင်မတန်သန့်စင်ကြည်လင်တယ် ဆိုတာကို ကျနော် ကောင်းကောင်း မှတ်မိနေပါတယ်။

ဘယ်လိုပဲ ပြောပြော။ မဲနယ်တောင်ကြီးဟာ ကျနော့်ရင်ထဲမှာတော့ ထီးထီးမားမား ရှိဆဲပါ။

source by : http://mayaonlinemagazine.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 22, 2011

ဒေါ်စုကို ကနေဒါတက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်

မခင်ဖြူထွေး | ကနေဒါနိုင်ငံ အော်တ၀ါမြို့မှာရှိတဲ့ ကာလီတန် (Carleton) တက္ကသိုလ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ချက် တခုအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေတဲ့သူ၊ တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ဂုဏ်ပြုတာ ဖြစ်တယ်လို့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O’Reilly Runte က ပြောပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ကနေဒါ စံတော်ချိန် နေ့လယ် ၁၂ နာရီမှာ ကာလီတန် တက္ကသိုလ်ရဲ့ Kailash Mital ခန်းမမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ဖို့ တက္ကသိုလ် တခုလုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့တော့ ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte က အခုလို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ယုံကြည်ချက်အတွက်၊ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့သူပါ။ စိတ်ထဲပေါ်လာမှ သတ္တိမွေးပြီး လုပ်တဲ့သူမျိုး မဟုတ်ပါဘူး။ အရာရာကို သေချာစဉ်းစား သုံးသပ်ပြီးမှ စိတ်ရှည်သည်းခံမှု အပြည့်နဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာချပြီး လုပ်သင့်တာကို လုပ်နေသူပါ။ သူ့ရဲ့ ယုံကြည်ချက်ကြောင့်ပဲ မိသားစု၊ မိတ်ဆွေသင်္ဂဟတွေနဲ့ နေရတဲ့အချိန် မရှိဘဲ နှစ်ပေါင်းများစွာ တယောက်တည်း အကျယ်ချုပ် ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့ဘ၀ရဲ့ အရာရာကို ပေးဆပ်ထားသူပါ။

“ဒါကြောင့် ကျမတို့ ရှင်သန်နေတဲ့ ဒီရာစုနှစ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှမတူ ထူးခြားလှတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ ဆုံးဖြတ်ချက် ခိုင်မာပြီး ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသမီးတဦးပါ။ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ဂုဏ်သိက္ခာရှိရှိ တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ ကျမတို့ အားလုံးအတွက် သတ္တိ ခွန်အားတွေနဲ့ ငြိမ်းချမ်းခြင်းရဲ့ အလှတရားတွေကို ဦးဆောင်လမ်းပြနေသူလို့ ဆိုရမှာပါ။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် လုပ်ရပ်တွေကြောင့် အခုလို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ရတာ ဖြစ်သလို ဒီလို ချီးမြှင့်ဂုဏ်ပြုခွင့် ရတဲ့အတွက်လည်း ၀မ်းသာဂုဏ်ယူရတယ်လို့ ကာလီတန် တက္ကသိုလ် အဓိပတိက ပြောခဲ့ပါသေးတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ တက္ကသိုလ်ဝန်ထမ်းတွေ အားလုံးအတွက် အားကျဂုဏ်ယူစရာ ပုဂ္ဂိုလ်တဦးပါ။ သူ့ရဲ့ ရဲစွမ်းသတ္တိ၊ ငြိမ်းချမ်းတဲ့ စိတ်ခွန်အားတွေနဲ့အတူ ဆက်လက်ပြီး အောင်အောင်မြင်မြင် တိုက်ပွဲဝင်သွားနိုင်ဖို့လည်း ကျမ မျှော်လင့်ပါတယ်။”

ကာလီတန် တက္ကသိုလ်ရဲ့ အဓိပတိ Dr. Roseann O.Reilly Runte ပြောသွားခဲ့တာပါ။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် သူမကိုယ်စား နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ နှစ်မြှုပ်လုပ်ကိုင်နေတဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံ စကားပြောခဲ့ဖူးတဲ့ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်းလည်း ဖြစ်တဲ့ ဖလော်ရာ မက်ဒေါ်နယ် (Flora MacDonald) က ဂုဏ်ပြုမိန့်ခွန်းနဲ့အတူ ဆုကို လက်ခံပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ ကနေဒါနိုင်ငံ တိုရွန်တို (Toronto) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ ၁၉၉၅ ခုနှစ်မှာ ကွင်းစ် (Queens) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ၁၉၉၅ ခုနှစ်မှာပဲ ဆိုင်မွန် ဖရာစာ (Simon Fraser) တက္ကသိုလ်က ချီးမြှင့်တဲ့ ဂန္ဒီဆုတွေ အပါအ၀င် ကနေဒါနိုင်ငံက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ များစွာကို ရရှိထားသူပါ။ ၂၀၀၇ ခုနှစ်ကတော့ ကနေဒါနိုင်ငံရဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၁ ခုနှစ်က နိုဘဲလ် ငြိမ်းချမ်းရေးဆု အပါအ၀င် လွတ်လပ်စွာ တွေးခေါ်မှုဆိုင်ရာ Sakharov ဆု၊ Rafto လူ့အခွင့်အရေးဆု၊ အမေရိကန် ပြည်ထောင်စုမှာ အရပ်သူ အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ လွတ်မြောက်ရေးဆု၊ Jawaharlal Nehru ဆု စတဲ့ နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်ပါတယ်။

နားဆင်ရန်-->>

source by :ဗွီအိုအေ

အပြည့်အစုံ ဖတ်ရန် ...

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး လှုပ်ရှားမှု ၈၈ မျိုးဆက်အဖွဲ့ ကန့်ကွက်

လင်းသန့် | နိုင်ငံရေး ပါတီ ၁၁ ခု ၏ မကြာသေးခင်က စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး လှုပ်ရှားမှုကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ က ကန့်ကွက်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၆၄ နှစ်မြောက်ပြည်ထောင်စုနေ့ ၌ ယင်း ပြည်တွင်းနိုင်ငံရေး ပါတီ ၁၁ ခုက အမေရိကန်၊ ဥရောပ အပါအ၀င် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှု များ အမြန်ဆုံး ရုပ်သိမ်းရန် ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်၍ တောင်းဆိုမှုကို ကန့်ကွက်ခြင်းဖြစ်သည်။


ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်ရှိ ထိုင်ဝမ် ကုမ္ပဏီပိုင် အထည်ချုပ် စက်ရုံ တရုံ၌ အလုပ်လုပ်နေသော အမျိုးသမီး တဦး။ ၂၀၀၃ ခုနှစ် က အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းတချို့ ထိခိုက်မှု ရှိခဲ့သည်။ (ဓာတ်ပုံ - AFP)
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းက “သူတို့ ပါတီတွေ အနေနဲ့ ပြောသင့်တာက နအဖ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကိုလည်း လေ့လာသုံးသပ် ထောက်ပြတာမျိုး လိုတယ်။ ပြည်သူ လူထု အကျိုးစီးပွား လိုလားလို့ Sanction (စီးပွားရေး ပိတ်ဆို့မှု) မရှိသင့်ပါဘူး ဆိုရင် ဒါက ဘာကြောင့် ဖြစ်ပေါ်လာသလဲ ဆိုတာ သေချာ လေ့လာသုံးသပ်ဖို့ လိုတယ်။ ပြည်သူလူထုရဲ့ စီးပွားရေး တကယ်ထိခိုက်၊ မထိခိုက် ဆိုတာကို သေချာလေ့လာ ပြီးမှ NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) က ပြောတဲ့ ပုံစံမျိုးတွေလို သေချာ ပြောဖို့လိုတယ်၊ အခုဟာ က Sanction မရှိသင့်ပါဘူး ဆိုပြီး ယေဘုယျ ပြောနေတာတွေက မဖြစ်သင့်ဘူး”ဟု ဧရာဝတီ ကိုပြောသည်။

စီးပွားရေး ပိတ်ဆို့မှု နှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ၏ သဘောထား အမြင်ကို အဆိုပါ နိုင်ငံရေး ပါတီ တပါတီချင်း ဆီသို့ စာပေးပို့ အကြောင်း ကြားထားသည် ဟုလည်း သိရသည်။

နိုင်ငံရေးပါတီ ၁၁ ခုက ထုတ်ပြန်သည့် ကြေညာချက်တွင် စီးပွားရေးပိတ်ဆို့မှုကြောင့် အမေရိကန်နိုင်ငံသည် နှစ်စဉ် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ နှင့် ၁၉ ဘီလီယံအကြား နစ်နာပြီး အမေရိကန်လုပ်သားများအတွက် လုပ်ခလစာ ၁ ဘီလီယံကျော် ဆုံးရှုံးရကြောင်း၊ မြန်မာနိုင်ငံ အနေနှင့်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးရပြီး အလုပ်အကိုင် သိန်းချီဆုံးရှုံးရကြောင်း ၊ ထို့ကြောင့် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ဖော်ပြထားသည်။

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးတောင်းဆိုသော နိုင်ငံရေးပါတီ ၁၁ ခုမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမို ကရက် တစ် ပါတီ(မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ချုပ်၊ ချင်း အမျိုးသား ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ၊ ၀ံသာနု NLD(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်။

ကိုစိုးထွန်းက ဆက်လက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သည် NLD က ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်လိုက် သော စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ ကြေညာချက်နှင့် တသားတည်းရှိကြောင်း၊ ထို့ကြောင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ကလည်း ကြေညာချက်ထုတ်ပြီးထောက်ခံကြောင်း ပြသခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုအခါ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများထဲမှ ဂျာမနီ နှင့် အီတလီ နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်း စေ လိုသည်များကို ကြားလာရသည်ဟုလည်း ၎င်းက ပြောသည်။

“စီးပွားရေးပိတ်ဆို့မှုကို အခုအနေမှာရှိနေသင့်သေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ တသားတည်းရှိတယ်၊ ဒါ ပေ မယ့်နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်၊ ဒါကိုတောင်းဆိုထားတယ်။ ဒီလိုနိုင်ငံရေးအကျဉ်း သားတွေကို စပြီးလွှတ်ပေးမယ်ဆိုရင် နိုင်ငံတကာကလည်း တဖြည်းဖြည်းချင်း လျှော့ပေးလာမှာပဲ၊ ဘာတိုးတက်မှု တစုံ တရာမှ မရှိသေးဘဲ ဖယ်ရှားဖို့ မသင့်ဘူး”ဟု ကိုစိုးထွန်းက ပြောဆိုသည်။

NLD ကြေညာချက်တွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့နှင့် သယံဇာတ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ၀င်ငွေရရှိနေသော်လည်း လူထု၏ကျန်းမာရေးနှင့် ပညာရေးကို အလေးထားခြင်း မရှိသည့်အတွက်၂၀၁၁ ခုနှစ် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် လူသားရင်းမြစ်ဖွံ့ဖြိုးမှုတွင် အနိမ့်ကျဆုံးဖြစ်နေပြီး အရှေ့တောင်အာရှတွင် ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံတို့ကပင် ကျော်တက်သွားပြီ ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုသည် စစ်အစိုးရကိုသာ အဓိက တိုက်ရိုက်ထိခိုက်ပြီး ပြည်သူလူထု အပေါ် ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

“စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ထားတဲ့နိုင်ငံတွေ ကိုယ်တိုင်က Sanction ကို အမြဲ လုပ်ထားမှာ မဟုတ်ဘူး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေးကိုလေးစား လိုက်နာလာဖို့တွေအတွက် တိုးတက်တဲ့ အခြေအနေ တစုံ တရာကို မမြင်တွေ့ ရသေးလို့သာ သူတို့က ဆက်ထားချင်တာ၊ ဒါဟာ မှန်တယ်”ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ကလေးစစ်သား အသုံးပြုမှု အပါအ၀င် ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်အစိုးရက ကျူးလွန်နေခြင်းကြောင့် ၁၉၉၇ ခုနှစ်မှ စတင်ကာ အမေရိ ကန် နိုင်ငံ၊ ဥရောပ သမဂ္ဂ အပါအ၀င် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

source by :ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

Sunday, February 20, 2011

မြဝတီ ကော့ကရိတ်ကားလမ်းပေါ်က နေရာ ၂ ခုမှာ ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

ဒီကေဘီအေ အနေနဲ့ နအဖရဲ့ စီးပွားရေးအသက်သွေးကြောတခုဖြစ်တဲ့ မြဝတီကုန်သည်လမ်း သွားလာခွင့်ကို တားမြစ် ပိတ်ပင်လိုက်ပြီး ဒီကားလမ်းပေါ်မှာ စစ်ဆင်ရေးတွေ ပိုမိုလုပ်လာတော့မှာ ဖြစ်တဲ့အတွက် ပြည်သူလူထုကို ထိခိုက်မှုမရှိ စေရန်ဖို့ ဒီကေဘီအေ ဘက်က ပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ခုဆိုရင် မြဝတီကုန်သည် ကားလမ်းပေါ်က နအဖ တပ်စခန်းနေရာတွေကို ဒီကေဘီအေဘက် ဝင်ရောက်တိုက်ခိုက်မှုတွေ ဟာ ဒီရက်ပိုင်းမှာ ပိုစိပ်လာပါတယ်။

ဒီကနေ့ မနက် မြဝတီနဲ့ ကောကရိတ်ကြားက နေရာနှစ်ခုမှ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ နေရာတွေ ကတော့ ဗျူဟာဂိတ်လို့ ခေါ်တဲ့ ခမရ ၃၅၆ နဲ့ အုပ်ဖို လို့ခေါ်တဲ့ ခမရ ၃၅၅ နေရာနှစ်ခုပဲ ဖြစ်ပါတယ်။ ဒီကေဘီအေဘက် က ဒီကနေ့ မနက် ၃ နာရီခွဲလောက်က ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ ထိခိုက်မှုကိုတော့ အသေးစိပ် မသိရှိရသေးပါဘူး။

တိုက်ပွဲတွေ နေ့စဉ်ဆက်တိုက်ဆိုသလို ဖြစ်နေတာရယ်။ ဒီကေဘီအေဘက်က ကားလမ်းကို ပိတ်ပင်တားမြစ်ထားတဲ့ အတွက်ရယ်ကြောင့် မြဝတီနဲ့ ကော့ကရိတ်မြို့တွေထဲမှာ သွားလာမယ့်ကားတွေ သောင်တင်နေတာတွေ၊ မြဝတီ သင်္ဃန်းညီနောင် နဲ့ ကော့ကရိတ်က နအဖ တပ်စခန်းနေရာတွေကို ဘယ်နေ့ ဘယ်အချိန် ဝင်ပစ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ အချိန်ပြည့် ဖြစ်ပေါ်နေတယ် ဆိုတာတွေကို မြဝတီမြို့ခံတွေက ပြောပြလို့ သိရှိရပါတယ်။

တဆက်တည်းဆိုသလို့ပဲ ဒီကနေ့ ဝေါ်လေဂွင်က ထီးတလယ်နေရာမှာ ဒီအေဘီအေတပ်တွေက နအဖ တပ်တွေကို ဝင် ရောက်တိုက်ခိုက်တယ်လို့ သိရှိရပါတယ်။


source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...