Saturday, February 26, 2011

အော်- မဲနယ်တောင်

ဖိုးသံ(လူထု) | မဲနယ်တောင်ပေါ်မှာ နွေဦးပေါက်ပါတော့မယ်။ ဆောင်းခိုစရာမရှိ။ တုန်ကျင်နေအောင် ချမ်းတဲ့ ဥတုရာသီကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ရာကနေ နွေးထွေးတဲ့ ကာလဆီကို ရုန်းထွက်စ ပြုပါပြီ။

အဲဒီလို နွေနဲ့ဆောင်း အပြိုင်လုနေကြတဲ့ တမနက်မှာ ကျနော်နေတဲ့ ဦးကျော်စိန်ရဲ့ အိမ်ကို ဦးခွန်ထီး ရောက်လာခဲ့ပါတယ်။ ကျနော့်ကို လာခေါ်တာပါ။ တောင်ကြီးဦးထွန်းမြင့်လေးနဲ့ သူတို့ ဗမာပြည် ကွန်မြူနစ်ပါတီမြေအောက်လုပ်နေတဲ့ ရဲဘော်တွေကို အဆက်ရပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ သူက ဂျစ်ကားတစင်း ငှားလာခဲ့ပါတယ်။ ဒါကြောင့် မနက်စာစားပြီး ချက်ခြင်းလိုက်ဖို့ပဲ ပြင်ရပါတယ်။ ကိုယ်ပိုင်ပစ္စည်းရယ်လို့ ဘာမှ မရှိလေတော့ ပြင်ရတာ ဘာမှမခက်ပါ။ ခက်တာက ခွဲခွာ ရတာပါ။

မဲနယ်တောင်ကြီးကို ကျနော်က ချစ်နေမိလို့ပါပဲ။ ကျနော်ပထမဆုံး တောခိုတဲ့နေရာ။ ကျနော်ပထမဆုံး သေနတ်ကိုင်ဖူးတဲ့၊ ပထမဆုံး တိုက်ပွဲကလေး တိုက်ဖူးတဲ့နေရာ မဟုတ်လား။ ဒီတောင်ပေါ်မှာ ကျနော့်ကို မျက်နှာတင်းတင်းနဲ့ကြည့်သူ၊ ငြိုငြင်တဲ့လူလို့ တယောက်မှ မကြုံခဲ့ရပါဘူး။ ကြည်လင်တဲ့အပြုံးတွေချည့် မြင်တွေ့ ခဲ့ရဖူးပါတယ်။

“ခွေအုံဖူး မဲကောင်” (ပအို့ဝ်စကား- ကျနော်မဲနယ်တောင်မှာ နေဖူးတယ်)လို့ နောင်မှာ ကျနော်ဂုဏ်ယူစွာ ပြောလေ့ရှိရတဲ့ တောင်တန်းကြီးဖြစ်ပါတယ်။ ကမ္ဘာမြေကြီးကို ပေါက်ပြားနဲ့ပေါက်တာဟာ ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးရာကျတယ်ဆိုတဲ့ အဆိုစကားကို ကျနော်တက္ကသိုလ်မှာနေတုန်းက နောင်တော်ကဗျာဆရာ ကိုကြည်အောင် မကြာခဏ ပြောတာကြားရဖူးပါတယ်။ ကျနော်လည်း မဲနယ်တောင်ကြီးပေါ်မှာ သနပ်ဖက်ခင်းတွေ ပေါက်၊ ကြက်သွန်ခင်းတွေ ပေါက်ခဲ့တာ နည်းမှမနည်းတော့ပဲ။


မဲနယ်တောင်ကလူတွေက မဲနယ်တောင်ဟာ ပအို့ဝ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဆက်ခံတဲ့ ဗဟိုလို့သဘော ထားပြောဆိုလေ့ ရှိကြပါတယ်။ ဘုန်းကြီးကျောင်းကြီးတွေဟာ တိုင်တရာနီးပါးရှိကြပြီး သံယာတော်တွေဟာ အင်မတန် ကြည်ညိုလေးစားတာ ခံကြရပါတယ်။ သံဃာတော်တွေကလည်း ရွာထဲလာလည်ဆိုတာမျိုး လုံးဝမရှိပဲ ကျောင်းပရ၀ုဏ်ထဲမှာပဲ ကျောင်းစည်းကမ်းနဲ့အညီ နေကြပါတယ်။ အဲဒီဒေသမှာ လောင်းကစားတာ မရှိသလို၊ မူးယစ်ဆေးဝါးနဲ့ ဘိန်းဘင်း ကဇော်လည်း မရှိပါ။ အရက်တော့ သောက်ကြပါတယ်။ ဒါပေမဲ့အရက်မူးလို့ ရမ်းတယ်၊ ကြမ်းတယ်ဆိုတာမျိုး တခါမှမတွေ့ရ ဖူးပါဘူး။ အရက်မူးလို့် ရွာလမ်းမှာ က’ နေတာမျိုးတော့ တွေ့ရဖူးပါတယ်။

ကြုံလို့ ကျနော် ဒီတောင်ပေါ်မှာ တံတားပြင်ခဲ့တဲ့ အတွေ့အကြုံလေးတခု ပြောပြချင်ပါတယ်။ မဲနယ်တောင်တန်းကြီးပေါ်က ကျနော်တို့နေတဲ့တကြောမှာ ရွာတွေဟာ တောင်ခါးပန်းက ချောင်းရိုးတလျှောက်မှာ စီတန်းတည်ရှိနေတယ်လို့ ဆိုရင် ရပါတယ်။ နောက်ပြီးရွာကြီးတွေက ဆက်နေတာပါ။ တချို့ဆိုရင် တရွာနဲ့တရွာ ကိုက်နှစ်ရာ-သုံးရာပဲ ဝေးပြီး ဝေးလှ၊ ကွာလှပါတယ်ဆိုတောင်မှ နှစ်မိုင်လောက်ထက်ပိုပြီး ရွာပြတ်တာ မရှိသလောက်ပါပဲ။ ဒီတော့ ဒီချောင်းရိုးတလျှောက်က ကားလမ်းဟာ အင်မတန်မှ အခရာကျပါတယ်။ ကျနော်ပါဝင်တယ်ဆိုတဲ့ တံတားပြင်ပွဲဟာ ကျနော်နေတဲ့ရွာအောက်နား လေးတင်၊ ၄ဖာလုံလောက် အကွာနေရာမှာ ရှိပါတယ်။ အဲဒီနေ့မနက်မှာ လမ်းပြင်ဖို့အတွက် ရွာထဲမှာတရက်ကြိုပြီး လူစုံတဲ့ ညနေစောင်းမှာ ကာလသားခေါင်းလုပ်သူက ရွာထဲမှာ “မူနမ်ရွေ့၊ ခိုဘမ်းရွေ့”ဆိုပြီး လိုက်ဗျိုး ဟစ်ပါတယ်။ ဗမာလိုဆိုရင် “အပျိုတို့၊ လူပျိုတို့”လို့ ဆော်သြတာပါ။ ဒီနေရာမှာ ရကောက်ကို ‘r’အသံ ထွက်ပါတယ်။ တံတားပတ်ဝန်းကျင်က ရွာတွေက အပျို၊လူပျိုသာမက လူအိုနဲ့လူနာက လွဲရင်အကုန်လုံး လာရပါတယ်။ မနက်စာထမင်းစားပြီးတာနဲ့ (၉နာရီ၊ ၁၀ နာရီ အချိန်လောက်)တံတားပြင်မယ့်နေရာကို ရောက်ကြပါတယ်။ ပြင်ရမယ့်အလုပ်က ချောင်းရိုးထဲမှ ခုတ်ချထားတဲ့၊ အကိုင်းတွေခုတ်ဖြတ်ထားတဲ့ သစ်ပင်ကြီးနှစ်ပင်ကို ကြိုးနဲ့ ဆွဲတင်ရတာပါ။ လူ့လက်သုံးဖက်လောက်တုတ်ပြီး အလျား၅လံ ၆လံလောက်ရှိတဲ့ သစ်လုံးကြီးတွေကို အနက်ပေ ၁၀၀နီးပါး ရှိတဲ့ ချောက်ထဲကနေ အကွာကိုက်၂၀၀လောက်ရှိတဲ့ နေရာအထိ ဆွဲရတာဟာ လွယ်တဲ့ အလုပ် မဟုတ်ပါဘူး။ ရွာလေးငါးရွာက သန်သန်မာမာလူပေါင်း ၃-၄၀၀လောက်နဲ့ ဆွဲတင် ကြတာရဖြစ်ပါတယ်။ ကာလသားခေါင်းတယောက်ကနေ မောင်းကလေးတလုံးနဲ့ ညာသံပေးသလို တီးပေးနေပြီး အားလုံးက တညီထဲ ၀ိုင်းဆွဲတင်ကြပါတယ်။ ကျနော့်အထင် သစ်လုံးကြီးနှစ်လုံးကို ၂နာရီကျော် ၃နာရီလောက်ဆွဲတင် ရပါတယ်။ ရွာစုံက လူစုံလာကြတာဆိုတော့ အားလုံးတပျော်တပါကြီး လုပ်ကြပြီး ပြီးတဲ့အခါမှာ လူစုခွဲလိုက်ကြပါတယ်။ ကျနော့်အဖို့ကတော့ ကိုယ်နေတဲ့ရွာက လူတွေနဲ့ရော တခြားရွာကလူတွေနဲ့ပါ ရင်းနှီးလိုက်ရတာဟာ အမြတ်ဖြစ်ပါပဲ။

ကျနော်ရောက်သွားတဲ့အချိန်က မိုးတွင်းကြီး၊ ၀ါတွင်းကြီးဖြစ်လေတော့ အဖိတ်နေ့တိုင်းမှာ ဘုန်းကြီးကျောင်းပို့ဖို့ ရွာတွေက ဆွမ်းချက်ပွဲတွေ လုပ်ကြပါတယ်။ ဆွမ်းချက်ပွဲဆိုတာက ရွာထဲက အိမ်တွေမှာ ကာလသား ကာလသမီးတွေက အလှည့်ကျ ချက်ကြတာဆိုတော့ စည်ကားတော့တာပေါ့။ သူတို့ဆီမှာက အပျိုလည်တဲ့ ဓလေ့လည်း ရှိတာကိုး။ တနေ့လုံး ပင်ပင်ပမ်းပမ်းအလုပ်လုပ်ကြရတဲ့ လူငယ်တွေအဖို့ ဖျော်ဖြေစရာဆိုလို့ ဒီတခုထဲ ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ညမို့ ရောက်လာတယ်ဆိုရင် ကာလသား ၄-၅ယောက်တဖွဲ့ စုပြီးအပျိုတွေရဲ့အိမ်ကို သွားလည်ကြပါတယ်။ အိမ့်ရှင်အပျိုဟာ လာလည်တဲ့ကာလသားကို လက်ခံ စကားပြောရပါတယ်။ လက်မခံလို့ မရပါဘူး။ တခါတလေဆိုရင် တခြား ရွာက၊ ဒါမှမဟုတ် တရပ်တကျေးက လူပျိုတွေကို ကိုယ့်ရွာသားတွေ ခေါ်လာတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုလည်း လက်ခံ ရပါတယ်။ ပြီးရင် ယောက်ျားလေးက “မင်းကိုငါသိပ်ချစ်တယ်။ ငါ့ကိုချစ်သလား”လို့မေးရင် မိန်းကလေးက ချစ်သည် ဖြစ်စေ၊ မချစ်သည်ဖြစ်စေ “ချစ်ပါတယ်”လို့ပဲ ပြန်ပြောရပါတယ်။ မချစ်ဘူးလို့ မပြောရပါဘူး။ ဒါပေမဲ့ အဲဒီလို အချိန်မှာ ပြောတဲ့စကားကို အတည်ယူလို့ မရပါဘူး။ ထုံးစံမို့ပြောနေတာပဲဆိုတာကို နှစ်ဘက်လုံး နားလည်ရပါတယ်။ အဲဒီလို ထမင်းချက်တဲ့အိမ်ဆီက ထိန်ထိန်ငြီးနေတဲ့အောက်လင်းဓာတ်မီးရောင်တွေနဲ့ အိုးစည်သ၊ံလင်းကွင်းသံလည်း ပျံ့လွင့် နေတတ်ပါတယ်။

ဒီလိုနဲ့ သီတင်းကျွတ်တဲ့အချိန်ရောက်တော့ ကျနော့်အထင် အဲဒီက ပအို့ယဉ်ကျေးမှုရဲ့ အထွတ်အထိပ်ကို တွေ့ရပါတော့တယ်။ စောစောကပြောခဲ့တဲ့ တိုင်တရာနီးပါးရှိတဲ့ ဘုန်းကြီးကျောင်းကြီးတွေမှာ လှူဖွယ်ပစ္စည်းတွေနဲ့ ပွဲတော်တွေ ကျင်းပကြပါတယ်။ တကျောင်းပြီးတကျောင်း အလှည့်ကျ ကျင်းပကြတဲ့ ဒီပွဲတော်ကို ဒီတရိုးမှာရှိတဲ့ ရွာအားလုံးက လူအားလုံးဟာ လှူဖွယ်ပစ္စည်းတွေနဲ့ လာကြပြီး ညမှာကျောင်းကို လှည့်ပတ်ပူဇော်ကြပါတယ်။ လှူဖွယ်ကို ကိုင်သူက ကိုင်၊ အိုးစည်ရှည်ကြီးနဲ့ သိုင်းကသူက က။ အပတ်ပေါင်းများစွာ လှည့်ကြတာပါ။ ဒီလိုပူဇော်ပွဲတွေကို တောင်ခြေပိုင်းရှိရှမ်းရွာတွေ ကလည်း လာကြပါတယ်။ လှည့်ရာမှာအမျိုးသမီးတွေနဲ့ လူကြီးတွေပဲပါတာမို့ ကာလသားတွေအဖို့ ဒီထက်ကောင်းတဲ့ မျက်စေ့ပွဲတော်တည်စရာမရှိတော့သလို ဖြစ်နေပါတယ်။ အစွမ်းကုန် အလှပြင်ထားတဲ့ ရွာတကာက အပျိုတွေကို တထိုင်ထဲ ကြည့်ရတာမဟုတ်လား။ ဒါဟာ ဘုန်းကြီးကျောင်း တကျောင်းပြီးတကျောင်း၊၊ ရွာလုံးကျွတ်၊ ညလုံးပေါက်လောက် ကျင်းပကြတာပါ။ ကျနော်တောင်၎-၅ပွဲလောက် ရောက်ခဲ့ဖူးပါတယ်။ သူတို့နဲ့ လိုက်ပြီးပျော်ခဲ့ရပါတယ်။ အလားတူပဲ တောင်ခြေမှာရှိတဲ့ ရှမ်းရွာတွေက ပွဲတွေကိုလည်း တောင်ပေါ်ကလူတွေက သွားပူဇော်ကြပါတယ်။ အဲဒီနေရာတွေမှာ ကျတော့ မြို့က လာတဲ့ဈေးသည်တွေကိုလည်း တွေ့ရပါတယ်။


ဒီနေရာကိုကျနော်ရောက်ကတဲက ဦးကျော်စိန်ကို“သူတို့နဲ့ကျနော်နဲ့ အဖွဲ့အစည်းချင်း မတူပေမဲ့ ရန်သူကို ဆန့်ကျင် တိုက်ခိုက်တဲ့ လုပ်ငန်းမှန်သမျှမှာ ပါဝင်လုပ်ကိုင်ပေးမယ်”လို့ ကတိပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ၁၁ရက်မှာကျတဲ့ သူတို့ရဲ့ပအို့ဝ်တော်လှန်ရေးနေ့ အခမ်းအနား ပွဲလမ်းသဘင်တွေမှာ ကျနော် တက်တက်ကြွပါဝင်ခဲ့ပါတယ်။ သူတို့ထုတ်တဲ့ စာစောင်လေးထဲမှာ ကာတွန်းဆွဲပေးတာ၊ ဆောင်းပါးဘာသာပြန်ပေးတာကအစ အားကစားပွဲတွေ ကြီးမှူးလုပ်ကိုင်ပေး၊ ကိုယ်တိုင်ဝင်ပါ စသဖြင့် ထက်ထက်သန်သန် ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်ဦးဆောင်တဲ့ ကျနော်တို့ရွာက ဘော်လီဘော အသင်းက ပထမ ရခဲ့ပါတယ်။

တခါမှာ ညကြီးမင်းကြီး တောင်ပေါ်ကို ရန်သူ့တပ်(မဆလတပ်)လာတယ်ဆိုလို့ သူ့ကိုယ်ရံသဘောမျိုး ကာဘိုင် သေနတ်ဆွဲပြီး တောင်ပေါ် တက်ရှောင်ခဲ့ရဖူးပါတယ်။ နောက်တခါမှာတော့ နေ့ခင်းပိုင်းမှာ ကားလမ်းတလျှောက် ၀င်လာတဲ့ ရန်သူ့တပ်စုတစုလောက်ကို ဖြတ်တိုက်တာမှာ ပါခဲ့ပါတယ်။ ကိုယ့်ဘက်က အချိန်နောက်ကျသွားတာအပြင် ရန်သူကို ပိတ်တိုက်တာ မလုပ်နိုင်လို့ဘယ်ဘက်မှ ထိခိုက်မှုမရှိပဲ ရန်သူတွေ လွတ်ထွက်သွားပါတယ်။ မဆလတပ်ရဲ့ ဦးထုပ်တလုံးပဲ ရလိုက်ပါတယ်။

အဲဒီလိုမဲနယ်တောင်သားတွေနဲ့ တပျော်တပါးကြီးနေခဲ့ရာကနေ ပါတီက လာခေါ်တယ်ဆိုတော့ ကျနော့်မှာ ဘာမှ စဉ်းစား မနေနိုင်တော့ပါဘူး။ ဦးခွန်ထီးက သွားရအောင်၊ အားလုံးစီစဉ်ပြီးပြီလို့ဆိုတော့ ကျနော့်အနေနဲ့ ဘယ်သူတွေလဲ၊ ဘယ်ကယူဂျီလဲ စသဖြင့် မေးမနေနိုင်ပါဘူး။ မေးခွင့်လည်း မရှိဘူးမဟုတ်လား။ “ဟုတ်ကဲ့”တလုံးပဲပြောပြီး ထွက်ခွာရတာပါ။ မနက်စာ မစားခင်လေးမှာ သူရောက်လာ၊ စားပြီးတာနဲ့ ထွက်ဆိုသလိုပဲ ဖြစ်ပါတယ်။

ကျနော်နဲ့ ကိုတော်ဝင်း (ကျနော်ထွက်ပြေးရာမှာ ကူညီမိလို့ တောခိုရတဲ့ ညီအကိုလို နေခဲ့သူ)ဟာ ဦးလေးဦးကျော်စိန် တို့ လင်မယားကို ကန်တော့ပြီး အိမ်ပေါ်က ဆင်းခဲ့ကြပါတယ်။ သူတို့က ကျနော်တို့ကို ဂျစ်ကားအထိ လိုက်ပို့ပါတယ်။ ကား အနားရောက်တော့ ကျနော်နဲ့ဦးလေးဦးကျော်စိန်ရဲ့သား ကိုအောင်မာန်(မြို့နယ်တပ်မှူး)တို့ ပုခုံးဘက်ပြီး ငိုခဲ့ကြပါတယ်။ ကျနော့်အဖို့ ဒါဟာ ပထမဆုံး ဒီလိုငိုနည်းမျိုးလို့ ထင်ပါတယ်။ နေရစ်ဦးတော့ မဲနယ်တောင်ပေါ့။ ဂျစ်ကားနောက်ပိုင်းမှာ ထိုင်ပြီး ကိုယ်လျှောက်ခဲ့တဲ့လမ်း၊ ကိုယ်ပြင်ခဲ့တဲ့ တံတားနဲ့ ကိုယ်ပေါက်ခဲ့တဲ့ သနပ်ဖက်ခင်းတွေကို ငေးမောနှုတ်ဆက် နေမိခဲ့ပါတယ်။ မဲနယ်တောင်နယ်မြေက ထွက်ပြီဆိုတာနဲ့ ကျနော့်အဖို့ လွတ်လပ်မှု ဆုံးသွားပြီး ကားထဲမှာ ခပ်ဝပ်ဝပ် ထိုင်လိုက်ရပါတော့တယ်။

ဒီလိုနဲ့ မဲနယ်တောင်ကြီးအပေါ် သံယောဇဉ်မပြတ်နိုင်တဲ့ကျနော်ဟာ ရောက်လေရာမှာ မဲနယ်တောင်နဲ့ မဲနယ် တောင်သားတွေအကြောင်း အမြဲစနဲနာခဲ့ပါတယ်။ ပအို့ဝ်တွေနဲ့တွေ့ရင် တတ်သမျှပအို့ဝ်စကားလေး ပြောကြည့်လိုက်ရင် သူတို့က ဒါဟာမဲနယ်တောင်ကပအို့ဝ်စကားပဲလို့ သူတို့က မှတ်ချက်ချပါတယ်။ ဒါဆိုရင် ကျနော့်အဖို့ ၀မ်းသာလိုက်ရတဲ့ ဖြစ်ခြင်း။ တနေ့ကတော့ မဲနယ်တောင်ကို မကြာခဏရောက်နေတဲ့ တောင်ကြီးသားနှစ်ယောက်နဲ့တွေ့လို့ မဲနယ်တောင် အခြေအနေကို မေးမြန်းမိပါတယ်။ ကျနော်နေခဲ့တဲ့ ရွာကို သူတို့ အခေါက်ခေါက် ရောက်ဖူးပါတယ်။ အဲတော့သူတို့က မဲနယ်တောင်ပေါ်မှာ လောင်းကစားဝိုင်းတွေ ရောက်နေပြီဆရာရေ့တဲ့။ ကျနော့်မျက်စိပြာသွားသလား အောက်မေ့မိပါတယ်။ နောက်ပြီးရွာတွေက ယောက်ျားမိန်းမတွေဟာ ယိုးဒယားကို သွားအလုပ်လုပ်နေကြလို့ ရွာတွေထဲမှာလည်း လူတော်တော်နည်းနေပြီတဲ့။ တချို့နေရာတွေမှာ ဘိန်းစိုက်တာတောင် ရှိနေသလိုလိုပဲတဲ့။

ကျနော်အကြိမ်ကြိမ်ရေချိုးခဲ့တဲ့ မဲနယ်တောင်ကရွာတွေကို ဖြတ်စီးဆင်းနေတဲ့ ချောင်းကရေဟာ မဲနယ်တောင်သူ၊ မဲနယ်တောင်သားတွေလိုပဲ အင်မတန်သန့်စင်ကြည်လင်တယ် ဆိုတာကို ကျနော် ကောင်းကောင်း မှတ်မိနေပါတယ်။

ဘယ်လိုပဲ ပြောပြော။ မဲနယ်တောင်ကြီးဟာ ကျနော့်ရင်ထဲမှာတော့ ထီးထီးမားမား ရှိဆဲပါ။

source by : http://mayaonlinemagazine.blogspot.com