Saturday, May 8, 2010

ဗုံးခွဲမှု စွပ်စွဲဖမ်းဆီးခံရတာဖြစ်ကြောင်း ဇနီးက ငြင်းဆို

RFA | မြန်မာစစ်အစိုးရ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီရဲ့ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ကန်တော်ကြီး ကန်ပတ်လမ်း သင်္ကြန်တွင်း ဗုံးဖောက်ခွဲမှုမှာ အဓိက တရားခံအဖြစ် ဖမ်းဆီးခံရသူ ကိုဖြိုးဝေအောင်ရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်းဖြစ်သူဟာ အာဏာပိုင်တွေရဲ့ လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရတာဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။



သတင်းစာရှင်းလင်းပွဲ တခုတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ စကားပြောကြားနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

သူ့ခင်ပွန်းဖြစ်သူဟာ အခင်းဖြစ်ပွားစဉ် အချိန်တွေက ပေါက်ကွဲရာနေရာနဲ့ အလှမ်းဝေးပြီး လုံးဝ မဆက်စပ်တဲ့ ရန်ကင်းမြို့နယ် လုပ်ငန်းခွင်မှာ တချိန်လုံး ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ သတင်းထောက် ကိုညိုက ဆက်သွယ်မေးမြန်းထားပါတယ်၊၊

ဆက်သွယ်မေးမြန်းချက် နားဆင်ရန်




source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Kurt Campbell မြန်မာပြည် သွားဖြစ်မည်

VOA | အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာပြည်ကိုရောက်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အခုနှစ်အတွင်း စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း တရားဝင်ကြေညာပြီးနောက်မှာ ပထမဆုံး အဆင့်မြင့် အမေရိကန်အရာရှိတဦး အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ဟာ တနင်္ဂနွေနေ့မှာ မြန်မာပြည်ကို ရောက်မယ်ဆိုတဲ့ သတင်းကိုတော့ အမည်မဖော်လိုတဲ့ သံတမန်တချို့ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ ၀ိုင်ယာသတင်းတွေမှာ ဖော်ပြထားတာပါ။ မစ္စတာ ကန့်(မ်)ဘဲ(လ်)ဟာ ခရီးရောက်မဆိုက်ဘဲ နေပြည်တော်ကိုသွားပြီး စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပါလိမ့်မယ်။

နောက်တနေ့ တင်္လာနေ့မှာတော့ ရန်ကုန်မြို့မှာ အဲန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ အမေရိကန် သံရုံးအရာရှိတွေက အကြောင်းကြားထားတဲ့အကြောင်း အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

"ရောက်မယ့်နေ့တွေဘာတွေတော့ ကျနော်တို့ အဲဒီလို မသိဘူး။ ကျနော်တို့ အဖွဲ့ချုပ် စီအီးစီ နဲ့တွေ့ဖို့ကိုတော့ သူတို့ တနင်္လာနေ့ နေ့ခင်းပိုင်းကို ချိန်းထားပါတယ်။"

မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ကတော့ သူ့အနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရမှသာ မြန်မာပြည်ကိုသွားမယ်လို့ အစောပိုင်းတုန်းက ပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ရန်ကုန်ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်လိမ့်မယ်လို့ သူနားလည်ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

"တွေ့မယ်လို့ ကျနော် နားလည်တယ်လေ။ သူတို့ အဲဒီလို တိုက်ရိုက်တော့ ကျနော်တို့ကို ဒါ မပြောပါဘူး။"

မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) နေပြည်တော်ကို ရောက်နေတဲ့အချိန်အတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရမရ မသိရသေးသလို မြန်မာပြည်မှာ ဘယ်နှစ်ရက် ကြာမယ်ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။ အခုထွက်လာတဲ့ သတင်းတွေအရကတော့ သူ့အနေနဲ့ မြန်မာပြည်မှာ တနင်္ဂနွေနဲ့ တနင်္လာ နှစ်ရက်ပဲ ကြာမယ့် သဘောရှိပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကြံ့ဖွံ့ပါတီကြီး လာချေပြီ

ရဲဘော်ဖိုးသံချောင်း| ငယ်ငယ်တုန်းက ကြည့်ခဲ့ကြတဲ့ ကောင်းဘွိုင်ရုပ်ရှင်ကားများထဲမှာ ညနေစောင်းလို့ နွားရိုင်းသွင်းချိန် ရောက်တယ်ဆိုတာနဲ့ လူဆိုးအုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကိုဝင်လာကြတာကို မှတ်မိကြပါလိမ့်မယ်။ အခုလည်း မြန်မာပြည်နိုင်ငံရေးရဲ့နေညိုချိန်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ ကြံ့ဖွံ့ပါတီဆိုတာကြီး ရွေးကောက်ပွဲခတ်ကွင်းထဲကို ဒုန်းစိုင်းဝင်လာတာ တွေ့ရပါတယ်။ “မဆိုင်သူမကပ်နဲ့၊ အိမ်ကမိန်းမ မုဆိုးမဖြစ်သွားမယ်” ဆိုတဲ့ အော်ဟစ်ကြုံးဝါးသံတွေလည်း ကြားနေရ သလိုလိုပါပဲ။

အခုတော့ လူအရေခြုံ နအဖဗိုလ်ချုပ်တွေက စည်းကမ်းရှိတဲ့ဒီမိုကရေစီနဲ့ နိုင်ငံရေးလှုပ်ရှားစရာ စပေ့စ်တွေ သယ်လာပါပြီ။ အာဏာရှင်စနစ်ကနေ နောက်တလှမ်းဆုတ်နေတယ်ဆိုတဲ့ နအဖစစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ ဘယ်သူများ ယှဉ်ပြိုင်အရွေးခံရဲသလဲ။ ရွေးကောက်ပွဲဝင်ခ ငါးသိန်းနဲ့ သိန်းရာချီတဲ့ မဲဆွယ်စည်းရုံးစရိတ်တွေ အဆုံးခံနိုင်သူများ အမြန် စာရင်းပေးကြစမ်းပါဗျာရို့။ ယှဉ်မယ့်လူမရှိရင် ဒင်းတို့အလိုအလျောက် အရွေးခံရပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တခုတော့သတိပေးပါရစေ။ ဒီခေတ်ကြံ့ဖွံ့တွေရဲ့ လက်စောင်းဟာ ငါးဇွန်မှာ ခြောက်လောင်းပြိုင်သတ်ခဲ့တဲ့ ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။

တချို့လူတွေအဖို့တော့ ဗိုလ်သိန်းစိန်တို့နဲ့ ကြံ့ဖွံ့ ထွက်လာတာကြည့်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ထားတာလေးတွေကို ပြန်ရုပ်ကောင်း ရုပ်သိမ်းနိုင်ပေမယ့် ပြောထားတဲ့ စကားတွေကတော့ ပြန်ရုပ်လို့ မရတော့ပါဘူး။ သမိုင်း ဖြစ်သွားပါပြီ။

လက်တွေ့အခြေအနေက ပြနေတာကတော့ နအဖ စစ်ဗိုလ်တွေ အပြတ်လုပ်တော့မယ် ဆိုတာပါပဲ။ တလျှောက်လုံး ဥပဒေအထက်မှာနေခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ အခုကိုပဲ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို ခြေနဲ့ပြန်ဖျက်တာ၊ နိုင်ငံတော်ပိုင် ငွေတွေ၊ အဓမ္မကောက်ခံထားတဲ့ အလှူငွေတွေနဲ့ သူတို့ရဲ့ပါတီကို ပံ့ပိုးတာ၊ ဟိုးအရင် အစောကြီးကတည်းက ၀န်ထမ်းတွေ၊ ကျောင်းသားတွေကို ကြံ့ဖွံ့ထဲ အတင်းအကျပ် ၀င်ခိုင်းထားတာ၊ နယ်ဆင်းမဲဆွယ်နေကြတာ စတဲ့ မသမာမှုမျိုးစုံကိုလည်း တွေ့ခဲ့ကြရပါပြီ။ ဒီတကွေ့မှာ နအဖစစ်ဗိုလ်ချုပ်တွေဟာ အရှက်အကြောက်မှန်သမျှကို စွန့်လွှတ် လိုက်ပြီဆိုတာ ထင်ထင်ရှားရှားတွေ့နေရပါတယ်။ ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါတယ်ဆိုတာလို စစ်အာဏာရှင်တွေဟာ အာဏာကို တာရှည်ဆုပ်ကိုင်ထားချင်တော့ ဗိုလ်နေ၀င်း လုပ်ဟန်အတိုင်း ဗိုလ်ကနေ ဦး ပြောင်းတာကို လုပ်ရတာပဲ မဟုတ်ပါလား။ ဒီလိမ်ဆင်ကို လူထုက နောကျေနေမှန်းသိလျက်နဲ့ လုပ်လာတာတွေဟာ နအဖဗိုလ်ချုပ်တွေ ဘယ့်ကလောက် မျက်နှာပြောင်တယ်ဆိုတာအပြင် ဘယ့်ကလောက် မိုက်ရမ်းတော့မယ် ဆိုတာကိုလည်း ပြနေတာ ဖြစ်ပါတယ်။

တကယ်ကျတော့ ရွေးကောက်ပွဲဆိုတာမှာ မဲဆန္ဒပေးသူတွေဟာ ဆန္ဒခံယူပွဲလို အဖြူအမည်းဆိုတဲ့ ရွေးချယ်စရာ နှစ်ခုအထဲက တခုကို ရွေးချယ် မဲထည့်ကြတာမဟုတ်ပါဘူး။ ၀င်ယှဉ်ပြိုင်တဲ့ ပါတီ အဖွဲ့အစည်းစုံ၊ လူစုံထဲက ရွေးချယ်ကြရတာဖြစ်ပါတယ်။ နောက်ပြီး ၀င်ပြိုင်သူတွေဟာလည်း ကိုယ့်ဂုဏ်သိက္ခာ၊ ဓနငွေကြေး၊ လူအင်အား၊ စိတ်အင်အား စတာတွေ အမြောက်အမြားကို ပုံအောရင်းနှီးပြီး ၀င်ပြိုင်ကြတာဖြစ်ပါတယ်။ ဒီတော့ ၀င်ပြိုင်သူတွေဟာ မတရားအညစ်ခံရလို့ ကြုံတွေ့ရတဲ့အရှုံးကို အလွယ်နဲ့ လက်ခံမှာမဟုတ်ပါဘူး။ ဒီလိုရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်ဖို့၊ ညစ်ဖို့ပြင်ထားတဲ့ နအဖရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲကတဆင့် စပေ့စ်ရှာသူတွေ ဘယ်လိုဖြစ်ကြမယ် ဆိုတာကတော့ ငွေရောင်ပိတ်ကားကြီးပေါ်မှာ စောင့်ကြည့်ရမယ့် တကယ့်ပွဲကြီး ပွဲကောင်းဖြစ်မှာ မုချပါပဲ။

ဒီတခါရွေးကောက်ပွဲ ၀င်ပြိုင်ကြသူတွေထဲမှာ အက်စ်ဘီဆီက လက်ကိုင်ဖုန်း ရထားဖူးသူတွေ ပါသလို နအဖရဲ့အရင်မျိုးဆက် စစ်အုပ်စုကို ကိုယ်စားပြုတဲ့ တစညလို စစ်အရာရှိဟောင်းတွေလည်း ပါ ပါတယ်။ အဲဒီတော့ ကြံ့ဖွံ့က ညစ်တယ်ဆိုရင် ပထမ အမျိုးအစားဟာ ဘာမှပြောဝံ့မှာ မဟုတ်ပေမယ့် ဒုတိယအမျိုးအစားကတော့ ငြိမ်ခံကောင်းမှ ငြိမ်ခံနေပါလိမ့်မယ်။ ခက်တာက နအဖဘက်က ကြည့်ရင်လည်း လွှတ်တော်ထဲမှာ သူတို့လုပ်သမျှကို မြွေမြွေချင်း ခြေမြင်သလိုမြင်နေမယ့် တစည ကိုယ်စားလှယ်တွေထက် စိတ်တော်သိ ဘောင်းတော်ငြိမ့် ပထမအမျိုးအစားတွေကို ပိုတွေ့ချင်မှာ သေချာပါတယ်။ နို့ပေမယ့် နအဖက ခွင်လုံးကျွတ် အနိုင်စာရင်းပြဖို့ ဆုံးဖြတ်ထားရင်တော့ ဆန္ဒခံယူပွဲ နည်းလုပ်ချလိုက်မှာ သံသယဖြစ်စရာ မလိုပါဘူး။ ကြံ့ဖွံ့ကလွဲရင် အားလုံး ကန်တော့ဆွမ်းပဲဖြစ်တော့မှာပါ။ အဲ၊ ကံချော်မှားလို့ အနိုင်ရမိရင် ဗိုလ်သိန်းစိုး ကော်မရှင်ရဲ့ တင်းပုတ်နဲ့လွတ်အောင် ကြည့်သာရှောင်ပေတော့လို့လည်း သတိပေးလိုပါတယ်။

ဒီလိုအခါမှာ ပြည်တွင်းပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေဟာ ဒီရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်စောင့်ကြည့်နေကြမယ် ဆိုတာလည်း အထူးပြောစရာ မလိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ အစကတည်းက ငါတို့ မပြောလားလို့ ပြောနိုင်ကြတော့မှာပါ။ တကယ်ကျတော့ ဒီနအဖ ဒါရိုက်တာလုပ်၊ မင်းသားလုပ်၊ လူကြမ်းလုပ်တဲ့ စည်းကမ်းရှိ ဒီမိုကရေစီလွှတ်တော် ဇာတ်ကားဟာ ဒီရွေးကောက်ပွဲအဆင့်မှာပဲ ကြည့်ကောင်းမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ မဆလတပါတီလွှတ်တော်လိုပဲ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ လက်မှတ်ထိုး-တံဆိပ်တုံးထုတဲ့ ရုံးတမျိုးသာ ဖြစ်သွားတော့မှာပါ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်ဟာ လွှတ်တော်ထဲမှာ ချောင်းကျယ်ကျယ် ဆိုးခွင့်ပြုရင်ပဲ မဆိုးတော့ဘူးလို့ပြောရတဲ့ ဘ၀ရောက်ကြမှာ သေချာပါတယ်။

ဒါပေမယ့် ရေရှည်သဘောအရပြောရရင်တော့ ဒီရွေးကောက်ပွဲတွေရဲ့နောက်ပိုင်းမှာ နအဖအတွင်း သွေးစည်းညီညွတ်ရေးဟာ ပိုကောင်းလာစရာမရှိပါဘူး။ တပ်တွင်းက အထက်ပိုင်းလူနဲ့ တပ်ပြင် (အရပ်သား) အစိုးရထိပ်ပိုင်းက လူတွေအကြား ပခုံးချင်းယှဉ်တာ၊ အာဏာပြိုင်တာတွေ မုချဖြစ်လာမှာပါ။ ကြပ်ပြေးနေပြည်တော်ကို စစ်တိုင်းမှူးတွေလာချင်ရင် အရင် ခွင့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပိုများလာမှာ သေချာပါတယ်။

တဖက်ကပြောရင်တော့ ကြံ့ဖွံ့ပါတီပေါ်လာတာဟာ နအဖဗိုလ်ချုပ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် တမတ်သားနဲ့ အားရမှာမဟုတ်ဘူးလို့ သတိပေးတာကို လက်မခံဘဲ ဘိန်းပြောင်းအိပ်မက် မက်နေသူတွေရဲ့ကျောကို ဗိုလ်ချုပ်တွေက ဖြန်းခနဲချလိုက်တာဖြစ်ပါတယ်။ အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ လွှတ်တော်ထဲမှာ အချေအတင် စကားပြောနေတာမျိုးကို လုံးဝမလိုလားပါဘူး။ မဆလခေတ်လွှတ်တော်နဲ့ ညောင်နှစ်ပင်ညီလာခံမှာလို “ဟုတ်ကဲ့” မှတပါး အခြားမကြားရပါဆိုတဲ့ အနေအထားမျိုးပဲ လိုချင်တာပါ။ အဲဒီအနေအထား မရောက်ရောက်အောင်လည်း သူတို့စိတ်ကြိုက် ကော်မရှင်နဲ့၊ သူတို့ထင်တိုင်း လုပ်နိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါပြီ။

နိုင်ငံရေးအာဏာဆိုတာဟာ မဲပုံးထဲကထွက်တာလား၊ သေနတ်ပြောင်းထဲကထွက်တာလားဆိုတာ မကြာမီမှာ မြင်ကြရ ပါတော့မယ်။ ၁၉၅၀ စုနှစ်များတုန်းက တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကပြခဲ့တဲ့ “အမတ်ရူးယိမ်း” ရဲ့ နောက်ခံ သီချင်းထဲက စာသားတကြောင်းလိုပဲ “အဝေးပြေးကြမည်၊ အမတ်ရူးကြီးများလာပြီ” လို့သာ အော်ဆို လိုက်ကြပါစို့လား။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Friday, May 7, 2010

သင်္ကြန်ဗုံးခွဲသူ မိပြီဟု ရဲချုပ်ခင်ရီ ရှင်းလင်း

VOA | ရန်ကုန်သင်္ကြန် ဗုံးခွဲမှုနဲ့ ပတ်သက်သူ တဦးကို ဖမ်းမိထားပြီး ဒါဟာ ပြည်ပက အဖွဲ့အစည်းတွေ လက်ချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲချုပ် ခင်ရီက မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဗုံးခွဲတဲ့ အဓိက တရားခံ အဖွဲ့အစည်းကတော့ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့(VBSW) ဖြစ်တယ်လို့ ရဲချုပ်ခင်ရီက ဒီကနေ့ နေလယ်ပိုင်း တနာရီကျော်ကြာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဗုံးခွဲမှုမှာ ကိုယ်တိုင် မဟုတ်ပေမဲ့ ဘေးက စောင့်ကြည့်ပေးတဲ့ ပတ်သက်သူ ဖြိုးဝေအောင် ခေါ် မိုဟာမက် ယှဗန်ကိုတော့ ဖမ်းမိထားပြီး အခြား ၃ ဦးကတော့ လွတ်မြောက်သွားတယ်လို့ ရဲချုပ်ခင်ရီက ပြောပါတယ်။ သူတို့ဟာ VBSW အဖွဲ့ဝင်တွေဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် ABSDF၊ KNU စတဲ့ အဖွဲ့ အစည်းတွေက ပံ့ပိုးကူညီ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။

ABSDF ဥက္ကဋ္ဌ ကိုသံခဲ ကတော့ ဒါကို ငြင်းပါတယ်။ ဒီဗုံးခွဲမှုဟာ စစ်အစိုးရ အ၀န်းအ၀ိုင်းထဲက ဖန်တီးမှု ဖြစ်တယ်လို့ သူက ပြန်လည်စွပ်စွဲခဲ့ပါတယ်။

“လုံးဝ မဟုတ်ပါဘူး။ ဒီဗုံးပေါက်ကွဲမှုကို ကျနော်တို့ ယုံကြည်တာကတော့ အဓိက တရားခံဟာ နအဖတွေ ကိုယ်တိုင်ပဲလို့ ကျနော်တို့ ယူဆပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ နအဖ စစ်ခေါင်းဆောင်တွေ ကြားထဲမှာ တဦးနဲ့တဦး မကျေလည်မှုတွေ၊ စီးပွားရေး ပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏတွေက တနေ့တခြား ကြီးထွားနေပါတယ်။ အခုလိုမျိုး ကုမ္ပဏီတွေ၊ ပြိုင်ဘက်တွေ ကြားထဲမှာ တဦးနဲ့တဦး တိုက်ခိုက်မှုတွေဟာ တဖြည်းဖြည်းနဲ့ ဒီ့ထက်ပိုပြီး ဆိုးလာနိုင်တယ်လို့ပဲ ကျနော် ယူဆပါတယ်။

“အခု ဗုံးပေါက်ကွဲမှုမှာ အပြစ်မဲ့ ပြည်သူတချို့ သေဆုံး ဒဏ်ရာရကြတယ်။ ဒီဟာကြီးကို အကြောင်းပြပြီးတော့ မိမိနဲ့ နိုင်ငံရေး အယူအဆ မတူတဲ့လူတွေ၊ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့လူတွေ၊ တခြား မဆိုင်တဲ့လူတွေကိုပါ စွဲပြီးတော့ ဗုံးပေါက်ကွဲမှုရဲ့ တရားခံပါဆိုပြီး ပြောလာနိုင်ပါတယ်။ ပြောပြီး မတရား အပြစ်တွေပေးမယ်၊ ထောင်တွေကျမယ်။ ဒါတွေက နအဖ အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ်၊ အခုလည်း အဲဒါတွေ လုပ်နေတယ်လို့ ကျနော်တို့ကတော့ အချက်အလက်တွေ ရထားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကြောင့် ဒီအခြေခံအောက်မှာ အဓိက တရားခံက နအဖပဲ။ ဒါတွေကို တာဝန်ယူရမယ်လို့ ကျနော် ဒီနေရာက တောင်းဆိုပါတယ်။”

အခု သတင်းစာ ရှင်းလင်းပွဲမှာတော့ သူတို့ဘက်က သက်သေ သက္ကာယတွေနဲ့ ပြနေပါတယ်၊ ဓာတ်ပုံတွေနဲ့ပေါ့။ ဖမ်းမိထားတာ တယောက်ရှိတယ်၊ ၃ ယောက် လွတ်မြောက်သွားတယ်ဆိုတော့ အဲဒီ သက်သေပြတာတွေနဲ့ ပတ်သက်လို့ရော ကိုသံခဲတို့ ဘာများ ငြင်းဦးမလဲခင်ဗျ။

“အခု သူပြောနေတဲ့ နာမည်တွေက ကျနော်တို့ အဖွဲ့အစည်းထဲမှာလည်း မရှိပါဘူး။ နောက်တခုက အခု ဖမ်းဆီးထားတဲ့လူရဲ့ နာမည်ကိုလည်း ကျနော်တို့ မသိပါဘူး။ ဒီဓာတ်ပုံတွေကိုလည်း အတည်ယူလို့ မရဘူးလို့ ကျနော် ယူဆပါတယ်။”

ကိုသံခဲတို့ ABSDF အဖွဲ့က နိုင်ငံရေးလမ်းစဉ် အပြင် စစ်ရေးလမ်းစဉ်လည်း ရှိထားတော့ အခုလိုမျိုး တိုက်ခိုက်မှုတွေ၊ ဖောက်ခွဲ ဖျက်ဆီးမှုတွေမှာ သူတို့ဘက်က စွပ်စွဲမှုတွေ ရှိမလာနိုင်ဘူးလား ခင်ဗျ။

“မြန်မာပြည်မှာ ကျနော်တို့လိုမျိုး လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ တဖွဲ့တည်း မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်ပွဲနဲ့ အခုလိုမျိုး ပြည်သူလူထုကြားမှာ ဗုံးဖောက်ခွဲတာနဲ့က တခြားစီပါပဲ။ ကျနော်တို့ ယုံကြည်ထားတာက မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက်ဆိုရင် ဖိအားတွေ လိုတယ်၊ အဲဒီဖိအားတွေမှာ နိုင်ငံရေးဖိအား လိုတယ်၊ နောက်တခုက စစ်ရေးဖိအားလည်း လိုတယ်၊ သံတမန်ရေး ဖိအားလည်း လိုတယ်။ ဒီဖိအားတွေ မရှိဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ အခွင့်အရေးတွေလည်း မရနိုင်ဘူး။ ကျနော်တို့ အနေနဲ့ စစ်အာဏာရှင်စနစ် အောက်က မလွတ်မြောက်နိုင်ဘူးလို့ပဲ ကျနော်တို့က ယူဆတာပါ။

“အဲဒီလို အနေအထား အောက်မှာ ပြည်သူလူထုကို ထိခိုက်တဲ့ လုပ်ငန်းမျိုးဆိုတာ ကျနော်တို့ အဖွဲ့အစည်းမှာ ရည်ရွယ်ချက်လည်း မရှိဘူး။ ကျနော်တို့က ပြည်သူလူထုဘက်က ကာကွယ်ဖို့၊ ဘယ်လောက် ကာကွယ်နိုင်မလဲ ဆိုတာပဲ ကြိုးစားနေရတာ ဖြစ်တယ်။”

မြန်မာနိုင်ငံထဲမှာတော့ အခုလို ပေါက်ကွဲမှုတွေဖြစ်တိုင်း တရားခံ ဘယ်သူလဲဆိုတာ အစိုးရဖြစ်စေ၊ အတိုက်အခံဖြစ်စေ ဘယ်အဖွဲ့ကမှ ကိုယ်တိုင် ၀န်ခံတာတော့ ရှားပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်လူထု ကြားမှာတော့ ဒါဟာ အစိုးရ အ၀န်းအ၀ိုင်းထဲက ဖန်တီးတာလို့ ယူဆမှု အတော်များများ ရှိနေပါတယ်။ ဗုံးမကွဲခင်ကတည်းက ဗုံးကွဲမယ်ဆိုတဲ့ သတင်းတွေ ကြိုပြီး ထွက်နေတယ်လို့လည်း ပြောကြပါတယ်။

အခု သတင်းစာ ရှင်းလင်းပွဲမှာတော့ ရန်ကုန် သင်္ကြန်ဗုံးအပြင် ကချင်ပြည်နယ် မြစ်ဆုံမှာဖြစ်တဲ့ ဗုံးပေါက်မှု ကိစ္စကိုလည်း အနည်းငယ် ထည့်သွင်းပြောပါတယ်။ အဲဒီဗုံးကို ဘယ်သူခွဲသလဲဆိုတာ အတိအကျ မပြောပေမဲ့ ဒီမတိုင်ခင် အဲဒီဒေသမှာ ဆိုင်ကယ်တစင်းပေါ်မိတဲ့ လက်ပစ်ဗုံးတွေနဲ့ အမျိုးအစား အတူတူပဲလို့ ပြောခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာပဲ အခု ဒီရက်ပိုင်း သတင်းသမားတွေ စောင့်စား နားစွင့်နေတဲ့ NLD ကိစ္စကိုလည်း အနည်းငယ် ပြောပါတယ်။ NLD အနေနဲ့ ထပ်ပြီး မှတ်ပုံမတင်ဘူး ဆိုရင်တော့ တရားမ၀င် အဖွဲ့အစည်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ မေးမြန်းတဲ့ NLD ဆိုင်းဘုတ်တွေ ဖြုတ်ချမလား ဆိုတာကိုတော့ အတိအကျ ဖြေဆိုသွားခြင်း မရှိပါဘူး။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, May 6, 2010

ပါတီ မပယ်ဖျက်မီ နောက်ဆုံးနေ့ ပါတီဝင်များ ဆုံတွေ့နှုတ်ဆက်

RFA | ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၁၉၈၈ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲဥပဒေ တရားမျှတမှု မရှိတာကြောင့် ပြန်လည် မှတ်ပုံမတင်ဘူးဆိုပြီး ဆုံးဖြတ်လိုက်တဲ့အတွက် စစ်အစိုးရ ပြဋ္ဌာန်းတဲ့ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေသစ်အရ ဒီကနေ့ မေလ ၆ ရက်နေ့ဟာ ပါတီတရားဝင် တည်ရှိခြင်း နောက်ဆုံးနေ့ ဖြစ်ပါတယ်။



NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်တွင် ၂ဝဝ၆ ခုနှစ် မေလ ၂၇ ရက်နေ့က တွေ့ရှိရစဉ်။ (Photo: AFP)

ဒါကြောင့် ရန်ကုန် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာ ဖွင့်ထားတဲ့ ပါတီဌာနချုပ်ကို ပါတီခေါင်းဆောင် အတော်များများလာကြသလို ပါတီဝင်တွေ၊ လူငယ်အဖွဲ့ဝင်တွေ၊ နယ်ရုံးခွဲတွေက အဖွဲ့ဝင်တွေ အတော်များများလည်း စုရုံးခဲ့ကြပါတယ်။

အဲဒီ စုရုံးပွဲမှာ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အဖွဲ့ဝင်တွေကို အနာဂတ်နိုင်ငံရေးနဲ့ ပတ်သက်ပြီး မှာကြား ပြောဆိုခဲ့သလို၊ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကလည်း ဒီကနေ့ဟာ ပါတီ တရားဝင်ရပ်တည်ခြင်း နောက်ဆုံးနေ့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီမိုကရေစီရေးအရ နောက်ဆုံးရက်မဟုတ်ဘဲ မနက်ဖြန်တွေ များစွာရှိသေးတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ပွဲမှာ တက်ရောက်လာသူတွေထဲက တချို့ မျက်ရည်ကျကြသလို လူငယ်တွေကလည်း ရှစ်လေးလုံး လူထုအရေးတော်ပုံကာလက နာမည်ကျော် ကမ္ဘာမကြေဘူး သီချင်းကို သီဆိုကြတဲ့အကြောင်း ဦးဝင်းတင်ကပြောပါတယ်။

ဒီမြင်ကွင်းတွေနဲ့ပတ်သက်ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင် ပြောဆိုတာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, May 5, 2010

NLD မဖျက်သိမ်းဖို့ တားဝရမ်း လျှောက်လွှာ ပယ်ချခံရ

VOA | စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေအရ သူတို့သတ်မှတ်ထားတဲ့ ပါတီများ မှတ်ပုံတင်တဲ့ သတ်မှတ်ရက် ကျော်လွန်ရင် NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့်သဘော ဖြစ်နေတာမို့ ဒါကို တရားရုံးချုပ် အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက လျှောက်တင်ထားခဲ့တာကို ရန်ကုန်တိုင်း တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။ ဘယ်လိုအကြောင်းပြချက်တွေနဲ့ ပယ်ချလိုက်တာလဲ ဆိုတာကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကနေ NLD ပါတီ မပျက်ြပယ်ဘူးဆိုတာ တားမြစ်ပေးပါဆိုပြီး တရားရုံးချုပ်မှာ လျှောက်လွှာ တင်ထားခဲ့တာနဲ့ နောက်တခါ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သူတို့အနေနဲ့ ဥပဒေအရ ရပ်တည်ပိုင်ခွင့်ကို ထိခိုက်တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၁ (ခ) ဟာ အကျုံးမ၀င်ကြောင်း ကြေညာပေးဖို့ ပူးတွဲပြီး လျှောက်လွှာတင်ခဲ့ကြတာပါ။

အဲဒီလျှောက်လွှာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ညနေပိုင်းမှာ တရားရုံးချုပ်က အကြောင်းပြန်ခဲ့တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“ဒီနှစ်မှုစလုံးနဲ့ ပတ်သက်ပြီးတော့ ၃ နာရီခွဲ၊ ၄ နာရီလောက်က ကျနော်တို့ကို တရားရုံးချုပ် ဒါရိုက်တာတဦးက ခေါ်တွေ့ပါတယ်။ ခေါ်တွေ့ပြီး ဒီလျှောက်လွှာတွေကို လက်မခံနိုင်ဘူး ဆိုပြီးတော့ မှတ်ချက်ရေးပြီး ပြန်ပေးပါတယ်။ မှတ်ချက်ရေးတာကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီဘူး၊ General ပေါ့၊ အထွေထွေသဘော ပြောတယ်။ အဲတော့ ကျနော်တို့က မေးတယ်၊ ဘယ်ဟာတွေလဲ ဆိုတော့ သူက ဥပဒေတွေမှာ ဒီဟာတွေက ပယ်ဖျက်ပြီးဖြစ်တယ်၊ နောက်တခု ရွေးကောက်ပွဲ ရလဒ်တွေက ပယ်ဖျက်ပြီးဖြစ်တယ်၊ ဒါကြောင့် လက်မခံတာပါလို့ ကျနော်တို့ကို ဖြေပါတယ်။”

တရားဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ အမှုတမှုကို ပယ်တယ်တို့၊ လက်ခံတယ်တို့ဆိုတာ တရားသူကြီးကသာ လုပ်ပိုင်ခွင့် ရှိတာမို့ အခုလို တရားရုံးချုပ် ဒါရိုက်တာတယောက် အနေနဲ့ အဆုံးအဖြတ် ပေးပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလျှောက်ထားချက် ၂ ခုစလုံးအတွက် ဥပဒေလမ်းကြောင်းအရ လုပ်စရာရှိတာကို ဆက်လုပ်မယ့်အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ကျနော်တို့က Complain တခုတော့ တင်ပါမယ်။ အခုနေတော့ မပြောနိုင်သေးဘူး။ ဒီလို လက်မခံ၊ ပယ်တာကိုက နည်းလမ်းမကျဘူး ဆိုတာတော့ ကျနော်တို့ အကြမ်းဖျင်း ပြောလို့ရတယ်။ အကျဉ်းချုပ်ပြောရင် အမှုတမှုကို ပယ်တယ်တို့၊ လက်ခံတယ်တို့ဆိုတာ တရားသူကြီးက ဆုံးဖြတ်ရတာ။ Staff က ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး၊ အခြေခံကတော့ အဲဒါပဲ။ တရားသူကြီးမှာသာ ဒီအာဏာရှိတယ်လို့ ကျနော်တို့က ဒီလိုပဲ မှတ်ယူတယ်။”

ဦးဉာဏ်ဝင်း ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတခြင်း မရှိတာ၊ နောက် ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ဥပဒေတွေကို တမင် ရေးသားထုတ်ပြန်ခဲ့တာ၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ကန့်သတ်ချုပ်ချယ် ထားတာနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြုပြင်ရမယ့် အချက်တွေကို ပြင်ဆင် ပြုပြင်ပေးဆိုတဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရဘက်က လိုက်လျောခြင်း မရှိတဲ့အတွက် ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ NLD ပါတီက မှတ်ပုံမတင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ချက် ချထားခဲ့ပြီး ဖြစ်ပါတယ်။


အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com/burmese

အပြည့်အစုံ ဖတ်ရန် ...

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သော မြန်မာ (၁၀၃) ဦး ဖမ်းမိ

မြတ်ခိုင်ဦး| ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ထုတ်ပေးတော့မည်မဟုတ်ဟု ထိုင်းအစိုးရဘက်မှ ပြောဆိုနေသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ တရားမ၀င် ဝင်ရောက်နေဆဲဖြစ်ပြီး ယခုလ (၃) ရက်တွင် မြန်မာပြည်သား (၁၀၃) ဦးအား ထိုင်းဒေသဆိုင်ရာ စစ်တပ်နှင့်နယ်ခြားစောင့်တပ်တို့က ဖမ်းဆီးရမိသည်။

မေ (၃) ရက် ညနေ (၄) နာရီနှင့် (၇) နာရီအချိန်တွင် ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ဝင်ရောက်လာသော မြန်မာပြည်သား (၁၀၃) ဦးအား ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နယ်အတွင်းရှိ ဘူရားသုံးဆူလမ်းခွဲအနီး ထိုင်းကရင်လူမျိုးများနေထိုင်ရာ စနီဖောင်းကျေးရွာအ၀င်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်။ အဖမ်းခံရသူများသည် အသက် (၁၅) နှစ်မှ (၄၅) နှစ်အရွယ် အလုပ်လုပ်ကိုင်နိုင်သော အရွယ်များဖြစ်ကြသည်။

“လူအုပ်တွေ့တယ်ဆိုတဲ့ သတင်းရလို့ အာဏာပိုင်တွေက သွားရောက်ဖမ်းဆီးတာမှာ မေလ (၃) ရက် ညနေ (၄) နာရီမှာ ကျား (၉) ယောက် မ (၁၄) ယောက်၊ ပေါင်း (၂၃) ယောက်နဲ့ ညနေ (၇) နာရီမှာ ကျား (၃၁) မ (၄၉) ယောက်၊ ပေါင်း (၈၀) အားလုံးစုစုပေါင်း (၁၀၃) ယောက်ကို ဖမ်းမိတယ်” ဟု ထိုင်းအာဏာပိုင်သတင်းရပ်ကွက်နှင့် နီးစပ်သူတဦးက အတည်ပြု ပြောကြားသည်။

ယင်းသို့ဖမ်းမိရာတွင် ထိုသူများကို ခေါ်ဆောင်လာသော ပွဲစားကို မသိရဘဲ အဆိုပါပွဲစားသည် လူအုပ်အတွင်း ရောနှောသွားဖွယ် ရှိသည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ပွဲစားနှင့်ဝင်ရောက်လာသူတို့သည် အဖမ်းခံရပါက (၃) ကြိမ်တိုင်တိုင် ပြန်လည်ပို့ဆောင်ပေးမည်ဟု အာမခံချက်ရှိသဖြင့် ပွဲစားအား ငွေထပ်မံပေးရခြင်း မရှိပေ။

အဖမ်းခံရသူများသည် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော မြို့နယ်တို့မှ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ကြခြင်းဖြစ်ပြီး ထိုသို့လာရောက်ရန်အတွက် တဦးလျှင် မြန်မာငွေ ကျပ် (၅) သိန်းစီ ပွဲစားအား ပေးအပ်ခဲ့ရကြောင်း၊ ၎င်းတို့အား လာရောက်ခေါ်ဆောင်မည့် ကားအလာကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ယမန်နေ့ နံနက်တွင် အဖမ်းခံရသူများအား ဘုရားသုံးဆူနယ်စပ်သို့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း အဆိုပါ ထိုင်းအာဏာပိုင်နှင့် နီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း စားဝတ်နေရေး ကျပ်တည်းကာ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အရွယ်ကောင်းပြီး အလုပ်လုပ်ကိုင်နိုင်သော မြန်မာပြည်သားများသည် ထိုင်း၊ မလေးရှား စသောနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် နယ်စပ်ဒေသအသီးသီးမှ ၀င်ရောက်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ ပြောင်း အလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး၊ တရားဝင်နှင့် တရားမ၀င် စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်းသည်။

ထိုင်းအစိုးရအနေဖြင့် ထပ်မံ၍ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ထုတ်ပေးတော့မည့် အစီအစဉ်မရှိကြောင်း ဧပြီလအတွင်းက အလုပ်အကိုင် ခန့်ထားရေးဌာန ညွှန်ကြားရေးမှူးက အခိုင်အမာ ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှုများ ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့်လများအတွင်း ထိုင်း-မြန်မာနယ်စပ် တောင်ဘက်စွန်း ကော့သောင်း၊ ရနောင်းဒေသဘက်တွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးပြန်လည်ပို့ဆောင်မှုများ ရှိခဲ့သည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ၀ံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး

VOA | မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ပါဝင်ဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာ တိုင်းပြည်ကိုလည်း စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မြန်မာ့အရေး ပြောဆိုချက်တွေအကြောင်း ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ။

စစ်အုပ်ချုပ်ရေး အောက်ကနေ အရပ်ဝတ်လဲတယ်၊ ရွေးကောက်ပွဲမှာ အရပ်သားတွေအဖြစ် ပါဝင်ဖို့ ပြင်ဆင်တယ် ဆိုတာမျိုးက ယျေဘုယျအားဖြင့်တော့ တိုးတက်မှုလို့ သုံးသပ်နိုင်ပါတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒါပေမဲ့လည်း ၀ံပုလွေက သိုးရေခြုံတာမျိုး မဟုတ်ဘဲ စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ တံခါးဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ သူက ဥပမာပေးပြီး အဓိက ပြောဆိုသွားတာပါ။

ဘယ်သူက ဘာဝတ်ထားတယ် ဆိုတာမျိုး၊ လူတွေရဲ့ ၀တ်စားဆင်ယင်မှုကို အခြေခံပြီး တိုးတက်မှုတခုလို့ သတ်မှတ်ချက်မျိုးထက် လူ့အဖွဲ့အစည်းအတွက် အမှန်တကယ် အကျိုးရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ဖို့ ပိုအရေးကြီးတယ် ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အမှန်တကယ် လိုအပ်နေတာက ပွင့်လင်းတဲ့၊ စစ်မှန်တဲ့ နိုင်ငံရေး လှုပ်ရှားနိုင်ခွင့် အခွင့်အလမ်းတွေ ဖန်တီးဖို့ပါ။ စစ်တပ်အရာရှိဟောင်း၊ ဗိုလ်ချုပ်ဟောင်းတွေ အတွက်တင် မဟုတ်ပါဘူး၊ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ လုပ်ဆောင်ချင်တဲ့ လူအားလုံး အတွက်ပါ။ ဒီလို နိုင်ငံရေး အခွင့်အရေးတွေ ပေးနိုင်အောင် စစ်အစိုးရ ခေါင်းဆောင်တွေ လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကို သူတို့ လုပ်ဆောင်ဖို့ ၀န်လေးနေပါတယ်။”

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ပါဝင်ခွင့်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်အောင် ကျင်းပဖို့ အမေရိကန် အစိုးရက တောင်းဆိုနေပေမဲ့ မြန်မာနိုင်ငံအပေါ် ကျင့်သုံးမယ့် လက်တွေ့ကျ ထိတွေ့ဆက်ဆံရေး မူကိုတော့ လောလောဆယ် ပြန်ပြီး သုံးသပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုထားပါတယ်။

တချိန်တည်းမှာ စစ်အစိုးရ ချမှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံတကာ အဆင့်အတန်း၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မညီတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီက ထည့်သွင်း ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာ အဆင့်အတန်းနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နိမ့်ကျနေတာကို တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားခွင့်တွေ ဖွင့်ပေးရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲ ကျင်းပရပါလိမ့်မယ်။ အခု အရပ်သားအဖြစ် အသွင်ပြောင်းလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေက ဒီလို နိုင်ငံရေး အခွင့်အရေးတွေ တံခါးဖွင့်ပေးမယ် ဆိုရင်တော့ ကျနော်တို့က ဒါကို တိုးတက်မှုလို့ ပြောနိုင်ပါတယ်။”

ဒီအတောအတွင်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ဟာ အာရှဒေသကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံကိုလည်း မကြာခင် ရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ သံတမန် သတင်းရပ်ကွက်နဲ့ ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ပြောဆိုနေပါတယ်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ ပြီးခဲ့တဲ့နှစ် ခရီးစဉ်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံခဲ့ပါတယ်။ ဒီတကြိမ် ထပ်မံ သွားရောက်မယ်ဆိုရင် ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံကို သွားမသွား အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ ခရီးစဉ် အခု ရေးဆွဲနေဆဲဖြစ်ပြီး အတိအကျ သွားမယ့် နေရာတွေကိုတော့ နောက်မှ အသိပေးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေရဲ့ အမေးကို ပီ.ဂျေ ခရော်လီက ပြောဆိုသွားပါတယ်။

အပြည့်အစုံ နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, May 4, 2010

မလေးရှား UNHCR ဘာလဲ ဘယ်လဲ

“ Everyone that needs to be protected, should be protected. ” “ ကာကွယ်စောင့်ရှောက်မှုခံ ယူဖို့ လိုအပ်တဲ့ လူသားတိုင်းကို ကာကွယ်စောင့်ရှောက်မှုပေးရလိမ့်မယ် ” လို့ လက်ရှိ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး ( UNHCR ) ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတား ( Antonio Guterres ) က ပြောခဲ့ပါတယ်။
အင်မတန်ကောင်းမွန်တဲ့၊ မွန်မြတ်တဲ့ UNHCR အဖွဲ့ကြီး၏ ခေါင်းဆောင်ကြီးတစ်ဦး၏ လူသားဆန်သော အတွေးအခေါ်နှင့်ခံယူချက်ဖြစ်ပါတယ်။ UNHCR မဟာမင်းကြီးကဲ့သို့ ကျန်သော အရာရှိ၊ အရာထမ်း၊ ၀န်ထမ်း အားလုံးလည်း တွေးခေါ်ခံစားပြီး လက်တွေ့ကျင့်ကြံပြီး လူသားအကျိုးကို ဆောင်ရွက်ကြလျှင် အလွန်ပင် ကောင်းမွန်မည်ဖြစ်ပါသည်။

မလေးရှားနိုင်ငံရှိ UNHCR ၏ အချို့သော တာဝန်ရှိသူများ၊ အရာရှိများနှင့်ဝန်ထမ်းများတွင် မတရား သော လုပ်ရပ်များ၊ ယုတ္တိမတန်သော အတွေးအခေါ်နှင့်အမြင်များကို တွေ့နေရပါသည်။ မလေးရှားနိုင်ငံရှိ UNHCR ရုံးမှ အရာရှိတစ်ချို့တို့သည် မြန်မာနိုင်ငံရေးသမိုင်းနှင့်ပဋိပက္ခသဘောတရားများ၊ နိုင်ငံရေးပထ၀ီသ မိုင်းကြောင်းနှင့်လူမှုဘ၀များကို ကောင်းကောင်းသဘောပေါက်နားလည်ခြင်းမရှိကြောင်း တွေ့ရပါသည်။ သူတို့ သည် ဗမာနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗမာလူမျိုး၊ ဗမာစစ်တပ်တို့ကြားရှိ ကွဲပြားမှုနှင့် အသုံးအနှုန်းတို့တွင် ရှုပ်ထွေးပြီး ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရပါသည်။
ထို့ကြောင့်သာ တစ်ချို့သော UNHCR အရာရှိများက ဗမာများအနေနဲ့ အချိန်မရွေးပြန်လို့ရနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် အစိုးရက ဗမာဖြစ်သည့်အတွက် ဗမာများကို မနှိပ်စက်ဘူးဟု အင်တာဗျူးများတွင် ပြောဆိုကြောင်းကို ကိုယ်တွေ့ကြုံခဲ့သူများက လာရောက်ပြောကြားကြသည်။

ထို့ပြင် တိုင်းရင်းသားလူနည်းစုများကို ဗမာများက နှိပ်စက်သောကြောင့် တိုင်းရင်းသားလူနည်းစုများကို ပိုမိုစောင့်ရှောက်ပေးသင့်သည်ဟု ယူဆနေကြပါတယ်။ ယင်းသို့ တွေးမြင်နေခြင်းသည် UNHCR အရှာရှိတစ်ချို့ ၏ ခွဲခြားဆက်ဆံမှု ( Discrimination ) ပြစ်မှုနှင့်မတရားသောဆုံဖြတ်ချက်ဖြစ်ပါသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၁၄(က)ပါ
“ မတရားအပြစ်ပေးခံရ တော့မည်ဆိုပါက လူသားတိုင်းသည် တခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံနိုင်သည် ”
ဟူသော အချက်ကို လည်း ချိုးဖောက်ရာကြပါသည်။

ယခုမြန်မာနိုင်ငံတွင် အာဏာသိမ်းထားသူများမှာ စစ်အာဏာရှင်များဖြစ်တယ်ဆိုတာ UN အပါအ၀င် တကမ္ဘာလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်များ၏ စရိုက်လက္ခဏာအရ သူတို့ဟာ ဘာသာလဲမရှိပါ၊ လူမျိုးလဲ မရှိပါ၊ သူတို့အတွက် အာဏာတည်မြဲရေးသာလျှင် အဓိကပါ။ စစ်အာဏာရှင်တို့၏ လူ့အခွင့်အရေးချိုးဖောက်မှု များကိုလည်း UN အပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက ရှုံ့ချပြစ်တင်ထောက်ပြနေသည်မှာလည်း နှစ်ပေါင်းအ တော်ကြာပြီဖြစ်ပါသည်။

မလေးရှား UNHCR မှ အရာရှိအချို့ထင်သလို မြန်မာနိုင်ငံတွင် ဗမာများက အများစုဖြစ်ပြီး အာဏာရှင် များက ဗမာများကို မနှိပ်စက်ဘူးဆိုသော ထင်မြင်ချက်သည် အလွန်ပင် လက်တွေ့နှင့်ကင်းကွာနေပါသည်။ အနီးစပ်ဆုံးပြရလျှင် စစ်အာဏာရှင်တို့သည် ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့သည်။ ၂၀၀၇ တွင် လည်း ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းနေသော ရဟန်းသံဃာများအပါအ၀င် ကျောင်းသားနှင့်လူထုကို ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် ၂၀၀၇ စက်တင်ဘာလတွင်ပင် မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်းများကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချခဲ့သည်။ ဗုဒ္ဓရုပ်ပွားဆင်းတုတောင်များကိုလည်း ခေါင်းဖြတ်ပြီး ဖျက်ဆီးခဲ့ပါသည်။

အခြားထင်ရှားတဲ့ စစ်အာဏာရှင်များရဲ့ စရိုက်ကတော့ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ် ( Nargis ) ဆိုင်ကလုန်းကာလတုန်းကပါဘဲ။ လူသိန်းနဲ့ချီသေကြေပြီး အိုးအိမ်ပေါင်းထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။ ဒါပေမယ့် ပြည်သူအကျိုးကိုမကြည့်၊ ပြည်သူကို စာနာသနားမှုမရှိသော စစ်အာဏာရှင်များဟာ နိုင်ငံတကာ အကူအညီတွေကို နည်းအမျိုးမျိုးဖြင့် တားမြစ်ပိတ်ပင်ကန့်သတ်ခဲ့ကြပါသည်။ ယခုလို လူ့အခွင့်အရေးအပါအ၀င် စစ်ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နေကြသည်ကို ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့အသိုင်းအ၀ိုင်းက အမြဲကြားသိ နေကြပါသည်။

မြန်မာ့နိုင်ငံရေး ဘယ်လောက်အရေးပါတယ်၊ မြန်မာ့ပြည်တွင်းရေးဘယ်လောက်ရှုပ်ထွေးတယ်၊ မြန်မာ စစ်အာဏာရှင်းတွေ ဘယ်လောက် ရက်စက်ယုတ်မာတယ်ဆိုတာ UN အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် လုံခြုံးရေးဝန်ထမ်းအထိ အားလုံးအသိပင်ဖြစ်ပါသည်။ ယခုလို စစ်အာဏာရှင်များ၏ စစ်ဖိနပ်အောက်၊ ယမ်းငွေ့မပြယ်တဲ့ သေနတ်ပြောင်းအောက် ခက်ခက်ခဲခဲနေထိုင်ရသော မြန်မာနိုင်ငံသားအား လုံးကို စာနာနားလည်မှုမပေးနိုင်သော မလေးရှား UNHCR အရာရှိတစ်ချို့အတွက် ၀မ်းနည်းမိပါသည်။ သူတို့၏ လုပ်ရပ်သည် UNHCR ၏ ဂုဏ်သိက္ခာနှင့်ကမ္ဘာ့ပြည်သူတို့၏ ယုံကြည်အားကိုးမှုကိုပါ ထိခိုက်စေသည်ကို သတိ မူသင့်ပါသည်။

UNHCR က ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး ( Race )၊ ဘာသာရေး ( Religion )၊ နိုင်ငံသားပြစ်မှု ( Nationality )၊ နိုင်ငံရေးယုံကြည်ချက် ( Political Opinion ) နှင့် လူမှုရေးအဖွဲ့တစ်ဖွဲ့ဖွဲ့သို့ ၀င်ရောက်ခြင်းတို့ ကြောင့် မတရားညှင်းပန်းနှိပ်စက်အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ရန် ခိုင်လုံသော အကြောင်းအချက်အလက်ရှိ သူ၊ ထိုသို့ကြောက်ရွံ့မှုကို အကြောင်းပြု၍ မိမိတို့နိုင်ငံအစိုးရ၏ ကာကွယ်စောင့်ရှောက်မှုကို မခံယူနိုင်သောသူ များဟု အဓိပ္ပါယ်ဖွင့်ထားသည်။

UNHCR အပါအ၀င် ကမ္ဘာ့အဖွဲ့အစည်းကြီးများ၊ NGO များအပါအ၀င်လူမှုရေးအဖွဲ့များ၏ လုပ်ဆောင် ချက်များ၊ ရည်ရွယ်ချက်များသည် အလွန်ဘဲ လေးစားအားကျဖွယ်ဖြစ်ပါသည်။ ဒါပေမယ့် အမြင်ကျဉ်းမြောင်းပြီး စာနာနားလည်မှုခေါင်းပါးသော UNHCR အရာရှိတစ်ချို့တို့ကြောင့် စစ်အာဏာရှင်များ၏ သားကောင်များဖြစ်ကြ ရသော မြန်မာနိုင်ငံသားအများစုမှာ အားကိုးရာမဲ့ဖြစ်နေကြရပါသည်။

မလေးရှား UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့ကြောင့် ယခုအခါ မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံကြသူများ၊ ဒုက္ခသည်များကြားတွင် မြန်မာနိုင်ငံသားအချင်းချင်းခွဲခြားဆက်ဆံမှုများ၊ အမြင်မ ရှင်းမှုများဖြစ်နေကြရပါသည်။ တစ်ချို့ဆိုလျှင် စစ်အာဏာရှင်များ၏ သားကောင်ဖြစ်ကြရရုံမက ကြင်နာနား လည်မှုကင်းသော UNHCR အရာရှိတို့၏ သားကောင်းဘ၀ဖြစ်ကြရပြီး ဘ၀ပျက်ရသူများလည်း ရှိကြပါသည်။

UNHCR အရာရှိတစ်ချို့၏ မတရားသော လုပ်ရပ်များနှင့်ယုတ္တိမတန်သော တုန့်ပြန်ချက်များနှင့်ပတ် သက်၍ တင်ပြတိုင်ကြားသောအခါ၌လည်း “ ပြီးခဲ့တဲ့တစ်နှစ်ကအကြောင်းတွေပြန်မပြောပါနဲ့၊ ပြီးခဲ့တဲ့ ၂ ပတ်က အကြောင်းလဲပြန်မပြောပါနဲ့ ငါတို့အနေနဲ့ ဒီနှစ်မှာ အစီအစဉ်တစ်မျိုးနဲ့ အဖွဲ့အားလုံးကို မျှမျှတတဖြစ်အောင် လုပ် ပေးမယ် ” လို့ပြောပြီး နှစ်သိမ့်ပါသည်။ ဒါပေမယ့် အပြောနဲ့အလုပ်တခြားစီဖြစ်နေတာကို ကြုံနေရပါသည်။ အထူးသဖြင့် မြန်မာအဖွဲ့တွေ ကြုံနေရတာ နှစ်အတော်ကြပြီဖြစ်ပါသည်။

UNHCR မလေးရှားဝက်ဆိုက်ဒ်အရ ၂၀၀၉ အထိ မလေးရှားနိုင်ငံတွင် ဒုက္ခသည် ( Refugee ) နှင့် ခို လှုံခွင့်လျှောက်ထားသူ ( Asylum-seekers ) ပေါင်း ၉၀၀၀၀ ကျော်ကို စာရင်းလက်ခံပြီး ဖြစ်သည်။ ထိုထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည် မြန်မာပြည်မှဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာသဘောတူစာချက်ကိုလက်ခံထားခြင်း မရှိသော နိုင်ငံ ၄၄ နိုင်ငံတွင်ပါဝင်သည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် UNHCR ၏ ဒုက္ခသည်လက်မှတ်ရထားသူ များ၊ ခိုလှုံခွင့်လျှောက်ထားသူများနှင့်နိုင်ငံမဲ့များအားလုံးကို တရားမ၀င်ကူးပြောင်းလာသူများ ( Irregular Migrants ) များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ မလေးရှားနိုင်ငံသည် တရားမ၀င်အလုပ်သ မားများကို အပြစ်ပေးရာတွင် ငွေဒဏ်၊ ထောင်ဒဏ် နှင့် ကြိမ်ဒဏ် ( Whipping ) များလည်းရှိသည်။

ယခုကဲ့သို့ အခြေအနေဆိုးကြီးထဲတွင် ပုံစံအမျိုးမျိုးဖြင့် တိုင်းပြည်မှာ မနေရဲဘဲ ထွက်ပြေးတိမ်းရှောင် လာကြရတဲ့ ဒုက္ခသည်ဖြစ်ထိုက်သူများမှာ ခိုလှုံခွင့်ရဖို့၊ ဒုက္ခသည်များခံစားထိုက်သော အခွင့်အရေးများရဖို့ နေ နေသာသာ စာရင်းပေးသွင်းခြင်း ( Registration ) တောင်လုပ်ခွင့်မရကြပါဘူး။ အထူးသဖြင့် ဗမာလူမျိုးများဖြစ် ကြပါသည်။ UNHCR မှ အသိအမှတ်ပြုပြီးထားသော ဒုက္ခသည်စာရင်းကိုကြည့်လျှင် ပိုပိုပြီး သိသာပါသည်။

၂၀၁၀ ဧပြီလ ၇ ရက်ထွက် မလေးရှားနိုင်ငံထုတ် The Star သတင်းစာကြီးအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှလာရောက်သူခိုလှုံသူပေါင်း ၇၆၂၀၀ ရှိသည်။ ချင်းလူမျိုး ၃၇၆၀၀၊ ရိုဟင်ဂျာ ၁၈၂၀၀၊ မြန်မာမွတ်စ လင် ၅၁၀၀၊ မွန်လူမျိုး ၃၅၀၀၊ ကချင် ၃၂၀၀ နှင့် ဗမာအပါအ၀င်အခြားလူမျိုးများနေထိုင်ကြသည်ဟု ဆိုထားပါ သည်။

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ( The Alliance of Chin Refugees ( ACR ) ၏ ဖော်ပြချက်အရ မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၂၀၀၀၀ နီးပါးလောက်ဟာ UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီးဖြစ် သည်။ မွန်ဒုက္ခသည်အစည်းအရုံး ( Mon Refugee Organization ( MRO ) ကလည်း မွန်လူမျိုး ၃၀၀၀ နီးပါး ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်းခံရပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဲ့ဒီအချက်အလက်များကို လေ့လာသုံးသပ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရှိ UNHCR ၏ ခွဲခြားဆက်ဆံ ခြင်းနှင့်တရားမျှတမှုမရှိသောလုပ်ငန်းစဉ်များကို သိနိုင်ပါသည်။ UNHCR ၏ ဦးစားပေးလုပ်ဆောင်ချက်များတွင် အချိန်သင့်စာရင်းသွင်းခြင်း ( Timely Registration ) နှင့် တရားမျှတသောလုပ်ငန်းစဉ်ဖြစ်ရမည်ဟု အများမြင် သာအောင်ဖော်ပြကြေငြာထားသော်လည်း အပြောနှင့်အလုပ်မှာ များစွာခြားနားနေပါသည်။ UNHCR ၏ ကြီးမား သော ဂုဏ်သိက္ခာကိုလေးစားသော ဒုက္ခသည်များမှာ UNHCR ၏ ဂုဏ်သိက္ခာကို ခုတုံးလုပ်ပြီး အခွင့်အာဏာ နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုနေသော UNHCR အရာရှိတစ်ချို့နှင့်မသမာသောလူတစ်ချို့တို့၏ အနိုင်ကျင့်မှု နှင့်ခွဲခြားဆက်ဆံမှုကို ကြိတ်မှိတ်ခံစားနေရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

သူတို့၏ မတရားသောလုပ်ရပ်များကြောင့် အဖမ်းမဆီးခံရပြီး ထောင်ကျရသူများ၊ ကြိမ်ဒဏ်အပေးခံရ သူများ၊ ဘ၀ပျက်သူများ အများအပြားရှိနေကြသည်။ တစ်ချို့ဆိုလျှင် ရိုးသားသောဘ၀ပျက်ကာ မကောင်း သော အသက်မမွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတား ပြောတဲ့ “ အစားအစာတွေရှားပါးလာတဲ့အခါ ဒုက္ခသည်တွေဟာ ဒေသတွင်းအကြမ်းဖက် ခြင်း၊ တရားမ၀င်အလုပ်လုပ်ခြင်း ( သို့ ) ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ခြင်းတို့အတွက် အထူးစိုးရိမ်ရပါတယ်။ ဒါ ကြောင့် သူတို့ရဲ့စားပွဲပေါ်ကို အစားအစာအလုံအလောက်တင်ပေးထားရမယ် ” ဆိုတဲ့ မိန့်ခွန်းကို မလေးရှား UNHCR မှ အရာရှိတစ်ချို့ သဘောပေါက်ဖို့ကောင်းပါသည်။ ယခုဆိုရင် ဗမာလူမျိုးအများစုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ဝေးစွ UNHCR မှာ တရားဝင် စာရင်းသွင်းခွင့်တောင်မရကြပါဘူး။

ကမ္ဘာ့ UNHCR မှ လျှို့ဝှက်စွာ ခက်ခက်ခဲခဲနေထိုင်နေရသော ဒုက္ခသည်များအတွက် အဆင်ပြေလုံခြုံ စေရန် စီမံပေးသော Mobile Registration စနစ်ကို မလေးရှားနိုင်ငံတွင် ကျင့်သုံးချိန်မှာလည်း မြန်မာအဖွဲ့အ စည်းများကို ချန်ထားသည့်အပြင် လာရောက်လျှောက်ထားသော ဗမာလူမျိုးများကိုလည်း သင်တို့နဲ့ မဆိုင်ဘူး၊ ဗမာလူမျိုးဆို လက်မခံဘူးပြောပြီး နှင်လွှတ်ခဲ့ပါသည်။ အင်မတန်အောက်တန်းကျသော စိတ်သဘောထား ဖြစ် ပါသည်။ UNHCR လို အဖွဲ့ကြီးမှာ ယခုကဲ့သို့ အမြင်ကျဉ်းမြောင်းပြီး စိတ်သဘောထားသေးသိမ်သော အရာရှိ များရှိနေသည်မှာ အလွန်ဝမ်းနည်းဖွယ်ဖြစ်ပြီး UNHCR ၏ ဂုဏ်သိက္ခာကိုလည်း အလွန်ထိခိုက်ပါသည်။

တစ်ခြား UNHCR ၏ ဂုဏ်သိက္ခာကိုထိခိုက်ကျဆင်းစေသောအကြောင်းများလည်းရှိပါသည်။ ကမ္ဘာ့ UNHCR ၏ စည်းမျဉ်းစည်းကမ်းများအရ ဒုက္ခသည်အဖြစ် လျှောက်ထားလိုသူသည် UNHCR အသိအမှတ်ပြု ထားသော NGO အဖွဲ့အစည်းများမှတစ်ဆင့် လျှောက်ထားခွင့်ပြုထားသည်။ ထို့ကြောင့် မလေးရှားနိုင်ငံတွင် ချင်းအဖွဲ့အစည်းများ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ဗမာ စသောဒုက္ခသည်များအရေးကို ကူညီဆောင်ရွက်ပေးနေသော တိုင်း ရင်းသားအဖွဲ့အစည်းများရှိလာကြသည်။ သို့သော် UNHCR ၏ အရာရှိတစ်ချို့ကြောင့် မြန်မာနိုင်ငံသားတိုင်းရင်း သားများကြား၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုးများနှင့်ဗမာလူမျိုးများကြား အမြင်မကြည်လင်မှုနှင့်ပြဿနာဖြစ် လာနိုင်ပါသည်။ စစ်ဖိနပ်အောက်နှိပ်ကွပ်ခံရတာချင်းအတူတူ ကမ္ဘာကပေးသော အခွင့်အရေးနှင့်ကူညီစောင့် ရှောက်မှုခံရမှုတွင် ကွဲပြားခြားနားသောကြောင့်ဖြစ်သည်။ ထို့ပြင် UNHCR နှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး နေသော NGO များမှတစ်ဆင့် ဒုက္ခသည်အဖြစ်လျှောက်ထားရမည်ဟု မလေးရှားနိုင်ငံရှိ UNHCR မှ သတ်မှတ် ပေးထားသောကြောင့် မိမိတို့နှင့်သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများတွင် စာရင်း ပေးပြီး UNHCR ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြရသည်။

သို့သော် UNHCR အရာရှိတစ်ချို့၏ စနစ်မကျသော၊ တရားမျှတမှုမရှိသောကြောင့် UNHCR အသိအ မှတ်ပြုထားသော အဖွဲ့အစည်းများအတွင်း မညီမျှမှုများ ဖြစ်ပေါ်နေပါသည်။ ဗမာဒုက္ခသည်များအစည်းအရုံး ( ဘီအာအို ) အပါအ၀င် အခြားမြန်မာဒုက္ခသည်အဖွဲ့အစည်းများမှာ UNHCR နှစ်စဉ်ပေးသောခွဲတမ်းတွင် မပါဝင် သည်မှာ နှစ်အတော်ကြာပြီဖြစ်ပါသည်။ တစ်ခြားသော တိုင်းရင်းသားအဖွဲ့တစ်ချို့မှာ ထပ်တလဲလဲ လျှောက် ထားခွင့်ရနေပါသည်။ ဤသို့သော လုပ်ရပ်နှင့်စနစ်မှာ အလွန်မတရားတဲ့အပြင် ကမ္ဘာပြည်သူများကပေးအပ် ထားသော အခွင့်အာဏာကို အလွဲသုံးစားပြုရာရောက်နေပါသည်။ ထို့ပြင် UNHCR ကို ယုံကြည်ကိုးစားပြီး ပူး ပေါင်းကူညီဆောင်ရွက်ပေးနေသော ဗမာအဖွဲ့အစည်းများအပေါ်၌လည်း UNHCR ယင်းသို့သော အရာရှိတစ်ချို့ ၏လုပ်ရပ်များကြောင့် အဖွဲ့ဝင်များမှ အထင်လွဲခြင်း၊ အထင်သေးခြင်းများဖြစ်စေပါသည်။ ဒါကြောင့် UNHCR အပါအ၀င် ဗမာအဖွဲ့အစည်းဦးဆောင်သူအပါအ၀င် စေတနာသန့်သန့်ဖြင့် ကိုယ်ကျိုးစွန့်လုပ်ကိုင်ကူညီဆောင် ရွက်ပေးနေသောသူများ၏ ဂုဏ်သိက္ခာထိခိုက်ကျဆင်းနေရပါသည်။

UNHCR အရာရှိများအနေနဲ့သိသင့်တာကတော့ မလေးရှားနိုင်ငံရှိ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်း တစ်ချို့သည် သူတို့ တိုင်းရင်းသားလူမျိုးဖြစ်ပေမယ့် သူတို့ဒေသစကားမပြောတတ်လျှင်သော်လည်းကောင်း၊ တခြားလူမျိုးတစ်ဦးဦးနှင့် အိမ်ထောင်ကျသွားသော အမျိုးသား၊ အမျိုးသမီးများကို သူတို့အဖွဲ့ဝင်အဖြစ် ၀င်ခွင့် မပြုပေ။ ယင်းအချက်ကို သူတို့အဖွဲ့၏စည်းမျဉ်း၊ စည်းကမ်းများကို ကြည့်ရှုလေ့လာခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာနိုင်ငံသားအားလုံးကို ကူညီဆောင်ရွက်ပေးနေသော ဗမာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားများမှာ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ထားဝယ်၊ ရှမ်း လူမျိုး အများစုဖြစ်ပါသည်။ ယခုလို တမြေတည်းနေ၊ တရေတည်းသောက်နေနိုင်ခဲ့ကြသော ဗမာလူမျိုးအပါအ၀င် မြန်မာနိုင်ငံသားတိုင်းရင်းသားအပေါင်းတို့မှာ မလေး UNHCR အရာရှိတစ်ချို့၏ ညံ့ဖျင်းသော၊ စနစ်မကျသော၊ မတရားသော လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာအလွဲသုံးစားမှု နှင့် အနိုင်ကျင့်မှုများကြောင့် အချင်းချင်း စိတ် ၀မ်းကွဲကြမလိုဖြစ်ကြရသည်။

စစ်ဖိနပ်အောက် ဖိနှိပ်သတ်ဖြတ်ခြင်းအတူတူခံနေရသော ဘ၀တူလူမျိုးအချင်းချင်း ယခုလိုခွဲခြားဆက် ဆံနေခြင်းကို အမြန်ဆုံးဖြေရှင်းသင့်ပါပြီ။ ယခုအခါ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဘာသာ၊ ကာ လာမခွဲခြားရေး နှင့် လူသားအားလုံး အတူတူညီတူညီမျှ လူဂုဏ်သိက္ခာကို ခံစား၊ စံစားခွင့်ရှိအောင် ကြိုးပမ်းနေ ချိန်တွင် အကြင်နာတရားမဲ့သော UNHCR အရာရှိတစ်ချို့ကြောင့် မထိခိုက်စေလိုပါ၊ မနစ်နာစေလိုတော့ပါ။

ကျွန်တော့်အနေနဲ့ ယခုလို မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားဒုက္ခသည်များနှင့်ပတ်သတ်ပြီး မလေးရှား UNHCR အရာရှိတစ်ချို့၏ မတရားသော၊ မူမမှန်သော အကြောင်းအချက်များကို ဖော်ပြရခြင်းမှာ မြန်မာလူမျိုး များအပါအ၀င် ကမ္ဘာကပါ အဖြစ်မှန်၊ ပြဿနာအမှန်ကို သိစေလို၍ ဖြစ်ပါသည်။

ပြည်တွင်းတွင်လည်း စစ်အာဏာရှင်များ၏ ဖိနှိပ်ညှင်းပန်းမှုကိုခံရသည့်အပြင်၊ ယခုပြည်ပမှာပါ ခွဲခြား ဆက်ဆံမှုကို ခံနေရသောဒုက္ခသည်များ၏ ဘ၀သည် အသက်ရှင်လျှက် ဘ၀သေနေသလိုပင်ဖြစ်သည်။ လူ သားစစ်စစ်ဖြစ်သောကြောင့် လူသားတိုင်းခံစားထိုက်သော လူ့အခွင့်အရေးကို ခံစားခွင့်ပြုရမည်၊ ခံစားခွင့်ရှိရ မည်။

ကျွန်တော့်တင်ပြချက်များအတွက် အပြည့်အ၀တာဝန်ယူပါသည်။ ကျွန်တော်ဟာ လူစွမ်းကောင်းမ ဟုတ်သလို၊ သူရဲကောင်းလည်းမဟုတ်ပါ။ သို့သော် မတရားမှုကိုတော့ လက်မခံနိုင်သူဖြစ်ပါသည်။ ယခုကဲ့သို့ မလေး UNHCR အရာရှိတစ်ချို့၏ တရားမျှတမှုမရှိသောလုပ်ရပ်များကို သိရှိနားလည်သဘောပေါက်သူများစွာ ရှိကြောင်း ယုံကြည်ပါသည်။ မိမိတို့၏ ပြည်တွင်းမှာ အမှန်တရားအတွက် တိုက်ပွဲဝင်လို့ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများအနေနဲ့ ယခုကြုံတွေ့နေရသော UNHCR အရာရှိတစ်ချို့၏ မတရားသော၊ အနိုင်ကျင့် ခွဲခြားဆက်ဆံနေမှုကို ပြတ်ပြတ်သားသားထုတ်ဖော်ဆန့်ကျင်ဖို့ အချိန်တန်ပြီလို့ယူဆပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နှင့်ဝိုင်းဝန်းတိုင်ပင်အဖြေရှာသင့်ပြီလို့ တိုက်တွန်းချင်ပါသည်။ ယခုအခါမှာ အပြစ်မဲ့မြန်မာနိုင်ငံသားကလေးငယ်များနှင့်အမျိုးသမီးများမှာ အနာဂါတ် ပျောက်နေပါပြီ။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့အားလုံးအမှန်တရားနှင့် လူ့အခွင့်အရေးအတွက် ယခု ချိန်ကစပြီး အားလုံးညီညွတ်စွာ ပေးဆပ်ကြပါစို့။

မြန်မာဒုက္ခသည်များ

၁၇ ဧပြီ ၂၀၁၀
ပေးပို့သူ အားကျေးဇူးတင်ရှိပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, May 3, 2010

မပြောင်းရွှေ့ချင်သည့် ကျေးရွာသားများ ဖိအားပေးခံနေရ


ပေါက်ပေါက် | ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသည့် ကျေးရွာများ နေရာရွှေ့ပြောင်းရမည်ဖြစ်ရာ ပထမဦးဆုံးအနေဖြင့် ကချင်ပြည်နယ်၊ တန်ဖရဲကျေးရွာမှ ရပ်ကွက် (၂) ခုအား ယခုလအတွင်း အပြီးပြောင်းရွှေ့ခိုင်းထားသည်။

တန်ဖရဲကျေးရွာတွင် ရပ်ကွက် (၆) ခုရှိရာ အမှတ် (၁) နှင့် (၂) ရပ်ကွက်အား ယခုလမကုန်ခင် အပြီးပြောင်းရွှေ့ ရမည်ဖြစ်ကြောင်း နယ်မြေတာဝန်ကျ စစ်တပ်က ပြီးခဲ့သည့် စနေနေ့တွင် သတိပေးပြောဆိုထားသည်ဟု တန်ဖရဲ ကျေးရွာသားက ပြောသည်။
၎င်းက “ရပ်ကွက် (၁) နဲ့ (၂) အရင်ပြောင်းလို့ ပြောတယ်။ ကျန်တဲ့ဟာလည်း ပြောင်းရမှာပေါ့။ အခုလောလောဆယ် အဲဒီရပ်ကွက် (၂) ခုကို အရင်ပြောင်းခိုင်းတာ။ သူတို့ပြောတာက နိုင်ငံတော် စီမံကိန်း နယ်မြေတွေဖြစ်လို့ အရင်ကတည်းက ရွှေ့ပြောင်းဖို့ ပြောထားပြီးပြီ။ ဒါကြောင့် အခုလို ရွှေ့ပြောင်းခိုင်းတာ၊ ဒါအမိန့်ပဲဆိုပြီး ပြောတယ်” ဟု ပြောသည်။

နေရာပြောင်းရွှေ့သူများအတွက် ကျိန်ခရန်ကျေးရွာ အနောက်ဘက်တွင် အေးရှားဝေါလ်ကုမ္ပဏီက တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်နေဆဲဖြစ်ပြီး ဒေသခံတို့မှာ မိမိတို့ ဘိုးဘွားစဉ်ဆက် နေလာခဲ့သည့်နေရာမှ မပြောင်းရွှေ့လိုကြောင်း ဆန္ဒထုတ်ဖော် တောင်းဆိုနေကြသည်။

နေရာ မပြောင်းရွှေ့ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းထံ လက်မှတ်ထိုး စာရေးတောင်းဆိုရန် ပြီးခဲ့သည့်လ အစောပိုင်းက စီစဉ်ခဲ့ကြသည့် တန်ဖရဲကျေးရွာသားများကို စစ်တပ်က ယမန်နေ့တွင် ခေါ်ယူမေးမြန်းမှုများ လုပ်နေသည်ဟု တန်ဖရဲကျေးရွာသားက ပြောသည်။

၎င်းက “လက်မှတ်ထိုးထားတဲ့သူတွေ၊ စာရေးတဲ့သူတွေကို စစ်တပ်က ခေါ်မေးတယ်။ ဘယ်သူလုပ်ခိုင်းတာလဲ၊ ဘာကြောင့် မပြောင်းချင်တာလဲ၊ အစိုးရလုပ်ငန်းတွေကို ကလန်ကဆန် လုပ်တာဟာ အစိုးရကို ဆန့်ကျင်တာ ဖြစ်တယ်၊ ဥပဒေအရ အရေးယူနိုင်တယ်ဆိုပြီး ပြောနေတယ်တဲ့” ဟု ပြောသည်။
ယခုလ (၁၇) ရက်က မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာအတွင်း ဗုံးများပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသအတွင်းရှိ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ အပါအဝင် ဒေသခံများကို ခေါ်ယူစစ်ဆေးမေးမြန်းနေချိန်တွင် ယခုကဲ့သို့ နေရာရွှေ့ပြောင်းပေးရန် ဖိအားပေးသဖြင့် ဗုံးပေါက်ကွဲမှုအပေါ် သံသယရှိနေကြောင်း မြစ်ကြီးနားမြို့ခံ ကချင် နိုင်ငံရေး သမားတဦးက ပြောသည်။

၎င်းက “ရွာသားတွေက မရွှေ့ချင်ကြဘူး။ အခု ဗုံးတွေပေါက်တာကို အကြောင်းပြုလို့ စစ်တပ်က ဟိုစစ် ဒီစစ်လုပ်တယ်။ ဟိုလူ့ဖမ်း ဒီလူ့ဖမ်းလုပ်တယ်။ ရွာသားတွေက သူတို့တွေကို ကြောက်နေချိန်မှာ အခုလို ဒါအမိန့်ပဲ ရွှေ့ရမယ်ဆိုပြီး လုပ်လာတော့ ဒီလို ရွှေ့ပြောင်းအောင် သူတို့ကိုယ်တိုင် ဗုံးတွေ ခွဲခဲ့တာလားဆိုပြီး သံသယ ဖြစ်နေကြတယ်။ ဘယ်သူခွဲခွဲ ရွာသားတွေကတော့ နေရာပြောင်းရဖို့ အကျပ်ရိုက်နေပြီ” ဟု ပြောသည်။

မေခ-မလိခ မြစ်နှစ်သွယ်ဆုံရာ၏ အောက်ဘက် (၃) မိုင်အကွာတွင် ရေကာတာတည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမည့် စီမံကိန်းကို အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) တို့က ရင်းနှီး မြှုပ်နှံထားသည်။

မြစ်ဆုံဒေသအပြင် ချီဗွေအနီး မေခမြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူမည့် စီမံကိန်းများပါ ရှိနေပြီး အဆိုပါ စီမံကိန်းများကြောင့် ကျေးရွာ (၆ဝ) ခန့်နှင့် ဥယျာဉ်ခြံမြေများ ရေဝပ်ဧရိယာအဖြစ် ကျရောက်ပျက်စီးတော့မည်ဖြစ်သည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

ကေအန်အယ်လ်အေကို နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်


ရဲရင့် | ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) လှုပ်ရှားဒေသကို မကြာမီအချိန်အတွင်း နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကရင်တပ်မှူးတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ တပ်ရင်းအရာခံဗိုလ် ဗိုလ်ကြီးစောထိခုက “မနေ့တနေ့က ကျနော်တို့တပ်ရင်းနဲ့ နအဖတပ် ခမရ (၄၀၅) တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒါ သူတို့က ပြောက်ကျားလှုပ်ရှားတဲ့ ကျနော်တို့တပ်ရင်းကို ထပ်တိုက်ဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်၊ မကြာခင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ဖို့ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ခမရ (၄၀၅) အပါအ၀င် နအဖတပ်များ၏ထိုးစစ်ကို ပြန်လည်ထိုးစစ်ဆင်နိုင်ရန်အတွက် မိမိတို့တပ်များကိုလည်း တပ်လှန့်ထားသည်ဟု ဗိုလ်ကြီးစောထိခုက ပြောသည်။
ပြီးခဲ့သည့် စနေနေ့က ဝေါ်လေဒေသရှိ ကနဲလေးရွာနှင့် မော်ဖိုးကလိုးရွာ အကြားတွင် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) နှင့် နအဖတပ် ခမရ (၄၀၅) တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခမရ (၄၀၅) ဘက်မှ (၁) ဦးကျဆုံးပြီး အချို့ဒဏ်ရာရရှိကာ ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) ဘက်မှ အရာခံဗိုလ် (၁) ဦး ကျဆုံးခဲ့သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ အရာရှိတဦးက “နအဖက တပ်တွေတိုးချထားတယ်။ ဒီခွင်မှာက ကေအန်အယ်လ်အေတပ်တွေ အပြင် နအဖရဲ့နယ်ခြားစောင့်တပ် အသွင်ပြောင်းတာကို လက်မခံတဲ့ ဒီကေဘီအေက တပ်တချို့ရှိတယ်။ အဲဒီတပ်တွေကလည်း နအဖကို ရင်ဆိုင်ဖို့ စစ်ရေးပြင်တာတွေရှိတယ်။ ဒီခွင်မှာက အချိန်မရွေး စစ်ဖြစ်မယ့် အနေအထားရှိတယ်” ဟု ပြောသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသား (၃၀၀) ကျော်သည် မကြာသေးမီရက်ပိုင်းမှ စတင်ကာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာကြကြောင်း၊ စစ်ပွဲများ ပြင်းထန်လာပါက အနည်းဆုံးဒုက္ခသည် (၁) သောင်းခန့် ထိုင်းဘက်သို့ ရောက်လာနိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူသားချင်းစာနာထောက်ထား အကူအညီပေးသည့် အဖွဲ့များက ပြောသည်။

အဆိုပါ ဝေါ်လေဒေသတွင် ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် နအဖကွပ်ကဲရေးဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရတပ်များ အခြေချလှုပ်ရှားကြသည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

Sunday, May 2, 2010

အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင် မင်းမူ - အပိုင်း ( ၂ )

ဆောင်းပါးရှင် - ဗိုလ်ရဲထက်

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ဒီလိုနဲ့ ကျနော်တို့တွေ တပ်ပြင်လေ့ကျင့်ခန်း သွားတော့လည်း ဒင်းက လိုက်ဒုက္ခပေးသေးတာ။ စခန်းချရင် ကြက်ဆူပင်နဲ့ လွတ်အောင်ချရတယ်။ “တဲ” ဆောက်တာတောင် အဲလို သတိထားရတယ်။ ကမြင်းမသားကို ရှောင်နေရတယ်။ ကျန်တာ တွေဆို ပြောမနေနဲ့တော့။ တော်တော်လည်း အံ့သြဖို့တော့ ကောင်းတယ်ဗျ။ ကျန်တဲ့နေရာတွေတော့ မသိဘူး။ ကျနော်တို့ သွားသမျှ နေရာတွေမှာ ကြက်ဆူတွေချည်းပဲ။ သနားစရာ ကောင်းတာက အဲဒီဘက်က စိုက်ပျိုးရေးလုပ်တဲ့ ရွာသူရွာသား တွေပဲ။ သူတို့ခမျာ ဒေသထွက်ကုန် သီးနှံလည်း မစိုက်ရ။ အားအားရှိ အဲဒီ ကြက်ဆူချည်း စိုက်နေရတာ။ တကယ်ကို သူတို့ စစ်အစိုးရ ပြောသလို လုပ်နိုင်ခဲ့ရင်တော့ အကျိုးရှိတယ်ပေါ့ဗျာ။ ခုတော့ အားလုံး မြင်ကြတဲ့အတိုင်းပဲ။ ဘယ်မှာလဲ ဇီဝဒီဇယ်။

အဲဒီ ဇီဝဒီဇယ်တော့ မသိဘူး။ လောလောဆယ် ကျနော်တို့ နိုင်ငံမှာ စက်သုံးဆီတွေကော ကိုယ့်နိုင်ငံက များများစားစား ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကော ဈေးတွေမြင့်လို့ အများစုက ၀ယ်မသုံးနိုင်ဘူး။ ဒီလို အခြေအနေမှာ ဒီကြက်ဆူကို စိုက်တော့ ပုံမှန်ပြင်ဦးလွင်ဘက်က ထွက်တဲ့ သီးနှံတွေလည်း အရင်လောက် အထွက်မများတော့ ၀ယ်လိုအားက များပြီး ရောင်းလိုအား ဖြစ်တဲ့ ကုန်ပစ္စည်းက နည်းသွားတယ်။ ဒီတော့ ဈေးတွေတက်တယ်။ ဒါ့အပြင် တကယ်စိုက်ပျိုးနေရတဲ့ တောင်သူတွေမှာလည်း အရင်လောက် မစိုက် နိုင်တော့ ရှုံးတယ်။ ဒီတော့ မိအေး (၂) ခါနာတင် မဟုတ်ဘူး။ (၃၊ ၄) ခါလောက်နာနေတာ။ နောက်ဆုံး ဘယ်သူတွေပဲ နစ်နာလဲ။ ဒီပြည်သူလူထုပဲ မဟုတ်လား။


ကြက်ဆူပင် တစ်ပင်ပုံ

ကြက်ဆူများ ဒုက္ခပေးလိုက်တာနော်… တနိုင်ငံလုံးကိုပဲ။ ကျနော်တို့ကိုပဲကြည့်။ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်နည်း ဗျူဟာတွေ လေ့လာနေရမယ့်အစား ကြက်ဆူကို သဲကြီးမဲကြီး စိုက်နေကြရတယ်။ ကျနော်ပြောသလိုပေါ့ဗျာ၊ ဖြစ်လာရင် တော့ အကျိုးရှိပါတယ်။ အခုတော့ ဘာမှဖြစ်မလာတာဘဲ။ ကျနော်တော့ ဒီလိုလုပ်ခဲ့ရတဲ့ အင်အားတွေ၊ အချိန်တွေကို အရမ်း နှမြောတယ်။ ဒါကထား။ ကျနော်တို့ ဒီလိုနဲ့ ဒုတိယနှစ် တစ်နှစ်လုံး ပင်ပန်းကြီးစွာ လုပ်ခဲ့ရတဲ့ ကြက်ဆူခင်း (ကြက်ဆူကုန်း) ကိုဗျာ၊ ကျနော်တို့ရဲ့ ခေါင်းရှောင်များက အာဆီယံ စက်ပစ်ကွင်း လုပ်မှာမို့တဲ့။ ကျနော်တို့ ခွင့်ပြန်နေတုန်း ပြန်ဖျက်ထားပြီး တပ်ခွဲလိုက်ကို ပြန်ပို့ထားတယ်။



လုပ်ရက်တယ်ဗျာ။ တစ်နှစ်လုံး ပင်ပင်ပန်းပန်း လုပ်ထားသမျှက ဘာမှကို မဟုတ်တော့ ဘူးလား။ ဒီလိုနဲ့များ ပြီးသွားမယ် ထင်လား။ မထင်လိုက်ပါနဲ့ဗျာ။ ဘယ်ကိုရွေ့တယ် ထင်တုန်း။ အနောက်ဖက်က အမှိုက်ကျင်း ရွာဘက်ကို ရွေ့လိုက်တယ်။ ဒီလိုရွေ့တော့မှ ပိုဆိုးသွားတယ်။ သွားရွေ့တဲ့ နေရာက သင်္ချိုင်းကုန်းဟောင်းကိုလေ။ တချို့နေရာတွေဆို တူးရင် အရိုးတွေ ပါထွက်လာတာ။ အဲဒီအချိန်မှာတော့ ကျနော်တို့က နောက်ဆုံးနှစ်ဆိုတော့ ကိုယ်တိုင်တော့ မလုပ်ရတော့ဘူး။ ကျနော်က ပထမနှစ်တာဝန်ခံ တပ်စု (၂) တပ်စုမှူးလေ။ (ကြုံတုန်းလေးကြွားတာ) ဒီတော့ ပထမနှစ်တွေ သွားရတဲ့ လူမှုဝန်ထမ်းနေရာ ကို ကြီးကြပ်ဖို့ လိုက်ရတယ်။

စာမေးပွဲအတွင်းတောင် လိုက်ဒုက္ခပေးတာဗျာ။ စာလည်း ကောင်းကောင်း မကျက်ရ။ တကယ်ကိုပါပဲ။ အင်း… ပြန်စဉ်းစား လိုက်တော့ အစိုးရရဲ့ ချမှတ်လိုက်တဲ့ ပေါ်လစီကို လိုက်ပါ အကောင်အထည်ဖေါ်ပေးရတဲ့ ကျနော်တို့ တပ်မတော်သားတွေနဲ့ ပြည်သူတွေမှာသာ အတိဒုက္ခ ရောက်ကြရတယ်။ တပ်မတော်သားတွေမှာလည်း ဒီကြက်ဆူကိုစိုက်ဖို့ လုပ်အားတွေ ပေးခဲ့ ရတယ်။ နိုင်ငံ့ဝန်ထမ်းတွေကော ပြည်သူလူထုကော။ ကဲ… အဲဒီတုန်းက လုပ်ခဲ့ကြရတဲ့ လုပ်အားရဲ့ အသီးအပွင့်တွေက ဘယ်မှာလဲ။ ဘာလဲ။

ကနေ့နိုင်ငံတော်မှာ ရင်ဆိုင်နေရတဲ့ စက်သုံးဆီ ပြဿနာကို ဖြေရှင်းပေးနိုင်ပြီလား။ သဘာဝဓါတ်ငွေ့ ပြဿနာကို ဖြေရှင်းပေးနိုင်လား။ နောက်ဆုံးတော့ ဘာဖြစ်လာလဲ။ သိတဲ့ အတိုင်းပဲလေ။ ဒီကိုယ့်ဘာသာကိုယ် တက်လုပ်တဲ့ အစိုးရရဲ့ ထုံးစံပေါ့။ ကောက်ရိုးမီးလို ခဏလောက်ပဲ “၀ုန်း” ဆိုပြီး တောက်လိုက်တာ၊ နောက်ကျတော့လဲ ဘာမှ မဟုတ်ခဲ့သလိုပဲ။ အကောင်အထည် ဖော်တယ်ဆိုရင် တကယ် သူများနိုင်ငံတွေမှာလို လက်တွေ့ အကျိုးရအောင် လုပ်တာလဲ မဟုတ်၊ အေးပေါ့လေ စွဲနေတဲ့ အကျင့်ဆိုး For Show အတွက်ပဲကိုး။ လက်တွေ့မှာကော အုပ်ချုပ်လာတဲ့ နှစ် ၂၀ ကျော်မှာ ဘာများ ထိထိရောက်ရောက် လုပ်ပေးနိုင်တာမှတ်လို့နော။ ဘန်းပြကောင်းရုံလောက်ကိုပဲ လိုက်လုပ်နေတာ။ လမ်းတွေ ဖောက်တယ်၊ လမ်းမိုင် ဘယ်လောက်ထိ တိုးချဲ့နိုင်ခဲ့တယ်၊ တံတားတွေ ဆောက်တယ်၊ တံတားအဆင်းပေါင်း ဘယ်လောက်ထိ ဆောက်နိုင်ခဲ့ပြီ။ ဟုတ်ပြီ အဲဒီရဲ့ရလဒ် ကုန်ဈေးနှုန်းတွေ ကျခဲ့ပါသလား။

ဆေးရုံတွေ ဘယ်နှစ်ရုံထိ တိုးချဲ့ဆောက်လုပ်နိုင်ခဲ့ပြီ။ ဟုတ်ကဲ့… ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် အာမခံချက် ပေးနိုင်ပါပြီလား။ ပြည်သူ့ဆေးရုံလား။ အသပြာဆေးရုံလား။ ငွေမှမရှိရင် ကျန်းမာရေး မကောင်းရဲရလောက်အောင် ဖြစ်နေတဲ့ ကျနော်တို့တိုင်းပြည်မှာ ဆေးရုံတွေ အသစ်ဆောက်နိုင်ဖို့က ပိုအရေးကြီးနေလား။ လူပြိန်းတောင် တွေးသိ ပါတယ်။

တက္ကသိုလ်ကျောင်းပေါင်း ဘယ်လောက်ထိ ဆောက်လုပ်နိုင်ခဲ့ပါတယ်၊ ဟုတ်ကဲ့… ဆောက်လုပ်မှုနဲ့အတူများ ပညာရေးစနစ် မြင့်မားလာခဲ့ပါသလား။ ပိုက်ဆံမရှိလို့ ကျောင်းမတက် နိုင်တဲ့ ကလေးတွေ ကျနော်တို့နိုင်ငံမှာ တောင်ပုံရာပုံပါ။ ကဲ… ဒါတွေထားတော့။ ကြက်ဆူကို မစိုက်မနေရ စိုက်ရမယ်ဆိုလို့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ကြက်ဆူပင်တွေကို ဘဏ္ဍာငွေသုံးပြီး ၀ယ်ခဲ့ကြရတယ်။ တပ်တွေမှာလည်း ထို့နည်းတူစွာပဲ။ တပ်ပိုင်ငွေတွေကို တကယ့်လက်တွေ့ အသုံးချရမယ့် မိမိတပ်မိသားစုတွေရဲ့ သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးရမယ့်အစား ဒီကြက်ဆူပင်တွေကို ၀ယ်ခဲ့ကြရတယ်။ ဒီလောက်ထိ ငွေအား လူအား သုံးခဲ့ကြရပြီး ဘာမှဖြစ်မလာတော့ ရင်နာတယ်။

အဲဒီအတွက် နောက်ဆုံး ရလဒ်က ဘာလဲဆိုရင် -

(၁) ဒီကြက်ဆူပင်တွေကို မိမိတို့ဌာနဆိုင်ရာ ငွေတွေထဲက ၀ယ်ခဲ့ကြရတဲ့အတွက် တကယ်အသုံးချကြရမယ့် မိမိတို့ဌာနဆိုင်ရာ လုပ်ငန်းတွေအတွက် သုံးဖို့ငွေတွေ ဆုံးရှုံးရတယ်။

(၂) ဌာနဆိုင်ရာ အလိုက်ကော ပြည်သူတွေအနေနဲ့ပါ အင်အားသုံးပြီး လုပ်ခဲ့ကြရတဲ့အတွက် အင်အားဆုံးရှုံးတယ်။

(၃) အဲဒီအပေါ်မှာ အာရုံစိုက်ပြီး လုပ်ခဲ့ကြရတဲ့အတွက် မိမိတို့ရဲ့ သက်ဆိုင်ရာလုပ်ငန်း အလိုက်ကို ပစ်ထားကြရလို့် ကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ရတယ်။

(၄) ကျနော်တို့ ဗိုလ်လောင်းတွေအနေနဲ့ ဆိုရင်တော့ နိုင်ငံတော်ကို အမှန်တကယ် အကျိုးပြုနိုင်မယ့် ပညာတွေကို လေ့လာနေကြရမယ့် အချိန်တွေ ဆုံးရှုံးခဲ့ရတယ်။

(၅) တပ်မတော်အနေနဲ့ကလည်း မရောင်ရာဆီလူး အကျိုးရှိမယ့် တပ်လုပ်ငန်းတွေ သက်သာချောင်ချိရေး ကိစ္စတွေမှာ အသုံးလျှော့ခဲ့ရတဲ့အတွက် နဂိုကမှ အဆင်မပြေတဲ့ တပ်မိသားစုများဟာ ပိုပြီး ဒုက္ခရောက်ခဲ့ကြရတဲ့အပြင် ကောင်းမွန်လှတဲ့ တပ်ရဲ့ ပေါ်လစီတွေထဲက စိုက်ရမဲ့ အိမ်သီးနှံ (၁၀) မျိုး (၁၀) ဘောင် အစား ဒီကြက်ဆူကိုသာ စိုက်နေ ရတဲ့အတွက် မီးဖိုချောင်ကိစ္စတွေမှာပါ ထိခိုက်နစ်နာရာ ရောက်ခဲ့တယ်။

တကယ်လို့သာ ဒီနေ့လို အခြေအနေမှာ စတင်ဆောင်ရွက်စဉ်က ပြောသလို အမှန်တကယ် ဆောင်ရွက်နိုင်ခဲ့မယ် ဆိုရင်တော့ ဒီဆုံးရှုံးမှု ဆိုတာ ဘာမှမဟုတ်တော့ပဲ ကြီးမားတဲ့ အောင်မြင်မှုအတွက် မှန်ကန်တဲ့ ရင်းနှီးမှုလို့ ပြောလို့ရပေမဲ့ ခုတော့ အများမြင်ကြတဲ့အတိုင်း ၄ နှစ် ကျော်ခဲ့ပါပြီ။ ဘယ်မှာလဲ ဇီဝဒီဇယ်။ လတ်တလော နိုင်ငံတော်မှာ ကြုံတွေ့နေ ရတာကတော့ဖြင့် စက်သုံးဆီ ဈေးနှုန်းမြင့်မားမှု၊ သဘာဝဓါတ်ငွေ့ ဈေးနှုန်းမြင့်မားမှုတွေကြောင့် ကိုယ့်တိုင်းပြည်ကထွက်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို ကိုယ့်ပြည်သူတွေ မသုံးစွဲရတာကတော့ဖြင့် နိုင်ငံတော်ရဲ့ စေတနာပေါ့နော်။ ဒီအစိုးရ တော်လို့ နေမှာပေါ့နော်။ အစိုးရစီမံကိန်းဝင် ကြက်ဆူပင်တွေကြောင့် နစ်နာမှုတွေ များလှတဲ့အပြင် လူဖြစ်ရှုံးတဲ့ တိုင်းပြည်ပါဆိုရင် ဘယ်သူငြင်းမလဲ။

ကဲ….စာဖတ် ပရိတ်သတ်ကြီးတို့ရေ…ဒါတွေကတော့ ကျနော်တို့ ဗိုလ်လောင်းတုန်းက နှစ်ပါးသွားခဲ့ရတဲ့ ကြက်ဆူကို ကျနော်သိသလောက်နဲ့ ဥာဏ်မှီသလောက် သုံးသပ်တာပါနော်။ စာဖတ် ပရိတ်သတ်ကြီးမှာတော့ဖြင့် ဒီ့ထက်ကို ကြီးမားတဲ့ (ကြက်ဆူနဲ့ ပတ်သက်လို့ပေါ့နော်) အတွေ့အကြုံတွေနဲ့ သင်တို့ရဲ့ ဉာဏ်နဲ့ဆို ဒီထက်ကို ပိုပြီး နစ်နာမှုတွေကို သိရှိကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒါကြောင့် ကျနော်သိထားတာလေးပေါ့လေ.… မှန်တယ် မှားတယ်တော့ ကျနော့်ထက်ကို အသိဉာဏ် ပိုမိုပြည့်ဝတဲ့ စာဖတ်ပရိတ်သတ်ကြီးက ပိုပြီးသိထားကြမှာပါ။ နောက် ကျနော် သိထားတာကတော့ “ အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင် မင်းမူတယ် ” ဆိုတာလေးပါပဲ။ သဘောကတော့ အင်္ဂါ၊ တနင်္လာ နှစ်ခုကို “ကြက်ဆူ” လို့ ခေါ်တဲ့ တနင်္လာ၊ အင်္ဂါနဲ့ ကတ်ကင်းရိုက်ပြီး ယတြာချေထားတယ်ဆိုပဲ။ ဟုတ်တယ် မဟုတ်တယ်ကတော့ စာဖတ် ပရိတ်သတ်များ စဉ်းစားကြပါကုန်။ အော်… ရူးလည်း ရူးပါပေ့ အာဏာရူးရယ်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

မြစ်ဆုံဗုံးကွဲအပြီး ရပ်ကွက်တချို့ ရွှေ့ပြောင်းခိုင်း

RFA | ပြီးခဲ့တဲ့လက မြစ်ကြီးနားအထက်ဖက် မြစ်ဆုံ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပတ်သက်ပြီး အနီးအနား တန်ဖရဲ ကျေးရွာက ရပ်ကွက်တချို့ကို အာဏာပိုင်တွေက ရွှေ့ပြောင်းခိုင်းနေသလို စစ်ဆေးမေးမြန်းတာတွေလည်း ပြုလုပ်နေတဲ့အတွက် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

တရုတ်ကုမ္ပဏီနှင့် ပူးတွဲပြီး မြစ်ဆုံရေကာတာစီမံကိန်း ဆောင်ရွက်နေသည့် Asia World ကုမ္ပဏီ ဆက်သွယ်ရေးရုံး အဆောက်အဦး ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲပြီး ပျက်စီးသွားပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)

တန်ဖရဲရပ်ကွက် စုစုပေါင်း ၆ ရပ်ကွက် ရှိတဲ့အထဲက ရပ်ကွက် (၁) နဲ့ (၂) ကို ဒီလမကုန်ခင်မှာ အတင်း ရွှေ့ပြောင်းခိုင်းနေကြောင်း ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝါက အာအက်ဖ်အေ ကို ပြောပြပါတယ်။

မြစ်ဆုံဗုံးကွဲမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တရားခံကို ခုချိန်အထိ မဖော်ထုတ်နိုင်သေးသလို ရှာဖွေ စစ်ဆေးတာတွေလည်း အခုအချိန်အထိ ဆက်လက်ရှိနေဆဲပဲလို့ ဦးအောင်ဝါက ဆက်ပြောပြပါတယ်။

ဦးအောင်ဝါ။ ။'ကေအိုင်အေမှာ စစ်မှုထမ်းနေတယ်လို့ သိတဲ့ မိသားစုတွေဆိုရင် သူတို့နဲ့ ဆက်စပ်တဲ့ မိသားစုတွေရဲ့ နေအိမ်ခြံဝင်းတွေကို ပေါက်ပြားနဲ့ တူးဆွပြီး ဗုံးရှာတယ်။ နောက်တခုက ဒီကနေ့မနက် ခပ်စောစော ၂ နာရီလောက်မှာ စစ်သား ၂ဝ ကနေ မြစ်ကြီးနား ဆက်သွယ်ရေးရုံးမှာ အဆင် ၄ဝ နှစ်နဲ့ ဘီတူး ၄၃ နှစ်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်'

ဗုံးကိစ္စနဲ့ ပတ်သက်လို့ မြစ်ကြီးနား၊ ဝိုင်းမော်ဒေသအပြင် အဲဒီမြစ်ဆုံမှာရှိတဲ့ တန်ဖရဲ ရွာသူရွာသားတွေ အဓိက အစစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီဗုံးဟာ ရွာသားတွေနဲ့ ဘာမှမဆိုင်ဘဲ အလုပ်ပျက် အကိုင်ပျက်နဲ့ အစစ်ဆေး ခံနေရတာကြောင့် ရွာသားတွေ အခက်အခဲဖြစ်နေတယ်လို့ တန်ဖရဲရွာသားတဦးက ပြောပါတယ်။

ရွာသားတဦး။ ။'ရွာသားတွေက ငါးမိုင်းတောင် မခွဲတတ်တဲ့လူတွေက ဘယ်လိုလုပ် ဒီလို ပတ်သက်လာမလဲ။ သူတို့ ပြောချက်အရဆိုရင် ဒါ တကယ့် High Tech အဆင့်မြင့်တယ်လို့ ပြောရမှာပေါ့။ အဲဒီတော့ ရွာသားတွေနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူး။ ရွာထဲက ပြောတဲ့လူတွေက သူတို့ပဲ ဖြစ်နိုင်တယ် ပြောတာပေါ့။ အများပြောတဲ့ အသံတွေပေါ့။ ရွာထဲက လက်လုပ်လက်စား များတယ်ပေါ့။ အလုပ်တွေလည်း ပျက်ကုန်ပြီ။ အခု ဘာမှ လုပ်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ ကိုယ့်ရဲ့တောင်ယာခုတ်တယ်။ ပြီးတော့ ဈေးရောင်းတာတို့၊ ရွေကျင်တာတို့။ အခု သူတို့အလုပ်တွေလည်း မသွားရဲဘူး။ ခဏခဏ ခေါ်ယူ စစ်ဆေးမေးမြန်းတယ်ဆိုတော့ ကြောက်သွားတာပေါ့'

စစ်ဆေးမေးမြန်းသူတွေဟာ ပါးရိုက်တာ၊ လက်သီးနဲ့ထိုးတာ သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တာတွေအထိ နောက်ပိုင်း လုပ်လာတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလက စလို့ ရန်ကုန်၊ ကော့ကရိတ်၊ ရှမ်းပြည် ၁ဝ၅ မိုင်၊ လွိုင်ကော်၊ ကျောက်တံခါး စတဲ့နေရာတွေမှာ ဗုံးတွေ ပေါက်ကွဲခဲ့ပေမယ့် ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာကို မြန်မာစစ်အစိုးရက အခုအချိန်အထိ ဖော်ထုတ်ကြေညာတာ မရှိသေးပါဘူး။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...