Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, January 10, 2014

တိမ်ဖုံးပါလို့ လမသာ ကလေးတို့ရဲ့ အနာဂတ် ဒို့နိုင်ငံရဲ့ ကံကြမ္မာ


a
Photo by Yamounnar


သူ့ခေါင်းပေါ်က ဗန်းကလေးထဲမှာ ပန်းတွေ။ ဘာပန်းလဲတော့ မသိ။ စပယ်ကုံးလေးတွေများလား။
ဓာတ်ပုံရိုက်သူက မေးသည်၊၊
“သမီးလေးက ပန်းရောင်းနေတော့ ကျောင်းမနေဘူးလား”
“နေပါတယ်ရှင့်”
“အော်…ဘယ်နှတန်း ရောက်နေပြီလဲ သမီးလေးရယ်”
“သမီးက တူငယ်တန်း” တဲ့။ မပီကလာ ဖြေရှာသည်။
အော်…သူငယ်တန်းကျောင်းသူကလေးက ပန်းရောင်းပြီး ၀င်ငွေရှာရတဲ့ ခေတ်ပါကလား။

သူ့ခေါင်းပေါ်ရှိ ဗန်းကလေးထဲမှ စပယ်ပန်းကလေးက ဖြူဖြူစင်စင် လန်းလန်းဆန်းဆန်း။ ပန်းရောင်းတဲ့ သူငယ်တန်း မိန်းကလေးငယ် နုနုနယ်နယ်မှာမူကား သူ့စပယ်များများလို မပွင့်လန်းနိုင်ရှာတဲ့ နွမ်းလျနေတဲ့ စပယ်ဖူးငုံလေးလို…။

ရင်နင့်စရာတွေက အများကြီး။ ကားလမ်းဘေးမှာ သစ်သီးလေးအနည်းငယ်ထည့်ထားသည့် ဗန်းကလေး ရှေ့ချကာ ဈေးရောင်းနေရင်း စာကျက်နေသည့် ကလေးမလေး တဦး။
သာစည်ဘူတာလား၊ ဘယ်ဘူတာရယ်လို့တော့ မသဲကွဲ။ ဘူတာရုံမှာ ဈေးတောင်းကလေးတွေ ဘေးမှာ ချထားပြီး စာကျက်နေရသည့် ကလေးမ။

၆ နှစ် ၇ နှစ်လောက်သာရှိမည့် ခပ်လှလှသမီးငယ်လေးတဦး ပလပ်စတစ် အမှိုက်ပုံမှာ အမှိုက်ကောက်နေရှာ။ ရုပ်ကလေး လှပေမယ့် တမျက်နှာလုံး အညစ်အကြေးများနဲ့ ပေရေနေတဲ့ ကလေးမလေးကို မြင်ရတာ ကရုဏာသက်ရုံမက ရင်မှာ နင့်ခနဲ ဖြစ်သွားရမိသည်။ အော်…ဒို့ဗမာပြည်ရဲ့ စနစ်ဆိုးအညစ်အကြေးတွေက သမီးလေးမျက်နှာပေါ်တောင် ဖိတ်စင်နေပြီကော။
ဗမာပြည်မှာ ရင်နင့်စရာ ကလေးငယ်တွေရဲ့ ဘ၀တွေက မလင်းလက်နိုင်ရှာတဲ့ ကောင်းကင်က ကြယ်မှိန်မှိန်လေးတွေလို တမိုးလုံး အပြည့်။ မြောက်မြားလှစွာ။ (ဘီဘီစီမှ လင်းလက်ကြယ်စင် အခန်းလာတိုင်း ကျနော် သည်ကလေးတွေပဲ ပြေးမြင်မိသည်။)

ဆိပ်ကမ်းမှာ ငှက်ပျောခိုင် ကုန်တင်ကုန်ချလုပ်နေတဲ့ ကလေးများအနက်မှ ကလေးတဦးက ပြောသည်။ “ကျနော် ဒီအလုပ် လုပ်နေတာ ကြာလှပြီ။ ၁၀ နှစ် ၁၁ နှစ် အရွယ်ကတည်းကပဲ” ဗမာပြည်က ကလေးစစ်သား၊ ကလေးလုပ်သားများသာမက ကလေးအလုပ်ကြမ်းသမားများ ခပ်ကြမ်းကြမ်း ပြောရလျှင် ကလေးကူလီ မြောက်မြားစွာ ထွက်သည့်တိုင်းပြည်။

အော်..ရှိသေးတယ်။ ကလေးသူတောင်းစားလေးများ။ သာစည်မှ မန္တလေးဘက်အလာ တရွာလုံး ထွက်တောင်းသည့်အထဲ ကလေးအုပ်က အမျာစုကြီး ဖြစ်သည်ကို တခါက ကျနော်ကိုယ်တိုင် မြင်ခဲ့ဖူးသည်။ ဗမာပြည်မှာ တောင်းစားရသည့် ကလေးသူငယ် မြောက်မြားစွာ ရှိနေရုံမက သူတို့သည် ပြည်ပရောက် ထွက်ကုန်ပစ္စည်းလည်း ဖြစ်နေကြရှာသည်။ ပြည်ပမှာ သူတို့တတွေက မြင်တွေ့ရသည့်က ပိုမို သနားစရာ ကောင်းသည်။ ဒီကလေးများကို တောင်းရမ်းခိုင်းသည့် လင်မယားက သူတို့မိဘလည်း မဟုတ်။ ဆွေမျိုးသားချင်းလည်း မဟုတ်။ ဘာမှ မတော်စပ်။ သည်ကလေးများကို ဘယ်နေရာကနေ ဘယ်နည်းနဲ့ ခေါ်ယူခိုင်းစေနေသလဲ ဆိုတာတော့ အသေအချာ မသိ။ သူတို့လင်မယားက သူများတိုင်းပြည်က ပန်းခြံတခုမှ လက်ဖက်ရည်၊ မုံ့ပဲသွားရည်စာများ စားသောက်ပြီး ဇိမ်နှင့် နှပ်နေသည်။ ကလေးများက တောင်းရမ်းရသည့် ပိုက်ဆံများ လာအပ်သည့်အခါ ပိုက်ဆံနည်းနေလျှင် ကန်ကျောက် ရိုက်နှက်ပစ်တတ်သေးသည်။ ဒါက သူတောင်းစားအုပ် တအုပ်အကြောင်း လက်တွေ့မြင်ရသည်ကို ရေးပြခြင်း ဖြစ်သည်။ သည်လို ကလေးသူတောင်းစားအုပ်ပေါင်း များစွာ။

ပလပ်စတစ်လိုက်ကောက်နေသည့် ကလေးသူငယ်အုပ်စုထဲမှ တယောက်က ပြောသည်။ “ကျနော် တနေကုန် ဒီလို အလုပ်လုပ်ပြီး အိမ်ကို ငါးရာနဲ့ တထောင်ကြား အပ်နိုင်ပါတယ်” တဲ့။
တယောက်တည်း တနေကုန်လျှောက်သွားပြီး ပလပ်စတစ်နဲ့ အမှိုက်ကောက်ရရှာတဲ့ မိန်းကလေးငယ်အကြောင်း မှတ်တမ်းဗီဒီယိုခွေ ကြည့်ပြီး တချို့က မျက်ရည်ကျသည်။ “ကျမ မနက် ၄ နာရီလောက်က ထပြီး ည ၇ နာရီလောက်အထိ လှည့်ကောက်တာပဲ။ ဒါတောင် ကျမက တချို့ကောင်လေးတွေလောက် မရဘူး” ဟု ဆိုရှာသည်။ သူ့အဖွားက ပြောသည်။ “ကျမ သူ့ကို မခိုင်းချင်ပါဘူး။ ကျောင်းနေစေချင်တာပေါ့။ ဒါပေမဲ့ ဘ၀ကမှ မပေးတာ။ ပညာမတတ်ရင် အကန်းနဲ့တူတယ်ဆိုတာ ကျမ သိပါတယ်” တဲ့။

ဗမာပြည်မှာ ယင်းသို့ စာမတတ်၍ အကန်းလို ဖြစ်နေရသောကလေးများ အရေအတွက် သန်းချီ ရှိနေမလား။ ကျေးလက်မှ ကလေးများရဲ့ ဘ၀ကို မှတ်တမ်းတင် ရိုက်ကူးပြသသည်ကိုတော့ မတွေ့မိသေး။ စာသင်ကျောင်းပင် ကောင်းကောင်းဖွင့်မပေးနိုင်သည့် ဗမာပြည် ကျေးလက်တောရွာက ကလေးသူငယ်များရဲ့ ဘဝတွေကလည်း ဆိုးရှာပေလိမ့်မည်။ နွားကျောင်း ဆိတ်ကျောင်း ထင်းခွေ ထင်းခုတ်။ ကောက်သင်းကောက်နေရသည့် ကလေးငယ်တွေ။ စာမသင်ရဘဲ ရွှံဘွက်ရေအိုင်ထဲမှာ ပုစွန်၊ ကဏန်းတွင်းထဲ လက်နှိုက်ရင်း ဆင်းရဲတွင်းထဲ နစ်ကာ အချိန်ကုန်နေကြရမည့် ကလေးသူငယ်ပေါင်း မြောက်မြားစွာ ရှိပေလိမ့်မည်။

“အဖေက ကျနော့်အတွက် ကျောင်းစရိတ်မတတ်နိုင်ဘူး။ ဒီတော့ ကျနော် ဒီအလုပ် လုပ်နေရတယ်” စားသောက်ဆိုင်မှာ အလုပ်လုပ်နေရသော ကလေးငယ်က ပြောသည်။ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ ပန်ကန်းဆေး စားပွဲထိုးလုပ်ရင်း ၀မ်းကျောင်းနေရသည့် ကလေးသူငယ်တွေ ဗမာပြည်မှာ ဘယ်လောက်များ ရှိမလဲ၊ စာရင်း ကောက်ကြည့်ချင်လိုက်တာ။ ဗမာပြည်မှာ လမ်းပေါ်ရောက်နေကြတဲ့ ကလေးသူငယ်တွေ ဘယ်လောက်များ ရှိနေမလဲ။ ထိုင်းနိုင်ငံတွင်မူ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဒုက္ခသည်များ..စသည်တို့၏ သားသမီးများ သူများနိုင်ငံတွင် အခက်အခဲအမျိုးနှင့် စာသင်နေသည့် ကလေးငယ်များ စုစုပေါင်း သောင်းဂဏန်းအထိ ရှိသည်ဟု ကြားသည်။ စာမသင်နိုင်သည့် ကလေးငယ်များကော ဘယ်လောက်ရှိသလဲ။ သူတို့အနာဂတ်ကရော ဘယ်လိုလဲ။

တခြားနိုင်ငံက လမ်းပေါ်ရောက် လေလွင့်ကလေးငယ်များအကြောင်း လိုက်လံရှာဖွေ ဖတ်ရှုကြည့်မိပါသည်။ ဆရာကြောင့်၊ ကျောင်းပညာရေးစနစ်ကြောင့်၊ မိဘအိမ်ထောင်ရေးကြောင့် ကျောင်းမပျော်ဘဲ လေလွင့်ငှက်ငယ်ဖြစ်ရသည့် ကလေးငယ်များဘ၀ကိုပင် သူတို့ အသေအချာ စူးစမ်းလေ့လာကြသည်။

ဗမာပြည်မှာက အုပ်ချုပ်ရေးစနစ်ကြောင့် ပညာရေးစနစ်က မကောင်း။ ကျောင်းတွေ မလုံလောက်။ စီးပွားရေးစနစ် မကောင်းလို့ မိဘပြည်သူတွေ ဆင်းရဲသည်။ မိဘပြည်သူတွေဆင်းရဲတော့ သားသမီးတွေ ကျောင်းမနေနိုင်ကြတော့။ သူ့အမေ အကြော်ရောင်းလို့ သူလဲ အကြော်ရောင်းရသည့် အကြော်သည်မိဗျိုင်းလို ဘ၀မျိုးတွေချည်း ဗမာပြည်က မွေးဖွားပေး နေသည်။

ပြည်တွင်းစစ်ကလဲ ထောင်သောင်းချီသော တိုင်းရင်းသား ကလေးငယ်များကို ငရဲတွင်း မီးပင်လယ်ထဲ နှစ်မြှုပ်ဝါး မြိုပစ်နေသည်။ စာသင်ဖို့ ဝေလာဝေး။ စားသောက်ဖို့ အစားအစာပင် အခက်အခဲတွေ့နေရသော ကလေးငယ်များကို ဒုက္ခသည်စခန်းတွေမှာ ရင်နင့်စရာ တွေ့ရသည်။ အစာအာဟာရ မလုံလောက်တော့ ကျန်းမာရေးအန္တရာယ်နှင့် ကြုံရသည်။ ကျည်ဆန်ကြောင့် ကလေးသူငယ်တွေ မသေသည့်တိုင် ပြည်တွင်းစစ်နှင့်အတူ တွဲပါလာသော ရောဂါဘယကပ်ဆိုးက ကလေးသူငယ်များ၏ အသက်တွေ၊ အူတွေ အသည်းတွေကို ဆွဲထုတ်ယူငင်သွားကြသည်။

ရှမ်းပြည် ကျေးလက်က ဆင်းရဲတဲ့ ကလေးငယ်တွေ ကိုရင်ဝတ်ကြ။ ဘုန်းကြီးက အစိုးရစာသင်ကျောင်းမှာ ထားပေးသဖြင့် တတန်းလုံး ကိုရင်တွေချည်း စာသင်နေရသော စာသင်ကျောင်းတွေ ရှမ်းပြည်နယ်မှာ ရှိသည်။ ဘကကျောင်းခေါ် ဘုန်းတော်ကြီး စာသင်ကျောင်းတွေ တိုးများလာရုံမက ယခုအခါ ပလက်ဖောင်းစာသင်ကျောင်းတွေ၊ ကျူရှင်ကျောင်းတွေ အများအပြား ပေါ်လာသည်။ မီးရောင်ရှိသည့် ဆိုင်ရှေ့ပလက်ဖောင်းပေါ်မှာ ဖျာခင်းပြီး ကလေးတွေကို ကျူရှင်ပေးသည့် ပလက်ဖောင်း စာသင်ကျောင်းတွေ ရှိသည်။ နောက်တမျိုးက လေလွင့်ပျက်စီးမည့် ကလေးများကို ခေါ်ယူထိန်းသိမ်းပြီး စာသင်ပေးသည့် ပလက်ဖောင်းစာသင်ကျောင်းဆိုတာလဲ ရှိသေးသည်။ ဆရာ ဆရာမတွေက စေတနာနဲ့ သင်ကြားပေးကြသည့် ဆရာ ဆရာမတွေ။

ဆရာမတယောက်က ပြောပြသည်။ “အစတုန်းက သူတို့ထဲက ကလေးတချို့တလေ ကျမ ပိုက်ဆံအိတ်ကို ဖွင့်ပြီး ယူမယ်လုပ်တာ ရှိတယ်။ ကျမက သေချာ ရှင်းပြပြီး နားလည်အောင် ပြောပြတော့ နောက်ဆို သူတို့က မခိုးရုံမက ကျမ ပစ္စည်းတွေကိုပါ စောင့်ရှောက်ပေးလာကြတယ်” ဖယောင်းလို နုနယ်သည့် ကလေးငယ်လေးတွေကို သည်ဆရာမက ကောင်းမွန်သည့် ရုပ်တုကလေးတွေ ဖြစ်အောင် ထုဆစ်နေရှာသည်။ ဗမာပြည်၏ ကလေးငယ်ပေါင်း အထောင်အသောင်းတို့ကို စာရိတ္တယိုယွင်းပျက်စီးသည့် ရုပ်ထုများဖြစ်အောင် စစ်အာဏာရှင်စနစ်က ထုဆစ်ခဲ့ပြီ။

စေတနာ ဆရာ ဆရာမ၊ စေတနာ ဘုန်းတော်ကြီး စေတနာသီလရှင်များ ဗမာပြည်တွင် ရှိပါသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီလရင်သင် ပညာရေးကျောင်း။ ပရဟိတ ပညာသင်ကျောင်းတွေ ဗမာပြည်မှာ အများကြီး ပေါ်လာသည်။ သူတို့ စိတ် စေတနာ မွန်မြတ်လှပါသည်။ ဒါပေမဲ့ သူတို့သည် ဗမာပြည်က ပညာမသင်ကြားနိုင်သည့် ကလေးသူငယ် ထောင်ပေါင်းများစွာထဲမှ ဘယ်နှယောက်လောက်အထိ ကယ်တင်နိုင်မှာတဲ့လဲ။ စေတနာ သီလရှင်တပါးကမူ ကလေးသူငယ်အတော်များများကို သူငယ်တန်းမှ ၁၀ တန်းလောက်အထိ စားဝတ်နေရေး ပညာရေး တာဝန်ယူစောင့်ရှောက်ပေးနေသည်ကို တွေ့မြင်ရပါသည်။ သည်လို ကျောင်းမျိုးတွေ ဖွင့်နိုင်ခြင်းမှာ လှူဒါန်းသူ ဗမာပြည်သား စေတနာရှင်ပေါင်း မြောက်မြားစွာ၏ ကိုသိုလ်ဒါနလည်း ပါဝင်နေပေလိမ့်မည်။ သည်လိုကျောင်းမျိုးတွေ များပြားစွာရှိသည်။ ဒါပေမဲ့ သူတို့ ဘယ်နှယောက် တာဝန်ယူမှာလဲ။ ဘယ်အချိန်အထိ တာဝန်ယူမှာလဲ။

ဗမာပြည်၏ စနစ်ဆိုးကြီးက စာမသင်နိုင်သည့် ကလေးသူငယ်ပေါင်း မြောက်မြားစွာကို ဆက်လက်မွေးထုတ်ပေး နေပေလိမ့်မည်။ အလှူရှင်များ၏ စီးပွားရေး အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်နေဖို့ဆိုတာကလဲ ဒီခေတ်ကြီးထဲမှာ မသေချာလှ။
ဆင်းရဲပေမယ့် စာမညံ့သည့် ကလေးသူငယ်တွေ ရှိပါသည်။ ဘယ်သူက ဂုဏ်ထူး ဘယ်နှခုနဲ့ ဆယ်တန်းအောင်ပါတယ်။ ဆေးတက္ကသိုလ် အဆင့်မီပေမယ့် စရိတ်မတတ်နိုင်လို့ ၀ိုင်းဝန်းကူညီကြပါရန်… ဆိုသည့် ပန်ကြားချက်မျိုးတွေ ခဏခဏ တွေ့နေရသည်။ ကလေးသူငယ်များအရေး၊ ပညာရေးဘက်တွင်သာမကပါ။ နာရေးအကူအညီကအစ ဗမာပြည်တွင် စေတနာရှင်များက ၀ိုင်းဝန်းလုပ်ဆောင်ပေးနေရသည်။ အုပ်ချုပ်သူ၏ ယိုပေါက်တွေကို လိုက်လံ ဖာထေးပေးနေရသည်၊ အုန်းမှုတ်ခွက်လေး သေးသေးငယ်ငယ်နဲ့ လှေပျက်ထဲ ၀င်သမျှရေတွေ ခပ်ထုတ်နေပေမယ့် ယိုပေါက်တွေ များနေသော လှေက ကြာလေ မြုပ်လေ ဖြစ်လာနေသည်။
သည်ကိစ္စ စဉ်းစားမိတိုင်း ကျနော်ကတော့ ကနေဒါမှ ဆရာဝန်ကြီး နော်မန်ဗက်သွန်းကို သတိရသည်။ သူပြောတဲ့ စကားကို ကျနော် နားလည်သလို ရေးပြချင်သည်။“ကျနော် ဆရာဝန် အလုပ်နဲ့ လူဘယ်နှယောက်ရဲ့ အသက်ကို ကယ်နိုင်မလဲ။ လူသန်းပေါင်းများစွာရဲ့ အသက်ကို သေစေတဲ့ စနစ်ဆိုးတွေ ရှိနေတယ်။ ဒီစနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်ရေးထဲမှာ ကျနော် ၀င်ကူရင် လူသား သိန်းသောင်းချီတဲ့ အရေအတွက်ကို ကျနော် ၀င်ကူနိုင်လိမ့်မယ်။ ဒီလမ်းကြောင်းကို ကျနော် ရွေးချယ်တယ်”။ ချီဂွေဗားရားလဲ ဒီလိုမျိုးစိတ်ဓာတ်နှင့် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့တာပါပဲ။

ဆရာဝန်များလိုသကဲ့သို့ တော်လှန်ရေးသမားများလည်း ကျနော်တို့ဗမာပြည်အတွက် လိုအပ်နေပါသည်။ တော်လှန်ရေးသမားများ ရွေးချယ်သည့်လမ်းကြောင်းသည့်လမ်းကြောင်း၏ ဦးတည်ချက်ထဲတွင် ကလေးငယ်တို့၏ အနာဂတ်ကို ကယ်တင်ရေးသည်လဲ ပါဝင်နေလိမ့်မည်ဟု ယုံကြည်မိသည်၊ တပြည်လုံးမှ ကလေးငယ်များအတွက် ဘ၀ကို ပေးဆက်အလုပ်လုပ်နေကြသူ တော်လှန်ရေးသမားမျာ၏ သားသမီးကလေးများသည်လည်း ဗမာပြည်မှ အဖိနှိပ်ခံ ပြည်သူတို့၏ ကလေးများနည်းတူ ရင်နင့်စရာ ကြေကွဲစရာတွေအဖြစ်အပျက်တွေနှင့် ပြွမ်းတီးလျက်။ သီးသန့်စာဖွဲ့ မှတ်တမ်းတင်ရမည့် ဘ၀ကလေးတွေလည်း မြောက်မြားစွာ ရှိနေပေလိမ့်မည်။

ရွေးချယ်သည့် လမ်းကြောင်းကား တယောက်နှင့် တယောက် တူညီလိမ့်မည် မဟုတ်ပါ။
ဒါပေမဲ့ အားလုံးကို သိစေချင်သည့် အချက်များကား ရှိနေပါသည်။ သည်ကနေ့ ကျနော်တို့ ဗမာပြည် ကလေးသူငယ်များသည် မဖူးမီကပင် နွမ်းလျညှိုးငယ် နေကြရပါသည်။ စနစ်ဆိုး အက်ဆစ်မိုးနှင့် ထိမိသည့် ပန်းဖူးပန်းငုံလေးများ ပွင့်လန်းမလာနိုင်တော့ဘဲ မပွင့်မီက ကြွေသွားကြရသည်မှာလဲ များပြားလှပါသည်။ သည်ကလေးငယ်များသည် အနာဂတ်တွင် ဗမာပြည်၏ အဆိုးအကောင်းကို ဖန်တီးမည့် ပြည်သူပြည်သားများ ဖြစ်လာကြပါလိမ့်မည်။ သည်ကလေးငယ်များ၏ အနာဂတ်သည် ဗမာပြည်၏ အနာဂတ်ဖြစ်ပါသည်။ သည်ကလေးငယ်များ၏ ကံကြမ္မာသည် ဗမာပြည်၏ ကံကြမ္မာပင် ဖြစ်ပါသည်။

ကလေးငယ်များ၏ အနာဂတ်ကို ဆင်းရဲငတ်ပြတ်မှု၊ ပညာရေး ချို့တဲ့မှုဆိုသည့် မြူမင်များဖြင့် ပိတ်ဖုံးစေကာ ဗမာပြည်၏ ကြမ္မာဆိုးကို လက်ယပ်ခေါ်ငင်နေသော စနစ်ဆိုးကြီးကို ဖြိုဖျက်ဖြုတ်ချနိုင်မှသာ ကလေးငယ်တို့၏ အနာဂတ် ၀င်းလက်ကြည်စင်၍ ဗမာပြည်၏ ကံကြမ္မာ တိမ်ဖုံးပါလို့ လမသာ အဖြစ်မှ ကင်းဝေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
သည်စာတမ်းလေးတွင် အောက်ဖော်ပြပါ ကဗျာလေးနှင့် နိဂုံးချုပ်လိုပါသည်။

ဆေးစက်တစက်စီ တို့ပေးပါ
သူတို့လေးတွေ
သဲသောင်လွလွ
စိမ်းပြာမြမြ
ပင်လယ်ဝမှာ
ရောင်စုံခရုလှလှလေးတွေ
ကောက်နေကြတာမဟုတ်ပါ။
မြို့တော်တခို
လမ်းကြိုလမ်းကြား
အနှံ့သွားရင်းက
ကိုယ့်ဘဝလေးတွေကို
ကိုယ့်ဘာသာ ကိုယ်ပြန်ကောက်ကာ
ကိုယ့်ရဲ့ အိတ်စုတ်စုတ်လေးတွေမှာ
ပြန်ထည့်နေကြရရှာ၊
ပန်းပျိုးခင်းမှ
ရနံ့သင်းပျံ့
အယုယခံ
ပန်းမန်လေးတွေလဲ မဟုတ်ကြ။
မြွေတွင်း
ဖားတွင်း
ငါးတွင်း
ဆင်းရဲတွင်းထဲ
ခေါင်းငုံ့ လက်ထိုးနှိုက်နေကြရှာ
ခေါင်းပြန်မဖော်နိုင်ကြသေးပါ။
သူတို့မျက်နှာမှာ သနပ်ခါးကွက်ကြား
နှလုံးသားမှာ ခေတ်ရဲ့ ကြေးညှော်တွေအပြည့်
ဟိုး ကောင်းကင်ဆိုတဲ့ အမြင့်ဝေဟင်က
လင်းလက်ကြယ်စင်တွေနဲ့ ခေတ်ပြိုင်
ဗမာပြည်ရဲ့ မလှပတဲ့ မျက်နှာစာမှာ
ဆန်ဖြူတစေ့ကို မောနေအောင် ရှာဖွေနေတဲ့
သူတို့လေးတွေရဲ့
မဖြူစင်နိုင်တော့တဲ့ မျက်လုံးအိမ်တွေ
နေရာအနှံ့
ဒီလိုနဲ့
စစ်ကားဘီး
စစ်ဖိနပ်
လူကြီးမင်းတို့ရဲ့ဖိနပ်များအောက်မှာ
နုနယ်ပျိုမျစ်တဲ့ အညွန့်ကလေးတွေ
နင်းချေခံနေကြရရှာ။
သူတို့ဘေးနားကနေ
အပူအပင်ကင်းမဲ့
ခေါင်းမော့ဝင့်ဝါ
လွင့်ပျံသွားကြတဲ့ ကျောင်းစိမ်းလေးတွေကို ငေးမောမိတဲ့အခါ
သူတို့နှလုံးသားထဲ စိမ့်ဝင်သွားတဲ့
တဘဝလုံး လှိုက်စားသွားမယ့် အက်ဆစ်ပျော်ရည်တွေ
ဘယ်သူ ခပ်ထည့်ခဲ့တာလဲဆိုတာ
တခါတရံလောက်များ
ဟိုဘက်ဒီဘက် ခေါင်းဆောင်ကြီးတွေ
စဉ်းစားမိခဲ့ပါသလား။
ပလတ်စတစ်အိတ်တွေမဟုတ်
သူတို့ကောက်နေကြရတာ
ဧရာမအပုံကြီး
ဒို့နိုင်ငံတော်ရဲ့ အမှိုက်သရိုက်တွေ
အပြစ်အနာအဆာတွေနဲ့
ကောက်ကျစ်မှု
လိမ်လည်မှု
စစ်ကျွန်ပြုမှုတို့က ဝါးပြီးထွေးထုတ်လိုက်တဲ့
နံစော်နေတဲ့ အဓမ္မမှုတွေကနေ
လွင့်စင်လာတဲ့ အပိုင်းအစများ…။
မင်းတို့နဲ့ အနီးဆုံးနေရာက
ကိုယ့်ကိုယ်ကို ကယ်တင်ရှင်လို့ ထင်နေသူတွေရဲ့
မြူးတူးနေကြတဲ့ မျက်လုံးအိမ်တွေထဲမှာ
အိမ်ဖြူတော်ဘက် မျှော်ကြည့်နေရလို့တဲ့
မင်းတို့အတွက် နေရာချထားစရာ ကွက်လပ်မကျန်ဘူးကွဲ့
ကလေးငယ်တို့ရဲ့…။
မင်းတို့လေးတွေခမျာ
ကောက်ရတဲ့ စာရွက်သာကြည့်
စာမသိသလို
ရောဂါသာ မိ
ဆေးမရှိသလို
အူဂင်္ဂါနဲ့ ကျယ်ပြောလှတဲ့ ဝမ်းတထွာ
ရိုင်းပျတဲ့ သမုဒ္ဒရာထဲ
အရွယ်နဲ့မမျှ ကူးခတ်ရုန်းကန်ရင်း
လက်ပန်းကျနေရသလို
ဘဝလေးတွေရဲ့ နုနယ်တဲ့အနာဂတ်မှာလဲ
ဒဏ်ရာ ဟက်တက်ကြီးနဲ့
မတ်တပ်ရပ်လို့ လမ်းမှာ ငိုနေကြရရှာ။
ကလေးတွေရယ်
မင်းတို့လိုပါပဲ
ဒို့အမျိုးသားတွေရဲ့ အနာဂတ်
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်
ရင်ဘတ်မှာ ဒဏ်ရာဟက်တက်ကြီးနဲ့ကွဲ့
ယင်မမဲရိုင်းတွေ လက်ခမောင်းခတ်လို့…။
မင်းတို့အတွက် ရင်နာတယ်
ဗမာပြည်အတွက် နာကြည်းတယ်
ဒီခေတ်ရဲ့ ဒီစနစ်ကို
ရွံရှာတယ်
နှလုံးနာတယ်
စိတ်ကုန်တယ်
မုန်းတီးတယ်…
….ကြည့်ရတာတော့
တဟုန်းဟုန်း တောက်လောင်နေတဲ့
မီးလောင်မြေရဲ့ ပြာပုံပေါ်ကသာ
တူးဆွ ပြန်ဖော်ပြီး
ခက်ခက်ခဲခဲ ကျားကုပ်ကျားခဲ
ရေရှည်ဇွဲနဲ့
ပြန်လည်ပျိုးထောင်ရမယ်ထင်ရဲ့
ဒို့နိုင်ငံတော်ရဲ့ အနာဂတ်…။
တောက်ပ၀င်းလက်
မျှော်လင့်ချက် ရောင်ခြည်ဆီရှေးရှု
ဒို့ကလေးတွေရဲ့ အနာဂတ်
ဒို့သွေးသားတွေရဲ့အနာဂတ်
ဒိုနိုင်ငံတော်ရဲ့အနာဂတ်
အနာဂတ် ပျက်သုဉ်းမသွားရေး
အလုပ်သမားတွေ
လယ်သမားတွေ ပြည်သူတွေ
ဘဝတွေ အသက်တွေ ဒဏ်ရာဒဏ်ချက်တွေ
အရင်းအနှီးပေးကာ လှမ်းချီနေကြ
တောက်ပဝင်းလက်
အနာဂတ်ပန်းချီကားချပ်အတွက်….။
ကြိုဆိုပါတယ် ရဲဘော်….
ခင်ဗျားတို့လက်နဲ့
ဆေးစက်တစက်စီ တို့ပေးပါ။ ။

မောင်လှဝင်း (မြင်းခြံ)

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

Saturday, June 30, 2012

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး


ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်

ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။

“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေ အနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။

အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”

“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဒီတော့ “မြန်မာ” ဆိုတာ မြန်မာလူမျိုးရဲ့မူလနာမည်ပဲ။ တိုင်းပြည်နာမည် မဟုတ်ပါ။

ဗမာနိုင်ငံ၊မြန်မာလူမျိုး

တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ)၊ အခန်း ၇၊  စာမျက်နှာ (၂၁၃-၂၁၇)တွင် ယခုကဲ့သို့ဖေါ်ပြထားပါသည်။
         
 တို့ဗမာ အစည်းအရုံးသည် မူလတည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေး ပေးခဲ့ကြောင်း၊ “တို့” ဟူသောစကား၊ “ဗမာ”ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသော စကားတို့ကို တီထွင်၍ တိုင်းရင်းသား စစ်စစ် ဟူသော အမည်နာမ တပ်ဆင်ခဲ့ဖြင့် သိသာ ထင်ရှားပေသည်။
         
သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသော စကားမှာ မြန်မာလူမျိုးနေထိုင်သောမြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။
         
 မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး တမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို မြန်မာပြည်ဟုမသုံး၊ ဗမာနိုင်ငံ ဗမာပြည် ဟုသုံး သည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။

ဗမာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟုခေါ်သည်။
        
 မွန်လူငယ် မွန်သင်းလှိုင်၊ မွန်သန်း၊ မွန်ထွန်းဦးစသည်တို့သည် သခင်သင်းလှိုင်၊ သခင်သန်း၊ သခင်ထွန်းဦး
         
ထားဝယ်လူငယ် ကိုဗသိန်းတင်၊ကိုစံဝင်း၊ ကိုဗဆွေ စသူတို့သည် သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗဆွေ
         
ရခိုင်လူငယ် ကိုအောင်ကြီး၊ ကိုစန်ရွှေ၊ ကိုဗတင် စသူတို့သည် သခင်အောင်ကြီး၊ သခင်စန်ရွှေ၊ သခင်ဗတင်
         
 ရှမ်းလူငယ် ကိုခွန်တီး၊ ကိုခင်မောင်၊ ကိုငွေ ကိုသစ် စသူတို့သည် သခင်ခွန်တီး၊ သခင်ခင်မောင် (ကမာရွတ်)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)
        
 ချင်းလူငယ် ကိုဝမ်းသူမောင်၊ ကိုအောင်မင်း စသူတို့သည် သခင်ဝမ်းသူမောင်၊ သခင်အောင်မင်း
            ပအိုးလူငယ် ကိုသိမ်းမောင်၊ ကိုဗရွှေ စသူတို့သည် သခင်သိန်းမောင်၊ သခင်ဗရွှေ
         
 ကရင်လူငယ် ကိုဘိုးကွယ်(မြောင်းမြ) ၊ ကိုစိုန်ရွှေ(မြောင်းမြ) တို့သည် သခင်ဘိုးကွယ်၊ သခင်စိန်ရွှေ ဟူ၍ သခင်အမည်ခံ ယူ ခဲ့ကြသည်။
         
 ထို့အတူ မစ္စတာနာရရန်ဆင်၊ နာရီဒူး၊ ဆင်းဂုပ္ပတား၊ ဘဲလျား၊ အပ္ပနား စသော အိန္ဒိယအမျိုးသားများသည် သခင်နာရရန်ဆင်၊ သခင်နာရီဒူး၊ သခင်ဆင်းဂုပ္ပတား၊ သခင်ဘဲလျား၊ သခင်အပ္ပနား
        
 ကိုတိတ်ဂွမ် (ရန်ကုန်)၊ ကိုဇေယျခေါ် အင်ပီး (မြောင်းမြ)၊ စူးတူး (ခေါ်) ကံဆင့်(မြောင်းမြ)၊ ချိန်တိတ်(ညောင်ဦး)၊ ဂင်စိန်(မြိတ်) စသော တရုတ်အမျိုးသားများသည် သခင်တိတ်ဂွမ်၊ သခင်ဇေယျ၊ သခင်ကံဆင့်၊ သခင်ချန်တိတ်၊ သခင်ဂင်စိတ် စသဖြင့် သခင်ဘွဲ့ခံယူပြီး တို့ဗမာအစည်းအရုံးတွင် ဝင်ရောက်ကာ တိုက်ပွဲအမျိုးမျိုးကို ဆင်နွှဲခဲ့ကြသည်။
         
ထို့ကြောင့်ပင် တို့ဗမာသီချင်းတွင်

 “ တို့ဗမာ— ၊ ဟေ့— တို့ဗမာ၊ ဗမာပြေတဝှမ်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ”ဟု ထည့်သွင်းသီဆိုခဲ့ကြသည်။ ထို့အတူ မူလနိုင်ငံတော် သီချင်းတွင်လည်း “ဗမာပြေ”ဟုသာ ထည့်သွင်းရေးသားသီဆိုခဲ့ကြသည်။
         
 နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြသည့်ပါတီအဖွဲ့အစည်းများ၏ အမည်များကိုလည်း ဤသို့ ရေးသား ဖေါ်ပြခဲ့ကြပါသည်။

-       ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)
-       ဗမာ့ထွက်ရပ်ဂိုဏ်း
-       ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
-       ဗမာ့လက်ရုံးတပ်
-       ဗမာ့လွတ်လပ်ရေးတပ်မတော်
-       ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး — သဖြင့်ဖြစ်သည်။
တို့ဗမာအစည်းအရုံးဝင် တိုင်းရင်းသားလူငယ်များကလည်း ၄င်းတို့အမည်ကို ဤသို့ပြောင်းလဲခဲ့ကြသည်။

သမိုင်းကိုပြင်တာမဟုတ်၊ ဖျက်ဆီးနေတာ

ယင်းသို့ သမိုင်းအချက်အလက်များ တိတိကျကျ၊ ထင်ထင်ရှားရှားရှိခဲ့ပါလျက် (နဝတ-နအဖ) စစ်အစိုးရလက်ထက်တွင် ယင်းကဲ့သို့သော သမိုင်းအချက်အလက်မှန်များကို ပြောင်းပြန်ဇောက်ထိုး ဖြစ်အောင် လုပ်ခဲ့ကြသည်။ ထင်သလို ပြင်ဆင်ခဲ့ကြသည်။

 တကယ်တော့သမိုင်းကို သမိုင်းအချက်အလက်တွေကို ဖျောက်ဖျက်နေခြင်း၊ ဖျက်ဆီးနေခြင်းသာဖြစ်သည်။

မည်သည့်လူမျိုးပင်ဖြစ်ပါစေ အခြားလူမျိုး၏ ဘာသာစကားနှင့်အသံထွက်ကို အတိအကျပြောဆို အသံထွက်နိုင်လိမ့်မည် မဟုတ်၊  အနီးစပ်ဆုံးသာ ပြောဆိုအသံထွက်နိုင်ပါလိမ့်မည်။

“အသံထွက်မပီကလာပီကလာဖြင့်” မြန်မာကို (Burma/ဘားမား) လို့အသံထွက်တာ၊ (Burma)လို့ သုံးတာဟာ “လူမျိုးရေး သွေးကွဲစေရန်” အစီအမံရှိတာဖြစ်တယ်ဟု ဆိုသော ပြောဆိုရေးသားမှုများဟာ ဆီလျော်မှုမရှိတဲ့ ဇင်နိုဖိုဘီးယား (Xenophobia) အကြောင်းပြချက်များသာဖြစ်ပါသည်။

မြန်မာဆိုတာ လူမျိုးရဲ့နာမည်သာ ဖြစ်တယ်ဆိုတာ ကျောက်စာအထောက်အထားနဲ့ အခြားအိမ်နီးချင်းခေတ်ပြိုင် အထောက် အထားတွေမှာ (Mien-tien) (မီရန်တင့် ) အထင်အရှားတွေ့မြင်နေရပါလျက် မြန်မာ ဆိုသည်မှာ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုပြီး ဗမာ ဆိုသည်မှာ လူမျိုးတစ်မျိုး၏အမည်လို့ ပြောင်းလဲလိုက်ခြင်း/ ပြောင်းလဲလိုခြင်း ကသာလျှင် သမိုင်းကို ပြောင်းပြန်ဇောက်ထိုးပြုလုပ် ခြင်းဖြစ်ပါသည်။   မိမိတိုင်းပြည်သမိုင်းနှင့် လူမျိုးသမိုင်းကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါသည်။

(နဝတ)စစ်အစိုးရက (၁၈ – ၆- ၁၉၈၉) နေ့တွင် နိုင်ငံတော်သီချင်းတွင်ပါဝင်သည့် “ဗမာ” ဆိုသည့် စကားရပ်ကို “မြန်မာ” ဆိုသည့်စကားရပ်ဖြင့် ပြောင်းပြန်ဖြစ်အောင်ပြောင်းခဲ့သည်။ (နဝတ) စစ်အစိုးရဥပဒေအမှတ် (၁၆/၈၉) ဖြင့် (Burma) ကို (Myanmar) ဟု တစ်ဖက်သတ်ထင်သလို ပြောင်းလဲခေါ်ဝေါ်စေခဲ့ကြခြင်းသာဖြစ်သည်။

တို့ဗမာအစည်းအရုံးသမိုင်းတွင်ဖေါ်ပြသကဲ့သို့ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။
ထိုပဒေသရာဇ်များသည်သူတလူငါတမင်းဖြင့် အဖကိုသားသတ်၊ ညီကအကိုကိုသတ် စသဖြင့် သွေးခင်း၍ နန်းလုခဲ့ကြသည်။

နောက်ဆုံးတွင် ပဒေသရာဇ်ဘုရင်ကို ကိုလိုနီနယ်ချဲ့သမားက ရာဇပလ္လင်ပေါ်ကဆွဲချပစ်ခဲ့သည်။ ကြက်ကလေးငှက်ကလေး သဖွယ် ပါတော်မူသွားကြရသည်။ ထိုပဒေသရာဇ်များ၊ ထိုပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ အစဉ်အလာများကို အဘယ့်ကြောင့်ဖက်တွယ် လွမ်းဆွတ် တသနေကြမည်နည်း။ ကိုးကွယ်နေကြမည်နည်း။

တန်ဖိုးထားကြမည်ဆိုလျှင် ကိုလိုနီနယ်ချဲ့သမားများကို ဆန့်ကျင်ခဲ့ကြသည့် သမိုင်းနှင့် ယင်းသို့တောက်ပြောင်သော သမိုင်း အစဉ်အလာများကိုသာ တန်ဖိုးထားကြရမည်မဟုတ်ပါလော။

အုပ်စိုးသူအစိုးရအဆက်ဆက်သည် နယ်ချဲ့ဆန်ကျင့်ရေး၊ ဖက်ဆစ်တော်လှန်ရေးသမိုင်းနှင့် သမိုင်းဝင်အဖွဲ့အစည်းများ၊ ရဟန်း ရှင်လူပုဂ္ဂိုလ်များ၊ သမိုင်းအချက် အလက်များ၊ အထိမ်းအမှတ်များကိုတော့ ကွယ်ပျောက်၊ ပျက်ပျယ်၊ မှုံဝါးသွားစေရန် စနစ်တကျ စီမံ လုပ်ဆောင်ခဲ့ကြသည်။ လုပ်ဆောင်နေဆဲလည်း ဖြစ်သည်။

(နဝတ-နအဖ) စစ်အစိုးရနှင့် လက်ရှိအစိုးရသည် သက်ဦးဆံပိုင်ပဒေသရာဇ် အစဉ်အလာများကိုသာ ဖက်တွယ်ထားလိုကြသည်။ သူတို့သည် သူတို့မမြင်ဖူးခဲ့သော (အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရား) ဘုရင်များကို အရုပ်ထု၍ ကိုးကွယ်နေကြသည်။ ဂုဏ်ယူ နေကြသည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့ကို ရဲရဲဝံ့ဝံ့တွန်းလှန်ခဲ့သော “စစ်သူကြီးမဟာဗန္ဓုလ”ကို နေပြည်တော်မှာ အရုပ်ထုပြီး ဘာကြောင့် မကိုး ကွယ်ရတာလဲ။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှကိုလိုနီနယ်ချဲ့သမားကို ဆန်ကျင့်ခဲ့သူ၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သူ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး(ပင်လုံစာချုပ်) တည်ဆောက်ခဲ့သူဖြစ်ပါသည်။

ဗိုလ်ချုပ်၏ ယင်းသို့ တောက်ပြောင်ခမ်းနားသော နယ်ချဲ့ဆန်ကျင့်ရေးဖက်ဆစ်တော်လှန်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး သမိုင်းအစဉ်အလာအမွေကို မျိုးဆက်သစ်လူငယ်များ ဆက်ခံရမည်မဟုတ်ပါလား။

ယခုတော့ သမိုင်း နှင့် မျိုးဆက်သစ်လူငယ်များကို အဆက်ဖြတ်ပစ်နေကြသည်။ အဆက်ပြတ်အောင်လုပ်နေကြသည်။

လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးဟု လက်ရှိအစိုးရ “ပါးစပ်”က ပြောနေသော်လည်း နေပြည်တော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ထု မရှိပါ။ ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံထည့်သွင်း ရိုက်နှိပ်ခြင်းမရှိပါ။

ဒါကြောင့် (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးခဲ့တဲ့ကာလ (၁၉၈၈ – ၂၀၁၁) ကို ဗိုလ်ချုပ်အောင်ဆန်းသမိုင်း သေးသိမ် မှေးမှိန် အောင်လုပ်ခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် အပြောလွန်ရာကြမည်မထင်ပါ။

ထို့အပြင် လက်ရှိ ဦးသိန်းစိန်အစိုးရကလည်း Burma ပါလျှင် “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)” တရား ဝင်ဖွဲ့စည်းခွင့်ကို  လက်မခံသလို၊ (ဗကသ) လှုပ်ရှားမှုကိုလည်း ဟန့်တား၊ ပိတ်ပင်၊ ခြိမ်းချောက်နေပါသည်။

နိဂုံးချုပ်ရလျှင်

ကျောက်စာအထောက်အထား၊ အိမ်နီးချင်းနိုင်ငံ၏ခေတ်ပြိုင်မှတ်တမ်းများအရ လူမျိုးကို “မြန်မာ”(Myanmar) ဟု ခေါ်ဝေါ်ခြင်း ကသာ မှန်ကန်ပါမည်။

ထိုနည်းတူပင် နိုင်ငံကိုလည်း သမိုင်းအစဉ်အလာကြီးမားသော တို့ဗမာအစည်းအရုံးကြီးက စနစ်တကျ တီထွင် ပေးအပ်ခဲ့ သော၊ ကျွန်သဘောက်ဘဝကို ရွံမုန်းပြီး၊ သခင်တိုင်းပြည် သခင်လူမျိုးများ ဘဝရောက်ရှိလာအောင် (သခင်မျိးဟေ့ ဒို့ဗမာ) ရဲတင်းသံ ပေးခဲ့သော၊ တိုင်းရင်းသား ပေါင်းစုံကို ကိုယ်စားပြုသော “ဗမာနိုင်ငံ” (Burma)ဆိုသည့် အမည်ကို တိတိကျကျ ခေါ်ဝေါ်သုံးစွဲခြင်းကသာ လျှင် မှန်ကန် ဆီလျော် ကိုက်ညီပါလိမ့်မည်။

မြန်မာလူမျိုး၊ ဗမာနိုင်ငံလို့ခေါ်ကြစို့။

(၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်)

ကိုးကား
-       တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ) ပထမအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၇၆
-       ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ ပထမအကြိမ်၊ ၂၀၀၃၊ အောက်တိုဘာ၊ ဒေါင်းစာပေ

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, June 17, 2012

ငွေစက္ကူလား စက္ကူငွေလား


 

အခုဇွန်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ တသောင်းတန် စတင်ထုတ်ဝေပါပြီ။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရှိခဲ့တဲ့ ငွေစက္ကူဟာ ငါးထောင်တန် ငွေစက္ကူဖြစ်ပါ။

 သြစတေးလျှနိုင်ငံက စီးပွားရေးပညာရှင်လည်းဖြစ် မြန်မာနိုင်ငံက အကြောင်းအရာတွေကို ဆက်တိုက် လေ့လာနေသူလည်း ဖြစ်တဲ့ ဒေါက်တာရှောင်တာနဲရဲ့ အဆိုအရ တသောင်းတန်ငွေစက္ကူ ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွလာမှုကို အတိုင်းအတာတခုအထိ ကြုံတွေ့နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ငွေကြေး ဖောင်းပွလာရင် အ ကျိုးဆက်အဖြစ် အားလုံးသိတဲ့အတိုင်း ကုန်ဈေးနှုန်းတွေ၊ ကားခတွေ၊ ဘာခညာခတွေ စသဖြင့် ဈေးတက်လာနိုင်တာကို ဆက်တိုက်ရင်ဆိုင် ရပါလိမ့်မယ်။ ဈေးတက်လာရင် ဆင်းရဲသားတွေသာ ခံပေရော့ဆိုတာ အားလုံးအသိပါ။

 အခုကိုပဲ တ သောင်းတန် ထုတ်ဝေမယ်ဆိုတဲ့ တရားဝင် ကြေညာချက်ကြောင့် တချို့တတ်နိုင်သူတွေက ဒီရက်ပိုင်းအတွင်း စားသုံးကုန် တွေ ဈေးများတက်လာမှာလားဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဆန်၊ ဆီ၊ ဆား စတာတွေကို ကြိုတင် ဝယ်ယူနေ ကြတယ်လို့ လည်း ကြားနေရတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ မြေဈေး၊ အိမ်ဈေး ကြီးမြင့်နေတာတွေလည်း ဆက်ပြီး ဈေးကြီး နေဦးမယ်လို့ တွက်ချက်ကြတယ်။ တလောက နိုင်ငံခြားသားတွေ မြန်မာနိုင်ငံထဲ လိမ့်ဝင်လာပါတယ်။

အန်ဂျီအိုတွေ၊စီးပွားရေးကုမ္ပဏီက လူတွေများပါတယ်။ အဲသည့်အချိန်မှာ ဒေါ်လာ ၈ဝ လောက်ပဲတန်တဲ့ ဟော်တယ်ခန်း တွေကို ဒေါ်လာ ၃ဝဝ လောက် တောင်းကုန်တဲ့အထိ လောဘတွေ တက်ကုန်ပါတယ်။ ဒါ တသောင်းတန် မပေါ်ခင်မှာ ဖြစ်ခဲ့တာနော်။ တချို့ နိုင်ငံခြား အန်ဂျီအိုတွေ ရုံးခန်းဖွင့်ဖို့ အိမ်တွေ၊ တိုက်ခန်းတွေ ငှားကြပါတယ်။ အကွက်အကွင်းကြတဲ့ ရပ်ကွက်တွေမှာ ဝန်းကျယ်ကျယ်နဲ့ နှစ်ထပ်တိုက်တလုံးကို တလငှားရမ်းခက ဒေါ်လာ တသောင်းနှစ်ထောင်တဲ့။ လန်ဒန် မြို့လယ်ခေါင်က တိုက်ခန်းတွေ၊ အိမ်တွေထက်တောင် ဈေးကြီးနေသေးတယ်။

သို့ပေမယ့် ပေးနိုင်တဲ့ နိုင်ငံခြားသားတွေ ကတော့ ပေးငှား နေကြတာပဲ။ သို့သော်လည်း ဆင်းရဲတဲ့ သာမန်ပြည်သူများ အနေနဲ့ကတော့ ငါးထောင်တန် ငွေစက္ကူကို ငါးရွက်ပြည့်အောင် လက်ထဲမှာ မကိုင်နိုင်ရတဲ့အထဲ တသောင်းတန်ငွေစက္ကူ ထွက်လာမယ်ဆိုတဲ့ ကိစ္စအပေါ် ဘယ်သူက မှ စိတ်ဝင်စားမှု မရှိတာကိုလည်း တွေ့ရပါတယ်။ ဆိုလိုတာကတော့ တသောင်းတန် ငွေစက္ကူဟာ ဆင်းရဲသား သာမန် ပြည်သူတွေနဲ့ ပတ်သက်စရာ အကြောင်းမရှိ သလိုမျိုး ဖြစ်နေပါတယ်။ သူတို့ဟာသူတို့ ဘာတန်ကြီးပဲ ထွက်ထွက် ဒို့ လက်ထဲ ရောက်မှာက ဘယ်တော့ မှန်းမှ မသိဘဲ ဆိုတဲ့အမြင်မျိုး လူများစုမှာ ရှိနေပါတယ်။

ဒီလိုအမြင်ရှိနေတာဟာ သူ တို့အတွက်တော့ သဘာဝကျပါတယ်။ တချိန်ထဲမှာလည်း နေ့တဓူဝ သုံးစွဲနေရတဲ့ ကိစ္စတွေ မှာ ငွေစက္ကူ အသေးတွေဖြစ် တဲ့ ငါးဆယ်တန်၊ တရာတန်တွေဟာ မရှိသလောက် ရှားပါးနေတာကလည်း အားလုံး အသိ ပဲဖြစ်ပါတယ်။ အကြွေစေ့ တွေကို အသာထားဦး။ ကျပ်တန်၊ ငါးကျပ်တန်၊ တဆယ်တန် ငွေစက္ကူတွေကတော့ မမြင်ဖူး တာ ကြာလှပြီမို့ ရှေးဟောင်း ပစ္စည်းလိုတောင် ဖြစ်နေတယ်လို့ ဆိုကြတယ်။ ပစ္စည်းတခုဝယ်လို့ ငါးဆယ်၊ တရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ စသဖြင့် ပြန်အမ်းရမယ့် ကိစ္စတွေမှာ အမ်းစရာ ငွေစက္ကူ အသေးတွေဖြစ်တဲ့ ငါးဆယ်တန်၊ ရာတန်တွေ မလုံလောက်လို့၊ မရှိလို့ ချိုချဉ် သကြားလုံးအပါအဝင် တခြား ပစ္စည်းများနဲ့ ပြန်အမ်းနေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တရာ၊ နှစ်ရာဆိုတဲ့ ငွေပမာဏ ဟာ ဒီခေတ်မှာ လက်ဖက်ရည် တခွက်တောင် ကောင်း ကောင်းဝယ်မရတော့ပါဖူး။ ဒါကြောင့် မဆန်းဖူးလို့ ထင်ရပေမယ့် အကြိမ်ကြိမ် အထပ်ထပ် ဖြစ်လာတဲ့ အခါမျိုးမှာတော့ ပြန်တွက်ကြည့်ရင် ဆင်းရဲတဲ့ စားသုံးသူတွေဖက်မှာ နစ်နာနေတယ် ဆိုတာ မြင်နိုင်တယ်။

ဒီလိုအခြေအနေမျိုးမှာ အစိုးရအနေနဲ့ နိုင်ငံသားပြည်သူတွေအကြားမှာ လိုအပ်နေတဲ့ ငွေစက္ကူအသေးတွေကို ဘာ ကြောင့် ထပ်မံရိုက်ထုတ် ဖြန်ချိတာမျိုး မလုပ်ဘဲ တသောင်းတန်ငွေစက္ကူကို ရိုက်ထုတ်ရတာလဲဆိုတာ မေးစရာ ဖြစ်လာ တယ်။ တသောင်း တန်ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေရတဲ့ ရည်ရွယ်ချက်က သာမန်ဆင်းရဲသား ပြည်သူများအကြား သုံးစွဲဖို့ ရည်ရွယ် တာမဟုတ်ဘူးလို့ ပြောမယ်ဆိုရင် လွန်မယ်မထင်ပါ။ လုပ်ငန်းကိုင်ငန်း ကြီးမားတဲ့ သူတွေအတွက်သာ အဆင် ပြေစေမယ့် သဘောမျိုး သက်ရောက်နေတာကို မြင်ရတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေထဲမှာ ငါး ထောင်တန်နဲ့ တထောင်တန် ကလွဲလို့ ကျန်တဲ့ ငွေစက္ကူတွေဟာ ဟောင်းနွမ်း ညစ်ပတ် စုတ်ပြဲနေတာက များပါတယ်။ ဒါကြောင့် ငွေစက္ကူ အသေးတွေကို တိတ်အကြည်တွေနဲ့ကပ် ဖာထေးပြီး သုံးစွဲနေရ တာကလည်း ပြည်သူတွေအတွက် မဆန်းတော့ပါ။ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ညစ်ပတ် နွမ်းဖတ်နေတဲ့ ငွေစက္ကူတွေဟာ လူတွေအ တွက် ရောဂါပိုးတွေ သယ်ဆောင် လာတယ်လို့လည်း ကျွမ်းကျင်သူ များက ထောက်ပြထားတယ်။ အထူးသဖြင့် အသဲကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေ၊ ဝမ်းရောဂါကို ဖြစ်စေမယ့် ရောဂါပိုး အတော်များများကို ငွေစက္ကူ အဟောင်းအမြင်းတွေ ပေါ်မှာ တွေ့ရလေ့ရှိတယ် ဆိုတာလည်း သိရတယ်။

အလွန်အကျွံဆင်းရဲနေတဲ့ နိုင်ငံများမှာတော့ ငွေစက္ကူအသေးတွေကို ပြန်ပြီးအသစ်ထပ်မံ ထုတ်လေ့မရှိတာကို တွေ့ရ တယ်။ ထုတ်ရင်လည်း လောက်လောက်ငှငှ ထုတ်ဝေတာမျိုး မဟုတ်ပြန်ဖူး။ ဘာကြောင့်လဲဆိုတော့ ငွေစက္ကူ အကြီးပဲ ဖြစ်ဖြစ် အသေးတွေပဲဖြစ်ဖြစ် စတာတွေကို ပြန်ပြီးပုံနှိပ်ရာမှာ အသုံးပြုရတဲ့ စက္ကူအကောင်းစားနဲ့ ပုံနှိပ်ဆေးတွေဟာ နိုင်ငံခြားကနေ ဈေးကြီးပေးပြီး တင်သွင်းရတာကြောင့် ဖြစ်တယ်။ နိုင်ငံခြားကနေ ငွေစက္ကူ ရိုက်နှိပ်ဖို့အတွက် ဘာကြောင့် စက္ကူအကောင်းစားနဲ့ ပုံနှိပ်ဆေးတွေကို တင်သွင်းတာလဲ။ ဈေးပေါတဲ့ စက္ကူ အမျိုးအစားနဲ့ ဈေးပေါတဲ့ ပုံနှိပ်ဆေးတွေကို အသုံးပြု မယ်ဆိုရင် ငွေစက္ကူအတုတွေ မှိုလိုပေါက်လာမှာကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

ဥပမာ တခုလောက် ပြောရမယ်ဆိုရင် ပြည်တွင်းငွေကြေး လည်ပတ်မှုအတွင်းမှာ နောက်ထပ် ငွေတသန်း ထပ်ပြီး ထုတ် ဝေဖို့ လိုတယ်ဆိုပါစို့။ ဒီလို အခြေအနေမျိုးမှာ အစိုးရအနေနဲ့ တရာတန်ငွေစက္ကူ အချပ်ရေ တသောင်း ရိုက်နှိပ်မယ့်အစား တသောင်းတန် ငွေစက္ကူ အချပ်ရေ တရာကိုသာ ရိုက်နှိပ် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ စက္ကူဖိုး ဆေးဖိုးအတော် လေး သက်သာသွားတာကို မြင်နိုင်ပါတယ်။
ဒီအချက်ကို ထောက်ရှုပြီး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံဟာ အလွန်အကျွံ ဆင်းရဲတဲ့ နိုင်ငံတခု ဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရအနေနဲ့ သွယ်ဝိုက်ပြီး ဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ အပါအဝင် တခြားသော သဘာဝသယံဇာတ ပစ္စည်းတွေကို နိုင်ငံတကာကို ရောင်းချနေတာ လူတိုင်းသိပါတယ်။ တနှစ်တနှစ် သဘာဝ သယံဇာ တတွေကို ရောင်းချရာကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေဟာ မနည်းလှဘူး။ ဒီငွေတွေထဲက တချို့ကို ငွေစက္ကူ ပုံနှိပ်ရိုက် ထုတ်ဖို့အတွက် လိုအပ်တဲ့ စက္ကူတွေ ပုံနှိပ်ဆေးတွေ နိုင်ငံခြားကနေ ဝယ်ယူတင်သွင်းရင် ဖြစ်နိုင်တယ်လို့ ပြောလိုပါ တယ်။

မြန်မာအစိုးရ အနေနဲ့ တိုင်းပြည်တပြည်မှာ အများပြည်သူများ အတွင်း ငွေကြေး လည်ပတ်စီးဆင်းတာ ချောမွေ့စေဖို့ အ တွက် တန်ဖိုးမြင့်တဲ ငွေစက္ကူ နှစ်မျိုး သုံးမျိုးလောက် ထုတ်ဝေရုံနဲ့ မလုံလောက်ဘူး အလုပ်မဖြစ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ငွေအကြွေစေ့များ အပါအဝင် တန်ဖိုး အဆင့်ဆင့်ရှိတဲ့ ငွေစက္ကူမျိုးစုံကိုလည်း ထုတ်ဝေဖို့ အထူးလိုအပ်ပါ တယ်။ အမေရိကန်နိုင်ငံတို့ ဥရောပနိုင်ငံတွေတို့ကို နမူနာထား မပြောလိုပါဘူး။ နီးနီးနားနားကိုပဲ ဥပမာပေး ပြောရမယ်ဆို ရင် ကျနော်တို့ရဲ့ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ပြည်တွင်းငွေကြေး လည်ပတ်စီးဆင်းဖို့ ငွေအကြွေစေ့များ အပါအဝင် နှစ်ဆယ်တန်၊ ငါးဆယ်တန်၊ တရာတန်၊ ငါးရာတန်၊ တထောင်တန် ငွေစက္ကူများကိုလည်း လုံလောက်အောင် ရိုက်နှိပ်ထုတ်ဝေပါတယ်။ ဆယ်ဘတ်စေ့၊ ငါးဘတ်စေ့၊ နှစ်ဘတ်စေ့၊ တဘတ်စေ့နဲ့ တဘတ်စေ့ထက် တန်ဖိုးနည်းတဲ့ အကြွေစေ့တွေကိုလည်း ထုတ်ဝေပါတယ်။ (ငါးဘတ်ပေးရင် မြန်မာပြည်ကလို အီကြာကွေးအရှည် တချောင်းဝယ်စား နိုင်ပါ တယ်။ ငါးဘတ်ဟာ မြန်မာကျပ်ငွေ ၁၅ဝ လောက်နဲ့ညီပါတယ်။ ငါးဘတ်တန်အကြွေစေ့သာ မရှိရင် ဘယ်လိုရောင်းပြီး ဘယ်လိုဝယ်စား ကြမလဲ။ စကားချပ်) ဒါတွေကို ထိုင်းနိုင်ငံရဲ့ ဗဟိုဘဏ်ကနေ စီစဉ်ကွပ်ကဲဆုံးဖြတ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရဝန်ကြီးများ အနေနဲ့ ဒီကိစ္စမှာ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးတာကလွဲလို့ ငွေစက္ကူ ဘယ်လောက်တန်ပဲ ရိုက်နှိပ်ရမယ်လို့ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ ဗဟိုဘဏ်က အာဏာပိုင်တွေဟာ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိပါတယ်။ တခါ ငွေစက္ကူ အဟောင်းအမြင်း များ ကိုလည်း ဘဏ်တွေက ပြန်လည်သိမ်းဆည်ပေးပြီး ဗဟိုဘဏ်ကို လွှဲပါတယ်။ ဗဟိုဘဏ်ကနေ လက်ခံရရှိတဲ့ ငွေစက္ကူ အဟောင်းတွေ အပေါ်မှာ အမျိုးအစားကိုလိုက်ပြီး တန်ဖိုးအဆင့်ဆင့်အလိုက် ငွေစက္ကူအသစ်များကို ထပ်မံဖြန့်ဖြူးပေး ပါတယ်။ စုတ်ပြဲဟောင်းနွမ်းပြီး တိတ်အကြည်တွေနဲ့ ဖာထေးတားထဲ့ ငွေစက္ကူ အသေးစားတွေကို ထိုင်းလူထုအကြားမှာ သုံးစွဲခြင်း မရှိပါ။

ထိုင်းနိုင်ငံမှာ ငွေအကြွေစေ့တွေ၊ ငွေစက္ကူအသေးစားတွေ (နှစ်ဆယ်တန်၊ ငါးဆယ်တန်၊ တရာတန်) လူ ထုအကြား လည်ပတ်စီးဆင်းနေတဲ့အတွက် အသေးစားအလတ်စား လုပ်ငန်းတွေအပါအဝင် လမ်းပေါ်က တနေ့လုပ် တ နေ့စား အထမ်းသည်တွေ ဈေးသည်တွေအတွက်ပါ စီးပွားရေးလုပ်ကိုင်ရာမှာ အဆင်ပြေကြပါတယ်။ ပြန်အမ်းစရာ ငွေ စက္ကူအသေးမရှိလို့ ချိုချဉ်တွေ သကြားလုံးတွေ၊ အပေါစားဘောလ်ပင်တွေ ပြန်အမ်းတယ်ဆိုတာ ထိုင်းနိုင်ငံမှာ မရှိပါဘူး။

နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှု အတိုင်းအတာအရ တန်ဖိုးမြင့်တဲ့ ငွေစက္ကူတွေ ထုတ်ဝေဖို့လိုတာ မှန်သလို တန်ဖိုးသေးတဲ့၊ တန်ဖိုးနိမ့်တဲ့ ငွေစက္ကူများလည်း လုံလုံ လောက်လောက် ဖြန့်ချိဖို့ လိုကြောင်း ပြောလိုပါတယ်။

ဇော်မင်း
၁၅ ရက်၊ ဇွန်လ၊ ၂ဝ၁၂ ခုနှစ်

ရွက်မွန်မှ…

အပြည့်အစုံ ဖတ်ရန် ...

Saturday, March 10, 2012

မဲစာရင်းတွေ မှားနေတာ သေးသေးလေးပဲလား၊ ကြီးကြီးလား


ဇာတ်လမ်းအရှုပ်တော်ပုံကတော့ စပါပြီ။ ခုတလော အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတာ နေရာတိုင်းမှာ မဲစာရင်းမှားယွင်းမှုများပဲ ဖြစ်ပါတယ်။ မဲစာရင်းကို ထုတ်ပေးတာ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကဖြစ်လို့ သူတို့မှာ တာဝန်ရှိပါတယ်။

တော်တော်ဆိုးနေတာက သေတဲ့ လူတွေ၊ အဲဒီရပ်ကွက်မှာ မနေတဲ့ လူတွေနဲ့အတူ လူတယောက်ထဲက ၁၀ ကိုယ်ခွဲ၊ ၂၀ ကိုယ်ခွဲတွေ ဖြစ်နေခြင်းပါပဲ။ မှတ်ပုံတင်နံပါတ် တခုထဲနဲ့ လူ ၂၀ ကျော် ခွဲထားတာကတော့ မသမာမှုကြီးပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက စာရင်းကို အခြေခံထားတယ်ဆိုတော့ အဲဒီ ရွေးကောက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ ကြိုတင်မဲတွေကတော့ စိတ်ချရပါ့မလား၊ မှန်ကန်သန့်ရှင်းတယ်လို့ ပြောလို့ရမလား၊ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေ၊ ကိုယ်စားလှယ်တွေကို ပြန်စစ်ဆေးမယ် ဆိုရင်ရော ခံနိုင်ပါ့မလား၊ စုံစမ်းရေးကော်မရှင် မဖွဲ့သင့်ဘူးလား။

တချို့နေရာတွေက မဲစာရင်းတွေထဲမှာ လူအမည်၊ အဘအမည်တွေ လွဲမှားနေတာ၊ မှတ်ပုံတင် နံပါတ်တွေ လွဲမှားနေတာတွေလည်း ရှိနေတာကြောင့် အဲဒီမှားယွင်းမှုတွေကို ဘယ်သူ တာဝန်ယူမှာလဲ။ ဘယ်သူက တာဝန်အရှိဆုံးလဲ။ ဘယ်သူတွေက ယုတ်မာပက်စက်ကြတာလဲ။ တရားဥပဒေကို ဘယ်သူတွေ ချိုးဖောက်ရဲတာလဲ ဆိုတာတွေက စဉ်းစားရခက်ပါတယ်။

“မဲစာရင်းမှားမှုတွေကို လေ့လာကြည့်ရင် သေတဲ့လူတွေ စာရင်းထည့်တာ၊ မနေတဲ့လူတွေ စာရင်းပါတာ၊ လူတယောက်တည်းက မှတ်ပုံတင်တခုထဲနဲ့ နေရာစုံ မဲစာရင်းတွေ ရှိနေတာတွေဟာ မသမာမှုများပဲ ဖြစ်ပါတယ်။ မတော်တဆ မှားနေတာ မဟုတ်ဘူးဆိုတာ ရှင်းနေပြီ မဟုတ်လား။ ပြတ်ပြတ်သားသား အရေးယူဖို့ပဲ ရှိပါတော့တယ်။”

အခု မဲစာရင်းမှားယွင်းမှုတွေက သေးသေးလေးပဲလား၊ ကြီးကြီးလား၊ ဘယ်လောက်အထိ နစ်နာသွားတယ် ဆိုတာလည်းသိရဲ့လား။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲစာရင်းကို ကူးချင်ရင် လူတယောက်အတွက် ကျပ် ၂၀၊ လူတသိန်းအတွက် ကျပ်သိန်း ၂၀ ကုန်ကျမယ်လို့ သတ်မှတ်ထားတဲ့၊ ငွေနဲ့ ဖိပြီး နှိပ်စက်ထားတဲ့ စနစ်ဆိုးက ရှိနေတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးကို ဘယ်လောက်ယုံကြည်ရမှာလဲ။

သူနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကိုတော့ ပြန်လည်စစ်ဆေးဖို့ ခုံရုံးဖွဲ့သင့်တယ်။ အဲဒီ ဦးသိန်းစိုးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တပည့်ရင်းဖြစ်လို့ သူ့ကို အရေးယူဖို့ ခက်နေမယ်။ ထိရဲပါ့မလား။ အခုအချိန်မှာ ဦးသိန်းစိုးက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် ခန့်အပ်ထားခြင်းခံရတယ်။ အဲဒါလည်း ကြိုတင်ကာကွယ်ထားတာမဟုတ်လား။

နောက်ပြီး မူမမှန်တာ၊ မသမာမှုတွေ ရှိနေတာကို တိုင်ရင် ငွေတင်ပြီး တိုင်ရတယ်။ တိုင်တဲ့လူ ရှုံးရင် အဲဒီ တင်တဲ့ငွေ ဆုံးရော။ ငွေနဲ့ ဖိနှိပ်ကန့်သတ်ထားတာ။ ငွေမရှိတဲ့ ပါတီတွေကို မတရားတဲ့နည်းနဲ့ စီးပွားဖြစ်နေတဲ့ ပါတီကြီးတခုက အနိုင်ကျင့်ခွင့် ရရှိအောင် အဲဒီ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ဖန်တီးထားတာတွေက ရိုးသားမှုရှိပါတယ်လို့ ဘယ်သူက အာမခံမှာလဲ။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ကတော့ သူကိုင်တွယ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ် မျှတမှု ရှိစေရမယ်လို့ အာမခံ ထားတယ်။ တကယ်လို့ သူရဲ့လုပ်ဆောင်ချက်တွေ မှားတယ်လို့ သတ်မှတ်ရင် အပြုတ်ခံမယ်လို့ ကြွေးကြော်ထားတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို လုံးဝလက်မခံခဲ့ဘူး။ ကျွမ်းကျင်တဲ့ လေ့လာသူတွေကို ကြောက်တယ်။ ဘာကြောင့် ကြောက်တာလဲ။ မဟုတ်တာတွေ မမှန်တာတွေ လုပ်မှာမို့ပေါ့။ ရှင်းရှင်းလေးပါ။ လွတ်လပ်ခြင်း တရားမျှတခြင်း မရှိဘဲ ရွေးကောက်ပွဲ ပြီးသွားတယ်။ လွှတ်တော်တွေ ပေါ်ပေါက်လာတယ်။ အဲဒီလွှတ်တော်တွေမှာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ ကန့်သတ်ချက်၊ တားမြစ်ချက်၊ အမိန့်ပေးချက်တွေ ရှိနေတာမို့ ရှေ့ရေးကတော့ ရင်လေးစရာပါပဲ။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူများ ရဲရဲဝံ့ဝံ့ သတ္တိရှိကြပါလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမမှာ ဖေဖော်ဝါရီ ၂၂ ရက်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ အတိတ်ကို ပြန်လည်သုံးသပ်ပြီး ယနေ့နဲ့ အနာဂတ်အတွက် သင်ခန်းစာ ယူစေချင်ကြောင်း၊ ဖြည့်စွက်ပြီး လုပ်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ဆောင်ဖို့လိုကြောင်း၊ လွှတ်တော်ရောက်လာသူများဟာ အဲဒီခံယူချက်နဲ့ စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရန် တိုက်တွန်းသွားပါတယ်။

အဲဒီလို ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့အကျိုးအတွက် သတ္တိရှိကြဖို့ လိုတယ်ဆိုတဲ့ စကားဟာ ထောက်ခံရမှာဖြစ်ပြီး တကယ်လည်း လက်တွေ့မှာ ကျင့်သုံးကြရမှာဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲမသမာမှုတွေကို ပြည်သူတွေက ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဖော်ထုတ်ကြဖို့ လိုပါတယ်။ ဒါမှလည်း လွှတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာပါ။

ဒီမိုကရေစီရဲ့ အသက်သွေးကြောဟာ တရားဥပဒေစိုးမိုးမှုပဲ ဖြစ်ပါတယ်။ အခုလို ဥပဒေမဲ့ မဲစာရင်း မှားယွင်းမှုတွေဟာ ရိုးသားစွာ မတော်တဆ မှားယွင်းနေတာ မဟုတ်ဘူး။ ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေ သတင်းမီဒီယာသမားတွေက ၀ိုင်းဝန်း ဖော်ထုတ်ပေးရမှာပါ။

တနေ့တခြား လေသံကျယ်လာတဲ့ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးကို အနှောက်အယှက် ဖြစ်စေတဲ့ မဲစာရင်းမှားယွင်းမှု၊ မဲလိမ်မှု၊ မဲခိုးမှု၊ မလျော်သြဇာကို သုံးပြီး ခြိမ်းခြောက် မဲပေးခိုင်းမှုတွေ မရှိသင့်တော့ပါဘူး။ အသက်ပြည့်ပြီး စာရင်းမ၀င်သေးတာတွေလည်း အများကြီးရှိတယ်။

ဒီကနေ့ တွေ့နေရတဲ့ မဲစာရင်းမှားယွင်းမှုဟာ သေးသေးလေး မဟုတ်ပါဘူး။ ပြဿနာဖြစ်လာမယ့် ကြီးကြီးမားမားကြီးပါ။ မဲဆန္ဒနယ်မြေ ၄၈ ခုက နည်းပါတယ်။ ဒါပေမယ့် နေရာ နည်းနည်း များများ လွတ်လပ်မျှတမှုရှိမှ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှာပါ။ မဲဆန္ဒ နည်းနည်းမှာ တရားမျှတမှုရှိမှ နောက်ထပ် ရင်ဆိုင်ရမယ့် မဲဆန္ဒနယ်များများကို ရင်ဆိုင်နိုင်မှာပါ။

မဲစာရင်းမှားမှုတွေကို လေ့လာကြည့်ရင် သေတဲ့လူတွေ စာရင်းထည့်တာ၊ မနေတဲ့လူတွေ စာရင်းပါတာ၊ လူတယောက်တည်းက မှတ်ပုံတင်တခုထဲနဲ့ နေရာစုံ မဲစာရင်းတွေ ရှိနေတာတွေဟာ မသမာမှုများပဲ ဖြစ်ပါတယ်။

မတော်တဆ မှားနေတာ မဟုတ်ဘူးဆိုတာ ရှင်းနေပြီ မဟုတ်လား။ ပြတ်ပြတ်သားသား အရေးယူဖို့ပဲ ရှိပါတော့တယ်။

စိန်သံလုံး

source by : http://drlunswe.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Saturday, February 25, 2012

ခက်အောင် လုပ်နေကြရင် ပိုခက်ကုန်လိမ့်မယ်....

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆီသို့... ဆိုတဲ့ ခေါင်းစဉ်နဲ့ (၈၈) ကျောင်းသားတွေက လူထုကြားထဲ ဆင်းနေကြတာ တွေ့ရတော့ အင်မတန်မှ အားတက်မိပါတယ်။ ကျနော်တို့လို အဝေးရောက်နေကြတဲ့ တက်ကြွ လှုပ်ရှားသူတွေအနေနဲ့ ပိုလို့စိတ်ဝင်စားစရာတွေ သူတို့ လုပ်ပြနိုင်ကြတာ တွေ့ရတာပါပဲ။

လက်တလောကာလ မဟုတ်တဲ့ အရင် ကာလတွေကို မပြောပဲ မျက်မှောက်အခြေအနေကိုပဲ ဖြတ်ပြောရရင် ဒါဟာ.... လူ့အဖွဲ့အစည်းကို ပုံစံဟောင်းကနေ ခွဲထွက် စဉ်းစားလာကြတာ၊ တနည်းအားဖြင့် လူ့ဘောင်အခြေအနေသစ်ကို ဖန်တီး နေတာဖြစ်ပါတယ်။ တည်ဆောက်နေတယ်ပြောရင် ပိုတိကျ ပါလိမ့်မယ်။ တနည်းအားဖြင့် အခြေခံကနေ စတင်ပြုပြင်ပြောင်းလဲတာလို့ ပြောနိုင်ပါတယ်။ ဒီလိုလုပ်မှသာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေအတွက် တကယ်တွန်းအားဖြစ်စေမှာပါပဲ။

ဒီနေရာမှာပြန်ကြည့်ရင် ကျနော်တို့နိုင်ငံမှာ အုပ်ချုပ်နေတဲ့ အစိုးရရော၊ အတိုက်အခံတွေပါ ပွင့်လင်းမြင်သာမှုကို တကယ်တမ်း အကောင်အထည် ဖေါ်ရပါလိမ့်မယ်။ အစိုးရကို ပွင့်လင်းအောင်ပြောနေသလို ကိုယ်တိုင်လည်း ပွင့်လင်းမြင်သာမှု ရှိဘို့ လိုပါတယ်။ ဒီမိုကရေစီစံနစ်ရဲ့အနှစ်သာရထဲမှာ ပွင့်လင်းမြင်သာမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ အစိုးရတခုရဲ့ပွင့်လင်းမြင်သာမှုဟာ လူထုကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ လူထုကို မက်ဆေ့ခ်ျတွေ မှန်မှန်ပေးရပါမယ်၊ လူထုကို ဖုန်းကွယ် လုပ်ဆောင်နေသမျှ ဒါဟာ ဒီမိုကရေစီကို သွားနေပါတယ်လို့ ပြောလို့ မရပါဘူး။

ရှင်းနေတာကတော့ လူထုကြီးဟာ ဒီမိုကရေစီစံနစ်ကို တကယ်လိုလားပါတယ်။ ဒါပေမဲ့ လူထုဟာ တကယ်ပွင့်လင်းတဲ့ အစိုးရတရပ်ကို မရရှိတာဟာ သိပ်နစ်နာ နေတော့တာပါပဲ။ အထူးသဖြင့် ဒီကနေ့ ဦးသိန်းစိန် အစိုးရဟာ ပွင့်လင်းမြင်သာမှုထက် စကားနှစ်မျိုး၊ လုပ်ဆောင်မှုနှစ်မျိုး၊ အမြင် နှစ်မျိုး ဖြစ်နေသယောင် ပြောပြောနေတာ တွေ့ရတယ်။ ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ခိုင်းတယ်၊ အောက်ခြေတပ်က မရပ်ဘူး။ ဒါ.. တခုတည်း ဥပမာပေးတာပါ။ ဥပမာပေးစရာတွေ အများသားပါ။

အစိုးရက ကောင်းပါတယ်။ တပ်က ပြောရတာ အမိန့် အောက်အခြေအထိ မရောက်သယောင် ပြောသံ တချို့ထွက်နေတယ်။ ဒါမဟုတ်ပါဘူး၊ တကယ်တမ်း သူတို့ လုပ်ချင်ရင် အကုန်ဖြစ်တဲ့ အခြေအနေပါ။ နှစ်မျိုးခွ ကစားလို့ အခုလိုဖြစ်နေတာ လူတိုင်းနီးပါး သိနေပါတယ်။

ဒီတော့ အနီးဆုံးပဲပြောကြရအောင် ၂၀၀၇ မှာ ဘုန်းကြီးတွေကို အကြမ်းဖက်တော့ ချက်ချင်း လုပ်ခဲ့တာပဲ၊ တလတောင် မကြာဘူး။ တချို့ဘုန်းကြီးကျောင်းတွေ စစ်တလင်းလိုတောင် ဖြစ်ခဲ့ကြတာပဲမလား။တပ်က ဘာဖြစ်လို့ လုပ်သလဲ၊ အမိန့်ကြောင့် လုပ်တာပါပဲ။ အထက်က ပွင့်ပွင့်လင်းလင်း အမိန့်မပေးလို့သာ ကချင်ကိစ္စက ကျန့်ကြာနေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်တောင် အခုလူထုနဲ့ တိုက်ရိုက်ထိတွေ့ စကားပြောနေသလို ဘာကြောင့် ရွေးကောက်ပွဲကနေ တက်လာတာပါပြောတဲ့ အစိုးရရဲ့သမ္မတက လူထုကို စကား မပြောရတာပါလဲ။ ကိုယ့်ပေါ်လစီအရ တိုက်ရိုက် တိုင်းပြည်နဲ့ လူထုကို မက်ဆေခ်ျ မပေးနိုင်တာ တွေ့ရတယ်။ ဒါပွင့်လင်းမှု မရှိတာပါပဲ။ ဒီမိုကရေစီ တိုင်းပြည်တိုင်းမှာ သမ္မတတွေဟာ လူထုနဲ့ တိုက်ရိုက်ထိတွေ့ရပါတယ်၊ အခြားအဆင့်ဆင့် ခေါင်းဆောင်တွေလည်း ထို့အတူပါပဲ။ အတိုက်အခံတွေက အစပါ။ ကျနော်တို့တိုင်းပြည်မှာ အတိုက်အခံတွေက လူထုနဲ့ထိတွေ့ နေသလောက် အစိုးရနဲ့ အာဏာရပါတီက ပွင့်လင်းမှု မရှိတဲ့ အခြေအနေအတိုင်း သွားနေတာပါပဲ။

ဒီတော့.... တခါတလေ သူတို့ စကားကြုံ ထုတ်ပြောနေတဲ့ ဒီမိုကရေစီစံနစ်ကနေ နောက်ပြန်မလှည့်ပါဘူးဆိုတာ ယုံကြည်ရ ခက်ခက်ပါပဲ။ ဥပဒေအရကို အာဏာသိမ်းခွင့်ပေးထားတော့ ဒီဥပဒေကိုက ပြသာနာဖြစ်စေနိုင်တဲ့ ဥပဒေဆိုတော့ တော်တော်သတိထားပြီး သုံးသပ် နေရတဲ့သဘောပါ။ အတိုက်အခံတွေ ခရီးသွားတာတောင် လိုက်နှောက်ယှက် နေရတဲ့အဖြစ် တယ်လဲ ဆိုးလှပါပကော။

လောလောဆယ်... ကျနော်တို့နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည့်က ရွေးကောက်ပွဲ လမ်းကြောင်းကနေတဆင့် ပါတီပြန်လည်ထူထောင်တာရော၊ လူထုနဲ့ ထိတွေတာရော လုပ်နေတယ်။ ဒေါ်စုအနေနဲ့ သူအတတ်နိုင်ဆုံး လမ်းကြောင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ အားမလို အားမရ ဖြစ်နေတဲ့သူတွေ တချို့ရှိနေပေမဲ့ ဒါသူ့အနေနဲ့ အကောင်းဆုံး စွန်းစားမှုလို့ ထင်ပါတယ်။

လူထုကလည်း တော်တော်အားကိုးနေတာ တွေ့ရတယ်။ ပြောရရင် ဒေါ်စု မပါပဲ မြန်မာ့နိုင်ငံရေးမှာ ဘာမှ လုပ်လို့ အဆင်မပြေလောက်ဘူးဆိုတာ အစိုးရရော၊ အတိုက်အခံ တော်တော်များများရော၊ နိုင်ငံတကာကပါ သိနေတဲ့ သဘောပါ။

ဒီနေရာမှာ ဒေါ်စုအနေနဲ့ ပွင့်လင်းမြင်သာတာ တချို့ ရှိပါတယ်။ မရှိတာလေးတွေလည်း ထောက်ပြ ချင်တာပါ။ ဒေါ်စုအနေနဲ့ ဒီကနေ့ အချိန်အထိ လူထုကို ထုတ်မပြောတဲ့ ကိစ္စတွေ ရှိပါတယ်။ ဦးသိန်းစိန်နဲ့ ဘာတွေ ဆွေးနွေးသဘောတူ ပါသလဲ၊ ဦးအောင်ကြည့်နဲ့ ဘာတွေဆွေးနွေးပြီး ဆွေးနွေးပွဲ ရလာဒ်အသေးစိတ်တွေက ဘာတွေပါလဲ၊ လူထုကို တိတိကျကျ ရှင်းပြဘို့ လိုပါတယ်။ ဦးအောင်ကြည် စာရွက်ကိုင်ပြီး ပြောသွားတာတွေ အင်မတန်မှ အပေါ်ယံဆန်ပါတယ်၊ လိုချင်တာ ဒါမျိုး မဟုတ်ပါဘူး။ အသေးစိတ် ထုတ်ပြန်ပေးဘို့ပါ။

ဒီမိုကရေစီစံနစ်ကို တည်ဆောက်ချင်ရင် ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်တာနဲ့ သတင်း လွတ်လပ်ခွင့်ကို တည်ဆောက်တာကနေ စရတဲ့ သဘောရှိပါတယ်။ အခုလိုတွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြောင်းချင်တဲ့ ဆန္ဒရှိတဲ့ သူတွေကို ပြောတာပါ။ ဒီနေရာမှာ အစိုးရတရပ်အနေနဲ့ သိပ်အားနည်းတာ တွေ့ရပါတယ်။

ဒီတော့... အကျိုးဆက် အနေနဲ့ ဘာတွေဖြစ်လာသလဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အဆင်ပြေပါ့မလား၊ ကြားဖြတ် ရွေးကောက်ပွဲ သန့်ရှင်း မျှတပါ့မလား၊ မကြာခင်က လွတ်လာတဲ့သူတွေ ပြန်ပြီးတော့ ဖမ်းမလား။ သို့လော သို့လော တွေးနေရတာပါ။ အစိုးရက ပိုတာဝန်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း တိုင်းပြည်တို တင်ပြလိုက်ပါ။ နိုင်ငံရေးလုပ်နေတဲ့ သူ ဘယ်သူ့ကိုမှ ပြန်မဖမ်းပါဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သွားမယ်၊ ဒီမိုကရေစီစံနစ်ကနေ နောက်ပြန်မလှည့်ပါဘူး။ ဒါတွေကြေငြာပေးရပါမယ်။

အစိုးရ ဘာဖြစ်လို့ မကြေငြာနိုင်တာလည်းဆိုတာ သုံးသပ်ကြည့်တော့ သူတို့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ဥပဒေအရကို လွဲနေတော့တာပါပဲ။ စစ်တပ်က အာဏာပြန်မသိမ်းစေရဘူး ပြောရအောင်လည်း ဥပဒေအရ သိမ်းခွင့် ပေးထားတဲ့အတွက် တချို့ကြုံတုန်း ပါးစပ်ကနေ နောက်မလှည့်တော့ပါဘူးလောက် ပြောနေတာပါပဲ။ ဒီတော့ ဆိုလိုချင်တာက ဥပဒေမှာကို ပြောင်းပြစ်၊ ပြင်ပြစ်ရမဲ့ဟာတွေ ရှိနေတာ သေချာပါတယ်။

ဒါကြောင့် ဒေါ်စုက တရားဥပဒေစိုးမိုးမှု တည်ဆောက်ဘို့ဆိုရင် လက်ရှိဥပဒေမှာ လူထုအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်ပြစ်ရမယ်လို့ ပြောနေတာပါ။ ကျနော်ထင်တာ လူထုကြီးက ဒါကို သိပ်သဘောကျနေတာပါ၊ လူထုက အသေးစိတ် ထုတ်မပြောတတ်ပေမဲ့ ဘဝအရ သိနေတဲ့ သဘောပါ၊

နီးရာဓား ကြောက်ရတဲ့ ဘဝမှာ နှစ်ပေါင်းများစွာ နေလာကြရတာ လူထုပါ။

လက်တလော..ပြည်တွင်းငြိမ်းချမ်းရေးအသံတွေ သိပ်ထွက်နေပါတယ်။ ဒေါ်စုလည်း ပြောတယ်၊ ၈၈ တွေလည်း ပြောဆိုလှုပ်ရှားနေတယ်၊ အစိုးရကလည်း တဖွဲ့ချင်း အပစ်ရပ်ရေးတွေကို ကိုယ်စားလှယ် နှစ်ဖွဲ့နဲ့ လုပ်နေတယ်။

ရှင်းအောင် လုပ်ရမဲ့ဟာကို ရှုပ်အောင် လုပ်တော့ ပိုကြာနေတာပေါ့ဗျာ။

နိုင်ကျဉ်းကိစ္စရော၊ ပြည်တွင်းငြိမ်းချမ်းရေး ရော၊ နိုင်ငံတကာရောက် မြန်မာပြည်သားတွေကိစ္စရော တခါတည်းနဲ့ တော်တော်လေး ခရီးရောက်အောင် လုပ်ချင်ရင် အရင်ဆုံး တရားဝင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တပြည်လုံး အပစ်ရပ်စဲရေးကို အစိုးရကကြေငြာ လိုက်ဘို့ပါပဲ။

ဒေါ်စုနဲ့ ၈၈ တွေအပါအဝင် ငြိမ်းချမ်းရေး အင်အားစုတွေနဲ့ပါ လက်တွဲပြီး ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသား ကော်မတီကိုဖွဲ့ပြီး လုပ်လိုက်ရင် သားရွှေအိုးထမ်းလာတဲ့ ကိန်းပါဗျာ။

အခုတော့ သမီးပေး၊ သားမက်ပေး လိုက်လုပ်နေတော့ ယာယီအပစ်ရပ်တာတွေတောင် ခဏခဏ ပြန်ဖြစ်နေတာတွေက ကြားနေရတာ တိုင်းပြည်အတွက် ရတက် မအေး လှပါဘူး။

နောက်များ ပြန်လှည့်သွားလို့ကတော့ သေပါရော ဆိုပါတော့ မြန်မာပြည်ပေါ့ဗျာ။


ကိုယဉ်ထွန်း(လူ့ဘောင်သစ်)

ဖေဖေါ်ဝါရီလ ၂၄ရက်၊၂၀၁၂။

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 26, 2012

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့်သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့်သာဓုခေါ်စေရန်..) အပိုင်း ၂






● ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ။

အဲဒီ (၃) ဆောင်မှာပဲပေါ့ဗျာ… …
အကျဉ်းသားဝတ်စုံ အဖြူကို အထက်အောက်ဝတ်ဆင်ထားရသော်လည်း မျက်လွှာချပြီး ပုတီးစိပ်ရင်း ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦးကို အားလုံးထဲမှာ ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော် တော်တော့်ကိုတုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲ မှာလည်း ဝမ်းနည်းသလိုလို ကတုန်ကယင်ကြီး ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲ။ အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့ ဆရာတော်သံဃာတော်ကြီးတွေ ဖြစ်နေတယ်ဗျာ …။

တပါးက အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတောကြီးတွေဖြစ်သော အင်းစိန်ရွာမစာသင်တိုက်က ဆရာတော်ဦးတိလောကဘိဝံသ၊ နောက် တပါးက ပါဌိကာရီ စာသင်တိုက် (သာကေတ) ဆရာတော်ကြီး ဦးအဂိတ၊ နောက်တပါးက ရွှေဘုန်းပွင့်ဆရာတော်ဘွဲ့တော် ကျနော် မေ့ နေ ပါသည်။ ဆရာတော်ကြီးများဟာ ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း သီလ၊သိက္ခာတော်တို့ကြောင့် ရာဇ၀တ်အကျဉ်းသားနဲ့မတူဘဲ သိသိသာသာကြီးကို ကွဲပြားနေပါတယ်။

(ကျောက်ကုန်း မေဒိနီကျောင်းတိုက်က အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတော်ကြီး ဦးဉာဏ္ဏဝံသ အမှတ် (၅) ဆောင်မှာဖြစ်သည်။)


(ကွယ်လွန်သွားသောကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)

ဆရာတော်ကြီးများတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပျိုတဲ့ ဦးဇင်းလေးများလည်း ရှိကြနေတယ်။ (ဘွဲ့တော်တွေ မမှတ်မိ တာ ခွင့်လွှတ်ကြပါ)။ ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင် သံဃာအပါးနှစ်ဆယ်ကျော် ဖမ်းဆီးအကျဉ်းချခံရပါသည်။ ရန်ကုန်တတိုင်း လုံးနှင့် မန္တလေးတိုင်း အကုန်အပါဝင် မြန်မာပြည်အနှံ့ ဆရာတော်သံဃာတွေ ဘယ်လောက်လဲ။ ကျနော် အမှတ်သုံးဆောင်ကို ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့် ဆရာတော်ကြီးများနှင့် သံယာများ မနည်းဘူးလို့သိရတယ်။

လူရှင်သင်္ချိုင်းကိုရေးတဲ့ ကိုနေလင်းတို့ ထောင် ပြောင်းပါသွားတဲ့အသုတ်ပေါ့။ ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို ကျနော်တို့ ထမင်းဝိုင်းမှာ ဘုဉ်းပေးပါတယ်။ တကယ့်ကို ငယ်ရွယ် ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅ နှစ်ခန့် ပါ။ ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့ ခေါ်ပါတယ်။ ရဟန်းမို့ ကျနော် တို့က ဦးစားပေး ဆွမ်းဟင်းပိုထည့်ရင် ဘုဉ်းမပေးတော့ဘူး။ ကျနော်တို့နှင့် တန်းတူသာဘုဉ်းပါတယ်။

ဆွမ်းဟင်းဆိုလို့လည်း အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာ လာတွေ့ခံရမှန်သူ တဦးနှင့် ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာ မလာသူ သုံးဦးလေးဦးခန့်က တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ခေါ်တဲ့ (အထားခံအောင်ကြော်ထားသည့် ငပိကြော်၊ ငါး ခြောက်ကြော်၊ သရက်သီးသနပ်နှင့် အသားကြော်တခုခုကို တဦး ဇွန်းတ၀က်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို ထည့်ပေးတာပါ။ (၃) ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်ကလွဲရင် အခြားအချိန်တွေမှာ ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့်မရှိဘူး။ ထောင်ဥပ ဒေအတိုင်း ကျွေးချိန်မှာ အခန်းအပြင်ဖက်စင်္ကြန်မှာ စားရပါတယ်။

အဲသည့်စနစ်ဟာ ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှအခက်အခဲမရှိပေမယ့် မွန်းတည့်နောက်ပိုင်းမှာ ဘုဉ်းမပေးရတဲ့ သံဃာတော် တွေအဖို့မှာ အတော်ဒုက္ခရောက်ကြရပါတယ်။ အဲဒီတော့ ကျနော်တို့က ညနေစာလာကျွေးတဲ့ ထောင်ထမင်း ၀ါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ အ၀တ်ပိုင်းစ (အင်္ကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။ အဲဒါကို မနက်ထောင်ဖွင့်ချိန်မှာ အာ ရုံဆွမ်းအဖြစ် သံဃာတော်တွေကို ထောင်ထမင်း ၀ါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။

ရေချိုးသည့်အခါ အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ တန်းစီရပါသည်။ ရေကန်စောင့်က “တတန်းလာ” လို့ အော်လိုက်ရင် ထပြီးရေကန်ဘေးမှာရပ်ပြီး ဒန်ပန်ကန်ပြားကိုင်ကာ “ခပ်” ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့ ရေချိုးရတဲ့စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များကိုသတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ န၀တကပ်တဲ့ ဆွမ်းကွမ်းအလှူဒါနမို့ လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို ထောင်တွင်းမှာ လူမြင်သူမြင် တရားဝင် ဦးချခွင့်မရှိပါ။ လူမြင်သူမြင် ဆွမ်းကပ်ခွင့်မရှိပါ။ ဒါတွေကို မြန်မာပြည်သူပြည်သားအပေါင်း သေသေချာချာမှသိကြပါ့မလား။

မနက်တခါ ညနေတခါထိုင်ပြီး “ပုံစံ” လိုအော်ရင် ဦးခေါင်းငုံထားရသည့် ဆရာတော်သံဃာတော်တွေအဖြစ်၊ ရာဇ၀တ်သား အကျဉ်းသားများ နှင့် ကြမ်းတပြေးထိုင် သီတင်းသုံးကာ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော အဖြစ်။ ညအချိန်မှာ ကြမ်းပေါ်မှာ အကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူကျိမ်းတော်မူရသည့်၏အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင် ဘယ်လိုခံစားမလဲ။

ငါ –ီုး မသားတွေ နားထောင်ကြစမ်းလို့ အော်ဟစ်ပြောဆိုနေတဲ့ ထောင်အကျဉ်းခန်းထဲမှာ သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ စိတ်နှလုံးကို တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့ ထောင်အာဏာပိုင်တွေနင်းနေတဲ့ ကြမ်းပြင်တပြေးထဲမှာပဲထိုင်ပြီး ခေါင်းငုံအရိုသေပေးနေရတဲ့ သာသနာပိုင်ဆရာတော်တွေအဖြစ် သံဃာတော်တွေအဖြစ်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်သွားလေရာမှာ လူတကာကို လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။ သူလိုသာမန်လူတယောက်တောင် လက်အုပ်ချီ ခရီးဦးကြိုပြုခံနေတဲ့အချိန်မှာ သာသနာပိုင်ဆရာတော်တွေ ထောင်ထဲမှာသီတင်းသုံးနေသည်။

ထောင်ဥပဒေအတိုင်း အမည်ကို ဦး ကို တပ်မခေါ်တဲ့အတွက် ဆရာတော်ကြီးတွေအမည်ကိုခေါ်တဲ့အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။ အကျဉ်းသားအချင်းချင်းနှင့်ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့ အကျဉ်းသားတောင် ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေးအနားလာပြီး ဘုန်းဘုန်းဘုရားလို့ ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။ သို့သော်လည်း တရားမ၀င်ဘူးလေ။

တပတ်တခါ ထောင်ပိုင်တန်းစီတဲ့အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့အခါ ဆရာတော်တွေမှာ အကျဉ်းသားတွေကြားထဲ တောင့် တောင့်ထိုင်ပြီး ဦးခေါင်းချိုး အရိုသေပေးရတာကို ဘာသာတရားကြည်ညိုလှပါသည်ဆိုသောဦးခင်ညွှန့် ဘာလုပ်ဖို့ သံဃာတွေ ထောင်ချ သေးသလဲ။

ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင် အကျဉ်းသားပဲဆိုပြီး တောင်ယာရေလောင်းဖို့ လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား ကျနော်တို့လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ၀ိုင်းထမ်းပြီးလောင်းရတဲ့ အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေ တွေကို သံစည်ပိုင်းပြတ်နှင့် နွားထမ်းတဲ့တံဘိုးကို တပ်ထမ်းနေရတဲ့အချိန်မှာတော့။

ဦးခင်ညွှန့်တယောက် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရွှေသင်္ကန်းကပ်တဲ့ ဝေါယာဉ်ကြိုးကို ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူ တွေကိုလုပ်ပြနေတာ ဦးခင်ညွှန် ကိုယ့်လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။ သံဃာကို သတ်တဲ့ အသင်းအဖွဲ့၏ တာဝန်ရှိသူသံဃာကို ညှင်းဆဲတဲ့အသင်းအဖွဲ့ တာဝန်ရှိသူ အမိန့်ပေးသူ ဦးခင်ညွှန့်မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက်အဖြစ် ရဲရဲကြီး ကြွေးကြော်ရဲပါသလား။

အရှက်သိက္ခာကြီးလှတဲ့ ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ်တောင် မစွန့်ဝံ့တာတဲ့။ အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာရှိလှ တဲ့အချိန်၊ ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွှန့်ထိုင်ရင်းနှင့် တွေးမိလား။ သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲဆိုတာ မျိုးလေးပေါ့။

အဲဒီ ၁၉၉၁ ထောင်ပြောင်းကာလမှာ သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချထားချိန်၊ ဆရာတော်တွေကို ခေါင်းစွပ်စွပ်ပြီး ခြေကျဉ်း ခတ်ကာ ထောင်ပြောင်းနေတဲ့အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင် ဦးခင်ညွှန့်တယောက် စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ ယောဂီပတ်ကလေး ပတ်လိုက်၊ အဖြုရောင်ပတ်လေး ပတ်လိုက်နှင့် ဘုရားဒကာ ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော ပီတိဖြစ် နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေ ဒီကိစ္စတွေ အကုန်သိကြပါ့မလား။

အဲသည့်အချိန်မှာ ထောင်ထဲမှာ ဒဏ်မခံနိုင်လွန်းလို့ ပျံလွန်တော်မူ ရှာရတဲ့ ဆရာတော်တွေရှိနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သိကြပါ့မလား။

ထောင်ပြောင်း သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့ သရက်တောကျောင်းတိုက် (လမ်းမတော်) ဆရာတော် ဦးအာ စရ (သရက်ထောင်မှာ) ပါ။ ရွေဘုန်းပွင့်ကျောင်းတိုက်က ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်) အင်းစိန်ထောင် အမှတ် (၅) ဆောင်မှ ပျံလွန်တော်မူသည်။

ကျနော် ၀တ္တုရေးနေတာမဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့ကပုံရိပ်တွေကို လှည့်စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။

အခုကျနော်ရေးသည့်အချက်အလက်များကို ကျနော်တယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။ ထို အချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက်များကို ဖြန့်ဝေပေးတဲ့ သဲတပွင့်သာ ဖြစ်သည်။ အစဉ်လာ ကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့ အညတြရတိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို မြင်လိုက် ရသည့်ဖက်ကနေ သိသမျှကိုရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏ ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။

● ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ

၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာ တော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရ ရှောင်ဖယ်လို့မရဘူးဆိုပြီးမိန့်ကာ ဆွမ်းခံကြွ လေတော့ ရုပ်ပျက်ဆင်းပျက်ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲ ချွတ်၊ သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေဖက်မှ မခံနိုင်သောရဟန်းပျိုများက ပြန်လည်တုန့်ပြန်ရိုက် ပွဲဖြစ်ရာ၊ န၀တဖက်မှ ပစ်ခတ်နှိမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော် အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။

ရန်ကုန်မြို့မှ တိပိဋကဓရဆရာတော် အရှင်သုမင်္ဂလာလင်္ကာရအမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့စာမေးပွဲပြီးတဲ့အချိန်ဆိုတော့ န၀တစစ်အစိုးရအုပ်စုမှ အဓိ ကမင်းသားကြီး ဦးခင်ညွှန့်ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်း ပ လေ့ရှိသော သံဃာစာမေးပွဲဆုဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံ ခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကိုခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လိုကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့်တီဗွီများ ဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာတွေ့ပေမည်။

ကမ္ဘာအေးသို့ န၀တစစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုတ်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင် ဘာလ ၅ ရက်နေ့ညမှစတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြော ရေးသို့ ပို့ဆောင်စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သင်္ကန်းတော်များ အတင်းဆွဲချွတ်ခြင်းအမှုကို ဦးခင်ညွှန်၏ အမိန့် ကြောင့်မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန့်ဘ၀က ဟန်များ မာန်များ ကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။

ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရားကြီးစွာနှင့်ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး (၁) စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာ တော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။

ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့်တယောက် ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲဆိုတာကို သိချင်သည်။ မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန့်ပြောတာကို ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်း ဖြေရှင်းစရာ မရှိဘူးလား။ တကယ်ပဲလား။
————————————-

အချက်အလက်အချို့ကို ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်းသားဖြစ်သည့်တိုင် ပြည် သူဖက်ကရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ကျေးဇူးတော်ကို ဦးတင်လိုက်ရပါသည်။ အင်းစိန်ထောင် အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့် ဦးဇင်းဘုရားကိုလည်း ဦးတင် လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး (အမှတ်သုံးဆောင်)၊ အမေရိကန်ပြည်ထောင်စုရှိ သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း တို့နှင့်အတူ ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York) တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
—————————————————-

ရေးပေးဖို့ ပြည်သူတွေကိုယ်စားတောင်းဆိုတာကတော့ အကိုချိုတူးဇော်ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။ တခုပြောချင်တာ ဒီစာလုံးတွေကိုရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့်မျက်ရည်ပေါက်တွေရှိပါတယ်။


ရဲမင်းထွန်း

ဆက်လက်ပြီး ဖော်ပြပေးပါမည်။

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 24, 2012

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..) အပိုင်း ၁

ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေလွတ်လာတော့ ၀မ်းသားအားရကြိုဆိုသူတွေ ရိုသေလေးစားသူတွေမြင်တော့ မုဒိတာပွားပါ သည်။ ထို့အတူ ကျနော်က ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှ ကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျှော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူးကုသိုလ်။


မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူးရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့ တာကို အများပြည်သူမျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထုတို့ကို သာဓုခေါ်နိုင်ပေ မည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချ လိုက်သည့်အတွက်၊ သံဃာတော်အရှင်သူမြတ်များမှာ ထောင်တွင်းကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံ ဘုန်းရခြင်း၊ ရုပ် ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။ ဦးခင်ညွှန့်နှင့်အတူ အားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန် …. …

● နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်

ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ် (၁) ဒု-ဗိုလ်မှူးကြီးလှရွှေ (ကြည်း)၊ ဗိုလ်မှူးအောင်ရင် (လေ)၊ ဗိုလ်မှူးအေးကို (ရေ) တို့က ကျနော့် အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင် (လသာ) ကို လက်နက်ကိုင်စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံ ဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို…. “ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ်၊ ညီမလေးကို လေးနှစ်ပဲချမှာလို့” စေတနာဗလပွနဲ့ လာသင်ပေးတယ်ဗျ။

ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ ဘာမှကိုပြန်မပြောဘဲ ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ် လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။ ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော် ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေဝတ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက် တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကိုကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ဆန္ဒပါ။

သူတို့ထဲက အသက်ကြီးကြီး (၂) ရစ်နှင့် တပ်ကြပ်ကြီးက “ကောင်လေးတို့ မင်းတို့ကိုအမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘ ကြီးတွေက သနားမှာပါ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့” လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ရယ်လိုက်တာ မှတ်မိ ပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ်ထုတ်ပြီး မီးညှိပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့် ပန်နှင့် ရှိုက်ဖွာတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။

အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး (နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့်လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။ အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး ၀င်ခဲ့ရတဲ့အရသာလေး မှတ်မိ သေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ…. ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင်လုပ်ရတယ်ဟဆိုပြီး ကြံဖန်ပြီးဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာ တွေကလည်း စုံလို့။ တခုပဲ တဦးစီ ဖြောင့်ချက်ယူမျှပုံက“ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သောလှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ အပြစ်ရှိသလား” တဲ့။ ကျနော်က “မရှိပါ” လို့ ဖြေတော့ …. “ဟေ” တဲ့ ။

နောက် မရင်ရင်အလှည့်လည်း မရင်ရင်က “မရှိပါ” လို့ ဖြေတယ်။

တရားလိုလုပ်သူကထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီးထွက်ပြေးသည်မှစ၍ ကိုဘိုနီအောင်နှင့် အတူပေါင်း သင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး “အပြစ်ရှိပါသလား” မေးပြန်တယ်။
ကျနော်ကလည်း “မရှိပါ” ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။

ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့လူကလာပြီး “မင်းပေးထားတဲ့ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေးပြန်သွားမလား” လို့ ချိမ်း ခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ “ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ၊ ဘာအပြစ်လဲ” လို့ ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံးပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့ … ကျနော်တို့က “မရှိပါ” မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ) မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က “မရှိပါ” ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့်စီရင်တာလည်း မဟုတ်ဘဲနဲ့။ တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင်မသိတဲ့ တဖက်သတ်စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖောက်ဖတ်ပြီး အမိန့်ကိုချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်းပြချင်တဲ့အထာနှင့် ရုပ်ရှင်ရိုက်ပြတာ ပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ (ကြည်း) မျက်ထောင့်ကြီးနီလို့ “ကောင် လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ်စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။ မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ” လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့်ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်ကထိုင်ရင် လိုက်ထိုင်တယ်။ ထ ရင် လိုက်ထတယ်။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲလုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်း ကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ “မရှိပါ” ထပ်ဖြေတယ်။ တိုက်ပုံ အမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီးဆိုလား သဘာပတိကြီးဆိုလား အစချီလိုက်ပြီး …. “ယခုရုံးရှေ့ ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၎င်းတို့၏လွဲမှားသောအယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါ ဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ်စီမံချက်ပုဒ်မ ၅ (ည) နှင့် မတရားအသင်းဆက်သွယ်မှုဆိုင်ရာပုဒ်မ ၁၇ (၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်” လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချ မှတ်ပေးမည်ဟုဆိုကာ ခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅ (ည) ၁၇ (၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍လည်းကောင်း၊ မရင်ရင်ကို ၅ (ည) ၁၇ (၁) ဖြင့် ထောင်ဒဏ် (၆) နှစ်ကျခံစေဟူ၍လည်းကောင်းချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲဆိုတော့ ကျနော် တို့ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက်တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး (၁၀) နှစ်လို့ ထင်ကြေးပေးထားကြတာ။

(စစ်ခုံရုံးအပြင်ဆင်ပြောပြတာက ဦးခင်ညွှန့်ရဲ့စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲ ထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင် (ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော်တို့ကို လည်း ငုတ်တုပ်ကလေးတွေထိုင်လျက် တွေ့ရပါတယ်။ ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့်တဦးပါပဲ။ သူက ကျနော့်ကို ဒီလိုပြောတယ်ဗျ။ “မိုက် လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာအလုပ်ဆိုတာ ဘာလဲ” တဲ့။ “အရွေ့” လို့ ကျနော်ပြန်ဖြေတော့ “အေး မင်း ဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးကလုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်” “တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲ ကျမယ်လို့ ငါတို့ထင်တယ်ကွ”

“ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့အတွက် ချီးကျူးပါတယ်” “မင်းယုံကြည်ချက်တွေ မင်းစိတ်ဓာတ်တွေကို မေ့ လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံထိန်းသိမ်းပေးရတဲ့ဌာန” “မင်းအနေနဲ့ ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ” “ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်” လို့ အစချီကာဆုံးမစကားကို ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။

ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း အဖအမည်-ဦးတင်ထွန်းဝေ ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။ (မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။) ဒီလိုဆက်ဆံမှု အပြင် ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ။

● ၃ ဆောင်နှင့် ထောင်မှူးသိန်းမြင့်

အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေးဆက်ဆံမှုမပြုပါ)

(အမှတ် ၃ ဆောင်ကို Google Map မှတွေ့ရပုံ)

ကျနော့်ကို အမှတ် (၃) ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃) ဆောင်ကို ကျနော် ရောက်သွား တာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ “ထောင်ကျသွားပြီဖြစ်တဲ့မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာ မင်းနဲ့ဆိုင်တယ် မင်းအကြောင်း မင်းပြောရမယ်။ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့်ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက် (စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး။ (အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်း ရှေ့ မြေပြင်မှာပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)

ပုံစံအော်ရင် ခေါင်းငုံထားရမယ့်အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့အကျဉ်းဦးစီးက အုပ် ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ… ဟုတ်ပြီလား” စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကိုမိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကိုဝတ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းကိုပါ သတိပေးပါတယ်။

ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ် (၄) ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီ သက်ဝင်း (ခ) သံမဏိစိန်လှတို့နဲ့အတူ ကိုမိုးမြင့် (မဆလ ဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့် (မွန်ကြီး)၊ ကိုဗညား၊ ကိုစည်သူဝင်း (သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင် (ပြည်)၊ ကိုခင်အောင် (ပြည်) မျောက်ညို (စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီ ဟ (ပြည်)၊ ကိုအေးကြည် (မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ (အရေးတော်ပုံပါတီ)၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ ရပါတော့တယ်။ (ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်း၊ ဖဆပလ ခေတ်သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ် (၃) ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက်သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင် တွေပါလို့ ပြန်ချေပဦးမှာလား။

ဆက်လက်ဖော်ပြပါမည်။

ရဲမင်းထွန်း

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Monday, January 16, 2012

သြစီ မှ ဘွဲ့ယူပြန်လာသော ညီတိုးငြိမ်း

အိမ်ရှေ့ခန်းမှ အလှချိတ်ထားသော ဘွဲ့ယူဓါတ်ပုံတခုထက် အခုရက်ပိုင်း အတွင်း လူပေါင်း ၅၀၀ ကျော်တို့ တစုတစည်းတည်း ရခဲ့သော ဘွဲ့က ပိုတန်ဖိုး ရှိသည် ထင်မိသည်။

ကျနော်တို့ ဘွဲ့ကား ချိတ်ဆွဲစရာ လက်မှတ်ဟူ၍ ထောင်လွှတ် ၀ါးရမ်း၊ တတ်ခဲ့သော အသိဆိုလို့ အုတ်တံတိုင်းတွေ သံတိုင်တွေ ကြား ပျင်းရိညည်းငွေ့စွာ နေထိုင်ရသော အကျဉ်းသား ဘ၀။ အမျိုးမျိုးသော အမှုအခင်းများကြောင့် ထောင်နန်းစံ လာရတဲ့ နိုင်ငံသားတို့ ဘ၀စုံ၊ အဖြစ်စုံ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သရုပ်သကန် ဒါတွေကို ကျနော်တို့ စူးစမ်းလေ့လာ လျှင် လေ့လာသလောက် သိလာသည်။

ကျနော်တို့ ရလာခဲ့သော အော်စီ ဘွဲ့သည် နိုင်ငံတခု စနစ် တခု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွက် အရေးပါသော အခြေခံ အကြောင်းနှင့် အဆောတလျှင် ပြုပြင်ရမည့် ပျက်ခြင်းယွင်းခြင်း ယိုင်နဲ့ခြင်း ဖြစ်စဉ်များသာ ဖြစ်ပါတော့သည်။

နိုင်ငံ တနိုင်ငံကို ပြုပြင်ပြောင်းလဲလိုလျှင်၊ တိုးတက်စေလိုလျှင် ဒီနိုင်ငံက နိုင်ငံသားတို့ ဘ၀၊ စိတ်အခံ၊ အရည်အချင်းတို့ကို အရင်းခံအတိုင်း သိမှဖြစ်မည်။ ပျက်နေသော အရာကို မသိပဲ ကောင်းအောင် ပြင်ဖို့လှအောင်သာ လုပ်ဖို့ဆိုလျှင် ပြိုလုဆဲ တိုက်အိုကို ဆေးသုတ် သလို ဖြစ်ပါလိမ့်မည်။

ထောင်ထဲမှ နိုင်ငံ့ အကျဉ်းသားတို့သည် နိုင်ငံတော်၏ ပြယုဂ်၊ စနစ် တခု၏ အတွင်းအနှစ်သာရ ရုပ်ပြ၊ တရားစီရင်ရေး မဏ္ဍ်ုင် ၏ အမွေ၊ ဖြစ်ပေရာ .......................................................


ကျနော်တို့ တက်ခဲ့သော ကျောင်းတော်ကြီးတွင် နိုင်ငံသား အစုံ၊ လူမျိုး အဖုံဖုံတို့ အကြောင်းကို အကြွင်းအကျန် မရှိ သိခဲ့ရပါသည်။

ဇန်န၀ါရီ ၁၃ ရက် သတင်းပါ ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့် အရ ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်သွင်း အကျဉ်းချခံရတဲ့ ညီအကို မောင်နှမများစွာ ထောင်မှ လွတ်လာခဲ့ပါတယ်။

ညီတိုးငြိမ်း အမည်နဲ့ စာတိုပေစ လေးတွေ အတွေးစိတ်ကူး ကို အွန်လိုင်းအသုံးပြုပြီး ဖြန့်ဝေမှုနဲ့ ကျနော် နေမျိုးဇင် အင်းစိန် တောရ ထောင်ထဲမှာ ဆယ်လ နေခဲ့ရပါတယ်။ တရားသူကြီးက တော့ တရားခံ နေမျိုးဇင် ၏ ဂီမိန်း ( ရခိုင်တိုင်းရင်းသား ဖြစ်လို့(Gmail) ကို ဂီမိန်းလို့ အသံထွက်တာပါ။

သူ့ကို ကျနော် လေ့လာမိသလောက် အင်တာနက် ဆိုတာကို သူယဉ်ပါးဟန် မရှိပါ။) အတွင်းမှ တွေ့ရှိရသည် ဆိုသော စာတစောင် ( ထိုစာများမှာ စစ်သားလေးရေ ခေါင်းစဉ်ပါ အခု ဘလော့ စာမျက်နှာ မှ အောက် အပုဒ်ကို print လုပ်ထားသော စာရွက်များကို ရည်ညွန်းပြောတာပါ) ပါ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများအရ ပြစ်မှုထင်ရှားသည်ဖြစ်၍ တရားခံ နေမျိုးဇင်အား ဆိုးရွားနေသော ကျမ်းမာရေးကို ထောက်ထားစာနာသော အားဖြင့် ထောင်ဒါဏ် ဆယ်နှစ်သာ ပြစ်ဒါဏ် ချမှတ်လိုက်သည်။

စကားသံ ၀ဲတဲတဲ အပြီး ခနနေတော့ လူစုစုပေါင်း (၇) ယောက်သာ (တရားသူကြီး ၁၊ ရှေ့နေ ၄၊ စာရေး လက်နှိက်စက် ၁၊ တရားခံ ကျနော် ၁) ၀င်ခွင့်ရသော ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက် ၊ ကာလ နိုင်ငံရေး စပ်ကူးမတ်ကူး အချိန် ပြည်ထောင်စု မြန်မာနိုင်ငံတော် တရားစီရင်ရေး စနစ်၏ အထူးတရားရုံး ဆိုသော တိုက်ခန်းကျဉ်းငယ်လေး အတွင်းသို့ ကျနော့် မိခင်နှင့် ညီမငယ် တဦး တို့ ငိုယိုပြီး ၀င်လာကြသည်။ ဘယ်သူမှ သိခွင့် မရသေးသော စွပ်စွဲပြစ်တင်ချက်များ၊ ဘယ်သူမှ ၀င်ခွင့် မရခဲ့သော လေးလကြာ လျောက်လဲရင်ဆိုင် စစ်မေးချက်များကို ဘယ်သော တခြားသူ (မိဘဆွေမျိုးများပါ ၀င်ခွင့်မရှိ) မှ ၀င်ခွင့်မရခဲ့ပဲ တရားဆိုင်ကြပြီးနောက် ဘယ်သူမှ မထင်မှတ် ထားသော ပြစ်ဒါဏ် ဆယ်နှစ် ဆိုတာကြီးကို ကျနော် ခံယူရရှိလိုက်သည်။

ထိုအချိန်သည် လက်ရှိနိုင်ငံတော် သမ္မတဦးသိန်းစိန်မှ နိုင်ငံတော် အခြေပြု မိန့်ခွန်းပြော ကြားပြီးနောက် လေးလကျော် အကြာ အချိန်ဖြစ်ပြီး၊ အင်းစိန်ထောင်တွင်းသို့ ကမ္ဘာ့ကုလသမဂ္ဂမှ မစ္စတာ သောမတ်စ်ကွင်တားနား လာရောက်လေ့လာပြီး နောက် ၂ ရက်ဖြစ်သည်။

ကျနော်တို့ နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို တည်ဆောက်ရန် စတင်ကြိုးပမ်းနေချိန်ဖြစ်ပါသည်။
ငိုနေသော မိခင်ကို ကျနော်မချော့နိုင်ပါ။ စကားနှစ်ခွန်းသုံးခွန်း ပြောပြီးနောက် SB အရာရှိတို့က ကျနော်ထိုင်နေသော လူနာတင်လက်တွန်းလှည်းလေးကို လာတွန်းပြီး ဓါတ်ပုံရိုက် ကာ ထောင်တွင်းသို့ ပြန်လည် ပို့ဆောင်ကြသည်မို့ အမေဖြစ်သူကို နှုတ်ဆက်စကား တခွန်းသာ ပါးလိုက်နိုင်ပါသည်။ အမေရော ညီမငယ်ပါ မှတ်မိမည် ထင်ပါသည်။

အဆိုကျော် ဦးခင်မောင်တိုး၏ တေးတပုဒ်မှ အပိုင်း အစတခုဖြစ်သည့် “ အများ အကျိုးအတွက် တာဝန် ထမ်း ရွက်တဲ့ အခါ တကယ် ကိုယ်ကျိုးစွန့်နိုင်မှ ” တဲ့ အမေ ။ အမေ့သား နိုင်ငံအတွက် လူမျိုး အတွက် ဘယ်လို အကျိုးပြု အလုပ်တွေ လုပ်ခဲ့သလဲ ဆိုတာ အမေတို့ အားလုံး သိပါတယ်။

အမေ ငိုပါတယ်။ သူ့သားကို ဆယ်နှစ်လုံးလုံး ဒီ တံတိုင်းဖြူနောက်မှာ ထားရတော့မယ်။ စားခြင်း။ နေခြင်း၊ သူက လူ့လောက ကောင်းကျိုးအတွက် ထမ်းရွက်မယ့် သားကောင်းရတနာ လေးဖြစ်ပါစေ ဆိုပြီး မွေးခဲ့တာ။ အခုတော့ စနစ်တခုရဲ့ အနည်အမွေ့ အကူးအသန်းကြား အများအတွက် ရည်စူးလုပ်ဆောင်ချက်ကိုပဲ အပြစ်ရယ်လို့ စွပ်စွဲပြီး သံတိုင်နောက် ၁၀ နှစ်လောက် ပို့ကြတော့မယ် အမေ။ ကျနော် ရင်ထဲကနေ စကားလေးတွေ ပြောမိပါတယ်။ အမေ မငိုနဲ့. ကျနော် စိတ်ထဲ တိတ်တိတ် ပြောမိသည်။ ရှိုက်ရင်း ထွက်ခွါသွားသော အမေ့ကျောပြင်ကို ကြည့်ရင်း ရဲကားပေါ် တွဲတင်တက်ကာ ကျနော် တပ်ထဲ နေစဉ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ကဗျာ အပိုင်းအစလေး တခု မှတ်မိသလောက် ပြန်တွေးနေမိသည်။

အာဏာရှင် ယာဇ် ပလ္လင်အောက်၊ ခေတ် ဆန်းချိန် ရောက်၊ တူးဆွ ကြည့်တော့၊ နိုးထသူတို့ ခေါင်းခွံများ


တဲ့ ........... ဒီတံတိုင်းမြင့်မြင့်ကြီးတွေ နောက်မှာ နိုးထသူတွေ အများကြီး နေနေကြပါတယ်။ အမေ စိတ်မပူနဲ့ ၊ ဘ၀တူ နိုင်ငံသားတွေ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဖေးကူစောင့်ရှောက်ကြမှာပါ အမေ။ ခေတ်ဆန်းချိန် မရောက် တရောက်၊ အာဏာရှင်တို့ ယာဇ်ပလ္လင်အောက်မှာ လူမသိ သူမသိ လူသိ နစ်မြုပ်ခြင်းခံခဲ့ရတဲ့ ဦးခေါင်းခွံတွေ၊ အသက်၊ ဘ၀၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့တဲ့ ခေတ် အဆက်ဆက်က ဒီမိုကရေစီ သူရဲကောင်းတွေ၊ တရားမျှတမှု တည်ဆောက်နိုင်ဖို့ဘ၀နဲ့ ရင်းခဲ့တဲ့ လူမှန်လူကောင်းတွေ၊ အများအတွက် ပေးဆပ်ခဲ့တဲ့ လူ့အဖိုးတန်တွေ၊ စစ်အာဏာရှင် စနစ်ကို အံတုဖက်ပြိုင် ရင်ဆိုင် တွန်းလှန်ခဲ့တဲ့ ဘာမထီဇာနည် ပြည်ချစ်သားတို့ရဲ့ မွန်မြတ်သော ၀ိဥာဉ်တွေက ကျနော်တို့ကို ဖေးကူ သွေးဆက် အားတက် စေပါလိမ့်မယ် အမေ။

၂၀၁၁ ခုနှစ် အင်မတန် ပျော်ရွှင်ကြည်နူးဖွယ် သင်္ကြန်မတိုင်ခင် ဧပြီလ ၂ ရက်နေ့လည်မှာ ဆေးရုံကို သွေးလှူဖို့ အိမ်ကနေ ထွက်ဖို့ ပြင်နေတဲ့ ကျနော့်ကို SB သတင်းတပ်ဖွဲ့ အရာရှိတွေက ခန လိုက်ခဲ့ပါ ဆိုပြီး ခေါ်လာခဲ့တာ ခုဆို ဆယ်နှစ်ကြီးများတောင် သံတိုင်တွေ နောက် နေရအုန်းမှာပေါ့။ ဒီလို ဖမ်းမယ် ဆိုလည်း အစောကတည်းက ဖမ်းဆီးဝရမ်းနဲ့ တာဝန် အရဖမ်းပါတယ် လို့ ဘာလို့ မပြောရဲ တာပါလိမ့် ရဲကြီး ရယ်လို့ ဆိုမိရင်း ......... ဖြစ်ကြောင်းရယ် ကုန်စင် ဇာတ်စုံသဘင်ကို ဆင်ခြင်တွေးတော သက်ပြင်းမော နဲ့ စောကြော မိပါတော့တယ်။

ကျနော်တို့ လူသားဆန်တဲ့ လူ့ အခွင့် အရေးတွေ၊ နိုင်ငံသား တယောက် အခွင့် အရေးတွေ ရခဲ့ပါရဲ့လား ............
အခု ကျနော် ထောင်ကနေ ပြန်လွတ်လာပါတယ်။ လူကောင်း ပကတိလိုတော့ မဟုတ်ခဲ့ပါ။ ချိုင်းထောက်နဲ့ လူအတွယ်နဲ့ ဆိုတော့ မိတ်ဆွေအားလုံးက ၀ိုင်းမေးကြပါတယ်။ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့လားတဲ့။

.................................... ဘာလို့ဆို ကျနော်တို့ အမြင် အကြား သတင်းများမှာ ရဲ စစ်ထောက်လှမ်းရေးတို့ စစ်ကြောမေးမြန်းခံရဖူးသူတို့ရဲ့ ရင်ဖွင့်အံကြိတ်သံတွေ ကို ရင်တလှပ်လှပ် ၊ တောက် တခေါက်ခေါက်၊ သက်ပြင်း တချချ၊ နောက်ကျော် မလုံ တလုံ၊ အိမ်မက်ဆိုးတွေထဲထိ အဲဒီအကြောင်းတွေ ၀င်ဝင်နှောက်ယှက်၊ အင်မတန် ကြောက်လန့်ထိတ်ပြာ ခြောက်ခြား စဖွယ် အတွေ့အကြုံတွေအဖြစ် ၊ တခါတလေ ဖက်ဆစ်တို့ အမွေဆိုး ရက်စက်နည်း အမျိုးမျိုးနဲ့ လူဆိုးလူကောင်း သောင်းပြောင်းအထွေ “ဆ” မနေဘဲ သူတို့သိလိုသမျှ မရမချင်း အ၀ဗျင်း တာ ....... စတဲ့ ရာစုနှစ် တ၀က် နီးပါးဖြတ်သန်းခဲ့တဲ့ လူကြီး သူကြီးတွေ ပါးစပ်ဖျား ကူးခြည်သန်းသွား စမြဲကိုးဗျာ။

ကျနော့် အကြောင်း သောင်းပြောင်းအမှန် မချွင်းမချန် ပြောပါမည်။ တင်ပြပါမည် လို့ ကျနော် ၀န်ခံပါသည်။

ဒါပေသိ ကျနော် တံတိုင်းဖြူနန်းတော်တွင်း ဖြစ်ချင်းတွေမှာ သနားစရာ အတိ မှားတာလည်း မသိ၊ မှန်တာလည်း မရှိခဲ့တဲ့ ပီဘိတကယ့် ပြည်သူပြည်သား၊ တိုင်းရင်းနိုင်ငံသားတို့ ရဲ့ ထောင်တွင်းမ၀င်မှီ ရဲပလီအချို့ ရဲ့ မနှစ်မြို့ဖွယ် တွယ်ညှဉ်းရက်စက် ပက်စက်ပုံတွေ၊ တချို့်သော ရဲကောင်း လူကောင်းတချို့ ဥပဒေညီ တည်တည်ကြည် ပြီး သမာသမတ် မျှ တတ်ပုံတွေ ကွက်ကွက်ကွင်းကွင်း ရဲတင်း ရင်ဖွင့်ကြတော့ သူတို့ဘ၀ ကြုံခဲ့သမျှဟာ ကျနော့် အတွေ့ကြုံ ဖြတ်ခဲ့ပုံက တုနှိုင်းစရာမဟုတ် သိမ်နုတ်နေလေတော့ သူတို့ ဘ၀၊ နိုင်ငံသား တို့ ဘ၀၊ အချုပ်ကျဉ်းစံ လူ့ကံအကျ ထောင်သားတို့ဘ၀ အထွေထွေကိုပဲ ကျနော်ယူခဲ့ အော်စီ ခေါ် အင်းစိန် ထောင်ရဲ့ ဘွဲ့ ယူစာတမ်း အဖြစ် စုစည်းတင်ပြ သုံးသပ်ချက် လှလှနဲ့ တင်ပြဖို့ စိတ်ကူး လိုက်ပါသည်။

နောက်တကြိမ် ပုဒ်မ ၃၃(က) အီလက်ထရောနစ် အက်ဥပဒေ ဆိုတာကြီးနဲ့ ဆယ်နှစ် ထပ်မံ ထောင်ကျအုံးမည်လား လွတ်လပ်စွာ ရေးခွင့်ပြုမပြု၊ မသေချာသေးသော စပ်ကူးမတ်ကူး ကာလမှာ

ကျနော် ကတော့ ...........................

ကိုလွှမ်းမိုး သီချင်းထဲကလိုပဲ “ မှန်ရာကို သစ္စာဆိုပါမည် ” လို့ ကြွေးကြော်ရင်း ကျနော်မျှော်လင့် ရည်မှန်း ရောက်ချင်စမ်းလှသော ညီညွတ်သော တိုင်းပြည်၊ တိုးတက်သော တိုင်းပြည်၊ ငြိမ်းချမ်းသော တိုင်းပြည် ဖြစ်စေချင်လွန်းလို့ ပြည်သူ့ ဘ၀ မြင်သမျှကို ဘွဲ့ယူစာတမ်းအဖြစ် တင်သွင်းပါတော့မယ်။


ညီတိုးငြိမ်း


source by : http://nyitoenyeinchan.blogspot.com

အပြည့်အစုံ ဖတ်ရန် ...