Saturday, August 7, 2010

ရှစ်လေးလုံး ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံ အထိမ်း အမှတ် ပို့(စ်)ကဒ်



source by :ပြည်ထောင်စု အမျိုးသား ကောင်စီ (မြန်မာနိုင်ငံ)

အပြည့်အစုံ ဖတ်ရန် ...

Wednesday, August 4, 2010

နအဖတပ်နှင့် ကေအန်အယ်အေ တိုက်ပွဲဖြစ်

ရဲရင့် | ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က နအဖစစ်တပ်ကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ နအဖတပ်မှ ဒု-ရင်းမှူး (၁) ဦးအပါအ၀င် တပ်ဖွဲ့ဝင် (၈)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လယ်တွင် လှိုင်းဘွဲ့မြို့နယ်ရှိ ပူးလူးရွာ၌ အခြေစိုက်သည့် စကခ (၁၉) လက်အောက်ခံ ခလရ (၆၂) တပ်ရင်းက စောဖိုးခီးခွင် အတွင်း လှုပ်ရှားနေသော ကေအန်အယ်လ်အေ တပ်ရင်း (၂၂) ကို ခြေမှုန်းရန် ၀င်ရောက်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအန်အယ်လ်အေ စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးချုပ် ဆာထူးဝေါ်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “မနေ့က မွန်းတည့်မှာ စောဖိုးခီးခွင်မှာလှုပ်ရှားတဲ့ ကျနော်တို့တပ်ရင်း (၂၂) ကို ပူးလူးစခန်း အခြေစိုက် ခလရ (၆၂) က ချေမှုန်းဖို့အလာမှာ ကျနော်တို့ဘက်က လက်ဦးမှုယူပြီး တိုက်တဲ့အတွက် ရန်သူဘက်က ဒု-ရင်းမှူး (၁) ဦးအပါအ၀င် (၈) ဦး သေပြီး (၁၄) ဦး ဒဏ်ရာရရှိသွားတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက် သေဆုံးမှုမရှိဘူး” ဟု ပြောသည်။

နာရီဝက်နီးပါးကြာ တိုက်ပွဲအပြီးတွင် နအဖတပ်များ ပြန်လည်ဆုတ်ခွာသွားကြပြီး ၎င်းတို့၏ ဒဏ်ရာရ စစ်သည်များကို သယ်ဆောင်ရန်အတွက် စောဖိုးခီးနှင့် မဲ့လာခီးရွာများမှ ရွာသားများကိုလည်း ခေါ်ဆောင်သွားကြောင်း သိရသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) မှ အရာရှိတဦးက “အရင်ကဆိုရင် ဒီကေဘီအေကို ရှေ့တင်ပြီး လာတိုက်တယ်။ ဒီတခါကျတော့ နအဖတပ်သီးသန့် လာတိုက်တာဖြစ်တယ်။ ဒီတိုက်ပွဲမှာ သူတို့ဘက်က အထိနာတော့ အင်အားထပ်ဖြည့်ပြီး ပြန်တိုက်မှာကတော့ သေချာတယ်။ ကျနော်တို့ဘက်က သူတို့လောက် အင်အားမကြီးပေမယ့် ခံစစ်ရှင် ပြောက်ကျားစနစ်ကို သုံးပြီး ပြန်တိုက်မှာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသတွင် ယခင်လနှင့် ယခုလဆန်းအထိ နအဖစစ်တပ်နှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့တို့အကြား တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုဒေသ၌ စကခ (၁၉) လက်အောက်ခံ တပ်ရင်းများ၊ ဒီကေဘီအေ (၉၉၉) တပ်မဟာ လက်အောက်ခံ တပ်ရင်းများနှင့် ကေအန်အယ်လ်အေ တပ်မဟာ (၇) မှ တပ်ရင်းများ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

အရုဏ်ဦးမှာ ဖူးသည့်ကြာနှင့် ပတ်သက်၍ တင်သန်းဦး၏ ရင်ဖွင့်စကား

ကျော်ခ| လတ်တလော ရေပန်းအစားဆုံး စူပါစတားများ အပါအဝင် သရုပ်ဆောင် ၆၈ ဦး အသုံးပြုထားသော ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လုပ်သည့်”အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်နှင့် ပတ်သက်၍ စစ်အစိုးရ ဝါဒဖြန့်ချိရေး ရုပ်ရှင်ကားအဖြစ် ဝေဖန်သံများစွာ ပေါ်ထွက်နေသည်။

ပါဝင်သရုပ်ဆောင်ခဲ့သူ နေတိုးနှင့်အဖွဲ့ကို အင်္ဂလန်နိုင်ငံရှိ မြန်မာများက တနင်္လာနေ့က ကန့်ကွက် ဆန္ဒပြမှုများလည်း ရှိနေပြီး နိုင်ငံခြား တိုင်းပြည်များက ပြည်ဝင်ခွင့် ဗီဇာပိတ်ရန် လှုံ့ဆော်မှုများလည်း ရှိနေသည်။

ဒီရုပ်ရှင်ကြောင့် ပြစ်တင်ပြောဆိုခြင်း ခံရသူများတွင် ထိပ်ဆုံးမှ ခံရသူကတော့ ဒါရိုက်တာအဖြစ် တာဝန်ယူရသည့် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးတွင် နှစ် ၂ဝ အမှုထမ်းခဲ့သော ဒုဗိုလ်မှူးကြီးဟောင်း တင်သန်းဦး ဖြစ်သည်။

ဇာတ်ကားကြောင့် ဘယ်သူတွေ အကျိုးအမြတ် ဖြစ်ထွန်းလဲ၊ ကန့်လန်ကာ နောက်ကွယ်မှ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဒါရိုက်တာ တင်သန်းဦးကို မဇ္ဈိမက သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။

  • ဒီဇာတ်ကားရိုက်ဖို့အတွက် ဘယ်လိုကနေ လုပ်ဖြစ်သွားတာလဲ။ အန်ကယ်ရဲ့ ကိုယ်တိုင် ဇာတ်ညွန်းလား။ ဒါမှမဟုတ် အထက်ကခိုင်းလို့ လုပ်ပေးရတာလား။
  • ကျနော်က မနှစ်က မက်လမှ နှလုံးခွဲထားတာ။ ဒုတိယအကြိမ်ခွဲတာဆိုတော့ ဘာမှလဲ လုပ်လို့ မရဘူးပေါ့နော်။ ရင်ဘက်ကလဲ ဒီမှာဒဏ်ရာကြီးနဲ့ပဲ။ ခွဲပြီးခါစ ဒီလိုမိုးတွင်းပေါ့ အဲဒီအချိန်မှာ ပြန်ကြားရေးက ဖိတ်တာပေါ့လေ။

ရိုတ်ဖို့က ပြန်ကြားရေးက သူတို့ဘာသူတို့ စီစဉ်နေတာ။ ရေးတာက ငြိမ်းမင်းနဲ့ လှိုင်အောင်နဲ့ရေးတာ။ ရေးပြီး သူတို့ရေးတဲ့ ဟာတွေကို သုံးသပ်ပေးပါဆိုလို့ အကြံပေးတဲ့ အနေနဲ့ ကျနော်တို့ကိုဖိတ်တာ။ သူတို့ နှစ်ယောက် ရေးတာကို ပေါင်းပေးပါဆိုပြီးတော့ ကျနော့်ကို အကူအညီတောင်းတာ။ ရိုက်ခိုင်းသေးတာ မဟုတ်ဘူး။
killhisfater
ကျနော်ကတော့ ပြောလိုက်တယ်။ ကျနော်တော့ နေမကောင်းဘူးလို့ ကျနော့်ကို ချမ်းသာပေးပါလို့ ကျနော်က ပြောပြီးတော့ အဲဒီမှာ ပြင်ကြ ဆင်ကြတာပေါ့လေ။ ပြင်ကြ ဆင်ကြရင်းနဲ့ပဲ ဘာပြောလာလဲ ဆိုတော့ ငြိမ်းမင်းရေးတာနဲ့ လှိုင်အောင် ရေးတာနဲ့ ပေါင်းပေးပါတဲ့။ အဲဒါကိုကြည့်လိုက်တဲ့ အချိန်ကျတော့ ရွာလည်နေရော။

ပေါင်းဆိုလို့သာ ပေါင်းပေးလိုက်တာ အချိုးတော့ မပြေဘူးဗျ။ ကျနော့်စိတ်ကြိုက် မဟုတ်ဘူးပေါ့ဗျာ။ ကျနော်က ပြန်ပြောလိုက်တယ်။ လွတ်လပ်ရေးမရခင် ဟိုးစစ် မဖြစ်ခင်ကနေစပြီးဆိုတော့ ဒီဟာကြီးက ဘယ်တော့ ဆုံးမလဲ။

ဆုံးမှာလည်း မဟုတ်ဘူးဆိုပြီး အဲဒီလွတ်လပ်ရေး မရခင်ကဟာတွေကို ဖြုတ်ပေးပါ။ ဒါလေးနဲ့တော့ ရိုက်လို့မရဘူး။ အဲဒီတော့ သမိုင်းကြောင်းကို ပြန်စိစစ်ပေးပါဆိုတော့ အဲဒီမှာတခါ ထပ်ဖိတ်တာပေါ့လေ။ တက္ကသိုလ်မြတ်သူတို့၊ ချစ်နိုင် စိတ်ပညာတို့၊ ပြန်ကြားရေးဘက်က လူကြီးတွေနဲ့ ဝိုင်းဆွေးနွေးကြ။
လုပ်ရင်းနဲ့ စာမျက်နှာက ၆ဝ လောက် ဖြစ်သွားတယ်။ ဒါတွေ အကုန်ထည့်မှာလားဆိုတော့ အဲဒါတွေ အကုန်ပါအောင် ထည့်မယ်တဲ့။ ဒါဆိုရင် ဒီကားက တကားထဲတော့ပြီးမှာ မဟုတ်ဘူး။ ဒါနဲ့ အဲဒီဇာတ်ကားက ၁ ပိုင်းကို ၁ နာရီ ၄၅ မိနစ်နဲ့ ၃ ပိုင်း ဖြစ်သွားတယ်။

  • ဇာတ်ကားမှာလည်း နာမည်ကြီး မင်းသားမင်းသမီး သရုပ်ဆောင်တွေ အများကြီး အသုံးပြုထား ဆိုတော့ ဒီဇာတ်ကားမှာ ကုန်ကျငွေ တော်တော်များလား။
သူတို့ကို အစိုးရက လုပ်ပေးထားတာ ရှိတယ်လေ။ သူတို့ Income tax တွေ ဆိုလို့ရှိရင် ရာခိုင်နှုန်း ၅ဝ လျှော့ပေးထားတာ ပဲ။ အဲဒီကြားထဲက များတယ်ထင်ရင် ထပ်တင်- တင်သလောက်ကို လျှော့ပေးထား တာပဲ။
အဲဒီလောက် မကုန်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဇာတ်ကားသွားရိုက်တဲ့ နေရာမှာရှိတဲ့ ဒေသခံ တိုင်းတို့ ဘာတို့က အကျွေးအမွေးကိစ္စတွေ တာဝန်ယူတာဆိုတော့ ပြန်ကြားရေးဘက်က သိန်း ၈ဝဝ လောက်ပဲ ကုန်ပါတယ်။ သရုပ်ဆောင်ကြေးတွေကို နှုန်းအပြည့် မပေးရဘူး။ ပေးများ ပေးရရင် သိန်း ၅ဝဝဝ လောက် ကုန်သွားမလား မသိဘူး။

  • ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ မင်းသား/မင်းသမီးတွေကို သရုပ်ဆောင်ကြေး ဘယ်လိုပေးရလဲ။

အဲဒါ တယောက်နဲ့တယောက် တူမှာမဟုတ်ဘူး။ သူတို့ နှုန်းတိုင်း အပြည့်တော့ မပေးရဘူး။ ဒါကတော့ သူတို့လည်း သဘောပေါက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို အစိုးရက လုပ်ပေးထားတာ ရှိတယ်လေ။

သူတို့ Income tax တွေဆိုလို့ရှိရင် ရာခိုင်နှုန်း ၅ဝ လျှော့ပေးထားတာပဲ။ အဲဒီကြားထဲက များတယ်ထင်ရင် ထပ်တင်- တင်သလောက်ကို လျှော့ပေးထားတာပဲ။ အဲသလိုမျိုးပေါ့ သူတို့လိုချင်သလောက်ကို လုပ်ပေးထားတာ ရှိတာပေါ့။
moe-vs-melodi
ဒါက ပြန်ကြားရေးနဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ညှိပြီးတော့ သူတို့ကို ခေါ်တာ။ ခေါ်ပြီးတော့ သူတို့ကို ပေးတာတွေတော့ ရှိတယ်။ နောက်ညစာ စားပွဲ ဖိတ်ပြီးတော့ ဆုချီးမြှင့်တာတွေလည်း ရှိတယ်။

ကျနော်တို့ကိုလည်း ချီးမြှင့်ပါတယ်။ ကျနော့်ကိုဆိုရင် ၄ သိန်းလား မသိဘူး။ ချီးမြှင့်တယ်။ ဒီလောက်ပါပဲ ကျနော်တို့က များများစားစားလည်း မယူပါဘူး။ ဘာမှလည်း သူတို့ဆီက အခွင့်အရေးလည်း မတောင်းဘူး။

  • စောစောကပြောတာ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းက ကိုယ်ပိုင်ဇာတ်ညွန်း မဟုတ်ဘူး။ သူများရေးတဲ့ ဇာတ်ညွန်းတွေဆိုတော့ ပြည့်စုံမှုရှိလား။ တကယ် အလုပ်လုပ်ရတဲ့အခါမှာ စိတ်ကြိုက်တွေ့လား။

ကျနော့စိတ်ကြိုက်ဆိုလို့ရှိရင် ဒါလောက်အရှည်ကြီးမရိုက်ဘူး။ ဦးတည်ချက်က ဘာကိုဆိုလိုချင်တာလဲ။ ဦးတည်ချက် တချက်ပဲပေး။ ရုပ်ရှင်ကားက ထိုင်ကြည့်ရင် ဦးတည်ချက်က တချက်ပဲ ပေးရမှာ။ ဥပမာ ရာဇဝတ်ဘေး ပြေးမလွတ်၊ ဆေးလိပ်သောက်တာ မကောင်းဘူး၊ အရက်မူးရင် ဘာဖြစ်တယ် ညာဖြစ်တယ်။ ဒီလိုမျိုးတချက်ပဲဝင်မှာ။ ဇာတ်လမ်းက ဟိုဘက်ပဲ ဦးတည်ရမလိုလို ဒီဘက်ပဲ ဦးတည်ရမလိုလို အဲဒါမျိုးဆိုရင် အဲဒီကားတွေက ရှည်ပြီ။

  • သရုပ်ဆောင်တွေနဲ့ အရင်တုန်းက ခေတ်မှာရှိခဲ့တဲ့ လူတွေရဲ့ ဇာတ်ကောင်စရိုက်မှာရော အခက်အခဲတွေ ရှိလား။

ဦးနုနဲ့ တူတဲ့လူကို သရုပ်ဆောင်ရှာပြီး မရိုက်နိုင်ဘူး။ ဦးနုနဲ့ တူတဲ့လူက သရုပ်ဆောင်ရှာဖို့ ဆိုတာ အင်မတန် ခဲယဉ်းတယ်။ ဦးနုလို ဥပဓိရုပ်မျိုးနဲ့ ဘာနဲ့ညာနဲ့ ဒီသရုပ်ဆောင်တွေနဲ့ ဘယ်လိုမှ မကိုက်ဘူး။ ဦးကျော်ငြိမ်းလည်း ဒီအတိုင်းပဲ။ ဦးဗဆွေလည်း ဒီအတိုင်းပဲ။ သူတို့က အင်မတန်မှ တကယ့်ကို နိုင်ငံရေး သမားကြီးတွေလေ။ ဂုဏ်သိက္ခာရှိတဲ့ လူကြီးတွေ။ သူတို့ပုံစံမျိုးတွေကို ဒီသရုပ်ဆောင်တွေ မရဘူး။

  • ဒီဇာတ်ကားမျိုးကိုရော ဆင်ဆာဘုတ်က ဆင်ဆာ ဖြတ်တာရှိသေးလား။ ရှိရင် ဘယ်လို အခန်းမျိုးတွေကို ဖြတ်လဲ။

ရှိပါတယ်။ ကြီးကြီးမားမား အခန်းမျိုးတွေတော့ မဟုတ်ပါဘူး။ ကျနော်တို့ကတော့ သမိုင်းအတိုင်း ရိုက်တာပေါ့နော်။ ဥပမာပြောရမယ် ဆိုလို့ရှိရင် ၁၉၅၈ ခုနှစ် အကွဲအပြဲ ဇာတ်လမ်းပေါ့။ ဦးဗဆွေက ပြောတယ်။ ရဲဘော်တွေကတဲ့ အရင်တုန်းက ငါ့ကို ကျားကြီးဗဆွေ လို့ခေါ်တယ်တဲ့။ အလုပ်လုပ်တာ ပြတ်သားလို့။

အခုကြတော့ ငါ့ကို နွားကြီးဗဆွေလို့ခေါ်ကုန်ပြီတဲ့ ပြတ်သားသားမလုပ်တော့လို့တဲ့။ သဘောကတော့ ဦးနုနဲ့ သူတို့အုပ်စုနဲ့ တိုက်တဲ့နေရာမှာ မပြတ်သားလို့ အောက်ကမကျေနပ်ဘူးဆိုပြီး ပြောတာကို သူကိုယ်တိုင်ပြောတဲ့ စကားပေမယ့် ဒါတော့ရင့်သီးတယ်ဆိုပြီး ဖြုတ်တယ်။

  • ဒီဇာတ်ကားက စိတ်ဓါတ်စစ်ဆင်ရေး လုပ်တာလို့ တချို့က ဝေဖန်နေကြတယ်။ အန်ကယ် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အန်ကယ် အနေနဲ့ ဘယ်လိုပြောချင်လဲ။
ပရိသတ်တွေကြိုက်မယ့် ဟာကို ၈ဝ ရာခိုင်နှုန်းလောက် ထည့်ပေးရမယ်။ ဟာသတွေပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်း လောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက် ဖြစ်တယ်။
ကျနော်က စိတ်ဓါတ်စစ်ဆင်ရေး ရုံးမှာ အနှစ် ၂ဝ လုပ်လာတာ။ ကျနော် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိ လုပ်လာတာ အကြာကြီးပဲ။ ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေး လုပ်ရင် ဒါမျိုးမလုပ်ဘူး။ သူက နဲနဲလေး ဒဲ့ဒိုး ဆန်တာပေါ့။ စိတ်ဓါတ်စစ်ဆင်ရေးဆိုတာ ဒဲ့ဒိုး မဟုတ်ဘူး။ လုပ်လို့လုပ်လိုက်မှန်း မသိအောင် လုပ်တာ။ ကျနော်တို့ အများကြီး လုပ်ခဲ့ဘူးပါတယ်။ အတွေ့အကြုံတွေလည်း ရှိတယ်။

အခုဟာ ဇာတ်လမ်းဇာတ်ညွှန်းတွေက ကျနော်စိတ်ကြိုက် မဟုတ်ဘူး။ သူတို့ ချပေးတဲ့အတိုင်း သဘောတူတဲ့အတိုင်း ကျနော်က ရိုက်တာ။

  • အန်ကယ်အနေနဲ့ ကိုယ်တိုင် ဇာတ်ညွန်းရေးပြီး စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်မယ်ဆိုရင် ဘယ်လို ပုံစံမျိုး ရိုက်မလဲ။

ကျနော်သာ စိတ်ဓါတ်စစ်ဆင်ရေး ဇာတ်ကားရိုက်ရင် ဘယ်လိုကားမျိုး ရိုက်ပြမလဲဆိုရင် ဥပမာပြောရရင် မင်းသားတွေ အများကြီးနဲ့ မဲသဝေါတိုက်ပွဲကို THE LONGEST DAY လိုဇာတ်လမ်းမျိုး ရိုက်မှာပေါ့။ THE LONGEST DAY မှာဆိုရင် ဂျာမန်ကို ထိုးနှက် သွားတာပဲ။

ရမ်ဘိုလိုဟာမျိုးဆိုရင်တော့ ပေါပါတယ်။ သူတယောက်တည်းနဲ့ လူအများကြီးကို လျှောက်ချနေတဲ့ ဟာမျိုးတွေ။ နောက် Platoon လိုဟာမျိုးတွေ အဲဒါတွေက တကယ့်ဖြစ်ရပ်မှန်။

အဲဒီလို ဇာတ်ကားမျိုးတွေကျတော့ လူတွေက လက်ခံတယ်လေ။ အဲဒါမျိုးပေါ့။

စိတ်ဓါတ်စစ်ဆင်ရေးမှာ မူဝါဒ တခုရှိပါတယ်။ သီအိုရီပါပဲ။ ပရိသတ်ရဲ့အကြိုက်ကို ဘယ်တော့မှ မဆန့်ကျင်ရတဲ့။ ပရိသတ်တွေ အားလုံး ကြိုက်အောင် လုပ်မှာပဲ။ ပရိသတ်တွေ ကြိုက်မယ့်ဟာကို ၈ဝ ရာခိုင်နှုန်းလောက် ထည့်ပေးရမယ်။ ဟာသတွေပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက် ဖြစ်တယ်။

  • အရုဏ်ဦးမှာ ဖူးသည့်ကြာဇာတ်ကိုက သမိုင်းကြောင်းတွေကို ပြောင်းပြန်လုပ်ပြီး ရိုတ်ထားတယ်လို့ ဝေဖန်သံတွေ အများကြီး ထွက်နေတယ်။ ဒါကိုရော အန်ကယ် ဘယ်လိုမြင်လဲ။

အဲလိုဝေဖန်တာတွေကို အင်တာနက်ထဲမှာလည်း အများကြီးတွေ့တယ်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး သမိုင်းကြောင်း အထောက်အထားနဲ့ ပတ်သက်ပြီး တာဝန်ခံ စစ်ပေးမယ့်လူတွေ ရှိတယ်။ ဥပမာ ၁၉၄၈ ခုနှစ် ဗိုလ်ချုပ်နေဝင်းက အာဏာမရခင်မှာ ကာကွယ်ရေး ဦးစီးချုပ် မဟုတ်ဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီးစမစ်ဒွန်း သူက ကရင်။ သူ့ကိုဘယ်သူမှတောင် မသိဘူး။ လွတ်လပ်ရေးရတဲ့အချိန်မှာ သူက စစ်ဦးစီးချုပ်။

လေတပ်ဗိုလ်ချုပ်က စောရှီးရှိုး ကရင်။ အဲလိုဖြစ်နေတဲ့အချိန်မှာ ဦးနုနဲ့ သူတို့နဲ့ ကေအန်ယူ သောင်းကျန်းမှု ဘာညာ လုပ်နေတဲ့အချိန်မှာ နောက်ဆုံးကျ ဦးနုက မနိုင်ဘူး။ မနိုင်ဘူးဆိုတာ သူလျှော့ပေးနေတာကိုး။ နောက်ကျတော့ သူပြောလို့မရတော့ ကွန်မြူနစ် ဦးသိန်းဖေမြင့်တို့က ဖိအားပေးတာလည်း ပါတယ်။

ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့ကလည်း ဖိအားပေးတာပါတယ်။ ကဲအဲဒါဆို ကရင်အရာရှိတွေ ထုတ်ပစ်ဆိုပြီး သူတို့က စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို အနားပေးပစ်လိုက်တယ်။ လေတပ်ဗိုလ်ချုပ်ကို အနားပေးတယ်။ ပြီးတော့ ဗိုလ်ချုပ်နေဝင်းကိုခေါ်ပြီး စစ်ဦးစီးချုပ် ခန့်လိုက်တယ်။ ခန့်လိုက်တဲ့အချိန်မှာ အဲဒီမှာ ကေအန်ယူက အဲဒါမကျေနပ်ပြီးတော့ စတာပဲ။ ကေအန်ယူ တော်လှန်ရေးတွေ ဖြစ်ကုန်တယ်ဆိုတာ အဲဒါပဲ။

  • အန်ကယ်က ဖြစ်ရပ်မှန်တွေကို ပြန်ရိုက်တယ်ဆိုတော့ ၁၉၈၈ အရေးတော်ပုံလို ဟာမျိုးကိုရော အန်ကယ် အနေနဲ့ ပြန်ရိုက်ပြဖို့ ရှိလား။
ဒါရိုက်တာက သေဆိုသေ ရှင်ဆိုရှင် ဘယ် ဟုတ်မလဲ။ ကျနော်တို့က မရိုက်ခင်လည်း on paper အစစ်ခံရတယ်။ ရိုက်ပြီးရင်လည်း ဟိုက မှန်ဘီလူးနဲ့ ကြည့်မှာပဲ။
မရှိပါဘူး။ အဲဒီအကြောင်းကို ရေးတော့ ရေးဘူးတယ်။ အဲဒီတုန်းက ခွင့်မပြုဘူး။ စာမူကလည်း ပျောက်သွားတယ်။ ကျောင်းသားတွေ အကြောင်းပဲ ရေးတာပါ။ ပြန်လာတဲ့ ကျောင်းသားတွေကို အင်တာဗျူး အကုန်လုပ်ပြီးတော့မှ ရေးထားတာပါ။ အဲဒီတုန်းကတော့ တပ်မှာကိုက သတင်းထုတ်ပြန်ရေး အဖွဲ့ဆိုပြီး တဖွဲ့ရှိသေးတာ။ စာပေစိစစ်ရေးထက် မြင့်တဲ့ အဖွဲ့ပေါ့။ အဲဒီအဖွဲ့က ခွင့်မပြုဘူးလည်း မပြောဘူး။ ဆိုင်းငံ့လို့ ပြောထားပြီး စာမူက ပျောက်သွားတာ။ စာမူက လက်ရေးမူပါ ပျောက်သွားတော့ အဲဒါနဲ့ ပြန်လည်း မရေးနိုင်တော့ဘူး။

  • အန်ကယ့်အနေနဲ့ရော ကြံ့ဖွံ့ကိုယ်စားပြု ဇာတ်ကားမျိုးတွေရော ရိုက်ဖို့ရှိလား။ သူတို့ကရော ဇာတ်ကားရိုက်ဖို့ ပြောလာတာမျိုးရှိလား။

အဲဒါတော့ မရိုက်နိုင်ဘူးလို့ပဲ ပြောလိုက်တယ်။ သူတို့ကလည်း ရိုက်ချင်တယ်လို့သာ ပြောတာ၊ ဘာမှမရှိဘူး။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတော့ ဘယ်လိုမှ လုပ်မနေနဲ့လို့ ပြောလိုက်တယ်။ ရိုက်ချင်တယ်။ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ။ ဘာလဲဆိုပြီး စကားတော့စလာတယ်။ ငါတော့ လာမခိုင်းပါနဲ့လို့ ကျန်းမာရေး မကောင်းဘူးလို့။ အဲဒီ အာရုံဦးမှာ ဖူးသည့်ကြာ ရိုက်ပြီးကတည်းက အိမ်မှာ ၂ လလောက်က လဲနေတာ ထတောင်မထနိုင်ဘူး။ ကျနော့် နှလုံးက ၂ ခါခွဲပြီးပြီ။ အဲဒီဇာတ်ကား ရိုက်တုန်းက အနာတောင် မကျက်သေးဘူး။ မနှစ်ကတည်းက ရိုက်နေတာလေ။ ရိုက်ကူးတဲ့ရက်က ခရီးသွားရက်မပါ ၂၉ ရက် ကြာတယ်။

  • အန်ကယ်အနေနဲ့ ဒီလို ပေါ်လစီ ဇာတ်ကားမျိုးတွေ ရိုက်တဲ့အတွက် ပရိတ်သတ်က မုန်းမယ် ဆိုတာမျိုးရော ထည့်တွက်ခဲ့ဘူးလား။

တချို့ နားလည်တဲ့ လူကလည်း နားလည်ပါတယ်။ နားမလည်တဲ့ လူကလည်း ဆဲသွားမှာပေါ့ဗျာ။ ဒါကတော့ ကိုယ်လုပ်တဲ့ အလုပ် ကိုယ့်နာမည်ကြီး စာတမ်းထိုးလိုက်ရင် ကိုယ်ကတော့ တာဝန်ယူရမှာပဲ။ မရှောင်ပါဘူး။ ဟာ ဒီဥစ္စာကြီး ကျနော်မသိဘူး။ မသိလို့ လုပ်လိုက်ရတာပါလို့ ကျနော်မပြောဘူး။ သဘောကတော့ ကျနော် အတင်းဆေးရုံတက် ပြေးရင်ရတာပဲ။ ဒါပေမယ့် သြော်.. ကိုယ့်ကို တာဝန်ပေးပြီ ဆိုမှတော့ တာဝန်ကျေအောင် လုပ်ရတော့မှာပဲဆိုပြီး လုပ်လိုက်တာပါ။

  • အန်ကယ်က အရင်တုန်းက တပ်မတော်သား တယောက်ပေါ့လေ။ အဲဒီကနေပြီးမှတဆင့် စာတွေရေး၊ ရုပ်ရှင်တွေ ရိုက်ဆိုတဲ့ လိုင်းဘက် ဘယ်လိုကူးခဲ့တာလဲ။

အရင်တုန်းကတော့ ကျနော်က ခြေလျင်စစ်သားပဲ။ ခြေလျင်စစ်သားကနေပြီးတော့ တပ်မတော် စာစဉ်မှာ စာရေးတဲ့ လူမရှိဘူးလို့ဆိုပြီး ကျနော့်ကို ခေါ်တဲ့အချိန်မှာ ကျနော်က ငြင်းနေတာပေါ့နော်။ နောက်ဆုံး လူမရှိလို့ဆိုပြီး ကျနော့်ကို အတင်းဆွဲခေါ်တော့ ကျနော် ခြေလျင်စစ်သားကနေ ရောက်လာတယ်။ ရောက်လာပြီး စာအုပ်ထုတ်ခိုင်း။

အဲဒီကနေ တခါ စစ်ရုံးကိုခေါ်။ ခေါ်ပြီးတခါ ရုပ်ရှင်မှာလုပ်မယ့်လူ မရှိဘူး သွားလုပ်ဆိုတော့ ရုပ်ရှင်က ကိုယ်လည်း မတတ်ဘူး။ မတတ်တော့ ပြန်လေ့လာရတယ်။ သင်တန်းတက်ရတယ်။ အဲဒါတွေ လုပ်ပြီးတော့မှ လုပ်တာပေါ့ဗျာ။

အဲသလို ကျနော်တို့က လုပ်ခဲ့တာ လုပ်ခဲ့ပြီးတော့မှ ခိုင်းရော။ ခိုင်းတဲ့အခါကျတော့ စိတ်ဓာတ် စစ်ဆင်ရေးဆိုတာ ရုပ်ရှင်ရိုက်တာ စာရေးတာ ၂ ခုတည်း မဟုတ်ဘူး။ တခြားဟာတွေ အများကြီး ရှိပါတယ်။ လေယာဉ်ပျံပေါ်ကနေပြီး စာရွတ်တွေ သွားပြီးကြဲချရတာတို့ ဘာတို့ အများကြီးပဲ။

၈၈ ဆူပူနေတုန်းကလည်း မြောက်ဥက္ကလာမှာ လေယာဉ်နဲ့ ဆူပူနေရင် တပ်ကဝင်လိမ့်မယ် ဘာညာနဲ့ အဲဒီစာတွေ သွားကြဲချရတာပဲ။ နောက်တခါ ကျောင်းသားတွေသွားတော့ ပြန်ခေါ်တဲ့စာလည်း နယ်စပ်တွေမှာ သွားပြီးတော့ လိုက်ကြဲတယ် ဒါက စိတ်ဓာတ် စစ်ဆင်ရေးတွေပဲ။

အဲတော့ ဒီရုပ်ရှင်ရိုက်တာ ဘာညာကျတော့ အများကသိလာတယ်။ တကယ့် စိတ်ဓာတ် စစ်ဆင်ရေးမှာ ၂ မျိုးရှိတယ်။ တမျိုးက လျှို့ဝှက်ပြီး လုပ်တယ်။ ဘယ်သူလုပ်မှန်း မသိဘူး ပေါ့နော်။ စာရေးရင်တမျိုး၊ အသံလွှင့်နေရင်လည်း ဘယ်က လွှင့်နေမှန်း မသိဘူး ဒါမျိုးတွေက စိတ်ဓာတ် စစ်ဆင်ရေး စနစ်ပေါ့။

ကိုယ်ထည့်ချင်တဲ့ အိုက်ဒီယိုလော်ဂျီကို ၂ဝ ရာခိုင်နှုန်းလောက်ပဲ ထည့်ပေးရမယ်။ အခု ဒီကားမှာဆိုရင် ပြောင်းပြန်လောက်ဖြစ်တယ်။
နောက်တမျိုးက အထင်ကရ လုပ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေး လူသိရှင်ကြား ဗြောင်ကြီးလုပ်တဲ့ စစ်ဆင်ရေး။ လုပ်တဲ့လူက နာမည်ခံ ရတော့မှာ။ အဲဒီတော့ ကျနော်တို့က ဘာဖြစ်လဲဆိုတော့ ရှေ့က ပြန်ကြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန ဘယ်ဌာနမှ ရိုက်ကူးပါသည်လို့သာ ထိုးထားတာ ထိုးလိုက်တာကို ဒါရိုက်တာက ခံရတာပဲ။

အဲဒီတော့ ကောင်းကျိုးဆိုးကျိုးကို ဒါရိုက်တာက ခံရတာပဲ။ ကျနော်တို့ နိုင်ငံမှာ လူထုရဲ့အသိကိုက ဒါရိုက်တာ သဘောပဲ ဆိုပြီး ဒါရိုက်တာကိုပဲ မြင်တာလေ။ ဒါရိုက်တာက သေဆိုသေ ရှင်ဆိုရှင် ဘယ်ဟုတ်မလဲ။ ကျနော်တို့က မရိုက်ခင်လည်း on paper အစစ်ခံရတယ်။ ရိုက်ပြီးရင်လည်း ဟိုက မှန်ဘီလူးနဲ့ ကြည့်မှာပဲ။ မကျေနပ်ရင် ပြန်ရိုက်ခိုင်းမယ့် ပုံစံရှိတာကိုးဗျ။

  • အန်ကယ်က တပ်မတော်ကနေ အနားယူလိုက်တာရော ဘာကြောင့်လဲ။ နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ချက်တွေများ ရှိလို့လား။

ကျနော်က အရင်ကစစ်သားဟောင်းပါပဲ။ ၂ဝဝ၇ ခုနှစ်တုန်းက ကျနော် ထွက်လိုက်တာပါ ဆေးနဲ့။ ကျနော်က ကျန်းမာရေး မကောင်းလို့ ထွက်တာ။ ကျနော်နားတော့ ဦးစီးအရာရှိ ပထမတန်းပါ။ ဒုဗိုလ်မှူးကြီးပေါ့။ နိုင်ငံရေး လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိပါဘူး။


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, August 3, 2010

ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ

NEJ

ဇူလိုင်လ (၉) ရက်နေ့က ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် စာရေးဆရာသန်းဝင်းလှိုင်နှင့် ခေတ်ပြိုင် တွေ့ဆုံမေးမြန်းခန်း။

ဆရာသန်းဝင်းလှိုင်သည် ၁၉၇၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်းပါ ‘အနာဂတ် အာကာသလွန်းပျံယာဉ်’ သိပ္ပံဆောင်းပါးဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကျောက်မျက်ရတနာ လက်ဆွဲစာအုပ်သည် ပထမဆုံး လုံးချင်းစာအုပ်ဖြစ်ပြီး ဆက်လက်၍ နေမ၀င်သေးသည့် ဘုရင်များ၊ လူတိုင်းအတွက် သုတဗေဒင်၊ ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ၊ နှစ်ဆယ်ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ၊ အနှစ်ချုပ် မြန်မာ့သမိုင်းအဘိဓာန်၊ နှစ်ဆယ်ရာစု အကျော်ကြားဆုံး အာရှခေါင်းဆောင်များ၊ နန်းစဉ်ရတနာနှင့် နန်းဓလေ့စာတန်းများ၊ အသုံးချ ရူပသျှတ္တရပညာ၊ နိုင်ငံတော်လုပ်ကြံမှုတရားခံ ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ စာအုပ်တို့ကို ရေးသားခဲ့သည်။ စာနယ်ဇင်းများတွင် ဆောင်းပါး ပုဒ်ရေ (၁,၀၀၀) ကျော် ရေးသားခဲ့ပြီး သန်းဝင်းလှိုင် ကလောင်အမည်အပြင် သိပ္ပံချစ်သူ၊ စိန်လှိုင်တင်၊ နေရဲစွမ်း၊ မောင်စစ်ပြန်၊ ပြည်ဟိန်း၊ ရွှေပြည်အောင် စသည့် ကလောင်ခွဲများဖြင့် စာနယ်ဇင်းများ၌ ရေးသားခဲ့သည်။



မေး။ ။ ဆရာ လတ်တလောထွက်လာရတဲ့ အကြောင်းအရင်းကို သိပါရစေ။

ဖြေ။ ။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ထဲက ကျနော်ရေးခဲ့တဲ့ စာအုပ် (၁၅) အုပ်ပေါ့နော်။ အဲဒီစာအုပ်တွေ အပိတ်ခံရတယ်။ ဆိုင်းငံ့ပေါ့နော်။ ဒါပေမယ့် ကျနော်က စာပေတို့၊ ယဉ်ကျေးမှုတို့ ရေးခွင့်ရတယ်။ အဲဒါနောက်တခါ အန်အယ်လ်ဒီကနေ ထွက်ခိုင်းတယ်။ နောက်ပြီးတော့ ကန့်သတ်ထားတဲ့ နေရာကို ကျနော်တို့ စာပေးစာယူ လုပ်တယ်ဆိုတာက တချက်၊ ပြီးတော့ ဒီဗွီဘီတို့ အာအက်ဖ်အေတို့နဲ့ စာပေစိစစ်ရေးနဲ့ ပတ်သက်တာကို အင်တာဗျူးလုပ်တယ်။ သူတို့က ပြည်ပအသံလွှင့်ဌာနတွေနဲ့ ဆက်သွယ်တာ နိုင်ငံတော်ကို အေးချမ်းသာယာရေးကို နှောင့်ယှက်တယ်၊ ဟန့်တားတယ်၊ ပြည်ပသတင်းဌာနတွေနဲ့ ဆက်ပြီးတော့ လက်ရှိစစ်အစိုးရကို အကြည်အညိုပျက်စေအောင် ပြောတယ်လို့ ယူဆတယ်။ အဲဒါကို ၀န်ကြီးအမိန့်နဲ့ အကုန်လုံးပိတ်လိုက်လို့ ပြောတယ်။ ပိတ်ပြီးတော့ တခါ ကုန်သည်ကြီးများ ဟိုတယ်မှာ နိုင်ငံတော်အဆင့် အစည်းအဝေးမှာ အဲဒါတခါ ထပ်တင်ပြတယ်။ အဲဒီမှာ ဒီလောက်တောင်ဖြစ်တာ ပိတ်လိုက်ကွာလို့ ၀န်ကြီးက ပြောတယ်။ ပထမတော့ ကျနော် ကလောင်ခွဲတွေနဲ့ ရေးတယ်။ နောက်တော့ ကလောင်ခွဲလည်း မရတော့။ အမျိုးသမီးနာမည်တွေနဲ့ ရေးရတယ်။ လုံးချင်းစာအုပ်ကျတော့ ထုတ်ခွင့်မရဘူး။ လုံးချင်းကျတော့ အတ္ထုပ္ပတ္တိတင်တာနဲ့ ပေါ်မှာပဲ။ အဲလိုလည်း ကျနော်က မလုပ်ချင်ဘူး။ နောက်တခါ ကျနော့်ကို ဖမ်းဖို့ ပြန်လာလုပ်တယ်။ အဲဒါနဲ့ စာပေစိစစ်ရေးရယ်၊ နောက်တခြားတနေရာကနေ ပြီးတော့ ခင်ဗျားကိုတော့ ဖမ်းတော့မယ်လို့ ပြောတာနဲ့ ဒီဘက်ကို ထွက်လာခဲ့တာပါ။

မေး။ ။ ပထမတကြိမ် အဖမ်းခံရတုန်းက အကြောင်းလေး ပြောပြပါဦး။

ဖြေ။ ။ ၂၀၀၀ ခုနှစ်တုန်းကလည်း အဲလိုပဲ တခါ လာပြောဖူးတယ်။ အက်စ်ဘီနဲ့ ရင်းနှီးတဲ့ ကျနော့်သူငယ်ချင်းက လာပြောတာ။ အမှန်တော့ ကျနော်ကို ဖမ်းစရာ အကြောင်းမရှိဘူး။ “ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ” ဆိုတဲ့စာအုပ်က တရားဝင် ရေးပြီး ထုတ်ထားတာ။ ဒါကို ပတ္တမြားငမောက်စာပေကနေပြီးတော့ ခိုးရိုက်တာ။ ဒါလည်းမရဘူး ခင်ဗျားကို ဖမ်းတော့မယ်။ ခင်ဗျား ပြေးလို့ရပြီ။ ဖမ်းမယ့်နေ့ ဇွန်လ (၁၉) ရက်နေ့ကျတော့ ရာအိမ်မှူးက လာပြောတယ်။ ကျနော်က တရားဥပဒေကို ကျနော်ယုံကြည်တယ်ဆိုပြီး ကျနော် ရင်ဆိုင်လိုက်တယ်။ အဲ့ဒါ စာအုပ်ခိုးရိုက်တဲ့ ပတ္တမြားငမောက်စာပေကို မဖမ်းဘဲနဲ့ ကျနော့်ကို လာဖမ်းပြီးတော့ ထောင် (၇) နှစ် ချလိုက်တယ်။

အဲဒီခိုးရိုက်တဲ့ စာအုပ်က ကျနော် အရင်ထုတ်ထားတဲ့ အတိုင်းပဲ။ အရင်တုန်းက မြန်မာပြည်သားစာပေက ထုတ်တာ။ အဲဒါကို ၏ သည်မရွေး ပြန်ရိုက်တာဖြစ်တယ်။ အဲဒီမှာ ကလျာပုံနှိပ်တိုက်လည်း အချောင်အဖမ်းခံရသေးတယ်။ သူတို့နာမည် တတ်ထားတာကိုး။ မူရင်းအတိုင်း ချွတ်စွပ်ပြန်ရိုက်တာဖြစ်တယ်။ စိစစ်ရေးမတင်ဘဲနဲ့ လုပ်တယ်။ ကျနော်လည်း ပိုက်ဆံရတာ မဟုတ်ဘူး။ သူ့အိမ်ကနေပဲ ပလိပ်ပြားတွေ ဘာတွေ မိတယ်။ အသီးသီးကလည်း လာပြီးထွက်ဆိုတယ်။ ကျနော့်ကို မသိဘူးတဲ့။ ပတ္တမြားငမောက်စာပေကနေပဲ တဆင့်ဖြန့်တာဖြစ်တယ်။ စာအုပ် (၅၀၀) မိတယ်။ ပြီးတော့ ကျနော့်အိမ်ကို ရှာတယ်။ ဘာမှ မတွေ့တော့ ခင်ဗျား မူလရေးတဲ့ စာအုပ်ကိုပဲ ထုတ်ပြပါဆိုတာနဲ့ ကျနော်က ပေးလိုက်တယ်။ အဲဒီနောက် ကျနော့်ကို ဘာမှ အယူခံမလုပ်ဘဲ၊ နောက်တခုက တရားရုံးက အလံတိုင်တွေ ဘာတွေရှိတာလည်း မဟုတ်ဘူး။ အဲဒီအလံတိုင် အဟောင်းတွေထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲ ခေါ်သွားတယ်။ တရားသူကြီးကိုလည်း ခေါ်လာတယ်။ ခုံလည်းမရှိဘူး။ တရားသူကြီးလည်း ထိုင်လို့မရဘူး။ ကျနော်လည်း ထိုင်လို့မရဘူး။ ကျနော့်ကို လက်ထိတ်လည်း မဖြုတ်ဘူး။ ခဏလေးပါပဲ စာပဲဖတ်ပြမယ်ဆိုပြီးတော့ စာဖတ်ပြီး ကျနော့်ကို ထောင် (၇) နှစ်ချလိုက်တယ်။ ခင်ဗျား အယူခံဝင်ချင်ဝင်ပါတဲ့။ သူတို့က ချခိုင်းလို့ ကျနော်က ချလိုက်ရတာလို့ ပြောတယ်။ တရားမျှတလား၊ မမျှတလားဆိုတာကိုတော့ ခင်ဗျားထွက်လာမှ လုပ်ပါတဲ့။ အဲ့ဒါနဲ့ အင်းစိန်မှာ (၁) နှစ်နေရတယ်။ (၅) နှစ်နဲ့ (၈) လကိုတော့ သာယာဝတီထောင်မှာ နေရတယ်။ အားလုံးပေါင်း (၆) နှစ်နဲ့ (၈) လ နေရတယ်။ ၂၀၀၀ ခုနှစ် ဇွန်လမှာ ကျပြီး ၂၀၀၇ ဇန်န၀ါရီလမှာ ပြန်လွှတ်ပေးတယ်။

မေး။ ။ ဆရာ့ကို သူတို့ဖမ်းတာက စာအုပ်ခိုးရိုက်တဲ့ ကိစ္စလား။

ဖြေ။ ။ ပထမဟာက (၅) ညရယ်၊ (၁၇) ၂၀ ရယ်၊ နိုင်ငံရေးအမှုနဲ့ နွယ်ပြီး ဖမ်းတာ။ နိုင်ငံရေးနဲ့ နွယ်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတယ်ပေါ့။ နောက် ကျနော်က ရွေးကောက်ပွဲ ၀င်ဖူးတယ်။ ကျနော်က အမျိုးသားပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစုကဖြစ်တယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ တိုင်းစည်းအဖွဲ့ဝင် လုပ်တယ်။ နောက်တခု သူတို့မဲတာက ရတနာဂုဏ်ရည်ကျောင်းမှာ ရွေးကောက်ပွဲဝင်ရွေးတဲ့ လူတွေကို ဘုန်းကြီးက ဆွမ်းကျွေးပြီးတော့ ရွေးကောက်ပွဲပြီး အလွန်ကာလမှာ စစ်အစိုးရက အာဏာမအပ်ဘူး၊ အဲဒါကို စည်းလုံးညီညွတ်စွာနဲ့ ကျနော်တို့က ဘယ်လိုတိုက်ယူမလဲဆိုပြီးတော့ လုပ်တာကို သူတို့က တေးထားတယ်။ အကြောင်းရှာလိုက်တော့ ဒီဟာသွားတွေ့တော့ လုပ်ချလိုက်တာ။ အဲဒီဘုန်းကြီးလည်း လူထွက်လိုက်တယ်။ လူမသိသူမသိနဲ့ဘဲ ဆုံးသွားတယ်။

မေး။ ။ အဲဒါကို အရေးယူချင်တော့ တရားမ၀င် စာအုပ်ခိုးရိုက်မှုနဲ့ ဆွဲလိုက်တာလား။

ဖြေ။ ။ ဟုတ်တယ်။ ရိုက်တာလည်း ကိုယ်ရိုက်တာမဟုတ်ဘူး။ တယောက်က ရိုက်ပြီးတော့ တရားရုံးကျတော့ သူအမိန့်ပေးလို့ ရိုက်ပါတယ်ဆိုပြီးတော့ ဒါဆိုရင် တရားသူကြီးက အဲလိုအမိန့်ပေးလို့ ရိုက်တယ်ဆိုရင် ဘောင်ဝင်လားတဲ့။ ဦးကြည်ဌေးက ခိုးရိုက်တာ၊ ကျနော် အဲဒီအတိုင်းပဲပြောတယ်။ တကယ်လို့ ကျနော်က မမှန်မကန်ပြောရင် သူက ကျနော့်ကို အသရေဖျက်မှုနဲ့ တရားစွဲမှာဖြစ်တယ်။ ဒါပေမယ့် သူ့ပုံနှိပ်တိုက်တွေကိုတော့ ဘာမှမသိမ်းဘူး။ နောက်ပြီး သူက စာအုပ်ထုတ်တာ ဆယ်နှစ်ရှိပြီ။ စာမူတခုကို ခွင့်ပြုချက်မရဘဲနဲ့ ရိုက်ခွင့်မရတာ သူသိတယ်။ နောက်စာအုပ်တွေလည်း တလကို သုံးအုပ်လောက် ထုတ်နေတယ်။ ဒီစာအုပ်ကိုတော့ ခိုးရိုက်ပြီး သတင်းစာမှာ ကြေညာလိုက်တာ။ အဲဒါကို ဗိုလ်မှူးကြီး တင်လှိုင်က အဲဒီစာအုပ်ကို ငါ့ကို ဘာလို့ လက်ဆောင်မပေးတာလဲဆိုပြီးတော့ လိုက်ရှာရင်းနဲ့ ပြဿနာက စတာ။ နောက်တော့ ပြန်ကြားရေးဝန်ကြီး အမိန့်နဲ့ပဲ ကျနော့်ကို ဖမ်းလိုက်တယ်။ သူ့ကိုတော့ လွှတ်လိုက်ပြီး ကျနော့်ကိုကျတော့ (၇) နှစ် ချလိုက်တယ်။

မေး။ ။ ထောင်တွင်းမှာ နေခဲ့ရတဲ့အချိန်မှာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဆရာရဲ့အမြင်ဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒီမှာ ဆိုင်းဘုတ်ကြီးကတော့ ပြည်ထောင်စုစိတ်ဓာတ်ကို မွေး၍ ကိုလိုနီစရိုက်ကို ဖျောက်ဆိုပြီးရေးထားတယ်။ တကယ်ကတော့ ပြောင်းပြန်ပေါ့။ အထဲမှာ အကျဉ်းသားအခွင့်အရေးဆိုတာ ဘာမှမရှိဘူး။ ခွေးလို ၀က်လိုပဲ ကျွေးတယ်၊ ထားတယ်။ ကျနော့်ကို ဖမ်းတုန်းက (၅) ညရယ်၊ (၁၇) ၂၀ ရယ်၊ တရားရုံးကျတော့ အဲဒါတွေကို ဖြုတ်လိုက်တယ်။ ကျနော့်ကို ပုံနှိပ် (၂၀) ဥပဒေနဲ့ ထောင်ချလိုက်တာဖြစ်တယ်။ သာယာဝတီထောင်မှာ (၂) နှစ်ပြည့်တော့ ထောက်လှမ်းရေးက ကျနော့်ကို အချက်သုံးချက် လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲလို့ မေးတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်နဲ့ ပညာပြည့်စုံတယ်။ နိုင်ငံရေးအတွေ့အကြုံ အားနည်းကောင်းနည်းမယ်။ ဒါပေမယ့် ဘယ်ဟာအကောင်းဆုံးလဲ ဆိုတာကို ရွေးတတ်တယ်။ သူက နိုင်ငံခြားသားကို ယူတယ်မဟုတ်လားလို့ မေးတယ်။ အဲဒါတွေကို ကျနော်မသိဘူး။ အိန္ဒိယက ရာဂျစ်ဂန္ဒီရဲ့ မိန်းမဟာ အီတလီသူ၊ နောက်ပြီး သီဟာနု မိန်းမဟာ ပြင်သစ်သူ၊ ဂျော်ဒန်ဘုရင်ဟူစိန်က အမေရိကန်သူကို ယူထားတာ၊ သူ့ရဲ့ပုဂ္ဂလိက ခံစားချက်နဲ့ သူ့ရဲ့ အိမ်ထောင်ရေးကို မတိုင်းတာနဲ့။ နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လောက်အနစ်နာခံလဲ။ သစ္စာရှိလဲ။ အဲဒါနဲ့ပဲ ကျနော်တို့က တိုင်းတာတယ်။ သူလုပ်သမျှ ကျနော်တို့အတွက် ယူဆပြီးတော့ ထောက်ခံတယ်။ အဲဒါဆို ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်တာလဲလို့ မေးတယ်။ ၀င်တာကတော့ ဒီရွေးကောက်ပွဲဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံရဲ့အဆက် နောက်ဆုံးဇာတ်သိမ်းပိုင်းလို့ ယူဆပြီး ၀င်တာဖြစ်တယ်။

နောက်တခါ တပ်မတော်ကို ဘယ်လိုမြင်လဲလို့ မေးတယ်။ ကျနော်က တပ်မတော်ကို မလိုအပ်တဲ့နေရာမှာ မထားပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း တချိန်က တပ်မတော်သားဖြစ်တယ်။ ဒါပေမယ့် တီကောင်ကို ပျားရည်ဖွဲ့ခိုင်းလို့မရဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင် အကောင်းဆုံးပဲ။ အဲဒီတော့ တပ်မတော်ရဲ့ မူလမြင့်မြတ်တဲ့ အလုပ်ကတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ထမ်းရွက်ဖို့ပဲ။ ကိုယ်နဲ့မဆိုင်တဲ့ဟာကို တိုင်းပြည် ချစ်တယ်ချစ်တယ်နဲ့ လုပ်နေရင် တိုင်းပြည်ငါးပါးမှောက်တာ အခုလည်း လက်တွေ့ပဲလို့ ကျနော် ဖြေလိုက်တယ်။ အဲဒါဆိုရင် ပြန်ထည့်လိုက်ဆိုပြီးတော့ လုပ်တော့ ကျနော် နောက်ထပ် (၄) နှစ် နေလိုက်ရတယ်။

မေး။ ။ ဆရာ ထောင်ကျတာ ဘယ်နှကြိမ်လဲ။

ဖြေ။ ။ နှစ်ခါပေါ့။ ပထမတခေါက်က ၉၀ ခုနှစ် ရွေးကောက်ပွဲကာလမှာ (၁) လခွဲ၊ နောက်ပြန်လွှတ်ပေးလိုက်တယ်။ အင်းစိန်ထောင်မှာ အချုပ်နဲ့နေရတယ်။ နောက်တခေါက်ကျတော့ ၂၀၀၀ ခုနှစ်မှာ ကျနော့်ကို (၇) နှစ်ချတယ်။ (၆) နှစ်နဲ့ (၈) လ နေခဲ့ရတယ်။

မေး။ ။ ထုတ်ဝေပြီးသား ဆရာ့စာအုပ် ဘယ်နှအုပ် ရှိပါသလဲ။

ဖြေ။ ။ ပထမ ကျနော်ထုတ်ထားတာ (၇) အုပ်ရှိတယ်။ နောက် အခု ပြန်ထွက်တဲ့အခါ (၂၃) အုပ်ပေါ့။ ဆိုတော့ (၃၀) ပေါ့နော်။ အခု ထုတ်ခွင့်မရတာ (၁၅) အုပ် ကျန်တယ်ဆိုတော့ အားလုံးပေါင်း (၄၅) အုပ်ပေါ့။ (၃၀) ပဲ ထုတ်ခွင့်ရသေးတယ်။ (၁၅) အုပ်ကို စာပေစိစစ်ရေးက ဆိုင်းငံ့ထားတယ်။ ကျနော်ရေးတဲ့ ဆောင်းပါးကတော့ (၁,၀၀၀) ကျော်ရှိတယ်။

မေး။ ။ ဆရာရေးတဲ့ စာအုပ်တော်တော်များများဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာ တော်တော်များများ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ဒီခေတ်ကြီးထဲမှာ ဘယ်လို စိတ်ခံစားမှုနဲ့ ရေးဖြစ်တာလဲ။

ဖြေ။ ။ ကျနော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီကိုတော့ မလွှဲမသွေသွားရမှာပဲ၊ ပါတီစုံကို သွားရမယ်။ အဲဒီ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေ အများဆုံးလေ့လာရမှာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးအတွေးအခေါ်တွေပဲ။ ဗိုလ်ချုပ်ကိုယ်တိုင်က ဒီမိုကရေစီဆိုတာ ဗမာနိုင်ငံနဲ့ ဆီလျော်တယ်။ လူသားစနစ်နဲ့ ဆီလျော်တယ်။ ဒီမိုကရေစီကို အသေးစိတ် လေ့လာချင်ရင် ဗိုလ်ချုပ်မိန့်ခွန်းတွေထဲမှာ ပါပြီးသား၊ ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ တချို့ဆိုရင် ဒီမိုကရက်တစ် တပ်ထားတာတွေ အများကြီးပဲ။ တကယ် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေက နည်းနည်းလေးပဲ။ မြောက်ကိုရီးယားလည်း ဒီမိုကရက်တစ်လို့ တပ်ထားတာပဲ။ ဒါပေမယ့် အာဏာရှင်နိုင်ငံဖြစ်တယ်။ ဒီမှာလည်း ဒီလိုပဲ။ ဒီမှာလည်း ဒီမိုကရေစီဟာ ရှင်းရှင်းပြောရရင် ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားရောင်းတာပဲ။ သူတို့လုပ်တဲ့ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာက သူတို့စစ်တပ်က ချမှတ်ထားတဲ့ ပြောတဲ့အတိုင်းနေ၊ ကျွေးတာစား၊ ခံမပြောနဲ့ အဲဒီအတိုင်းပဲ သွားမယ့် ဒီမိုကရေစီဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ လက်မခံနိုင်ဘူး။ ကျနော်တို့လိုချင်တာ ဒီမိုကရေစီစစ်စစ်ပဲ။ ကျနော်ခံယူထားတာက အရွက်မရှိတဲ့ သစ်ပင်ဟာ အရိပ်မပေးနိုင်ဘူး။ အရိပ်မပေးနိုင်တဲ့ သစ်ပင်ကလည်း တန်ဖိုးမရှိဘူး။ ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီး၊ ဘာညာဆိုပြီးတော့ စာပေလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရမရှိဘဲနဲ့ ဒီတိုင်းပြည်ဟာ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံ မထူနိုင်ဘူးလို့ ယုံကြည်တယ်။ ဟိုမှာ ကျနော်ရေးရင် ကျနော့်အတွက် အန္တရာယ်ရှိတယ်။ ဒါပေမယ့် လက်နက်ကိုင်ထားတဲ့လူတွေကို ကြောက်တယ်ဆိုတာက မဆန်းဘူးပေါ့။ မြွေပွေး၊ မြွေဟောက်တို့ ခါးပိုက်ထဲ ပိုက်ထားရင်လည်း ကြောက်ကြမှာပဲ။ နီးရာဓား ကြောက်ရတယ်။ တကယ်ရင်ထဲကဖြစ်ပြီး ကြောက်တာမဟုတ်ဘူး။ အဲဒါကြောင့် ကျနော်က လွတ်မြောက်တဲ့နေရာမှာ ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာတာ။

မေး။ ။ ထောင်ထဲမ၀င်ခင်အချိန်နဲ့ ပြန်ထွက်လာတဲ့အချိန်မှာ စာပေစိစစ်ရေးအနေအထား တော်တော်ကွာသွားသလား။

ဖြေ။ ။ အခုနောက်ပိုင်း ပါတီတွေ ဖွဲ့ခွင့်ပေးတော့ ပါတီတွေကို တင်းကျပ်ချင်တာနဲ့ ပိုပြီးတော့ ကျပ်လာတယ်။ သူတို့မူတွေလည်း အရမ်းများလာတယ်။ ကန့်သတ်ချက်တွေ များလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စစ်ဘောင်ကို အရမ်းချဲ့တာ၊ သူတို့တည်မြဲရေးပေါ့။ နိုင်လည်း သူတို့နိုင်ရမယ်။ ရှုံးရင်လည်း သူတို့နိုင်ရမယ်။ ဒီ plan ကို ချထားပြီးသားဖြစ်တယ်။ လွတ်လပ်ခွင့်က အရင် ၉၀ ခုနှစ် ရွေးကောက်ပွဲလောက်တောင် မရှိတော့ဘူး။

မေး။ ။ စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အပိုင်းကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ သူတို့က နှစ်ပိုင်းခွဲလိုက်တယ်။ သူတို့ကို ထောက်ခံတဲ့လူ။ သူတို့ဘုန်းတော်ဘွဲ့ကို ချီးကျူးရေးသားတဲ့လူကို ခွင့်ပြုမယ်။ သူတို့ကို မထောက်ခံဘူး။ ဒီမိုကရေစီကို လိုလားတဲ့အုပ်စုက ဖြစ်မယ်ဆိုရင် ဘာရေးရေး မရဘူး။ အကြောင်းအရာချင်းတူလည်း မရဘူး။ တချို့ ဖလားဝါးနယူးစ်တို့ ရန်ကုန်တိုင်းမ်တို့မှာ ထည့်နေတဲ့ သတင်းဆောင်းပါးမျိုးတွေ ကျနော်တို့ရေးရင် မရဘူး။ ထုတ်ဝေခွင့်လည်း မရဘူး။ အဲဒါမျိုး သူတို့က ခွဲထားတာ။ ကျနော်တို့မှာ လွတ်လပ်ခွင့်ဆိုတာ ဘာမှမရှိဘူး။

မေး။ ။ ဆရာ ဒီကို ထွက်လာရတဲ့ အဓိကရည်ရွယ်ချက်က ဘာပါလဲ။

ဖြေ။ ။ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒီတော့ လွတ်မြောက်နယ်မြေမှာ ကျနော် လွတ်လွတ်လပ်လပ် ရေးချင်တယ်။ နောက်တခုက ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက် ဒီမိုကရေစီတိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေအကျိုးပြုမှုလုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့မရဘူး။ ထပ်လဲ အဖမ်းမခံချင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောသလိုပဲ။ ဗမာပြည်မှာ အစာငတ်ခံပြီးတော့လည်း နိုင်ငံရေးမလုပ်နဲ့၊ ထောင်ကျခံပြီးလည်း မလုပ်နဲ့၊ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒီဟာကြီးကို ကျမယ်မှန်းသိလျက်နဲ့ လုပ်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာပဲ ကုန်ဆုံးသွားမယ်။ အပြင်ထွက်လုပ်ရင် ပိုအကျိုးရှိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာရတာ။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆရာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ သူတို့လုပ်မယ့် ရွေးကောက်ပွဲဟာ ဆိတ်ခေါင်းကို ချိတ်ပြီး ခွေးသားကိုရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒီတော့ ဒီဥစ္စာ ခွေးသားမစားပါနဲ့လို့ ကျနော်ပြောတယ်။ စားချင်သပဆိုရင်လည်း စားကြပေါ့။ ကျနော်ကတော့ ဒီလိုပဲယူဆတယ်။ သူတို့ချထားတဲ့ ဥပဒေတွေ စည်းကမ်းတွေ ရွေးကောက်ပွဲဥပဒေတွေ ဆိုတာလည်း အပ်နဖားပေါက်ထဲကို ကုလားအုတ် ၀င်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။ ။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Monday, August 2, 2010

သူခိုးဓားရိုးကမ်းသော အိန္ဒိယအစိုးရ

NEJ | တိုင်းသူပြည်သားနှင့်ဆက်ဆံရာတွင် အလွန်တရာအကျင့်ယုတ်၍ ညစ်ပတ်စုတ်ပဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းပါ ကပ်ဖားစစ်ဗိုလ်များ ကျူးလွန်ထားသော ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရေးအတွက် ကော်မရှင်ဖွဲ့ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဖြစ်သူ တောမတ်စ်ကင်တားနားက ယခုနှစ်အစောပိုင်းက တင်ပြခဲ့သည်။

မြန်မာ့ကမ်းလွန်တွင် ဓာတ်ငွေ့တူး၍ နအဖရာဇ၀တ်ကောင်နှင့်ပေါင်းကာ စီးပွားရှာနေသော စွမ်းအင်ကုမ္ပဏီများသည်လည်း တာဝန်ရှိသည်ဟု ကင်တားနားက ထောက်ပြထားသည်။ ရွှေဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယအစိုးရပိုင် ကုမ္ပဏီ (၂) ခုပါဝင်နေသည်။ သို့သော်လည်း ရွှေဓာတ်ငွေ့တွင်းက ထွက်သော သဘာဝဓာတ်ငွေ့ကို တရုတ်ကို အရင်ဆုံးရောင်းရန် ဗိုလ်သန်းရွှေက ဆုံးဖြတ်၏။ ဗိုလ်သန်းရွှေညစ်ပတ်သည်ကို အိန္ဒိယက ခံလိုက်ရခြင်းဖြစ်သည်။

လောင်စာစွမ်းအင် မလုံမလောက်ဖြစ်နေသော အိန္ဒိယအစိုးရသည် ဗိုလ်သန်းရွှေ ညစ်ပတ်ထားသည်ကို ဗွေမယူနိုင်ဘဲ ဒေါ်လာသန်း (၁,၃၅၀) ဓာတ်ငွေ့စီမံကိန်းတွင် မြှုပ်နှံရန် လွန်ခဲ့သော ဖေဖော်ဝါရီလက ဆုံးဖြတ်လိုက်ပြန်၏။ အပြည်ပြည်ဆိုင်ရာက ကန့်ကွက်ရှုတ်ချနေသည့်ကြားမှ ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ကို ကော်ဇောနီခင်း၍ အိန္ဒိယအစိုးရ ကြိုဆိုပြန်၏။ ကမ္ဘာပေါ်တွင် တတိယအဆိုးဆုံးနှင့် အညစ်ပတ်ဆုံးဖြစ်သည်ဟု နိုင်ငံခြားရေးပေါ်လစီမဂ္ဂဇင်းက ဇွန်လက သတ်မှတ်လိုက်သော ဗိုလ်ညစ်ပတ်ကြီးကို အိန္ဒိယအစိုးရက သူကောင်းပြုလိုက်ခြင်းဖြစ်သည်။ မုဒိမ်းတပ်မတော် တည်ထောင်သူကို သူကောင်းပြုခြင်းသည် မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု စသည့် လူ့အခွင့်အရေး ချိုးဖျက်မှုအားလုံးကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံလိုက်ခြင်းဖြစ်ပေသည်။

အကြမ်းမဖက်သော နှလုံးရည်တိုက်ပွဲခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ ဂူသင်္ချိုင်းကို အကြမ်းဖက်သမား ဗိုလ်သန်းရွှေ သွားရောက်လည်ပတ်ခြင်းသည် အိန္ဒိယ၏ နှလုံးရည်တိုက်ပွဲသမိုင်းနှင့် မြန်မာ့နှလုံးရည်တိုက်ပွဲကို စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ ဗိုလ်သန်းရွှေကဲ့သို့သော လူညစ်ပတ်များသည် မည်သို့ပင် ချီးမြှင့်မြှောက်စားခံရစေကာမူ စရိုက်ဆိုးကို ပြောင်းနိုင်မည်မဟုတ်ပါ။ ကျီးကန်း သူကောင်းမြှောက်စား ချေးခြောက် ကောက်စားဆိုသော မြန်မာစကားပုံကို ဗိုလ်သန်းရွှေက လက်တွေ့ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ လောင်စာစွမ်းအင်လိုချင်၍ အကြမ်းဖက်သမား ဗိုလ်သန်းရွှေကို သူကောင်းပြုလိုက်ခြင်းသည် မြန်မာပြည်သူလူထုကို စော်ကားလိုက်ခြင်းပင်ဖြစ်သည်။

အရှေ့မြောက်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာကို ဒီမိုကရေစီနည်းဖြင့် မဖြေရှင်းနိုင်သဖြင့် ဗမာလူမိုက်ငှား၍ တိုက်ခိုင်းသည်မှာ အိန္ဒိယဒီမိုကရေစီအစိုးရ ချွတ်ခြုံကျပုံကို ပြသလိုက်ခြင်းဖြစ်၏။ ဒီမိုကရေစီအရေးကို ချိုးဖျက်နေသော စစ်အာဏာရှင်နှင့် လက်တွဲသည်ကို သီးသန့်ဆက်ဆံရေးအဖြစ် အိန္ဒိယခေါင်းဆောင်ပိုင်းက ပြောနေ၏။ ဓမ္မဓိဋ္ဌာန်ကျစွာ လေ့လာမည်ဆိုပါက အိန္ဒိယ-မြန်မာဆက်ဆံရေးသည် သူခိုးဓားရိုးကမ်းသော ဆက်ဆံရေးပင်ဖြစ်သည်။ သဘာဝဓာတ်ငွေ့ လိုချင်ဇောဖြင့် ဒီမိုကရေစီအရေးကို သစ္စာဖောက်ကာ စစ်အာဏာရှင်ကို ထောက်ခံအားပေးခြင်းသည် နအဖသူခိုးကို ဓားရိုးကမ်းလိုက်ခြင်းပင်ဖြစ်ပေသည်။ ဓာတ်ငွေ့နှင့်စစ်သူခိုးသည် အမြဲတမ်းတည်ရှိမည်မဟုတ်ပါ။ ပြည်သူလူထုသည်သာလျှင် ထာဝစဉ်တည်ရှိနေမည်ဖြစ်သည်။

အိန္ဒိယအရှေ့မြောက်ပြည်နယ်တို့ရှိ တိုင်းရင်းသားလက်နက်ကိုင်များကို နှိမ်နင်းရာ၌ နအဖအကူအညီလိုအပ်နေ၍ လက်တွဲရသည်ဟု အကြောင်းပြ၏။ အိန္ဒိယသူပုန်ကို တိုက်ထုတ်ရန် ဗိုလ်သန်းရွှေက ၂၀၀၄ အိန္ဒိယခရီးတွင် ကတိပြုခဲ့သော်လည်း မထိရောက်သည့်အတွက် ယခုနှစ် ဇန်န၀ါရီနှောင်းပိုင်း၌ အိန္ဒိယပြည်ထဲရေးဝန်ကြီး နေပြည်တော်ကို သွားရောက်ဆွေးနွေးရသည်။ မဏိပူရ်၊ အာသံနှင့် နာဂဒေသရှိ တိုင်းရင်းသားသူပုန်များကို အိန္ဒိယအစိုးရတပ်က ထိုးစစ်ဆင်ရာ၌ မြန်မာပြည်ထဲအထိ ၀င်ရောက်တိုက်ခိုက်ခွင့် ပေးထားကြောင်းသိရ၏။ သူပုန်ဆီက ဆက်ကြေးယူသူမှာ ဗမာစစ်တပ်ဖြစ်သည်။

အိန္ဒိယအရှေ့မြောက် ပြည်နယ်များဖြစ်သော မီဇိုရမ်၊ အာသံ၊ မဏိပူရ်၊ နာဂ၊ Arunachal Pradesh စသည်တို့မှ တိုင်းရင်းသားများသည် မျိုးနွယ်အရ တရုတ်-မြန်မာနှင့် ပိုမိုနီးစပ်ပြီး သူတို့ထဲတွင် အိန္ဒိယလက်အောက်မှ ခွဲထွက်ရန် လက်နက်ကိုင်ပုန်ကန်နေသော အုပ်စုများလည်း ရှိသည်။ အိန္ဒိယ-မြန်မာနယ်စပ်နေ သူပုန်အုပ်စုအချို့သည် မြန်မာဘက်၌ အခြေစိုက်စခန်းဖွင့်ပြီး အိန္ဒိယဘက်ကို ၀င်ရောက်တိုက်ခိုက်လေ့ရှိသောကြောင့် အိန္ဒိယနှင့် နအဖစစ်တပ် မကြာခဏပူးတွဲ စစ်ဆင်ရေးလုပ်နေရသည်။ ဤသည်ကို အကြောင်းပြပြီး အိန္ဒိယသည် နအဖအစိုးရကို စစ်လက်နက်ပစ္စည်း ရောင်းနေခြင်းဖြစ်သည်။

အထိန်းအချုပ်မရှိ လက်နက်ပစ္စည်းပြန့်ပွားခြင်းသည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိခိုက်သည်ဟု လွန်ခဲ့သော အနှစ် (၄၀) ကျော်က အိန္ဒိယအစိုးရ ဆော်သြခဲ့သည်။ ယခုအခါ၌မူ လက်နက်ဖြင့် ကြီးစိုး၍ အနိုင်ကျင့်နေသော ဗမာစစ်တပ်ကို အိန္ဒိယအစိုးရကိုယ်တိုင် လက်နက်ပစ္စည်း ထောက်ပံ့နေသည်။ အိန္ဒိယအစိုးရ၏အပြုအမူသည် အိန္ဒိယပြည်၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိုသာ အန္တရာယ်ပေးနိုင်ကြောင်း အရှေ့မြောက်ဒေသ လက်နက်ကိုင်လှုပ်ရှားမှုက သက်သေပြနေသည်။ အိန္ဒိယသူပုန်ကို ဗမာစစ်တပ်က တိုက်ပေးမှု၊ အိန္ဒိယလိုချင်သော လောင်စာစွမ်းအင် မြန်မာပြည်၌ရှိနေမှု၊ မြန်မာပြည်ကိုဖြတ်ပြီး တရုတ်နှင့် အရှေ့တောင်အာရှသို့ ကုန်သွယ်လိုမှု စသည့် အကြောင်း (၃) ခုကြောင့် အိန္ဒိယအစိုးရသည် မြန်မာ့ဒီမိုကရေစီရေးကို အားမပေးတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအရေးသည် မြန်မာပြည်သားများ၏ ကိစ္စဖြစ်၍ ၎င်းတို့ဘာသာ ကြိုးပမ်းရလိမ့်မည်ဟူသော အကြောင်းပြချက်သည် အိန္ဒိယ၀န်ကြီးများ၏ လက်သုံးစကားဖြစ်လာသည်။

အိန္ဒိယ-မြန်မာနယ်စပ်ဒေသ၌ မူးယစ်ဆေးရောင်းဝယ်မှု တိုက်ဖျက်ရေး၊ လက်နက်ခဲယမ်းမှောင်ခိုမှု ပပျောက်ရေး၊ အတတ်ပညာဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူချက်များကို လက်မှတ်ထိုးကြသည်ဟူ၏။ မိုင် (၁,၀၂၅) ရှည်လျားသော နယ်စပ်ဒေသ၌ လက်နက်ကိုင်သူပုန်များ အခြေမစိုက်နိုင်ရန် (၂) နိုင်ငံပူးပေါင်းဆောင်ရွက်ရမည်ဟု ကြေညာ၏။

ဗမာစစ်တပ်ကို စစ်ပစ္စည်းများရောင်းချရန် အိန္ဒိယက သဘောတူလိုက်၏။ အိုင်တီလုပ်ငန်း အတတ်ပညာနှင့် စက်မှုလုပ်ငန်းများတွင်လည်း အိန္ဒိယက ကူညီရန် ဗမာဘက်က ပန်ကြား၏။ စိုက်ပျိုးလယ်ယာသုံး စက်ပ္စည်းဝယ်ယူရန် ဒေါ်လာ (၁၀) သန်း၊ မီးရထားပြုပြင်ရန် ဒေါ်လာသန်း (၆၀) အိန္ဒိယက နအဖအုပ်စုကို ထောက်ပံ့မည်ဟု သိရသည်။ ထရပ်ကားစက်ရုံ၊ ရေနံချက်စက်ရုံ၊ တယ်လီကွမ်း၊ မီးရထား စသည့်လုပ်ငန်းများအတွက် ဒေါ်လာသန်း (၂၅၀) အိန္ဒိယက နအဖကို ချေးထားပြီး ဖြစ်သည်။

ဗိုလ်သန်းရွှေကို ပထမတန်း နိုင်ငံတော်ဧည့်သည်ကြီးအဖြစ် ကြိုဆိုခြင်းသည် နအဖအုပ်စု လုပ်သမျှ အိန္ဒိယအစိုးရက ထောက်ခံကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ အိန္ဒိယဒီမိုကရေစီအစိုးရနှင့် တရုတ်ကွန်မြူနစ်အစိုးရတို့၏ မြန်မာပြည်ဆိုင်ရာ သဘောထားသည် တူညီနေ၏။ (၂) နိုင်ငံစလုံး နအဖနှင့် ဆက်ဆံရေးပြေလည်ရန်သာ အဓိကထားကြသည်။ လောင်စာစွမ်းအင် မလုံမလောက်သော တရုတ်နှင့် အိန္ဒိယအတွက် မြန်မာ့သဘာဝဓာတ်ငွေ့သည် အဓိကအခန်းက ပါဝင်လာ၏။ အထူးသဖြင့် ရခိုင်ပြည်နယ် ကမ်းလွန်၌ သဘာဓာတ်ငွေ့တွင်း ထပ်မံတွေ့ရှိလာသည့်အတွက် ဗမာစစ်အစိုးရ မငြိုငြင်ဖို့ကိုသာ အဓိကထားကြသည်။

နအဖသည် အိန္ဒိယနှင့်တရုတ်ကို မျှမျှတတ ဆက်ဆံနေကြောင်း ပြသရန် ကြိုးပမ်းနေပုံရသည်။ နအဖအစိုးရသည် နှစ်နိုင်ငံစလုံးနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေသည်။ မြန်မာပြည်သည် အိန္ဒိယနှင့်တရုတ်၏ လုံခြုံရေးကို အန္တရာယ်မပေးနိုင်ကြောင်း ပြသနိုင်ရန် ကြိုးစားနေပုံရသည်။ အိန္ဒိယနှင့်တရုတ်သည် မြန်မာပြည်တွင် ပြိုင်ဆိုင်မှုမလုပ်ဘဲ ပူးတွဲဆောင်ရွက်ကြရန် မူအားဖြင့် သဘောတူထားကြသည်။ လက်တွေ့မှာ မြန်မာ့သဘာဝသယံဇာတကို ရရှိရန်နှင့် မြန်မာပြည်ကို အသုံးပြုနိုင်ရန် အိန္ဒိယနှင့်တရုတ် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ တရုတ်နှင့်အိန္ဒိယသည် မြန်မာစစ်သူခိုးအား ပြိုင်ဆိုင်၍ ဓားရိုးကမ်းနေခြင်းပင်ဖြစ်ပေသည်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...