Friday, October 8, 2010

ဘင်္ဂလား ပင်လယ်အော် မုန်တိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေကို စတင်ဖြတ်ကျော် နေပြီ

(၈-၁၀-၂၀၁၀)ရက် နံနက်(၁၀း၁၀) နာရီအချိန် ထုတ်ပြန်ချက်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။


(၇-၁၀-၂၀၁၀)ရက်နေ့ ကတည်းကဖြစ်ပေါ်နေခဲ့တဲ့ မုန်တိုင်းငယ်ဟာ လွန်ခဲ့တဲ့ညက သိသိသာသာ အားကောင်း လာခဲခြင်းမရှိခဲ့ဘဲ ကြီးမားတဲ့ တိမ်တိုက်ကြီးတစ်ခုအနေနဲ့ အရှေ့မြောက်ဖက်ကို လျင်မြန်စွာဦးတည် ရွေ့လျားလာခဲ့ ပါတယ်။ (၈-၁၀-၂၀၁၀)ရက်ဒီကနေ့ မနက်မှာတော့ ဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စတင်ဖြတ်ကျော် နေပြီဖြစ်ပါတယ်။

မုန်တိုင်းကြောင့်ဖြစ်နေတဲ့ တိမ်အစုကြီးဟာ အရှေ့မြောက်ဖက်ကို ရွေ့နေပြီး နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဖြတ်သန်းသွား လိမ့်မယ်လို့ MCCW ကခန့်မှန်းပါတယ်။ ဒီလိုဖြတ်သန်းတဲ့အချိန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးရွာနိုင်ပါတယ်။ ဒေသအလိုက် မိုးကြီးမှုလည်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အထူးသတိပြုကြရမှာကတော့ ကုန်းမြင့်ဒေသတွေမှာ မြေပြိုကျမှုတွေနဲ့ တောင်ကြားဒေသတွေမှာ ရုတ်တရက် ရေကြီးမှုတွေဘဲဖြစ်ပါတယ်။ မုန်တိုင်းကျရောက်တာလောက် မကျယ်ပြန့်ပေမယ့် အတိုင်းအတာတစ်ခုအထိ အသေအပျောက် အပျက်အစီးရှိနိုင်လို့ သတိထားစေလိုပါတယ်။ ရွာသွန်းတဲ့ မိုးတွေဟာ ချင်းတွင်းနဲ့ မြစ်သာမြစ်တို့ရဲ့ရေဝေရေလဲဒေသတွေမှာ မိုးများနိုင်တာကြောင့် ချင်းတွင်းမြစ်ရေတွေ မြန်မြန်ဆန်ဆန် တက်လာနိုင်တာကိုလည်း သတိပြုစေလိုပါတယ်။ ရခိုင်ကမ်းရိုးတန်းဒေသနဲ့ ကမ်းလွန် ပင်လယ်ပြင် အတွက်ကတော့ လက်ရှိမုန်တိုင်းရဲ့ အင်အားဟာ မုန်တိုင်း ဒီရေကြီးကြီးမာမားမား တက်လောက်တဲ့ အင်အားမရှိလို့ မုန်တိုင်းဒီရေအန္တရာယ် ကတော့နည်းပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ မိုးတိမ်တောင်ကြိးတွေ ပါလာတာကြောင့် လေပြင်း တိုက်ခတ်တာတွေ၊ မိုးကြိုးပစ်တာတွေ၊ လေဆင်နှာမောင်း ကျရောက်တတ်တာတွေ၊ လှို်င်းကြီးတတ်တာတွေတော့ ကြုံတွေ့ ရနိုင်ပါတယ်။ မိုးရယ်၊လေရယ်၊လှိုင်းရယ်ကတော့တွေ့မှာ အသေအချာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်းနဲ့ကမ်းလွန် ပင်လယ်ပြင်သွား ငါးဖမ်းရေယာဉ်တွေ၊ ခရီးသွားရေယာဉ်တွေအနေနဲ့ အထူးဂရုပြု သွားလာကြဖို့ MCCW မှ အကြံပြုပါတယ်။

MCCW အနေနဲ့ အခုအောက်တိုဘာလထဲမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း(၂)ကြိမ်ခန့် အထိဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းဟာ ၂၀၁၀ ခုနှစ်အတွင်း ဒုတိယ မြောက်မုန်တိုင်းဖြစ်ပါတယ်။ (၇-၁၀-၂၀၁၀)ရက် ညပိုင်းက တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်နေခဲ့တဲ့ မုန်တိုင်းငယ် 14W ဟာ လွန်ခဲ့တဲ့ခြောက်နာရီ အတွင်းက မြောက်ဖက်သို့ မျောပါရွေ့လျားလာခဲ့ 18.2°N, 108.6°E ကိုရောက်လာပြီး၊ ဟိုင်နန်ကျွန်း ရဲ့အနောက် ဖက် ရေမိုင်(၂)မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ ဒီအပူပိုင်း မုန်တိုင်းဟာ အရှေ့ဖက်ဆီ ကို 2 knots နှုန်းနဲ့ တဖြည်းဖြည်း ဆက်လက်ရွေ့သွားမယ်လို့ USA,JTWC က ခန့်မှန်းထားပါတယ်။ မုန်တိုင်းအခြေအနေတွေကို MCCW က အချိန်နဲ့ တပြေးညီ ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာမည့်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်၌ စာရင်းအင်း လေ့လာမှုအရလည်းကောင်း၊ ပုံသဏ္ဍာန်တူနှစ်များ လေ့လာမှုအဖြေအရလည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများရှိနေသဖြင့် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများကို အချိန်နှင့် တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။


(Updated on 08:10.2010 at 10:30 MST)

source by : http://www.tunlwin.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 7, 2010

သတင်းထူးပါရင် ပြောပါ

သတင်းထူးပါရင် ပြောပါ
ပြောပါအုံး သတင်းထူး ပါရင်။
ဒီနေ့ ကြေးမုံ သတင်းစာမှာတော့ ဟောသလို တပုဒ် တွေ့ရတယ်။


စာမျက်နှာ ၃ ရောက်တာနဲ့ အဲဒီသတင်းကို ချက်ချင်း ဖတ်ဖြစ်အောင် ခေါင်းစည်းရဲ့ အခင်းအကျင်းကို ပြင်ဆင်ထားလေရဲ့။ သတင်းထူးလို့ နေမှာပေါ့။

ဘင်္ဂလားပင်လယ်အော် ဆိုတော့ ရော့ခ်ဂီတ သတင်းများလား။

လေဖိအားနည်း ဘာညာ ဖြစ်ပေါ် ဆိုတော့ ကောင်းတာပေါ့။ ဘာမှ မဖြစ်တာထက်စာရင် တခုခု ဖြစ်တာ ကောင်းတာပေါ့ လို့ စသဖြင့် တွေးမိတယ်။

သတင်းကလည်း တကြောင်းထဲ။ ၀ါကျ တကြောင်းထဲ။
ကြိုက်တယ်ဗျာ။ ဒါမျိုးသတင်းတွေ ဖတ်ချင်နေတာ။ ကျစ်လျစ်တယ်။ အချိန်ကုန် သက်သာတယ်။ အရေးအသား ပြတ်သားတယ်၊ ရဲရင့်တယ်။ သတင်းသမားတွေ ပြောတဲ့ ဘကုန်း ၆ လုံး မဟုတ်ရင်တောင် ၆ လုံး နီးပါး ပါတယ်။ ဘာဖြစ်တယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူက ပြောတယ် စသဖြင့်။

လေဖိအားနည်းရပ်ဝန်း ဆိုတာ ဘာလဲ။
အမ် - စာဖတ်သူတယောက် လုပ်နေပြီး ဒါလေးတောင် မသိဘူးလား။ မသိရင်လည်း မတတ်နိုင်ဘူး။ ကျနော်လည်း မသိတော့ မရှင်းပြတတ်ဘူးဗျာ။

ကဲ - သတင်းစာ နေ့စဉ်ကြည့်ရှုပါ၊
သတင်းထူးပါရင် ပြောပါ။ (သံနေသံထားဖြင့် အော်ဖတ်ရန်)

မနေ့က သတင်းစာ

မနေ့က သတင်းစာလည်း ထူးတာ တခုတော့ ပါတယ်။ မင်းတြားကြီးကို ထိုင်ကန်တော့ကြတဲ့ ဓာတ်ပုံပါ။
မင်းတြားကြီးကို သူ့လူတွေက ထိုင်ကန်တော့ရတယ် ဆိုတာ ကြားဖူးထားမှာပေါ့။ အပြင်မှာ လျှောက်ပြောနေတာတွေ မှန်တဲ့အကြောင်း သတင်းစာထဲ ဓာတ်ပုံနဲ့တကွ ကြော်ငြာတာ ထင်ပါရဲ့။


အောက်တိုဘာ ၃ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော် လေဆိပ်မှာ မြန်မာသံအမတ်၊ မြန်မာစစ်သံမှူးနဲ့ ၀န်ထမ်း ကြီးငယ်တို့ ဖူးမျှော်တာကို ခံယူနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်မှူးကြီး ကြိုင်ကြိုင်။
စက်ဝိုင်း ၀ိုင်းပြတာကတော့ အဆက်မပြတ် လက်အုပ်ချီနေတာကို သိစေချင်လို့ပါး)

ကဲ - သတင်းစာတွေ ဖတ်ကြပါ။ သတင်းထူး ပါရင် ပြောပါ။


source by :ဧရာဝတီဘလောဂ်

အပြည့်အစုံ ဖတ်ရန် ...

ရှမ်းပြည် မြောက်ပိုင်း၌ အစိုးရတပ်များ ထပ်မံတိုးချဲ့

သန်းထိုက်ဦး | ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ်ထားသော တပ်မဟာ ၁ ဒေသတွင် မြန်မာ စစ်အစိုးရတပ်များ အပြင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကိုပါ စစ်အရေးအရ ပူးတွဲလှုပ်ရှားရန် ထပ်မံ တိုးချဲ့ထားကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်း တန့်ယန်း ဒေသ အခြေစိုက် ဗိုလ်မွန် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့၊ စိန်ကျော့ အခြေစိုက် ပြည်သူ့ စစ်တပ်ဖွဲ့ ၀င်များနှင့် တချို့ ပြည်သူ့စစ်တပ်ဖွဲ့များကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ဒေသအနီးတ၀ိုက်တွင် ယခုလဆန်း ပိုင်းက ဆင့်ခေါ်ထားကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း( SSA -S) ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရ အနေဖြင့် တပ်မဟာ ၁ ဒေသကို တိုက်ခိုက်ရန်အတွက် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များကို ဆင့်ခေါ်ထားသကဲ့သို့ ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။ ယခု ဆင့်ခေါ်ထားသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များတွင် ယခင် SSA-N မှ ခွဲထွက်ခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သော လဆန်းပိုင်းတွင်လည်း ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေ စိုက်(စကခ) ၂ မှ တပ်ရင်းတချို့ကို တိုးချဲ့ချထားပြီးနောက် ပြည်သူ့စစ်တပ်များကို ထပ်မံတိုးချဲ့ထားခြင်း ဖြစ်သည်။

စစ်အစိုးရက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ခေါ်ယူခြင်းနှင့် ပတ်သက်၍ တပ်မဟာ ၁ နယ်မြေတွင် စစ်ဖြစ်လာပါက အချင်းချင်း ပြန်လည်တိုက်ခိုင်စေရန်အတွက် ဖြစ်နိုင်ကြောင်း စစ်ရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

သို့သော် စစ်အစိုးရက ပြည်သူ့စစ် တပ်ဖွဲ့များကို ဆင့်ခေါ်သည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိရ သေးပေ။

SSA-N ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖကလည်း ၎င်း ထိန်းချုပ်ထားသော ဒေသရှိ တပ်ဖွဲ့ဝင်များကို အဆင်သင့် ဖြစ်ရန် ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်းက တပ်လှန့်ထားသည်။ ယင်းတပ်တွင် တပ်အင်အား ၃၀၀၀ ခန့် ရှိကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရန်အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် နှစ်ဘက် စစ်ရေး တင်းမာနေခြင်း ဖြစ်သည်။

“အချိန်မရွေး ထပြီးပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ လွန်ခဲ့တဲ့ လတုန်းကလည်း နအဖ ဘက်ကနေ တပ်မဟာ ၁ ကို ၃ ကြိမ် အထိတောင် တိုက်ခိုက်ခဲ့ပြီးပြီ၊ ဆိုတော့ နအဖ တပ်တွေကလည်း အဲဒီတပ်မဟာ ၁ ကို တစုံတရာ တိုက်ခိုက်ဖို့ ဆောင် ရွက်နေတယ်လို့ သတင်းတွေ ကြားသိရပါတယ်”ဟု စိုင်းလောင်ဆိုင်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်း စစ်အစိုးရတပ်များနှင့် တိုက်ပွဲ ၃ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ ၀မ်ဟိုင်း ဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် ပြီးခဲ့သည့်လအတွင်း နအဖ တပ်အင်အားများ ဖြည့်ဆည်းထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်ကလည်း နအဖ တပ်၏ ခြေမြန်တပ်ရင်း(ခမရ) ၃၂၅ တပ်များ ယခုရက်ပိုင်းအတွင်း ထပ်မံ တိုးချဲ့လာသည့်အတွက် ယင်း ဒေသရှိ ရွာသားများကလည်း စစ်တပ်လုံခြုံရေး အတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုများ ရှိကြောင်း ပြောသည်။

“ရွာသားတွေ ၂၀၀ ကျော်တယ်၊ သူတို့ကို အဓမ္မလုပ်အားပေးခိုင်းတယ်၊ သစ်တွေ ၀ါးတွေ ခြုံတွေ ရှင်းခိုင်းတယ်၊ တဲတွေ ဆောက်ခိုင်းတယ်၊ ပြီးလို့ရှိရင် ကတုတ်ကျင်းတွေ တူးခိုင်တယ်”ဟု ၎င်းက ဆိုသည်။ အဓမ္မ လုပ်အားပေး ခိုင်းစေခံရသော ရွာသားများသည် မိုင်းရယ်မြို့နယ်အတွင်းရှိ ဒေသခံများဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

source by : ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

“ကျမတို့ မျိုးဆက် ရောက်လာပြီ”

ဧရာဝတီ | မဝေနှင်းပွင့်သုန်သည် လက်ရှိ တောင်ကြီးထောင်၌ အကျဉ်းချခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးမြအေး၏ သမီးကြီးဖြစ်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန် မြို့ရှိ တက္ကသိုလ် တခုတွင် နိုင်ငံရေးနှင့် လူမှုဗေဒဘာသာဖြင့် ဒုတိယနှစ်တွင် တက်ရောက် သင်ကြားလျက်ရှိသည်။ ၎င်းသည် ဖခင်ဖြစ်သူ ဦးမြအေး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသူ တဦးလည်း ဖြစ်သည်။ သူ၏ မိခင်နှင့် ညီမမှာ မြန်မာပြည်တွင် နေထိုင်လျက်ရှိသည်။

waihnin-pwint-thon-02

မဝေနှင်းပွင့်သုန်

အသက် ၂၁ ရှိပြီ ဖြစ်သော မဝေနှင်းပွင့်သုန်သည် လန်ဒန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တို့နှင့်လည်း ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်နေသူ တဦးဖြစ်သည်။ AI ၏ ဆက်သွယ် ပေးမှုဖြင့် မကြာသေးမီက လေဘာပါတီ ညီလာခံတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ စကားပြောခဲ့သည်။

မဝေနှင်းပွင့်သုန် လေဘာပါတီတွင် စကားပြောသည့် ရုပ်သံ မှတ်တမ်းမှာ အင်တာနက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေပြီး အများစုက ချီးကျူးကြသော်လည်း ဝေဖန်ပြောဆိုမှု အနည်းငယ်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် မဝေနှင်းပွင့်သုန်ကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ လေဘာပါတီရဲ့ ညီလာခံမှာ စကားပြောခွင့် ရတဲ့အတွက် ဘယ်လို အကျိုးအမြတ်တွေရခဲ့လဲ။ ဘယ်လို တုံ့ပြန်မှုတွေ ရခဲ့လဲ။

ဖြေ။ ။ အစက မျှော်မှန်းထားတာကတော့ ဒီလေဘာပါတီထဲကနေ လူတွေကနေ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ သိလာမယ်၊ ပိုပြီးတော့ လုပ်ချင်လာမယ်ဆိုတဲ့ စိတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီထက် ပိုပြီးကောင်းတဲ့တခု ကျမ ရတာကတော့ မြန်မာ အသိုင်းအ၀န်းထဲက လူငယ်တွေ အတော်များများက သူတို့အနေနဲ့ ကျမရဲ့ မိန့်ခွန်းကို ကြည့်ပြီးတဲ့ အခါမှာ သူတို့ တခုခု လုပ်ချင်လာတယ်၊ သူတို့ ဘယ်လို ပါဝင်လို့ရမလဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း လှုပ်ရှားမှု တခုခု လုပ်ချင်တယ် ဆိုပြီးတော့ မြန်မာလူငယ်တွေ ဆက်သွယ်လာတာ အများကြီးရှိတယ်။ အဲဒါတွေအတွက် ကျမ အရမ်း ၀မ်းသာအားရဖြစ်မိပါတယ်။

အမတ်တော်တော် များများနဲ့ စကားပြောရတဲ့ အခါမှာတော့ သူတို့ တခုခု လုပ်မယ်၊ မြန်မာ့နိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ဘာလုပ်လို့ရမလဲ၊ ဘယ်လိုပါဝင် လှုပ်ရှားလို့ရမလဲ၊ Burma Campagin နဲ့ တွေ့ရမလား၊ ဘယ်လို အဖွဲ့အစည်းမျိုးနဲ့ တွေ့ပြီး လှုပ်ရှားလို့ရမလဲ ဆိုပြီးတော့ လာမေးတာတွေ အများကြီးရှိတယ်။ အဲဒါတော့ အရမ်း ကောင်းတယ်လို့ မြင်မိပါတယ်။

မေး။ ။ လေဘာ အစိုးရတုန်းက မြန်မာပြည်အပေါ်ထားတဲ့ မူဝါဒနဲ့ လက်ရှိညွန့်ပေါင်း အစိုးရဲ့ မူဝါဒ ဘယ်ဟာက ပိုကောင်းမယ်လို့ထင်လဲ။

ဖြေ။ ။ အခုလောလောဆယ် အစိုးရပြောင်းလဲသွားတဲ့ နောက်ပိုင်းမှာ ဒီဘက်က အစိုးရကနေပြီးတော့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီးတော့ လေဘာလောက် ပွင့်ပွင့်လင်းလင်း စကားပြောတာတွေ မရှိသေးဘူး။ အထူးသဖြင့် Commission of Inquiry ဆိုလို့ရှိရင် ဒီဘက်က အစိုးရက ပွင့်ပွင့်လင်းလင်း မပြောသေးဘူး။ သူ့အနေနဲ့ ထောက်ခံတယ်ဆိုပြီးတော့ မပြောဘူး။ လေဘာ အစိုးရ ဆိုရင် သူ ထောက်တော့ ထောက်ခံတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး သူလုပ်မယ်၊ အဲဒီလိုမျိုး ပြောတာရှိတယ်။ အဲဒါကတော့ ကွာခြားတယ်လို့မြင်မိတယ်။ အထူးသဖြင့် လေဘာအစိုးရ ဆိုရင် ဂေါ်ဒွန် ဘရောင်းပေါ့။ သူက တကယ်ကို ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားတယ်။ မြန်မာ့အရေးနဲ့ ပတ်သက် ပြီးတော့ စိတ်လည်းဝင်စားတယ်။ ဒီ ဒေးဗစ်မီလီဘန်ဆိုလည်း အဲဒီလိုပဲ။ ဒါပေမယ့် ကျမတို့ ဒီဘက်က ညွန့်ပေါင်း အစိုးရသစ်ကတော့ အဲဒီလောက်အထိ လှုပ်ရှားမှု လုပ်တာမရှိဘူး။ စိတ်ဝင်စားမှုတော့ရှိပါတယ်။

ကျမတို့အနေနဲ့ ဒေးဗစ်ကင်မရွန်ရော၊ ပြီးတော့ မစ်ကရက်ကိုရော သူတို့ ဒီထက်ပိုပြီးတော့ ပါဝင်လှုပ်ရှားလာအောင်၊ ပြီးတော့ ဂေါ်ဒွန်ဘရောင်းလုပ်ခဲ့သလိုပဲ မြန်မာ့ အရေးကို စိတ်ဝင်တစားနဲ့သူတို့ပိုပြီး ဆောင်ရွက်လာအောင် လုပ်ဖို့ ကျမတို့ အနေနဲ့လည်း လိုအပ်သေးတယ်လို့ မြင်မိတယ်။

မေး။ ။ Burma Campagin UK ကို တချို့က စီးပွားရေးပိတ်ဆို့တာကို ထောက်ခံတာနဲ့ ပတ်သက်ပြီး အစွန်းရောက်တယ်လို့ ပြောတာတွေရှိတယ်။ အဲဒီအဖွဲ့နဲ့တွဲပြီး လက်တွဲ အလုပ်လုပ်နေတဲ့ သူတယောက်အနေနဲ့ အဲဒီဝေဖန်ချက်တွေကို ဘယ်လိုများ ထင်မြင်မိပါသလဲ။

ဖြေ။ ။ ကျမပြောချင်တာကတော့ ကိုယ် ဘယ်အဖွဲ့အစည်းနဲ့ပဲ အလုပ် လုပ်၊ အဓိက ကိုယ့်ခံယူချက်က ပိုအရေးကြီးတယ်လို့ မြင်မိတယ်။ ကျမရဲ့ ခံယူချက်က ဒီလူ့အခွင့်အရေး လှုပ်ရှားမှုကို လုပ်ချင်တယ်။ မြန်မာနိုင်ငံထဲမှာ လူငယ်တွေ အကုန်လုံးရော၊ ပြီးတဲ့ အခါကျတော့ လူသားတွေအကုန်လုံးကို လူ့အခွင့်အရေးဆိုတဲ့ အရာ ရှိစေချင်တယ်။ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ဆိုတာ ကျမတို့ နိုင်ငံထဲမှာ ရှိပြီးတော့ ပျော်ရွှင်စေချင်တယ်။ ကျမရဲ့ခံယူချက်က ကျမ ဒါလုပ်နေတယ်ဆိုတာ မြန်မာနိုင်ငံက လူသားတွေအတွက် လုပ်နေတာ ဆိုတော့ ကျမမှာ အဖွဲ့အစည်း အစွဲဆိုတဲ့ဟာ မရှိဘူး။ အချိန်တန်တဲ့ အခါကျရင် ကျမဟာ မြန်မာနိုင်ငံသားတွေအတွက် အမြဲတမ်း အဆင်သင့်ရှိနေမယ် ဆိုတဲ့ ခံယူချက်ရှိနေသရွေ့ ကျမ စိတ်သန့်တယ်လို့ မြင်မိတယ်။

မေး။ ။ ပြောသွားတဲ့ မိန့်ခွန်းမှာ UN ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဝေဖန်တာတွေရှိတယ်။ ဘာကြောင့် ဝေဖန်ခဲ့ တာလဲ ပြောပြပါလား။

ဖြေ။ ။ ကျမအဓိက ပြောချင်တာက နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွက် ကျမတို့ တောင်းဆို လာခဲ့တာ အချိန်ကြာလှပြီ။ အထူးသဖြင့် ကုလသမဂ္ဂကို တောင်းဆိုလာတာ ကြာလှပြီ။ ဒါပေမယ့် သူတို့ အနေနဲ့ ဒီကိစ္စကို ဘယ်တုန်းကမှ ထူးထူးခြားခြား ဆောင်ရွက်မှုဆိုတာ မရှိခဲ့ဘူး။

အမြဲတမ်း တခုခုဖြစ်တယ်ဆိုရင်၊ ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ထပ်ပြီးတော့ နေအိမ် အကျဉ်းကျခံ ရတာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာ ပိုပြီးတော့ ကိစ္စတွေ ဆိုးရွားလာတာပဲဖြစ်ဖြစ် ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်းက အမြဲတမ်း ပြောတယ်၊ သူ့အနေနဲ့ မြန်မာနိုင်ငံကိစ္စကို စိတ်ဝင်စားပါတယ်။ သူ အဲဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း စိုးရိမ်မကင်း ဖြစ်ရပါတယ်ဆိုတာ ကျမတို့ ခဏခဏကြားရတယ်။ အဲဒီလို ထုတ်ပြန်ချက်တွေလည်း ခဏခဏ ဖတ်ရတယ်။ သူ့အနေနဲ့ ထုတ်ပြန်ချက်ရဲ့နောက်မှာ သူတကယ် စိုးရိမ်တာတော့ ဟုတ်တယ်လေ။ ဒါပေမယ့် ဘာလုပ်မှာလဲ။

သူက ပြောတယ် နိုင်ငံရေး အကျဉ်းသားတွေကို လွတ်မြောက်ဖို့ လုပ်ပေးပါ၊ သူ တောင်းဆိုတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တကယ်လွတ်မြောက်လာအောင် သူ ဘာလုပ်လဲ။ အဲဒီလိုမျိုး သူ့ရဲ့ တကယ်ထိထိရောက်ရောက် လုပ်ဆောင်မှုကို လုံးဝ မမြင်ရသေးဘူး။ အဲဒါကြောင့် ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ အရမ်းကို စိတ်ပျက်မိတယ်။ အဲဒါကြောင့်လည်း ကျမပြောခဲ့တာပါ။

မေး။ ။ အခုကျင်းပမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အပေါ်ရော ဘယ်လိုသဘောထားလဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူများတွေကမေးတယ်၊ ဒီရွေးကောက်ပွဲကနေပြီးတော့ ဘာ မျှော်လင့်သလဲ ပေါ့။ ကျမက ပြောတယ်၊ ဘာမှ မမျှော်လင့်ဘူးလို့။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေက အကုန်လုံး သူတို့ ကျကျနန ဆွဲထားတာ။ ဒီစစ်အစိုးရကို တကယ့်ကို မြန်မာနိုင်ငံထဲမှာ သက်ဆိုးရှည်အောင် ဆွဲထားတဲ့ အခြေခံ ဥပဒေဆိုတော့ ရွေးကောက်ပွဲပြီးတာနဲ့ ပိုပြီးတော့ အခြေအနေတွေ ဆိုးလာဖို့ပဲ ရှိတယ်။

ကျမနှိုင်းယှဉ်လို့ရတာတခုကတော့ ဒီဗြိတိန်က ရွေးကောက်ပွဲတုန်းက အခွင့်အရေး တခု ရခဲ့တယ်။ ဒီနိုင်ငံက Conservative ပါတီက အမတ်တယောက်၊ သူတို့ ရွေးကောက်ပွဲ လှုပ်ရှားမှု စည်းရုံးရေး လုပ်တဲ့ အချိန်မှာ ကျမသူနဲ့သွားပြီးတော့ လိုက်ပါ ဆောင်ရွက်ခဲ့တယ်။ တအိမ်တက်၊ တအိမ်ဆင်းပြီး သူ လူတွေနဲ့ တွေ့တယ်၊ စကားပြောတယ်။ အဲဒီအခါကျတော့ လူတွေက သူ့ကိုမေးတယ်၊ မင်းကို ဘာလို့ ငါတို့ မဲပေးသင့်သလဲ၊ မင်းက ဘာကောင်းလို့ငါက မဲပေးရမလဲ၊ ပွင့်ပွင့်လင်းလင်းမေးတယ်။

သူတို့က ငါ လေဘာဘာတီကို မကြိုက်ဘူး။ ဘာကြောင့်လဲ ဆိုတော့၊ ဒါကြောင့်။ ငါ Conservative ပါတီကို မဲမပေးချင်ဘူး ဘာလို့လဲဆိုတော့၊ ဒါကြောင့်၊ အဲဒီလိုမျိုး ပွင့်ပွင့်လင်းလင်းပြောတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ အဲဒီလို ပြောပိုင်ခွင့်၊ အဲဒီလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပိုင်ခွင့် မရှိဘူး။ ငါ ဘာလို့ အစိုးရကို မဲပေးရမှာလဲလို့ ပြောတာနဲ့ ထောင်ထဲမှာ နှစ်ရှည်လများ ကျဖို့ဆိုတာပဲ ရှိတယ်လေ။ အဲဒီလိုမျိုး ကွာခြားချက်တွေ အများကြီးရှိတယ်။

ကျမတို့ အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့် မရှိဘူး။ ရွေးကောက်ပွဲ ဥပဒေကရော၊ အဲဒါတွေ အကုန်လုံးက နိုင်ငံရေးပါတီတွေ အကုန်လုံးကို ခြေချုပ် လက်ချုပ် ချထားတဲ့ ဥပဒေတွေ။ ကျမကတော့ ဒီရွေးကောက်ပွဲကနေ ဘာမှ မျှော်လင့်ချက်မရှိဘူး။

မေး။ ။ မြန်မာနိုင်ငံအရေးကို ဘာကြောင့် စိတ်ဝင်စားလာတာလဲ။

ဖြေ။ ။ မြန်မာနိုင်ငံရေးမှာ အဓိက စိတ်ဝင်စားတာက အဖေ့ကြောင့်ပါ။ ငယ်ငယ်လေး ကတည်းက အဖေက ထောင်ထဲမှာ ထောင်ကျခံရတာ၊ ပြီးတော့ အဖေက ငယ်ငယ်လေး ကတည်းက ကိုယ့်ကို နောက်နောက်ပြီး သင်ပေးတာရှိတယ်။ ကြီးရင် ဘာလုပ်မလဲ ဆိုရင် ပြန်ပြောရတာက ကြီးလာရင် ဒီမိုကရေစီလှုပ်ရှားမှု လုပ်မယ်၊ နိုင်ငံရေး လုပ်မယ် ဆိုတာမျိုး ဆိုတော့ အဲဒီကတည်းက ကိုယ့်မှာ ရှိတယ်။ ဒါပေမယ့် ဒီလောက်အထိ ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်မယ် ဆိုတာတော့ မမြင်ခဲ့ဘူး။

ဒါပေမယ့် ဒီနိုင်ငံရောက်လာတော့၊ အထူးသဖြင့် လူငယ်တွေ လူ့အခွင့်အရေးရှိတာမျိုးတွေ မြင်ရတဲ့ အခါကျတော့ ကျမအရမ်းကို စိတ်ထိခိုက်တယ်။ အထူးသဖြင့် ကလေးတွေ အတွက်ပေါ့။ ကျမရဲ့ ညီမလေး ဆိုလို့ရှိရင် သူ့အတွက် လူ့အခွင့်အရေး ဆိုတာဘာလဲ သူမသိဘူး။ မိသားစုနဲ့ စုံစုံလင်လင်နေခွင့် ဆိုတာလည်း မရှိဘူး။ ကျမဆို အင်္ဂလန်မှာ၊ အဖေဆိုတောင်ကြီးမှာ၊ ကျမတို့ မိသားစု တကွဲတပြားစီ။

အဲဒီလိုပဲ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ရဲ့ သမီးလေးဆိုရင် ၃ နှစ်ပဲရှိသေးတယ်။ သူ ပြောတဲ့စကားက ကျမကိုယ် ကျမပြန်ကြည့်ရသလိုပဲ။ သူပြောတဲ့စကားက သူနေ့တိုင်း ဘုရားမှာ ဆုတောင်းတာ မိသားစုနဲ့ ပြန်ပြီးတော့ နေချင်တယ် ဆိုတော့၊ လွန်ခဲ့တဲ့ ၁၈ နှစ် တုန်းက ကျမ အဲဒီလိုမျိုးပဲ ခံစားခဲ့ရတယ်။ အခုအချိန်ထိ အဲဒီ ကလေးတွေ ခံစားနေရတုန်းပဲ ဆိုတော့ အဲဒီကိစ္စက ကျမကို အရမ်းတွန်းအားပေးတယ်။ ကျမကို တခုခုလုပ်ဖို့ပေါ့နော်။ ကလေးတွေ အဲဒီလိုမျိုး ဖြစ်နေတာကို ကျမ မမြင်ချင်ဘူး။

မေး။ ။ ဦးမြအေးရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ရော ဘာတွေကြားထားသေးလဲ။

ဖြေ။ ။ အဖေက ကျန်းမာရေး ကုသမှုကတော့ အရမ်းလိုအပ်တယ်။ အထူးသဖြင့် နှလုံးရောဂါရှိတယ်၊ နှလုံးသွေးကြော ကျဉ်းတယ်ဆိုတဲ့ အခါကျတော့ အဲဒါနဲ့ ပတ်သက်ပြီး သူတို့တွေ ဆေးစစ်ဖို့နဲ့၊ နှလုံးရောဂါ အထူးကုတွေနဲ့တွေ့ဖို့က အရမ်း လိုအပ်တယ်။ နှလုံးသွေးကြော ကျဉ်းတယ်ဆိုတာ ဘယ်လောက်အထိ အခြေအနေ ဆိုးရွားလဲဆိုတာ ကျမတို့တော့ မသိဘူး။ အချိန်မရွေး တခုခု ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်။ အဲဒါကိုတော့ ကျမတို့က အမြဲတမ်းကြောက်နေရတယ်။ အခုအချိန်ထိ အဖေက နှလုံးရောဂါ ဆရာဝန်နဲ့လည်း မတွေ့ရသေးဘူး၊ သူ့အတွက် နှလုံးရောဂါနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး ကုသမှုတွေ ပေးတာလည်း မရှိသေးဘူးဆိုတော့ နေ့တိုင်းတော့ စိုးရိမ်နေရတယ်။ ဘာဖြစ်သွားမလဲ ဆိုပြီးတော့ပေါ့နော်။ နှလုံးရောဂါ ရှိတဲ့သူဆိုတော့ အချိန်မရွေး တခုခုဖြစ်နိုင်တယ်လေ။

မေး။ ။ အခုဆိုရင် ဝေနှင်းပွင့်သုန်တို့နဲ့ သက်တူရွယ်တူလို့ပြောလို့ရမယ့်သူတွေဟာ သူတို့ စိတ်ဝင်စားတဲ့ အရာတခုကို လေ့လာ သင်ယူနေရမယ့် အချိန်မှာ မတရား ထောင်ဒဏ်ချမှတ်ခံနေရတယ်။ အဲဒီလို ကိုယ်နဲ့ သက်တူရွယ်တူတွေ၊ ထောင်ကျနေသူတွေ အတွက် ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ကျမပြောချင်တာကတော့ သူတို့နဲ့ ကျမနဲ့ဆိုတာက ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ မိုးနဲ့မြေလို ကွာခြားပါတယ်။ ကျမ ဒီနိုင်ငံမှာ လုပ်နေတယ်ဆိုတာ လွတ်လပ်မှုရှိတယ်၊ ကျမအနေနဲ့ ဘာအန္တရာယ်မှ မရှိဘူး။ ကျမမှာ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုဆိုတာ ဘာမှမရှိဘူး။ ဒါပေမယ့် သူတို့အနေနဲ့ အများကြီးရှိတယ်။ ထောင်ကျခံရမယ်ဆိုတာ သူတို့သိတယ်။ သူတို့က အရမ်းကို ရဲရင့်ပါတယ်။ အဲဒီလိုမျိုး ဆုံးဖြတ်ချက်ချရဲတဲ့သူတွေနဲ့ ကျမနဲ့ ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ ဒါပေမယ့် ကျမ မြင်မိတာကတော့ ဒီလူ့အခွင့်အရေး လှုပ်ရှားမှု၊ မြန်မာ့အရေး လှုပ်ရှားမှုဆိုတာကတော့ လူတိုင်းနဲ့ ဆိုင်တယ်လေ။ အခုဆိုရင် ကျမတို့ရဲ့ အရှေ့မှာ ဦးဝင်းတင်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကျမတို့ အဖေတို့ သူတို့ မျိုးဆက်အရသူတို့ တာဝန် ကျေအောင် လုပ်ခဲ့ပြီးသွားပြီ။

ကျမတို့ မျိုးဆက်ရောက်လာပြီဆိုတော့ ကျမတို့ တာဝန်ကျေအောင် ကျမတို့ လုပ်ရမယ့် အချိန်ရောက်လာပြီ။ အဲဒါကြောင့် ကျမတို့လူငယ်တွေ ထွက်ပြီးတော့ လုပ်တာလို့လည်း မြင်တယ်။ တာဝန်ကျေအောင်၊ ကမ္ဘာကို ပြောအောင် ကျမတို့ လူငယ်တွေ တာဝန်ထပ်ပြီး ထမ်းဆောင်နေပါပြီ ဆိုတာမျိုး ပြောချင်လို့၊ ပြီးရင် ကိုယ့်နိုင်ငံကို တခုခုလုပ်ပေးချင်လို့ လုပ်တာလို့လည်း မြင်မိတယ်။

မေး။ ။ ဝေနှင်းပွင့်သုန်အနေနဲ့ ဘန်ဂျီ ခုန်မယ်ဆိုတာလည်း ကြားတယ်။ အဲဒါ ဘယ်နေ့၊ ဘယ်မှာ ခုန်မှာလဲ။ ဘာကြောင့် ခုန်ချင်ရတာလဲ။

ဖြေ။ ။ အောက်တိုဘာ ၁၆ ရက်နေ့ စနေနေ့မှာ ခုန်မှာပါ။ အဲဒါက အိုတူး အရီနာလို့ခေါ်တယ်။ ဒီမှာ စတိတ်ရှိုးတွေ၊ ပွဲလမ်းသဘင်တွေ လုပ်တဲ့နေရာမှာပေါ့။ အဲဒီ အိုတူး အရီနာရဲ့ အပြင်မှာ ခုန်မှာ။ ကျမက ရိုလာ ကိုစတာ စီးရတာကို ကြိုက်တယ်။ ဒါပေမယ့် ဘန်ဂျီကတော့ တခါမှ မခုန်ဖူးဘူး။ ရုပ်ရှင်မှာ တွေ့တဲ့ အခါကျတော့ ကိုယ်က လုပ်ချင်တယ်။ အဲဒီလိုမျိုး ထူးထူးခြားခြား။ နောက်တော့ ပြန်စဉ်းစားကြည့်တဲ့ အခါကျတော့ နယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို အရမ်းအကူအညီ ပေးချင်တယ်။ သူတို့မှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတယ်။ စားစရာ သောက်စရာ ပိုက်ဆံ အဲဒီလောက် မရှိဘူး။ ပြီးတော့ ဆေးဝါးကုသမှုအတွက်လည်း ပိုက်ဆံ လုံလုံလောက်လောက် မရှိဘူးပေါ့။ အဲဒီအခါကျတော့ ကျမ သူတို့ကို အရမ်း ကူညီချင်တယ်။ ကျမအနေနဲ့ ပိုက်ဆံ စုပြီး လှူဖို့ဆိုရင်လည်း အဲဒီလောက် အများကြီး တတ်နိုင်မှာ မဟုတ်ဘူး။ ဆိုတော့ ကျမ ဒီ Burma Campagin နဲ့ အဲဒီလိုမျိုး ရန်ပုံငွေ ရှာဖွေရေး လုပ်မယ်ဆိုပြီးပေါ့။ အကူအညီ ရတဲ့ အခါကျတော့ ပိုပြီး သူတို့ကို ကူညီလို့ရမယ်ဆိုတာ မြင်မိလို့ အဲဒီလိုမျိုး လုပ်မိတာ။

မေး။ ။ တချို့က ဘန်ဂျီခုန်တယ်ဆိုတာ အပျော်သဘောအနေနဲ့ ခုန်ကြတာပဲများတယ်လေ၊ အခု ဝေနှင်းပွင့်သုန်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ခုန်တယ်ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီပေးချင်ရုံ သက်သက်ပဲလား တခြား ဘာအကြောင်းတွေ ရှိသေးလဲ။

ဖြေ။ ။ ကျမပြောချင်တာက ဒီနိုင်ငံက လူငယ်တွေလည်း ပါတယ်။ လူငယ်ဆိုတာ ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေတင် မဟုတ်ဘူး။ လူငယ်တွေအကုန်လုံးပေါ့။ ဘာလို့လဲ ဆိုတော့ သူတို့က သိပ်မသိဘူး။ လူ့အခွင့်အရေး ဆိုတာ ရနေပေမယ့်လည်း ရနေမှန်းကို မသိဘူး။ ကျမက လူတိုင်းကို ပြောချင်တာက ဒီနိုင်ငံမှာ လူ့အခွင့်အရေး ဆိုတာရှိတယ်။ လွတ်လပ်မှုဆိုတာရှိတဲ့ အခါကျတော့ ဒီလိုမျိုး ဘယ်သူမှ ဂရုမစိုက်ဘဲနဲ့ အပျော်သဘော ဟေးလား ၀ါးလားလုပ်တဲ့ အရာတခုကို ကိုယ့်အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ အရာ၊ ပိုပြီးတော့ လူတွေကို ကူညီလို့ ရတဲ့ အရာတခုလိုမျိုး ပြောင်းချင်ရင် ပြောင်းလို့ရတယ်၊ ကိုယ့်မှာ ပြောင်းပိုင်ခွင့်ရှိတယ် ဆိုတာမျိုးကို ကျမ ပြချင်တာ။ ။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

မုန်တိုင်း သတင်း

မုန်တိုင်း သတင်း (၇-၁၀-၂၀၁၀ ရက်နေ့ နံနက်(၀၉) နာရီ (၁၅) မိနစ် အချိန် ထုတ်ပြန်ချက်)

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

တောင်တရုတ် ပင်လယ်ပြင်မှာ ယမန်နေ့ (၄-၁၀-၂၀၁၀)ရက် နေ့လည်ပိုင်းက စတင် ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်းငယ် 14W ဟာ (၇-၁၀-၂၀၁၀)မနေ့ ည သန်းကောင်ယံ အချိန် တိုင်းထွာချက်များ အရ သိသိသာသာ အားကောင်း လာခြင်း မရှိဘဲ မြောက်ဖက် အရပ်သို့ ဆက်လက် ရွေ့လျား လာခဲ့ရာ (၆-၁၀-၂၀၁၀) ည သန်းကောင်ယံ အချိန်မှာ 20.2°N, 110.2°E မှာ ဗဟို ပြုနေပြီး၊ တရုတ် နိုင်ငံ ဟောင်ကောင် ကျွန်းရဲ့ အနောက်တောင် ယွန်းယွန်း ရေမိုင်၂၆၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟို ပြုနေပါတယ်။ မုန်တိုင်းငယ်ဟာ အရှေ့ဖက်ဆီသို့ 2 knots နှုန်းနဲက ဖြည်းဖြည်း ဆက်လက် ရွေ့လျား သွားမယ်လို့ JTWC(USA) က ခန့်မှန်း ထားပါတယ်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ နိုင်ငံတွင် ရန်ကုန်မြို့အပါအ၀င် နေရာ အချို့တို့တွင် ယနေ့ ညနေပိုင်းက မိုးအသင့်တင့် ရွာသွန်းခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော် အတွင်းတွင်လည်း တိမ်ထိပ် အပူချိန် - 60° C, -70°C ရှိသော မိုးတိမ် တောင်ကြီးများ ပိုမို ဖြစ်ထွန်း လာနေသဖြင့် လေထု မငြိမ်မသက်ဖြစ်မှု တိုးလာခဲ့ကြောင်း တွေ့ရပါသည်။ (၅-၁၀-၂၀၁၀) ရက်နေ့ မှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ လေဖိ အားနည်း ရပ်ဝန်းတစ်ခု စတင် ဖြစ်ပွားလာခဲ့ပါတယ်။ (၆-၁၀-၂၀၁၀)ရက်နေ့မှာ အဲဒီ လေဖိအားနည်း ရပ်ဝန်းနဲ့ ဆက်စပ်ပြီး ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းကနေ မြန်မာ နိုင်ငံ မြောက်ပိုင်းကို တိုးဝင်နေတဲ့ တိမ်စွယ်တန်း (Plume Spiral Cloud) တွေ တိုးဝင် နေခဲ့ပါတယ်။ ဒီတိမ်စွယ်တန်းကြောင့် (၅-၁၀-၂၀၁၀)ရက်ညနေပိုင်းမှာ မြန်မာနိုင်ငံ ဒေသ အတော်များများမှာ မိုးတွေ ရွာခဲ့ပါတယ်။ လေတွေလည်း တိုက်ခတ် ခဲ့တယ်။

အမှန်မှာတော့ တိမ်စွယ်တန်း အတွင်းမှာ တိမ်အစုကြီး နှစ်ခု ရှိနေပြီး၊ ရှေ့ဖက်က တိမ်စုကြီးက မြန်မာနိုင်ငံ မြောက်ပိုင်းကို တိုးဝင် သွားခဲ့ပြီး၊ ခရုပတါ တိမ်တန်းတွေကို မြစ်ဝကျွန်းပေါ် ဒေသကို ဖြတ်သန်း သွားခဲ့တာ ဖြစ်ပါတယ်။ (၇-၁၀-၂၀၁၀) ရက်နေ့ မနက်မှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ ရှိတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမို အားကောင်း လာခဲ့ပြီး အိန္ဒိယနဲ့ ထိုင်း မိုးလေ၀သ ဌာနများကတော့ နောက်(၂၄)နာရီအတွင်း သိသိသာသာ ပိုမို အားကောင်း လာလိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။

MCCW အနေနဲ့ အောက်တိုဘာလ အတွင်း ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း(၂)ကြိမ်အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ တိမ်စွယ်တန်းတွေရဲ့ အနေအထားအရ အပြင်၊ ဒီလို မိုးလွန်ကာလတွေမျာ မုန်တိုင်းတွေဟာ အရှေ့ မြောက်ဖက်ကိုဘဲ ရွေ့တတ်လို့ မြန်မာနိုင်ငံ အနေနဲ့ သတိမပြတ် စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။

Check detail in
http://www.tunlwin.com/latestdetail.php?myanmar=42

source by : http://www.tunlwin.com

အပြည့်အစုံ ဖတ်ရန် ...

နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ တပ်မှထွက်ပြေး

ရဲရင့် | ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် သွားရောက်ပူးပေါင်းမည့် ကရင်ပြည်နယ်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို လက်ဦးမှုယူ၍ သုတ်သင်ရန်နှင့် ၎င်းတို့သွားရောက်သည့် အဓိက နယ်စပ်လမ်းကြောများကို ပိတ်ဆို့ထားရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က အမိန့်ပေးထားသည်ဟု နယ်ခြားစောင့်တပ်အရာရှိတဦးက ပြောသည်။

၎င်းက “ဒီကေဘီအေ ကနေ ကရင် နယ်ခြားစောင့်တပ် အသွင် ပြောင်းထားတဲ့ အထဲက တပ်ဖွဲ့ဝင် (၁၀၀)ကျော်ဟာ အသွင်ပြောင်းပြီးတာနဲ့ တလကျော် ကာလ အတွင်းမှာ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက် ဗိုလ်နှုတ်ခမ်းမွှေး တပ်ဘက်ကို လက်နက်တွေနဲ့အတူ သွား ပူးပေါင်းတာတွေကို ထိန်းချုပ်ဖို့ အတွက် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်း က အောက်ခြေ တပ်မှူးတွေကို အမိန့်ပေးထားတယ်” ဟု ပြောသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည် နအဖစစ်တပ်၏ ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် မနေလို၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇)၊ တပ်မဟာ (၆) နှင့် ခွဲထွက် ဒီကေဘီအေတပ်မဟာ (၅) စသည့်တပ်များနှင့် လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု တပ်ဖွဲ့ဝင်များက ပြောသည်။

ကေအန်ယူ လက်အောက်ခံ ကေအန်အယ်လ်အေ တပ်မဟာ (၇) တွင် လာရောက်ပူးပေါင်းသည့် လှိုင်းဘွဲ့အခြေစိုက် နယ်ခြားစောင့်တပ်မှ အရာရှိတဦးက “လွန်ခဲ့တဲ့သြဂုတ်လ (၁၈) ရက်နေ့က ဒီကေဘီအေကို နယ်ခြားစောင့်တပ်အဖြစ် စပြီးပြောင်းခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျနော်တို့အားလုံးဟာ နအဖလက်အောက်ခံ တပ်ဖွဲ့ဝင်တွေအဖြစ် သစ္စာခံကြရတယ်။ ကရင်အမျိုးသားအလံတော်နဲ့ အဆောင်အယောင်တွေ ဘာတခုမှ အသုံးပြုခွင့်မရှိတော့ဘူး။ ဘာလုပ်ပိုင်ခွင့်မှလည်း မရှိတော့ဘူး။ ဒါကြောင့် ဒီကိုပြန်လာတာပါ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူများအနက် လိုက်လံဖမ်းဆီးရမိသူ (၁၀) ဦးခန့်ကိုလည်း ဖမ်းဆီးမိသည့် တောထဲ၌ပင် လက်နက်များကိုသိမ်းကာ သတ်ပစ်လိုက်သည့်ဖြစ်ရပ်များ လှိုင်းဘွဲ့နှင့်မြ၀တီမြို့နယ်တို့တွင် ယခင်လအတွင်း၌ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ လာရောက်ပူးပေါင်းသူ (၁၀၀) ခန့်သည် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအတွက် နအဖ က တပ်ဆင်ပေးသည့် လက်နက်ငယ်များနှင့် အခြားလက်နက်ကြီးအချို့ အပါအ၀င် လက်နက်အရေအတွက် (၁၀၀) ကျော်ပါရှိသည်ဟု ကေအန်အယ်လ်အေ တပ်မှူးတဦးက ပြောသည်။

လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက်သည့် နယ်ခြားစောင့် တပ်ရင်းမှူးတဦးက ကေအန်အယ်အေ တပ်မဟာ (၇) ဒေသတွင် ရောက်ရှိနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်းပေးရန် တပ်မဟာ (၇) ၏ အဆင့်မြင့်တပ်မှူးများထံ ဆက်သွယ်ခဲ့သော်လည်း ကေအန်အယ်လ်အေမှ ငြင်းဆန်ခဲ့သည်ဟု သိရသည်။

ကေအန်ယူမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးစောလှငွေက “ပြန်လာတဲ့လူတွေကို ကောင်းမွန်စွာလက်ခံတယ်။ သူတို့ဆန္ဒအတိုင်း ဖြစ်ချင်တာကို ဦးစားပေးတယ်။ အများစုကတော့ အပြင်မှာပဲ သာမန်အရပ်သားအနေနဲ့ နေကြတာများတယ်။ သူတို့ယုံကြည်ချက်နဲ့ သူတို့လာတာ ဘာမှပြန်ပို့စရာ အကြောင်းမရှိဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒီကေဘီအေအဖွဲ့ကို နအဖက ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့မှ စတင်ကာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့သည်။

source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

ကုလသမဂ္ဂမှာ ဦးဉာဏ်ဝင်း မှားယွင်းပြောဆို

မျိုးဝင်းဇော် | ပြီးခဲ့သည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့၌ ကျင်းပသည့် (၆၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက လွှတ်တော်နေရာ (၁,၁၇၁) နေရာ ရှိသည်ဟု မှားယွင်းပြောဆိုခဲ့မှုအပေါ် ပြည်တွင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် သတင်းဂျာနယ် အယ်ဒီတာများ အံ့သြနေကြကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) ရပ်ကွက် မဲရုံတွင် ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက်နေ့၌ ကျင်းပသည့် သရုပ်ပြ မဲပေးပွဲ ရွေးကောက်ပွဲ တာဝန်ရှိသူတဦးက “တပြည်လုံးမှာ မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာရှိပါတယ်။ အဲဒါ သတင်းစာကနေ အတိအလင်း ကြေညာထားပြီးသားပါ။ လွှတ်တော်နေရာ (၁,၁၆၃) နေရာကို ဆိုလိုတာပါ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဘာကြောင့် (၁,၁၇၁) နေရာလို့ ပြောဆိုသလဲ ကျနော်တို့ မသိပါဘူး” ဟု ပြောသည်။

ပြည်တွင်းသတင်းအယ်ဒီတာ တဦးကလည်း “ဂျာနယ်တွေ အားလုံးမှာရော၊ အစိုးရ ဝါဒဖြန့် ဆောင်းပါးတွေမှာပါ မဲဆန္ဒနယ် (၁,၁၆၃) ဆိုပြီး ရေးနေကြတယ်။ ဒါက မှားစရာလည်း ဘာအကြောင်းမှ မရှိဘူး။ ဦးဉာဏ်ဝင်းက ဘာကြောင့် ကုလသမဂ္ဂမှာ (၁,၁၇၁) နေရာလို့ ပြောရလဲ။ အခု သူ့မိန့်ခွန်းအတိုင်း (၁,၁၇၁) နေရာဆိုပြီး ဂျာနယ်တွေမှာ ဖော်ပြတော့ စိစစ်ရေးက ခွင့်ပြုတယ်။ သတင်းတွေ ဆောင်းပါးတွေမှာ အမှန်အတိုင်း (၁,၁၆၃) နေရာဆိုလည်း ခွင့်ပြုထားတယ်။ အစိုးရဟာ လုပ်ချင်တာ လုပ်နေတဲ့ သဘောပဲ” ဟု ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သည် ပြီးခဲ့သည့် သြဂုတ်လ (၁၁) ရက်၌ လွှတ်တော် (၃) ရပ်အတွက် မဲဆန္ဒနယ်မြေများကို သတ်မှတ်ကြေညာခဲ့ပြီး ကြေညာချက် အပြည့်အစုံကို သြဂုတ် (၁၂-၁၃-၁၄-၁၅) ရက် သတင်းစာတို့တွင် (၄) ရက်ဆက်တိုက် ဖော်ပြခဲ့သည်။

အဆိုပါ ဖော်ပြချက်များအရ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၃၃ဝ)၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်မြေပေါင်း (၁၆၈)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် မဲဆန္ဒနယ်မြေပေါင်း (၆၃၆) နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် လူမျိုးစု မဲဆန္ဒနယ်မြေပေါင်း (၂၉) နေရာ၊ စုစုပေါင်း မဲဆန္ဒနယ်မြေပေါင်း (၁,၁၆၃) နေရာအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတဦးက “ဝန်ကြီးဦးဉာဏ်ဝင်းက မဲဆန္ဒနယ်မြေ စာရင်းတွေ တရားဝင် မထုတ်ပြန်ခင်က ရရှိထားတဲ့စာရင်းကို အသုံးပြုမိတာ ဖြစ်နိုင်တယ်။ ဝတိုင်းဒေသအတွင်းက မြို့နယ် (၄) ခုရဲ့ ရှမ်းပြည်နယ် လွှတ်တော်အတွက် (၈) နေရာရှိပြီး အဲဒီ နေရာတွေပါ ပါမယ်ဆိုရင် မဲဆန္ဒနယ် စုစုပေါင်း (၁,၁၇၁) နေရာရှိမှာဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်း စစ်အစိုးရက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပေါ်ပေါက်မလာအောင် အဲဒီ မဲဆန္ဒနယ် (၈) နေရာကို မထည့်သွင်းတော့ဘဲ မဲဆန္ဒနယ်မြေစာရင်း ထုတ်ပြန်ခဲ့တယ်” ဟု သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ မဲဆန္ဒနယ်ကွဲပြားမှုနှင့် ပတ်သက်၍ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ မေးမြန်းကြည့်ရာ သတင်းစာပါ ထုတ်ပြန်ကြေငြာချက်များ အတိုင်းသာ ဖြစ်ပါသည်ဟု ပြောဆိုပြီး ကိန်းဂဏန်း အမှန်ကိုမူ ပြောဆိုဖြေကြားခြင်း မပြုပေ။

စစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ယခုကဲ့သို့ပင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စများကို ထုတ်ပြန်ပြောဆို ရှင်းလင်း ဖြေကြားခြင်း မပြုသည့်အတွက် ကော်မရှင် အဆင့်ဆင့်၊ နိုင်ငံရေးပါတီများနှင့် သတင်းသမားများပါ အမြဲတစေ အခက်အခဲကြုံကြရကြောင်း သိရသည်။

source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 6, 2010

တပြည်လုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီ ဖွဲ့စည်းရေး နှိုးဆော်ချက်

General Boycott Committee%2Epdf

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 5, 2010

ကြံ့ဖွံ့ကို ယုံမိ၍ စုံလုံးကန်း

ရန်ပိုင်| မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က မဲဆွယ်စည်းရုံးသည့် အနေဖြင့် မျက်စိ ခွဲစိတ်ကုသမှု အခမဲ့ ပြုလုပ်ပေးရာ မျက်စိဝေဒနာရှင် ၂၀ ခန့် မျက်စိ လုံးဝကွယ် သွားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်များတွင် လိုက်လံ မဲဆွယ်စည်းရုံးနေသော ကြံ့ဖွံ့ပါတီမှ အမျိုးသမီးများ။ ကြံ့ဖွံ့ပါတီသည် ဆေးကုသပေးခြင်း၊ လမ်းခင်းပေးခြင်း အပါအဝင် နည်းမျိုးစုံသုံး၍ မဲဆွယ်လျက်ရှိသည်။ (ဓာတ်ပုံ - Reutres)


ကြံ့ဖွံ့ပါတီက မဲဆွယ်စည်းရုံးသည့် အနေဖြင့် ရေစကြိုမြို့နယ်တွင် နှစ်ကြိမ်တိုင်တိုင် မျက်စိ ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့ရာ ပထမ တကြိမ်တွင် အောင်မြင်စွာ ကုသပေးနိုင် သော်လည်း ဒုတိယအကြိမ် ခွဲစိတ်အပြီးတွင် ထိုကဲ့သို့ မျက်စိကွယ်သည့် အဖြစ်အပျက်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု မြို့ခံ ဆရာဝန်တဦးက ဧရာဝတီသို့ ပြောသည်။

“ဆေးပညာ အရတော့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပေါ့ဆမှုကြောင့် ဗိုင်းရပ်စ် ၀င်တယ်လို့ ထင်တယ်။ မျက်လုံးတွေ ရောင်ပြီးတော့ မမြင်ရတော့တာ” ဟု အဆိုပါ ဆရာဝန်က ဆိုသည်။

ပထမတကြိမ် လာရောက်ကုသစဉ် မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်း ဦးဆောင်၍ ခွဲစိတ်ပေးခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ်တွင် ထိုင်ဝမ်နိုင်ငံသားဟု ဆိုသည့် တရုတ်လူမျိုး ဆရာဝန်တဦးနှင့် ပခုက္ကူမြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြိုမြို့နယ် ကံသစ်ရွာမှ ကျောင်းထိုင်ဆရာတော် ဦးဇ၀နသည်လည်း မျက်လုံးတဘက် ခွဲစိတ်ကုသခံရာ မျက်လုံးရောင်လာသည့်အတွက် ထုတ်ပစ်လိုက်ရကြောင်း၊ ထိုသတင်းများကြောင့် ကျန်းမာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဆေးရုံသို့ လာရောက် စစ်ဆေးကြောင်း မြို့ခံ ဆရာဝန်က ဆက်လက်ရှင်းပြသည်။

ကြံ့ဖွံ့ပါတီသည် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လက နှစ်ကြိမ်တိုင်တိုင် လာရောက်ပြီး အခမဲ့ကုသပေးခဲ့ရာ လူပေါင်း ၃၀၀ ကျော် ခွဲစိတ်ကုသခံခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရေစကြိုနယ်သား၊ ယခင် စစ်ဥပဒေချုပ် ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးမောင်က ၀င်ရောက် အရွေးခံမည်ဟု သိရသည်။

မျက်စိကွယ်သွားသည့် ဝေဒနာရှင် ဦးရွှေက “အဝေးမှုန်လို့ အလကား ကုပေးတယ်ဆိုလို့ သွားကုတာ။ ၄ ရက်လောက်ကြာတော့ မမြင်ရတော့ဘူး” ဟု ဆိုသည်။

၎င်း၏ မျက်စိတဘက် ကွယ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ကျန်တဘက်မှာ အဝေးမှုန်နေသည့်အတွက် ခွဲစိတ်ကုသခံရာမှ ယခုကဲ့သို့ မမြင်ရတော့ခြင်း ဖြစ်ကြောင်း၊ မင်းဘူးမြို့ ပြည်သူဆေးရုံကြီးရှိ မျက်စိပါရဂူ ဒေါက်တာ အောင်ဆန်းဝင်းနှင့် လည်းကောင်း၊ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း သွားရောက် ပြသသော်လည်း ကုသ၍ မလွယ်ကူတော့ဟု ဆရာဝန်ကြီးများက ပြောကြောင်း ဦးရွှေက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းရှိပေ။

ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများသည် မိမိတို့ ၀င်ရောက်အရွေးခံမည့် နယ်မြေများတွင် စည်းရုံးရေးဆင်းသည့်အနေဖြင့် ဆေးကုသမှုများ စီစဉ်ပေးခြင်း၊ လမ်းပြင်ပေးခြင်း၊ ကျေးရွာများတွင် သက်ကြီးရွယ်အိုများကို ငွေလှူဒါန်းခြင်း၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို ငွေလှူဒါန်းခြင်း ပြုလုပ်ပြီး စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းကြီးကို ပါတီအဖြစ် အသွင်မပြောင်းမီ ကတည်းကပင် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်နှင့် အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်းတို့သည် မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မျက်စိကုသပေးမှုများကို လှည့်လည် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကြာသေးမီကလည်း ပဲခူးတိုင်း ဇီးကုန်းမြို့နယ်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မျက်စိဝေဒနာရှင်များကို မျက်မှန်များ အခမဲ့ ဝေငှပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သေးသည်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ကြံ့ဖွံ့ အနိုင်ရရေး မဲဆွယ်နည်း သိကောင်းစရာ

ဧရာဝတီ| ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (ကြံ့ဖွံ့ပါတီ) က ၂၀၁၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိအောင် အသုံးပြုနေတဲ့ နည်းလမ်းမျိုးစုံကို ဧရာဝတီသတင်း ဌာနက စုံစမ်းဖော်ထုတ် ထားပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မှာ ကြံ့ဖွံ့ပါတီက မဲရဖို့ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ကြံ့ဖွံ့ပါတီဝင်၊ ပြည်သူ၊ ရယကနဲ့ အစိုးရ၀န်ထမ်း၊ နိုင်ငံရေးသမား၊ သတင်းသမားတွေနဲ့ တွေ့ဆုံမေးမြန်း စုံစမ်းဖော်ထုတ်ထားတာပါ။

နေပြည်တော်

နေပြည်တော်ခရိုင်မှာ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့နယ်ဆိုပြီး မြို့နယ် ၈ ခုရှိပါတယ်။ နေပြည်တော်ခရိုင်မှာ မဲပေးခွင့်ရှိတဲ့ လူဦးရေ ၆ သိန်းကျော်နေထိုင်တယ်လို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ရာထူးတွေကနေ အငြိမ်းစားယူထားတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် သူရ ဦးရွှေမန်းက ဇေယျာသီရိမြို့နယ်၊ ၀န်ကြီးချုပ် ဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ်၊ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ်တွေရဲ့ ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလောင်းတွေအဖြစ် ယှဉ်ပြိုင်ကြပါမယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တခုတည်းကသာ နေပြည်တော်ခရိုင် မြို့နယ်တွေမှာ ကြံ့ဖွံ့ပါတီရဲ့ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်နေပါတယ်။ တစညပါတီအနေနဲ့ ကြံ့ဖွံ့ပါတီကို နေပြည်တော်ခရိုင်မှာ အနိုင်ရဖို့ လုံးဝ (လုံးဝ) မဖြစ်နိုင်ပါဘူး။ အစိုးရထိပ်တန်း ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲမှာ သူတို့အရှက်ကွဲမယ့်၊ အရေးနိမ့်မယ့် ရလဒ်မျိုးကို လုံးဝ လက်မခံနိုင်တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရဖို့ နည်းလမ်း ပေါင်းစုံနဲ့ ပြင်ဆင်ထားပြီးပါပြီ။

ဝန်ထမ်းတွေ အများစုနေထိုင်တဲ့ နေပြည်တော်မှာ စစ်အစိုးရက ကြံ့ဖွံ့ပါတီကိုသာ မဲပေးဖို့ ညွှန်ကြားထားသလို တခြားပြည်နယ်၊ တိုင်းက ပြောင်းရွှေ့ပြီး နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကိုလည်း ကြံ့ဖွံ့ပါတီရဲ့ ကြိုတင်မဲစာရင်းမှာ ထည့်သွင်းနိုင်ဖို့ လိပ်စာ၊ မှတ်ပုံတင်အမှတ်နဲ့ မဲစာရင်းနံပါတ်တွေကို မှတ်သားပြီး ကြိုတင်မဲအဖြစ် ကောက်ယူထားလိုက်ပါပြီ။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲပေးနိုင်ပြီးလို့ တရားဝင်ကြေညာလိုက်တာနဲ့ ကြံ့ဖွံ့ပါတီက ကြိုတင်မဲတွေကို သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်တွေဆီ ပေးပို့မှာပါ။ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြိုတင်မဲတွေကို မဲရုံမှူးတွေဆီ ပေးပို့ပြီး ကြံ့ဖွံ့ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံတဲ့ ဆန္ဒမဲတွေအဖြစ် အသွင်ပြောင်း စာရင်းသွင်းမှာပါ။

“၀န်ထမ်းတွေ အကုန်လုံး ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီကိုပဲ မဲပေးရမယ်။ ကြိုတင်မဲပေးရတဲ့ ၀န်ထမ်းကလည်း ပြည်ခိုင်ဖြိုးကိုပဲ ပေးရမယ်။ ဒါက ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ဖြစ်သလို ဌာနတိုင်း မဖြစ်မနေ လုပ်ရမယ့် ညွှန်ကြားချက်လည်း ဖြစ်တယ်” လို့ နေပြည်တော် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတဦးက ဆိုပါတယ်။

အစိုးရ၀န်ထမ်းတွေရဲ့ မဲအားလုံးကို သေချာပေါက် ကြံ့ဖွံ့ပါတီက ရမှာပါလို့ နေပြည်တော် အစိုးရ ၀န်ထမ်းတွေ အကုန်လုံးက တညီတညွတ်တည်း ဆိုကြတယ်။

နေပြည်တော် မြို့နယ်သစ်တွေမှာ ပါဝင်တဲ့ ကျေးရွာတွေက ကျေးရွာသူ၊ ကျေးရွာသားတွေကိုလည်း ကြံ့ဖွံ့ပါတီက ပြည်သူ့ဘဏ္ဍာသုံးပြီး မက်လုံးပေး မဲဆွယ်ပါတယ်။ နေပြည်တော်မှာ ကြံ့ဖွံ့ပါတီက ပေးတဲ့ ပထမဆုံး မက်လုံးက ကျပ်၁၅ သိန်းတန် လက်ကိုင်ဖုန်းတွေကို အခမဲ့ပေးတာပါပဲ။

၀၉၈၃ ... နံပါတ်နဲ့စတဲ့ ကျပ် ၁၅ သိန်းတန် CDMA 450 MHz ဖုန်းတွေကို အလကား ချပေးတယ်။ ကျေးရွာလူကြီးတွေ၊ ရပ်မိရပ်ဘတွေ၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်တွေ၊ မဲရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မယ့် ပညာရေးဝန်ကြီးဌာန ၀န်ထမ်းတွေ၊ ရပ်ကွက်အာဏာပိုင်တွေ အတော်များများကို ဖုန်းတွေ အလကားပေးပါတယ်။ ဖုန်းအခမဲ့ ရရှိထားသူတွေက ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့ အမာခံ ဆန္ဒမဲတွေဖြစ်လာအောင် မှတ်ပုံတင်၊ လိပ်စာ၊ အမည်တွေ မှတ်သားထားပြီးသားပါ။

“ပြည်ခိုင်ဖြိုး ပါတီကိုပဲ မဲပေးမှာပါ” လို့ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင် ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။ သူက ကြံ့ဖွံ့ပါတီက အလကားပေးထားတဲ့ ၀၉၈၃… နံပါတ်နဲ့ ကျပ် ၁၅ သိန်းတန်ဖုန်းကို ရထားသူပါ။

ဒါ့အပြင် နေပြည်တော်ခရိုင်ထဲမှာပါတဲ့ တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူ ၊ ဆရာ၊ ဆရာမတွေကိုလည်း ကြံ့ဖွံ့ပါတီက အပိုင်ချုပ်ကိုင်ထားပြီးသားပါ။

နေပြည်တော်မှာရှိတဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာလည်း ကြံ့ဖွံ့ပါတီကိုပဲ မဲထည့်ဖို့ ဆရာ၊ ဆရာမတွေကို ပါမောက္ခချုပ်တွေက ညွှန်ကြားတယ်။ ဆရာ၊ ဆရာမတွေက တဆင့် ကျောင်းသား၊ ကျောင်းသူတွေကို ပြန်လည် စည်းရုံးမှုတွေ လုပ်ပါတယ်။

စည်းရုံးရေးဆင်းပေးတဲ့ ပါမောက္ခချုပ်၊ ကျောင်းဆရာ၊ ဆရာမတွေ၊ မဲရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မယ့် ဆရာ၊ ဆရာမတွေကိုလည်း ၀၉၈၃ ... နံပါတ်ပါ ကျပ် ၁၅ သိန်းတန်ဖုန်းတွေ ဖောဖောသီသီကို ချပေးတယ်။

ဇေယျာသီရိမြို့နယ်မှာ သူရ ဦးရွှေမန်းက ရပ်ကွက်တွေကိုလှည့်လည်ပြီး ရယကတွေ၊ ပြည်သူတွေကို နိုင်ငံတော်ရဲ့ စေတနာကို နားလည်ဖို့၊ လိုအပ်တာရှိရင် ကြံ့ဖွံ့ပါတီကို အကြောင်းကြားဖို့၊ ကြံ့ဖွံ့ပါတီကသာ နိုင်ငံတော်အတွက် အလုပ်လုပ်ပေးနိုင်တဲ့ ပါတီဖြစ်တဲ့အကြောင်း၊ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကြံ့ဖွံ့ပါတီ လွှတ်တော် အမတ်လောင်းတွေကိုသာ မဲပေးရမှာဖြစ်ကြောင်း လိုက်စည်းရုံးတယ်။

ဒက္ခိဏသီရိမြို့နယ်မှာ ကြံ့ဖွံ့ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ကလည်း နည်းလမ်းမျိုးစုံသုံးပြီး ကျေးရွာတွေကို စည်းရုံးရေးဆင်းပါတယ်။

စက်တင်ဘာလအတွင်း ဒက္ခိဏသီရိမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ ၂၀ ကို စည်းရုံးရေးဆင်းခဲ့ပြီး ကျေးရွာလူထုတွေကို အ၀တ်အထည်၊ ဆန်၊ ဆီ၊ ဆား၊ ငွေကြေး၊ တီဗီ၊ ဧည့်ခန်းသုံး ကုလားထိုင်၊ စားပွဲ ဆက်တီတွေ လိုက်ပေးပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ် အကုန်လုံးကို နိုင်ငံတော်ပိုင်ငွေကြေးနဲ့ သုံးစွဲတယ်တာ ဖြစ်တယ်လို့ နေပြည်တော် မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌတဦးက ဆိုပါတယ်။

နေပြည်တော်ခရိုင်မှာ ကြံ့ဖွံ့ပါတီက လုံးဝသေချာပေါက် အနိုင်ရပြီလို့ ကြံ့ဖွံ့ပါတီဝင်တွေနဲ့ ၀န်ထမ်းတွေက ဆိုကြပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမှာရှိတဲ့ အောက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) နဲ့ မန္တလေးတိုင်း အတွင်းမှာရှိတဲ့ အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ သင်တန်းတက်နေတဲ့ အစိုးရ၀န်ထမ်း ထောင်ပေါင်းများစွာဆီက ကြံ့ဖွံ့ပါတီအတွက် ကြိုတင်မဲတွေ စုဆောင်းပြီးပြီလို့ သင်တန်းသားတွေက ပြောကြတယ်။

ရန်ကုန်

ရန်ကုန်မြို့တော်မှာ မြို့နယ်စုစုပေါင်း ၄၅ မြို့နယ်ရှိပါတယ်။ မဲပေးနိုင်တဲ့ အသက်ပြည့်လူဦးရေ ၄၄၁၈၉၈၉ (၄.၄ သန်းကျော်) ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကော်မရှင်အတွင်းရေးမှူး ဦးလှမြင့်က ပြောတယ်။

ရန်ကုန်မြို့တော်မှာ ကြံ့ဖွံ့ပါတီအနေနဲ့ မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဘတ်ဂျက်ကို အသုံးပြုပြီး လမ်းခင်းခြင်း၊ ရေရရှိရေး ဆောင်ရွက်ခြင်း၊ အခမဲ့ဆေးခန်းဖွင့်ခြင်း၊ စာသင်ကျောင်းတွေ ပြုပြင်ဆောက်လုပ်ခြင်း၊ အတိုးနှုန်း အနည်းငယ်ဖြင့် ငွေချေးခြင်းတွေ လုပ်ဆောင်ပါတယ်။

ဒါမျိုးတွေလုပ်ပြီး ကြံ့ဖွံ့ပါတီက ပါတီဝင်တွေ၊ အမာခံမဲပေးမယ့်သူတွေ၊ ကြိုတင်မဲပေးသူတွေကို စုဆောင်းတယ်။

ကြံ့ဖွံ့ပါတီရဲ့ အဓိက မဲဆွယ်တဲ့လုပ်ငန်းက လမ်းခင်းတာပါပဲ။ မဲဆွယ်ပုံ အဆင့်ဆင့်ကလည်း မရိုးသားမှုတွေနဲ့ လှည့်ဖြားမှုတွေ ပါဝင်နေတာကို တွေ့ရပါတယ်။

ပထမဦးစွာ မြို့နယ်ကြံ့ဖွံ့ပါတီနဲ့ မြို့နယ် စည်ပင်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်လမ်းတခု ခင်းဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ အာဏာပိုင်တွေကို ဆင့်ခေါ်ပြီး ရပ်မိရပ်ဘ ၇ ဦးပါဝင်တဲ့ လမ်းဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စေပါတယ်။

အဲဒီနောက် ရယကတွေက လမ်းဖြစ်မြောက်ရေး ကော်မတီကို မြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတွေနဲ့ ပေးတွေ့စေပါတယ်။ ကြံ့ဖွံ့စည်းရုံးရေးမှူးက လမ်းဖြစ်မြောက်ရေး ကော်မတီဝင် ၇ ဦးကို ကြံ့ဖွံ့ပါတီဝင်တွေ၊ အမာခံ မဲပေးမယ့်သူတွေ၊ ကြိုတင်မဲပေးမည့်သူတွေ စုဆောင်းပေးရင် ကြံ့ဖွံ့ပါတီက လမ်းအခမဲ့ ခင်းပေးမယ် ဆိုပြီး ပြောပါတယ်။

တကယ်တော့ လမ်းဖြစ်မြောက်ရေး ကော်မတီလို့ အမည်တပ်ခံရတဲ့ ရပ်မိရပ်ဘ ၇ ဦးက ကြံ့ဖွံ့ပါတီရဲ့ အမာခံ
ရပ်ကွက်စည်းရုံးရေးမှူးတွေ ဖြစ်မှန်းမသိ ဖြစ်သွားပါတယ်။

လမ်းပတ်ဝန်းကျင် နေထိုင်တဲ့ လူဦးရေ ၇၅ ရာခိုင်နှုန်းက ကြံ့ဖွံ့ပါတီဝင်အဖြစ် ၀င်ရောက်မှ ကြံ့ဖွံ့ပါတီက လမ်းခင်းပေးတာပါ။ ဥပမာအားဖြင့် လူဦးရေ ၄၀၀ နေထိုင်တဲ့ လမ်းဆိုရင် ကြံ့ဖွံ့ပါတီဝင်အင်အား ၃၀၀ မဖြစ်မနေ စုဆောင်းပေးဖို့ လိုပါတယ်။

လူဦးရေ ၂၀၀ နေထိုင်တဲ့ လမ်းမတခုဆိုရင် ကြံ့ဖွံ့ပါတီဝင် ၁၅၀ အနည်းဆုံးရမှ ပါတီက လမ်းခင်းဖို့ ဆောင်ရွက်မှာဖြစ်လို့ ပါတီဝင်တွေ မရ၊ ရအောင် စုစည်းဖို့ ပါတီစည်းရုံးရေးမှူးတွေက ဖိအားပေးတယ်။ ပါတီဝင်ဆိုတာကလည်း ကြံ့ဖွံ့ပါတီကို အမာခံ မဲပေးရမယ့်သူ (သို့မဟုတ်) ကြိုတင်မဲပေးရမယ့်သူတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်ကိုလည်း မြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတွေက မှာကြားတယ်။

လမ်းဖြစ်မြောက်ရေး ကော်မတီက ပါတီဝင်အင်အား ရအောင်စည်းရုံးပေးပြီးချိန်မှ ကြံ့ဖွံ့ပါတီက လမ်းခင်းတာတွေ လုပ်ပါတယ်။ ပါတီဝင်အင်အားရအောင် မစည်းရုံးနိုင်ရင် လုံးဝ လမ်းမခင်းပေးပါဘူး။ ဒီလိုနည်းနဲ့ လမ်းတိုင်း၊ လမ်းတိုင်းမှာ ကြံ့ဖွံ့ပါတီဝင်တွေ၊ အမာခံမဲပေးမည့်သူတွေ၊ ကြိုတင်မဲပေးမယ့်သူတွေ စုဆောင်းပါတယ်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလှမြင့်က အနည်းဆုံး လူဦးရေ ၃၀၀ ရှိရင် မဲရုံတရုံ ထားရှိပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြံ့ဖွံ့ပါတီက လမ်းတခု ခင်းပေးတိုင်း လမ်းနေပြည်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းကို အမာခံ မဲပေးသူတွေ၊ ကြိုတင်မဲပေးသူတွေ အဖြစ် အတင်းအကျပ် စုဆောင်းထားတဲ့အတွက် လူဦးရေ ၃၀၀ ရှိတဲ့ မဲရုံတရုံမှာ ကြံ့ဖွံ့ပါတီက ၇၅ ရာခိုင်နှုန်းသော ဆန္ဒမဲတွေကို ရရှိဖို့သေချာနေပါတယ်။

ကြံ့ဖွံ့ပါတီက လမ်းခင်းပေးတဲ့ နေရာမှာလည်း လုပ်အားခဆိုပြီး ရပ်ကွက်နေပြည်သူတွေ၊ ပါတီဝင်တွေဆီက ငွေကြေး ကောက်ခံပါတယ်။ ငွေကြေးကောက်ခံတဲ့နေရာမှာ ပေ ၁၀၀ လမ်းခင်းရင် ငွေကျပ် ၁ သိန်း ၂ သောင်းကို လုပ်အားခအဖြစ် ကောက်ခံပါတယ်။ အဲဒီငွေကြေးကို ရပ်ကွက်နေ ပြည်သူတွေနဲ့ ပါတီဝင်တွေက စုပေါင်းကျခံရတာပါ။

ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ ကြံ့ဖွံ့ပါတီဝင်အဖြစ် အတင်းအကျပ် စုဆောင်းခံရ၊ လမ်းခင်းဖို့ ငွေကြေးထည့်ဝင်ရနဲ့ အတော် ဒုက္ခရောက်ကြတယ်။ ဒါပေမယ့် ဦးဆောင်လှုပ်ရှား လှုံ့ဆော်သူတွေက ကြံ့ဖွံ့ပါတီဝင်တွေနဲ့ ရယက အာဏာပိုင်တွေ ဖြစ်တဲ့အတွက် ရန်မများချင်တာကြောင့် ဘာမှ စောဒက မတက်ကြပါဘူး။

တဘက်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲအနိုင်ရအောင် လုပ်မှာဖြစ်တဲ့အတွက် ရပ်ကွက်လမ်းလေး ကောင်းသွားရင် အမြတ်ဆိုပြီး စဉ်းစားဆင်ခြင်စိတ်တွေနဲ့ သည်းခံ မျက်စိမှိတ် ပါတီဝင်ဖြစ်သွားသူတွေ၊ အမာခံမဲပေးသူ၊ ကြိုတင်မဲပေးသူ အဖြစ်ရောက်ရှိသွားသူတွေ မနည်းလှပါဘူး။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ရန်ကုန်မြို့တော်ဝန်လည်းဖြစ်၊ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံလည်းဖြစ်တဲ့ ဦးအောင်သိန်းလင်းကတော့ အခုအချိန်မှာ လမ်းပေါင်း ၁၀၅၀ ခင်းနေပြီ၊ ၂၅၀ ပြီးသွားပြီလို့ ဆိုပါတယ်။ ကြံ့ဖွံ့ပါတီအနေနဲ့ ရန်ကုန်မြို့တော်မှာရှိတဲ့ လမ်းပေါင်း ၄၀၀၀ ကို လမ်းခင်းပေးသွားမယ်လို့ ဆိုပါတယ်။

စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ကြံ့ဖွံ့ပါတီရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အဖြစ် အသုံးချနေကြတာ အထင်အရှားတွေ့နေရပါတယ်။

ဒါဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က၊ ၅) မှာ ဖော်ပြထားတဲ့ “နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် ပါတီအဖွဲ့အစည်းဖြစ်လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ” ဆိုတဲ့ အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ လုပ်ရပ်ဆိုရင် မမှားပါဘူး။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော် မရှင်တွေက အစိုးရ၀န်ထမ်းတွေ၊ ရယက တွေဖြစ်ပြီး ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေက အစိုးရထိပ်တန်း ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ကြံ့ဖွံ့ပါတီကို မလွန်ဆန်ရဲကြပါဘူး။ အဲဒီတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အလွန်ခက်ခဲပါတယ်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလှမြင့်က ရွေးကောက်ပွဲမှာ ကြိုတင်မဲ အသုံးပြုပြီး ရွေးကောက်ပွဲ အနိုင်ရအောင်လုပ်လို့ မရဘူးဆိုပေမယ့် ကြံ့ဖွံ့ပါတီရဲ့ ပြည်သူပိုင်ဘဏ္ဍာ အသုံးပြုပြီး ပါတီဝင် စုဆောင်းတာတွေ၊ အမာခံမဲပေးမယ့်သူ၊ ကြိုတင်မဲပေးမယ့်သူ ရှာဖွေစုဆောင်း နေတာကို မသိချင်ယောင် ဆောင်နေပုံရပါတယ်။

ဦးလှမြင့်ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက် ညွှန်ကြားရေးမှူးတဦးပါ။ သူ့အနေနဲ့ တိုင်းရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး လုပ်နေရပေမယ့် ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ တာဝန်ခံ၊ ကြံ့ဖွံ့ပါတီရဲ့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းကို “အဘ”၊ “အဘ” ခေါ်ပြီး ဖိန့်ဖိန့်တုန်အောင် ကြောက်နေရသူပါ။

ဦးလှမြင့်မှ မဟုတ်ပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ကိုယ်တိုင်က သူ့ရဲ့ အထက်အရာရှိလည်းဖြစ်၊ ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တွေလည်းဖြစ်တဲ့ သူရဦးရွှေမန်း၊ ဦးသိန်းစိန် ၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးမြင့်လှိုင်တို့ကို ကြောက်ရွံ့နေရတဲ့အတွက် ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲကော်မရှင် အထက်မှာရှိတဲ့ နိုင်ငံရေးပါတီအဖြစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်မယ်လို့ ပြည်တွင်း သတင်းမီဒီယာ အသိုင်းအဝန်း၊ နိုင်ငံရေး အသိုင်းအဝန်းက ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ဒီမိုကရေစီကို တိုက်ပွဲမပါဘဲ ရယူနိုင်တယ်ဆိုတဲ့ အယူအဆ

ရဲဘော်ဖိုးသံချောင်း| တနေ့ဆီတုန်းက ရေဒီယိုစကားဝိုင်းတခုမှာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကာကွယ်ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တဦးက “ဒီမိုကရေစီဆိုတာ တိုက်ပွဲနဲ့ရယူရတာမဟုတ်ဘူး၊ တိုက်ပွဲနဲ့ရခဲ့တဲ့ အစဉ်အလာမရှိခဲ့ဘူး၊ ရှစ်လေးလုံးတိုက်ပွဲကြီး တိုက်ခဲ့လို့ ဘာများရခဲ့လို့တုန်း” ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောသွားတာ ကြားလိုက်ရပါတယ်။

ပြောတဲ့လူရဲ့ ပြောပိုင်ခွင့်၊ ပြောဆိုမှုကို လေးစားပါတယ်။ ဒါပေမယ့် ဒါဟာ အင်မတန်အရေးကြီးတဲ့ အယူအရေးရာ ပြဿနာဆိုတော့ ပြန်မချေပဘဲ လွှတ်ထားလို့မဖြစ်ဘူးလို့ ထင်ပါတယ်။

ပထမဆုံးပြောဖို့လိုတာက “ဒီမိုကရေစီဆိုတာ တိုက်ပွဲနဲ့ရတာမဟုတ်ဘူး” ဆိုတဲ့အယူအဆပါ။ ဒါကို ကြားလိုက်တဲ့အခါမှာ သူဟာ စကားနိုင်ရချင်လို့ အလွယ်တကူ ပြောထွက်သွားတာများလားလို့တောင် စဉ်းစားမိပါတယ်။ ဒါကြောင့် ဒီစကားဟာ ဝေဟင်ထဲ၊ သောတအာရုံတွေထဲ ပျံ့သွားလေပြီမို့ အားနာနာနဲ့ပဲ ပြန်ထောက်ပြရပါတော့မယ်။ တိုက်ပွဲမဖြတ်သန်းဘဲ ရရှိခဲ့တဲ့ ဒီမိုကရေစီရယ်လို့ ဘယ်မှာများရှိခဲ့လို့တုန်း။ ဒီနေ့ကမ္ဘာမှာ အရင်းရှင်နိုင်ငံတွေက ဒီမိုကရေစီဆိုတာပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံတွေက ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာပဲဖြစ်ဖြစ်၊ အဲဒီ ဒီမိုကရေစီတွေဟာ တိုက်ပွဲတွေ၊ လှုပ်ရှားမှုတွေကို မဖြတ်သန်းဘဲ ရခဲ့တာတွေလား။ အမေရိကန်နိုင်ငံဟာ နဂိုက ဗြိတိသျှကိုလိုနီတခုပါ။ အဲဒီတုန်းက အမေရိကန်နိုင်ငံသားတွေရဲ့ ကံကြမ္မာကို ဟိုအတ္တလန်တိတ် သမုဒ္ဒရာကြီးခြားနေတဲ့ အင်္ဂလန်-လန်ဒန်ကနေ ဆုံးဖြတ်ပြဋ္ဌာန်းနေခဲ့တာပါ။ နောက်ဆုံး အမေရိကန်တွေက လက်နက်ကိုင်တော်လှန်ကြလို့သာ လွတ်လပ်ရေးလည်းရ၊ ဒီနေ့ဒီမိုကရေစီဆိုတာကို ရခဲ့တာပါ။

တခါ၊ အင်္ဂလိပ်တွေရဲ့ ဒီမိုကရေစီဆိုတာကိုလည်း ပြန်စဉ်းစားကြည့်ပါ။ ၁၇ ရာစုနှစ်အစောပိုင်းက အော်လီဗာကရွမ်းဝဲလ်တို့ရဲ့ ပဒေသရာဇ်မင်းတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲစဉ်ကြီး မဖြစ်ပေါ်ခဲ့ရင် ဖြစ်နိုင်ပါ့မလား။ အရင်းရှင်ဒီမိုကရေစီသမိုင်းမှာ မပြောမဖြစ် ပါဝင်ရတဲ့ ပြင်သစ်ဒီမိုကရေစီဆိုတာကရော။ ၁၇၉၂ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့မှာ ဆယ့်ခြောက်ယောက်မြောက် လူဝီဘုရင်ကို ဖြုတ်ချနိုင်မှ ပြင်သစ်နိုင်ငံသမိုင်းရဲ့ ပထမဆုံးသမ္မတနိုင်ငံကို ထူထောင်ခဲ့တာမဟုတ်ပါလား။

ဒီနေ့ ပြောနေကြတဲ့ အဓိပ္ပာယ်မျိုးကိုဆောင်တဲ့ ဒီမိုကရေစီဆိုတာကို ပဒေသရာဇ် လက်ထက်မှာ မျှော်မှန်းလို့ မရပါဘူး။ ဒါကြောင့် ပဒေသရာဇ်စနစ်ကို တော်လှန်တဲ့ တိုက်ပွဲတွေအကြားကမှ ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာပါ။ ခြွင်းချက်မရှိပါဘူး။ မြန်မာပြည်ရဲ့ မဝေးတဲ့ သမိုင်းကိုပြန်ကြည့်ရင် ပဒေသရာဇ် သက်ဦးဆံပိုင် စနစ်အောက်မှာ ဘာဒီမိုကရေစီမှ မရှိခဲ့သလို အင်္ဂလိပ်ကိုလိုနီ ဘ၀မှာလည်း မြန်မာပြည်သားတွေအတွက် ဘာဒီမိုကရေစီမှ မရှိခဲ့ပါဘူး။ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ အင်္ဂလန်က အုပ်ချုပ်စီရင်တာကို ငုံ့ခံနေရတာပါ။ အင်္ဂလိပ်လက်ထက် မင်းတိုင်ပင်အမတ် ဆိုတာဟာ အခု နအဖရဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အမတ်တွေလိုပဲ အဓိကကျတာကို ဘာမှမပြောနိုင်ဘဲ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားကြီးကို ဆီထိုးပေးနေရတာသာ ဖြစ်ပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်တွေက ချောချောမွေ့မွေ့ အုပ်ချုပ်နိုင်ဖို့အတွက် သိုင်းဝိုင်းပေးနေရတာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကံကောင်းလို့ အမတ်ဖြစ်လာပါတယ်ဆိုတဲ့ “ကြံ့ဖွံ့မဟုတ်၊ တစည မဟုတ်” သူတွေဟာလည်း ပုံသဏ္ဌာန်အသစ်နဲ့ပေါ်လာမယ့် စစ်အုပ်ချုပ်ရေးတခုကို ရေဆေးဆီလိုက်လုပ်ပေးရုံက လွဲလို့ ဘာမှ မလုပ်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖြည်းဖြည်းချင်း ပြုပြင်သွားမယ်ဆိုတာကို တီဗွီအသံလွှင့်ရ မှာတောင် ပြောခွင့်မပြုတာ တွေ့ခဲ့ကြရပါပြီ။

မြန်မာပြည်မှာ ရာစုနှစ်တ၀က်ကျော် ကိုလိုနီစနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေကို အသက်သွေးချွေးတွေ ရင်းပြီး တိုက်ပွဲဝင်ခဲ့လို့သာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့ အဲဒီနောက် တွေ့ရတဲ့ ဖဆပလခေတ် ဒီမိုကရေစီဆိုတာကို ရရှိတာပါ။ အဲဒီခက်ခဲပြင်းထန်တဲ့ တိုက်ပွဲစဉ်ကြီးမရှိဘဲနဲ့ ဖဆပလကခေတ် ပါလီမန်ဆိုတာ ပေါ် မလာနိုင်ဘူးဆိုတာကို သတိချပ်သင့်ပါတယ်။

မြန်မာပြည်လိုပဲ ကိုလိုနီဘ၀ကျရောက်ခဲ့တဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတိုက်တွေက နိုင်ငံတွေအားလုံးဟာလည်း ကိုလိုနီထမ်းပိုးကြီးအောက်က လွတ်ထွက်အောင်ရုန်းကန်တိုက်ပွဲဝင်ပြီးနောက်မှ ဒီမိုကရေစီ အရသာကို မြည်းစမ်းနိုင်ကြတာပါ။ အဲဒီအရင်ကဆိုရင် ဒီမိုကရေစီဆိုတာကို သူတို့အနေနဲ့ အိပ်မက်တောင် မက်နိုင်တာမဟုတ်ပါဘူး။

ဒီလိုပဲ ပဒေသရာဇ်စနစ်၊ ဒါမှမဟုတ် ကိုလိုနီစနစ်ကို တွန်းလှန်ပြီးနောက် တစုံတရာ ဒီမိုကရေစီရခဲ့ကြတဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတိုက်တို့က တချို့နိုင်ငံတွေမှာ စစ်အာဏာရှင်တွေပေါ်ပေါက်ပြီး ရှိစုမဲ့စုဒီမိုကရေစီကလေး ပျောက်ဆုံးခြင်းကြီးမက ပျောက်ဆုံးသွားတာတွေ အမြောက်အမြားရှိခဲ့ပါတယ်။ တချို့- ဥပမာ တောင်အာဖရိက၊ ပါလက်စတိုင်း-နိုင်ငံတွေမှာတော့ အသားအရောင်အရ၊ လူမျိုးရေးအရ ကိုလိုနီပြုခံရတာ ဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံတွေမှာ (စစ်) အာဏာရှင် အုပ်စိုးမှုဟာ ဘယ်လိုပျောက်ကွယ်သွားတာလဲ။ လူထုကြီးက တိုက်ပွဲမ၀င်ဘဲ အာဏာရှင်တွေက “အမြင်မှန်ရ” ပြီး နန်းပေါ်က ဆင်းသွားကြတာလား။ အဲဒီလိုမျိုး တဦး-တခါမျှ မရှိခဲ့ပါဘူး။

အမှန်ပဲ၊ တိုက်ပွဲနဲ့ရခဲ့တဲ့ ဒီမိုကရေစီဆိုတာလည်း ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ ပိုကောင်း၊ ပိုပြည့်စုံအောင် လုပ်ကြရတာချည်းပါ။ ဒါပေမယ့် နအဖပေးမယ့် “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ကို တဖြည်းဖြည်းချင်း အသားကျသွားအောင်၊ ပိုကောင်းသွားအောင်၊ အချိန်မရွေး အာဏာသိမ်းနိုင်သည်ဆိုတဲ့ စာသားတွေကို ပျောက်ပြယ်သွားအောင် ပြောင်းလဲပစ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ (အခု ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ လူတွေထဲမှာ အဲဒီလိုပြောနေသူတွေ အများကြီးပါ၊) ရှစ်လေးလုံးအရေးတော်ပုံကြီးကို သံဝေဂ ရလေဟန် လေသံနဲ့ပြောသွားတဲ့ အထက်အစမှာ ကိုးကားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးအနေနဲ့ ဒီနေ့ သူ ဒီလို ပြင်ပမီဒီယာတွေနဲ့စကားပြောခွင့်ရနေတာ၊ နအဖအသံလွှင့်ဌာနမှာထက် လွတ်လွတ်လပ်လပ် ပြောလို့ ရနေတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ အဲဒီအရေးတော်ပုံကြီးသာ မပေါ်ပေါက်ခဲ့ရင် သူ့အနေနဲ့ အခုလိုပြောနေရင် မဆလ-န၀တ-နအဖ အစိုးရတို့ဟာ လွှတ်ထားမယ်လို့ ထင်ပါသလား။ ရေကြည်သောက်တဲ့အခါမှာ ရေတွင်းတူးသူကို ကျေးစွတ်ရုံမက စော်ကားတာကတော့ လွန်လွန်းလှပါတယ်။

တကယ်ကျတော့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲထဲဝင်ချင်လွန်းလို့ ကိုယ့်ပါတီကိုခွဲပစ်၊ ကိုယ်နဲ့အတူ လုပ်ခဲ့သူတွေကိုပြန်တိုက်၊ အပုပ်ချ၊ အဲဒီအတွက် ဆုလာဘ်အနေနဲ့ နအဖက ထောင်ထဲမှာလို “ပုံစံပြ” လိုက်လို့ ရွေးကောက်ပွဲကို မ၀င်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ရပြီး နအဖရဲ့ ရွေးကောက်ပွဲစည်းဝိုင်းအပြင်ကနေ နတ်ကရာကျီးမော့နေရတဲ့အဖြစ်တွေကို မမေ့သင့်ပါဘူး။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”

ဝင်းထိန် | ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

ဦးဝင်းထိန်

အဲဒီလို အချိန်မှာ တရုတ်ဖြူက ဗမာပြည်ကို ဒီလို ကျူးကျော်လာတဲ့ အခါကျတော့ အဲဒီအရေး အခင်းဟာ တမျိုးသားလုံးရဲ့ အရေးအခင်း ဆိုပြီးမှ တပ်မတော်က တိုက်ရတယ်။ တပ်မတော်က အင်မတန် လူကြိုက် များနေတဲ့ အချိန်လည်း ဖြစ်နေတယ်။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။

အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။

ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။

အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။

လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။

ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။

အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။

နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။

ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။

ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။

ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။

ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။

ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။

အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။

ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။

စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။

ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။

ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။

ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။

မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း
KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။

အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။

အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။

နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။

ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။

၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။

အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။

အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။

ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။

ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။


source by :
http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ ဆန့်ကျင်စာများ ထပ်ဖြန့်

စိုင်းဇွမ်ဆိုင်း| သံဃာတော်များနှင့် ကျောင်းသား လူငယ်များ စုပေါင်းဖွဲ့စည်း ထားသည့် ဗမာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှား သူများ တပ်ပေါင်းစု (ဗဒတ) က ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာမျာ ဖြန့်ဝေခြင်းကို ယနေ့ထပ်မံ ပြုလုပ်ကြောင်း သိရသည်။

လှုပ်ရှားမှုကို ဦးဆောင်သည့် သံဃာတပါးဖြစ်သော အရှင်သီလဝံသက “ဒီနေ့ လှုပ်ရှားမှုကို ဦးပဉ္ဇင်းတို့ဘက်က လူ ၂ ထောင် နီးပါးလောက် ပါဝင်တယ်။ အဲဒီလူတွေက တာဝန်ခွဲဝေထားတဲ့အတိုင်း သူ့မြို့နယ်အလိုက် လှုပ်ရှားမှုတွေ လုပ်သွားကြမယ်” ဟု မိန့်သည်။

အရှင်သီလဝံသက ယနေ့လှုပ်ရှားမှုသည် အောက်ခြေလူတန်းစားများမှတဆင့် ပြည်သူလူထုထံသို့ ပျံ့နိုင်သလောက် ပျံ့သွားရေးအတွက် အဓိကထား လှုပ်ရှားကြခြင်းဖြစ်ကြောင်း မိန့်ဆိုသည်။

ရွေးကောက်ပွဲ ဆန့်ကျင်စာ ဖြန့်ဝေရာတွင် ရန်ကုန်တိုင်းအတွင်းရှိ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ သုံးခွ၊ လှိုင်သာယာ၊ တာမွေ၊ ဒလ၊ တွံတေး၊ ဗဟန်းမြို့နယ်တို့နှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်ဖြူမြို့နယ်တို့၌ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယနေ့ လှုပ်ရှားမှုကို သက်ဆိုင်ရာက သတိပြုမိသည်ဟု မထင်ကြောင်း၊ သို့သော် လှုပ်ရှားမှုပြုလုပ်သည့် ပန်းဆိုးတန်းလမ်း တဝိုက်တွင် CCTV ကင်မရာများဖြင့် ရိုက်ယူထားခြင်း၊ လုံထိန်းအဖွဲ့များ၊ ရဲမေများက စောင့်ကြည့်ခြင်းများရှိကြောင်း အရှင် သီလဝံသထံမှ သိရသည်။

ဗဒတ တပ်ပေါင်းစုတွင် ၂၀၀၇ မျိုးဆက်ကျောင်းသားများ သမဂ္ဂ၊ New Generation၊ Saffron Generation၊ မြေလတ် ကျောင်းသားများအဖွဲ့ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုတို့ ပါဝင်သည်။

ပြည်သူလူထုသို့ ပန်ကြားချက်စာလွှာဟု ခေါင်းစဉ်တပ်ထားသော စာရွက်များကို စာအိတ်အတွင်းထည့်ကာ ရန်ကုန်တိုင်း နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့မှ သံဃာစာသင်တိုက်များသို့ ဖြန့်ဝေခဲ့ကြောင်း ဗဒတ မှ ပြောရေးဆိုခွင့်ရှိသူ မဝေဝေဇံက ဆိုသည်။

“ဖြန့်ဝေတဲ့ စာအိတ်တွေကတော့ သိပ်မများပါဘူး။ မြို့နယ်တွေမှာရှိတဲ့ စာသင်သား သံဃာတွေများတဲ့ စာသင်တိုက် တွေကို အဓိက ဖြန့်ဝေတာပါ။ စာသင်သားသံဃာတွေကနေ တဆင့် ပြည်သူလူထုဆီကို ရောက်ရှိစေဖို့ ရည်ရွယ် ပြုလုပ် တာပါ။ စာလွှာပါအကြောင်းအရာကတော့ စစ်တပ်ကပဲ ပြန်အုပ်ချုပ်ဖို့ လုပ်ထားတဲ့ ဟန်ပြရွေးကောက်ပွဲကို ပြည်သူလူထု အနေနဲ့ မဲမထည့်ဘဲနေကြဖို့၊ အကယ်၍ မထည့်မနေရ ထည့်ခိုင်းရင်လဲ ပယ်မဲဖြစ်အောင် လုပ်ကြဖို့၊ ကိုယ့်မဲ မထည့်ချင်ရင် မထည့်ဘဲ နေနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာ ပြည်သူအများ သိရှိအောင် မိမိတို့ ပတ်ဝန်းကျင်မှာ စည်းရုံးလှုံ့ဆော်ပြီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသကြဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်” ဟု သူက ဆိုသည်။

ယနေ့လှုပ်ရှားမှုသည် ဗဒတ တပ်ပေါင်းစု၏ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်ပြီး ယခင်အကြိမ်များအဖြစ် ပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့မှ ထုတ်ဝေသည့် ချိုးလင်းပြာ မဂ္ဂဇင်းများ၊ မြန်မာ့တပ်မတော်သားများသို့ ပန်ကြားချက် ခေါင်းစဉ်ပါသည့် စီဒီခွေများ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို နည်းလမ်းမျိုးစုံဖြင့် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဒတ အဖွဲ့မှ သိရှိရသည်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 3, 2010

“ ပြည်သူ လူထုသို့ ပန်ကြားလွှာ ” (Generation Wave)


ပြည်သူလူထု အပေါင်း တို့ -


မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်ကောင်စီ အစိုးရ လက်ထက်မှ ယနေ့အချိန်ထိ စစ်အာဏာရှင် အဆက်ဆက် အုပ်ချုပ်မှု အောက်တွင် ဒုက္ခ အမျိုးမျိုးဖြင့် ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရပြီး ဖြစ်ပါသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇)ရက် နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်စေရန် ရည်ရွယ်၍ ပြုလုပ်သော ဒီမိုကရေစီ ဟန်ပြ ရွေးကောက်ပွဲသာ ဖြစ်သည်ကို ပြည်သူ အပေါင်းတို့မှ သိရှိ နားလည် ကြမည် ဖြစ်ပါသည်။
ဆန္ဒမဲ ပေးခြင်း ဆိုသည်မှာ မိမိသဘော ဆန္ဒ အလျောက် လွတ်လပ်စွာ ဆုံးဖြတ် ရွေးချယ်ခြင်း၊ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခြင်း ဖြစ်သည်။ ကြိုက်ခြင်း၊ မကြိုက်ခြင်း ၊သဘောတူခြင်း၊ ကန့်ကွက်ခြင်း တို့ကို ဖော်ထုတ် ပြသနိုင်ရန် မည်သည့် အရာနှင့်မျှ ပိတ်ပင် တားဆီး၍ မရသော မွေးရာပါ အခွင့်အရေး ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၂၁)အရ သော်လည်းကောင်း၊ စစ်အစိုးရမှ ရေးဆွဲ ပြဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခန်း (၉) ရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ -(၃၉၁)၊ ပုဒ်မခွဲ (က) အရ သော်လည်းကောင်း၊ “အရွယ် ရောက်ပြီး သူတိုင်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည်” ဟု တိကျစွာ ဖော်ပြထား ပါသည်။ စစ်အစိုးရ ကိုယ်တိုင် ထုတ်ပြန် ထားသော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၁) ၊ပုဒ်မ(၂) ၊အပိုဒ် (ဎ)ရွေးကောက်မူ ဆိုင်ရာ အခွင့်အရေးတွင် “ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်းများ အဖြစ် ပါဝင် ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုသော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ်မှ နုတ်ထွက် နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး (သို့မဟုတ်) မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး” ဟု ဖော်ပြ ထားပြီး ဖြစ်ပါသည်။

ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၃) ၊ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ ခေါင်းစဉ် ပါ ပုဒ်မ(၅၇)၌” မည်သူ မဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ် တစ်ဦး၏ ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် တင်မြှောက် ပိုင်ခွင့် တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော် သြဇာ သုံးခြင်း ၊ လိမ်လည် လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း (သို့မဟုတ်) လာဘ်ယူခြင်း တို့ကို ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခံရလျှင် ၊ ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် “ဟု ဖော်ပြထားပြီး ဖြစ်ပါသည်။

ပြည်သူ လူထု အပေါင်းတို့ -

၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ရွေးကောက်ပွဲအား သပိတ် မှောက်ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့တွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပြီး ပြည်သူ လူထုအား ရွေးကောက်ပွဲအား သပိတ် မှောက်ကြရန် ရှင်းလင်း ပြောဆို ပန်ကြား ထားပြီး ဖြစ်ပါသည်။ တရားဝင် ပါတီအဖြစ် ဖွဲ့စည်း တည်ထောင်ခွင့် ရထားသော နိုင်ငံရေး ပါတီ အချို့မှ ကိုယ်စားလှယ်လောင်းများ သည်ပင်လျင် တရားမျှတမှု မရှိသည့် ဥပဒေများကြောင့် ၀င်ရောက် ရွေးချယ် ခံတော့မည် မဟုတ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

ပြည်သူ လူထုများ အနေဖြင့်လည်း တိုင်းပြည်၏ ကံကြမ္မာနှင့် မိမိတို့ အနာဂတ် အတွက် မိမိတို့ လိုချင်သော အရာများကို ရွေးချယ်ပိုင်ခွင့် မရရှိပဲ၊ မိမိတို့ ဘေးအန္တရာယ် ကျရောက်စေမည့် ရွေးချယ်မှုများအား လက်မခံ ၊ ပူးပေါင်း ပါဝင်မှု မလုပ်ကြောင်း ကန့်ကွက် ဆန္ဒပြမှုဖြင့် ပြည်သူ လူထု တစ်ရပ်လုံး၏ သဘောထားကို ထုတ်ဖော် ပြသ ရပါမည်။
  • မဲရုံသို့ ဆန္ဒမဲ သွားရောက်မပေးခြင်း။
  • ဆန္ဒမဲ ပေးပိုင်ခွင့်အား နည်းအမျိုးမျိုးဖြင့် ဟန့်တား နှောက်ယှက် ဖျက်ဆီးခြင်း၊ လိမ်လည်မှု ပြုခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်ခြင်း ပြုလုပ်သူများကို စောင့်ကြည့် ဖော်ထုတ် တိုင်ကြားမှုများ ပြုလုပ်ခြင်း။
  • စစ်အာဏာရှင် သြဇာအောက်၌ တိုက်ရိုက် ရောက်ရှိနေသူ ပြည်သူများ အနေဖြင့် အတင်းအကျပ် ဖိအား ပေးမှုများကြောင့် မဲထည့် ရလျှင် မိမိ ဆန္ဒမဲပြားများအား ပယ်မဲဖြစ်အောင် ပြုလုပ်ခြင်း။
  • ၂၀၁၀ စာလုံးပေါ်တွင် ကြက်ခြေခတ် အမှတ်အသား (2010 ) အား မိမိ သွားလာလှုပ်ရှားရာ နေရာများတွင် နည်းလမ်းမျိုးစုံ သုံးပြီး ပေါ်လွင်အောင် ရေးခြယ် ပြုလုပ်ခြင်း ဖြင့် ကြိုတင် ဆန္ဒပြ ကန့်ကွက်ကြောင်းကို ထုတ်ဖော် ပြသ၍ စစ်ကျွန်ဘ၀မှ လွတ်မြောက်ပြီး မိမိတို့နှင့် ထိုက်တန်သော အစိုးရအား လွတ်လပ်စွာ ရွေးချယ် တင်မြှောက်နိုင်ရေး အတွက် သွေးစည်း ညီညွတ်စွာ လုပ်ဆောင် ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။
Generation wave

“ဤပန်ကြားလွှာအား လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြင့်

လက်တွဲ တိုက်ပွဲ ၀င်ကြပါစို့”



အပြည့်အစုံ ဖတ်ရန် ...

ပြည်သူ့ရင်ခွင်မှသည် ဘ၀တက္ကသိုလ်သို့ တက်ရောက်သူ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်

VOA | ၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ စစ်တက္ကသိုလ် ကျောင်းဆင်း ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်က သူ့ရဲ့ ရှစ်လေးလုံးကာလ ဖြတ်သန်းမှုနဲ့ နိုင်ငံရေးအကျဉ်းသားဘ၀ အတွေ့အကြုံတွေ၊ နိုင်ငံရေးအမြင်တွေကို ဗီအိုအေကို ပြောပြခဲ့ပါတယ်။ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဗိုလ်ကြီး ဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး ပြည်သူ့ရင်ခွင်ကို ကူးပြောင်းခဲ့ပြီး မကြာခင်မှာ စစ်အာဏာသိမ်းမှု ဖြစ်တယ်။ ဖြစ်ပြီးတဲ့အခါမှာ ဗိုလ်ကြီး ရွှေ့ ပြောင်းပုန်းအောင်း နေထိုင်နေရတယ်ပေါ့။ ဗိုလ်ကြီး အဖမ်းခံခဲ့ရပြီးတော့ ဗိုလ်ကြီးကို သေဒဏ် ချမှတ်ခံရတယ်။ နောက်ပိုင်းမှာ ဗိုလ်ကြီးက ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရတယ် ဆိုတာ တော့ ကျနော်တို့ သိထားပါတယ်။ အဲဒါလေးကို အကျဉ်းချုံးပြီးတော့ ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော့်အနေနဲ့ ရွှေ့ပြောင်းပြီး ပုန်းအောင်းနေထိုင်ရတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် အဆက်အသွယ်ရှိပါတယ်။ နိုင်ငံရေးအခင်းအကျင်းက ဘယ်လိုဖြစ်သွားသလဲဆိုတော့ ဗိုလ်ချုပ်ကြီးစောမောင်က ပါတီတွေ မှတ်ပုံတင်ခွင့်ပြုပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မှာ ကျင်းပမယ်ဆိုတာကို သူက တစ်နှစ်ကျော်ကျော်လောက် စောပြီးတော့မှ ကြေညာခဲ့ပါတယ်။ အဲဒီတော့ ဒေါ်စု အပါအ၀င် လူကြီးတွေကို ကျနော်တင်ပြပါတယ်။ ကျနော်တို့က အခုချိန်မှာ နိုင်ငံရေးကို တရားဝင်လုပ် လို့လည်း မရဘူး၊ မည်သည့်ပါတီ အဖွဲ့အစည်းကိုမှ ကျနော်တို့ ၀င်လို့မရဘူး၊ ကျနော်တို့က တပ်ပြေးတွေ ဖြစ်နေတယ်၊ ကျနော်တို့အတွက် ဘယ်လို စဉ်းစားပါသလဲလို့ မေးတဲ့အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်ကအစ ခေါင်းဆောင်တွေအားလုံးကလည်း “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” ကိုဖွဲ့စည်းပြီးတော့မှ နိုင်ငံရေးလှုပ်ရှားမှုတွေကို သူတို့ စတင်နေပါပြီ။ သူတို့က ကျနော်တို့ အနေအထားနဲ့ ပတ်သက်ပြီး စဉ်းစားတာကတော့ ဒီကိစ္စတွေဟာ ဒီအချိန်မှာ ကိုင်တွယ်ဖြေရှင်းလို့ မရသေးဘူးပေါ့။ ဒီအချိန်ဟာ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန် ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်လိုမှ ဖြေရှင်းလို့ မရသေးဘူး။ အဲဒီတော့ အကျပ်အတည်းကာလလေးကို ကြိုးစားပြီးတော့မှ ကိုယ့်အစီစဉ်နဲ့ကိုယ်ပဲ ရန်ုးကန်ပြီးတော့မှဖြေရှင်းပါ။ လှည့် လည်ရွှေ့ပြောင်း ပုန်းအောင်သွားလာပြီး နေထိုင်ပါ။ သူတို့နဲ့လည်း ကျနော်က တရားဝင် အဆက်အသွယ်လုပ်လို့လည်း မရပါဘူး။ ကြားလူတွေကတဆင့် ကျနော် မေးရတာပဲဖြစ်ပါ တယ်။ အဲဒီလိုမျိုး သူတို့ဆီကသဘောထားတွေကို တိတိလင်းလင်းမဟုတ်ပေမယ့် အရိပ်အမြွက်တချို့ ကျနော် သိလိုက်ရပြီးတဲ့ နောက်ပိုင်းမှာ ကျနော် အခုလိုမျိုး လှည့်လည်ရွှေ့ ပြောင်း ပုန်းအောင်းနေထိုင်တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော် ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မရောက်ဖြစ်ခဲ့ သလဲဆိုတော့၊ အဲဒီလိုမျိုး နိုင်ငံရေးအခြေအနေ အခင်း အကျင်းတွေနဲ့ ဆက်စပ်ပြီးတော့မှ သူတို့ရဲ့ မှာကြားချက်အရ ဒီကိစ္စတွေဟာ ရွေးကောက်ပွဲပြီးသွားရင် အားလုံးပြေလည်သွားမှာပါ ဆိုတော့၊ ကျနော့်အနေနဲ့ ၁၉၉၀ ခုနှစ်ရွေးကောက် ပွဲအပေါ်မှာ မျှော်လင့်ပြီးတော့မှ ဒီကြားထဲမှာပဲ တစ်နှစ်လောက် ကာလလေးကို ရွေ့ပြောင်းပုန်းအောင်းနေထိုင်ပြီး တကယ်လို့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမယ့် ၉၀ ခုနှစ်နောက် ပိုင်းမှာ အခြေနေတွေ ပြောင်းလဲသွားမယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင်လည်း မြန်မာပြည်နိုင်ငံရေးမှာ တတပ်တအား၊ တင်းပြည့်ကျပ်ပြည့် အချိန်ပြည့် ပါဝင်ထမ်းဆောင်မယ်။ မြန်မာ ပြည်ရဲ့ ဒီမိုကရေစီရေးလူ့အခွင့်အရေး ကြိုးပမ်းမှုတွေနဲ့ နိုင်ငံသစ်တည်ထောင်ရေးလုပ်ငန်းတွေမှာ ကျနော်တို့ကိုယ်တိုင် တတ်အားသရွေ့ကိုယ်စွမ်းညာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင် ရွက်မယ်ဆိုတဲ့ စိတ်ဓါတ်ကလေးနဲ့ ကျနော် ပုန်းအောင်းနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပုန်းအောင်းနေထိုင်စဉ် ကာလမှာလည်း အဓိက ကူညီပေးခဲ့တာကတော့ ကျောင်းသားနဲ့ပြည်သူ တွေ ပါပဲ။ ပြည်သူတွေရဲ့ထမင်းကို ကျနော်စားရပါတယ်။ ကျောင်းသားတွေလည်း သူတို့ အသက်နဲ့ ရင်းပြီး ကာကွယ်ခဲ့တာတွေ ရှိပါတယ်။ အဲဒီ ကျေးဇူးတွေလည်း ကျနော် မမေ့ပါ ဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ ရွေးကောက်ပွဲ ပြီးသွာတော့လည်း ဗိုလ်ကြီး မျှော်လင့်သလို ဖြစ်မလာခဲ့ ဘူးပေါ့နော်။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီမတိုင်ခင် ကျနော်က ၁၉၈၉ခုနှစ် ဧပြီလမှာပဲ ရန်ကုန်မြို့တွင်းတနေရာမှာ အဖမ်းခံရပါတယ်။ နောက်ဆုံး ကျနော် ပုန်းအောင်တိမ်းရှောင်ဖို့ အခက်အခဲ ဖြစ်လာတဲ့အချိန်၊ ကျနော်နဲ့နီးစပ်တဲ့ ဆွေမျိုးအိမ် မှာ သွားရောက်ပုန်းအောင်းစဉ်ကာလမှာ သူတို့ သတင်းရသွားပြီးတော့ ကျနော့်ကို လက်ရဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးသွား တဲ့နောက်ပိုင်းလည်း အပြင်းအထန်နှိပ်စက်ပြီးတော့မှ ခုနကပြောတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို သူတို့ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်ဖြတ်သန်းခဲ့ရတဲ့ ထောင်မကျသေးခင် ကာလက တော့ အဲဒီလို အခြေအနေ တွေပါပဲ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ကိုယ်မျှော်လင့်ခဲ့သလို မြန်မာ့နိုင်ငံရေးဟာ ဖြစ်မလာဘူး။ ရွေးကောက်ပွဲ ပြီးသွားရင် ကိုယ့်လုံခြုံရေးကိစ္စ ပြေလည်သွားမယ်ဆိုတာ မြန်မာ့နိုင်ငံရေး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့ မပြေလည်မှုပေါ့။ ဒီလိုမျိုး မြန်မာ့နိုင်ငံရေးတစ်ခုလုံး မပြေမလည်ဆက်ဖြစ်နေတာကို ဗိုလ်ကြီး အကျဉ်းကျနေစဉ်ကာလမှာ တနိုင်ငံလုံးအ တွက် ဘယ်လို ဖြစ်ပေါ်ခံစားမိပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ထောင်ထဲမှာ ကျနော့်ရဲ့အတွေ့အကြုံတွေကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး ခင်ဗျ။ မြန်မာပြည်နိုင်ငံရေးကို ထောင်ထဲရောက်မှ ကျနော်လည်း နားလည်တာ ပါ။ အစက ကျနော် နားမလည်ပါဘူး။ ကျနော် စာဖတ်ခဲ့တဲ့အတွေ့အကြုံ၊ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ ဒါတွေလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘ၀တက္ကသိုလ် ထောင်ထဲမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေနဲ့ ကျနော် တွေ့ဆုံပြီး သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးဖလှယ်ကြပြီး တဖြည်းဖြည်း တည်ဆောက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီအချိန် မှာပဲ ကျနော့်ယုံကြည်ချက်က ပိုပြီးတော့ ခိုင်မာလာပါတယ်။ ထောင်ထဲမှာ ကျနော် အဘဦးသော်က တို့၊ ဗိုလ်မှူးဂျွန်လှဝင်း တို့၊ အဲဒီလူတွေနဲ့လည်း ကျနော် တွေ့ခဲ့ပါတယ်။ ဗိုလ်မှူးသူရ ဦးငွေလှိုင် ဆို အန်အယ်လ်ဒီ ကပါပဲ။ အင်းစိန် အမတ်ပေါ့၊ အဲဒီတုန်းက သူတို့နဲ့ ကျနော် တွေ့ခဲ့ပါတယ်။ နောက်တစ်ခုက ၄၈၂၈ (ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်ကလပ်စည်း) ကိုသက်ခိုင်အမှုတွဲတွေ ဗိုလ်စက်ရောင်တို့ နောက်ပြီးတော့ ပဲခူးရိုးမထိုးဖောက်အဖွဲ့တွေ ၊ ဘီဘီစီသတင်းထောက် ဦးနေမင်းတို့၊ တိုက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေပေါင်းစုံ ကျနော် တို့ အတူတကွ လက်ရည်တပြင်တည်း စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့ ဖြတ်သန်းခဲ့ရတာတွေ ရှိပါတယ်။ အဲဒီမှာ တဖြည်းဖြည်း ကျနော် အတွေ့အကြုံတွေ ပို ရ လာတယ်။ ယုံကြည်ချက်တွေ ပိုခိုင်မာလာတယ်။ အဲဒီမှာ ကျနော်တို့ သတင်းတွေနဲ့လည်း အဆက်မပြတ်ပါဘူး ခင်ဗျ။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲကို ကျနော်တို့အားလုံးက မျှော်လင့် တကြီးနဲ့ စောင့်စားခဲ့ပါတယ်။ ကျနော်တို့ မျှော်လင့်ခဲ့တဲ့အတိုင်းလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးကောက်ပွဲ မ၀င်ပေမယ့်လည်း ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက န၀တက ဘယ်လောက်ထိ ညစ်ပတ်သလဲဆိုလျှင် ရွေးကောက်ပွဲ အဖြေရလဒ်ကို (၃)လ ကြာအောင် အချိန်ဆွဲပြီးတော့ ရေဒီယိုကနေ တစ်ခုချင်း ကြေညာသွားတယ်ဆိုတာ ကျနော် မှတ်မှတ်ရရ ရှိနေပါတယ်။ ဆက်သွယ်ရေး၊ ရာသီဥတု အကြောင်းပြချက်တွေနဲ့ တစ်ညမှာ တစ်မြို့နယ်၊ နှစ်မြို့နယ်လောက် ကြေညာသွားပြီး မြို့နယ်အားလုံးပေါင်း သုံးရာကျော်ကို သုံးလလောက် အချိန်ဆွဲပြီး ကြေညာသွားတာပါ။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့ ကတိအတိုင်း သူတို့အားလုံးဟာ စစ်တမ်းလျားကို ပြန်သွားပြီးတော့မှ နိုင်ငံတော်အာဏာကို အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထံ လွှဲပေးမှာပဲလို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ၁၉၉၀ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ ထောင်တွင်းဆူပူမှု ဖြစ်ပါတယ် ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဒီ ဆူပူမှုတွေဟာလည်း ချက်ချင်း ထပြီးဖြစ်တာ မဟုတ်ပါဘူး။ ထောင်အာဏာပိုင်တွေရဲ့ မတရားဖိနှိပ်မှုတွေကို နောက်ဆုံး ဘယ်လိုမှ မခံနိုင်တဲ့အဆုံး မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပါတဲ့၊ တခြားအဆောင်က ရာဇ၀တ်မှုအကျဉ်းသားတွေ မပါတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ခု ထောင်ထဲမှာ ဖြစ်ခဲ့တာပါ။ သေဒဏ်ကျ တဲ့ အကျဉ်းသားတွေလည်း ပါပါတယ်။ ကျနော်တို့လို နှစ်ကြီးကျတဲ့ တိုက်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေ အားလုံကပါဝင်ပြီး (၉၀)ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် ပေးဖို့ ၊ အမြန်ဆုံး အာဏာလွှဲပြောင်းပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ဆိုတဲ့ အော်ဟစ်ကြွေးကြော်ပြီးတော့ တောင်းဆိုတာ ရှိပါတယ်။ ငြိမ်းချမ်းတဲ့နည်းလမ်း နဲ့ ဆန္ဒပြပြီး ကျနော်တို့ တောင်းဆိုတာပါ။ အဲဒီအတွက်ကြောင့်လည်း ထောင်အာဏာပိုင်တွေက ၁၉၉၀ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကျနော်တို့ကို အကြီးအကျယ် တနေကုန် ရိုက်နှက်ပြီးတော့မှ စစ်ခွေးတိုက်ထဲထည့် နောက်တစ်နေ့ မနက်အစောကြီးမှာ သရက်ထောင်ကိုပြောင်းတဲ့ အနေအထားမျိုးထိ ဖြစ်သွားပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့က တော့ နောက်ပိုင်းမှာ တိုက်ပွဲဟာ ဆက်လက်တည်ရှိနေဦးမှာပါလား၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အရေးအခင်းဟာ မပြီးဆုံးသေးဘူး။ အကျပ်အတည်းတွေဟာ ရှေ့မှာအများကြီးရှိနေ တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ အများကြီး ဖြတ်သန်းရဦးမယ်ဆိုတာ ကျနော်သဘောပေါက်ခဲ့ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်ကြီးရဲ့ အခုလို နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့မှု အတွေ့အကြုံ၊ နောက်တခါ လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့အချိန်မှာလည်း ဗိုလ်ကြီးဟာ ဒီအတိုင်းမနေဘူး၊ နိုင်ငံအတွက် ဆက်လုပ်တယ်။ ပြည်ပမှာအခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး” ကို ဗိုလ်ကြီးဟာ စတင် လှုံ့ဆော်တည် ထောင်သူ တစ်ဦးလည်း ဖြစ်တယ်။ ခုနက ဗိုလ်ကြီးပြောသလို ကိုယ်က ပြည်သူ့ ရင်ခွင်ထဲကို ကူးပြောင်းတယ်ဆိုပြီးတော့ ရှစ်လေးလုံးအချိန် ကူးပြောင်းလိုက်စဉ်တုန်းကတော့ emotion (စိတ်ခံစားမှု) အရ မတရားမှုတွေ ဒီလောက်ဖြစ်နေတာ ငါ မတရားတဲ့ဘက်မှာတော့ မနေချင်ဘူး ဆိုတဲ့ စိတ်ဓာတ်ခံယူချက်မျိုးနဲ့ ကူးပြောင်းခဲ့ပြီးတော့ နောက် နှစ်ရှည်နိုင်ငံ ရေးအကျဉ်းသား ဖြစ်လာတဲ့အခါမှာ နိုင်ငံရေးကို ပိုနားလည်လာတယ်၊ ပိုရင့်ကျက်လာတယ် ပိုသိလာတယ် ဆိုတော့ အဲဒီအနေအထားကနေ အခု မြန်မာပြည် နိုင်ငံရေးအခင်းအကျင်း ကို ဗိုလ်ကြီး ဘယ်လိုမြင်ပါသလဲ၊ အထူးသဖြင့်ပေါ့နော်၊ ဗိုလ်ကြီးက တပ်မတော်အထဲမှာ နေခဲ့တဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်အထက်တပ်မှူးတွေရဲ့ mentality စိတ်နေစိတ်ထား၊ သဘောထား လုပ်နည်းကိုင်နည်းတွေ ဗိုလ်ကြီး သိနေမယ်လို့ ကျနော် ထင်ပါတယ်။ အခု လက်ရှိ စစ်ခေါင်းဆောင်တွေဟာ ဗိုလ်ကြီးတို့ ရှိစဉ်အခါတုန်းက ဗိုလ်ကြီးတို့နဲ့ သိပ်မကွာတဲ့ စစ်ခေါင်းဆောင်တွေပါ။ အဲဒီတော့ ဒီအချက်တွေပေါ် မူတည်ပြီးတော့ ယနေ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ နောက်လာမယ့်အလားအလာ၊ အခု ၂၀၁၀ ရွေးကောက်ပွဲကို ပြ ထားပြီးတော့ စစ်အစိုးရလှုပ်ရှားနေမှုအပေါ်မှာ ဗိုလ်ကြီး သုံးသပ်ပေးပါ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နတခ(အနောက်တောင်တိုင်းစစ်ဌာနချုပ်) တိုင်းမှူး၊ ကျနော်က ခလရ (၅၁)မှာ တပ်စုမှူး၊ အဲဒီတော့ သူ ကျနော်တို့ တပ်ကို လာ စစ်တဲ့အချိန်မှာ ကျနော်တို့ တွေ့ဖူးပါတယ်။ သူ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေမှာလည်း ကျနော်တို့ ပါဝင်ခဲ့ရပါတယ်။ အခုအချိန်မှာ ကျနော်မြင်တာကတော့ ဗမာ့တပ်မတော်ဟာ အကြီး အကျယ်ပြောင်းလဲသွားပြီ ခင်ဗျ၊ ပြောင်းလဲသွားတဲ့နောက်ပိုင်းမှာ တစ်ဦးတစ်ယောက် ခေါင်းဆောင်မှုဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဦးဆောင်မှုကို ဘယ်သူမှ မတွန်းလှန်ရဲတဲ့အနေ အထား ဖြစ်နေပါတယ်။ ဒီလို အနေအထား ဖြစ်နေတယ်ဆိုတာ သိပ်ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီးတော့မှ တပ်မတော်ကို တည်ဆောက်နေ တယ်။ နိုင်ငံတော်ကို လုပ်ချင်သလိုလုပ်နေတယ် ဆိုရင်၊ ဒါဟာ ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ နောက်တစ်ခုက စစ်သားဆိုရင် ကတိတည်ရပါတယ်။ ကိုယ်ပေးတဲ့ကတိ ကို အောင်မြင်အောင် အကောင်အထည်ဖော်ရပါတယ်။ အဲဒီတော့ ကောင်းကောင်းဆိုးဆိုး ကိုယ့်ကတိအတိုင်း ဖြစ်လာတဲ့ရလဒ်တွေအပေါ် မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင် သွား ဖို့လိုပါတယ်။ ဒါပေမယ့် ကျနော်တို့ တပ်မတော်ခေါင်းဆောင်အများစုက ဘာဖြစ်နေသလဲဆိုလျှင် ကျနော် လေ့လာမိသလောက် အခုအချိန်မှာ အများကြီးလည်း ပျက်စီးသွားပြီ။ ပြည်သူလူထုကို ရင်ဝယ်သားလို သဘောမထားနိုင်တော့ဘူး အတိုက်အခံတွေကို ရက်ရက်စက်စက် ဖိနှိပ်၊ နှိပ်ကွပ်နေတယ်။ နိုင်ငံရေးလွတ်လပ်ခွင့်၊ ဒီမိုကရေစီလွတ်လပ်ခွင့်၊လူ့အခွင့် အရေးတွေကအစ ဘာမှ ဂရုမစိုက်တော့ဘူး။ တိုင်းရင်းသား အ ခွင့်အရေး၊ ပြည်နယ်တွေရဲ့အခွင့်အရေး၊ ပြည်သူလူထုရဲ့ ဘ၀တွေကိုလည်း မစာနာတော့ဘူး။ ဒီအချိန်မှာ ကိုယ့်မိ သားစု ကိုယ့်ဆွေမျိုးသားချင်း ကောင်းစားရေးတွေပဲ လုပ်နေကြတယ် ခင်ဗျ။ အဲဒီတော့ အခုချိန်မှာ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့မိသားစုတွေ ဆွေမျိုးသားချင်းတွေက အရမ်းကို ကြွယ်ဝချမ်းသာလာပြီးတော့ မြန်မာပြည်ရဲ့ ကျန်တဲ့ သာမန်ပြည်သူလူထုအများစုက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေပြီး နိမ့်ကျသွားတဲ့ အနေအထား ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျနော် စိတ်မကောင်းပါဘူး။ ဒါတွေဟာ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ပြယုဂ်တွေပါ။ ဒါပေမယ့် တစ်ဖက်ကလည်း ဗိုလ်ကြီးအုန်းကျော်မြင့်တို့က အစ အမှန်တရားကို ဦးတည်ပြီးတော့မှ ပြောခဲ့ဆိုခဲ့တာတွေ ရှိပါတယ်။ (၈၈)အရေးအခင်းမှာ ကျနော်ပါဝင်ခဲ့တယ်။ အဲဒီတော့ ကျနော်တို့ အမှန်တရားပြောဆိုမှုတွေဟာ ရလဒ်တွေအနေနဲ့ အခု တပ်မတော် ထဲမှာ မျိုးဆက်သစ်တွေ ကကော၊ ကျနော့်ထက် စီနီယာကျတဲ့ အစ်ကိုကြီးတွေ ကကော၊ ကျနော့်ထက် ဂျူနီယာကျတဲ့ ညီငယ်တွေ ကကော၊ ကျနော်နဲ့ level တန်းတူ အဆင့်ရှိတဲ့ တချို့သော အရာရှိတွေ ကကော၊ အတွေးအမြင်တွေ ပြောင်းလဲပြီး၊ အမှန်တရားကို ဖော်ထုတ်ပြောဆိုရဲတဲ့ သတ္တိတွေရှိလာတယ်။ အင်မတန်မှ အားရစရာကောင်းတဲ့ လေးစားထိုက် တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာတယ်။ နောက်ပြီး သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ကျသွားတဲ့ တချို့ပုဂ္ဂိုလ်တွေလည်း ထွက်လာတယ်ဆိုတော့ အမှန်တရားကိုမူတည်ပြီး ပြောရဲဆိုရဲလုပ် ရဲကိုင်ရဲရှိတဲ့ အရာရှိ အကြပ် စစ်သည်တွေ တပ်မတော်ထဲမှာ အများကြီးပေါ်ပေါက်လာဖို့ ကျနော့်အနေနဲ့ အများကြီး ဂုဏ်ယူပါတယ် ခင်ဗျ။ ၀မ်းသာပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံ ပြု ပြင်ပြောင်းလဲတိုးတက်ဖို့အတွက် ကောင်းတဲ့ အလားအလာပဲလို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ။ အမှန်တရာကို လိုလားပြီး အမှန်တရားကို ပြောရဲဆိုရဲသတ္တိရှိတဲ့၊ အမှန်တရားဘက် က ရပ်တည်တဲ့၊ ပြည်သူလူထုနဲ့ နိုင်ငံတကာအခြေအနေတွေကို နားလည်တဲ့၊ တိုးတက်တဲ့ အသိအမြင် အတွေး အခေါ်ရှိတဲ့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတန်ဘိုး ထားတတ်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားမြတ်နိုးတဲ့ တပ်မတော်သားနဲ့ပြည်သူတွေ အများစုကသာလျှင် မြန်မာပြည်နိုင်ငံရေးကို အဓိကကျတဲ့နေရာမှာ အဆုံးအဖြတ်ပေးပြီး အပြောင်းအ လဲကြီး တစ်ခုဟာ မကြာခင်ကာလအတွင်းမှာ ဖြစ်ပေါ်လာမယ်လို့ ကျနော့်အနေနဲ့ အကောင်းဆုံး ကို မျှော်လင့်ထားပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးကာလမှာ ပြည်သူလူထုကိုပစ်ခတ်နှိမ်နင်းဖို့ တာဝန်ပေးခြင်းခံထားရတဲ့ တပ်မတော်အရာရှိအဖြစ်ကနေ ပြည်သူလူထုဘက် ကို ကူးပြောင်းပါဝင်ခဲ့သူ၊ အခုအခါ ပြည်ပမှာအခြေစိုက်တဲ့ “မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး”ကို စတင် တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ စစ်သားဘ၀ကနေ မမျှော်လင့်ဘဲ နိုင်ငံရေးအကျဉ်းသားအထိဖြစ်လာတဲ့ နိုင်ငံရေးအတွေ့အကြုံတွေကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ မကြာသေးခင်က အသစ်ခန့်အပ် လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ ဒုတိယတန်းစစ်ခေါင်းဆောင်တွေ ဖြစ်ကြသူ စစ်တိုင်းမှူး(၁၃)ဦးထဲမှာ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော် တက်ရောက်ခဲ့တဲ့ စစ်တက္ကသိုလ်ဗိုလ်သင်တန်း အ ပတ်စဉ်(၂၄)က ကျောင်းဆင်းတဲ့ စစ်တိုင်းမှူး(၅)ဦး ပါရှိပါတယ်။ ကျန်တဲ့ စစ်တိုင်းမှူးတွေဟာလည်း ဗိုလ်ကြီးစိုင်းဝင်းကျော်ထက် နှစ်အနည်းငယ်ပဲစောပြီး ဗိုလ်သင်တန်းဆင်းသူ၊ နှစ်အ နည်းငယ်ပဲ နောက်ကျပြီး ဗိုလ်သင်တန်းဆင်းကြသူတွေပါ။ လာမယ့် အောက်တိုဘာလ(၁၀)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား ” အပတ်စဉ်ကဏ္ဍမှာတော့ ဗိုလ်ကြီး ဟောင်းစိုင်းဝင်းကျော်က သူနဲ့ခေတ်ပြိုင် လက်ရှိ စစ်တိုင်းမှူးတွေနဲ့ ပတ်သက်ပြီး သုံးသပ်တင်ပြထားတာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...